ဘွားမေသို့ မေတ္တာစာ
ခင်ခင်ထူး
(၁)
ကျွန်မ၏ စာပေအလုပ်တွေထဲမှာ နေ့စဉ်နှင့်အမျှ ဆိုသလို ရောက်လာ တတ်သော စာပေပွဲဖိတ်စာများ၊ လူမှုရေးဖိတ်စာများ၊ ပန်းချီပြပွဲများက ပေးပို့ဖိတ်ကြားကြသော ပန်းချီကက်တလောက် ဖိတ်စာများနှင့် ပေးစာ များကို ဖိုင်တွဲရခြင်း၊ ဆိုင်ရာ စက္ကူအိတ်ကြီးများတွင် ထည့်ရခြင်းစသော အလုပ်များလည်း ပါဝင်ပါသည်။ ချက်ရပြုတ်ရ၊ ကလေးကျောင်းကိစ္စ၊ လူမှုရေးအဝဝ၊ အိမ်ဗာဟီရတွေကြား မသိမ်းမိ ဖိုင်မတွဲမိဘဲ အထပ်လိုက် ပုံနေတာတွေလည်း ရှိပါ၏။ များလာတော့လည်း အားသည့်တစ်ချိန်ချိန် ကိုရွေးကာ ဆိုင်ရာ ဆိုင်ရာ ရွေးရ နုတ်ရ သီရ တွဲရပြန်ပါသည်။ ဂျာနယ် တွေ ဖိုင်တွဲရတာကလည်း မနိုင်, နိုင်အောင်ပင်။ တချို့ဆောင်းပါးတွေ ဆိုလျှင် အူက ဖြုတ်ရ၊ ဖြတ်ရ ညှပ်ရတာများလည်း ရှိပါသည်။ မိတ်ဆွေ များနှင့် အခမ်းအနား အထိမ်းအမှတ်များဆီက ရတတ်သော အမှတ်တရ လွယ်အိတ်များဆိုလျှင် အလုံးသုံးဆယ်လောက်ရှိပါပြီ။ တစ်ချိန်ချိန်မှာ လွယ်အိတ်ပြပွဲကလေး လုပ်ချင်၍ ကျွန်မတို့ ဇနီးမောင်နှံ ရသမျှ သိမ်း ထားဖြစ်ကြပါသည်။
ပေးစာတွေကိုတော့ ကျွန်မတို့ အထူးသတိထားပြီး ဖိုင်တွဲထားကြပါ သည်။ ကျွန်မတို့ ချစ်ခင်လေးစားရသော အစ်ကို ရှေ့နေကြီး ဦးထွန်းအောင်ကျော်နှင့် မမနွယ်တို့ ဇနီးမောင်နှံက ကျွန်မတို ့မိသားစုနှင့်ဆိုင် သော ရက်များကိုပင် မှတ်မှတ်ရရ စာရေး၍ နှုတ်ဆက်လေ့ရှိကြပါသည်။ ကျွန်မတို့ လက်ထပ်သည့်နေ့၊ သမီးကလေး မွေးနေ့ စသည်ဖြင့်။ စာဖတ် ပရိသတ်များထံမှ လာတတ်သော ပေးစာများကလည်း တစ်ဖိုင်စာရနေပြီ။
တစ်ရက်မှာတော့ ကျွန်မ စာတွေ ဖိုင်တွဲရင်း ဝိုင်းစက်သော လက်ရေးကလေးနှင့် ရေးထားသော စာတစ်စောင်ကို မျက်စိရောက်သွား မိပါသည်။ အဘွား…. အဘွားဆီကစာ။ ပင်ကိုအားဖြင့် ကျွန်မတို့ နှုတ်ကျိုးနေသည့် ရွာအခေါ် “အမေကြီး”ဆိုသည့် အသုံးအနှုန်း မဟုတ်သော “အဘွား”“ဘွားဘွား”ဆိုသော အသုံးအနှုန်းကို ကျွန်မအဖို့ အသားမကျလှ သေးသော်လည်း အဘွားဆိုသည်နှင့် အဘွားဒေါ်အေးမေမှန်း ကျွန်မ ချက်ချင်း သိလိုက်ပါ၏။ ကျွန်မလည်း တွဲလက်စ စာတွေကို ခဏရပ် ထားပြီး ဖိုင်ထဲက အဘွား၏ စာတွေကို အရင်ရှာဖတ်နေလိုက်မိပြန်ပါ သည်။ ရှေးက ပညာတတ်များ၏ လက်ရေးလက်သားမျိုးဖြင့် ပေးပို့သော အဘွား၏ ပေးစာများပင် မနည်းတော့ပြီ။ ပြီးတော့ ဝေးဝေးကလည်း မဟုတ်။ စစ်ကိုင်းမြို့က ရောက်လာသည့် စာများ။ စာအိတ်ထိပ်တွင် အဘွား လက်ရေးဖြင့် Registered Letter လို့ ရေးထားတတ်ပြီး စာအိတ်၏ လက်ဝဲဘက်ထောင့်မှာတော့ အဘွား၏ လိပ်စာကို အပြည့်
အစုံ ရေးထားတတ်ပါသည်။
မှ/ဒေါ်အေးမေ
အငြိမ်းစားရုံးအုပ် (ရန်ကုန်တရားရုံးချုပ်)
ဇေယျာလမ်း၊ ပိုးတန်းရပ်
စစ်ကိုင်းမြို့။
SAGAING
ရောက်လာသမျှ အဘွား၏ စာတွေက လေယာဉ်စာအိတ်ရှည်၊ ပတ္တလားပုံပါ ငါးကျပ်တန် တံဆိပ်ခေါင်းနှစ်လုံး၊ Registered letter လို့ ရေးထားသည့် လက်ရေး၊ စာတိုင်းမှာ အတူတူပင်ဖြစ်၏။ ဘွားဘွား၊ ဘွားဘွား ဒေါ်အေးမေ၊ ဘွားမေ (ဇေယျာ) စသည်ဖြင့် လက်မှတ်ထိုး လေ့ရှိသည်။ ကျွန်မကိုတော့ မြေးမလေး ဒေါ်ခင်ခင်ထူးတဲ့။ တချို့စာတွေ မှာတော့ မြေးကလေး ခင်ခင်ထူးရေတဲ့။
အဘွား၏ စာတွေကလည်း ကျွန်မကို အားဖြစ်စေပါ၏။ ကျွန်မ၏ ဝတ္ထုတိုများ၊ လုံးချင်းဝတ္ထုများကိုဖတ်ပြီး ချီးမွမ်းစကား ဆိုတတ်သဖြင့် ကျွန်မမှာ ဝမ်းသာပီတိ ဖြစ်ရပါသည်။ သို့သော်လည်း သည်စာကွေ အကြောင်း ရေးရာတွင် ကျွန်မကိုယ်ကျွန်မ ကိုယ်ရည်သွေးသည် ထင်မှာကို လည်း စိုးရိမ်မိပါ၏။ သည့်အတွက်တော့ ကျွန်မကို နားလည်ပေးကြစေချင် ပါသည်။ ကျွန်မ ပြောပြချင်တာက အသက်ရှစ်ဆယ်ကျော် အဘွားတစ်ဦး၏ စာပေချစ်စိတ်ကို ဖြစ်ပါ၏။
ကျွန်မထံကို ရောက်လာသော အဘွား၏ ပထမဆုံးစာက (၅)ရက် စက်တင်ဘာ (၂ဝဝ၄) ရက်စွဲနှင့် ဖြစ်သည်။ သည်တုန်းက ကျွန်မတို့ မန္တလေး ကန်တော်ကြီး တိုက်တန်းမှာ နေကြစဉ်က ဖြစ်ပါသည်။
(၂)
‘မြေးမလေး ဒေါ်ခင်ခင်ထူး’
ယခု စာရေးသူသည် အသက် (၈၁) နှစ် ရှိပြီဖြစ်၍ ခင်ခင်ထူးကို မြေးမလေးဟု ခေါ်လိုက်ရပါသည်။
အဘွားက စာဖတ်ဝါသနာအိုးဖြစ်လို့ ယခုအထိ ဘာသာတရား စာပေမှစ၍ မဂ္ဂဇင်းပေါင်းစုံ၊ စာအုပ်ပေါင်းစုံဖတ်သူ ဖြစ်ပါတယ်။
မဂ္ဂဇင်းများမှာ ခင်ခင်ထူး ရေးသားတဲ့ ဆောင်းပါး၊ ဝတ္ထုတွေ ကို ဖတ်ရတာ အဘွားအတွက် အလွန်တရာမှ အားရဝမ်းသာဖြစ်ရ ပါတယ်။ အဘွားက ဒီလို ရိုးသားဖြူစင်တဲ့ ကျေးရွာသူ ကျေးရွာ သားများရဲ့ ပွင့်လင်းစွာ ပြောကြားပြုမှုကြတဲ့ စရိုက်ဓလေ့ ထုံးစံတွေ ကို အလွန်ပင် နှစ်သက်လှပါတယ်။ ဖတ်ရင်း ဖတ်ရင်းဖြင့် ကျေးရွာ ကလေးတစ်ရွာ၏ ပန်းချီကားတစ်ချပ် ကြည့်လိုက်ရသလို ရုပ်ရှင်ကား လေး ကြည့်လိုက်ရသလို ကွက်ကွက်ကွင်းကွင်း မြင်ယောင်နေပါတယ်။
အဘွားလည်း၊ စာရေးချင်တဲ့စိတ်တွေ ခဏခဏ ပေါ်တတ်ပါ တယ်။ ဒါပေမယ့် မရေးဖြစ်တော့ပါ။ ငယ်ငယ်က ဖေဖေက မုံရွာ အမျိုးသားကျောင်းအုပ်ဆရာကြီးဆိုတော့ ကျောင်းမှာ နှစ်စဉ် အမျိုးသားအောင်ပွဲနေ့ ကျင်းပလေ့ရှိပါတယ်။ အဲဒီအကြောင်းတွေကို ရေးချင်ခဲ့ပါတယ်။ ပြီးတော့ နှစ်စဉ် ကျောင်းလာစစ်တဲ့ အမျိုးသား ပညာဝန် ဦးဖိုးကျားကလည်း အိမ်မှာလာ၍ တည်းခိုပြီး ကျောင်းစစ် နေကျဆိုတော့ သူ့အကြောင်းတွေ အသေးစိတ်သိရလို့ ရေးချင်တဲ့ စိတ်လည်း ရှိခဲ့ပါတယ်။
အခုတော့ အသက်ကကြီးပြီ။ စိတ်သွားတိုင်း ကိုယ်မပါ ၊ ကျန်းမာရေးလည်း ချိုယွင်းစပြုနေပြီဖြစ်လို့ မရေးနိုင်တော့ပါ” ကျွန်မ၏ ဓာတ်ပုံကို မဂ္ဂဇင်းများတွင် တွေ့ရသဖြင့် ကျွန်မကို အသက် (၃ဝ) ကျော် (၄ဝ) တွင်း အရွယ်ဟု ခန့်မှန်းကာ မြေးမလေးလို့ ခေါ်ရခြင်းဖြစ်ကြောင်း၊ အဘွား၏ မြေးအကြီးဆုံးနှင့် ရွယ်တူလောက်ရှိမည်မှန်း၍ ခေါ်ရခြင်းဖြစ်ကြောင်းလည်း ပါ,ပါ၏။ အသက် (၈၀)ကျော် အရွယ် ဘွားအေကြီးတစ်ယောက်က မြေးတစ်ယောက်အပေါ် မေတ္တာဓာတ် ဖြင့် ရေးလိုက်သည့် စာတစ်စောင်လို ကျွန်မ ခံစားရပါသည်။ အဘွား စာအရ နံနက်တိုင်း ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေကြောင်း၊ ညနေပိုင်းမှာ ပဋ္ဌာန်း (၂၄) ပစ္စည်း ရွတ်ဖတ်ကြောင်း၊ မေတ္တာပို့ အမျှဝေရာတွင် ကျွန်မ တို့မိသားစုကိုပါ မေတ္တာပို့ကြောင်းတွေ ပါသဖြင့်လည်း အဘွား၏ မေတ္တာ ကို ခံယူရပါသည်။
စာတစ်စောင်မှာတော့ ကျွန်မရေးသည့် အညာသူ အညာသား ကျွန်မ ဆွေမျိုးများစာအုပ်၊ ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ် စာအုပ်များအပေါ် အဘွား၏ အမြင်များကို ဖတ်ရပါသည်။
“စိတ်ထားဖြူစင်သန့်ရှင်း ရိုးစင်းလှသော အညာသူ အညာသားဆွေ မျိုးများ၏ စရိုက်ပွင့်လင်းပုံများ၊ ပကာသနမပါသော ပကတိ ရိုးသားသော စကားအသုံးအနှုန်းများ၊ နေထိုင်ပုံ ကျင့်ကြံပုံများကို ဖတ်ရတာ သိပ်ပြီး အရသာတွေ့လှပါသည်။ အခြားသော မြို့ကြီးသူ မြို့ကြီးသားတွေကို ဇာတ်အိမ်ဖွဲ့ထားသော ဝတ္ထုရှည်များ၊ လုံးချင်း ဝတ္ထုများနှင့် ယှဉ်၍မရအောင်ပင် တန်ဖိုးရှိလှပါသည်။ ကျက်သရေ ရှိလှပါသည်။”
ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ် ဝတ္ထုထဲက ဇာတ်ကောင် ကိုကျီးညို သေဆုံးသွားသဖြင့် အဘွား သနားလှကြောင်း၊ သို့သော် ကျန်ရစ်ရှာသူ ခင်နှောင်းကလေးကို ပိုပြီး သနားမိရကြောင်း ရေးထားသည့် စာတစ်စောင်မှာတော့ “ဝတ်လဲတော်ရွှေပုဆိုး ဝတ္ထုရှည်ကလေး ပြီးဆုံး သွားလို့ နှမြောလည်း နှမြော၊ ဝမ်းနည်းစရာလည်း ကောင်းလှပါတယ်။
ခင်နှောင်းကလေးကိုလည်း အလွန်သနားမိပါတယ်။ လောကထဲမှာ ချစ်ခင် သူတွေနဲ့ သေကွဲကွဲပြီး အလွမ်းတွေနဲ့ ကျန်ရစ်ခဲ့ရရှာသူတို့ရဲ့ ဝေဒနာကို အဘွား ကိုယ်ချင်းစာပါတယ်”လို့ ရေးသားထားပါ၏။ အဘွားကိုယ်တိုင် သည်ပင် အလွမ်းဝေဒနာတွေ ခံစားခဲ့ရဖူးလေသလား မသိ။
အဘွားထံမှ စာသုံး,လေးစောင်လောက် ကျွန်မ လက်ခံရရှိထားပြီး ဖြစ်သော်လည်း အဘွားဆီကို ကျွန်မ စာမပြန်ဖြစ်ခဲ့ပါ။ (၂၀၀၄-၂ဝဝ၅) ခုနှစ်များသည် ကျွန်မအတွက် အလွန်အလုပ်များခဲ့သော နှစ်တွေလည်းဖြစ် ပါ၏။ လသားအရွယ် သမီးကလေးငယ်ငယ်က တစ်ဖက်၊ ကျွန်မတို့ မိသားစု ကန်တော်ကြီး တိုက်တန်းမှ မြို့သစ်သို့ ပြောင်းရွှေ့ဖို့ကိစ္စများက တစ်ဖက်နှင့် ဝတ္ထုတိုကလေးများပင် မရေးနိုင်ခဲ့ပါ။ မြို့သစ်ကို ကျွန်မတို့ မိသားစု ပြောင်းရွှေ့ခဲ့ကြတော့လည်း အဘွား၏ ပေးစာကလေးတွေက မြို့သစ်လိပ်စာဖြင့် တဖွဲဖွဲ ရောက်လာခဲ့ပြန်ပါ၏။
“မြေးမလေး ဒေါ်ခင်ခင်ထူး”
မင်းတို့မိသားစု မြို့သစ်ကို ပြောင်းရွှေ့သွားကြောင်း၊ မဂ္ဂဇင်းတွေထဲ မှာ ဖတ်ရလို့ လိပ်စာကူးထားလိုက်တယ်။ ကန်တော်ကြီးတိုက်တန်း ဘက် လိပ်စာနဲ့ စာတွေရေးပို့တာကော ရရဲ့လားမသိပါဘူး။ အဘွားကတော့ မင်း စာတွေဖတ်ပြီး မင်းဆီကို စာတွေရေးချင်နေ မိတာနဲ့ ရေးရတာပါပဲကွယ်။
အဘွားက စာဖတ် သိပ်ဝါသနာပါ,ပါသည်။ အင်္ဂလိပ်၊ မြန်မာ၊ ဝတ္ထု မဂ္ဂဇင်း အကုန်ဖတ်ပါသည်။ ဒေါ်ခင်မျိုးချစ် ရေးခဲ့တဲ့ “King Among Men’ ဆိုတဲ့ လူထုထဲက ဘုရင်မင်းမြတ်များဖြစ်တဲ့ အနော်ရထာမင်း၊ ကျန်စစ်သားမင်းတို့အကြောင်း အသေးစိတ်ဖတ်ရတာ အလွန်ကောင်းပါတယ်။ စာအုပ်ကို အပိုင်ဝယ်ထားရပါသည်။ ထပ်ခါတလဲလဲ ဖတ်ရှုနေရပြီး ဒေါ်ခင်မျိုးချစ်၏ English ကိုလည်း ကျက်မှတ်လေ့လာရပါသည်”
အင်္ဂလိပ်စာအုပ်တွေဖတ်သော၊ ပဋ္ဌာန်း (၂၄) ပစ္စည်းရွတ်သော အဘွားကို ကျွန်မ အဝေးကပင် ကြည်ညိုလေးစားနေရပါ၏။ သည်တစ်ခါ တော့ မအားတာ အားတာတွေ အသာထားလို့ အဘွားထံကို ကျွန်မ စာပြန်လိုက်ပါသည်။ လူချင်း မတွေ့ဖူးသေးသော အဘွားထံသို့လည်း ကျွန်မတို့မိသားစု တစ်ခေါက်တော့ အရောက်သွားကြမည် စိတ်ကူးထား ကြပါ၏။
(၃)
အဘွားထံမှ နောက်ထပ်ရောက်လာသည့် စာတစ်စောင်မှာတော့ အဘွား၏ ကျန်းမာရေးအကြောင်းတွေ ဖတ်ရပါသည်။ အသက်ရှစ်ဆယ် · ကျော်ဆိုတော့လည်း ဇရာဒုက္ခတွေ ရှိရှာပါရော့မည်။
“စာရေး စာဖတ်ရာ မှာ မျက်မှန်မတပ်ရပါ။ ဒါပေမယ့် စာတစ်မျက်နှာလောက် ရေးပြီးရင် ခေါင်းတွေနောက်ပြီး ဇက်ကြောတက်လာတော့တာပါပဲ”လို့ ဖတ်ရသည်။
“ဘွားဘွားလည်း အစားကလေး မှားလိုက်ရင် ဝမ်းဒုက္ခပေးတတ်ပါ တယ်။ အနေအထိုင် မဆင်ခြင်လိုက်မိရင် ဖျားချင်သလိုလို၊ ဖျား လည်း တစ်ခါဖျားသွားပါတယ်။ ဆရာဝန်ပင့်ပြီး ဆေးထိုးရပါတယ်။ ကောင်းတစ်လှည့် မကောင်းတစ်လှည့်ပါပဲ။ age က စကားပြော လာပြီလေ။ ခင်ခင်ထူးတို့ ဇနီးမောင်နှံ စာတွေရေးနိုင်ကြတုန်း များများ ရေးကြပါ။ ဘွားဘွား ဆုတောင်းလျက်ပါ”
တစ်ခါတော့ အဘွားဆီက တယ်လီဖုန်း လာပါသည်၊ ကျွန်မ စာပြန်စဉ်က ဖုန်းနံပါတ် ထည့်ပေးလိုက်၍ ဆက်လိုက်ဟန်တူပါသည်။ ကျွန်မ ဖုန်းထူးသည့်အခါ “ခင်ခင်ထူးရေ… အဘွားပါ၊ ဒေါ်အေးမေပါ” တဲ့။ အသံက အေးမြလှပါသည်။ နူးလည်း နူးညံ့သည်။ ကျွန်မနှင့် စကားတွေ အတော်ကြာကြာ ပြောရပါသည်။ အဘွားက ကျွန်မ ပြန်စာ ထဲမှာပါသည့်အတိုင်း သူ ရေးလိုသည့် အကြောင်းအရာများကို ဆောင်း ပါးကလေးတွေ ရေးထားကြောင်း ပြောပါသည်။ အဘွား ကိုယ်တိုင် ရေးတာဆိုလို့ အံ့လည်း အံ့သြ၊ သနားလည်း သနားမိရပါ၏။ ကျွန်မက အဘွား ရေးလိုသည့် အကြောင်းအရာများကို ကက်ဆက်ထဲ အသံသွင်းထား ဖို့ ဒါမှမဟုတ် မြေးတစ်ယောက်ယောက်ကို အဘွား ပါးစပ်ကခေါ်ပေးပြီး ရေးခိုင်းဖို့ အကြံပေးလိုက်တာ မဟုတ်လား။ အခုတော့ အသက်ရှစ်ဆယ် ကျော် အဘွားအိုက စာရေးစားပွဲမှာထိုင်ပြီး စာရေးတာကို ကျွန်မ လေးစား ချီးကျူးမိရသလို ကရုဏာလည်း ဖြစ်ရပါသည်။ စာပေကို အတော် ဝါသနာကြီးတဲ့ အဘွားပါပေ။
အဘွားက ခေတ်ဟောင်းရုပ်ရှင်ကားတွေအကြောင်း ရေးထားကြောင်း၊ Draft ရေးထားတာကို ချောရဦးမှာဖြစ်ကြောင်း၊ အမျိုးသားပညာဝန် ဦးဖိုးကျား မုံရွာ အမျိုးသားကျောင်းကို စစ်ဆေးရေးကြွရောက်ပုံ၊ အမျိုးသား နေ့ အခမ်းအနားများ မုံရွာမြို့တွင် ကျင်းပပုံတွေကို ရေးထားကြောင်းတွေ ပြောပြနေသည်။
တစ်လမှာတော့ ကျွန်မ ခင်ပွန်းက Beauty မဂ္ဂဇင်းက အလောင်း မင်းတရား၏ လက်ရုံးမင်းကြီး ဗိုလ်တွန်အကြောင်း ရေးခဲ့သည်။ မုဆိုးခြုံ ရွာကို ကားဖြင့်ဖြတ်စဉ် ခံစားမှုကို ရေးခြင်းဖြစ်ပါ၏။ ထိုမဂ္ဂဇင်းမှာပင် ကျွန်မ၏ ဝတ္ထု “ချည်ထွေး”လည်း ပါလာခဲ့ရာ အဘွားက မဂ္ဂဇင်းကို ဖတ်ပြီး စာရေးလာပြန်ပါသည်။ အဘွားစာထဲမှာ-
“မုဆိုးခြုံဆိုတာ ဘွားဘွားရဲ့ မိခင်၏ ဖခင်ကြီး ဇာတိဆိုတာ သိထားခဲ့ရတော့ ဖတ်ချင်ဇောနဲ့ ဖတ်လိုက်ပါတယ်။ အလောင်းဘုရား ရဲ့ တိုက်ဖော်တိုက်ဖက် တစ်ဦးဖြစ်တဲ့ ဗိုလ်ငတွန်ခေါ် မင်းခေါင် နော်ရထာ ဆိုသူအကြောင်း ရေးတာက သိပ်ပြီးကောင်းပါတယ်။ အဲဒါကို ရုပ်ရှင်ရိုက်ဖို့ ဒါရိုက်တာမီးပွားကို ကမ်းလှမ်းစေချင်တယ်။ ဘွားဘွာ·က မြန်မာဘုရင်တွေ အင်္ဂလိပ်ဘုရင်တွေအကြောင်းဆိုရင် သိပ်ကို စိတ်ဝင်စားပါတယ်။ အဲဒီကား (မုဆိုးခြုံ)မှာ အဓိကသရုပ် ဆောင်နေရာမှာ ကျော်ရဲအောင်ကိုထားရင် သိပ်ဝမ်းသာရမှာပဲ။ ဘွားဘွားက ယနေ့ ရုပ်ရှင်လောကမှာဆိုရင် အမျိုးသားသရုပ်ဆောင် ဆိုရင် ကျော်ရဲအောင်၊ အမျိုးသမီး သရုပ်ဆောင်ဆိုရင် စိုးမြတ်သူဇာ၊ မျိုးသန္တာထွန်းတို့ကို သဘောကျပြီး မေတ္တာလည်းထားမိပါတယ်။ သူတို့က ဟန်မများဘူး၊ သဘာ၀ကျကျလည်း သရုပ်ဆောင်ကြလို့ပါ။ အကြွားအဝါလည်း မရှိကြဘူးလေ”
အဘွား မှတ်ချက်ကိုဖတ်ပြီး ကျွန်မ ပြုံးမိရပါ၏။ အဘွား၏ စာမျိုးစုံ ဖတ်ရှုနေခြင်း၊ ခေတ်နှင့် အဟပ်မကွာဘဲ ခေတ်မီလှခြင်းတို့ကို သဘောလည်းကျ၊ လေးစားမှုလည်း ဖြစ်ရပါ၏။ အဘွားက ထိုစာနှင့် အတူ “အမျိုးသားနေ့ မမေ့ပါနိုင်”ဆိုသည့် ဆောင်းပါးတိုကလေး ထည့် ပေးလိုက်ပါ၏။ အဘွား၏ ဆောင်းပါးကို အဘွားရေးသည့်မူရင်းအတိုင်း ဖော်ပြချင်ပါသည်။ လူအိုသော်လည်း စိတ်မအိုသေးသော အဘွား၏ စာပေလက်ရာကို ခံစား နားလည်ပေးစေလိုပါ၏။
(၄)
“အမျိုးသားနေ့ မမေ့ပါနိုင်”
အမျိုးသားနေ့နှင့် ပတ်သက်သော ဤစာကို ရေးချိန်၌ (၁၉၂၂) ခုနှစ်ခန့်ကစ၍ (၁၉၄၁-၄၂) ခုနှစ်လောက်တိုင်အောင် မုံရွာမြို့ ရှိ အမျိုးသား ကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ် ဆောင်ရွက်ခဲ့သော ကျွန်မ၏ ဖေဖေအကြောင်း အနည်းငယ် တင်ပြလိုပါသည်။
ဖေဖေသည် ရန်ကုန်ကောလိပ်ကျောင်းတွင် စီနီယာအိုင်အေခေါ် ဥပစာ အထက်တန်း၌ ပညာသင်ကြားနေခိုက် ကောလိပ်ကျောင်းမှာ သပိတ်ကြီးနှင့် ရင်ဆိုင်ခဲ့ရပါသည်၊ ဖေဖေသည် သပိတ်မှောက်ကျောင်း သားအဖြစ်မှ မိမိဇာတိ စစ်ကိုင်းမြို့သို့ ပြန်ခဲ့ပါသည်။ ထို့နောက် သပိတ် ကိစ္စ ပြီးဆုံးသွားရာ ကောလိပ်ကျောင်းသားအချို့ ကောလိပ်ကျောင်းသို့ ပြန်လည်သွားကြပြီး ပညာဆက်လက် သင်ကြားကြသော်လည်း ဖေဖေသည် ကျောင်းသို့ မသွားတော့ပါ။ ဖေဖေ၏ ဖခင်ကြီးသည် နယ်ပိုင်ဝန်ထောက် (E.A.C) တစ်ဦးဖြစ်ရာ သား (၄) ယောက်တွင် အငယ်ဆုံးဖြစ်သည့် ဖေဖေ့ကို သူကဲ့သို့ မြို့အုပ်၊ ဝန်ထောက် ဖြစ်စေချင်သဖြင့် `ဖေဖေ့အား ကောလိပ်သို့ ပြန်လည်သွားရန် တိုက်တွန်းခဲ့ပါသည်။ ဖေဖေ့ဖခင်ကြီး၏ ဆန္ဒကို ဆန့်ကျင်၍ စစ်ကိုင်းမြို့တွင် စတင်ဖွင့်လှစ်သော အမျိုးသား ကျောင်းတွင် ကျောင်းဆရာကလေးအဖြစ် လုပ်ကိုင်နေခဲ့ပါသည်။
ထို့နောက် မိမိ မြတ်နိုးသော ကျွန်မ၏ မေမေနှင့် အိမ်ထောင်ပြု လိုက်ပါသည်။ မေမေ့တွင် သားဦးဖြစ်သူကို ကိုယ်ဝန်အရင့်အမာရှိခိုက် မုံရွာမြို့သို့ သွားရောက်၍ အမျိုးသားကျောင်းတွင် ကျောင်းဆရာကလေး အဖြစ် ဘဝခရီးလမ်းကြောင်းသို့ လျှောက်လှမ်းလိုက်ကြပါသည်။ သုံး,လေးနှစ်ခန့်ကြာသော် ကျောင်းအုပ်ဆရာကြီးအဖြစ်သို့ တိုးမြှင့်ခန့်ထားခံရ ပါသည်။
ကျွန်မ မှတ်မိသမျှ တင်ပြရမည်ဆိုပါလျှင် အမျိုးသားကျောင်းအုပ် ဆရာကြီးဖြစ်သော ဖေဖေနှင့် မြို့မိမြို့ဖများ၊ ရပ်ကွက်အသီးသီးမှ အသင်း အဖွဲ့များ၊ မျိုးချစ်စိတ် ရင့်သန်ကြသော ပုဂ္ဂိုလ်များ၏ စီစဉ်ဆောင်ရွက်မှု ဖြင့် နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလဆုတ် (၁၀) ရက်နေ့တွင် အမျိုး သားအောင်ပွဲနေ့ခေါ် အမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ မုံရွာမြို့၌ ကျင်းပခဲ့ကြပါသည်။
ချိန်းဆိုထားသော ထိုနေ့ နံနက် (၈) နာရီခန့်တွင် ရပ်ကွက်အသီး သီးရှိ အသင်းအဖွဲ ့များ၊ စာသင်ကျောင်းများမှ လူငယ်လူရွယ်များလည်း စုရပ်ဖြစ်သော အမျိုးသားကျောင်းဝင်းအတွင်းသို့ တဖွဲဖွဲ လာရောက်ကြပါ သည်။ တချို့မှာ တူညီဝတ်စုံများ ဝတ်စားဆင်ယင်လာကြပါသည်။ အိုးစည်ဗုံမောင်းများ တီးမှုတ်၍ စိတ်အားထက်သန်စွာ စုဝေးလာရောက် ကြရပါသည်။
အမျိုးသားကျောင်းမှ လှပချောမွေ့သော ကျောင်းသူမလေးတစ်ဦးကို “အမိမြန်မာပြည်”၏ပုံ ဝတ်စားဆင်ယင် ထုံးဖွဲ့စေ၍ အမိမြန်မာပြည်အဖြစ် သရုပ်ဆောင်စေခဲ့ပါသည်။ ၎င်းပြင် စစ်သူကြီး မဟာဗန္ဓုလ၏ပုံ ဝတ် စားဆင်ယင်ကာ အမျိုးသားလူငယ်တစ်ဦးအား သရုပ်ဆောင်စေခဲ့ပါသည်။ ၎င်းတို့ကို အမိုးဖွင့်မော်တော်ကား (သို့မဟုတ်) လှည်းပေါ်တွင် ခုံမြင့်မြင့် ကြီးတစ်ခုတင်လျက် ကော်ဇောများခင်းကာ ထိုင်စေခဲ့ပါသည်။
စာသင်ကျောင်းအသီးသီးမှ ကျောင်းသားကျောင်းသူများလည်း တူညီ ဝတ်စုံများ ဝတ်စားဆင်ယင်ကာ စီတန်းလှည့်လည်ရာတွင် ပါဝင်ဆင်နွှဲ ကြပါသည်။ အမျိုးသားကျောင်းဝင်းမှ အသင်းအဖွဲ ့များ စုံညီစွာ ထွက်ခွာ လာကြရာတွင် အရှေ့မှ မြို့၏အနောက်ဘက်ခြမ်းသို့ လက်ယာရစ် ထွက်ခွာ ခဲ့ကြရာ သဒ္ဓါတရား ထက်သန်သော ရပ်ကွက်သူ ရပ်ကွက်သားများက သကြားလုံး၊ ချိုချဉ်၊ လိမ္မော်သီး စသည်တို့ ကမ်းလှမ်းကြပါသည်။ လူစု လူဝေးကြီးသည် မြို့၏ အနောက်တောင်ဘက်ခြမ်းရှိ ဆုတောင်းပြည့် မြတ်စွာဘုရားကြီးဝင်းသို့အရောက် နေရာများယူကြ၍ ရပ်နားကြပါသည်။
ထို့နောက် အမျိုးသားကျောင်းဆရာကြီးက အမျိုးသားနေ့နှင့် စပ်လျဉ်း သော အချက်အလက်များ ပါဝင်သည့် မိန့်ခွန်းစကားကို အချိန်မိနစ် (၄၀) ကြာမျှ ပြောကြားပါသည်။ ဤသို့ မိန့်ခွန်းစကား ပြောကြားပြီးသည် င့် တစ်ပြိုင်နက် အမျိုးသားနေ့ ကျင်းပပွဲကြီးကို အောင်မြင်စွာ ပြီးဆုံးရပ်နားလိုက်ကြပါသည်။
ထိုနေ့ညတွင် အမျိုးသားကျောင်း အဆောက်အအုံကြီး၏ မျက်နှာစာ တွင် ဖယောင်းတိုင်မီးများ လှပစွာဖြင့် ထွန်းညှိထားသည်ကို တွေ့မြင်ရ ပါသည်။ အချို့နှစ်များတွင်မူ ကျောင်းဝင်းအတွင်း အငြိမ့်ပွဲများပင်ထည့်၍ အောင်ပွဲအဖြစ် ပြုလုပ်ကြပါသည်။ ကျွန်မ မှတ်မိနေသော အငြိမ့်အဖွဲ့မှာ ဒဂုံခင်လှကြည် ခေါင်းဆောင်သော အငြိမ့်ဖြစ်ပါသည်။
အမျိုးသားနေ့ မမေ့နိုင်ပါတကား။
(ဤဆောင်းပါးဖြင့် ဘဝတစ်ပါးမှ ကျွန်မ၏ဖခင်ကြီးအား ရည်မှန်း၍ ဦးချကန်တော့လိုက်ပါ၏။)
ဖွားမေ (ဇေယျာ)
(၅)
အဘွားဆီက စာတွေ မလာတာ သုံးလလောက် ရှိရော့မည်။ အဘွား နေလို့မှ ကောင်းပါလေစ။ စာတွေမှ ဖတ်နိုင်ပါလေစ။ သည်ည အဘွား ဆီကို ကျွန်မ စာရေးမေးရဦးမည်။ ကျွန်မတို့မိသားစု အဘွားရှိရာ စစ်ကိုင်းမြို့နေအိမ်သို့သွားရန် အခါခါ စိတ်ရောက်ရသော်လည်း ဖောင် စကားနှင့် ပြောရလျှင် အလုပ်တွေ ဇွဲမသတ်နိုင်ဘဲ ရှိနေရသည်။ သမီး ကျောင်းကတစ်ဖက်၊ စာရေးသောက်ရေး၊ စာရေးပေရေး၊ လူမှုရေးတွေ ကြောင့် စိတ်ရောက်သော်လည်း လူမရောက်နိုင်ခဲ့။ လူမရောက်သော်လည်း အဘွား ကျန်းမာပါစေကြောင်းတော့ ကျွန်မ ဆုတောင်းလျက်ပင်။
“ခင်ခင်ထူး၊ ခင်ပွန်း ဦးနေဝင်းမြင့်၊ သမီးလေး ဖွေးဖွေးတို့ ကျန်းမာ ပကတိ ချမ်းသာစွာရှိလျက် လိုရာဆန္ဒ ပြည့်ဝကြပါစေလို့ ဆုတောင်း မေတ္တာပို့သလျက်..”
ဆိုသည့် မေတ္တာဆုတောင်းကတော့ စာတိုင်းမှာ ပါ,ပါ၍ ကျွန်မတို့ မှာလည်း ဝမ်းမြောက်ဝမ်းသာ ခံယူလျက် ရှိပါသည်။ စာအားဖြင့် သုံး, လေးနှစ် အဆက်သွယ် ရှိခဲ့ကြသော်လည်း သည်ကနေ့အထိ မတွေ့ဆုံ ဖူးသေးသော အဘွားကို တွေ့ချင် မြင်ချင်လှပါ၏။ အေးမြနူးညံ့သော ပကတိစကားသံကို ကြားချင်လှပါ၏။
အနိုင်ထက်ပြုခြင်း၊ ရက်စက်ခြင်း၊ ညှာတာထောက်ထားမှုကင်းခြင်း၊ တစ်ကိုယ်ကောင်းစိတ် အကုသိုလ်စိတ်များကို ရှေ့တန်းတင်လာကြခြင်း စသော မကောင်းမှုများဖြင့် မနက်မျက်နှာသစ်နေကြရသော ပူလောင်မှု တွေကြား အေးမြနူးညံ့သော အဘွား၏ မေတ္တာစာကလေးတွေက သီတာ ရေစင်ပဲ ဖြစ်သည်။
ကျွန်မတို့ ငယ်ငယ်ကတည်းက အဖေက မေတ္တာ၏အကျိုးကို ဖွဲ့ဆိုသော လင်္ကာတစ်ပိုဒ် အာဂုံဆောင် ကျက်ခိုင်းထားသဖြင့် ကျွန်မတို့ ကျက်မှတ်ခဲ့ရပါသည်။
“အိပ်ရချမ်းသာ၊ ချမ်းသာစွာနိုး၊ အိပ်မက်ဆိုးပျောက်၊ စောင့်ရှောက် နတ်များ၊ ရင်ဝယ်သားသို့၊ လူများလည်းခင် နတ်လည်းခင်၏။ မီးလျှင် မပူ၊ အဆိပ်ဟူလည်း၊ ထို့တူပြေပျောက်၊ လက်နက်ရောက်လည်း၊ မပေါက် မဝင်၊ ပြီးသလျှင်တည့်၊ အစဉ်စိတ်တည်၊ မျက်နှာကြည်၍..”
မေတ္တာကြောင့် ဘေးရန်ကင်းရသည်။ ကြောင့်ကြကင်းရသည်။ ဆင်းရဲကင်းရသည်။ ချမ်းသာစွာ ကိုယ်ကိုဆောင်နိုင်သည်။ အဘွားကို မမြင်ဖူးသေးသော်လည်း အဘွား၏ မေတ္တာစာလွှာတွေအကြောင်း မေတ္တာ စိတ်ဖြင့် ကျွန်မ ရေးလိုက်ပါပြီ။
စာတွေ ရေးပါဦး၊ မေတ္တာတွေ ဝေမျှပါဦး၊ အသက်ရှည်ရှည်ဖြင့် နောင်နှစ်အခါခါ တန်ဆောင်မုန်းပွဲ ကြည့်ပါဦး အဘွားရယ်…။
ခင်ခင်ထူး
Mandalay Icon eged: (၂ဝဝ၈) ခုနှစ်၊ နိုဝင်ဘာလ