ဘီလူးရုပ်မြှုပ်ထားတဲ့အိမ်

Posted on

ဘီလူးရုပ်မြှုပ်ထားတဲ့အိမ်(စ/ဆုံး)
———————————

“ ဟားးး …. ဟားး …. ဟားး …. “

သန်းခေါင်ယံညရောက်တိုင်း အမှောင်ထုကိုဖောက်ထွင်းကာထွက်ပေါ်လာသည့် ထိုရယ်မောသံကြီးသည် ဦးထွန်းရွှေတို့မိသားစုအား ညပေါင်းများစွာခြောက်လှန့်ခဲ့လေသည်။ အကောင်အထည်မမြင်ရဘဲ အားပါးတရရယ် မောနေသည့်
ထိုဟားတိုက်ရယ်မောသံကြီးသည် တစ်စုံတရာအားသဘောအကျကြီးကျသဖြင့် ရယ်မောနေသောအသံပြဲပြဲစုန်းမကြီးတစ်ယောက်၏အသံနှင့်ခပ်ဆင်ဆင်တူသည်။ ထိုရယ်သံကြီး၏နှိပ်စက်မှုဒဏ်
ကြောင့် ဦးထွန်းရွှေတို့မိသားစု ငုတ်တုတ်ထိုင်လျက်မိုးလင်းခဲ့ရသောညပေါင်းများပြီဖြစ်သည်။
ယခုလည်း ကြည့်ပါလေ။
သန်းခေါင်ယံရောက်လို့အိပ်မည်ကြံရုံရှိသေး လှိုဏ်သံပေါက်ရယ်မောသံကြီးကြောင့် သားအမိသားအဖငါးယောက်လန့်နိုးလာကြလေသည်။

လူကြီးနှစ်ဦးဖြစ်သော ၎င်းတို့လင်မယားအတွက်အကြောင်းမဟုတ်သော်လည်း သွေးသားနုနယ်သောသားငယ်`သမီးငယ်(၃)ယောက်ကရှိပြန်လေရာ ဦးထွန်းရွှေနှင့်ဒေါ်ခင်မြတို့ ရင်ထင့်စိုးရိမ်နေရသည်။ သွေးရိုးသားရိုးမဟုတ်ကြောင်းရိပ်စားမိ၍ပယောဂဆရာအချို့ကိုခေါ်ပြသော်လည်း ဆရာပြောင်း၍ဆေးပြောင်းသွားရုံသာ။ ဟားတိုက်ရယ်မောသံကြီးက ပျောက်မသွားခဲ့။ ရတနာဒီပံဖယောင်းတိုင်ပြုလုပ်ရာ၌နာမည်ကြီးသော ဗေဒင်ဆရာဦးရွှေသီး၏ ဆေးဖယောင်းတိုင်များထွန်းလိုက်ရသည်မှာလည်း ဖယောင်းညှော်နံ့များပင်ထောင်း ထောင်းထခဲ့ရသည်။ အခြေအနေကထူးခြားမလာ။

ဂိုဏ်းဆရာကိုထွန်းမောင်အားခေါ်ပြ၍ရှင်းလင်းသော်လည်း ပယောဂမိစ္ဆာသည်ရယ်မြဲ။ ရယ်သံကြီးမှာ ယခင်ကထက်ပင် ပိုဆိုးလာသည်ထင်။
ထို့ကြောင့် ဦးထွန်းရွှေတစ်ယောက်အံကိုကျိတ်ဘုရားစာရွတ်ကာ သားငယ်`သမီးငယ်များကိုရင်ဝယ်ပိုက်မိုးစင်စင်လင်းခဲ့ရလေတော့သည်။

ဦးထွန်းရွှေ`တို့မိသားစုသည် ပဲခူးတိုင်းအတွင်းရှိ
လေးအိမ်စုရွာတွင် နေထိုင်ကြသည်။ ဇနီးဖြစ်သူ
ဒေါ်ခင်မြ`သားငယ်မောင်သာဒွန်း`သမီးငယ်နန္ဒာရွှေ`သမီးကြီးသန္တာရွှေ စုစုပေါင်း မိသားစုဝင်(၅)ဦးနေထိုင်သော ပေ(၁၀၀)ပတ်လည်အိမ်ကြီးသည်
ရွာလယ်လမ်းမအားမေးတင်ကာဆောက်လုပ်ထားပြီး အလွန်ကြီးမားသောအိမ်ကြီးရခိုင်ဖြစ်သည်။ စင်စစ်ထိုအိမ်ကြီးသည် ဦးထွန်းရွှေမိဘများထံကအမွေရခဲ့သော ဘိုးဘွားပိုင်အိမ်ကြီးဖြစ်သည်။ အမွေဆိုင်အိမ်ကြီးဖြစ်ခဲ့သော ထိုအိမ်ကြီးတွင်
ဦးထွန်းရွှေအပါအဝင်မွေးချင်းမောင်နှမ(၇)
ယောက်သည် အသက်အရွယ်ကြီးရင့်သောမိဘများနှင့်ပျော်ရွှင်စွာနေထိုင်ခဲ့ကြပြီး မိဘအမွေဖြစ်သောထိုအိမ်ကြီးကိုရလိုဇောဖြင့် သူရနိုးနိုး`ကိုယ်ရနိုးနိုး စောင့်စားခဲ့ကြသည်။

မိဘများ၏ခွဲတမ်းချပေးမှုအရ မွေးချင်းမောင်နှမများသည် ဆန်စက်`ဆီစက်နှင့် များမြောင်လှသောလယ်ဧကများစွာကိုအမွေရခဲ့ပြီး ဦးထွန်းရွှေတို့မိသားစုသည် ထိုအိမ်ကြီးအားအမွေရရှိခဲ့လေသည်။ ထိုအမွေကိစ္စအား အခြားမောင်နှမများကကျေနပ်ကြသော်လည်း မတရားဘူးထင်ကာ
မကျေနပ်သောသူတစ်ယောက်ရှိလေသည်။
ထိုသူကား ဦးထွန်းရွှေ၏ညီမအထွေးဆုံးဖြစ်သည့် ဒေါ်စိန်တင်ဆိုသူ ဖြစ်သည်။ ဒေါ်စိန်တင်သည် ရပ်ရွာအတွင်းအမြတ်ကြီးကြီးဖြင့် ငွေတိုးချေးစားနေသူ` အပေါင်ခံစားနေသူဖြစ်ပြီး ဦးထွန်းရွှေထက်ပင်ဥစ္စာဓနကြွယ်ဝလေသည်။

သို့သော်လည်း ၎င်းမျက်စိကျသောအိမ်ကြီးအား
ဦးထွန်းရွှေရသွားသည်ကိုမကျေနပ်သဖြင့် မိဘများကိုပင်ကန့်လန့်တိုက်ပြီး ဦးထွန်းရွှေအား တနေ့ငါ့အကြောင်းကောင်းကောင်းသိစေရမယ်ဟု ကြိမ်းမောင်းပြောဆိုကာ အိမ်ပေါ်ကဆင်းချသွားလေသည်။

ဦးထွန်းရွှေကတော့ လူကြီးပီပီ၎င်းရသောအမွေဆိုင်အိမ်ကြီးနှင့်နှမဖြစ်သူဒေါ်စိန်တင်ရသော အမွေကိုလှဲလှယ်မည်ဟု ကမ်းလှမ်းခဲ့သော်လည်း ဒေါ်စိန်တင်ကအစ်ကိုဖြစ်သူ၏မိသားစုအားအငြှိုးကြီးကြီးထားကာ အဆက်အသွယ်ဖြတ်ခဲ့လေသည်။ ဒေါ်စိန်တင်က အမွေကိစ္စနှင့်စပ်လျဥ်း၍ ပဲခူးခရိုင်တရားရုံးသို့ဦးတိုက်လျှောက်ထားခဲ့သော်လည်း ရုံးတော်က
မူလအတိုင်းဖြစ်စေ`ဟု အမိန့်ချလိုက်လေရာ
ဒေါ်စိန်တင်တစ်ယောက်အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရလေသည်။ ဒေါ်စိန်တင် ၏လုပ်ရပ်ကြောင့်ဆွေမျိုးများကပါ ၎င်းအားမေတ္တာတုံးလာကြသည်။

ထို့ကြောင့် ဒေါ်စိန်တင်၏ဒေါသပေါက်ကွဲထွက်လာကာ အစ်ကိုဖြစ်သူဦးထွန်းရွှေအား အငြှိုးထားခဲ့လေသည်။

ဦးထွန်းရွှေတို့မိသားစု ထိုအိမ်ကြီးတွင်တစ်နှစ်ခန့်နေထိုင်ပြီးသောအခါ အမှောင့်ပယောဂ၏နှောင့်ယှက်မှုများစတင်လာခဲ့သည်။ အစတွင် အပုပ်နံ့ပေးခြင်း` ခြေရာလက်ရာပြခြင်း`မွေးမြူထားသောကြက်၊ငှက်များအကြောင်းမဲ့သေဆုံးခြင်း စသည်တို့ ဖြစ်လာလေသည်။ ညညတွင်ထွက်ပေါ်လာသည့် ရယ်မောသံကြီးကလည်း ခြောက်ခြားဖွယ်ရာကောင်းလွန်းသည်။ ဦးထွန်းရွှေတို့အိမ်ကြီးတွင် သမီးကြီးသန္တာရွှေမွေးမြူထားသော တက်ပု` အမည်ရှိ အမွေးပွနိုင်ငံခြားခွေးကြီးတစ်ကောင်ရှိလေသည်။ တက်ပု`ကြီးသေသည့်ညတွင် ရယ်မောသံကြီး စတင်ထွက်ပေါ်လာခဲ့လေသည်။

ထိုညက ဦးထွန်းရွှေတို့လင်မယားနှစ်ယောက် အိမ်ရှေ့လရောင်အောက်ကွပ်ပျစ်ပေါ်တွင် ရေနွေးကြမ်းတစ်အိုးတည်ကာ လက္ဘက်ခပ်စားလိုက်` ရှေးဟောင်းနှောင်းဖြစ်ပြောဆိုလိုက် ထိုသို့ဇိမ်ကျနေလေသည်။ သန္တရွှေနှင့်မောင်နှမများကတော့ စောစီးစွာအိပ်မောကျလျက်ရှိသည်။ ထိုအချိန်တွင်

“ ဟားးး …. ဟားး …. ဟားး ….

မှောင်ထဲမှနေ၍မိမိတို့ရှိရာသို့လှိုင်နေအောင်လွင့်ပျယ်လာသောအပုပ်နံ့နှင့် အကောင်အထည်မမြင်ရသောဟားတိုက်ရယ်မောသံကြီးအား ကြားလိုက်ရလေသည်။
တက်ပုကြီး`၏ တဝုတ်ဝုတ်`ဟောင်သံကိုလည်း အဆက်မပြတ်ကြားလိုက်လေရာ ခြံထဲသို့လူစိမ်းကပ်ပြီအထင်ဖြင့်ဦးထွန်းရွှေလည်း ဓာတ်မီးတစ်လက်ဆွဲကာပြေးထွက်သွားခဲ့သည်။ ထိုအခါ ၎င်းမြင်တွေ့လိုက်ရသောမြင်ကွင်းမှာ မြက်ခင်းပြင်တွင်ဆန့်ငင်ဆန့်ငင်ဖြင့် အသက်ငင်နေသော တက်ပုကြီး`အား မြင်တွေ့လိုက်ရလေသည်။ ဦးထွန်းရွှေလည်းအသက်ငင်နေသော တက်ပုကြီးအနီးသို့လက်နှိပ်ဓာတ်မီးထိုးကာ အသေအချာကြည့်ရှုသည်တွင် လည်ပင်းတွင်သွေးစတို့စို့လျက်အစွယ်
ရာနှစ်ပေါက်အားမြင်တွေ့လိုက်ရလေသည်။

ဦးထွန်းရွှေလည်း ထိတ်လန့်သွားကာ ဇနီးဖြစ်သူ
မခင်မြအား အသာအယာလက်ကုတ်၍ခေါ်ပြပြီး လင်မယားနှစ်ယောက်တိုင်ပင်လျက် သမီးကြီးသန္တာရွှေမသိအောင် တက်ပုကြီးအား ခြံထဲ၌မြေမြှုပ်လိုက်ကြလေသည်။
ထို့နောက် တိရစ္ဆာန်ပင်ဖြစ်စေကာမူအစွဲအလန်းကြီးတတ်သော သမီးကြီးသန္တာရွှေယုံကြည်လောက်အောင်ပြောဆို၍ တက်ပုကြီးအား လူခိုးသွားခြင်းဖြစ်ကြောင်း လိမ်ညာထားလိုက်ကြသည်။

ထိုအချိန်မှစတင်ကာ ဦးထွန်းရွှေတို့အိမ်ကြီး၌ညစဥ်ညတိုင်း ဟားတိုက်ရယ်မောသံများထွက်ပေါ်လာခဲ့ပြီး အိမ်တွင်မွေးမြူထားသော ကြက်`ငှက်တိရစ္ဆာန်များတက်ပုကြီးနည်းတူ သွေးစုပ်ခံရ၍သေဆုံးကြလေသည်။
ထို့ကြောင့် ဦးထွန်းရွှေတို့လင်မယားလည်းကြောက်ရွံ့ကာ နားလည်တတ်ကျွမ်းသော ပယောဂဆရာများခေါ်ပြလေရာ ဆရာ(၇)ယောက်သာ ဆက်သွားခဲ့လေသည်။
၎င်းတို့မိသားစုအား အနှောင့်အသွားမလွတ်ဒုက္ခပေးနေသော ပယောဂမိစ္ဆာအားလာသမျှဆရာတိုင်းလက် မြှောက်အရှုံးပေးခဲ့ရလေသည်။ ၎င်းဆရာများထဲတွင် ဦးချမ်းသာ`အမည်ရှိ အထက်လမ်းဆရာတစ်ယောက်လည်း အပါအဝင်ဖြစ်သည်။

ဦးချမ်းသာလည်း ပယောဂအစွဲသည်ကြမ်းတမ်းခက်ထန်လှသဖြင့်၎င်းမနိုင်ကြောင်းဝန်ခံပြောဆိုကာ ဒေးစွန်ပါတောင်တွင်အဓိဋ္ဌာန်ဝင်နေသည့်
ဖိုးသူတော်ဦးဝင်းဆိုသူအား ပင့်လျှောက်ကုသရန်အကြံပေးခဲ့လေသည်။
ထိုအခါ ဦးထွန်းရွှေလည်း ဒေးစွန်ပါတောင်သို့အပြေးသွားကာ ဆရာပင့်ထွက်ခဲ့ရလေတော့သည်။ ​ဒေးစွန်ပါတောင်ကြောသည် သိုက်နန်းရှင်များ`သိဒ္ဓိရှင်ဝိဇ္ဇာဇော်ဂျီတပဿီများနှင့်ပတ်သက်၍ အထူးထင်ရှားသည်။
သိုက်နန်းတို့၏အချုပ်ဖြစ်သောဒေးစွန်ပါတောင်တွင် အဓိ ဋ္ဌာန်ဝင်၍လောကီလမ်းအားလျှောက်ပါက ပညာတန်ခိုးဆထက်တိုး၍လိုရာဆန္ဒပြည့်ဝရသည်ဟု အဆိုရှိလေသည်။

တစ်ခါက ဒေးစွန်ပါတောင်ကြောအနီးရှိရွာငယ်တစ်ခုတွင်နေထိုင်သော မုဆိုးငဖော့`သည် မျက်စိလည်
လမ်းမှား၍ တောနက်ထဲ၌ရက်ပေါင်းများစွာ ပိတ်မိနေခဲ့သည် ဆို၏။ မုဆိုးငဖော့`လည်း ဆာလှသည်မို့
၎င်းရရှိထားသောသားကောင်တို့အား မီးဖုတ်စားသောက်ရန်ပြင်လေရာ ဆား`ကပါမလာခဲ့သည့်အတွက် အသားကင်တို့ကိုဆား`ခတ်ရန်ဆားရှာလေရာ သစ်ငုတ်တစ်ခုပေါ်တွင်အပုံလိုက်လေးဖြစ်နေသော ပြာပုံလေးတစ်ခုအား သွားတွေ့လေသည်။ ၎င်းလည်းဆားမရသည့်အဆုံး
ထိုပြာများကိုပင် အသားကင်ပေါ်သို့ဖြူး၍စားလေရာအရသာမှာတမူထူးခြားကောင်းမွန်နေလေသည်။ စင်စစ်ထိုပြာမှုန့်များသည် ဆေးဝိဇ္ဇာတို့ဆေးကျိတ်ရာမှမေ့ကျန်ခဲ့သော ပြဒါးပြာများဖြစ်ပြီး ရွှေဖြစ်စေသောသတ္တိရှိလေသည်။
ထိုပြဒါးပြာအားသင့်တင့်သလိုပျားရည်ဖြင့်တွဲ၍စားသုံးပါက အသက်ရှည်စေပြီး အလွန်အကျူးစားသုံးမိပါက လူခန္ဓာကိုယ်သည်ရွှေတုံးကြီးအဖြစ်ပြောင်းလဲကာသေလေသည်။

မုဆိုးငဖော့လည်း ကံကောင်းထောက်မ၍မိမိ၏ရွာအားပြန်တွေ့ခဲ့ပြီး အိမ်ရှေ့တွင်စောင့်မျှော်နေသည့်
ဇနီးဖြစ်သူမိအေးအားအတွေ့ ဝမ်းသာအားရပြေးဖက်လေရာ လမ်းတဝက်၌ဗိုင်းခနဲပစ်လဲ၍သေလေသည်။
ကျေးရွာတို့ထုံးစံအတိုင်း မုဆိုးငဖော့၏အလောင်းအား(၇)ရက်ထားလေရာ ရက်လည်သောနေ့၌
ငဖော့၏ အလောင်းကောင်မှာ ရွှေတုံးကြီးအဖြစ်ပြောင်းလဲသွားခဲ့သည်။ ထိုည၌ပင် ဇော်ဂျီဝိဇ္ဇာဓိုရ်တစ်ပါးသည် မုဆိုးငဖော့၏ရုပ်အလောင်းအား ပုခုံးထမ်းကာခိုးလေသည်။
ဤကား ဒေးစွန်ပါတောင်နှင့်ပတ်သက်၍လူပြောများသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ဒေးစွန်ပါတောင်နှင့်ပတ်သက်၍ပြောမည်ဆိုက ပြောမဆုံးပေါင်တောသုံးထောင်ဖြစ်၏။

ဦးထွန်းရွှေတစ်ယောက် မြင့်မားမတ်စောက်သော ဒေးစွန်ပါတောင်အားတက်လာလေရာ တောင်ကြောတစ်နေရာရှိဂူငယ်တစ်ခုတွင် အဓိဋ္ဌာန်ဝင်နေသောဖိုးသူတော်ဦးဝင်းအား ဆိုက်ဆိုက်မြိုက်မြိုက်တွေ့လေသည်။
ဖိုးသူတော်ဦးဝင်းလည်း သတ္တဝါတို့အားသနားလှ
သည့်အတွက် ဦးထွန်းရွှေအားကူညီမည်ဟု ကတိခံပြီး ၎င်းနှင့်တပါတည်းလိုက်ပါလာခဲ့သည်။
ဦးထွန်းရွှေသည် ဖြစ်ကြောင်းကုန်စင်လျှောက်ထားလေရာ ဖိုးသူတော်ဦးဝင်းလည်း ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း

“ မင်းတို့အိမ်ဟာ မသန့်တော့ဘူး မောင်ထွန်းရွှေရဲ့
မင်းတို့အိမ်ကလှေကားအဆင်းမှာ ဘီလူးရုပ်မြှုပ်ထားတယ် ကွဲ့ “

“ ဗျာ ဘီလူးရုပ်မြှုပ်ထားတယ် ဟုတ်လား ဆရာကြီး`

“ ဟုတ်ပါ့ မောင်ရေ ဘီလူးမှရိုးရိုးဘီလူးမဟုတ်ဘူး
ပုဏ္ဏကဘီလူးရုပ်ဘဲ “

“ ဘယ်သူကလာမြှုပ်ထားတာလည်း ဆရာကြီး “

“ ဒါကတော့ ဆရာကြီးတို့အနေနဲ့ပြောဖို့ရာမသင့်တော်ဘူး တဖက်ကပညာသည်က အတော်လေးအဆင်မြင့်တယ် ဆရာကြီးအထင် ဘီလူးကဝေ` ရက္ခိုက်ကဝေဖြစ်လိမ့်မယ် ဒါကြောင့်လည်း မောင်တို့အိမ်ကိုမြေကြောရှုံ့ပြီး ဘီလူးရုပ်မြှုပ်လိုက်တာပေါ့ မောင်ထွန်းရွှေတို့မိသားစု ဘယ်သူမှမသေသေးတာကံကောင်းတယ်မှတ်ပါ “

ဘီလူးကဝေ`ရက္ခိုက်ကဝေ`ဆင်ကဝေ`မြင်းကဝေတို့မည်သည် စတုမဟာရာဇ်အောက်နတ်ဘုံမှ နတ်ဘီလူးဆိုးများကိုကိုးကွယ်ကြပြီး (၃၇)မင်းနွယ်ဝင်နတ်သရဲများကိုပင် ပညာဖြင့်ချုပ်တည်းကာ လိုရာစေခိုင်းနိုင်သော အဆင့်မြင့်ကဝေကြီးများဖြစ်သည်။ ယင်းကဝေတို့သည်တန်ခိုးထွားကြပြီး လူတို့၏အမည်နာမကိုသိရုံဖြင့် အသက်သေအောင်ပြုစားနိုင်စွမ်းရှိကြသည်။
ဦးထွန်းရွှေတို့မိသားစု ရင်ဆိုင်နေရသော ဘီလူးကဝေသည်လည်း အောက်နတ်ဘုံမှနတ်ဘီလူးဆိုးတစ်ကောင်ကိုချုပ်တည်း၍ ၎င်းတို့အိမ်အားနှောင့်ယှက်ရန်စေလွှတ်လိုက်ခြင်းဖြစ်သည်။
ဦးထွန်းရွှေနှင့် ဖိုးသူတော်ဦးဝင်းတို့ လှေတတန်` ကားတတန်စီး၍ ခရီးနှင်လာလေရာ
လေးအိမ်စုရွာသို့ရောက်ရှိလာကြလေသည်။
ဦးထွန်းရွှေတို့အိမ်သို့ရောက်သည်နှင့် ပယောဂမိစ္ဆာကောင်က ဆရာဖြစ်သူအား ခရီးဦးကြိုပြု တိုက်ခိုက်လေသည်။

“ ဖြန်း ….

အော့အန်ဖွယ်`ရွံရှာဖွယ်ကောင်းလှသော သွေးပုပ်`ပြည်ပုပ်`သွေးညှီရေများဖြင့် အကောင်အထည်မမြင်ရဘဲ လေထဲကနေပက်လိုက်လေရာ ဖိုးသူတော်ဦးဝင်းလည်း အလျင်အမြန်ရှောင်တိမ်းလိုက်ရလေသည်။ ဖိုးသူတော်ဦးဝင်းလည်း ဒေါသထောင်းခနဲထွက်သွားလေရာ

` ရိုင်းစိုင်းတဲ့ဘီလူးဆိုး ခံနိုင်ရင်ခံစမ်း ကဲဟယ် `

ထိုသို့ဆိုပြီး မဟာပထဝီမြေကြီးအား ဖနောင့်ဆောင့်ချလိုက်သည်တွင် ခြံဝိုင်းတနေရာမှမီးခိုးလုံးကြီးတစ်ခု ကောင်းကင်သို့တလံခန့်ထိုးတက်သွားလေသည်။ မီးခိုးထုကြီး ကွယ်ပျောက်သွားသောအခါ ထိုမြေနေရာတွင်သွေးကွက်ကြီးကျန်ရစ်ခဲ့လေသည်။ ဖိုးသူတော်ဦးဝင်းလည်း အိမ်ပေါ်သို့တက်သွားလေရာ ဘုရားခန်းအတွင်း
အသင့်စောင့်ဆိုင်းနေသော ဦးထွန်းရွှေ၏ဇနီးဒေါ်ခင်မြ`နှင့် အခြားရွာသားများကိုတွေ့လိုက်ရလေသည်။ ဘုရားခန်းအား ဆီမီးတိုင်များ`အမွှေးနံ့သာများ ပိန်းပိတ်အောင်ထွန်းညှိထားပြီး ဘုရားစင်ထက်ဝယ်မျက်နှာတော်ညှိုးငယ်နေသည့် ဗုဒ္ဓဆင်းတုတော်ကစံမြန်းနေသည်။

ဖိုးသူတော်ဦးဝင်းလည်း အသင့်ပြင်ထားသောဖျာ`ပေါ်တွင်ဝင်ထိုင်လိုက်ပြီး

“ မခင်မြဆိုတာ ဘယ်သူများလည်း ဟေ့ `

“ ကျွန်မပါ ဆရာကြီး ရှင့် `

“ ငါ့သမီးကြီး ရှေ့တိုးစမ်း “

“ ဟုတ်ကဲ့ “

ဒေါ်ခင်မြလည်း ဒူးတုပ်လျက်ရို့ကျိုးစွာ ဖိုးသူတော်ဦးဝင်းရှေ့ဖျာကြမ်းပေါ်တွင် ဝင်ထိုင်လိုက်သည်။ ထိုအခါ

“ပယောဂကောင်ဝင်စီးရင် ငါ့သမီးကြီး ခံနိုင်ပါ့မလား`

“ ဟုတ်ကဲ့ ဆရာကြီး “

“ အိမ်း ကောင်းပြီကွဲ့ `

ထိုအခါမှ ဖိုးသူတော်ဦးဝင်းလည်း ဘုရားငါးဆူနှင့်အထက်နတ်မင်းကြီးများကိုတိုင်တည်ကာ မိစ္ဆာကောင်အား အာဏာဖြင့်ခေါ်လေသည်။

“ သံ၊ဂုံ၊ပ၊မ၊ယျ ဘုရားငါးဆူအမိန့် အထက်နတ်မင်းကြီးများအမိန့် အမိန့်ကိုပမာမခန့်ပြုခြင်းမရှိစေရ။ မိစ္ဆာကောင်ကို စကြာဝဠာမဟာတံတိုင်းရောက်နေသည့်တိုင် ဆိုင်ရာကဂုပ်ဆွဲခေါ်လာရမည် `

ဖိုးသူတော်ဦးဝင်းက ထိုသို့အမိန့်ပြန်လိုက်လေရာ ဒေါ်ခင်မြ၏ခန္ဓာကိုယ်တစ်ခုလုံး နတ်ကြမ်းစီးသလိုယိမ်းထိုးလှုပ်ရှားလာလေသည်။
ထို့နောက် ငြိမ်သက်သွားပြီး ဝါး`ခနဲနေအောင် သန်းလိုက်လေရာ မခင်မြ၏ပါးစပ်ပေါက်သည်သာမာန်လူတစ်ယောက်၏ပါးစပ်လိုမဟုတ်တော့ဘဲ အလွန်ပြဲအာကာ ပါးစပ်ပေါက်အတွင်းမှ အပုပ်နံ့များထောင်းထောင်းထထွက်ပေါ်လာသည်။
ထိုအပုပ်နံ့ကြောင့် ရွာသားအချို့ ရွံရှာမှုဖြစ်ကြရသည်။

“ဟေ့ကောင် မင်းကိုဘယ်သူခိုင်းတာလည်း ပြောစမ်း `

“ ဟေ့ကောင် ငဝင်း ငါကခိုင်းမှလုပ်တဲ့ကောင်မဟုတ်ဘူးကွ စားရလို့လုပ်တာ ဟ `

ပယောဂမိစ္ဆာသည် ရင့်သီးသောစကားကိုဆို၍ ဆရာဖြစ်သူအား မင်း`နဲ့ငါ ပြောလေသည်။ ဤကား ကမ္မဇိဒ္ဓိကြီးမားသော ဘီလူးဆိုးများ၏မာနကြောင့်ဖြစ်သည်။ ထိုအခါ ဖိုးသူတော်ဦးဝင်းလည်း

“ မင်းကိုဘာကျွေးပြီးခိုင်းတာလည်း “ ဟု

မေးမြန်းလိုက်လေရာ

“ ဆိတ်တစ်ကောင်လုံးကျွေးလို့ လုပ်ပေးတာ `

“ ဟာ ……

“ ဟင် …….

ပယောဂမိစ္ဆာ၏အဖြေကြောင့် ရွာသားများမျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားကြလေသည်။

“ မင်းကိုငါ နွားတစ်ရှဥ်းကျွေးမယ် ဒီကနေထွက်သွားပါ “

“ ဟားးးး …… ဟားး ….. ဟားးးး
အဲ့လောက် လွယ်ရိုးလား ငဝင်းရာ မင့်ပညာဘယ်
လောက်စွမ်းလည်း ငါကြည့်ချင်သေးတယ် “

ထိုအချိန်တွင် ဖိုးသူတော်ဦးဝင်းတစ်ယောက် အလျင် အမြန်လှုပ်ရှားလိုက်လေသည်။ ၎င်း၏ခါးပိုက်တွင် ထည့်ထားသော (၃)လက်မခန့်သာသာ အစွယ်ငေါငေါ`သန်လျက်ထမ်း`ဆောင့်ကြောင့်ထိုင် နတ်ဘီလူးရုပ်လေးအား ထုတ်ယူ၍ ပယောဂကောင်မြင်အောင် ပြလိုက်လေသည်။
ထိုဘီလူးရုပ်လေးအား မြင်သောအခါ ပယောဂမိစ္ဆာလည်း ပြာပြာသလဲဖြစ်သွားပြီး ဒူးတုပ်လျက်လက်အုပ်ချီလေတော့သည်။

“ ဟဲ့ မိစ္ဆာကောင် နင့်ကိုကုဝေရနတ်မင်းကြီး အမိန့်မှတ်လိုက်တယ် ယခုချက်ခြင်းလူတို့၏အရပ်ကထွက်ခွာ၍ အောက်နတ်ဘုံကိုပြန်လာရမည် သို့မဟုတ်က မဟာသန်လျက်ဖြင့်နင့်ရဲ့ဦးခေါင်းအစိတ်စိတ်အမွှာမွှာခုတ်ထစ်ခြင်းခံရမည် အမိန့် “

ထိုသို့ အမိန့်ပြန်လိုက်လေရာ ပယောဂမိစ္ဆာလည်း
ဖိုးသူတော်ဦးဝင်းအား နေနှင့်ဦးပေါ့ကွာ`ဟူသော
အကြည့်ဖြင့်ကြည့်သွားပြီး ဒေါ်ခင်မြ၏ခန္ဓာမှထွက်ခွာသွားလေတော့သည်။

“ မောင်ထွန်းရွှေရေ မင်းတို့အိမ်လှေကားအောက်ကိုသွားတူးချေကွာ `

“ ဟုတ်ကဲ့ ဆရာကြီး `

ဦးထွန်းရွှေလည်း သံတူရွင်းတစ်လက်ကိုယူ၍လှေကားခြေရင်းမြေကြီးတွင်တူးလိုက်သောအခါ မြေအောက်အနက် တတောင်ခန့်အရောက် `ဒုတ် ဒုတ်`ဟူသော အသံဖြင့် မာကျောသောအရာဝတ္ထုအား ထုနှက်မိလေသည်။ ထိုအခါ လက်ဖြင့်အသာယက်`၍ ဖော်ယူကြည့်ရှုလိုက်သောအခါ အစွယ်ငေါငေါ`တင်းပုတ်ထမ်းကာ
နှုတ်ခမ်းစတွင်သွေးစတို့စို့နေသော ဘီလူးရုပ်လေးအားတွေ့လေသည်။ ထိုဘီလူးရုပ်လေးအား ဖိုးသူတော်ဦးဝင်းထံအပ်လိုက်လေရာ ဦးဝင်းလည်း

“ ဒီအရုပ်ကိုဆရာယူသွားပြီး ရေမှာမျှောရမယ်
မောင်ထွန်းရွှေရေ ဒီလိုအရုပ်မျိုးက မီးမြှိုက်ရင်ပြုသူတစ်အိမ်လုံးသေရတယ်ကွ ရေမှာမျှောရင်တော့ ဒဏ်ပြန်တာပေါ့ ကွယ် နောင်သံသရာအတွက်ဝဋ်ကြီးလှတယ် ကွဲ့ `

ဦးထွန်းရွှေသာမက တစ်ကွာသားလုံး တစ်ဘဝစံအောက်လမ်းပညာအား ရွံ့ကြောက်သွားကာ နှလုံးအော့အန်ကြလေသည်။ ဖိုးသူတော်ဦးဝင်းလည်း ၎င်းဘီလူးရုပ်အားယူသွားကာ ပဲခူးမြစ်ကြီးထဲသို့ပစ်ချလိုက်လေတော့သည်။ ဦးထွန်းရွှေကတော့ အံတကျိတ်ကျိတ်တောက်တခတ်ခတ်။ အကြောင်းမှာ
၎င်းလက်ထဲရောက်ပါက ယင်းဘီလူးရုပ်အားမီးဖိုထဲပစ်ထည့်ရန် ကြံရွယ်ထားသောကြောင့် ဖြစ်လေတော့သည်။

ကြိုက်နှစ်သက်ပါက Like & (❤) & Share

ပြုလုပ်၍ အသိအမှတ်ပြုခဲ့ပါ ။

#စာဖတ်သူများအားလေးစားလျက်

#ထီးတော်မိုး_အမရပူရ