ဘွားမယ်စိန်နှင့်ရွာပျက်ကြီးမှငိုသံပိုင်ရှင်(စ/ဆုံး)
—————————————————–
လေထုသည်သူ၏လားရာသို့ရွေ့လျားဟန်မပြ ငြိမ်သက်လို့နေခဲ့၏။
ထိုနည်းတူစွာပတ်ဝန်းကျင်၏တိတ်ဆိတ်ခြင်းသည်လည်း
အသည်းငယ်သူအဖို့မနေဝံ့စရာပင်။
တိတ်ဆိတ်သောထိုနေရာသည်က မည်သည့်နေရာပေနည်း။
ထိုနေရာ၏အမည်သည်က “စမ်းချောင်းရွာ”ဟုအမည်တွင်ပေသည်။
စမ်းချောင်းရွာ ဆိုသည်က
ရွာတစ်ရွာ၏အမည်ပင်ဖြစ်သည် ။
ရွာဟုဆိုသော်လည်း နေထိုင်သူ မရှိဘဲ ခြောက်ကပ်တိတ်ဆိတ်လို့နေပြန်သည်။
ယခင်ကစည်းကားစွာရှိသော ရွာကြီးသည် ယခုတော့မည်သူမှရှိမနေခဲ့။
အကြောင်းတစ်ခုခုကြောင့်ထိုသို့ဖြစ်သွားရသည်
ဆိုလျှင်ဖြင့်စာဖတ်သူတို့ယုံကြည်ကြလေမည်လား။
ထိုအကြောင်းသည်က…
***************
စမ်းချောင်းရွာ ဆိုသည်က ဤနယ်တဝိုက်၌ စည်းကားလှသော ရွာကြီးဟုပင် အများသိကြ၏။
စမ်းချောင်းရွာ ၌ လယ်တောများပေါများလှပေသည်။
ပဲစိုက်ခင်းများ၊စပါးစိုက်ခင်းများအပြင် မြေအိုးလုပ်ငန်းလည်း တွင်ကျယ်စွာတည်ရှိသည်။
စမ်းချောင်းရွာ၏ သူကြီးဖြစ်သူ အမည်ကား ဦးကြွယ်ပင်ဖြစ်၏။
ဦးကြွယ်သည်က အသက်အားဖြင့်ငါးဆယ်ကျော်ရှိပြီး ဇနီးသည်မရှိရှာတော့။
ဦးကြွယ်သည် သမီးဖြစ်သူခင်မမနှင့်သာအတူနေထိုင်ပြီး
ခင်မမသည်အိမ်ထောင်သည်ပင်ဖြစ်၏။
ခင်မမ၏ ယောကျာ်းဖြစ်သူစံတိုးသည်က ပွဲစားတစ်ဦးပင်။
ရွာရှိ ပဲများ၊ဆန်များကိုတဆင့်ဝယ်ယူ၍ မြို့တက်ရောင်းချသူပင်ဖြစ်သည်။
ခင်မမတို့၌သားထောက်သမီးခံမရှိကြသေး။
ထိုကဲ့သို့ သူကြီးဦးကြွယ်အုပ်ချုပ်သော ရွာသည် အေးချမ်း၏။
ခိုက်ရန်ဖြစ်ပွားခြင်းမရှိ ရွာသားအချင်းချင်း သင့်မြတ်လွန်းလှပေသည်။
ဒီလိုဖြင့်တစ်ရက်၌…
“အမေ…ကျုပ် လယ်ထဲထမင်းသွားပို့တော့မယ်နော်”
စမ်းချောင်းရွာသူဖြစ်သည့် မလေးခင်က မိခင်ဖြစ်သူအားခွင့်တောင်းနေလေသည်။
လယ်တောသို့သွားကြသော ဖခင်ဖြစ်သူနှင့်မောင်များအတွက်ထမင်းတောင်းပို့ဖို့ရန်
အချိန်သို့ရောက်လေပြီ။
“အေး…အေး…သေချာသွားနော် လေးခင် …လယ်တောက ရွာနဲ့ဝေးတော့
အမေ ညည်းကိုစိတ်မချဘူးအေ့”
“အို…အမေရယ်…ကျုပ်ကိုစိတ်ချပါတော်”
“ဘာကိုစိတ်ချရမှာလည်းလေးခင်…
ညည်းအရင်တစ်ခေါက်
လယ်တောထမင်းတောင်းသွားပို့တာ
လမ်းမှာညည်းအကောင်နဲ့ချိန်းတွေ့တာကို ညည်းမောင်တွေတွေ့လို့တိုင်တောခံရတာလေ…။
အဲ့တုန်းက ဖအေဖြစ်သူကျောကော့အောင်အရိုက်ခံရတာကို မမှတ်မိတော့ဘူးလားအေ့”
“အမေရယ် အဲ့တာလမ်းမှာမတော်တစတွေ့တာလို့ ကျုပ်ပြောတော့လည်း အမေတို့က မယုံဘူးတော်”
” ယုံအောင်နေပေါ့အေ…
ညည်းအနေအထိုင်မဆင်ခြင်တော့အပြောခံရမှာပေါ့”
“ဟုတ်ပြီတော်ရေ့…ဟုတ်ပြီ…
ကျုပ်ပဲဆင်ခြင်မယ်ရပြီမလား…
ပေးပေး ထမင်းတောင်း…ကျုပ်သွားတော့မယ်”
“ဒီကောင်မကတော့ ကိုင်ထားတဲ့ယောင်းမနဲ့ကောက်ပေါက်လိုက်ရ
မအေကိုမရိုမသေနဲ့”
မလေးခင်တို့သားအမိ
စကားပြောနေရင်းမှမပြေမလည်ဖြစ်လာခဲ့သည်။
ထိုအခါမလေးခင်တစ်ယောက် ထမင်းတောင်းအားဆောင့်ကြီးအောင့်ကြီးယူသွားလေရာ
ကျန်ရစ်ခဲ့သော
မိခင်ဖြစ်သူ၏ဆူပူသံများထွက်ပေါ်လာတော့သည်။
*********
မလေးခင်တို့မိသားစုသည် လူညီ၏။
မောင်ဖြစ်သူနှစ်ယောက်နှင့် ဖခင်ဖြစ်သူတို့ကလယ်တောသို့ဆင်းကာအလုပ်လုပ်ကြပြီး။
မလေးခင်နှင့်မိခင်ဖြစ်သူက အိမ်ဝိုင်းကျယ်ကြီးအတွင်းစိုက်ပျိုးထားသည့် ခရမ်းချဥ်သီး၊ပဲတောင့်ရှည် အစရှိသည့်ရာသီပေါ်အသီးအနှံများရောင်းချကာ အပိုဝင်ငွေရှာကြ၏။
ထိုသို့ကြောင့်မလေးခင်၏မိဘများသည်သမီးဖြစ်သူ
မလေးခင်အား ရွှေနားကပ်ရွေလက်ကောက်များဆင်မြန်း၍
ပေးထားကြသည်။
ယခုမလေးခင်တစ်ယောက် ထမင်းတောင်းအားခေါင်းပေါ်ရွက်၍
လယ်တောဆီသို့ထွက်လာခဲ့သည်။
လမ်းတွင်ရွာမှအသိမိတ်ဆွေများမှ မလေးခင်အားနှုတ်ဆက်ကြ၏။
မလေးခင်ရွာပြင်ဘက်ဆီသို့ရောက်လာလေတော့ လူအသွားအလာနည်းပါးသွား၏။
ထို့ကြောင့်မလေးခင် ခပ်သွက်သွက် လျှောက်လှမ်းလာခဲ့လေသည်။
ထိုသို့ခပ်သွက်သွက်လျှောက်လှမ်းရင်း သူမနှင့်မျက်နှာချင်းဆိုင်ထံမှ လူစိမ်းသုံးဦးအား မလေးခင်မြင်လေရာ စိတ်အတွင်းထိတ်လန့်သွားခဲ့ရသည်။
ယခင်သွားနေကြဖြစ်သော်လည်း
ယခုထိုလူစိမ်းများကြောင့် မလေးခင် ရှေ့သို့ဆက်သွားဖို့ရန်တွန့်ဆုတ်မိ၏။
သို့သော်သူမ၏စိတ်ကို တင်းစေပြီး ဆက်လျှောက်လာခဲ့လိုက်သည်။
မျက်နှာခြင်းဆိုင်မှ လူစိမ်းသုံးယောက်သည် သူမအား သတိမပြုမိသလိုကျော်ဖြတ်သွားချိန်မှသာ
မလေးခင် စိတ်သက်သာရာရသွားခဲ့၏။
မလေးခင်စိတ်တို့သက်သာရာရသွားချိန်၌
မလေးခင်သတိမထားမိလိုက်သည့် မလေးခင်၏နောက်ပါးဆီမှ…
“အားးးးးးးးးးးးး”
************
ညနေပင်မှောင်ရီသန်းနေလေပြီ။
ထမင်းသွားပို့သော မလေးခင်သည် အိမ်သို့ပြန်မရောက်လာသေး။
လယ်တောသို့ထမင်းသွားပို့သော်လည်း မရောက်လာ၍ဖခင်ဖြစ်သူနှင့်မောင်ဖြစ်သူနှစ်ယောက်သည်လည်း မလေးခင်အား ဒေါသထွက်နေကြ၏။
“တောက်…ဒီခွေးမ တော့ကွာ…”
“ဒေါသတွေခဏထားပါဦး ကိုကျော်မြရယ်…ကျုပ်သမီးလေးကိုရှာပါဦးတော်”
မလေးခင်၏မိခင်ဖြစ်သူက ငိုကြွေးလို့နေ၏။
သမီးဖြစ်သူကိုဒေါသထွက်သော်လည်းစိတ်ပူပန်မှုကသာပိုမိုကြီးထွားနေရှာသည်။
ထိုအချိန် အစ်မဖြစ်သူသတင်းသွားရောက်စုံစမ်းသော မောင်ဖြစ်သူနှစ်ယောက်ပြန်ရောက်လာကာ…
“အဖေ…အဖေ့သမီးလုပ်ရက်တယ်ဗျာ…”
“ဘာထူးလဲအကြီးကောင်”
“အဖေ့သမီး သူ့ရည်းစားနဲ့လိုက်ပြေးတာထင်တယ်…ဟိုအကောင်လည်းမြို့တက်သွားတယ်ပြောနေကြတယ်…”
“အင်း…ဒါဆို ဒီကောင်မတို့ကိုအရှက်ရအောင်လုပ်တာသေချာပြီပဲ…
တောက်..အကြီးဆုံးသမီး…အမိုက်ဆုံးသမီး…ကွာ…”
“ဝုန်း…”
“ခလွမ်…ခွမ်းးးး”
မလေးခင်၏ဖခင်ဦးကျော်မြသည် အနီးရှိစားပွဲအားဒေါသတကြီးတွန်းလှဲပစ်လိုက်လေရာ စားပွဲပေါ်ရှိ အရာများကွဲကျကုန်တော့လေသည်။
“သမီးရယ်…မိုက်လိုက်တာအေ”
“ငိုမနေနဲ့…နင်တို့သားအမိသုံးယောက်ကိုငါပြောထားမယ်..အဲ့ကောင်မသတင်းဆိုဘာကိုမှမစုံစမ်းကြနဲ့…
သူထိုက်နဲ့သူ့ကံပဲ..အခုဆိုငါ့မှာသားနှစ်ယောက်ပဲရှိတယ်…ကြားကြလား”
“ဟုတ်ကဲ့”
“ဟုတ်ကဲ့ပါအဖေ”
ဦးကျော်မြသည်သမီးဖြစ်သူသတင်းအား မစုံစမ်းခိုင်းတော့။
သမီးအဖြစ်မှဖယ်ရှားလိုက်တော့၏။
ထိုသို့ဖြင့် မလေးခင် ပျောက်ဆုံးပြီး တစ်ပတ်အကြာ မလေးခင်၏ချစ်သူဖြစ်သူသည် ရွာသို့ပြန်ရောက်လာခဲ့လေသည်။
သို့သော် အားလုံးသိထားကြသည့်အတိုင်း မလေးခင်နှင့်ခိုးပြေးခြင်းမဟုတ်။
သူ၏အလုပ်ဖြင့်သာမြို့သို့တက်သွားပြီး ရွာသို့ရောက်မှသာ မလေးခင်ပျောက်ဆုံးတာကိုသိရှာ၏။
ထိုအခါမှသာ ဦးကျော်မြတို့သမီးဖြစ်သူအားလိုက်လံရှာဖွေကြလေရာ မည်သည့်သတင်းအစအနကိုမျှမရရှိကြတော့ပေ။
မလေးခင်ပျောက်ဆုံးပြီး၍တစ်လအကြာတွင်ဖြစ်သည်။
အချိန်သည်ကား ညသန်းခေါင်ယံလူခြေတိတ်ချိန်ဖြစ်၏။
ထိုအချိန်၌ ရွာရှိခွေးများပင် အိပ်မောကျလို့နေခဲ့သည်။
တိတ်ဆိတ်သော ညသန်းယံတွင် ရုတ်ချည်းထွက်ပေါ်လာခဲ့သော….
“အဟင့်…အဟင့်…အဟင့်…အီးးး….
ဟီးးးး…ဟီးးးးး….”
အမျိုးသမီးတစ်ဦး၏ငိုကြွေးသံကြီးထွက်ပေါ်လို့လာခဲ့၏။
ထိုငိုကြွေးသံအား အိပ်မောကျနေသော ရွာသူ၊ရွာသားများသတိထားမိကြသည်။
သန်းခေါင်ကျော်မှထွက်ပေါ်လာသောငိုကြွေးသံသည် သုံးချက်တီးလောက်မှသာရုတ်ချည်းပျောက်ကွယ်လို့သွားလေသည်။
နောက်တစ်နေ့နံနက်မိုးအလင်းမှာတော့ ထိုငိုသံကြီး၏သတင်းသည် ရွာအတွင်းသတင်းတစ်ခုသဖွယ်ဖြစ်လို့နေခဲ့၏။
ငိုသံကြီးထွက်ပေါ်ချိန်၌မည်သူတစ်ဦးတစ်ယောက်ကမှ
အိမ်အပြင်ဘက်ဆီသို့
မထွက်ရဲခဲ့ကြ။
ထို့ပြင်ငိုသံကျယ်ကြီးသည်
ရွာရှိအိမ်တိုင်းလိုလိုမှကြားနေကြရသည်မှာလည်း
ပို၍ထူးဆန်းလှ၏။
ရက်မှလသို့ပြောင်းလဲသွားသော်လည်း ညစဥ်ငိုသံကြီးကိုကြားနေကြရ၏။
ရွာရှိလူများစုပေါင်း၍ ပရိတ်ရွတ်ခြင်းအပြင်တတ်ကျွမ်းသောဆရာသမားများ
ပင့်ဖိတ်ပါသော်လည်း ငိုသံကြီးကပျောက်ကွယ်မသွားဘဲ
ဖြစ်မြဲအတိုင်းပင်ဖြစ်နေခဲ့လေသည်။
ထိုသို့ဖြစ်ပျက်နေသော ရွာ၌ နေထိုင်ကြသူများသည်လည်း
တစတစပြောင်းရွေ့သွားကြ၏။
နောက်ဆုံးရွာ၌ လူတစ်ဦးတစ်ယောက်မှမရှိသည်အထိဖြစ်သွားခဲ့
ရလေသည်။
ထိုရွာပျက်ကြီးအား ဖြတ်သန်းသွားလာကြသည့် ခရီးသွားများအတွက်
အတော်ပင်ထူးဆန်းခဲ့ရပေသည်။
အကြောင်းမှာညစဥ်ငိုသံသည်
ထွက်ပေါ်နေစဲကြောင့်ပင်ဖြစ်၏။
သို့သော် တဆင့်စကားတဆင့်ကြား၍ မည်သူမှထိုရွာကြီးအားညဘက်၌
ဖြတ်သန်း၍ခရီးသွားကြခြင်းမရှိတော့ပေ။
**********
“သြော်…ဒါဆို မောင်ရင်က အဲ့နယ်ကလာတာလားကွဲ့”
“ဟုတ်ကဲ့ဘွား…ကျုပ်က အဲ့ရွာပျက်ကြီးနဲ့မဝေးတဲ့ရွာဆီကပါ…”
“အေး…အေး…ဘယ့်နဲ့မောင်ရင်ရဲ့ဖျာကြမ်း
တွေကောရောင်းရသလား”
“ဟုတ်…ရောင်းရပါတယ်ဘွား…မနက်ဖြန်ဆို ကျုပ်ပြန်ရတော့မှာပါ”
ရွာများဆီသို့ ဖျာလိုက်ရောင်းချသော မောင်ဇင်သည် ဘွားမယ်စိန်အား.သူသိထားသည့် ရွာပျက်ကြီးအကြောင်းပြောပြနေခဲ့သည်။
ထိုရွာပျက်ကြီး၌ လူမနေထိုင်ကြတော့သည်မှာ နှစ်ပေါင်းသုံးဆယ်မျှရှိပြီဟု မောင်ဇင်ကပြောလေသည်။
ထိုအကြောင်းကိုလည်း ဖျာဝယ်ယူရင်းဘွားမယ်စိန်တစ်ယောက်စိတ်ဝင်တစားဖြင့်နားထောင်ခဲ့၏။
“ဒီလိုကွယ်…မောင်ရင်အပမ်းမကြီးရင် မောင်ရင်ပြန်ရင် ဘွားလိုက်ခဲ့လို့ရမလား”
“ဗျာ…”
“ဘွားက အဲ့ရွာပျက်ကြီးကိုသွားချင်လို့ပါကွယ်…
ဒါကလည်းမောင်ရင်အဆင်ပြေမှပါလေ”
“အမေကအကြောင်းရှိလို့ထင်ပါရဲ့…
ဒီကမောင်ဇင်အပမ်းမကြီးအောင် အရီးတို့ကလှည်းယူခဲ့မှာပါ…အရီးအမေအကြောင်းတော့မောင်ရင်မသိလောက်ဘူး…
အရီးအမေကအဲ့ရွာအတွက်တစ်ခုခု
လုပ်ပေးချင်နေတယ်ဆိုတာတော့အရီးသိတယ်ကွယ်”
ဘွားမယ်စိန်၏သမီးဖြစ်သူဒေါ်ဝင်းက ကြားဖြတ်ပြောလေသည်။
ထိုအခါ မောင်ဇင်က…
“ဘွားမယ်စိန်အကြောင်းကို ကျုပ်လိုရွာစဥ်လှည့်စျေးရောင်းသူကသိပါတယ်အရီး…။ဒါကြောင့်လည်း ဒီရွာကြီးအကြောင်းကျုပ်ပြောပြတာပါ…။
အခုထိငိုယိုသံတွေထွက်နေသေးတဲ့အဲ့သည်ရွာပျက်ကြီးကို ဘွားတစ်ခုခုလုပ်ပေးနိုင်လိမ့်မယ်လို့လည်း ကျုပ်ယုံကြည်ပါတယ်…လိုက်ခဲ့ပါဘွား…
ကျုပ်ခေါ်ပါတယ်”
“အေးကွယ်…သာဓု…သာဓု…သာဓု”
ထိုသို့ဖြင့်နောက်ရက်မှာဖြင့်…
မောင်ဇင်ပြောသောရွာပျက်ကြီးထံသို့
ဘွားမယ်စိန်၊မောင်တိုး၊မောင်အုန်းနှင့်မောင်ဇင်တို့လေးဦးသားနွားလှည်းဖြင့်
ခရီးထွက်လာခဲ့ကြတော့၏။
ရွာပျက်ကြီးထံသို့ရောက်လေတော့ မိုးပင်ချုပ်လေပြီ။
ရွာပျက်ကြီး၌
လူသူကင်းမဲ့ပြီးအပင်များသည်လည်း အထိန်းအကွပ်မရှိကြီးထွားအုံ့ဆိုင်းလို့နေခဲ့သည်။
လူမနေသော အိမ်အိုအိမ်ပျက်ကြီးများနှင့်ရွာကြီးသည် အကျည်းတန်လွန်းလှ၏။
ဘွားမယ်စိန်၏ဆန္ဒအရကျန်သုံးဦးသည် ရွာပျက်ကြီး၌သာညအိပ်ကြရပေမည်။
နွားများကိုရေတိုက်အစာကျွေးပြီးနောက်
ညစာစားဖို့ပြင်ဆင်ကြလေသည်။
ဘွားမယ်စိန်တို့နေရာယူထားသည်က မြက်များရှင်းသည့်နေရာလွတ်တစ်ခု၌ဖြစ်သည်။
မောင်တိုးနှင့်မောင်အုန်းတို့သည် မီးပုံပြုလုပ်နေပြီး
မောင်ဇင်သည်ကား ယူဆောင်လာခဲ့သည့်ထမင်းထုပ်ဟင်းထုပ်များကို
နေရာချနေခဲ့၏။
ဘွားမယ်စိန်သည်ကားသူ၏တောင်ဝှေးကိုထောက်၍
ဘေးဘယ်ညာဆီသို့စိတ်ဝင်တစားလိုက်လံ၍
ကြည့်ရှု့နေခဲ့ပေသည်။
ပြီးနောက်မှာတော့
လေးဦးသားစုံညီစွာညစာစားကြလေသည်။
ညစာစားအပြီးမီးပုံဘေး၌အခင်းများခင်းကျင်း၍
အိပ်စရာနေရာ ပြုလုပ်ကြပြန်သည်။
မောင်တိုး၊မောင်အုန်းနှင့်မောင်ဇင်တို့သုံးဦးသည် မီးပုံ၏တစ်ဖက်ဘေး၌စုပြုံလှဲအိပ်ကြ၏။
ဘွားမယ်စိန်သည်ကားမိမိ၏နေရာတစ်ဖက်၌ မလှဲသေးဘဲ ထိုင်နေလျှက်ပင်။
မီးပုံကိုတစ်ချက်ကြည့်လိုက်ဘေးဘယ်ညာကို
ကြည့်လိုက်ဖြင့် ဘွားမယ်စိန်မအိပ်နိုင်ရှာသေး။
ကျန်သုံးဦးမှာသားခရီးပင်ပန်း၍ဟောက်သံများပင်
တစီစီထွက်ပေါ်လို့နေလေပြီ။
************
ကောင်းကင်၌တိမ်မဲများသည် သာနေသော လအားဖုံးကွယ်လိုက်တိုက်ခတ်နေသောလေကြောင့်
တရွေ့ရွေ့ဖယ်ရှားသွားလိုက်ဖြင့် ကောင်းကင်တခွင်နေရာယူလို့ထား၏။
ထိုသို့အချိန်၌…
“အီးးး….ဟီးးးးးး….ဟီးးးးးးးး……ဟီးးးးးးးးးးးးးးးး”
“အူ….ဝူးးးး…ဝူးးး….အူ……”
ငိုသံကြီးနှင့်အတူ မည်သည့်အရပ်ကမှန်းမသိသော ခွေးအူသံတို့သည်တပြိုင်နက်တည်းထွက်ပေါ်လို့လာခဲ့၏။
ထိုငိုသံကိုဘွားမယ်စိန်နားစွင့်နေ၏။
ခဏကြာလေမှကျန်သုံးဦးသည်လည်းငိုသံကို
ကြားရ၍ထင်သည်
အိပ်နေရာမှဇတ်ခနဲထလာခဲ့ကြ၏။
“ကဲ…နိုးကြပြီးလား…မောင်တိုးမီးတုတ်ယူခဲ့…မောင်အုန်းကနွားလှည်းမှာထားတဲ့ဓားမကိုယူခဲ့…လာကြ”
ဘွားမယ်စိန်ထထွက်သွား၍ မောင်တိုးတို့အလျင်စလို လိုက်ခဲ့ကြရသည်။
ခြုံများ…အပင်များကြားမှသွားလာကြသည်မို့သတိကြီးစွာသွားကြရ၏။
ဘွားမယ်စိန်မည်သည့်အရပ်သို့သွားသည်ကိုမသိကြ။
ငိုသံကြီးကတော့ထွက်ပေါ်နေစဲပင်။
ငိုသံကြီးကြောင့် ကြောက်စိတ်ဖြင့်
ကြက်သီးများပင်ထနေကြသော်လည်းဘွားမယ်စိန်ကြောင့်
အားတင်းကာလိုက်လာကြရ၏။
ဘွားမယ်စိန်သည် နေရာတစ်ခုသို့အရောက်…
“ရပြီ…မင်းတို့ဒီနားနေခဲ့ကြ…ဘွားခေါ်မှသာလာကြကွယ်”
“ဟုတ်ကဲ့ပါဘွား”
“ဟုတ်ကဲ့”
သုံးဦးကိုချန်ထားခဲ့၍ ဘွားမယ်စိန်သူ၏တောင်ဝှေးကိုယူဆောင်ကာရှေ့ထံသို့
တိုးကပ်သွားခဲ့သည်။
ဘွားမယ်စိန်သွားနေသည်က အုန်းပင်တစ်ပင်၏အောက်သို့။
ဘွားမယ်စိန်မြင်နေရသည်က ထိုအုန်းပင်အောက်၌ သူ့အားကျောပေးကာ ရှိုက်ငင်တကြီးငိုကြွေးနေသော အမျိုးသမီးတစ်ဦးပင်။
ထိုအမျိုးသမီးနှင့်မလှမ်းမကမ်းသို့ ဘွားမယ်စိန်ရောက်လာလေတော့…
“သမီးးး…”
“ဟင်…”
ဘွားမယ်စိန်ခေါ်သံကြောင့်အမျိုးသမီးသည် အံ့သြသွားဟန်တူ၏။
သူ၏ငိုသံပင်တိတ်ဆိတ်၍သွားသည်။
“ဘွားဆီလာ…ဘွားက သမီးရဲ့အခက်အခဲကိုလာကူညီတာပါကွယ်”
အမျိုးသမီးသည် ဘွားမယ်စိန်ဘက်သို့သူ၏ကိုယ်အားလှည့်လာကာ ကြည့်လိုက်သည်။
မောင်တိုးတို့သည်ကရုတ်တရက် တိတ်ဆိတ်သွားသောငိုသံနှင့်
တစ်ဦးထဲစကားပြောဆိုနေသောဘွားမယ်စိန်အား ရင်တထိတ်ထိတ်ဖြင့် ကြည့်နေခဲ့ကြလေသည်။
“သမီးကို…သမီးကိုမြင်တယ်လား”
အမျိုးသမီးသည်ချော၏။
သူ၏အမေးအားဘွားမယ်စ်ိန်ကခေါင်းငြိမ့်ပြလေရာသူ၏
မျက်နှာအထက်၌အပြုံးတစ်ခုထွက်ပေါ်လာခဲ့ပြီး…
“ဝမ်းသာလိုက်တာ…ဝမ်းသာလိုက်တာဘွားရယ်…”
ဟုပြောရှာသည်။ပြီးနောက်ဆက်ပြီး…
“ဟိုလူတွေကရောမြင်ကြတာလား…
ဘွားတို့ကသမီးလိုပဲလား”
မောင်တိုးတို့သုံးဦးကိုမေးငေါ့မေးလေရာဘွားမယ်စိန်က…
“မဟုတ်ဘူးသမီး…သူတို့က သမီးကိုမမြင်ကြပါဘူး။နောက်ပြီး ဘွားတို့ကလူသားတွေပါသမီးနဲ့ဘုံဘဝမတူညီကြဘူးလေ”
“ရှင်…”
“မအံ့သြနဲ့သမီး…ဘွားဒီကိုလာတာ ဒီရွာပျက်ကြီးကငိုသံကိစ္စကိုဖြေရှင်းပေးချင်လို့ပဲကွယ်…
ဒါနဲ့သမီးနာမည်က…”
“သမီးနာမည်က မလေးခင်လို့ခေါ်ကြပါတယ်…အချိန်တစ်ခုကပေါ့ နောက်များကြတော့ မလေးခင်ကိုဘယ်သူမှမတွေ့ကြ
စကားမပြောကြတော့ဘူးလေ”
“အင်း…ဒါက သမီးနဲ့ဘုံဘဝခြားသွားကြတာကိုး…
သမီးအကြောင်းလေးဘွားကိုပြောပြပါလားကွယ်”
“မလေးခင်အကြောင်းကိုဘွားကိုပြောပြရင်ဘွားက
မလေးခင်ကိုကူညီပေးမှာလား…
မလေးခင်ဒီလိုခြောက်ကပ်ကပ်ကူကယ်ရာမဲ့ဘဝမှာ
ဆက်ပြီးမနေချင်တော့လို့ပါဘွားရယ်…
အဟင့်…အဟင့်….”
“ဘွားကူညီပေးမှာမလို့ဒီထိလာခဲ့ပြီလေကွယ်…
မလေးခင်ပြောပြတာကိုဘွားနားထောင်ချင်သေးတယ်”
ဘွားမယ်စ်ိန်ကပြောလေတော့ မလေးခင်သူ၏မျက်ရည်များကိုသုတ်လိုက်ပြီး…
“မလေးခင်ကို ဒီနေရာကနေမသွားနိုင်အောင်သူတို့လုပ်ထားတာ”
” သူတို့ဆိုတာက…”
“မလေးခင်ကိုဘယ်သူမှမသိအောင်တောထဲဆွဲခေါ် ပါတဲ့ပစ္စည်းတွေယူရုံမက လူကိုပါသတ်ပြီးမီးရှို့တဲ့လူတွေပေါ့…
ဒါတင်မကဘူးလေ…ဒင်းတို့ထဲက
အောက်လမ်းဆရာလိိုလိုလူက
မလေးခင်ရဲ့ပြာတွေကိုဟောသည်ရွာကြီးရဲ့အရှေ့အနောက်မှာ မြုပ်ပြီး မလေးခင်ကိုချုပ်ထားခဲ့တယ်လေ…
ကူကယ်သူမရှိတော့မလေးခင် ညစဥ်ညတိုင်းငိုကြွေးနေမိတာပါဘွားရယ်…
ဒါကိုလူတွေကမလေးခင်ကိုမကူညီကြတဲ့အပြင်
ရွာကိုထားပြီးထွက်သွားကြလေရဲ့”
“အို…သမီးရယ်…ဘွား
စိတ်မကောင်းလိုက်တာကွယ်…”
မလေးခင်ပြောပြသည့်အကြောင်းအားနားထောင်ရင်း ဘွားမယ်စိန်စိတ်မကောင်းဖြစ်မိရှာသည်။
“မလေးခင် ဒီဘဝက ကျွတ်လွတ်ချင်ပြီဘွား…မလေးခင်
နှစ်တွေအတော်ကြာတဲ့အထိဒီဘဝကြီးမှာနေခဲ့ပြီးပါပြီ…”
မလေးခင်ပြောရင်းမျက်ရည်ကျနေရှာ၏။
“ဘွားစီမံပေးပါ့မယ်ကွယ်…သမီးရဲ့ပြာတွေ
မြုပ်ထားတဲ့နေရာကိုသာဘွားကိုပြပေးပါ…
သမီးကိုချုပ်ထားတာကအစဘွားဖြေရှင်းပေးပါ့မယ်”
မလေးခင်သည်ဘွားမယ်စိန်စကားအားဝမ်းသာအားရခေါင်းငြိမ့်ပြလေသည်။
ပြီးနောက်ရှေ့မှထ ထွက်သွားပြီး သူ၏ပြာအိုးများမြုပ်ရာနေရာသုံးခုသို့လိုက်လံပြသ၏။
ထိုအခါဘွားမယ်စိန်သည်လည်း ထိုပြာအိုးများအား မောင်တိုးတို့အားတူးယူစေသည်။
မလေးခင်ပြောသည့်နေရာတိုင်း၌
ပြာအိုးများကလည်း ရှိနေခဲ့ပေသည်။
တူးယူရရှိထားသောပြာအိုးများအားဘွားမယ်စိန်က မီးပုံဆီသို့ယူလာခဲ့စေသည်။
မလေးခင်သည်လည်းမလှမ်းမကမ်းတွင်ရှိနေခဲ့၏။
မောင်တိုးတို့သုံးဦးသည်အကြောင်းအားသေချာ
သိချင်မိသော်လည်းဘွားမယ်စိန်အားမမေးဝံ့ကြ။
ဘွားမယ်စိန်စီမံသမျှအားကြည့်နေခဲ့ကြသည်။
ဘွားမယ်စိန်သည် ပြာအိုးတစ်အိုးကိုလက်တွင်ကိုင်ဆောင်ပြီး…
“ချုပ်နှောင်ခံထားရတဲ့ဝိညာဥ်သင့်ကို မယ်စိန်ကလွတ်မြောက်ခွင့်ပေးပါတယ်…
သင်လွတ်မြှောက် ပါစေ..ဥုံ……………”
“ခွမ်းးးး”
ဘွားမယ်စိန်အဆုံးသတ်၌ ဂါထာအချို့ရွတ်ဆိုပြီး ပြာအိုးအားမီးပုံအတွင်းခွဲချလေသည်။
ကျန်ပြာအိုးသုံးအိုးကိုလည်းထိုနည်းတူစွာပြုလုပ်ပေး၏။
ကိစ္စပြီးလေတော့ မလှမ်းမကမ်းမှမလေးခင်အား…
“မလေးခင်…ဘွားရဲ့ဘဝတလျောက်ပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုမလေးခင်ကိုပေးပါတယ်
သာဓုခေါ်ပါကွယ်…မလေးခင်ရေ…
အမျှ…အမျှ…အမျှ…ယူတော်မူပါ
သာဓု…သာဓု…သာဓု….
မလေးခင်ရေ…အမျှ…အမျှ…အမျှ…ယူတော်မူပါ သာဓု…သာဓု…သာဓု…
သမီးမလေးခင်…အမျှ…အမျှ…အမျှ…ယူတော်မူပါ
သာဓု…သာဓု…သာဓု……..”
ဘွားမယ်စိန်အမျှအတန်းပေးဝေရာမှာမလေးခင်သည်လည်းဝမ်းသာအားရသာဓုခေါ်ရှာ၏။
ပြီးလေတော့ ဘွားမယ်စိန်အားထိုင်ရှစ်ခိုးရှာသည်။
” ကျေးဇူးတင်ပါတယ်ဘွားရယ်…
မလေးခင်ကျေးဇူးတင်ပါတယ်…ဘွားကြောင့်သာ
မလေးခင်ဒီဘဝကြီးက ကျွတ်လွတ်ရတာပါ…ကျေးဇူးတင်ပါတယ်ရှင်”
မလေးခင်ပြောဆိုနေရင်း မလေးခင်၏ကိုယ်သည် ဘွားမယ်စိန်၏ရှေ့မှတစတစပျောက်ကွယ်လို့သွားတော့၏။
“သွားပေဦးတော့သမီးရေ..ရောက်လေရာဘဝမှာ
ဒီလိုအဖြစ်ဆိုးမျိုးနဲ့ကင်းဝေးပါစေကွယ်….”
ဘွားမယ်စိန်သည် ကိစ္စတစ်ခုအားအဆုံးသတ်နိုင်လိုက်၍
စိတ်တို့ပေါ့ပါးသွားခဲ့ရှာသည်။
“ကဲ…မောင်ဇင်တို့ရွာမှာတစ်ညအိပ်ပြီးနောက်ရက်တို့ရွာကိုပြန်ကြတော့ပေါ့…မောင်ဇင်ကလည်း
မောင်ရင်ရဲ့ရွာကလူတွေကို
ဒီရွာပျက်ကြီးမှာနောက်နောင်ငိုသံမကြားရတော့ဘူးဆိုတဲ့
အကြောင်းပြောပြလိုက်တော့ကွယ်”
“ဟုတ်ကဲ့ပါဘွား”
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)