” ဘွားမယ်စိန်နှင့် ဘဝဟောင်းကမခင်အုံ “(စ/ဆုံး)
==============================
မီးများတောက်လောင်နေသော တဲများနဲ့ မီးဖိုငွေ့များ
တလူလူဖြစ်နေသောပတ်ဝန်းကျင်တွင်
အော်ဟစ်သံများ၊ငိုယိုသံများဖြင့်လူများမှာ
ပြေးလွှားနေကြရသည်။
“အမေ…အမေ….အမေဘယ်မှာလဲ…”
ထိုပတ်ဝန်းကျင်၌ ရှင်ညိုတစ်ယောက် အမေဖြစ်သူကို
စိုးရိမ်တကြီးအော်ဟစ်ကာခေါ်နေခဲ့သည်။
“အမေ…အမေဘယ်မှာလဲ….”
မျက်ရည်များဖြင့် အမေဖြစ်သူကို ရှင်ညို
အသည်းအသန်ပင်ရှာဖွေနေသည်။
ပြေးလွှားနေသောလူတချို့ကလည်း ရှင်ညိုကို
တွန်းတိုက်ပြေးနေကြသည်။
“အ…”
လူတစ်ယောက်နှင့်တိုးတိုက်မိ၍ ရှင်ညို
မြေပေါ်လဲကျသွားသည်။
“အမေ…အမေ……”
ရှင်ညိုနှုတ်မှအားပျော့လှသော ခေါ်သံလေးက
ထွက်ပေါ်နေစဲဖြစ်သည်။
“အမေ…ဒီကလေးမလေးသက်သာမှာပါနော်…”
အိပ်ရာပေါ်၌ လှဲလျောင်းနေသော ရှင်ညိုက်ို
ကြည့်ရင်းဒေါ်ဝင်းမေးလိုက်သည်။
ရှင်ညိုသည်က အဖျားကြီးပြီးအိပ်ရာထဲ၌
ယောင်ယမ်းကာအော်နေခဲ့ရှာသည်။
ဘွားမယ်စိန်ကရှင်ညို၏ရင်ဘက်လေးကို
လက်ဖြင့်ပုတ်ပေးနေခဲ့သည်။
ဒေါ်ဝင်းနှင့် နန်းကြိုင်တို့ကလည်း ရှင်ညို၏နံဘေး၌
မခွာဘဲ စိုးရိမ်စွာစောင့်ကြည့်နေကြသည်။
“ဒီကလေးရဲ့လိပ်ပြာအားနည်းနေတယ်…
ဒါပေမယ့် အရမ်းကြီးမစိုးရိမ်ပါနဲ့…
အမေသူ့အနားစောင့်အိပ်လိုက်မယ်…
မနက်ဆိုရင်သက်သာလာမှာပါ…
ကဲ…သွား…ညည်းတို့လည်းသွား
အိပ်လိုက်ကြတော့…”
“ဖြစ်ပါ့မလားအမေရယ်…
ကျုပ်ပဲစောင့်အိပ်လိုက်ပါ့မယ်…”
“ကဲ…မိဝင်း…အမေပြောပြီးပြီလေ…
အမေပဲစောင့်အိပ်လိုက်မယ်လို့…”
“ဟုတ်ကဲ့ပါအမေ…
ဒါဆို ကျုပ်တို့သွားတော့မယ်နော်…
တစ်ခုခုဆိုရင်လည်းကျုပ်ကိုလှမ်းနိုးလိုက်နော်…”
ဘွားမယ်စိန်ကပြောတော့ ဒေါ်ဝင်းခေါင်းညိတ်၍
နန်းကြိုင်လေးကိုခေါ်ကာ ထွက်သွားတော့သည်။
ဘွားမယ်စိန်သည်က ရှင်ညို၏နံဘေး၌သာ
ကျန်ရစ်ခဲ့ရှာသည်။
ဒေါ်ဝင်းတို့အိပ်ပျော်သွားလေတော့မှ ရှင်ညို၏နဖူးကို
လက်ဖဝါးတင်လိုက်သည်။
“မဖြစ်ချေတော့ဘူး…
ကြာရင်ဒီကလေး သက်သာဖို့ခက်တော့မယ်…”
ဟု…ပြောကာ တင်ပုလ္လင်ခွေကာထိုင်လိုက်၏။
ရှင်ညို၏နဖူးပေါ်ရှိလက်သည် ရှင်ညို၏ဘယ်ဘက်လက်လေးဆီသို့ပြောင်းကာကိုင်လိုက်ပြန်သည်။
မျက်စိကိုမှိတ်၍ နှုတ်မှဂါထာများစရွှတ်လာခဲ့၏။
ဘွားမယ်စိန်၏စိတ်ဝိညာဥ်သည် ရှင်ညိုနှင့်
ပေါင်းစည်း၍သွားလေတော့…
“အမေ….အမေ……”
မြေပေါ်၌ မှောက်လျက်သားလဲကျနေယုံမက…
အော်ဟစ်ကာ ငိုယိုနေသော ရှင်ညိုကို ဘွားမယ်စိန်ကြည့်နေသည်။
“သမီး…”
“ဟင်…”
အသံကြောင့် ရှင်ညိုမော့ကြည့်လာ၏။
“အဘွား…”
“သမီးဘာတွေဖြစ်နေတာလဲ…”
“အဘွား…အမေ…အမေ့ကိုရှာနေတာ…”
“သြော်…လာ..ထ…ထ…သမီး…ဘွားရဲ့လက်ကို
တွဲလိုက်…”
ဘွားမယ်စိန်က ရှင်ညိုကို ဆွဲထူလိုက်သည်။
ရှင်ညိုကတော့ ငိုရှိုက်နေ၏။
“အမေ့ကိုဘယ်လိုမှရှာမတွေ့တော့ဘူးအဘွား…
အမေဘယ်ရောက်နေလဲကျုပ်မသိဘူး…”
“ဒါဖြင့်ရင်လည်းဘွားနဲ့အတူတူရှာကြတာပေါ့…”
ဘွားမယ်စိန်ကရှင်ညို၏လက်ကိုဆွဲ၍
လမ်းလျှောက်လာခဲ့သည်။
တစ်နေရာသို့ရောက်တော့ ရှင်ညိုက လက်ညိုးထိုး၍…
“ဟိုအိမ်က သမီးတို့အိမ်ပဲအဘွား”
မီးများလောင်ကျွမ်းနေသော အိမ်ကြီးတစ်အိမ်ကို
ရှင်ညိုလက်ညိုးထိုးပြသည်။
ဘွားမယ်စိန်ကလှမ်းကာကြည့်ရင်း
ခေါင်းညိတ်လိုက်သည်။
“အခုတော့ ဘွားတို့ပြန်ကြရအောင်သမီး…
သမီးအတွက်ပဲ…ဘွားက ဒီကိုလာခဲ့ရတာ…”
ဟု…ဘွားမယ်စိန်ကပြောတော့ ရှင်ညို
တွန့်ဆုတ်သွားသည်။
တွဲထားသောဘွားမယ်စိန်၏လက်ကိုဖြုတ်ဖို့ဟန်ပြင်လေတော့ ဘွားမယ်စိန်ကရှင်ညို၏လက်အား တင်းကြပ်စွာ
ဆုပ်ကိုင်ထားလိုက်သည်။
“သမီးရဲ့အရီးနဲ့သမီးရဲ့ညီမလေးက သမီးကို
စိုးရိမ်နေကြတယ်…လာပါသမီးရယ်…
ဘွားနဲ့အတူတူပြန်လိုက်ခဲ့ပါ…”
ဟု…ထပ်မံကာချော့မော့ပြောလေတော့ ရှင်ညိုသည်
ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ဝိုက်ကြည့်လိုက်ပြီးတော့မှ
ခေါင်းကိုညိတ်ပြသည်။
ရှင်ညိုသဘောတူသောကြောင့်ဘွားမယ်စိန်လည်း
ဂါထာကိုရွှတ်ဆိုလိုက်တော့၏။
“ရေ…ရေသောက်ချင်တယ်…”
ဘွားမယ်စိန်မျက်လုံးဖွင့်လိုက်တော့ အိပ်ရာထဲမှ
ရှင်ညိုသည် ဘွားမယ်စိန်အားရေတောင်းနေခဲ့၏။
ရှင်ညိုကိုဘွားမယ်စိန်တွဲကူထူပေးလိုက်ပြီး
ရေတိုက်ပေးလိုက်သည်။
“သမီးရဲ့စိတ်နဲ့ ခန္ဓာကိုယ်ကအတော်လေး
ပင်ပန်းနေတယ်…ဒါကြောင့်
ပြန်အိပ်ပြီးသေချာအနားယူလိုက်ပါသမီး…
မနက်ကျရင်တော့နဂိုအတိုင်းပြန်ကောင်း
သွားမှာပါကွယ်…”
ဘွားမယ်စိန်ကပြောတော့ ရှင်ညို ခေါင်းကို
ဖြေးညှင်းစွာညိတ်လိုက်သည်။
“အဘွားလည်းအိပ်ပါတော့…
ကျုပ်သက်သာပါပြီ”
“အေးပါ…သမီးပဲအရင်အိပ်လိုက်နော်…”
“ဟုတ်ကဲ့”
ထိုညက ဘွားမယ်စိန်သည် ရှင်ညိုပြန်လည်အိပ်ပျော်တဲ့အထိအနား၌ထိုင်စောင့်ပေးနေခဲ့သည်။
ရှင်ညိုအိပ်ပျော်သွားတော့မှ သူ၏အိပ်ရာဆီသို့သွား၍
အိပ်စက်ခဲ့ရရှာသည်။
နောက်တစ်နေ့နံနက်သို့ရောက်တော့…
“ဟယ်…ရှင်ညို ဘာတွေလုပ်နေတာလဲ
နေကောင်းတာလည်းမဟုတ်ဖဲနဲ့…”
ဒေါ်ဝင်းအိပ်ရာနိုးနိုးခြင်းရှင်ညိုကိုမြင်တော့
အံ့သြသွားသည်။
ရှင်ညိုက ဒေါ်ဝင်းထက်အရင်အိပ်ရာထပြီး
ထမင်းကြော်ပန်းကန်များကိုပင် ကွပ်ပျစ်ခင်းပေါ်ရှိ
စားပွဲ၌တင်ကာပြင်ဆင်ပေးနေခဲ့၏။
“ကျုပ်သက်သာပါပြီအရီး…
ညီမလေးကောနိုးပြီလား”
“အိုအေ….သက်သာလည်းနားပါဦးလား…
တော်နေမနေ့ကလိုရုတ်တရက်ကြီးဖျားနာရင်
ကျုပ်တို့ကစိတ်ပူရတယ်အေ့”
“ဟုတ်သားပဲမမကလည်း…
မနေ့ကဆိုညီမလေးတို့မှာ မမတစ်ခုခုဖြစ်သွားမှာ
စိုးရိမ်နေကြရတာ…”
“မမသက်သာပါပြီညီမလေးရယ်…
ကဲပါ….မျက်နှာသွားသစ်ကြဦးလေ…
ကျုပ်ကြော်ကျွေးတဲ့ထမင်းကြော်လေးနဲ့မနက်စာ
စားကြရအောင်လေ…”
“အေးပါအေ…
လာသမီး… မျက်နှာသွားသစ်ကြရအောင်”
“ဟုတ်ကဲ့အမေ…”
ဒေါ်ဝင်းနှင့်နန်းကြိုင်တို့လည်း မျက်နှာသွားသစ်ကြသည်။
ဒေါ်ဝင်းတို့မျက်နှာသစ်ပြီးလေတော့ဘွားမယ်စိန်လည်း
အိပ်အပေါ်ထပ်မှဆင်းလာခဲ့၏။
ထိုနေ့မနက်ကတော့ မိသားစုစုံလင်စွာ နံနက်စာကို
အတူတူစားခဲ့ကြရသည်။
နေ့ခင်းသို့ရောက်တော့ ဒေါ်ဝင်းနဲ့နန်းကြိုင်တို့သည်
ရွာထဲသို့ကိစ္စရှိ၍ထွက်သွားကြလေသည်။
“သမီး…ဒီမှာ လာထိုင်လေ…”
“ဟုတ်ကဲ့”
ဘွားမယ်စိန်က ထိုင်နေသောကွပ်ပျစ်ခင်းဆီသို့
ရှင်ညိုကိုဝင်ထိုင်ခိုင်းသည်။
ရှင်ညိုကွပ်ပျစ်ခင်း၌ဝင်ထိုင်လေတော့ ဘွားမယ်စိန်က
ရှင်ညိုကိုသေချာကြည့်၍…
“သက်သာပြီလားသမီး”
ဟု…မေးလိုက်သည်။
“သက်သာပါပြီအဘွား…”
“အေး…သမီးသက်သာပြီဆိုရင် သမီးကို
ဘွားဘက်ကမေးစရာရှိတယ်…
ဒါကလည်း သမီးဖြေချင်မှဖြေပါလေ…
ဘွားကတော့မေးသင့်တယ်လို့ထင်လို့မေးရမှာပါ”
“ဟုတ်ကဲ့…မေးပါအဘွား”
“အင်း…သမီးရဲ့ဝိညာဥ်ကိုဘွားလိုက်ခေါ်ခဲ့တုန်းက
မြင်ခဲ့ရတဲ့နေရာက ဘယ်မှာရှိတာလဲ…
သမီးနဲ့ကော အဲ့သည်နေရာက ဘယ်လိုပတ်သတ်သလဲ”
ဘွားမယ်စိန်ကမေးတော့ရှင်ညို ခေါင်းတစ်ချက်ညိတ်၍…
“အဘွား ကျုပ်ကိုမေးလာမယ်ဆိုတာ
ကျုပ်သိပါတယ်…ဘွားမေးတာကိုလည်းကျုပ်ဖြေမယ်ဆိုတာထက် ပြောပြပါ့မယ်….တကယ်တော့
အဘွားမြင်ခဲ့ရတဲ့ပတ်ဝန်းကျင်က ကျုပ်ရဲ့အရင်ဘဝက
မွေးရပ်မြေပါ….”
“အရင်ဘဝက မွေးရပ်မြေ…”
“ဟုတ်ပါတယ်အဘွား…
ကျုပ်ရဲ့မွေးရပ်မြေပါ….
အဲ့သည်ရွာရဲ့နာမည်က ကန်ပိုင်ရွာလို့ခေါ်ပါတယ်…”
ဟု…အစချီကာ ရှင်ညိုသည် သူ၏အတိတ်အကြောင်းကို
ပြန်လည်ကာပြောပြတော့၏။
ရွာအမည်ကို ကန်ပိုင်ရွာဟု…ခေါ်တွင်သည်။
ကန်ပိုင်ရွာဆိုတာနှင့် အနီးအနားကရွာတိုင်းလိုလို
ကြောက်ရွံ့ကြသည်။
ရွာတိုင်းကြောက်ရသော ကန်ပိုင်ရွာသည်
မည်သို့ရွာဖြစ်လေမလဲဟု…တွေးနိုင်၏။
ကန်ပိုင်ရွာဆိုတာ အောက်လမ်းပညာသည်များနေထိုင်ရာ
ရွာကြီးတစ်ရွာပင်ဖြစ်သည်။
သို့သော် ရွာတိုင်းကြောက်ရွံ့ရလောက်သည်အထိ
ကန်ပိုင်ရွာရှိပညာသည်များသည် သူတို့၏ပညာများကိုတလွဲမသုံးရဲကြ။
ထိုသို့ဖြစ်ရခြင်းက ကန်ပိုင်ရွာ၏ အကြီးအကဲဖြစ်သော
ကဝေမကြီး၏အမိန့်အာဏာများကြောင့်ပင်။
ထိုကဝေမကြီးကို သခင်မကြီးဟုအားလုံးကခေါ်သောကြောင့် ကဝေမကြီး၏နာမည်ကိုပင် မည်သူမှမသိရှိပေ။
“အမေ…”
“ပြော…သမီး”
“ဘွားဘွားကြီးအခန်းထဲကိုဘာလို့မဝင်ခိုင်းတာလဲ…
သမီးဝင်ကြည့်ချင်တယ်…”
“အမယ်လေး….ခင်အုံ…ညည်းဒီစကားကို
ညည်းအဘွားကိုမပြောမိလေနဲ့…
အဘွားကချစ်လို့အလိုလိုက်ထားတာတောင်
ညည်းကအားမရသေးဘူး…
အေး…သူ့ရဲ့အမိန့်ကိုငါတောင်မလွန်ဆန်ရဲဘူးခင်အုံ…
ညည်းရဲ့သိချင်စိတ်တွေကိုလည်း
ချိုးနှိမ်ထားစမ်းပါအေ”
ခင်အုံတစ်ယောက် အမေဖြစ်သူ ဒေါ်နှင်းဖြူ ၏
စကားကြောင့်ဆူပုတ်ပုတ်လေးဖြစ်သွားသည်။
ခင်အုံက အသက်အားဖြင့် နှစ်ဆယ်ကျော်အရွယ်လေးဖြစ်ပြီး အဘွား၏အလိုလိုက်အချစ်ခံရခြင်းကိုအထူးရထားသည်။
ရွာ၏သခင်မကြီးကလည်းမြေးဖြစ်သူ ခင်အုံကို
တခြားမြေးများထက်နေရာပို၍ပေးလေသည်။
“အဘွားက ခင်အုံကိုဆိုရင်အရမ်းနေရာ
ပေးလွန်းတယ်အမေ…ကျုပ်တို့တောင်ခေါ်မသွားတဲ့
ခရီးတွေ ဒင်းကအတူတူလိုက်ရတယ်…”
ခင်အုံနှင့်တစ်ဝမ်းကွဲတော်စပ်သော လွန်းတင်က
မကျေမနပ်ဖြင့်ပြောလိုက်သည်။
သခင်မကြီး၌သမီးနှစ်ယောက်ရှိ၏။
တစ်ဦးမှာ ခင်အုံ၏အမေ ဒေါ်နှင်းဖြူဖြစ်ပြီး
တစ်ဦးမှာ လွန်းတင်၏အမေ ဒေါ်နှင်းမြူဖြစ်သည်။
ဒေါ်နှင်းဖြူနှင့် ဒေါ်နှင်းမြူတို့သည် သခင်မကြီး၏
သမီးများဖြစ်သော်လည်း စိတ်ဓာတ်များကမတူညီကြပေ။
ဒေါ်နှင်းဖြူက သခင်မကြီး၏စကားကိုနာခံသလောက်
ဒေါ်နှင်းမြူသည်က သခင်မကြီး၏အမိန့်ဆိုတာများကို
မနာခံသည်ကများပေသည်။
“ဟဲ့…နှင်းဖြူနဲ့နှင်းမြူ…လာကြစမ်း”
“ဟုတ်ကဲ့မေမေ…”
ဒေါ်နှင်းဖြူက သခင်မကြီးအနီးသို့အပြေးလာသော်လည်း
ဒေါ်နှင်းမြူကတော့ စိတ်မပါဟန်ဖြင့်ရောက်လာခဲ့သည်။
“ဒီအိမ်မှာ…အပြစ်လုပ်ထားသူရှိတယ်…
အဲ့တစ်ယောက်ကို ငါ့အရှေ့ညည်းတို့
ကိုယ်တိုင်ခေါ်လာခဲ့”
“ရှင်…ဘယ်သူ…ဘယ်သူများလဲမေမေ…”
ဒေါ်နှင်းဖြူမှာ အလန့်တကြားဖြင့်မေးလိုက်သည်။
“ငါ့နယ်ထဲမှာ ပညာတွေကိုတလွဲမသုံးဖို့
တားထားတာသိသိနဲ့ အမိန့်ကို လွန်ဆန်တဲ့ကောင်မက
ဘယ်သူရှိမှာလဲ…ဟိုကောင်မ မိလွန်းတင်ပဲပေါ့…”
“ရှင်….”
“သြော်…အမေရယ်…
ကလေးပဲ…ဒီလောက်တော့ရှိမှာပေါ့…
အမေပဲပညာတွေအတင်းဆက်ခံခိုင်းထားပြီး…
အခုသူတို့တတ်ထားတဲ့ပညာသူတို့သုံးတာပဲ…
ဒါအပြစ်မှမဟုတ်တာ…”
ဟု…ဒေါ်နှင်းမြူကပြောတော့…
“ဟဲ့ကောင်မ…နင်ကငါ့အမိန့်ကိုမနာခံတာ
အပြစ်မဟုတ်ဖူးဆိုတဲ့သဘောလား…
အေး…အဲ့တာကြောင့်လည်းငါကနင်တို့သားအမိကို
အရေးမပေးချင်တာ…
နင်တို့လက်ထဲသာဒီရွာကိုအပ်ခဲ့ရင်
ရွာကလူတွေတကွဲတပြားဖြစ်ရမယ့်အပြင်
ငါတို့စောင့်ရှောက်ထိန်းသိမ်းပေးနေရတဲ့အရာပါ
ပျောက်ပျက်သွားရမှာ…
မလိုချင်ဘူးအေ… ဟိုကောင်မကိုသွားခေါ်ခဲ့…
ဒီကောင်မကိုငါကိုယ်တိုင်အပြစ်ပေးမယ်…”
သခင်မကြီးကထိုသို့ပြောလေတော့ ဒေါ်နှင်းမြူမှာ
အောင့်သက်သက်ဖြင့် ပြန်မပြောသာခဲ့ပေ။
ဒေါ်နှင်းဖြူကပဲ…
“မေမေကခေါ်ပေးဆိုရင် ကျုပ်သွားခေါ်ပေးပါ့မယ်…
ဒါပေမယ့်မေမေရယ်… စိတ်ကလေးကိုလျော့ပါနော်…
မေမေ့ရဲ့စိတ်ကထက်တော့ လွန်းတင်အပေါ်
အကျိုးသက်ရောက်သွားမှာဆိုးလို့ပါ…”
“အေး…နှင်းဖြူ…ညည်းခေါ်မယ်ဆိုရင်သွားခေါ်ခဲ့ချေ…
ငါ့စိတ်ကိုငါထိန်းထားမယ် ဟုတ်ပြီလား”
“ဟုတ်ကဲ့မေမေ…”
ဒေါ်နှင်းဖြူလည်းသခင်မကြီး၏အရှေ့မှ
ထွက်လာခဲ့သည်။
အခန်းအပြင်သို့ရောက်တော့…
“အမေ…ဘွားဘွားကဘာတဲ့လဲ”
ဟု…ခင်အုံကမေးတော့…
“ဘာတဲ့ကမှာလဲ…ညည်းအစ်မ လွန်းတင်ပေါ့..
ပြသာဒ်နာရှာပြန်ပြီလေ…”
“ဟင်…ဒါဆိုအခုက”
“ဟုတ်တယ်…လွန်းတင်ကိုသွားခေါ်ရမယ်…”
“အာ…ဒါဆိုသူရှိတဲ့နေရာကျုပ်သိတယ်….
ကျုပ်သွားခေါ်ပေးမယ်…”
“ဟဲ့…သမီး….နေပါဦး….ဟဲ့….
အော်…ဒီကလေးမကတော့ စိတ်မြန်လက်မြန်နဲ့
အတော်မလွယ်တာပဲ”
ခင်အုံက အပြေးထွက်သွားသောကြောင့်
ဒေါ်နှင်းဖြူမှာတားချိန်ပင်မရပေ။
ခင်အုံကတော့ ရွာအနောက်ပိုင်းဆီကို
အပြေးထွက်လာခဲ့သည်။
လက်ပံပင်ကြီး၏အောက်၌ ထိုင်နေသော
လွန်းတင်ကိုမြင်တော့ခင်အုံပြုံးလိုက်သည်။
“မမ…”
“ဘာလာလုပ်တာလဲခင်အုံ…
ငါနင်နဲ့စကားပြောချင်စိတ်မရှိဘူးနော်…”
ခင်အုံ၏ခေါ်သံကိုကြားသည်နှင့်လွန်းတင်က
နောက်သို့ပင်လှည့်မကြည့်ဘဲ ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။
“မမကို…ဘွားဘွားကခေါ်နေတယ်…”
“ငါမလိုက်ချင်ဘူး…အဲ့သည်အဘွားကြီးက
ငါ့ကိုဘာတွေချုပ်ချယ်ဦးမလဲမသိဘူးခင်အုံ”
ခင်အုံတစ်ယောက် လွန်းတင်၏နံဘေး၌
အတူဝင်ထိုင်လိုက်သည်။
လွန်းတင်၏မျက်နှာကို ခင်အုံကြည့်လေတော့…
“ငါ့ကိုဘာကြည့်တာလဲခင်အုံ…
ငါ့ကိုဘွားဘွားအပြစ်ပေးမယ်ဆိုတော့
နင်သိပ်ပျော်နေတာလား”
ဟု…မေးတော့ခင်အုံပြာပြာသလဲခေါင်းကိုခါရမ်းလိုက်သည်။
“မဟုတ်တာ…မမကိုဘွားဘွားကအပြစ်ပေးမှာကိစ္စ
ခင်အုံကပျော်စရာလား…မမနဲ့အတူတူခင်အုံပါ
အပြစ်မျှခံပေးမယ်လေ…ဘွားဘွားကြီးဆီကိုသွားကြရအောင်နော်မမ…”
“ငါမသွားချင်ဘူးလို့ပြောနေတယ်လေ…”
“ခင်အုံနဲ့အတူတူလိုက်ခဲ့ပါမမရယ်…
ဘွားဘွားကြီးလိုက်လာရင် ပိုပြီးအပြစ်ကြီးလိမ့်မယ်…”
“တောက်…စိတ်ရှုပ်ဖို့ကောင်းလိုက်တာ…”
လွန်းတင်စိတ်အလိုမကျစွာ ထရပ်လိုက်သည်။
ပြီးနောက်ဆောင့်ကြီးအောင့်ကြီးဖြင့် ရွာထဲကို
ပြန်ဝင်သွားသောကြောင့် ခင်အုံလည်း
အပြေးလိုက်လာခဲ့သည်။
သခင်မကြီး၏အရှေ့၌ ခင်အုံ…လွန်းတင်နှင့်
ဒေါ်နှင်းဖြူ…ဒေါ်နှင်းမြူတို့မတ်တပ်ရပ်နေကြသည်။
“ညည်းကဘာကိစ္စငါထုတ်ထားတဲ့အမိန့်ကိုမနာခံရတာလဲ
လွန်းတင်…”
ဟု…သခင်မကြီးကမေးတော့ လွန်းတင်နှုတ်ဆိတ်နေသည်။
“ဟဲ့ကောင်မ ငါမေးနေတယ်လေ”
ဒေါ်နှင်းမြူ သမီးဖြစ်သူလွန်းတင်ကိုလက်တို့လိုက်လေမှ…
“ကျုပ်ကိုရန်စလို့ပါဘွားဘွား”
“ဟဲ့…တစ်ဖက်ရွာကိုအကြောင်းမရှိဘဲမသွားဖို့…
အေး…အကြောင်းရှိလို့သွားရင်လည်း ကိုယ့်ပညာကိုမသုံးဖို့ငါမှာထားရက်နဲ့တောင်ငါ့မြေးဖြစ်တဲ့နင်ကိုယ်တိုင်က
အပင်းထည့်ပြီးပြုစားလာတာ ငါ့ရဲ့ဂုဏ်ကို
ဘယ်လောက်တောင်ထိခိုက်သွားတယ်ထင်လဲ”
သခင်မကြီးက လွန်းတင်ကိုဒေါသတကြီးမေးလေသည်။
“ဘွားဘွားရဲ့ဂုဏ်ကိုထိခိုက်တာကြောင့်ဆိုရင်
ကျုပ်တောင်းပန်ပါတယ်…
ဒါပေမယ့် ဟောသည် ကန်ပိုင်ရွာကလူတွေကို
မတူသလိုမတန်သလိုဆက်ဆံနေကြတာကိုတော့
ကျူပ်သည်းမခံနိုင်ဘူး”
“သည်းမခံနိုင်ဘူးဟုတ်လား…
ငါတို့ကန်ပိုင်ရွာတစ်ရွာလုံး ယောကျာ်း…မိန်းမပါမကျန်
စုန်းပညာသည်တွေဆိုတာသူတို့သိတယ်…
အေး…ဒါပေမယ့် အဲ့သည်ပညာနဲ့သူတို့ကိုဒုက္ခမပေးဘူးဆိုတာလည်းသူတို့သိထားတယ်…ဒါကို ညည်းဘက်ကဖောက်ဖျက်ခဲ့တာပဲလွန်းတင်…”
“ဘွားဘွား…ဒါက…”
“နင်တိတ်စမ်း…”
ဒေါ်နှင်းမြူအခြေအနေကိုဝင်ထိန်းသည့်အနေဖြင့်
လွန်းတင်ကိုအော်လိုက်သည်။
“မေမေ…သူ့ကိုဘာအပြစ်ပေးချင်လဲပြောပါ…
ကျုပ်ကိုယ်တိုင်အပြစ်ပေးပါ့မယ်…
နောက်ပြီးအခုလိုကိစ္စမျိုး ထပ်မရှိစေရပါဘူး”
“အေး…ဒါဆိုနင့်သမီးနင်ပြန်ခေါ်သွားလိုက်တော့…
နောက်တစ်ခါဆိုရင်ငါကိုယ်တိုင်ဒင်းကိုသတ်ပစ်ရလိမ့်မယ်…”
“ဟုတ်ကဲ့မေမေ…စိတ်ချပါ…ကျုပ်သူ့ကို
သေချာပြောထားပါ့မယ်…”
သခင်မကြီးက ဒေါ်နှင်းမြူတို့သားအမိကို
ပြန်ခိုင်းလေသည်။
ဒေါ်နှင်းဖြူနှင့် ခင်အုံတို့သာကျန်ရစ်ခဲ့၏။
သခင်မကြီး၏အရိပ်အခြေကိုကြည့်နေသောခင်အုံက…
“ဘွားဘွားကြီး…သမီးတို့ထမင်းစားကြရအောင်လေ”
“မစားချင်သေးဘူးပါအေ…ညည်းတို့ပဲစားနှင့်ကြပါ”
“ဘွားဘွားကြီးကလည်းလာပါ…ဘွားဘွားကြီး
ဘာမှမစားရသေးတာကိုခင်အုံသိတာပေါ့….”
သခင်မကြီးသည်သူ့အားချွဲနွဲ့ကာခေါ်နေသော
ခင်အုံကိုကြည့်၍ ပြုံးလေသည်။
“အေးပါအေ…စားပါ့မယ်…
ဒါနဲ့မြေးလေး….ညည်းလည်းညည်းအစ်မလွန်းတင်လို
ဘွားဘွားကြီးစကားကိုနားထောင်ပါ့မလား”
“အို…ကျုပ်ကဘွားဘွားကြီးပြောတာကိုဘယ်တုန်းက
နားမထောင်ဖူးလို့လဲ…နောက်ပြီးမမလွန်းတင်ကလည်း
ထပ်လုပ်မှာမဟုတ်တော့ပါဘူးဘွားဘွားကြီးရယ်”
သခင်မကြီးကခေါင်းညိတ်သည်။
“ကဲပါ…မေမေထမင်းစားမှာဆိုရင်ကျုပ်အရင်သွားပြင်နှင့်လိုက်မယ်နော်…သမီး…ဘွားဘွားကြီးကိုခေါ်လာခဲ့နော်”
ဒေါ်နှင်းဖြူကအရင်ဆုံးထွက်သွားတော့သည်။
အနောက်မှ ခင်အုံနှင့်သခင်မကြီးတို့က လက်တွဲပြီး
အတူထွက်လာခဲ့ကြ၏။
ထိုမြင်ကွင်းကိုအကွယ်တစ်ခုမှကြည့်နေသော
ဒေါ်နှင်းမြူကလွန်းတင်ကို မေးငေါ့ကာပြရင်း…
“တွေ့လား မိလွန်းတင်…မေမေက…
ညည်းထက်…ခင်အုံကိုပိုချစ်တာ….တွေ့ရဲ့လား”
ဟု…ပြောလေတော့ လွန်းတင် မကျေမနပ်ဖြင့်…
“ကျုပ်သိပါတယ်အမေ…ဘွားဘွားက
ကျုပ်အပေါ်မှာခင်အုံလောက်တောင်
ဂရုတစိုက်မရှိခဲ့ဘူးဆိုတာ ကျုပ်ငယ်ငယ်ကတည်းသိပါတယ်…”
“အင်းလေ…ငါကသူပေးစားသူနဲ့မယူခဲ့တော့
ညည်းအပေါ်မချစ်တာထင်ပါတယ်…
ဒါတွေကညည်းရဲ့ အဖေကြောင့်…”
“အို…အမေကလည်းသေသွားတဲ့အဖေ့ကိုပဲ
အပြစ်တင်မနေပါနဲ့….
ဒါဆို…ဒေါ်လေးကရော ဘွားဘွားပေးစားတဲ့လူနဲ့
ယူခဲ့လို့ ဘွားဘွားက ခင်အုံကိုပိုချစ်နေတာလား”
“ဒါပေါ့အေ…နှင်းဖြူက မေမေပေးစားတဲ့
ကိုဘဦးကိုယူခဲ့တာလေ…ဒါကြောင့်မေမေက
ပိုအရေးပေးနေတာပေါ့…”
“ဒါပေမယ့် သေသွားတဲ့အဖေ့ကိုတော့
အပြစ်မတင်ပါနဲ့အမေရာ…
ဘွားဘွားကိုယ်တိုင်က ကျုပ်အပေါ်ခင်အုံလိုကို
မချစ်တာပါ…”
“ညည်းအဲ့သည်လိုစိတ်ပျော့တာကို
ငါမကြိုက်ဘူးလွန်းတင်…
မကြာခင်မှာမေမေ့ရဲ့အုပ်ချုပ်သူနေရာကို
လုရတော့မယ်…ညည်းအဲ့သည်နေရာကိုရအောင်သာယူပါ”
“လုရမယ်ဟုတ်လားအမေ…
မဖြစ်နိုင်တာအမေရယ်…ဘွားဘွားနေရာကို
ခင်အုံရမယ်ဆိုတာ ဟောသည်တစ်ရွာလုံးသိနေတာပဲ”
“အို…ဘာကိစ္စသူကရမှာလဲ…
ဒီမှာ လွန်းတင်…ညည်းဘွားဘွားရဲ့နေရာကိုရမယ့်
သူက ညည်းပဲဖြစ်ရမယ်…ဒါကိုလည်းညည်းစိတ်ထဲမှာအသေအချာ မှတ်ထား…”
ဟု…ဒေါ်နှင်းမြူကပြောပြီးထွက်သွားတော့သည်။
ဒေါ်နှင်းမြူနှင့်လွန်းတင်တို့ကအိမ်တစ်အိမ်ခွဲနေရပြီး
ဒေါ်နှင်းဖြူတို့လင်မယားနှင့်ခင်အုံတို့မှာက
သခင်မကြီးနှင့်အတူတူနေထိုင်ကြ ရသည်။
တစ်ရက်၌ လွန်းတင်တို့အိမ်သို့ ခင်အုံရောက်လာခဲ့သည်။
ခင်အုံ၏ထုံးစံအတိုင်း လွန်းတင်နံဘေးကပ်ကာ
ချွဲနွဲ့နေခဲ့သည်။
ခင်အုံက လွန်းတင်ကိုချစ်သလောက်လွန်းတင်ကတော့
မကျေနပ်မှုများရှိ၍ ခင်အုံကိုမုန်းလေသည်။
“မမ…ခင်အုံဇီးသီးစားချင်တယ်….
ရွာအပြင်က ဇီးပင်ကြီးကသိပ်ချိုတာ…
ခင်အုံတို့သွားကြရအောင်လေ…နော်မမ…”
“မသွားချင်ဘူးခင်အုံ…
နင့်ဘာသာတခြားသူတွေကိုခေါ်သွားလိုက်…
ငါတော့မလိုက်ချင်ဘူး”
“ဟာ…မမကလည်းလိုက်ခဲ့ပါ…
ကျုပ်ကမမနဲ့ပဲသွားချင်လို့ပါ…”
“ခင်အုံ…နင်ကလေးကြီးလိုလုပ်မနေနဲ့…
နောက်ပြီး ငါ့နားလည်းမကပ်နဲ့ငါမကြိုက်ဘူး”
“မမကလည်း… ”
လွန်းတင်စကားကြောင့် ခင်အုံဝမ်းနည်းသွားသည်။
သို့သော်ထိုဝမ်းနည်းမှုကခဏတာသာဖြစ်သည်။
“နောက်ဆိုမမ မလိုက်ချင်ရင်မခေါ်တော့ပါဘူး…
ဒါပေမယ့် ဒီတစ်ခါတော့လိုက်ခဲ့ပေးပါနော် မမ…”
ခင်အုံကထပ်မံတောင်းဆိုလေတော့ လွန်းတင်သက်ပြင်း
ချလေသည်။
စိတ်များလည်းရှုပ်လာသည်မလို့ ခေါင်းကိုသာ
ညိတ်ပြလိုက်တော့၏။
“ငါလိုက်ခဲ့မယ်…ကြွ…ကြွ…”
ဟု…ဆောင့်ကြီးအောင့်ကြီးပြောလိုက်သောအခါ
ခင်အုံပျော်သွားသည်။
လွန်းတင်၏လက်ကိုဆွဲ၍ ရွာအပြင်ရှိဇီးပင်ကြီးဆီကို
သွားကြတော့သည်။
“ခင်အုံ….”
“ရှင်မမ… ”
ဇီးသီးများကိုအားရပါးရစားနေသော ခင်အုံကိုကြည့်ပြီး
လွန်းတင်အကြံတစ်ခုရသွားသည်။
“မမ…ကျုပ်ကိုဘာပြောမလို့လဲ….”
“ဟိုဘက်ရွာမှာဒီည ပွဲရှိတယ်…
ငါတို့သွားကြည့်ကြမလား”
“ဟင်…ဖြစ်ပါ့မလားမမရယ်…
တော်နေဘွားဘွားကြီးသိရင်ကျုပ်တို့ကို
အပြစ်ပေးနေပါဦးမယ်….”
“အို…သူတို့မသိအောင်ခိုးသွားမှာပေါ့…
ဘာလည်းနင်ကငါနဲ့အတူတူမသွားချင်ဘူးလား”
“အဲ့သည်လိုလည်းမဟုတ်ပါဘူးမမရယ်…”
ခင်အုံဆုံးဖြတ်ရခက်နေသည်။
မိဘများနှင့်အဘွားဖြစ်သူ၏မျက်နှာကိုမြင်ယောင်လာမိ၏။
လွန်းတင်ကိုကြည့်ပြန်တော့လည်း အစ်မဖြစ်သူ
စိတ်ပျက်သွားမည်ကိုစိုးရိမ်ပြီး…
“ကျုပ်မမနဲ့အတူတူလိုက်ခဲ့မယ်…”
ဟု…သာပြောလိုက်တော့၏။
“ဒါဆိုရင် ညကျငါဟောသည်နေရာက
စောင့်နေမယ်နင်လာခဲ့နော်…”
“ဟုတ်မမ ဘွားဘွားကြီးတို့နဲ့ထမင်းအတူစားပြီးရင်
ခင်အုံအလစ်ထွက်လာခဲ့မယ်နော်…”
“အေး…အေး…”
ခင်အုံတစ်ယောက် အစ်မဖြစ်သူလွန်းတင်ကသူ့အပေါ်လိုလိုလားလားရှိလာသောကြောင့် ပျော်ရွှင်နေခဲ့သည်။
လွန်းတင်ကတော့ခင်အုံကိုကြည့်ပြီး အကောက်ကြံဖို့ရန်
အကြံထုတ်နေခဲ့တော့သည်။
ခင်အုံအိမ်သို့ပြန်ရောက်တော့ မိသားစုနှင့်အတူတူ
ထမင်းစား၏။
ထမင်းစားလို့ပြီးသောအခါ…
“အမေ…သမီးစောစောအိပ်ရာဝင်တော့မယ်…”
“အစောကြီးပဲရှိသေးတယ်လေ…
အမေ မြေပဲပြုတ်ထားသေးတယ်
အတူတူစားကြရအောင်လေအေ…”
“အမေနဲ့အဖေပဲစားလိုက်တော့ပါ…
သြော်…ဒါနဲ့အမေ…ဘွားဘွားကြီးကော
အခန်းထဲဝင်သွားပြီလား…”
“အေး…ညည်းဘွားဘွားကလည်း
လုပ်စရာရှိတယ်ဆိုပြီးအခန်းထဲတန်းဝင်သွားပြီ…
ညည်းနဲ့ငါတို့ပဲကျန်တော့တယ်…အခုညည်းကလည်း
အိပ်တော့မယ်ဆိုတော့ သဘောပေါ့အေ…”
“ဟုတ်အမေ… ဒါဆိုကျုပ်သွားအိပ်တော့မယ်နော်…
အဖေ့ကိုလည်းပြောလိုက်ပါဦး ကျုပ်အိပ်ချင်လို့
အိပ်နှင့်ပြီဆိုတာ…”
“အေး…အေး… အေး…ညည်းအဖေနွားတွေ
သွားကြည့်နေတယ်…ကျုပ်ပြောလိုက်ပါ့မယ်…”
ခင်အုံလည်းအမေဖြစ်သူအနီးမှာ ထွက်လာခဲ့တော့သည်။
သူ၏အခန်းထဲရှိကုတင်ကို လူတစ်ယောက်အိပ်နေဟန်ပြင်ဆင်ခဲ့ပြီး အဝတ်အစားများလဲကာ
လူအလစ်ချောင်း၍ အိမ်မှထွက်လာခဲ့တော့သည်။
မှောင်နေပြီဖြစ်တာကြောင့် ယူလာသောမီးအိမ်လေးကို
ထွန်းပြီး ခင်အုံရွာပြင်သို့ရောက်လာခဲ့သည်။
“မမ မရောက်သေးဘူးပဲ”
ခင်အုံလည်းဇီးသီးများကိုခူးကာ စားရင်း
လွန်းတင်ရောက်လာမည့်အချိန်ကို ထိုင်စောင့်နေခဲ့၏။
ထိုအချိန် အနောက်ဆီမှသူ၏ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်သော လက်တစ်စုံကြောင့် ခင်အုံအလန့်တကြားဖြစ်သွားသည်။
“ဘယ်သူလဲ…မမလား”
ခင်အုံ ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။
“ဟင်….တော်…တော်…ကျုပ်ကိုဘာလို့လာဖက်တာလဲ”
“ခင်အုံ….လှလိုက်တာခင်အုံရယ်…”
“ကျုပ်မေးနေတာဖြေစမ်းပါ ဖိုးမောင်…
တော်ဘာလို့ကျုပ်ကိုဖက်ရတာလဲ”
ခင်အုံကိုဖက်လိုက်သူမှာ တစ်ရွာထဲအတူနေသူ
ဖိုးမောင်ဖြစ်နေခဲ့သည်။
“ခင်အုံကရှက်လို့လား …မရှက်ပါနဲ့ခင်အုံကလည်း
ဒီနေရာထိတောင်ရောက်လာပြီပဲဟာကို….”
“ဘာပြောတယ်…”
ဖိုးမောင်စကားကိုခင်အုံနားမလည်ဖြစ်နေသည်။
ဖိုးမောင်ကတော့ ခင်အုံကိုစားတော့ဝါးတော့မတက်
မျက်လုံးကြီးဖြင့်ကြည့်နေခဲ့သည်။
“တော့်ကိုကျုပ်မေးနေတယ်လေ…
ဒီနေရာကိုရောက်လာခဲ့တယ်ဆိုတာဘာလဲ….
ကျုပ်နဲ့တော် ဒီနေရာမှာလာဆုံစရာအကြောင်းမှမရှိတာ”
“အိုကွာ…မင်းပဲ…ငါ့ကိုဒီနေရာလာခဲ့ပါလို့
ချိန်းလိုက်တာလေ…ငါထင်တာတော့ မင်းကို
တောင်းထားတဲ့အဖြေပြန်ပေးချင်လို့ လို့ပဲထင်ခဲ့တာ…
အဲ့တာဟုတ်တယ်မလားခင်အုံ…”
ဖိုးမောင်စကားကြောင့် ခင်အုံအလန့်တကြား
ဖြစ်သွားသည်။ခေါင်းကိုခါရမ်းပြီး…
“ကျုပ်ကဘာလို့တော့်ကိုချိန်းရမှာလဲ…
တော်ရူးနေလား….ကျုပ်ကမမလွန်းတင်နဲ့
ချိန်းထားလို့ဒီနေရာကိုရောက်လာတာ…
တော်အခုထွက်သွား…”
“ဘာတွေလဲ…ဘာတွေလဲကွာ…
မင်းပြောတဲ့ မင်းအစ်မလွန်းတင်ကပဲငါ့ကို
ဒီနေရာကိုလွှတ်လိုက်တာ…ကဲပါကွာ…
ရောက်လာလက်စနဲ့အမထူးတော့ပါဘူးခင်အုံရယ်…
ကိုယ့်ကို အဖြေပေးလိုက်ပါတော့နော်…”
ဖိုးမောင်ကလက်မခံဘဲခင်အုံ၏လက်ကိုအတင်းဆွဲကိုင်ကာပြောလေတော့ ခင်အုံဒေါသထွက်လာပြီး
အသားများပင်တဆတ်ဆတ်တုန်ရီနေခဲ့သည်။
“ဖယ်…ငါ့လက်ကိုအခုလွှတ်စမ်း…”
ခင်အုံဒေါသတကြီးအော်ကာပြောသည်။
ဒါကိုဖိုးမောင်က အတင်းပင်ပြန်ကာဆွဲထားရင်း
ခင်အုံကိုဖက်ဖို့လုပ်တော့ ခင်အုံသည်ဒေါသကြောင့်
မျက်လုံးကြီးနီရဲလာပြီး…
“နင့်ကိုဖယ်လို့ပြောနေတယ်ဟဲ့….”
“ဝုန်း….”
“ဘုန်းးးး”
ခင်အုံသည် ဖိုးမောင်ကိုဆောင့်တွန်းဖို့ဟန်ပြင်ဆင်
ကဝေအစွမ်းများကပါထွက်လာပြီး ဖိုးမောင်တစ်ယောက်
ဝုန်းခနဲအသံနှင့်အတူအဝေးသို့လွှင့်စင်ကာထွက်သွားတော့သည်။
“ဟင်…”
ခင်အုံသတိပြန်ဝင်လာပြီးအလန့်တကြားဖြစ်သွားသည်။
သူ၏လက်များကိုမယုံကြည်နိုင်သလိုကြည့်ရင်း
ဖိုးမောင်ဆီကိုအပြေးသွားကြည့်၏။
“ကျုပ်…ကျုပ်တောင်းပန်ပါတယ်…
ကျုပ် ဒေါသထွက်သွားလို့ပါ…”
ဟု…ပြောကာ ဖိုမောင်ကိုတောင်းပန်သော်လည်း
ဖိုးမောင်မှာ ပါးစပ်မှသွေးများအော့အန်ပြီး
နောက်ဆုံးဇတ်ကျိုးကျကာသေဆုံးသွားလေသည်။
အသံများကြား၍ရောက်လာကြသော
ရွာသူ၊ရွာသားများမှာလည်း ခင်အုံနှင့်ဖိုးမောင်၏
အဖြစ်ကိုဝိုင်းကြည့်ကာ အံ့သြနေကြသည်။
“တောက်….မိ ခင်အုံ”
သခင်မကြီးက ဒေါသသံနှင့်ခေါ်သောအခါ
ခင်အုံငူငူလေးကြည့်လိုက်သည်။
“ညည်းကငါ့ထုတ်ထားတဲ့စည်းကမ်းကိုဖောက်ဖျက်ယုံတင်မက…လူကိုပါသတ်လိုက်တယ်…
ညည်းကိုငါ ယုံကြည်ခဲ့တာကို…
ညည်းလုပ်ရက်တယ်အေ…….”
“ဘွားဘွား….သမီး…သမီး…”
“တိတ်စမ်းကောင်မ…
ညည်းအသံကိုငါမကြားချင်ဘူး…
ဒီကနေ့ကစပြီး ညည်းဟာငါနဲ့ဘာမှမတော်စပ်တော့ဘူး…
အေး…အဲ့တာကြောင့် ညည်းငါ့အိမ်ကအခုထွက်သွား…
ဒါတင်မကဘူး…ငါ့ရွာထဲမှာတောင်ညည်းနေခွင့်မရှိဘူး…”
“မေမေ….အဲ့သည်လောက်ကြီးတော့
မလုပ်ပါနဲ့မေမေရယ်…
သမီးလေးကသူ့အပေါ် မတရားလုပ်ဖို့ကြိုးစားလို့သာ
ဒေါသနဲ့လုပ်ခဲ့တာဖြစ်မှာပါ…
နောက်ပြီး ဖိုးမောင်မိဘများကလည်း
ခွင့်လွှတ်တာပဲမေမေရယ်…”
“ဟဲ့…မိနှင်းဖြူ…ဟိုဘက်ကသားတစ်ယောက်လုံးသေတာတောင်ခွင့်လွှတ်ပါတယ်လို့ပြောတာ
ဘာကြောင့်လို့ညည်းထင်လဲ…အဲ့တာငါ့ကြောင့်ဟဲ့
ငါ့ကြောင့်…ဒီရွာရဲ့အကြီးအကဲတစ်ယောက်ရဲ့
မြေးဖြစ်နေလို့ ဒင်းကိုခွင့်လွှတ်ကြတာ…
ဒါကိုငါကအလွဲသုံးစားလုပ်ပြီး ဒီကောင်မကို
ငါ့အိမ်ပေါ်တင်ထားရမှာလား…ညည်းပြောစမ်းပါအေ…”
“မေမေခွင့်မလွှတ်နိုင်တာကိုကျုပ်သိပါတယ်…
ဒါပေမယ့် ကျုပ်သမီးကိုတော့
တစ်ယောက်ထဲမနှင်ပါနဲ့မေမေရယ်…
မေမေသူ့ကိုနှင်ရင်ကျုပ်တို့လင်မယားပါအတူတူလိုက်သွားရလိမ့်မယ်…”
“ဘာပြောတယ်…ညည်းကပါလိုက်မယ်…
ဟုတ်လား”
“ဟုတ်ပါတယ်မေမေ…”
“အေး… ဒါဆိုလည်းသွားကြ…သွားကြ…
ညည်းတို့အားလုံးထွက်သွားကြ…”
ခင်အုံအမေဖြစ်သူနှင့်အဘွားဖြစ်သူကြား
ဝင်မပြောနိုင်ဘဲငိုသာငိုနေခဲ့သည်။
သူတို့မိသားစု၏အဖြစ်အပျက်ကိုကြည့်နေသော
ဒေါ်နှင်းမြူနှင့် လွန်းတင်တို့သားအမိ၏စိတ်ထဲမှာတော့
အတော်လေးပင်ပျော်နေခဲ့ကြသည်။
ထိုသို့ဖြင့် ခင်အုံတို့မိသားစုသည် အဘွားဖြစ်သူ၏
အိမ်ပေါ်မှဆင်းကာ.ရွာပြင်၌ တဲအိမ်လေး
ဆောက်ကာနေကြရရှာသည်။
“ကျုပ်ရဲ့အမှားကြောင့်…
အဖေ…အမေတို့အတူတူ ရွာကနေ
ထွက်လာခဲ့ရပါတယ်အဘွားရယ်…”
ရှင်ညိုပြောပြသော ခင်အုံ၏အဖြစ်ကိုနားထောင်ပြီး
ဘွားမယ်စိန်ခေါင်းညိတ်သည်။
“ညည်းကိုအကောက်ကြံတဲ့ညည်းအစ်မလွန်းတင်ကိုရော
ညည်းဘာလို့ထုတ်မပြောခဲ့ရတာလဲ”
“အဘွားရယ်…ကျုပ်သူ့ကိုမပြောရက်ပါဘူး…
ကျုပ်အမှားလို့ပဲကျုပ်ခံယူထားပါတယ်…”
“အင်း…ဒါဆို ညည်းတို့ဘာဆက်ဖြစ်သေးလဲ”
“ကျုပ်တို့ကရွာပြင်မှာထွက်နေရတဲ့အချိန်
ဘွားဘွားကြီး ကျန်းမာရေးကပိုဆိုးလာခဲ့တယ်…
ကျုပ်တို့သွားချင်ပေမယ့် ဘွားဘွားကြီးရဲ့အမိန့်ကို
မလွန်ဆန်ရဲလို့ အဝေးကနေပဲ ကြည့်နေရတာပေါ့
အဘွားရယ်”
ရှင်ညိုသည် ပြောရင်းမျက်ရည်များကျဆင်းလာခဲ့၏။
“ဗျို့…ဘွား…ဘာတွေလုပ်နေတာလဲဗျ”
“ဟော…မောင်တိုးပါလား…
လာခဲ့လေကွယ်…”
ဝိုင်းထဲဝင်လာသော မောင်တိုးကြောင့် ရှင်ညို
မျက်ရည်များကိုကဗျာကယာသုတ်လိုက်သည်။
“ဒီနေ့အလုပ်မရှိတာနဲ့ ဘွားတို့ဆီထွက်လာလိုက်တာ…
အရီးကလည်းခြံစည်းရိုးတိုင်တွေရွဲ့စောင်းနေတယ်ဆိုပြီး
ပြင်ခိုင်းထားတဲ့လာခဲ့လိုက်တာဗျ”
“အေးကွယ်…ဒါဖြင့်လည်းမောင်ရင့်အရီးပြန်လာတာကို
စောင့်လိုက်ဦး…သူတို့သားအမိလည်းမိုးလင်းကတည်းက
ရွာထဲသွားလည်နေကြလေရဲ့…”
ဘွားမယ်စိန်နှင့်ရှင်ညိုတို့၏စကားဝိုင်းသည်
မောင်တိုးရောက်လာ၍စကားပြတ်သွားခဲ့တော့၏။
ဘဝဟောင်းက မခင်အုံ၏အကြောင်းများကိုလည်း
ဆက်လက်ရေးသားပေးဦးမှာဖြစ်တာကြောင့်
အားပေးကြပါဦးရှင်။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)