ဘဝဇာတ်ခုံ(စ/ဆုံး)
—————-
ဇီးဖြူကုန်းကျေးရွာ သူဌေးကြီး ဦးဇော်ထွန်း ပြောလိုက်သောစကားကြောင့် ကိုခွေး
အလွန်အမင်းအံ့ဩသွားလေသည်။မိမိများနားကြားလွဲလေ
သလားဆိုပြီး သေချာအောင်မဝံ့မရဲဖြင့် သူဌေးကြီးအား
ပြန်မေးလိုက်လေသည်။
“ကျွန်တော်က ကျွန်တော်ကသူဌေးကြီးရဲ့သမီးကို
လက်ထပ်ရမယ်ဟုတ်လား”
“ဟုတ်တယ်မောင်ခွေး မင်းငါ့သမီးကိုလက်ထပ်ရမယ်”
ကိုခွေးအိမ်မက်မက်နေသလားဟု ထင်ပြီးကိုယ့်ပေါင်ကိုယ်
ဆွဲစိတ်ကြည့်တော့ နာ၍အိမ်မက်မဟုတ် လက်တွေ့ဆို
တာသိလိုက်ရလေသည်။
ဦးဇော်ထွန်းမှ ကိုခွေးအား
“မင်းနားလည်အောင်ပြောရမယ်ဆိုရင် အဖြစ်ကဒီလို
မောင်ခွေးရဲ့ ဦးသမီး မင်းတို့ရဲ့မမလေးဆုလဲ့လဲ့ဇော်
ထွန်းဟာ တက္ကသိုလ်မှာကောင်လေးတစ်ယောက်နဲ့
ချစ်ကြိုက်ခဲ့ပြီး လွန်ကျူးမိခဲ့ကြတယ်”
“ခုသမီးမှာကိုယ်ဝန်ကသုံးလကျော်နေပြီ”
“ကျောင်းပိတ်ရင်လက်ထပ်မယ်ရည်စူးထားတာ အခုသမီး
ကောင်လေးကလွန်ခဲ့တဲ့တစ်လလောက်က ဆိုင်ကယ်
မှောက်ပြီးဆုံးသွားလေရဲ့”
“သမီးရဲ့အရှက်နဲ့ဦးတို့သိက္ခာအတွက် မောင်ခွေးက
ဦးသမီးကိုလက်ထပ်ပေးပါလို့ ဦးကမောင်ခွေးကိုတောင်း
ဆိုချင်တယ်ကွဲ့”
“မင်းဆယ်နှစ်ကျော်အရွယ် ဦးတို့အိမ်ရောက်ကတည်းက
နေစရာပေးပြီး ကျွေးမွေး၊အဝတ်အစားဆင်ပေးခဲ့တာ
အခုမင်းအသက်ဘယ်လောက်”
“ကျွန်တော့်အသက် နှစ့်ဆယ့်ငါးကျော်ပါပြီခင်ဗျ”
“အေး အေး မင်းအသက်နှစ်ဆယ့်ငါးဆို ဆယ့်ငါးနှစ်
တောင်ဦးတို့ကျေးဇူးမင်းအပေါ်ရှိတာမို့ အခုမင်းက
ဦးတို့အရှက်သိက္ခာမကျအောင် ပြန်ကူညီပါလို့
ဦးကအကူအညီးတောင်းရခြင်းပဲ မောင်ခွေး”
သူဌေးကြီးဦးဇော်ထွန်းကား အကူအညီတောင်းသည်ဟု
ဆိုသော်လည်း အကူအညီတောင်းသည်နှင့်မတူ။ငါတို့
ကမင်းကိုအလုပ်ပေးပြီးကျွေးထားရတာ ငါခိုင်းတာလုပ်ပေး
ဟုသူဌေးပီပီအထက်စီးကနေ ပြောနေသကဲ့သို့ရှိလေသည်။
သူ့အမည်ကကိုခွေး။ကိုခွေးရဲ့မွေးဇာတိက
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် စေတီရုံကျေးရွာပါ။
အဖေသူများလယ်ထဲမှာ အခစားအလုပ်လုပ်
နေ၍ အမေ အဖေ့အတွက်ထမင်းထုပ်လာပို့ရင်း
ဗိုက်နာကာလယ်ကန်သင်းရိုးပေါ်တွင် မွေးသောကြောင့်
အိမ်မှာမမွေးပဲခွေးတွေလို လမ်းဘေးမှာမွေးသည်ဟုဆိုကာ
တောသူတောင်သားများထုံးစံအတိုင်း မောင်ခွေးဟု
ခပ်လွယ်လွယ်ခေါ်ရာမှ သူ့နာမည်ကိုခွေးဖြစ်လာလေသည်။
သူသုံးနှစ်သားလောက်မှာအဖေ ပိုးထိလို့ဆုံးသွားလေသည်။
အဖေဆုံးပြီးတစ်နှစ်မကြာလိုက် အမေနောက်အိမ်ထောင်
ပြုလေသည်။ပထွေးသည်အစပိုင်းတွင် ကိုခွေးအားကောင်း
ကောင်းဆက်ဆံပေးလေသည်။သို့ရာတွင်သူ့သားသမီးများ
ရလာသောအခါတွင်ကိုခွေးအား ခွဲခြားဆက်ဆံလေတော့
သည်။ပထွေးသည်သူနှင့်မွေးလာသောသမီးနှင့်သားကိုသာ
သားသမီးဟုသတ်မှတ်ပြီး ကိုခွေးအားသူ့သမီးနှင့်သားတို့
၏အခိုင်းအစေအဖြစ်သာသဘောထားလေသည်။
တစ်နေ့ကိုခွေးမှာညီအငယ်ဆုံးလေးအား ထိန်း
ရင်းဆော့နေရာမှမိုးမှောင်ကျလာသဖြင့် ညီလေးအား
ကုန်းပိုးပြီးပြန်လာစဉ် လျှပ်စီးဝင်းကနဲလက်သွားပြီး
မိုးကြိုးပစ်သံအကျယ်ကြီးကြားလိုက်ရသဖြင့် ကြောက်
လန့်ကာညီးလေးအားလွှတ်ချမိပြီး အိမ်သို့ထွက်ပြေးမိလေ
သည်။ကိုခွေးမှာတမင်လုပ်ခြင်းမဟုတ် အသက်ကိုးနှစ်သာ
ရှိသေး၍ ကလေးသဘာဝကြောက်လန့်သွားခြင်းသာဖြစ်
လေသည်။သူ့ညီလေးမှာမြောင်းထဲသိုပြုတ်ကျသွားပြီး
ကံကောင်း၍ဘေးမှလူများတွေ့မြင်သွားပြီး ကလေးကို
မြောင်းထဲကဆယ်ပြီးအိမ်သို့လိုက်ပို့ကြလေသည်။ထိုအ
ကြောင်းကိုသူ့ပထွေးသိသွားပြီး ကိုခွေးအားပြင်းထန်စွာ
ရိုက်လေသည်။
ထိုနောက်ပိုင်းမှစ၍ပထွေးသည် ကိုခွေးအား
အမြဲအပစ်ရှာကာနှိပ်စက်လေတော့သည်။သူ့အမေမှာ
ကိုခွေးနှိပ်စက်ခံနေရတာကို မကြည့်ရက်နိုင်ပေ။သူ့ယော
ကျာ်းကိုလည်းတောင်းပန်၍မရ။ကိုခွေးအမေမှာအဖမဲ့သား
ကိုခွေးအားပထွေးနှိက်စက်တာ မကြည့်ရက်၍ကိုခွေးအား
ခေါ်ပြီးအိမ်ကထွက်သွားရန်ပြင်လေသည်။ကိုခွေးသည်
အမေမရှိပါပဲကျန်ခဲ့မည့် သူနှင့်မအေတူညီမလေးနှင့်ညီ
လေးအားသနားတာရော သားအမိနှစ်ယောက်ဒီအိမ်မှ
ထွက်သွားပါက နေစရာမရှိ၊စားစရာမရှိပဲသူ့အမေဒုက္ခ
ရောက်မည်ကိုမကြည့်ရက်နိုင်တာရောကြောင့် သူ့အမေ
ကိုထားခဲ့၍ ဘယ်သူ့မှမသိအောင်တိတ်တိတ်လေး
သူတစ်ယောက်ထဲ အိမ်မှထွက်ပြေးခဲ့လေတော့သည်။
စေတီရုံကျေးရွာမှထွက်ပြေးခဲ့သော ကိုခွေးသည်
တခြားရွာများသို့ ရောက်ရှိပြီးထိုရွာများ၏စျေးထဲတွင် စျေး
သည်များအားအလုပ်များဝိုင်းလုပ်ပေးကာ ညဘက်တွင်
ထိုစျေးထဲရှိစျေးဆိုင်ခုံများပေါ်တွင် ဖြစ်သလိုအိပ်ခဲ့ရလေ
သည်။ရွာများ၏စျေးများမှာနေ့စဉ်ဖွင့်သည်မဟုတ်ပဲ ငါးရက်
မှတစ်ခါသာစျေးရှိသည်ဖြစ်၍ ကိုခွေးမှာဈေးဖွင့်သော
ရွာများသို့လှည့်လည် လျှောက်သွားနေရလေသည်။
စျေးသည်များကသူ့ကိုသနားသဖြင့် စားစရာအနည်း
ငယ်နှင့်အဝတ်အစားအချို့ပေးကမ်းကြလေသည်။ထိုသို့
စျေးထဲမှာလှည့်လည်နေထိုင်ရင်း နွေဘက်တွင်စျေးဆိုင်
ခုံများတွင်အိပ်တာရသော်လည်း မိုးတွင်းတွင်မိုးသည်း
သောအခါအဆင်မပြေပေ။မိုးပက်သဖြင့်တစ်ညလုံးမအိပ်ရပဲ
ငုတ်တုတ်ထိုင်နေရလေသည်။
စောင်၊ခြင်ထောင်မရှိပဲအိပ်ရသည်မို့ ခြင်းများကိုက်၍
ဒုက္ခအလွန်ရောက်လေသည်။ဇီးဖြူကုန်းရွာ၏စျေးထဲတွင်
တောင်းများ၊ဇကာများရောင်းသော အရီးညွန့်မှသူ့ကိုသနားကာ
သူဌေးကြီးဦးဇော်ထွန်းအား အလုပ်ပေးပြီးနေစရာ၊စား
စရာလေးများပေးပါရန် အသနားခံပေး၍
ကိုခွေးသူဌေးကြီးဦးဇော်ထွန်းအိမ်သို့ရောက်လာလေသည်။
ရောက်ခါစတွင် ငယ်ကလည်းငယ်သေး၊ဘာမှလည်းမလုပ်
တတ်သောကြောင့်နောက်ဖေးမီးဖိုချောင်၌ဒေါ်ဒေါ်အေး၊မမ
သူဇာ၊စိုးစိုးတို့နှင့်အတူ ထမင်း၊ဟင်းချက်သောနေရာတွင်
ဒေါ်ဒေါ်အေးခိုင်းသမျှကိုဝိုင်းလုပ်ပေးရလေသည်။သူဌေးကြီး
တို့အိမ်တွင်မိသားစုမှာလေးယောက်သာရှိပြီး သူဌေးကြီး၊
သူဌေးကတော်ကြီးနှင့်သူတို့၏သားနှင့်သမီးတို့ဖြစ်ကြလေ
သည်။အငယ်ဆုံးမမလေးမှာမြို့တွင်ကျောင်းသွားတက်နေ
သောကြောင့်မိသားစုသုံးယောက်သာရှိလေသည်။သို့သော်
ဆန်စက်၊ဆီစက်မှအလုပ်သမားများအား ထမင်းချက်ကျွေး
ရသဖြင့် အလုပ်မှာနားရသည်မရှိပေ။
သူဌေးကြီးဦးဇော်ထွန်းသည် မီးဖိုချောင်ကိစ္စအဝဝ
ကိုဒေါ်ဒေါ်အေးကိုအကုန်လွှဲထားသဖြင့် ဒေါ်ဒေါ်အေးသည်
ဤအိမ်ကြီး၏လူယုံသဖွယ်ဖြစ်နေပြီး သူကြည်ဖြူပါက
အရာရာအဆင်ပြေလိမ့်မည်ဟု အရီးညွန့်မှမှာလိုက်၍
ကိုခွေးသည် ဒေါ်ဒေါ်အေးကြည်ဖြူစေရန်ခိုင်းသမျှကို
ကြိုးစား၍လုပ်ပေးရာ ဒေါ်ဒေါ်အေးမှသဘောကျပြီးဦးစား
ပေးသဖြင့် အစားကောင်းကောင်းစားရ၍ သူဌေးကြီး
ကတခြားအလုပ်သမားများနည်းတူ အခန်းများစွာဆက်
ထားသော တန်းလျားရှည်ထဲတွင်အခန်းတစ်ခန်းပေး
ထား၍ကောင်းကောင်းမွန်မွန်နေခဲ့ရလေသည်။အသက်
ဆယ့်ခြောက်နှစ်၊ဆယ့်ခုနစ်နှစ်အရွယ်တွင်
မီးဖိုချောင်အလုပ်များမလုပ်ရတော့ပဲ ကိုကြီးညိုတို့နှင့်အ
တူနွားကျောင်းလိုက်ရလေသည်။သူဌေးကြီးမှာလယ်မြေများ
စွာလည်းရှိပြီး နွားအကောင်ငါးဆယ်ခန့်ကိုလည်းမွေးမြူ
ထားလေသည်။ထိုအခါလုပ်အားခများလည်းရလာပြီဖြစ်
သည့်အတွက်သူဌေးကြီးအားအလုပ်ပေးရန်ပြောပေးသော
အရီးညွန့်အားလည်းအနည်းငယ်ပေး၍ ကျန်တာကိုစုထား
ပြီးစေတီရုံရွာသိုလူကြုံရှိပါက သူ၏အမေသို့ထည့်ပေး
လိုက်လေသည်။လူကိုယ်တိုင်ကားရွာသို့တစ်ခေါက်မှမပြန်
တော့၍ သူ့အမေကိုတော့မတွေ့ရတော့ပေ။
ထိုမှတစ်ဆင့်တက်၍လယ်အလုပ်ကိုလည်းဦးစီးရလေ
သည်။ကောက်စိုက်ချိန်တွင် အလုပ်သမားရှာခြင်း၊ပေါင်းသတ်
ခြင်း၊ပိုးသတ်ဆေးဖြန်ခြင်းမှစ၍စပါးရိတ်သိမ်းပြီးဆန်စက်သို့
ရောက်သည်အထိကိုခွေးဆောင်ရွက်နိုင်ပြီဖြစ်လေသည်။
ဆန်စက်၊ဆီစက်များတွင်လည်းကာယဖြင့်လုပ်ရသော
အလုပ်မှန်သမျှလုပ်ရပြီး စာမတတ်၍သာစာရင်းဇယားများ
မလုပ်တတ်ခြင်းဖြစ်လေသည်။ထိုကဲ့သို့သူဌေးကြီး၏ငယ်မွေး
ခြံပေါက်ကျွန်တစ်ယောက်ဖြစ်သော ကိုခွေးကိုသူ့သမီး
နှင့်ပေးစားရန်အတွက် ဦးဇော်ထွန်းသည်စီးပွားရေးလုပ်
နေသူပီပီ အကွက်ကျကျရွေးချယ်ခဲ့ခြင်းဖြစ်လေသည်။
မိမိတွင်တပည့်များစွာရှိသော်လည်း တခြားသူများမှာ
လူရည်လည်သူများဖြစ်သောကြောင့် စိတ်မချချေ။ ကိုခွေးမှာရိုးသားသူလည်းဖြစ် မိမိ
သမီး၏အားနည်းချက်ကိုအကြောင်းပြပြီး မိမိတို့၏ပစ္စည်း
ဥစ္စာများကို တောင်းမည့်သူမဟုတ်တာကြောင့်ကိုခွေး
ကိုရွေးချယ်ခဲ့ခြင်းဖြစ်လေသည်။လောလောဆယ်သမီး၏
အရှက်နှင့်မိမိတို့၏ဂုဏ်သိက္ခာမကျဆင်းစေရန် ကိုခွေး
အားအမည်ခံခိုင်းခြင်းသာဖြစ်လေသည်။
( ၂ )
ကိုခွေးသည်မမလေးအား သေသေချာချာပင်
မမြင်ဖူးချေ။မမလေးကငယ်ငယ်ကတည်းကမန္တလေးမြို့
ပေါ်ရှိသူမ၏ဘကြီးအိမ်တွင်သွားနေ၍ကျောင်းတက်လေ
သည်။တစ်နှစ်တစ်ခါမှန်မှန်ပင်ရွာသို့ ပြန်မလာပေ။ရွာသို့
ပြန်လာသာအခါလည်း ကိုခွေးတို့အနားကပ်ခွင့်မပြော
နဲ့မမလေးရှိနေလျှင် အိမ်မကြီးသို့ပင်မသွားရပေ။မမလေး
အားအဝေးမှသာတစ်ခါ၊နှစ်ခါသာမြင်ဖူးလေသည်။သူဌေးကြီ
၏အကြံဖြင့်မြို့မှရောက်လာသောမမလေးအား ကိုခွေး
သည်ရွာ၏ဘုရားများနှင့် အနီးနားတစ်ဝိုက်ဆွေမျိုးများရှိ
သောကျေးရွာများသို့ လိုက်ပို့ပေးရလေသည်။ဦးဇော်
ထွန်း၏အကြံမှာ မြို့မှရောက်လာသောသူ့သမီးအား
ကိုခွေးမှနေရာအနှံ့လိုက်ပို့ရင်း လူငယ်သဘာဝနီးစပ်
ချစ်ကြိုက်သွားဟန် ဟန်ဆောင်ခိုင်းခြင်းဖြစ်လေသည်။
တစ်လလောက်ကြာသောအခါ ကိုခွေးနှင့်
မမလေးဆုလဲ့လဲ့ဇော်ထွန်းတို့သည်စစ်ကိုင်းမြို့ပေါ်သို့
ဘုရားဖူးထွက်ရင်းခိုးပြေးသွားကြသည်ဆိုသောသတင်းကို
ပုလဲမြို့နယ်တစ်မြို့နယ်လုံးကြားလိုက်ရလေတော့သည်။
ဦးဇော်ထွန်းသည်သမီးကိုချစ်လွန်းသဖြင့် သမီးဆန္ဒကို
မလွန်ဆန်နိုင်ပဲ ကိုခွေးကိုပါခေါ်၍မင်္ဂလာအကြီးအကျယ်
ဆောင်ပေးလိုက်သည်ဆိုသော သတင်းကလည်းလူအများ
ကြားတွင် ပြောစမှတ်တွင်ခဲ့လေသည်။ဤသို့ဖြင်ကိုခွေးနှင့်
ဆုလဲ့လဲ့ဇော်ထွန်းတို့သည် အကြင်လင်မယားဘဝသို့
ရောက်ရှိခဲ့လေတော့သည်။
ကိုခွေးသည်အလုပ်သမားတန်းလျားမှ
သူဌေးကြီးတို့၏အိမ်ကြီးပေါ်သို့ပြောင်း၍နေရသော်လည်း
ဆုလဲ့လဲ့ဇော်ထွန်းနှင့်တစ်ခန်းထဲမအိပ်ရချေ။ဆုလဲ့လဲ့ဇော်
ထွန်းကအပေါ်ထပ်မှာ အိပ်ရပြီးသူကအောက်ထပ်မှာသာ
အိပ်ရလေသည်။အိမ်မကြီးသို့တော်ရုံတန်ရုံလူ မလာရသ
ဖြင့်အဖြစ်မှန်ကို သူဌေးကြီးမိသားစုနှင့်ဒေါ်ဒေါ်အေး၊
မမသူဇာ၊မမစိုးတို့လောက်သာသိလေသည်။ထိုဟန်ဆောင်
လင်မယားကိစ္စကို အပြင်သို့မပေါက်ကြားစေရန်လည်း
ဦးဇော်ထွန်းမှသတိပေးထားသဖြင့် ဘယ်သူမှမပြောရဲ
ကြချေ။
ကိုယ်ဝန်ငါးလအရောက်တွင် ဗိုက်ထွက်လာ၍
သူများတွေရိပ်မိမှာစိုးပြီး မန္တလေးသို့သွားနေရလေသည်
မွေးပြီးတစ်နှစ်လောက်မှ ရွာသို့ပြန်လာရလေသည်။
သို့သော်ဆုလဲ့လဲ့ဇော်ထွန်းကရွာသို့ပြန်မလိုက်လာပေ။မြို့မှာ
သာအလုပ်လုပ်မည်ဆိုကာ ကျန်ခဲ့လေသည်။ကိုခွေးသာ
သားလေးဝေယံထွန်းကိုခေါ်၍ရွာသို့ပြန်လာခဲ့လေသည်။
ဝေယံထွန်းမှာဝဝတုတ်တုတ် အသားမဖြူမညိုနှင့်ချစ်ဖို့
အလွန်ကောင်းလေသည်။ကိုခွေးသည်သူ့သားမဟုတ်
သော်လည်းဝေယံထွန်းလေးအား အလွန်ချစ်လေသည်။
အလုပ်အားတာနှင့်ဝေယံထွန်းနားတွင်သာ ကပ်နေ၍
တစ်နေ့တာအချိန်များကိုကုန်လွန်စေလေသည်။
သူ့ဘဝတွင်အမေပြီးလျှင်ချစ်ရသူမှာ ဝေယံထွန်း
ဖြစ်လေသည်။သူ့အမေနှင့်ဝေးကွာစွာ နေရသည့်အတွက်
ဝေယံထွန်းသည်သာ သူ့ဘဝ၏တွယ်တာရာဖြစ်လာခဲ့လေ
သည်။စေတီရုံရွာဘက်မှလူများရောက်လာပြီး သူ့အမေ
ကျန်းမာရေးမကောင်းဟုသိရတော့ အမေ့ကိုတွေ့ချင်လာ
မိပြန်သည်။သို့သော်သူ့ပထွေးကိုမတွေ့ချင်၍ ပိုက်ဆံသာ
လူကြုံပါးလိုက်လေသည်။
( ၃)
ဤသို့ဖြင့်အချိန်ကာလသုံးနှစ်ကြာသွားခဲ့ပြီးနောက်
မြို့မှဆုလဲ့လဲ့ဇော်ထွန်းရွာသို့ရောက်လာလေသည်။သူယောကျာ်း
ယူတော့မည်ဖြစ်သဖြင့် သူမကိုကွာရှင်းပေးပြီးဒီအိမ်မှ
ထွက်သွားပေးရန် လာပြောခြင်းဖြစ်လေသည်။ကိုခွေး
နှင့်မင်္ဂလာဆောင်ထားတာ ပုလဲတစ်မြို့နယ်လုံးသိသဖြင့်
နောင်တွင်သူမယူမည့်သူအထင်မလွဲစေရန် ကွာရှင်းပေး
ပြီးအိမ်မှထွက်သွားပေးပါရန် တောင်းပန်လာလေသည်။
ဦးဇော်ထွန်းကလည်းသားမက်တော်ရမည့်သူမှာ စိန်ရွှေ
ရတနာဆိုင်ပိုင်ရှင်၏သား ဘွဲ့ရပညာတတ်ဖြစ်သောကြောင့်
သူ့အားထိုက်သင့်သောငွေကြေး ပေးမည်ဖြစ်သဖြင့်ထွက်
သွားခိုင်းလေတော့သည်။
ကိုခွေးသည်ဆုလဲ့လဲ့ဇော်ထွန်းအား ကွာရှင်းပေးရန်
လဲမနှမြောချေ။ဒီအိမ်မှထွက်သွားရန်လည်း သူ့အတွက်
မခက်ခဲချေ။သို့သော်သားလေးဝေယံထွန်းကိုတော့ မခွဲနိုင်
ချေ။သူ့သားဟုသဘောထားသောကြောင့် သူ့သားကိုမခွဲ
နိုင်ပေ။သူ့ဘဝတွင်ပိုက်ဆံမလို၍ ဆုလဲ့လဲ့ဇော်အား
ကွာရှင်းပေးပြီး သားလေးအားဆက်၍စောင့်ရှောက်ခွင့်ပေး
ပါရန်တောင်းဆိုသော်လည်း ဦးဇော်ထွန်းမှလက်မခံချေ။
ကိုခွေးဤအိမ်တွင်ဆက်ရှိနေပါက ဆုလဲ့လဲ့ဇော်ထွန်း
လက်ထပ်ပါက သူများပြောစရာဖြစ်လာမှာစိုး၍ ကွာ
ရှင်းပေးပြီးပိုက်ဆံယူ၍သာထွက်သွားခိုင်းလေသည်။
ကိုခွေးမှာသားနှင့်ဝေးရမည်ဖြစ်သဖြင့် သူ့
အသည်းနှလုံးမှာဓားဖြင့်အမွှန်းခံရသကဲ့သို့ ခံစားရလေ
သည်။ဤမျှလောက်နှင်နေပါရက်နှင့် အတင်းကပ်တွယ်
နေရင်လည်း ဦးဇော်ထွန်းကလက်ခံမည်မဟုတ်ချေ။
ဦးဇော်ထွန်းသည်ငွေကြေးရှိသလို တပည့်တပန်းတွေအများ
ကြီးနှင့် ဩဇာလည်းရှိပေသည်။သူ့လိုမျက်နှာမွဲငွေမရှိသူ
ကအစစအရာရာအရှုံးကြီးရှုံးလေသည်။ဘယ်သူမှမသိသော
နေရာကိုသားအားခေါ်ပြီး ထွက်ပြေးသွားချင်လာလေသည်။
သို့သော်မိမိတစ်ကိုယ်တည်းတောင်မှ ဘယ်သွားလို့သွား
ရမှန်းမသိသောဘဝတွင် သားကိုမိမိ၏အတ္တစိတ်ကြောင့်
ဒုက္ခမပေးရက်ပေ။မိမိခေါ်၍ထွက်ပြေးသွားလျှင် သားလေး
အနေအစားဆင်းရဲသောဘဝရောက်မည်ကိုတွေးပြီး
နောက်ဆုံးရင်နာနာနှင့်ပင် သားကိုထားခဲ့၍ သူဌေးကြီး
အိမ်မှထွက်လာခဲ့လိုက်လေတော့သည်။
( ၄ )
ကိုခွေးသည်သူဌေးကြီးဦးဇော်ထွန်းအိမ်မှ
ထွက်လာခဲ့သော်လည်း ဘယ်သွားလို့ဘယ်လာရမှန်းမသိ
ချေ။ဇီးဖြူကုန်းကျေးရွာတွင်လည်း မနေချင်တော့သောကြောင့်
သူ့အမေရှိရာ စေတီရုံကျေးရွာသို့ ပြန်ရန်ဆုံးဖြတ်လိုက်
လေတော့သည်။သူ့အမေတရှောင်ရှောင်ဖြစ်ကာ နေမကောင်း
ခဏခဏဖြစ်နေသည်ဟု လူကြုံများမှပြောတာလည်း
အကြိမ်ကြိမ်မို့ သူ့ပထွေးကိုမမြင်ချင်သော်လည်း သူ့အမေ
ဆီသို့တစ်ခေါက်တော့ပြန်အုံးမှဟု တွေးလိုက်မိလေသည်။
ထို့ကြောင့်သူစေတီရုံကျေးရွာသို့ ပြန်လာခဲ့လေသည်။
သို့သော်အလာကောင်းပေမယ့် အခါနှောင်းသွားခဲ့လေပြီ။
သူ့အမေမှာလွန်ခဲ့သောတစ်လခန့်က ကွယ်လွန်သွား
ပေပြီ။
သူ၏ပထွေးမှာသူ့အားခပ်စိမ်းစိမ်းသာ ကြည့်
နေလေသည်။သူ၏အမေတူညီမနှင့်ညီမှာ သူ့အားမမှတ်မိ
တော့ချေ။ထိုအိမ်တွင်သူ့အမေမရှိတော့၍ သူမနေတော့ပဲ
ထွက်လာခဲ့လေသည်။လမ်းတွင်သူ့ဘဝကို သူတွေး၍
စိတ်နာမိလေသည်။အဖေမှာငယ်စဉ်ကကွယ်လွန်သွားပြီး
အမေမှာလည်းအတူမနေခဲ့ရချေ။ယခုချစ်ရသောသားအား
လည်းစွန့်ခဲ့ရပြန်သည်။လောကကြီးတွင်နေချင်စိတ်မရှိတော့
ပေ။အသက်သုံးဆယ်ကျော်သူနေလာခဲ့တဲ့ဘဝကိုပြန်ကြည့်
တော့ သူများခိုင်းတာလုပ်ခဲ့ရတာကလွဲလို့ သူ့မှာ
ပျော်စရာများမရှိခဲ့။တွယ်တာစရာလည်းမရှိ။သူဒီဘဝကြီးမှာ
အသက်မရှင်ချင်တော့။
သူ့ကိုယ်သူသတ်သေရန်ဆုံးဖြတ်လိုက်ပြီး
နောက်ဆုံးအနေနဲ့ ဇီးဖြူကုန်းရွာသို့တိတ်တဆိတ်ပြန်သွား
ကာသားလေးဝေယံထွန်းကို အဝေးမှခိုးကြည့်ခဲ့လေ
သည်။ထို့နောက်ဇီးဖြူကုန်းကျေးရွာ၏ အနောက်ဘက်တွင်
ရှိသောရေကန်ကြီးဆီသို့ဦးတည်လာခဲ့လေသည်။ရေကန်မှာ
ပစောက်ပုံဖြစ်သောကြောင့် အလယ်တွင်
လူကြီးနှစ်ရပ်စာခန့် နက်လေသည်။မိုးတွင်းအခါလည်းဖြစ်
သဖြင့်ရေလည်းပြည့်လျှံနေပေသည်။သူပင့်သက်ကိုရှိုက်
ထုတ်လိုက်ပြီး ရေကန်ထဲသို့တဖြည်းဖြည်းဆင်းခဲ့လေ
သည်။သူ့ခါးလောက်ရေမြုပ်ခါနီးတွင် သူ၏နောက်နားမှ
“ဒကာ ဒကာ ခဏနေပါဦးဒကာရယ် သေမယ်ဆိုလည်း ကျုပ်ကိုကူညီပြီးမှသေပါဒကာရယ်”
ဟူသောစကားကြောင့် သူအံ့အားသင့်သွား၍နောက်လှည့်ကြည့်
မိလေသည်။သူတွေလိုက်ရသည်က သူ့နောက်လိုက်ပြီး
ရေထဲဆင်းလာနေသည့်ဦးဇင်းတစ်ပါး။ရုတ်တရက်သူကြောင်
သွားပြီးမှ
“အကူအညီလိုနေရင်တစ်ခြားလူကို တောင်းပါဘုရား
တပည့်တော်မှာအရှင်ဘုရားကူညီနိုင်ဖို့ အင်အားမရှိပါဘူး
ဘုရား”
ဟုပြန်လျှောက်တင်လိုက်လေသည်။
“ဒီနားမှာတခြားလူမှမရှိတာ ဒကာလေးပဲကူညီပါကွယ်
ဒီလိုလုပ်ပါလား နောက်ဆုံးအနေနဲ့သေခါနီးကုသိုလ်လုပ်
သွားတယ်လို့သဘောထားပြီး ကူညီပါ”
ဆရာတော်စကားကြောင့်ကိုခွေး တွေးကြည့်မိလေသည်။
သူ့ဘဝတစ်သက်တာတွင်အလှူအတန်းလည်းမလုပ်ဖူးခဲ့။
ကုသိုလ်ကောင်းမှုလည်းမလုပ်ဖူး။ဆရာတော်ပြောသလို
သေခါနီးကုသိုလ်လုပ်ပြီးမှသေရန်ဆုံးဖြတ်ပြီး ဆရာတော်
ကိုကူညီဖို့တွေးလိုက်သည်။
“ဒကာလေးကူညီမယ်ဆိုရင်လည်း ကုန်းပေါ်ပြန်တက်
ကြရအောင် ဦးဇင်းသင်္ကန်းတွေရေစိုကုန်ပြီ”
ဟုမိန့်ကာရှေ့ကနေ ကန်ပေါင်ပေါ်သွားနေသဖြင့် ကိုခွေး
လည်းဆရာတော်နောက်မှလိုက်ခဲ့လေတော့သည်။ကုန်းပေါ်
သို့ရောက်လျှင်ဆရာတော်သည် မြေပြင်၌ချထားသော
သပိတ်နှင့်လွယ်အိတ်ကို ကိုခွေးအားယူခဲ့ရန်ပြောပြီး
ရှေ့မှထွက်သွားလေတော့သည်။ကိုခွေးလည်း သပိတ်နှင့်
လွယ်အိတ်ကိုယူ၍ ဆရာတော်နောက်မှ အလျင်အမြန်
လိုက်ကာ
“ဆရာတော်ဘုရား ဘာများကူညီရမှာလဲဘုရား
တပည့်တော်ရေကန်ထဲဆင်းသေမလို့ အခုရေကန်နဲ့
တောင်အတော်ဝေးနေပြီဘုရား”
ဆရာတော်သည်ကိုခွေးပြောစကားကို မကြားဟန်ပြု၍
ခပ်သွက်သွက်သာလျှောက်နေလေသည်။ ကိုခွေးမှာ
လက်ထဲမှပစ္စည်းများမြေပြင်တွင်ချ၍ ရေကန်ပဲပြန်သွား
ရကောင်းမလားစဉ်းစားပြီး ကူညီမည်လို့ပြောထားပြီး
သားဖြစ်နေတဲ့အတွက် မဖြစ်သေးပါဘူးဟုတွေးကာ
ဆရာတော်နောက်မှလိုက်ရပြန်လေသည်။ဤသို့ဖြင့်သာယာ
ကုန်းရွာရှိဆရာတော်၏ကျောင်းသို့ရောက်ခဲ့လေတော့သည်။
ကျောင်းသို့ရောက်သော်ဆရာတော်က ကပ္ပိယဦးဖိုးလုံး
အားကိုခွေးလက်ထဲမှသပိတ်နှင့်လွယ်အိတ်ကိုယူပြီး
ကိုခွေးအား အဝတ်တစုံလဲရန်ပေးပြီး လဲပြီးပါက
ကျောင်းပေါ်သို့ခေါ်လာရန်ပြောကာ ကျောင်းပေါ်သို့
တက်သွားလေတော့သည်။
ဦးဖိုးလုံးကကိုခွေးအား သူ၏အဝတ်အစား
များထုတ်ပေးပြီး ရေစိုအဝတ်တွေကိုလဲလှယ်စေပြီး
ဆရာတော်ကျောင်းပေါ်သို့ခေါ်သွားလေသည်။ဆရာတော်
လည်းသင်္ကန်းစိုများကိုလဲလှယ်ပြီး ကိုခွေးအားစောင့်
နေလေသည်။ဆရာတော်ကကိုခွေးအား လူ့ဘဝမှာရခဲ
လှသောကြောင့်လွယ်လွယ်နှင့်သတ်မသေသင့်ကြောင်း
မည်သို့သောအခက်အခဲရှိရှိဘဝကို လွယ်လွယ်နှင့်အရှုံး
မပေးသင့်ကြောင်းတို့ တရားပြကာ သင်္ကန်းစီးပေးကာ
ကိုရင်ကြီးဘဝနှင့်ကျောင်းဝေယျာဝစ္စများ လုပ်ကိုင်စေ
လေသည်။ကိုခွေးမှာအသက်သုံးဆယ်ကျော်နေပြီဖြစ်
သော်လည်း ပဉ္ဇင်းအဖြစ်မဝတ်ပေးခြင်းမှာ ကိုခွေး
သည်သူ၏ဘဝတွင်ရှင်သာမဏေအဖြစ်မဝတ်ဖူးသော
ကြောင့်ဖြစ်လေသည်။
ထို့ကြောင့်ဆရာတော်က ကိုခွေးအား ပဉ္ဇင်း
မခံပေးပဲ ကိုရင်ကြီးအဖြစ်ပရိတ်၊ပဌာန်းများသင်ယူစေပြီး
တစ်ဝါရမှသာ ပဉ္ဇင်းခံပေးရန်ရည်ရွယ်ထားလေသည်။ထို
အချိန်မှစ၍သာယာကုန်းရွာကြီး၏ရွာဦးဘုန်းကြီးကျောင်း
အတွင်း၌တည်ထားသော ရန်အောင်ဆုတောင်းပြည့်
စေတီတော်ကြီးတွင် မနက်တစ်ခါ၊ညတစ်ခါ ဘုရား
ပန်းလဲခြင်း၊ရေအိုးများရေဖြည့်ခြင်း၊တံမြက်စည်းလှည်းခြင်း
များအမြဲမပျက်မကွက် ပြုလုပ်လေ့ရှိသော ကိုရင်ကြီးဣန္ဓောဘာသကိုသာယာကုန်းရွာသူရွာသားများ
အမြဲမြင်တွေ့ရလေ့ရှိပါတော့သည်။
ပြီးပါပြီ။
အစအဆုံးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။
#ယုယုငယ်
( 8:28am )
(30.10.2022)sun