ဘုရားပြိုကုန်းကဘီလူးရုပ်(စ/ဆုံး)
———————————–
မိုးကလည်းသည်းသည်းမည်းမည်းရွာနေသည်။ ကိုသာအောင် တစ်ယောက် ပေါက်ပြားတစ်လက်နှင့် လယ်ကွက်များအတွင်း ရေများတင်ကျန်ရန် ကန်သင်းပတ်လည် ရေထွက်ပေါက်များ လိုက်ပိတ်နေသည်။
သူပိုင်လယ် ငါးဧက ရှိသည်။
သူ့လယ်၏ တောင်ဘက်အစပ်တွင် ဘုရားပြိုကုန်းရှိနေသည်။ အကျယ်က တစ်ဧကခန့် ကျယ်မည်။
ထိုဘုရားကုန်းပတ်ပတ်လည်တွင် ကိုင်းပင်များထူထပ်စွာပေါက်နေသည်။ သစ်ပင်ကြီးဆို၍ ကုက္ကိုပင်ကြီး နှစ်ပင်သာရှိသည်။
ထိုဘုရားကုန်း၏ တစ်ဖက်တွင် ဦးစံဖေ လယ်ရှိသည်။ သူ့လယ်က ဆယ်ဧကခန့်ရှိသည်။
ဘုရားစေတီအပျက်က သာအောင်လယ်နှင့်နီးကပ်စွာရှိနေသည်။စေတီက ခေါင်းလောင်းပုံတစ်ဝက်ခန့်ကစပြီး ပြိုကျပျက်စီးနေသည်။
ပြိုကျပျက်စီးနေသော အုတ်ကျိုးအုတ်ပဲ့များကလည်း နှစ်မည်မျှ ကြာနေသည်မသိ လက်ဖြင့်ကိုင်၍ခြေလိုက်ပါက အမှုန့်ဖြစ်သွားသည်အထိ ဆွေးမြေ့နေပြီဖြစ်ပါသည်။ လူကြီးများပြောစကားအရ သက်တမ်းတစ်ရာအထက်ရှိသော စေတီဟုသိရပါသည်။
ဘယ်နှစ်ရာထိရှိ၍ မည်သူတည်ခဲ့မှန်းလည်း မည်သူမျှ မပြောနိုင်။
ဘွဲ့အမည်လည်း မပြောနိုင်။
သူတို့ပြောနိုင်သည်ကတော့ဘုရားမှာ သိုက်ရှိသည်တဲ့။
သိုက်စောင့်တွေ သိုက်နန်းရှင်တွေ လပြည့်ညမှာ မကြာခဏ တွေ့ရသည်တဲ့ မြွေကြီးများလည်း တွေ့သည်ဟုဆိုသည်။
သာအောင်ကတော့ တစ်ခါမှ မတွေ့ဖူးပါ။
ဘုရားအမည်ကမည်ကဲ့သိုရှိမည်မသိ အားလုံးက တညီတညွတ်တည်းခေါ်ကျသည်။ အမည်ကတော့ ” ဘုရားပြိုကုန်း”
ဟူ၍ အလွယ်ခေါ်ရာမှ ဘုရားပြိုကုန်း အမည်တွင်နေခဲ့သည်။
ထူးခြားသည်ကဘုရားရင်ပြင်မှ လှေကားထိပ်မှာ အခြားခြားသောစေတီတို့တွင် ခြင်္သေ့ရုပ်များရှိသည်။
ဤစေတီရဲ့ လှေကားထိပ်မှာ သံလျက်ထမ်းထားသောဘီလူးရုပ်ထု
တစ်ရုပ်ထုလုပ်ထားသည်။
ပုံမှန်ထားနေကျအတိုင်းဆိုလျှင်နှစ်ရုပ်ရှိရမည်။ယခုတစ်ရုပ်ထဲသာရှိ၍
ရာသီဥတုဒဏ်ကြောင့် တစ်ရုပ်က ပျက်စီးသွားပြီ ထင်လိုက်သည်။
သာအောင် အလုပ်နားလျှင် ဘီလူးဘေးက လှေခါးထစ်ခုံမှာ ပုဆိုးဟောင်းတစ်ထည်ခင်းပြီး တစ်ရေးတမော အိပ်လေ့ရှိသည်။
နေအရိပ် အမိုးပေးထားသော ကုက္ကိုကိုင်းကြီးတစ်ကိုင်းကလည်း
အပေါ်မှာ မိုးနေသည်။ ထိုဘုရားကုန်း ပတ်ဝန်းကျင်မှာ အလေးအပေါ့
မသွားမိရန်တော့ သာအောင် မိဘဘိုးဘွားစဉ်အဆက် မှာထားသဖြင့်
သာအောင်လည်းရှောင်ခဲ့သည်။
လယ်ငါးဧကကို ကိုယ်ပိုင်လုပ်နေရပေမယ့် နွားပိုင် လှည်းပိုင်မရှိ
ပြီးခဲ့သောနှစ်က လယ်စိုက်ပြီး မကြာခင် လယ်တစ်ကွက်လုံး ရေလွမ်းသွားသဖြင့် လယ်ငါးဧကမှ တစ်ဧကခွဲခန့်သာ အကောင်းကျန်ခဲ့သည်။
ထို့အပြင် သားဦးကလေးကလည်း မကျန်းမာသဖြင့် ကုသလိုက်ရာ
အဘက်ဘက်မှ ငွေကြေးလိုအပ်ချက်ကြောင့် လှည်းနှင့်နွားကို ရသည့်
စျေးနှင့် ရောင်းလိုက်သည်။
ယခုနှစ်လယ်ကို နွားငှားပြီးထွန်ယက်ခဲ့သည်။ပျိုးများလည်း ကြဲပက်ပြီးပြီ။
ထွန်ယက်ပြီး၍ သမန်းရထားသောလယ်ကွက်များပြန်မခြောက်သွားစေ
ရန် လယ်ကွက်တွေထဲ ရေအလုံလောက်ရှိရန် လိုသည်။
ထို့ကြောင့် မိုးရေများ လယ်ထဲတင်စေရန်ဂရုစိုက်ပြီး လိုက်၍ ကြည့်ရှု့
ဖာထေးနေရသည်။
ပြီးခဲ့သောနှစ်က ဆည်မြောင်းတမံကျိုးကျပြီး လယ်ကွက်များရေလွှမ်းခဲ့
ရသည်။ယခုနှစ်တော့ တမံမကျိုးအောင် ပြုပြင်ထားပြီးပြီဟုပြောသည်။
ယခုနှစ် မိုးဦးမှာအလွန်ကောင်းသည်။
စပါးစိုက်ရန် အလွန်ကောင်းသော အနေအထားဖြစ်သည်။
သာအောင်တစ်ယောက် လယ်ငါးဧကလုံးပေါက်ပြားတစ်လက်နှင့်
ဂဏန်းတွင်းများ ရေထွက်ပေါက်များ စစ်ဆေးပိတ်ဆုိ့ပြီးပြီးဖြစ်၍ မိုးလည်း တိတ်သွားပြီမို့ ဘုရားကုန်းဘက်သို့ ပြန်လာခဲ့သည်။
အိမ်ကထည့်ပေးလိုက်သည့် ထမင်းထုတ်ကိုလွယ်အိတ်အတွင်းထည့်လျက် သံလျက်ထမ်းဘီလူးကြီးလက်မှာ ချိတ်ထားသည်။
မိုးရွာလျင်မိုးမစိုရန် မိုကာစကို အပေါ်က ဖုံးထားလိုက်သည်။
အားလုံးသေခြာအောင်ပြုလုပ်ထားသဖြင့် မိုးမည်မျှရွာပါစေ ထမင်းထုတ်
မိုးစိုမှာမကြောက်ရတော့။
အချိန်က နေ့ဆယ့်တစ်နာရီ ကျော်ပြီ။တစ်မနက်လုံး မိုးရွာချလိုက်သဖြင့်
ကောင်းကင်ပေါ်မှာ အလိပ်လိုက်ရှိနေသော မိုးတိမ်တို့ ကုန်စင်သ
လောက်ဖြစ်သွား၍ နေလုံးက ခြစ်ခြစ်တောက်ပူလာသည်။
သို့ကြောင့် အရိပ်ခိုရန် ဘုရားပြိုကုန်းဘက်သို့ရောက်လာခဲ့သည်။
သစ်ပင်ရိပ်ကျသော အုတ်ခုံမှာထိုင်လိုက်သည်။
နေပူရိုန်ကြောင့် အုတ်ခုံပေါ်မှာ ရေများ တင်ရှိမနေတော့ဘဲခြောက်တွေ့နေသည်။
အုတ်ခုံပေါ်တွင် ခဏမျှ အနားယူပြီးမှ ထမင်းစားရန် ချိတ်ထားသော
ထမင်းထုတ်ကို လှမ်းယူလိုက်သည်။
” ဟင်”
ထမင်းထုတ်ကို လှမ်းယူလိုက်စဉ် ထူးဆန်းသောအနေအထားကြောင့်
သာအောင်မျက်လုံးပြူးအံ့သြကာ ပါးစပ်မှ အသံထွက်သွားသည်။
ထမင်းထုပ်က ပေါ့ပေါ့လေးဖြစ်နေ၍ လက်နှင့်ဖျစ်ညှစ်ကြည့်လိုက်
သည်။
ထင်သည့်အတိုင်းထမင်းထုတ်အတွင်းမှာ ဘာမှမရှိ။
“ဟာ —— မိန်းမ —— ထမင်းထုတ်ထဲ ထမင်းထည့်ဖို့ မေ့သွားပြီလား မသိဘူး ”
သူမကျေမနပ်နှင့် အထုတ်ကိုဖြေကြည့်လိုက်စဉ် ခရမ်းသီးနှင့် ငါးခြောက်ကလည်း လုံးဝမရှိ။
” ဘယ်လိုပါလိမ့် ဒီအတိုင်းဆိုအိမ်ကိုစောစောပြန်ရတော့မှာဘဲ”
ညနေစောင်းအထိ မနေတော့ဘဲနေ့နှစ်နာရီခန့် ဗိုက်ကလည်းဆာလှသဖြင့်အိမ်သို့ပြန်ခဲ့သည်။
အိမ်ရောက်တော့ဗိုက်စာစာနှင့် ဇနီးဖြစ်သူအား ထမင်းထုတ်ထဲ ထမင်းမထည့်ပေးရကောင်းလားဆိုပြီး ဆူပူကြိမ်းမောင်းလိုက်သည်။
“ရှင် အထားမတတ်လို့ခွေးစားသွားတာလားမသိတာ
ကျုပ် ရှင့်အတွက် ထမင်းခူးထည့်ပေးလိုက်တာ ကျန်တဲ့ထမင်း ကျုပ်
နေ့ခင်းကစားလိုက်တယ်။ ”
” ငါလည်းအမြင့်မှာချိတ်ထားတာဘဲ အထုတ်ကလည်း လက်ရာမပျက်
ဘူး။
စဉ်းစားစရာဘဲ ဗိုက်စာတယ်ကွာ ရှိတာလေးဘဲ ထည့်ခဲ့ ရေနွေးနဲ့
ပေါင်းပြီးစားလိုက်တာပေါ့ ”
ဇနီးဖြစ်သူလည်း ကျန်သောထမင်းနှင့်ဟင်းကို ထည့်ပေးလိုက်ပြီး မီး
ဖိုမှာထမင်းအိုးတည်ရန် မီးမွှေးနေလိုက်သည်။
ထိုအချိန် သာအောင် အစာပြေစားနေတော့သည်။
******************
နောက်တစ်နေ့ မနက်စောစော လယ်ကွင်းထဲ သွားမည်ပြုစဉ် သာအောင်အားခေါ်ပြီး ငှက်ပျောဖက်အတွင်း ထမင်းထည့်နေသည်ကို
ပြသည်။ ထိုနောက် ဟင်းကို အထုတ်တစ်ထုတ် ထုတ်သည်။
” ဒီမှာ ရှင်မြင်တယ်နော် ”
” အေးပါ မနေ့ကလို မမှားအောင်သာထည့်ပါ —– ငါ့ကို
ပြစရာမလိုဘူး ”
” အံ့မယ် ရှင့်စကားက မနေ့က ကျုပ်ကပဲ မေ့ပြီး မထည့်လိုက်ဘူး
ဆိုချင်တာပေါ့”
” မင်းက ငါ့မကျွေးဘဲ ဘယ်ကချစ်ချစ်ကို ကျွေးလဲမှ မသိတာ”
“ရှင်နော် စ စရာရှိရင်တစ်ခြားစကားနဲ့စ ကျုပ်က ဖောက်ပြားတဲ့
ကောင်မ မဟုတ်ဘူး နောက် ဒါမျိုး မစနဲ့”
” ကဲ မယ်မင်းကြီးမ ကတ်ကတ်လန် ရန်တွေ့ကောင်းနေလိုက်တာ
စိတ်မဆိုးပါနဲ့။
ထည့်ပြီးပြီဆိုလည်းပေးတော့ လွယ်အိတ်ကို ဒီတစ်ခါ သတိထားပြီး ချိတ်ရမယ် ”
သာအောင်လည်း ဇနီးဖြစ်သူအား နောက်ပြောင်တာလွန်သွားသဖြင့်
စကားလမ်းကြောင်းလွှဲကာ ထမင်းထုတ်ယူပြီး လယ်ထဲသို့ထွက်ခဲ့
သည်။
ညကတစ်ညလုံးမိုးရွာထားပြီး မနက်ပိုင်း မိုးမရွာတော့။ လယ်ထဲသိုရောက်တော့ ထုံးစံအတိုင်း ဘီလူးရုပ်လက်မှာလွယ်အိတ်ကို
ချိတ်လိုက်သည်။
မိုးရွာလျှင် ထမင်းထုတ်ရေမစိုစေရန်အသေအခြာ ပြုပြင်ထားရှိပြီး လယ်
ကွင်းအတွင်းသို့ ဆင်းခဲ့သည်။
မိုးရေများက လယ်ကန်သင်း အပြည့်မျှ ရှိနေသည်။လယ်ကွင်းထဲမှ ထိုးထိုးထောင်ထောင်ရှိနေသော ပေါင်းမြက်များကို လိုက်ကောက်ပြီး
ကန်သင်းဘောင်ပေါ်သို့လိုက်တင်နေသည်။
နွားကိုငှားပြီးလုပ်ရသဖြင့် မိုးစရွာသည်နှင့်မနားမနေလုပ်ထားသော
ကြောင့် လယ်ရေးထွန်ရေး စောစောပြီးခဲ့သည်။နွားကိုပြန်အပ်လိုက်
သဖြင့် တစ်မိုးတွင်းလုံး နွားစာ မြက်ရိတ်ရမည့်တာဝန်လျော့သွားသည်။
ခါတိုင်းဆိုလျှင် နွေကစုပုံထားသော နွားစာ ကောက်ရိုး ပြောင်းရိုး
မိုးကျ၍ နည်းလာလျှင် လယ်ကွင်းအနှံ့လျှောက်ပြီးမြက်ရိတ်ကျွေးရ
သည်။
နွားစာမြက်ရိတ်တာဝန်မရှိသဖြင့် စပါးပင်များ ပေါင်းမြက်နှုတ်ခြင်းတို့ကို
ပိုမိုလုပ်ဆောင်နိုင်ပေသည်။
သို့ဖြင့် လယ်ကွင်းထဲလျှောက်သွားပြီး ပေါင်းမြက်ကောက်နေခဲ့ရာ နေ့
ဆယ့်တစ်နာရီထိုးတော့မည်။ ဘုရားပြိုကုန်းဘက်သို့ပြန်လာခဲ့သည်။
မိုးမရွာနေပေမယ့် မိုးအုံ့နေသဖြင့် အပူဒဏ်တော့သက်သာခဲ့သည်။
အလုပ်ပင်ပင်ပန်းပန်း မလုပ်ရပေမယ့် အချိန်တန် ဗိုက်ကစာလာသည်။
လှေကားခုံမှာ ခဏနားပြီး ထမင်းစားရန် ထမင်းထုတ်ကိုလှမ်းယူလိုက်
သည်။
” ဟာ ဘယ်လိုလဲ ဟ”
ထမင်းထုတ်က မနေ့ကလိုပင် ပေါ့နေသည်ကို သိလိုက်ရသည်။
အမြန်ယူပြီး အထုတ်ကိုဖြေလိုက်သည်။
” ဟာ —– ဘယ်လိုလဲဟ —- ဘာဖြစ်တာလဲ ”
” ဒီတစ်ခါတော့ မိန်းမ မှားတာမဟုတ်ဘူး”
ထမင်းထုတ်ကို အကောင်တစ်ကောင် အလစ်သုတ်ပြီး စားလိုက်သည်
ဟုထင်လိုက်သည်။
သို့ကြောင့် တောင်မြောက်လေးပါး အခဲခတ်ကြည့်လိုက်သည်။ထူးခြား
မှု့ဟူ၍ဘာမှမတွေ့။
သူစဉ်းစားသည်။ခွေးဆွဲသည့်ဟန် မရှိ။ခွေးစားလျှင် ထမင်းထုတ်ပြေရုံ
မက အစိတ်စိတ်အမွှာမွှာ ဖြစ်နေလိမ့်မည်။
ယခု —– အထုတ်ပုံစံ မပျက် ရှိနေပါလျှက် အထဲကထမင်းဟင်းများ
လုံးဝမရှိတော့ ထူးဆန်းနေသည်။
သူစဉ်းစားနေသည်။ဒါဆို အနီးမှာရှိသော ဘီလူးရုပ်ဘဲ ရှိတော့တယ်။
ဒါကြောင့် နောက်သလိုပြောင်လိုနှင့် ဘီလူးရုပ်ကိုစွပ်စွဲတော့သည်။
” ကဲ ကိုရွှေဘီလူး —– ထမင်းထုတ်က ခါတိုင်းမပျောက်ဘဲ ခုရက်ပိုင်းကျမှ ပျောက်နေတယ်။အနီးမှာလည်းယူစားသူကိုမတွေ့ဘူး မတွေ့ဘူး”
“ဖြစ်နိုင်ခြေရှိတာက အသင်ဘီလူးဘဲ ကျောက်ရုပ်ဟန်ဆောင်ထားပြီး
ကျုပ်ထမင်းတွေတွေယူစားတယ်မလား?
ပြောရင်ပြော မပြောရင် တစ်စစီရိုက်ချိုးပြစ်မယ်”
” မ—–= လုပ်ပါနဲ့ကွာ ငါအခုတလော ဗိုက်စာလို့ မင်းရဲ့ထမင်းကို
ယူစားမိတာပါ”
“နောက်ကို မစားနဲ့တော့ဗျာ—မိုးတွင်းမှာကျုပ်တို့့ လယ်သမားတွေဝင်
ငွေရှိတာမဟုတ်ဘူး—-ထမင်းနဲ့ဟင်းတောင်အနိုင်နိုင်”
“ကျုပ်အတွက် ထမင်းတစ်ထုတ် ထုတ်ခဲ့ပေးပါ”
ငွေတစ်ကျပ်နေ့တိုင်းပေးပါ့မယ်။နေ့တိုင်းအသားဟင်းတစ်မျိုးမျိုး
ဝယ်ကျွေးပါ။”
“ဟာ ခင်ဗျား တစ်ကျပ်ထဲနဲ့စျေးထဲလည်းသွားမဝယ်နိုင်ပါဘူး။လူပင်
ပန်းတာအဖတ်တင်တယ်”
“ဒီတစ်ကျပ်နည်းတယ်ဆိုရင် နှစ်ကျပ်ပေးပါ့မယ်။ကျုပ်ကိုဟင်းကောင်း
ကောင်းတစ်ခွက်နဲ့ နေ့တိုင်းထမင်းထုတ်လာပေးပါ”
ခင်ဗျားလည်း လယ်မလုပ်ဘဲထိုင်စားလို့ရပါတယ်။
” ဟာ ဒီလယ်ယာအလုပ်ဘဲ ကျွမ်းကျင်တာ အလုပ်မလုပ်ဘဲမနေတတ်
ပါဘူး။ပိုပိုလျှံလျှံရှိတော့လည်းကောင်းတာပေါ့”
ထို့နောက် သာအောင်ရှေ့သို့ငွေဒင်္ဂါး နှစ်ပြားကျလာသည်။သာအောင်
ငွေဒင်္ဂါးနှစ်ပြားကောက်ယူလိုက်သည်။
“ကျုပ်ပေးတယ်လည်းဘယ်သူမှမပြောနဲ့ ခင်ဗျားမိန်းမ မသိစေနဲ့။
ကျုပ်အကြောင်း လူတွေသိကုန်ရင် ခင်ဗျားနဲ့ကျုပ် အခုလို မိတ်ဆွေ
ဖြစ်လို့ရမှာမဟုတ်တော့ဘူး”
ခင်ဗျားက ဘယ်မှာနေတာလဲ ဘယ်အမျိုးနွယ်ထဲကလဲ ဒီကျောက်ရုပ်
မှာ ပူးကပ်နေတာလား?
“ခင်ဗျားက ကျုပ်ကို ဘီလူးလို့မထင်ဘူးလား”
“မထင်ပါဘူးဗျာ ကျုပ်အထင်ပြောရရင် ခင်ဗျားက ဒီဘုရားပြိုကုန်းမှာ
အမှီပြုနေထိုင်တဲ့ နာနာဘာဝ ဘုတ် ပြိတ္တာ သရဲတစ်ကောင်ကောင်ဘဲ
ဖြစ်နိုင်တယ်”
“ခင်ဗျားမှန်းတာ မဆိုးပါဘူး။ကျုပ်က ဒီကျောက်ရုပ်ဘီလူးတော့မဟုတ်
ပါဘူး”
“ဘုရားပြို ကုန်းမှာရှိတဲ့ သိုက်ကို စောင့်တဲ့ ယက္ခညီနောင်ထဲက တစ်
ကောင်ပါ”
“ဒီသိုက်မှာ အပြင်စည်း အတွင်းစည်းဆိုတာရှိတယ်။ အတွင်းစည်း
အပြင်စည်းကို ကျုပ်တို့ယက္ခညီနောင်က အလှည့်ကျစောင့်ကျရတယ်”
“ကျုပ်က အရင်ရက်တွေမှာ အတွင်းစည်းမှာ ကျတယ်”
“အခုကျုပ်ကို အပြင်စည်းမှာစောင့်ဖို့ လွန်ခဲ့တဲ့နှစ်ရက်ကတာဝန်ကျ
တယ်။အခုကျောက်ရုပ်မှာ ပူးကပ်ပြီး အပြင်စည်းကျတုန်း ထမင်းထုတ်
ကိုယူစားမိတာပါ”
“ခင်ဗျားနဲ့ တာဝန်လွှဲယူသွားတဲ့ ယက္ခကြီးက စည်းကမ်းရှိတယ်ပြောရ
မှာပေါ့”
” ဘာကြောင့်လဲ”
“သူစောင့်ခဲ့တုန်းက ကျုပ်ရဲ့ထမင်းထုတ် တစ်ခါမှမပြောက်ဘူး ။
ခင်ဗျားအစောင့်တာဝန်ကျမှဘဲ ကျုပ်ရဲ့ထမင်းထုတ်ပြောက်တာ စည်း
ကမ်းမရှိတာခင်ဗျား”
” ကျုပ်ကတန်ရာတန်ကြေး ဝယ်စားချင်တာပါ”
“အခုကြုံရပြီဆိုတော့ ခင်ဗျားကို နောက်ရက်စားဖို့ အခကြေးငွေ ပေးထားပြီးပြီလေ”
“ခင်ဗျား ပိုက်ဆံ ကျုပ်ယူထားပြီးပြီဆိုတော့ ကျုပ်က ခင်ဗျားစားဖို့
ကြိုးစားရမှာပေါ့။ ဒီနေ့ စောစောပြန်ပြီး စီစဉ်လိုက်မယ်”
ယက္ခကြီးကို နှုတ်ဆက်ပြီး သာအောင် အိမ်သို့ ပြန်ခဲ့သည်။
*******************
သာအောင်လည်း အိမ်သို့ရောက်သည်နှင့် ဇနီးဖြစ်သူအား ပိုက်ဆံနှစ်ကျပ် ပေးလိုက်ပြီး
“ကဲ မိန်းမ မနက်ဖြန် ထမင်းနှစ်ထုတ် ထည့်ပေး။ကြက်တစ်ကောင်
ဝယ်ပြီးချက် အူစုံအသည်းစုံနဲ့ ကြက်တစ်ကောင်လုံးချက်လိုက်”
“ဆန်က မင်းနဲ့ငါနဲ့ ဧည့်သည်အတွက် ( ၆ ) ဗူးချက်လိုက်”
“မများဘူးလား ရှင့်ဧည့်သည်က တော်တော်အသားကြီးပါလား”
“ဒါနဲ့ကျုပ်မရှင်းလို့မေးလိုက်မယ် ရှင် ဒီပိုက်ဆံနှစ်ကျပ်ကို ဘယ်ကရ
သလဲ”
“မင်း ပိုက်ဆံမလိုချင်ဘူးလား”
“လိုချင်တာပေါ့”
“အခုဆန်တစ်ပြည်နဲ့ ကြက်တစ်ကောင်ဝယ်ရင် ဘယ်လောက်ကုန်မှာ
လဲ”
“အားလုံးဝယ်ပြီးရင် တစ်ကျပ်နဲ့ ပြားနှစ်ဆယ်ပိုမယ်”
“အေး စကားမများ မစပ်စုဘဲ ပိုတာမင်းယူလိုက် မနက်ဖြန်ထပ်ရမယ်”
“ပိုက်ဆံရလို့ကတော့ ဘာမှ မမေးဘူး”
“သိတယ်လေ ငါ ဓါးပြတိုက်ပေးရင်လည်းငြိမ်နေမှာဘဲ မဟုတ်လား”
“တော်ကတော့ ပြောပြီ။ ဓါးပြတိုက်ရင်လည်း နှစ်ကျပ်နဲ့တော့မတိုက်
နဲ့။တစ်ခါတည်း ဘဝပြောင်းအောင်တိုက်ပေတော့”
“ဟဲ —- တော်တော်ချစ်ဖို့ကောင်းတဲ့မိန်းမ”
“ကဲ ကျွန်မ စကားအကောင်းပြောမယ်။ကျုပ်အတွက် ထမင်းတစ်ပန်းကန်နဲ့ ဟင်းနည်ူနည်းဘဲ ချန်ထားလိုက်မယ်။ရှင်တို့အ
တွက် အလုံအလောက် ထည့်ပေးလိုက်မယ်”
“အဲဒီလို ရောပြီးမထည့်နဲ့။ငါ့အတွက် ပုံမှန်အတိုင်းထည့်။မိတ်ဆွေကြီး
အတွက် ဆန်လေးလုံးချက်လောက်နဲ့ကျန်တဲ့ဟင်း အကုန်ထည့်။
ကြက်အသဲ အမြစ်တော့ အမြဲတမ်းပါရမယ်။အဲဒါအရေးကြီးတယ်”
သာအောင်လည်း ဇနီးဖြစ်သူ ထုတ်ပေးသော ထမင်းနှစ်ထုပ်ကိုယူပြီး
လယ်ထဲသို့ဆင်းခဲ့သည်။
ထို့နောက် လယ်ကွင်းထဲသို့ရောက်သည်နှင့်ထမင်းအထုတ်ကြီးကို
ဘီလူးလက်မှာချိတ်လိုက်ပြီး သူ့အတွက်ထမင်းထုတ်ကို သစ်ကိုင်း
ထုတ်ကိုမြေမှာစိုက်ပြီး ပါးစပ်က သတိပေးစကားတစ်ခွန်းတော့ပြော
လိုက်သေးသည်။
” ကိုယ့််ထမင်းထုတ်ကိုစားနော် ကျုပ်ထမင်းထုတ်လည်းမပျောက်
အောင်စောင့်ရှောက်ပေးဦး”
သို့ဖြင့်—— ပိုက်ဆံဒင်္ဂါးနှစ်ပြားပေးသည့်အတွက် သာအောင်ကလည်း
ဝတ္တရားမပျက် ထမင်းထုတ်ယူပေးခဲ့သည့်ကာလမှာ ရက်မှ လပင်ကျော်ခဲ့သည်။
***********************
တစ်ရက်မှာ လယ်ကွင်းသို့လူနှစ်ယောက် ရောက်လာသည်။ထိုလူထဲ
မှ အသက်အားဖြင့်( ၆၀ )ဟုမှန်းရသောလူကြီးက ဘုရားပြိုကုန်းပတ်
လည်ကို အသေအခြာလိုက်ကြည့်သည်။
ခေါင်းမှာ ပန်းရောင်ပုဝါတစ်ထည် ပေါင်းထားပြီး နှုတ်ခမ်းမွှေးကားကား
လွယ်အိတ်တစ်လုံးလွယ်ထားသဖြင့် ဗိန္ဓောဆရာ တစ်ယောက်ဟု
သာအောင်ထင်လိုက်သည်။ကျန်တစ်ယောက်က သာအောင်နှင့် မတိမ်း
မယိမ်းရှိမည်ဟုလည်း မှန်းမိလိုက်သည်။
“ဒီဘုရားကို ဘယ်လိုခေါ်လဲ သူငယ်”
“မသိဘူးခင်ဗျ ကျွန်တော်တို့သိတတ်စအရွယ်ကတည်းက ဘုရားပြိုကျ
နေတာ ဒီအတိုင်းဘဲ လူတိုင်းက ဘုရာပြိုကုန်းလို့ဘဲခေါ်ကြတယ်”
“စေတီရဲ့တည်ထားတဲ့တက်တမ်းက အတော်ကြာပြီဖြစ်မယ်”
“ဦးလေးတို့က ဘယ်ကလာတာလဲ အကြောင်းကိစ္စထူးရှိပါသလား”
“ဦးတို့က ရှေးဟောင်း ဘုရားတွေစာရင်းလိုက်ကောက်ပြီး ပြုစုနေတာပါ
သိတဲ့သူတွေရှိရင် ဘုရားဘွဲ့တော်မေးပြီး သမိုင်းအထောက်အထား
အရ ရှေးဟောင်းဘုရားမှန်ရင် ပြန်ပြုပြင်သင့်ရင်ပြုပြင်ရမှာပေါ့”
“ဘုရားသမိုင်းရာဇဝင်ကိုသိဖို့အရေးကြီးတယ်ကွဲ့”
“သမိုင်းအကြောင်းသိချင်ရင် ရွာထဲသွားလေ။ရွာထဲမှာအသက်( ၉၀ )
ကျော်အထိ ကျန်းကျန်းမာမာရှိနေတဲ့ ဦးလူဆိုင်ဆိုတဲ့ အဖိုးကြီးရှိတယ်
သူက ရှေ့မှီ နောက်မှီ အဖိုးကြီးဘဲ။ သူ့ကိုမေးရင် ဒီဘုရားသမိုင်း
အကြောင်းသိနိုင်မယ်”
“သွားမနေတော့ပါဘူး ဦးလေးတို့မှာလည်း ဘုရားစာရင်းတွေရှိပါတယ်။
နေရာဒေသ တည်နေရာကိုတိုက်ဆိုင်စစ်ဆေးကြည့်ရင် အဖြေထွက်မှာ
ပါ”
သာအောင်စိတ်ထဲ ထိုလူတွေကြည့်ရသည်မှာ သူတော်ကောင်းပုံနှင့်မ
တူဘဲ သိုက်ဆရာလိုလို ပယောဂကု လိုလိုထင်မိသည်။
သူတို့မျက်လုံးများက တစ်ခုခုကိုခုခု ရှာနေသယောင်ရှိသည်။အိနြေ္ဒမရ
သိသာလွန်းလှသည်။
ခဏကြာတော့ သာအောင်ကို နှုတ်ဆက်ကထွက်သွားကြသည်။နေ့ခင်း
ထမင်းစားချိန်ရောက်တော့သာအောင်ထမင်းထုတ်ကိုယူစားသည်။
ယက္ခကြီးစားမစားသူမစပ်စု ပြန်ချိန်တန်လျှင် ထမင်းထုတ်ထည့်သော
လွယ်အိတ်ထဲမှာ ငွေဒင်္ဂါး နှစ်ပြားရောက်နေသည်။လွယ်အိတ်ကိုယူပြီး
ပြန်ရုံပင်။
မလိုအပ်လျှင် သာအောင်လည်း ဘာစကားမှမပြော။နောက်နေ့ထမင်း
ထုတ်ချိတ်ပေးထားသည်။သာအောင်လွယ်အိတ်ကိုကျောက်ရုပ်လက်မှ
ဖြုတ်လိုက်သည်။ရွာပြန်ချိန်ပင်ရောက်နေပါလား။
“ဟင်”
ထမင်းထုတ်ကလေးလေးပင်ပင်ရှိသဖြင့် အံ့သြသွားသည်။
“ယက္ခကြီးထမင်းမစားရသေးဘူး။ဘယ်များခရီးလွန်နေပါလိမ့်”
“တခါမှလည်းမဖြစ်ဘူး”
“ဒီအတိုင်းဘဲထားခဲ့တော့မယ်”
“မနက်ဖြန်ထမင်းထုပ်ခဲ့မယ်။အကြွေးနှစ်ကျပ်တောင်းရမယ်”
သာအောင်တစ်ယောက် ကိုယ့်အတွေးနဲ့ကိုယ် ရွာပြန်လာခဲ့တယ်။
***************
ညရောက်တော့ အိပ်ယာအတွင်းဝင်ပြီး အိပ်ပျော်ကာစရှိသေးသည်။
သာအောင်အား ယက္ခကြီးက အိပ်မက်ထဲရောက်လာပြီး အကူညီ
တောင်းခဲ့သည်။
“သူငယ်ချင်း ငါ့ကိုကယ်ပါဦးကွာ”
“ဟာ ခင်ဗျား ဘာဖြစ်လို့လဲ”
“ငါ့ကို သိုက်ဆရာတွေ ကြိုးနဲ့တုပ်သွားတယ်။ငါတို့သိုက်ကိုဖွင့်သွား
ပြီကွာ”
“ခင်ဗျား ထမင်းထုတ်ဘာလို့လာမစားတာလဲ”
သူတို့သိုက်စည်းထဲ ဝင်လို့ရအောင် ညနေကတည်းက ငါ့ကိုချုပ်သွား
တာ ညကျမှ အားလုံးကိုချုပ်ပြီး သိုက်ဖွင့်သွားတာ”
ဒါဆို ဆရာကတော်တော်စွမ်းတာပေါ့ ဟုတ်လား?
“ဟုတ်တယ် ဒါပေမယ့် ငါတို့ဘုရားအတွက်ရည်စူးထားတဲ့ ပစ္စည်း
တွေ ပါမသွားအောင်ရတဲ့နည်းနဲ့ ကာကွယ်ရမယ်”
“မိုးလင်းတာနဲ့ လယ်ကွင်းထဲအမြန်လာကယ်ပေးပါ။မင်းရောက်တာနဲ့
ငါ့ကိုယ်မှာစွပ်နေတဲ့ ချည်မန်းကွင်းတွေ အမြန်ဖြုတ်ဖို့မမေ့နဲ့နော်”
“ကျုပ်မမေ့ပါဘူး”
“စိတ်ချ”
“မင်းမကယ်ရင် ငါတို့တော့ ဒုက္ခရောက်ပါပြီကွာ”
အင်း ဒါဆို မနေ့ကတွေ့တဲ့နှစ်ယောက်ဘဲဖြစ်မယ်။ပုံစံမြင်ကတည်းက
ထင်တော့ထင်မိသား ။မနက်အာရုဏ်တက်သည်နှင့်လယ်ကွင်းထဲသွား
ရန်ဆုံးဖြတ်ချက် ချပြီးပြန်အိပ်လိုက်သည်။
လေးနာရီခွဲခန့်နိုးတော့ ဇနီးဖြစ်သူ ထမင်းချက်နေသည်။မျက်နှာကို
အမြန်သစ်ပြီး ငါထမင်းထုတ် နောက်တစ်ခေါက်ပြန်ယူမယ်။အရေး
ကြီးကိစ္စရှိလို့ သွားတော့မယ်။
” ရှင့်မှာ ဘာအရေးကြီးကိစ္စ ရှိလို့ထမင်းထုတ်စောင့်မယူနိုင်ရတာလဲ”
ဇနီးဖြစ်သူစကားဆုံးအောင်တောင် နားမထောင်ဘဲ သာအောင်တစ်
ယောက် ဘုရာပြိုကုန်းသို့ နာရီဝက်အတွင်း ရောက်လာခဲ့သည်။
အနားရောက်မှ ဘီလူးရုပ်ကို ကြည့်လိုက်ရာ
“ဟာ ချည်ဖြူတွေပတ်ထားလို့ပါလား”
သာအောင်လည်း ယက္ခကြီးရဲ့စကားကို ပြန်ကြားယောင်ပြီး ချည်မန်း
ကွင်းကိုဖြုတ်လိုက်သည် တပြိုင်နက်
” ဝုန်း”
ကျယ်လောင်သောအသံကြီးမြည်ပြီးနောက် ဘုရားပေါ်မှာလိုလို
ဘုရားကုန်းမှာလိုလို အသံတွေကြားလိုက်ရသည်။
အပြင်စည်းစောင့်သော သိုက်စောင့်ကြီးယက္ခ အနှောင့်အဖွဲ့မှလွတ်
သည်နှင့်သိုက်အတွင်းဝင်၍ချုပ်ထားသောအနှောင်အဖွဲ့များဖျက်ပေးရာ ပျက်သွားရာမှထွက်ပေါ်လာသောအသံများဖြစ်သည်။
**********************
ရွာအပြင်အတော်လှမ်းလှမ်းရောက်နေသော သိုက်ဆရာနှင့်တပည့်လည်း ရုတ်တရက်အနီးသို့ရောက်လာသော
ပိတုန်းများကို မြင်မှ သိုက်ပေါက်သွားပြီဆိုတာသိလိုက်ရသည်။အသေ
အခြာချုပ်ထားသည်အထင်နှင့် စိတ်ချလက်ချ ဘာမှပြင်ဆင်မူ့မရှိခဲ့။
ပိတုန်းကောင်ကြီးများဝိုင်းတုပ်ခြင်းကိုခံနေရသည်။
“အား——အား———-သေပါပြီဗျ”
” အား——- အား ——- အား ——– ဝုန်း”
ဘီလူးကြီးတင်းပုတ်အောက်မှာ အောက်လမ်းဆရာအသက်ပြောက်
သွားသည်။ဆရာကြီးလွယ်အိတ်ထဲမှ အဖိုးတန်ရတနာများယူလိုက်
သည်။တပည့်ဖြစ်သူ ထမ်းပိုးသွားသော သိုက်ပိုင် ရတနာသေတ္တာကို
ယက္ခကြီးယူလိုက်သည်။
ပိတုန်းကောင်ကြီးများသည်ဆရာတပည့်ကို အသက်ပျောက်သည့်အထိ
ဝိုင်းတုပ်နေကျသည်။
မကြာခင် ဘုရားပြိုကုန်းသို့ ယက္ခကြီးပြန်ရောက်လာသည်။ရတနာ
သေတ္တာကို အတွင်းစည်းစောင့်သော ယက္ခကြီးက ပြန်ယူသွားသည်။
နေ့ခင်းထမင်းစားပြီးနောက် ယက္ခကြီးက စိတ်မကောင်းသော အသံနှင့်
ပြောလာသည်။
“မိတ်ဆွေ ကျုပ်စိတ်မကောင်းပါဘူး။ ကျုပ်တို့သိုက်ပြောင်းရတော့မယ်
ရွှေကျွန်းပင်သိုက်နဲ့ပေါင်းဖို့သိုက်ချုပ်ဘိုးတော်က အမိန့်ချလိုက်ပြီ”
“ကျုပ်တို့သိုက်က တော်ယုံ သိုက်ဆရာလာရင်တောင်မနိုင်ဘူး
ကျုပ်နဲ့အတွင်းစည်းစောင့်တဲ့ ယက္ခဘဲရှိတာ။ အထဲမှာသိုက်စောင့်ဆို
လို့ ကျားတစ်ကောင်နဲ့ရံရွှေတော် ဆယ်ယောက်ဘဲရှိတာ”
“သိုက်တစ်ကြိမ်ပေါက်သွားပြီဆို မလုံခြုံတော့ဘူး။အခုတော့ ရွှေကျွန်း
ပင်သိုက်ကိုပြောင်းရတော့မယ်”
မိတ်ဆွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ကျုပ်နဲ့ နောင်တော်ယက္ခပိုင်ဆိုင်
တဲ့ဒင်္ဂါးအချို့ သိုက်အတွင်းက ရံရွှေတော်တွေပိုင်တဲ့ ငွေဒင်္ဂါးတွေစုပြီး
ဒင်္ဂါးငါးရာ ကျေးဇူးဆပ်တဲ့အနေနဲ့ပေးခဲ့မယ်။ခင်ဗျားလုပ်ကိုင်စားပေ
တော့။
စကားဆုံးသည်နှင့် ထမင်းထုတ်ထည့်သော လွယ်အိတ်ထဲသို့ ဒင်္ဂါးများ
ထည့်သော အသံကိုကြားလိုက်ရသည်။
လယ်တစ်ဧကကို နှစ်ဆယ်မှ သုံးဆယ်ပေါက်သောအချိန်ဖြစ်သော
သာအောင်အတွက် ငွေဒင်္ဂါး ငါးရာက အင်မတန်ကိုများနေသည်။
ပျော်ရွင်သောစိတ်ကူးဖြင့် သာအောင်တစ်ယောက် မိန်းမရှိရာအိမ်အပြန်
လမ်းသို့ လျှေက်လှမ်းနေတော့သည်။
စာရေးဆရာဧကန်မင်း ရဲ့လက်ရာကောင်းလေးပါ။