” ဘွားမယ်စိန်နှင့် ညောင်စုရွာက ဒေါ်သန်းရီ ” (စ/ဆုံး)

Posted on

” ဘွားမယ်စိန်နှင့် ညောင်စုရွာက ဒေါ်သန်းရီ ” (စ/ဆုံး)

====================================

 

“အမေ…ဒီကနေ့တော့ ဘူးညွှန့်လေးကြော်ပြီး
ကြက်ဥလေးပဲချက်ထားတယ်နော်…”

ဟု…ဒေါ်ဝင်းကမီးဖိုထဲမှထွက်လာပြီး ကွပ်ပျစ်ခင်း၌
ထိုင်နေသောဘွားမယ်စိန်ကိုပြောလိုက်သည်။
ဘွားမယ်စိန်ကလည်း ဝတ်နေကြ အင်္ကျီလေးပြဲနေ၍
အပ်လေးဖြင့်ချုပ်နေခဲ့​ရှာ၏။

“ချက်ပြုတ်ပြီးရင်လည်းနားတော့လေအေ…”

“ဟုတ်အမေ…တော်နေ ရေချိုးတော့မှာ…
သြော်…ဒါနဲ့အမေ့မှာဟိုက ကန်တော့ ဒီက ကန်တော့နဲ့
အင်္ကျီတွေဒီလောက်များတာကို ဘာလို့ဒီအပြဲကိုမှ
ပြန်ချုပ်နေရတာလဲအမေရယ်…”

ဟု…ဒေါ်ဝင်းကပြောတော့…

“အိုအေ…ဝတ်နေကြလေးကမှ ဝတ်လို့ကောင်းတာ…
နောက်ပြီးဒီ အင်္ကျီလေးကအေးလည်းအေးတာအေ့…
အသစ်တွေကိုမမက်ပါဘူးအေ…
မဟုတ်လည်း တခြားလူကြီးရွယ်အိုတွေကို
ပြန်မျှပေးနေတာပဲ…”

ဟု…ဘွားမယ်စိန်ကပြောတော့ ဒေါ်ဝင်းခေါင်းက်ို
ညိတ်၍…

“ဒါလည်းဟုတ်တာပဲတော်…
သြော် ဒါနဲ့ အမေ့သားတပည့် မောင်အုန်းနဲ့
ဟိုကလေးမနုယဥ်ကောဘာထူးသေးလဲ”

“တစ်နေ့ကတော့သူတို့မိဘတွေကိုခေါ်ပြီး
ပြောထားတာပဲအေ…ယူဖို့တော့ချက်ချင်း
မလုပ်ဖြစ်သေးပါဘူး…မောင်အုန်းကလည်း
ကိုယ့်အိမ်ကိုယ့်ယာနဲ့ထားနိုင်မှယူမယ်ပြောနေတာ…”

“ဟင်…ဒါဆိုသူတို့ကအိမ်ခွဲနေကြမှာပေါ့…”

“အေးပေါ့…မောင်အုန်းကလည်းတစ်ဦးထဲသောသား…
ဟိုနုယဥ်ကလည်းတစ်ဦးထဲသောသမီးမလား…
ဒါပေမယ့် ပြသာဒ်တွေတက်မှာဆိုးလို့
ကိုယ့်အိမ်နဲ့ကိုယ်ပဲနေကြမယ်လို့ ပြောကြတာပဲအေ”

“ဒါလည်းကောင်းတာပါပဲအမေရယ်…
မောင်အုန်းက လယ်တွေယာတွေကိုဦးစီးနေတဲ့သူဆိုတော့
သူတို့မင်္ဂလာဆောင်ကမကြာလောက်ပါဘူးတော်…
အမေကတော့ တပည့်တစ်​ယောက်လျော့တော့မှာပဲ”

“ဘယ်တတ်နိုင်မလဲအေ…
လူဆိုတာသူ့ဘဝနဲ့သူပဲပေါ့…”

ဘွားမယ်စိန်နှင့်စကားပြောပြီးနောက် ဒေါ်ဝင်းလည်း
ရေချိုးဖို့ထွက်သွားတော့သည်။

အချိန်ကညသန်းခေါင်သို့ရောက်လာခဲ့သည်။

“ဘွားမယ်စိန်…ဘွားမယ်စိန်ရှိသလား”

ဟုသောအသံကြောင့်ဘွားမယ်စိန်နိုးလာခဲ့သည်။
အခြေအနေကိုသိသောဘွားမယ်စိန်လည်း
အိပ်ရာမှထ၍ ခြံထဲသို့ဆင်းလာခဲ့လိုက်၏။

“ညည်းဘယ်သူလဲ”

ခြံအပြင်ဘက်၌ မတ်တပ်ရပ်နေသော မိန်းမကြီးကို
ဘွားမယ်စိန်ကမေးလိုက်သည်။

“ကျုပ်နာမည်က သန်းရီပါအမေကြီး”

“အင်း…ဒီအချိန်ဒီအခါမှရောက်လာတာဆိုတော့
ညည်းကလူမဖြစ်နိုင်ဘူး…ကဲ…ပြော…ဘွားဆီကို
ဘာလာလုပ်တာလဲ”

ဟု…ဘွားမယ်စိန်ကပြောလေတော့ မိန်းမကြီးက
ခေါင်းကိုညိတ်၍…

“ကျုပ်အမေကြီးဆီကိုအကူအညီ​တောင်းဖို့လာခဲ့တာပါ…
အမေကြီးဆီလာဖို့ကျုပ်အတော်ကြိုးစားခဲ့ရပါတယ်အမေကြီးရယ်…”

“ဒါဖြင့်လည်းဘာအကြောင်းကိစ္စဆိုတာ
ပြောစမ်းပါဦးအေ့…”

ဟု…ဘွားမယ်စိန်ကပြောတော့…

“ကျုပ်နာမည်ကသန်းရီပါ…
ညောင်စုရွာမှာနေပါတယ်…
မိဘတွေနဲ့ ယောကျာ်းဖြစ်သူက ချမ်းချမ်းသာသာ
ထားခဲ့လို့ကျွန်မရဲ့ငယ်စဥ်ဘဝကအများ
အားကျခဲ့ရသူပါ…ဒါပေမယ့်တော် ကျုပ်ဘဝက……..”

ဟု…အစချီကာ ဒေါ်သန်းရီကသူ့ရဲ့ဘဝအ​ကြောင်းအား
ဘွားမယ်စိန်ကိုပြောပြလေတော့သည်။

ရွာအမည်က ညောင်စုရွာဖြစ်သည်။
ထိုရွာကိုအုပ်ချုပ်သော သူကြီး၏အမည်မှာ
ဦးကောင်းဖြစ်၏။

“သူကြီး…သူကြီး…”

သူကြီးအိမ်သို့ရွာသားတစ်ဦးအပြေးအလွှား
ရောက်ချလာခဲ့သည်။

“ဘာဖြစ်လာတာလဲကွ…”

ရွာသားကြောင့် သူကြီးဦးကောင်းကလည်းပြာပြာသလဲပင်မေးလေသည်။

” ခင်မောင်လေ…သူ့အမေ ဒေါ်သန်းရီကို
ရိုက်နေတယ်ဗျ”

“ဟေ…ဒီကောင်လုပ်ပြန်ပြီလားကွာ…”

သူကြီးဦးကောင်းလည်း ရွာသားနှင့်အတူ ခြေလှမ်းသွက်သွက်ဖြင့် ထွက်လာခဲ့တော့သည်။
ခင်​မောင်ဆိုတာက အလုပ်မရှိ၊အကိုင်မရှိ…
မအေအိုကြီး၏ပိုက်ဆံကို အမျိုးမျိုးဖြုန်းတီးနေသည့်
အရက်သမား၊ဖဲသမားပင်ဖြစ်သည်။
ချော့တခါခြောက်တလှည့်ဖြင့် မအေအိုကြီး ဒေါ်သန်းရီထံမှငွေကိုတောင်းယူတတ်သူလည်းဖြစ်သည်။
တောင်း၍မရလျှင် ယုတ်ညံ့လှသောဆဲနည်းမျိုးစုံဖြင့်
ဆဲယုံမက လက်ပါ​ခြေပါရိုက်နှက်တတ်သေးသည်။
အရပ်က တားမရသည့်အဆုံး ရွာသူကြီး ဦးကောင်းက
ဝင်၍ဟန့်ရ၏။

“ဟေ့ကောင် ခင်မောင်…
မင်းလက်ထဲက ဓားကိုချလိုက်စမ်း”

ခင်မောင်ကဓားတဝင့်ဝင့်ဖြင့် မိခင်ကြီးနောက်ကိုပြေးလိုက်နေ၍ သူကြီးဦးကောင်းကအော်လိုက်လေသည်။

“သူကြီး…ကျုပ်ဒီမိန်းမကြီးကိုသတ်မယ်ဗျာ…
ခင်ဗျားဝင်မပါနဲ့…”

“ဟေ့…ခင်မောင်…
မင်းလက်ထဲက ဓားကိုချမလား…မချဘူးလားဘဲပြော…
အေး…မင်းဓားမချရင်ငါမင်းကိုဖမ်းပြီး
မြို့ဂတ်ကိုပို့ရလိမ့်မယ်…”

ဟု…သူကြီးဦးကောင်းကပြောလေတော့မှ
ခင်မောင်လက်ထဲက ဓားကိုချလိုက်သည်။

“ဟေ့ကောင်တွေ…လာကြစမ်း…
ရပ်ကြည့်မနေကြနဲ့…ဒီအကောင့်ကိုခေါ်ခဲ့ကြ”

ခပ်လှမ်းလှမ်းမှရပ်ကြည့်နေကြသော ရွာသားများကို
သူကြီးဦးကောင်းက ခင်​မောင်အား
ဖမ်းခေါ်ခိုင်းလိုက်သည်။
ဒေါ်သန်းရီကတော့သားဖြစ်သူကိုကြည့်ရင်း
ငိုယိုကာကျန်ခဲ့၏။
ခင်မောင်တစ်ယောက် သူကြီးဦးကောင်း၏နေအိမ်၌
ထိပ်တုံးခတ်အပြစ်ပေးခံရ​လေသည်။

“မင်းလိုအကောင်က ဘယ်လိုမှဆုံးမလို့ရမှာမဟုတ်ဘူး…
ဖအေမရှိတော့လို့ လိမ္မာလာမလားလို့ကြည့်နေတာ…
မင်းကပိုတောင်ဆိုးလာသေးတယ်…
အခုလည်းကြည့်…မအေအိုကြီးရှာသမျှကို
ထိုင်ဖြုန်းယုံတင်အားမရ… မအေကိုဓားနဲ့လိုက်တဲ့
လူ့ငနွား…မင်းကြပ်ကြပ်လုပ်…မအေကခွင့်လွှတ်ပေမယ့်
ငရဲကခွင့်မလွှတ်ဘူးကွ…”

ဟု…သူကြီးဦးကောင်းကကြိမ်းဝါးသော်လည်း
ခင်မောင်တစ်ယောက် ဂရုပင်မစိုက်ပေ။

မကြာပါ…ဒေါ်သန်းရီတစ်ယောက်တငိုငိုတရီရီဖြင့်
သားဖြစ်သူကိုခွင့်လွှတ်ပေးဖို့သူကြီးကိုလာတောင်းပန်၏။

“ဒီမှာဒေါ်သန်းရီ…အရင်ကဆိုခင်ဗျားကိုဒီကောင်
ရန်လုပ်တိုင်းရွာကလူတွေက ကာကွယ်ပေးကြတယ်…
ခင်ဗျားကခွင့်လွှတ်လိုက်…ကျန်လူတွေက
ဓားနဲ့အကြိမ်းခံရ…တုတ်နဲ့ချောင်းအရိုက်ခံရဆိုတော့…
ခင်ဗျားကိုဘယ်သူမှမကာကွယ်ရဲကြတော့ဘူး…
ခင်ဗျားဒီကောင့်အတွက်ကြပ်ကြပ်ကာကွယ်ပေး…
နောက်ဆိုကျုပ်လည်းခင်ဗျားကိုကာကွယ်ပေးမှာမဟုတ်တော့ဘူး”

ဟု…သူကြီးဦးကောင်းကစိတ်ဆိုး…မာန်ဆိုးဖြင့်
ပြော​လေသည်။
ဒေါ်သန်းရီကတော့ မျက်ရည်လေး တစမ်းစမ်းဖြင့်…

“သူကြီးရယ်…ကျုပ်မှာဒီသားလေးပဲရှိတာပါ..
ဒင်းဆိုးတာမိုက်တာလည်းကျုပ်သိပါတယ်တော်…
ဒါပေမယ့်ကျုပ်ကမွေးထားမိတာကိုးသူကြီးရဲ့”

ဟု…ပြော၏။

“ဟင်း…”

သူကြီးဦးကောင်းလည်းသက်ပြင်းချလိုက်ပြီး…

“ကဲ…ခင်ဗျားသားကို​ခေါ်သွားတော့ဗျာ….
ခေါ်သွားပါတော့…”

ဟုပြောပြီး အိမ်ထဲသို့ဝင်သွားခဲ့တော့သည်။
ထိပ်တုံးမှလွှတ်လာသော ခင်မောင်အား…

“သား…အိမ်မှာလေ သားကြိုက်တဲ့ကြက်သားဟင်းလေးချက်ထားတယ်…အိမ်ပြန်ကြရအောင်နော်သား”

ဟု…ဒေါ်သန်းရီကချော့မော့ကာပြောရှာသည်။
ခင်မောင်က ဒေါ်သန်းရီကိုမကျေမနပ်ကြည့်၍…

“ကျုပ်မစားသေးဘူး…ကျုပ်အရက်သောက်မယ်…
ပိုက်ဆံပေး…နောက်ပြီး ကျုပ်ကိုအခုလိုထိပ်တုံးနဲ့
အပြစ်ပေးခံရတာ ကျုပ်လုံးဝမကျေနပ်ဘူး…
ခင်ဗျားကျုပ်အကြောင်းသိမယ်…”

ဟု…ကြိမ်းဝါးလေတော့ ဒေါ်သန်းရီမျက်ရည်များကို
လက်ဖြင့်သုတ်ရင်း…

“အေးပါသားရယ်…အမေမှားတာပါ…
ရော့…ရော့…သားလိုချင်တဲ့ပိုက်ဆံ…”

ဒေါ်သန်းရီပိုက်ဆံပေးလိုက်တာနဲ့ ခင်မောင်လည်း
ပိုက်ဆံကိုဆွဲယူ၍ နေရာမှထွက်သွားတော့သည်။
ဒေါ်သန်းရီကတော့ သားဖြစ်သူကျောပြင်ကိုကြည့်ရင်း
ကျန်ရစ်ခဲ့လေသည်။
ထိုသို့နေထိုင်လာရင်းတစ်ရက်၌…

“အဘွားကြီး ကျုပ်ကို လက်စွပ်ပေး…”

ခင်မောင်ဒေါသတကြီးဖြင့်အိမ်ပြန်ရောက်လာပြီး
ဒေါ်သန်းရီဆီက လက်စွပ်ကိုတောင်း၏။

“အမေ့မှာဘယ်လက်စွပ်ရှိလို့လဲသားရယ်…
သားဖြုန်းလို့ အမေ့ရှိသမျှရွှေတိုရွှေစတွေ
ကုန်ပြီလေကွယ်…”

ဟု…ဒေါ်သန်းရီကလေသံအေးအေးလေးဖြင့်
ပြောတော့ခင်မောင်ခေါင်းကိုခါရမ်းပြီး…

“အဘွားကြီး…ကျုပ်ကို မညာနဲ့…
ခင်ဗျားမှာရွှေတွေရှိသေးတယ်ဆိုတာကျုပ်သိတယ်…
ဘယ်မှာဖွက်ထားတာလဲ…အမှန်တိုင်းပြောဗျာ…”

ဟု…ဒေါသတကြီးဖြင့်မေးနေခဲ့သည်။

“အမေ မညာပါဘူးသားရယ်…
အမေတကယ်ပြောတာပါ”

“​တောက်…”

ခင်မောင် တောက်တစ်ချက်ခေါက်ပြီး…

“မပေးချင်ဦးဟာ…မပေးချင်ဦး…”

“ဝုနျး…ခလှမျး…ဂှမျးးးးးးးးးး”

အိမ်ရှိသမျှပစ္စည်းများကို ခင်မောင်စိတ်ထင်တိုင်း
ကန်ကြောင့်၍ဖျက်ဆီးပစ်တော့သည်။

“အမယ်လေး…ကိုတင်​မောင်ရဲ့…
တော့်သားလူဆိုး…လူမိုက်ကြီးကို
ကျုပ်ထိန်းမရဘူးတော့်…အမယ်လေးးးး….”

ဒေါ်သန်းရီခမျာ သားလူမိုက်ကြီးကိုကြည့်၍
အော်ဟစ်ကာငိုကြွေးနေတော့သည်။
ရွာသူ၊ရွာသားများကတော့ ဆူညံသံ..
ငိုယိုသံများကြားနေရသော်လည်း မည်သူမှ
လာမဆွဲရဲကြပေ။

“အရီးသန်းရီဘဝကသနားပါတယ်…
ဟိုအကောင်ခင်မောင်တော့ကံကြီးထိုက်မှာ
မြင်ယောင်မိပါသေးတယ်…”

“ခင်မောင်ကံကြီးထိုက်တာထက်…
အရီးသန်းရီကို ဒီကောင့်ရဲ့ ဝဠ်ကနေကျွတ်စေချင်ပါပြီ…
မြင်ရ…ကြားရတာစိတ်မကောင်းလိုက်တာအေ…”

“ဟုတ်ပအေ…ဒင်းကအရက်သောက်ဖဲရိုက်တင်မကဘူး…
ရန်ကပါဖြစ်သေးတာဟဲ့…အရီးသန်းရီလည်း
ရှိသမျှငွေတွေရွှေတွေဆိုတာ
လျော်ကြေးပေးရယုံတင်မက…ဟော…
သားလူမိုက်ကြီးရဲ့မိုက်ကြေးခွဲပြီးတောင်းတာကိုပါ
ခံရတော့ဘယ်ရှိတော့မလဲအေ…”

“ဟုတ်ပ…ဟုတ်ပ…”

ရွာသူများက ဒေါ်သန်းရီအတွက်စိတ်မကောင်းဖြစ်၍
ပြောနေခဲ့ကြသည်။

အချိန်ရာသီများတရွေ့ရွေ့ကူးပြောင်းလာတော့
ဒေါ်သန်းရီတစ်ယောက်နာမကျန်းဖြစ်လာခဲ့သည်။
အိပ်ရာထဲမှမထနိုင်ဖြစ်နေသောဒေါ်သန်းရီကို
ခင်မောင်တစ်​ယောက် လှည့်၍ပင်မကြည့်ရှာ။
ဒေါ်သန်းရီကတော့ အိပ်ရာထဲ၌ဆေးလည်းမကုနိုင်…
အစာလည်းမစားနိုင်ဖြစ်နေရှာ၏။
ဒါကိုမနေနိုင်သောရွာသူတချို့က ခင်မောင်၏အလှစ်၌
ဒေါ်သန်းရီကိုဆေးတိုက်၊အစာကျွေးယုံတင်မက
ချီးသေးများကို သန့်ရှင်းရေးလုပ်ပေးကြရှာသည်။

“အရီးသန်းရီကိုကြည့်ရတာ…
မရလောက်တော့ဘူးတော့်”

ဒေါ်သန်းရီကိုလုပ်ကိုင်ပေးသောရွာသူမှထိုစကားကို
ပြောခြင်းဖြစ်၏။

“ဘယ်တတ်နိုင်မလဲ…
သူလည်းဝဋ်ကျွတ်တာပေါ့အေ…”

ဟု…ရွာသူမိန်းမကြီးကပြန်ပြောလေတော့
အားလုံးလည်းခေါိင်းလေးတွေညိတ်ပြီး
ထောက်ခံကြသည်။

တစ်ရက်မှာတော့…
မိခင်ကို ဂရုမစိုက်သောလူမိုက်ခင်မောင်သည်က
ဓားတန်းလန်းဖြင့် ထန်းတော၌သေနေခဲ့သည်။

“ခင်မောင် သေပြီတဲ့ဟဲ့…”

“ဟင်…တကယ်လား”

“ဟုတ်ပ…သူကြီးတို့တောင် သွားနေကြပြီ…
ထန်းသမားမောင်သောင်းက အကြောင်းလာကြားလို့စောစောကမှသွားကြတာဟဲ့…”

သတ်တဲ့သူကိုမသိကြသော်လည်း ခင်မောင်သေတာကို
တစ်ရွာလုံးကပျော်နေကြသည်။
ခင်မောင်တစ်ယောက်မိခင်ကြီးအပေါ်ရိုက်နှက်ပြောဆိုနေသည်များကို တွေ့မြင်နေကြရသူများဖြစ်၍
ခင်မောင်ကိုရွံမုန်းကြီးမုန်းနေခဲ့ကြခြင်းဖြစ်၏။

“အရီး သန်းရီ…အရီးသန်းရီ…”

ရွာသူတွေလည်း ခင်မောင်သတင်းကို
ကြားကြားခြင်းဒေါ်သန်းရီအိမ်သို့အပြေးလာကြသည်။

“အရီးသန်းရီ….”

ဒေါ်သန်းရီကအိပ်ရာထဲ၌ မျက်လုံးများကိုဖွင့်ဖို့ရန်ပင်
အားယူနေရရှာသည်။

“အရီးသန်းရီ…အရီးသန်းရီရဲ့သားခင်မောင်
သေပြီတော့်…ထန်းတောထဲမှာဓားကြီးတန်းလန်းနဲ့
သေနေတာတဲ့…”

ရွာသူ၏စကားဆုံးလေတော့ ဒေါ်သန်းရီ၏မျက်ဝန်းမှ
မျက်ရည်များကျဆင်းလာခဲ့သည်။

“အရီးသန်းရီ…အရီးသန်းရီ…
အမယ်လေးအရီးသန်းရီ…..”

ဒေါ်သန်းရီကိုဝိုင်း၍လှုပ်နိုးကာခေါ်ကြပါသော်လည်း
ဒေါ်သန်းရီကတုပ်တုပ်မျှမလှုပ်တော့ပေ။

“အမယ်လေးအရီးသန်းရီရယ်…
ကျုပ်တို့ကတော့ဝဋ်ကျွတ်ပြီဆိုပြီး
အပြေးလာပြောတာ…
ထပါဦးအရီးသန်းရီရဲ့…”

ဒေါ်သန်းရီတစ်ယောက် အသက်မရှိတော့ပေ။
ရွာသူတွေမှာဒေါ်သန်းရီ၏ရုပ်အလောင်းကိုကြည့်ရင်း အော်ဟစ်ကာငိုယိုနေကြရှာသည်။

“အရီးရယ်…အရီးဘဝကဆိုးလိုက်တာတော်…”

ရွာသူတွေရဲ့ငိုယိုသံများကြောင့် ရွာသူ၊ရွာသားတွေလည်း
ဒေါ်သန်းရီအိမ်သို့အပြေးရောက်လာခဲ့ကြသည်။
ဒေါ်သန်းရီတစ်ယောက်သားဖြစ်သူနောက်ကို
လိုက်သွားလေပြီဟု…ပြောကာ စိတ်မကောင်း၍
ငိုကြပြန်သည်။
ထိုနေ့သည် ညောင်စုရွာတစ်ရွာလုံး
စိတ်မကောင်းဖြစ်ကြရသော နေ့ပင်ဖြစ်ခဲ့တော့၏။

ဒေါ်သန်းရီ​​ပြောပြသမျှကိုဘွားမယ်စိန်နားထောင်အပြီး
ခေါင်းကိုညိတ်၏။

“ညည်း​ပြောပြသမျှတော့ ဘွားသိခဲ့ရပြီ…
ဒါပေမယ့် ညည်းအကူအညီတောင်းမယ်ဆိုတဲ့
ကိစ္စတော့ပြောပြဖို့ကျန်နေသေးတယ်အေ့…”

ဟု…ပြောလိုက်သည်။

“အဲ့တာက ဒီလိုပါအမေကြီးရယ်…
ကျုပ်လေ ကျုပ်သားဖြုန်းလို့ရွှေတွေ၊ငွေတွေအကုန်ကုန်တော့မယ်ဆိုတာသိပြီး…ကျုပ်ရဲ့နောက်ဆုံးလက်ကျန်
ရွှေဆွဲကြိုးနဲ့ရွှေလက်စွပ်တွေကို ကျုပ်အိမ်ထဲမှာကျင်းတူးပြီးမြုပ်ထားခဲ့ပါတယ်…အဲ့သည်ရွှေတွေကိုရွာဦးစေတီလေးပြုပြင်မယ့်အထဲထည့်လှုပေးမယ်ဆိုတဲ့
စိတ်လေးနဲ့မြုပ်နှံခဲ့တာပါ…ဒါပေမယ့်
ကျုပ်စိတ်ကူးလေးအကောင်အထည်မဖော်နိုင်ခင်မှာ
ကျုပ်ကသေခဲ့ရတော့…ကျုပ်မသေခင်ကစိတ်အစွဲလေးကို
အကောင်အထည်ဖော်ချင်တာပါအမေကြီးရယ်…
ဒီကိစ္စကိုတခြားလူတွေဆီအကူအညီ​တောင်းရမှာ
မယုံကြည်မိလို့ အမေကြီးဆီကိုရောက်လာခဲ့ရတာပါ”

ဟု…ဒေါ်သန်းရီကပြောလေသည်။

“အင်း…ညည်းနေခဲ့တာ…ညောင်စုရွာနော်…”

“ဟုတ်ပါတယ်အမေကြီး ညောင်စုရွာက သန်းရီလို့မေးရင်သိကြပါတယ်…”

“အေး…အေး…အေး…
ဒါဖြင့်ညည်းကိုကူညီပေးဖို့အတွက်…
ဘွားတို့မနက်ဖြန်ပဲ ညောင်စုရွာဆီကိုသွားပေးမယ်အေ…
ညည်းစိတ်ချလိုက်တော့…”

ဟု…ဘွားမယ်စိန်ကပြောတော့ဒေါ်သန်းရီ
ဝမ်းသာသွားသည်။

“ကျေးဇူးတင်ပါတယ်အမေကြီးရယ်…
ကျုပ်ရဲ့ရွှေတွေကိုအိမ်အလယ်တိုင်ရဲ့အောက်ခြေမှာမြုပ်ထားခဲ့တာပါ…အမေကြီးတူးယူပြီးကျုပ်ပြောသလိုလေးလှုပေးပါရှင်…နောက်ပြီးလေ ကျုပ်အိမ်နဲ့ဝိုင်းလေးကိုပါရောင်းပြီးလှုတဲ့အထဲထည့်ပေးပါ…”

“စိတ်ချပါအေ…ဘွားဘက်က ညည်းရဲ့ဆန္ဒအတိုင်း
လုပ်ပေးမှာပါ….”

ဒေါ်သန်းရီသည်ဘွားမယ်စိန်ကို ကန်တော့၍
ဝမ်းသာသောမျက်နှာလေးဖြင့် နေရာမှပျောက်ကွယ်သွားခဲ့တော့သည်။

နောက်တစ်ရက်မိုးလင်းလေတော့…

“မိဝင်း…ညည်းတူတွေကိုသွားခေါ်ချေစမ်းအေ”

“ရှင်…”

မျက်နှာသစ်ဖို့ဟန်ပြင်နေသော ဒေါ်ဝင်းကို
ဘွားမယ်စိန်ကထိုသို့ပြောလေတော့ ဒေါ်ဝင်းအံ့သြသွား၏။
ပြီးလေမှ အခြေအနေကိုနားလည်ပြီး မျက်နှာကို
အလျှင်အမြန်သစ်ရ၏။

“အမေတို့ခရီး သွားစရာရှိတယ်…
တစ်ခါထဲနွားလှည်းပြင်ပြီးလိုက်ခဲ့ဖို့ပြောနော်…”

“ဟုတ်ကဲ့အမေ…”

ဒေါ်ဝင်းလည်းချည်တဘက်လေးဖြင့် မျက်နှာကိုသုတ်လိုက်ပြီး ခြံဝိုင်းထဲမှ ခြေလှမ်းခပ်သွက်သွက်လေး
လှမ်းကာ ထွက်သွားတော့သည်။

ခဏမျှကြာလေတော့ မောင်တိုးနဲ့မောင်အုန်းနွားလှည်းမောင်း၍ရောက်လာခဲ့ကြသည်။

“ဘွား…အရေးကြီးနေပြီထင်တယ်…”

ဟု…ပြောကာ မောင်တိုးကဝိုင်းထဲဝင်လာခဲ့သည်။

“အေးကွဲ့…ဘွားတို့ညောင်စုရွာကိုသွားရလိမ့်မယ်…
ဒါနဲ့…မောင်ရင်တို့အရီးကောပါမလာဘူးလား”

“ဟောဗျာ…အရီးက ကျုပ်ကိုလာပြောပြီးတန်းပြန်
သွားတာလေ…ပြန်မရောက်သေးဘူးလားဗျ”

“အေး…မင်းတို့အရီးတော့ ဘယ်မှာ
စကားပြောနေသလဲမသိပါဘူး”

“အမေရယ်…ကျုပ်က မမော်တို့အိမ်မှာ
ခရမ်းသီးဝင်ယူနေတာပါ….ရောက်ပါပြီတော်…”

ခရမ်းသီးများကို ဇကာတစ်ခုအတွင်းထည့်၍
ဒေါ်ဝင်းယူလာခဲ့သည်။

“အမေတို့ညောင်စုရွာကိုသွားရမယ်အေ့…
အခြေအနေကြည့်ပြီးတစ်ရက်နှစ်ရက်လောက်တော့
ကြာမယ်…ဒီထက်ကြာရင်လည်းစိတ်မပူနဲ့အေ…
ကြားလား”

“ဟုတ်ကဲ့ပါအမေရယ်…ဒီလောက်တော့
ကျုပ်သိပါတယ်”

“သွားကြစို့ဘွား”

မောင်တိုးမောင်းသောနွားလှည်းပေါ်သို့
ဘွားမယ်စိန်တက်လိုက်သည်။
နွားလှည်းလေးဖြင့် ညောင်စုရွာသို့ခရီးထွက်လာခဲ့ကြ၏။
မောင်အုန်းနဲ့မောင်တိုးတို့မသိသေးသော
ဒေါ်သန်းရီ၏အကြောင်းကို ဘွားမယ်စိန်က ရှင်းပြလိုက်လေတော့ မောင်တိုးတို့လည်း နားလည်သဘောပေါက်သွားကြသည်။

“ညောင်စုရွာကိုဖြတ်သွားဖြတ်လာလောက်ပဲ
သိတာဘွားရဲ့…အဲ့ရွာမှာတော့အသိမိတ်ဆွေမရှိဘူးဗျ…”

ဟု…မောင်တိုးကပြောရှာသည်။

ထိုသို့ဖြင့် ဘွားမယ်စိန်တို့နွားလှည်းကလေးသည်
ညောင်စုရွာသို့ရောက်လာခဲ့၏။
ညောင်စုရွာ၏ရွာသူကြီးအိမ်သို့ရောက်တော့…

“ဒီရွာမှာနေခဲ့တဲ့ဒေါ်သန်းရီကြောင့်ဘွားတို့
ရောက်လာခဲ့တာပါ…”

ဟု… ဘွားမယ်စိန်ကပြောတော့ သူကြီးဦးကောင်း
အံ့သြသွားသည်။

“အမေကြီးတို့ပြောတဲ့ ဒေါ်သန်းရီဆိုတာ
ဆုံးသွားရှာပြီခင်ဗျ…”

ဟု…ပြောလေတော့ ဘွားမယ်စိန်ခေါင်းညိတ်၍…

“ဘွားသိပါတယ်မောင်ရင်…
အခုလာရတာကလည်းသေသူရဲ့ဆန္ဒကြောင့်ပါ…”

“ခင်ဗျာ…”

ရွာသူကြီးဦးကောင်းကအံ့သြ၍သွားပြန်၏။

“မောင်ရင်နားရှုပ်သွားပြီထင်ပါရဲ့…”

“ဟုတ်တယ်ဗျ…အမေကြီးပြောတာကို
ကျုပ်နားမလည်ဘူးဖြစ်နေတာ…”

ဟု…ပြောလေတော့မောင်တိုးက…

“ဒီလိုပါသူကြီး…ကျုပ်တို့ရဲ့ဘွားက ကျုပ်တို့
သောင်ထွန်းရွာအပြင်တခြားသောရွာတွေမြို့တွေမှာပါ…
လူသိများပါတယ်…အဲ့သည်လိုလူသိများရတာကလဲ
ဘွားက၇ရက်သားသမီးတွေကိုနှောက်ယှက်တိုက်ခိုက်တဲ့
မကောင်းတဲ့ဝိညာဥ်တွေ…စုန်းတွေ…သရဲတွေကို
ဖယ်ရှားနှိမ်နင်းပေးလို့ပါ…အခုသူကြီးတို့ရွာက
ဒေါ်သန်းရီရဲ့ဝိညာဥ်ကလည်း ဘွားဆီကိုရောက်လာပြီး
အကူအညီတောင်းလို့ ကျုပ်တို့ကသူ့အတွက်ရောက်လာခဲ့ကြတာပါ…”

“သြော်…သောင်ထွန်းရွာကဆိုတော့ အမေကြီးနာမည်က
ဘွားမယ်စိန်ထင်ပါရဲ့”

“ဟုတ်ပါတယ်ကွယ်…”

“လူကိုမမြင်ဖူးပေမယ့် အမေကြီးနာမည်ကိုတော့
ကျုပ်ရင်းနှီးနေပါပြီ…ဒါနဲ့မသန်းရီကဘာများအကူအညီ​တောင်းသလဲဆိုတာ ကျုပ်သိလို့ရမလားဗျ”

ဟု…သူကြီးဦးကောင်းက​ပြောလေသည်။

“သိလို့ရပါတယ်ကွယ်…
တကယ်တော့ သန်းရီက သူ့ချန်ထား…မြုပ်ထားတဲ့
ရွှေတွေ၊ငွေတွေကိုတူးဖော်ပြီး စေတီလေးကို
ပြုပြင်ချင်တာပါ…အဲ့သည်လိုပြုပြင်ဖို့သူမသေခင်ကတည်းက စိတ်ကူးထားရှာတာပါကွယ်…
ဒါကြောင့်သူ့ဆန္ဒကိုဘွားတို့က ဖြည့်ဆည်းပေးဖို့
ရောက်လာကြတာပါ…”

“အင်းဗျာ…မသန်းရီဘဝက
သနားစရာကောင်းပါတယ်…
သားဖြစ်သူလူမိုက်ကြောင့် သူ့ခမျာဆင်းရဲဒုက္ခတွေကို
လူးလိမ့်ပြီး ခံစားခဲ့ရရှာတာဗျ…
ကျုပ်တို့တစ်ရွာလုံးကတော့ သူ့အကြောင်းပြောတိုင်း
စိတ်မကောင်းဖြစ်ကြရပါတယ်ဗျာ…”

ဟု…ဦးကောင်းကပြောတော့ ဘွားမယ်စိန်ခေါင်းညိတ်လိုက်သည်။

“ကဲဗျာ…အမေကြီးတို့ဘာလုပ်ချင်လဲသာပြော
ကျုပ်ဘက်ကလုပ်ပေးပါ့မယ်…”

“ဘွားကတော့သန်းရီအိမ်ကိုသွားကြည့်ချင်တယ်…
သူပြောလိုက်တဲ့အတိုင်း မြုပ်ထားတဲ့ရွှေတွေကို
တူးဖော်ပြီး စေတီလေးကိုပြုပြင်ပေးမယ်ကွယ်…”

“ဟုတ်ကဲ့ပါအမေကြီး…ဒါဆိုရင်ကျုပ်တို့
မသန်းရီရဲ့အိမ်ကိုသွားကြတာပေါ့ဗျာ…”

ဘွားမယ်စိန်တို့ကိုသူကြီးဦးကောင်းက ဒေါ်သန်းရီ၏
အိမ်သို့ခေါ်လာခဲ့သည်။
မောင်တိုးနဲ့မောင်အုန်းတို့လက်၌ပေါက်တူး၊ပေါက်ပြားများလည်း ယူလာခဲ့ကြ၏။
ရွာထဲကလူများကလည်း မျက်နှာစိမ်းများနှင့်အတူ
သွားလာနေသောသူတို့၏သူကြီးကိုမြင်လေတော့
သိချင်စိတ်ဖြင့်အနောက်မှလိုက်လာခဲ့ကြသည်။
ဒေါ်သန်းရီ၏နေအိမ်သို့ရောက်တော့…

“လူမနေတော့ ဖုန်တွေ…အမှိုက်တွေကများနေတယ်ဗျ…”

သူကြီးဦးကောင်းကခြံဝိုင်းတံခါးကိုဖွင့်ရင်း
ပြောလိုက်သည်။

အိမ်ထဲသို့ရောက်လေတော့ဘွားမယ်စိန်က
အိမ်တိုင်များကိုကြည့်ရင်း…

“ဒီတိုင်ရဲ့အောက်ခြေကိုတူးကွဲ့…”

ဟု…ပြော၍မောင်တိုးတို့ကိုတူးခိုင်းလေသည်။

နံဘေး၌ရွာသူ၊ရွာသားများကလည်းဘွားမယ်စိန်တို့
လုပ်ကိုင်သမျှ၊ပြောဆိုသမျှကို
နားထောင်ရင်းကြည့်နေခဲ့ကြ၏။

“တွေ့ပြီဗျ…”

တူးဖော်ရင်း မြေဆိုင်မြေမှုန်များကြားမှထွက်လာသော
လက်စွပ်များနဲ့ဆွဲကြိုးတို့ကိုတွေ့သွားခဲ့သည်။
လက်စွပ်နှစ်ကွင်းနှင့်ဆွဲကြိုးတစ်ကုံးတို့ကိုကြည့်ရင်း..

“ဒါ…သန်းရီမြုပ်နှံထားခဲ့တဲ့ပစ္စည်းပဲကွဲ့…
သန်းရီက သူမြုပ်နှံထားခဲ့တဲ့ ဒီပစ္စည်းတွေအပြင်
သူ့ရဲ့အိမ်နဲ့ခြံကိုပါ ရောင်းပြီး ရွာဦးစေတီလေးပြုပြင်မယ့်
အထဲထည့်လှုပေးပါလို့မှာလိုက်တာ…
ဒီတော့ဘွားအနေနဲ့သန်းရီရဲ့ကိုယ်စား…
ဟောသည်ရွာသူ၊ရွာသားတွေရဲ့အရှေ့မှာ
သူကြီးကိုအပ်ပါတယ်…
သန်းရီရဲ့နောက်ဆုံးဆန္ဒကိုအကောင်အထည်
ဖော်ပေးပါလို့ဘွားတောင်းဆိုပါတယ်ကွယ်…”

ဟု…ပြောကာဘွားမယ်စိန်ကရွှေများကို
သူကြီးဦးကောင်းလက်သို့အပ်လေသည်။

“စိတ်ချပါအမေကြီး…
မသန်းရီရဲ့ဆန္ဒကိုကျုပ်အကောင်အထည်ဖော်ပေးမှာပါ
မသန်းရီအတွက်ကျုပ်တို့တစ်ရွာလုံးက
ဝိုင်းဝန်းကူညီပေးပါ့မယ်ဗျာ…”

ဘွားမယ်စိန်ခေါင်းညိတ်လိုက်သည်။
ဒေါ်သန်းရီဆန္ဒကိုအကောင်အထည်ဖော်ပေးနိုင်တော့မည်​ဖြစ်တာကြောင့်ဘွားမယ်စိန်ကျေနပ်လို့နေခဲ့၏။

သူကြီးဦးကောင်းက ဘွားမယ်စိန်တို့ကို သူ့အိမ်သို့
ပြန်ခေါ်သွားပြီး ထမင်း၊ဟင်းများဖြင့်ဧည့်ခံကျွေးမွေးရှာသည်။
တစ်ရွာလုံးကိုလည်းဘွားမယ်စိန်တို့လာရင်းကိစ္စကို
သူကြီးဦးကောင်းကရှင်းပြပေးခဲ့၍အားလုံးကလည်း
ဒေါ်သန်းရီအတွက်ဝမ်းသာနေကြ၏။

မသန်းရီ၏ဆန္ဒလေးကိုအကောင်အထည်ဖော်ဖို့လည်း
တစ်ရွာလုံးက ဝိုင်းဝန်းကူညီပေးပါမည်ဟု…
ပြောကြရှာသည်။

ဘွားမယ်စိန်ကလည်းသူကြီးဦးကောင်းကို…

“သူ့ရဲ့ဆန္ဒလေးကိုဖြည့်ဆည်းပေးပြီးရင်
သူ့အတွက်အမျှအတန်းလေးပါပေးဝေပေးလိုက်ပါ
မောင်ရင်”

“ဒီအတွက်စိတ်ချပါအမေကြီး…
ကျုပ်တို့သူ့အတွက်အမျှအတန်းပေးဝေပေးပါ့မယ်”

“အေးကွယ်…ဘွား မောင်ရင့်ကိုယုံကြည်ပါတယ်”

သူကြီးဦးကောင်းကိုမှာစရာများမှာကြားပြီးနောက်တစ်နေ့နံနက်၌သောင်ထွန်းရွာသို့ ဘွားမယ်စိန်တို့
ပြန်လာခဲ့ကြသည်။
ဒေါ်သန်းရီသည်လည်း သူ့ဆန္ဒလေးကိုအကောင်အထည်ဖော်နေကြပြီဖြစ်တာကြောင့်
ရောက်ရှိနေသောဘဝ၌ပီတိများဖြစ်နေလောက်၏။

ထိုသို့ဖြင့် ညောင်စုရွာ၏ ရွာထိပ်တွင်ထုံးဖြူဖြူလေးဖြင့်
တည်ရှိသောစေတီ၏အလှူရှင် အမည်၌ ဒေါ်သန်းရီ၏အမည်သည်ထင်း၍နေခဲ့ပေသည်။

စာမူလေးသည်လည်းဤမျှနှင့်ပြီးဆုံးသွားခဲ့၏။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)

#crd