*ဘိုးတော်ပေ နှင့် စုန်းမကြီးဒေါ်သူဇာ*📖📖📖
***************************************
◾အခန်း (၁)
“ဟဲ့ ကျွဲ ရုန်းလိုက်စမ်းပါဟ တောက် ”
ချိုကောက်ကောက်နှင့် ကျွဲပေါက်ကြီးနှစ်ကောင်မှာ ကြီးမားသောသစ်လုံးကြီးများကို ဆွဲနေသည်။သစ်လုံးကြီးများမှာ ကြီးမားလွန်းလှသောကြောင့် ကျွဲနှစ်ကောင်မှာ ခွန်အားကုန်သုံး၍ အားကျိုးမာန်တက်ဖြင့်ဆွဲနေပါသော်လည်း ခက်ခဲလို့နေလေသည်။ထို့ကြောင့် ကျွဲနှစ်ကောင်အား ကြိမ်ဖြင့်မောင်းနေသော လူရွယ်မှာ ဆဲရေးတိုင်းထွာပြီး ကျွဲနှစ်ကောင်အား ခိုင်းစေနေလေသည်။ဆဲရေးတိုင်းထွာ၍မရသည်နှင့် လက်ထဲမှကြိမ် ဖြင့် ရိုက်နှက်ပြန်လေသည်။
“ကြီးပေါလော ကျွဲတွေ ကဲကွာ ကဲကွာ”
ထိုသို့ လူရွယ်မှရိုက်နှက်နေသဖြင့် ဘေးမှ သစ်ဆွဲနေသည့် လူများမှာလည်း မနေသာတော့ပဲ လူရွယ်အား သတိပေးစကားဆိုလာကြလေသည်။
“စိန်လွင် မင်းဟာက မဟုတ်သေးပါဘူးကွာ သစ်လုံးက ဆင်နဲ့ဆွဲမှ ရမှာလေကွာ မင်းကျွဲတွေ သနားပါတယ် မင်းက မနိုင်ဝန် ထမ်းခိုင်းနေတာပဲ”
“တော်စမ်းပါဗျာ ကိုယ့်အလုပ်သာ ကိုယ်လုပ်ကြစမ်းပါ ကိုယ်နဲ့မဆိုင်တာကို ဝင်မပြောကြပါနဲ့ ”
“ဟိတ်ကောင် စိန်လွင် အဲ့တာ မင်းကျွဲလည်း မဟုတ်ဘူး ငှားထားတာမလား မင်း ကိုယ့်ကျွဲမဟုတ်တိုင်း သေအောင်ခိုင်းနေတာပဲ ”
“ဟေ့လူတွေ ကျုပ်လည်း တန်ရာတန်ကြေးပေးပြီးငှားထားတာ ကျွဲပိုင်ရှင်ကလည်း ကျေနပ်လို့ငှါးတာ ခင်ဗျားတို့ ကြားထဲကနေ ငထွားခါးနာနေတယ်”
တရွာတည်းသား သစ်ဆွဲသောကျွဲသမားများသည် စိန်လွင်ဟုခေါ်သော လူရွယ်၏စကားကိုမကျေနပ်သော်လည်း မိုက်ရူးရဲဆန်သည့် စိန််လွင်နှင့် အခြေအတင်မပြောလို၍ ထပ်မံမပြောဖြစ်ကြတော့ပေ။ထိုသို့ တခြားသူများဘာမျှထပ်မပြောသည့်အခါမှသာ စိန်လွင်သည် သူ့ကိုယ်သူအထင်ကြီးသွားပြီး သူ့အား မည်သူမှမတုန့်ပြန်ရဲဘူးဟုထင်သွားပြီးနောက် ကျွဲအားပို၍ရိုက် ပို၍ဆဲပါလေတော့သည်။သစ်တောကြိုးဝိုင်းပတ်ဝန်း ကျင်တဝိုက်တွင်တော့ စိန်လွင်၏ဆဲရေးတိုင်းထွာသံက ညံစီလို့နေသည်။ကျွဲကြီးနှစ်ကောင်သည်လည်း ဆဲသံဆိုသံနှင့် အစင်းထအောင်အရိုက်ခံထားရသောကြောင့် ကြီးမားသောသစ်လုံးအား မရမကဆွဲနေရလေတော့သည်။သစ်ဆွဲသမားများသည် သူတို့၏ လုပ်ငန်းဆောင်တာများပြီးဆုံးသွားသောအခါ နွားလှည်း၊ကျွဲလှည်းများကိုကောက်ပြီး ရွာသို့ပြန်ကြလေသည်။ပြန်ချိန်သည် ညနေစောင်းအချိန်ဖြစ်၏။စိန်လွင်မှာ ရွာသို့ပြန်ရောက်သည့်တိုင် အိမ်သို့ဦးစွာမပြန်သေးပဲ အရက်ဆိုင်သို့သာ အရင်ဝင်လေသည်။အရက်ဆိုင်သို့ရောက်သောအခါ ရောက်နှင့်နေပြီးဖြစ်သော သူ၏အပေါင်းအသင်းများနှင့်အတူ အရက်သေစာသောက်စားကြလေသည်။အရက်ဆိုင်ပိုင်ရှင်မှာ အရက်ပုလင်းကို ချပေးလိုက်ပြီး လှည်းတွင် ကောက်ထားလျက်သား မောဟိုက်နေသည့် ကျွဲနှစ်ကောင်ကိုကြည့်ရင်း စိန်လွင်အား စကားဆိုလိုက်လေသည် ။
“စိိန်လွင် မင်းကျွဲတွေကို ဖြုတ်ထားလိုက်ပါလားကွာ သနားပါတယ် ကျွဲဆိုတာ နွားလိုမဟုတ်ဘူးကွ ဟိုက်တယ် ရေဆာနေပြီထင်တယ် ”
“ကိုဒေါင်းနီ ခင်ဗျားက အရက်ရောင်းတဲ့သူလား သူတော် ကောင်းလား ”
“မင်းကလည်းကွာ ငါက ဖြစ်သင့်တာကိုပြောပြတာပါ မင်းအိမ်ကလည်း သိပ်ဝေးတော့တာ မဟုတ်ဘူး လှည်းဖြုတ်ထားပြီး ပြန်ကောက်လို့ရတာပဲကို ”
“ဟေ့လူ ခင်ဗျား သိပ်လျှာရှည်တယ်ဗျာ အရက်သောက်ရတာ ဇိမ်ပျက်တယ် ရွာမှာ ခင်ဗျားတဆိုင်ထဲရှိလို့သာ သည်းခံပြီး သောက်နေတာနော် ”
အရက်ဆိုင်ပိုင်ရှင်သည် နောက်ထပ်မည်သည့်စကားမှထပ်မပြောတော့ပဲ လှည်းတွင်တပ်လျက်သားရှိနေသော စိန်လွင် ၏ ကျွဲနှစ်ကောင်အားဖြုတ်ပေးလိုက်ပြီးနောက် ရေပုံးဖြင့် ရေဆွဲတိုက်နေလေသည်။ထိုအချင်းအရာကိုမြင်သော စိန်လွင်သည် ရယ်သံနှောသောလေသံဖြင့် အရက်ဆိုင်ပိုင်ရှင်အားလှမ်း၍ စကားဆိုလေသည်။
“ဗျို့ ကိုဒေါင်းနီ ခင်ဗျားက အရက်ရောင်းရမှာမဟုတ်ဘူး သူတော်ကောင်းလုပ်ရမှာ လှည်းကို ခင်ဗျား ဖြုတ်တာနော် ကျုပ်ပြန်မဲ့အချိန်ကျရင် ပြန်ကောက်ပေးအုံး ကြားလား ”
“အေးပါ စိန်လွင်ရာ”
စိန်လွင်သည် ကိုဒေါင်းနီ၏စကားကြောင့် သဘောကျစွာရယ်မောနေလေသည်။ထိုအချင်းအရာကိုဖြင့် အရက်ဆိုင်လေး ၏ထောင့်ကျကျစားပွဲခုံတွင် အရက်သောက်နေသည့်လူငယ်မှာ သေချာအကဲခတ်လို့ စူးစမ်းနေပါလေတော့သည် ။
◾အခန်း (၂)
ပျဉ်ထောင်အိမ်ကြီးတလုံး၏ဆင်ဝင်အောက်တွင် အမျိုးသမီးကြီးတယောက် စိတ်ဆိုးဒေါသထွက်လို့နေသည်။ သူမသည် အသက်ငါးဆယ်အရွယ်ဖြစ်ပြီး အသက်ငါးဆယ်ဟုမထင်ရလောက်အောင် အရွယ်တင်သူဖြစ်သည်။သူမသည်အပျိုကြီးတယောက်ဖြစ်ပြီး တူမသုံးယောက်တို့နှင့်အတူ တံလျှပ်ရွာလေးတွင် နေထိုင်လေသည်။ယခု သူမ စိတ်ဆိုး ဒေါသဖြစ်နေသည်မှာ အကြောင်းရှိ၏။ထိုအကြောင်းမှာ တခြားမဟုတ်ပေ။သူမတို့၏ရွာနီးချုပ်စပ်ရွာတရွာတွင်နေထိုင်သော စိန်လွင်ဟုအမည်ရသည့်လူရွယ်အား သူမ၏ကျွဲနှစ်ကောင်ကို အငှားချထားသည်။စိတ်လွင်သည် ထိုကျွဲနှစ်ကောင်ကို ရက်ရက်စက်စက်ခိုင်းစေပြီး ကောင်းကောင်းမွန်မထားကြောင်းကို လူရွယ်လေးတယောက်မှ လာရောက်သတင်းပို့ရာ အကြောင်းစုံသိရ၍ စိတ်တိုဒေါသဖြစ်နေရခြင်းသာဖြစ်သည်။
“စိန်လွင်ဆိုတဲ့ကောင် အတော်ကိုမိုက်ရိုင်းပါလား ”
“ဟုတ်တယ် အမကြီး ကျုပ်တောင် မျက်မြင်ကိုယ်တွေ့မို့ယုံလိုက်တာ”
“ဒီကောင်က အပြောတော့ တော်တော်ကောင်းတယ် ”
“ဟုတ်တယ် အမကြီး ဒီကောင်က ရှေ့တမျိုး ကွယ်ရာတမျိုးဗျ”
“ဟုတ်ပြီလေ အဲ့တာဆို ဒင်းဆီ ငါတို့ သွားကြတာပေါ့ ညိုမြနဲ့ လှစိန် နင်တို့နှစ်ယောက် ငါနဲ့ လိုက်ခဲ့ ”
အိမ်ထဲသို့လှမ်းပြောလိုက်ပြီးသည်နှင့် မရှေးမနှောင်းမှာပင် အိမ်ကြီးထဲမှနေ၍ မိန်းမပျိုလေးနှစ်ယောက်တို့သည် အဒေါ်ဖြစ်သူအနားသို့ ရောက်ရှိလာကြလေသည်။သူမတို့နှစ်ယောက်ရောက်လာသည်နှင့် အကျိုးအကြောင်းလာပြောပြသော လူရွယ်သည် ဒေါ်သူဇာအားကြည့်ပြီး စကားဆိုလေသည်။
“အမကြီး ကျုပ်လည်း လိုက်ခဲ့ရမလား ဒီကောင်က လူညစ် တော်ကြာ အမကြီးတို့ကိုရန်ပြုနေမှာ စိုးရတယ် ”
“ရတယ် တောက်ထွန်း နင် တခြားရွာတွေကိုလှည့်သွားလိုက် ငါ့ကျွဲတွေနွားတွေကို ဘယ်သူက ဘယ်လိုခိုင်းတယ် ဘယ်လိုကျွေးနေတယ်ဆိုတာ ဆက်စုံစမ်း”
“ဟုတ်ကဲ့ပါ အမကြီး ”
“အေး အေး သွားတော့ စိန်လွင်နေတာ ဘယ်ရွာ ”
“ထိန်တောအနောက်ရွာပါ အမကြီး”
“အေး အေး”
“အဲ့တာဆို ကျုပ်ကို ခွင့်ပြုပါဦး အမကြီး”
“နင့်ကိုပေးရမဲ့ စပါးလာတိုက်ဦးလေ ”
“ရတယ် အမကြီး ကျုပ် အသုံးမလိုသေးဘူး”
“အေး အေး နင်လိုတဲ့အချိန်လာတိုက် အိမ်မှာ မိကျော့ရှိမယ် ကြားလား ”
“ဟုတ်ခဲ့ ”
တောက်ထိန်ဟုအမည်ရသောလူရွယ်မှာ တနှစ်ကို စပါးလေးဆယ်ဖြင့် ဒေါ်သူဇာဆီတွင် အလုပ်လုပ်ခြင်းဖြစ်သည်။အလုပ်ဟုဆိုရာတွင် လှည့်လည်စုံစမ်းပေးရသောအလုပ်သာဖြစ်သည် ။ဒေါ်သူဇာသည် သူမ၏ကျွဲကောင်းနွားကောင်းများကို ရွာနီးချုပ်စပ်ရှိနွားပိုင်မရှိသောသူများအား တနှစ်လျှင် စပါးဘယ်လောက်နှင့်ဟူ၍ သင့်တင့်မျှတသောနှုန်းထားဖြင့် အငှားချထားလေသည်။ထိုမှရသော ဝင်ငွေဖြင့် မတောင့်မတမကြောင့်မကြနေနိုင်လေသည်။လူအမျိုးမျိုးစိတ်အထွေထွေမို့ တချို့ ကျွဲ၊နွားငှားသူများမှာ သူတို့ငှားသောကျွဲနွားများကို ကိုယ်ပိုင်ကျွဲနွားများနှယ် ခိုင်းတန်က ခိုင်း ပြုစုသည့်အချိန်လည်း ပြုစု ထိုသို့သမမျှတစွာ လုပ်ဆောင်သော်လည်း တချို့သောသူများမှာ ငါ့ပစ္စည်း ငါ့ဥစ္စာ မဟုတ်ဟူသော အတ္တစိတ်တို့ဖြင့် ကျွဲနွားများကိုမနိုင်ဝန်များသယ်ခိုင်း၏။ထို့အပြင် ခိုင်းသာ ခိုင်း၏ ထုတ်မကျောင်းကြသဖြင့် အတော်ကို စိတ်ပျက်ဖွယ်အတိဖြစ်၏။ထိုသို့ပြုမူသူများကိုစုံစမ်းပြီး တောက်ထိန်မှ ဒေါ်သူဇာအား သတင်းပို့ရသည်။ထိုအလုပ်သည်က တောက်ထိန်၏ အလုပ်သာဖြစ်သည်။ယခု ဒေါ်သူဇာသည် သူ၏ကျွဲတရှဉ်းအား လူမဆန်စွာပြုမူနေသူ စိန်လွင်အား သတိပေးပြောဆိုရန်အတွက် တူမနှစ်ယောက်ကိုခေါ်ကာ ထိန်တောအနောက်ရွာသို့ထွက်ခွာသွားပါလေတော့သည် ။
◾အခန်း (၃)
“အမကြီးတို့ ဆိုင်းမဆင့်ဘုံမဆင့်ပါလား ဘယ်လိုရောက်လာတာလဲ ကျုပ်တောင် ကျွဲသွားကျောင်းတော့မလို့”
“နင့်ဆီကိုပဲလာခဲ့တာ ဘယ်မှာလဲ ငါ့ကျွဲတွေ ”
“တင်းကုတ်ထဲမှာ ရှိပါတယ် အမကြီးကိုကြည့်ရတာ ဒေါသတွေထွက်နေပါလား ဘယ်သူကများ ကျုပ်မကောင်းကြောင်းတွေ ပြောထားပြန်ပြီလဲဗျ ”
“ပုတ်ရင် ပေါ်တာပဲလေ နင်က ငါ့ရှေ့မှာတော့ ငါ့ကျွဲတွေကိုဘယ်လိုဘယ်ပုံထားတာနဲ့ ငါတို့ မမြင်ကွယ်ရာကိုလည်းရောက်ရော မညှာမတာခိုင်းနေတယ် မဟုတ်လား ”
“မဟုတ်ရပါဘူး အမကြီးရာ မလိုသူတွေက လျှောက်ပြောနေတာပါ ကျုပ်က ကျွဲနွားတွေကိုဒီလောက်ချစ်တာ အဲ့လိုလုပ်ပါ့မလား”
“တော်စမ်းပါ စိန်လွင်ရယ် ဘယ်မှာလဲ ငါ့ကျွဲတွေ ”
ဒေါ်သူဇာသည် ပြောပြောဆိုဆို အိမ်ရှေ့တန်းလျားတွင် ထိုင်နေရာမှ အိမ်နောက်ဖက်ရှိ တင်းကုတ်ဆီသို့သွားလိုက်လေသည် ။တင်းကုတ်ထဲတွင် ချည်ထားသောကျွဲနှစ်ကောင်ကိုတွေ့သည်နှင့် ဒေါ်သူဇာမှာ အံကိုကြိတ်လိုက်ပြီး
“စိန်လွင် ငနွားစိန်လွင် နင် လာစမ်း”
“ဘာဖြစ်လို့တုန်း အမကြီးရ”
“နင် ကြည့်စမ်း ငါ့ကျွဲတွေကိုရိုက်ထားတာ အစင်းရာတွေချည်းပဲ ”
ဒေါ်သူဇာသည် ကျွဲနှစ်ကောင်၏ ကျောနှင့် တင်ပါးမှအစင်းရာများကိုပြပြီးစကားဆိုလိုက်လေရာ စိန်လွင်မှာ တချက်တော့ မျက်နှာပျက်သွားသည်။သို့ပေမဲ့ ဟန်ဆောင်လိုက်ပြီး တချက်ပြုံးလိုက်ကာ
“ဪ အမကြီးရယ် ဘာများလဲလို့ လန့်သွားတာပဲ အမကြီးကျွဲတွေက ကျွဲပေါက်တွေလေဗျာ ဒီလောက်တော့ ရှိမှာပေါ့ ခင်ဗျားသိတဲ့အတိုင်း ကျွဲပေါက်ဆိုတာမျိုးက လည်ထရင်ထိန်းရခက်တယ်လေ အဲ့လိုမဖြစ်အောင် ရိုက်နှက်ထားရတာ ”
“တော်စမ်း နင်တော်တော်ကိုလူမဆန်တာပဲ ငါ့ကျွဲတွေကြည့်ရတာ သနားစရာတော်တော်ကောင်းနေပြီ နင့်ကို ငါ့ကျွဲတွေ ဆက်မငှားနိုင်တော့ဘူး”
“ဟာ အဲ့လိုလုပ်လို့ရမလား ထွန်တုံးလည်း မပိတ်သေးဘူးလေ”
“နင် ပေါက်ကရလျှောက်မပြောနဲ့ ငါ့ကျွဲတွေနဲ့ သစ်ဆွဲနေတာမဟုတ်လား ငါ့ကျွဲတွေပုခုံးမှာလည်း အနာတွေဖြစ်နေပြီ ”
“အမကြီးကလည်းဗျာ ကျွဲဆိုတာခိုင်းရတယ်ဗျ တော်ကြာလည်တွေဘာတွေထလာရင် ကျုပ်တို့ မနိုင်တော့ဘူး”
“တော်စမ်း နင့်ကို ငါကျွဲမငှားတော့ဘူး စပါးတဝက်လာပေး ”
“ဟ ခင်ဗျားသဘောနဲ့ ခင်ဗျားမငှားတော့တာကို ကျုပ်က ဘာလို့ စပါးတဝက်လာပေးရမှာလဲ ”
“နင်ခိုင်းထားတာ နှစ်ဝက်ရှိနေပြီပဲ နင် ပေးရမှာပေါ့ ”
“ဟားးဟားး ခင်ဗျားသဘောနဲ့ပြန်လာသိမ်းတာ ကျုပ်က ဘာလို့ပေးရမှာလဲ ခင်ဗျားမကျေနပ်ရင် ကျုပ်ကို ခင်ဗျားတူမသုံးယောက်ထဲက တယောက်နဲ့ ပေးစားလိုက်လေ အဲ့တာဆို နှစ်ဝက်စာပေးမယ် ”
“နင် တော်တော်မိုက်ရိုင်းပါလား ”
“ကျုပ်က ယဉ်ကျေးတယ်လို့ရော ခင်ဗျားကို ပြောဖူးလို့လား”
ဒေါ်သူဇာနှင့် တူမနှစ်ယောက်တို့သည် အတော်စိတ်ဆိုးဒေါသထွက်နေလေသည်။တူမနှစ်ယောက်မှာ ရန်တွေ့မည့်ဟန် ပြင်နေသဖြင့် ဒေါ်သူဇာမှာ တားဆီးလိုက်ပြီး ကျွဲတွေကိုသာ သွားဆွဲစေသည်။
“ကဲ ညည်းတို့နှစ်ယောက် ဘာမှဝင်မပြောနဲ့ ကျွဲနှစ်ကောင်ဆွဲပြီးပြန်ကြမယ် ကြားလား”
“အဒေါ် ဒီကောင် ဒီလောက်တော်တော်စော်ကားနေတာ ဒီအတိုင်းတော့ မပြန်နိုင်ပါဘူး”
“ဟဲ့ကောင်မနှစ်ယောက် ငါ့ပြောစကားကိုသာ နားထောင် ”
“ဟုတ်ကဲ့ ဒေါ်လေး”
ဒေါ်သူဇာ၏တူမနှစ်ယောက်သည်လည်း နောက်ထပ်မည်သည့်စကားမှမဆိုတော့ပဲ တင်းကုတ်ထဲရှိကျွဲနှစ်ကောင်အား တယောက်တကောင်စီ ဆွဲလိုက်ကြလေသည်။ထိုအခါ စိန်လွင်သည် သူပြောသည့်အတိုင်းရပြီအထင်နှင့် ဒေါ်သူဇာတို့အားမလေးမခန့်ဖြင့် ထပ်မံစကားဆိုလာလေသည်။
“ကဲ ခင်ဗျားတို့ဘာသာပဲ ကျွဲပြန်ဆွဲတာနော် ကျုပ် ပြန်ဆွဲခိုင်းတာမဟုတ်ဘူး အဲ့တော့ စပါးတစေ့တောင်ပေးမှာမဟုတ်ဘူး ”
“စိန်လွင် နင့်စကားကို မှတ်ထား မကြာခင် ငါ့ကိုတောင်းပန်ပြီး စပါးလာပေးရမယ် ”
“ခင်ဗျားက ရွာလူကြီးကိုတိုင်ပြီးတောင်းမလို့လား စိန်လွင်တဲ့ဗျာ ဘယ်ရွာလူကြီးကိုမှ သောက်ဂရုမစိုက်ဘူး”
“ငါကလည်း ရွာလူကြီးကိုမတိုင်ပါဘူး ငါ့စကားကိုသာမှတ်ထား နင် မကြာခင် ငါ့အကြောင်းသိစေရမယ်”
“ဟားးဟားး ဒေါ်သူဇာ ဒေါ်သူဇာ ခင်ဗျား ကျုပ်နဲ့တွေ့မှ ခံရပြီမဟုတ်လား ”
စိန်လွင်မှာအောင်နိုင်သူတယောက်နှယ် ဒေါ်သူဇာတို့အား လှောင်ပြောစကားဆိုပြီး ဟားတိုက်ရယ်မောလို့နေသည်။ဒေါ်သူဇာနှင့် သူမ၏တူမနှစ်ယောက်သည်ကား သူမတို့ပိုင်သောကျွဲနှစ်ကောင်အားဆွဲပြီးနောက် တန်းလျားတွင်ထိုင်ကျန်ရစ်ခဲ့သော စိန်လွင်အား မျက်စောင်းထိုးကြည့်လိုက်ပြီးလျှင် အိမ်ဝိုင်းထဲမှထွက်ခွာသွားကြပါလေတော့သည်။
◾အခန်း (၄)
ထုံးဖြူဖြူစေတီလေးမှထွက်ပေါ်လာနေသော ဆည်းလည်းသံလေးများသည် ပတ်ဝန်းကျင်တွင် လွင့်ပျံ့လို့နေပေသည်။ထိုထုံးဖြူဖြူစေတီလေးသည် မြင့်မားသော တောင်ကုန်းတခုတွင် တည်ရှိနေပြီး လရောင်အောက်တွင်တော့ ကြည်ညိုဖွယ်အဆင်းဖြင့်တင့်တယ်လှပေသည်။ထိုစေတီပရဝဏ်တွင်တော့ လူနှစ်ယောက် ပုတီးစိတ်လို့နေသည်။ထိုလူနှစ်ယောက်မှာ ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့ဖြစ်သည်။ဝိဇ္ဇာဓိုရ်ရသေ့ကြီးမှ ရန်နိုင်အမည်ဟုပေးထားသော်လည်း နှုတ်ကျိုးနေပြီဖြစ်သည့် ဘိုးတော်ပေမှာ မောင်ကျော်ဟုသာခေါ်သောကြောင့် ရန်နိုင်ဟူသောအမည်မှာ တွင်ရန်ခက်သေး၏။မောင်မောင်ကျော်သည်လည်း ဆရာတဆူဖြစ်လာသည့်အခါမှ ရန်နိုင်အမည်ကိုသုံးမည်ဟုဆုံးဖြတ်ထားလိုက်ပြီး ဘိုးတော်ပေနောက်လိုက်စဉ်အချိန်များတွင်တော့ မောင်မောင်ကျော်ဟုသာသုံးနှုံးမည်ဟုဆုံးဖြတ်ချက်ချထားလေသည်။သူတို့နှစ်ယောက်ပုတီးစိတ်နေချိန် ဘိုးတော်ပေ၏အနောက်မှနေ၍ ပိတ်ဖြူစင်ကြယ်ကိုဝတ်ဆင်ထားပြီး ဦးခေါင်းတွင် ပုဝါအဖြူကိုပေါင်းထားသည့် ဝါးစိမ်းတောင်ဝှေးတချောင်းကိုင်ထားသည့် အဘိုးတယောက် ရုတ်ချည်းဆိုသလိုပေါ်လာပြီး ဘိုးတော်ပေ၏ပခုံးကိုသူ၏တောင်ဝှေးဖြင့် ညင်သာစွာတို့ထိပြီး ခေါ်လေသည်။ဘိုးတော်ပေသည် သူ၏ပခုံးကို တစုံတခုလာထိတွေ့သည်ဟုခံစားနေရသောကြောင့် ပုတီးစိတ်နေရာမှဖြုတ်လိုက်ပြီး အနောက်သို့လှည့်ကြည့်လိုက်ရာ ဆိုခဲ့ပြီးသော အဘိုးအိုကိုအား မြင်တွေ့လိုက်ရသဖြင့် များစွာအံ့ဩလို့နေလေသည်။
သူမြင်တွေ့လိုက်ရသောအဘိုးအိုသည် ဘိုးတော်ပေကိုပြုံးပြကာ အနောက်သို့ပြန်လှည့်ပြီး ဘုရားပရဝဏ်အပြင်ဖက်သို့လမ်းလျှောက်ထွက်သွားလေသည်။ထို့နောက် အဘိုးအိုသည် ဘိုးတော်ပေကိုလှည့်ကြည့်လိုက်ပြီးနောက် ကိုင်ထားသောဝါးစိမ်းတောင်ဝှေးနှင့် ယပ်ပြီးခေါ်နေလေသည်။ထို့ကြောင့် ဘိုးတော်ပေသည်လည်း စေတီအားရှိခိုးဦးချလိုက်ပြီးနောက် အဘိုးခေါ်ရာဆီသို့ လိုက်သွားလိုက်သည်။အနားရောက်သော် အဘိုးအိုမှာ ဘိုးတော်ပေကိုပြုံးလျက်ကြည့်လိုက်ပြီး
“လူလေး မင်းကို ဆိုင်ရာက အပ်နှင်းစရာရှိလို့ အဘိုးလာခဲ့တာ”
“ဗျာ အဘိုး အဘိုးပြောတာ ကျုပ် နားမလည်ဘူး ”
“လူလေးက အထက်ဝိဇ္ဇာတွေရဲ့မေတ္တာကိုပါ ရထားပြီဆိုတော့ အထက်လမ်းဆရာတွေမှာရှိသင့်တဲ့ အစောင့်အရှောက်တွေကို လူလေးကိုပေးမယ်ကွယ့် ”
ထူးဆန်းသောအဘိုးအို၏စကားကြောင့် ဘိုးတော်ပေအံ့သြလို့နေလေသည်။သူသည် အဘိုးအိုအား မည်သို့ပြန်ပြောရမည်မှန်းမသိဖြစ်နေချိန် အဘိုးအိုမှ ဆက်လက်၍စကားဆိုလာလေသည်။
“လူလေး မင်းအနေနဲ့ ရသင့်ရထိုက်တဲ့အစောင့်ရှောက်ကို အဘိုးတို့ ပေးမယ်ကွယ့် ကဲ ကဲ ဓားပိုင် မင်းတာဝန်ထမ်းဆောင်ရမဲ့ ဆရာသမားကို ဂါရဝပြုလိုက်ကွယ် ”
အဘိုးအို၏စကားဆုံးသည်နှင့် ဘုရားပရဝဏ်အပြင်ဖက်တွင် ရတနာကျောက်စီဓားကိုလွယ်ထားပြီး ပိုးသားအင်္ကျီဝတ်ထားသည့် လူရွယ်တယောက်ပေါ်လာလေသည်။ထို့နောက် ဘိုးတော်ပေ၏ရှေ့တွင် ဒူးထောက်ခစားလို့နေသည်။အဘိုးအိုသည် ဘိုးတော်ပေကိုကြည့်လိုက်ပြီး
“လူလေး မင်းက အရွယ်ငယ်ပေမဲ့ ဘိုးတော်ဆိုတဲ့ အထက်လမ်းဆရာတယောက်ရဲ့ အကျင့်သီလကိုထိန်းနိုင်တယ် ဝိဇ္ဇာတွေရဲ့မျက်နှာသာပေးမှုကိုလည်း ရတယ် အဲ့တာကြောင့် လူလေးဆီမှာအမှုထမ်းမဲ့ ဓားပိုင်ကိုအဘိုးတို့တာဝန်ပေးလိုက််တယ် လူလေး ငါးပါးသီလချိုးဖောက်တဲ့တနေ့ကြရင် လူလေးဆီမှာအမှုထမ်းတဲ့သူတွေ အကုန်ဖယ်ခွာသွားမယ်ဆိုတာကိုသတိရပါ”
“ဟုတ်ကဲ့ အဘိုး ကျုပ် ငါးပါးသီလကို ခါးဝတ်ပုဆိုးလိုမြဲမြံအောင် စောင့်ထိန်းပါ့မယ် ”
“သာဓု သာဓု သာဓု ကဲ လူလေးဆီမှာ နောက်ထပ်အမှုတော်ထမ်းမဲ့သူတယောက် ရှိသေးတယ်ကွယ့် ကြိုးပိုင် သင် တာဝန်ထမ်းဆောင်ရမဲ့ ဆရာသမားကိုလာပြီးတော့ ဂါရဝပြုပါကွယ်”
အဘိုးအို၏စကားဆုံးသည်နှင့် ဘိုးတော်ပေ၏ရှေ့တွင် ရွှေရောင်ကြိုးတခွေကို စလွယ်သိုင်းထားသောလူရွယ်မှာ ဘိုးတော်ပေအား ဒူးထောက်ပြီးဂါရဝပြုလာပြန်လေသည်။ပြီးလျှင်အဘိုးအိုသည် ဓားပိုင်လူရွယ်နှင့် ကြိုးပိုင်လူရွယ်တို့အား အေးဆေးသောလေသံနှင့် အမှာစကားဆိုလေသည်။
“ကဲ ဓားပိုင်နဲ့ ကြိုးပိုင် သင်တို့နှစ်ယောက် သင်တို့ရှေ့က ဘိုးတော်လေးဆီမှာ အမှုထမ်းရမယ် ကြားလား”
“အမိန့်အတိုင်းပါ အဘိုး”
“ကောင်းပြီ ကဲ သင်တို့ဆရာကို နှုတ်ဆက်လိုက်ပါဦး ”
အဘိုးမှ ထိုသို့ပြောလိုက်သည်နှင့် ဓားပိုင်နှင့် ကြိုးပိုင်တို့ သည် ဘိုးတော်ပေအားလက်အုပ်ချီလိုက်ပြီး
“ဆရာသခင်ဆီမှာ တာဝန်ထမ်းဆောင်ပါ့မယ် သရဲ တစ္ဆေ ဖုတ်ပြိတ္တာ အသူရကယ် နာနာဘာဝ စုန်းကဝေ ဇော်ကနီ ဇော်ဂနက်တွေနဲ့ရင်ဆိုင်ရာမှာ ကျွန်တော်မျိုးတို့ကို အမိန့်ပေးခိုင်းစေနိုင်ပါတယ် ”
“ကောင်းပါပြီ သင်တို့ သင်တော်ရာမှာ နေနိုင်ပါတယ် ”
ဘိုးတော်ပေထိုသို့ပြောလိုက်သောအခါ ဓားပိုင်နှင့် ကြိုးပိုင် သည် ဘိုးတော်ပေနှင့် အဘိုးတို့ကို လက်အုပ်ချီနှုတ်ဆက်လိုက်ပြီးနောက် မြင်ကွင်းမှပျောက်ကွယ်လို့သွားလေသည်။ထိုအခါမှ ထူးဆန်းသောအဘိုးသည် ဘိုးတော်ပေကိုကြည့်လိုက်ပြီး
“လူလေး မင်းကို အဘိုးတို့ ဓားပိုင်နဲ့ ကြိုးပိုင် ပေးလိုက်ပြီအခုလို သီလသမာဓိနဲ့တည်အောင် သိက္ခာရှိိရှိကြိုးစားပါ မကြာခင် ဆင်ပိုင်နဲ့ လှံပိုင်ကိုပါ ရပါလိမ့်မယ် တခုတော့ရှိတယ်ကွယ့် အရာအားလုံးကို မေတ္တာနဲ့သာ အနိုင်ယူပါကွယ် အင်မတန်ဆိုးသွမ်းတဲ့ ရန်သူတွေနဲ့တွေ့မှသာ ပညာရပ်တွေကိုသုံးပြီးနှိမ်နင်းပါ”
“စိတ်ချပါ အဘိုး ကျုပ်အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်ခင်ဗျ”
“ကောင်းပါပြီ လူလေး လောကီလောကုတ္တရာနှစ်ဖြာလုံးအကျိုးပြုနိုင်တဲ့ ဆရာာကောင်းသမားကောင်းဖြစ်ပါစေကွယ်”
အဘိုးအိုသည် ဘိုတော်ပေအားထိုသို့ဆုတောင်ပေးလိုက်ပြီးနောက် တိမ်ဆိုင်များပြိုသွားသည့်နှယ် တဖြည်းဖြည်းဝေ့ဝါးပျောက်ကွယ်သွားပါလေတော့သည် ။
◾အခန်း (၅)
ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့သည် လှည်းလမ်းဘေးရှိ လူသွားလမ်းလေးတွင် လမ်းလျှောက်လို့နေသည်။သစ်ပင်သစ်ရိပ်များရှိသည်မို့ လှည်းလမ်းထက်စာလျှင် အရိပ်ပိုရလေ သည်။ဘိုးတော်ပေသည် ရှေ့မှလမ်းလျှောက်ပြီး မောင်မောင် ကျော်သည်ကား နောက်မှလျှောက်လို့နေသည်။ထို့နောက် မောင်မောင်ကျော်သည် ရှေ့မှဆရာသမားဖြစ်သူအား စကားဆိုလိုက်လေသည်။
“မနေ့ညက ဘုရားကုန်းပေါ်မှာ ဘိုးတော်လေး တယောက်ယောက်နဲ့ စကားပြောနေသလားလို့ ”
“ဟုတ်တယ် မောင်ကျော် ကျုပ်စကားမစပ်မိလို့ မပြောဖြစ်တာ”
“ကျုပ် ကြားလိုက်တယ် ဘိုးတော်လေးတို့ အနှောက်အယှက်ဖြစ်မှာစိုးလို့သာ ကျုပ် ပုတီးဆက်စိတ်နေတာ ”
“မောင်ကျော် ကျုပ်အဆင့်တက်သွားပြီ ”
“ဗျာ ”
ဘိုးတော်ပေမှ အဆင့်တက်သွားပြီဟုဆိုလိုက်သောအခါ မောင်မောင်ကျော်မှာ အတော်အံ့သြဝမ်းသာလို့နေသည်။ဘိုးတော်ပေသည်လည်း နောက်သို့ပြန်လှည့်ကြည့်လာပြီး
“ဓားပိုင်နဲ့ ကြိုးပိုင်ကို ကျုပ်ဆီမှာအမှုတော်ထမ်းဖို့ အထက် က တာဝန်ပေးလိုက်တယ် ”
“ကောင်းတာပေါ့ ဘိုးတော်လေးရယ် တချို့ကိစ္စတွေဆို ကျုပ်တို့ဘာသာပဲ ဖြေရှင်းလို့ရတာပေါ့”
“အင်း ကျုပ်တို့ရဲ့အကျင့်သီလပေါ်မှာပဲ မူတည်တယ် မောင်ကျော် တကယ်လို့ ကျုပ်အနေနဲ့ သီလပျက်ရင် ကျုပ်အပါးမှာခစားနေတဲ့ အစောင့်ပုဂ္ဂိုလ်တွေကလည်း ဖယ်ခွာသွားကြမှာပဲ ”
“ဟုတ်ကဲ့ ကျုပ်လည်း သီလလုံအောင် စောင့်ထိန်းပါ့မယ် ”
“အတူတူပါပဲ မောင်ကျော်ရေ အဆင့်တခုရောက်လေလေ သီလပိုပြီး ထိန်းရလေပါပဲ ”
ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့သည် အကျင့်သီလအကြောင်းကိုပြောဆိုဖြစ်သွားကြပြီး ရှေ့ဆင့်နောက်ဆင့်လမ်း ဆက်လျှောက်လို့နေသည်။များမကြာသောအချိန်တွင်တော့ သူတို့လမ်းလျှောက်နေသည့် လမ်းနှင့် မလှမ်းမကမ်းရှိ သစ်တောတခုအတွင်းမှ လူတယောက်၏စူးစူးဝါးဝါးအော်သံကို အတိုင်း သားကြားလိုက်ရ၍ ထိုသစ်တောဆီသို့ ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့ ခြေဦးလှည့်လိုက်ကြသည်။ကူပါ ကယ်ပါနှင့်တစာစာအော်နေသော ထိုအသံသည် သူတို့နှင့် အတော်နီးကပ်သည့် နေရာကိုရောက်လာချိန်တွင်တော့ သူတို့နှစ်ယောက်သည်မြင်လိုက်သည့်မြင်ကွင်းကြောင့် အံ့ဩမှင်သက်သွားရသည်။ အကြောင်းမှာ လူကြီးတယောက်၏လက်ဖြင့်တိုင်းတာလျှင် ကိုးတောင်မျှရှိမည့်ကျားကြီးတကောင်သည် သူနှင့်မလှမ်းမ ကမ်းမှ ကယ်ပါယူပါတစာစာအော်နေသောလူရွယ်အားခုန်အုပ်ရန် ချောင်းမြောင်းလို့နေသည်။လူရွယ်သည်ကား လက်ထဲမှကိုင်ထားသော ဓားမြှောင်လေးဖြင့် ကျားကြီးခုန်ဝင်လာပါက တိုက်ခိုက်နိုင်ရန်အသင့်ပြင်ထားပြီး ကျွန်းပင်ကြီး၏ပင်စည်အား ကိုယ်နှင့်ကပ်ထားပြီး အကူအညီရလိုရငြားအော်ဟစ်လို့နေပေသည်။ဘိုးတော်ပေနှင့် မောင်မောင်ကျော်သည် ယခုကဲ့သိုကြီးမားသောကျားကြီးကိုမမြင်ဖူးသောကြောင့် ကြောင်ငေးနေမိသည်။ဆယ့်နှစ်ပေခန့်ရှည်လျားသောခါးလျားနှင့် မြင့်မားသည့် အရပ်တို့အပြင် ထက်မြနေသည့် သွားစွယ်တို့သည်ကားအသည်းငယ်သူအဖို့ နောက်လှည့်မကြည့်ပဲ တန်း၍ပြေးစေမည်သာ။ခဏအကြာ ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့နှစ်ယောက်သည် သတိဝင်သွားပြီး သူတို့နှင့် မလှမ်းမကမ်းရှိကျွန်းပင်စည်၌ ကြောက်အားလန့်အားနှင့်ကပ်ထားသော လူရွယ်အနားသွားလိုက်ပြီး
“ကိုယ့်လူ ကျုပ်တို့ရောက်လာပြီ”
“ဟို ဟိုကျားကြီးက အကြီးကြီးရယ်”
“စိတ်လျှော့ထားပါဗျ ကဲ မောင်ကျော် ခင်ဗျား ဒီလူကို စောင့် ရှောက်ထား ကျုပ် ဟိုကျားကြီးကို မောင်းထုတ်လိုက်မယ်”
ဘိုးတော်ပေသည် မောင်မောင်ကျော်အား ထိုသို့ပြောပြီးသည်နှင့် ကျားကြီးရှိရာသို့တိုးဝင်သွားမည်ပြင်ရာ မောင်မောင်ကျော်သည် ဆရာသမားဖြစ်သူအား သတိပေးစကားပြောကြားလိုက်လေသည်။
“ဘိုးတော်လေး ကျားကြီးက သာမာန်ကျားမဖြစ်နိုင်ဘူး ကျုပ်တသက် ဒီလောက်ကြီးတဲ့ကျားကို မမြင်ဖူးဘူး”
“ကျုပ်လည်း ထင်ပါတယ် ဒါအတတ်ပညာတခုခုနဲ့ ပြုလုပ်ထားတဲ့ကျားပဲဖြစ်ရမယ် စိတ်မပူနဲ့ မောင်ကျော် ကျုပ်တို့ ဒီကောင်ကြီးကို နိုင်ပါတယ်”
ဘိုးတော်ပေသည် ထိုမျှသာပြောပြီး ကျားကြီးနှင့် အတော်နီးကပ်သောနေရာသို့ သွားလိုက်လေသည်။ကျားကြီးမှာဖြင့် သူ့ဆီသို့ တိုးကပ်လာသောဘိုးတော်ပေကိုကြည့်ပြီး ကျယ်လောင်စွာအော်ဟစ်မာန်ဖီလိုက်ပြီးနောက် ခုန်အုပ်မည့်ဟန်ပြင်လေ၏။ထိုအခါ ဘိုးတော်ပေသည်
“ကြိုးပိုင် ဒီကျားကို သင့်ကြိုးနဲ့ တုတ်ထားစမ်း”
သူ့စကားဆုံးသည်နှင့် ခုန်အုပ်မည့်ဟန်ပြင်နေသည့် ကိုးတောင်ပြည့်ကျားကြီးမှာ သူ့အား ခုန်အုပ်လာလေသည်။သို့ပေမဲ့ ကျားကြီး ဘိုးတော်ပေအနီးရောက်လုလုတွင် ကျားကြီး၏ ရှေ့လက်အစုံမှာ တစုံတခုမှ နောက်သို့ ကြိုးနှင့်ဆွဲချလိုက်သကဲ့သို့ နောက်သို့လန်ထွက်သွားလေသည်။ထိုအဖြစ်အပျက်ကြောင့် ကျားကြီးသည် မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် တုန်းလုံးလဲသွားပြီး ဘိုးတော်ပေအား မယုံမကြည်နိုင်သည့်မျက်လုံးတို့ဖြင့်ကြည့်နေပြီးနောက် နောက်သို့လှည့်ကာ တောအုပ်ထဲသို့ဝင်ရောက်ပြေးထွက်သွားလေသည်။ထိုအဖြစ်အပျက်ကြောင့် အသက်ဘေးမှလွတ်သွားသောလူရွယ်နှင့် မောင်မောင်ကျော်တို့သည် ဘိုးတော်ပေ၏အစွမ်းကို အံ့ဩမှင်သက်လို့နေသည်။ ထို့နောက် သူတို့နှစ်ယောက်သည် ဘိုးတော်ပေအနားသို့လှမ်းလာကာ လူရွယ်မှ ဘိုးတော်ပေ၏ရှေ့တွင်ထိုင်လိုက်ပြီးကန်တော့ကာ လက်အုပ်မိုးလို့စကားဆိုလာလေသည်။
“ဘိုးတော် ကျုပ်အသက်ကိုကယ်လိုက်တာပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ ကျုပ်မှာ ဘိုးတော်လေးပေးတဲ့အသက်ပဲရှိပါတော့တယ် ”
“ရပါတယ် ကိစ္စမရှိပါဘူး ဒီတောအနေအထားနဲ့ ဒီလောက်ကြီးတဲ့ကျားမရှိလောက်ပါဘူး ခင်ဗျားဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျုပ်တို့ကို ပြောပြလို့ရမလား”
“ရတာပေါ့ဗျာ ဒါ သာမာန်ကျားမဟုတ်ဘူးဗျ စုန်းမကြီးရဲ့တပည့် စုန်းတကောင်ပဲ ”
လူရွယ်၏စကားကြောင့် ဘိုးတော်ပေသည် ထိုလူငယ်အားစူးစိုက်ကြည့်လိုက်ပြီး
“ဒီကျားက သာမန်ကျားမဟုတ်ဘူးဆိုတာ ခင်ဗျား ဘယ်လိုသိသလဲ ”
“သိတာပေါ့ဗျာ ကျုပ်ကိုသတ်ချင်နေတဲ့ စုန်းမကြီးတကောင်ရှိတယ် သူ စုန်းမမှန်း ကျုပ်သိနေတော့ ကျုပ်ကို နှုတ်ပိတ်ဖို့လုပ်တာလေ ”
လူရွယ်၏စကားကြောင့်မောင်မောင်ကျော်နှင့် ဘိုးတော်ပေတို့သည် ထိုလူငယ်အားစိတ်ဝင်စားသွားပြီး လူငယ်အား အကျိုးအကြောင်းမေးကြည့်လိုက်ရာ လူရွယ်သည် ထိန်တောအနောက်ရွာမှ စိန်လွင်ဆိုသူဖြစ်ပြီး ကျွဲငှားသည့်ကိစ္စဖြင့် သူ့အား စုန်းမကြီးဒေါ်သူဇာမှ သတ်ဖို့လုပ်သည့်ကိစ္စများကိုပါသိလိုက်ရလေသည်။
“ဒီစုန်းမကြီးက တရွာလုံးကို ဒုက္ခပေးနေတာဗျ သူ့ကြောင့်သေခဲ့ရတဲ့သူတွေလည်း များနေပြီ ကျုပ်တို့ရွာနီးချုပ်စပ်က သူ့ကိုပဲ ကြောက်နေရတာ ”
“အဲ့လောက်တောင်ပဲလား”
“အဲ့ဒီထက်တောင် ဆိုးပါသေးတယ် ကျုပ်သတင်းကြားတာတော့ ကိုယ်ဝန်သည်တွေရဲ့ဗိုက်ထဲက ကလေးဆယ်ယောက်ကို သူ စားတော့မယ်ဆိုတာပဲ အဲ့ဒီကိစ္စ ကျုပ်သိထားတယ်လေ အဲ့တာကြောင့် ကျုပ်ကို လက်စဖျောက်ချင်နေတာ”
စိန်လွင်၏စကားကိုအတည်ထင်သွားသော ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့သည် ဆိုးသွမ်းနေသည့် စုန်းမကြီး ဒေါ်သူဇာအား နှိမ်နှင်းပစ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါလေတော့သည်။
◾အခန်း (၆)
ရှေးကျသောအိမ်ကြီးတလုံး၏အပေါ်တွင် ကျက်သရေရှိလှသောအမျိုးသမီးကြီးတဦး ထိုင်နေသည်။ထိုအမျိုးသမီးကြီးမှာ ဒေါ်သူဇာပင် ဖြစ်လေသည်။သူမသည် ရှေ့တွင်တော့ မျက်နှာမသာယာနှင့်ထိုင်နေသည့် လူရွယ်တယောက်အား တွေ့ရပေသည်။
ဒေါ်သူဇာသည် သူ၏ရှေ့တွင်ရှိနေသောလူငယ်အား စူးစိုက်ကြည့်လိုက်ပြီးနောက် လေးနက်တည်ကြည်စွာနှင့်မေးလိုက် လေ၏။
“ဘယ်လိုဖြစ်ရတာလဲ ငတာရဲ့ပြောစမ်းပါဦး နင်လိုရုပ်ပြောင်းရုပ်လွှဲတတ်တဲ့ စုန်းတယောက်က လမ်းသွားလမ်းလာ လူတယောက်ကိုတောင် နိုင်အောင်မတိုက်နိုင်ခဲ့ဘူးလား ”
“ပြောရင်လည်း ခံရမှာပဲ အမကြီး အဲ့ဒီလူက သာမာန်တော့မဟုတ်ဘူး ဘိုးတော်တယောက်ဗျ ကျုပ် သူ့ကိုခုန်အုပ်ဖို့လုပ်ပါသေးတယ် ဒါပေမဲ့ ကျုပ်ကို တယောက်ယောက်က ကြိုးနဲ့ဆွဲထားတာဗျ ”
“နင်ပြောချင်တာက အဲ့ဒီကောင်မှာ ကြိုးပိုင်ရှိတယ်လို့ဆိုတဲ့ သဘောလား ”
“ဟုတ်တယ် အမကြီး အဲ့ဒီလူမှာ ကြိုးပိုင််ရှိနေတယ် ”
ငတာဆိုသောလူရွယ်၏စကားကြောင့် ဒေါ်သူဇာ မည်သည့်စကားမှမပြောပဲ ငြိမ်သက်လို့နေလေသည်။စိန်လွင်ဆိုသောလူယုတ်မာအား အလွတ်ပေးလို့မဖြစ်ပေ။စိန်လွင်သည် ယုတ်မာသည်။အပြောကောင်းသည်။ဖားတတ်သည်။ပေါင်းတတ်သင်းတတ်သည်။ထို့ကြောင့် အကြောင်းမသိသေးသူများသည် စိန်လွင်အား လူကောင်းဟုထင်မိမှာသေချာသည်။ကျွဲအငှားချသည့်ကိစ္စတင်သာမက သူမ၏တူမဖြစ်သူအား ခြေတော်တင်ရန်ကြိုးစားသောလူယုတ်မာအား လူ့လောကထဲတွင် နေခိုင်းဖို့ရာမသင့်ပေ။မွေးကတည်းက တတ်မြောက်ထားသောစုန်းပညာအားအသုံးမချလို၍ ဆွေမျိုးမကင်းသော စုန်းပညာသည်တယောက်အား တိုက်ခိုက်ခိုင်းသော်လည်း အမှတ်မထင် ကယ်တင်မည့်သူပေါ်လာသောကြောင့် အလုပ်မဖြစ်ခဲ့ပေ။ထို့ကြောင့် ကိုယ်တိုင်တိုက်ရန်သာ ရှိတော့သည်။ဘယ်လိုအ ကြောင်းနှင့်ဖြစ်စေ လူယုတ်မာစိန်လွင်အား လွှတ်ပေးဖို့ရာမဖြစ်နိုင်ပေ။ထို့ကြောင့် ဒေါ်သူဇာသည် သူမ၏တူမသုံးယောက်အား ခေါ်လိုက်ပြီး အနားသို့ လာစေသည်။
“ကဲ ညည်းတို့ကို ငါ မှာစရာရှိတယ် စိန်လွင်ဆိုတဲ့ ကောင်က ငါ့ကျွဲနှစ်ကောင်ကိုလည်း သတ်တယ် မိကျော့ကိုလည်း စော်ကားဖို့ကြံတယ် ဒင်းကို လူလောကထဲမှာ ထားဖို့မသင့်တော့ဘူး”
“ဟုတ်တယ် ဒေါ်လေး ဒီကောင့်ကိုထားလို့ မဖြစ်တော့ဘူး တော်တော်ယုတ်မာတဲ့ကောင်”
“နင်တို့ကြားတဲ့အတိုင်းပဲ သူ့ကိုကာကွယ်ပေးမဲ့ အထက်လမ်းဆရာတယောက်က ပေါ်လာပြီ အဲ့တော့ ငါ ဒီကောင်ကိုလွယ်လွယ်နဲ့တော့ တိုက်လို့ရမှာမဟုတ်ဘူး သူသေကိုယ်သေတိုက်မှပဲ ရတော့မယ် ”
“ဒေါ်လေး အဲ့လိုလုပ်လို့မရဘူးလေ ဒေါ်လေးမရှိရင် ကျမတို့က ဘယ်လိုလုပ်ရမှာလဲ ”
ဒေါ်သူဇာ၏တူမများထဲမှ အငယ်ဆုံးတူမတယောက်မှ ထိုသို့ပြောလာခြင်းဖြစ်သည်။ကျန်နှစ်ယောက်သည်ကား
“ဒေါ်လေး ကျမတို့လည်း ဝင်တိုက်မယ် ဒေါ်လေးတယောက်တည်း တိုက်စရာမလိုပါဘူး”
“ဟုတ်တယ် ကျမတို့လည်း ရှိနေတာပဲ ”
တူမများ၏စကားကြောင့် ဒေါ်သူဇာပြုံးလိုက်သည်။စုန်းတယောက်သည် တတ်ပြီးသားပညာကိုပို၍တက်စေလိုက အရင်ဆုံး သံယောဇဥ်တို့ကိုဖြတ်တောက်ပစ်ရသည်။ထိုအခါမှသာ သနားကြင်နာခြင်းကင်းပြီး ရက်စက်သောစုန်းတယောက်ဖြစ် လာမည်မဟုတ်ပါလား။သာမာန်အမှောင်ပညာတတ်မြောက်ထားရုံနှင့်တော့ အထက်လမ်းဆရာများကို ယှဥ်တိုက်နိုင်မည့်စုန်းတကောင်ဖြစ်နိုင်မည်မဟုတ်ပေ။ထို့ကြောင့် ဒေါ်သူဇာသည် သံယောဇဥ်တို့ကိုဖြတ်တောက်လိုက်ပြီးနောက် တူမသုံးယောက်အား အလုပ်သမားများနှယ် စတင်ဆက်ဆံလေသည်။
နင်တို့ အပေါက်တွေပိတ်ထား အခုချိန်ကစပြီး ငါပြောတာကိုပဲနားထောင် ငါခိုင်းတာပဲ လုပ် ဘာစောဒကမှ မတက်နဲ့ ကြားလား ”
ရုတ်တရက်အချိုးပြောင်းသွားသော အဒေါ်ဖြစ်သူကြောင့် တူမသုံးယောက်မှာလည်း ကြောင်ငေးကြည့်နေကြသည်။ ထို့နောက် သူတို့သည် ဦးခေါင်းများကိုငုံ့ထားရင်းက မည်သည့်စကားမှမပြောတော့ပဲ ဒေါ်သူဇာပြောလာမည့်စကားများကိုသာ နာခံရန် အသင့်ပြင်ထားလိုက်လေသည်။
“ကဲ နင်တို့တွေ ငါ့အတွက် နွားမတမ်းဆယ်ကောင်ရှာခဲ့ မနက်ဖြန်ပဲ ရအောင်လုပ်ပေး ငါ့စုန်းပညာတွေ ပြန်အဆင့်မြှင့်မယ် ”
“ဟုတ် ဟုတ်ကဲ့ပါ ”
ဤသို့ဖြင့် ခန့်ညားပြီး လေးစားဖွယ်ကောင်းသော ဒေါ်သူဇာ၏ရုပ်သွင်သည် တမဟုတ်ချင်းပင် ကြောက်စရာအသွင် သဏ္ဍာန်တဖြည်းဖြည်းပေါ်လာပါလေတော့သည် ။
◾အခန်း (၇)
တံလျှပ်ရွာနှင့် ထိန်တောအနောက်ရွာကြားရှိ တောင်ယာထဲတွင် တဲတလုံးရှိလေသည်။ထိုတဲသည် စိန်လွင်ဆိုသောလူရွယ်နေထိုင်သည့် တဲဖြစ်သည်။ယခု ထိုတဲပေါ်တွင်တော့ ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့ပါ ရောက်ရှိနေလေသည်။စိန်လွင်သည် မပြည့်မစုံဖြစ်နေသည့်ကြားမှ စားစရာသောက်စရာများကိုကြံဖန်ပြီးဧည့်ခံနေလေရာ ဘိုးတော်ပေတို့နှစ်ယောက်မှာ များစွာအားနာရလေသည်။ထိုသို့အားနာနေသည်ကိုအကဲခတ်မိသော စိန်လွင်မှာ အကြံသမားပီပီ ဒေါ်သူဇာအားအပေါ် ပို၍ ဒေါသထွက်စေမည့်စကားများအား လီီဆယ်၍ပြောပါလေ တော့သည်။
“ကျုပ်တယောက်တည်း ဒီလိုဖြစ်နေတာမဟုတ်ပါဘူး ဘိုးတော်လေး တခြားသူတွေကိုလည်း ကျုပ်လိုပဲ စုန်းမကြီးက သူသဘောမကျတဲ့သူဆိုရင် သတ်ပစ်တာ မသတ်ချင်ရင်တော့အခုလို ရွာကနေ နှင်ထုတ်တယ်ဗျ ”
“အဲ့လောက်တောင် ဆိုးသလားဗျာ ”
“ဆိုးတာပေါ့ ဆရာလေးရာ ကျုပ်အဖေနဲ့အမေကိုလည်း ဒင်းက သွေးအန်အောင်လုပ်ပြီးသတ်ပစ်ခဲ့တာ ”
ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့သည် စိန်လွင်၏ တဖက်သတ်စကားများကိုနားထောင်ပြီးနောက် ဒေါ်သူဇာအား ကြောက်စရာစုန်းမကြီးတကောင်အဖြစ် မြင်မိနေကြသည်။သူတို့အနေဖြင့် ထိုသို့ထင်မြင်သည်မှာလည်း မှားသည်ဟုမဆိုသာပေ။အဘယ့်ကြောင့်ဆိုသော စိန်လွင်အားတိုက်ခိုက်နေသည်ကို မြင်ခဲ့ရသော မကောင်းဆိုးဝါးကျားကြီးကြောင့်ဖြစ်သည်။ထိုသို့ ကျားဆိုးနှင့်အတိုက်ခိုက်ခံလိုက်ရသည်ကိုမြင်လိုက်ရသောကြောင့်လည်း စိန်လွင်အား တခြားသောသံသယများမဖြစ်ခဲ့ခြင်းဖြစ်သည်။
“ဘိုးတော်လေး ကျုပ်တို့တွေ စုန်းမကြီးကိုနှိမ်နှင်းမှရမယ် ထင်တယ် ”
“စိတ်ချပါ လူသားတွေကို ကောင်းကျိုးမပြုတဲ့စုန်းမကိုကျုပ်တို့နှစ်ယောက် နှိမ်နင်းပေးမှာပါ”
“ကျေးဇူးတင်လိုက်တာဗျာ ကျုပ်က လက်စားချေချင်တာမဟုတ်ပါဘူး ကျုပ်လိုအဖြစ်မျိုး နောက်ထပ် ထပ်မဖြစ်စေချင်တာပါ ဘိုးတော်လေးရာ ကျုပ်အဖေနဲ့အမေသာရှိရင် သူတို့လည်း ဝမ်းသာသွားမှာ ”
“စိတ်ချပါ အဲ့ဒီစုန်းမကြီးကို ကျုပ် နှိမ်နင်းပေးပါ့မယ် ”
“ကျေးဇူးတင်လိုက််တာဗျာ ဘိုးတော်လေးတို့ စားပါခင်ဗျ ”
ဘိုးတော်ပေတို့နှစ်ယောက်အား ကောင်းမွန်စွာဧည့်ခံပြီးနောက် စိန်လွင်သည် အလုပ်သွားရးလုပ်ဦးမည်ဟုဆိုကာ ဘိုးတော်ပေအား ခွင့်တောင်းလာလေသည်။
“ဘိုးတော်လေး ကျုပ် အလုပ်သွားလိုက်ဦးမယ် ”
“ခင်ဗျားကို ထပ်ရန်ရှာနေပါဦးမယ် ”
“ရှာလည်း မတတ်နိုင်ဘူးဗျာ ကျုပ်တို့က အလုပ်လုပ်မှ ထမင်းစားရမှာမို့ပါ ”
“ခင်ဗျားအသက်ဘေးကနေ လွတ်လာတာတောင်မကြာသေးဘူး စုန်းကဝေဆိုတာ အညိုးကြီးတယ်ဗျ ခင်ဗျားကို အလွတ်ပေးမှာမဟုတ်ဘူး ”
“မတတ်နိုင်ဘူး ဘိုးတော်လေးရယ် ကျုပ်မသေရင်တော့ ပြန်လာခဲ့ပါမယ် တကယ်လို့သာ ကျုပ်ပြန်မလာခဲ့ဘူးဆိုရင်တော့ ဘိုးတော်လေးတို့ ဟိုစုန်းမကြီးကို နှိမ်နှင်းပေးပါဗျာ ”
အတော်စိတ်မကောင်းဖြစ်နေသည့်ဟန်နှင့်စကားဆိုနေသော စိန်လွင်အား ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့နှစ်ယောက်အကဲခတ်ကြည့်ပြီးနောက် တယောက်မျက်နှာတယောက်ကြည့်လိုက်ပြီး ဘိုးတော်ပေမှ ခေါင်းကိုညိတ်လိုက်ကာ
“ဝမ်းတထွာအတွက်ပဲလေ လုပ်ရမှာပေါ့ ကျုပ်တို့ကတော့ ဒီကနေပဲ ခင်ဗျားကိုဘေးရန်ကင်းဖို့ ဆုတောင်းပေးပါ့မယ် ”
“ကောင်းပါပြီ ကျုပ် သွားလိုက်ဦးမယ်ဗျာ ”
ဘိုးတော်ပေနှင့် မောင်မောင်ကျော်သည်လည်း ခေါင်းညိတ်ပြီးတုန့်ပြန်လိုက်ရာ စိန်လွင်သည် သူ၏ဝါးဖတ်ခမောက်လေးကိုဆောင်းပြီး တဲအပြင်သို့ထွက်ခွာသွားလေသည်။စိန်လွင်အတော်အဝေးဝေးသို့ရောက်သွားသောအခါ မောင်မောင်ကျော်သည် ဘိုးတော်ပေအား စကားဆိုလိုက်လေသည်။
”ဘိုးတော်လေး စိန်လွင်ကိုကြည့်ရတာ မူမမှန်ဘူးနော် ”
“ကျုပ်လည်း တွေးမိပါတယ် သူ ကျုပ်တို့ကိုအသုံးချချင်နေတာဆိုတာ သတိထားမိတယ် မောင်ကျော်က စုံထောက်လုပ်ခဲ့ဖူးတယ်ဆိုတော့ ဒီကိစ္စကို မောင်ကျော် စုံစမ်းသင့်လိမ့်မယ်ထင်တယ်”
“ကျနော်လည်း အဲ့လိုပဲစဥ်းစားထားပါတယ် အဲ့တာဆို ကျုပ်ဒီနားက ရွာတွေကို စုံစမ်းလိုက်ဦးမယ် စိန်လွင်က ကျုပ်တို့ကို သူ့တဲမှာထားခဲ့ပြီး မသွားလောက်ဘူးထင်နေတာ ”
“ကဲ ကဲ မောင်ကျော်ရေ အချိန်သိပ်ဆွဲလို့မကောင်းဘူး ခင်ဗျား သွားစုံစမ်းတော့ဗျာ ကျုပ်ကတော့ ဒီကပဲ စောင့်မယ်”
“ဟုတ်ကဲ့ ဘိုးတော်လေး ”
ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့သည် လိုတာထက်ပိုသော စိန်လွင်၏စကားများကြောင့် များစွာသံသယဖြစ်နေ မိသည်။ယခုတော့ဖြင့် မောင်မောင်ကျော်သည် အနီးအနားမှ တံလျှပ်ရွာကိုသွားပြီး စုံစမ်းဖို့ရာ ထွက်သွားပြီဖြစ်လေသည်။
◾အခန်း (၈)
“ဟေ့ကောင်တွေ သောက်ကွာ စုန်းမကြီးက မကြာခင်အသေဆိုးနဲ့ သေတော့မှာကွ ”
“ဘာလို့တုန်း စိန်လွင်ရ ”
“စုန်းမကြီးလွှတ်လိုက်တဲ့ သူ့တူလားဘာလားမသိဘူး အဲ့ဒီ ကောင် ငါ့ကို လာသတ်သေးတယ် ကံကောင်းလို့မသေတာ ”
“အဲ့တာကြောင့် မင်းကိုပြောတာပေါ့ ငါတို့တဲမှာပဲ နေပါဆိုတာ မင်းက ဘာမှမဟုတ်တဲ့မှို သွားတိုးချင်နေတာကိုး ”
“အေးကွာ ဝါသနာပါတာကိုး ”
စိန်လွင်သည် ရွာမှ ဆိုးဖော်ဆိုးဖက်အပေါင်းသင်းများနှင့် တဲတလုံးတွင် အရက်သောက်ရင်းစကားပြောနေသည်။စိန်လွင်မှာ အတော်ကောက်ကျစ်သောလူဖြစ်သည့်အတွက် သူနှင့်ပေါင်းသင်းနေသောအပေါင်းအသင်းများမှာလည်း ထိုနည်းတူပင်ဖြစ်သည်။စိန်လွင်သည် ဒေါ်သူဇာ၏ကျွဲများကို မညှာမတာခိုင်းသည့်အပြင် တရားလွန်ရိုက်သောကြောင့် ကျွဲပိုင်ရှင်ဒေါ်သူဇာမှ ကျွဲများလာဆွဲသွားလေသည်။နှစ်ဝက်အထိခိုင်းပြီးဖြစ်သောကြောင့် နှစ်ဝက်ခိုင်းထားသော ကျွဲငှားခကိုပါတောင်းလေရာ စိန်လွင်သည် မပေးခဲ့ပေ။ထိုအကြောင်းအား ရွာမှ လူအများကြားသိသည်နှင့် သူ့အားပြစ်တင်ပြောဆိုကြသဖြင့် ကျွဲနှစ်ကောင်ကိုသတ်ရန်အတွက် ဒေါ်သူဇာ၏အိမ်တွင် မည်သူမှမရှိဘူးအထင်နှင့် ဒေါ်သူဇာ၏ခြံသို့ ခိုးဝင်လေသည်။ထို့နောက် သူငှားခဲ့ဖူးသော ကျွဲပေါက်ကြီးနှစ်ကောင်၏လည်မျိုအား အသင့်ယူလာသော ဓားမြောင်ဖြင့်ထိုးလေရာ သွေးစိမ်းများထွက်လာပြီး တင်းကုတ်ထဲတွင် ဝရုန်းသုံးကားဖြစ်လို့သွားသည်။ဒေါ်သူဇာ၏အိမ်ဝိုင်းမှာ အလွန်တရာကျယ်သည်က တကြောင်း ရွာအစွန်တွင် ရှိနေသည်က တကြောင်းမို့ ရွာသားများမှာ ယခုအဖြစ်အပျက်ကို မသိခဲ့ကြပေ။အိမ်ထဲတွင် တယောက်တည်းကျန်ခဲ့သော မိကျော့မှာ တင်းကုတ်ဆီမှ အသံကြား၍ တင်းကုတ်သို့သွားရန် အိမ်ထဲမှအထွက် စိန်လွင်ကိုမြင်လိုက်သည် နှင့် အံ့ဩသွားလေသည်။စိန်လွင်မှာဖြင့် မထူးဘူးဆိုသောစိတ်ရိုင်းတို့ဝင်လာကာ ဒေါ်သူဇာ၏တူမအငယ်ဆုံးဖြစ်သော မိကျော့ထံပြေးသွားကာ မတော်မတရားကျင့်ပြီး သတ်ပစ်ရန်ကြံလေသည်။ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်မှာပင် ဒေါ်သူဇာ၏ ကျွဲနွားများကိုထောက်လှမ်းပေးရသော ထွန်းတောက်ရောက်ရှိလာပြီး စိန်လွင်၏နောက်စေ့ကို တုတ်နဲ့ရိုက်လေ၏။ထို့နောက် စိန်လွင်သည် တံလျှပ်ရွာမှ လွတ်အောင်ထွက်ပြေးနိုင်ခဲ့လေသည်။သူ့လက်ချက်ကြောင့် ဒေါ်သူဇာ၏ကျွဲနှစ်ကောင်သေသွားပြီး တူမဖြစ်သူ ဒုက္ခရောက်ရန် အနည်းငယ်သာလို၏။ထိုအရေးကို ရွာလူကြီးထံတိုင်ပြီး စိန်လွင်အားဖမ်းပေးဖို့ ထွန်းတောက်နှင့် တူမများမှအကြံပေးသော်လည်း ဒေါ်သူဇာမှာ သက်ဆိုင်ရာကို မတိုင်ပဲ စိန်လွင်အား တချက်လွတ်အသေသတ်ရန်သာကြံစည်ထားလေ၏။စိန်လွင်အနေဖြင့် ကံကောင်းစွာနှင့်ပင် အသက်ဘေးကလွတ်ခဲ့ပြီး ယခုလည်း သူ၏အပေါင်းသင်းများနှင့် အရက်သောက်ရင်း စကားဆိုနေလေသည်။
“နေပါဦး စိန်လွင်ရ မင်းကိုကယ်ခဲ့တဲ့သူတွေ ဘယ်မတုန်း”
“ကြားတဲမှာလေကွာ ”
“ကြားတဲဆိုတာ တံလျှပ်ရွာနဲ့ တို့ရွာကြားထဲက ဦးသိန်းတဲလား”
“ဟုတ်တယ် ဦးသိန်းက သူ့သမက်နောက်လိုက်သွားတာလေကွာ ဒီတလတော့ သူ ပြန်လာအုံးမှာမဟုတ်ဘူး အဲ့ဒီတဲကို ငါ့တဲလိုလုပ်ပြီး ထားခဲ့တယ် ”
“မင်းကတော့ တကယ့်အကြံသမားပဲ ”
“ညာဏ်ကောင်းတာလို့ပြောစမ်းပါကွာ အထက်လမ်းဆရာနှစ်ယောက်က အသက်ခပ်ငယ်ငယ်ပဲကွ ဘိုးတော်ဆိုတဲ့လူက ငါ့ထက်တောင်ငယ်အုံးမယ် ပညာတော့ ကောင်းပါတယ် ဒူတူတူလေးတွေပါ”
“မင်း ဘယ်လိုကြံထားလဲ စိန်လွင် ”
“ဘယ်လိုကြံထားလဲဆိုတော့ မင်းတို့ မကြာခင်သိမှာပါကွာ ဒေါ်သူဇာ အဲ့ဒီဘိုးတော်ပေါက်စသတ်လို့ သေမလား ဘိုးတော်ပေါက်စပဲ ဒေါ်သူဇာသတ်လို့သေမလား တခုခုပဲ စောင့်ကြည့် မင်းတို့စိတ်ပါရင် လောင်းလို့တောင်ရတယ် ငါကတော့ ငါ့အသက်ကိုကယ်တဲ့ ဘိုးတော်ပေါက်စနိုင်မယ်လို့ထင်တယ်ကွာ ဟားဟားး”
အကြံသမားစိန်လွင်သည် ကျေးဇူးတရားကိုလုံးဝနားမလည်သူတယောက်ဖြစ်သည်။အသက်ကိုကယ်တင်ထားသော ကျေးဇူးရှင်ဘိုးတော်ပေအား ကျေးဇူးတရားမဆိုထားနှင့် အသက်သေဆုံးမှာကိုပင် ဂရုမစိုက်တတ်သောလူတယောက်ဖြစ်နေပါလေသည် ။
◾အခန်း (၉)
မောင်မောင်ကျော်တယောက် တံလျှပ်ရွာလေးထဲသို့ရောက်ရှိနေပြီဖြစ်သည်။ကျေးလက်ရွာများတွင် ထိုင်စရာဆိုင်မရှိသဖြင့် လှည်းလမ်းတွင်သာ လမ်းလျှောက်နေပြီး ဟိုဟိုဒီဒီလျှောက်ကြည့်လို့နေမိသည်။ထိုအချင်းအရာကြောင့် လှည်းလမ်းဘေးရှိ အိမ်တလုံးမှ ရွာသားကြီးတယောက်သည် နှစ်ခေါက်မျှလမ်းလျှောက်ပြီးဖြစ်သော မောင်မောင်ကျော်အားလှမ်းခေါ်လာလေသည်။
“ဟေ့ မောင်ရင် လမ်းပျောက်နေတာလားကွ လာခဲ့လေကွာ ရေနွေးကြမ်းလေး လာသောက်ဦး ဘယ်ကိုသွားချင်တာလဲ ပြော ငါ လိုက်ပို့ပေးမယ်”
သဘောကောင်းသောရွာသားကြီးကြောင့် မောင်မောင်ကျော် သည် သူ့အားဖိတ်ခေါ်လာသောရွာသားကြီး၏အိမ်ဝိုင်းထဲသို့ဝင်သွားလိုက်လေသည် ။
သူ အိမ်ဝိုင်းထဲရောက်သည်နှင့် ရွာသားကြီးသည် သူထိုင်နေသည့် တန်းလျားနှင့် မျက်နှာချင်းဆိုင်က တန်းလျားတွင် ထိုင်ခိုင်းလိုက်ပြီးနောက် စားပွဲပေါ်မှ ရေနွေးကြမ်းကို ငှဲ့ပေးလိုက်ပြီး စကားဆိုလေသည်။
“ကဲ မောင်ရင် ထိုင်ကွာ မင်းကိုကြည့်ရတာ ဧည့်သည်ထင်တယ် ”
“ဟုတ်ပါတယ်ဗျ ကျနော်က ဧည့်သည်ပါ ”
“ဘယ်သူ့အိမ်ကို ရှာနေတာလဲကွ ”
အိမ်ရှင်ရွာသားကြီး၏စကားကြောင့် မောင်မောင်ကျော်တ ယောက် မည်သို့ပြန်ဖြေရမှန်းမသိဖြစ်လို့နေသည်။ထို့နောက် စန်းလွင်ပြောထားဖူးသော စုန်းမဒေါ်သူဇာဆိုသောအမည်ကိုအမှတ်ရသွားကာ
“ကျနော်ရှာနေတာ ဒေါ်သူဇာရဲ့အိမ်ပါ ခင်ဗျာ”
“ကျွဲနွားငှားမလို့လားကွ”
“ဗျာ ဟုတ် ဟုတ်ကဲ့”
“မသူဇာဆီမှာ ကျွဲတွေနွားတွေငှားမယ်ဆိုရင် ခိုင်းလည်း ခိုင်းကျွေးလည်း ကျွေးနော် သူက သူ့နွားတွေကျွဲတွေ ပိန်ညှောင်နေရင် တော်တော်စိတ်ဆိုးတာ ”
“ဘာဖြစ်လို့လဲ ခင်ဗျ”
“တချို့က သူ့နွားတွေကျွဲတွေကိုငှားတယ် သေအောင်ခိုင်းပြီး ကောင်းကောင်းမွန်မွန် မကျွေးဘူးကွ အဲ့တော့ ပြဿနာတွေတက်တာပေါ့ကွာ ဟိုတလောကတောင် ဟိုဖက်ရွာကကောင်တယောက် သူ့ကျွဲတွေကို လာသတ်ပစ်လို့ဆိုလား ”
“ကျွဲတွေကို ဘာလို့များလာသတ်ရတာလဲဗျာ ”
“သူ့တပါးပစ္စည်းကို ပျက်စီးအောင်တမင်လုပ်ချင်တဲ့သူတွေပေါ့ကွာ ”
မောင်မောင်ကျော်သည် သဲလွန်စတခုရပြီဖြစ်သောကြောင့် အိမ်ရှင်ကြီးအား ဆက်လက်မေးမြန်းလိုက်ပြန်လေသည်။
“ဘယ်သူကများ အခုလိုရက်စက်တဲ့လုပ်ရပ်ကို လုပ်ရတာလဲဗျာ ”
“ထိန်တောအနောက်ရွာကကောင်လို့ပြောတာပဲ ဒီကောင်ကို သူ့ရွာသားတွေတောင်မှ သိပ်မကြည်ဘူးတဲ့ကွ အခု ဒီကောင်ကရွာထဲမှာမနေပဲ တောထဲမှာ ရှောင်နေတယ်ဆိုလားပဲ”
“ဟုတ်လား ဦးကြီး နာမည်သိလား ”
“စိန်တော့ပါတယ်ကွ အသက်ကြီးတော့ မေ့နေတယ်ကွာ ပါးစပ်ဖျားမှာပဲ မေ့နေတယ်”
“စိန်လွင်လား ဦးကြီး”
“ဟုတ်တယ် ဟုတ်တယ် စိန်လွင်”
သေချာနေပြီဖြစ်သည်။စိန်လွင်သည် သူတို့နှစ်ယောက်ကို အသုံးချဖို့ရာ လိမ်လည်ပြီးစကားများဆိုသော်လည်း သူ၏ နာမည်ရင်း စိန်လွင်မှာ နှုတ်ဖျားတွင်စွဲနေသည်က တကြောင်း သူတို့အား အခုကဲ့သို့ ရပ်ထဲရွာထဲမသွားနိုင်ဘူးအထင်နှင့် သူ့ နာမည်ကို အမှန်အတိုင်းပြောခြင်းဖြစ်ပေလိမ့်မည်။အိမ်ရှင်ကြီးသည် သူ့နှုတ်မှ စိန်လွင်၏နာမည်ကိုပြောလာသောကြောင့် အံ့အားသင့်နေပြီး
“မောင်ရင် မင်းက စိန်လွင်နဲ့သိတာလား”
“မသိပါဘူးဗျာ သူ့အကြောင်းက ဟိုးလေးတကျော်ကျော်ပဲလေ ”
“အေး အေး ဟုတ်တယ် ဒီကောင်က အတော်မိုက်ရိုင်းတဲ့ကောင်လေကွာ ”
“ဦးကြီးရေ ကျုပ် ဒေါ်သူဇာအိမ်သွားလိုက်ဦးမယ် လမ်းလေးညွှန်ပေးပါဦး”
“မသူဇာအိမ်ကို ဒီလမ်းအတိုင်းသာသွားပေတော့ ခြံဝန်းကျယ်တော့ အိမ်ကိုမမြင်ရဘူးကွ အိမ်ဝမှာ တဖက်က မန်ကျည်းပင် တဖက်မှာ ကသစ်ပင်ကြီးရှိတယ် အဲ့ဒီအိမ်ဝိုင်းထဲကိုသာ ဝင်သွား”
“ဟုတ်ကဲ့ပါ ခင်ဗျာ အဲ့တာဆို ကျုပ် သွားဦးမယ် ဦးကြီးရေ”
“ကောင်းပါပြီကွယ် ”
မောင်မောင်ကျော်သည် အိမ်ရှင်ဦးကြီးအားနှုတ်ဆက်ပြီးနောက် ဒေါ်သူဇာတို့အိမ်ဆီသို့ ခြေဦးလှည့်လိုက်ပါလေတော့ သည်။
◾အခန်း (၁၀)
ဒေါ်သူဇာ၏အိမ်တွင် ဖြစ်သည်။ဒေါ်သူဇာ၏တူမသုံးယောက်ဖြစ်သော ညိုမြ၊လှစိန်နှင့် မိကျော့တို့သည် နွားမတမ်းမဆယ်ကောင်အား တင်းကုတ်ထဲတွင်ထားပြီး တကောင်ချင်းစီကို ရေချိုးသန့်စင်ပေးနေလေသည်။မကြာခင် သေကြတော့မည့်နွားမလေးများကိုကြည့်ကာ စိတ်မကောင်းဖြစ်နေကြသည်။အငယ်ဆုံးဖြစ်သော မိကျော့မှာ နွားမလေးများကိုကြည့်ပြီး အသံခပ်တိုးတိုးနှင့် သူမ၏ အမနှစ်ယောက်အား စကားဆိုလိုက်လေသည်။
“မမ ဒေါ်လေးက ဒီနွားလေးတွေကိုသတ်ပြီး သူတို့ရဲ့အသဲကို တကိုက်စီ စားမှာပေါ့နော် ကြောက်စရာကြီး”
“အငယ်မ တိတ် ဒေါ်လေးက အခုလိုလုပ်ချင်လို့ လုပ်နေတယ်များ နင် ထင်နေလား ဟိုလူယုတ်မာကိုကာကွယ်ပေးနေတဲ့ ဆရာကိုယှဉ်နိုင်ဖို့လုပ်ရတာ သူက ညည်းတို့ငါတို့ထက် ဒီနွားတွေကို ပိုချစ်တယ်ဆိုတာကို မှတ်ထား”
“စိန်လွင်ဆိုတဲ့သူကို ကျွဲငှားမိတာကိုက မှားတာနော် မမ”
“ဟုတ်တယ် ဒင်း သေကိုသေရမယ် ”
“ကျမလည်း အဲ့ဒီလူကြီးကို သိပ်မုန်းတယ် အဲ့နေ့က ကိုကြီးတောက်ထွန်း ရောက်လာလို့သာပေါ့”
မိကျော့၏၏စကားကြောင့် ညိုမြနှင့် လှစိန်တို့သည် သူတို့၏ ညီမငယ်အား ဂရုဏာသက်စွာကြည့်လိုက်ကြသည်။ထိုစဉ်
“ငါ့ညီမတို့ အဲ့ဒီအနားကို လာလို့ရမလား”
အသံလာရာဆီသို့ ညီအမသုံးယောက်လှည့်ကြည့်လိုက်ရာ ကြည့်ကောင်းသောရုပ်ရည်ကိုပိုင်ဆိုင်ထားသည့် လူရွယ်တယောက်အား တွေ့လိုက်ရလေသည်။ထိုလူရွယ်မှာ အခြားသူမဟုတ် မောင်မောင်ကျော်ပင်ဖြစ်လေသည်။
“ရှင်က ဘယ်သူလဲ ”
“ကျုပ်နာမည် မောင်မောင်ကျော်ပါ ဒီက ဒေါ်သူဇာနဲ့တွေ့ချင်လို့ ”
“ဘာကိစ္စလဲ ကျွဲနွားငှားဖို့လား”
“ဟုတ်ကဲ့ ”
“အဲ့တာဆိုရင်တော့ ရှင် ပြန်လိုက်တော့ အခုနှစ်ထဲ ငှားစရာ ကျွဲနဲ့ နွားမရှိတော့ဘူး”
“ငှားစရာမရှိလဲ ဒေါ်သူဇာနဲ့ တွေ့ပါရစေဗျာ ကျုပ် အရေးကြီးကိစ္စ သူနဲ့ တိုင်ပင်ချင်လို့ပါ”
“ရှင် ဘာတွေပြောနေတာလဲ ရှင့်ကို ကျမတို့ မမြင်ဖူးဘူး ပြီးတော့ ဒေါ်လေးက ဒီရက်ပိုင်းထဲမှာ ဘယ်သူနဲ့မှမတွေ့ဘူး”
“ငါ့ညီမတို့ရယ် တကယ်ကိုအရေးတကြီးကိစ္စရှိလို့တွေ့ချင်တာပါ ကျုပ်က ဘိုးတော်လေးရဲ့တပည့်ပါ”
“ဘာရှင့် ”
ဘိုးတော်လေး၏တပည့်ဆိုသောစကားကြောင့် ဒေါ်သူဇာ၏တူမသုံးယောက်သည် မီးဟုန်းဟုန်းတောက်တော့မည့်အကြည့်တို့ဖြင့် ကြည့်နေလေသည်။ထိုအကြည့်ကိုသဘောပေါက်သော မောင်မောင်ကျော်သည် သူမတို့ညီမအားစိတ်လျှော့ရန် သတိပေးလိုက်လေသည်။
“ငါ့နှမတို့ စိတ်လျှော့ကြပါ ကျုပ်က ရန်ပြုဖို့လာခဲ့တာမဟုတ်ပါဘူး ငါ့ညီမတို့ရဲ့ရန်သူလည်း မဟုတ်ပါဘူး”
“တော်စမ်း ရှင်တို့က လူယုတ်မာစိန်လွင်ကိုကာကွယ်ပေးတဲ့သူတွေ မဟုတ်လား”
“ကာကွယ်ပေးခဲ့တာတော့ ဟုတ်ပါတယ် အကြောင်းမသိခင်ကပါ အခု သူ့အကြောင်းကိုသိသွားပြီးဆိုတော့ ကျုပ်တို့ ကိုယ့်လမ်းကိုယ် သွားတော့မှာပါ ”
“ရှင့်စကားကို ကျမတို့က ယုံစရာလား”
“ကျုပ်တို့ကို ယုံပါလို့လည်း အတင်းမတိုက်တွန်းပါဘူး မလိုလားအပ်တဲ့ အသက်တွေ မစတေးရအောင်ပြောပြတာပါ ”
မောင်မောင်ကျော်သည် နွားမတမ်းဆယ်ကောင်ချည်ထားသော တင်းကုတ်အားလှမ်းကြည့်ပြီး ထိုသို့စကားဆိုလေရာ ဒေါ်သူဇာ၏တူမသုံးယောက်တို့ငြိမ်သက်သွားကြလေသည်။ထိုအချိန်
“ကောင်မလေးတွေ ဧည့်သည်ကိုအပေါ်လွှတ်လိုက်”
ပြုတင်းပေါက်ဖွင့်လာပြီး အိမ်အောက်သို့လှမ်းပြောလိုက်သောသူမှာ ဒေါ်သူဇာပင်ဖြစ်သည်။ထို့နောက် လှစိန်ဟုအမည်ရသော မိန်းကလေးသည် မောင်မောင်ကျော်အား ခေါ်ဆောင်ကာ အိမ်ကြီးပေါ်သို့ ခေါ်ဆောင်သွားပါလေတော့သည် ။
◾အခန်း (၁၁)
အိမ်ကြီးပေါ်တွင် ဒေါ်သူဇာနှင့် မောင်မောင်ကျော်တို့မျက်နှာချင်းဆိုင်ထိုင်နေသည်။သူတို့သည် အချိန်အတော်ကြာသည်အထိ မည်သည့်စကားမှ မပြောဖြစ်ကြသဖြင့် တိတ်ဆိတ်ငြိမ်သက်လို့နေသည်။အတန်ကြာသော် ဒေါ်သူဇာထံမှ လေးနက်တည်ကြည်သောစကားသံထွက်ပေါ်လာလေသည်။
“နင် ငါ့တူမတွေကိုပြောနေတဲ့စကားက တကယ်လား”
“အမှန်ပါ ကျုပ် မညာပါဘူး”
“ဟုတ်ပြီ နင့်မျက်လုံးထဲမှာ မညာဘူးဆိုတာ ငါ မြင်နေရတယ်”
“ဒီကိုလာတာ ဘာကိစ္စလဲ”
“စိန်လွင်က ကျနော့်ဆရာနဲ့ အမကြီးကို သူသေကိုယ်သေတိုက်စေချင်နေတာ အဲ့တာကိုသတိပြုမိသွားလို့ ဒီရွာကိုကျုပ် လာစုံစမ်းရတာပဲ ”
“အဲ့တော့”
“ကျနော့်ဆရာက အမကြီးနဲ့ တိုက်မှာမဟုတ်ပါဘူး”
“သူက မတိုက်ဘူးဆိုပြီးတော့ ငါ့ကိုခေါ်ပြီး ချုပ်ရင်ရော”
“တကယ်လို့သာ သူချုပ်ချင်ရင် အမကြီး ကျုပ်တို့ရှေ့အစောကတည်းက ရောက်နေပြီ”
“ဘာပြောတယ် ”
ဒေါ်သူဇာသည် မောင်မောင်ကျော်၏စကားမှာအထက် စီးဆန်သည်ဟုထင်မြင်ပြီး စိတ်ဆိုးဒေါသထွက်လာလေသည်။သူမ ဒေါသထွက်နေသော်လည်း မောင်မောင်ကျော်မှာ ဂရုမစိုက်ဘဲ သူပြောသောစကားကိုသာ ဆက်လက်ဆိုနေလေသည် ။
“ကျနော်ပြောတာ အမှန်တရားပါ တကယ်လို့သာ အမကြီးကို ကျနော်တို့အနေနဲ့ ရန်လိုနေရင် ကြိုးပိုင်ကို ချုပ်ခိုင်းလို့ရတယ် အမကြီးရဲ့နာမည်ကိုလည်း ကျုပ်တို့သိတယ်လေ ဒါပေမဲ့ ကျုပ်ဆရာက အဲ့လိုမလုပ်ဘူး ခုလည်း စိန်လွင်မူမမှန်လို့ အကျိုးအကြောင်းစုံစမ်းခိုင်းလိုက်တာ ”
မောင်မောင်ကျော်၏စကားဆုံးသည်နှင့် ဒေါ်သူဇာသည်ဦးခေါင်းကိုညိတ်လိုက်ပြီး
“နင်ပြောတာ မှန်ပါတယ် အခုလက်ရှိပညာအဆင့်အနေနဲ့ နင့်ဆရာကို ဘယ်လိုမှမနိုင်ဘူး သူခေါ်ရင် ငါ လာရမှာပဲ ”
“အမကြီး အခုလိုမကောင်းတဲ့ပညာတွေကို ပယ်သတ်နေတာ ကောင်းတဲ့အလုပ်ပါ မကောင်းတဲ့လူတယောက်ကြောင့် အမကြီးရဲ့ကောင်းတဲ့အလုပ်တွေကိုမစွန့်လွှတ်လိုက်ပါနဲ့ ကျုပ်တို့နဲ့ တိုက်ဖို့ဆိုရင်တော့ ပိုပြီးတော့တောင်မလုပ်သင့်တာပါ ဘာလို့လဲဆိုတော့ ကျနော်တို့က ကိုယ့်လမ်းကို သွားတော့မှာမို့ပါ ”
မောင်မောင်ကျော်၏စကားအား ဒေါ်သူဇာလေးနက်စွာနားထောင်ပြီး ဆင်ခြင်နေမိသည်။သူပြောသည်မှာလည်း မှန်ပေသည်ဟုလည်း တွေးနေမိပြန်သည်။ဝမ်းတွင်းပညာများကိုကား ဖျောက်မရသည့်တိုင် အသုံးမချခြင်းဖြင့် ရိုးရိုးသားသားလုပ်ကိုင်စားရင်း တူမများနှင့် နေထိုင်လာသည်မှာ ကြာညောင်း၍ သူမကိုယ်သူမ သာမာန်လူတယောက်လို့သာ ထင်မြင်နေပြီဖြစ်သည်။ထိုအပြင် မကောင်းသည့်နယ်ပယ်ကို ပြန်၍ ခြေမချချင်တော့ပေ။ထို့နောက် ဒေါ်သူဇာသည် မောင်မောင်ကျော်အား စိုက်ကြည့်လိုက်ပြီး
“နင်တို့ တကယ်ပဲ ငါ့ကို ဒုက္ခမပေးဘူးလား”
“ကျနော် အခုပြန်တာနဲ့ ဒီနယ်က ထွက်သွားတော့မှာပါ ”
“ငါ စိန်လွင်ကိုဒုက္ခပေးမယ်ဆိုရင်ရော ”
“အဲ့ဒီကိစ္စက ကျနော်တို့ကိစ္စမဟုတ်တော့ဘူး ”
“ဟုတ်ပြီလေ သူဘယ်မှာရှိတယ်ဆိုတာကိုရော ပြောပြနိုင်မလား ”
“ကျုနော့်ဆရာကိုသွားခေါ်ရဦးမှာလေ”
ဒေါ်သူဇာပြုံးလိုက်မိသည် မောင်မောင်ကျော်မှာအတော်ကိုပါးနပ်သောသူတယောက်ဟုလည်း တွေးလိုက်မိသည်။ ဝိနည်းလွတ်ပြောဆိုသွားသည်ကိုလည်း သဘောကျနေလေသည် ထို့နောက် သူမသည် ပညာစဥ်မတက်တော့ဘူးဟုဆုံးဖြတ်လိုက်ပြီး
“ကောင်းပြီလေ အဲ့တာဆို ငါလည်း အရင်လိုပဲပြန်နေပါ တော့မယ် ”
“အကောင်းဆုံးပေါ့ဗျာ ”
ဒေါ်သူဇာ၏မျက်နှာသည် ရွှင်လန်းလာပြီးနောက် တူမဖြစ်သူများအား ခေါ်လိုက်လေသည်။မကြာသောအချိန်တွင်တော့ တူမများရောက်လာပြီး ရွှင်ပျနေသော အဒေါ်ဖြစ်သူ၏မျက်နှာကိုမြင်သောအခါမှ သက်ပြင်းကိုယ်စီချလိုက်ကြပြီး
“ဒေါ်လေး ကျမတို့ရောက်ပါပြီ”
“အေး အေး အငယ်မ မိကျော့ ဒီက နင့်အကိုအတွက် စားစရာတွေထည့်ပေးလိုက်ပါဦး ”
“ဟာ မဟုတ်တာ အမကြီးရာ ကျုပ် မယူပါဘူး”
“ယူပါကွယ် ဘာလဲ ငါတို့ဆီကမို့ မသတီလို့လား ”
“မဟုတ်တာဗျာ အားနာလို့ပါဗျာ အမကြီးကအဲ့လိုပြောလာမှတော့ ကျုပ်လည်း အားမနာတော့ဘူး ထည့်ချင်သလောက်သာ ထည့်ဗျာ”
“ကဲ ကဲ ထမင်းနိုင်းထုတ် ထုတ်ထားတယ် မဟုတ်လား အဲ့တာထည့်ပေးလိုက် ငါရံ့ခြောက်ဖုတ်ရော ဆတ်သားခြောက်တွေပါ များများထည့်ပေးလိုက်နော် အငယ်မ ”
ဒေါ်သူဇာသည် ယခုမှ စိတ်လက်ပေါ့ပါးသွားလေသည်။ သူမ၏စိတ်ထဲတွင် ပွင့်ပွင့်လင်းလင်းနှင့် အမျှော်အမြင်ရှိသော အထက်လမ်းဆရာများနှင့်ကြုံရ၍သာ တော်သေးသည်ဟု တွေးနေမိသည်။ထို့နောက် ဒေါ်သူဇာသည် နောက်တူမနှစ်ယောက်အနက်တယောက်အား နွားမတမ်းများကို သူတို့၏ခြံထဲပြန်ထားခိုင်းလိုက်သဖြင့် တူမဖြစ်သူများများစွာဝမ်းသာသွားကြလေသည်။
“ကဲ ကဲ လှစိန်ရေ နွားမတွေကို တောကခြံထဲပြန်ပို့လိုက်ညိုမြ နင့်အကို ကိုသွားခေါ် ဒီကဧည့်သည်ကိုလိုက်ပို့ခိုင်းမလို့ ငါ့ဆီ အရင်လွှတ်လိုက်နော် ”
ဤသို့ဖြင့် ဒေါ်သူဇာသည် သူမ၏တူမများအား အကွက်စေ့အောင်ခိုင်းလိုက်ပြီးနောက် သူမသည်ကား မောင်မောင်ကျော်နှင့် စကားပြောနေပါလေတော့သည်။
◾အခန်း (၁၂)
မောင်မောင်ကျော်သည် ဒေါ်သူဇာပေးလိုက်သောလက်ဆောင်များနှင့်အတူ သူ့အားလိုက်ပို့သော ငတာဆို သည့်လူရွယ်နှင့်အတူ လမ်းလျှောက်လို့နေသည်။ငတာဆိုသူမှာ သာမာန်လူမဟုတ်မှန်းတော့ သူသိသည်။သို့ပေမဲ့ ကိုယ်နှင့်မဆိုင်သောကိစ္စများမို့ မသိချင်ယောင်ဆောင်နေလိုက်သည်။များမကြာသောအချိန်တွင်တော့ ငတာသည် သူ့အား စတင်၍စကားဆိုလာလေသည် ။
“နောင်ကြီးတို့ ဘယ်ကိုသွားကြမှာလဲဗျ”
“မသိသေးပါဘူးဗျာ ကျုပ်တို့ရဲ့ခရီးက ဘယ်မှာဆုံးမယ်ဆိုတာမသိသေးဘူး အဲ့တာကြောင့် ဘယ်ကိုသွားရမယ်ဆိုတာလည်း မသိသေးပါဘူး ခြေဦးတည့်ရာပေါ့ဗျာ ”
“ဪ ဟုတ်ကဲ့ အမကြီးက သိပ်ပြီးသဘောကောင်းတယ်ဗျ ခင်ဗျားတို့ ဒီရွာနီးချုပ်စပ်ကိုလိုက်မေးကြည့်ပါ အမကြီးသဘောကောင်းတာ အကုန်သိကြပါတယ် ”
“ကျုပ်လည်း သိပါတယ်ဗျာ အခု ခင်ဗျားနဲ့ ကျုပ် ထမ်းလာတဲ့လက်ဆောင်တွေကိုကြည့်ရင် သိသာတယ်လေ ဟား”
“နောင်ကြီးက ပျော်တတ်သားပဲ ”
“ကျုပ်နဲ့ ကျုပ်ဆရာ နှစ်ယောက်တည်းအမြဲခရီးသွားနေရတာဆိုတော့ ပျော်အောင်နေရတာပေါ့ဗျာ ”
“ကောင်းပါတယ် ”
သူတို့နှစ်ယောက်စကားတပြောပြောနှင့် လမ်းလျှောက်လာရာ များမကြာသောအချိန်တွင်တော့ တဲလေးတလုံးသို့ရောက်လာလေသည်။ထိုတဲကိုမြင်သည်နှင့် ငတာသည် တဲကိုကြည့်၍စကားဆိုလေသည်။
“နောင်ကြီးတို့က ဦးသိန်းတဲမှာ နေ နေတာလား”
“ဘယ်သူ့တဲမှန်းမသိပါဘူးဗျာ စိန်လွင်က ဒီမှာနေ ဒါသူ့တဲဆိုပြီးနေခိုင်းတာပဲ ”
“စိန်လွင် သူ့ကိုယ်သူ လည်လှပြီထင်နေပါလား ”
တဲထဲသို့ရောက်သောအခါ ပုတီးစိတ်နေသည့် ဘိုးတော်ပေကိုတွေ့လိုက်ရသဖြင့် ငတာတယောက် ကြောက်လန့်နေ ၍ ဘေးမှာရှိသော မောင်မောင်ကျော်မှ အသံခပ်တိုးတိုးနှင့် သတိပေးလိုက်ရလေသည်။
“နောင်ကြီး ဘာမှမဖြစ်ပါဘူးဗျ မကြောက်ပါနဲ့ ”
“ဟုတ် ဟုတ်ကဲ့ပါ”
ဘိုးတော်ပေသည် ပုတီးစိတ်ခြင်းကိုဖြုတ်လိုက်ပြီးနောက် မောင်မောင်ကျော်နှင့် ငတာကိုပြုံးပြလိုက်ပြီး
“မောင်ကျော် ပြန်ရောက်လာပြီလား”
“ရောက်ပါပြီး ဘိုးတော်လေး”
“အခြေအနေရော ထူးလား”
“ဘိုးတော်လေးနဲ့ ကျနော်ထင်နေသလို ကွက်တိပါပဲ ”
မောင်မောင်ကျော်သည် ဆရာသမားဖြစ်သူ ဘိုးတော်ပေအား ရွာသားကြီးနှင့်ပြောခဲ့သည့်စကားများအပြင် ဒေါ်သူဇာနှင့်တွေ့ခဲ့သည့်ကိစ္စများကိုပါ အလုံးစုံပြောပြလိုက်လေသည်။အကြောင်းစုံသိပြီးသွားသောအခါ ဘိုးတော်ပေသည် ခေါင်းကိုတဆတ်ဆတ်ညိတ်လိုက်ပြီး
“အင်း မောင်ကျော် လုပ်တာကောင်းတယ် ကဲ ကျုပ်တို့လည်း အချိန်လေးရှိတုန်း ခရီးဆက်ဦးစို့ ”
“ကောင်းပါပြီ ဘိုးတော်လေး ”
“ကဲ ဒီကမိတ်ဆွေ ကျုပ်တို့ကိုခွင့်ပြုပါဦးဗျာ”
ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့သည် ငတာဆိုသူအားနှုတ်ဆက်ပြီးနောက် တဲအပြင်သို့ထွက်ကာ လှည်းလမ်းလေးအတိုင်း လမ်းလျှောက်သွားလေ၏။ဘိုးတော်ပေနှင့် မောင်မောင်ကျော်ခပ်လှမ်းလှမ်းသို့ရောက်သောအခါ အရက်အရှိန်လေးရနေသော စိန်လွင်မှာ တဲသို့ပြန်ရောက်လာလေ၏။သူ့စိတ်ထဲတွင်တော့ ဘိုးတော်ပေနှင့် မောင်မောင်ကျော်မှာ သူ၏လီဆယ်သောစကားများယုံကြည်ပြီး ဒေါ်သူဇာအား အပြတ်ချေမှုန်းပစ်လိမ့်မည်ဟုယုံကြည်ချက်ဖြင့် တဲသို့ဝင်လာလေသည်။ တဲထဲသို့ရောက်သောအခါ သူ မထင်မှတ်ထားသောအရာတခုကိုတွေ့လိုက်ရ၍ များစွာထိတ်လန့်သွားလေသည်။အကြောင်းမှာ လူအသွင်မှ တဖြည်းဖြည်းပုံစံကျားပုံစံပြောင်းနေသောလူတယောက်အားတွေ့လိုက်ရသောကြောင့် ဖြစ်လေသည်။ထိုသူသည် ကျားပုံစံအလုံးစုံမပြောင်းလဲသေးသော်လည်း သူ၏ ရှည်လျားသော လက်သည်း၊ပါးစပ်တွင် ပေါက်နေပြီဖြစ်သော သွားစွယ်တို့ဖြင့် စိန်လွင်အား ကုတ်ဖဲ့ကိုက်ဖြတ်လိုက်ပါလေတော့သည်။စိန်လွင်၏ကျယ်လောင်စွာသောအော်ဟစ်သံကိုဖြင့် ဘိုးတော်ပေနှင့် မောင်မောင်ကျော်တို့ကြားသော်လည်း ဂရုမစိုက်တော့ပဲ မသိကျိုးကျွံသာပြုနေလိုက်ပါလေတော့သည် ။
◾ဘိုးတော်ပေနှင့် စုန်းမကြီးဒေါ်သူဇာသည်ကား ဤမျှသာ။မကြာမီ ဘိုးတော်ပေနှင့် ကျတ်ကုန်းအမည်ရ ဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
◾ကျေနာ့်ရဲ့ page လေးကို LIKE & FOLLOW လေးလုပ်ပေးကြပါဦး ခင်ဗျ။
စာဖတ်သူများကို လေးစားစွာဖြစ်
📝မောင်တင်ဆန်း