ဘုရားပျံဦးအောင်ရှိန်နှင့် ခွေးသရဲကြီး
စာစဉ်(၄)
(၁)
ဦးလူနီငှက်ပျောသီးအစွမ်းနဲ့ ကျုပ်နဲ့ ဗိုက်ပူတို့ သုံးရက်ကြာတာတောင် ဗိုက်မဆာကြပါဘူးဗျာ၊ အဲ ငှက်ပျောသီးအစွမ်းကုန်သွားတာကလည်း ညဘက်ကြီးဗျ၊ ဒီတော့မှ နှစ်ယောက်သားဗိုက်ထဆာကြတာ၊ ဘုန်းကြီးကျောင်းမှာ ညရေးညတာ စားစရာမှမရှိဘဲဗျ၊ ဒါနဲ့ ကျုပ်တို့နှစ်ယောက် ရေသောက်ဗိုက်မှောက် အိပ်ရတယ်ပေါ့ဗျာ၊
တစ်လလောက်ကြာလာတော့ ဘုန်းကြီးကျောင်းသားဖြစ်ရတာ ပျော်လာပြီဗျ၊ ရွာကိုတောင် လွမ်းတဲ့စိတ်မရှိတော့ဘူး၊ ခုနေအဖေတို့များ အိမ်ကိုပြန်ခေါ်ရင် ဘုန်းကြီးကျောင်းက ပြန်မလိုက်ချင်တော့ဘူးဗျို့၊ ဘုန်းကြီးကျောင်းသားဘဝက သိပ်ပျော်ဖို့ကောင်းတယ်၊ စည်းနဲ့ဘောင်နဲ့နေရတယ်ဆိုပေမယ့်လည်း ကျောင်းသားအချင်းချင်းမို့ ပျော်စရာကောင်းတာတော့အမှန်ဗျ၊
ကျုပ်တို့ဘုန်းကြီးကျောင်းက မြို့ထဲနဲ့ဆိုရင်တော့ နည်းနည်းလှမ်းသဗျ၊ ရှေးခေတ်က ဘုန်းကြီးကျောင်းတွေကို လူထူထပ်တဲ့နေရာနဲ့ ခပ်လှမ်းလှမ်းမှာဆောက်ကြတာကိုး၊ တရားအားထုတ်တဲ့အခါမှာ ဆိတ်ငြိမ်ဖို့ကလည်း အဓိကကျတယ်မဟုတ်လားဗျာ၊ ဒီတော့ တစ်သီးတစ်သန့်လေးဖြစ်နေတယ်ပေါ့ဗျာ၊ လူနဲ့အထိအတွေ့အဆက်အဆံ သိပ်မရှိဘူးဆိုပါတော့၊ လူတွေနဲ့ဆက်ဆံရတဲ့အချိန်ကတော့ မနက်ခင်းဆွမ်းလောင်းလိုက်တဲ့အချိန်ရယ်၊ အဖိတ်နေ့လိုနေ့မျိုးမှာ မြို့ထဲဆွမ်းဆန်စိမ်းခံထွက်တဲ့အချိန်ပေါ့ဗျာ၊
ဘုန်းကြီးကျောင်းသားတွေထဲက အလှည့်ကျဆွမ်းခံလိုက်ရတယ်ဗျ၊ ပုံမှန် မနက်ရှစ်နာရီလောက်ဆိုရင် ဆွမ်းခံကြွတယ်၊ ကျောင်းရှိသံဃာတွေအကုန်လုံးနဲ့ အနောက်က ဘုန်းကြီးကျောင်းသားတွေ လိုက်ရတာပေါ့ဗျာ၊ ကျောင်းသားကြီးတွေက ဆွမ်းခံတဲ့တောင်းတွေ၊ဘာတွေထမ်းကြတယ်၊ ကျောင်းသားအငယ်နှစ်ယောက်ကတော့ ဆွမ်းဟင်းခွက်တွေထည့်တဲ့ ဗျပ်ကို ထမ်းပိုးနဲ့ထမ်းပြီး အရှေ့အနောက်နှစ်ယောက် ထမ်းကြရတာပေါ့ဗျာ၊ ဆွမ်းခံတစ်ခါကြွရင် ဘုန်းကြီးကျောင်းသား ငါးယောက်လောက် လိုက်ရတယ်ဗျ။
တောမြို့တွေမှာက ဆွမ်းလောင်းတယ်ဆိုရင် ဆွမ်းနဲ့ဆွမ်းဟင်းချည်းမဟုတ်ဘူးဗျ၊ ငှက်ပျောသီးလှူတဲ့လူကလှူတယ်၊ မရွှေးတို့၊ ပေါက်ပေါက်ဆုပ်တို့လို မုန့်မျိုးကိုလှူတဲ့လူကလှူတယ်၊ တစ်ချို့ကလည်း ငရုတ်၊ ကြက်သွန်၊ ယာထွက်သီးနှံတွေ လှူလိုက်ကြတာဗျ၊ ဒီတော့ တောင်းဆိုတာက မပါမဖြစ်ပဲပေါ့ဗျာ၊ ဆွမ်းတွေကို ဦးဇင်းတွေက သပိတ်နဲ့ခံတယ်၊ ပိုရင် ကျောင်းသားကြီးတွေက တောင်းထဲထည့်တယ်၊ ဆွမ်းဟင်းတွေကိုတော့ ဗျပ်ထဲထည့်ကြတယ်၊ တခြား လှူတန်းတဲ့ပစ္စည်းတွေကိုတော့ တောင်းထဲထည့်ပြီး ကျောင်းသားငယ်တွေက သယ်ရတယ်ဆိုပါတော့ဗျာ၊ ဆွမ်းခံလိုက်တာကလည်း တကယ်တမ်းတော့ မသက်သာဘူးဗျ၊ ကျောင်းကနေ နှစ်မိုင်သုံးမိုင်လောက်ကျအောင် သွားရတယ်၊ မြို့ထဲရောက်ပြီဆိုရင်လည်း တစ်လမ်းဝင်တစ်လမ်းထွက် ပတ်ရသေးသဗျာ၊ ပြီးရင်လည်း ကျောင်းကိုဆွမ်းစားချိန်အမီပြန်ရတာဆိုတော့ အပြေးတစ်ပိုင်းပဲပေါ့၊ ဒါကြောင့် ထမင်းတောင်းကို ကျောင်းသားကြီးတွေကထမ်းရတာဗျ၊ ကျောင်းကစထွက်တုန်းက ဘာမှမပင်ပန်းပေမယ့် အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း လေးလာတယ်မဟုတ်လား။
ဒါပေမယ့်လည်း ကျုပ်တို့ကျောင်းသားတွေကတော့ ဆွမ်းခံလိုက်ချင်တာအမှန်ပဲ၊ ဆွမ်းခံလိုက်တဲ့အချိန်မှ လူတွေသူတွေမြင်ရတာကိုးဗျာ၊ ပြီးတော့ ဈေးထဲပတ်တဲ့အခါ ဈေးထဲဟိုကြည့်၊ ဒီကြည့်လုပ်ရပြန်တာပေါ့၊ တစ်ခါတစ်လေ ဈေးသူဈေးသားတွေက ဆွမ်းခံလိုက်တဲ့ကျောင်းသားတွေကို မုန့်တွေဘာတွေ ပေးရင်စားရသေးတာကိုးဗျ၊ ကျုပ်ကတော့ ဆွမ်းခံလိုက်တဲ့လူတွေထဲ အရှေ့ဆုံးကနေ ကြေးစည်ထုတဲ့လူက အသက်သာဆုံးလို့ထင်တယ်ဗျာ၊ သူက ဆွမ်းခံတဲ့အဖွဲ့အရှေ့ ခပ်လှမ်းလှမ်းကနေသွားရင်း လက်ထဲက ကြေးစည်ကိုမပြတ်ထုရုံပဲ၊ ပြီးတော့ အသံအကျယ်ကြီးနဲ့ ဆွမ်းတော်ဗျို့လို့ အော်ရုံပဲလေဗျာ၊ ဘာမှသယ်စရာမှ မလိုတာ၊ ဆွမ်းခံပြီးသွားရင် အပြန်လမ်းဆိုရင် အေးရာအေးကြောင်းပဲပေါ့ဗျာ။
အဲဒီနေ့က ကျုပ်ဆွမ်းခံလိုက်တဲ့အလှည့််ပေါ့ဗျာ။ သခေါနဲ့ ဗိုက်ပူတို့က ဗျပ်ထမ်းရတယ်၊ ကျုပ်ကတော့ ဆွမ်းခံအဖွဲ့မစီတန်းခင်ကတည်းက စောစောစီးစီး ကြေးစည်ပြေးကောက်လိုက်တာပဲ၊ ဒါနဲ့ ကျုပ်က ကြေးစည်တီးရတဲ့အလုပ် အော်တိုရသွားတာပေါ့၊ သခေါက ကျုပ်ကိုမကျေမနပ်နဲ့ကြည့်တယ်။
“မောင်ရှိန်၊ မင်းကြေးစည်တီးနိုင်ပါ့မလားကွ”
“အောင်မာ၊ ကြေးစည်တီးတာများ ဘာခက်တာမှတ်လို့လဲ၊ ဒီမှာကြည့်”
ကျုပ်လည်း လက်ထဲကကြေးစည်ကို ချာလပတ်လည်သွားအောင်လို့ ဘုလုံးနဲ့ထုလိုက်တာပေါ့ဗျာ၊
“ဟာကွာ၊ ကြေးစည်တီးတာတော့ ငါတို့လည်းတီးတတ်တာပေါ့ မောင်ရှိန်ရ၊ ဒါပေမယ့် အော်တာကတော့ မလွယ်ဘူးနော်ကွ”
“အော်တာလည်း ဘာခက်တာမှတ်လို့လဲကွာ၊ ငါအော်ပြရမလား”
ကျုပ်တို့စကားပြောနေတုန်း ဦးဇင်းတွေက အသင့်ဖြစ်နေပြီဗျ၊ ဒါနဲ့ ဆွမ်းခံအဖွဲ့စထွက်လာခဲ့ကြရတာပေါ့ဗျာ၊ ကျုပ်က ကြေးစည်တီးရတဲ့သူဆိုတော့ သူတို့အရှေ့ဆုံးကနေ ပြေးထွက်လာခဲ့တယ်၊ လက်ထဲက ကြေးစည်ကို မပြတ်ထုရင်း လမ်းတစ်လျှောက် ဆွမ်းတော်ဗျို့ဆိုပြီး အော်သွားတာပဲဗျာ။
ကျုပ်တို့ကျောင်းကနေထွက်ရင် ယာခင်းတွေ၊ ကိုင်းတွေကိုဖြတ်ပြီးတာနဲ့ ဆင်ခြေဖုံးရပ်ကွက်တွေဆီကိုရောက်ပြီဗျ၊ ယာခင်း၊ ကိုင်းခင်းထဲကလူတွေက ယာထွက်သီးနှံလေးတွေ ထွက်လှူကြတယ်၊ တခြားကျောင်းသားတွေက တောင်းတွေနဲ့ထမ်းတာကိုကြည့်ပြီး ကျုပ်ကတော့ ပြုံးနေမိတယ်၊ ပြီးတော့ သူတို့အရှေ့ကနေ ခပ်မြန်မြန်ပြေးလာခဲ့တာပဲဗျာ။
ဆင်ခြေဖုံးရပ်ကွက်က တကယ့်ကိုအိမ်ကလေးတွေ ပြွတ်သီပြီးတော့ နေတဲ့ရပ်ကွက်တွေပါဗျာ၊ မိုးတွင်းမဟုတ်တာတောင်မှ လမ်းပေါ်မှာရေတွေစီးပြီး ဗွက်ပေါက်နေတတ်တယ်၊ ဆင်ခြေဖုံးရပ်ကွက်ထဲ ဆွမ်းတော်ဗျို့လို့အော်လိုက်တော့ ရပ်ကွက်ထဲက ခွေးတွေအကုန်ပြေးထွက်လာကြတယ်ဗျ။
“ဆွမ်းတော်ဗျို့”
ပါးစပ်က ကျယ်ကျယ်အော်ရင်း လက်ကကြေးစည်ကိုထုလိုက်တော့ ခွေးတွေက ကျုပ်ကိုကိုက်မည့်ဖြဲမည့်ပုံစံနဲ့ဝိုင်းကြည့်တယ်ဗျ၊ ပြီးတော့ ကျုပ်ကိုကြည့်ပြီး အူကြရောဗျာ၊ ကျုပ်ဖြင့် ကြောက်လိုက်တာပြောမနေပါနဲ့တော့၊ ခွေးအကောင်နှစ်ဆယ်လောက်က ယောင်ပေယောင်ပေနဲ့ ကျုပ်အနောက်ကနေလိုက်လာသဗျ၊ ကျုပ်တစ်ခါအော်ပြီး ကြေးစည်ထုတိုင်း ဒီခွေးတွေက တဂီးဂီးနဲ့ရန်လုပ်ကြပါရောဗျာ။
ခွေးဆိုတာမျိုးက အရှေ့ကနေမကိုက်ဘူးမဟုတ်လား၊ ဒီခွေးတွေလည်း ဒီလိုပဲ၊ ကျုပ်ကိုမျက်စိနောက်တယ်ထင်ပါတယ်၊ ကျုပ်အနောက်ကနေ ကုပ်ချောင်းချောင်းနဲ့လိုက်လာကြတာ၊ ကျုပ်ဖြင့် အရှေ့ကိုသာလျှောက်နေရတယ် အနောက်ကိုကျောမလုံဘူးဗျို့၊ ခွေးတွေက တဂီးဂီးနဲ့ သွားကြီးတွေဖြဲလို့ဗျ။ အရှေ့နားရောက်တော့ ကျောက်တုံးတွေများတဲ့လမ်းကိုရောက်ပါရော၊ ကျုပ်လည်း လမ်းဘေးကကျောက်တုံးတွေကောက်ပြိး ခွေးတွေကို ခဲနဲ့ချည်းထုတာဗျာ၊ ခဲထိတဲ့ခွေးက တအီအီနဲ့အော်ပြီးပြေးတာပဲ၊ တခြားခွေးတွေကတော့ ကျုပ်ကိုဝိုင်းပတ်ပြီးဟောင်ပြန်ရော၊ ကျုပ်က ခွေးတွေကို ခဲနဲ့ထုလိုက် ခွေးတွေက ပြေးလိုက်နဲ့ လမ်းထဲရုတ်ရုတ်သဲသဲဖြစ်နေတာပေါ့။
နောက်တော့ ခွေးကြီးတွေပါ အိမ်ကြိုအိမ်ကြားကထွက်လာတယ်ဗျာ၊ ခွေးအုပ်က သုံးဆယ်လောက်ဖြစ်သွားပြီဆိုတော့ ကျုပ်လည်း အခြေအနေမဟန်တာနဲ့ အရှေ့ကိုဆက်ပြေးရတာပေါ့ဗျာ၊ ခွေးအုပ်က ကျုပ်အနောက်ကနေ ဒေါသတကြီးနဲ့လိုက်လာကြတာ၊ ကျုပ်လည်း ဖဝါးနဲ့တင်ပါး တစ်သားတည်းဖြစ်အောင်ကိုပြေးရတာ၊ ဒီခွေးအုပ်ကြားထဲ ရောက်သွားလို့ကတော့ မလွယ်ဘူးဗျို့။
ပြေးရင်းပြေးရင်းနဲ့ ရပ်ကွက်တွေတစ်ခုပြီးတစ်ခု ကျော်ပြီး နောက်ဆုံးဈေးအနားရောက်လာတယ်ဗျ၊ ဈေးနားရောက်တော့မှ အနောက်ကခွေးအုပ်ကို ဈေးခွေးတွေက ဝိုင်းကိုက်တော့ ခွေးကိုက်ပွဲကြီးဖြစ်ကုန်ပါရောဗျာ၊ ဈေးသည်တွေက ရေနဲ့ပက်ထုတ်ကြ၊ ခဲတွေနဲ့ပေါက်ပြီးမောင်းလွတ်တော့မှ ခွေးတွေအုပ်စုကွဲကုန်တယ်၊ ကျုပ်အနောက်လှည့်ကြည့်တော့ ဆွမ်းခံတဲ့အဖွဲ့ ဘယ်နားကျန်ခဲ့မှန်းမသိတော့ဘူး၊ ဂန့်ဂေါဈေးဆိုတာကလည်း သိပ်စည်တာဆိုတော့ ကျုပ်လည်း ဘယ်ကိုသွားလို့သွားရမှန်းကိုမသိတော့ဘူးဗျာ၊ ဒါနဲ့ပဲ ဈေးအလယ်နားက ရေတွင်းကြီးအနားမှာ ထိုင်နေရင်း အမောဖြေနေရတာပေါ့။
တော်တော်ကြာတော့မှ ဆွမ်းလောင်းတဲ့အဖွဲ့ရောက်လာတယ်၊ ထမင်းတောင်းကြီးထမ်းထားတဲ့ ကျောင်းသားကြီးက ဆွမ်းတော်ဗျို့အော်လို့ပေါ့ဗျ၊ ကျုပ်ကိုတွေ့တော့ ဦးဇင်းတေဇက ခေါင်းခေါက်တယ်ဗျ။ ကျုပ်လည်း အဲဒီတော့မှ သက်ပြင်းချနိုင်တော့တယ်ဗျာ၊ ခွေးဆွဲမှာစိုးလို့ အရှေ့ခပ်လှမ်းလှမ်းကနေ မသွားဘဲ ဆွမ်းတော်အဖွဲ့နဲ့ လိုက်လာခဲ့တယ်ဆိုပါတော့။
ကျောင်းပြန်ရောက်တော့ ဒဏ်ထိပါရောဗျာ၊ ဒဏ်ကလည်း ရေဒဏ်ပါ၊ ရေဒဏ်ဆိုတာ ရေခပ်ဖြည့်ခိုင်းတဲ့သဘောပါပဲ၊ ရာဝင်စဉ့်အိုးကြီးကိုပြည့်အောင် ရေဖြည့်တဲ့ဗျာ၊ ကျုပ်မှာ ဆွမ်းခံက ပြန်လာပြီးတော့ မောမောပန်းပန်းနဲ့ ရေတွေဆွဲဖြည့်ရသေးတာဗျ၊ တစ်လမ်းလုံးလည်း အသံအကျယ်ကြီးနဲ့ ဆွမ်းတော်ဗျို့လို့အော်ရလို့ လည်ချောင်းတွေကွဲပြီး အသံတွေနာနေတာပဲဗျာ၊ ဒီတော့မှ ကျုပ်လည်းအသိတရားရတော့တယ်၊ တကယ်တော့ ကြေးစည်တီးတဲ့အလုပ်ကလည်း မလွယ်ပါလားလို့ပေါ့ဗျာ၊
ဒဏ်ထိထားတဲ့လူဆိုတော့ နေ့လည်စာသင်ချိန်တွေလွတ်သွားတာပေါ့ဗျာ၊ စာသင်ချိန်ပြီးရင်တော့ နားချိန်ရတယ်ဗျ၊ ဒီအချိန်မှာ ကျောင်းသားတွေဆော့ကြ၊ ကစားကြတာပေါ့၊ ကျုပ်ကတော့ နားချိန်ဆိုရင် ဦးလူနီဆီသွားဖြစ်တာများတယ်၊ ဦးလူနီဆီမှာ တစ်ခုခုကူညီလုပ်ကိုင်ပေးတာပေါ့ဗျာ။ ဒဏ်ပြီးတော့မှ ဦးလူနီဆီလာခဲ့တော့ နောက်တောင်ကျနေပြီ၊ ဦးလူနီက သူ့ဝါးတဲကလေးအရှေ့ထိုင်ရင်း
“မောင်ရှိန်၊ ဒီနေ့တော့ မင်းတော်တော်နောက်ကျပါလားကွ”
ကျုပ်လည်း မနက်ကဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောလိုက်တာပေါ့ဗျာ၊ ဦးလူနီက ကျုပ်အဖြစ်ကိုကြားတော့ ရယ်တယ်ဗျ။
“ဟား၊ ဟား မောင်ရှိန်ရာ၊ မင်းက “သက်သာခိုရင် ပိုပင်ပန်း” တယ်ဆိုတဲ့စကားပုံလိုဖြစ်နေပြီကွ၊ မင်းကသက်သာမလားဆိုပြီး ကြေးစည်တီးတယ်၊ အခုတော့ ခွေးတွေလိုက်ဆွဲလို့ပြေးရ၊ အသံတွေလည်းဝင်နဲ့ ပိုပင်ပန်းပြီမဟုတ်လားကွ၊ ဟား၊ ဟား”
ဦးလူနီရယ်နေပေမယ့် ကျုပ်ကတော့ လည်ပင်းတွေနာနေလို့ ရယ်တောင်မရယ်နိုင်ပါဘူးဗျာ၊ ဦးလူနီက တဲထဲကိုဝင်သွားတယ်ဗျ၊ ပြီးတော့ ဆေးလုံးလေး သုံးလုံးထုတ်လာတယ်၊ ကျုပ်ကိုလှမ်းပေးရင်း
“ရော့၊ ရော့ အဲဒီဆေးလုံးလေးတွေ ငုံထားလိုက်၊ မင်းလည်ပင်းနာတာ ကောင်းသွားလိမ့်မယ်”
ကျုပ်လည်း ဆေးလုံးလေးသုံးလုံးကို ပါးစပ်ထဲပစ်ထည့်လိုက်တာပေါ့ဗျာ၊ ဆေးလုံးလေးတွေက ချဉ်တာမှ တော်တော်ကိုချဉ်တာဗျ၊ ချဉ်တာရဲ့အနောက်မှာတော့ ပူရှိန်းရှိန်း အရသာလည်းပါတယ်၊ ကျုပ်ဖြင့် ငုံသာငုံရတယ်သွားတွေကိုကြိမ်းနေတာပဲဗျာ။
(၂)
ဆေးလုံးသုံးလုံးက ငုံထားရင်း ခဏကြာတော့ လျှာပေါ်မှာအရည်ပျော်သွားတယ်ဗျ၊ ကျုပ်လည်း ဒီတော့မှစကားပြောနိုင်တယ်၊ ထူးတော့ထူးသားဗျ၊ စကားပြောတော့ အသံကအကောင်းပြန်ဖြစ်သွားတယ်ဗျာ၊ လည်ချောင်းလည်း မနာတော့ဘူး။
“ဦးလူနီဆေးတွေက ထူးဆန်းလိုက်တာဗျာ၊ အခု အသံပြန်ကောင်းသွားပြီဗျ၊ ဦးလူနီက ငုံဆေးလည်း ဖော်တတ်တာကိုး”
“ဆေးဆိုတာ အမျိုးစားအများကြီးရှီတယ်ကွ မောင်ရှိန်ရ၊ ဆေးမှုန့်ကိုဖျော်ပြီး စုတ်နဲ့ထိုးရတဲ့ဆေးကို ထိုးဆေး၊ ပေါက်ဆေးလို့ခေါ်တယ်ကွ၊ ခုနကလိုဆေးကိုတော့ ငုံဆေးလို့ခေါ်တယ်၊ ပြီးတော့ ဆေးတောင့်၊ ဆေးလုံးလုပ်ပြီး မြိုရတဲ့ဆေးလည်းရှိတယ်၊ ဆေးအမှုန့်ကို လက်ညှိုးနဲ့တို့ပြီး လျှာမှာပွတ်ရတဲ့ လျှာပွတ်ဆေး၊ နောက်ပြီးတော့ မျက်စိမှာကွင်းရတဲ့ မျက်ကွင်းဆေး၊ ရေနဲ့ဆီနဲ့ဖျော်စပ်ပြီး လူးရတဲ့လူးဆေး၊ အရည်ကြည်ကိုခံပြီး မျက်စဉ်းခပ်ရတဲ့ မျက်စဉ်းဆေးဆိုတာလည်းရှိသေးသကွ”
“ဦးလူနီက ဆေးကုတော်ပေမယ့် ဘာလို့ဆေးဆရာမလုပ်စားတာလဲဗျ၊ ကျုပ်တို့ရွာမှာတော့ ဆေးဆရာကြီးတစ်ယောက်ရှိတာ၊ ဦးလူနီလောက်မစွမ်းပေမယ့် လူနာတွေဆို ပုံအောနေတာပဲဗျာ”
“ဟ၊ ငါ့ဆေးက ကုသတဲ့ဆေးမှမဟုတ်တာကွ၊ ငါဖော်နေတဲ့ဆေးတွေက သာမန်ဆေးမှမဟုတ်တာ၊ အထက်ဝိဇ္ဇာလမ်းကို တက်မြန်းနိုင်မယ့် ဝိဇ္ဇာဆေးဖော်နေတာကွ”
“ဒါဆို ဝိဇ္ဇာဆေးက ဆေးကုလို့မရဘူးလား”
“ရတာပေါ့ကွ၊ ခုနက မင်းသောက်လိုက်တာ ငါ့ဆေးပဲကိုး၊ ဒါပေမယ့် ဗိန္ဓောဆေးနဲ့မတူတာကတော့ ဝိဇ္ဇာဆေးဆိုတာ လူတိုင်းနဲ့မအပ်စပ်ဘူးကွ၊ သမားတော်တွေပြောသလိုဆိုရင် ရောဂါတစ်ခုပျောက်ဖို့က ကံ၊ စိတ်၊ ဥတု၊ အာဟာရ လေးမျိုးဆုံမှရတယ်မဟုတ်လားကွ၊ ဆေးဘယ်လောက်ကောင်းကောင်း ပျောက်ဖို့ကံမရှိသေးဘူးဆိုရင် ဆေးမတိုးတတ်ဘူးကိုး၊ အခု ဝိဇ္ဇာဆေးဆိုတာကလည်း ဒီလိုပဲပေါ့ကွာ၊ ဝိဇ္ဇာဆေးနဲ့ ကုသဖို့ကံပါတဲ့သူမှသာ ကုသနိုင်တာကွ”
ကျုပ်လည်းမျက်လုံးပြူးသွားတယ်။
“ဟာ၊ ဒါဆို ကျုပ်ကံကောင်းတာပေါ့၊ ကျုပ် ဦးလူနီတိုက်တဲ့ ဝိဇ္ဇာဆေးတွေ သောက်ရတယ်ဆိုတော့ ကံကောင်းတာပေါ့ဗျ”
“အေးပေါ့ကွာ၊ ဒီလိုပဲပြောလို့ရတာပေါ့၊ မင်းက ဟောဒီတစ်ကျောင်းလုံးကလူတွေထက် ကံကောင်းတဲ့လူပဲ၊ ဟောဒီတစ်မြို့လုံး တစ်နယ်လုံးကလူတွေထက် ကံကောင်းတဲ့လူပဲကွ”
ဦးလူနီစကားကိုကြားပြီး ကျုပ်တောင်မှ ဘဝင်မြင့်ချင်သလိုဖြစ်သွားတယ်ဗျာ၊ ဦးလူနီကထိုင်နေရင်း မိုးပေါ်ကိုကြည့်လိုက်၊ နေကိုလက်ဝါးနဲ့ကာကြည့်လိုက်လုပ်နေရင်း
“ကဲ၊ အချိန်ကျပြီဟေ့၊ ဒီအချိန်ကို ငါစောင့်နေတာပဲ၊ ကဲ မောင်ရှိန်၊ အိမ်ထဲက ဆေးထောင်းတဲ့ဆုံသွားယူလာခဲ့ကွာ”
ကျုပ်လည်း ဆေးထောင်းတဲ့ သံဆုံအသေးကလေးကိုသွားယူလာခဲ့တယ်၊ ဦးလူနီအနားထိုင်တော့ ဦးလူနီက လက်ထဲမှာ ဆေးမြစ်ကလေးတစ်ခုကိုင်လို့ဗျ၊ ပြီးတော့ ဆေးမြစ်ကလေးကို မန်းမှုတ်ပြီးတော့ ဆုံထဲပစ်ထည့်လိုက်တယ်။
“အဲဒီဆေးမြစ်ကိုထောင်းစမ်းကွာ၊ တစ်နာရီအတွင်း မင်းညက်အောင်ထောင်းနိုင်တယ်မဟုတ်လား၊ စထောင်းပြီဆိုတာနဲ့ ဘာပဲဖြစ်ဖြစ် ထောင်းတာကိုမရပ်လိုက်နဲ့”
ကျုပ်လည်း ကျည်ပွေ့ယူပြီးထောင်းထည့်လိုက်တယ်၊ သုံးလေးချက်လောက်ထောင်းလိုက်တော့ ဆုံထဲကနေ အော်သံကြားတယ်ဗျ၊ အော်တာက ကလေးအော်သလို အသံကလေးဗျ၊ ကျုပ်ဖြင့် ဘယ်ကကြားသလဲဆိုပြီး လိုက်နားစွင့်နေသေးတာ၊ နောက်တော့ဘယ်ဟုတ်မလဲ ကျုပ်တစ်ချက်ထောင်းလိုက်တိုင်း တစ်ခါအော်နေတော့တာပဲဗျာ။ ဦးလူနီက ကျုပ်ကိုကြည့်ပြီး
“ဆက်ထောင်းမောင်ရှိန်၊ ဘာပဲဖြစ်ဖြစ် မရပ်လိုက်နဲ့လို့ ပြောထားတယ်မဟုတ်လား”
ကျုပ်လည်းဆက်ထောင်းတာပေါ့ဗျာ၊ တစ်ခါထောင်းလိုက်တိုင်း တော်တော်နာနာကျင်ကျင်နဲ့ အော်နေတာဗျ၊ ကျုပ်ဖြင့် ထောင်းရင်းထောင်းရင်း သနားလာသဗျ၊ အမှုန့်ဖြစ်ခါနီးလေ တော်တော်ကို စူးစူးဝါးဝါး နာနာကျင်ကျင်နဲ့အော်လေပဲ၊ ကျုပ်ဖြင့် ဆက်တောင်မထောင်းချင်တော့ဘူးဗျာ၊ နောက်တော့ အဲဒီဆေးမြစ်က ကျုပ်ကိုတောင်းပန်သဗျ။
“တောင်းပန်ပါတယ်၊ ဆက်မထောင်းပါနဲ့၊ ဆက်ထောင်းရင် ကျုပ်သေရပါတော့မယ်”
ဦးလူနီက ကျုပ်ကိုကြည့်ရင်း
“ဘာမှမဖြစ်ဘူး မောင်ရှိန်၊ ဆက်သာထောင်းကွာ၊ မရပ်လိုက်နဲ့၊ မင်းရပ်လိုက်ရင် ဆေးမြစ်ကပြေးသွားလိမ့်မယ်”
“ကျုပ်ဆက်ထောင်းရင် သူသေရမယ်ဆိုဗျ၊ တကယ်လို့ သူသေသွားရင် ကျုပ်ပါဏာတိပါတကံထိုက်နေမယ်မဟုတ်လား”
“မင်းကိုငါက မကောင်းတာမခိုင်းပါဘူး မောင်ရှိန်ရာ၊ အဲဒါ ဆေးမြစ်ကပြောနေတာမဟုတ်ဘူးကွ၊ အဲဒါအဖျက်ဝင်တာကွ”
“ဗျာ၊ အဖျက်တဲ့လား”
“ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ် အဖျက်ဆိုတာ ရှိတတ်စမြဲပဲ မောင်ရှိန်ရ၊ မကြားချင်ယောင်ဆောင်ပြီး ဆက်သာထောင်းကွာ”
ကျုပ်လည်း ဆက်ထောင်းတာပေါ့ဗျာ၊ အသံမကြားရအောင်ဆိုပြီး အင်္ကျီစကို နားထဲကိုဆို့ထားလိုက်ပေမယ့် အသံက ကျုပ်ခေါင်းထဲကနေ ကြားနေရဆဲပဲဗျ၊ ကျုပ်စိတ်အတိုင်းဆို ရပ်လိုက်ချင်ပေမယ့်၊ ဦးလူနီက ထောင်းဆိုတော့လည်း ဆက်ပြီးထောင်းလိုက်တာပေါ့၊ တစ်နာရီလောက်ကြာခါနီးမှ ဆေးမြစ်က အမှုန့်ဖြစ်သွားတယ်ဗျ၊ ဒီတော့မှ ဦးလူနီက လက်သီးလက်မောင်းတန်းပြီး “အောင်ပြီ၊ အောင်ပြီ” ဆိုပြီးအကျယ်ကြီးထအော်တာဗျ။
“ဦးလူနီ ဘာဖြစ်တာလဲ”
“ဒီဆေးဝါးတွေ အချိန်တိုင်းဖော်လို့မရဘူး မောင်ရှိန်၊ ဒီဆေးမြစ်ကို ကြိတ်ဖို့ ငါခုနစ်နှစ်တိတိအချိန်ယူခဲ့ရတယ်၊ တစ်နှစ်မှာ တစ်ခါပဲဝင်တဲ့ ဒီနက္ခတ်အချိန်ကိုဖမ်းပြီးတော့ ခုနစ်ခါတိတိကြိတ်ဖို့ ကြိုးစားခဲ့သေးတယ်၊ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး မောင်ရှိန်ရေ”
ဦးလူနီက ပျော်ပျော်ရွှင်ရွှင်နဲ့ ဆုံထဲက ဆေးမှုန့်တွေကို စက္ကူစထဲ ခပ်သိမ်းနေတယ်ဗျ။
“မင်းနဲ့တွေ့မှ ငါဒီဆေးမှုန့်ကို ကြိတ်လို့ရခဲ့တာပဲကွ၊ ဒါကြောင့် ငါဒီနေရာကို ရွေးချယ်ခဲ့တာ၊ အထက်ပုဂ္ဂိုလ်တွေကလည်း ဒီနေရာဟာ ငါ့အောင်မြေလို့ သတ်မှတ်ပေးခဲ့တာပဲ၊ မောင်ရှိန်ရေ မင်းကတော့ ငါ့နဲ့ပဌာန်းဆက်ပါတာပဲကွာ၊ မင်းငါ့ကို ကူညီလက်စနဲ့ ဆက်ပြီးကူညီမယ်မဟုတ်လား”
ကျုပ်လည်းခေါင်းညိတ်လိုက်တယ်။
“အေး၊ မင်းကူညီမယ်ဆိုရင် ငါကလည်း မင်းကိုပြန်ပြီးကူညီမှာပါကွ”
“ရပါတယ်ဗျာ၊ ကျုပ်လုပ်ပေးရမှာသာပြောပါ”
ဦးလူနီက စက္ကူထုပ်ကလေးကို အင်္ကျီအိပ်ကပ်ထဲကိုထည့်ပြီးတော့
“အေးအေး၊ ဝိဇ္ဇာဆေးဆိုတာ အစွမ်းတစ်ခုတည်းမကဘူးကွ၊ မောင်ရှိန်ရေ၊ ဒီအချိန်ကစပြီး ခွေးဆိုတာ မင်းရဲ့ရန်သူမဟုတ်တော့ဘူး၊ ခွေးဆိုတာ မင်းရဲ့သူငယ်ချင်း၊ မင်းရဲ့မိတ်ဆွေဖြစ်သွားပြီ၊ မင်းရဲ့စကားကို ခွေးတွေနားထောင်သွားပြီ၊ မင်းက ခွေးတွေကို ခိုင်းချင်တာခိုင်းလို့ရသွားပြီကွ၊ ကြားလား”
ဦးလူနီက ကျုပ်ခေါင်းကိုပုတ်ပြီးပြောတယ်၊ ကျုပ်လည်း ဘာရယ်မသိ ခေါင်းညိတ်ပြီးတော့ ညနေရေမိုးချိုးရတော့မယ့် အချိန်နီးလာတာနဲ့ ဦးလူနီဆီကနေ ပြန်လာခဲ့တာပေါ့ဗျာ။
(၃)
ရေမိုးချိုးပြီးတော့ ကျောင်းထဲကို လူကြီးနှစ်ယောက်ဝင်လာတယ်ဗျ၊ မှန်ကူကျောင်းအောက်ဘက်မှာ ခွေးပိန်မက သားပေါက်နေတယ်ဗျ၊ သားဇောနဲ့ဆိုတော့ ကျောင်းထဲကိုလူစိမ်းတွေဘာတွေလာရင် တဂီးဂီးတဂဲဂဲနဲ့ ရန်လုပ်တာပေါ့ဗျာ၊ ကျောင်းနားရောက်တော့ ခွေးပိန်မက ပြေးထွက်လာပြီး မာန်ဖီတာနဲ့ လူကြီးနှစ်ယောက်လည်း လန့်ဖျပ်သွားပါရော၊ ကျုပ်လည်း အနားရှိနေတာဆိုတော့ ခွေးပိန်မကိုကြည့်ရင်း
“ဟဲ့ခွေးပိန်မ၊ သွားစမ်း၊ ကျောင်းကိုလာတဲ့ဧည့်သည်တွေဟ၊ နင်ဘာမှလုပ်စရာမလိုဘူး၊ သွား၊ နင့်နေရာမှာနင်ပြန်ပြီခွေနေ ထွက်မလာနဲ့”
ကျုပ်ပြောတော့ ခွေးပိန်မက ကျုပ်စကားကိုနားလည်တဲ့အတိုင်းပဲဗျ၊ အမြီးလေးကုပ်ပြီးတော့ သူ့သားပေါက်လေးတွေဆီသွားပြီး ခွေနေပါရောဗျာ၊ ကျုပ်လည်း လူကြီးနှစ်ယောက်ကို မှန်ကူကျောင်းပေါ် ပို့ပေးလိုက်တာပေါ့ဗျာ၊ သူတို့က မနက်ဖြန်ဆွမ်းကျွေးတစ်ခုရှိလို့ လာဖိတ်ကြတာပါ၊ ဆရာတော်နဲ့စကားပြော ပင့်ဖိတ်ပြီးတော့ ပြန်သွားကြတယ်၊
ဦးဇင်းတွေက ညစာမစားပေမယ့် ကျုပ်တို့ဘုန်းကြီးကျောင်းသားတွေကတော့ ဆာတာပေါ့ဗျာ၊ ဒီတော့ မနက်ကကျန်တဲ့ဆွမ်းဟင်းတွေအပြင် ကျောင်းသားကြီးတွေက ပဲဟင်း၊ ပဲပြုတ်၊ သီးစုံဟင်းတွေကို ရှိတာလေးတွေနဲ့ ချက်ကြတာပေါ့ဗျာ၊ ပြီးရင် ဆွမ်းဆန်ကို ထမင်းချက်ပြီး ညစာစားကြတာပေါ့၊ ဘုန်းကြီးကျောင်းသားတွေ ညစာစားပြီးတော့ စားကြွင်းစားကျန်တွေကို နယ်ဖတ်ပြီး ခွေးစာခွက်ထဲ ထည့်ကြတယ်၊ သိတဲ့အတိုင်းပဲ ဘုန်းကြီးကျောင်းဆိုတာ ခွေးနဲ့မစိမ်းဘူးမဟုတ်လားဗျာ၊ ကျောင်းမှာတင် ခွေးက ဆယ်ကောင်လောက်ရှိတာ၊ ခွေးစာခွက်ကတော့ ဝါးပိုးဝါးလို ဝါးကြီးကြီးကိုထက်ခြမ်းခွဲထားတဲ့ ဝါးဆစ်ပိတ်ခြမ်းကြီးပါ။ အဲဒီထဲကို ထမင်းတွေထည့်လိုက်တာနဲ့ ကျောင်းကခွေးတွေက အလုအယက်စားကြတာဗျ၊ ခွေးဦးရေနဲ့ ထမင်းက အချိုးမကျဘူးဆိုတော့ မလုစားနိုင်တဲ့ခွေးက ငတ်တာပါပဲ။ ဒါကြောင့် ခွေးစာကျွေးပြီဆိုရင် ခွေးတွေအမြဲတမ်း တစ်ကောင်နဲ့တစ်ကောင် စားမာန်ခုတ်ပြီးတော့ ရန်ဖြစ်ကြ ကိုက်ကြနဲ့ ဆူညံနေတတ်တာပါပဲ၊ ကျုပ်တို့ ဘုန်းကြီးကျောင်းသားတွေက ခွေးတွေကိုရိုက်ပုတ်ပြီး ဝင်ဖြန်ဖြေရတာထုံးစံပေါ့ဗျာ။
ဒီနေ့လည်း ခွေးစာခွက်ထဲ ထမင်းမထည့်ရသေးဘူး၊ ခွေးကြီးတွေက အမြီးနန့်ပြီးတော့ ခွေးစာခွက်နားမှာ အသင့်ထိုင်စောင့်နေကြပြီဗျ၊ ကျောင်းသားကြီးက ခွေးစာတွေနယ်ထားတဲ့ ဇလုံအပေါက်ကြီးကို ကျုပ်ကိုလှမ်းပေးတယ်။
“မောင်ရှိန်၊ ခွေးစာကျွေးဖူးတဲ့သူကို ခွေးမကိုက်ဘူးတဲ့ကွ၊ မင်းကိုဒီနေ့ ခွေးတွေလိုက်တယ်ဆိုတော့ ကျောင်းကခွေးတွေကို မင်းကျွေးလိုက်စမ်းကွာ”
ကျုပ်လည်း ဇလုံကြီးကိုင်ပြီး ခွေးစာခွက်နားထိုင်လိုက်တာပေါ့၊ ခွေးတွေက ဆာနေပြီဆိုတော့ ကျုပ်ဆီအတင်းပြေးလာကြတာပေါ့ဗျာ၊ ကျုပ်လည်း ခွေးတွေကိုကြည့်ပြီး
“မင်းတို့ကောင်တွေ၊ အိန္ဒြေကိုမရဘူး၊ အားလုံးစားရမှာပေါ့၊ ထိုင်နေကြစမ်း”
ကျုပ်ပြောတာနဲ့ ခွေးကြီးတွေက ဖင်ထိုင်ချလိုက်ကြတယ်ဗျ၊ လှုပ်ကိုမလှုပ်ကြတော့တာ၊ ကျုပ်လည်း ခွေးစာခွက်ရှည်ကြီးထဲ ထမင်းတွေထည့်ပုံလိုက်တယ်၊ ခွေးတွေက အတင်းလုယက်ပြီး ထစားကြတာပေါ့ဗျာ၊ တစ်ကောင်နဲ့တစ်ကောင် မာန်ဖီလိုက်၊ ကိုက်လိုက်နဲ့ပေါ့။
“ဟေ့၊ ငြိမ်ငြိမ်နေကြစမ်း၊ မင်းတို့က အားအားရှိရန်ဖြစ်နေတာပဲ၊ ခွေးကြီးတွေက ခွေးငယ်တွေကိုအနိုင်မကျင့်နဲ့ကွ၊ လာလာ ခွေးငယ်တွေအရင်စားစမ်း”
ခွေးလေးတွေက အရင်စားတယ်ဗျ၊ ခွေးကြီးတွေက အနောက်ကို သုံးလေးလှမ်းဆုတ်ပြီးတော့ ခွေးငယ်တွေစားတာကို ထိုင်ကြည့်နေတာပဲ၊ ကျုပ်လည်း စိတ်ထဲတစ်မျိုးတော့ဖြစ်သွားမိတယ်၊
“ဘာလဲဟ၊ ငါပြောတာကို ခွေးတွေက နားထောင်နေတာလား”
ဒါနဲ့ စမ်းသပ်ကြည့်မယ်ဆိုပြီးတော့ ခပ်လှမ်းလှမ်းမှာထိုင်နေတဲ့ ခွေးနက်ကျားကိုကြည့်ပြီး
“နက်ကျား၊ လာခဲ့ မင်းလာစားစမ်း”
နက်ကျားက ထလာပြီးလာစားတယ်ဗျ၊ သူ့ဘေးနား ထိုင်နေတဲ့ခွေးတွေကတော့ လျှာကြီးတွေတစ်လစ်ထုတ်ပြီး ကြည့်နေရုံပဲကြည့်နေကြတယ်၊ ပုံမှန်ဆို ဒီခွေးတွေက လုယက်စားသောက်နေကြဗျ၊ အခုတော့ ငြိမ်လို့။ နက်ကျားတော်တော်စားပြီးတော့
“ဟေ့ကောင်နက်ကျား၊ မင်းစားတာများပြီတော်ပြီ၊ သွားတော့၊ ဟိုက ဗျောက်မနဲ့ ညိုမ လာစားကြစမ်း”
နက်ကျားကြီးက ခွေးစာခွက်နားက ထသွားတာပဲဗျာ၊ ဒီတော့ ကျုပ်ခေါ်လိုက်တဲ့ ဗျောက်မနဲ့ ခွေညိုမက အနားရောက်လာပြီးစားကြတော့တာပဲ၊ ကျုပ်လည်း အားနေတာနဲ့ ခွေးတွေကို တန်းစီစနစ်နဲ့အစာကျွေးလိုက်တော့ ခွေးတွေခမျာ အဲဒီနေ့တစ်ရက်ပဲ အစာ၀၀စားရတယ်ထင်ပါရဲ့၊ အရင်ကဆိုရင် ခွေးကြီးတွေက အတင်းလုယက်စားပြီး ခွေးငယ်တွေကို ကိုက်မောင်းလွှတ်တာကိုးဗျ၊ ခွေးတွေစားသောက်နေရင်း ကျုပ်လည်း ခွေးပိန်မကို သတိရသွားတယ်၊ ဒါနဲ့ ခွေးတွေကိုကြည့်ရင်း
“ဟ၊ ခွေးပိန်မတစ်ကောင် မတွေ့ပါလား၊ ဘယ်များသွားနေသလဲ”
ခွေးညိုမက ခေါင်းထောင်လာပြီးတော့ ကျုပ်ကိုမှန်ကူကျောင်းအောက်ကို မေးငေါ့ပြရင်း တအီအီနဲ့အော်ပြတယ်ဗျ၊ သဘောကတော့ မှန်ကူကျောင်းအောက်မှာ ရှိတယ်ဆိုတဲ့ပုံပေါ့ဗျာ၊ ကျုပ်လည်း ဒီတော့မှ သတိရပြီးတော့ မှန်ကူကျောင်းအောက်ကို ပြေးဝင်ခဲ့တာပဲဗျာ၊ မှန်ကူကျောင်းအောက်က သားပေါက်တဲ့နေရာမှာ ခွေးပိန်မက ဝပ်နေလို့ဗျ။ ကျုပ်လည်းရောက်သွားရော ကျုပ်ကိုခေါင်းတောင်မထောင်ဘဲ မျက်လုံးကလေး ပေကလပ်ပေကလပ်နဲ့ လှန်ကြည့်ရှာတယ်၊ ကျုပ်လည်း ဒီတော့မှ ညနေကပြောထားတာကို သတိရသွားတာဗျ၊ ခွေးပိန်မကို သွားဝပ်နေ၊ ထွက်မလာနဲ့လို့ ပြောခဲ့တာမဟုတ်လား။
ကျုပ်စိတ်ထဲ စိတ်တောင်မကောင်းဘူးဖြစ်သွားတယ်၊ ဒါနဲ့ ခွေးပိန်မခေါင်းကိုပွတ်ရင်း
“ငါမှားသွားပါတယ် ခွေးပိန်မရယ်၊ ရပြီ၊ ထွက်လာတော့ ထမင်းလာစားနော်”
ခွေးပိန်မက တအီအီနဲ့အော်ပြီးတော့ ကုန်းထတာပဲဗျ။ ပြီးတော့ ကျုပ်နောက်လိုက်လာခဲ့တယ်၊ ခွေးစာခွက်ထဲ ထမင်းက ကုန်သလောက်ဖြစ်နေပြီဗျ၊ တစ်ကောင်စာလောက်ပဲကျန်တော့တာ၊ ကျုပ်လည်း တခြားခွေးတွေကို မောင်းထုတ်ပြီးတော့ ခွေးပိန်မကို ကျွေးလိုက်တော့တာပေါ့ဗျာ၊ ခွေးပိန်မက ဒီတော့မှ အားရပါးရစားသောက်တော့တာပဲဗျာ၊ သူ့ခမျာ ခွေးလေးတွေ နို့စွဲတော့ ဆာရှာမှာပေါ့ဗျာ၊ ကျုပ်အမိန့်ကြောင့်သာ ဆာဆာနဲ့ ကျောင်းအောက်မှာ ခွေပြီးထွက်မလာရဲတာမဟုတ်လား။
ခွေးတွေအားလုံးစားသောက်ပြီးတော့ ကျုပ်ကခွေးတွေအားလုံးကိုခေါ်ပြီး အရှေ့မှာထိုင်ခိုင်းလိုက်တယ်၊ နောက်ဆို မျှမျှတတစားသောက်ရမယ်ဆိုတဲ့အကြောင်း၊ ခွေးအချင်းချင်း ကြီးနိုင်ငယ်ညှဉ်းမလုပ်ရဘူးဆိုပြီး ခွေးတွေကိုဆုံးမနေတာပေါ့ဗျာ၊ ဒါကို ဦးဇင်းရေဝတက ကြည့်နေသဗျ။ ကျုပ်ခွေးတွေကို တရားဟောပြီး ပြန်လွှတ်လိုက်တော့ ဦးဇင်းရေဝတရောက်လာတယ်။
“မောင်ရှိန်၊ ငါ့တူူ၊ မင်းခွေးတွေနဲ့စကားပြောနေတာလား”
“တင်ပါ့ဘုရား”
“မင်း ရူးများရူးသွားပြီလားကွ”
“မရူးပါဘူးဘုရား၊ ခွေးတွေက တပည့်တော်ပြောတဲ့စကားကို နားထောင်ကြပါတယ်”
“မောင်ရှိန်၊ အာ၊ မဖြစ်တော့ဘူး၊ ဆရာတော်ကြီးကို လျှောက်တင်မှ”
ကျုပ်ကိုခေါ်ပြီး ကျုပ်ဘကြီးဘုန်းကြီးက မှန်ကူကျောင်းအပေါ်ကိုတက်သွားတာပါပဲ၊ ဆရာတော်ကြီးက ဘုရားရှိခိုးပြီးတော့ ဆီမီးအလင်းရောင်အောက်မှာ ပေစာတစ်ထုပ်ကို ကြည့်နေတယ်ဗျ။
“ဘာထူးလို့လဲ ရေဝတရဲ့”
“မှန်ပါဦးဇင်း၊ မောင်ရှိန်တစ်ယောက် ခွေးတွေနဲ့ စကားပြောနေလို့ပါ၊ ပြီးတော့ ခွေးတွေကလည်း သူ့စကားကိုနားထောင်တယ်လို့ပြောပါတယ်”
ကျောင်းထိုင်ဆရာတော်ကြီးက ကျုပ်ကိုလှမ်းကြည့်ပြီးတော့
“မောင်ရှိန်တကယ်လား၊ လိမ်မပြောရဘူးနော်”
“မှန်ပါ၊ တပည့်တော် ကံငါးပါးကိုလုံအောင်ထိန်းပါတယ်ဘုရား လိမ်မပြောပါဘူး”
“မင်းဘယ်လိုလုပ်ပြီးတော့ ခွေးတွေကို စကားပြောနိုင်တာလည်း”
“ဒါတော့ တပည့်တော်လည်းမသိပါဘုရား”
ဦးဇင်းရေဝတက ကျုပ်ကိုခွေးတစ်ကောင်ကို ခေါ်ခိုင်းတယ်၊ ကျုပ်လည်း ကျောင်းအောက်အိပ်နေတဲ့ ခွေးပိန်မကိုသတိရသွားပြီးတော့။
“ဟဲ့ ခွေးပိန်မ ကျောင်းပေါ်တက်ခဲ့စမ်း”
ကျုပ်ပြောတော့ ခွေးပိန်မက သရက်ထောင်လှေကားကြီးကနေ ကျောင်းပေါ်တက်လာတယ်ဗျ၊ ကျုပ်လည်း ခွေးပိန်မကိုတစ်ချက်ကြည့်ပြီး
“ဟဲ့၊ ရှေ့မှာ ဆရာတော်တွေကို မမြင်ဘူးလားခွေးပိန်မ၊ နင်ဒီလို လမ်းလျှောက်ပြီးတက်လာတာ အကြည်ညိုတန်တာပေါ့၊ ဝပ်ရင်းနဲ့လာခဲ့စမ်း”
ခွေးပိန်မက ဝပ်ချပြီးတော့ ခြေထိပ်လက်ထိပ်လေးတွေနဲ့ တွားသွားရင်း ကျုပ်တို့အနားကိုရောက်လာတယ်ဗျ၊ ဦးဇင်းရေဝတဆို အံ့သြလွန်းလို့ ပါးစပ်တောင် မပိတ်နိုင်ဘူးဗျာ၊ ကျုပ်လည်း သူတို့ယုံသွားအောင် ခွေးပိန်မကို ထိုင်၊ ထ၊ လဲ၊ လျှောင်း လုပ်ခိုင်းလိုက်သေးတယ်၊ ဒီတော့မှ ယုံကြတယ်ဗျ။
ဆရာတော်ကြီးက ကျုပ်ကိုကြည့်ပြီးတော့
“ဒါ ဘာကြောင့်လို့ မင်းထင်သလဲ မောင်ရှိန်”
“မှန်ပါ၊ တပည့်တော် ရေဒဏ်သင့်ပြီးတော့ ဦးလူနီဆီမှာ ဆေးသွားကြိတ်ပေးရင်း ဦးလူနီက ဆေးလုံးသုံးလုံးတိုက်ပါတယ်၊ တပည့်တော်အထင်ကတော့ အဲဒီဆေးလုံးသုံးလုံး ရဲ့အစွမ်းဖြစ်မယ်ထင်ပါတယ်ဘုရား”
ဆရာတော်ကြီးက ခေါင်းညိတ်ရင်း
“မောင်ရှိန်ရေ၊ မင်းက အခုခွေးတွေကိုနိုင်တဲ့ အမိန့်အာဏာစက်ကို ရသွားပြီဆိုတော့ မင်းကိုလည်း ဆုံးမစရာရှိတယ်ကွဲ့”
“မှန်ပါ့”
“အမိန့် အာဏာစက်ရှိတဲ့လူဟာ ဘယ်တော့မှ ပရမ်းပတာ၊ မဆင်မခြင် မပြောမဆို၊ မနေမထိုင်ရဘူးကွဲ့၊ ကိုယ့်အာဏာစက်ကြောင့် လက်အောက်ငယ်သားတွေ ကောင်းစားသွားနိုင်သလို၊ ကိုယ့်အာဏာစက်ကြောင့်လည်း လက်အောက်ငယ်သားတွေ ဆိုးရွားပျက်စီးသွားနိုင်တာပဲ၊ ဒီတော့ အမြဲဆင်ခြင်ပြီး နေစမ်းမောင်ရှိန်၊ ကိုယ့်အာဏာကြောင့် သူများဒုက္ခမဖြစ်စေရဘူး ကြားလား”
“တင်ပါ့ဘုရား တပည့်တော် ခွေးပိန်မအဖြစ်မှာကတည်းက အသိတရားရသွားပါပြီဘုရား၊ တပည့်တော် ဆင်ခြင်ပါ့မယ်”
“အေးကွယ်၊ ဒါဆိုလည်း မင်းပြန်တော့မောင်ရှိန်၊ စာအံချိန်နီးလာခဲ့ပြီမဟုတ်လား”
ကျုပ်လည်း ကျောင်းပေါ်ကနေ ခွေးပိန်မကိုခေါ်ပြီးဆင်းခဲ့တာပေါ့ဗျာ၊ ကျောင်းအောက်ရောက်တော့ အပေါ်က ဦးရေဝတနဲ့ ဆရာတော်နဲ့ပြောနေတာကို ကြားရတယ်ဗျ။
“ရေဝတရေ၊ မောင်အောင်ရှိန်ကလေးက ငါတွက်ချက်ထားတဲ့အတိုင်းဆိုရင် သူတော်ကောင်းတစ်ယောက်ဖြစ်မှာပဲကွ၊ ဒီတော့ သူ့ကိုသေသေချာချာကြပ်ကြပ်မတ်မတ် ကြည့်ရှုစောင့်ရှောက်ပါ၊ ဒီကလေးဟာ နောင်တချိန်မှာ လူအများကို ကယ်တင်နိုင်မယ့်သူတစ်ဦး ဖြစ်လိမ့်မယ်ဟေ့”
“တင်ပါ့၊ ဒါဆိုရင် သူ့ကိုတပည့်တော်တို့ သင်္ကန်းစီးပေးကြမလား”
“မောင်ရှိန်က သင်္ကန်းနဲ့မွှေ့လျော်မဲ့သူတော့ မဟုတ်ဘူးကွ၊ မင်း သင်္ကန်းစည်းပေးရင်လည်း ခဏပဲခံလိမ့်မယ်”
ကျုပ်လည်း နားထောင်နေတုန်း ဦးတေဇက စာအံဖို့အတွက် တုန်းမောင်းခေါက်နေတာနဲ့ လေသာကျောင်းပေါ်ကို ပြေးတက်ခဲ့ရတာပေါ့ဗျာ။
(၄)
ဆရာတော်တွေ ဆွမ်းပင့်ကြွရင် ကျောင်းသားတွေလိုက်သွားရတယ်ဗျ၊ ဆရာတော်တွေရဲ့ ဝေယျာဝစ္စကိုလုပ်ပေးဖို့နဲ့ ဆွမ်းဘုန်းအပြီး အလှူရှင်တွေက လှူဖွယ်ပစ္စည်းတွေလှူတယ်ဆိုရင် သယ်ဖို့ပြုဖို့ပေါ့ဗျာ၊ ပုံမှန်ဆိုရင် ကိုရင်နဲ့ ကျောင်းသားကြီးတွေကို ခေါ်သွားလေ့ရှိပေမယ့် ဒီနေ့တော့ ထူးထူးဆန်းဆန်း ဆရာတော်က ကျုပ်ကိုခေါ်ခိုင်းလိုက်တယ်ဗျ။ ကျုပ်လည်းအပြေးလာခဲ့တာပေါ့ဗျာ၊ နောက်တော့ ဘုန်းကြီးဆောင်းထဲ့ ထီးကိုထမ်းပြီး အတူတူလိုက်ခဲ့ရတာပေါ့။
“အရှင်ဘုရား ဘယ်လမ်းက ကြွမလဲဘုရား”
“သုဿန်နားက ဖြတ်ကြွမယ် ရေဝတ”
ကျောင်းထိုင်ဆရာတော်အပြောကြောင့် ဦးဇင်းရေဝတက နည်းနည်းတွန့်ဆုတ်သွားတယ်ဗျ။
“အရှင်ဘုရား၊ သုဿန်နားမှာ သရဲကြီးရှိတယ်မဟုတ်လားဘုရား”
“ဘာပူစရာလိုလို့လဲကွ၊ တို့မှာ မောင်ရှိန်ပါတယ်မဟုတ်လား”
ဦးဇင်းရေဝတလည်း ဘာမှဆက်မပြောတော့ဘူးဗျ၊ ကျုပ်တို့ကျောင်းကနေထွက်ပြီး ယာခင်း၊ ကိုင်းခင်းတွေဖြတ်ပြီးရင် လမ်းနှစ်ခွရှိတယ်ဗျ၊ တစ်လမ်းကတော့ ဆင်ခြေဖုံးရပ်ကွက်ထဲကို ဦးတည်တဲ့လမ်းရယ်၊ နောက်လမ်းတစ်ခုကတော့ သုဿန်ဘက်ကို ဦးတည်သွားတဲ့လမ်းဗျ၊ သုဿန်ဘက်သွားတဲ့လမ်းက လမ်းဆိုပေမယ့် လမ်းရာတောင် သိပ်မထင်ပါဘူးဗျာ၊ လမ်းကို မြက်တွေဖုံးလို့ပေါ့ဗျ၊ အဲဒီလမ်းမှာ သရဲကြီးဆိုတဲ့ ခွေးကြီးတစ်ကောင်ရှိတယ်ဗျ၊ ဘုန်းကြီးမပြောနဲ့ မြို့ထဲက ယောက်ျားသားတွေတောင်မှ အဲဒီလမ်းကိုမဖြတ်ရဲကြဘူး၊ သရဲကြီးဆိုတဲ့ ခွေးကလည်း အတော်ဆိုးဆိုးပဲဗျ၊ သူများတွေပြောတာတော့ အဲဒီခွေးကြီးက သုဿန်ထဲမြှုပ်သွားတဲ့ လူသေကောင်အလောင်းတွေကို ဖော်စားတဲ့ ခွေးကြီးဆိုပဲဗျ၊ ဒါကြောင့် လူဆိုရင်လည်း လိုက်ဆွဲပြီး ကိုက်ဖြတ်စားချင်သတဲ့။
ဆရာတော်ရဲ့စကားအရ ကျုပ်ကိုအားကိုးပြီဆိုတာ သိလိုက်တာပေါ့ဗျာ၊ ကျုပ်လည်း ကျောင်းကခွေးတွေကိုနိုင်ပေမယ့် အဲဒီသရဲကြီးကို နိုင်ပါ့မလားဆိုပြီးတော့ စိတ်ထဲထင့်နေတာပေါ့။ မြက်ထနေတဲ့လမ်းကို လျှောက်လာရင်း သိပ်မကြာဘူး သုဿန်အနားကိုရောက်လာခဲ့တယ်ဗျ။ ကျုပ်တို့ သုဿန်အရှေ့က ဖြတ်လျှောက်ရော သရဲကြီးက ထွက်လာပါရောဗျာ၊ လူရိပ်မြင်တာနဲ့ အပြေးထွက်လာပြီးတော့ လှမ်းဆွဲဖို့လာတာဗျ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ လက်ထဲက ထီးနဲ့ သရဲကြီးကိုလှမ်းရိုက်မယ်လို့ ရွယ်ပြီး
“ဟဲ့ခွေး၊ ရပ်လိုက်စမ်း”
ကျုပ်အော်လိုက်တော့ သရဲကြီးက တုန့်ခနဲရပ်သွားတယ်ဗျ၊ တစ်ကိုယ်လုံးအနက်ရောင်ရှိပြီး အတော်ကြီးတဲ့ခွေးကြီးဗျာ၊ ခွေးကြီးက ရပ်သွားပေမယ့် ကျုပ်တို့ကိုမာန်ဖီပြီးကြည့်နေတုန်းပဲဗျ၊ ပါးစပ်ထဲက အစွယ်ကြီးတွေကလည်း ဖွေးလို့ရယ်၊ ပြီးတော့ အစွယ်ကနေ သွားရည်တွေလည်း စီးကျနေသေးသဗျာ။
“ဟေ့ သရဲကြီး၊ မင်းကများ လူတွေကိုကိုက်ချင်သေးတယ်၊ ဒါ ဦးဇင်းတွေကွ၊ ဘုရားသားတော်တွေ ရဟန်းသံဃာတွေ၊ မင်းကိုက်ရင် အပါယ်ကျမှာပေါ့၊ နောက်မကိုက်ရဘူး ကြားလား”
သရဲကြီးက ကျုပ်ကိုမကျေမချမ်းနဲ့ကြည့်ပြီး တဂီးဂီး တဂဲဂဲလုပ်နေသေးတယ်၊ ကျုပ်လည်း လက်ထဲက ဘုန်းကြီးထီးရဲ့ထိပ်နဲ့ သရဲကြီးခေါင်းကိုထုလိုက်တယ်။
“ကြားလား၊ ငါပြောတာနားထောင်၊ နောက်ဆိုရင် ဦးဇင်းတွေ၊ ကိုရင်တွေကို မကိုက်ရတော့ဘူးနော်”
ထီးနဲ့ထုတော့မှ သရဲကြီးက နည်းနည်းအချိုးပြေသွားတယ်၊ ကျုပ်လည်း ထုကောင်းကောင်းနဲ့ သုံးချက်လောက်ထုလိုက်တော့ သရဲကြီးအမြိးကုပ်သွားပါရော၊ ခွေးတွေ အမြီးကုပ်ရင် ကြောက်လို့မဟုတ်လားဗျာ။
“ကဲပါ ကြာပါတယ်၊ နောက်ဆို ဘယ်လူကိုမှ မကိုက်ရဘူးနော်၊ ကိုက်ရင် မင်းငါနဲ့တွေ့မယ်”
ကျုပ်လည်း ကြိမ်းမောင်းပြီးဆက်လျှောက်လာခဲ့တယ်၊ သရဲကြီးက ဖင်ထိုင်ချပြီးတော့ ကျုပ်တို့ကိုမျက်စိတစ်ဆုံးကြည့်တယ်၊ ကျုပ်တို့တော်တော်လေးလွန်သွားတော့မှ ကျုပ်တို့အနောက်ကနေ လိုက်လာသဗျ၊
ဆင်ခြေဖုံးရပ်ကွက်ထဲ ဝင်လိုက်တော့ မနေ့က ကျုပ်ခဲနဲ့ထုထားတဲ့ခွေးတွေက ကျုပ်ကိုမကျေမချမ်းနဲ့ကြည့်ကြတယ်၊ ပြီးတော့ ထိုးဟောင်ဖို့ ဝိုင်းအုံလာကြတယ်၊ ကျုပ်လည်း ခွေးအုပ်ကိုလက်ညှိုးထိုးပြီး
“အောင်မာ၊ တို့ကိုမကိုက်ချင်နဲ့၊ မင်းတို့တွေ လမ်းဘေးမှာဝပ်နေပြီး ဆရာတော်တွေကိုကြိုကြစမ်း”
ခွေးအုပ်က လမ်းဘေးမှာဝပ်ပြီး အမြှီးလေးတွေကို နန့်လို့ဗျ၊ ဒါနဲ့ ဆွမ်းပင့်တဲ့အိမ်မှာ ဆွမ်းစားနေတုန်း အိမ်ကလူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်ဗျ။
“အိမ်ရှေ့မှာ သရဲကြီးထိုင်နေတယ်ဟေ့”
သုဿန်မှာနေပြီး လူလိုက်ဆွဲတဲ့ခွေးကြီးက အိမ်ရှေ့မှာ ငူငူကြီးထိုင်နေတာဆိုတော့ လူတွေသိပ်ကြောက်ကြတာလည်း မဆန်းဘူးပေါ့ဗျာ၊ ကျုပ်လည်း
“သရဲကြီး၊ အိမ်ရှေ့မထိုင်နဲ့ လမ်းဘေးကပ်ထိုင်နေ”
လို့လှမ်းအော်လိုက်တော့ လမ်းဘေးနားကပ်ထိုင်နေတာပါပဲဗျာ၊ ဆွမ်းဘုန်းပြီးတော့ အနုမောဓနာတရားဟောပြီး ကျုပ်တို့တွေ အလှူအိမ်ကနေပြန်ခဲ့ပါရောဗျာ၊ သရဲကြီးက ကျုပ်တို့အနောက်ကနေ ကုပ်ချောင်းချောင်းနဲ့လိုက်လာတာ ကျောင်းပေါက်ဝရောက်တဲ့အထိပဲ၊ ဆရာတော်ကြီးက သရဲကြီးကိုကြည့်ပြီးတော့
“သူလည်း တို့နဲ့နေချင်လို့ထင်ပါရဲ့ မောင်ရှိန်ရာ”
“သရဲကြီး မင်းနေချင်ရင် ဒီကျောင်းမှာနေမလား”
ခွေးက ခေါင်းညိတ်ပြတယ်ဗျ။
“ဒီကျောင်းမှာနေရင်တော့ တခြားခွေးတွေနဲ့ ရန်မဖြစ်ရဘူး၊ မကိုက်ရဘူးနော်”
ဟော၊ နောက်တစ်ခါခေါင်းညိတ်ပြပြန်ရော။ ဆရာတော်က သရဲကြီးကိုပြုံးကြည့်ရင်း
“သရဲကြီးဆိုတဲ့နာမည်လည်း ပြောင်းပေးလိုက်စမ်းပါကွာ မောင်ရှိန်ရာ၊ နာမည်ကြီးက နားထောင်ရတာ ကျက်သရေမရှိပါဘူး”
ကျုပ်လည်း စဉ်းစားရင်း
“ဟုတ်ပြီ၊ ဒီခွေးကြီးက မဲမဲ၊ လုံးလုံး ကြီးဆိုတော့ မဲလုံးကြီးလို့ နာမည်ပေးလိုက်တာပေါ့ဘုရား”
“အေးအေး၊ ကောင်းပါ့ကွာ၊ မဲလုံးကြီးတဲ့”
ဆရာတော်ကမိန့်ပြီးတော့ ကျောင်းထဲဝင်သွားတယ်၊ ကျုပ်နဲ့မဲလုံးကြီးပဲ ကျောင်းရှေ့နားမှာကျန်ခဲ့တယ်၊ မဲလုံးကြီးက ကျုပ်တို့လေသာကျောင်းအောက်နားမှာ နေရာရသွားတယ်ပေါ့ဗျာ၊ မဲလုံးကြီးက ကျောင်းရောက်တော့ လုံးဝပြောင်းလဲသွားတယ်ဗျာ၊ ကျောင်းသားတွေဆိုရင်လည်း သိပ်ကိုခင်တာဗျ၊ ကိုရင်တွေ၊ ကျောင်းသားတွေ သူ့အပေါ်တက်စီးတာတောင်မှ ဘာမှပြန်မလုပ်ဘူး၊ အစီးခံတယ်ဗျာ၊ နောက်ပြီးတော့ ဧည့်သည်တွေဘာတွေလာလို့ “မဲလုံးကြီးရေ၊ ဧည့်သည်တွေကို ကျောင်းဝထိ ပို့ပေးစမ်းပါ” လို့ပြောလိုက်ရင် ကျောင်းဝအထိ အမြီးနန့်ပြီးလိုက်ပို့ရှာတယ်၊ ညရေးညတာကိစ္စနဲ့ ဧည့်သည်တွေလာကြရင် “မဲလုံးကြီးရေ၊ ရွာအထိ ပြန်ပို့ပေးလိုက်ပါ” လို့ပြောရင်၊ ရပ်ကွက်ထဲအထိပို့ပေးပြီးတော့မှ ကျောင်းကိုပြန်လာတာဗျာ၊ သိပ်လိမ္မာတဲ့ကောင်ကြီးပေါ့ဗျာ။
ဒီလိုနဲ့ ဦးလူနီရဲ့ ထူးဆန်းတဲ့ဆေးကြောင့် တစ်ချိန်က သုဿန်မှာနေပြီး တွေ့သမျှလူလိုက်ဆွဲတဲ့ သရဲကြီးဟာ၊ အခုဆိုရင် ကျောင်းမှာနေပြီး လူတွေနဲ့ခင်ပြီး အားကိုးရတဲ့ မဲလုံးကြီးအဖြစ် ပြောင်းလဲသွားပါတော့တယ်ဗျာ။
ပြီးပါပြီ။