ဘုရားပျံဦးအောင်ရှိန်နှင့် နာဂစန္ဒီ
**********************************
(၁)
ရွှေနဒီဆိုတဲ့ သင်္ဘောကြီးနဲ့အတူ ကျုပ်နဲ့ဦးဖိုးထူးတို့ အောက်ပြည်ကိုစုန်ဆင်းခဲ့ကြတာပေါ့ဗျာ၊ ရွှေနဒီက သင်္ဘောဆိုပေမယ့် ခုခေတ်သင်္ဘောတွေလို သံတွေနဲ့လုပ်ထားတဲ့သင်္ဘောမဟုတ်ဘူးဗျ၊ သစ်သားတွေနဲ့အိမ်ဖွဲ့ပြီး စက်တပ်ထားတဲ့ မော်တော်အကြီးစားကြီးပေါ့ဗျာ၊ အဲဒီခေတ်တုန်းက ဧရာဝတီမြစ်ကို စုန်ဆန်ဆင်းနေတဲ့ သင်္ဘောကြီးတွေရှိပေမယ့် ကမ်းသာမြို့လို ဆိပ်ကမ်းအသေးကို သင်္ဘောကြီးတွေက မဆိုက်ဘူးဗျာ၊ ဒါကြောင့်မို့ မော်တော်တွေနဲ့ပဲ သွားကြလာကြရတာကိုးဗျ၊ မော်တော်တွေမှာလည်း သူ့လိုင်းနဲ့သူ ကပ်တဲ့ဆိပ်ကမ်းခြင်းက မတူကြဘူးဆိုတော့ ကိုယ်သွားချင်တဲ့နေရာကိုလိုက်ပြီး မော်တော်စီးကြရတယ်၊ ပြည်လိုမြို့ကြီးကိုကျတော့ မော်တော်တွေ၊ သင်္ဘောတွေ တော်တော်များများဆိုက်တယ်ဆိုတော့ ကျုပ်တို့အတွက် စိုးရိမ်စရာမလိုဘူးပေါ့ဗျာ။
ကျုပ်နဲ့ဦးဖိုးထူး သင်္ဘောပေါ်တက်ပြီးမကြာပါဘူး သင်္ဘောကြီးက ဥသြသံတစ်ချက်ဆွဲပြီးတော့ ကမ်းသာဆိပ်ကမ်းကနေခွာလာခဲ့တယ်၊ ကိုထွန်းကတော့ ကျုပ်တို့သင်္ဘောကြီး ခပ်လှမ်းလှမ်းရောက်တာတောင်မှ ဆိပ်ကမ်းကနေ လက်လှမ်းပြပြီး ကျန်နေခဲ့သေးတာဗျ၊ မြစ်လယ်လောက်ရောက်တော့မှ ကျုပ်တို့လည်း သင်္ဘောပေါ်ဆင်းလာခဲ့တယ်၊ သင်္ဘောကုန်းပတ်ပေါ်မှာ အမိုးကြီးထိုးထားပြီးတော့ ထိုင်ခုံတန်းကြီးတွေရိုက်ထားတယ်ဗျ၊ ခရီးသည်တွေက အဲဒီထိုင်ခုံတန်းတွေမှာ အဆင်ပြေသလိုထိုင်ပြီးစီးကြတာပေါ့ဗျာ၊ ဒီလိုမှမဟုတ်ဘဲ မြစ်ပြင်ကိုကြည့်ပြီး လေညှင်းခံပြီးစီးချင်သပဆိုရင်လည်း သင်္ဘောထိပ်ဦးနဲ့ ဘေးလက်တန်းတွေအနားမှာ မတ်တပ်ရပ်ပြီး လိုက်စီးလို့ရတယ်၊ လေတဖြူးဖြူးနဲ့ဆိုတော့ စီးလို့ကောင်းသဗျ၊ ဒါ့အပြင် ဧရာဝတီမြစ်ဘေးနားက မြို့တွေရွာတွေကို ခပ်ရေးရေးလှမ်းမြင်ရတယ်၊ မြစ်ကမ်းတွေ၊ တောင်တွေပေါ်မှာတည်ထားကြတဲ့ ထုံးဖြူဖြူစေတီကလေးတွေကိုလည်း လှမ်းပြီးဖူးမြင်နိုင်သေးသဗျာ။
သင်္ဘောဝမ်းဗိုက်ပိုင်းကိုလည်း ဆင်းကြည့်လို့ရပါသေးတယ်၊ သင်္ဘောဝမ်းပိုင်းမှာတော့ လူတွေသိပ်မပါဘဲ ကုန်တွေကိုအပြည့်သယ်လာခဲ့တယ်၊ အထက်အညာဒေသထွက် ပဲတွေ၊ ဆန်တွေ၊ ကြက်သွန်၊ အာလူးတွေကို ဂုန်နီအိတ်တွေ၊ ဂုန်ကြမ်းအိတ်တွေနဲ့ထည့်ပြီး သယ်လာခဲ့ကြတာပေါ့ဗျာ၊ အဲဒီအိတ်တွေပေါ်မှာ ပုဆိုးတွေခင်းပြီး လူတစ်ချို့အိပ်နေကြတာတွေ့တယ်ဗျ၊ ဂုန်နီ၊ ဂုန်ကြမ်းအိတ်ဆိုတာ ခုခေတ်ပီနံအိတ်လို ပြောင်ချောချောမဟုတ်ဘဲ အမွှေးအမျှင်တွေထွက်ပြီး ခပ်ကြမ်းကြမ်းဆိုတော့ ဒီတိုင်းထိုင်ရင် ယားတာကိုးဗျာ။
သင်္ဘောဝမ်းဗိုက် ကုန်စည်တွေကိုကျော်ခွပြီး အနောက်ကိုဆက်သွားရင်တော့ သင်္ဘောပဲ့ပိုင်းကိုရောက်တယ်ဗျ၊ သင်္ဘောမှာတပ်ထားတဲ့ စက်အင်ဂျင်သံက ဆူညံနေတာပါပဲ၊ စက်ခန်းတွေကိုတော့ အပြင်လူဝင်မရအောင် သော့ခတ်ထားကြတယ်ဗျ၊ စက်ခန်းတွေရဲ့အဆုံးမှာတော့ အိမ်သာတစ်ခုရှိတယ်၊ ကျုပ်သင်္ဘောဝမ်းဗိုက်ထဲကို ရောက်လာရတာကလည်း အိမ်သာတက်ချင်လို့ပဲဗျ၊ ကိုထွန်းတို့ ညကကျွေးမွှေးလိုက်တဲ့အစာတွေကြောင့် အစာဟောင်းတွေထုတ်ချိန်တန်သပေါ့ဗျာ၊ ဦးဖိုးထူးကို အဖော်ချင်ပေမယ့် ဦးဖိုးထူးက သင်္ဘောလက်တန်းနားရပ်ပြီး မြစ်ပြင်ကျယ်ကြီးကို ငေးကြည့်ရင်း တွေးတောနေတာမို့လို့ သူ့အတွေးကိုမဖျက်ချင်တာနဲ့ ကျုပ်တစ်ယောက်တည်း မေးမြန်းပြီးတော့ အိမ်သာရှာရင်း သင်္ဘောဝမ်းဗိုက်ထဲ ရောက်ခဲ့ရတာပေါ့ဗျာ။
ဒီလိုနဲ့ ပဲ့ပိုင်းအနောက်က အိမ်သာဆီကိုရောက်လာသဗျ၊ အိမ်သာတံခါးကိုအသာဖွင့်လိုက်တော့ အိမ်သာကြီးက ကြောက်စရာကြီးဗျာ၊ အောက်မှာ မြစ်ပြင်ကျယ်ကြီးက ဟောင်းလောင်းကြီးဗျ၊ ကျုပ်က အညာမှာနေတာများတော့ ရေများများမြင်ရင်ကို လန့်နေတော့တာပဲ၊ သင်္ဘောအိမ်သာဆိုတော့လည်း ဒိုးယိုပေါက်ကြီးမဟုတ်လား၊ ပြုတ်ကျမှာကြောက်တာနဲ့ အသာလေးတက်ပြီးထိုင်လိုက်ရတယ်၊ ကိုယ်သွားလိုက်တဲ့ ပစ္စည်းက ရေထဲကိုဒါရိုက်ကျတာပါပဲဗျာ၊ အိမ်သာထောင့်မှာတော့ စဉ့်အိုးကလေးတစ်လုံးနဲ့ ရေမှုတ်အစုတ်တစ်ခုကိုထားပေးသဗျ၊ ကျုပ်လည်း ကိစ္စရှင်းနေတုန်း ကျုပ်နားထဲအသံတွေကြားလာရတယ်ဗျာ၊ အသံတွေက လူသံတော့မဟုတ်ဘူးဗျ၊ ရှူးရှူးရှဲရှဲနဲ့ မသိရင်ငရုတ်သီးစပ်လို့ အော်နေတဲ့အသံမျိုးပဲ၊ ကျုပ်လည်း အိမ်သာထဲထိုင်နေရင်း ဘယ်သူဒီနားလာပြီး ငရုတ်သီးစပ်နေတာလဲလို့ တွေးမိလိုက်တယ်။
“ဟေ့ ဘယ်သူလဲကွ၊ အိမ်သာနားလာပြီး ငရုတ်သီးစပ်နေတာ”
ကျုပ်အော်လိုက်တော့ အသံက ရပ်သွားတယ်ဗျ၊ ကျုပ်လည်း အသံကြားမလားဆိုပြီးနားထောင်ပေမယ့် ဆက်မကြားရတော့၊ ဒီလိုနဲ့ ကိစ္စဆက်ရှင်းနေတုန်း အသံတွေပြန်ကြားရပြန်ရောဗျာ၊ ဒီတစ်ခါတော့ အသံက ဖင်အောက်ကနေလာတာဗျ၊ ကျုပ်လည်း ထူးဆန်းသွားတာနဲ့ ကျုပ်ဖင်အောက်မှာရှိတဲ့ အပေါက်ကြီးကိုငုံ့ကြည့်လိုက်ပါရောဗျာ၊
“ဟ၊ သောက်ခွေး၊ ဘာကြီးလဲဟ”
ကျုပ်ရေရွတ်လိုက်မိပြီး အမြန်မတ်တပ်ထရပ်လိုက်မိတယ်၊ ရေပြင်ထဲမှာ ဆန်ကောလောက်ရှိတဲ့ မျက်လုံးဝါဝါကြီးက ကျုပ်ကိုကြည့်နေသဗျာ၊ မျက်လုံးရဲ့မျက်ဆန်ကတော့ တန်းတန်းကြီး၊ ကြောင်မျက်လုံးကိုခင်ဗျားတို့မြင်ဖူးမှာပေါ့၊ အဲဒီလိုပုံစံကြီးဗျာ၊ ကျုပ်လန့်ပြီးအော်လိုက်တဲ့အချိန်မှာပဲ မျက်လုံးကြီးက ရေအောက်ကိုဆင်းသွားပါရော၊ ကျုပ်လည်းဆက်ပြီးမတက်ရဲတော့တာနဲ့ အိမ်သာထဲကနေ ခပ်မြန်မြန်ပြေးထွက်လာခဲ့လိုက်တယ်။
(၂)
အိမ်သာထဲကနေ တံခါးဖွင့်ပြီး ခပ်မြန်မြန်ပြေးထွက်လိုက်တာဆိုတော့ အိမ်သာရှေ့မှာရပ်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဝင်တိုက်မိပါရောဗျာ၊ ကျုပ်ကလည်း ခုနကမျက်လုံးမြင်ပြီး နည်းနည်းလန့်နေတာကိုးဗျ၊
“အမေ့၊ သေပါပြီတော်”
မိန်းကလေးက ရေရွတ်လိုက်တယ်ဗျ၊ ကျုပ်တိုက်တဲ့အရှိန်ကြောင့် အဲဒီမိန်းကလေး ဟန်ချက်ပျက်သွားပြီး သင်္ဘောနံရံကိုလှမ်းကိုင်လိုက်ရတယ်၊ နောက်တော့ မိန်းကလေးက ကျုပ်ကိုစိမ်းစိမ်းကားကားစိုက်ကြည့်တယ်ဗျ၊ မိန်းကလေးနဲ့အဖော်အဖြစ်ပါလာတဲ့ ခပ်၀၀မိန်းမကြီးက ကျုပ်ကိုကြည့်ပြီး
“ရှင်ဘယ်လိုလူစားလဲ၊ ရှင့်မှာမျက်လုံးမပါဘူးလား”
“တောင်းပန်ပါတယ်ဗျာ၊ ကျုပ်လည်း အမြန်ထွက်လိုက်တာဆိုတော့ ဒီကမိန်းကလေး အိမ်သာရှေ့ရပ်နေတာကို မမြင်လိုက်လို့ပါ”
မိန်းမကြီးက မဲ့ရွဲ့ပြီး
“သင်္ဘောပေါ်မှာ ဒါမျိုးကျပ်ကျပ်လုပ်၊ ရေထဲပြုတ်ကျပြီးသေနေမယ် သိရဲ့လား”
ကျုပ်လည်း ဘာမှမပြောနိုင်တော့ပါဘူးဗျာ၊ မိန်းမကြီးက ခုနကကောင်မလေးလက်ကိုဆွဲလိုက်ရင်း
“ဒေဝီအဆင်ပြေရဲ့လား”
“ပြေပါတယ်”
်မိန်းကလေးက ခပ်ချောချော၊ ခပ်လှလှပဲဗျ၊ အသက်ကတော့ နှစ်ဆယ်နီးပါးရှိမယ်ထင်တာပဲ၊ ငယ်ရင်လည်း ဒီထက်ငယ်မှာပေါ့ဗျာ၊ ဆံပင်နက်နက်ကြီးတွေကို ဆံထုံးကြီးထုံးထားတယ်၊ ဝတ်ထားစားထားတာကြည့်ရတာကလည်း နွမ်းနွမ်းပါးပါးထဲက ဟုတ်ဟန်မတူဘူးဗျ၊ ကျုပ်က ဒေဝီဆိုတဲ့မိန်းကလေးကို သေသေချာချာစိုက်ကြည့်နေတော့ သူ့ဘေးနားက မိန်းမကြီးက ကျုပ်ကိုမျက်စောင်းထိုးရင်း
“ရှင်မသွားဘဲဘာလုပ်နေတာလဲ၊ ဘာလဲ မိန်းကလေးအိမ်သာတက်တာကိုချောင်းကြည့်ချင်လို့လား”
“ဟာ၊ မဟုတ်ပါဘူးဗျာ”
“မိန်းကလေးတွေဘဲဆိုပြီး ယီးတီးယားတားမလုပ်နဲ့နော်၊ ကျွန်မတို့အော်လိုက်ရင် သင်္ဘောပေါ်ကလူတွေဝိုင်းရိုက်လို့ ရှင်သေသွားမယ်၊ ဘာမှတ်နေသလဲ”
ကျုပ်စိတ်ထဲတစ်မျိုးတော့ဖြစ်သွားတယ်ဗျ။
“သွားဆိုသွားပါ့မယ်ဗျာ၊ ဒါပေမယ့် ခင်ဗျားပါးစပ်က အဲဒီလိုသေစကားချည်းထွက်နေတာတော့မကောင်းဘူးဗျ”
“အောင်မယ်၊ သွားစရာရှိတာမသွားဘူး လူကိုပြန်ပြီးဝေဖန်နေသေးတယ်၊ ပါးဆွဲရိုက်ထည့််လိုက်လို့ သေသွားမယ်”
ကျုပ်လည်း ဘာမှမပြောတော့ဘဲ အဲဒီနေရာကနေအမြန်လှည့်ထွက်ခဲ့တာပေါ့ဗျာ၊ ပဲအိတ်၊ ဆန်အိတ်တွေနားဖြတ်တော့ အိတ်တွေအပေါ်မှာခင်းကျင်းပြီးအိပ်နေတဲ့လူတွေ အများကြီးတွေ့တယ်ဗျ၊ အဲဒီအထဲမှာထူးဆန်းတာကတော့ ရသေ့ကြီးတစ်ပါးကိုတွေ့လိုက်ရတာပါပဲ၊ ရသေ့ကြီးကလည်း ပဲထည့်ထားတဲ့ ဂုန်နီအိတ်တွေအပေါ်မှာ သင်္ကန်းစလို အစတစ်စခင်းပြီး တင်ပလ္လင်ခွေထိုင်နေတာဗျ၊ ခေါင်းမှာလည်း ငါးကြင်းမြီးပုံစံ အဖျားနှစ်ခွရှိတဲ့ ဒေါက်ချာကြီးတစ်ခုကိုဆောင်းထားသေးတယ်၊ မျက်လွှာကိုချထားပြီးတော့ တရားမှတ်နေတယ်ထင်ပါ့ဗျာ၊ ကျုပ်လည်း ရသေ့ကြီးကိုတစ်ချက်ကြည့်ပြီး ဆက်ထွက်လာခဲ့တဲ့အချိန် ကျုပ်နာမည်ကိုခေါ်သံကြားတယ်ဗျ။
“အောင်ရှိန်၊ မင်းက အောင်ရှိန်ပဲ”
ကျုပ်လည်း ထူးဆန်းသွားပြီး တစ်ချက်လှည့်ကြည့်လိုက်တယ်၊ အိပ်နေတဲ့လူတွေနဲ့ တရားထိုင်နေတဲ့ရသေ့ကြီးကလွဲရင် ဘာမှမရှိဘူးဗျ၊
“ငါ့ကိုဘယ်သူခေါ်ပါလိမ့်”
ကျုပ်လှည့်ပတ်ကြည့်ပြီး ပြန်လှည့်မယ်လုပ်တော့မှ
“ငါခေါ်နေတာကွ”
အသံက ရသေ့ကြီးဆီကနေလာတာဗျ၊ ရသေ့ကြီးက အဲဒီတော့မှ မျက်လွှာဖွင့်ပြီး ငုံ့ထားတဲ့ခေါင်းကိုထောင်လိုက်တယ်၊ ပြီးတော့ ကျုပ်ကိုသေသေချာချာစိုက်ကြည့်နေတယ်၊ ထူးဆန်းတာတစ်ခုက ရသေ့ကြီးပါးစပ်နဲ့ ပါးတွေက တစ်ခုခုကိုငုံထားသလိုမျိုး ဖောင်းဖောင်းကြီးဖြစ်နေတာပဲဗျ။ ကျုပ်လည်း ရသေ့ကြီးကိုကြည့်လိုက်ပြီး
“ကျုပ်ကို ရသေ့ကြီးက ခေါ်တာလား”
“အေးဟုတ်တယ်”
ရသေ့ကြီးပြန်ဖြေတော့ ကျုပ်ဖြင့်လန့်သွားတယ်ဗျာ၊ ဘာလို့လဲဆိုတော့ ရသေ့ကြီးဆီက အသံထွက်လာပေမယ့် သူ့နှုတ်ခမ်းတွေက တင်းတင်းစေ့ပြီးပိတ်နေတာဗျ။ ဒါကိုတွေ့တော့ ကျုပ်ဖြင့်မအံ့သြဘဲနေပါ့မလား၊ ကျုပ်အထင် ရသေ့ကြီးရဲ့အနောက်မှာ လူတစ်ယောက်ယောက်များရှိမလားဆိုပြီး လှမ်းကြည့်လိုက်မိသေးတယ်။
“လိုက်ရှာမနေနဲ့ မင်းကိုငါပြောနေတာကွ”
“ရသေ့ကြီးက ပါးစပ်ပိတ်ပြီးတော့ အသံကဘယ်နားကထွက်နေတာလဲဗျာ”
“ဟား၊ ဟား၊ မင်းနဲ့ငါက ပါးစပ်လှုပ်ပြီးစကားပြောနေစရာမလိုပါဘူးကွ၊ ငါက မင်းကိုမနောစိတ်ကနေ ဆက်သွယ်နေတာ”
ထူးထူးဆန်းဆန်းကြားလိုက်ရမှ ကျုပ်လည်းခေါင်းညိတ်လိုက်မိတယ်။ ဟုတ်တော့လည်းဟုတ်တယ်ဗျ၊ သင်္ဘောဝမ်းဗိုက်ထဲမှာက အင်ဂျင်စက်သံတွေ၊ သင်္ဘောခုတ်မောင်းတဲ့အသံတွေနဲ့ ဆူညံနေတာပဲဗျာ၊ ရသေ့ကြီးနဲ့ကျုပ်နဲ့ကလည်း ရှစ်ပေလောက်လှမ်းတယ်၊ ဒါပေမယ့် ရသေ့ကြီးရဲ့အသံက ကျုပ်နားအနားမှာကပ်ပြီး ပြောနေသလိုမျိုးကို ပီသကြည်မြပြီးတော့ ကြားနေရတယ်ဗျာ၊
“ဒါကြောင့် ပါးစပ်မလှုပ်တာကိုးဗျ၊ ဒါနဲ့နေပါအုံး ရသေ့ကြီးကဘယ်သူလဲ၊ ပြီးတော့ ကျုပ်ကိုဘာဖြစ်လို့ သိနေရတာလဲ”
ရသေ့ကြီးက ပါးစပ်မဖွင့်ဘဲနဲ့။
“ငါ့နာမည်တော့ မသိချင်ပါနဲ့ကွာ၊ ဒါပေမယ့် လူတွေကတော့ ငါ့ကို ရေငုံရသေ့ကြီးလို့ ခေါ်ကြတယ်ကွ”
“ဒါဆို ရသေ့ကြီးပါးစပ်ထဲမှာ ရေတွေငုံထားတာပေါ့၊ ဘာဖြစ်လို့ ဒီလောက်အပင်ပန်းခံနေတာလဲဗျာ”
“ခုနစ်ရက်သားသမီးတွေကြောင့်ပေါ့ကွာ၊ မင်းနားလည်အောင်ပြောရရင် ငါက မန္တဝိဇ္ဇာတစ်ယောက်ပဲကွ၊ မန္တဝိဇ္ဇာ ဆိုတာ ဂါထာ၊ မန္တန်တွေကိုရွတ်ဖတ်သရဇျာယ်ပြီးတော့ ဝိဇ္ဇာဓရလမ်းကို လျှောက်လှမ်းနေကြတဲ့သူတွေပေါ့၊ ငါသွားနေတဲ့လမ်းက အတော်ခရီးပေါက်နေပြီလို့ပြောရမယ်ကွ၊ သိပ်မကြာခင် ထွက်ရပ်လမ်းကိုမြန်းရတော့မယ်”
“အဲဒါအသာထားပါဗျာ၊ ရေငုံတာနဲ့က ဘာဆိုင်လို့လဲဗျ”
“ဒီလိုကွ မန္တဝိဇ္ဇာတွေက မန္တန်တွေရွတ်ဖတ်ရင်း နှုတ်မှာတန်ခိုးအာဏာတည်လာကြတယ်၊ ပြောရရင်တော့ နှုတ်စည်းတယ်ပေါ့ကွာ၊ ပြောတိုင်းဖြစ်နေတဲ့သဘောပေါ့၊ ဒါပေမယ့် နှုတ်ဆိုတာကလည်း ခက်တယ်ကွ၊ ဘူးပေါက်တစ်ရာကို ပိတ်ချင်ပိတ်လို့လွယ်မယ်၊ လူ့ပါးစပ်တစ်ပေါက်ကို ပိတ်ဖို့မလွယ်ဘူးလို့ ပြောကြတယ်မဟုတ်လား၊ ပြီးတော့ စကားဆိုတာလည်း ပြောတိုင်းမကောင်းဘူးကွ၊ စကားစကားပြောပါများ စကားထဲက ဇာတိပြဆိုတာလည်း ရှိသေးတယ်၊ နောက်ပြီးတော့ ဝစီဗေဒ ထိတိုင်းရှလို့လည်း ပြောတတ်သေးတယ်မဟုတ်လား”
ကျုပ်နားလည်လိုက်ပါပြီဗျာ။
“ဒါကြောင့် စကားမပြောချင်လို့ ရေငုံထားတာပေါ့၊ ဟုတ်ရဲ့လား”
“ငါက စကားပြောမတတ်ဘူးကွ၊ ပြီးတော့ နှုတ်ကလည်း လွတ်ခနဲထွက်ထွက်သွားတတ်တာ၊ ငါ့နှုတ်၊ ငါ့စကားမှာ တန်ခိုးအာဏာတည်နေတာဆိုတော့ မကောင်းတာတွေမပြောမိအောင်လို့ ရေငုံပြီးနှုတ်ကိုစောင့်ထိန်းထားရတာကွ”
“ဒါဖြင့် အခုလိုမနောနဲ့ပြောတော့ ဘာမှမဖြစ်ဘူးလား”
“မနောဆိုတာ စိတ်ပဲလေကွာ၊ ငါက နှုတ်စည်းနေတဲ့လူပဲ၊ စိတ်နဲ့ပြောတာ၊ ကြံတာဖြစ်တာမှမဟုတ်တာ၊ ဒီလောက်တော့ရပါတယ်”
ကျုပ်လည်းခေါင်းညိတ်ပြီး
“ရသေ့ကြီး ထွက်ရပ်လမ်းကို အမြန်မြန်းကြွနိုင်ပါစေလို့ပဲ ကျုပ်ဆုတောင်းပေးပါတယ်ဗျာ”
ရသေ့ကြီးက ခေါင်းညိတ်ပြီးတော့
“အောင်ရှိန်၊ မင်းဆီငါလာခဲ့ရတာက မင်းကိုတစ်ခုသတိပေးမလို့ပဲကွ”
ကျုပ်ကိုသတိပေးမယ်ဆိုတော့ ကျုပ်လည်းရပ်ပြီးခေါင်းညိတ်ပြလိုက်တယ်ဗျ၊ ရသေ့ကြီးကဆက်ပြီးတော့
“ဝိဇ္ဇာဖြစ်ဖို့ ဂန္ဓာရီခရီးလမ်းလျှောက်မယ်ဆိုရင် အောင်မြင်ဖို့အတွက် အခက်အခဲတွေအများကြီးကို မင်းရင်ဆိုင်ရလိမ့်မယ် အောင်ရှိန်၊ ဒါပေမယ့် အဲဒီအခက်အခဲထဲမှာမှ အကြီးမားဆုံးအခက်အခဲက သုံးခုရှိတယ်”
ရသေ့ကြီးက ပြောပြီးတော့ လက်သုံးချောင်းထောင်ပြတယ်ဗျ။
“ပထမတစ်ခုက စည်းစိမ်ပဲ၊ နောက်တစ်ခုကတော့ ကျော်ကြားမှု၊ နောက်ဆုံးတစ်ခုကတော့ မိတ်ဆွေပဲ အောင်ရှိန်”
ရသေ့ကြီးပြောတာကို နားထောင်ပြီး ကျုပ်ဘဝင်မကျဘူးဖြစ်သွားတယ်ဗျ၊ ရသေ့ကြီးကလည်း ကျုပ်စိတ်ကိုသိတဲ့ပုံပဲ။
“ငါပြောတာကို မင်းလက်မခံချင်ဘူးမဟုတ်လားကွာ၊ ငါပြောပြမယ်၊ စည်းစိမ်ဆိုတာ ဝိဇ္ဇာလမ်းနဲ့ဆန့်ကျင်ဘက်ပဲကွ၊ တစ်နည်းအားဖြင့်ပြောရင် လောဘပဲပေါ့၊ စည်းစိမ်ငွေကြေးတစ်ခုခုရတဲ့အခါ အဲဒီအရာကိုတွယ်တာတဲ့စိတ်၊ ထပ်ပြီးတော့လိုချင်တဲ့စိတ်၊ ပျောက်ကွယ်ဆုံးရှုံးသွားမှာကို မလိုလားတဲ့စိတ်၊ ဒီလိုလောဘစိတ်တွေပေါ်လာတတ်တယ်၊ ဒါကြောင့် ဝိဇ္ဇာလမ်းလျှောက်နေတဲ့လူတစ်ယောက်ဟာ စည်းစိမ်ကိုဖက်တွယ်လိုက်တာနဲ့ ဝိဇ္ဇာလမ်းကနေ အများကြီးသွေဖယ်သွားပြီလို့ ပြောလို့ရတယ်”
“ဒါတော့ ကျုပ်လက်ခံပါတယ်ဗျာ၊ ကျုပ်ကလည်း ငွေကြေးတွေစည်းစိမ်တွေ မမက်ပါဘူးဗျ၊ မမက်လို့ အားလုံးကိုစွန့်လွတ်ခဲ့တာပဲမဟုတ်လား”
ရသေ့ကြီးက ခေါင်းညိတ်ရင်း
“ဒုတိယတစ်ခုကတော့ အောင်မြင်ကျော်ကြားမှုပဲ အောင်ရှိန်၊ လူတွေက ဘိုးတော်ကြီးတွေစွမ်းတယ်ဆိုရင် တအားတပည့်ခံချင်ကြတယ်၊ ကိုယ့်ဘိုးတော်ကောင်းကြောင်းတွေကို ချီးကျူးထောမနာပြုတတ်ကြတယ်၊ အဲဒီမှာစပြီး ရေလိုက်လွဲတာပဲကွ၊ အောင်မြင်ကျော်ကြားမှုဆိုတာ မောဟတစ်မျိုးပဲ၊ အောင်မြင်တဲ့အခါ မာနထောင်လာတတ်ကြတယ်၊ ကိုယ်သိကိုယ်တတ်လို့ထင်ပြီး မောဟဖုံးတတ်ကြတယ်ကွ၊ ဒါကြောင့် တကယ့်ဝိဇ္ဇာကြီးတွေဆိုရင် လူတွေကိုကူညီစရာရှိရင် ကူညီပေးလိုက်တယ်ဆိုပေမယ့် ငါလုပ်တာလို့ ဘယ်တော့မှ ဝန်မခံကြဘူး၊ အောင်မြင်ကျော်ကြားမှာစိုးလို့ လူမသိသူမသိအောင် ကူညီပေးတာမျိုးပေါ့ကွာ၊ ဝိဇ္ဇာတစ်ယောက်ဟာ အောင်မြင်နေပြီ၊ ကျော်ကြားနေပြီ၊ တပည့်တပန်းများနေပြီဆိုရင်တော့ သေချာတာက သူလည်း ဝိဇ္ဇာလမ်းစဉ်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီဆိုတာပါပဲ”
“ဒါလည်း ကျုပ်လက်ခံပါတယ်၊ ကျုပ်လက်မခံတာကတော့ နောက်ဆုံးရသေ့ကြီးပြောတဲ့ မိတ်ဆွေဆိုတာပဲဗျ၊ ဘုရားဟောထားတာရှိတယ်မဟုတ်လား မိတ်ကောင်းဆွေကောင်းရှိတာ မင်္ဂလာတစ်ပါးတဲ့ဗျာ”
ရသေ့ကြီးက ခေါင်းတဆတ်ဆတ်ညိတ်ရင်း
“လူ့လောကကျင့်ဝတ်တွေအရဆိုရင်တော့ ဟုတ်တာပေါ့ကွာ၊ ဒါပေမယ့် လောကီ၊ လောကုတ္တရာနည်းလမ်းတွေမှာတော့ မိတ်ဆွေဆိုတာရှိကောင်းတယ်ဆိုပေမယ့် မိတ်ဆွေတွေကိုသိပ်မမှီခိုသင့်ဘူးကွ”
“ဘာကြောင့်လဲဆိုတာ ပြောပါအုံးဗျာ”
“တို့ဝိဇ္ဇာလမ်းပဲဖြစ်ဖြစ်၊ ဝိပဿနာလမ်းပဲဖြစ်ဖြစ် ဒီလမ်းတွေမှာ အရေးကြီးတာက ကျင့်ကြံအားထုတ်မှုပဲ အောင်ရှိန်ရ၊ ဒီတော့ မိတ်ဆွေကောင်းရှိရင် တရားနည်းလမ်းတွေသိနိုင်တယ်၊ မိတ်ဆွေတွေနဲ့အတူတူ ဒါနပြုနိုင်တယ်၊ သီလလည်း အတူတူဆောက်တည်နိုင်တယ်၊ ဒါပေမယ့် ကျင့်ကြံတဲ့အခါကျတော့ သူများနဲ့လုပ်လို့မရဘူး၊ ကိုယ်ကျင့်မှ ကိုယ်ရတာကွ”
“ဒါတော့ ကျုပ်သိပ်လက်မခံချင်ဘူးဗျာ၊ ဝိဇ္ဇာလမ်းလိုက်နေတဲ့လူတွေမှာ မိတ်ဆွေမပြောနဲ့ ဂိုဏ်းဂဏတွေဖွဲ့ပြီးတော့တောင်မှ လုပ်ကိုင်နေကြတယ်မဟုတ်လားဗျ၊ ရသေ့ကြီးပြောသလိုသာဆို ဒီလူတွေက ဝိဇ္ဇာမဖြစ်တော့ဘူးတဲ့လားဗျာ”
“ငါပြောမယ်အောင်ရှိန်၊ ဂိုဏ်းထဲဝင်ရင် ဂိုဏ်းပညာရမယ်၊ ဝိဇ္ဇာဖြစ်ဖို့ ကျင့်တဲ့နည်းလမ်းတွေရမယ်၊ ဒါပေမယ့် ဝိဇ္ဇာတော့မဖြစ်ဘူးကွ၊ ဝိဇ္ဇာဖြစ်ဖို့က တစ်ဦးတစ်ယောက်တည်း ကျင့်ကြံမှရတာ၊ တရားရှာတဲ့အခါမှာလည်း တရားကျင့်ပုံကျင့်နည်း ဂိုဏ်းဂဏတွေအများကြီးရှိတာပဲ၊ ဒါပေမယ့် ဂိုဏ်းဝင်ရုံနဲ့ အရိယာမဖြစ်ဘူး၊ အရိယာဖြစ်ဖို့ ရဟန္တာဖြစ်ဖို့က ကိုယ်တိုင်ကျင့်ကြံနိုင်မှရတာ”
“ဒါဆို မိတ်ဆွေမထားသင့်ဘူးလို့ ဆိုလိုတာလားဗျာ”
“ဒီလိုတော့မပြောချင်ဘူး၊ ဒါပေမယ့် မိတ်ဆွေတွေကို တအားမှီခိုလွန်းရင် ဝိဇ္ဇာဓရလမ်းကိုနှောင့်နှေးစေတယ်၊ အခက်အခဲဖြစ်စေနိုင်တယ်ကွ၊ ငါပြောချင်တာကတော့ ဒီလောက်ပဲအောင်ရှိန်ရာ၊ လက်ခံတာ လက်မခံတာ မင်းအပိုင်းပေါ့”
ကျုပ်လည်း ဘာပြောရမှန်းကိုမသိတော့ဘူးဗျာ၊ ရသေ့ကြီးကတော့ ခေါင်းငုံ့ပြီး ပြန်ငြိမ်သွားတယ်၊ ကျုပ်ခေါ်ပေမယ့်လည်း ဘာမှပြန်မထူးတော့တာနဲ့ သူ့ကိုမနှောင့်ယှက်ချင်လို့ သင်္ဘောအပေါ်ကိုပြန်တက်လာခဲ့တာပေါ့ဗျာ။
(၃)
ဒီလိုနဲ့ သင်္ဘောကြီးက ဧရာဝတီမြစ်အတိုင်း ရေစုန်ကိုခုတ်မောင်းလာတာပေါ့ဗျာ၊ သူဆိုက်ကပ်စရာရှိတဲ့ ဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ပြီးတော့ လူတွေအတင်အချ၊ ကုန်တွေအတင်အချလုပ်ရင်း မောင်းနှင်လာခဲ့တာပေါ့၊ ကျုပ်နဲ့ဦးဖိုးထူးလည်း သင်္ဘောတစ်နေရာမှာထိုင်ပြီးလိုက်လာခဲ့တယ်၊ ဆိပ်ကမ်းတစ်ခုကိုကပ်ပြီဆိုရင်ဖြင့် သင်္ဘောပေါ်ကို ခေါင်းရွက်ဗျက်ထိုး ဈေးသည်လေးတွေ တက်လာကြတာ မနည်းပါဘူးဗျာ၊ သူတို့ဆီမှာ ထမင်းထုပ်တွေ၊ ကောက်ညှင်းပေါင်း၊ ကြက်ကြော်၊ ငုံးကြော် စုံလို့ဗျ၊ လက်သုပ်စုံတွေ၊ အချဉ်ပေါင်းသည်တွေလည်းပါသေးတယ်၊ ဆေးလိပ်ကွမ်းယာရောင်းတဲ့အသည်ကတော့ ရောင်းအကောင်းဆုံးပေါ့ဗျာ၊ ကျုပ်တို့နှစ်ယောက်လည်း ဈေးသည်တွေခေါ်၊ ကိုယ်ကြိုက်တာကိုယ်စားပြီးတော့ ဇိမ်ကလေးနဲ့လာခဲ့တာပေါ့ဗျာ။
ဦးဖိုးထူးက တော်တော်အစားမက်တဲ့လူပဲဗျ၊ သင်္ဘောပေါ်တက်လာတဲ့ ဈေးသည်တိုင်းလိုလိုကို ခေါ်ပြီးတော့ စားတာဗျာ၊ ကျုပ်ကတော့ ထမင်းတစ်ထုပ်လောက်နဲ့ ဗိုက်ဝတဲ့သူဆိုတော့ သူ့လောက်မစားနိုင်ပါဘူး၊ ဦးဖိုးထူးကတော့ လက်တစ်ဖက်မှာကြက်ကြော်ကိုင်ထားရင်း တခြားလက်တစ်နဲ့ ခေါက်ဆွဲသုပ်ကို နှိုက်နှိုက်ပြီးတော့စားသဗျာ၊ ကြက်ကြော်ကိုလည်း တစ်ဖဲ့ပြီးတစ်ဖဲ့ကိုက်စားသေးတယ်၊ ကျုပ်ကမစားနိုင်ပေမယ့် သူစားတာကြည့်ပြီးတော့ အားရနေတာပေါ့ဗျာ။
“ဦးဖိုးထူးက စားလှချည်လားဗျာ”
“အဲဒါမင်းကျေးဇူးပေါ့ကွာ၊ ငါ့ဖာသာငါဆိုရင် သူများပေးတဲ့ကမ်းတဲ့ အသိုးအကျိတွေစားရတာကွ၊ မင်းနဲ့ပေါင်းတော့မှပဲ စားကောင်းသောက်ကောင်းတွေ အကြိုက်စားရတော့တယ်ဟေ့”
“စားဗျာ၊ စားစား၊ စားချင်တာဆိုရင် စားလိုက်ရမှကောင်းတာမဟုတ်လား”
“တို့စားချင်တိုင်းစားဖို့ကလည်း ငွေရှိမှကွ၊ ဘယ်လိုလဲအောင်ရှိန် ငါမောင်ထွန်းဆီက ငွေတစ်အုပ်ယူခဲ့တာမှန်သွားတယ်မဟုတ်လားကွ၊ ငါသာ ငွေတစ်အုပ်မယူခဲ့ရင် တို့နှစ်ယောက် လမ်းခရီးမှာ ဒီလိုမျိုးဘယ်စားသောက်နိုင်မလဲကွ၊ မဟုတ်ဘူးလား”
ကျုပ်လည်း စဉ်းစားပြီးခေါင်းညိတ်လိုက်တယ်။
“အင်းနော်၊ လမ်းခရီးမှာ ငွေဆိုတာလိုအပ်တာပဲဗျ၊ ငွေရှိတဲ့ အေးအေးလူလူသွားလာနိုင်တာပေါ့ဗျာ”
ဦးဖိုးထူးက စားသောက်နေရင်း သင်္ဘောကုန်းပတ်ပေါ်ကို သာကူကျိုရောင်းတဲ့ ဈေးသည်တစ်ယောက်တက်လာသဗျ၊ ဦးဖိုးထူးလည်း မျက်လုံးတွေအရောင်လက်သွားပြီးတော့
“ဟာ၊ သာကူတဲ့ဟေ့၊ လာစမ်းပါအုံး၊ လာစမ်းပါအုံးဟာ”
ဦးဖိုးထူးက မတ်တပ်ရပ်ပြီးထခေါ်တယ်ဗျ၊ သာကူသည်လည်း လာရော လက်ထဲက ကြက်ကြော်ကိုချလိုက်ပြီး သာကူတွေဝယ်ပြီး ကုန်းကုန်းသောက်ပါရောဗျာ၊ စားပြီးသောက်ပြီးတော့ ဆိပ်ကမ်းကနေခွာလာကြတယ်ဗျ၊ အချိန်ကတော့ ညနေစောင်းခါနီးနေပြီပေါ့ဗျာ၊ စက်လှေသမားတွေ အဆိုအရဆိုရင်တော့ ဒီညမိုးသိပ်မချုပ်ခင် ပြည်ကိုဝင်မယ်လို့ပြောကြတာပဲ၊ ဦးဖိုးထူးကတော့ စားသောက်ပြီး အဆီယစ်နေပြီပေါ့ဗျာ၊ လေကလည်း တဖြူးဖြူးနဲ့ဆိုတော့ မျက်လွှာလေးချပြီး ဇိမ်ယူနေတာပေါ့၊ ကျုပ်ကတော့ သင်္ဘောပေါ်လိုက်စီးလာကြတဲ့ လူတွေကိုတစ်ချက်ဝေ့ကြည့်လိုက်မိတယ်ဗျ။
ကျုပ်နဲ့ဝင်တိုက်တဲ့ ဒေဝီလို့ခေါ်တဲ့ မိန်းကလေးရဲ့မိသားစုက သင်္ဘောတစ်နေရာမှာ မိသားစုလိုက်ထိုင်နေကြသဗျ၊ ဝတ်ထားစားထားပုံကြည့်ရတာတော့ သူဌေးတွေဖြစ်ရင်ဖြစ် မဖြစ်ရင် အရာရှိကြီးတွေနေမှာဗျ၊ ဘာရယ်မဟုတ်ဘူး ကျုပ်ကြည့်နေတဲ့အချိန် အဲဒီဒေဝီဆိုတဲ့ မိန်းကလေးက ကျုပ်ကိုလှမ်းကြည့်တဲ့အချိန်နဲ့ ဆုံသွားပါရောဗျာ၊ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်း ဆုံသွားတယ်ဆိုပါတော့၊ ဒေဝီက မခို့တရို့ကလေးရယ်ပြီးတော့ သူ့ဘေးနားက မိန်းမကြီးကိုလက်တို့ပြတယ်ဗျ၊ အာပေါင်အာရင်းသန်သန်နဲ့ ဟိုမိန်းမကြီးက ကျုပ်ကိုလှမ်းကြည့်ပြီး မျက်စောင်းကြီးခဲပြပါရောဗျာ။
ကျုပ်အကြည့်လွှဲလိုက်မယ်လုပ်တဲ့အချိန်မှာပဲ ဒေဝီရဲ့နားရွက်ကနေ အနက်ရောင်အခိုးအငွေ့တွေ ပျံတက်လာတာကိုမြင်လိုက်ရသဗျ၊ ကျုပ်လည်း ထူးဆန်းသွားတာနဲ့ ဆက်ကြည့်နေမိတယ်၊ အနက်ရောင်အခိုးအငွေ့တွေက အမွှေးတိုင်ထွန်းထားသလိုမျိုး ဒေဝီရဲ့ကိုယ်လုံးကနေ ပျံထွက်နေတာဗျ၊ ကျုပ်ကြည့်နေရင်း ဒေဝီရဲ့မျက်နှာက အရေပြားတွေက တဖြည်းဖြည်းကွာကျလာတယ်၊ နောက်တော့ အသားစိုင်တွေ၊ သွေးတွေလည်း ကွာကျလာပြီးတော့ ဒေဝီရဲ့မျက်နှာက တဖြည်းဖြည်းအရိုးစုမျက်နှာကြီး ဖြစ်သွားတော့တာပဲဗျာ၊ ကျုပ်လည်း ကြည့်နေရင်းဇောချွေးတွေပြန်ပြီးတော့ တစ်ကိုယ်လုံးတုန်ယင်ချင်သလိုဖြစ်လာတယ်၊ ကျုပ်ရင်ထဲမှာလည်း နေရတာတစ်ဆို့ဆို့ကြီးနဲ့ဗျာ။
ဒီအချိန်မှာပဲ ဝုန်းခနဲအသံကြီးနဲ့အတူ သင်္ဘောကြီးတစ်ခုလုံးတုန်သွားတယ်ဗျ၊ ကျုပ်ဆိုထတောင်အော်မိလိုက်ပါသေးတယ်ဗျာ၊ သင်္ဘောကြီးတုန်သွားတော့ အကုန်လုံးထိတ်လန့်သွားကြတယ်၊ သင်္ဘောပေါ်က အလုပ်သမားတွေကတော့ အပြေးအလွားနဲ့ပေါ့ဗျာ။
“သင်္ဘောက ရေလယ်ခေါင်မှာ ရပ်နေပြီဟ”
လူတွေက အော်ပြောကြတယ်၊ သူတို့ပြောတဲ့အတိုင်းပဲ ဧရာဝတီမြစ်အလယ်ခေါင်မှာ သင်္ဘောကြီးက ရပ်နေပါရောဗျာ၊ လူတွေလည်း ကြောက်လန့်တကြားဖြစ်ကုန်တာပေါ့ဗျာ၊ သင်္ဘောပဲ့ပိုင်းကနေ လူတစ်ယောက်ထွက်လာပြီးတော့
“ဘာမှမဖြစ်ပါဘူး၊ မစိုးရိမ်ကြပါနဲ့၊ သင်္ဘောက သဲသောင်တစ်ခုနဲ့ငြိသွားလို့ပါ၊ ကျုပ်တို့အချိန်မီပြင်ဆင်နေပါတယ်၊ မကြောက်ကြပါနဲ့”
သူပြောတော့မှ ကျုပ်လည်းစိတ်အေးရတယ်၊ နဂိုကတည်းက ကျုပ်ကရေကြောက်တဲ့ကောင်ဆိုတော့ တစ်ခုခုဖြစ်မယ်ထင်ပြီး ဇောချွေးတွေပါပြန်နေတာဗျာ၊ ခုနကလည်း ဒေဝီကိုကြည့်ပြီး ထိတ်လန့်စရာတစ်ခုမြင်ခဲ့သေးတယ်မဟုတ်လားဗျ။
“ဒီအတိုင်းဆို တစ်ခုခုတော့ထူးပြီဟေ့”
ကျုပ်တစ်ဖက်ဘေးမှာထိုင်နေတဲ့ အဘကြီးတစ်ယောက်က ညည်းညူလိုက်တယ်ဗျ၊ အဘကြီးကြည့်ရတာ အသက်ခြောက်ဆယ်ကျော်၊ ခုနစ်ဆယ်နီးပါးလောက်ရှိမယ့်ပုံပါပဲဗျာ၊ တစ်ယောက်တည်းခရီးသွားလာတဲ့ပုံရတယ်၊ လွယ်အိတ်ကြီးတစ်လုံးလွယ်ပြီး လက်ကလည်း ပုသိမ်ထီးလို စက္ကူထီးကြီးတစ်လက် ကိုင်လို့ဗျ၊ ကျုပ်လည်း သိချင်သွားတာနဲ့
“ဘာကိုထူးတာလဲ အဘကြီးရဲ့”
အဘကြိးက ကျုပ်ကိုလှည့်ကြည့်ရင်း
“မောင်ရင်က တစ်ရွာသားမို့လို့ တို့ပြည်မြို့အကြောင်းကို မသိဘူးထင်တယ်”
“ကျုပ်ပြည်မြို့မှာ တော်တော်ကြာအောင်နေခဲ့ဖူးပါတယ်”
“ဒါဆိုရင် မောင်ရင် ကျောင်းကြီးဝဲအကြောင်းသိသလား”
ကျုပ်လည်း မကြားဖူးတာနဲ့ ခေါင်းခါပြလိုက်တယ်။ အဘကြီးက မျက်နှာရှုံ့မဲ့လိုက်ပြီး
“ပြည်မှာနေဖူးပြီး ကျောင်းကြီးဝဲတောင်မသိဘူးဆိုတော့ မောင်ရင်က တော်တော်ဗဟုသုတခေါင်းပါးတဲ့လူပဲကွ”
“အဘကြီးပြောချင်သလိုသာ ပြောပါတော့အဘကြီးရာ၊ ဒါနဲ့ ဒီဝဲက ဘာဖြစ်လို့လဲဗျ”
“ဒီလိုကွ၊ ပြည်မြို့အထက်ဘက် ဧရာဝတီမြစ်ရဲ့စတုတ္ထမြစ်ကျဉ်းနေရာမှာ ရေဝဲကြီးတွေရှိတယ်ကွ၊ ဖိုးဦးတောင်အနားမှာရှိတဲ့ရေဝဲကြီးကျတော့ ဖိုးဦးတောင်ဝဲလို့ခေါ်တယ်၊ နောက်ပြီး တန့်ကြည်တောင်နားက ဝဲကိုတော့ တန့်ကြည်တောင်ဝဲလို့ခေါ်သကွ၊ နောက်ဆုံးကတော့ ပြည်မြို့က ကျောင်းကြီးအရပ်နားမှာ ရှိတဲ့ဝဲကိုတော့ ကျောင်းကြီးဝဲလို့ခေါ်ကြတာပေါ့ကွာ၊ အဲဒီရေဝဲကြီးတွေက တစ်ခုနဲ့တစ်ခု သိပ်မလှမ်းတဲ့အပြင် တည်နေပုံကလည်း ရေဝဲတစ်ခုနဲ့တစ်ခု ဖိုခုံလောက်ဆိုင်ပုံစံတည်နေကြတာကွ”
“ဆက်ပြောပါအုံး အဘရာ၊ အဲဒီရေဝဲကြီးတွေက ဘာတွေထူးဆန်းလို့လဲဗျ”
“ဆန်းသမှ သိပ်ဆန်းတာပေါ့ကွာ၊ အဲဒီရေဝဲကြီးတွေက လူတွေစားတယ်ကွ၊ အဲဒီဝဲသုံးခုထဲကမှ ကျောင်းကြီးဝဲဆိုတာ နာမည်သိပ်ကြီးတာပေါ့ကွာ၊ တစ်နှစ်ကိုတစ်ကြိမ်လောက်တော့ လူစားလေ့ရှိတယ်၊ တစ်ခါစားရင်လည်း တစ်ယောက်နှစ်ယောက်လောက် စားရမှ ကျေနပ်တာကွ၊ စားတဲ့အခါမှာလည်း ကျောင်းကြီးအရပ်က လူကိုမစားဘဲ မြို့ကိုအလည်အပတ်လာကြတဲ့ လူစိမ်းတွေကိုပဲ စားတာတဲ့ကွာ”
“ရေထဲမှာနေတဲ့ဝဲက ကုန်းပေါ်ကလူကို ဘယ်လိုစားတာလဲဗျ”
အဘကြီးက ကျုပ်ကိုမျက်မှောင်ကြုတ်ကြည့်ပြီး
“မင်းကလည်း တော်တော်ဝေးပါ့ကွာ၊ ရေထဲလာတဲ့ သမ္ဇာန်တွေ၊ ငှက်လို့ခေါ်တဲ့လှေကလေးတွေ၊ မော်တော်တွေမှာ ပါလာတဲ့လူတွေကိုစားတာပေါ့ကွ၊ ကျောင်းကြီးဝဲအဆွဲခံရရင် လက်ယက်လှေတို့ ရွက်လှေတို့မပြောနဲ့ စက်တပ်မော်တော်ကြီးတွေတောင်မှ ဝဲဂယက်အတွင်းကနေ လွတ်အောင်ခုတ်မမောင်းနိုင်ကြဘူးတဲ့ကွာ၊ ကျောင်းကြီးဝဲအဆွဲခံရပြီးရင်တော့ အဲဒီရေအောက်နားမှာ ကျောက်ဆောင်တွေအများကြီးရှိတယ်ဆိုပဲကွ၊ ကျောက်ဆောင်တွေက ဝဲထဲပါလာတဲ့လှေတွေကို ဓါးသွားတွေလိုမျိုး ခုတ်ထစ်လိုက်လို့ လှေကလေးတွေဆို အပိုင်းပိုင်းပြတ်ပြီး လှေပေါ်ပါလာတဲ့လူတွေလည်း သေကုန်ကြတာပေါ့ကွာ”
“ထူးဆန်းလိုက်တာဗျာ”
“ထုံးစံတစ်ခုရှိတာကတော့ ကျောင်းကြီးဝဲက လူစားချင်ရင် အော်သံကြီးပေးတတ်တယ်ကွ၊ တို့ပြည်ကလူတွေတော့ ရေဝဲအော်သံကြားရင် သတိနဲ့နေကြရတာများတယ်၊ ရေဝဲကြီးက ညဘက်လူခြေတိတ်ချိန်ဆိုရင် ထထပြီးအော်သကွ၊ တဝူးဝူး တဝါးဝါးနဲ့အော်တဲ့အပြင် လူအုပ်လိုက်ကြီးက ဝိုင်းပြီးအော်ကြတဲ့ အသံတွေလို၊ နောက်ပြီး ကလေးငိုသံတွေ၊ ဆင်မြင်းကျွဲနွားတွေ ဝိုင်းအော်ကြတဲ့အသံလို အသံတွေလည်း ပေးတတ်တယ်ဆိုပဲ၊ အဲဒီလိုအော်သံပေးပြီး တစ်ပတ်လောက်ကြာပြီဆိုရင်တော့ ကျောင်းကြီးဝဲအနားမှာ ရေနစ်သေတဲ့သတင်းကို ကြားရတော့တာပဲကွာ၊ လူသေပြီးပြီး လူစားပြီးပြီဆိုရင်တော့ အဲဒီရေဝဲကြီးက ငြိမ်သွားတော့တာ နောက်တစ်နှစ် လူမစားခင်အထိပေါ့ မောင်ရင်ရာ”
ကျုပ်ဆိုရင် အဘကြီးပြောတာကို မျက်တောင်မခတ်တမ်းနားထောင်နေမိတယ်ဗျ၊ အဘကြီးက ကွမ်းမြုံ့ရင်း
“အခုလည်း ကျောင်းကြီးဝဲက အော်သံပေးနေတာ လေးငါးရက်လောက်ရှိပြီကွ၊ ဒီအတိုင်းဆိုရင်တော့ လူစားတော့မယ်ထင်ပါ့ကွာ၊ ဖြစ်ချင်တော့ ငါတို့စီးလာတဲ့သင်္ဘောကလည်း ရေလယ်ခေါင်မှာ သောင်လာတင်နေတယ်မဟုတ်လား၊ တို့သင်္ဘော ဘာမှမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရုံသာရှိတာပေါ့ကွာ”
“အင်း၊ ဆန်းတော့ဆန်းတာပဲဗျာ၊ ဒါဆို ရေဝဲအော်တဲ့အချိန် ပြည်ကလူတွေ ရေထဲမဆင်းကြနဲ့ပေါ့ဗျ”
“ဘယ်လိုပြောလိုက်ပါလိမ့်မောင်ရင်ရာ၊ မြစ်နဲ့ကင်းတဲ့လူတွေကတော့ မဆင်းလို့ရပေမယ့် ဟိုဘက်ကမ်းဒီဘက်ကမ်းကို ကူးနေရတဲ့လူတွေ၊ တံငါတွေ၊ ကူးတို့တွေက မသွားမဖြစ်သွားနေကြရတယ်မဟုတ်လားကွ”
“အင်းဗျာ၊ အဘပြောသလို လူတွေဘေးကင်းပါစေလို့ပဲ ဆုတောင်းနေရမှာပေါ့ဗျာ”
ဒီလိုနဲ့လှေရပ်နေတာ သုံးနာရီလောက်ကြာသွားတယ်ဗျ၊ ညမှောင်ပြီး မိုးတောင်စုန်းစုန်းချုပ်နေပေါ့ဗျာ၊ ကျုပ်လည်း အပေါ့အပါးသွားချင်တာနဲ့ လှေဝမ်းထဲကိုဆင်းခဲ့တယ်ဗျ၊ ပဲအိတ်တွေနားရောက်လို့ ရသေ့ကြီးကိုသတိရပြီးလှည့်ကြည့်တော့ ရသေ့ကြီးမရှိတော့ဘူးဗျ၊ ဘယ်တုန်းကတည်းက ဆင်းသွားတာလဲတော့မသိပါဘူးဗျာ၊ အိမ်သာနားကိုလာတဲ့အခါ စက်ခန်းကိုဖြတ်ရတယ်ဗျ၊ ကျုပ်အိမ်သာထဲဝင်နေတုန်း စက်ခန်းထဲက ပြောသံတွေကြားရတယ်။
“ဘယ်လိုဖြစ်တာလဲကွာ၊ သေချာကြည့်ပါအုံးကွ”
“ကြည့်တာကြာပါပြီဗျာ၊ သင်္ဘောက ဘာနဲ့ငြိလို့ ငြိနေမှန်းကိုမသိဘူးဗျ”
“သောင်တင်နေတယ်ဆိုကွာ”
“အဲဒါက ခရီးသည်တွေစိတ်မပူအောင်ပြောတာဗျ၊ သောင်တင်တာမှန်ရင် အောက်မှာသောင်ပြင်ကိုစမ်းမိမှာပေါ့ဗျာ၊ အခုက ထိုးဝါးနဲ့လှည့်ပတ်ထိုးပေမယ့်် အောက်မှာ ဘာသောင်၊ ဘာကျောက်တုံးမှမရှိဘဲ ရေပြင်ကြီးပဲရှိနေသဗျ”
သင်္ဘောက အကြီးအကဲနဲ့ စက်သမားလေးတွေနဲ့ ပြောနေပုံရတယ်ဗျ၊ အကြီးအကဲက တော်တော်စိတ်ပျက်နေတဲ့ပုံပဲ
“နည်းလမ်းရှာကြစမ်းပါအုံးကွာ၊ ဒီအတိုင်းဆိုရင်တော့ ရာဇဝင်ထဲက သင်္ဘောပေါ်ကလူတွေ မဲနှိုက်ပြီး မဲပေါက်တဲ့လူကို ရေထဲချထားခဲ့ရမလိုဖြစ်နေပါပြီ”
တစ်ခုခုထူးဆန်းနေတယ်ဆိုတာတော့ ကျုပ်သိလိုက်ပါပြီ၊ ဘာကြောင့်လည်းဆိုတာတော့ ကျုပ်စဉ်းစားမရသေးဘူး၊ မနက်က ထွက်လာတုန်းက မြင်ခဲ့တဲ့မျက်လုံးကြီးကဘာများလဲ၊ နောက်ပြီး ဒေဝီဆိုတဲ့မိန်းကလေးကိုယ်က အနက်ရောင်တွေထွက်နေတာကရော ဘာလဲလို့ တွေးနေမိတယ်၊ နောက်ဆုံးတော့ ကျုပ်လည်းခေါင်းချောက်လာတာနဲ့ အထက်ပုဂ္ဂိုလ်တွေနဲ့ သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေ ကူညီကြပါလို့ပဲ မေတ္တာရပ်ခံပြီးတော့ သင်္ဘောပေါ်ပြန်တက်ခဲ့တာပေါ့ဗျာ။
ကျုပ် ကုန်းပတ်ပေါ်တတ်တဲ့ လှေကားကိုနင်းလိုက်တဲ့အချိန်မှာပဲ သင်္ဘောကြီးက ဒုန်းခနဲအသံမြည်ပြီးတော့ လှုပ်ခါသွားပြန်ရောဗျာ၊ တော်တော်ပြင်းပြင်းကိုလှုပ်သွားတာဗျ၊ ကျုပ်ဖြင့် လက်တန်းကိုသေသေချာချာဖမ်းဆွဲလိုက်လို့သာ ချော်မလဲကျတာပေါ့ဗျာ၊ ခဏကြာတော့ စက်သံတွေပြန်ပေါ်လာတယ်ဗျ၊ သင်္ဘောကြီးက ဘာမှမဖြစ်သလိုနဲ့ ဆက်ပြီးခုတ်မောင်းခဲ့တယ်ဆိုပါတော့ဗျာ၊ ခရီးသည်တွေက အခုမှသက်ပြင်းချနိုင်ကြသဗျ၊ သူတို့ကတော့ သောင်လွတ်သွားတယ်လို့ပဲထင်နေတာ၊ တကယ်က သင်္ဘောကြီးရေလယ်မှာ ဘာဖြစ်မှန်းမသိဘဲ ရပ်နေတာကို စက်သမားလေးတွေနဲ့ကျုပ်နဲ့ကလွဲရင် ဘယ်သူမှ သိပုံမရဘူးဗျာ။
(၄)
လဆုတ်ငါးရက်ရဲ့ လရောင်က မြစ်ထဲမှာမှိန်မှိန်ပျပျကလေး သာနေတယ်ဗျ၊ သင်္ဘောကြီးကတော့ လမ်းဆိပ်ကမ်းတွေမရပ်တော့ဘဲ ပြည်မြို့ကိုပဲ ဦးတည်ခုတ်မောင်းခဲ့တာပေါ့ဗျာ၊ ညဘက်က ပိုပြီးသာယာသဗျ၊ ညခင်းလေအေးအေးကလေးတွေ တိုက်နေတာဆိုတော့ တစ်နေ့လုံးသင်္ဘောစီးလာရတဲ့ခရီးသည်တွေအကုန် ငိုက်မြည်းပြီးလိုက်လာခဲ့ကြပါရောဗျာ။
ကျုပ်ဘေးနားမှာတော့ ဦးဖိုးထူးက လွယ်အိတ်ကြီးပိုက်ရင်း တခေါခေါနဲ့ဟောက်နေသဗျာ၊ ကျုပ်ကတော့ အိပ်လို့ကိုမပျော်ပါဘူးဗျာ၊ နေ့လည်တုန်းက သင်္ဘောပေါ်ဈေးတက်ရောင်းတဲ့ လက်ဖက်ရည်ကုလားကလေးဆီကနေ လက်ဖက်ရည်ကျကျတစ်ခွက် သောက်ထားလို့ မျက်စိတွေကြောင်နေတယ်ထင်ပါ့ဗျာ၊ ဒါနဲ့ သင်္ဘောလက်တန်းနားအသာထခဲ့ပြီးတော့ မြစ်ဘေးရှုခင်းတွေကြည့်ရင်းလိုက်လာခဲ့တယ်၊၊ လရောင်အောက်မှာ မြစ်ဘေးနားက ရွာတန်းကလေးတွေကို တွေ့ရသဗျ၊ ညည့်နက်ပြီဆိုတော့ ရွာကလေးတွေအိပ်မောကျနေပြီး တိတ်ဆိတ်လို့ပေါ့ဗျာ၊ လေနုအေးအေးကိုခံစားရင်း သင်္ဘောစီးရတာ တစ်မျိုးအရသာထူးပါတယ်ဗျာ၊ ကျုပ်စိတ်ထဲမှာလည်း လွမ်းသလိုလို၊ ဆွေးသလိုလိုပဲဗျ၊ ဒီအချိန် ကျုပ်ခေါင်းထဲမှာ အေးကြည်အကြောင်းတွေ ပြန်ပေါ်လာတယ်။
“အေးကြည်တစ်ယောက် အဆင်များပြေရဲ့လား၊ သမီးလေးရော ငါ့ကိုသိပ်လွမ်းနေပြီလားမသိဘူး”
ကျုပ်စိတ်ထဲ ဘာကြောင့်မှန်းမသိဘူး အားငယ်လာတယ်ဗျ။
“ငါမှားခဲ့ပြီလား၊ အေးကြည်က အခုဆိုငါ့ကိုမုန်းနေပြီထင်တယ်၊ ငါ့သမီးကလေးလည်း တစ်ချိန်က သူ့အဖေက သူတို့ကိုပစ်သွားတယ်ဆိုတာသိရင် ငါ့ကိုမုန်းနေလိမ့်မယ်ထင်တယ်”
ကျုပ်ငိုချင်သလိုလိုဖြစ်လာသဗျာ၊ ဒီအချိန် ကျုပ်ဘေးမှာ အဘကြီးက လာရပ်တယ်ဗျ၊ ကျုပ်လက်ကိုအသာတို့ပြီးတော့
“ဘာဖြစ်နေတာလဲကွ”
လူရှေ့ဆိုတော့ ကျုပ်လည်းစိတ်ကိုထိန်းလိုက်ရတာပေါ့ဗျာ။ အဘကြိးက ဘာမှမပြောဘဲနဲ့ မြစ်ဘေးနားမှာလှမ်းမြင်နေရတဲ့ တောင်တစ်ခုကို သူ့လက်ထဲက ထီးကြီးနဲ့လှမ်းထိုးပြတယ်။
“အဲဒါ ဖိုးဦးတောင်လို့ခေါ်တဲ့ တောင်ပေါ့ကွာ၊ တောင်ပေါ်မှာ စေတီတစ်ဆူလည်းရှိသေးတယ်”
ကျုပ်လည်းဘာရယ်မဟုတ်ဘဲ တောင်ဆီကိုကြည့်ပြီး စေတီကလေးကိုအာရုံပြုလို့ လက်အုပ်ချီလိုက်မိတယ်ဗျ၊ အဘကြီးလည်း အိပ်ပျော်ပုံမရဘူးဗျာ၊ ကျုပ်တို့အတူတူ မြစ်ဘေးကြည့်ပြီး သင်္ဘောစီးလာကြတုန်း အဘကြီးက မြစ်ဘေးနားက ရွာကလေးတွေ၊ နေရာတွေကိုလှမ်းပြပြီးတော့ အဲဒါက ဘယ်ရွာ၊ ဟိုဟာက ဘယ်အရပ်ဆိုပြီးတော့ ပြောပြလာခဲ့သေးတယ်ဗျာ၊ မကြာခင်မှာပဲ ကျုပ်တို့ပြည်မြို့နဲ့ နီးခဲ့ပြီပေါ့၊ လတောင်မှ ကျုပ်တို့ခေါင်းပေါ်တည့်တည့်ရောက်တော့မယ်ဆိုတော့ သန်းခေါင်အချိန်လောက်ရောက်နေပြီထင်တာပါပဲဗျာ။
ဒီအချိန် တော်တော်ကျယ်လောင်တဲ့ အသံကြီးတစ်ခုကိုကြားလိုက်ရတယ်ဗျ၊ အသံက တော်လဲတဲ့အသံကြီးလို တဝူးဝူး တဝေါဝေါနဲ့ဗျာ၊ ပြီးတော့ ရာနဲ့ချီတဲ့ဆင်ကြီးတွေ အော်သလိုမျိုးအသံကိုလည်း ကြားလိုက်ရသေးတယ်၊ ဒီအသံကြားတော့ ကျုပ်လည်း အဘကြီးမျက်နှာကိုလှမ်းကြည့်မိတယ်၊ အဘကြီးက ထိတ်လန့်နေပုံရတယ်ဗျ။
“အဲဒါ၊ အဲဒါ ကျောင်းကြီးဝဲရဲ့ အော်သံပဲကွ”
အသံကြီးက တကယ်ကိုကျောချမ်းစရာကြီးဗျာ၊ ဘေးနားပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ပြည်မြို့က တိုက်တာအဆောက်အဦးတွေကို လရောင်အောက်မှာ မြင်နေရပြီဗျ၊ ရေဝဲအော်သံအကျယ်ကြီးကြောင့် အိပ်နေတဲ့လူတွေအကုန်လုံး ပြန်နိုးလာကြတယ်၊ အော်သံကြီးက တစ်ချက်ပဲကြားလိုက်ရပြီးတော့ ပြန်တိတ်သွားတယ်။ ရေဝဲအော်မှန်းသိတော့ သင်္ဘောပေါ်ကလူတွေ ထိတ်လန့်ကုန်ကြတာပေါ့ဗျာ။
သိပ်မကြာခင်မှာပဲ ဒုတိယအကြိမ်အော်သံကြီးကိုကြားရပါရောဗျာ၊ မိန်းကလေးတွေဆိုရင် တုန်ယင်နေအောင်ကိုကြောက်ကြတာ၊ ကလေးတွေဆိုရင် ထပြီးအော်ဟစ်ငိုယိုကြတော့တယ်၊ အကြောင်းသိနေတဲ့ မြို့ခံတွေကတော့ ဆောက်တည်ရာမရအောင်ကိုကြောက်နေကြတာဗျ၊ ကျုပ်ဘေးနားက အဘကြီးဆိုရင် ကုန်းပတ်ပေါ်မှာဆောင့်ကြောင့်ထိုင်ချပြီးတော့ ပြည်ရွှေဆံတော်စေတီဘက်ကို လက်အုပ်ချီပြီး ဘုရားစာတွေရွတ်တော့တာပါပဲဗျာ။
“ဟယ်၊ ကျောင်းကြီးဝဲအနားကိုရောက်လာပြီ ပဲ့ထိန်း တခြားဘက်က ရှောင်မောင်းလေဟယ်”
ခရီးသည်တွေက အော်ဟစ်ကုန်ကြတော့တယ်၊ ဒီအချိန်လှေဝမ်းထဲကနေ စက်သမားတွေပြေးတက်လာကြတယ်ဗျ၊ ကုန်းပတ်ပေါ်က ခရိးသည်တွေစီးတဲ့အနောက်ဘက်မှာ မှန်လုံခန်းလိုအခန်းလေးရှိပြီး အဲဒီအထဲမှာ လှေသူကြီးပဲခေါ်မလား အကြီးအကဲတစ်ယောက်ပါတာကိုးဗျ၊ စက်သမားတွေက အသံကျယ်ကျယ်နဲ့
“ဆရာရေ၊ ဘာဖြစ်သလဲတော့မသိဘူး ပဲ့ကထိန်းလို့ကိုမရတော့ဘူးဗျာ”
စက်သမားတွေပြောတော့မှ ခရီးသည်တွေက ပိုပြီးကြောက်ကုန်တယ်ဗျာ၊ သင်္ဘောတစ်ခုလုံး အော်ဟစ်ကုန်ကြတာပါပဲ၊ ခရီးသည်တစ်ချို့ကတော့သင်္ဘောဦးပိုင်းကို ပြေးတက်ကြည့်ကြတယ်။
“ဟာ၊ ကျောင်းကြီးဝဲကြီး ပေါ်လာပြီဟေ့”
ကျုပ်လည်း သိချင်တာနဲ့ပြေးကြည့်လိုက်မိတယ်ဗျ၊ ကျုပ်တို့အရှေ့ ကိုက်သုံးလေးရာလောက်အကွာ ရေပြင်မှာ ရေဝဲကြီးတစ်ခုကလှည့်ပတ်ပြီးလည်နေသဗျာ၊ ရေဝဲကြီးက အလွန်ဆုံးရှိမှ ဆယ်ပေပတ်လည်လောက်ပဲရှိမယ်ဗျ၊ ကျုပ်တို့သင်္ဘောကြီးက ရေဝဲထက်တော်တော်ကြီးတာပဲ၊ ဒီလောက်နဲ့ ဖြုံပါ့မလားလို့တွေးနေမိတုန်းမှာ ရေဝဲကြီးက ကျုပ်တို့မျက်စိရှေ့မှာတင် တဖြည်းဖြည်းနဲ့ကြီးလာသဗျာ။ အနားကပ်လေလေ ရေဝဲအော်သံကြီးက ကျယ်လောင်လာလေလေပဲဗျာ၊ ရေဝဲက ပေနှစ်ရာပတ်လည်လောက် အကြီးကြီးဖြစ်သွားပါရောဗျာ၊ ရေဝဲရဲ့အလယ်မှာလည်းတွင်းနက်ကြီးလိုမျိုးဖြစ်နေသဗျ၊ ရေစီးသံကြီးတွေက တဝေါဝေါ တဗွမ်းဗွမ်းနဲ့မြည်နေတာပေါ့။
ခရီးသည်တွေဆို ကြောက်လွန်းလို့ ပုန်းတဲ့သူကပုန်း၊ အနားမှာရှိတဲ့အရာတွေကို ဆွဲတဲ့လူကဆွဲနဲ့ ကမ္ဘာပျက်သလိုဖြစ်နေပါရော၊ ဒီလောက်ကြီးတဲ့ရေဝဲကြီးကို ကျုပ်တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပဲမြင်ဖူးတာပဲဗျာ၊ သင်္ဘောဦးပိုင်းက ရေဝဲကြီးထဲကို ခုတ်မောင်းသွားတယ်ဗျ။ သင်္ဘောကြီးရဲ့အရှိန်နဲ့ ဒီရေဝဲကြီးကို ဘေးနားကဖြတ်သွားမလိုဖြစ်သွားတယ်ဗျ၊ ဒါပေမယ့် ရေဝဲရဲ့ဆွဲအားကို မဖြတ်နိုင်ပါဘူးဗျာ၊ သင်္ဘောဥိးပိုင်းက ဖြတ်သွားပေမယ့် ပဲ့ပိုင်းကတော့ ရေဝဲဆွဲတာကိုခံလိုက်ရတယ်၊ သင်္ဘောက စက်ကုန်ဖွင့်နေပေမယ့် အရှေ့ကိုဆက်မတက်နိုင်တော့ဘူး၊ ပြီးတဲ့အခါမှာတော့ သင်္ဘောကြီးလည်း ရေဝဲကြီးဆွဲလှည့်တာခံလိုက်ရပြီး တစ်ပတ်လည်ထွက်သွားပါရောဗျာ။
သင်္ဘောပေါ်ကလူတွေ အော်လိုက်ဟစ်လိုက်ကြတာ ပြောမနေပါနဲ့၊ နောက်တော့ သင်္ဘောကတစ်ပတ်လည်ပြီး သင်္ဘောဦးပိုင်းက ရေဝဲကြီးရဲ့ ကန်တော့ချွန်အခွက်ထဲကို ဦးစိုက်ကျသွားတယ်၊ သင်္ဘောကုန်းပတ်ပေါ်က တောင်းတွေ၊ ပလုံးတွေနဲ့ သယ်ဆောင်လာတဲ့ပစ္စည်းတွေအကုန်လုံး ရေဝဲထဲကိုကျကုန်တာပေါ့ဗျာ၊ လူတွေကတော့ နီးရာဆွဲထားလို့ မကျသေးဘူးဗျ၊ ကျုပ်က သင်္ဘောဦးပိုင်းက အလံတိုင်ကိုဖက်ပြီးကြည့်နေတာဆိုတော့ ကျုပ်အရှေ့ဆုံးကပေါ့ဗျာ။
ရေဝဲကြီးရဲ့ အခွက်ထဲမှာ အနီရောင်အလုံးကြီးနှစ်လုံးကို မြင်လိုက်ရသဗျာ၊ အနီးရောက်တော့မှ အနီရောင်အလုံးကြီးက မျက်လုံးကြီးနှစ်လုံးဖြစ်နေသဗျာ၊ ရေဝဲဘေးနားကိုကြည့်လိုက်တော့ ရေဝဲကြီးထဲမှာ ရှည်ရှည်မြောမြောအကောင်ကြီးတွေက ရစ်ပတ်ပြီး ရေထဲကူးခတ်နေသဗျ၊ သူတို့ရဲ့အကြေးခွံတွေက လရောင်အောက်မှာ ဝင်းလက်နေပါရော။ ဒီတော့မှ ကျုပ်လည်း ဒီအကောင်ရှည်ကြီးတွေက နဂါးကြီးတွေဖြစ်မယ်ဆိုပြီး တွေးမိတော့တာပဲဗျာ။
ကျုပ်လည်း ညာဘက်လက်ဝါးကို ဖြန့်လိုက်ပြီးတော့ ရေဝဲထဲကိုကြည့်ရင်း လှမ်းအော်လိုက်မိတယ်ဗျာ။
“ဟေး၊ ရပ်လိုက်”
အသံအကျယ်ကြီးနဲ့အော်လိုက်တဲ့အခါ ရေဝဲထဲကနေ အမောက်တချွန်ချွန်နဲ့ နဂါးခေါင်းကြီးထွက်လာသဗျ၊ သင်္ဘောကြီးလည်း ရေဝဲထဲကျနေရာကနေ တုန့်ခနဲရပ်သွားတယ်။ နဂါးကြီးက ကျုပ်ရှေ့မှာ မတ်မတ်ကြီးဖြစ်နေတယ်ဗျ၊ ကျုပ်ကို သူ့မျက်လုံးကြီးတွေနဲ့ ငုံ့ကြည့်နေပြန်ရော၊ ဒီတော့မှ ကျုပ်တွေ့ခဲ့တဲ့ မျက်လုံးကြီးက နဂါးမျက်လုံးကြီးမှန်းသိလိုက်ရတယ်ဗျာ။
“ငါတို့စားမယ့်အစာမှာ နင်ဘာလာရှုပ်တာလဲ၊ နဂါးတို့မျက်စောင်း အကြောင်းသုံးပါးမရွှေးဘူးတဲ့ဟေ့”
အသံကတော့ မိန်းမသံ ခပ်သြသြကြီးဗျ၊ နဂါးကြီးရဲ့ မျက်လုံးကြီးတွေက တဖြည်းဖြည်းနဲ့ ပိုပိုပြီးလင်းလာတယ်၊ ကြည့်ရင်းကြည့်ရင်း ကျုုပ်မျက်စိတွေပါ အရောင်တွေကြောင်း ကျိန်းစပ်လာတယ်ဗျ၊ ကျုပ်တစ်ကိုယ်လုံး ပူလောင်လာပြီးတော့ ကျုပ်ဖြင့်သေပြီလို့ပဲ စိတ်ထဲမှတ်လိုက်တော့တာပါပဲဗျာ၊ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူး၊ နဂါးကြီးက ကျုပ်ကိုမျက်စောင်းနဲ့ဆက်မထိုးတော့ဘဲ ရပ်တန့်လိုက်ပါရောဗျာ။
“နင့်ကိုငါမစားဘူး၊၊ နင့်လမ်းနင်သွား၊ ငါ့လမ်းငါသွားမယ်”
ကျုပ်လည်း လူးလဲထလိုက်ပြီးတော့
“မရဘူး၊ မင်းငါ့ကိုမစားဘူးဆိုရင် ဒီလှေပေါ်ကလူတွေကိုလည်း စားခွင့်မရှိဘူး”
နဂါးကြီးက အသံအကျယ်ကြီးဟိန်းဟောက်လိုက်တယ်။
“ဟုတ်တယ်၊ မင်းဒီလူတွေကိုစားမယ်ဆိုရင် ငါ့ကိုအရင်ဆံုံး စားပြီးမှရမယ်”
နဂါးက ကျုပ်ကိုဒေါသထွက်နေတဲ့ပုံပဲဗျ၊ ဒါပေမယ့် တစ်ခုခုကိုလည်း ကြောက်ရွံ့နေတဲ့ပုံပဲ၊ ကျုပ်ကိုကိုက်မယ့်ဖြတ်မယ့်ပုံစံလုပ်ရင်း နောက်တော့ အသာလေးခေါင်းငုံ့သွားတယ်ဗျာ၊
“လူတွေမစားရဘူးဆိုရင် မစားဘူး၊ ဒါပေမယ့် ငါ့ညီမကိုတော့ ငါပြန်ခေါ်မယ်”
“ခင်ဗျားညီမက ဘယ်သူလဲ”
နဂါးကြီးက ဘာမှမပြောဘဲနဲ့ မိုးပေါ်ကိုခုန်တက်သွားတယ်ဗျ၊ ပြီးတော့တစ်ခါ ကျုပ်တို့သင်္ဘောကြီးဆီကို ခုန်ချလိုက်ပြန်ရော၊ ဒါပေမယ့် သင်္ဘောပေါ်ရောက်တဲ့အခါကျတော့ လူတစ်ယောက်ဖြစ်သွားသဗျာ၊ သင်္ဘောကြီးလည်း ဦးစိုက်နေရာကနေ ရေမျက်နှာပြင်ပေါ်ကို ပြန်ကျသွားပါလေရာ၊
နဂါးကြီးက လုံးကြီးပေါက်လှ မိန်းမတစ်ယောက်ဖြစ်သွားသဗျာ၊ ပြီးတော့ ကုန်းပတ်ပေါ်မှာမတ်တပ်ရပ်နေရင်း တစ်နေရာကိုကြည့်နေတယ်၊ သူကြည့်နေတာကတော့ ဒေဝီလို့ခေါ်တဲ့ မိန်းကလေးကိုပဲဗျာ၊ ဒေဝီကလည်း မတ်တတ်ထရပ်လိုက်ပြီး ဘာကြောင့်မှန်းမသိ တရှုံ့ရှုံ့နဲ့ငိုတော့တာပဲ။
“လာညီမလေး၊ အမတို့ဆီကိုပြန်လာခဲ့”
ဒေဝီက ငိုရင်း
“မပြန်လာချင်ဘူး၊ ညီမလေး မပြန်လာချင်ဘူး”
“မပြန်လာလို့မရဘူးညီမလေး၊ ညီမလေးမရှိတော့ အမတော်တို့နန်းမှာနေရတာ မပျော်တော့ဘူး၊ ညီမလေးကို မေ့နိုင်တယ်ထင်လို့ လူ့ပြည်သွားဖို့ခွင့်ပြုလိုက်ပေမယ့် အခုတော့ ညီမလေးကိုအောက်မေ့လွန်းလို့ အမတော်တို့ တစ်နေ့တစ်ရက်မှ မနေနိုင်တော့ပါဘူး ညီမလေးရယ်၊ ညီမလေး အမတော်နဲ့ ပြန်လိုက်ခဲ့ပါနော်”
ဒေဝီက ငိုပဲငိုနေတော့တာပဲဗျာ၊ ကျုပ်လည်းမနေသာတာနဲ့
“ဒီမှာ မအဝှါ၊ ခင်ဗျားညီမက ခင်ဗျားနဲ့မလိုက်ချင်ပါဘူးဆိုနေမှ ခင်ဗျားကဘာလို့ အတင်းပြန်ခေါ်နေရတာလဲ”
“ငါ့ကိုများ မအဝှါတဲ့လား၊ ငါ့မှာ နာမည်ရှိတယ် ငါ့နာမည်က စန္ဒီ၊ မြစ်ကျဉ်းနဲ့ ဝဲသုံးခုကို အပိုင်စားရတဲ့ နာဂစန္ဒီ”
“ကောင်းပြီ၊ မစန္ဒီ၊ ခင်ဗျားညီမကို ဒီလောက်ချစ်ရင် ခင်ဗျားလူ့ပြည်ကိုမပို့နဲ့ပေါ့ဗျ၊ အခုလူ့ပြည်ရောက်တော့မှ လွမ်းလို့ပါဆိုပြီး ပြန်ခေါ်တာ မကောင်းပါဘူးဗျာ”
“ဟဲ့ ငါ့ညီမကို ငါခေါ်တာ ဘာဖြစ်သလဲ”
“ခင်ဗျားညီမဆိုပေမယ့် အခုက ခင်ဗျားတို့နဲ့ဘဝခြားနေပြီ၊ ပြီးတော့ သူက လူဖြစ်နေပြီဗျ၊ ခင်ဗျားညီမပဲဖြစ်ဖြစ် ခင်ဗျားအမပဲဖြစ်ဖြစ် လူကိုသတ်ရင် လူသတ်တဲ့အကုသိုလ်ကံထိုက်မှာပဲမဟုတ်လား”
ဒေဝီက ငိုယိုရင်း
“ဟုတ်ပါတယ် မမရယ်၊ ညီမလေး လူ့ပြည်လာရတယ်ဆိုတာကလည်း လူ့ပြည်လောကမှ ကုသိုလ်တရားလုပ်ပြီး အမတော်တို့ကို အမျှအတန်း ကုသိုလ်တွေပေးမယ်ဆိုပြီး လာခဲ့တာပဲမဟုတ်လား၊ အမတော်တို့အားလုံးလည်း ခွင့်ပြုခဲ့တယ်မဟုတ်လား”
“အို၊ တော်စမ်းပါ၊ ငါ အဲဒီကုသိုလ်ဆိုတာလည်း မမက်တော့ဘူး၊ ငါနင့်ကိုလွမ်းတယ်ဒေဝီ၊ နင်ငါတို့နဲ့ပြန်လာနေရမယ်”
“ခဏသည်းခံပါအုံး မမရယ်၊ ဒေဝီအခု ဒီမြို့ကိုလာခဲ့ရတယ်ဆိုတာက မမတို့အတွက်နဲ့ လာခဲ့ရတာပါ၊ မမတို့ကောင်းဖို့လာခဲ့ရတာပါ”
မစန္ဒီတစ်ယောက် အံ့အားသင့်သွားတယ်။ ဒေဝီကဆက်ပြီး
“ပြည်မြို့တစ်ဖက်ကမ်း ဧရာဝတီမြစ်ကမ်းပါးမှာ အမတော်တို့အတွက်ရည်စူးပြီး ညီမလေးက ဘုရားစေတီတစ်ဆူတည်ထားပြီးပါပြီ အမတော်၊ အခုလာရတာက အဲဒီစေတီကို ထီးတော်တင်ပြီး စေတီတည်ရတဲ့ ကုသိုလ်အကျိုးတရားတွေကို အမတော်တို့ကို ဝေမျှပေးဖို့ ရောက်လာခဲ့ရတာပါ”
နာဂစန္ဒီတစ်ယောက် ဘာမှမပြောနိုင်တော့ဘူးဗျာ၊ ဒါနဲ့ ကျုပ်ကပဲ ကြားဝင်ရတာပေါ့။
“ကဲ ကြားတယ်မဟုတ်လားဗျာ၊ ဘုရားတည်ကျောင်းဆောက်တဲ့ကုသိုလ်ဆိုတာ သံသရာမှာအကျိုးများတဲ့ကုသိုလ်တစ်မျိုးပါ၊ ခင်ဗျားညီမကလေးက ခင်ဗျားတို့ကိုတကယ်ချစ်လို့သာ ဒီလိုလုပ်ဆောင်ပေးခဲ့တာမဟုတ်လား၊ ခင်ဗျားအခု သူ့ကိုပြန်ခေါ်လိုက်ရင် သူဒီလိုကုသိုလ်ကောင်းမှုကို ပြုနိုင်မှာမဟုတ်တော့ဘူး”
ဒေဝီက ခေါင်းညိတ်ပြီးတော့
“ဟုတ်ပါတယ်မမရယ်၊ ဒါကြောင့် ညီမလေးကို ဘုရားထီးတင်ပြီးတဲ့အထိ တစ်ပတ်လောက်ပဲအချိန်ပေးပါ၊ ဘုရားထီးတင်ပြီးတာနဲ့ ညီမလေး မမတို့ဆီကိုအရောက်လာခဲ့ပါ့မယ်”
“ကောင်းပြီလေ၊ နင့်ကတိအတိုင်း နင်တည်စေနော်ညီမလေး၊ ဘုရားထီးတင်ပြီးတာနဲ့ အမတို့ မြစ်ကမ်းနံဘေးက စောင့်နေမယ်”
“စိတ်ချပါမမ၊ နောက်သုံးရက်ကြာတဲ့အခါ ဘုရားထီးတင်ပွဲလုပ်ပါမယ်၊ မမတို့တွေ အဲဒီနေ့မွန်းမတည့်ခင် ဘုရားတည်တဲ့ပွဲကိုလာခဲ့ပြီး ကောင်းမှုကို သာဓုလာခေါ်ကြပါမမ၊ ညီမလေးဖိတ်ပါတယ်”
ဒီအခါ ဘယ်အချိန်က နိုးနေမှန်းမသိတဲ့ ဦးဖိုးထူးက သူ့လက်စွဲတော် တောင်ဝှေးကြီးနဲ့ ပြေးထွက်လာတယ်ဗျ။
“တယ်၊ ဒီနဂါးမကတော့ ကောင်းကောင်းပြောလို့မရပါလား၊ ငါပြောတာနားထောင်စမ်း၊ နင်အခုပြန်တော့၊ ငါတို့သင်္ဘောကိုလည်း ဘေးကောင်းအောင်လုပ်ပေးစမ်း၊ နောက်တော့မှ နင်တို့ညီအမချင်း ကြိုက်သလိုရှင်း၊ ဟုတ်ပြီလား”
နာဂစန္ဒီက ဦးဖိုးထူးကို မကျေမနပ်နဲ့ကြည့်တယ်ဗျ၊ ဦးဖိုးထူးက သူ့တုတ်နဲ့ပြေးရိုက်တဲ့အခါမှသာ တုတ်ချက်ကိုရှောင်တိမ်းပြီးတော့ သင်္ဘောဦးပိုင်းကနေ ရေထဲကိုခုန်ချသွားပါရောဗျာ၊ သူဆင်းလို့လည်းပြီးရော ခုနကဆိုးဝါးလှတဲ့ ရေဝဲကြီးက ပျောက်ချင်းမလှပျောက်သွားတယ်၊ မြစ်ပြင်ကျယ်ကြိးက သူမဟုတ်သလို အေးအေးလူလူစီးဆင်းနေပါရောဗျာ၊ ခရီးသည်တွေအားလုံးကတော့ ကျုပ်တို့ကိုအံ့အားသင့်ပြီးဝိုင်းကြည့်နေတယ်၊
“ဒါတွေက ကျုပ်လုပ်ခဲ့တာမဟုတ်ပါဘူးဗျာ၊ ဒီသင်္ဘောကြိးတစ်စင်းလုံးက လူတွေကိုကယ်တင်ခဲ့တာ ဟောဒီက ကျုပ်ဆရာ ဘိုးတော်ကြီးဖိုးထူးကြောင့်ပါ”
ကျုပ်ပြောတော့မှ သင်္ဘောပေါ်ကလူတွေက ဦးဖိုးထူးဆီပြေးလာပြီးတော့ နှုတ်ဆက်ကြသဗျာ၊ ဦးဖိုးထူးကတော့ ကြောင်အမ်းအမ်းနဲ့ကျု့ပ်ကိုကြည့်နေရှာတယ်ဗျ၊ ဒီတော့မှ သင်္ဘောကြီးကလည်း ပြန်ပြီးခုတ်မောင်းလို့ရသွားတယ်ဗျာ၊ သိပ်မကြာခင် ပြည်မြို့အောက်ဘက်က ဆိပ်ကမ်းတစ်ခုမှာ ဆိုက်ကပ်ခဲ့တယ်ဆိုပါတော့၊ ကျုပ်နဲ့ဦးဖိုးထူးကို သင်္ဘောပေါ်ကလူတွေက အရေးတယူနဲ့ တလေးတစားဆက်ဆံကြသဗျာ၊ ကျုပ်ထက် ဦးဖိုးထူးကို ပိုပြီးအလေးပေးကြသပေါ့၊ ကျုပ်က သူကကျုပ်ဆရာလို့ပြောလိုက်တာမဟုတ်လားဗျာ။
မနက်မိုးလင်းတာနဲ့ ဦးဖိုးထူးက သင်္ဘောကြီးကိုကယ်တင်လိုက်တဲ့သတင်းက ပြည်မြို့တစ်ဝန်း တောမီးလိုပြန့်နှံ့သွားပါရောဗျာ၊ သူဌေးကြီးတွေက အလုအယက်နဲ့ကျုပ်တို့ကိုပင့်ကြဆောင်ကြနဲ့ပေါ့၊ ဆီစက်သူဌေးတစ်ယောက်က အဲဒီခေတ်က ကားအကောင်းစားကြီးပေါ်ကို ကျုပ်တို့ကိုတင်ပြီး သူ့အိမ်ကိုခေါ်ချသွားပါရော၊ ကားပေါ်ရောက်တော့ ဦးဖိုးထူးက ကျုပ်ကိုပြုံးကြည့်ရင်း
“ဟီး၊ ဟီး ငါတို့တော့ ကံဇာတာတွေတက်လာပြီထင်ပါရဲ့ကွာ၊ ကားအကောင်းစားကြီးစီးရတယ်ကွ”
“ဟုတ်မှာပေါ့ ဦးဖိုးထူးရာ၊ ဒါနဲ့ အဲဒီနဂါးမက ကျုပ်ကိုသာမကြောက်တာ ဦးဖိုးထူးရဲ့တောင်ဝှေးကိုတော့ ကြောက်ပုံရတယ်ဗျာ”
“အေးကွ၊ တန်တော့ ငါအနှစ်နှစ်အလလကျင့်ကြံခဲ့တဲ့ ကျင့်စဉ်တွေရဲ့ တန်ခိုးတွေကြောင့်ဖြစ်မှာကွ”
ဆီစက်သူဌေးအိမ်ကြီးကလည်း ခမ်းနားလိုက်တာ နန်းတော်ကြီးလိုပါပဲဗျာ၊ ဆိုဖာကြီးတွေဆိုတာလည်း အိနေတာပဲ၊ ကော်ဇောကြီးတွေဆိုရင် နင်းလိုက်ရင်ခြေတောင်နစ်ဝင်သွားတဲ့အထိပေါ့ဗျာ၊ ဦးဖိုးထူးလည်း အရူးကြီးဖိုးထူးဘွဲ့ပြုတ်သွားပြီးတော့ နေ့ချင်းညချင်း နဂါးနိုင်ဆရာကြီး ဦးဖိုးထူးဆိုပြီး ဖြစ်သွားပါရော၊ နေရတာလည်း အကောင်းစားတိုက်ကြီးမှာဗျာ၊ စားရတာတွေကလည်း ဆီဦးထောပတ်တွေချည်းပဲ၊ ဟိုနားဒီနားတောင်မှ ကားအကောင်းစားကြီးနဲ့ပို့ပေးတာ၊ ကားပေါ်ကဆင်းရင် တံခါးဖွင့်ပေးမယ့်လူနဲ့၊ ဘေးကနေ အဖော်လိုက်ပေးတဲ့ တပည့်တပန်းတွေနဲ့ ဖြစ်ကုန်တာပေါ့ဗျာ။
ကားအကောင်းစားစီးပြီး ဘုရားထီးတင်ပွဲသွားတဲ့ ကျုပ်တို့ကို ဒေဝီက မှတ်မိပုံမရဘူးဗျ၊ ဘယ်မှတ်မိပါ့မလဲဗျာ၊ ကျုပ်တို့က သင်္ဘောပေါ်တုန်းက ပုံစံနဲ့မှ မတူူတော့တာပဲဗျ၊ ဈေးကြီးတဲ့ ပိုးသားတွေနဲ့ချုပ်ထားတဲ့ ရှပ်အကျီတွေဝတ်၊ အပေါ်ကနေ သက္ကလပ်၊ မွေးပွတွေနဲ့လုပ်ထားတဲ့ ခြုံထည်တွေခြုံ၊ အောက်ကလည်း ငွေရောင်ရွှေရောင်တွေ တောက်တောက်ပြောင်နေတဲ့ ဘန်ကောက်ပုဆိုး၊ ပိုးပုဆိုးတွေနဲ့ဆိုတော့ မသိတဲ့လူတွေကြည့်ရင် သူဌေးကြီးတွေပုံစံပေါက်နေတာကိုးဗျာ။
ဘုရားထီးတော်တင်တဲ့အချိန်မှာပဲ ကမ်းစပ်ကနေ မိန်းမခြောက်ယောက်တက်လာသဗျ၊ အဝတ်အစားကတော့ သာမန်တောသူတောင်သားတွေလို ဝတ်ဆင်ထားကြတာပါပဲ၊ ရုပ်ကလည်း ရွက်ကြမ်းရေကျို တောသူရုပ်တွေပါ၊ ထူးဆန်းတာက ရေထဲကတက်လာပေမယ့် သူတို့အဝတ်အစားတွေ ရေမစိုဘူးဗျ၊ လူတွေကတော့ ဘုရားထီးတင်ပွဲဘက်ကို အာရုံရောက်နေလို့ အဲဒီမိန်းမတွေကို မြင်ပုံမပေါ်ပါဘူး။
ဘုရားထီးတင်ပွဲအပြီး နောက်ဆုံးပတ်စာခွာ ဖျာသိမ်းလို့လည်းပြီးရော ဒေဝီတစ်ယောက် ပျောက်ချင်းမလှပျောက်သွားတော့တာပါပဲ၊ မိဘတွေကတော့ ငိုကြတာပေါ့ဗျာ၊ ဘုရားတစ်ဝိုက် ဘယ်လိုရှာပေမယ့် ဒေဝီကိုမတွေ့တော့ဘူးဗျ၊ ကျုပ်အထင်တော့ သူ့အမတွေက ပြန်ခေါ်သွားတယ်ထင်ကြတာပါပဲ။
တစ်ခုထူးဆန်းတာက ဒေဝီပျောက်သွားပြီးကတည်းက ကျောင်းကြီးဝဲက ငြိမ်သွားတာပါပဲ၊ တစ်နှစ်တစ်ခါ လူစားနေကျ ရေဝဲကြီးက ငြိမ်သွားတာကို မြို့ခံတွေသတိထားမိကြတယ်၊ တစ်ချို့ကလည်း နာဂစန္ဒီတီု့ ညီအမတွေ ကုသိုလ်ကောင်းမှုတွေရရှိပြီးတော့ ဒီထက်ပိုအဆင့်မြင့်တဲ့ဘုံဘဝကိုရောက်သွားကြလို့ လူသားမစားတော့တာဖြစ်မယ်ဆိုပြီး ထင်ကြေးပေးကြတယ်၊
ဘာလိုလိုနဲ့ ပြည်မြို့ကိုရောက်လာခဲ့ပြီဗျ၊ ပြည်မှာ ကျုပ်အတွက်တော့ လုပ်စရာတွေအများကြီးရှိနေသေးတယ်၊ ကျုပ်ရဲ့ဂန္ဓာရီခရီးဆိုတာ မစရသေးဘူးမဟုတ်လား၊၊ ဒီရောက်တော့မှ ဂန္ဓာရီခရီးနဲ့ ကျုပ်ကျင့်ကြံရမယ့် လမ်းစဉ်ကိုတွေ့အောင် ရှာရမှာပေါ့ဗျာ။
ဆက်ရန်။