ဘုရားပျံဦးအောင်ရှိန်နှင့် ပုဏ္ဏကအိမ်အိုကြီး

Posted on

*ဘုရားပျံဦးအောင်ရှိန်နှင့် ပုဏ္ဏကအိမ်အိုကြီး*📖📖📖

*******************************************
(၁)
ဘာပဲပြောပြော ကျုပ်အခုတော့ ဆရာကြီးဦးအောင်ရှိန်ရဲ့ တပည့်တစ်ဦးဖြစ်သွားပြီပေါ့ဗျာ၊ အိမ်ကိုပြန်လာတော့ ဦးအောင်ရှိန်ဆီက ယူလာတဲ့ပုတီးလုံးကြီးနဲ့ ဘုရားကျောင်းဆောင်ရှေ့မှာ ဟန်ကျပန်ကျထိုင်ချလိုက်တယ်၊ အမေက ကျုပ်ကိုကြည့်ပြီး အံ့သြနေရှာတယ်။
“သားရယ် မင်းပုတီးကြီးကလည်း ကြီးလိုက်တာလွန်ပါရော”
“ဒါမျိုးနဲ့မှ ပုတီးစိပ်လို့ကောင်းတာအမေရ”
အမေပြင်ပေးတဲ့ညစာ စားပြီးတဲ့အချိန် ကျုပ်ပုတီးစိပ်ဖို့လုပ်လိုက်တယ်၊ အိမ်က ဘုရားကျောင်းဆောင်ဆိုတာ ညောင်ရေအိုးလေးနှစ်လုံးနဲ့ ဘုရားပုံတော်ပန်းချီကားလေးတစ်ခုပဲရှိတယ်၊ ဘုရားကိုပူဇော်စရာ ဖယောင်းတိုင်လဲမရှိ၊ အမွှေးတိုင်ဆိုတာ ဝေလာဝေးပေါ့၊ ဘုရားကိုကမန်းကတမ်းရှိခိုးပြီးတော့ ပုတီးကိုအကျအနကိုင်လိုက်ပြီး ဗုဒ္ဓေါ ဂုဏ်တော်ကို စပြီးစိပ်တယ်ပေါ့ဗျာ။
စိပ်ခါစကတော့ ဘာမှမဖြစ်ပေမယ့် သုံးလေးပတ်လောက်ရောက်လာရော လက်တွေညောင်းလာတာ တအားပဲဗျာ၊ ပုတီးလုံးကြီးတွေကလည်း တစ်လုံးတစ်လုံးကို ဆီးသီးထွားထွားအလုံးကြီးတွေလောက်ရှိတာဆိုတော့ မနည်းလက်လှမ်းနေရတယ်၊ ပုတီးကြီးက လေးလို့ကြမ်းပြင်နဲ့မထိအောင်ကိုင်ထားရတာကလည်း တော်တော်ညောင်းတာဗျာ၊ ငါးပတ်လောက်စိပ်ပြီးတော့ စိတ်ကဆက်ပြီးစိပ်ချင်နေပေမယ့် လက်က မလိုက်နိုင်တော့ဘူးဗျ၊ လက်မဆိုရင် တော်တော်ကို ညောင်းပြီးအောင့်နေပြီ၊ ဒါနဲ့ပဲ နောက်ဆုံးတော့ နားလိုက်ရတော့တယ်။
စိတ်ညစ်ညစ်နဲ့ အိမ်ရှေ့ခန်းမှာပဲ လှဲချလိုက်ရတော့တယ်၊ အမေက ကျုပ်ကိုကြည့်ပြီးတော့
“ဟဲ့သား၊ မင်းပုတီးစိပ်တာ ပြီးပြီလား”
“ပြီးပြီအမေ၊ စိတ်ကလုပ်ချင်ပေမယ့် လက်မက မလိုက်နိုင်တော့ဘူးဗျ”
“ငါ့သားကိုအမေအစောကတည်းက ပြောမလို့ပဲ၊ သားက ပုတီးအကြီးကြီးယူလာတော့ ပုတီးတစ်လုံးတစ်လုံးကို လက်လှမ်းနေရတာနဲ့တင် ညောင်းနေမှာပဲလို့၊ ထင်တဲ့အတိုင်းပါပဲလား”
“ဟုတ်တယ်အမေ၊ ဒီအတိုင်းဆိုရင်တော့ ဒီပုတီးနဲ့သားနဲ့ အဆင်မပြေဘူးထင်ပါတယ်အမေရယ်”
“အေးပေါ့သားရယ်၊ လောကနီတိအဆိုတောင်ရှိသေးတာပဲ တောင်တက်တဲ့လူက ဖြည်းဖြည်းတက်ရတယ်တဲ့၊ ပညာသင်ကြားတဲ့သူကလည်း ဖြည်းဖြည်းမှန်မှန် သင်ကြားရတယ်မဟုတ်လား၊ အခုမှနေ့ချင်းညချင်းနဲ့တော့ ဘယ်လိုလုပ်ပြီးတတ်နိုင်မှာလဲသားရဲ့”
အမေပြောတော့မှ ကျုပ်နည်းနည်းစိတ်ဖြေရာရသွားတယ်၊ အဲဒီညတော့ ကျုပ်စိတ်အေးအေးနဲ့ပဲ အိပ်လိုက်တာပေါ့ဗျာ။
နောက်တစ်နေ့မနက်ရောက်တော့ အမေက အထုပ်အပိုးတွေပြင်ဆင်နေတယ်ဗျ၊ ကျုပ်က အမေ့ကိုကြည့်ရင်း အံ့သြနေမိတယ်။
“အမေ ဘယ်သွားမလို့လဲ”
“အမေ မအေးကြည်နဲ့ ကုန်ကူးလိုက်သွားရမယ်သားရေ၊ မအေးကြည်က ဒီနေ့လည်လောက်ခရီးထွက်တော့မယ်တဲ့”
အမေနဲ့ခွဲစမရှိတော့ ကျုပ်စိတ်ထဲ ဝမ်းနည်းသလိုလိုနဲ့ တစ်မျိုးကြီးဖြစ်သွားမိတယ်၊ အမေက သူယူသွားမယ့်အိတ်ထဲ သူ့အဝတ်အစားတွေထည့်ရင်း ကျုပ်အတွက်လည်း အိတ်ကလေးတစ်လုံးပြင်ပေးရှာတယ်။ ပြီးတော့ ကျုပ်လက်မောင်းကို အမေကကိုင်ရင်း
“သား၊ အမေကုန်ကူးသွားတာ တစ်ပတ်တန်သည် နှစ်ပတ်တန်သည်တော့ ကြာလိမ့်မယ်၊ သား ဆရာကြီးဦးအောင်ရှိန်တို့အိမ်မှာ လိမ်လိမ်မာမာနေခဲ့နော်”
ကျုပ်ဘာမှမပြောနိုင်ဘဲ ခေါင်းပဲညိတ်ပြလိုက်မိတယ်။
“အမေ့သားက လိမ်မာပြီးသားဆိုတော့ ဘာမှထွေထွေထူးထူးမှာစရာမလိုပါဘူးကွယ်၊ အိမ်သော့ကို ကြီးကြီးသန်းတို့အိမ်မှာ အပ်ထားခဲ့မယ်၊ သားတကယ်လို့ ဟိုအိမ်မှာ မပျော်ဘူးဆိုရင် အိမ်ပြန်လာအိပ်လို့ရတာပဲသား”
“သားအတွက်က အဆင်ပြေပါတယ်အမေ၊ ဒါပေမယ့် အမေနဲ့ခွဲရမယ်ဆိုတော့ သားစိတ်ထဲတစ်မျိုးကြီးပဲ”
“အိုသားကလဲ၊ အမေက အမြဲခွဲသွားတာမှမဟုတ်ဘဲသားရဲ့ အမေကုန်ကူးသွားရတယ်ဆိုတာလည်း ငါ့သားလေးကောင်းစားဖို့အတွက်ပဲမဟုတ်လား၊ အရင်ကပြည့်ပြည့်စုံစုံနဲ့နေလာခဲ့ရတဲ့ ငါ့သားလေးကို အခုလိုဆင်းဆင်းရဲရဲဘဝနဲ့ထားရတာကို အမေစိတ်မကောင်းဘူးသား”
ပြောရင်း အမေက ကျုပ်ကိုဆွဲဖက်လိုက်တယ်၊ ကျုပ်လည်း ဘာကြောင့်မှန်းမသိဘူး စိတ်ထဲဝမ်းနည်းလာပြီး မျက်ရည်တွေစီးကျလာတယ်၊ အမေ့ကျောကိုဖက်ထားတော့ အမေလည်း တသိမ့်သိမ့်နဲ့ငိုနေပုံရပါတယ်၊ သားအမိနှစ်ယောက် အလွမ်းသယ်နေတာကို ကြီးကြီးသန်းက ကြည့်ရင်း သက်ပြင်းတစ်ချက်ချတယ်။ ဒီလိုနဲ့ သားအမိနှစ်ယောက် ဦးအောင်ရှိန်အိမ်ကိုရောက်လာခဲ့တာပေါ့။
“ဟော အမသိန်းရင်တောင်ရောက်လာပြီ၊ မနက်စာ စားပါအုံးရှင်”
ဟိုအိမ်ရောက်တော့ မနက်စာထမင်းဝိုင်းနဲ့ တန်းတိုးတာပဲဗျာ၊ ဒေါ်အေးကြည်က အမေနဲ့ကျုုပ်ကိုထမင်းစားဖို့ခေါ်တယ်၊ ကျုပ်တို့ကတော့ မစားပါဘူး။
“ဒီလိုမလုပ်ပါနဲ့အမသိန်းရင်ရယ်၊ အခုအချိန်ကစပြီး ကျွန်မတို့ကို ကိုယ့်ဆွေကိုယ့်မျိုးလိုပဲ သဘောထားပါ၊ လာရင်မောင် ဝင်ထိုင်စား”
ကျုပ်တို့သားအမိ မငြင်းသာတော့တာနဲ့ ဝင်ထိုင်လိုက်ကြတယ်၊ မခင်ကြည်ဆိုတာ မနှင်းကြည်ရဲ့အမ၊ ဦးအောင်ရှိန်ရဲ့ သမီးအကြီးပေါ့ဗျာ၊ အဲဒီတုန်းက မခင်ကြည်က အသက်ဆယ့်ကိုးနှစ်ကျော် အသက်နှစ်ဆယ်ဝန်းကျင်ဖြစ်နေပါပြီ၊ မခင်ကြည်က သံပန်းကန်ပြားထဲ ထမင်းတွေခူးထည့်ပြီးတော့ လာချပေးတယ်၊ ကျုပ်လည်း ဘာမှမစားရသေးတော့ ဆာဆာနဲ့စားလိုက်တာပါပဲ။
အမေကထမင်းစားရင်း
“ဟင်းတွေက အစပ်အဟပ်တည့်သားပဲနော် မအေးကြည်၊ မအေးကြည်လက်ရာထင်တယ်”
“အဲဒါ သမီးကြီးခင်ကြည်လက်ရာပါ”
“အလို၊ ဒီကလေးမလေးက ဒီလောက်ချက်တတ်တယ်လား”
“ဟုတ်တယ်အမ၊ အိမ်မှာ ကျွန်မက အမြဲမရှိတော့ အိမ်ရဲ့ ချက်ရေးပြုတ်ရေး ဝေယျာဝစ္စတွေအကုန်လုံးကို ခင်ကြည်ကပဲ ဦးဆောင်နေရတာ၊ အချက်အပြုတ်လည်း ပါရမီပါလာပုံရပါတယ်၊ ခင်ကြည်ချက်ရင် ဘာမဆိုစားကောင်းတာအမရဲ့”
“သမီးမိန်းကလေးမွေးထားတော့ အားကိုးရတာပေါ့ မအေးကြည်ရယ်၊ အဲ . . .အိမ်က သမီးကတော့”
အမေက စကားဆက်မပြောတော့ဘဲ မျက်နှာကလေးညှိုးကျသွားတယ်၊ ဦးအောင်ရှိန်က ဒေါ်အေးကြည်ကိုမျက်စောင်းတစ်ချက်လှမ်းထိုးလိုက်တော့ ဒေါ်အေးကြည်က ခေါင်းညိတ်ပြလိုက်တယ်ဗျ။
“ကဲပါအမသိန်းရင်ရယ်၊ ဖြစ်ပြီးခဲ့တာတွေက ပြီးခဲ့ပါပြီ၊ စိတ်မကောင်းစရာတွေ ပြန်တွေးမနေပါနဲ့တော့”
စားသောက်ပြီးတော့ ခြံထဲမှာ လှည်းတစ်ခုက အသင့်ပြင်ဆင်နေပြီဗျ၊ ပေါင်းမိုးတပ်ထားတဲ့လှည်းကြီးထဲကို အဝတ်အစားအိတ်တွေ၊ အသုံးအဆောင်တွေထည့်နေတယ်၊ နောက်တော့ လှည်းပေါ်ကို ဒေါ်အေးကြည်က လက်ဆွဲခြင်းတစ်ခုဆွဲပြီးတက်သွားတယ်၊ အမေက လှည်းပေါ်မတက်ခင် ကျုပ်ကိုကြည့်ရင်း
“အမေသွားတော့မယ်သားလေး၊ ကောင်းကောင်းနေခဲ့နော်”
ပြောဆိုပြီး ကျုပ်ဝတ်ထားတဲ့ ရှပ်အင်္ကျီအိတ်ကပ်ထဲကို ဆယ်တန်တစ်ရွက်ထိုးထည့်ခဲ့ပြီးလှည်းပေါ်တက်သွားတာပဲဗျာ၊ လှည်းသမားက နွားတွေကို တောက်တစ်ချက်ခေါက်လိုက်တဲ့အချိန်မှာ လှည်းကခြံထဲကနေမောင်းထွက်သွားပါရော၊ ကျုပ်ဖြင့်လှည်းနောက်လိုက်ပြီး မျက်စိတစ်ဆုံးကြည့်နေမိတယ်၊ အမေက ကျုပ်ကိုလက်လှမ်းပြရင်း မျက်ရည်တွေကျလာတယ်ထင်ပါရဲ့ သူ့ပုခုံးမှာတင်ထားတဲ့ ချည်ထည်ပုဝါပိုင်းကလေးနဲ့ မျက်နှာကိုသုတ်နေတယ်။
“လူဆိုတာ တွေ့ဆုံပြီးရင် ခွဲခြာကြရတာ ထုံးစံပဲရင်မောင်၊ ဘာပဲပြောပြော အခုက ခဏတဖြုတ်ခွဲရတာပဲကွာ၊ သိပ်လည်းအားငယ်မနေပါနဲ့၊ ငါ့တုန်းကဆိုရင် မိဘတွေနဲ့ခွဲရတုန်းက မင်းထက်တောင်အများကြီးငယ်သေးတယ်ကွ”
ဦးအောင်ရှိန်က ခြံရှေ့ထွက်လာပြီးတော့ ကျုပ်ပုခုံးကိုလက်နဲ့ပုတ်ရင်း နှစ်သိမ့်တယ်၊ ရွာကနေဖုန်တထောင်းထောင်းနဲ့ထွက်သွားတဲ့လှည်းကြီးကို မျက်စိတစ်ဆုံးငေးကြည့်ပြီးတော့ ဦးအောင်ရှိန်နဲ့ကျုပ်လည်း အိမ်ထဲကိုပြန်ဝင်ခဲ့ကြတယ်။
“ပြောပါအုံးကွ၊ ညက မင်းပုတီးဘယ်နှပတ်ရသလဲ”
“ငါးပတ်တောင်မပြည့်ပါဘူးဆရာကြီးရာ”
“ဟေ၊ ဗုဒ္ဓေါဆိုတာ ရွတ်ရအလွယ်ဆုံးမဟုတ်လားကွ၊ ဘယ်လိုလုပ်ပြီးတော့ ငါးပတ်တောင်မရတာလဲ”
“လက်ညောင်းလာလို့ဆရာကြီးရဲ့၊ ပုတီးလုံးကကြီးတော့ တစ်လုံးတစ်လုံးကို လက်မနဲ့လှမ်းလှမ်းပြီးဆွဲတာနဲ့တင် လက်မတွေအောင့်တက်လာတာ”
ဦးအောင်ရှိန်က ရယ်မောရင်း
“အေးပေါ့ကွာ၊ မင်းက အယ်စတုံကြီး ကြိုက်တာကိုးကွ၊ ဒီလိုပုတီးအကြီးဆိုတာ စိပ်နေကျမဟုတ်ရင် မစိပ်နိုင်ဘူးကွ”
“ဒါဆို ဆရာကြီးရော ဒီပုတီးကိုစိပ်နိုင်ရဲ့လား”
“မင်းယုံချင်မှယုံမယ်နော်၊ ငါက ဟောဒီပုတီးကြီးနဲ့ တစ်ရာ့ရှစ်ရက်တိတိ အဓိဋ္ဌာန်ပြီး စိပ်ခဲ့တာကွ”
“တစ်ရက် ဘယ်နှပတ်စိပ်တာလဲဆရာကြီး”
“တစ်ရက်ကို တစ်ရာ့တစ်ပတ်ပေါ့ကွာ”
ကျုပ်ဖြင့် ဦးအောင်ရှိန်ကို မလေးစားပဲ မနေနိုင်တော့ပါဘူးဗျာ၊ ငါးပတ်တောင်မနည်းစိပ်ရတဲ့ပုတီးကို တစ်ရက်ကို အပတ်တစ်ရာကျော်နဲ့ ရက်ပေါင်းတစ်ရာ့တစ်ရက်တိတိစိပ်နိုင်တယ်ဆိုတော့ တကယ့်ကို အာဂလူပါပဲ”
ဦးအောင်ရှိန်က ဆေးပြင်းလိပ်တစ်လိပ်ကို မီးဖွာပြီး ဇိမ်ခံသောက်နေတယ်ဗျ၊ တစ်နေရာရာကိုစိုက်ကြည့်ပြီးတော့ အေးအေးလူလူဖွာနေတာဆိုတော့ သူတစ်ခုခုစဉ်းစားနေပုံရတယ်။ ဆေးလိပ်ငွေ့တွေကို လေထဲကိုမှုတ်ထုတ်လိုက်ပြီးတော့မှ
“ဒါထက် မင်းဆီမှာလွယ်အိတ်ရှိသလား ရင်မောင်”
“လွယ်အိတ်တော့မရှိဘူးဆရာကြီးရဲ့၊ အရင်က ကျောင်းတက်တုန်းကလွယ်အိတ်က အိမ်အပြောင်းအရွေ့မှာ ကျန်ခဲ့တယ်ထင်ပါတယ်”
“ဒါဖြင့်ရင်လည်း မင်းအဝတ်အစားအိတ်ကို အိမ်ပေါ်မှာသွားထားကွာ၊ ပြီးတော့ နှင်းကြည်ကိုပြောလိုက် ငါ့အဝတ်အစားခပ်လတ်လတ်နှစ်စုံလောက်ကို ထုတ်ပြီးတော့ ယူလာခဲ့ပါလို့၊ ပြီးတော့ ဥရင်တိုင်မှာချိတ်ထားတဲ့ ငါ့လွယ်အိတ်ကြီးကိုဖြုတ်ပြီးယူလာစမ်းကွာ”
“ဟုတ်ကဲ့ဆရာကြီး”
“နေအုံးရင်မောင်၊ မင်းအဝတ်အစားနှစ်စုံလောက်ကိုလည်း ပုဆိုးနဲ့ထုပ်ပြီး ယူလာစမ်းဟေ့”
ဦးအောင်ရှိန်ခိုင်းတဲ့အတိုင်း ကျုပ်လုပ်ရတော့တယ်၊ အဝတ်အစားအိတ်ယူပြီးတက်သွားတော့ အိမ်ပေါ်မှာတံမြက်စည်းလှဲနေတဲ့ နှင်းကြည်နဲ့တွေ့ပါရော။
“ဟဲ့ အဝတ်အစားအိတ်ကြီးနဲ့ ဘယ်လာတာလဲ”
“ငါဒီနေ့ကစပြီး ဒီမှာနေတော့မှာလေ”
နှင်းကြည်က နဖူးကိုလက်ဝါးနဲ့ရိုက်ပြီး
“ငါတော့သေချင်တာပါပဲဟယ်”
“အောင်မယ် နင့်အိမ်မှာ ငါတစ်သက်လုံးမနေပါဘူးဟာ၊ ဘာလဲ နင်က မကြိုက်ဘူးလား”
နှင်းကြည်က ဘာမှတော့မပြောဘူးဗျ၊ ကျုပ်အဝတ်အစားအိတ်ကိုချလိုက်ပြီးတော့
“ဒါနဲ့ ဆရာကြီးက သူဝတ်နေကျခပ်လတ်လတ်အင်္ကျီနှစ်စုံလောက်ကို ယူလာပေးပါတဲ့”
“အင်္ကျီနှစ်စုံထုတ်ခိုင်းတယ်ဆိုတော့ အဖေက ဘယ်ကိုခရီးထွက်အုံးမှာလဲမသိဘူး”
“ဟင်၊ ဆရာကြီးက ခရီးထွက်မလို့လား”
“အေးလေ၊ ပုံမှန်အဝတ်အစားနှစ်စုံလောက်ထည့်ခိုင်းရင်တော့ ရက်တိုခရီးသွားဖို့ထင်တာပဲ”
“ငါ့ကိုလည်းထည့်ခိုင်းတယ်”
“ဒါဆိုရင်တော့ သေချာတယ်၊ နင့်ကိုပါခေါ်သွားမှာပဲ”
နှင်းကြည်က အိမ်ခန်းထဲဝင်သွားတော့ ကျုပ်လည်း ဥရင်တိုင်မှာချိတ်ထားတဲ့ ဦးအောင်ရှိန်ရဲ့ ယောဂီရောင်လွယ်အိတ်ကြီးကိုဖြုတ်ပြီး အိမ်အောက်ကိုဆင်းလာခဲ့တယ်။
“ဆေးကုတယ်ဆိုတာ ဘာကိုပြောတာလဲဆိုတာ မင်းသိသလား ရင်မောင်”
“ဆေးကုတာကတော့ဗျာ၊ လူနာကိုဆရာဝန်က ဆေးပေးပြီးကုတာကို ပြောတာပေါ့ဗျ”
“မင်းပြောတာ အင်္ဂလိပ်နည်းကွ၊ တို့ဗမာနည်းအရဆိုရင် ဆေးကုပုံကုနည်းတွေအများကြီးရှိတယ်”
ဦးအောင်ရှိန်က ဆေးလိပ်တစ်ချက်ဖွာလိုက်ရင်း
“လူနာ နေမကောင်း မကျန်းမာဘူးဆိုရင် ဗိန္ဒောလို့ခေါ်တဲ့ ဘယဆေးတွေဖော်စပ်ပြီးတော့ ကုတဲ့နည်း၊ ပြီးတော့ ဓါတ်ကုကုတယ်လို့ခေါ်တဲ့ ဓါတ်စာတွေကျွေးပြီးကုတဲ့နည်း၊ ဆေးမြီးတိုဆိုတာကျတော့ မြစ်ချင်းပြီးတဲ့ အသီး၊ အရွက်၊ အပွင့်တွေ သဘာဝအတိုင်းပေါက်တဲ့ အပင်တွေနဲ့ ကုသတဲ့နည်းတွေ၊ တစ်ခါ ပယောဂကုဆိုတာကတော့ အင်းအိုင်ခါးလှည့်လက်ဖွဲ့အဆောင်မန္တရားတွေရဲ့ အစွမ်းနဲ့ကုသတဲ့နည်း၊ ပြီးတော့ စတိကုနည်းလို့ခေါ်တဲ့ ဂမ္ဘီရဆန်စွာကုသတဲ့နည်း၊ တစ်ခါ သရဏဂုံတည်ပြီးတော့ ပရိတ်အရန်အတားတို့ပြုလုပ်ပြီးတော့ သစ္စာဆိုပြီးကုသတဲ့ ဘုရားကုကုတဲ့နည်း၊ လောကမှာရှိတဲ့မှန်ကန်တဲ့အရာတွေကို သစ္စာဆိုပြီးကုသတဲ့ သစ္စာကု ကုတဲ့နည်းဆိုပြီးတော့ ကုနည်းပေါင်း ခုနစ်မျိုးရှိတယ်ကွ”
“နည်းတွေက တော်တော်များတာပဲနော်၊ ဆရာကြီးကရော ဘယ်နည်းကိုအသုံးပြုပြီး ကုသတာလဲဆရာကြီး”
“ကုသပေးတဲ့ဆရာတစ်ယောက်ဆိုတာက နည်းတစ်နည်းထဲကို လက်ကိုင်စွဲထားလို့မရဘူးကွ၊ နည်းတွေအားလုံးကိုသိထားရမယ်၊ အနည်းဆုံးတော့ နည်းသုံးနည်းလောက်ကို သိထားမှရမယ်၊ ဘာကြောင့်လဲဆိုတော့ ရောဂါဆိုတာ သွေးလေသလိပ်ဖောက်ပြန်လို့ဖြစ်တဲ့ရောဂါရှိသလို မကောင်းတဲ့အတိုက်အခိုက် ပယောဂကြောင့်ဖြစ်တဲ့ ရောဂါတွေလည်းရှိတတ်တယ်၊ ငါကတော့ သွေးလေသလိပ်ကြောင့်ဖြစ်တဲ့ ရောဂါတွေကို မကုဘူးကွ၊ ဒါပေမယ့် မကောင်းတဲ့အတိုက်တွေကြောင့်ဖြစ်တဲ့ သူတစ်ပါး ပယောဂပါတဲ့ရောဂါတွေကိုပဲကုတယ်၊ ကုတဲ့နေရာမှာလည်း ဘုရားကုကုတာ၊ သစ္စာကု ကုတာများတယ်ကွ”
ပြောရင်းဆိုရင်း ခြံထဲကိုလှည်းကြီးတစ်စီးဝင်လာပါရောဗျာ၊ ဦးအောင်ရှိန်က ခေါင်းတညိတ်ညိတ်နဲ့ကြည့်နေတုန်းမှာပဲ လှည်းပေါ်ကလူတွေက ပြေးဆင်းလာပြီး ကွပ်ပျစ်အောက်မြေကြီးမှာ ကျုံ့ကျုံ့ကလေးထိုင်လိုက်ကြတယ်။
“ဆရာကြီး ကျုပ်တို့ကိုကယ်ပါအုံးဗျာ”
ဦးအောင်ရှိန်က ဆေးလိပ်ပြာခွက်ထဲ ဆေးလိပ်ကိုမီးသတ်လိုက်ရင်း
“မင်းတို့ကြည့်ရတာ လူတွေကလည်းပိန်ကျလို့၊ မျက်တွင်းဟောက်ပက်နဲ့အပြင် မျက်ကွင်းတွေလဲ ညိုလို့ပါလား၊ တန်တော့ ကောင်းကောင်းမအိပ်ရဘူးထင်တယ်”
“ဟုတ်ပါတယ်ဆရာကြီးရယ်၊ ကျုပ်တို့အိမ်မှာ အိပ်ဖို့မပြောနဲ့ ဘယ်လိုမှ နေမရဘူးဖြစ်နေလို့ ဆရာကြီးကိုလာပင့်တာပါ”
“မင်းတို့ ဘယ်ရွာကလာကြတာလဲကွ”
“မောက်ရွာကပါဆရာကြီး”
“မောက်ရွာမှာ ဆရာအောင်ကြီးတို့၊ ပယောဂကုတဲ့ ကိုတိုးကျော်တို့ရှိတယ်မဟုတ်လားကွ၊ မင်းတို့ရွာကျော်ပြီးငါ့ကိုလာပင့်တာ အဲဒီဆရာတွေကို မလေးစားရာများကျနေမလား”
“မဟုတ်ပါဘူးဆရာကြီးရယ်၊ ကျုပ်တို့အိမ်ကြီးကို ဆရာလေးငါးယောက်က လက်လျှော့ထားပြီးပါပြီ၊ ဆရာအောင်ကြီးဆိုရင်လည်း အိမ်ကနေထွက်ပါပြေးရတယ်၊ ဆရာတိုးကျော်လည်း အိမ်မှာအပနှင်ရင်း တစ်ရက်နဲ့နေ့တစ်ပိုင်းပဲ နေနိုင်ပါတယ်ဆရာကြီး၊ ဒီဆရာတွေအကုန်မနိုင်လို့ အခုမောက်ရွာထဲမှာတောင်မှ ကျုပ်တို့အိမ်ကို ဆရာပြန်အိမ်၊ ဆရာပြေးအိမ်ဆိုပြီး ခေါ်နေကြပါတယ် ဆရာကြီးရာ”
ဦးအောင်ရှိန်က ခေါင်းကိုဖြည်းဖြည်းချင်းညိတ်လိုက်တယ်။
“ကိုင်း ဒါဆိုရင်လည်း လိုက်ကြည့်ရတာပေါ့ဟေ့၊ ဟဲ့ နှင်းကြည် အဝတ်တွေမရသေးဘူးလားဟဲ့”
ဦးအောင်ရှိန် အော်ငေါက်လိုက်တော့မှ နှင်းကြည်ကအဝတ်အစားတွေယူလာပေးတယ်၊ ဦးအောင်ရှိန်က သူ့ယောဂီရောင်လွယ်အိတ်ကြီးထဲကို အဝတ်အစားတွေထည့်ပြီး မတ်တပ်ထရပ်လိုက်တယ်။
“ကဲ ရင်မောင် မင်းလည်းငါနဲ့လိုက်ခဲ့ မင်းအဝတ်အစားတွေ ထုပ်ထားတယ်မဟုတ်လား”
ကျုပ်က အဝတ်အစားတွေထည့်ပြီးထုပ်ထားတဲ့ ပုဆိုးထုပ်ကလေးကို ချိုင်းကြားမှာလွယ်ပြီး ဦးအောင်ရှိန်အနောက်ကနေ လိုက်ခဲ့တာပေါ့ဗျာ၊ လှည်းပေါ်တက်ပြီးမကြာခင်ပဲ လှည်းကြီးကတရွှေ့ရွှေ့နဲ့ရွာကထွက်ခဲ့ပါရော။
(၂)
မြစ်သာမြစ်ကမ်းဘေးအတိုင်း ဖောက်လုပ်ထားတဲ့တာလမ်းမကြီးကနေ လှည်းကမောင်းနှင်လာခဲ့တယ်၊ ဦးအောင်ရှိန်ကတော့ တစ်လမ်းလုံးစကားမပြောဘဲ ပါးစပ်ကပွစိပွစိနဲ့ဂါထာတွေရွတ်နေပုံရတယ်ဗျ။ ကျုပ်လည်း လမ်းဘေးဝဲယာက ရှုခင်းတွေကြည့်ပြီး လိုက်လာခဲ့လိုက်တယ်၊ မြစ်သာမြစ်က ယဉ်ယဉ်ကလေးစီးဆင်းနေသလို မြစ်ကမ်းဘေးယာခင်းတွေမှာစိုက်ပျိုးထားတဲ့ ပဲခင်း၊ နှမ်းခင်း၊ ယာခင်းတွေကလည်း စိမ်းစိုလို့နေတာပါပဲဗျာ၊ မကြာခင်မှာတော့ ဝါးနဲ့ဆောက်ထားတဲ့ တံတားကြီးတစ်ခုဆီကိုရောက်လာတယ်၊ တံတားကြီးက တော်တော်ကြီးကြီးပါ၊ မြစ်သာမြစ် ကျဉ်းတဲ့နေရာမှာ ဖြတ်ပြီးထိုးထားပါရော၊ ကျုပ်တို့လှည်းက တံတားကိုမကူးခင်မှာ တံတားဟိုဘက်က လှည်းတစ်စင်းလာနေလို့တောင် စောင့်နေရပါသေးတယ်၊ တံတားက လှည်းတစ်စင်းဖြတ်စာလောက်ပဲ ကျယ်တာကိုး၊ အဲဒီလှည်းဖြတ်ပြီးသွားတော့မှ ကျုပ်တို့လှည်းက တံတားကိုဖြတ်ခဲ့ရတယ်၊ ဝါးတွေနဲ့လုပ်ထားတယ်ဆိုပေမယ့် တံတားကတော့ တော်တော်ခိုင်ခိုင်ရယ်ဗျ၊ လှည်းသွားတာတောင်မှ တစ်ချက်မလှုပ်ဘူး။
“ဒီတံတားဖြတ်ပြီးရင် ဟိုဘက်က မောက်ရွာပေါ့ ရင်မောင်”
ဒီတော့မှ ဦးအောင်ရှိန်က ကျုပ်ကိုစကားလှည့်ပြောတယ်ဗျ။ ဒီနေရာဒေသတွေက ကျုပ်နဲ့အစိမ်းသက်သက်ဖြစ်နေတော့ မြင်သမျှအသစ်အဆန်းဖြစ်နေတာပါပဲ။ ဦးအောင်ရှိန်က လာပင့်တဲ့ဦးလေးကြီးကိုကြည့်လိုက်ပြီး
“ဒါနဲ့မင်းတို့အိမ်က မောက်ရွာအပြင်ဘက်က ခြံကြီးဝန်းကြီးနဲ့ နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးမဟုတ်လား”
ဦးလေးကြီးက တအံ့တသြနဲ့ခေါင်းညိတ်ရှာတယ်ဗျ။
“ခြံထဲမှာလည်း သီးပင်စားပင်၊ ဝါးရုံပင်တွေနဲ့ စိမ်းစိမ်းစိုစိုပဲမဟုတ်လား”
“ဟုတ်ပါတယ်ဆရာကြီးရယ်၊ အိမ်ကြီးကလည်းကောင်း၊ ခြံကြီးကလည်းကျယ်၊ သစ်ရိပ်ဝါးရိပ်နဲ့ အေးအေးဆေးဆေးမို့ ကျုပ်တို့လည်း ဒီအိမ်ကိုဈေးကြီးပေးပြီး ဝယ်လိုက်မိတာပါ၊ အခုတော့ဗျာ၊ အဲဒီအိမ်ကိုပြောင်းလာပြီးကတည်းက အိမ်မှာဘာတွေဖြစ်နေမှန်းကိုမသိတာဗျ၊ ဒါနဲ့ အဲဒီအိမ်ကိုဆရာကြီးသိလို့လား”
“မင်းတို့ပြောပုံအရဆိုရင် ငါရိပ်မိနေတဲ့အိမ်ပဲထင်တယ်၊ ငါငယ်ငယ်တုန်းက မောက်ရွာဘက်မှာ အောက်လမ်းဆရာကြီး ဦးဖိုးစီဆိုတာ နေထိုင်ခဲ့ဖူးတယ်၊ ရှင်းရှင်းပြောရရင်တော့ အဲဒီဦးဖိုးစီက ငါ့ပထွေးဖြစ်ခဲ့တာပေါ့”
ကျုပ်တော်တော်အံ့သြသွားမိတယ်။
“ဗျာ၊ ဆရာကြီးရဲ့ပထွေးက အောက်လမ်းဆရာကြီးတဲ့လား”
“အဲဒီတုန်းက ငါလည်းဘာပညာရပ်မှာ မတတ်သေးဘူးလေကွ၊ ပြီးတော့ ငါ့အဖေကို စုန်းလင်မယားက သတ်လိုက်တော့ အဲဒီစုန်းလင်မယားကို လက်စားချေမယ်ဆိုပြီး ဆရာရှာရင်းကနေ အခုနက ဦးဖိုးစီဆိုတဲ့လူကြီးနဲ့တွေ့ခဲ့တာပဲ၊ ဒါနဲ့ အဲဒီဆရာကြီးကို ငါကိုယ်တိုင်အိမ်ပေါ်ကိုပင့်လာရာကနေ သူကမကောင်းတဲ့အောက်လမ်းအတတ်တွေနဲ့ ငါ့အမေကိုယူလိုက်တယ်၊ ငါတို့ပိုင်သမျှကို သူကအပိုင်သိမ်းပြီးတော့ ငါ့ကိုတောင် အိမ်ပေါ်ကနေ မောင်းချခဲ့တာကွ”
“တော်တော်ဆိုးတဲ့လူပဲ ဆရာကြီးရာ၊ ဒါနဲ့ အဲဒီဦးဖိုးစီနဲ့ အခုအိမ်နဲ့က ဘယ်လိုပတ်သက်နေလို့လဲဗျ”
“သူတို့အခုဝယ်လိုက်တဲ့ အိမ်နဲ့ခြံဆိုတာ ဦးဖိုးစီအရင်က နေခဲ့တဲ့ အိမ်နဲ့ခြံဖြစ်မယ်ကွ”
အိမ်ပိုင်ရှင်ဦးလေးကြီးဆို အရမ်းအံ့သြသွားတော့တယ်။
“ဦးဖိုးစီက အရင်တုန်းက မောက်ရွာအပြင်ဘက် ခြံအကျယ်ကြီးထဲက နှစ်ထပ်အိမ်ကြီးထဲမှာ တစ်ယောက်တည်းနေတာကွ၊ တစ်ယောက်တည်းဆိုပေမယ့် သူ့အိမ်၊ သူ့ခြံမှာ ပရလောကသားတွေ သူမွေးထားတဲ့ အစိမ်းသရဲတွေအများကြီးရှိတယ်၊ အဲဒီ ပရလောကသားတွေကို သူကစိတ်ကြိုက်ခိုင်းစားတာ၊ သူ့အိမ်ခြံကိုလုံခြုံအောင်လို့ ပရလောကသားတွေကလည်း စောင့်ကြပ်ပေးရတယ်၊ တစ်ခါတုန်းကဆို ငါက သူ့ခြံလုံမလုံကို စမ်းသပ်ကြည့်ခဲ့သေးတယ်”
“ဘယ်လိုစမ်းသပ်တာလဲ ဆရာကြီး”
“သူက သူ့ခြံတံခါးကို အစိမ်းသရဲတွေအားကိုးနဲ့ ပိတ်ခိုင်းထားတာကွ၊ ခြံတံခါးက ငါတို့အပြင်ထွက်ပြီးတာနဲ့ သူ့အလိုလိုပိတ်ကျသွားတာ၊ ငါကလုံပါ့မလားဆိုပြီး ခြံတံခါးကိုအတင်းဖွင့်ကြည့်တော့ ခြံတံခါးက လုံးဝကိုဖွင့်လို့မရဘူးဟေ့၊ ငါမပြောနဲ့ ဆင်နဲ့တိုက်တာတောင် ခြံစည်းရိုးတံခါးက ပွင့်မှာမဟုတ်ဘူးတဲ့ကွ”
“ဒါဆို ခြံပေါ်ကျော်ကြည့်ရင်ရောဗျာ”
“မင်းပြောသလို ငါလည်းစမ်းကြည့်ပါတယ်၊ ခြံစည်းရိုးကာထားတဲ့ သစ်သားပြားကို ငါကျော်ပေမယ့် ခြံထဲကိုဆင်းမရဘဲနဲ့ မမြင်ရတဲ့အရာကြီးတစ်ခုက ကာထားသလိုမျိုးကိုဖြစ်နေတော့တာပဲဟေ့၊ နောက်မှငါသိရတာက သူ့ခြံထဲမှာမွေးထားတဲ့ အစိမ်းသရဲတွေကို ခြံလုံအောင်စောင့်ခိုင်းထားတာတဲ့ကွာ၊ သူ့ခြံထဲကို လူဝင်ဖို့မပြောနဲ့ တိရစ္ဆာန်ဖြစ်တဲ့ ငှက်တွေ ကြက်တွေတောင်မှ မဝင်နိုင်ဘူးတဲ့ဟေ့”
“တော်တော်ကြောက်စရာကောင်းတာပဲဗျာ”
“သူက သူ့ခြံထဲမှာ သေသွားရတာမဟုတ်ဘူးကွ၊ ဒါကြောင့် သူသေသွားပေမယ့် သူ့ခြံထဲက အစိမ်းသရဲတွေက ဆက်ပြီးရှိနေတာဖြစ်မယ်၊ ဒါကြောင့် တခြားလူတွေကို နှောင့်ယှက်နေတာဖြစ်မယ်ကွ”
ဦးအောင်ရှိန်က အိမ်ပိုင်ရှင်ကိုကြည့်ပြီး
“မင်းတို့ အိမ်ဝယ်တော့ ဘာတွေထူးခြားသေးလဲကွ”
“ကျွန်တော်တို့က အဝေးကနေလှမ်းဝယ်သွားမိတာပါ၊ ဂန့်ဂေါမြို့က ပွဲစားတစ်ယောက်ရဲ့အကူအညီနဲ့လှမ်းဝယ်လိုက်တာပါ၊ ဒါပေမယ့် လွန်ခဲ့တဲ့အပတ်က အိမ်ကိုပြောင်းလာခဲ့တော့ ပစ္စည်းတွေတင်လာတဲ့ နွားလှည်းက နွားတွေက ခြံထဲကိုလုံးမဝင်ဘဲ ပေကပ်နေတယ်ဆရာကြီး၊ အတင်းဆွဲဝင်ခိုင်းတော့လည်း နွားတွကရုန်းကန်ပြီးတော့ နှာတွေ တအားမှုတ်တယ်”
“ဒါပဲလားကွ”
“ဘယ်ကမလဲ ဆရာကြီးရယ်၊ အိမ်တံခါးဖွင့်ပြီး ပစ္စည်းတွေချလိုက်ပြီးတာနဲ့ ပြတင်းပေါက်က သူ့အလိုလိုပွင့်ပြီးတော့ ပစ္စည်းတွေကို အိမ်ပေါ်ကနေ လွှင့်ပစ်တယ်ဆရာကြီး”
“မင်းတို့ဟာက တော်တော်ဆိုးတာပဲ”
“ညအိပ်တဲ့အခါကျရင်လည်း ခြေထောက်ကနေဆွဲပြီး အိမ်လှေကားအတိုင်း တဒုန်းဒုန်းနဲ့ဆင်းပြေးတာပဲဆရာကြီး၊ ရုန်းလို့လည်းမရ အော်လို့လည်းမရဘူး၊ အခုထိ ကျုပ်ကျောကုန်းမှာ ဒဏ်ရာတွေကျန်နေပါသေးတယ်ဗျာ”
အိမ်ပိုင်ရှင်ဦးလေးကြီးက သူဝတ်ထားတဲ့ စွပ်ကျယ်အင်္ကျီကြီးကို ကျောလှန်ပြလိုက်တဲ့အခါ သူ့ကျောမှာ အညိုအမည်းတွေစွဲနေတာ မနည်းပါဘူး။ လှေကားကနေ ဆွဲချခံရတာဆိုတော့ တော်တော်နာမယ့်ပုံပဲ။
“အဲဒါနဲ့ကျုပ်တို့လည်း နီးစပ်ရာဆရာတွေခေါ်ကြရတယ်၊ အိမ်မှာ သရဲတွေရှိနေပြီထင်လို့ပေါ့၊ မောက်ရွာက ဆရာအောင်ကြီးကိုသွားခေါ်တော့ ဆရာအောင်ကြီးက အိမ်ကိုလိုက်လာတယ်၊ သူဒီအိမ်မှာ ညအိပ်ပြီးတော့ မကောင်းဆိုးဝါးတွေ နှိမ်နင်းပေးမယ်ဆိုတယ်၊ ကျုပ်တို့လည်း အဲဒီအိမ်ကြီးမှာ မနေရဲလို့ တခြားရွာထဲကအိမ်တစ်အိမ်မှာ ခွင့်တောင်းပြီးနေရတယ်၊ အဲဒီညမှာပဲ ခွေးတွေတော်တော်အူတယ်ဆရာ၊ ဆရာအောင်ကြီးက ခြံကျယ်ကြီးထဲကနေ အော်ဟစ်ပြီးတော့ကို ထွက်ပြေးလာတာ ကျုပ်တို့မြင်လိုက်တယ်၊ မနက်ကျတော့ ခရီးထွက်မယ်ဆိုပြီး ရွာကထွက်သွားပါရော၊ ကျုပ်အထင်တော့ သူရှက်သွားပုံပဲဗျ”
ဦးအောင်ရှိန်က ခေါင်းညိတ်နားထောင်နေရင်း
“အောင်ကြီးက အထက်လမ်းလိုလို အောက်လမ်းလိုလိုနဲ့ လမ်းနှစ်ခွဖြစ်နေတဲ့ကောင်ကိုးကွ”
“ဒါနဲ့အထက်လမ်းဆရာ တိုးကျော်ကိုခေါ်ပါသေးတယ်၊ သူလည်း အိမ်ကိုလိုက်လာခဲ့တယ်၊ ကျုပ်တို့ အိမ်မှာမနေရဲဘူးဆိုတော့ သူက စိတ်ချပါ သူရှိတယ်၊ ဒီအိမ်ဘာမှမဖြစ်စေရပါဘူးတဲ့၊ ကျုပ်လည်း ကြောက်ကြောက်နဲ့ ဆရာတိုးကျော်နဲ့အတူတူ အိမ်မှာနေရတာပေါ့ဆရာကြီးရယ်၊ ထူးဆန်းတာက အဲဒီတစ်ညတော့ ဘာမှကိုမဖြစ်လိုက်ဘူးဗျ၊ ကျုပ်ဖြင့် အိပ်လိုက်တာ မိုးလင်းသွားတာတောင်မသိလိုက်ပါဘူးဆို ဆရာကြီးရယ်၊ ဒါနဲ့ ဆရာတိုးကျော်က ရပြီ သူပြန်မယ်လုပ်တော့ ကျုပ်တို့မနေရဲလို့ သုံးရက်သုံးညလောက်တော့ စောင့်နေပေးပါလို့ တောင်းပန်ရတယ်”
“တိုးကျော်က အထက်လမ်းပဲ၊ သူကဂိုဏ်းတစ်ခုဝင်ထားပြီး ပုတီးလမ်းနဲ့ကုနေတဲ့ကောင်၊ သူ့ကျင့်စဉ်ကလည်း မဆိုးဘူးကွနော်”
“ဒါပေမယ့် သုံးရက်မပြည့်ခင် မနေ့က ညမှာပဲ ညသန်းခေါင်လောက်ရောက်တော့ ခြေသံတွေကြားရတာပဲဆရာကြီး၊ အိပ်နေတဲ့ကျုပ်တို့ခြင်ထောင်တွေကိုလည်း ဆွဲဖြုတ်ခံရတယ်၊ ပြီးတော့ အိမ်ပေါ်ကလူတွေအားလုံးကို အိမ်အောက်ကိုဆွဲချကြတယ်၊ ဆရာတိုးကျော်ကတော့ လှေကားကနေမဆင်းဘဲ အိမ်ပေါ်ပြတင်းပေါက်ကနေ ခုန်ချလိုက်တာ ခြေထောက်ကျိုးသွားပါရောဗျာ၊ ခြေထောက်ကျိုးရင်းတန်းလန်းနဲ့ပဲ အိမ်ကထွက်ပြေးရှာတယ်၊ အဲဒါကြောင့် အနီးအနားမှာစုံစမ်းကြည့်လိုက်တော့ ဆရာကြီးအကြောင်းကို ကြားသိတာနဲ့ အခုမနက်ပဲ ဆရာကြီးဆီကို ထွက်လာတယ်ဆိုပါတော့ ဆရာကြီးရယ်”
“အေးပါ၊ ဘာမှမပူစမ်းပါနဲ့ ငါနဲ့တွေ့ရင် မင်းတို့အိမ် ကောင်းပြီလို့သာမှတ်လိုက်”
အိမ်ပိုင်ရှင်ဦးလေးကြီးက သိပ်မယုံတဲ့ပုံပဲဗျ၊ ဦးအောင်ရှိန်က
“အောင်မာ၊ မင်းကမယုံဘူးတဲ့လား၊ အေးလေ ရှေ့ကဆရာတွေကလည်း မင်းကိုဒီလိုပဲပြောခဲ့ပုံရတယ်”
“ဒီလိုမဟုတ်ပါဘူးဆရာကြီးရယ်၊ ကျုပ်တို့ ယုံပါတယ်”
မကြာခင်မှာပဲ မောက်ရွာကြီးထဲကို ဝင်ခဲ့ကြတယ်၊ ရွာကတော့ အတော်ကိုကြီးတာဗျ၊ စည်တာလည်း တော်တော်စည်တယ်၊ မောက်ရွာထိပ်မှာ ဈေးကလေးတစ်ခုရှိပြီးတော့ ဈေးသည်ဈေးဝယ်တွေနဲ့ စည်ကားနေရောပဲဗျို့၊ ကျုပ်တို့မြင်းဇာရွာမှာတော့ ငါးရက်တစ်ဈေးပဲရှိတယ်၊ ရှိတဲ့ဈေးကလည်း ကချောက်ကချက်ရယ်
ရွာရဲ့ဘေးနားက ပတ်ဖောက်ထားတဲ့ ရွာအပြင်လမ်းမကြီးအတိုင်း လှည်းကိုမောင်းနှင်လာကြရင်း ရွာကိုအတော်ကျော်သွားတဲ့အချိန်မှာ ခြံကျယ်ကြီးတွေကိုတွေ့လိုက်ရတယ်၊ ခြံကြီးတွေက တစ်ခြံတစ်ခြံကို ပေနှစ်ရာ ပေသုံးရာလောက်ရှိပြီး သစ်ပင်ဝါးပင်တွေနဲ့ အုပ်အုပ်ဆိုင်းဆိုင်းပဲဗျ၊ တစ်ခြံလုံးကို သစ်သားချောင်းအနက်ရောင်ကလေးတွေနဲ့ ခပ်စိပ်စိပ်ကာထားတဲ့ ခြံကျယ်ကြီးတစ်ခုအရှေ့ရောက်တော့ လှည်းကထိုးရပ်သွားတယ်။
ဦးအောင်ရှိန်က လှည်းပေါ်မှာမတ်တပ်ရပ်လိုက်ပြီး
“ဒီခြံမဟုတ်လားကွ၊ ဒါဆိုရင် ငါထင်တာမှန်သားပဲ”
ကျုပ်က ခြံအပြင်ကနေ ခြံထဲကိုလှမ်းကြည့်ရင်း ဘာကြောင့်မှန်းမသိဘဲ ကျောတွေချမ်းတက်လာတယ်ဗျာ၊ ကြက်သီးတွေလည်း တဖြန်းဖြန်းထလာတယ်၊ ဦးအောင်ရှိန်က လှည်းပေါ်ကဆင်းလိုက်တော့ အိမ်ပိုင်ရှင်က ခြံတံခါးကိုပြေးဖွင့်ပေးတယ်၊ ဒါပေမယ့် ခြံတံခါးက မပွင့်ဘူးဗျ၊ ခြံတံခါးကိုကြည့်လိုက်တော့လည်း သစ်သားပြားကလေးတွေနဲ့လုပ်ထားတာ၊ အိမ်တွင်းအိမ်ပြင်မှာလည်း ကလန့်ထိုးထားတာမျိုးမရှိဘူးဗျ၊ အိမ်ရှင်တောင်မှ ခြံတံခါးဖွင့်မရလို့ တော်တော်ပြာနေပြီ။
ဦးအောင်ရှိန်က အရှေ့တက်လာပြီးတော့
“ကဲ တို့ကိုမလာစေချင်တဲ့လူတွေကတော့ရှိနေပြီဟေ့၊ ဒါနဲ့ အိမ်ပိုင်ရှင် မင်းအိမ်ကိုငါ့ကိုအပ်မလား”
“အပ်ပါမယ်ဆရာကြီး”
“ငါသုံးကြိမ်သုံးခါတိတိမေးမယ်နော်၊ မင်းရဲ့ဒီအိမ် ဒီခြံနဲ့ပတ်သက်ပြီးတော့ မြေပေါ်မြေအောက်အိမ်ပေါ်အိမ်အောက်ကိစ္စတွေအားလုံးကို မင်းငါ့ဆီကိုအပ်မလား”
“အပ်ပါတယ်ဆရာကြီး၊ အပ်ပါတယ်”
ဦးအောင်ရှိန်က သုံးကြိမ်သုံးခါတိတိမေးတာကို အိမ်ပိုင်ရှင်က သုံးခါတိတိဖြေတယ်၊ ပြီးတော့မှ ဦးအောင်ရှိန်က ခြံတံခါးအနားကိုတိုးကပ်သွားရင်း
“ဟိတ်၊ တံခါးကိုအခုချက်ချင်းဖွင့်စမ်း”
ဦးအောင်ရှိန်ပြောလိုက်တဲ့အခါ တံခါးက သူ့အလိုလိုပွင့်သွားတယ်ဗျ၊ ပြီးတော့ တစ်ခါ သူ့အလိုလိုပြန်ပိတ်သွားပါရော၊ အားလုံးက စိတ်ဝင်တစားနဲ့ကြည့်နေကြတယ်။
“အောင်မာ၊ မင်းတို့က ငါ့ကိုပညာစမ်းချင်တာပေါ့ဟုတ်လား”
ဦးအောင်ရှိန်က ခြံတံခါးကို သူ့လက်ထဲက တောင်ဝှေးနဲ့ဆောင့်တွန်းလိုက်တဲ့အခါ ခြံတံခါးကပွင့်သွားတယ်၊ ဦးအောင်ရှိန်က ခြံထဲကိုဝင်လိုက်တော့ကျုပ်တို့သူ့အနောက်ကနေ လိုက်သွားရတယ်။ ဦးအောင်ရှိန်က ခြံထဲကိုမျက်လုံးနဲ့တစ်ချက်ဝေ့ကြည့်လိုက်ပြီး
“ရင်မောင်တို့ ခြံတံခါးအနားမှာ ဘယ်သူမှပိတ်ရပ်မနေကြနဲ့၊ အားလုံးလမ်းရှင်းထားကြ”
ဦးအောင်ရှိန်ပြောလို့ အားလုံးက ဘေးကိုကပ်ပြီးရပ်နေလိုက်ကြတယ်၊ ဦးအောင်ရှိန်က အောင်မြင်ခန့်ညားတဲ့အသံသြကြီးနဲ့

“ဒီခြံအတွင်းမှာ နေကြတဲ့ ပရလောကသား၊ တစ္ဆေသရဲ၊ ဖုတ်သဘက်အပေါင်းတို့၊ သင်တို့အားမွေးထားခဲ့သည့် သခင်မရှိတော့သည့်အတွက် သင်တို့ဟာ သခင်မဲ့သွားကြပါပြီ၊ ယခုငါ့အမိန့်နှင့် သင်တို့အား သင်တို့သခင်ချည်နှောင်ခဲ့သည့် ကြိုး၊ စက်၊ အနှောင်အဖွဲ့တွေအကုန်လုံးကို ဖျက်ဆီးခွင့်ပေးလိုက်ပြီ၊ သင်တို့ယခုချက်ချင်း ခြံအတွင်းမှထွက်ခွာကြပြီး သွားလိုရာကို သွားကြတော့”
ဦးအောင်ရှိန်ပြောပြီးမကြာဘူး တစ်ခြံလုံးမှာရှိတဲ့ သစ်ပင်တွေအကုန်လုံးက တဖြန်းဖြန်းနဲ့လှုပ်လာတယ်ဗျာ၊ လေတိုက်လို့လှုပ်တာမဟုတ်ဘဲနဲ့ သစ်ပင်ကိုတစ်ယောက်ယောက်က ပင်စည်ကနေကိုင်ပြီးလှုပ်နေသလိုကို လှုပ်လာတာပါ၊ ပြီးတော့ ခြံထဲကနေ မည်းမည်းအရိပ်ကြီးတွေက ပြေးလာကြတယ်၊ အသံတွေကလည်း တဝေါဝေါနဲ့ဗျို့၊ ကျုပ်တို့အနားကဖြတ်သွားတော့ လေပြင်းတွေတိုက်သလိုမျိုး တဝှီးဝှီးနဲ့ကိုဖြတ်သွားကြတာဗျ၊ ကျုပ်ဆံပင်တွေဆိုရင် လေလှန်လို့ အနောက်ကိုလန်နေတယ်၊ ပုဆိုးတွေအင်္ကျီစတွေဆိုရင်လည်း လွင့်နေတာပါပဲ။
ခဏလောက်ကြာပြီးတဲ့အခါ ကျတော့မှ ခြံကြီးတစ်ခုလုံး ငြိမ်သက်သွားတော့တယ်၊ အိမ်ပိုင်ရှင်ဆိုရင် ဦးအောင်ရှိန်ကို အလိုလိုလက်အုပ်ချီပြီးသားကိုဖြစ်နေတာဗျ။
“ဆရာကြီး ခြံထဲမှာရှင်းသွားပြီပေါ့နော်”
“အားလုံးတော့မဟုတ်သေးဘူးကွ၊ အကောင်သေးလေးတွေထွက်သွားပေမယ့် အကောင်ကြီးတွေရှိနေသေးတယ်၊ ဒါထက် မင်းတို့အိမ်ဝယ်ပြီးတော့ ခြံကိုသန့်ရှင်းရေးလုပ်ပြီးပြီလား”
“ဘယ်လုပ်ရအုံးမှာလဲ ဆရာကြီးရယ်၊ အိမ်မှာနေမရကတည်းက ဘာဆိုဘာမှကိုမလုပ်ရသေးတာ”
“ဒါဆိုလည်း ရွာထဲသွားပြီး အလုပ်သမားသုံးလေးယောက်လောက် ခေါ်လာစမ်းဟေ့၊ ငါတို့ ဒီကပဲစောင့်နေမယ်”
အိမ်ပိုင်ရှင်က ပြေးထွက်သွားတယ်၊ ဦးအောင်ရှိန်က အိမ်အောက်မှာပဲ မတ်တပ်ရပ်နေတယ်၊ ပြီးတော့ ကျုပ်ကိုလက်ယက်ပြီးခေါ်တယ်၊
“ရင်မောင်၊ မင်းသရဲကြောက်တတ်သလားကွ”
“ဘယ်လိုပြောလိုက်တာလဲ ဆရာကြီးရာ ကြောက်တာတော့ကြောက်တာပေါ့”
“မင်းကငါ့တပည့်လုပ်ပြီး သရဲကြောက်နေတုန်းကိုးကွ၊ ဒါနဲ့ မင်းသရဲဆိုတာကိုရော မြင်ရောမြင်ဖူးလို့လား”
“ဒီလိုတော့ ဘယ်မြင်ဖူးပါ့မလဲ ဆရာကြီး၊ ရိုးတိုးရိပ်တိတ်လောက်တော့ တွေ့ဖူးတာပေါ့”
“ကိုင်း ဒါဖြင့်ရင် သရဲဆိုတာ ဘာလဲဆိုတာကို မင်းမြင်ဖူးအောင် ငါပြပေးမယ်”
ဦးအောင်ရှိန်က ကျုပ်ငယ်ထိပ်ကို လက်နဲ့အုပ်လိုက်တယ်၊ ကျုပ်လည်း ကုန်းကုန်းကြီးလုပ်ပေးလိုက်ရတာပေါ့၊ သရဲမြင်ရမယ်ဆိုတော့ စိတ်ထဲလန့်တော့လန့်နေမိသားပဲဗျ၊
“ဟေ့ရင်မောင် မျက်စိမှိတ်ထား”
ကျုပ်မျက်လုံးမှိတ်ထားလိုက်ရတယ်၊ နောက်တော့ ဦးအောင်ရှိန်ကမျက်လုံးဖွင့်ကြည့်ခိုင်းတော့မှ မျက်လုံးကိုဖွင့်ကြည့်လိုက်မိတယ်။
“ဟောဟို လှေကားကိုကြည့်လိုက်စမ်း”
ဦးအောင်ရှိန်ထိုးပြတဲ့ အိမ်ပေါ်တက်တဲ့သစ်သားလှေကားကိုလှမ်းကြည့်လိုက်တော့ လှေကားပေါ်မှာ မိန်းမကြီးသုံးလေးယောက်က နောက်ပြန်ထိုင်နေတယ်ဗျာ၊ ဆံပင်ကြီးတွေကို ဖားလျားချထားတာများ လှေကားပေါ်မှာပြန့်ပြီးကျနေတယ်။
“ဒါ ဘာကောင်တွေလဲဆရာကြီး”
“ဦးဖိုးစီမွေးခဲ့တဲ့ သရဲကြီးတွေပေါ့ကွာ၊ နှစ်ချို့သရဲကြီးတွေဆိုတော့ ငါ့အထင် တစ်ကောင်တစ်ကောင်ကို သက်တမ်းအနှစ်တစ်ရာလောက်တော့ရှိမှာ”
“သူတို့က အဲဒီမှာထိုင်ပြီး ဘာလုပ်နေကြတာလဲဗျ”
“ငါတို့တက်လာရင် လှေကားပေါ်ကတွန်းချဖို့ပေါ့ကွာ”
ကျုပ်တော်တော်လန့်သွားမိတယ်၊ ဦးအောင်ရှိန်က တစ်နေရာကိုထိုးပြရင်း
“ကဲ အိမ်ရဲ့လေးဘက်လေးတန်ကိုလည်း ကြည့်လိုက်စမ်းဟေ့”
အိမ်လေးဘက်လေးတန် အိမ်တိုင်ခြေရင်းမှာတော့ အရုပ်ဆိုးဆိုးပိန်ပိန်ရှည်ရှည်နဲ့ သရဲကြီးတွေက မျက်နှာသေကြီးနဲ့ရပ်နေကြတယ်။
“ဒါတွေကရောဗျာ”
“ဒါတွေက ဦးဖိုးစီအောက်လမ်းပညာနဲ့စီရင်ပြီး အိမ်ကိုစောင့်ကြပ်ခိုင်းထားတဲ့အကောင်တွေပေါ့ကွာ”
ကျုပ်တို့ပြောလို့မဆုံးသေးခင်မှာပဲ အိမ်ပိုင်ရှင်က ရွာသားလေးငါးယောက်ခေါ်ပြီးလာကြတယ်ဗျ၊ ရွာသားတွေက ခြံထဲကိုမဝင်ရဲကြဘူး။ ကွက်ကြည့်ကွက်ကြည့်နဲ့လုပ်နေရင်း ရွာသားတစ်ယောက်က ဦးအောင်ရှိန်ကိုတွေ့သွားတယ်။
“ဟာ ဘုရားပျံဆရာကြီးရောက်နေတာပါလား၊ ဒါဆိုရင်တော့ ကျုပ်တို့ဝင်မယ်ဗျာ”
ရွာသားတွေက ဦးအောင်ရှိန်ကိုတွေ့မှ ခြံထဲဝင်လာကြတယ်၊ တစ်ချို့ကတော့ ဦးအောင်ရှိန်ကို လက်အုပ်ချီလိုက်ကြတယ်၊ အိမ်ပိုင်ရှင်က အခုမှ ဦးအောင်ရှိန်ကို နည်းနည်းဖြုံတယ်ဗျာ။
“မင်းတို့ကောင်တွေ ဟောဒီအိမ်တိုင်ကြီးရဲ့ အောက်ခြေကိုတူးကြဟေ့၊ တူးတဲ့အခါ အိမ်အပြင်ဘက်အခြမ်းကိုမတူးဘဲနဲ့ အိမ်အတွင်းဘက်အခြမ်းကိုတူးရမယ်”
“ဘယ်လောက်နက်နက်တူးရမှာလဲဆရာကြီး”
“တစ်ခုခုပေါ်မလာမချင်း တူးရမှာပေါ့ကွာ”
ရွာသားတွေက တူရွင်းတွေနဲ့တူးကြပါရော၊ အိမ်တိုင်တစ်တိုင်ကို နှစ်ယောက်နှုန်းနဲ့ တစ်ယောက်ကတူး၊ တစ်ယောက်က မြေစာခဲတွေကိုဖယ်ပေါ့ဗျာ၊ တူးရင်းနဲ့ အိမ်ခေါင်းရင်းတိုင်နားက ရွာသားတွေက လှမ်းအော်တယ်။
“ဆရာကြီး၊ ဒီမှာ . . .ဒီမှာ တစ်ခုခုပေါ်ပြီဗျ”
ကျုပ်တို့တစ်ဖွဲ့လုံး ပြေးကြည့်ကြတယ်၊ အိမ်တိုင်အောက်ခြေ တစ်တောင်လောက်အနက်မှာတော့ စဉ့်နဲ့လုပ်ထားတဲ့ ခွက်ကလေးတစ်ခုကို မှောက်ခုံတွေ့လိုက်ရတယ်။
“အေး အဲဒီခွက်ကို ပေါ်အောင်တူး၊ အောက်မှာ အိုးတစ်လုံးရှိလိမ့်မယ်”
ရွာသားတွေဆက်တူးရင်းသိပ်မကြာခင်မှာပဲ အိုးတစ်လုံးပေါ်လာတယ်၊ စဉ့်သုတ်ထားတဲ့အိုးမို့ အရောင်ကအနက်ရောင်ပြောင်လက်နေတာပါပဲ၊ ရွာသားတွေက အိုးကွဲမှာစိုးလို့ အိုးကိုပတ်ပြီး လက်နဲ့ယက်ထုတ်ကြတယ်၊ အိုးက ဆားထည့်တဲ့အိုးလို ခပ်သေးသေးကလေးပါ၊ မကြာခင်မြေပေါ်ပေါ်လာတာမို့ အိုးကိုဆွဲတင်ပြီး ဖွင့်ကြည့်ဖို့လုပ်ကြတယ်။
“ဟေ့ အိုးကိုမင်းတို့မဖွင့်နဲ့”
ဦးအောင်ရှိန်ပြောလိုက်တော့မှ အကုန်လုံးနောက်ဆုတ်သွားကြတယ်၊ ဦးအောင်ရှိန်က ကျန်တဲ့တိုင်တွေအောက်ကိုဆက်တူးခိုင်းတော့ ခုနကအိုးလိုမျိုး အိုးသုံးလုံးထပ်ထွက်လာတယ်၊ နောက်ဆုံးတော့ အိုးလေးလုံးစလုံးမြေပေါ်ချရက်သားပေါ့။
“ဒါ ဘာအိုးတွေလဲဆရာကြီး”
“ငါ့စိတ်ထင်တော့ ထုံအိုးတွေထင်တာပဲကွ”
ဦးအောင်ရှိန်က ပြောဆိုပြီး အိုးတွေကိုဖုံးထားတဲ့ စဉ့်ခွက်ကလေးတွေကို သူ့လက်နဲ့လှန်လိုက်တယ်၊ ပြီးတော့ အိုးကိုခြေထောက်နဲ့ကန်ပြီး မြေပေါ်လှဲချလိုက်တော့ အိုးထဲကနေ ဆီလိုလိုပျစ်ချွဲချွဲအရည်တွေထွက်လာတယ်၊ အဲဒီဆီတွေနဲ့အတူတူ ဦးနှောက်လိုအတုံးကြီးတစ်ခုရယ်၊ မျက်လုံးနှစ်လုံးရယ်၊ လျှာလိုလိုအရာတွေရယ် ထွက်လာပါရောဗျာ၊ အပြင်ရောက်တာနဲ့ အဲဒီအရာတွေက ပုပ်စော်တွေနံလိုက်တာ နံဟောင်နေတာပါပဲ။
“ဒါ ဘာတွေလဲဆရာကြီး၊ နံလိုက်တာဗျာ”
“လူတစ်ယောက်ရဲ့ ဦးနှောက်နဲ့မျက်လုံးဖြစ်မယ်၊ ထုံအိုးဆိုတာ အစိမ်းသေလူတွေရဲ့ အစိတ်အပိုင်းတွေကိုယူပြီးတော့ အောက်လမ်းနည်းနဲ့စီရင်ပြီး သရဲမွေးထားတာကိုပြောတာပဲဟေ့၊ အိုးလေးအိုးရှိပုံထောက်ရင်တော့ တစ်အိုးက ဦးနှောက်၊ တစ်ဦးက အသား၊ တစ်အိုးက ကလီစာ၊ တစ်အိုးက အရိုးအိုးဖြစ်မယ်”
ဦးအောင်ရှိန်က အိုးတွေကိုခြေထောက်နဲ့ကန်ပြီး လှဲလိုက်တော့ အိုးတွေလဲကျကုန်ပြီး ဆီတွေနဲ့စိမ်ထားတဲ့ အသားစလိုအရာတွေထွက်လာတယ်၊ နောက်တစ်အိုးကျတော့ အူတွေ၊ ကလီစာတွေ အခွေလိုက်ဗျာ၊ နောက်ဆုံးတစ်အိုးကတော့ အရိုးတွေဗျ၊ အရွယ်အစားကလည်း အစုံပါပဲ။ ပုပ်စော်နံလိုက်တာကလည်း မပြောပါနဲ့ဗျာ၊ ဒီလိုအပုပ်နံ့မျိုးကို ကျုပ်တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှကိုမကြုံဖူးပါဘူးဗျာ၊ တော်တော်ကို နံတာ။
နံလို့လည်းပြီးသွားရော လူကြီးလေးယောက်က အိမ်ပတ်ပတ်လည်မှာပေါ်လာပါရောဗျာ၊ အခုန ကကျုပ်တို့မြင်ခဲ့တဲ့ မျက်နှာသေနဲ့သရဲကြီးလေးကောင်ဗျ၊
“ဆရာကြီး ဟိုမှာ ဟိုမှာ”
ဦးအောင်ရှိန်က တစ်ချက်ကြည့်လိုက်ရင်း
“ထုံအိုးထဲမှာ ဒီကောင်တွေကိုမွေးထားတဲ့ပုံပဲကွ”
ကျန်တဲ့လူတွေက ကျုပ်တို့ကို တအံ့တသြနဲ့ကြည့်နေတယ်၊ သူတို့က ဘာမှမမြင်ရဘူးလေဗျာ။
“မင်းတို့ကောင်တွေအားလုံး သွားလို့ရာသွားနိုင်ပြီ၊ ဒီနေ့ကစပြီး ဒီအိမ်ကိုမင်းတို့စောင့်စရာ မလိုတော့ဘူး”
ဒီလူကြီးတွေက ခြံအပြင်ကိုခြေလှမ်းကျဲကြီးတွေနဲ့ထွက်သွားပါရော၊
“ကိုင်း ခြံထဲတော့ရှင်းပြီ အိမ်ပေါ်ကိုရှင်းဖို့ပဲကျန်တော့တယ်”
ဦးအောင်ရှိန်က ပြောဆိုရင်း လှေကားထိပ်မှာရပ်လိုက်တယ်၊ အိမ်ပေါ်တက်တဲ့လှေကားက စုစုပေါင်းခုနစ်ထစ်ရှိတယ်၊ လှေကားခြေနင်းပြားကြီးတွေဆိုရင် တစ်ပြားတစ်ပြားကို ကိုးလက်မလောက်ကျယ်ပြီး နှစ်လက်မလောက် ထုရှိတဲ့ သစ်ကောင်းကြီးတွေချည်း သုံးထားတာ၊ ဦးအောင်ရှိန်က လှေကားရင်းမှာရပ်လိုက်ပြီးတော့ လက်ထဲကိုင်ထားတဲ့တောင်ဝှေးနဲ့ လှေကားခြေနင်း ပြားကို တစ်ချက်ဆောင့်ချလိုက်တယ်၊ အဲဒီအခါ လှေကားခြေနင်းပြားအောက်ကနေ ဆံပင်တွေအထွေး လိုက်ပြုတ်ကျလာတာပါပဲ၊ လှေကားပေါ်ကနေလည်း လူခေါင်းပြတ်လို ခေါင်းကြီးတစ်ခုက တလိမ့်လိမ့် နဲ့ပြုတ်ကျလာပြီးတော့ ဘောလုံးလိုလိမ့်ပြီး ခြံအပြင်ကိုထွက်သွားပါရော။
“လှေကားအထစ်တိုင်းမှာ သရဲမတွေကိုစောင့်ကြပ်ထားခိုင်းတယ်ကွ”
ဦးအောင်ရှိန်က လှေကားတစ်ထစ်ချင်းဆီကို တောင်ဝှေးနဲ့တဒေါက်ဒေါက် ခေါက်ပြီး အိမ်ပေါ်ကို တက်သွားတယ်၊ တောင်ဝှေးနဲ့ဆောင့်လိုက်တိုင်းမှာလည်း ဆံပင်တွေလိုလို၊ ကျပ်ခိုးတွေလိုလို၊ အဝတ်စအစုတ်အပြဲတွေလိုလိုအရာတွေ လှေကားခြေနင်းပြားတွေထဲက ပြုတ်ကျတယ်ဗျ၊ လူခေါင်းကြီးတွေလည်း တစ်လုံးပြီးတစ်လုံးလိမ့်ဆင်းသွားပြီး ခြံပြင်ကိုရောက်သွား ကြတာပါပဲ။ ကျုပ်တို့အကုန်လုံး အိမ်ပေါ်ကိုလိုက်တက်သွားတော့ အိမ်ပေါ်က ကြမ်းခင်းတွေဆိုရင် ပြောင်လက်နေပြီး ဖုန်တစ်မှုန်တောင်မရှိဘူးဗျာ၊
ဦးအောင်ရှိန်က ဟိုဟိုဒီဒီကြည့်လိုက်ရင်း
“ကဲ အိမ်ပေါ်က ကောင်ကိုတော့ ညကျမှနှင်ရမှာပဲ၊ မင်းတို့ ဘာမှမပူကြနဲ့ ဟောဒီအိမ်မှာသာနေကြ”
ဦးအောင်ရှိန်ပြောပေမယ့် အိမ်ပိုင်ရှင်က မနေရဲတော့ဘူး
“မလုပ်ပါနဲ့ဆရာကြီးရယ်၊ ကျုပ်တို့တခြားအိမ်မှာသွားတောင်းအိပ်ပါ့မယ်”
“မင်းတို့က ငါ့ကိုအထင်သေးတာကိုးကွ၊ ကဲပါ မင်းတို့အိပ်ချင်သလိုသာအိပ်၊ မနက်နေထွက်မှ ဒီအိမ်ကိုပြန်လာခဲ့ကြ၊ ဟုတ်ပြီလား”
ဦးအောင်ရှိန်ပြောလိုက်တော့ အိမ်ရှင်တွေလည်းခေါင်းညိတ်လိုက်တယ်၊ အိမ်ရှင်တွေက ကျုပ်တို့ကိုထမင်းတွေဘာတွေနဲ့ ဧည့်ခံပါတယ်ဗျာ၊ သူတို့ကြည့်ရတာ အိမ်ပေါ်မှာနေရတာကို လန့်နေပုံရတယ်ဗျ၊ ဒီလိုနဲ့ ညနေစောင်းသွားတဲ့အထိ ဘာမှကိုထွေထွေထူးထူးမဖြစ်ခဲ့ဘူး၊ ညနေစောင်းတော့ အိမ်ရှင်က ဆီမီးခွက်ကလေးတစ်လုံးချပေးခဲ့တယ်။ ဦးအောင်ရှိန်ကို နှုတ်ဆက်ပြီးတော့ အိမ်ပေါ်ကဆင်းသွားကြပါရော။
“ရင်မောင် မင်းရောကြောက်ရင် သူတို့နဲ့လိုက်သွားအိပ်လေဗျာ”
“ဟာ၊ မလိုက်ပါဘူးဆရာကြီးရာ၊ ဆရာကြီးတစ်ယောက်လုံးရှိနေတာ ကျွန်တော်က ဘာကိုကြောက်ရမှာလဲ”
ကျုပ်စကားကြားတော့ ဦးအောင်ရှိန်က ပြုံးလိုက်တယ်ဗျ၊ အဲဒီညက အိမ်ရှေ့ခန်းမှာပဲ ကျုပ်တို့ဆရာတပည့်နှစ်ယောက် ဖျာတစ်ချပ်ခင်းပြီး အိပ်ဖို့ပြင်တာပေါ့၊ ခြင်ထောင်တွေဘာတွေလည်း မရှိတော့ ထောင်မနေတော့ပါဘူး၊ ကျုပ်တို့နဲ့ခပ်လှမ်းလှမ်းမှာ ဆီမီးခွက်ကိုထွန်းထားတယ်၊ ဦးအောင်ရှိန်ကတော့ ဖျာပေါ်မှာ တင်ပလ္လင်ခွေထိုင်ပြီးတော့ ပုတီးကိုတစ်ချောက်ချောက်နဲ့စိပ်နေတယ်၊ အောက်လမ်းဆရာအိမ်ဆိုတော့ ဘုရားစင်တွေဘာတွေလည်းမရှိပါဘူး။
“ရင်မောင်၊ ညည့်နက်ပြီ၊ မင်းအိပ်ချင်ရင် အိပ်လေကွာ”
“မအိပ်ချင်ပါဘူးဆရာကြီးရယ်”
ဒီအချိန်မှာပဲ အိမ်ခေါင်မိုးနားက တောက်ခေါက်သံကိုကြားလိုက်ရတယ်၊ ကျုပ်တို့ဆရာတပည့်မော့ကြည့်လိုက်တော့ တိုင်လုံးနဲ့ယက်မနဲ့အကြားကနေ လူကြီးတစ်ယောက်က တဖြည်းဖြည်းတိုးထွက်လာတယ်ဗျာ၊ ယက်မတန်းကိုနင်းပြီး ဇောက်ထိုးကြီးမတ်တပ်ရပ်နေပါရော၊ ဦးအောင်ရှိန်က
“ရင်မောင်ရေ၊ သူထွက်လာတဲ့နေရာကို မင်းသေချာမှတ်ထားနော်ကွ”
တစ်ခါ တစ်ဖက်ခြမ်းတစ်နေရာကနေ တောက်ခေါက်သံကြားရပြန်တယ်၊ အဲဒီတိုင်ကြီးနဲ့ မျက်နှာချင်းဆိုင်တိုင်ပေါ်ကနေ နောက်ထပ်လူကြီးတစ်ယောက် ထပ်ထွက်လာပြန်တာပါပဲ၊ နှစ်ယောက်လုံးက ကျုပ်တို့ကိုမျက်လုံးစိမ်းကြီးတွေနဲ့ စိုက်ကြည့်နေကြတယ်။
“ဟေ့ကောင်တွေ လူကိုမမြင်ဖူးလို့ ကြည့်နေကြတာလားကွ”
ဦးအောင်ရှိန်အော်ပြောလိုက်တော့ နှစ်ကောင်စလုံး ထုတ်တန်းပေါ်ကနေ ခုန်ချလာတယ်ဗျ၊ ကြမ်းပေါ်ကို ဒုန်းခနဲကျပြီး ကြမ်းတောင်တုန်သွားသေးတယ်။ ကျုပ်ဆိုကြောက်လို့ ဆရာဦးအောင်ရှိန်အနောက်ကို ပြေးကွယ်လိုက်ရတယ်၊ ဦးအောင်ရှိန်ကတော့ ထိုင်ရာက မထပါဘူးဗျာ။
“မင်းတို့ထွက်သွား . . . ငါတို့အိမ်ကနေထွက်သွား”
ဒီလူကြီးနှစ်ယောက်က အသံကွဲကြီးနဲ့အော်ပါရော။
“အောင်မာ၊ မင်းတို့ကများ ရာရာစစ မင်းတို့အိမ်တဲ့လား၊ ဒီအိမ်ပိုင်ရှင်က သေသွားပြီကွ၊ ဒီအိမ်ကို တခြားလူတစ်ယောက်က တန်ရာတန်ကြေးပေးပြီး ဝယ်လိုက်လို့ ဒီအိမ်က မင်းတို့နဲ့မဆိုင်တော့ဘူး”
“ထွက်သွား၊ မထွက်သွားရင် မင်းကိုငါသတ်မယ်”
“ဟ၊ တယ်စွာတဲ့ကောင်တွေပါလား၊ ဒါဆိုရင်လည်း လာခဲ့ကြကွာ၊ ငါ့ကိုလာသတ်လှည့်ကြ၊ ငါဒီနေရာကပဲ မင်းတို့ကိုစောင့်နေမယ်”
ကျုပ်က ဦးအောင်ရှိန်လက်ကိုအသာတို့ရင်း
“ဆရာကြီး၊ ဒီလူကြီးတွေက ဘယ်သူတွေလဲ”
“ပုဏ္ဏက တွေကွ၊ ပုဏ္ဏကဆိုတာက အစောင့်အရှောက်ဘီလူးတစ်မျိုးပေါ့ကွာ၊ အိမ်တွေ၊ ကျောင်းတွေ၊ ဇရပ်တွေမှာ နေထိုင်စွဲကပ်တဲ့ဘီလူးပေါ့”
ပြောနေတုန်း ဘီလူးကြီးတစ်ကောင်က ပြေးလာတယ်ဗျာ၊ လက်နှစ်ဖက်ကိုပူးပြီးတော့ လက်သီးကြီးတစ်ခုလုပ်လိုက်တယ်၊ ပြီးတာနဲ့ဦးအောင်ရှိန်ရဲ့ ခေါင်းပေါ်ကို သူ့လက်သီးကြီးလွှဲပြီးထုချလိုက်ပါရော၊ ဒါပေမယ့် လက်သီးက ဦးအောင်ရှိန်ခေါင်းကိုမထိခင် တစ်ပေလောက်အကွာမှာ တန့်ခနဲရပ်သွားတယ်၊ ဘီလူးကြီးက အားစိုက်သုံးပြီး လက်ကိုဖိချပေမယ့် လက်က ရွေ့ကိုမရွေ့ဘူးဗျာ။
ဦးအောင်ရှိန်က ဘီလူးကြီးကို လေနဲ့ဖူးခနဲမှုတ်ထုတ်လိုက်တာ ဘီလူးကြီးက အနောက်ကိုလွင့်ပြီး ကျွမ်းထိုးပြီးကျသွားတယ်၊ ဦးအောင်ရှိန်က မထီပြုံးကလေးပြုံးပြီး
“ငါ့ကိုသတ်မယ့်ကောင်တွေကလည်းကွာ၊ ငါလေနဲ့မှုတ်တာတောင်မှ ခံနိုင်ရည်မရှိပါလားကွ”
ဒီအခါ ကျန်တဲ့ဘီလူးတစ်ကောင်က အိမ်တိုင်ကြီးဆီကိုသွားလိုက်တယ်၊ အိမ်တိုင်ကို လက်နဲ့ဖောက်ပြီးနှိုက်လိုက်တဲ့အခါကျတော့ အိမ်တိုင်ထဲကနေ သံလျှက်ဓါးကြီးတစ်လက်ထွက်လာတယ်ဗျာ၊ အဲဒီသန်လျက်နဲ့ ဦးအောင်ရှိန်ကိုပြေးခုတ်တာပါပဲ။ သံလျက်နဲ့ပြေးအခုတ်မှာပဲ ဦးအောင်ရှိန်က ဝှစ်ခနဲပျောက်သွားတယ်ဗျ၊ ဘီလူးကြီးရဲ့ သန်လျက်ခုတ်ချက်က ကြမ်းပေါ်ကိုကျသွားတယ်၊ ဘီလူးကြီးက တအံ့တသြနဲ့ ဟိုဟိုဒီဒီလိုက်ကြည့်နေမိတယ်။
“ဟေ့ကောင် ငါဒီမှာကွ”
ဦးအောင်ရှိန်က ဘီလူးကြီးနဲ့မလှမ်းမကမ်းမှာ သွားပေါ်တယ်ဗျာ၊ တင်ပလ္လင်ခွေထိုင်ထားတဲ့အတိုင်းပါပဲ၊ ဘီလူးကြီးက အဲဒီအနားကိုပြေးသွားပြီး သန်လျက်နဲ့ထပ်ခုတ်ချလိုက်ပါရော၊ သံလျက်နဲ့မထိခင်မှာပဲ ဦးအောင်ရှိန်က ပျောက်သွားပြီးတော့ လှေကားအနားမှာသွားပေါ်တယ်။ ခုနက လေတိုက်လိုက်လို့ လဲကျသွားတဲ့ဘီလူးကြီးကလည်း အိမ်တိုင်တစ်ခုကိုပြေးနှိုက်လိုက်တော့ တင်းပုတ်ကြီးတစ်ခုထွက်လာပြန်သဗျ၊ အဲဒီတင်းပုတ်နဲ့ ဦးအောင်ရှိန်ကိုပြေးထုပါရော၊ ဘီလူးနှစ်ကောင်က လက်နက်ကိုယ်စီနဲ့ ဦးအောင်ရှိန်ကိုပြေးပြေးထုနှက်ကြပေမယ့် ဦးအောင်ရှိန်က ဒီမှာပျောက်သွားလိုက် ဟိုနေရာမှာပေါ်လိုက်နဲ့မို့ ဘီလူးနှစ်ကောင် ဗျာများနေတော့တယ်။
တစ်နာရီသာသာလောက်ကြာတဲ့အခါ ဘီလူးနှစ်ကောင်မလှုပ်နိုင်တော့ဘူး၊ ခြေကုန်လက်ပန်းကျပြီး မောသွားပြီ၊
“ခင်ဗျားကြီး လျှောက်ပြေးမနေနဲ့၊ သတ္တိရှိရင် ကျုပ်တို့ကိုရင်ဆိုင်စမ်းပါ”
“ဟ၊ ငါကဘယ်မှာပြေးလို့လဲကွ၊ ငါဒီကြမ်းပေါ်ကနေ ထတောင်မထရသေးပါဘူးကွာ”
ဘီလူးနှစ်ကောင်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးတော့ ဦးအောင်ရှိန်ဆီကိုပြေးလာကြတယ်၊ ဦးအောင်ရှိန်က ဒီတစ်ခါတော့ မရှောင်တော့ဘူးဗျ၊ ဘီလူးနှစ်ကောင်ရဲ့ ခုတ်ချက်ကို ဘယ်ဖက်လက်ဖဝါးဖြန့်ပြီးကာထားလိုက်တယ်၊ ဘီလူးနှစ်ကောင်ရဲ့ ခုတ်ချက်က ဦးအောင်ရှိန်ရဲ့လက်ဝါးကိုထိသွားတော့ သန်လျက်နဲ့တင်းပုတ်ကြီးက ဦးအောင်ရှိန်လက်ဖဝါးမှာ ကပ်နေတယ်ဗျာ၊ အံ့သြစရာကောင်းလိုက်တာ၊ ဘီလူးနှစ်ကောင်က အားကုန်ရုန်းပေမယ့် ရုန်းမရဘူးဗျို့၊ အဲဒီမှာ ဘာပြောကောင်းမလဲဗျာ၊ ဦးအောင်ရှိန်က သူ့ညာဘက်လက်ထဲကိုင်ထားတဲ့ပုတီးကုံးနဲ့ ဒီဘီလူးနှစ်ကောင်ကို ဘယ်ပြန်ညာပြန်ဆော်ပါရော၊ ပုတီးလုံးတွေနဲ့ ဘီလူးတွေနဲ့ထိသွားတဲ့အခါ မီးပွားတွေဆို ဖြန်းခနဲ ဖြန်းခနဲကိုတောက်လာလိုက်တာဗျာ၊ နောက်ဆုံးတော့ ဘီလူးနှစ်ကောင်က လက်နက်တွေကိုပစ်ချပြီးတော့ အိမ်တိုင်ပေါ်ဖက်တက်ပြီး တစ်ချိုးတည်းလစ်ပြေးတော့တာပဲ။
ဦးအောင်ရှိန်က ကြမ်းပေါ်ကနေမတ်တပ်ရပ်ရင်း အိမ်တိုင်ပေါ်ကိုခါးထောက်ကြည့်တယ်ဗျ။
“ဟေ့ကောင်တွေ၊ မင်းတို့ပြောတော့ သတ္တိရှိသလားဆိုကွ၊ လာခဲ့စမ်းပါ ဆင်းခဲ့ကြစမ်းပါ”
ဘီလူးနှစ်ကောင်ဆိုတာ အသံကိုမကြားရတော့တာပါပဲ၊ ကျုပ်က ဆရာကြီးအနားကိုကပ်ပြီးတော့
“ဆရာကြီး ဒီကောင်တွေပြေးပြီထင်တယ်”
“မပြေးသေးဘူးကွ၊ ဒီကောင်တွေက ပုန်းနေကြတာ၊ ဒီအတိုင်းဆိုရင် ဒီကောင်တွေထပ်ပြီးထွက်လာရဲမှာမဟုတ်တော့ဘူး”
“ဒါဖြင့် ပြီးပြီပေါ့နော်”
“မပြီးသေးဘူးကွ၊ ဒီကောင်တွေက ပုန်းနေကြရင်း အချိန်တစ်ခုကိုစောင့်နေလိမ့်မယ်၊ ဘယ်အချိန်လဲဆိုတော့ ငါတို့မေ့မေ့လျော့လျော့ဖြစ်မယ့်အချိန်ပေါ့ကွာ၊ ဒါကြောင့် ဆရာတိုးကျော်ဟာ ပညာစွမ်းပေမယ့် ဒီအိမ်မှာသုံးရက်မကြာလိုက်တာ ဒါကြောင့်မို့ပေါ့ကွ”
“ဟာ၊ ဒါဆိုရင် ဒီကောင်နှစ်ကောင်က ပုန်းနေပြီးတော့ ဆရာတိုးကျော်အလစ်အငိုက်ကိုဖမ်းတိုက်တာပေါ့နော်”
“အစစ်ပေါ့ ရင်မောင်ရာ၊ အခုလည်း ဒီကောင်တွေက ပုန်းနေတာကွ၊ ငါတို့မရှိတော့မှ ပြန်ပြီးဇောင်းထလာကြလိမ့်မယ်”
“ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ ဆရာကြီး”
“မပူပါနဲ့၊ မနက်လင်းတော့ အဖြေသိရမှာပါကွ”
ဦးအောင်ရှိန်က ပြောပြောဆိုဆိုနဲ့ဖျာပေါ်လှဲချပြီးအိပ်ပါရောဗျာ၊ သူတောင်အိပ်ပြီဆိုတော့ ကျုပ်လည်းလိုက်အိပ်ရတာပေါ့၊ ဒါပေမယ့် အိပ်မပျော်ပါဘူးဗျာ၊ သရဲတွေ ဘီလူးတွေကြောက်လို့တော့မဟုတ်ဘူးဗျ၊ အမေဘေးနားမှာမရှိဘူးဆိုတော့ စိတ်ထဲအားငယ်သလိုလိုဖြစ်ပြီး အိပ်မပျော်တာ။
(၃)
မနက်လင်းတော့ အိမ်ရှင်တွေရောက်လာကြတယ်၊ ကောင်းကောင်းအိပ်ပျော်တဲ့ကျုပ်တို့ကိုကြည့်ပြီး အံ့သြနေကြပါရော၊ ဦးအောင်ရှိန်က အိမ်ရှင်တွေကို လက်သမားဆရာတစ်ယောက်ရယ်၊ ဝါးလှေကားတစ်ခုရယ် ငှားခိုင်းလိုက်တယ်၊ မကြာပါဘူး လက်သမားဆရာကြီးတစ်ယောက်က ဝါးလှေကားတစ်ခုကိုင်ပြီး လက်သမားသုံးပစ္စည်းတွေနဲ့ ရောက်ချလာပါရော။
ဦးအောင်ရှိန်က ကျုပ်ကိုကြည့်ပြီးတော့
“ကဲ ရင်မောင်၊ မနေ့က မင်းမှတ်ထားတဲ့တိုင်ကိုပြောစမ်း”
“ဟောဟိုနားက တိုင်နဲ့ထုပ်တန်းနားကဆင်းလာတာပါ”
ဦးအောင်ရှိန်က လက်သမားဆရာကြီးကို လှေကားထောင်ပြီးတိုင်ပေါ်တက်စေတယ်၊
“ခင်ဗျားအဲဒီအပေါ်ကိုရောက်ရင် တိုင်ပေါ်မှာထူးခြားတာတစ်ခုခုကိုရှာဗျာ”
“အလိုလေး ဆရာကြီးရယ်၊ တိုင်ပေါ်မှာ ကြွက်သိုက်တို့ ငှက်သိုက်တို့ပဲရှိမှာပေါ့”
“ရှာဆိုရှာစမ်းကွာ”
လက်သမားဆရာကြီးက လှေကားပေါ်တက်ပြီး တိုင်ပေါ်တဖြည်းဖြည်းတက်သွားတယ်၊ တိုင်ထိပ်နားရောက်တော့ ဟိုဟိုဒီဒီကြည့်နေရင်းကနေ
“အောင်မယ်လေး၊ ဘီလူးကြီး ဘီလူးခေါင်းကြီးဗျ”
လက်သမားဆရာကြီးကလန့်ပြီးအော်ပါရော။
“ဘီလူးခေါင်းပုံစံ သစ်ကိုထွင်းထားတယ်ဆရာကြီး၊ သစ်ထွင်းတဲ့လူကလည်း တော်တော်လက်ရာမြောက်တာပဲဗျာ၊ ဘီလူးမျက်လုံးကြီးတွေဆိုရင် ကျုပ်ကိုစူးစိုက်ပြီးတော့ ကြည့်နေသလားမှတ်ရတယ်”
“ကိုင်း ဒါဖြင့်ရင်လည်း ခင်ဗျားဆောက်တစ်လက်နဲ့ အဲဒီဘီလူးရုပ်ထွင်းထားတာကို ခွာထုတ်ပစ်လိုက်စမ်းဗျာ”
လက်သမားကြီးက ဆောက်တစ်ချောင်းကို တူနဲ့တဒုန်းဒုန်းထုရှာတယ်၊ ထုသာထုနေတယ် ဘာမှဖြစ်ပုံမရဘူးဗျ၊ ဆယ်မိနစ်လောက်နေတော့ လက်သမားဆရာကြီးက ချွေးတွေပြန်ပြီး လှေကားပေါ်ကနေပြန်ဆင်းလာတယ်။
“ထူးဆန်းလိုက်တာဆရာကြီးရာ၊ သစ်မှန်ရင်မဖောက်တဲ့ဆောက် ဘယ်ရှိလို့လဲဗျ၊ အခုတော့ ခုနက ဘီလူးရုပ်ကို ကျုပ်ကဆောက်နဲ့ထွင်းတာ ဘယ်လိုမှကိုမနေဘူးဗျာ၊ အခြစ်ရာ အပွန်းရာတောင်မထင်ဘူး”
“အဲဒါ ရိုးရိုးဘီလူးမှ မဟုတ်တာကွ၊ ပုဏ္ဏကဘီလူးကွ၊ အောက်လမ်းဆရာကြီး ဦးဖိုးစီက သူ့အိမ်ကိုသူများနေမရအောင် ပုဏ္ဏကဘီလူးနှစ်ကောင်ဖမ်းမွှေးပြီးတော့ အိမ်ကိုစောင့်ခိုင်းထားတာ”
လက်သမားဆရာကြီးတောင် တော်တော်ကြောက်သွားတယ်၊ ဦးအောင်ရှိန်က လက်သမားဆရာကိုကြည့်ပြီး
“ဒါနဲ့မင်းမှာ မြေဖြူပါသလား”
“ပါပါတယ်ဆရာကြီး”
လက်သမားဆရာကြီးက သူ့လွယ်အိတ်ထဲက လက်တစ်ညှိုးလောက်ရှိတဲ့ မြေဖြူခဲပိုင်းကလေးထုတ်ပေးတယ်၊ ဦးအောင်ရှိန်က မြေဖြူခဲကို ပါးစပ်နားတေ့ပြီး တစ်ခုခုရွတ်နေရင်း မြေဖြူခဲထိပ်ပိုင်းကို လျှာဖျားနဲ့တို့ထိလိုက်တယ်။
“ရော့ ဟောဒီမြေဖြူကိုယူပြီး လှေကားပေါ်တက်၊ ခုနက ဘီလူးခေါင်းကို မြေဖြူခဲနဲ့ ကြက်ခြေခတ်ပုံစံခြစ်လိုက်၊ ပြီးတော့မှ ဆောက်နဲ့ခွာ ဟုတ်ပြီလား”
လက်သမားဆရာကြီးက တုန်တုန်ယင်ယင်နဲ့ လှေကားပေါ်ကိုတက်သွားပြီးတော့ ဘီလူးခေါင်းကို ဦးအောင်ရှိန်ပြောတဲ့အတိုင်း မြေဖြူနဲ့ကြက်ခြေခတ်ပုံစံလုပ်ပြီး ဆောက်နဲ့ထွင်းပါရော၊ သိပ်မကြာခင်မှာပဲ တိုင်ထိပ်ကနေ သစ်သားဖြတ်စတွေ ပြုတ်ကျလာတယ်ဗျာ၊ ဒီလိုနည်းနဲ့ပဲ နောက်တစ်တိုင်ပေါ်ကို ဆက်တက်ကြည့်တော့လည်း ဒီအတိုင်းဘီလူးတစ်ကောင်ထပ်တွေ့ပြန်ရော အဲဒီဘီလူးရုပ်ကိုလည်း ရှေ့ကနည်းအတိုင်း ဖျက်ရပြန်ပါရော။
“မပြီးသေးဘူးကွ၊ မင်းရဲ့ ဆူးတွေဆောက်တွေယူပြီး အိမ်အောက်ကိုလိုက်ခဲ့”
ဦးအောင်ရှိန်ဆင်းသွားတာနဲ့ ကျုပ်တို့လူတစ်သိုက် သူ့အနောက်ကလိုက်ခဲ့ကြတယ်၊ အိမ်အောက်ရောက်တော့ ခုနကတိုင်ကြီးနဲ့ ကြမ်းခင်းထားတဲ့ ဆင့်တန်းတွေကြားထဲကို ဦးအောင်ရှိန်ကလက်ညှိုးထိုးပြတယ်၊ သေချာကြည့်လိုက်တော့မှ တိုင်မှာ သံချွန်နဲ့ရေးထားတဲ့ သံလျက်ပုံကလေးတွေ့တယ်ဗျာ၊ သံလျက်ပုံအနားမှာလည်း ကွေးကွေးကောက်ကောက်စာတွေရေးထားတာအများကြီးပဲ။
“သူက ပုဏ္ဏကမွေးထားတဲ့အပြင် ပုဏ္ဏကကို ပိုစွမ်းအောင်လို့ လက်နက်ပါတပ်ပေးထားတာကွ၊ အဲဒီသန်လျက်ပုံကိုလည်းဖျက်၊ ဟောဟိုဘက်က တိုင်မှာ တင်းပုတ်ပုံရှိလိမ့်မယ်”
“ဒါကြောင့်ကိုးဆရာကြီး၊ ဆရာကြီးကို ဒီဘီလူးကြီးနှစ်ကောင်က တိုက်တော့ တိုင်ထဲကိုလက်နှိုက်ပြီး လက်နက်တွေဆွဲထုတ်တာကိုး”
အိမ်ရှင်ဆိုရင် ပါးစပ်အဟောင်းသားနဲ့ကြည့်နေပါရော
“ဆရာကြီးတို့က ညက ဘီလူးကြီးတွေနဲ့ တိုက်ခိုက်ကြသေးတာလား”
“ဒါကြောင့်မင်းကိုဒီမှာညအိပ်ပါလို့ ပြောတာပေါ့ကွ”
“ပွဲကြီးပွဲကောင်းတစ်ပွဲ လွတ်သွားတာ နာလိုက်တာဗျာ၊ အခုရော အိမ်ကသန့်သွားပြီလား”
“မင်းအိမ်သန့်သွားပါပြီ၊ မင်းတို့အိမ်ကို တရော်ကင်ပွန်းနဲ့သန့်ရှင်းရေးလုပ်ပြီးရင် ဆရာတော်သံဃာတော်တွေပင့်ပြီး ပရိတ်ရွတ်လိုက်ရင် အားလုံးအဆင်ပြေသွားမှာပါ”
ဦးအောင်ရှိန်က ထွက်သွားဖို့လုပ်တော့ အိမ်ရှင်ဦးလေးကြီးက ဦးအောင်ရှိန်လက်ကိုဆွဲလိုက်တယ်။
“ဒါပေမယ့် ဆရာကြီးရယ်၊ ဆရာကြီးက ဘယ်လိုသန့်တယ်ပြောပြော ကျုပ်တို့မနေရဲသေးဘူးဗျ၊ ဒါကြောင့် ကျုပ်တို့အိမ်မှာ နောက်ထပ်တစ်ရက်နှစ်ရက်လောက် ဆက်နေပေးပါလားဆရာကြီး”
ဦးအောင်ရှိန်က ကျုပ်ကိုလှည့်ကြည့်ရင်း
“ဘယ်လိုလဲရင်မောင် မင်းမှာ နောက်နှစ်ရက်လောက်ဆက်နေဖို့ အဝတ်အစားပါရဲ့လားကွ”
“ပါပါတယ်ဆရာကြီး”
“အေး၊ ဒါဖြင့်ရင်လည်း ငါတို့နောက်နှစ်ရက်လောက် ဆက်နေပေးတာပေါ့ကွာ”
အိမ်ရှင်ဦးလေးကြီးဆိုရင် မြေကြီးမှာဒူးထောက်ထိုင်ချလိုက်ပြီးတော့ ဦးအောင်ရှိန်ခြေဖမိုးကို လက်နဲ့ထိပြီး ထိုင်ကန်တော့ပါရောဗျာ။ ဒီလိုနဲ့ ဦးအောင်ရှိန်နဲ့ကျုပ်နဲ့ မောက်ရွာမှာ နှစ်ရက်လောက်ထပ်နေဖြစ်တယ်ဆိုပါတော့၊ ဒါပေမယ့် အဲဒီနှစ်ရက်မှာလည်း ကောင်းကောင်းကိုမနေရပါဘူးဗျာ၊ မောက်ရွာဆိုတာ စုန်းပေါတာနာမည်ကြီးဆိုပဲဗျ၊ ဒါကြောင့် ကျုပ်နဲ့ဆရာကြီးကို အဲဒီရွာကစုန်းတွေက ပညာစမ်းကြပါရောဗျာ။
နောက်နေ့မှပဲ ဆက်ပြောကြတာပေါ့။
ဆက်ရန်။