ဘိုးတော်ပေ နှင့် ကျောက်အိုးဘုရားကုန်း (ပထမပိုင်း)
(၄၄)
“ငညွန့်ရေ တို့တွေ ငါးမီးသွားခုတ်ကြအောင် “
“အေး သွားကြတာပေါ့ ဘယ်ကိုသွားကြမှာလဲ “
“ဒီနားတင် ပေါ့ကွာ”
တောင်ကုန်းထိပ်တွင်တည်ဆောက်ထားသော တဲလေးတလုံးအတွင်းမှ ထွက်ပေါ်လာနေသောစကားသံအချို့ဖြစ်သည်။ တောင်ယာလယ်လုပ်ကြသော သူရင်းငှားနှစ်ယောက်ဖြစ်သည့် ငညွန့်နှင့် အောင်ဖေဟုအမည်ရသော လူရွယ်နှစ်ယောက်တို့ အချင်းချင်းစကားဆိုနေခြင်းသာ ဖြစ်သည်။သူရင်းဒိုင်၏ကပ်စေးနည်းမှုကြောင့် ဟင်းကောင်းမစားရသည်မှာ ကြာပြီဖြစ်သော အောင်ဖေသည် ငါးဟင်းစားရရန်အလို့ငှာ သူ၏လုပ်ဖော်ကိုင်ဘက်လည်းဖြစ် သူငယ်ချင်းလည်းဖြစ်သော ငညွန့်အား ငါးမီးသွားခုတ်ရန် ပြောလိုက်သည်။ထိုအခါ ငညွန့်သည် တဲခေါင်းရင်း၌ ထား ထားသောလေးတောင့်ထိုးဓာတ်မီးကိုယူကာ တဲအပြင်သို့တချက်ထိုးကြည့်လိုက်ပြီး
“ဓာတ်မီးကတော့ အားရှိသား သွားမယ်ဆို သွားတာပေါ့”
“အေး အေး “
အောင်ဖေသည် ငညွန့်နှင့်ညှိုနှိုင်း၍ ရသွားပြီဖြစ်သော ကြောင့် တဲပေါ်တွင်ရှိသော ကြံခုတ်ဓားကို ခါးကြားထိုးလိုက်ပြီးနောက် ပလိုင်းကိုပါကောက်လွယ်လိုက်သည်။ငညွန့်သည်လည်း သူ၏လက်ဆွဲတော်ကြံခုတ်ဓားကိုယူပြီးနောက် လေးဂွထည့်ထားသည့် လွယ်အိတ်ကိုပါ လိုလိုမယ်မယ်ယူဆောင်ပြီး နှစ်ယောက်သား တဲကုန်းပေါ်မှ ဆင်းလာကြလေသည်။ဓာတ်မီးကိုင်ထားသော ငညွန့်သည် အောင်ဖေအား ရှေ့မှသွားစေပြီး တဲကုန်းအဆင်းလမ်း၌ စကားဆိုလိုက်သည်။
“အောင်ဖေ တို့ ဘယ်ကိုသွားကြမလဲ “
“ဦးပြူးချောင်းထဲ သွားတာပေါ့”
“အဲ့ဒီချောင်းက ရေနစ်တယ်နော်”
“အဲ့တာဆို ကျောက်အိုးရိုးချောင်းပဲ သွားတာပေါ့ကွာ “
“အောင်ဖေ မင်း ဒီနယ်သားမဟုတ်တဲ့အတိုင်းပဲ ကျောက်အိုးဘုရားကုန်းဘယ်လောက်ကြမ်းတယ်ဆိုတာမင်းလည်း အသိသားနဲ့ “
“တို့က ဘုရားကုန်းကိုသွားတာမှ မဟုတ်တာ ရိုးချောင်းထဲပဲသွားမှာလေ ဘာလဲ မင်းက သတ္တိမရှိဘူးလား”
အောင်ဖေ၏စကားကြောင့် ငညွန့်တချက်ပြုံးလိုက်ကာ
“ငညွန့်ဆိုတဲ့ ငါက အဖော်ပါရင် ငရဲပြည်တောင်သွားဝံ့တယ်ကွ သိလား”
“ဟုတ်မှလည်း လုပ်နော် ပြီးမှ အောင်ဖေရေ ပြန်ကြရအောင်လာမလုပ်နဲ့”
“ဟားးးဟားးးး အောင်ဖေ အောင်ဖေ မင်း ငါနဲ့ ပေါင်းလာတာငယ်ငယ်ကတည်းကပါကွာ ငါ့အကြောင်း မင်းသိရက်သားနဲ့ “
“အေးပါ အေးပါ အပြောကောင်းတဲ့ငညွန့် ကျားလားနွားလား မကြာခင်သိရမှာပေါ့ကွာ “
“လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းနှစ်ယောက်သည် စကားတပြောပြောနှင့်ပင် ငါးမီးခုတ်ရန်အလို့ငှာ ကျောက်အိုးဟုအမည်ရသော ချောင်ရိုးလေးဆီသို့ ထွက်ခွာသွားကြပါလေတော့သည်။
ရေထဲတွင် ငါးရံ့တကောင်သည် ကြည်လင််နေသောချောင်းရိုးအတိုင်း လူးလွန့်ကာ ငြိမ့်ငြိမ့်ညောင်းညောင်းကူးခတ်လို့နေပေသည်။ထိုမြင်ကွင်းကိုဖြင့် ချောင်းရေထဲ၌ အသံမထွက်ပဲတိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေသော လူနှစ်ယောက်အနက် တယောက်သောသူ၏လက်ထဲမှာ ဓာတ်မီးအရောင်ကြောင့် မြင်နေရသည်။မကြာသောအချိန်တွင်တော့ အေးဆေးငြိမ့်ညောင်းစွာ တရွေ့ရွေ့ရေကူးနေသော ငါးရံ့၏ကိုယ်ပေါ်သို့ အသွားထက်လှသည့် ကြံခုတ်ဓားကျရောက်သွားပြီး ငါးရံ့မှာ ဆက်လက်မကူးခတ်နိုင်တော့ပေ။
“ငညွန့်ရေ တခါချက်တော့ ရပြီကွာ တို့တွေပြန်ကြရင်မကောင်းဘူးလား “
“ဟ မင်းကလည်း တခါချက်လောက်နဲ့ ဘာလာလုပ်တာတုန်း ဒီလောက်ငါးတွေပေါနေတာ ထပ်ခုတ်တာပေါ့ “
“‘ရှေ့ဆက်သွားရင် ကျောက်အိုးဘုရားကုန်းကိုရောက်တော့မှာနော် “
“အောင်ဖေ မင်းပြောတော့ တယ်သတ္တိရှိလှပါရဲ့ဆို အခု ဘာဖြစ်တာလဲကွ တို့က ဘုရားကုန်းပေါ်တက်ပြီး ငါးမီးခုတ်မှာမှမဟုတ်တာ “
“အေးကွာ ပြောမရတော့လည်း သွားတာပေါ့ “
အောင်ဖေသည် ရှေ့မှနေ၍ ဓာတ်မီးတဖက် ဓားတဖက်နှင့် ချောင်းရိုးအတိုင်း ဆက်သွားနေလေသည်။ဘေးတဖက်တချက်ရှိ ဝါးရုံးများ၊နွယ်ပင်များ နှင့် ပိန်းပင်များရှိသော ရိုးချောင်းလေးအတိုင်း ဆက်သွားလိုက်ကြသည်။များမကြာသောအချိန်တွင်တော့ သစ်ပင်တပင်မှာနေ၍ စူဝါးစွာအော်မြည်လာသောငှက်တကောင်ကြောင့် သူတို့နှစ်ယောက် ကျောထဲတွင်စိမ့်ခနဲဖြစ်သွားကြသည်။ဒူးလောက်သာရှိသော ရေထဲတွင်လမ်းလျှောက်နေသော အောင်ဖေနှင့် ငညွန့်နှစ်ယောက်အနက် ရှေ့မှလမ်းလျှောက်နေသော အောင်ဖေသည် ရုတ်ချည်းရပ်တန့်သွားသဖြင့် ငညွန့်မှ လေသံတိုးတိုးဖြင့်မေးလိုက်လေသည်။
“အောင်ဖေ ဘာဖြစ်လို့တုန်းဟ “
“ရှေ့မှာ ရေသံကြားလိုက်သလားလို့”
“ငါးပွက်တာ နေမှာပေါ့”
“မဟုတ်ဘူးနော် လူလမ်းလျှောက်နေတဲ့ အသံမျိုးကွ”
“တို့လို ငါးမီးခုတ်လာတဲ့ လူတွေများလား”
“မဖြစ်နိုင်ဘူးကွ ငါးမီးခုတ်တာ ဒီလောက်အထိခြေသံပြင်းပါ့မလား “
“ဝံတွေများလား”
“ဒီတောမှာ ဝံတော့ မရှိလောက်ပါဘူးကွာ လာ သွားကြည့်ကြတာပေါ့ “
အောင်ဖေသည် ရိုးချောင်းလေးတွင်ကူးခတ်နေမည့်ငါးတို့ကိုဓာတ်မီးဖြင့်ထိုးမကြည့်တော့ပဲ အသံကြားရာရှေ့သို့ ဓာတ်မီးထိုးထားရင်း နှစ်ယောက်သား လမ်းလျှောက်သွားလေသည်။များမကြာသောအချိန်တွင် ရေပြင်အား ခပ်ကြမ်းကြမ်းနင်းဖြတ်နေသောခြေသံကို စတင်ကြားလိုက်ရသည် ။
အောင်ဖေသည်လည်း ဓာတ်မီးဖြင့်ချောင်းရိုးတလျှောက် ရှေ့တည့်တည့်သို့ထိုးထားရင်းဖြင့် တရွေ့ရွေ့လမ်းလျှောက်လို့သွားနေသည်။ချောင်းကွေ့လေးကိုကျော်ပြီးသွားချိန်တွင်တော့သူတို့နှင့်အတန်လှမ်းသောနေရာတွင် ပုဆိုးကိုခါးတောင်းပြောင်အောင်ကျိုက်ထားပြီး အပေါ်ပိုင်းဗလာနှင့် ဆံပင်ရှည်တို့နှင့်ရှုပ်ပွနေသည့် လူတယောက်သည် သူတို့နှစ်ယောက်အား ကျောပေးလို့ မတ်တတ်ရပ်နေသည်။ထိုမြင်ကွင်းကြောင့် အောင်ဖေသည် နောက်မှ ငညွန့်အား ခပ်တိုးတိုးဖြင့် စကားဆိုလိုက်လေသည်။
“ဟိုလူက ဘယ်သူတုန်းကွ “
“မသိဘူးကွ သူ့ကိုကြည့်ရတာလည်း အရူးကျနေတာပဲ “
“အေးကွာ ဒီကောင်အဲ့လိုလုပ်နေပုံနဲ့ဆိုရင်တော့ ငါးခုတ်လို့ရမှာ မဟုတ်ဘူး “
အောင်ဖေသည် ပြောပြောဆိုဆိုဖြင့် ရှေ့မှနေ၍ အရူးဟုသတ်မှတ်ထားသူရှိရာသို့ သွားလိုက်လေသည်။မလှမ်းမကမ်းရောက်သောအခါ ထိုလူသည် ချောင်းရေထဲသို့ လက်နှင့် နှိုက်ဖမ်းလိုက်ရာ ထိုလူ၏လက်ထဲ၌ ကြီးမားသော ငါးရံ့ကြီးတကောင်ဖမ်းမိသွားသည်ကို တွေ့လိုက်ရလေသည်။အောင်ဖေသည် သွားလက်စခြေလှမ်းများကိုရပ်တန့်လိုက်ပြီး ငေးကြည့်နေရင်းမှ ငညွန့်အား စကားဆိုလိုက်လေသည်။
“ငညွန့် ဟိုကောင့်လက်ထဲမှာ ငရံကြီး ငါ့အထင်တပိဿကျော်လောက်တယ် “
“အေးကွ ဒီကောင် ဘယ်လိုများဖမ်းလိုက်တာလဲ မသိဘူး “
“အေး အဲ့လိုဖမ်းရုံနဲ့တောင် မိတယ်ဆိုတော့ အဲ့ဒီနားမှာ ငါးတောတော်ပေါတယ် ထင်ပါတယ်ကွာ “
“ပေါလို့ ဖမ်းမိတာပေါ့ဟ “
သူတို့နှစ်ယောက်သည် လာစကလို စကားကိုတိုးတိုးသာသာမပြောတော့ပဲ ခပ်ကျယ်ကျယ်ဖြင့်စကားပြောနေကြသည်။ထိုစဉ် သူတို့နှစ်ယောက်၏စကားပြောသံကြောင့် ထင်၏ ။တခြားဘက်သို့မျက်နှာမူနေသော ငါးရံ့ဖမ်းမိထားသော လူသည် ရုတ်တရက် တဖျတ်ဖျတ်လူးနေသည့် ငါးအရှင်ကြီးအားပါးစပ်ဖြင့်ကိုက်စားရင်းက သူတို့အား လှည့်ကြည့်လာလေသည်။နီရဲနေသော မျက်လုံးအစုံ၊မျက်တွင်းခွက်ခွက်နှင့် ပါးရိုးကားကား ကြားတွင် သွားအစွယ်တို့မှာ အပြင်ကိုထွက်လို့နေပြီး ရေစိုနေသည့်ဆံပင်အချို့သည် မျက်နှာကိုဖုံးလွှမ်းလို့နေသည်။ကြောင်ငေးကာဖြင့် ဓာတ်မီးနှင့်ထိုးထားမိသော အောင်ဖေသည် ရုတ်ချည်းသတိပြန်ဝင်လာကာ
“သ သရဲ”
“ဟုတ် ဟုတ်တယ် သရဲ မင်းကို အဲ့တာကြောင့် ဒီကိုမလာပါနဲ့ဆိုကွာ “
အောင်ဖေ နှင့် ငညွန့်တို့သည် ကြောက်အားလန့်အားနှင့်ပင် လာရာလမ်းအတိုင်း ပြန်လှည့်ပြေးပါလေတော့သည်။သူတို့၏ နောက်မှလည်း ခြေသံတဗွမ်းဗွမ်းပေး၍ လိုက်ပါလာသည့်အသံကို ကြားနေရပါလေတော့သည်။
ချောင်းရိုးလေးအတိုင်း အမောတကောပြေးထွက်လာသည့် အောင်ဖေနှင့် ငညွန့်တို့သည် ကံကောင်းထောက်မစွာနှင့် သူတို့နေထိုင်သော တဲသို့ပြန်လည်ရောက်ရှိလာကြသည်။တဲဆီသို့ရောက်သည်နှင့် နွားမီးဖိုအား မီးကိုပို၍အရှိန်မြှင့်အောင် ထင်းထည့်လိုက်သလို တဲပေါ်ရှိ ရေနံဆီမီးခွက်ကိုလည်း ထွန်းညှိလိုက်၏။ထိုသို့ အလင်းရောင်ကောင်းစွာမြင်လိုက်ရသောအခါမှသာ ကြောက်စိတ်တို့သည် ပြေလျော့လို့သွားပြီး တယောက်နှင့်တယောက် စကားဆိုလိုက်ကြသည်။
“ငညွန့် တို့ သေတော့မလို့ကွာ မင်း ငါ ပြောပါတယ် ကျောက်အိုးဘုရားကုန်းနားနီးလာပြီဆိုတာ “
“ငါလည်း မင်းကို ပြောတာပဲလေ “
“တောက် အခုထိရင်တုန်နေတုန်းကွာ”
“ကျောက်အိုးဘုရားကုန်းက ဘာဖြစ်လို့ အဲ့လောက်ကြမ်းနေတာလဲ မသိဘူး”
“တချို့ပြောတာတော့ ရတနာသိုက်ရှိလို့ဆိုလား”
“ရတနာသိုက် ရှိ ရှိပါဦးကွာ အခုက ဘုရားကိုတက်ပြီး ဦးမချရဲလောက်တဲ့အထိကြမ်းတာတော့ မဟုတ်သေးပါဘူး”
အောင်ဖေနှင့် ငညွန့်တို့သည် မီးဖိုဘေးတွင်ထိုင်ကာ စကားဆိုနေခြင်းဖြစ်သည်။သူတို့ခုတ်ထားသော ငါးများမှာလည်း ဘယ်ဆီ ကျကျန်ရစ်ခဲ့မှန်းမသိတော့ပေ။ပလိုင်းထဲတွင် ဗလာနတ္ထိမို့ စိတ်လေသွားကြသည်။
“ငါးတွေလည်း ဘယ်ကျလို့ကျခဲ့မှန်းမသိဘူး ငါးဟင်းလေးစားချင်ပါတယ်ဆိုမှ သရဲလိုက်လို့ ထွက်ပြေးရတယ်လို့ကွာ “
“ဟုတ်ပါ့ကွာ သူရင်းဒိုင်ကလည်း တကယ်ကို ကပ်စီး တခါလာလည်း ငါးပိနဲ့ ပဲလှော်၊ငါးခြောက်တောင် အရိုးပဲပေးတာ တို့ဘဝတွေကလည်း တယ်မလွယ်ပါဘူးကွာ “
အောင်ဖေနှင့် ငညွန့်တို့၏ဘဝမှာ ဆိုးလွန်းလှပေသည်။ ကျေးလက်တောရွာများ၏ထုံးစံအတိုင်း သူတပါးအိမ်တွင်သူရင်းငှားပြုလုပ်ရသည်။သူရင်းငှားလုပ်ရပြီဆိုမှဖြင့် ကိုယ်ပိုင်လယ်ယာမရှိ၍ပင် ဖြစ်၏။ထို့ကြောင့် သူရင်းငှားလုပ်သောသူအများစုမှာ မျက်နှာမွဲများလှပေသည်။လူအမျိုးမျိုး စိတ်အထွေထွေမို့ တချို့သောသူရင်းဒိုင်များမှာ သူတို့ငှားထားသော သူရင်းငှားများအား မိသားစုသဖွယ် ကျောသားရင်သားမခွဲခြားဘဲ ဆက်ဆံကျွေးမွေးကြလေ၏။ထိုသို့သော သူရင်းဒိုင်များမှာ စိတ်ကောင်းစေတနာနှင့် ပြည့်စုံသူများဖြစ်သည်။သူတို့နှင့်ခြားနားစွာ သူရင်းငှားအား ဖြစ်သလို ကျွေး မတန်တဆခိုင်း စေပြီး စိတ်ယုတ်မာသောသူရင်းဒိုင်များမှာလည်း ဒုနဲ့ ဒေး ရှိကြသည်။သူတို့၏မိသားစုအတွက် ကောင်းမွန်သောဟင်းလျာများကိုချက်ပြုတ်စားသောက်ပြီး သူရင်းငှားများအား ငါးပိ ၊ငါးခြောက်သာ ကျွေးသည်။ငါးပိဟုဆိုရာတွင်လည်း ကောင်းမွန်သော အမျိုးအစားမဟုတ်ဘဲ ဝက်ကျွေးသည့် ငပိသာသာဖြစ်သလို ငါးခြောက်ဆိုလျှင်လည်း ကောင်းမွန်သည့်အသားများကိုဖဲ့ယူထားကာ အရိုးနိုင်းချင်းပင်ဖြစ်သည်။ထိုသို့စိတ်ထားအောက်တန်းကျသော သူရင်းဒိုင်များအဖို့ မည်သို့သောသူရင်းငှားများက စိတ်ကောင်းစေတနာထား၍ အလုပ် လုပ်ပေးချင်မည်နည်း။ယခု အောင်ဖေနှင့် ငညွန့်တို့၏ သူရင်းဒိုင်သည်လည်း သူတို့အပေါ်စေတနာမရှိလှပေ။ထို့ကြောင့် ဟင်းစားငတ်နေသဖြင့် ငါးမီးသွားခုတ်ရာမှ သရဲအခြောက်ခံလိုက်သဖြင့် ခွေးပြေးဝက်ပြေး ပြေးလာရသည့်အတွက် နွားမီးဖိုနံဘေးတွင် နှစ်ယောက်သား စိတ်ပျက်လက်ပျက်နှင့်ထိုင်ချလိုက်ကာ စကားဆိုဖြစ်ကြသည်။အဆင်မပြေမှုများကို ပြန်ပြောင်းပြောသောအခါ ကြောက်စိတ်တို့လွင့်ပါးသွားလေသည်။ထို့အတွက် သရဲကိုမြင်သောအချိန်ကလောက် ကြောက်စိတ်တို့မရှိတော့ပါပဲ သူတို့၏ဘဝပေးအခြေအနေများကိုသာ အပြန်အလှန်ရင်ဖွင့်ရင်းဖြင့် အားမလိုအားမရဖြစ်နေကြသည်။
“တို့နှစ်ယောက်ဘဝကလည်း ဆိုးရန်ကော”
“ဘာဖြစ်လို့လဲ အောင်ဖေရ “
“နေရတော့လည်း အိမ်ကုတ်မှာလေ သူများအိမ်မှာ လူငှားလုပ်ခဲ့ရတာကလည်း အရွယ်ရောက်ပါပြီဆိုကတည်းကပဲ မင်းနဲ့ ငါနဲ့မှာ ရွှေတိုငွေစမပြောနဲ့ အလှူမှာဝတ်ဖို့ ပုဆိုးတထည်တောင် ကောင်းကောင်းမွန်မွန်ရှိလို့လား”
အောင်ဖေ၏စကားကြောင့် ငညွန့်လည်း ငြိမ်သက်သွား၏။ အောင်ဖေပြောသည်မှာ မှန်ပေ၏။သူတို့သည် ဆယ်ကျော်သက်အရွယ်ကတည်းကပင် ဇာတိရွာ၌သာမက တခြားသောရွာများတွင်ပါ သူရင်းငှားလုပ်ကြရသည်။အသက်အကြီးဆုံးဖြစ်သောသားအား သားကြီးဩရသဟု ခေါ်တွင်ကြသည်။ထိုသည်ကားပြည့်စုံကြွယ်ဝသောမိသားစုများအဖို့ သားကြီးဩရသအနေ ဖြင့် အနေချောင်မည် ထင်၏။ဆင်းရဲသော မိသားစုတွင်ပေါက်ဖွားလာရသော သူတို့အဖို့မှာတော့ အကြီးဆုံးသားဖြစ်ရသည်နှင့် ကြီးလေသော တာဝန်ကို ထမ်းရလေသည်။လူစိတ်ရှိသောသူသည်ကား ပိုပင်ပန်းမည်ထင်၏။နုနယ်သောနှလုံးသားအား ပိုင်ဆိုင်ထားခြင်းကြောင့်လည်း မိဘညီကိုမောင်နှမများအား တကိုယ်ကောင်းဆန်စွာ ပစ်ခွာလို့မသွားရက်ပေ။ထို့ကြောင့် သူရင်းငှားလုပ်ပြီး မိသားစုကို ပြန်ကြည့်နေကြသော သူတို့နှစ်ယောက်၏ဘဝမှာ အတော်ကို နုံချာလှပေသည်။ရွာတွင် အလှူအတန်းရှိပါက ဝတ်စရာ ပုဆိုးကောင်းကောင်းတထည်ပင်မရှိသလို ယခုအချိန်တွင်တော့ လိုလည်းမလိုအပ်တော့ပေ။အကြောင်းမှာ ယခု သူတို့အလုပ် လုပ်ပေးနေရသော သူရင်းဒိုင်မှာ အလှူအတန်းများရှိလျှင်ပင် သွားခွင့်မပြုသော ကြောင့် ဖြစ်သည်။အောင်ဖေနှင့် ငညွန့်တို့သည် သူတို့ဘဝအကြောင်းများကိုတွေးတောရင်း မည်သည့်စကားမှမပြောဖြစ်ကြပဲ စိတ်မချမ်းမသာဖြစ်နေစဉ် တဲကုန်းရှိရာ အောက်ခြေဆီမှ လူတယောက်၏အော်ခေါ်သံကို ခပ်ကျယ်ကျယ် ကြားလိုက်ရသည်။
“တဲရှင်တို့ တဲရှင်တို့ “
“ဗျို့ ဘယ်သူတုန်း”
“မင်းတို့ကျန်ခဲ့တဲ့ဟာ ပြန်လာပေးတာ “
တဲကုန်းအောက်ခြေမှ ထိုသို့စကားပြန်လာသောကြောင့် အောင်ဖေနှင့် ငညွန့်တယောက် မျက်နှာတယောက်ကြည့်လိုက်မိသည် ။
“ဒါ ဘယ်သူအသံတုန်းကွ”
“မသိဘူးလေကွာ တို့ကျန်ခဲ့တာဆိုတော့ ဘာကျန်ခဲ့လို့လဲ “
“ဪ မနက်က ဦးသန်းလှိုင်အကွက်ထဲ လက်စားထယ်သွားထိုးပေးသေးတယ် အဲ့မှာ နွားလှန်ဖို့ နဖားကြိုးကျန်နေခဲ့တယ် မင်းကိုတောင် ငါ ပြောသေးတယ်လေ အောင်ဖေရာ”
“အေး ဟုတ်တယ် မင်း ငါ့ကို ပြောတယ် “
ထို့နောက် အောင်ဖေသည် မီးပုံနားမှနေ၍ တဲကုန်းအောက် ခြေမှအော်ပြောနေသည့်သူအား ပြန်အော်ပြောလိုက်သည်။
“လာလေဗျာ တဲပေါ်တက်ခဲ့ ရေနွေးကြမ်းတည်ထားတယ် “
“အေး အေး “
အောင်ဖေတဲပေါ်တက်ခိုင်းလိုက်ပြီး မကြာမီ တဲအား အဖီဆွဲထားသည့်တင်းကုတ်မှ နွားနှစ်ရှဉ်းသည် လူးလူးလွန့်လွန့်ဖြစ်လာလေရာ ငညွန့်မှ တင်းကုတ်၏ဘေးဘီဝဲယာကို ဓာတ်မီးနှင့် ထိုးကြည့်လိုက်လေသည်။
“ဘာမှလည်း မရှိပါဘူး နွားတွေဘာလို့များ လန့်နေပါလိမ့်”
“အေးကွ “
သူတို့နှစ်ယောက်စကားပြောနေစဉ် တဲအပြင်တွင် လူတယောက် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ထိုသူသည် သူ၏လက်ထဲမှဆွဲလာသော အရာတခုအား တဲထဲသို့လှမ်း၍ပစ်ချလိုက်ပြီး
“ရော့ မင်းတို့ကျန်ခဲ့တာ “
အသံကြောင့် အောင်ဖေနှင့် ငညွန့်သည် နွားတင်းကုတ်အား အာရုံရောက်နေရာမှ တဲပြင်ရှိလူအား ဓာတ်မီးနှင့်ထိုးကြည့်လိုက်မိသည်။ထိုအခါ နှစ်ယောက်သား တကိုယ်လုံးအေးစက်တောင့်တင်းသွားရသည်။အကြောင်းမှာ ငါးမီးခုတ်စဉ်က သူတို့တွေခဲ့ရသော မကောင်းဆိုးဝါးသရဲကောင်ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။သူတို့ မည်သည့်စကားမှမပြောပဲ ကြောင်ငေးနေစဉ် မကောင်းဆိုးဝါးဟုသူတို့ထင်မှတ်ထားသောသူမှ သူပစ်ချလိုက်သောအရာဝတ္ထုကို လက်ညှိုးညွှန်ပြပြီး အသံဩဩကြီးနှင့် စကားဆိုလိုက်လေသည်။
“မင်းတို့ကျန်ခဲ့တဲ့ငါးတွေ အကုန်ကောက်ပြီး လာပေးတာ နှစ်ကောင်တောင် အပိုဖမ်းလာသေးတယ် ဟေ့ကောင်တွေ မင်းတို့က ငါ့ကို ကြောက်နေတာလား”
“ဟုတ် ဟုတ်တယ် “
“မင်းတို့ ကြောက်စရာမလိုပါဘူး မင်းတို့လည်း မင်းတို့ဝမ်းအတွက် ရှာစားတာ ငါ့လည်း ငါ့ဝမ်းအတွက် ငါရှာစားတာ ငါ့နာမည် မှတ်ထား တာတေကြီးတဲ့ မင်းတို့ ချောင်းရိုးထဲမှာ ကြိုက်သလောက် ငါး ရှာနိုင်တယ် “
“ဟုတ် ဟုတ်ကဲ့ “
တာတေကြီးဟုဆိုသူသည် ထိုမျှသောစကားကိုပြောပြီး သည်နှင့် တဲကုန်းပေါ်မှ ဆင်းသွားလေသည်။ထိုအခါမှာ ဂနာမငြိမ်ဖြစ်နေသည့် နွားများသည်လည်း ငြိမ်သက်သွားကြ၏ ။ ထို့နောက် ငညွန့်သည် တာတေကြီးပစ်ချပေးခဲ့သော ငါးတွဲများကို လက်ထဲမှဓာတ်မီးဖြင့်ထိုးကြည့်လိုက်ရာ ငါးများစွာကိုတွေ့လိုက်ရ၏။ထို့နောက် ငညွန့်နှင့် အောင်ဖေသည် တယောက်မျက်နှာတယောက်ကြည့်နေမိကြပါလေတော့သည် ။
“ဟေ့ကောင် ထ ထ ငါ တာတေကြီး “
“ဗျာ ခင် ခင်ဗျား ဘာလာလုပ်တာလဲ “
“အေး မင်းတို့ကို ပေးစရာရှိလို့ “
“ဗျာ ဘာ ဘာပေးမှာလဲ “
“မနက်ဖြန်ည ဘုရားကုန်းကို မင်းတို့နှစ်ယောက်လာခဲ့ “
“ဘာလုပ်ရမှာလဲ ကျုပ်တို့ကို စားမလို့လား “
“မဟုတ်ဘူး မင်းတို့ကို ဆင်းရဲတွင်းကလွတ်အောင် လုပ်ပေး မလို့ မင်းတို့ လာမှာလား”
“ဘုရားကုန်းက အကျယ်ကြီး ဘယ်နားကို လာရမှာလဲ “
“ဘုရားကုန်းတောင်ခြေက ကျောက်ဖျာကြီးနားကို လာခဲ့ ကြားလား”
“ဟုတ် ဟုတ်ကဲ့ “
အောင်ဖေတယောက် ထိုထူးထူးဆန်းဆန်းအိပ်မက်ကိုမက်ပြီးနောက် လန့်နိုးလာလေသည်။သူနိုးလာပြီး အိပ်နေရာမှထထိုင်လိုက်ချိန် ဘေးတွင်အိပ်နေသော ငညွန့်သည် သူ့အားစကားဆိုလာလေသည်။
“အောင်ဖေ ဘာဖြစ်တာလဲ “
“အိပ်မက် မက်လို့ကွ “
“တာတေကြီးကို အိပ်မက်မက်တာလား “
“အေး ဟုတ်တယ် မင်းက ဘယ်လိုလုပ်သိတာလဲ”
“ငါလည်း အိပ်မက်မက်လို့လေ “
“မင်း ဘယ်လိုမက်တာလဲ “
“တာတေကြီးဆိုတဲ့လူက ငါတို့ကို ကျောက်အိုးဘုရားကုန်းကိုလာခိုင်းတယ်”
ငညွန့်၏စကားကြောင့် အောင်ဖေ အတော်ကိုအံ့သြနေမိ သည်။သူမက်ခဲ့သောအိပ်မက်သည်လည်း ငညွန့်မက်သည့် အိမ်မက်နှင့် အတူတူပင်ဖြစ်၏။အတော်ထူးဆန်းနေသည်ဖြစ်ရာ အိပ်ချင်စိတ်မရှိတော့ပဲ တဲအောက်သို့ဆင်းလိုက်လေသည်။ သူ ဆင်းလိုက်သည်နှင့် ငညွန့်သည်လည်း တဲပေါ်မှ လိုက်ဆင်းလာလေသည်။ထို့နောက် အောင်ဖေသည် မီးတိုက်ထားသဖြင့် မဲနေသော ရေနွေးအိုးလေးအား အဖုံးဖွင့်ကြည့်ပြီးနောက် နွားမီးဖိုပေါ်တင်လိုက်ပြီး သူ၏နောက်မှ ငညွန့်အား စကားဆိုလိုက် လေသည် ။
“ငညွန့်ရေ စဥ်းတော့စဥ်းစားစရာပဲကွ”
“ဘာကိုလဲ အောင်ဖေ “
“ဟိုနေ့က တာတေကြီးဆိုတဲသူက ငါတို့ကို ငါးလာပေးတယ် အခုလည်း အိပ်မက်ပေးတယ် ငါ့အထင်တော့ ငါတို့ကို ရန်မပြုဘူးဆိုတာ သိသာတယ် “
“ရန်ပြုချင်မှတော့ ငါတို့ကို တခုခုလုပ်သွားမှာပေါ့ကွာ ဘယ်လိုလုပ်ပြီး ကျန်ခဲ့တဲ့ ငါးတွေ လာပေးမှာတဲ့လဲ “
“အေး ငါတို့ ဘယ်လိုလုပ်ကြမလဲ “
“ဘာကိုလဲကွ “
“တာတေကြီးချိန်းတဲ့နေရာကို သွားမလား တို့အတွက် တခုခုတော့ ထူးမယ်ထင်တယ် “
“အောင်ဖေ ငါကတော့ သွားကြည့်ချင်တယ်ကွာ တို့တွေလည်း ဒီသူရင်းငှားဘဝနဲ့ပဲ ဘဝမဆုံးချင်ဘူး တခုခုတော့အကျိုးရှိနိုင်လောက်တယ်ကွ မင်းရော ဘယ်လိုထင်လဲ”
“အကျိုးမရပဲ ဘေးရနေရင် ဘယ်လိုလုပ်မလဲ မှန်းချက်နဲ့နှမ်းထွက် မကိုက်ရင် ဒုက္ခ”
“မင်းကလည်းကွာ ငါတို့ အခုဘဝကလည်း ဘာများခင်တွယ်စရာရှိလို့လဲ “
ငညွန့်၏စကားကြောင့် အောင်ဖေသည် မည်သည့်စကားမှပြန်မပြောတော့ပဲ တွေးတောလို့နေမိသည်။ငညွန့်ပြောသည်မှာလည်း မှန်ပေ၏။တနှစ်ပြီးတနှစ် ကျွဲလိုနွားလိုရုန်းကန်နေရသော်လည်း သူတို့ဘဝမှာ တိုးတက်မလာပေ။ထို့ကြောင့် ငညွန့်ပြောသလို တာတေကြီးချိန်းဆိုသည့် နေရာအား သွားဖြစ် အောင် သွားမည်ဟု ဆုံးဖြတ်ချက်ချလိုက်ကာ
“ကဲ သေ မြေကြီး ရှင် ရွှေထီးပေါ့ကွာ ကံတရားကအလှည့်ပေးတယ်လို့ပဲ သဘောထားလိုက်မယ် ငါတို့ သွားကြတာပေါ့ “
“အဲ့လို လုပ်စမ်းပါ အောင်ဖေရ “
ဤသို့ဖြင့် အောင်ဖေနှင့် ငညွန့်တို့သည် အိပ်မက်ထဲမှ တာတေကြီးပြောသော ကျောက်အိုးဘုရားကုန်းတောင်ခြေသို့သွားရန်
ဆုံးဖြတ်ချက်ချလိုက်ပါလေတော့သည် ။
ကျောက်အိုးဘုရားသည် ဒီနယ်တွင်တော့နာမည်ကြီးသောနေရာတခုဖြစ်သည်။လယ်ထွန်နေသော တောင်သူကြီးတဦး ဘုရားဆင်းတုတော်များတွေ့ရှိရာက ထိုဘုရားဆင်းတုတော်များကိုဌာပနာတည်ပြီး ရွာနှင့်လှမ်းသော ကျောက်ဆိုင်ကျောက်သားများအနည်းငယ်ရှိနေသည့် တောင်ကုန်းပေါ်တွင် စေတီတည်ထားခြင်းဖြစ်သည်။နယ်ခံရွာသားများမှ စေတီအား ဘုရားဟုသာသုံးနှုံးကြရာ အိုးများသဏ္ဍာန်ကျောက်တုံးများတည်ရှိရာ တောင်ကုန်းပေါ်တွင် စေတီတည်ထားသောကြောင့် ကျောက်အိုးဘုရားဟု အမည်တွင်လေသည်။စေတီတည်ရှိရာကုန်းကိုလည်း ကျောက်အိုးဘုရားကုန်းဟုသာ သမုတ်ကြပြန် သည်။ကျောက်အိုးဘုရားကုန်းသည် အတော်နာမည်ကြီးသည်။တခါက ငှက်ပစ်သောငှက်မုဆိုးတယောက်သည် ကျောက်အိုးဘုရားကုန်းပေါ်၌ ငှက်လာပစ်လေ၏။ဘုရားကုန်းပေါ်တွင် မည်သူမျှ သူ့တပါးအသက်ကိုသတ်ခြင်းအမှုမပြုကြသဖြင့် ထိုဘုရားကုန်းပေါ်တွင် များစွာသော တောကောင်ငယ်များနှင့် အမျိုးစုံသောငှက်တို့ ပေါများလေ၏။ငှက်ပစ်သမားမှာ အယူသည်းသည်ဆိုသည်ထက် မထီမဲ့မြင်ပြုတတ်သော လူရွတ်တယောက်ဖြစ်လေရာ ရွာမှလူကြီးများ၏ပြောဆိုဆုံးမမှုကိုမလေးမစားလုပ်ပြီး ဘုရားကုန်းတွင် ငှက်နှင့် တောကြက်လာပစ်လေ ၏။ငှက်ပစ်သမားသည် သူ၏လေးဂွဖြင့် တောကြက်ဖတကောင်အား ချိန်ရွယ်လိုက်လေသည်။တောကြက်ဖကြီးသည် ကား သူ့အားဂရုမပြုပဲ သူ၏ခြေတို့ဖြင့် ဝါးရွက်များကြားတွင် ယက်ပြီး အစာရှာနေလေသည်။ငှက်မုဆိုးသည်ကား ထိုကြက်ဖကြီးကို လောက်လေးဂွဖြင့် အားကုန်ဆွဲပြီးပစ်လိုက်လေသည်။ငှက်မုဆိုးပစ်လိုက်သော လောက်စာလုံးသည် အရှိန်ပြင်းစွာနှင့် တောကြက်ဖကြီး၏ဦးခေါင်းအား တိတိကျကျထိမှန်သွားပြီး ဦးခေါင်းမှာ ပွင့်ထွက်သွားလေသည်။ကြက်ဖကြီးမှာ တောင်ပံတဖျပ်ဖျပ်ခပ်လို့ သေအံ့ဆဲဆဲအချိန်ကိုရောက်သွားလေသည်။ထိုအခါ ငှက်မုဆိုးသည် တချက်ပြုံးလိုက်ကာ ကြက်ဖကြီးအား သွားကောက်မည်ပြင်စဉ် ဦးခေါင်းပွင့်နေပြီး အတောင်တဖျပ်ဖျပ်ခတ်နေသောကြက်ဖကြီးမှာ ရုပ်ချည်းပင်ပြန်လည်မတ်တတ်ထရပ်လာပြီး အတောင်ခပ်််ကာ အောက်အီးအီးးအွတ်ဟု တွန်မြည်လေသည်။ငှက်မုဆိုးမှာဖြင့် ကြောင်၍ရပ်ကြည့်နေမိလေသည်။တောကြက်ဖကြီး၏အက်ကွဲကွဲအသံသုံးချက်ဆင့်တွန်ပြီးသောအခါ တတောလုံး၌ ကြက်တွန်သံများ ညံစိီလာသလို တောင်ပံတဖျပ်ဖျပ်ခတ်သံများလည်း ကြားလာရလေသည်။ထို့နောက် ဘယ်ကဘယ်လိုရောက်လာမှန်းမသိသောအကောင်တရာခန့်မျှရှိသည့် ရဲရဲနီနေသော တောကြက်ဖအုပ်လိုက်ကြီးသည် ငှက်မုဆိုးအားလိုက်၍ ခွပ်ပါလေတော့သည်။ငှက်မုဆိုးသည်လည်း ပါလာသောဓားဖြင့် ထိုကြက်ကြီးများကို ပိုင်းဖြတ်ခုတ်ထစ်ပါသော်လည်း အခုတ်ခံအဖြတ်ခံရသည့်ကြက်များမှာ လဲကျသေဆုံးခြင်းမရှိဘဲ ဦးခေါင်းပြတ်နေသော ကြက်များသည်ပင် ဦးခေါင်းမရှိသောကိုယ်ခန္ဓာသက်သက်နှင့်ပင် လိုက်လံခွပ်လေရာ ငှက်မုဆိုး၏ တကိုယ်လုံးကြက်တက်များ စူးလေသည်။ထက်လှသော တောကြက်ဖကြီးများ၏ အတက်ချွန်ချွန်များသည် ငှက်မုဆိုး၏နားရင်း၊မျက်လုံးနှင့် လည်ပင်းအပြင် တကိုယ်လုံးကို ထိုးဖောင်ဝင်ရောက်ကုန်လေရာ မုဆိုးမှာ ကြောက်လန့်တကြားနှင့် အော်ဟစ်ပြီး တောင်ပေါ်မှဆင်းပြေးလေသည်။မျက်လုံးတို့တွင် ကြက်တက်စူးထားသော ကြောင့် မမြင်မစမ်းနှင့်ပြေးလွှားလေရာ ဝါးခုတ်ထားသောဝါးချွန်ငုတ်ပေါ်လဲကျပြီးနောက် အသက်ဆုံးရှုံးသွားလေသည် ။ဤအရာသည်ကား များပြားလှသော ကျောက်အိုးဘုရားကုန်းတွင်ဖြစ်ပျက်ခဲ့သည်အဖြစ်အပျက်များစွာထဲမှ တခုပင်ဖြစ်၏။
ယခုအချိန်၌ ဘုရားကုန်းသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ တောင်ကုန်းထိပ်တွင်ရှိသော ထုံးဖြူဖြူစေတီ၏ထီးတော်မှထွက်ပေါ်လာသော ဆည်းလည်းသံတို့သည် တချက်တချက် နာပျော်ဖွယ်ထွက်ပေါ်လို့လာလေသည်။လဆန်းရက်ဖြစ်သော ကြောင့် လ၏အလင်းရောင်သည် စေတီတော်နှင့် စေတီတည်ရှိရာတောင်ကုန်းတခုလုံးကိုဖြန့်ကျက်ထားသဖြင့် အတိုင်းသားမဟုတ်သည့်တိုင် ခပ်ပျပျမြင်နေရလေ၏။ထိုဘုရားကုန်းသို့လာရောက်နိုင်သည့်လမ်းလေးတွင် လူနှစ်ယောက် လမ်းလျှောက်လို့နေသည်။ထိုသူနှစ်ယောက်မှာ အခြားသူမဟုတ်ပဲ ငညွန့်နှင့် အောင်ဖေတို့ဖြစ်၏။ငညွန့်သည် ဓာတ်မီးကိုကိုင်ကာ သူ၏အနောက်တွင်ပါလာသော အောင်ဖေအား စကားဆိုလိုက်လေသည်။
“အောင်ဖေ ငါတို့ ဘယ်နားသွားရမှာတုန်း”
“ကျောက်ဖြာနားတဲ့လေ အဲ့တာဆို တောင်ခြေက ချောင်းစပ်ပဲနေမှာပေါ့ အခါတွင်း စောင်ဖွတ်တဲ့နေရာဖြစ်မယ် “
“အေး အေး ကျောက်ဖျာဆိုလို့ အဲ့အနားလေးပဲရှိတာမဟုတ်လား “
“ဟုတ်တယ်လေကွာ “
“မင်းတော့ မသိဘူး ငါတော့ တယောက်တည်းဆိုမလာရဲဘူးငါ့ကောင်ရေ”
“ငါလည်း မင်းပါလို့ လာရဲတာလေကွာ ပြောလောက်အောင် သတ္တိကရှိတာ မဟုတ်ဘူး”
သူတို့နှစ်ယောက်သည် စကားတပြောပြောနှင့် ဘုရားကုန်းတောင်ခြေရှိ ချောင်းရိုးစပ်လေးကို လမ်းလျှောက်လို့သွားနေကြသည်။သူတို့နှစ်ယောက်သည် အတော်စိတ်လှုပ်ရှားနေပေသည် ။ထို့နောက် မည်သည့်စကားမှမပြောပဲ သစ်ရိပ်ကျသောကြောင့် လရောင်မရှိသောချောင်းရိုးလမ်းလေးအတိုင်း ဓာတ်မီးထိုးကာ သွားလိုက်ကြသည်။ချောင်းရေသည် ဒူးလောက်သာရှိပြီး ကျောက်အိုးဘုရားကုန်းအောက်ခြေ၌ ရစ်ပတ်ပြီး စီးဆင်းနေလေသည်။သူတို့နှစ်ယောက် ချောင်းရိုးအထက်ဖြားသို့သွားလိုက်ရာ များမကြာသောအချိန်တွင် လရောင်ကျရောက်နေသော ကျောက်ဖျာကြီးအား မြင်တွေ့လိုက်ရလေသည်။ထိုသို့မြင်တွေ့လိုက်ရသည်နှင့် အောင်ဖေနှင့် ငညွန့်တို့၏နှလုံးခုန်သံများသည် တယောက်နှင့်တယောက်ကြားရသည်အထိ ကျယ်လောင်လာသလား ထင်ရလောက်၏။
“အောင်ဖေ မင်းကြောက်နေတာလား “
“ကြောက်တာလည်း မဟုတ်ဘူးကွ တမျိုးတော့တမျိုးကြီးပဲ လာကွာ သွားကြတာပေါ့ သေလည်း အဖော်ရှိတာပဲ သေပျော်ပါတယ်ကွာ “
“မင်းနဲ့ ငါကလည်း တော်တော်ရေစက်ဆုံတယ်ကွာ “
“အေးကွာ သူရင်းငှားလုပ်တာတောင် သူရင်းဒိုင်တယောက်တည်းမှာပဲ ဆုံတယ်”
“အေး တို့တွေ မိန်းမတယောက်တည်းတော့ နှစ်ယောက်မယူရလောက်ပါဘူးနော် “
“ပြောလို့မရဘူး မင်းကြိုက်နေတဲ့ နွေမက ငါ့ကိုကြည့်ကြည့်နေတာနော်”
“မင်းကိုကြည့်နေတာ အိမ်သာကျင်းတူးခိုင်းမလို့နေမှာပေါ့ “
“ခွီး မင်းကတော့ ပေါက်ကရပြောရော့မယ် ငါက မင်းထက်ကြည့်ကောင်းလို့ကြည့်တာ နေမှာပေါ့”
သူတို့နှစ်ယောက်သည် ကြောက်စိတ်ပြေလိုပြေငြား တခြားသောအကြောင်းအရာများကိုပြောဆိုပြီးနောက် ကျောက်ဖြာဆီသွားလိုက်ကြပါလေတော့သည် ။
လရောင်ဆမ်းထားသော ကျောက်ဖျာပေါ်တွင် အောင်ဖေနှင့် ငညွန့်တို့ ထိုင်နေကြသည်။သူတို့သည် မည်သည့်စကားမှမပြောပဲ တစုံတခုကိုစောင့်မျှော်လို့နေကြသည်။သူတို့နှစ်ယောက်မျှော်နေသောအရာမှာ တာတေကြီးဖြစ်၏။အချိန်အတန်ကြာသောလည်း ထူးခြားသည့်အရိပ်အယောင် ပေါ်မလာပေ။ထို့ကြောင့် ငညွန့်မှ စတင်ပြီးစကားဆိုလာလေသည် ။
“အောင်ဖေ တာတေကြီးက ငါတို့ကို ပုံပြင်ပြောသွားတာလား ဒါမှမဟုတ် မင်းနဲ့ ငါကပဲ စိတ်ကူးယဉ်နေတာလားမသိတော့ဘူးကွာ “
“ငါတို့က အလုပ်တွေကိုငြီးငွေ့ပြီး အတွေးလွန်နေတာဖြစ်မယ် ထူးတော့ ထူးဆန်းတယ်”
“ကဲ ကဲ ဒီမှာ အချိန်ဖြုန်းတာတော်သင့်ပြီ မနက်ဖြန်ကျလည်းအစောကြီးထပြီး ထယ်ထိုးရဦးမယ် ပြန်ကြတာပေါ့ “
အောင်ဖေနှင့် မောင်ညွန့်တို့သည် အချိန်အတော်ကြာအောင်စောင့်ဆိုင်းပါသော်လည်း တာတေကြီးရောက်မလာ၍ ကျောက်ဖျာပေါ် ထိုင်နေရာမှ မတ်တတ်ရပ်လိုက်ပြီးနောက် လာလမ်းအတိုင်း ပြန်ကြလေသည်။ကျောက်ဖျာနှင့် မလှမ်းမကမ်းရောက်သည်နှင့် သူတို့၏အနောက်မှ အသံတသံထွက်ပေါ်ထွက်လာလေသည် ။
“ဟေ့ကောင်တွေ ပြန်ကြတော့မလို့လားကွ”
အသံကြောင့် အောင်ဖေနှင့် ငညွန့် နောက်သို့ပြန်လှည့်ကြည့်လိုက်ရာ သူတို့အား ခါးထောက်ပြီးကြည့်နေသော တာတေကြီးကို တွေ့လိုက်ရသည်။တာတေကြီးသည် လရောင်ထွန်းလင်းနေသည့် ကျောက်ဖျာပေါ်တွင် ခါးထောက်ကာ မတ်တတ်ရပ်လို့နေ သည်။သူ၏ပုံစံအတိုင်း အပေါ်ပိုင်းဗလာကျင်းထားပြီး ပုဆိုးကိုခါးတောင်းကျိုက်ထားကာ ရှုပ်ပွနေသည့်ဆံပင်ရှည်နှင့်ဖြစ်ပြီး အစွယ်နှစ်ချောင်းသည်လည်းအပြင်ကို ခေါထွက်လို့နေ သည်။မျက်လုံးတို့မှာလည်း ရဲရဲနီနေလေသည်။အောင်ဖေနှင့် ငညွန့်သည် ထိုသို့သောရုပ်သွင်ကို နောက်တကြိမ်ထပ်မံမြင်တွေ့လိုက်ရသဖြင့် ထိတ်လန့်လို့နေပေသည်။ထို့နောက် တာတေကြီးသည် သူတို့အား နောက်တကြိမ်ထပ်ခေါ် ပြန်လေ၏။
“ဟေ့ကောင်တွေ ဘာတွေကြောင်နေတာလဲ လာခဲ့ကြလေ “
“ဟုတ် ဟုတ်ကဲ့ “
နောက်တကြိမ်ခေါ်လိုက်သောအခါမှ သူတို့နှစ်ယောက်သတိပြန်ဝင်လာပြီး တာတေကြီးရပ်နေသည့် ကျောက်ဖျာအစွန်းနားတွင် သွားထိုင်လိုက်ကြသည်။သူတို့နှစ်ယောက်သည် တာတေကြီးကိုတော့ သေချာမကြည့်ဝံ့ကြပေ။ထို့နောက် တာတေကြီးသည် နောက်ထပ်စကားဆိုလာလေသည်။
“မင်းတို့နှစ်ယောက် ငါ့ကို မကြောက်ကြနဲ့ မင်းတို့နှစ်ယောက်နဲ့က ငါက ပဋ္ဌာန်းဆက်ရှိတယ်ထင်တယ် ငါ ရန်မပြုပါဘူး “
“ဟုတ် ဟုတ်ကဲ့ “
“လိုရင်းတိုရှင်းပဲပြောမယ် မင်းတို့ ချမ်းသာချင်ကြလား”
တာတေကြီး၏အမေးကြောင့် ငညွန့်နှင့် အောင်ဖေတို့ တယောက်မျက်နှာတယောက် ပြန်ကြည့်လိုက်မိသည်။သူတို့အနေဖြင့် ထိုသို့ကြည့်လိုက်ကြခြင်းမှာ ဒီကိုမလာခင်ပြောခဲ့သောစကားများမှန်နေပြီဟူသော သဘောနှင့်ဖြစ်သည် ။ ထို့နောက် အောင်ဖေနှင့် ငညွန့်တို့သည် ဦးခေါင်းကိုညိတ်ပြလိုက်ပြီး ခပ်သွက်သွက်ဖြေလိုက်လေသည်။
“ချမ်းသာချင်ပါတယ် “
“အေး အဲ့တာဆို ဟန်ကျတာပဲ မင်းတို့ ခဏစောင့် ငါ့ဆရာကိုသွားခေါ်လိုက်ဦးမယ် “
ဝာာတေကြီးသည် ထိုသို့ပြောပြီးနောက် ကျောက်ဖျာပေါ်မှတဆင့် ချောင်းရိုးကမ်းပါးယံပေါ်သို့တက်ရောက်ပြီး ထွက်သွားလေ၏။တာတေကြီးထွက်သွားသောအခါ ငညွန့်မှ အောင်ဖေအနားကပ်ပြီး စကားတိုးတိုးစကားဆိုလေသည်။
“အောင်ဖေ သူ့မှာ ဆရာရှိသေးတယ်ဆိုပဲကွ ငါတော့ ကျောချမ်းနေပြီ “
“အေး ငါလည်းအတူတူပဲ သူတောင် ဒီလောက်ကြောက်စရာကောင်းနေတာ သူ့ဆရာဆိုရင် ဘယ်လောက်များကြောက်စရာကောင်းနေလိမ့်မလဲ မသိဘူး “
“ချမ်းသာချင်တယ်လို့တော့ ပြောပြီးပြီကွာ နောက်ဘာဆက်ဖြစ်မလဲတော့မသိဘူး “
သူတို့သည် ထိုမျှသာပြောပြီး တာတေကြီးနှင့် ဆရာဖြစ်သူတို့အလာကို စောင့်ဆိုင်းနေလိုက်ကြသည်။များမကြာသောအချိန်တွင်တော့ ချောင်းရိုးကမ်းပါးယံအတိုင်း တာတေကြီးဆင်းလာသည်ကိုတွေ့လိုက်ရပြီး ကျောက်ဖျာပေါ်၌ ဒူးထောက်ထိုင်နေလေသည်။တာတေကြီးသည် ဒူးထောက်ထိုင်နေရင်းမှ အောင်ဖေတို့နှစ်ယောက်ကိုလှည့်ကြည့်လာပြီး
“ဟေ့ကောင်တွေ ဒူးထောက်ပြီးခေါင်းငုံ့နေနော် မော်ဖူးဆိုမှ ငါ့ဆရာကို မော့ကြည့်ကြ ကြားလား သူမော်ဖူးလို့မပြောပဲ ကြည့်လို့ကတော့ မင်းတို့ ဇက်ပြတ်ပြီသာ မှတ်”
“ဟုတ်ကဲ့ ဟုတ်ကဲ့ “
တာတေကြီး၏စကားကြောင့် အောင်ဖေနှင့် ငညွန့်တို့ပျာပျာသလဲဒူးထောက်ပြီး ခေါင်းငုံ့ထားလိုက်ကြလေသည်။
များမကြာသောအချိန်တွင်တော့ အလင်းရောင်တချို့ပေါ် ထွက်လာပြီး လူတယောက်၏အသံကိုလည်း ကြားလိုက်ရလေသည်။
“ကဲ ကဲ မော်ဖူးကြစေကွယ်”
ထိုသူမှာ လေသံအေးအေးနှင့်ပြောနေသော်လည်း အောင်ဖေနှင့် ငညွန့်မှာ ဒူးထောက်ပြီး ခေါင်းငုံ့လျက်သာနေ နေလေသည်။ထိုအခါ တာတေကြီးသည် သူ့အသံဩဩကြီးနှင့် သူတို့နှစ်ယောက်အား သတိပေးလာလေသည် ။
“ဟေ့ကောင်တွေ ခေါင်းမော့လို့ရပြီကွ”
“ဟုတ် ဟုတ်ကဲ့ “
ငညွန့်နှင့် အောင်ဖေသည် တာတေကြီး၏စကားဆုံးသည်နှင့် သူတို့၏ဦးခေါင်းများကို မော့ပြီးကြည့်လိုက်ရာ သူတို့နှစ်ယောက်၏ရှေ့တွင် မက်တတ်ရပ်ကာ လက်ပိုက်နေသောသူတို့ထက်အနည်းငယ်သာအသက်ကြီးနိုင်သည့် လူရွယ်တယောက်အား တွေ့လိုက်ရလေသည်။ထိုလူရွယ်သည် ပိုးသားအင်္ကျီကွက်ထောက်၊တောင်ရှည်ပုဆိုးကိုဝတ်ဆင်ထားကာ ပိုးပုဝါတထည်ကိုခေါင်းတွင်စည်းထားသည်။သူ၏ကိုယ်မှလည်း အနည်းငယ်သောအရောင်အဝါတို့ ထွန်းလင်းလျက်ရှိသည်။ထိုပုဂ္ဂိုလ်သည် အောင်ဖေနှင့် ငညွန့်တို့ကိုကြည့်လာကာ
“မောင်မင်းတို့က ချမ်းသာချင်တယ်လား”
“ဟုတ်ကဲ့ ချမ်းသာချင်ပါတယ်ဗျ”
အောင်ဖေမှာ ထူးဆန်းသောပုဂ္ဂိုလ်အား ထိုသို့ပြောလေရာ တာတေကြီးမှ ကမန်းကတန်းဟန့်တားလာလေသည် ။
“ဟေ့ကောင် ဟုတ်ကဲ့ပါလို့မပြောရဘူးကွ မှန်ပါ့ ကိုယ်တော်လေးလို့ပြောရတယ် ကိုယ်တော်လေး ကျွန်တော်မျိုး ဒီငမိုက် သားတွေကိုယ်စား တောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါ”
တာတေကြီးမှာ သူ၏ကြမ်းတမ်းသောရုပ်ရည်နှင့်မလိုက် ဖက်စွာပင် ရိုကျိုးလွန်းလှစွာ သူ၏အရှင်သခင်ဖြစ်သူအားဝပ်တွားခယတောင်းပန်လေသည်။ထိုအခါ ကိုယ်တော်လေးဟု နာမ်စားသုံးသော ထူးဆန်းသည့်ပုဂ္ဂိုလ်မှ တာတေကြီးအားလက်ကာပြကာ
“တာတေ စိတ်မပူနဲ့ ငါကိုယ်တော် ခွင့်လွှတ်တယ် သူတို့တွေက သာမာန်လူသားတွေပဲမို့ ဗွေမယူပါဘူး သင် စိုးရိမ်မနေနဲ့ စိတ်အေးအေးထား”
တာတေကြီးမှာ အောင်ဖေနှင့် ငညွန့် ဒုက္ခရောက်ရမည်ကိုလိုလားပုံမပေါ်ချေ။ထို့ကြောင့် သူတို့နှစ်ဦးအား အမှားမရှိလေအောင်အမြဲစောင့်ကြည့်လို့နေသည်။ထို့နောက် ကိုယ်တော်လေး သည် အောင်ဖေတို့နှစ်ယောက်အားကြည့်ကာ သူ၏စကားအားပြန်ဆက်လေသည်။
“မောင်မင်းတို့ကိုချမ်းသာအောင်လုပ်ပေးဖို့က ငါကိုယ်တော်အတွက် မခက်ခဲပေဘူး ဒါပေမဲ့ မောင်မင်းတို့ကလည်း ငါကိုယ်တော်ရဲ့အကျိုးကိုသယ်ပိုးပေးရမယ် “
“ကျုပ်တို့က ဘာလုပ်ပေးရမှာလဲ ခင်ဗျ”
“မောင်မင်းတို့လုပ်ပေးရမှာက တခြားမဟုတ်ပေဘူး ကိုယ်တော်ရဲ့တပည့်အဖြစ်နေဖို့ပဲ “
“ဗျာ ကျုပ်တို့က ဒီမှာ နေရမှာလား”
“မဟုတ်ပါဘူး မောင်မင်းတို့ ကြိုက်တဲ့ရွာ ကြိုက်တဲ့မြို့မှာနေနိုင်ပါတယ် ငါကိုယ်တော်ခိုင်းစရာရှိရင်တော့ မောင်မင်းတို့ကို ငါ့ရဲ့ကျွန်တော်တွေနဲ့ အခေါ်လွှတ်မကွယ့် “
ကိုယ်တော်၏စကားကြောင့် အောင်ဖေနှင့် ငညွန့်တို့သည် တယောက်မျက်နှာတယောက်ကြည့်လိုက်မိသည်။သူတို့နှစ်ယောက်အချင်းချင်းပြန်ကြည့်သော အကြည့်၏အဓိပ္ပါယ်ကိုသိသည့် ကိုယ်တော်လေးသည် တချက်ပြုံးလိုက်ပြီး စကားဆက်ပြန်လေသည်။
“မောင်မင်းတို့ကို အမြဲခေါ်မှာ စိုးရိမ်နေတာထင်ပါတယ် စိတ်မပူပါနဲ့ ကိုယ်တော်က မောင်မင်းတို့ကို အမြဲဆင့်မခေါ်ပါဘူး လူ့အသက်နဲ့ ဆယ်နှစ်ကြာမှ တကြိမ်ဆင့်ခေါ်မှာပါ အဲ့ထက်ပိုကြာရင်လည်း ကြာနိုင်မယ် မောင်မင်းတို့နဲ့ သင့်လျော်တဲ့အလုပ် မပေါ်သ၍ ကိုယ်တော်မခေါ်ပါဘူး”
စိတ်ရှည်စွာရှင်းပြနေသည့် ကိုယ်တော်ဆိုသော သူကြောင့် အောင်ဖေနှင့် ငညွန့်တို့သည် တိုင်ပင်မထားပါပဲ တပြိုင်တည်း လက်ခံလိုက်ကြသည်။
“ကျုပ် လုပ်ပါ့မယ် “
“ကျုပ် လုပ်ပါ့မယ် “
“ကောင်းပေစွ အဲ့တော့ ကိုယ်တော့်တပည့်တွေဖြစ်ပြီဆိုတော့ ချမ်းသာဖို့က ပူမနေနဲ့တော့ ကဲ တာတေ ငါကိုယ်တော်ရဲ့တပည့်လက်သားနှစ်ယောက်ကို ရွှေအိုးတယောက်တအိုးစီလက်ဆောင်ပေးလိုက်စမ်းကွယ် “
“မှန်လှပါ ကိုယ်တော်လေး”
တာတေကြီးသည် ကိုယ်တော်ဆိုသည့် ပုဂ္ဂိုလ်အား ဦးချကန်တော့လိုက်ပြီးနောက် ချောင်းရိုးကမ်းပါးယံပေါ်တက်သွားလေသည်။ထို့နောက် ကိုယ်တော်သည် အောင်ဖေနှင့် ငညွန့်တို့ နှစ်ယောက်အား သစ္စာဆိုခိုင်းလိုက်သည်။ဆိုခိုင်းသောသစ္စာမှာ သူ၏ခိုင်းစေမှုကိုငြင်းကာ ဆွေခုနှစ်ဆက် အသေဆိုးနှင့်သေရမည်ဆိုသော စကားဖြစ်လေသည်။ငညွန့်နှင့် အောင်ဖေသည်လည်း ရွှေအိုးတယောက်တအိုးရတော့မည်ဖြစ်သောကြောင့် ကိုယ်တော်ဆိုခိုင်းသည့်သစ္စာစကားအတိုင်းဆိုလိုက်လေသည်။သူတို့နှစ်ယောက် သစ္စာဆိုပြီးသည့်အချိန်တွင်တော့ တာတေတယောက် ရွှေအိုးနှစ်လုံးအား လက်တဖက်တချက်စီမှဆွဲလို့ပြန်လာကာ ငညွန့်နှင့် အောင်ဖေအားတယောက်တအိုးစီ ပေး လိုက်လေသည်။ထို့နောက် တာတေနှင့်ကိုယ်တော်သည် ချောင်းရိုးကမ်းပါးယံကိုတက်ရောက်ပြီးပျောက်ကွယ်သွားပါလေတော့သည် ။
အခန်း (၇)
နှစ်၊လ၊ရက်တွေသည် ကြာညောင်းခဲ့လေပြီးဖြစ်သည်။အောင်ဖေနှင့် ငညွန့်မှာ တယောက်တရွာစီနေထိုင်ပြီး မိသားစုနှင့်အတူ ကြီးပွားနေပြီဖြစ်သည်။အောင်ဖေမှာ မလွှကုန်းဟုအမည်ရသောရွာတွင် အချမ်းသာဆုံးသောဂုဏ်ပုဒ်နှင့်နေထိုင်ကာ အိမ်ထောင်ကျပြီး ညီကိုမောင်နှမမိဘတို့နှင့်ပင် အတူနေ ထိုင်လေသည်။မိသားစုဝင်များအကြားတွင် အောင်ဖေ၏ ဩဇာသည်သာ တည်၏။အောင်ဖေမှာလည်း အသက်လေးဆယ်အရွယ်လူကြီးတယောက်ဖြစ်လို့နေပြီဖြစ်သည်။သူ့နည်း တူ ငညွန့်သည်လည်း ဦးညွန့်မည်ပြီး ရဝေရွာတွင် သူဌေး သူကြွယ်တဦးဖြစ်လို့နေသည်။သူသည်လည်း အောင်ဖေနည်း တူ အိမ်ထောင်ကျသွားသော်ငြား မိဘညီကိုမောင်နှမများနှင့် အေးချမ်းစွာနေထိုင်နေလေသည်။တရက်တွင် အောင်ဖေတယောက်တည်း သူပိုင်လယ်များအား သွားရောက်ကြည့်ရှု့ရန် အိမ်မှ လမ်းလျှောက်ထွက်လာခဲ့လေသည်။သူ့လယ်ယာများမှာ လက်ညှိုးထိုးမလွဲဖြစ်ပြီး သူရင်းငှားများနှင့်လုပ်ကိုင်နေသည်။သူရင်းငှားဘဝမှချမ်းသာလာသော အောင်ဖေတယောက် သူရင်းဒိုင်ဘဝရောက်သည်နှင့် သူရင်းငှားများကို သူ၏မိသားစုသဖွယ် ကြည့်ရှု့စောင့်ရှောက်လေသည်။ထို့ကြောင့်လည်း သူရင်းငှားများမှာ သူ့အား များစွာချစ်ခင်ကြလေသည်။အောင်ဖေကိုဖြင့် သူ၏သူရင်းငှားများသည်သာမဟုတ် ရွာမှရှိသောလူကြီးလူငယ်မရွေး အောင်ဖေအား များစွာရိုသေလေးစားကြသည်။သာရေးနာရေးနှင့် ရပ်ရေးရွာရေးမည်သည့်အရေးမှ မကျန်စေရပဲ ရှေ့ဆုံးမှပါဝင်သူဖြစ်သောကြောင့်လည်းဖြစ်၏။အောင်ဖေသည် မလွှကုန်းရွာ၏မျက်နှာဖုံးတယောက်ဖြစ်လို့နေပြီဖြစ်သည်။ယခုလည်း အောင်ဖေတယောက်ရွာလမ်းအတိုင်းလမ်းလျှောက်လာရာ လမ်းဘေးရှိအိမ်များမှာ သူ့အားရေနွေးကြမ်းသောက်ခေါ်ကြလေသည်။
“ကိုအောင်ဖေ ကျုပ်တို့အိမ် ဝင်ပါဦးဗျာ ရေနွေးကြမ်းလေးသောက်ရအောင်”
“မဝင်တော့ဘူး ကိုစိန်လေးရေ လယ်ထဲသွားစရာရှိလို့ “
“ဪ ဟုတ်ကဲ့ အဲ့တာဆိုလည်းသွားပါဗျာ နောက်များ ကျုပ်တို့အိမ်ကို လာလည်ပါဦး”
“စိတ်ချပါဗျာ လာမှာပါ”
အောင်ဖေသည် သူ့အားနှုတ်ဆက်သူများကို အိမ်စေ့နီးပါးပြန်နှုတ်ဆက်လာရာ ရွာအပြင်ရောက်မှသာ နှုတ်ဆက်မည့်သူ တို့ မရှိတော့ပြီဖြစ်သည်။သို့ပေမဲ့ လယ်ယာများမှပြန်လာကြသောသူတချို့တလေတို့အား ပြန်နှုတ်ဆက်ရသေးသည်။ထို့နောက် သူသည် ရွာနှင့်မလှမ်းမကမ်းရှိလယ်ကွင်းများသို့ သွားလိုက်လေသည်။စပါးတို့ရိတ်သိမ်းပြီးသွား၍ ဆောင်းသီးနှံအဖြစ် မတ်ပဲများကြဲထားလေရာ အခြေအနေအတော်ကောင်းလှပေသည်။အောင်ဖေ လယ်ကန်းသင်းပေါ်မှလမ်းလျှောက်လာသည်ကိုမြင်သောအခါ တဲအတွင်းနားနေကြသော လူငယ်လေးနှစ်ယောက်မှာ တဲအပြင်သို့ထွက်လာပြီး သူ့အား စကားဆိုလေသည်။
“ဦးလေးရယ် နေပူနေပြီ ခိုင်းစရာရှိရင် တယောက်ယောက်ကိုခေါ်ခိုင်းလိုက်ရောပေါ့”
“ငါလည်း လာချင်နေလို့ပါ ငပြူးနဲ့ မောင်ထူးရာ “
“လာ လာ ဦးလေးမတ်ပဲတွေကတော့ ဒီနှစ်တော်တော်ထွက်မယ်ဗျ “
“အေးကွ အပင်တွေတော်တော်ကောင်းတယ် အဲ့တာ မင်းတို့တော်လို့ပေါ့ကွာ ဒီနှစ်လည်း ဆုချရမယ် “
“ကျုပ်တို့မိသားစုက အဆင်ပြေပါတယ် ဦးလေးရယ် ဒီနှစ် ထပ်ပေးလာရင်တောင် ကျုပ်တို့နှစ်ယောက် မယူတော့ဘူးဆုံးဖြတ်ထားတာ “
“ဟေ ဘယ်လိုဖြစ်တာလဲကွ ငါပေးတာ နည်းများနည်းလို့လား”
“ဟာ မဟုတ်တာ ဦးလေးက ကျုပ်တို့ကျေးဇူးရှင်ပါဗျာ ကျုပ်တယောက်လုပ်အားနဲ့တင် မိဘတွေလောက်ငှပါတယ် ဟို ဟိုလေ “
ငပြူးဟုအမည်ရသော လူငယ်လေးသည် အောင်ဖေ့ကိုပြောသင့်မပြောသင့် စဉ်းစားနေပုံရ၏။ထိုအချင်းအရာကိုသိသော အောင်ဖေသည် တဲထဲရောက်သည်နှင့် ငပြူးကိုကြည့်ကာမေးမြန်းလိုက်လေသည်။
“ကဲ ငပြူး မင်း ငါ့ကိုပြောစရာရှိတယ်ဆိုတာသိတယ် ပြောကွာ “
“ဟို အောက်ခြမ်းက ကြံခင်းထဲမှာလုပ်တဲ့ ကိုတင်မောင်ကို ဦးလေးသိတယ်မဟုတ်လား”
“ထိန်ပင်က တင်မောင်မလား”
“ဟုတ်တယ် ဦးလေး “
“အေး ဆက်ပြောပါအုံး ဘာဖြစ်လို့လဲကွ”
“သူ အဆင်မပြေဘူး ဦးလေး သူ့ကလေးဆေးရုံတင်ထားရတယ် အဲ့တာ ငွေရေးကြေးရေးအခက်အခဲဖြစ်နေတယ် ကျုပ်တို့ကိုပေးမဲ့မုန့်ဖိုးကို သူ့ကိုပေးဖို့ ပြောချင်လို့ပါ”
အောင်ဖေသည် သူ့အားမရဲတရဲလေးပြောနေသော ငပြူး၏ ပုခုံးကိုပုတ်လိုက်ပြီး စကားဆိုလိုက်လေသည်။
“ဒါ ကောင်းတဲ့ကိစ္စပြောတာပဲ ငပြူးနဲ့ မောင်ထူးရာ မင်းတို့တွေရဲ့စိတ်ဓာတ်ကိုတော့ ငါ လေးစားတယ် မင်းတို့ပေးနေကြမုန့်ဖိုးကိုလည်းပေးမယ် တင်မောင်ကိုလည်းပေးမယ် မင်းတို့က ငါရဲ့မိသားစုဝင်တွေပါပဲကွာ ဒါနဲ့ တင်မောင်ဆိုတဲ့ကောင် ဒီလောက်အရေးကြီးတာကို ဘာလို့များ ငါ့ကို မပြောတာလဲမသိဘူး “
“အားနာလို့တဲ့ ဦးလေး”
“ဒါ အားနာစရာမှာမဟုတ်တာကွာ ဒါနဲ့ မင်းတို့စားရိတ်ရောရှိသေးလား မပြတ်ခင်ကြိုလာယူနော် လိုချင်တာတွေကို အားမနာနဲ့ ရွာထဲက သိန်းဆောင်ကိုလည်း ဝက်ပေါ်တာနဲ့ မင်းတို့ဆီပို့ ပေးဖို့ပြောထားတယ် ဒီကောင် လာပို့လား”
“ပို့ပါတယ် ဦးလေး”
“အေး အေး ဒီနေ့ နေ့လယ်စာကို မင်းတို့တဲမှာ စားမယ်ကွာ ငါအောက်ကြံခင်းကို သွားလိုက်ဦးမယ် မောင်ထူး ငါနဲ့ လိုက်ခဲ့ ပြန်လာမှ ထမင်းစားမယ် “
“ဟုတ်ကဲ့ ဦးလေး”
“ငပြူး ငါ ဘာဟင်းကြိုက်တယ်ဆိုတာ သိတယ်နော်”
“သိပါတယ် ဦးလေးရာ ခရမ်းချဉ်သီးနဲ့ ငါးခြောက်ချက်ဆီပြန်လေးမဟုတ်လား ဟိုမှာ ကျုပ်တို့ သခွားပင် ရုံးပတီပင်တို့ တောင်စိုက်ထားတာ “
“တယ်ဟန်တာပဲ ငပြူးနဲ့ မောင်ထူးကတော့ အကွက်ကိုစေ့လို့ကွာ ကဲ မောင်ထူးရေ တို့ သွားကြဝာပေါ့ “
အောင်ဖေသည် သူ၏သူရင်းငှားလေးမောင်ထူးကိုခေါ်ကာ သူတို့အခေါ် အောက်ဖက်ဟုမည်သော ကြံခင်းများဖက်သို့ထွက်ခွာသွားပါလေတော့သည် ။
“တင်မောင်”
“ဗျာ အကိုကြီး “
“မင်းကွာ ကလေးနေမကောင်းလို့အခက်အခဲဖြစ်နေတာကို ငါ့ ပြောရောပေါ့ “
အောင်ဖေသည် ကြံခင်းကုန်းပေါ်ရှိ တဲအတွင်းဝင်ထိုင်လိုက်ရင်းက သူရင်းငှားတင်မောင်အား စကားဆိုလိုက်ခြင်းဖြစ်သည် ။ထိုအခါ တင်မောင်သည် အနီးရှိ မောင်ထူးအား တချက်လှည့်ကြည့်လိုက်ပြီးနောက်
“အကိုကြီးကို မောင်ထူးပြောပြတာလား”
“ငပြူးနဲ့ မောင်ထူးပြောပြတာလေ သူတို့ကိုပေးမဲ့မုန့်ဖိုးကို မင်းကိုပဲ ပေးပါတဲ့ကွာ “
တင်မောင်သည် မောင်ထူးကိုအားတုံ့အားနာပြုံးပြလိုက်ကာ အောင်ဖေအား စကားဆိုလိုက်လေသည်။
“အကိုကြီးကိုအားနာလို့လေဗျာ ကျုပ်မှာ ပြဿနာတွေတခုပြီးတခုဖြစ်နေတာဆိုတော့ အားနာလာပြီလေဗျာ”
“တင်မောင် ငါလည်း သူရင်းငှားဘဝကနေ လာတဲ့ကောင်ပါကွ ဘာမှအားနာစရာမလိုဘူး မင်းလိုအပ်သလောက် ပြော ငါ့အိမ်ကို လာယူလိုက် ကြားလား “
“ကျေးဇူးတင်ပါတယ် အကိုကြီးရယ် “
“ပြောစရာမလိုပါဘူး တင်မောင်ရာ မင်းတို့ကိုတောင် ငါကပြန်ကျေးဇူးတင်ရအုံးမှာ ကဲ ကဲ ငါ ပြန်လိုက်ဦးမယ် မနက်ဖြန်လာဖြစ်အောင်လာခဲ့နော် တခြားပေးစရာလေးတွေလည်း ရှိသေးလို့”
“ဟုတ်ကဲ့ အကိုကြီး “
ထို့နောက် အောင်ဖေသည် သူ၏ကြံခင်းများကိုလှည့်လည်ကြည့်ရှူပြီးနောက် မောင်ထူးနှင့်အတူ ငပြူးရှိသောတဲဆီသို့ပြန်လာခဲ့သည်။မောင်ထူးနှင့်အတူလမ်းလျှောက်ရင်း စကားပြောပြောနှင့် သွားလိုက်ရာ များမကြာမီ တဲသို့ပြန်ရောက် လာလေသည်။တဲသို့ရောက်သည်နှင့် ထမင်းဟင်းများပြင်ဆင်နေသော ငပြူးသည် အောင်ဖေအားလှမ်းကြည့်၍ စကားဆိုလေသည်။
“ဦးလေး ရေချိုးအုံးမလား ကျနော် ရေသွားဆွဲပေးမယ်”
“မချိုးတော့ပါဘူးကွာ “
“အဲ့တာဆို ထမင်းစားလို့ရပြီ ဦးလေး”
“အေးကွာ ငါလည်း ဗိုက်ဆာနေပြီကွ လွေးကြတာပေါ့ “
“ဦးလေးအကြိုက်ချက်ထားတယ် “
“အနံ့ရတာနဲ့တင် အတော်စားချင်နေပြီဟေ့ ဗိုက်ဆာနေပြီကွ အိမ်မှာ ထမင်းစားရတာလည်း မကောင်းပါဘူးကွာ”
အောင်ဖေသည် အိမ်တွင် ပြည့်ပြည့်စုံစုံနေထိုင်စားသောက် နိုင်သော်လည်း လယ်ယာထဲ၌ အလုပ် လုပ်ပြီး မောမောပန်းပန်းဖြင့် ချက်ပြုတ်စားသောက်ခဲ့ရသောအချိန်များလောက် ထမင်းမမြိန်ပေ။ယခု ငပြူးချက်ကျွေးသော ထမင်းနှင့်ဟင်းကို မြိန်ရည်ရှက်ရည်စားသောက်ရသည်မှာ အလွန်ကောင်းပေသည် ။ ထို့ကြောင့် ဆယ်ရက်လျှင် တခါလောက် သူရင်းငှားများနေထိုင် သည့် လယ်ယာများသို့လှည့်လည်ပြီး စားသောက်လေ့ရှိသည် ။
အောင်ဖေရောက်လာသည့်အခါ သူရင်းငှားများကလည်း ပျော်ရွှင်ကြသည်။တချို့သောသူရင်းငှားများသည်ကား သူရင်းဒိုင် ရောက်လာသောအခါများ၌ မပျော်ရွှင်ကြပေ။အကြောင်းမှာ သူရင်းဒိုင်သည် ဆီလိုအပေါက်ရှာပြီး ခိုင်းတတ်သောကြောင့်ပင်ဖြစ်သည်။ယခုအောင်ဖေ၏သူရင်းငှားများသည်ကား ထိုသို့မဟုတ်ပဲ အောင်ဖေမလာလျှင် မျှော်နေတတ်ကြပြီး ရောက်လာရင် ပျော်ရွှင်ကြသည်။အောင်ဖေသည် ထမင်းစားကောင်း ကောင်းနှင့်စားလိုက်ရာ အတော်ဗိုက်တင်းသွားသည်။ ထမင်းစားပြီးသောအခါ ခံတွင်းချဉ်သောကြောင့် ငပြူးကိုကြည့်လိုက်ကာ သူ၏လက်ညှိုးနဲ့ လက်မကို ဆေးလိပ်သောက်သည့်ဟန်လုပ်ပြလိုက်ပြီး
“ငပြူး ဒါလေးရှိလားကွ”
“ရှိတော့ရှိတယ် ဒါပေမဲ့ ဦးလေးဆေးလိပ်သောက်လို့မရဘူးလို့ အမကြီးက ကျုပ်တို့ကို ပြောထားတယ် “
“ဟာ မင်းကလည်း တဖွာနှစ်ဖွာလောက်ပါပဲကွ ငါ့မလည်း မကြီးမငယ်နဲ့ ဆေးလိပ်ခိုးသောက်နေရတယ်လို့”
“အမကြီးက ဦးလေးအတွက်ကောင်းစေချင်လို့ပြောတာပါဗျာ”
“ငါ သိပါတယ် လုပ်ပါ အတိုလေးဖြစ်ဖြစ်ရတယ် “
အတင်းတောင်းနေသောကြောင့် ငပြူးသည် တဲအခင်း ခင်းထားသည့်ဝါးလုံးခေါင်းထဲမှ ဆေးလိပ်တိုလေးကိုပေးလိုက်သလို သစ်သားမီးခြစ်လေးကိုပါ ကမ်းပေးလိုက်လေသည်။အောင်ဖေသည်လည်း ငပြူးကမ်းပေးလာသော ဆေးလိပ်တို နှင့် မီးခြစ်အားယူပြီး မီးညှိကာ ဖွာရှိုက်လို့နေသည်။ဆေးလိပ်သောက်ရင်းက ချောင်းဆိုးလာသော အောင်ဖေအား မိဘညီကိုမောင်နှမများနှင့် ဇနီးသည်အပါအဝင် သား၊သမီးများကပါ ဆေးလိပ်သောက်ခြင်းကို တားမြစ်ထားသည်။အိမ်ထောင်ဦးစီး တယောက်ဖြစ်လင့်ကစား သူ့ကျန်းမာရေးအတွက်တားမြစ်လာသည်ဖြစ်ရာ လိုက်နာရသည်။သူရင်းငှားများသည်လည်း သူ့အား ဆေးလိပ်မသောက်စေချင်ပေ။သောက်တာတွေ့သည်နှင့် အိမ်ပြန်တိုင်ကြမည်ဟုပြောသောကြောင့် ချော့မော့ပြီးတောင်းသောက်ရသည်။ယခုလည်း ငပြူးပေးလာသော ဆေးလိပ်တိုလေးကိုဖွာရှိုက်ရင်း မတ်ပဲခင်းကို ငေးကြည့်နေမိသည်။သူ၏အတွေးထဲတွင် သူငယ်ချင်းဖြစ်သူ ငညွန့်အား သတိရလာသည်။နေပူစပ်ခါးကြီးထဲတွင် နှစ်ယောက်သား စကားတပြောပြောနှင့် အလုပ်လုပ်ခဲ့ရသလို ငါးခြောက်ရိုးကို ခရမ်းချဉ်သီးသုံးလုံးလောက်နှင့်အရည်ကျဲချက်ပြီး စားခဲ့ရသည်များ၊ငါးပိကိုဖုတ်ပြီး ပဲကြီးလှော်သုတ်ကို ဆီတပေါက်နှစ်ပေါက်ဆမ်းကာ ထမင်းကြမ်းခဲနှင့် လွေးခဲ့ရသည်များကို အမှတ်ရလို့နေသည်။သူ မည်မျှအချိန်ကြာကြာတွေးနေမိမှန်းမသိဘဲ မောင်ထူး၏ စကားသံကျယ်ကျယ်ထွက်ပေါ် လာသောအခါမှသာ သူ၏ အတွေးစတို့ ပြတ်တောက်သွားလေသည်။
“ဦးလေး တဲပေါ် လှဲချင်ရင် လှဲဦး နေအေးမှ ပြန်ပေါ့ ကျုပ်တို့နွားသွားကျောင်းလိုက်ဦးမယ် “
“အေး အေး အရိပ်ထဲမှာပဲ နေနော် နေပူတယ် “
“ဟုတ်ကဲ့ ဦးလေး”
ငပြူးနှင့် မောင်ထူးသည် ဝါးဖတ်ခမောက်ကိုဆောင်းကာ တဲအပြင်သို့ထွက်သွားလေသည်။ထိုအခါမှ အောင်ဖေသည် ဖင်စီခံသာကျန်တော့သည့် ဆေးလိပ်တိုကို မီးသတ်ပြီး လွှင့်ပစ်လိုက်ကာ တဲပေါ်တွင်လှဲချ၍ အိပ်လိုက်ပါလေတော့သည်။
“အောင်ဖေ မတွေ့တာတောင်ကြာပေါ့ကွာ “
“တာတေကြီး”
“အေး ဟုတ်တယ် မင်းတို့နှစ်ယောက်ကို ကိုယ်တော်လေးက ခေါ်ခိုင်းလိုက်လို့ကွ”
“ဗျာ “
“လာမဲ့နတ်တော်လပြည့်ည ကျောက်အိုးဘုရားကုန်းကိုလာခဲ့ အရင်နေရာပဲ”
တာတေကြီးသည် ထိုမျှသာပြောပြီးနောက် ပျောက်ကွယ်သွားရာ အောင်ဖေသည်လည်း အိပ်နေရာမှလန့်နိုးလာသည်။သူ့မျက်နှာတွင်လည်း ချွေးများစို့နေပေသည်။နှစ်ပေါင်းများစွာကြာခဲ့ပြီး ယခုတော့ တာတေကြီးလာခေါ်နေပေပြီ။ပေးခဲ့သော ကတိများကိုမမေ့သူမို့ သွားရန်သာရှိတော့သည်။သူတို့ချမ်းသာလာရသည်မှာ တာတေကြီးနှင့် ကိုယ်တော်လေး၏ကျေးဇူးကြောင့်ဖြစ်သည်။အောင်ဖေသည် ရလာသောရွှေများကိုရောင်းချခြင်းမပြုပဲ သူလုပ်ကိုင်လိုသော အလုပ်များအတွက် အရင်းအနှီးပြုလုပ်ရန်အလို့ငှာ ရွှေအချို့ကိုပေါင်နှံပြီး လယ်ယာများဝယ်ယူခဲ့လေသည်။ထို့နောက် အလုပ်ကိုကြိုးကြိုးစားစားလုပ်ကိုင်ပြီး ရွှေများကိုပြန်လည်ရွေးယူထားနိုင်ခဲ့လေသည်။လုပ်ရည်ကိုင်ရည်နှင့် လိုအပ်သည့်အရင်းအနှီးရှိခြင်းကြောင့်လည်း ယခုကဲ့သို့ချမ်းသာလာခြင်းဖြစ်သည်။ထို့ကြောင့် ကိုယ်တော်ပေးသောရွှေများသည် ပျောက်ပျက်မသွားပဲ ယူလာစဉ်ကအတိုင်း ပစ္စည်းများအားလုံး အရာမယွင်းပဲရှိနေသေးသည် ။ယခုမူ တာတေကြီးက လာခေါ်ချေပြီ။သူ့အားခေါ်ပါက သူငယ်ချင်းဖြစ်သူငညွန့်ကိုလည်း ခေါ်မည်ဖြစ်ရာ ထွေထွေထူးထူးစဉ်စားမနေတော့ပဲ သူငယ်ချင်းဖြစ်သူ ငညွန့်ထံသို့သွားရန် တဲမှ ထွက်လာခဲ့လိုက်သည်။အောင်ဖေသည် သူ၏ရွာနှင့် အတန်လှမ်းသော ရဝေရွာသို့ထွက်လာခဲ့လိုက်သည်။တနေ့နေ့တချိန်ချိန်တွင် ယခုကဲ့သို့အချိန်ရောက်လာမည်မှန်းသိသော်လည်း လက်တွေ့ကျကျကြုံလာရသောအခါ စိတ်အင်မတန်လှုပ်ရှားနေမိသည်။ နင်းပြားဘဝက သေမထူးနေမထူးဖြင့် တဇောက်ကမ်းလုပ်မိသော်လည်း ယခုကဲ့သို့ မိသားစုနှင့် ပြေပြေလည်လည်အခြေတကျရှိနေသည့်အခါ များစွာတွေးပူလို့နေမိလေသည်။ထို့ကြောင့် လှမ်းနေသောခြေလှမ်းတို့သည် မြန်ဆန်နေပေသည်။ရဝေရွာကိုသွားသောလမ်းအနေဖြင့် လယ်ကွင်းများဘေးရှိလှည်းလမ်းမှသွားရသောကြောင့် အတော်ကို ပူပြင်းလွန်းလှပေသည်။ထိုသို့တယောက်တည်း သုတ်ခြေတင်သွားနေစဉ် လမ်းတဝက်လောက်ရောက်သည်နှင့် နေလည်း အတော်အသင့်ကျသွားသလို သူ၏ရှေ့မျက်နှာချင်း ဆိုင်တွင် သူ့နည်းတူ ခပ်မြန်မြန်လမ်းလျှောက်လာနေသော လူတယောက်ကိုတွေ့လိုက်ရလေသည်။ထိုသူမှာ တခြားသူမဟုတ်ပဲ ယခုဦးညွန့်ဖြစ်နေပြီဖြစ်သော သူငယ်ချင်းဖြစ်သူ ငညွန့်ပင်ဖြစ်လေ၏။ငညွန့်သည် ခပ်လှမ်းလှမ်းကတည်းကပင် အောင်ဖေကို လက်လှမ်းပြလာပြီး စကားလှမ်းဆိုလေသည် ။
“အောင်ဖေ မင်း ငါ့ဆီ လာတာလား”
“အေး ဟုတ်တယ်”
“ငါလည်း မင်းဆီလာတာပဲ တို့ကိုတော့ခေါ်နေပြီ အောင်ဖေရေ ဘယ်လိုလုပ်ကြမလဲ “
“ဘယ်လိုလုပ်ရမှာလဲကွာ တို့ကလည်း ကတိပေးထားပြီးပြီဆိုတော့ သွားရမှာပေါ့ “
“ငါကတော့ ကြောက်နေတယ်ကွာ အရင်ကထက်ကို ပိုကြောက်နေမိတယ် “
“ဘာပြောမယ်မှန်းမှ မသိသေးတာကွာ အဲ့လောက်ကြီးလည်း ကြောက်မနေစမ်းပါနဲ့ လာ လာ ငါ့တဲမှာပဲ နေကြအောင် ငါ့ကောင်လေးတွေကို ရွာပြန်လွှတ်လိုက်မယ်”
“အဲ့တာ ကောင်းတယ် လပြည့်ဖို့ကလည်း နှစ်ရက်လောက်လိုသေးတယ်ဆိုတော့ တို့တွေ တိုင်ပင်လို့ရတာပေါ့ “
အောင်ဖေနှင့် ငညွန့်သည် ပြောပြောဆိုဆိုဖြင့် ငပြူးတို့နေထိုင်သည့်တဲရှိရာသို့ ပြန်လာလိုက်ကြလေသည်။တဲသို့ရောက်သောအခါ နေဝင်သွားပြီးဖြစ်သောကြောင့် ငပြူးနှင့် မောင်ထူးတို့မှ နွားနှစ်ရှဉ်းကို တဲထဲသွင်းထားပြီး ရေတိုက်နေကြသည်။သူတို့နှစ်ယောက်သည် အောင်ဖေနှင့် ငညွန့်ကိုမြင်သည့်အခါ အံ့ဩနေကြပြီး မောင်ထူးမှ အောင်ဖေအားစကားဆိုလာလေသည်။
“ဦးလေးကို ပြန်သွားပြီတောင်ထင်နေတာ”
“အေး ပြန်မလို့ပဲ ငါ့သူငယ်ချင်းရောက်လာလို့ကွ ဒီကောင်နဲ့ ငါနဲ့ တဲမှာ စကားပြောစရာရှိတယ် ငါတို့သူရင်းငှားဘဝက မင်းတို့နှစ်ယောက်လိုပဲ တတွဲတွဲနေခဲ့တာကွ အရင်ဘဝကိုအမှတ်ရလို့ ဒီမှာနေကြမလို့ မင်းတို့နှစ်ယောက် ရွာပြန်နေကြ ငါ့အိမ်ကိုလည်း ဝင်ပြောလိုက်ဦး ဦးညွန့်ရောက်နေလို့ တဲမှာ နေ နေတယ်လို့ ကြားလား”
“ဟုတ်ကဲ့ ဦးလေး ကျုပ်တို့ညစာချက်ပေးခဲ့ရဦးမလား”
“ရတယ် မောင်ထူး ငါတို့ဘာသာပဲ ချက်လိုက်မယ် “
“အဲ့တာဆို ကျုပ်တို့ပြန်တော့မယ်နော် ဦးလေး”
“အေး အေး ကောင်းကောင်းပြန်ကြ “
မောင်ထူး နှင့် ငပြူးသည်လည်း အိမ်ပြန်ချင်နေပုံရပြီး ခပ်မြန်မြန်ပဲ အိပ်သို့ပြန်သွားကြသည်။ထို့နောက် အောင်ဖေနှင့် ငညွန့်တို့သည် တဲအတွင်းဝင်လိုက်ကြပြီးနောက် သက်ပြင်းကိုယ်စီချနေမိကြပါလေတော့သည်။
“ငညွန့် မင်း ထမင်းစားမလား ငါ ချက်လိုက်မယ်လေ “
“တော်ပြီ ငါ မစားချင်ဘူး ကိုယ်တော်ဘာခိုင်းမလဲဆိုတာပဲတွေးနေမိတယ် “
“အင်း လွယ်လွယ်ကူကူလေးပဲခိုင်းပါလို့ဆုတောင်းရတော့မှာပဲ သူ့ဆန်စားထားမှတော့ ရဲရတော့မှာပေါ့ကွာ ဒါနဲ့ မင်းမှာ သူတို့ပေးထားတဲ့ရွှေတွေကျန်သေးလား”
“ဒီလောက်အများကြီးကွာ ကျန်တာပေါ့ ငါ လိုရမယ်ရဘာမှမသုံးဘူး ပစ္စည်းတွေအကုန်ပြန်ရွေးပြီး ပြန်ထည့်ထားတယ် “
“ငါလည်း အတူတူပဲကွ ဘာမှမလျော့သေးဘူး အရင်းအနှီးလုပ်ပြီးတာနဲ့ ပြန်ရွေးပြီး သိမ်းထားတယ်”
“အေးကွာ တို့မလုပ်နိုင်တဲ့အလုပ်တွေခိုင်းလို့ကတော့ ရွှေတွေပြန်ပေးပြီး မလုပ်နိုင်ကြောင်း ငြင်းကြတာပေါ့ ဘယ်လိုလဲ”
“ငါလည်း အဲ့လိုစဉ်းနေတာ “
သူတို့နှစ်ယောက်သည် မိုးချုပ်သည်အထိ စကားပြောနေကြပြီး မီးခွက်ထွန်းညှိခြင်းပင် မပြုမိကြပေ။ထိုစဉ်
“တဲရှင်တို့ ဗျို့ တဲရှင်တို့ “
“ဝင်ခဲ့ဗျို့ အထဲမှာ လူရှိတယ် “
အောင်ဖေမှဝင်ခိုင်းလိုက်သောအခါ တဲထဲသို့လူနှစ်ယောက်ဝင်လာလေသည်။တဲအတွင်း မှောင်နေသောကြောင့် ဝင်လာသောသူနှစ်ယောက်၏ရုပ်ဆင်းအင်္ဂါကိုကောင်းစွာမမြင်ရပေ။ ထို့ကြောင့် အောင်ဖေသည် သစ်သားမီးခြစ်ဖြင့် ရေနံဆီမီးခွက်ကိုထွန်းလိုက်သောအခါမှ တဲလေးထဲအလင်းရောင်ရပြီး တဲအတွင်းဝင်လာသောလူနှစ်ယောက်ကိုကောင်းစွာမြင်လိုက်ရသည်။တဲအတွင်းဝင်လာသော လူနှစ်ယောက်မှာ လူငယ်လေးများဖြစ်ပြီး ရှိလှ နှစ်ဆယ့်ငါးနှစ်ထက်မပိုပေ။တယောက်မှာအညိုရောင်အင်္ကျီ အညိုရောင်ပုဆိုးနှင့်ဖြစ်ပြီး ကျန်တယောက်မှာ သာမန်မျှသာအဝတ်အစားကိုသာ ဝတ်ဆင်ထားလေသည် ။ထို့နောက် ထိုလူငယ်နှစ်ယောက်သည် အောင်ဖေအားပြုံးပြလာပြီး
“ကျုပ်နာမည်က ဘိုးတော်ပေလို့ခေါ်ပါတယ် ဒီတယောက်က မောင်မောင်ကျော်တဲ့ “
“ဪ အေး အေး ထိုင်ပါအုံး ဘိုးတော်တို့လာရင်းကိစ္စက”
“ဒီဘက်မှာ အကူအညီလိုနေတဲ့သူနှစ်ယောက်ရှိတယ်ဆိုပြီး အထက်က လွှတ်လိုက်လို့လာခဲ့တာပါ “
“ဗျာ “
အောင်ဖေနှင့် ငညွန့်တို့သည် တယောက်မျက်နှာတယောက်ကြည့်လိုက်ပြီး ငညွန့်မှ ဘိုးတော်ပေအားစကားဆိုလေသည်။
“ထူးဆန်းလိုက်တာ ကျုပ်တို့နှစ်ယောက်ကလည်း အကူအညီလိုနေတယ် ဘိုးတော်တို့က ဘာဖြစ်နေတဲ့သူကိုကူညီဖို့ရောက်လာတလဲ “
“မလျှော်ကန်တဲ့ သစ္စာစကားကိုဖျက်ပေးဖို့လာခဲ့တာပါ ဒီက ဦးလေးပုဂ္ဂိုလ်တို့က ဘယ်လိုအကူအညီများလိုနေတာလဲ “
ဘိုးတော်ပေ၏အမေးစကားကြောင့် အောင်ဖေနှင့် ငညွန့်တို့သည် ပြောသင့်မပြောသင့်စဉ်းစားလို့နေသည်။ထို့နောက် သူတို့အချင်းချင်းမျက်ရိပ်ပြလိုက်ပြီးနောက် ဘိုးတော်ပေတို့အား ပြောပြဖို့ရာဆုံးဖြတ်ချက်ချလိုက်ပြီး အကြောင်းစုံအားပြောပြလိုက်ပါလေတော့သည်။
ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့သည် အောင်ဖေတို့ သူငယ်ချင်းနှစ်ယောက်ပြောပြသည့်စကားများကို နားထောင်ရင်း တခုခုကိုတွေးတောလို့နေသည်။ထို့နောက် ဘိုးတော်ပေသည် လေးနက်တည်ကြည်စွာနှင့် စကားဆိုလိုက်လေသည်။
“ဘာပဲပြောပြော အခုအချိန်ထိ ဦးလေးတို့နှစ်ယောက်ရဲ့ ကျေးဇူးရှင်က ကိုယ်တော်လေးဆိုတဲ့ ပုဂ္ဂိုလ်နဲ့ တာတေကြီးပဲ “
“ဟုတ်ပါတယ် ဘိုးတော်လေး”
“ကျုပ်ကို အဘိုးကူညီခိုင်းထားတာကလည်း လူနှစ်ယောက်ရဲ့သစ္စာကိုဖျက်ပေးဖို့ပါတဲ့ အဲ့တော့ ခင်ဗျားတို့နှစ်ယောက်ဆိုတာ သေချာတယ်”
“ကျုပ်တို့ လောဘကြီးတာပါဗျာ ဆွေခုနှစ်ဆက်အသေဆိုးနဲ့သေရမယ်ဆိုတဲ့ သစ္စာစကားက အတော်ကိုကြီးမားတာပါ ကျုပ်တို့လောဘဖုံးပြီး မမြင်နိုင်ခဲ့ဘူး”
“ဖြစ်ပြီးတာတွေကို ထားလိုက်တော့ပါလေ လပြည့်နေ့ကျရင် အတူသွားကြပေါ့ ကျုပ်တို့နှစ်ယောက် ဒီမှာရှိနေပါ့မယ် “
“ဒီမှာဆို နေရေးစားရေးခက်မယ် ဘိုးတော်လေး အိမ်ကိုပဲသွားကြတာပေါ့”
“ရတယ် ကျုပ်တို့အတွက် အဆင်ပြေပါတယ် “
“ဘိုးတော်လေးတို့ရောက်လာတာ ကျုပ်တို့အတွက် တကယ်ကို ဘုရားမတာပဲဗျာ ကျုပ်တို့နှစ်ယောက်လုံး စိတ်သောကရောက်နေရတာ အခုမှပဲ သက်သာသွားတော့တယ်”
“ခင်ဗျားတို့ရဲ့လုပ်ရပ်က မှန်ကန်ခဲ့ပါတယ် အဲ့တာကြောင့် လည်း ဆိုင်ရာက ကျုပ်တို့ကို လွှတ်လိုက်တာဖြစ်မယ် “
“ကျုပ်တို့တွေ အကျိုးမျှော်ကိုးပြီး ကောင်းမှုတွေလုပ်နေတာမဟုတ်ရပါဘူးဗျာ တကယ်ကိုကိုယ်ချင်းစာစိတ်နဲ့ ကူညီနေခဲ့တာပါ “
“ကောင်းတာပေါ့ဗျာ အခုလိုစိတ်ထားကောင်းတွေ အမြဲမပြတ်မွေးကြပါ “
“စိတ်ချပါ ဘိုးတော်လေး ကျုပ်တို့တွေ ကောင်းကောင်းမွန်မွန်ကျင့်ကြံပါ့မယ် “
ဤသို့ဖြင့် အောင်ဖေနှင့် ငညွန့်တို့သည် ဘိုးတော်ပေတို့ရောက်လာသောကြောင့် စိုးရိမ်ကြောင့်ကျမှုများ အထိုက်အ လျောက်သက်သာသွားလေသည်။မည်သို့ပင်ဆိုစေကာမှု အခက်အခဲဖြစ်နေချိန်၌ ကောက်ရိုးတမျှင်ပင်ဖြစ်ဖြစ် ဆွဲကိုင်တတ်သော လူတို့၏သဘာဝကြောင့် သူတို့နှစ်ယောက်သည် ဘိုးတော်ပေအား လေးလေးနက်နက်ယုံကြည်ကိုးစားမိသွားပါလေတော့သည် ။
ယနေ့သည် လပြည့်နေ့ညဖြစ်၏။တခါတရံလမင်းကြီးအားတိမ်များဖုံးသွားသောကြောင့် မဲမှောင်သွားသလို တိမ်ကင်းစင်သွားသောအချိန်တွင်တော့ အလင်းရောင်သည် ပိုတိုးလာသည့်နှယ်ဖြစ်၏။လမင်းကြီး၏အလင်းရောင် ဖြန့်ကျက်မှုအောက်တွင် အသက်လေးဆယ်အရွယ်လူနှစ်ယောက်တို့ လမ်းလျှောက်လို့နေသည်။သူတို့သည် ထိုလမ်းခရီးကို လွန်ခဲ့သောနှစ်များစွာက အခုလိုညချမ်းအချိန်မှာပင် အတူသွားခဲ့ကြသည်။လမ်း ဘေးရှိ သစ်ပင်ငယ်များမှာ သစ်ပင်ကြီးများအဖြစ်ပြောင်းလဲသွားကြသည်ကလွဲ၍ လမ်းလေးသည်ကား မပြောင်းလဲပဲ အရင်အတိုင်းပင်ရှိလို့နေသည်။
“အောင်ဖေ ဒီတခါသွားရတာက သေမထူးနေမထူးစိတ်နဲ့မဟုတ်တော့ တော်တော်ကို ရင်လေးနေမိတယ်ကွာ “
“အတူတူပါပဲ ငါ့ကောင်ရာ သူရင်းငှားဘဝတုန်းကထက်ပိုပြီးတော့ စိုးရိမ်နေမိတယ် “
“ငါတို့တွေကလည်း ကတိပေးထားရတာဆိုတော့ “
ငညွန့်သည် ပြောလက်စ စကားကိုရပ်လိုက်ပြီးလှမ်းမြင်နေရသော တောင်ပေါ်မှ ထုံးဖြူဖြူစေတီအား လက်အုပ်ချီလိုက်လေသည်။သူ့နည်းတူ အောင်ဖေသည်လည်း လက်အုပ်ချီလိုက်ကာ အာရုံပြုဆုတောင်းလိုက်ပြီးနောက်
“တို့တွေလည်း အသက်လေးရလာမှ ဘုရားတရားကိုသိတတ်လာတယ် “
“အရာရာဟာ အကောင်းနဲ့အဆိုးဒွန်တွဲနေတာပဲကွာ တို့တွေဒီဘက်ကိုသာ ငါးလာမခုတ်ဖြစ်ရင် တာတေကြီးနဲ့လည်းတွေ့ရမှာမဟုတ်သလို ဒီလိုဘဝမှာ နေရမှာလည်းမဟုတ်ဘူး “
“ဟုတ်တယ် ပြည့်ပြည့်စုံစုံလေးနေရတဲ့အချိန်က တိုတောင်းလွန်းနေသလိုပဲကွာ တို့တွေလူငှားလုပ်နေရတုန်းကဆို တနှစ်နဲ့ တနှစ်က အချိန်သိပ်မကြာသလိုပဲ”
“အချိန်တွေကတော့ ပုံမှန်ပါပဲကွာ တို့တွေရဲ့စိတ်ကကိုပြောင်းလဲနေတာ”
“ငါကတော့ သေမယ်ဆို သေပျော်ပါပြီ မိဘညီကိုမောင်ဘွားတွေရော မိသားစုကိုပါ အဆင်ပြေပြေထားနိုင်ခဲ့ပြီ ငါ စိတ်ပူနေတာက ငါသေမှာကိုမဟုတ်ဘူး ဘာမှအပြစ်မရှိတဲ့ ငါ့မိသားစုမျိုးဆက်တွေ ငါ့ကြောင့် သေရမှာကိုပဲ “
“မင်းနဲ့ ငါ စိတ် တော်တော်ကိုတူတာပဲကွာ ငါလည်း မင်းလိုပဲတွေးနေတာ အဆိုးတွေမတွေးပဲ အကောင်းတွေချည်းပဲတွေးကြရအောင်ကွာ ငါတို့ကို ကောင်းမှုပြုခိုင်းမှာလည်း ဖြစ်နိုင်တာပဲလေ “
အောင်ဖေ၏စကားကြောင့် ငညွန့် တချက်ပြုံးလိုက်မိသည်။ထိုအတွေးသည်ကား အတွေးကောင်းဖြစ်လေသည်။ထို့ကြောင့် အောင်ဖေပြောသည့်အတိုင်း ကောင်းတာကိုသာဖြည့်တွေးလိုက်ပြီး လမ်းဆက်လျှောက်လိုက်ကာ တောင်ခြေရှိချောင်းရိုးလေးအတွင်း ဆင်းလိုက်ကြသည်။ချောင်းရိုးလေးသည် အရင်ကထက် အနည်းငယ်ပိုကျယ်နေပေသည်။သို့ပေမဲ့ အရင်ကလောက်ရေမနက်တော့ပဲ ခြေမျက်စိမြုပ်ရုံလောက်သာ နက်တော့သည်။သူတို့နှစ်ယောက်သည် ယခုအချိန်တွင်တော့ အရင်အချိန်ကကဲ့သို့ နှစ်ယောက်ပေါင်းမှ ဓာတ်မီးတလက်တည်းမဟုတ်တော့ပဲ ဓာတ်မီးတယောက်တလက်နှင့်ဖြစ်သည်။သူတို့ သည် ချောင်းရိုးအတိုင်းသွားရင်း လရောင်ထွန်းလင်းနေသောကျောက်ဖျာဆီသို့ ရောက်လာလေသည်။ကျောက်ဖျာပေါ်တွင်ထိုင်လိုက်ပြီး တယောက်နှင့်တယောက် မည်သည့်စကားမှ မပြောဖြစ်ကြပေ။အချိန်အတော်တော်ကြာထိုင်ပြီးနောက် ညသန်းခေါင်ယံသို့ရောက်လာချိန်တွင်တော့ ရေသံ တဗွမ်းဗွမ်းနှင့် လူတယောက်လာနေသည့်အသံကို ကြားလိုက်ရသည်။များမကြာသောအချိန်တွင်တော့ သူတို့နှစ်ယောက်၏မိတ်ဆွေ ဟောင်းကြီးဖြစ်သည့် တာတေကြီးကိုတွေ့လိုက်ရသည်။တာတေကြီးသည် လွန်ခဲ့သောနှစ်များကလိုပင် ကြောက်မက်ဖွယ်အဆင်းနှင့်ဖြစ်၏။သူသည် အောင်ဖေနှင့် ငညွန့်တို့အားကြည့်လိုက်ပြီး
“မင်းတို့ ချမ်းသာနေကြပြီ မဟုတ်လား “
“ဟုတ်ပါတယ် တာတေကြီး ကျုပ်တို့ချမ်းသာနေပါပြီ “
“ကောင်းတယ် ကောင်းတယ် ငါလည်း မင်းတို့ကိုချမ်းသာစေချင်နေတာ ကဲ ကဲ ဒူးထောက်ပြီး ခေါင်းငုံ့ထားကြပေတော့ ကိုယ်တော်လေး လာပြီ “
“ဟုတ်ကဲ့”
တာတေကြီး၏စကားကြောင့် အောင်ဖေနှင့် ငညွန့်တို့ ဒူးထောက်ပြီး ခေါင်းကိုငုံ့ထားကြသည်။မကြာမီ အသံတသံကထွက်ပေါ်လာလေသည်။
“မောင်မင်းတို့ မော်ဖူးစေ”
ထိုအသံကြောင့် အောင်ဖေနှင့် ငညွန့်မှာ ကိုယ်တော်လေးဆိုသော ပုဂ္ဂိုလ်ရောက်နေပြီဆိုတာသိလိုက်၏။ထို့ကြောင့် ခေါင်းကိုမော့ကြည့်လိုက်သည့်အခါ ကိုယ်တော်လေးမှာ လွန်ခဲ့သော ဆယ်နှစ်က တွေ့မြင်ခဲ့ရသလို ကိုယ်ရောင်ကိုယ်ဝါများမထွက်တော့ပဲ အညိုရောင်နှင့် အမဲရောင်တို့ရောယှက်နေသော အခိုး အငွေ့များသာထွက်နေသည်ကို တွေ့လိုက်ရသည်။ထို့ကြောင့် သူတို့နှစ်ယောက်၏စိတ်ထဲတွင် ထိတ်ခနဲဖြစ်သွားရသည်။ကိုယ်တော်လေးဆိုသူမှ သူတို့နှစ်ယောက်အားပြုံး၍ ကြည့်လာပြီး
“မောင်မင်းတို့က ကတိတော့တည်သားပဲ ချီးကျုးပါတယ် “
“ကိုယ်တော်က ကျုပ်တို့နှစ်ယောက်ရဲ့ကျေးဇူးရှင်တိုတော့ စကားနားမထောင်ပဲ မနေဝံ့ပါဘူး “
“ကျေးဇူးရှင်တင်လားဟဲ့ “
ရုတ်တရက်မာထန်ပြီးပြောလာသော ကိုယ်တော်၏စကားကြောင့် အောင်ဖေနှင့် ငညွန့်တို့နှစ်ယောက်သား မည်သို့ပြန် ပြောရမည်မှန်းမသိဖြစ်သွားရသည်။ထိုအချိန် တာတေကြီးမှ ပျာပျာသလဲဝင်ရောက်တောင်းပန်လာလေသည်။
“ကိုယ်တော်လေး သူတို့က မလိမ်မိုးမလိမ်မာလေးတွေမို့ ခွင့်လွှတ်တော်မူလိုက်ပါ သူတို့က ကိုယ်တော်ရဲ့ကျေးကျွန်တွေပါ “
“တယ် ဒီတာတေ ဒီကောင်တွေနဲ့ပတ်သက်ရင် အမြဲကာကွယ် ပေးနေရော့သလား “
ကိုယ်တော်သည် ပြောပြောဆိုဆို လက်ကိုဝေ့ရမ်းလိုက်ရာမဲနက်နေသော အခိုးအငွေ့များသည်စုဝေးသွားကာ ကြိုးတချောင်းသဖွယ်ဖြစ်ပေါ်လာပြီးနောက် တာတေ၏လည်ပင်းအား ရစ်ပတ်လို့နေသည်။ထိုအချင်းအရာကြောင့် အောင်ဖေနှင့် ငညွန့်တို့သည် တာတေကြီးအတွက်စိုးရိမ်သွားကာ ကျောက်ဖျာနှင့် နဖူးထိမိသည့်အထိ ခေါင်းကိုငုံ့လိုက်ပြီး
“စိတ်ထိန်းပါ ကိုယ်တော် ကျွန်တော်မျိုးတို့က ကိုယ်တော်ရဲ့ကျေးကျွန်တွေပါ “
ထိုသို့ပြောဆိုသောအခါမှ ကိုယ်တော်သည် သူ၏လက်ကိုပြန်ယမ်းလိုက်ရာ တာတေကြီး၏လည်ပင်းကိုရစ်ပတ်ထားသော အမဲရောင်အခိုးအငွေ့ကြိုးတန်းသည် သူ၏လက်အတွင်းသို့ပြန်လည်ရောက်ရှိသွားလေသည်။ထို့နောက် ကိုယ်တော်သည် သူဝတ်ထားသောတောင်ရှည်စကို ခြေထောက်နှင့်ပင့်လိုက်ပြီး လက်မောင်းပေါ်တင်လိုက်ကာ
“အခုတလော ကိုယ်တော် စိတ်သိပ်မကြည်ဘူးကွယ် အနေအထိုင်အပြောအဆင် ဆင်ခြင်ကြ “
“မှန်လှပါ ကိုယ်တော်ဘုရား”
“အေး ငါ မောင်မင်းတို့နှစ်ယောက်ကို ခေါ်ရတဲ့အကြောင်းက တော့ ငါ့နေရာမှာ စောင့်ရှောက်ပေးဖို့ လူအစား အယောက်နှစ်ဆယ်လိုတယ်ကွယ့် မိန်းမပျိုဆယ်ယောက်နဲ့ ယောကျာ်းပျိုဆယ်ယောက်ကို မင်းတို့ရှာပေးရမယ် “
“ဗျာ “
အောင်ဖေနှင့် ငညွန့်တို့မျက်လုံးပြူးသွားကြသည်။ထို့နောက်ခေါင်းကိုငုံ့ပြီးတောင်းပန်လိုက်ကြလေသည်။
“ကိုယ်တော်လေး အဲ့တာကတော့ မဖြစ်နိုင်ဘူးထင်ပါတယ်”
“ဟုတ်ပါတယ် ကိုယ်တော်လေး ဒီလောက်လူဦးရေကိုတော့ ကျုပ်တို့ မစွမ်းနိုင်ပါဘူး သတ်ရင်လည်း သေဖို့အဆင်သင့်ပါပဲ ကိုယ်တော်လေးပေးတဲ့ရွှေတွေလည်း အကုန်ရှိပါတယ် ပြန်ပေးပါ့မယ် အပိုဆုအနေနဲ့ ကျုပ်တို့နှစ်ယောက်ရဲ့အသက်ကိုယူပါ “
အောင်ဖေနှင့် ငညွန့်တို့သည် အရဲစွန့်၍ထိုသို့ပြောလိုက်လေသည်။ထိုအခါ ကိုယ်တော်သည် စိတ်ဆိုးဒေါသထွက်သွားသလို သူ၏ကိုယ်မှအခိုးအငွေ့တို့သည်လည်း အမဲရောင်အဖြစ်ပြောင်းလဲသွားပြီး အောင်ဖေတို့နှစ်ယောက်ကိုလည်း လက်ညှိုးငေါက်ငေါက်ထိုးကာ ခက်ထန်မာကျောသောလေသံဖြင့် စကားဆိုလာလေသည်။
“တယ် ငါ့စကားကိုပယ်ချဝံ့တယ်လား ဒီငမိုက်သားနှစ်ယောက် ဘယ်သူ့အားကိုးနဲ့ ခံပြောဝံ့နေတာလဲ ဆိုစမ်းဟဲ့ “
“ကျုပ်တို့ တကယ်မစွမ်းနိုင်တာပါ ခွင့်လွှတ်ပါ ကိုယ်တော်လေး”
“တယ် ပြောလေကဲလေပါလား လူလောကမှာ မနေချင်တော့ဘူးလား “
“သတ်ရင်လည်း အသေခံဖို့ အသင့်ပါပဲ လူအယောက်နှစ်ဆယ်ကို ကျုပ်တို့ကြောင့် အလကားအသေမခံခိုင်းနိုင်ပါဘူး”
“မောင်မင်းတို့က တော်တော်ကိုသတ္တိကောင်းနေတယ်ပေါ့လေ သင်တို့ရဲ့ဇက်က ဓားတောင်းနေတာပဲ မောင်မင်းတို့ကသစ္စာဖျက်လေတော့ ဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက် သတ်ပေးရတော့မှာပေါ့ “
“ကျုပ်တို့ကိစ္စ ကျုပ်တို့နဲ့ပဲဆိုင်တယ် အပြစ်မရှိတဲ့သူတွေကို ဘာမှမလုပ်ပါနဲ့လား ကိုယ်တော် “
“ဟားးးဟားးးတယ်လည်းသတ္တိကောင်းနေတဲ့ ကောင်တွေပဲ ငါ့စကားကို နားမထောင်ဘူးပေါ့ သင်တို့နှစ်ယောက်ကိုသတ်ပြီး ရင် သင်တို့ရဲ့မျိုးနွယ်တွေတွေကိုလည်း အကုန်သတ်ပစ်ရမယ် တာတေ”
“ဘုရား”
“ဒီနှစ်ကောင်သတ်ပြီး မင်း စားလိုက်တော့”
ကိုယ်တော်သည် တာတေကြီးအား ထိုသို့ပြောလိုက်လေရာ တာတေကြီးမှာဖြင့် မည်သို့လုပ်ရမည်မှန်းမသိဖြစ်လို့နေသည်။ထို့နောက် သူသည် အောင်ဖေနှင့် ငညွန့်အနားသို့ တိုးကပ်သွားလေသည်။သူ့အားသနားခံသည့်အကြည့်တို့နှင့်ကြည့်နေသော အောင်ဖေနှင့် ငညွန့်၏တို့ကိုမျက်နှာကိုမြင်သောအခါ ရက်စက်ကြမ်းကြုတ်သော တာတေ၏မျက်နှာအမူအယာမှာ ချက်ခြင်းပြောင်းလဲသွားပြီး ကိုယ်တော်၏ရှေ့တွင်ဒူးထောက်ထိုင်လိုက် ကာ
“ကိုယ်တော်လေးဝဏ္ဏ တောင်ပိုင်ဘိုးဘိုးက လူမသတ်ရဘူးလို့မိန့်ထားပါတယ် ဘုရား”
“တာတေ နင်ကပါ ငါ့ကိုအာခံနေတာလား”
“မဟုတ်ပါဘူး တောင်ပိုင်ဘိုးဘိုးက လူမသတ်ရဘူးလို့ မိန့်ထားလို့ပါ “
“တောင်ပိုင်စကား နားထောင်မလား ငါ့စကား နားထောင်မလား ပြောစမ်း တာတေ နင့်တောင်ပိုင်က ခု ဘယ်ရောက်နေလဲ နင်သိလား”
“မသိပါဘူး “
“နင် ငါ့စကားကိုအမြဲနားထောင်နေတာ အခုမှ ဘာဖြစ်တာလဲပြောစမ်း “
“တောင်ပိုင်ဘိုးဘိုးက လူမသတ်ရဘူးတဲ့ ကိုယ်တော် “
“တယ် ဒီကောင်တော့ ငါလုပ်ရင် သေတော့မှာပဲ အခုချက်ခြင်း သတ်ပစ်စမ်း”
“တောင်ပိုင်က လူမသတ်ရဘူးတဲ့ ကိုယ်တော်”
တာတေကြီး၏မျက်နှာသည်လည်း ရှိရင်းစွဲထက်ပို၍ ကြောက်စရာကောင်းလာကာ သူ၏ကိုယ်မှလည်း မီးခိုးရောင်အခိုးအငွေ့များ တဖြည်းဖြည်းထွက်လာလေသည်။ထိုအချင်းအရာကြောင့် ကိုယ်တော်ဝဏ္ဏ မျက်နှာတချက်ပျက်သွားပြီး
“တာတေ နင် မသတ်ချင်ရင်လည်း မသတ်နဲ့ နင့်အစား ငါလုပ်လိုက်မယ် “
ကိုယ်တော်ဝဏ္ဏမှ ပြောပြောဆိုဆိုလက်ကိုတန့်တန်းလိုက်ရာ သူ၏လက်ထဲတွင် ထက်လှစွာသောအသွားဖွေးဖွေးနှစ်ဖက်ပါသည့် ဓားတချောင်းရုတ်ချည်းပေါ်လာလေ၏။ထို့နောက် သူသည် လက်ထဲကဓားဖြင့် အောင်ဖေနှင့် ငညွန့်တို့၏လည်ပင်းအား ပိုင်းဖြတ်မည်ပြင်စဉ် တာတေကြီးသည် တောင်ပိုင်ဘိုးဘိုးက လူမသတ်ရဘူးဟုရေရွတ်နေရင်းဖြင့် ကိုယ်တော်အားပွေ့ဖက်ကာ ချောင်းရေထဲသို့တွန်းချပြီး တိုက်ခိုက်လိုက်လေသည်။တိမ်ဖုံး၍ လရောင်ပျောက်သွားသဖြင့် မှောင်မဲနေသောချောင်းရိုးအတွင်း ရုတ်တရက် လျှပ်စီးနှယ်ဝင်းလက်သွားပြီးနောက် ကျောက်ဖျာပေါ်သို့ တာတေကြီး ဦးစွာကျလာလေသည် ။များမကြာသောအချိန်တွင်တော့ ကိုယ်တော်လည်းပြန်ပေါ်လာပြီး လဲကျနေသောတာတေကြီး၏ရင်ဝကို ခြေဖြင့်နင်းထားရင်းက စကားဆိုလေသည် ။
“တာတေ နင်ကများ ငါ့ကိုအာခံဝံ့တယ်လား နင့်သစ္စာရှိမှုတွေ ဘယ်ရောက်ကုန်သလဲဟဲ့”
“တော်စမ်းဝဏ္ဏ နင့်လုပ်ရပ်တွေကြောင့် ကျောက်အိုးဘုရားကုန်းမှာ သွေးစွန်းရတာတွေများပြီ တောင်ပိုင်ဘိုးဘိုးလည်း နင်ရောက်လာမှ မရှိတော့တာ”
“ဟားးဟားး တာတေ တာတေ နင်က တယ်လည်း သတ္တိ ကောင်းနေပါရော့လား နင်မသေခင် အမှန်တရားတခုပြောခဲ့မယ် နင်သိပ်လေးစားတဲ့တောင်ပိုင်ကို ငါ အသူရာတောင်မှာဖမ်းထားတယ်ဟဲ့ ငါဖမ်းထားတာ ဒီကျောက်အိုးဘုရားမရှိစဉ်ကတည်းကပဲ “
“ယုတ်မာတဲ့ ဝဏ္ဏ နင့်စကားကိုနားထောင်ပြီး ငါတို့က နင့်အမိန့်တွေ နာခံလာခဲ့ရတာ “
“ကဲ နင့်ကို ဒီဘဝကနေ တခြားဘဝပြောင်းပေးမယ် ပြီးရင် ဟောဟိုက ငမိုက်သားနှစ်ယောက် အလှည့်ပဲဟေ့ “
ဝဏ္ဏသည် သူ၏လက်ကို အပေါ်သို့ဆန့်တန်းလိုက်ရာ လက်ထဲတွင် အသွားထက်မြက်လှသော ဓားတလက်ပါလာလေသည် ။ထိုဓားသည် နှစ်ဖက်အသွားရှိကာ လရောင်အောက်တွင် ဝင်းလက်လျက်ရှိသည်။ဝဏ္ဏသည် ထိုဓားဖြင့် တာတေ၏ဦးခေါင်းကိုချိန်ရွယ်ပြီးခုတ်လိုက်စဉ် ချောင်းရိုးထဲမှ ရွှေရောင်အလုံးတလုံးသည် လေ၏အလျင်ကဲ့သို့ လျှင်မြန်စွာပေါ်ထွက်လာပြီး ဝဏ္ဏ၏ဓားအားထိမှန်သွားကာ ဓားသည် ဝဏ္ဏ၏လက်ထဲမှလွတ်ကျသွားသည်နှင့် လေထဲမှာပင် ပျောက်ကွယ်လို့သွားလေသည်။မထင်မှတ်သောအဖြစ်ကြောင့် ဝဏ္ဏအပါအဝင် အားလုံးသည် မဲမှောင်နေသောချောင်းရိုးအတွင်း အကြည့်များရောက်သွားကြသည်။များမကြာသောအချိန်တွင် လရောင်ဆမ်းထားသော ကျောက်ဖျာပေါ်၌ လူနှစ်ယောက်ပေါ်လာလာ၏။ထိုသူနှစ်ယောက်မှာ အခြားမဟုတ်ပဲ ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့ဖြစ်ကြလေသည်။ဘိုးတော်ပေသည် လေထဲ၌ဝဲပျံနေသော ရွှေရောင်အလုံးလေးအား လက်ဖြင့်ဆန့်တန်းလိုက်ရာ ထိုရွှေရောင်အလုံးလေးသည် ညင်သာစွာနှင့် သူ၏လက်ထဲသို့ဆိုက်ဆိုက်မြိုက်မြိုက်ပြန်ရောက်လာလေသည်။ထို့နောက် သူသည် ဝဏ္ဏကိုကြည့်ကာ
“ရှေ့ဘဝက ကုသိုလ်ကံကောင်းလို့ လူ့ဘုံမှာနတ်စိမ်းဖြစ်နေတာကို သင်က မာန်တက်နေရော့လား”
“တယ် ဒီလူသား ကိုယ်မှာဘာအရောင်အဝါမှမရှိပဲ ငါ့ကို လာအန်တုနေတာလား”
“သင်က ငါ့မှာအစွမ်းမရှိဘူးဆိုပြီးအထင်သေးနေတာလား ငါ့မှာရှိတဲ့အဆောင်တွေက နင်လို နတ်စိမ်းတယောက်ကို ခေါင်းပြတ်အောင်လုပ်နိုင်စွမ်းရှိတာ မသိရော့လား “
ဘိုးတော်ပေသည် ပြောပြောဆိုဆို သူ၏လက်ထဲမှ ဓာတ်လုံးကိုမိုးပေါ်မြှောက်လိုက်ပြီး လက်အုပ်ချီဆုတောင်းနေလိုက်ရာ များမကြာသောအချိန်တွင် ဝိဇ္ဇာများချီးမြင့်ထားသည့်အဆောင်ဓာတ်လုံးမှာ တဖြည်းဖြည်း ဓားစင်္ကြာသဏ္ဍန်ပြောင်း လဲသွားလေရာ နတ်စိမ်းတဖြစ်လဲ ဝဏ္ဏမှာ ကြောက်လန့်နေပြီးသူ၏ညာခြေဖြင့် ကျောက်ဖျာကိုဆောင့်လိုက်ရာ အခိုးအငွေ့ များသဏ္ဍန်ပြောင်းလဲသွားပြီးနောက် ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။ထို့နောက် ပတ်ဝန်းကျင်တွင် ကျယ် လောင်သောအသံတသံဆက ပေါ်ထွက်လို့လာလေသည်။
“အထက်လမ်းဆရာတွေ သင်တို့သတ္တိရှိရင် မဟူရာတောင်ကိုရှာပြီး လာခဲ့ကြ လူ့သက်တမ်းနဲ့ အချိန်တလအတွင်း သင်တို့ရောက်မလာရင် ကျောက်အိုးဘုရားကုန်းစောင့်ကို တခြားဘဝကိုပို့ပစ်မယ် ပြီးရင် ဟိုငမိုက်သားနှစ်ယောက်ရဲ့ဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက်ကိုလည်း သတ်ပစ်မယ်ဟေ့ “
ထိုစကားကြောင့် အောင်ဖေနှင့် ငညွန့်သည်သာမက တာတေကြီးသည်လည်းထိတ်လန့်နေပြီး ဘိုးတော်ပေနှင့် မောင်မောင်ကျော်ရှေ့ဒူးထောက်ကာ စကားဆိုလာလေသည်။
“ဘိုးတော်လေး ကျုပ်တို့ကို ကယ်ပါဦး”
“ဘိုးတော်လေး တောင်စောင့်ကြီးက သူတော်ကောင်းကြီးပါ ဘယ်လိုကြောင့်များဖမ်းချုပ်ထားရလဲ မသိဘူး တာတေဆိုတဲ့ ကျုပ်လို မကောင်းဆိုးဝါးကိုတောင် စိတ်ကောင်းစေတနာရှိ အောင် လမ်းပြပေးခဲ့တဲ့သူပါ တောင်စောင့်ကြီးကို ကယ်ပေးပါ ဘိုးတော်လေး”
“ကဲ ကဲ စိတ်ချ နတ်စိမ်းဝဏ္ဏ ဒီဘုရားကုန်းကိုတော့ ပြန်လာမှာမဟုတ်တော့ပါဘူး ဘုရားကုန်းမှာ နောက်ထပ်ကြီးလေးတဲ့ပြစ်ဒဏ်တွေမခတ်ဖို့ တာတေက တာဝန်ယူရမယ် ကျုပ်တို့ တောင်ပိုင်ကို ကယ်ပေးမယ် “
“ကျေးဇူးတင်ပါတယ် ဘိုးတော်လေး”
“ကဲ တာတေ သင် သွားနိုင်ပြီ “
တာတေအမည်ရသော တောင်စောင့်သည် ကျောက်ဖျာပေါ်မှဆင်းသွားပြီးနောက် ပျောက်ကွယ်သွားလေသည်။ထို့နောက် ဘိုးတော်ပေသည် အောင်ဖေနှင့် ငညွန့်တို့နှစ်ယောက်ကိုကြည့်လိုက်ပြီး
“ကဲ ဦးလေးတို့ ကျုပ်တို့လည်း ပြန်ကြမယ် နောက်မှ ဘာဆက်လုပ်ကြမလဲဆိုတာပြောကြတာပေါ့”
“ဟုတ်ကဲ့”
ဤသို့ဖြင့် ဘိုးတော်ပေ၊မောင်မောင်ကျော်နှင့် အောင်ဖေတို့သူငယ်ချင်းနှစ်ယောက်သည် ချောင်းရိုးလေးမှတဆင့် အိမ်သို့ပြန်လာနေကြသည်။အပြန်လမ်းတွင် အချိန်အတန်ကြာသည်အထိ အချင်းချင်းစကားမပြောဖြစ်ကြပေ။များမကြာသောအချိန်တွင်တော့ ငညွန့်မှ စတင်၍စကားဆိုလာလေသည်။
“ဘိုးတော်လေးတို့ ဘယ်လိုလုပ်ပြီး လိုက်လာတာလဲ “
“အင်း ကျောက်အိုးဘုရားကုန်းမှာရှိတဲ့ ညောင်ပင်ကရုက္ခစိုးကြီးကြောင့်လို့ ပြောရမှာပဲ “
“ဗျာ “
“သူကလည်း တာဝန်ပေးချက်အရလာပြောတာနေမှာပေါ့ နတ်စိမ်းဝဏ္ဏကိုယ်ရောင်တွေပျောက်ပြီး အမဲရောင်အခိုးတွေထွက်နေတယ်ဆိုတာလာပြောတာ အဲ့ဒီကတည်းက နတ်စိမ်းဝဏ္ဏ မကောင်းတာတခုခုကြံနေတယ်ဆိုတာ ကျုပ်တို့သိလိုက်တယ် အဲ့တာကြောင့် လိုက်လာခဲ့တာပဲ “
“ဘိုးတော်လေး ရောက်တာမြန်လို့သာပေါ့ နို့မို့သာဆို ကျုပ်တို့ရဲ့တာတေကြီးရော ကျုပ်တို့နှစ်ယောက်လုံးရော အသတ်ခံနေရလောက်ပြီ “
“စကားမစပ် ရွှေတွေကို ဒီတိုင်းပဲထိန်းသိမ်းထားပါအုံး ကျုပ် တောင်ပိုင်ကိုကယ်ပြီးရင် သူ့အဆုံးအဖြတ်ကိုယူရလိမ့်မယ်”
“အဲ့အတွက်ကတော့ စိတ်ချပါ ဘိုးတော်လေး ကျုပ်တို့ မသုံးပါဘူး”
“နောက်တခု ကျောက်အိုးဘုရားကုန်းက မြင်အပ်မမြင်အပ်တွေကို အလှူအတန်းလုပ်ပြီး အမျှဝေပေးပါ “
“စိတ်ချပါ ဘိုးတော်လေး “
သူတို့သည် စကားတပြောပြောနှင့် လမ်းလျှောက်လာရာ တဲသို့ပြန်ရောက်လာကြလေသည်။တဲသို့ပြန်ရောက်သောအချိန်သည် လင်းကြက်တွန်လုလုဖြစ်နေပြီဖြစ်သည်။ထို့နောက် ဘိုးတော်ပေသည် အောင်ဖေနှင့် ငညွန့်ကိုကြည့်လိုက်ပြီး
“ကဲ တလမပြည့်ခင် နတ်စိမ်းဝဏ္ဏကိုနှိမ်နှင်းရမှာဆိုတော့ ကျုပ်တို့ခရီးဆက်ဦးမယ် ဘာမှမစိုးရိမ်ကြောင့်ကျမနေကြပါနဲ့ စိတ်ကောင်းစေတနာကောင်းအမြဲထားကြပါ”
“စိတ်ချပါ ဘိုးတော်လေး “
“ကဲ မောင်ကျော်ရေ မဟူရာတောင်ကိုရှာကြဦးစို့ “
“ဟုတ်ကဲ့ ဘိုးတော်လေး “
ဤသို့ဖြင့် ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့သည် အောင်ဖေနှင့် ငညွန့်ကိုနှုတ်ဆက်ကာ လှည်းလမ်းလေးအတိုင်းထွက်ခွာသွားကြပါလေတော့သည် ။