ဘုရားပြိုသိုက် (စ/ဆုံး)
°°°°°°°°°°°°°°°
“မြေမျိုတာလား”
“ဟား…မဟုတ်နိုင်ပါဘူး၊နွံကျွံတာပါ၊
မြေမျိုတာဆို ပူလို့ အနားမကပ်နိုင်ဘူး”
“ဟုတ်တယ်၊ ဟုတ်တယ်။ ဟိုမှာ သူ့ညီက
ကယ်ဖို့လုပ်နေတာ မတွေ့ဖူးလား”
ဘိုတောက်ကို ကယ်ဖို့လုပ်နေသည့်
သူ့ညီကိုပေါက်ခမျာ အခန့်မသင်လျှင်
သူပါ ရွှံ့နွံထဲသို့ ကျသွားနိုင်သဖြင့် သတိ
ထား၍ သစ်သားတုံးကို နွံပေါ်ခင်းရင်း
ချိန်ဆကာ နင်းနေရသည်။ ဖြစ်စဉ်မှာ
ဘိုတောက်တစ်ယောက် ဘုရားပြို
ချောင်းထဲသို့ နွားပျောက်ရှာရင်း နွံ
ကျွံ၍ နစ်သွားခြင်း ဖြစ်သည်။
နွံကျွံခါစက ပေါင်လယ်လောက်ကနေ
ခါးအထိ ကျွံဝင်သွားသလို၊ လှုပ်လေ
မြုပ်လေမို့ မလှုပ်ရဲဘဲ အသာငြိမ်နေစဉ်
ကြိမ်ဟင်းခါးဖူးသူတွေက တွေ့၍ ဘို
တောက်၏ညီ ကိုပေါက်ကို အကြောင်း
ကြားသဖြင့် ကိုပေါက် အပြေးအလွှား
လိုက်သွားပေမယ့် ဟိုရောက်တော့
အစ်ကို ဘိုတောက်မှာ လည်ပင်းအထိ
မြုပ်နေ၍ ခေါင်းလေးသာ ပေါ်တော့ပေ
ရာ ကိုပေါက်က အရဲစွန့်ပြီး ကယ်ဖို့
လုပ်နေခြင်း ဖြစ်သည်။
တကယ့်တကယ်တမ်းကျ အနားကပ်၍
မရသလို၊ သစ်တုံးခင်းပြီး ကိုပေါက်တက်
လိုက်တာနဲ့ သစ်တုံးပါ နွံထဲသို့ အိဆင်း
သွားသဖြင့် ကိုပေါက် ကမ်းပေါ် ပြန်ခုန်
တက်လိုက်ရပြန်သည်။ တစ်အူထုံ့ဆင်း
ညီအစ်ကိုအရင်းဆိုတော့လည်း သွေး
စကားပြောဆိုသည်ဆိုသလို မရမက
ကယ်မို့ လုပ်နေစဉ်မှာပင် ဘိုတောက်
၏ခေါင်းမှာ နွံထဲသို့ မြုပ်ဝင်သွားလေ
တော့သည်။
ကိုပေါက်မှ ယူကြုံးမရ ဖြစ်ကာ နွံထဲသို့
ခုန်ဆင်းဖို့ ဟန်ပြင်သဖြင့် သူတို့ရွာသူရွာ
သားများက ဝိုင်းဝန်းဆွဲနေရပေတော့သည်။
ထိုစဉ် တောင်ပေါ်၌ မိုးညိုလာကာ တဖြည်း
ဖြည်းနှင့် မည်းမှောင် အုံ့ဆိုင်းလာသဖြင့်
ရွာသူရွာသားတွေမှာ သူတို့တောသဘာဝ
အတွေ့အကြုံအရ တောင်ကျရေ ဆင်းတော့
မည်ကို အတပ်သိ၍ ကမ်းပေါ်သို့ ပြေးတက်
သွားကြသလို၊ ကိုပေါက်ကိုလည်း လူကြီး
များက ဖျောင်းဖျ၍ ဆွဲခေါ်သွားကြလေ
တော့သည်။
ကိုပေါက်တို့ ချောင်းကမ်းပေါ်ရောက်၍
တစ်အောင့်လောက်အကြာ၌ပင် တောင်ကျ
ချောင်းရေမှာ တဝေါဝေါ အသံပေး၍ စီးဝင်
လာတော့သည်။ ကိုပေါက်ကတော့ သူ့အစ်ကို
အတွက် အသက်ရှင်လိုရှင်ငြား စိတ်ဖြင့်
ချောင်းရေလျော့သည်အထိ စောင့်ကြည့်
နေခဲ့ပေမယ့် သူ့အစ်ကို ဘိုတောက်၏
အရိပ်အယောင်ကိုမျှ မတွေ့ရ၍ မျက်ရည်
တို့ ယိုစီးကျလျက် မလှုပ်မယှက် ရပ်နေ
ပေသည်။ ရွာရှိလူကြီးများက ကိုပေါက်ကို
“စိတ်လျော့ပါ ကိုပေါက်ရာ။မင်းအစ်ကို
ဘိုတောက် အသက်မရှင်လောက်ပါဘူး။
နွံက ကျွံရတဲ့အထဲ ချောင်းရေက ကမ်းလုံး
ပြည့်ဆိုတော့ အသက်ရှင်ဖို့ ဘယ်လွတ်
ပါတော့မလဲ။ တို့ဘုရားပြိုချောင်းဆိုတာ
လည်း မင်းသိသားပဲကွာ။ တောင်ကျရေ
လာရင် မြင်းတို့ ယုန်တို့တောင်မှ ပြေး
မလွတ်တာကွာ။ လာပါ ရွာပြန်ကြရ
အောင်နော်”
ဟု ချော့မော့ကာ ခေါ်ဆောင်ခဲ့ကြ
လေတော့သည်။
XXXXX
ဘုရားပြိုချောင်းဆိုတာ ပဲခူးရိုးမမှ စီးဆင်း
လာသည့် ချောင်းတစ်ခုဖြစ်ပြီး ဧရာဝတီ
မြစ်ထဲသို့ စီးဝင်လေသည်။ ကြို့ပင်ရွာနှင့်
သနပ်ပင်ရွာကြားတွင် တည်ရှိ၍ ကြို့ပင်
ရွာနှင့် အတော်အတန်လှမ်းသော်လည်း
ကြို့ပင်ရွာဘက် ချောင်းကမ်းပါးတွင်
ရှေးခေတ်မြန်မာမင်းတို့ တည်ထားကိုး
ကွယ်သည့် ဘုရားပြိုတစ်ဆူကို အစွဲ
ပြု၍ ဘုရားပြိုချောင်းဟုခေါ်ခြင်းဖြစ်
သည်။
ရှေးလူကြီးသူမအစဉ်အဆက်တို့ကလည်း
ထိုကဲ့သို့ ပြောကြားထားခဲ့လေသဖြင့်
နှောင်းလူတို့မှာလည်း “ဘုရားပြိုချောင်း”ဟု
သာ ခေါ်ဆိုခဲ့ခြင်း ဖြစ်၏။ ထိုဘုရားပြို
ချောင်းကမ်းပါးပေါ်ရှိ ဘုရားပြို ဘုရားပျက်
သို့ သိုက်တူးသမားများစွာ လာရောက်
သိုက်တူးကြသော်လည်း ရသည်၊
အောင်မြင်သည်ဟူ၍ မရှိကြချေ။
သိုက်ကြီးသည်ဟုလည်း နာမည်ကြီးပေ၏။
ထို့ကြောင့် ဘိုတောက်ကိုလည်း တစ်ရွာလုံး
က သိုက်ဆက်ပါ၍ သိုက်က ပြန်ခေါ်သည်ဟု
၍လည်းကောင်း၊ သိုက်မှ လူစားလဲသည်
ဟူ၍ တစ်ဖုံ တစ်ယောက်တစ်ပေါက်
ထင်ကြေးမျိုးစုံ ပေးနေကြချေသည်။
ကိုပေါက်ကတော့ သူ့အစ်ကိုဘိုတောက်
သူ့မျက်စိရှေ့တင် နွံထဲကျွံဝင်သွားသည်ကို
မကယ်တင်လိုက်နိုင်၍ ‘တောက်တခတ်ခတ်’
နှင့် ယူကြုံးမရ ၊ ဖြေမဆည်နိုင်လောက်အောင်
ဖြစ်နေချေ၏။ ဒါပေမဲ့ မိသားစုဝင်တို့၏ ထုံးစံ
အတိုင်း သေဆုံးသူ ဘိုတောက်အတွက်
ရွာဦးကျောင်းဆရာတော်ပင့်ကာ အသုဘရှု
တရားနာခြင်းနှင့် သက်ပျောက်သပိတ်တို့ကို
သွတ်ပေးရလေသည်။
တရားနာခြင်းနှင့်သက်ပျောက်သပိတ်
တို့ကို သွတ်ပေးရလေသည်။ ထိုကဲ့သို့
ပြုသင့်ပြုရာ၊ လုပ်သင့်လုပ်ရာတို့ကို ပြု
လုပ်ပေးပြီး တစ်ပတ်အကြာ၌ ကြို့ပင်ရွာ
သို့ ဘိုတောက် ပြန်ရောက်လာ၍ ရွာသူ
ရွာသားအားလုံး တစ္ဆေသရဲတွေ့သလို
ကြောက်ရွံ့ထိတ်လန့်ကြလေသည်။
တချို့ဆို အိမ်တံခါးကို ပြေးပ်ိတ်သူပိတ်၊
သံပုံးတီးသူတီး၊ ဘုရားစာရွတ်သူ ရွတ်ကြနှင့်
ရွာထဲတွင် အုတ်အော်သောင်းနင်း ဖြစ်ကြ
လေသည်။ သည်သတင်းကို လယ်ထဲ၌
ပျိုးနှုတ်နေသော ကိုပေါက်ကြားတော့
အပြေးတစ်ပိုင်း လာရောက်ကြည်ရှုရာ
မှန်နေသဖြင့် တွေ့တွေ့ချင်းတော့ ကို
ပေါက်ပါ အံ့သြထိတ်လန့်မိပေသည်။
တအောင့်လောက်ကြာအောင် ဘိုတောက်နှင့်
ကိုပေါက် တစ်ယောက်ကိုတစ်ယောက် ကြည့်
နေကြရင်း မျက်လုံးချင်း အဆုံမှာတော့ မျက်
ရည်တွေ ဝေ့ဝဲလျက် နှစ်ဦးသား ပြေးဖက်ကြ
လေသည်။
ကိုပေါက်ရဲ့ နှုတ်မှလည်း
“အစ်ကိုကြီး…မင်း မသေဘူးနော်”
ဟု ရင်ခေါင်းသံကြီးဖြင့် မေးမိသလို ဘိုတောက်
ကလည်း…
“မသေပါဘူး ညီလေးရာ၊ ငါကို ရွာကလူ
တွေက တစ္ဆေသရဲလို့ ငါကို ထင်နေကြတယ်
ကွာ။ ရွာအရှေ့ပိုင်းက မြင်းလှည်းသမား
လှစိုးတောင် ကြို့ပင်ကောက်မြို့မြင်းလှည်း
ဂိတ်မှာ ငါ့ကိုတွေ့တာနဲ့ ဖုတ်သဘက်ဝင်
တယ်ဆိုပြီး မောင်းထုတ်တယ်ကွာ။ ငါ
တကယ် လူအစစ်ပါကွာ။ ဘာ ဖုတ်သဘက်မှ
မဝင်သလို၊ တစ္ဆေသရဲလည်း မဟုတ်ရပါဘူး
ရွာဦးကျောင်း ဆရာတော်ဆီ ငါ့ကို
လိုက်ပို့ပါကွာ”
ဟု စဉ်ဆက်မပြတ် ပြောနေလေသဖြင့်
ကိုပေါက်က သူ့အစ်ကို ဘိုတောက်ကို
ရွာဦးကျောင်း ဆရာတော် ဦးစန္ဒိမာထံသို့
ခေါ်ဆောင်သွားလေတော့သည်။
XXXX
“အရှင်ဘုရား…တပည့်တော် ဘိုတောက်ပါဘုရား။
လူစင်စစ်ပါဘုရား။ သရဲ တစ္ဆေ၊ ဖုတ် သဘက်
ဝင်နေတဲ့လူလည်း မဟုတ်ရပါဘူးဘုရား”
ဟု ဘိုတောက်က ရွာဦးကျောင်းဆရာတော်
ဦးစန္ဒိမာအား တွေ့တွေ့ချင်း ရှိခိုးဦးချ၍
လျှောက်ထားနေခြင်း ဖြစ်သည်။ ဆရာတော်က
အံသြသော အမူအရာဖြင့် ဘိုတောက်အား
ကြည့်၍…
“ဟေ့ ဒကာကြီးဘိုတောက်၊ ဘယ်လိုက
ဘယ်လို အသက်ပြန်ရှင်လာသလဲကွယ့်။
အာဂလူပဲဟေ့။ ဒကာကြီးဖြစ်စဉ်တွေ
ဘုန်းကြီးကို ပြောပြပါဦးကွယ့်”
“ဒီလို အရှင်ဘုရား”
ဟု အစချီကာ ဘိုတောက်က သူတွေ့ကြုံ
ခဲ့ရသည်များကို မချွင်းမချန် ပြန်ပြောပြလေသည်မှာ…
ဘိုတောက် တစ်ယောက် နွားပျောက်လိုက်ရှာရင်း
ဘုရားပြိုချောင်းထဲအဆင်း၌ ဟိုဘက်ကမ်းပါးပေါ်မှ
ဖြတ်ပြေးသွားသော သူ့နွားနှစ်ကောင်ကို မြင်လိုက်
ရ၍ ချောင်းရိုးတစ်လျှောက် အပြေးလိုက်စဉ်
သဲနုန်းရှိသော ရွှံ့နွံအိုင်ကို သတိမေ့လျော့ကာ
ဖြတ်ပြေးမိပြီး သူ့ခြေထောက်နှစ်ဖက်စလုံး
ကျွံဝင်သွားလေသည်။
ပထမတော့ ဘိုတောက်က ကြောက်လန့်၍
ရုန်းကန်ကြည့်ရာ လှုပ်လေမြုပ်လေမို့ အသာလေး
ငြိမ်နေစဉ် ကြိမ်ဖူးခါးသူများက တွေ့၍ သူ့ညီ
ကိုပေါက်အား ခေါ်ကာ ကယ်တင်ဖို့ ကြိုးစား
ပေမယ့် သူ့အား နွံအောက်မှ တစ်ယောက်က
ဆွဲခေါ်သလို စိတ်ခံစားရပြီး သူတစ်ကိုယ်လုံး
ရွှံ့နွံအောက်သို့ ရောက်သွားလေတော့သည်။
ဒါပေမဲ့ ရွှံ့နွံအောက်သို့ မြုပ်သွားစဉ်
တစ်ခုထူးဆန်းနေသည်မှာ မွန်းကြပ်
ခြင်းမရှိဘဲ ပုံမှန်အသက်ရှူ၍ရသလို
တအောင့်လောက်အကြာ၌ ရှေးဟောင်း
မြို့တော်ကြီးတစ်မြို့သို့ သူရောက်ရှိသွား
လေ၏။
သူခြေကျ၍ ရပ်နေသည့်နေရာ၌ ရှေးဟောင်း
စည်ကြီးတစ်လုံး၊ အင်မတန်ကြီးမားသည့်
သံကြိုးကြီးများမှာ သင်္ဘောကျောက်ဆူးကြိုး
ကြီးများသဖွယ် အခွေလိုက် တစ်ဆင့်ချင်း
တစ်ရစ်ချင်း သွယ်တန်းထားသည်ကိုလည်း
တွေ့မြင်ရ၏။
ပို၍ ထူးဆန်းအံ့သြဖွယ်ရာ တွေ့ကြုံရပုံမှာ
သူ ထိုမြို့တော်ထဲသို့ ရောက်ရှိပြီး မကြာခင်၌ပင်
မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးများ ထူလပျစ်နှင့်
လူအယောက် သုံးဆယ်ခန့်သည် သူ့ကို
ရန်မူရန် ဓါး လှံ ဒိုင်း စသည့် လက်နက်မျိုးစုံဖြင့်
ပြေးလာနေကြလေသည်။
“ကောင်လေး မင်းဘေးက လှေကားအတိုင်း
တက်ပြေး။ အပေါ်မှာ ကျောက်စီဓါးရှိတယ်
အဲဒီဓါးကို ယူပြီး သံကြိုးကြီးတွေကနေ တွယ်
ဆင်းလိုက်။ အောက်ရောက်တာနဲ့ သံကြိုးကို
ကျောက်စီဓါးနဲ့ ခုတ်ပိုင်းလိုက်ကွ။ဒါမှ မင်း
လွတ်လမ်းရှိမယ်”
ဘိုတောက်ဟာ ကြောက်ကြောက်လန့်လန့်နဲ့
အသံရှင် မည်သူမည်ဝါဆိုတာ မစူးစမ်း မရှာ
အားတော့ပဲ အသံရှင် ပြောသည့်အတိုင်း
လှေကားပေါ် ပြေးတက်သွားကာ ဘုံအဆင့်လို
အခန်းအကျယ်ထဲတွင် ကနုတ်ပန်းခက်တို့ဖြင့်
ပြုလုပ်ထားသည့် ဓါးစင်မှ အသင့်တွေ့ရသော
ကျောက်စီဓါးကို ယူပြီး သံကြိုးကြီးတွေအတိုင်း
တွယ်၍ ဆင်းလာလိုက်သည်။
သူနောက်ကို ဝိုင်းအုံလိုက်လာကြသော
မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးများနှင့် လူကြီးများမှာ
သူက သံကြိုးကြီးတွေကို တွယ်၍ ဆင်းလိုက်သည်
နှင့် တစ်ပြိုက်နက် စူးစူးဝါးဝါး အော်ဟစ်သံပေးကာ
ဆူညံ၍နလေ၏။
ထိုသူများကလည်း သူ့လိုပင် သံကြိုးကြီးကို
တွယ်ကပ်၍ လိုက်ဆင်းလာနေ၍ သူက သံကြိုးကြီး
များ၏ အခွေအရစ်များအတိုင်း သတိထား၍ တွယ်
ကပ်၍ ဆင်းပြီး အောက်ကြမ်းပြင်ကို ရောက်သည်နှင့်
ဘာမှ စဉ်းစားမနေတော့ဘဲ သံကြိုးကြီးကို ကျောက်
စီဓါးဖြင့် ခုတ်ပိုင်းဖြတ်လိုက်လေရာ’ဝုန်း’ဆိုသည့်
အသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာပြီး
သူ့လက်ထဲက ကျောက်စီဓါးကြီးလည်း လွင့်စင်
ထွက်သွားသလို သံကြိုးကြီးမှာလည်း ပြတ်
တောက်ကာ’တဂျိန်းဂျိန်း’အသံများ အဆက်မပြတ်
ထွက်ပေါ်လာရင်း သူ့အား ရေလုံးကြီး(လှိုင်းလုံးကြီး)
များက ဝင်ဆောင့်တိုးဝှေ့ကာ အဝေးသို့
လွင့်စင်ထွက်သွားလေသည်။
သူလည်း ကြောက်အားလန့်အားဖြင့် ဆွဲမိဆွဲရာ
ဆွဲလိုက်တော့ အတော်အတန်လေးသည့် အိတ်
တစ်လုံးကို ဆွဲကိုင်မိ၍ ရေအောက်သို့ ရောက်
သွားလေသည်။ ထိုအိတ်ကို သူ လွှတ်ချဖို့
အကြိမ်ကြိမ် ကြိုးစားပေမယ့်လည်း အိတ်ကို
လွှတ်ချ၍ မရဖြစ်နေသည်။
ဒါနဲ့ သူလည်း အားတင်း၍ ရေပေါ်ရောက်အောင်
ပေါင်တန်ထိုး၍ ကူးခတ်ကြည့်ရာ ကွမ်းတစ်ရာ
ညက်ခန့်အကြာ၌ ရေပေါ်ပေါ်လာပေ၏။ ဘေး
ပတ်ဝန်းကျင်ကို သူ လှမ်းကြည့်လိုက်တော့
တစ်ခါမျှ မရောက်ဖူးသည့် နေရာဒေသမှန်းတော့
သိသည်။ ဒါပေမဲ့ ကမ်းပေါ်တက်ဖို့ သူကြိုးစား
ကြည့်ရာ ရေစီးအားကြောင့် ဘယ်လိုမျှ
ကမ်းမကပ်နိုင်ဘဲ မျောပါသွားလေသည်။
သူအတတ်နိုင်ဆုံး စိတ်ကို တည်ငြိမ်အောင်
ထား၍ ကိုယ်ကိုဖော့ကာ ရေစီးဖြင့် လိုက်ပါ
သွားတော့သည်။ ရေစီးသန်သောချောင်းမို့
တစ်ချက် တစ်ချက်၌ လူမှာ ချာလပတ်ရမ်း
ခါ၍ ပါသွားပြန်သည်။
ထိုသို့ တစ်နာရီ၊ နှစ်နာရီနီးပါးမျှ မျောပါသွားရင်း
သူ့စိတ်ထဲတွင် ရေစီးအားလျော့လာသည်ဟု
ထင်မြင်မိသဖြင့် ကြိုးစား၍ ကမ်းကပ်ကြည့်ရာ
မျောတုံးကြီးတစ်တုံးက သူ့ထံ တည့်တည့်
ဝင်လာသဖြင့် အမြန်ရေငုပ်၍ ရှောင်လိုက်
ရသေးသည်။ ထပ်မံပြီး ကံကောင်းထောက်မ၍
သာ အသက်ဘေးမှ လွတ်ခဲ့ရပြန်သည်။
ထို့ကြောင့် သူ့စိတ်၌ စိတ်အားတက်ကြွလာပြီး…
“ငါ မသေရဘူး၊ ငါ မသေနိုင်ဘူး’ ဟု
စိတ်အားကို တင်းလျက် ကမ်းဘက်သို့
အားခဲ၍ ကပ်ကြည့်ပြန်ရာ တဖြည်းဖြည်း
ကမ်းသို့ ကပ်လို့ရလာသည်။ ထိုကမ်း
ဘေးကပ်လျက်၌ ပေါက်လျက်ရှိသော
ကိုင်ပင်းများကို သူလက်တစ်ဖက်ဖြင့်
ဆွဲကိုင်ထားပြီး အသက်ဝဝရှူကာ
ခဏတဖြုတ်နားပြီးတော့မှ ကမ်းပေါ်သို့
တက်လာလိုက်၏။
ကမ်းပေါ်ရှိ နီးစပ်ရာအိမ်သို့ ဝင်ပြီး သူ့ဖြစ်စဉ်
အကျိုးအကြောင်းကို ပြောပြ၍ အကူအညီ
တောင်းခံကြည့်ရာ သူ့အား သူရူးတစ်ယောက်
ဟု ထင်ကာ မောင်းထုတ်ကြပြန်သဖြင့် သူ
ကမ်းတစ်လျှောက် လမ်းလျှောက်လိုက်၊
နားလိုက်ဖြင့် လာခဲ့ရာ ကျွန်းကလေး
ဆိုသည့် ရွာရောက်ခဲ့သည်။
ထိုမှ ရွာဦးကျောင်းဆရာတော် ဦးသောဘိတထံ
အရောက်သွား၍ လျှောက်ထားအကူအညီတောင်း
ခံမှသာ ဆရာတော်၏ ကူညီဖေးမမှုဖြင့် ကြို့ပင်
ကောက်မြို့ပေါ်အထိ ကျွန်းကလေးရွာသား
ဦးဖိုးမောင်ဆိုသူက စက်ဘီးဖြင့် လိုက်ပို့၍
ကြို့ပင်ရွာသို့ ပြန်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း
ပြန်လည်ပြောပြခဲ့ပါသည်။
ကြို့ပင်ရွာဦးကျောင်းဆရာတော် ဦးစန္ဒိမာက
ဘိုတောက်၏ စကားအဆုံး၌…
“အိမ်း…ဒကာကြီး ဘိုတောက်ပြောတာ
မယုံကြည်စရာ မရှိဘူးကွယ်။ ဘုန်းကြီးလည်း
ဟိုးအရင်က ဘုရားပြိုမှာ သိုက်တူးခဲ့ကြဖူးတဲ့
သိုက်တူးသမားတွေဆီက ကြားခဲ့ဖူးပါတယ်။
ဒီဘုရားပြိုအနားက သိုက်ဟာ အင်မတန်ကြီး
တယ်ကွယ့်။ဒီသိုက်ထဲကို ဝင်ချင်ရင် ဘုရား
ပြိုချောင်းထဲမှာရှိတဲ့ နွံအိုင်ကြီးထဲကမှ တစ်ဆင့်
သိုက်ထဲကို ဝင်လို့ရမှာတဲ့ ။ ဒီအကြောင်းချင်း
ရာကို သိုက်တူးသမားတွေက သိပေမယ့်လည်း
ဘယ်သူက နွံအိုင်ထဲ ဆင်းဝံ့မလဲကွယ်။ဒါ
ပေမယ့် ဘိုတောက်ကတော့ ကံအားလျော်စွာ
သိုက်ထဲရောက်ခဲ့သလို၊ အသက်ရှင်လျက်လည်း
သိုက်ထဲရောက်ခဲ့သလို၊ အသက်ရှင်လျက်လည်း
ပြန်ထွက်လာနိုင်တယ်ဆိုတော့ ဘိုတောက်ရဲ့
သီလဆက်၊ သိုက်ဆက်ပေါ့။ သေကံမရောက်
သက်မပျောက်ဆိုတာ ဒါမျိုးကိုကွယ့်။ ဒါနဲ့ နေ
ပါဦး ဒကာဘိုတောက်ရဲ့။ ဒကာကြီးဆီမှာ
ပါလာတဲ့ အိတ်ထဲမှာရော ဘာတွေပါသလဲကွဲ့”
ဟု ဆရာတော်ဦးစန္ဒိမာက မေးမြန်းမှ ဘိုတောက်က
သူ့လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်
ထားသည့်အိတ်ကို ဖွင့်၍ သွန်ကြည့်လိုက်ရာ
ရွှေဒင်္ဂါးများစွာကို တွေ့ရှိခဲ့ရလေတော့သည်။
ဘိုတောက်ကိုယ်တိုင်ပင် ထိုဖြစ်အင်အား
အံ့သြတုန်လှုပ်လျက် ငေးကြည့်နေရင်းကနေ
ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်ရင်း
ဆရာတော်ဦးစန္ဒိမာကို ဤသို့ လျှောက်တင်
လိုက်လေတော့သည်။
“ဆရာတော်ဘုရား…ဘုရားပြိုစေတီကို
ဆရာတော်ဘုရား ဦးစီးပြီး ပြန်လည်ပြုပြင်
ပေးပါဘုရား။ ဘုရားတပည့်တော် ဒီရွှေဒင်္ဂါး
တွေကို ဆရာတော်ကို ဘုရားတည်ဖို့အတွက်
အကုန်လှူပါတယ်ဘုရား”
“အိမ်း…သာဓု သာဓုပါ ဒကာကြီးဘိုတောက်ရေ။
ဘုန်းကြီးလည်း ဒကာကြီးအလှူမှာ ပါဝင်ဦးစီး
ခွင့်ရလို့ ကျေးဇူးတင်ပါပေကွယ်။ ဒကာကြီးဆန္ဒ
ပြည့်ဝပါစေရမယ်။ ဘုန်းကြီးလည်း
ဘုရားမတည်ခင် အဓိဋ္ဌာန်ဝင်လိုက်
ဦးမယ်ကွယ့်”
ဟု ဆိုကာ ကြည်လင်သော မျက်နှာတော်ဖြင့်
ဘုရားခန်းသို့ ဝင်သွားလေတော့သည်။ နောက်
သုံးလအကြာမှာတော့ ဘုရားပြိုချောင်းကမ်းပါး
ပေါ်၌ သေရွာပြန် ဘုရားဒကာဘိုတောက် ကောင်း
မှုဖြင့် ‘ဘုရားပြိုသိုက်စေတီ’ဆိုသည့် စေတီတစ်
ဆူလည်း ဆည်းလည်းခတ်သံ တညံညံဖြင့်
သပ္ပါယ်တင့်တယ်စွာ ပေါ်ထွန်းလာ
ပေတော့သတည်း။
#မူရင်းရေးသူ ဆရာ ဒေါင်းလူမင်းမင်း
သွေးအေးသော သရဲမနှင့် ဆန်းကြယ်
ထူးခြား ဝတ္ထုများ ကလောင်စုံ စာအုပ်မှ
ကောက်နုတ်တင်ပြထားသည်။
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ။Like & Share ပေးသွားကြပါဦး။
ပြီးပါပြီ