မကျေးအုံ (စဆုံး)
~~~~~~~~~~~~~~
`ကြီးတော်စိန် ကြီးတော်စိန် ´
`ဗျို့ ကြီးတော်စိန် ´
လှိုက်ဖိုကျယ်လောင်သော အသံအချို့သည် စူးရှစွာ ထွက်ပေါ်၍လာနေသည်။ လူရိပ်လူခြေများသည် အတော်ဝေးဝေးမှမြင်နေရသေးသော်ငြား အသံစုံသည် ဦးစွာဝင်ရောက်သည်။
`တော့် ဘာတုံးဟဲ့ အော်ကြီးဟစ်ကျယ် ´
လေသာပြတင်းပေါက်အားဖွင့်ကာ အသံချီ၍ ပြန်လည်မေးမြန်းလိုက်သည်။ကာလသားကလေးများပင် ချွေးသံရွှဲရွှဲဖြင့် အော်ဟစ်ပြေးလွှားလာနေကြသည်ကို တွေ့ရ၏ ။
`ကျေးအုံလေး အသတ်ခံရလို့တဲ့ ရွာပြင်က ညောင်အိုပင်ကြီးဆီ လူတွေသွားနေကြတယ် ´
`ဘာ ´
နားထဲသို့ စူးရှပူလောင်သော သံရည်ပူများ စီးဝင်လာသကဲ့သို့ပင် တဒိန်းဒိန်းဖြင့်အဆက်မပြတ်မြည်ဟီးလာခဲ့သည်။လှစ်ခနဲဟာသွားသော ရင်အစုံသည် ဝင်လေထွက်လေပင် ကောင်းစွာရှုရှိုက်၍ မရတော့ပေ။တုန်ယင်လာသောလက်အစုံသည် ပြတင်းတံခါးဘောင်အား ထောက်မှီ၍ ခွေညွှတ်ကျသွားခဲ့ရသော ခြေအစုံသည် ယိုင်နဲ့၍သွားခဲ့သည်။
`ဟာ ကြီးတော်စိန် လာ လာ ကျတော်တို့ တွဲမယ်´
မည်သို့မည်ပုံ ဤနေရာသို့ ရောက်ရှိလာခဲ့သည်ကို ပြတ်သားရှင်းလင်းစွာ မသိရှိတော့ပေ။လူအုပ်သည်းသည်းကြီးသည် မျက်စိရှေ့တွင် ပိတ်ဆို့၍သာနေသည်။
`ဖယ်ကြအုံးဟဲ့ ဖယ်လိုက်ကြအုံးဟဲ့
ဟိုမာ ဒေါ်စိန်ချစ်ကြီး လာပီ´
တစစီ ဖယ်ကပ်ပေးရှာသော လူအုပ်ကြီးအလယ်တွင် တွေ့မြင်ရသော မြင်ကွင်းသည် အကျည်းတန်လွန်းလှသည်။ လည်မျိုအားရစ်ပတ်ချည်နှောင်ထားသော နွယ်ကိုင်းများသည် လေအဝှေ့တွင် လူးလွန့်လှုပ်ခါနေလျက်ရှိသည်။ဖြူစုပ်ပြာနှမ်းနေပြီဖြစ်သော ခြေအစုံသည်လဲ ဝဲခါလျက်ပင်။
`သမီး ငါ့သမီး
ငါ့သမီးလေး ဘယ်လိုဖြစ်တာတုံး ကယ်ကြပါအုံး ငါ့သမီးလေးကို ကယ်ကြပါအုံး ဟဲ့ လုပ်ကြပါအုံး ´
မြေကြီးနှင့် ၃တောင်ခန့်သာ လွတ်ကွာနေသော ခြေအစုံအား ဖက်တွယ်ပိုက်ထွေးထားလျက် နှလုံးကွဲမထွက်အော်မြည်နေသော အသံကြောင့် ကာလသားတစ်ချို့ ကူညီရန်အလို့ငှာ ပြေးဝင်လာကြလေသည်။
`ဟိတ် ဟိတ် နေကြအုံး နေကြအုံးကွ
အသတ်ခံရတာဆိုတော့ ခြေရာလက်ရာအပျက်ခံလို့မဖြစ်ဘူး သက်ဆိုင်ရာက အစစ်အဆေးတေပြီးမှ လုပ်ချင်တာ လုပ်လို့ရမာ ´
ရပ်ရွာလူကြီး ဦးဘသော်၏ စကားသည် ကျမ၏ ရင်အစုံအား ဓါးထက်ထက်ဖြင့် အစိမ်းလိုက်အမွှန်းခံရသည့်အလား နာကျင်လွန်းရလေသည်။
အသတ်ခံရသည်တဲ့လား။၉နှစ်အရွယ်သာ ရှိသေးသောကလေးငယ်လေးအား မည်သူက သတ်နိုင်ပါအံ့နည်း။သတ်ဝံ့ပါအံ့နည်း။သတ်ရက်ပါအံ့နည်း။ကျမ၏ နှလုံးအိမ်သည် စူးရှအောင့်သက်စွာ နာကျင်လွန်းရသည်။ မျက်နှာနုနုလှလှကလေးသည် တင်းကြပ်သောနာကျင်မှုကြောင့် စို့အစ်ဖောင်းကားလျက်ရှိသည်။ အဖြူရောင်ဂါဝန်လှလှကလေးအား ဆုပ်ကိုင်ထားသော လက်တို့သည် အေးစက်တောင့်တင်းလျက်ရှိလေသည်။
ထိုစဥ် ဖက်တွယ်ထားသော ခြေအစုံသို့ ရွှဲပြစ်သောအရည်အချို့သည် တလှိမ့်စီ စီးကျ၍ ကျမ၏လက်ပေါ်သို့ သက်ဆင်းကျရောက်၍လာလေသည်။နီးမြန်းသောသွေးစများသည် ကျမ၏ လက်ပေါ်၌ ခြောက်လှန့်၍နေလေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
တစ်ခုသော မိုးဦးစ၏ နံနက်ခင်းတွင်ဖြစ်သည်။တဖျောက်ဖျောက်ကျဆင်းနေသော မိုးရေစက်များသည် အိမ်အရှေ့ တံစက်မြိတ်မှသည် သွယ်တန်းလးလှပစွာ စီးကျ၍နေသည်။
`တော့် ဒါက ဘယ်တုံးးး´
အိမ်အရှေ့လှေကားဝသို့ အစပြုနေသော ခြေလှမ်းတို့သည် တုံ့ဆိုင်းရပ်တန့်သွားလေသည်။
`ဟိုကောင် ငစိန်တို့ဆီ ပါဟာ ´
`မွန်းတောင်မလွှဲသေးဘူး တော်က ဘယ်အသောက်ထွက်အုံးမာတုံးး ဟိုမာ မိုးလဲကျနေတုံးရှိသေးတာ သွားရဲသွားကြည့်စမ်း ´
`မိုးကစိမ့်စိမ့်နဲ့ အိမ်မာနေရတာ ပျင်းတယ် ဟ ´
မည်သည့်စကားမျှ ထပ်မဆိုတော့ပါဘဲ အကြည့်စူးစူးတစ်ချက်သာ ပေးပို့စေလွှတ်လိုက်သည်။ကိုသာမောင်တစ်ယောက် ခေါင်းကုတ်ကာ အခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားရသည်။လင်ကိုယ်မယားနှစ်ယောက်သာ နေရသော အိမ်ကြီးကြီးတစ်လုံးသည် တိတ်ဆိတ်ခြောက်ကပ်လွန်းလှ၏ ။ရံခါ ဧည့်သည်သောင်သည်များ ရောက်ရှိသည့်အခါမျိုး၌သာ လူသံသူသံဆူဆူညံအောင်ကြားရတတ်သည်။ကျန်အချိန်များတွင် တစ်ယောက်နှင့်တစ်ယောက်မျက်နှာချင်းဆိုင်သည့်အချိန်ဆိုသည်ကား အလွန်ကိုနည်းလေသည်။
မိဘများထားချန်ရစ်ခဲ့သော ဥစ္စာစည်းစိမ်များ လက်ငုတ်လက်ရင်းစီးပွားလုပ်ငန်းများဖြင့် မကြောင့်မကြနေနိုင်သော်ငြား အိမ်၏ဆည်းလည်းဖြစ်သော သားသမီးရတနာကား ချွတ်ယွင်း၏ ။ထို့အတွက် စိတ်ညစ်ညူးရသည်။အိမ်ထောင်သက် ၁၅နှစ်ကျော်ရှိခဲ့သော်ငြား ရင်သွေးရတနာကား တစ်ကြိမ်တစ်ခါမျှ မရရှိခဲ့ပေ။
ခြေတံရှည်အိမ်အမြင့်ကြီးပေါ်မှ မိုးရေဗွက်ရေများအကြား ဆော့ကစားနေကြသော ကလေးသူငယ်များအား ကြည်နူးပီတိအပြည့်ဖြင့် ငေးကြည့်နေမိသည်။ပကတိဖြူစင်အေးချမ်းသော ကလေးငယ်များ၏ အပျော်သည် ကူးစက်တတ်ဟန်ရှိသည်။အကယ်၍ ဤအိမ်တွင် ကလေးငယ်လေးတစ်ဦး ရှိလာခဲ့မည်ဆိုပါက အလွန်ကို ကြည်နူးပျော်ရွှင်ဖွယ်ကောင်းလာလိမ့်မည်။ရွာထဲရှိ တတ်သိနားလည်သော သမားအကျော်များ၏ ဆေးနည်းမျိုးစုံလဲ အကူရယူဖူးပါသည်။သို့သော် အချည်နှီးသာပင်။ဒေါ်စိန်ချစ်၏ အတွေးအာရုံသို့ နတ်ကတော် ချိုချိုမြင့် ၏ စကားသံတို့သည် ပျံ့လွင့်၍ လာခဲ့သည်။
`အမယ်လေး ဒေါ်စိန်ချစ်ရယ် တော်တို့က မိရိုးဖလာ ရိုးရာကို မျက်ကွယ်ပြုထားကြသာကိုးတော့် ဟိုးးဘိုးဘေးဘီဘင်လက်ထက်ထဲက သားဆုပန်တယ် သားဆုပန်တယ်ဆိုတာ ပုံပြင်မှမဟုတ်တာ ´
`ချိုချိုတို့ကလေ မဟုတ်တာ မမှန်တာ လုံးဝမပြောဘူး တော်ကြီး ရင်သွေးရတနာ အဟုတ်လိုချင်တယ်မလား ရွာ့အပြင် ညောင်အိုပင်ကြီးက အစောင့်အရှောက်ဆီမှာ သွားတောင်းချေ ´
`၃ရက် ၃လ အတွင်း မထူးခြားရင်လေ ချိုချို့ပါးကို စင်းပေးထားမယ် တော့်စီးတဲ့ဖိနပ်နဲ့သာ ချ´
စိတ်အစဥ်သည် အားအင်အပြည့်ဖြင့် တက်ကြွလှုပ်ရှားလာခဲ့သည်။စိတ်မြန်လက်မြန်ရှိသူမို့ အတွေးအကြံအား ယခုပင်အကောင်အထည်ဖော်ချင်သည်။နောက်ဆုံးသော နည်းလမ်းပေမို့ အချိန်မနှောင်းခင် ကြိုးစားရမည်ဖြစ်သည်။
`တော့် ကိုသာမောင် ထွက်ခဲ့အုံးတော့´
အခန်းတွင်းမှ မှုန်ကုတ်သောမျက်နှာထားဖြင့် ထွက်၍လာလေသည်။
`ချိုချိုမဆီ သွား ကျမက အခုချက်ချင်းလာခဲ့ပါလို့ ပြောတယ်လို့ ´
ဝင်းလက်ပြုံးရွှင်သွားသော မျက်နှာသည် မှိုရသည့်အလားပင်။သူ့စိတ်အကြံအား ရိပ်စားမိသည်မို့
`အခုချက်ချင်းနော် တော်ကြီးကို အသောက်လွှတ်လိုက်တာမဟုတ်ဘူး သောက်ချင်သပါ့ဆိုလဲ ချိုချိုမဆီက အပြန်မှ သောက်ချေ´
အတွင်းသိ အစင်းသိ ငယ်ပေါင်းလင်မယားမို့ ကြိုတင်အမှာပါးရသေးသည်။မယားစကား မပယ်ရှားဝံ့သော်ငြား အရက်နှင့်တွေ့လျင် အကုန်မေ့ကာ ရမ်းကားတတ်သူဖြစ်သည်။ရပ်ရွာရှိလူအများစုသည်လည်း ဒေါ်စိန်ချစ်ထံမှ ငွေတိုးငွေစချေးငှားတတ်ကြသူများမို့ အလိုက်အထိုက်သည်းခံ၍ ဆက်ဆံပေးနေကြခြင်းပင်ဖြစ်သည်။မဟုတ်လျှင် အတောမသပ်နိုင်သောသူ၏ပြဿနာများသည် ဖြေရှင်း၍ဆုံးမည်မဟုတ်ပေ။
သို့သော်ငြား ရံခါ ငွေစကြေးစများဖြင့်သော်လည်းကောင်း ခွန်းသတောင်းပန်စကားဖြင့်သော်လည်းကောင်း လိုက်လံ ဖြေရှင်းရပေသေးသည်။အရက်မူးလျင် သွေးဆိုးတတ်သော ၃၅နှစ်အရွယ်ဤယောက်ျားအား မည်သို့မည်ပုံ ထိန်းချုပ်ဆုံးမရမည်လဲ ယခုထိ နည်းလမ်းရှာ၍မရပေ။မမူးလျင် တုန်နေသယောင်အထိကြောက်တတ်သော မယားစကားသည်လည်း မူးသည့်အခါ ဘယ်ဆီဘယ်ဝယ်ရောက်လေသည်မသိ။
`ဒေါ်စိန်ချစ်ရေ ကျမ အခစားရောက်ပါပြီရှင့် ´
နွဲ့တဲ့ပြာတာသော အသံစွာစွာသည် အိမ်အောက်ထက်မှလွင့်ပျံ့တက်၍လာသည်။
`ဟဲ့ ချိုချိုမ လာဟဲ့ တက်ခဲ့ဟဲ့ ´
ထီးနီနီအား အသာပိတ်၍ ပြတင်းထောင့်တွင်အသာထောင်ကာ ခြေထောက်နှစ်ချောင်းအား အပေါ်အောက် ဖိညှပ်ပူးကပ်ကာ ကနွဲ့ကလျဖြင့် ထိုင်လေသည်။
`ပြောပါအုံးးတော်ကြီး အခေါ်တော်လွှတ်တဲ့ကိစ္စ´
ထေ့ငေါ့ပြောဆိုသော စကားသံအား စိတ်မဆိုးမိပါ။
`အေးး ညည်းဟိုတခါ ပြောတဲ့ကိစ္စလေ ´
စကားဦးသန်းရုံရှိသေးသည် ပါးနပ်လိမ္မာသော အပြုံးဖြင့် ရယ်စစ စကားဆိုလေသည်။
`တော်ကြီး ဥ ဥမဲ့ကိစ္စမလား ခစ်ခစ်´
`ဒီဖေ ငါမဆဲလိုက်ချင်ဘူးနော် ကောင်မစုတ် ´
မိဘများလက်ထပ်ကတည်းကရယ် သိကျွမ်းခင်မင်ရင်းနှီးကြသူများမို့ ပြောမနာဆိုမနာ ဆူမနာဆဲမနာပင်ဖြစ်သည်။
`ဟင်းဟင်း မိချိုက စတာပါတော် ကဲ ဒါဖြင့်လဲ ကျမ လိုအပ်တာစီစဥ်လိုက်မယ်လေ သွားကြတာပေါ့ ´
ကြီးမားစိမ်းစိုသော အကိုင်းအခတ်အရွက်အလက်များသည် ရစ်ထပ်ပွတ်တိုက်လျက် လှပလွန်းအေးချမ်းလွန်းလှသည်။ညောင်ရွက် ညောင်သီးများ၏ တရှဲရှဲပွတ်တိုက်သံများသည်လည်း လေအဝှေ့တွင် ပြတ်သားကျယ်လောင်လွန်းလှသည်။ကျစ်လိမ်တွဲခိုလျက်ရှိသောနွယ်ပင်များသည်လည်း ဟိုဒီလှုပ်ယိမ်းလျက်ရှိနေသည်။
သန့်ရှင်းသော အခင်းအကျင်းအား ဖြန့်ခင်းကာ ပြင်ဆင်လာသော ကန်တော့ပွဲအား ကြီးမားတောင့်တင်းသောညောင်ကိုင်းဂွဆုံ၌ တင်ဆောင်၍ ရွတ်ဖတ်ရေရွတ်နေသော ချိုချိုမ၏ အသံသည်လည်း ကျေးငှက်သံများအကြားတွင် သံပြိုင်ထွက်ပေါ်လျက်ရှိသည်။
ထိုစဥ်ခဏ ညောင်အိုပင်နှင့် အနည်းငယ်လှန်းသောအရပ်တွင်ရှိသော ဇရပ်၌ ကျီးမဲတို့သည် အုပ်စုဖွဲ့၍ ပြိုနေကြလေသည်။အကောင်ရေအတော်များသော ကျီးမဲများသည် ဇရပ်အလည်၌ ရစ်သီပျံဝဲလျက်ရှိနေသည်မာ ထူးခြား၍နေလေတော့သည်။
အကောင်သေပလောင်သေများ ဇရပ်ပေါ်၌ ရှိနေသည်လားမပြောတတ်ပေ။ကလေးငယ်များ လမ်းသွားလမ်းလာများ ဆော့ကစားခိုနားတတ်ကြသည့် ဇရပ်မို့ အပုပ်နံ့အညှီနံ့များ စွဲနေမည်ဆိုပါက မဖြစ်သေးပါချေ။ဖယ်ရှားရှင်းလင်းရန် အလို့ငှာ ဇရပ်အနီးသို့ သွားရောက်ကြည့်ရှုရန်ဆုံးဖြတ်မိလေသည်။
`အို ´
`ဟဲ့ မိချိုမ လာကြည့်ပါအုံး လာစမ်းပါအုံး´
အံ့သြထိတ်လန့်သော အော်မြည်သံကြောင့် ဝတ်ပြုနေသောညောင်ပင်အောက်မှ အပြေးရောက်လာခဲ့လေသည်။
`ဟယ် ကလေးလေးတော့် အမလေးး´
ဖြူစွပ်သော အနှီးထွေးအကြားတွင် နီမြန်းသော မျက်နှာငယ်ငယ်သည် လှုပ်ရှားလူးလွန့်နေလျက်ရှိသည်။ကျီမဲများသည် ဤကလေးငယ်အား သားတစ်အမှတ်ဖြင့် ထိုးဆိတ်စားသောက်ချင်ကြဟန်တူလေသည်မို့ လျင်မြန်စွာ ဖယ်ကြောက်မောင်းထုတ်၍ ပိုက်ထွေးထားလိုက်မိသည်။
`ကဲ တော်ကြီးကို ချက်ချင်းလက်ငင်းအကျိုးပေးတော့တာပဲ အဘရုက္ခစိုးနတ်မင်းကြီးက ပေးသနားလိုက်တာ တော်နဲ့ ထိုက်လို့ ရတာပဲ မွေးပေတော့အဘွားကြီး ´
သေးငယ်လှသော ခန္ဓာအစုအဖွဲ့လေးသည် ရင်ခွင်အကြားတွင် နွေးထွေးလွန်းနေ၏ ။နီမြန်းသော ပါးဖောင်းဖောင်းသည်လည်း ပါးလျပ် နူးညံ့လွန်းလှ၏ ။ထိုစဥ်ခဏ ကလေး၏ မျက်လုံးအစုံသည် ပွင့်ဟ၍ လာခဲ့လေသည်။
`ဟင်´
`ဟယ်တော် ´
မရည်ရွယ်ပါဘဲ ပြိုင်တူအော်မြည်မိလေသည်။ကလေးငယ်၏ မျက်လုံးတစ်ဖက်သည် မျက်စံမပါ အဖြူထည်သာ ဖြစ်၍နေလေသည်။
`သနားစရာတော် အထီးလေးလား အမလေးလား ကြည့်ပါအုံးတော့် ´
သမီးမိန်းကလေးပင်ဖြစ်သည်။သနားစဖွယ် လူသားပေါက်စလေးသည် ငိုယိုခြင်းဖြင့် စတင်၍နှုတ်ဆက်လေပြီ။ချို့ယွင်းသောကလေးမို့ စွန့်ပစ်ထားခဲ့ကြလေသည်ထင်၏ ။သနားစိတ် ချစ်ခင်စိတ်တို့နှင့်အတူ ကလေးငယ်၏ နှဖူးစလေးအား အသာအယာနမ်းရှုံ့မိလေသည်။အနံ့အဆင်းကင်းသော နွေးထွေးနူးညံ့မှုသည် နှလုံးအိမ်အထိ စီးဝင်လေသည်။
`ကျေးအုံ ´
`ကျေးတေအများကြီးအုံခဲနေတဲ့အချိန် တွေ့ခဲ့ရတာမို့ ဒီနေ့ကစပြီး ငါ့သမီးလေး အမည်က မကျေးအုံ ´
ရင်ခွင်အကြားပွေ့အပ်ကာ ခပ်ဖွဖွ ဆိုလိုက်သော စကားပေသိ ကျယ်ကျယ်လောင်လောင်ပင် ပဲ့တင်ထပ်လေသည်။
မိုးလင်းမှ မိုးချုပ်နေဝင်အထိသာမက ညသန်းခေါင်ယံအထိပါ ဒေါ်စိန်ချစ်တစ်ယောက် အလုပ်ရှုပ်ရလေသည်။မမယ်အရွယ် ကလေးငယ်၏ ဝေယျာဝစ္စများအကြား ခါယမ်းပင်ပန်းလွန်းလှပါသည်။ရှားရှားပါးပါး ရောက်ရှိ၍လာသော ရတနာလေးမို့ ပင်ပန်းသော်လည်း ပီတိဖြစ်ရသည်။မောပန်းသော်လည်း ကျေနပ်နေရသည်။ကိုသာမောင်ပင် အအားမနေရပေ။ဟိုဟာသည်ဟာအစရှိသဖြင့်လက်တိုလက်တောင်း အသုံးတော်ခံရသေးသည်။
`တော့် ကိုသာမောင်ရေ့
ဒီမာ တော့်သမီး ကျေးအုံ ရဲ့ ချေးပုံကြီးးကျုံးလှည့်အုံး ´
`လာပြီဟေ့ လာပြီဟ
လူသေးသေးလေးကလည်း နို့တမျိုးထဲသောက်ရလို့တော်သေးရဲ့ နံ့လိုက်တာလဲ လက်ကုန်ပဲ´
ဗျစ်စိတောက်တောက်ရေရွတ်သော်ငြား ခိုင်းသမျှလုပ်ကိုင်ပေးရှာသည်။သွေးသားတော်စပ်ခြင်းမရှိသော သူစိမ်းကလေးငယ်အားခေါ်ယူမွေးစားခြင်းကို နှစ်လိုကြည်ဖြူခြင်းမရှိသော်လည်း ရက်လကြာမြင့်လာသည်နှင့်အမျှ ဖြူစင်သောသံယောစဥ်ကြိုးသည် ရစ်ပတ်ချည်နှောင်သည်ထင်၏ ။တိတ်ဆိတ်ခြောက်သွေ့သော ဤအိမ်ကြီးသည် ကလေးငယ်လေး၏ ငိုမြည်သံ ရယ်မောသံ ချော့မြူသံတို့ဖြင့် စိုပြေချမ်းမြေ့၍လာခဲ့လေတော့သည်။
သို့သော် အဆိုးနှင့်အကောင်းဟူသည်ကား ဒွန်တွဲလျက်ရှိနေသည်။ကျေးအုံလေးရောက်ရှိလာပြီးသည့်အချိန်မှစ၍ ဒေါ်စိန်ချစ်၏ စီးပွားလုပ်ငန်းအချို့သည် ယုတ်လျော့ပြိုဆင်းလာခဲ့လေသည်။ယခင် ငွေတိုငွေစချေးငှားထားသူအချို့သည် ရပ်ဝေးမြို့ရွာများသို့ ပြောင်းရွှေ့ထွက်ပြေးကြကုန်သည်မို့ ငွေအတိုးမဆိုထားနှင့် ငွေရင်းပါဆုံရှုံးရသည်။
ငှားရမ်းထားသော လယ်မြေများသည်လည်း ဥတုမမှန်ဖောက်ပြန်သဖြင့် လယ်ငှားများ၏ ရှိခိုးတောင်းပန်ခြင်းသာ ပြန်လည်ရရှိခဲ့ရသည်။
`ဒါ့ကြောင့် လူကြီးသူမတွေက ပြောတာပေါ့ ခြေနှစ်ချောင်းမကယ်ကောင်းဆိုတာလေ ပီးတော့ ကလေးက အင်္ဂါမှမစုံတာကိုးးး´
`သူ့ရဲ့ မိရင်းဖရင်းတွေကတောင် မလိုချင်လို့ စွန့်ပစ်ခဲ့သေးတာပဲ ဘယ်ကောင်းကျိုးပေးမတုံးအေ့´
ဤသို့ ဤသို့ တီးတိုးစကားများသည် ဒေါ်စိန်ချစ်၏နားသို့ တီးတိုးတစ်ဖုံ ကျယ်ကျယ်တစ်ဖုံ ဝင်ရောက်လေသည်။ထိုသို့သောစကားများကြားရသောနေ့သည် ဒေါ်စိန်ချစ်၏ ဒေါသအပူမီး ရွာစဥ်အနှံ့ ပျံ့လွင့်ပေါက်ကွဲသောနေ့ဖြစ်သည်။
`ငါ့ဟာငါ ဘာပဲလုပ်လုပ် ဘယ်သူ့ပဲ မွေးစားစား
ညည်းတို့သောက်ပူလား ဟမ်´
`နောက်တစ်ခါ ငါ့သမီး ကျေးအုံ ကို မဟုတ်မဟတ်မကောင်းသတင်းလွှင့်တဲ့
ကောင်မတွေနော်´
`ခုနှစ်ရက်ခုနှစ်လီ ခွေးချီးမစားနိုင်အောင် ဆွဲဖြဲပစ်မယ် စိန်ချစ်တဲ့ ဟေ့ တစ်ချစ်ပဲရှိတယ်´
ဤသို့ဖြင့် ရက်လနှစ်ရှည်အလီလီ ပြောင်းလဲ၍လာခဲ့လေသည်မှာ ကျေးအုံလေးပင် တတိယတန်းဖြေဆိုပြီးခဲ့ပြီ ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
`မေမေစိန် မီးမီး အုန်းမွှေးလုံးစားချင်တယ်´
အိမ်ရှေ့လေသာပြတင်းပေါက်မှ ရပ်၍ ဂလောင်ဂလင်တချွင်ချွင်မြည်နေသော အုန်းမွှေးလုံးသည်အနောက်သို့ ပြေးလိုက်နေကြသော ကလေးငယ်တစ်သိုက်အား ကြည့်ကာ ဆိုလိုက်သော ကျေးအုံ၏ စကားသံကြောင့် ဒေါ်စိန်ချစ် ကြွေးစာရင်းကြည့်နေရာမှ ရပ်တန့်လိုက်ရသည်။
`ကဲ လာ လာ သွားဝယ်ကြမယ်´
ကျေးအုံလက်အားဆွဲ၍အိမ်အောက်သို့ ဆင်းခဲ့လိုက်ကြသည်။
`ဟေ့ကောင်လေး ပေးအုံး ၂၀၀ဖိုး ´
အုန်းမွှေးလုံးသည်အနီးဝိုင်းအုံ ပြေးဆော့နေကြသော ကလေးငယ်များသည် မကျေးအုံအားတွေ့မြင်သောအခါ ဝိုင်းဝန်းစနောက်အော်မြည်ကြလေသည်။
`ကျေးအုံ ကျေးအုံ
မျက်စံမပါတဲ့ ကျေးအုံ´
`ကျေးအုံ ကျေးအုံ
သရဲမလေး ကျေးအုံ ´
ကလေးများ၏ အော်ဟစ်နောက်ပြောင်သံကြောင့် မကျေးအုံတစ်ယောက် ဒေါ်စိန်ချစ်ထမီစဆွဲကာ အနောက်ဘက်သို့ ပုန်းကွယ်၍ နေရလေသည်။
`ဟဲ့ ဒီအားတိုင်းမွေး အလေနတောလေးတွေတော့
သေချင်လို့လား ဟမ် သွားကြစမ်း နောက်တစ်ခါ ငါ့သမီးကို ဒီလို ပြောရဲရင် ပြောကြည့်လိုက်စမ်း
နင်တို့အိမ်အထိ လိုက်ရိုက်မယ် သွားကြစမ်း´
ဒေါ်စိန်ချစ်၏ မာန်မဲဆူပူသံကြောင့် ကလေးတစ်သိုက် ရွာ့အပြင် ညောင်အိုပင်ကြီးဆီသို့ ပြေးထွက်သွားကြလေတော့သည်။မကျေးအုံသည်ကား ငိုမဲ့မဲ့မျက်နှာထားနှင့် မျက်ရည်စတို့အား ပွတ်သပ်ကာနေလေသည်။
`သမီးလေး မငိုနဲ့တော့နော် သူငယ်ချင်းတွေက သမီးလေးနဲ့ မခင်ကြသေးလို့ စကြတာနေမာပါ´
`နောက် ခင်မင်သွားကြရင် သူတို့နဲ့ အတူတူတောင် ဆော့ဖို့ ခေါ်ကြအုံးမာ ဟုတ်ပလား
တိတ်တော့ ရော့ ဒီမာ ဒါလေးက ဦးဦးက လက်ဆောင်ကျွေးတာ ´
အသည်းပုံဓါးလှီးရေခဲချောင်းဒုတ်ကလေးအားကိုင်ကာ မကျေးအုံသည် ပြုံးစစဖြစ်လာလေသည်။
`မောင်ရင့်ကို ကြည့်ရတာ ကလေးချစ်တတ်တဲ့ပုံပဲနော် ´
သွက်လက်ဖော်ရွေသော အုန်းမွှေးလုံးသည်လူငယ်လေးအား ဒေါ်စိန်ချစ် သဘောကျမိသည်။အထူးသဖြင့် ကျေးအုံလေးအပေါ်တွင် နူးညံ့ဖော်ရွေစွာဆက်ဆံပေးခြင်းအား ကျေးဇူးတင်မိလေသည်။ရွာထဲရှိ အများစုသောသူတို့သည် ဒေါ်စိန်ချစ်ရှေ့တွင်သာ မချိပြုံးလေးများဖြင့် ကျေးအုံလေးအပေါ်တွင် ဟန်ဆောင်ဖော်ရွေပြတတ်ကြသည်။ကွယ်ရာဆိုလျင်တော့ ကျေးအုံလေးအား ချိုးနှိမ် နှိမ့်ချစွာ ဆက်ဆံတတ်ကြသည်။
`ဟဲ့ နင်တို့နော် ကျေးအုံ နဲ့ မပေါင်းကြနဲ့ မဆော့ကြနဲ့ ဟိုက ဘယ်ကနေ ဘယ်လိုရောက်လာတဲ့ဟာလေးမှန်းလဲ မသိဘူး´
`ဒေါ်စိန်ချစ်ကြီးက ညောင်အိုပင်ကြီးအောက်ကနေတွေ့လို့ မွေးစားထားတာ မျက်လုံးကြီးတစ်ဖက်ကလဲ မျက်စံမပါတဲ့အဖြူထည်ကြီး နင်တို့မကြောက်ကြဘူးလား´
`ဟိုက သိုက်ကလာသလား ဘာလားလဲမသိတတ်ဘူး နင်တို့ကို ဂုတ်ချိုးပစ်လိုက်လို့ ဒုက္ခများသွားမယ် ဘာအောက်မေ့နေသလဲ ´
စသောစသော သပုတ်လေလွင့်စကားများကြောင့် ရွာရှိကလေးများသည် ကျေးအုံလေးအား အဖတ်မတန်သကဲ့သို့ ရှောင်ဖယ်ဖယ် ရှိတတ်ကြလေသည်။မိမဲ့ဖမဲ့ အင်္ဂါချို့ယွင်းသော ကျေးအုံလေးသည် ရုပ်အဆင်းသဏ္ဍာန် ချောမောလှပသော်ငြား ကဲ့ရဲ့ရှောင်ခွာခြင်းသာ တစေခံခဲ့ရလေသည်။
`ဟုတ်တယ် ကြီးတော်ရဲ့ ကျတော့်ရဲ့ဖောက်သည်အများစုက ကလေးတွေလေ အဲ့တော့ သူတို့နဲ့ အဆင်ပြေအောင် ရင်းနှီးအောင် အမြဲနေရတယ်လေ´
`ကလေးတွေက အပစ်ကင်းတယ်မဟုတ်လား သူတို့လေးတွေနဲ့ နေရတာ ကျတော်လဲ ပျော်တယ်´
ပြုံးရွှင်သောမျက်နှာထားနှင့် တက်ကြွရွှင်လန်းစွာ ဆိုလာသော လူငယ်လေးအားကြည့်ကာ ဒေါ်စိန်ချစ်ပြုံးမိလေသည်။
`မောင်ရင်က ဒီအလုပ်လုပ်တာကြာပြီထင်တယ်နော် ကလေးတွေအကြောင်းအတော်လေး သိနေတာဆိုတော့လေ´
`ကြာပြီခဗျ ဒီရေချိုရွာရယ် ဟိုးဘက် ရေကမိုးရွာဘက်ရယ်က ကလေးတွေအားလုံးက ကျတော့်ဖောက်သည်တွေချည်းပဲလေ ဟဲဟဲ ´
`တခါတလေဆို ဝယ်စားနေကျဖောက်သည်တွေ မုန့်ဖိုးကုန်သွားတာတို့ မုန့်ဖိုးမရတဲ့အခါမျိုးတို့ဆို ကျတော်က အလကားတောင်ကျွေးရသေးတယ်ဗျ ´
`အရင်က အုန်းမွှေးလုံးတစ်မျိုးပဲ ရောင်းတာလေ
ခုကျ ကျတော့်ဘော်ဒါဖောက်သည်လေးတေများများလာလို့ ဓါးလှီးရေခဲချောင်းပါ ထပ်တိုးထားတယ်ဗျ´
တကယ့်ကို မိမိအလုပ်ပေါ် ကျွမ်းကျင်ပါးနပ်သော လူငယ်လေးပင်ဖြစ်သည်။
`ကဲ သမီးလေး ဦးဦး သွားတော့မယ်နော်
ဟိုးးရွာ့ပြင်က ညောင်အိုပင်ကြီးမှာ စောနက သူငယ်ချင်းတွေက ဆော့ရင်းစောင့်နေကြမာ သိလား´
ကျေးအုံလေး ပါးအား အသာအယာ တို့ထိပွတ်ကိုင်ကာ ပြုံးရွင်စွာဆိုလျက် ဂလောင်ဂလင်ခေါက်ကာ သွားလေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
`ဖြည်းဖြည်း ဖြည်းဖြည်း အသာချကြ ´
ကျမစတင်တွေ့ရှိခဲ့ရသော ဤနေရာတွင်ပင် ကျေးအုံလေးအား ဆုံးရှုံးရတော့မည်။ဖြူစွတ်သောအနှီးထွေးအကြားတွင် လှုပ်ရမ်းနေခဲ့သော နီတာရဲကလေးငယ်ငယ်လေးသည် ယခုအခါ အဖြူရောင်ဂါဝန်လှလှလေးအကြားတွင် ပြာနှမ်းအေးစက်ကာ လဲလျောင်း၍ နေလေတော့သည်။
သက်ဆိုင်ရာအဖွဲ့အစည်းများမှ လိုအပ်သည့်စစ်ဆေးမှုများ ပြင်ဆင်ပြုလုပ်နေကြသည်ကို ရွာသူရွာသားများနှင့်တကွ ကျမ မောဟိုက်နွမ်းနယ်လွန်းလှစွာ ကြည့်၍သာနေရလေသည်။
ဖော်ပြ၍မရနိုင်သော ဆုံးရှုံးမှုသည် ကျမ၏အားအင်များအား စုပ်ယူနေဟန်တူသည်။ကိုယ်လက်တို့သည် လှုပ်ရှား၍မရနိုင်လောက်အောင်ပင် လေးလံလွန်းလှသည်။စို့တစ်နေသော ဝမ်းနည်းမှုသည် ရင်အစုံအားပိတ်စို့ထားသော်ငြား မျက်ရည်ပူတို့သည် အတားအဆီးမဲ့စွာ စီးကြ၍သာနေလေသည်။
`ဟဲ့ ကလေးက မဒိန်းကျင့်ခံရတာ ထင်တယ်တော့ ဟိုမာကြည့်ပါ့လား ခြေထောက်မာ သွေးတွေ စီးကျနေတယ်လေ ´
`အေးဟယ် သနားပါတယ်ဟယ် ဒီကလေးငယ်ငယ်လေးကိုမှကွယ်´
`ဘယ်လို အယုတ်တမာကောင်ကများ လူစိတ်မရှိ လုပ်ရက်ကြတာလဲ မသိဘူးနော်´
`သူ့ ဘဝကံကိုက ဒီလို ဒီအဖို့ ဝဠ်ကြွေးပါလာလို့ နေမာပေါ့အေ ´
`ဟဲ့ တိုးတိုးပြောကြ တော်ကြာ ဒေါ်စိန်ချစ်ကြီးကြားလို့ လာလုပ်နေအုံးမယ်တော့´
တစ်ယောက်တစ်မျိုး ကိုယ်စီ သုံးသပ်ဝေဖန်ပြောဆိုနေကြပါသော စကားသံတို့သည် ကျမ၏နားထဲသို့ ပဲ့တင်ထပ်စွာ ဝင်ရောက်နေခဲ့သည်။ကြီးစွာသောအပူမီးသည် ကျမ၏ရင်ထဲ၌ တောက်လောက်ပျံ့နှံ့နေသည်မို့ ထိုသူများအား ခွန်းတုံ့ဆိုရင်ဆိုင်ခြင်းငှာ ကျမ မစွမ်းသာတော့ပါ။
အတိုင်းအဆမရှိကြီးမားလွန်းသော ဆုံးရှုံးမှုသည် ကျမ၏ ခန္ဓာအနှံ့မှ သွေးကြောမျှင်တို့အား ရပ်ဆိုင်းသွားရမလောက်အထိ နာကျင်ခံခက်လွန်းရသည်။မည်မျှလောက် ယုတ်ညံ့ကောက်ကျစ်လွန်းလှသူမို့ ဤလူမမယ်ကလေးငယ်လေးအပေါ် ရက်စက်လွန်းရပါသလဲ။၉နှစ်အရွယ်သာရှိသေးသောကလေးငယ်လေး၏ ဘယ်အရာကများ သတ်ပစ်ချင်ရလောက်သည်အထိ စေ့ဆော်နေပါအံ့နည်း။ရက်စက်လွန်း ယုတ်ညံ့လွန်း မိုက်ရိုင်းလွန်းလှသော ဤလုပ်ရပ်သည် လူ့အသိုင်းအဝိုင်း၌ ယှဥ်တွဲနေထိုင်ရပ်တည်ဖို့အတွက်ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းလွန်းလှသည်။
`မိန်းမ မိန်းမ
ကျေးအုံလေး အသတ်ခံရတယ်ဆို ´
လူအုပ်အကြားမှ တိုးထွက်ပြေးဝင်လာသော ထိုအသံလာရာဆီသို့ ကြည့်မိလိုက်သည်။ကိုသာမောင်ပင်ဖြစ်သည်။ဟန်ချက်ပျက်ကာယိမ်းထိုးနေသော ခြေလှမ်းအစုံဖြင့် လေးတွဲယစ်မူးသော ထိုအသံတို့သည် ကျမအား ပို၍ ကြေကွဲဝမ်းနည်းစေခဲ့သည်။
`အီး ဟီး ဟီး
တော်ကြီးက ဘယ်အလေလိုက်နေတာတုံး
ဒီမာ ကျုပ်သမီး ကျေးအုံလေး သေပြီတဲ့ တော့
သေပြီ အီး ဟီး ဟီး ´
အနီးသို့ရောက်ရှိ၍လာသော ကိုသာမောင့်၏ ရင်အစုံအား ထုရိုက်ကာ ကြွေကွဲပြင်းရှစွာ ငိုမိရပြန်သည်။
`ဘယ် ဘယ် ဘယ်လိုဖြစ်တာလဲဟာ ´
`ကျုပ်လဲဘယ်သိပါ့မလဲတော့် ကျုပ် ကြွေးတောင်းပြီး ပြန်လာတော့ ကျေးအုံလေးက အိမ်မာ ရှိမနေဘူး ´
`တော့်ကို ကလေးက နေမကောင်းလို့ သေချာကြည့်ထားပါလို့ မှာထားခဲ့တယ်လေ တော်ဘယ်သင်္ချိုင်းကို အလေလိုက်နေလို့တုံး ဟမ် တစ်နေ့တစ်နေ့ ဒီခွေးမသောက်တဲ့အရည်လောက် မျိုနေဖို့ပဲ သိတယ် အီး ဟီး ဟီး ´
ယနေ့မနက် မဖြစ်မနေအကြွေးတောင်းရန်ရှိသည်မို့ ရေကမိုးဘက်သို့ ခေတ္တသွားလိုက်ရခြင်းသည် ဤမျှကြီးမားသော ဆုံးရှုံးမှုကြီးဖြစ်ခဲ့မည်ဆိုသည်ကို တင်ကြိုသိရှိခဲ့မိပါက ကျမသွားခဲ့မည်မဟုတ်ပါ။
တစ်နေ့ထက်တစ်နေ့ အသောက်အစားဘက်သာ အားစိုက်လာခဲ့သော ကိုသာမောင်သည် လုပ်ငန်းဝန်တာကိစ္စရပ်များအား ကူညီဝိုင်းဝန်းရန်မဆိုထားနှင့် ကြွေးအတောင်းခိုင်းရန်ပင် သူ့ခြေလှမ်းသူမနိုင်သည့်အဖြစ်ပင်။မဖြစ်မနေစေခိုင်းရသည့်အခါမျိုးတွင်လည်း ကြွေးရရန်မဆိုထားနှင့် ကိုယ်ကပင်ပြန်လည်၍ လျော်ကြေးပေးခဲ့ရသေးသည်။အကြောင်းကား အတောင်းခိုင်းသောအိမ်ရှိပစ္စည်းများ ရံခါ လူများပင် ရိုက်ခွဲဖျက်စီးတတ်ခြင်းကြောင့်သာဖြစ်သည်။
ကျေးအုံကလေးသည် ရေချိုးမှား၍ထင်သည်။အပူရှပ်ကာ အဖျားကြီးလေသည်မို့ ရွာ၏တစ်ဦးတည်းသော ပရဟိတဆေးသူနာပြုကလေးအားပင့်ဆောင်ကာ ဆေးအထိုးခိုင်းရသေးသည်။ဆေးအရှိန်ဖြင့် အိပ်ပျော်၍နေသော ကလေးငယ်လေးအား ကြည့်ရှုစောင့်ရှောက်ထားရန်အသေအချာမှာထားခဲ့သော်ငြား ကြွေးတောင်းအပြန်အိမ်သို့ရောက်ရှိသည့်အခါ ကဇော်သမားကိုသာမောင်သည်လည်း မရှိ ။ကျေးအုံလေးသည်လည်း အိမ်တွင်ရှိမနေခဲ့သည်မို့ တွေးတောစဥ်းစားနေချိန်တွင် ကမ္ဘာပြိုသည့်သတင်းဆိုးအား ကြားသိလိုက်ရခြင်းဖြစ်သည်။
`ဒီက ဒီကလေးရဲ့အုပ်ထိန်းသူတွေလားခဗျ ´
မေးမြန်း၍လာသော ရဲအရာရှိမင်း၏ စကားကြောင့် ထုနှက်ရိုက်ပုတ်နေသော လက်များအား ရပ်တန့်လိုက်ရသည်။
`ဟုတ်ပါတယ်တော် ကျမ ကျေးအုံလေးရဲ့အမေပါရှင်´
`ကလေးက ပြင်းထန်တဲ့ တင်းကျပ်ဆုတ်ကိုင်မှုကြောင့် လည်ချောင်းရိုးအဆစ်တွေ ကျိုးသွားခဲ့ရပါတယ် အဓိက အသက်ဆုံးရှုံးခဲ့ရတဲ့အကြောင်းအရင်းကတော့ အဲ့တာပါပဲဗျ´
`ဒါပေမဲ့ ကျတော်တို့ ဆေးဘက်ဆိုင်ရာဆရာဝန်တွေရဲ့ လေ့လာတွေ့ရှိချက်အရ ဒီနွယ်ကြိုးတွေမာ ချည်နှောင်ခံရပြီး ကြိုးဆွဲချခံလိုက်ရလို့ အသက်ဆုံးရှုံးခဲ့ရတာမျိုးမဟုတ်ပါဘူး´
`အဲ့ မတိုင်ခင်ကတည်းက ကလေးက သေဆုံးပြီးသားဖြစ်နေပါပြီ။ဘာကြောင့်လဲ ဆိုတော့ ဒီနွယ်ကြိုးအရာဟာ ကလေးရဲ့ မေးရိုးအောက်အနီးနားမာပဲ ရှိနေပါတယ် ဒါပေမဲ့ ကျိုးပြတ်ပျက်စီးသွားတဲ့ လည်ချောင်းရိုးအဆစ်တွေကတော့ ဒီလည်မျိုတစ်လျောက်မာပဲ ရှိနေပါတယ်ခဗျ´
ရဲအရာရှိမင်း၏ စကားသံတို့သည် တုန်လှုပ်နာကျင်ဖွယ် ကျမ၏ အတွေးအာရုံတို့၌ ရုပ်လုံးပေါ်လာစေခဲ့သည်။ကျေးအုံလေးခံစားခဲ့ရသော နာကျင်မှုဝေဒနာသည် မည်မျှလောက် ကြီးမားလိုက်လေမည်နည်း။ခံရခက်လိုက်လေမည်နည်း။နာကျင်လိုက်လေမည်နည်း။ကြားသိလိုက်ရသော ကျမကိုယ်တိုင်ပင် တင်းကျပ်စို့နင့်လွန်းရပေသည်။
`ပြီးတော့ ပြောရမာ အားတော့နာပါတယ်ခဗျာ
ကလေးက အဓမ္မပြုကျင့်ခံထားရပါတယ် ´
`ရှင်´
ခွေခေါက်ကျသွားသော ခန္ဓာအစုံသည် ပုံလျက်သား လဲကျခဲ့ရလေသည်။ကျမ၏ သမီးလေး နုနယ်ငယ်ရွယ်လွန်းလှသော ကလေးငယ်လေးသည် ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်လွန်းပါသော ဖြစ်ရပ်ကို ကြုံခဲ့သည်တဲ့လေ။ရင်အစုံသည် နာကျင်ခံခက်လွန်းရသည်။ဖော်ပြ၍မစွမ်းသာသော လစ်ဟာမှုသည် အသည်းနှလုံးအိမ်၌အေးစက်လွန်းလှသည်။
`ကလေးရဲ့ လက်ထဲမာ ဒါလေးဆုပ်ကိုင်ထားတာတော့ တွေ့ခဲ့ရတယ် ခဗျ ´
သေးငယ်သော ဝါးဒုတ်ချောင်းကလေးသာဖြစ်သည်။ဤဝါးဒုတ်ချောင်းကလေးသည် ကျမနှင့်အလွန်ကို ရင်းနှီးနေပါသည်။အကြောင်းကား ကျေးအုံလေး နေ့စဥ်ပူဆာသမျှ ဝယ်ကျွေးခဲ့ရသော အုန်းမွှေးလုံးဒုတ်ကလေးဖြစ်နေသည့်အတွက်ပင်။ကျေးအုံလေးသည် အုန်းမွှေးလုံးစားပြီးသည့်အခါတိုင်း ဤဒုတ်ချောင်းကလေးများအား စွန့်မပစ်တတ်ဘဲ ကြယ်ရုပ်ကလေးလုပ်မည်ဟုဆိုကာ သိမ်းဆည်း၍ထားတတ်သည်။
ယနေ့ ကျေးအုံကလေး ဖျားနေသည်မို့ အုန်းမွှေးလုံးလည်း ဝယ်မကျွေးခဲ့မိပါ။စားချင်သည်ဆိုပါအုံးတော့ ဝယ်ကျွေးရမည့်အချိန်လဲ မရှိခဲ့ပါ။ကျေးအုံကလေးအား မနက် ၉နာရီလောက်တွင် သမားတော်ပင့်ကာ ဆေးထိုး၍ ကျမကြွေးတောင်းသွားခဲ့သည်လေ။အုန်းမွှေးလုံးသည် လူငယ်လေးသည်ကား မွန်းလွဲ ၁၁နာရီ ပတ်ချာလည်လောက်မှသာ လာတတ်သည်မို့ပင်။
မျက်စိရှေ့တွင် ရှိနေသော ဝါးဒုတ်ချောင်းကလေးသည် ကျမအား ခြောက်လှန့်၍သာ နေလေတော့သည်။
`ဒါ ဒါ´
ထစ် အ သော စကားစုတို့သည် ပြွတ်ကျပ်နေလေသဖြင့် အစီစဥ်မကျစွာပင် ထွက်ပေါ်၍လာခဲ့သည်။
`ဒီဒုတ်ချောင်းကလေးနဲ့ ပတ်သတ်ပြီး တစ်ခုခုများ သိထားတာရှိပါသလားခဗျာ ´
တုန်လှုပ်ပျက်ယွင်းသွားသော ကျမ၏ ဟန်ပန်ကြောင့် ရဲအရာရှိမင်းသည် သိလိုစိတ် ပြင်းပျ၍လာခဲ့လေပြီ။
`သိ သိပါတယ်ရှင် သိပါတယ်´
`ဒါ ကျေးအုံလေး စားနေကျ အုန်းမွှေးလုံးက ဒုတ်ချောင်းလေးပါ ´
ကျမ၏ အဖြေအား ရဲအရာရှိမင်းသည် နားမလည်ဟန်ဖြင့် မျက်ခုံးများကို တွန့်ကွေးကာ ထပ်မံ၍ မေးပြန်သည်။
`ဘယ်လိုရယ် အန်တီ တစ်ခေါက်လောက် သေချာလေး ထပ်ပြောပေးလို့ရမလားခဗျာ ´
ရဲအရာရှိမင်း၏ လက်ထဲမှ ဒုတ်ချောင်းကလေးအား အသာဆွဲယူကာ အနီးကပ်စေ့စေ့စပ်စပ် ကြည့်မိသည်။သေချာပါသည်။စားပြီးသည့်အခါတိုင်း စွန့်ပစ်ခြင်းမရှိဘဲကျေးအုံလေး သိမ်းဆည်းနေကျ ဝါးဒုတ်ချောင်းကလေးပင်ဖြစ်သည်။
`ဒီလိုပါ ရဲအရာရှိမင်းကြီးရယ်
ကျမသမီးလေးကျေးအုံက အုန်းမွှေးလုံးအရမ်းကြိုက်ပါတယ်။´
`သူကြိုက်တတ်မှန်းသိလို့ ကျမလဲ အမြဲတမ်းဝယ်ကျွေးပါတယ်ရှင်။ကျေးအုံလေးက အုန်းမွှေးလုံးစားပြီးတိုင်း ကျန်ခဲ့တဲ့ ဒီဝါးဒုတ်လေးတွေကို ကြယ်ရုပ်လေးတွေ လုပ်ဖို့ဆိုပြီး အမြဲသိမ်း သိမ်းထားတတ်ပါတယ် အိမ်က သစ်သားပုံးလေးထဲမာလဲ အများကြီး ရှိပါတယ်ရှင်´
တစ်စုံတစ်ခုကို နားလည်သဘောပေါက်ဟန်ဖြင့် ဝါးဒုတ်ချောင်းလေးအား အသာယူကြည့်ကာ ခေါင်းကိုအသာငြိမ့်ပြီး စဥ်းစားတွေးဆနေသော ရဲအရာရှိမင်းအား ကျမ အားကိုးတကြီး ကြည့်၍သာ နေရသည်။
`ဟုတ်ပါပြီခဗျာ ကျတော့ကို ဒီနေ့မနက်အိပ်ယာထချိန်ကစလို့ ဒီကလေးကို နောက်ဆုံးမြင်ခဲ့ရတဲ့အချိန်အထိ ဖြစ်စဥ်အားလုံးကို အသေးစိတ်ပြောပြပေးလို့ရမလားခဗျ´
`ဟုတ်ကဲ့ ရပါတယ်´
ဇရပ်ကြမ်းပြင်ပေါ်၌ လဲလျောင်းမှေးစက်နေသောကျေးအုံလေး၏အသက်မဲ့ခန္ဓာအား ကြည့်ကာ ယနေ့မနက်မှလှုပ်ရှားမှုသဏ္ဍာန်တို့သည် အသက်ဝင်ပုံရိပ်ထင်လာခဲ့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မနက် ၇ နာရီထိုးပြီးနေသော်ငြား ဘုရားစင်ရှေ့၌ အိမ်၏ မောင်းကြီးသည်လည်း ခွေလှဲ၍အိပ်စက်နေမြဲ ဆည်းလည်းကလေးသည်လည်း မြည်တွန်လှုပ်ရှားခြင်းအလျင်းမရှိသေးပါချေ။
`ဟဲ့ ကျေးအုံ သမီးလေး´
ထသေးဘူးလား နေတောင် အတော်မြင့်ပေါ့ကွယ်´
ဇာခြင်ထောင်အပါးလေးအား အသာလှပ်ကာစောင်အပုံလိုက်အတွင်းမှ ကွေးကွေးလေး အိပ်ပျော်နေသေးသော ကျေးအုံ အားလှုပ်နိုးနေသော်ငြား မည်သည့်စကားသံမျှ ထွက်ပေါ်လာခြင်းမရှိပေ။ထိတွေ့ကိုင်တွယ်မိလိုက်သော လက်မောင်းသားတို့သည် အတိပူနွေးလျက်ရှိသည်။
`ဟောတော် ဒီကလေးတော့ ဖျားပြီထင်ရဲ့ ´
ရစ်ဝဲနေသော ဆံသားအိအိလေးများအားအသာဖယ်ကာ နှဖူးစသို့ စမ်းသပ်ထိကိုင်မိလိုက်သည့်အခါ ကိုယ်ငွေ့ပူပူသည် လက်ဖဝါးသို့ လာရောက်ထိတွေ့လေသည်။
`အင်းး တန်တော့ မနေ့က ရေချိုးမှားပြီနဲ့တူတယ်
ဒါ့ကြောင့် မအေက အချိန်နဲ့အခါနဲ့ချိုးပေးတော့ကျလဲ မဟုတ်ရဘူး အဆော့ပဲမှတ်နေတာကိုးအေ့´
`ကိုင်း ခုတော့ ဖျားပြီမဟုတ်လား ဘယ့်နှဲ့ရှိစ´
တဗျစ်တောက်တောက် ရေရွတ်နေမိသော်ငြား လက်တို့သည် ကျေးအုံလေး၏ ခန္ဓာအနှံ့မှ စီးကျနေသော ချွေးစီးချွေးပုပ်များအား အသာသပ်ချကာ ရေဖလားနှင့် အဝတ်သန့်တစ်ခုယူ၍ ဟိုဟိုဒီဒီအနှံ့ ရေပတ်တိုက်ပေးနေလေသည်။
`မေမေစိန် မီးမီး ပါးစပ်ခါးတယ်
အုန်းမွှေးလုံး စားချင်တယ်´
အေးစက်သော အတွေ့အထိကြောင့် နိုး၍လာသည်ထင်၏။
`တယ် ငါ ထုထောင်းချလိုက်ရ
ညည်းပါးစပ်ခါးမပေါ့အေ့ အဖျားကြီးနေသာလေ´
`မအေလုပ်သူက အချိန်နဲ့အခါနဲ့ ရေမိုးချိုးပေးရင် ဒင်းက မဟုတ်ရဘူး အဆော့မက်နေသာ ခုတော့ ဖျားရပြီလေ ဘာအုန်းမွှေးလုံး တ နေသာတုံး ´
`အုန်းမွှေးလုံးတော့ မရဘူး
ညည်းဆေးခါးကြီးသာ သောက်ရမယ် မှတ်´
`အီး ဟီး ဟီး ´
တကိုယ်လုံးတွန့်လိမ်ကွေးကောက်ကာ လူးလိမ့်၍ ငိုယိုခြင်းအမှုကို ပြုလေသော ကျေးအုံမအားကြည့်ကာ သက်ပြင်းချရသေးသည်။ငိုသံစူးစူးကြောင့်ဘုရားစင်ရှေ့ စက်တော်ခေါ်နေသော ကိုသာမောင်ပင် အိပ်ခန်းအတွင်းသို့ တစ်ချက်ကြည့်ကာ အောက်ထပ်သို့ ဆင်းသွားလေသည်။အလိုလိုက်အကြိုက်ဆောင်ကာ ဖူးဖူးမှုတ်ထားလေသမျှ မအေအား အရုပ်ဟုထင်သည်။ဆိုးချင်တိုင်းဆိုး နွဲ့ချင်တိုင်းသာ နွဲ့နေလေတော့သည်။ပူဆာသမျှ မညည်းညူဘဲ ဖန်တီးပေးတတ်သော အမေဖြစ်သူအား ရံခါ အရွဲ့တိုက်ဂျစ်ကျတတ်သေးသည်။လင်သားဖြစ်သူ ကိုသာမောင့်အပေါ် နိုင်စားခဲ့သမျှ ဒင်းကလေးနဲ့မှ လက်မြှောက်ဒူးထောက်ရတော့သည်။
`ကဲ တော်ပါအေ တော်ပါဟဲ့´
`ညည်းသာ မြန်မြန်နေကောင်းပေ့စေ ဝယ်ကျွေးမယ် ဟုတ်ပလား ´
`မေမေစိန် တကယ်ပြောတာနော် မီးမီးက
များရီးစားမာနော် ဒီလောက်များများရီး စားမာနော်´
လက်ကလေးနှစ်ဖက်အား ဆန့်တန်းပြကာ ချစ်စဖွယ်ဆိုလာပြန်တော့ ပြုံးမိရပြန်သေးသည်။ငိုယိုဂျစ်တိုက်ခြင်းကြောင့် နီရဲမို့တက်လာသော မျက်အိပ်ဖောင်းဖောင်းကလေးနှင့် လှပလွန်းသော ပါးချိုင့်နက်နက်လေးသည် အသည်းယားချင့်စဖွယ် ပြုံးရယ်၍နေလေသည်။
`အေးပါတော် စားပါ ညည်းလေးသာ စားနိုင်ရင်လေ မေမေစိန်က ကျွေးပြီးသားပဲ ´
`ယေးးး ဒါ့ကြောင့် မေမေစိန့်ကို များများရီးချစ်တာ´
ကျမ၏ လက်အစုံအား ဆွဲယူ၍ ပွေ့ဖက်တွယ်ယှက်ထားသော လက်သေးသေးလေးအား ကြည်နူးစွာဖြင့် ပြန်လည်ပိုက်ထွေးထားမိသည်။
မပြည့်စုံခြင်းဖြင့် လူ့လောကထဲသို့ ရောက်ရှိလာခဲ့ရသော သည်သမီးလေးအား ကျမ ပြီးပြည့်စုံသောဘဝလေးသာ ဖန်တီးပေးချင်သည်။
`မေမေစိန့်ကိုပဲချစ်တာဆိုတော့ ဘဘကြီးကိုကျတော့ မချစ်ဘူးပေါ့ ဟုတ်သလား´
ကျမကို မေမေစိန်ဟုခေါ်သော်လည်း ကိုသာမောင့်ကိုတော့ ဘဘကြီးဟုသာ ခေါ်လေသည်။
`ဘဘကြီးကိုလဲ မီးမီးက ချစ်ပါတယ် ဒါပေမဲ့ ဘဘကြီးက အရမ်းအော်တယ်လေ အာ့ကျ မီးမီးကကြောက်တာပေါ့´
`မီးမီးက ဘဘကြီးကို တိုးတိုးလေးနေတဲ့အခါကျ များများရီးချစ်တယ်လေ အရမ်းအော်တဲ့အခါကျ သေးသေးလေးပဲ ချစ်တယ် လေ´
တကယ့်ကို သာလိကာမလေးဖြစ်သည်။ကိုသာမောင်အရက်မူးလာသည့်အခါ ဆူပူသောင်းကျန်းသည်ကို သူနားလည်ထားသကဲ့သို့ ပြောဆိုနေခြင်းဖြစ်သည်။
`ဟုတ်ပါပီတော် ကဲ မေမေစိန် ဆန်ပြုတ်ကလေးပြုတ်ပေးမယ် အာ့လေးအရင်သောက်ပြီး ဆေးသောက်ရမယ် အဖျားသက်သာသွားမှ စားချင်တာ အားလုံးဝယ်ကျွေးမယ် နော် ဟုတ်ပလား´
သို့သော် ကျေးအုံလေး၏ အပူရှိန်သည် လျော့ကျ၍မသွားခဲ့ပေ။ပို၍ပို၍သာ ပူကျစ်နီရဲလာခဲ့လေသည်။ဆန်ပြုတ်ပူပူသည်လည်း ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် ၃ဇွန်း၄ဇွန်းခန့်သာ ဝင်သည်။တိုင်းရင်းဆေးခါးခါးသည်လည်း ထွေးအန်ထွက်ကျသည်နှင့် အနည်းငယ်သာ ခံတွင်းထဲဝင်လိမ့်မည်ထင်သည်။မဖြစ်ချေတော့ပေ။ရွာရှိ တစ်ဦးတည်းသော ဆေးဝါးသူနာပြုကလေးအား ပင့်ဆောင်ရတော့မည်ထင်သည်။
ကျမတို့ ရေချိုရွာသည် မြို့နှင့် အတော်အလှမ်းဝေးသည့်အလျောက် အစစ အရာရာ အတော်များများသည် တစ်ခုတည်း တစ်ဦးတည်းလောက်သာ ရှိတတ်သည်။ရွာရှိ နတ်ကတော်သည်လည်း မိချိုမ တစ်ဦးတည်းသာ ရှိသည်။ငွေတိုငွေစချေးငှားပေးသူဟူ၍လည်း ကျမတစ်ဦးတည်းသာရှိလေသည်။ထို့အတူ အစိုးရမှ စီစဥ်ခန့်အပ်ပေးထားသော ပရဟိတဆေးသူနာပြုလေးသည်လည်း တစ်ဦးတည်းသာ ရှိပါသည်။ရွာရှိ တစ်ခုတည်းသော စာကြည့်တိုက်ကလေးသို့ ဆရာလေးအား ပင့်ဆောင့်ရန် အလွှတ်ခိုင်းရပြန်သည်။
`တော်ကြီးနော် ဒီမာ ကလေးက အဖျားတအားကြီးနေတာ ဆရာလေးကို အသေအချာ ရအောင် ပင့်လာခဲ့´
`စာကြည့်တိုက်ကို တန်းတန်းမတ်မတ်သွားပြီး မြန်မြန်ဆန်ဆန်ပင့်လာခဲ့နော် ဟိုသည်ဝေ့ဝဲနေရင် တော်နဲ့ကျုပ် အတွေ့နော် ကိုသာမောင်´
ထုံးစံအတိုင်း ခြိမ်းခြောက်အမှာစကားပြောကြားရသေးသည်။မနက်စာစားသောက်ပြီးချိန်ဖြစ်သော်ငြား မထင်လျင်မထင်သလို ကဇော်ဝိုင်းပြေးတတ်သူမို့ အသေအချာကို အမှာတော်ပါးလိုက်ရသေးသည်။ဤမျှလောက် အမှာစကားခြွေထားပါသော်ငြား ဆရာလေးသည်သာ အိမ်ရောက်လာခဲ့သည်။ဒင်းသည်ကား အတူလိုက်ပါလာခဲ့ခြင်းမရှိခဲ့ပါချေ။
အိမ်ရှေ့မနီးမဝေးသို့ ယောင်နနဖြင့် ဟိုမေးဒီစမ်းဖြင့်ရောက်ရှိ၍လာသော လူငယ်လေး၏ သန့်ပြန့်ရှင်းသန့်သောရုပ်ရည်အားကြည့်ခြင်းဖြင့် ဆရာလေးသာဖြစ်ရမည်ဟု တွေးထင်မိသည်။
ကျမတို့လင်ကိုယ်မယားနှစ်ယောက်စလုံး ဖျားသည်နာသည်ဟူ၍ သိပ်မရှိခဲ့ပေ။မကြာသေးခင်က ရွာရှိစာကြည့်တိုက်၌ မြို့မှရောက်ရှိ၍လာသော ပရဟိတသူနာပြုလူငယ်လေးရှိနေသည်ကိုကြားသိရသော်လည်း ကိုယ်လက်မအီမသာဖြစ်လာခဲ့ပါက အပူချွေးထုပ်၍ ဆေးခါးတစ်ထုပ်သောက်လျင် ပျောက်ခဲ့သည်သာမို့ ဤဆရာလေးသည် ပထမဆုံး ကျမ၏အိမ်သို့ ခြေချမိခြင်းဖြစ်ပါသည်။
`ဆရာလေးထင်ပါရဲ့ကွယ် ´
လယ်သာအိတ်အမဲလေးကိုင်ဆောင်ကာ အိမ်ဝန်းရှေ့ရပ်၍နေသော လူငယ်လေးအား ခရီးဦးကြိုပြုရသည်။
`ဟုတ်ကဲ့ဗျ ဒါ ဒေါ်ကြီးစိန်ရွှေရဲ့အိမ်လားခဗျာ ဦးလေးသာမောင်က ကလေးဖျားလို့ဆိုပြီး အပင့်လွှတ်လိုက်တာပါ´
`ဟုတ်ပါ့ရှင် ဟုတ်ပါ့ ကြွပါဆရာလေးရယ် ကြွပါ´
အိမ်ပေါ်သို့ ပင့်ဖိတ်၍ အကြမ်းအိုးဖြင့် တည်ခင်းဧည့်ခံရသည်။ချောမောတည်ကြည်သော လူငယ်လေးပေသိ လေးစားကြည်ညိုဖွယ်အဆင်းသဏ္ဍန်ရှိလေသည်။
`အဲ့သည့်လူကြီးကော အတူလိုက်မလာဘူးလားကွယ်´
`ဦးလေးသာမောင်က ဒီအရှေ့နားလေးထိ လိုက်ပို့ပေးပါတယ်ဗျ ရွာထဲကိစ္စလေးရှိလို့ဆိုပြီး ပြန်သွားပါတယ်ဗျ´
`အမလေးး ဒင်းဘာကိစ္စရှိပါ့တော် တွေ့အုံးမယ် ဒင်းတော့နော် ´
ဧည့်သည်ပို့ဆောင်၍ ဒင်းကအခွင့်ကောင်းယူကာ ကဇော်ဝိုင်း ပြေးသည်ထင်၏ ။ကလေးနေမကောင်းသည့်အချိန်တွင်ပင် သည်းခံကူညီပေးခြင်းအသိညဏ် ဒင်း၌ ရှိမနေပေ။ယနေ့ ရေကမိုးရွာသို့ အရေးတကြီး ကြွေးတောင်းရန်ကိစ္စသည်လည်း ရှိနေလေသည်။လက်ကပ်သည့်မိန်းမမို့ နေ့ရက်အတိအကျသွားရောက်တောင်းယူရခြင်းဖြစ်သည်။မကြာခင်မြို့သို့အလုပ်သွားလုပ်တော့မည်ဟုလည်းသတင်းသဲ့သဲ့ ကြားထားသေး၍ အမိဖမ်းလိုခြင်းလည်းဖြစ်သည်။အရေးထဲမှအရာပေါ်ဆိုသကဲ့သို့ပင် ကျေးအုံးကလေးသည်ကား ဖျားနာ၍ နေပေသည်။မဟုတ်လျင် တပါတည်းအတူခေါ်သွားရကား အဆင်ပြေ၏ ။
`ကလေးက ဘယ်မာလဲ ခဗျ´
ကိုသာမောင့်အပေါ်၌ မြည်တွန်တောက်တီးခြင်းအမှုသည် ဆရာလေး၏ စကားသံပေါ်လာသည့်အခါမှသာ ပြတ်တောက်ပါလေသည်။
`အခန်းထဲမာပါ ကျမအိမ်ရှေ့ခေါ်လာခဲ့ရမလား´
`ရပါတယ် နေပါစေဒေါ်ဒေါ် ကျတော် လိုက်ကြည့်လ်ုက်ပါ့မယ် ´
အိပ်ခန်းအတွင်းသို့ အားနာစွာဖြင့်ပင် ညွှန်ပြခေါ်ဆောင်ရသည်။ကပိုကယိုဖြစ်နေသော ဇာခြင်ထောင်အား ကမန်းကတမ်းခေါက်တင်ကာ ကျေးအုံလေးအား အသာအယာလှုပ်နိုးရလေသည်။
ဟိုဟိုဒီဒီစမ်းသပ်ထိကိုင်နေခြင်းအား အသာကြည့်နေမိသည်။ယနေ့ခေတ်ဆေးဝါးနည်းပညာများသည် ကျမအတွက် အဆန်းတကျယ်ဖြစ်၍နေလေသည်။ကျေးအုံလေး၏ လက်မောင်းသို့ အဝတ်စပတ်ကာ တွဲဆက်ထားသော ကြိုးလေးမှလက်ကိုင်လုံးလေးအား ဖိညှစ်လေသောအခါ ကျေးအုံလေးသည် နိုး၍လာခဲ့လေသည်။
`အီးး ဟီးး ဟီး ´
လူစိမ်းမျက်နှာမြင်တွေ့ရ၍ထင်သည်။ငိုယိုလေတော့သည်။
`ဟဲ့ ကျေးအုံ သမီးလေး မငိုနဲ့လေကွယ်
ဒီဦးဦးက သမီးလေးနေကောင်းပျောက်အောင် လုပ်ပေးတာပါကွယ် ´
ချော့မြူပြောဆိုသော်လည်းမရ ငိုမြဲသာ ငိုလေသည်။
`ဆရာလေး အဲ့ဟာကြီးက နာလို့များလားဟင်´
ကျမ၏ အမေးစကားအား ရယ်လေသည်။
`ဒါက မနာပါဘူး ဒေါ်ဒေါ်ရဲ့ သွေးပေါင်ချိန်တိုင်းတဲ့ဟာပါ နည်းနည်းတင်းကျပ်ကျပ်လေးဖြစ်နေတော့ လန့်လို့ ငိုတာနေမာပါ´
အဆန်းတကျယ်စကားများအား ကျမနားမလည်နေခဲ့ပါချေ။
`မသိပါဘူး ဆရာလေးရယ် ကျမတစ်သက်တော့ အဲ့တာမျိုးကြီး တစ်ခါမှကို မမြင်ဖူးပါဘူးတော်´
`ရေနွေးအဖြူပူပူလေးများ မရနိုင်ဘူးလား ဒေါ်ဒေါ်´
ခက်ချေပြီ။လက်ဖက်ခြောက်ခပ်ထားသောအကြမ်းရည်ပူပူသည် အချိန်အခါမရွေးရှိတတ်ပါသော်ငြား ရေနွေးအဖြူသည်ကား အရံသင့်ရှိ၍မနေသည်မို့ မီးထိုးကာ တည်ရပေအုံးမည်။မြို့သူမြို့သားများသည် အကြမ်းရည်အဖြူသာ ကြိုက်တတ်ကြသည်ထင်သည်။
`လက်ဖက်ခြောက်ခပ်ထားပြီးသားတော့ အသင့်ရှိတယ်ဆရာလေးရယ် ရေနွေးအဖြူပဲကြိုက်တတ်သလား ကျမ အခု ပြေးတည်လိုက်ပါ့မယ် ´
`ကျတော့်အတွက်မဟုတ်ပါဘူးဒေါ်ဒေါ်ရယ် ကလေးကို ဆေးထိုးရမာမို့ ဆေးထိုးအပ်တွေကို ပိုးသတ်ချင်လို့ ရေနွေးအဖြူတောင်းတာပါဗျာ´
ဘာရယ်ညာရယ်အတိအကျနားမလည်သော်ငြား လိုအပ်သည်မို့ တောင်းဆိုခြင်းသာဖြစ်ပေလိမ့်မည်။ကျမအိမ်အောက်ထပ်သို့ ဆင်းကာ အပြေးကလေးမီးမွှေးရသေးသည်။မီးကြွင်းမီးကျန်ကလေးများ ရှိလောက်အုံးမည်ထင်သည်။
အချိန်ကား မနက်၉နာရီခန့် ရှိနေချေပြီ။ကြွေးတောင်းသွားရန်အချိန်သည်လည်း နီးကပ်၍ လာနေပြီမို့ ကျမ သုတ်သုတ်ပြာပြာဖြစ်၍နေပြီဖြစ်သည်။
`ဟို သေနာသာမောင်ဆိုတာကလဲ အထောက်အကူကို မရတာ တကယ်´
`နည်းနည်းပါးပါးများ မယားအလုပ်ကလေးတွေ ကူပါလောင်ပါအုံးတော့လား ခုတော့ မိုးလင်းကနေမိုးချုပ် ဒင်းသောက်လုပ်နဲ့ ဒင်းရှုပ်နေတော့တာ´
အပန်းမကြီးသော အလုပ်ဖြစ်ပါသော်ငြား အရေးကြီးသည့်အခါ ပို၍ကြာတတ်သကဲ့သို့ပင် တဟုန်းဟုန်းတောက်လောင်နေသော မီးဖိုသည် ရေနွေးဆူရန်အတွက် ကြာမြင့်လွန်းနေသည်ဟုထင်သည်။ကိုသာမောင့်အပေါ် တေးမှတ်ထားသောဒေါသအပူမီးသည်လည်း မီးနှင့်အပြိုင်တောက်လောင်နေလျက်သာရှိလေသည်။
ဆူပွက်၍လာပြီဖြစ်သော ရေနွေးအဖြူအား ဒန်ဇလုံထဲသို့လှယ်ထည့်ကာ အိမ်ပေါ်သို့ မပြေးရုံတမယ်ခြေလှမ်းများဖြင့် လှမ်းတက်၍လာခဲ့သည်။
ခြေလှမ်းတို့သည်အိမ်အပေါ်ထပ်လှေကားအဝမှပင် ရှိနေသေးသော်ငြား အိပ်ခန်းအတွင်းသို့ ကမန်းကတမ်းလှမ်းမျှော်ကြည့်လိုက်မိသည်။
`အမလေး´
လှေကားအဝရှေ့ ဖြန့်ခင်းထားသော ခြေသုတ်အဝတ်စဖြင့် ငြိချိတ်ကာ ခြေလှမ်းတို့သည်ပျက်ယွင်းလေသဖြင့် ရေနွေးပူပူများသည် ဖိတ်စင်၍ကျကုန်လေသည်။
ရုတ်တရက် ကျယ်လောင်စွာထွက်ပေါ်လာသော ကျမအသံကြောင့်ထင်၏ ဆရာလေးသည် အခန်းအတွင်းမှ ရေးကြီးသုတ်ပြာဟန်ဖြင့် ထွက်၍လာလေသည်။
`ခလုပ်တိုက်မိတာ ဆရာလေးရေ ကျမလဲ တော်နေကြာ ကြွေးတောင်းသွားရအုံးမာမို့ လောနေလို့ရယ် လန့်များသွားသလား´
`ဒီမာ ရေနွေးအဖြူထည့်လာခဲ့ပြီ ´
အံ့သြထိတ်လန့်သောဟန်ပန်ဖြင့် ပြူးကြောင်၍ ကြည့်နေသော ဆရာလေးသည်လည်း ကျမ၏ဖြေရှင်းစကားကြားရသည့်အခါမှသာ စိတ်အေးဟန်ဖြင့် သက်ပြင်းသဲ့သဲ့ချလေတော့သည်။
အခန်းတွင်း၌ ကျေးအုံလေးသည် ငြိမ်သက်စွာပင်နေလျက်ရှိသည်။ဂျီတိုက်ဂျစ်ကျခြင်းသည် ခဏအတွင်းပြီးဆုံးသွား၍သာ တော်သေးသည်။ဆေးထိုးရန်အတွက်ပြင်ဆင်နေသော ဆရာလေးအား ကျေးဇူးတင်စကားဆိုရပြန်သည်။
`ကျေးအုံမ ငိုယိုနေအုံးမယ်ထင်တာ
ခုကျလဲ သူမဟုတ်တဲ့အတိုင်း ငြိမ်လို့ရယ်´
`ဆရာလေး ဘယ်လိုများချော့လိုက်ပါ့လိမ့်
ကျေးဇူးတင်လိုက်တာကွယ် ´
`ရပါတယ် ဒေါ်ဒေါ်ရယ် ကလေးက လိမ်မာပါတယ် နော့ ကျေးအုံ´
မေ့ငေါ့ကာ ဆိုလေသည့် ဆရာလေး၏ စကားကို ခေါင်းအသာငြိမ့်ကာ တုံ့ပြန်သော ကျေးအုံလေးအား ကြည့်၍ ပြုံးမိသည်။အချိန်တစ်ခဏအတွင်းမာပင် ရင်းနှီးသွားကြပြီထင်သည်။
`မီးမီးက စကားနားထောင်ရင်
ကြယ် ကြီးကြီးရီး တကယ် လုပ်ပေးမာနော် ´
`တကယ်လုပ်ပေးမာပေါ့ ကျေးအုံလေးကသာ
ဦးဦးပြောတဲ့အတိုင်း သေချာနားထောင် ကြယ်ရုပ်အကြီးကြီးလုပ်ပေးမယ် ဟုတ်ပလား´
`ကဲ ခုတော့ ဆေးအရင်ထိုးရအောင် ´
အနေတော် အပ်အရှည်အားမြှောက်ကိုင်ကာ ဆိုလာသော ဆရာလေးအား ကျေးအုံတစ်ယောက် မျက်လုံးအဝိုင်းသားဖြင့် ကြောင်၍သာ ကြည့်နေလေသည်။
`ကြီးတော်စိန်ရေ့ ဒီမှာ ဦးလေးသာမောင်
အရက်ဝိုင်းမာ ရန်ပွဲဖြစ်နေလို့ အိမ်လိုက်ပို့တာဗျို့ ´
အိမ်ဝန်းရှေ့မှ အော်သံကြောင့် အိမ်ရှေ့သို့ ကမန်းကတမ်း ထထွက်လာခဲ့ရသည်။ကြားနေမြဲမရိုးသောရန်ပွဲပင်ဖြစ်သော်ငြား ဒေါသထွက်ရပြန်သည်။
`သေပေ့စေဟေ့ သေပေ့စေ
အဲ့ကာလနာကြီး သေတဲ့ချိန် ကောက်မြုပ်မယ်ဟဲ့
လာကိုပို့မနေကြနဲ့တော့ ´
`တကယ်ပါတော် တစ်နေ့တစ်နေ့ သူ့သောက်ပြဿနာတွေကို ရှင်းမနိုင်ဘူး´
ခုနှစ်သံချီကာ လေသာပြတင်းလှပ်၍ ဆူပူအော်ဟစ်မိခြင်းသည် ဧည့်သည်ဆရာလေးရှိနေသည်ကိုပင် ခေတ္တမေ့၍နေမိသည်။အတန်ကြာမှ သတိကပ်မိလေသည်။ဒင်းသည်ကား အိမ်အောက်ထပ်တန်းလျားပေါ်၌သာ လဲလျောင်းလျက်ရှိနေမည်ထင်သည်။
`အားနာလိုက်ပါရဲ့ ဆရာလေးရယ်´
`တကယ်မျက်နှာလဲပူမိပါရဲ့ ဆေးထိုးလို့ကော ရရဲ့လား´
အခန်းတွင်းသို့ပြန်လည်ဝင်ရောက်ကာ တောင်းပန်စကားဆိုရပြန်သည်။ကိုယ့်အသံနှင့်ကိုယ်မို့ ဆေးထိုးအပ်ကိုကြောင်၍ကြည့်နေသော ကျေးအုံတစ်ယောက် ငိုလေသလားပင် သတိမထားမိပါချေ။
`ရပါတယ် ဒေါ်ဒေါ်ရယ်´
`ဒီဆေးလေးတွေကို အခုတစ်ထုပ်ရယ် ညရယ် နက်ဖြန်မနက်ရယ် သေချာလေး ဝင်အောင်တိုက်လိုက်ပါဗျ သက်သာသွားပါလိမ့်မယ်´
ဆေးလုံးလေးများထည့်ထားသော အိတ်အထုပ်လေး ၃ထုပ်ပေးကာ နှုတ်ဆက်ခြင်းအမှုကို ပြု၍ပြန်သွားလေသည်။ကျေးအုံလေးအား ဆေးတိုက်ကာ ဆန်ပြုတ်လက်ကျန်လေး ချော့မြူ၍ကျွေးရသေးသည်။အချိန်ကား မနက်၁၀ခန့်ရှိနေပြီမို့ ကျမ ကြွေးအတောင်းသွားရန်အချိန်သည်လည်း နီးကပ်လွန်းနေခဲ့ပြီဖြစ်သည်။ကျေးအုံလေးသည်ကား ဆေးအရှိန်ကြောင့်ထင် အိပ်ပျော်၍ နေလေတော့သည်။
`တော့် ကိုသာမောင် ကျမ ရေကမိုးဘက် ကြွေးတောင်းသွားရအုံးမယ် ´
`မဖြစ်မနေမို့သာ သွားရသာ ကလေးက နေမကောင်းတော့ စိတ်ကမဖြောင့်ဘူးတော်´
`တော်ကြီးနော် ကလေးလဲ ဂရုစိုက်အုံး ´
ဆူပူကျိန်းမောင်းခံထားရသည်မို့ ကျမအား အဖြေစကားမဆိုပါဘဲ လက်ထောင်ပြခြင်းဖြင့်သာ တုံ့ပြန်လေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
`ဒါဖြင့် အိမ်မာ ကလေးမလေးရယ်
ဦးလေးရယ်ပဲ ကျန်ခဲ့တာပေါ့´
ကျမ၏ ဖြေရှင်းစကားအဆုံး၌ ရဲအရာရှိမင်းသည် ကိုသာမောင့်ဘက်သို့ မျက်နှာမူ၍ မေးလေသည်။
`ဟို ဟို ´
ယမကာအရှိန်ဖြင့် နီမြန်းနေသော မျက်နာရဲရဲတွင် ရွှဲနှစ်စွာစီးကျ၍နေလေသော ချွေးစီးချွေးပေါက်များအား သုတ်ဖယ်ကာ ထစ်အသော စကားတို့သည် ရပ်တန့်၍နေလေသည်မို့ ကျမ စိတ်မရှည်ဖြစ်ရသည်။
`တော်ကြီး ပြောလိုက်လေ ဘာဖြစ်နေသာတုံး´
ယိမ်းထိုးနေသော ခန္ဓာကိုယ်သည် ဆွဲကိုင်လှုပ်ရမ်းလိုက်ခြင်းကြောင့် နောက်သို့ ထိုးလန်ကျလေတော့သည်။
`ဦးလေး ဒီမနက် အိမ်မာ ဘာတွေဖြစ်ခဲ့လဲ သေသေချာချာ ပြောပြပေးပါ´
`မဟုတ်ရင်တော့ ဦးလေးကို သံသယတရားခံအဖြစ် ကျတော်တို့ ဖမ်းသွားရပါလိမ့်မယ် ´
ခက်ထန်သော မျက်နှာထားနှင့် ဆိုလာသော တင်းမာသည့်လေသံကြောင့် ကိုသာမောင့်အမူအယာတို့သည် ပို၍ ပို၍သာ ပျက်ယွင်း၍လာခဲ့လေသည်။
`ဟယ် ကျေးအုံလေးကို သတ်တဲ့သူက
ဦးလေးသာမောင်ကြီးလား´
`ဘုရား ဘုရား ကျေးအုံလေးက
သူ့သမီးလေ ဟယ်တော်´
`အမလေး သနားစရာကလေးမလေးဟယ်´
`သွေးသားမှမတော်စပ်တာကိုးအေ့
အယုတ်တမာကြီး သူမို့လုပ်ရက်တယ်ဟယ်´
နားထောင်ကြည့်ရှုနေသော လူအုပ်ကြီး၏ ပြစ်တင်ဝေဖန်သံတို့သည် ဆူညံစွာပင် ထွက်ပေါ်၍လာလေတော့သည်။
ကျမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ပူလောင်ရှိန်းတိန်း၍နေလေပြီ။ကြီးစွာသောပူဆွေးသောကသည် ရှက်ရွံခြင်းထပ်လောင်းကာ ဤလူအုပ်ကြီးအကြားတွင် ကျမ၏ဖြစ်တည်မှုသည် တစ်ခဏအတွင်းမာပင် သေးငယ်လွန်းလာသကဲ့သို့ ခံစားနေရသည်။
`မဖြစ်ပါစေနဲ့ မဟုတ်ပါစေနဲ့´ဟူ၍လည်း ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား စိတ်မှန်းဖြင့် မျှော်ရည်ဆုတောင်းနေမိသည်။ကျမ၏ လင်သားသည် ဆိုးသွမ်းရမ်းကားသည့်လူဆိုးတစ်ယောက်ဖြစ်သော်ငြား လူယုတ်မာတစ်ယောက်တော့ မဟုတ်ခဲ့ပါချေ။ဤမျှလောက် ယုတ်ညံ့သော အမှုကို ပြုရလောက်သည်အထိ ယုတ်မာစဥ်းလဲသောသူ မဟုတ်နိုင်ပါဟုသာ ယုံကြည်မိသည်။
ကျေးအုံလေး မမယ်အရွယ်ငယ်စဥ်အချိန်မှ ၉နှစ်အရွယ်ယခုအချိန်အထိ ချေးသေးသုပ်သင်ကာ အတူတူ ကူညီထိန်းကျောင်းခဲ့ကြရသည်လေ။တယုတယ ပိုက်ထွေးချော့မြူခြင်းသည် အကြိမ်ရေများစွာမရှိခဲ့ပါသော်ငြား ဂရုစိုက်စောင့်ရှောက်ခြင်းသည်ကား အမြဲမလပ်ပင်ရှိနေသည်ကို ကျမသိပါသည်။သွေးသားတော်စပ်ခြင်းအလျင်း မရှိပါသော်ငြား သမီးအရင်းနှင့်မခြား စောင့်ရှောက်မွေးမြူခဲ့ရသော ကျေးအုံလေးအား ။အတွေးထဲ၌ပင် ကျမထည့်မစဥ်းစားဖူးပါ။မစဥ်းစားရဲပါချေ။သို့သော်
`ကျုပ် ကျုပ် အီးဟီးဟီး
ကျုပ်မှားပါတယ်ဗျာ ကျုပ်ကြောင့်ပါ ´
ရှိုက်ငိုသံကြီးနှင့်အတူ ထွက်ပေါ်လာသော ကိုသာမောင်၏ စကားသံတို့သည် ကျမ၏ နောက်ဆုံးကျန်ရှိနေသော မျှော်လင့်ချက်ယဲ့ယဲ့ကလေးအား ဆွဲနှုတ်၍ သွားလေပြီ။
`ဟဲ့ ဟဲ့ လုပ်ကြပါအုံး
ဒေါ်စိန်ချစ်ကြီး လဲသွားပြီ ´
ရုတ်တရက် ကျမအနီးအနားသို့ အမိုက်တိုက်ကြီးသည် ပိန်းပိတ်စွာ ကြီးစိုး၍သွားခဲ့သည်။အရာအားလုံးသည် မဲမိုက်မှောင်ပိန်း၍သာနေလေသည်။အရာအားလုံးသည်တိတ်ဆိတ်ငြိမ်သက်လျက် စူးရှသော အသံစူးစူးတစ်ခုသာ နားထဲသို့ဝင်ရောက်လာခဲ့သည်။
`မိန်းမ မိန်းမ
သတိထားပါအုံး မိန်းမ´
အချိန်ကား မည်မျှကြာခဲ့သည်မသိ။နားထဲသို့ဝင်ရောက်လာခဲ့သော ရင်းနှီးသည့်အသံသြသြသည် ရွံရာစက်ဆုတ်ဖွယ် တိုးဝင်လာခဲ့လေသည်။
`ဖယ်စမ်း ခွေးသူတောင်းစား ငါ့အသားလာမထိနဲ့´
`ခွေးစိတ်ပေါက်နေတဲ့ အကောင် နင်ဒီလောက် ယုတ်ကန်းလိမ့်မယ်လို့ ထင်မထားခဲ့ဘူး´
`အီးဟီးဟီး သမီလေးရယ် အမေ့ကို ခွင့်လွှတ်ပါ
ဒီလိုတိရစ္ဆာန်ကောင်ဖြစ်နေမန်းသိရင် သမီးလေးကို အမေ့ဘဝထဲ ခေါ်မလာခဲ့ပါဘူးကွယ် အီးဟီးဟီး´
`ကိုယ့်သားသမီးကို ပြန်စော်ကားတဲ့ ခွေးတိရစ္ဆာန် နင့်ကို ငါသတ်မယ် ´
လျိုစီးထားသော ညှပ်ဖိနပ်အား ချွတ်ကာ ရွံရှာစက်ဆုပ်ဖွယ်မျက်နှာသို့ အားကုန်လွှဲ၍ အဆက်မပြတ် ထုရိုက်နေခြင်းသည် လူအများလာရောက်ဆွဲကူဖယ်ရှားသည့်အခါမှသာ ရပ်တန့်လေသည်။
`စိတ်ထိန်းပါ ဒေါ်ဒေါ်
တရားဥပဒေအရ ထိုက်သင့်တဲ့အပြစ်ဒဏ်ကို သူခံရမာပါ´
ရဲအရာရှိမင်းသည် ကိုသာမောင့်အား ကျမနှင့်အတန်သင့်ဝေးကွာသည့် နေရာသို့ ရွှေ့ပြောင်းကာ ကျမအား နားချစကားဆိုလေသည်။ကျမအားချုပ်ကိုင်ဖေးမထားသော လက်များအား တွန်းထုတ်ကာ ကျမ၏လက်၌ကျန်ရှိနေသေးသော ဖိနပ်တစ်ဖက်အား ခွေးတိရစ္ဆာန်ရှိရာအရပ်သို့ ပစ်ပေါက်လိုက်သည်။
`ဒင်းလို ခွေးတိရစ္ဆာန်ကောင်နဲ့ ထိုက်သင့်တဲ့အပြစ်ဒဏ်ဟာ သေဖို့ပဲ သတ်ပစ်ရမာ တစ်ခါထဲ´
`လူမမယ်ကလေးဘဝထဲက တူတူနေလာခဲ့တဲ့ ကလေးလေးကို နင်ဘယ်လိုစိတ်နဲ့များ မဒိန်းကျင့်ရက်တာလဲ ဟမ် ဘယ်လိုစိတ်နဲ့များ သတ်ပစ်ရက်တာတုံး အီး ဟီး ဟီးး ´
`စိန်ရွှေ ငါ ငါ ကျေးအုံလေးကို မတော်တဆ သတ်မိသွားတာပါဟာ ´
`ဒါပေမဲ့ ကလေးတစ်ယောက်ကို မဒိန်းကျင့်ရလောက်တဲ့အထိ ငါ အောက်တန်းမကျဘူးဟ ´
ကိုသာမောင်၏ ဖြေရှင်းစကားကြောင့် ရဲအရာရှိမင်းသည် သူ၏အနားသို့ တိုးကပ်ကာ မေးမြန်းလေသည်။
`ဘယ်လိုရယ် ဦးသာမောင်
အသေးစိတ်ကို သေချာ ရှင်းပြပါ´
`ဒီလိုပါဗျာ ကျုပ်အကြောင်းစုံကို ပြောပြပါ့မယ် ကျုပ် ကျေးအုံလေးကို သတ်ဖို့အကြောင်းအရင်းလဲ မရှိခဲ့ပါဘူးဗျာ´
`မတော်တဆ သတ်မိသလိုဖြစ်သွားခဲ့ရတာပါ
ပြီးတော့ ဆရာကြီးတို့ ပြောသလို ကျုပ် မဒိန်းလဲမကျင့်ခဲ့ပါဘူးဗျာ ´
လိမ်ညာခြင်းကင်းသည့်စကားအား ဆိုနေခြင်းဖြစ်ကြောင်းကို သူ၏ မျက်လုံးများကို ကြည့်ခြင်းဖြင့် ကျမအသေအချာသိပါသည်။မည်သို့ပင်ဖြစ်ပါစေ ကျေးအုံလေးသည် အသက်ဆုံးရှုံးခဲ့ရလေပြီ။မတော်တဆပင်ဖြစ်စေ ရည်ရွယ်ချက်ရှိ၍ပင်ဖြစ်စေ သည့်ယောက်ကျားအား ကျမ ခွင့်မလွှတ်နိုင်ပါ။ကျမအသက် သူ့အသက် မသေမချင်း ခွင့်လွှတ်နိုင်စရာအကြောင်းလုံးဝကို ရှိမနေခဲ့ပါချေ။
သို့ဆိုလျှင် ကျမ၏ သမီးလေးအား အဓမ္မပြုကျင့်ခဲ့သူကား မည်သူနည်း။
စိတ်ထဲတွင် တနုံနုံနှင့် နေမထိ ထိုင်မသာရှိလှသည်။သာမောင်ဆိုသည်မှာ ဟိုးတစ်ချိန်အရွယ်ကောင်းစဥ်အချိန်မှစ၍ ယခုအချိန်ထိ မည်သူတစ်ဦးတစ်ယောက်၏ အညွှန့်အစီးကိုမှ သည်းခံတတ်ခဲ့သူမဟုတ်ပေ။စကားရှည်ရှည်ပြောရလျှင် စိတ်တိုတတ်သူမို့ ရန်ပွဲစလျှင် လက်ဖြင့်သာ ဖြေရှင်းခဲ့သူဖြစ်သည်။စိတ်ရှည်ရှည်ဖြင့်အထူးသည်းခံဆက်ဆံပေးခဲ့သူဆို၍ ဇနီးဖြစ်သူ ဒေါ်စိန်ချစ်တစ်ဦးသာ ရှိသည်။သူ့လျင်ပင် ရံခါ ဒေါသထွက်ရသေးသည်။ယခုလဲ ယောက်ကျားဖြစ်သူ အပြင်လူနှင့် စကားများလာခဲ့သည်ကို ဂဃဏန မေးမြန်းခြင်းအလျင်းမရှိပါဘဲ ဦးစွာ ဆူပူကျိန်းမောင်းပြန်သည်။
အကြောင်းကား အရင်းနှီးဆုံးငယ်ပေါင်းသောက်ဖော်ဖြစ်သည့် ငစိန်၏ ခနိုးခနဲ့စကားကြောင့်ပင်။
အလောင်းကစားဝါသနာကြီးသည့် ငစိန်တစ်ယောက် ကြက်ဝိုင်း၌ လောင်းကြေး သုံးထောင်နိုင်လာခဲ့သည်ကို အထပ်ထပ် အလီလီ အပြန်ပြန် တလဲလဲ ပြောနေပါသဖြင့် စိတ်မရှည်စွာဖြင့် ပြောမိသောစကားတစ်ခွန်းကြောင့်စခဲ့သည့် ရန်ပွဲပင်ဖြစ်သည်။
`ဟကောင်ရ မင်းရဲ့ မဖြစ်စလောက်ငွေ သုံးထောင်လေးနိုင်တာနဲ့ ငါ့နားပူတာနဲ့ မကာမိတော့ဘူးဟ အရက်သောက်ရတာ ဇိမ်ပျက်တယ် ငါ့လခွီး´
`ငါ့ ဘာသာ ငါ ကြက်ဝိုင်းမာ နိုင်ခဲ့လို့ နိုင်ခဲ့ကြောင်းကြွားတာလေကွာ မင်းက ဘာဒေါသထွက်ပြနေရတာတုံး ´
`ဟေ့ကောင် သာမောင်
မင်းက ဘယ်လောက်တောင်များ ချမ်းသာနေလို့တုံးကွ ဟေ ´
`မင်းရှာဖွေထားတဲ့ ဥစ္စာစည်းစိမ် ဘယ်လောက်များရှိလို့တုံးဟ´
အရင်းနှီးဆုံး သူငယ်ချင်းအရင်းကြီးပင် ဖြစ်သော်ငြား စကားအနာမခံတတ်ကြသူများမို့ တစ်ယောက်တစ်ခွန်း ခွန်းတုံ့ဆိုမိကြလေသည်။ရုန်းရင်းဆန်ခတ်အခြေအနေအထိ ဖြစ်လာခဲ့သည်မို့ အခြားဝိုင်းမှ ကာလသားကလေးများမှ ဝင်ရောက်ကူညီကာ လူစုခွဲပေးကြရသည်။သို့သော် ကာလသားကလေးများဆွဲခေါ်ရာအနောက်သို့ တရွတ်တိုက်လိုက်ပါသွားသည့်အခြေအနေဖြင့် ပြောလိုက်သော ငစိန်၏ စကားတစ်ခွန်းကြောင့် ယခုကဲ့သို့ အခံရခက်စွာ အောင့်သက်နေရခြင်းဖြစ်သည်။
` စိန်ချစ် ထမီစခိုစားနေရတဲ့ကောင်ကများ
ငါ့ကို လာယှဥ်နေချင်သေးတယ် ဟလား ရီတယ်လို့ မင်းလိုကောင်ကို ဟားဟားဟား´
မှန်သောစကားမို့ ပို၍ပင် အထိနာရလေသည်။စိန်ချစ်၏ မိဘများသည် ပြည့်စုံကုံလုံချမ်းသာကြသူများမို့ အညတရမိမိနှင့် သဘောမတူခဲ့ကြပေ။လူငယ်သဘာဝ အကြောင်းပါ၍ခိုးယူပေါင်းသင်းခဲ့ကြပြီးမှသာ ကြည်ဖြူပေးခဲ့ကြလေသည်။မိဘများ၏လက်ငုတ်လက်ရင်းစီးပွားများသည် စိန်ချစ်၏ဦးဆောင်မှုဖြင့် အဆင်ပြေနေသည်မို့ ဘာသိဘာသာနေခဲ့ရသည်မာ ယခုအချိန်ထိပင်ဖြစ်သည်။
မြည်တွန်တောက်တီးကာ သွားလေသော စိန်ချစ်၏ကျောပြင်ကို ကြည့်ကာ တောက်တစ်ချက် ခေါက်မိသည်။မေတ္တာမှန်၍လက်ထပ်ပေါင်းသင်းခဲ့ကြသည်မှာအမှန်ပင်ဖြစ်သော်လည်း သူ၏လောင်းရိပ်သည် မိမိအပေါ်တွင် ကြီးမားစွာအုပ်မိုးထားသည်မို့ ရံခါ အိမ်ထောင်ဦးစီးဟူသော ဂုဏ်ပုဒ်သည် ပျောက်ဆုံးနေခဲ့ရသည်။အထူးသဖြင့် ငယ်ပေါင်းသောက်ဖော်သူငယ်ချင်းဖြစ်သူမှ ယခုလို ခနိုးခနဲ့စကားဆိုလာသည့်အတွက် ပို၍ ဒေါသဖြစ်ရသည်။
သောက်ထားသော ယမကာအခိုးအငွေ့တို့သည်လည်း ရီဝေရစ်ဝဲ၍နေလေသည်။သို့သော် ရင်ထဲရှိ ဒေါသအပူငွေ့သည် ပို၍ တောက်လောင်နေရသည်မို့ သည်အတိုင်းနေ၍ မဖြစ်တော့ပါချေ။ခံစားနေရသော အကြိတ်အစိုင်အခဲအား ချေဖျက်မှသာ နေသာထိုင်သာရှိတော့မည်မို့ ငစိန့်အိမ်အား သွားရန် ဆုံးဖြတ်ခဲ့သည်။
အိမ်အပေါ်ထပ်သို့ တက်ကာ စိန်ချစ်၏ ကျွန်းသေတ္တာအားလှပ်၍ ငွေစက္ကူအချို့ ယူလာခဲ့လိုက်သည်။အခန်းအတွင်း၌ ကျေးအုံလေးသည် မလှုပ်မယှက် အိပ်၍သာနေလေသည်။ခြေလှမ်းတို့သည် ယိမ်းထိုးနေသော်ငြား ဒေါသအရှိန်ဖြင့် ငစိန်၏အိမ်သို့ တန်းမတ်စွာပင် ရောက်ရှိခဲ့သည်။
`ဟိတ်ကောင် ငစိန် ထွက်ခဲ့စမ်း နွား´
တင်းမာကျယ်လောင်သော အသံကြောင့် ငစိန်နှင့်အတူ သူ့မယားပါ အိမ်ရှေ့သို့ ထွက်လာခဲ့ကြသည်။
`ဘာတုံးကွ သာမောင်ရ
မှန်တာပြောလိုက်တော့ မကျေနပ်လို့ ငါ့အိမ်အထိ လိုက်လာသလားကွ ဟမ်´
`လက်ထဲမာလဲ ပိုက်ဆံတွေနဲ့ပါလားဟ
ဟားဟားဟား တန်တော့ ဒီကောင် စိန်ချစ်ဘော်လီထဲက ခိုးနှိုက်လာခဲ့တာပဲဖြစ်မယ်
ဟားဟားဟား ´
လှောင်ပြောင်ရယ်မောလျက်ရှိသော ငစိန်၏မျက်နှာအား အရှိန်ပြင်းစွာဖြင့် ထိုးကြိတ်မိသည်။အနီးရှိ သူ့မယားသည်လည်း လင်သားအားရိုက်နှက်ထိပါးသည်မို့ တွန်းတိုက်တိုးဖယ်၍ ပတ်ဝန်းကျင်အား အော်ဟစ်ကူညီတောင်းလေသည်။
`လာကြပါအုံးတော် ကူကြပါအုံးတော့
ကိုသာမောင်ကြီး ကျမယောက်ကျားကို နိုင့်ထက်စီးနင်းလုပ်နေပါတယ်တော့ ´
ဆူပွတ်ညံစီသော ရန်ပွဲကြောင့် အနီးရှိအိမ်အများမှ ဟိုတစ်စု သည်တစ်စု ထွက်ပြူ၍ကြည့်ကြလေကုန်သည်။ဆုပ်ကိုင်ထားသော ငစိန့်၏ ကော်လံစအား တွန်းထုပ်ဖယ်ရှားကာ လက်ထဲရှိ ငွေစက္ကူများအား သူ၏ မျက်နှာအရှေ့သို့ ပစ်ပေါက်ဝဲခါချလိုက်သည်။
`ရော့ ဟိတ်ကောင် မင်းအတွက် ဆေးဖိုးပေါ့ကွာ
´
`ဟယ် မိုက်ရိုင်းချက်တော် ကြားလို့မှကောင်းကြသေးရဲ့လား အရပ်ကတို့ရေ့ ´
စူးရှကျယ်လောင်သော အသံသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်စွာ ပျံ့လွင့်လေသည်။
`သူများအိမ်အထိလဲ လာပြီး ရမ်းကားသေးတယ် အခု ပိုက်ဆံနဲ့ပေါက်ပြီး စော်ကားနေပါတယ်တော့ ´
ယောက်ကျားချင်းဖြေရှင်းသည့်ပြဿနာတွင် မိန်းမပါလာခဲ့သည်မို့ လာရာလမ်းအတိုင်းလှည့်ပြန်တော့ရန် ဆုံးဖြတ်ခဲ့သည်။
`ရှင်တို့ ရွှေထီးဆောင်းခဲ့တဲ့အချိန်ကာလက
ကုန်ခဲ့ပြီ ကိုသာမောင်ရဲ့ ´
`ရှင်တို့အိမ်ကို ငရမန်ကန်းမလေး ရောက်လာပြီးကထဲက တဖြည်းဖြည်း ချွတ်ချုံကျပြီး လုံးပါး ပါးလာခဲ့တာ ကျုပ်တို့ တစ်ရပ်လုံး အသိပါတော် အသိပါ´
`ပိုက်ဆံလေး နှာခေါင်းပေါက်လောက်နဲ့ ဘာဟိတ်ဟန်လာပြနေရသာတုံးးး တော့်မယားလဲ တော်ပြန်မေးချေပါအုံးးအရင်လို မာန်တက်နေနိုင်သေးရဲ့လားလို့ အမလေးတော်´
ရှေ့လှမ်းတို့သည်ရှေ့သို့သာ ဦးတည်လှမ်းရွယ်နေသော်ငြား နောက်ဘက်မှအသံစူးစူးသည် ထပ်ကြပ်မခွာ လိုက်ပါလာလျက်သာရှိသည်။အနီးအပါးလမ်းတစ်လျှောက်ရှိ ရပ်ကြည့်ဝေဖန်နေကြသော မည်သူ့ကိုမျှ ဂရုထားစောင့်ကြည့်မနေတော့ပါဘဲ ခေါင်းကိုငုံ့ကာလက်သီးကျစ်ကျစ်ဆုပ်ထားမိသည်။အရက်ဆိုင်သို့ ဝင်ကာ ပုံမှန်ထက် အလွန်အကျူးသောက်ခဲ့မိသည်။
ဟုတ်သည်။ကျေးအုံရောက်ရှိလာခဲ့သည်အချိန်မှစ၍ ဂရုမပြုမိသော်လည်း စိန်ချစ်၏ စီးပွားလုပ်ငန်းတို့သည့် ဆုံးရှုံးလျော့နည်း၍လာနေခဲ့သည်ကို သတိထားမိသည်။
`တစ်နေ့တစ်နေ့ ကြွေးတောင်းရတဲ့ဒုက္ခကလဲ မသေးဘူးတော်ရေ့ လူတွေက ကတိသစ္စာတည်တော့သာမဟုတ်ဘူးရယ်´
`ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးတွေမို့ ငွေတိုးချေးစားရသာ တယ်စိတ်ပျက်လာပါပြီတော် ´
`ရတဲ့အတိုးက မူးစေ့ပဲစေ့ ဆုံးလိုက်တဲ့ငွေရင်းက ထောင်ချီ သောင်းချီပါတော်´
မကြာခဏ ငြီးငြူလာသော စိန်ချစ်၏ စကားသံတို့သည် နားထဲသို့ ယခုမှပင် ဆက်တိုက်ဆိုသလို ဝင်ရောက်၍ လာခဲ့လေတော့သည်။သူစိမ်းကလေးတစ်ယောက်အား ခေါ်ယူမွေးစားခြင်းဆိုသည်မှာ ထင်သလောက် လွယ်ကူသည်မဟုတ်ပေ။
ခြေနှစ်ချောင်းမဝင်ကောင်းဟူသောစကားသည် အလကားဖြစ်ပေါ်လာခဲ့သည်မဟုတ်တာမို့ ကလေးခေါ်ယူလာသည်ကို သဘောမကျဖြစ်မိခဲ့သည်။သာ၍ဆိုးသည်ကား ကလေးသည် မျက်စိတစ်ဖက်လပ်၍နေသော အင်္ဂါမစုံသည့်အချက်ပင်။သို့သော် ကလေးရူး ရူးနေသည့်စိန်ချစ်တစ်ယောက် စိတ်ချမ်းသာစေရန်အလို့ငှာ ကြည်ဖြူလိုက်လျောခဲ့ရသည်သာ။အနေကြာလာသည်နှင့်အမျှ ကျေးအုံလေးအပေါ်တွင် သံယောစဥ်ကြိုးသည် ရစ်ပတ်ချည်နှောင်လာပါသော်ငြား ယခုအခါတွင်တော့ စိတ်အလိုမကျဖြစ်မိသည်။
ယိမ်းထိုးချာရမ်းသော ခြေလှမ်းတို့သည် ဟိုဟိုသည်သည်အတွေးပေါင်းစုံအား ထမ်းပိုးလျက်လာခဲ့သည်မှာ အိမ်အရှေ့သို့ပင်ပြန်လည်၍
ရောက်ရှိလာခဲ့ပြီဖြစ်သည်။
`အီး ဟီး ဟီး´
သေးငယ်စူးရှသော ငိုသံသည် အိမ်အရှေ့ဝန်းတံခါးမှ ကျယ်လောင်စွာကြားနေရသည်။ကျေးအုံ၏ ငိုသံ ဖြစ်သည်။အိပ်ပျော်နေရာမှ နိုး၍လာခဲ့ပြီထင်သည်။အနီးအနားမည်သူတစ်ဦးတစ်ယောက်မှမတွေ့ရ၍ ထိတ်လန့်ကာ ငိုကြွေးခြင်းဖြစ်မည်။ရွာအစွန်မာရှိသော အိမ်မို့ ရွာထဲရှိအိမ်ချေများနှင့် အနည်းငယ်ဝေးကွာသည့်အတွက် လူရိပ်လူချေမမြင်ရခြင်းက ပို၍ ငိုကြွေးစေသည်ထင်သည်။ငိုကြွေးသံက ကျယ်လောင်လွန်းလှသည်။
`ဟတ်ကောင်မလေး တိတ်စမ်း နားငြီးတယ်´
ရန်ပွဲမှဒေါသအဟုန်တို့သည် ယခုထိတိုင် ကြွင်းကျန်၍နေသေးသည်မို့ ခက်ဆတ်ဆတ်လေး ငေါက်ငမ်းမိသည်။
`အီး ဟီး ဟီး ´
မိမိအသံကြားသည့်အခါမှ ငိုကြွေးသံသည် ပို၍ပင် ကျယ်လောင်လာလေတော့သည်။ရီဝေယစ်မူးရှိန်းတိန်းနေမှုသည် ကလေး၏ ငိုကြွေးသံကြောင့် မူးနောက်ကိုက်ခဲစွာဖြင့် ကြီးစွာသောခံစားမှုအဖြစ်ပြောင်းလဲ၍လာခဲ့သည်။
`ဟာ ဒီသောက်ကလေးတော့
နားငြီးလိုက်တာကွာ နင်သောက်ပါးစပ်ပေါက်ကိုပိတ်ထားးလို့´
ဒေါသကြီးစွာဖြင့် အော်ဟစ်ငေါက်ငမ်းမှုကြောင့် ကလေးသည်ပို၍ လန့်ကြောက်ကာ ငယ်သံပါအောင်ပင် အာခေါင်ခြစ်၍ငိုလေတော့သည်။ဒေါသစိတ်တို့သည် အဆုံးအစွန်ထိရောက်ရှိ၍လာခဲ့လေပြီ။အိမ်အပေါ်ထပ်သို့ ဒယီးဒယိုင်တက်လှမ်းခဲ့လိုက်သည်။
အိမ်ပေါ်လှေကားအဝ၌ ခြေထောက်တွဲလောင်းချလျက် လက်တစ်ဖက်တွင် အုန်းမွှေးလုံးတစ်ခုအား ဆုတ်ကိုင်ထားကာ မျက်နှာကိုမော့ချီလျက် အစွမ်းငိုယိုနေလေသော ကလေးအား အရှိန်ဖြင့်ကန်ထုတ်ပစ်လိုက်မိသည်။
`အီးးး ဟီးး ဟီးးး´
ငယ်သံပါသည်အထိစူးရှကျယ်လောင်စွာ အော်မြည်ကာ အဆက်မပြတ်ငိုလေသော ကလေး၏ လည်ပင်းအား ဖိညှစ်၍ထားလိုက်မိသည်။
`ပိတ်ထား ပိတ်ထားး
နင်သောက်ပါးစပ်ကို ပိတ်ထား´
`ပိတ်ထားး ပိတ်ထားးးစမ်း´
ကလေး၏ ငိုကြွေးသံသည် တစ်ခဏအတွင်းမှာပင် တိတ်ဆိတ်၍ သွားခဲ့လေသည်။အသိစိတ်ဝင်လာသည့်အချိန်၌ ကျေးအုံလေးသည် ခွေခေါက်ပျော့တော့စွာဖြင့် ငြိမ်သက်၍ နေလေတော့သည်။လည်ပင်းသေးသေး၌ ညိုမဲထင်းပုတ်နေသော အရာကြီးသည် ရဲရဲထလျက်ရှိလေသည်။တိတ်ဆိတ်ငြိမ်သက်သွားသောတဒင်္ဂသည် ပစ္စုပ္ပန်အခြေအနေအား သတိပြုမိစေခဲ့လေသည်။
`ဟာ ´
ကြီးလေးသော နောင်တတို့သည် အရှိန်အဟုန်ပြင်းစွာဝင်ရောက်လာခဲ့လေသည်။
`သမီး ကျေးအုံ ကျေးအုံ
သမီး´
တုံ့ပြန်ခြင်းအလျင်းမရှိ ငြိမ်သက်၍သာ နေလေတော့သည်။ဝင်သက်ထွက်သက်ရှုရှိုက်ခြင်းကင်းလေသော ရင်အုံသေးသေးသည်လည်း လှုပ်ရှားမှုကင်းမဲ့နေလေသည်။ဆုပ်ကိုင်ထားသော အုန်းမွှေးလုံးကလေးသည်လည်း အရည်များပင်ပျော်၍နေခဲ့ပြီဖြစ်သည်။
မှားလေပြီ။ပြင်ဆင်၍မရသော အမှားကြီးကြီးတစ်ခုအား ပြုမိခဲ့လေပြီ။မကြာခင် စိန်ချစ်ပြန်လာတော့မည်။အသက်ကင်းမဲ့နေသော ကျေးအုံး၏ ခန္ဓာအား မြင်ခဲ့လျင် မည်သို့မည်ပုံ ဖြေရှင်းရပါမည်နည်း။ပြောပြရပါမည်နည်း။ထူပူတောက်လောင်နေသော ဦးခေါင်းထဲ၌ အတွေးပေါင်းစုံတို့သည် ရောပြွန်းလျက်ရှိနေလေသည်။မည်သို့ပင်ဖြစ်စေ စိန်ချစ်ပြန်လာလျှင် အသက်မဲ့နေပြီဖြစ်သောကျေးအုံလေးအား မတွေ့မှဖြစ်မည်။
အိမ်ရှေ့သို့ထွက်ကာ တစ်ချက်အကဲခတ်ကြည့်မိသည်။လူရိပ်လူချေမတွေ့သည်မို့ သက်ပြင်းတစ်ချက်ချမိသည်။ရွာအစွန်တွင် နေခဲ့မိသည်ကို အထူးကျေးဇူးတင်မိရသကဲ့သို့ပင်။ရွာအပြင် ညောင်အိုပင်ကြီးသို့ သယ်ဆောင်သွားရန်ဆုံးဖြတ်ခဲ့လိုက်သည်။ သတိကပ်တစ်ချက် မကပ်တစ်ချက်ဖြင့် ပူထူလောင်မြိုက်စွာပင် မည်သို့မည်ပုံ ပြုမူဆောင်ရွက်ခဲ့မိသည်မသိ။ကောင်းစွာသတိထားမိချိန်တွင် အရက်ဝိုင်းသို့ရောက်ရှိ၍နေလေတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
`ကျုပ်လည်း နောက်မှဖြစ်သင့်ဖြစ်ရာဆိုပြီး ဒီညောင်အိုပင်ကြီးမာ ကျေးအုံကို လာချိတ်ခဲ့တာပါ
ပြီးမှ မသိဘူး ဘူးခံငြင်းမယ်ဆိုပြီးပဲ တွေးထားမိခဲ့တာပါဗျာ´
ကြားသိရပါသော စကားသံတို့သည် ကွဲထွက်နာကျင်နေသည့်ရင်အစုံအား ပိုမို၍ဖိနှိပ်နေသကဲ့သို့ပင်။အရွယ်နှင့်မမျှ ကြီးစွာသောဝေဒနာအားခံစားခဲ့ရပါသော ကျေးအုံလေး၏ အသက်မဲ့ခန္ဓာအား ပိုက်ထွေးဖက်တွယ်ကာ ငိုကြွေးနေမိခဲ့သည်။လွှားအုပ်၍ထားသော ပိတ်ဖြူစအောက်မှကျေးအုံလေး၏ မျက်နှာကလေးသည် ညိုးငယ်စွာဖြင့်ပင်။
`ခွေးတိရစ္ဆာန်ကြီးး ခွေးလောက်မှအသိဥာဏ်မရှိတဲ့ကောင်ကြီး အီးဟီးဟီး ´
`ဒါဖြင့် ဦးလေးအိမ်ပြန်ရောက်တဲ့အချိန်မှာ ကျေးအုံလေးတစ်ယောက်ထဲပဲ ရှိနေခဲ့တာပေါ့´
`ဟုတ်ကဲ့ ကျေးအုံတစ်ယောက်ထဲပဲရှိနေတာပါ တခြားဘယ်သူမှ မမြင်မိပါဘူး´
`သေချာရဲ့လား ဦးလေးက အလွန်အကျွံမူးနေခဲ့တာမို့ သတိမထားမိခဲ့တာကော မဖြစ်နိုင်ဘူးလား´
ထပ်မံဆိုလာသောရဲအရာရှိမင်း၏ စကားသံအား ချက်ချင်းပြန်လည်ဖြေဆိုနိုင်ခဲ့ခြင်းမရှိပါချေ။ထိုအချိန်၌ မိမိကိုယ်တိုင်သည်လည်း အသိစိတ်ပျောက်သည်အထိ မူးနေခဲ့သည်မာ အမှန်ပင်ဖြစ်နေသောကြောင့်ပင်။
`ကလေးကို တွေ့တဲ့အချိန်မာ အုန်းမွှေးလုံးကို ကိုင်ထားတယ်လို့ ပြောခဲ့တယ်နော်´
`ဟုတ် ဟုတ်ပါတယ် ကိုင်ထားပါတယ်´
`ဟုတ်ပြီ ကလေးရဲ့ လက်ထဲမာလည်း ဒီဒုတ်ကလေးကို သက်သေအဖြစ် တွေ့ခဲ့ရပြီးပြီဆိုတော့ ´
`ကဲ အောင်ကျော် ဒီရွာကို လာရောင်းနေကျအုန်းမွှေးလုံးသည်ကို အခုချက်ချင်း သွားရောက်ဖမ်းဆီးဖို့လုပ်ပါ´
`အချိန်လဲ ညနေ ၆ နာရီတောင်ရှိပြီမို့ လူအုပ်ကြီးလဲ ကိုယ့်အိမ်ကို ပြန်ကြပါတော့ ´
ရဲအရာရှိမင်း၏စကားသံအား နားစွင့်၍ နေလေကြကုန်သော လူအုပ်ကြီးသည်လည်း လှုပ်စိစိဖြင့် ကိုယ့်အိမ်နေရာသို့ ပြန်ရန်ပြင်ကြလေတော့သည်။
ထိုအချိန်ခဏ ပြင်းထန်သော လေပွေတစ်ချက်သည် ရုတ်တရက်တိုက်ခတ်လာသဖြင့် လူအုပ်ကြီးသည် ဖရိုဖရဲဖြင့် ညံပွက်၍သွားခဲ့သည်။ကျေးအုံလေးအား ဖုံးအုပ်၍ထားသော ပိတ်ဖြူစသည်ပင် လေအဝှေ့တွင် လွင့်စင်ဝဲပျံကာ ညောင်အိုပင်ကြီးရှိ ကြီးမားတုတ်ခိုင်သော နွယ်ကြိုးမျှင်ပေါ်၌ ငြိတွယ်ရမ်းခါလျက်နေလေတော့သည်။
လေပြင်းသည် ခတ္တအကြာမှသာ ငြိမ်သက်လေသည်။သဲမှုန် ဖုန်စတို့အား ဖယ်ထုပ်ခါချ၍နေသော လူအုပ်ကြီး၏ ဆူညံသံသည်လည်း ယခုအခါမှသာ ပြန်လည်ထွက်ပေါ်လာခဲ့သည်။နွယ်ကြိုးမျှင်ပေါ်၌ ချိတ်တွယ်ခါယမ်းနေသော ပိတ်ဖြူစသည်လည်း ပြန်လည်ဆင်းသက်၍လာလေတော့သည်။သို့သော် မြေပြင်သို့ တိုက်ရိုက်ကျရောက်ခြင်းမရှိ။လူအုပ်အကြားသို့သာ ဝေ့ဝဲသက်ဆင်းလေသည်။
တစ်ပိုင်းတစ်စ လစ်ဟာနေသော ပိတ်ဖြူစအပိုင်းအောက်တွင် အမယ်အိုတစ်ယောက်သည် မျက်လုံးတစ်ဖက်အား လက်ဖြင့် ပိတ်ကာ၍ထိုင်လျက်အနေအထားဖြင့်ရှိနေလေတော့သည်။
`မေ မေ စိန် ´
ပိတ်ဖြူစအောက်မှ ထွက်ပေါ်လာသော စကားသံတစ်ခုသည် ညောင်အိုပင်ကြီးအနီးတဝိုက်၌ ရှိနေသောသူအားလုံးအား ထိတ်လန့်တုန်လှုပ်၍သွားစေခဲ့သည်။
`ဟယ်´
`ဟာ´
`အမလေးးး´
ထူးဆန်းစွာထွက်ပေါ်လာသော စကားသံ၏အဆုံးတွင် ကျီးမဲတို့သည်အုပ်စုလိုက်ပင် ထိတ်လန့်ဖွယ် ပြိုကျ၍လာခဲ့လေတော့သည်။ရွှေအိုရောင်အတိပြီးသောနေဝင်စအချိန်တွင် ပိတ်ဖြူစခြုံလွှမ်းထားသည့်အနေအထားဖြင့် ထိုင်လျက်ရှိသော အမယ်အိုကြီး၏ ဘေးပတ်ပတ်လည်၌ လူအုပ်ကြီးသည် တစ်စထက်တစ်စ ဝိုင်းအုံတိုးဝှေ့ကြည့်ရှုနေလျက်ရှိလေသည်။
`ဘွားကြည်ခင် ဘာဖြစ်သွားတာတုံး´
`ဟဲ့ သူခေါ်လိုက်တဲ့အသံကို ညည်းတို့ကြားလိုက်တယ်မဟုတ်လား´
`ဒုက္ခပဲ နေဝင်ရီတရော အပမှီပြီ ထင်တယ်´
အိမ်ပြန်ရန်ဆော်သြထားပါသော ရဲအရာရှိမင်းကိုယ်တိုင်ပင် ထူးဆန်းအံ့သြစွာဖြင့် တိတ်ဆိတ်ငြိမ်သက်လျက် ကြည့်ကာနေလေသည်။
`ဟဲ့ ဟဲ့ အရဲမကိုးကြနဲ့နော်
ဘာမှန်းညာမှန်းသိတာမဟုတ်ဘူး ´
လက်ရဲဇာတ်ရဲရှိပုံရသော လူရွယ်တစ်ဦးသည် ဘွားကြည်ခင်အပေါ်၌ လွှမ်းခြုံထားသော ပိတ်ဖြူစအား အသာဆွဲကိုင်ကာ ဖယ်ရှားရန်ပြင်လေသည်။
ကြောက်ရွံထိတ်လန့်နေကြဟန်ရှိသော်ငြား အများစုသည်ယခုအဖြစ်အပျက်အား မျက်တောင်မခတ်ပင် ကြည့်၍နေမြဲပင်ဖြစ်သည်။တစ်စွန်းတစ်စသာ မြင်နေရသော ဘွားကြည်ခင်၏ တစ်ကိုယ်လုံးသည် လုံးလုံးလျားလျားပင် ထွက်ပေါ်၍လာပြီဖြစ်သည်။
အသက် ၇၀စွန်းစွန်းအရွယ် ဘွားကြည်ခင်သည် ပုံမှန်အားဖြင့် ခါးကိုင်းကာ ဦးခေါင်းသည် အမြဲပင်တစ်ဆတ်ဆတ်တုန်ခါနေလျက်ရှိပါသည်။သို့သော် ယခုမြင်တွေ့နေရသော ဘွားကြည်ခင်သည် တောင့်တင်းမားမတ်စွာထိုင်နေလျက် ဦးခေါင်းသည်လည်း မလှုပ်မရှားငြိမ်သက်၍ နေလေသည်။တင်ပစောင်းခွေလျက်ထိုင်နေသော ဘွားကြည်ခင်၏ လက်တစ်ဖက်သည် မျက်လုံးတစ်ဖက်အား အုပ်ပိတ်၍ ကျန်လက်တစ်ဖက်သည် ကျမရှိရာအရပ်သို့ ဖြေးညှင်းစွာလက်ညိုးညွှန်ကာ ဆိုလေသောစကားသံသည် ကျမအား တုန်လှုပ်ခြောက်ခြားသွားစေသည်။
`မေမေစိန် ဘယ်သွားနေတာလဲဟင်´
`မီးမီးကို အကြာကြီးပဲ ပစ်ထားတာ´
ပုံမှန်မဟုတ်သည့် အခြေအနေတစ်ခုသည် ကျမအား ခေတ္တမျှအသက်ရှုရပ်သွားစေလေသလားမသိ။ခန္ဓာအနှံ့မှသွေးကြောမျှင်တို့သည်လည်း ဆူပွက်လှုပ်ရှားကာ ပူလောင်၍လာခဲ့လေတော့သည်။
`ပြောတော့ မီးမီးနေကောင်းပျောက်ရင်
အုန်းမွှေးလုံး ဝယ်ကျွေးမယ်ဆို ´
ကျမ၏ ရင်အစုံသည် တုန်ရီလှိုက်ဖို၍လာခဲ့လေတော့သည်။မျက်ရည်စများဖြင့် ပြည့်လျှံလာခဲ့သော မျက်လုံးအစုံဖြင့် အသက်မဲ့နေပြီဖြစ်သောကျေးအုံလေး၏ ရုပ်အလောင်းကိုတစ်ဖက် ထိုင်လျက်အနေအထားဖြင့် ထူးဆန်းသောစကားများအားဆိုနေသော ဘွားကြည်ခင်အားတစ်ဖက် အပြန်ပြန်အလှန်လှန်ကြည့်မိခဲ့သည်။လှုပ်ရှားမှုကင်းစွာလဲလျောင်း၍နေလေသော ကျေးအုံလေး၏ရုပ်အလောင်းသည်ကား ပကတိအတိုင်းပင်ရှိနေပါသော်ငြား ဘွားကြည်ခင်ဆိုနေသောစကားသံဟန်ပန်တို့သည် ကျေးအုံလေးအားမြင်နေရသကဲ့သို့ပင် ခံစားနေရလေသည်။
စေးကပ်တင်းစေ့နေသော ကျမနှုတ်ခမ်းတို့သည် အားကုန်သုံး၍ ဖွင့်ဟနေရသည်။စကားတစ်လုံးဆိုဖို့ရာအတွက်ပင် အတော်လေးပင်ပန်းရသည်။
`ကျေး ကျေး အုံ လားးဟင်´
စကားလုံးတို့သည် ဆက်တိုက်ထွက်ပေါ်လာနိုင်ခြင်းမရှိ။အလွန်ပင်ဝေးကွာလွန်းနေခဲ့သည်။လှိုက်ဖိုရှိုက်ငင်ခြင်းတို့သည် အလုံးအရင်းဖြင့် ကျမ၏ ရင်ထဲ၌ နေရာယူထားပြီးကြသည်ထင်၏
`မီးမီးကြောက်တယ် မီးမီးအရမ်းနာတာပဲ´
`အီး ဟီး ဟီး´
ကလေးတစ်ယောက်ကဲ့သို့ ငိုယိုမြည်တမ်းနေသော အမယ်အိုကြီးသည် ကျမအတွက် ရင်နှင့်အမျှချစ်လှစွာသော သမီးကလေးအဖြစ်သာ တည်ရှိမြင်ယောင်လာခဲ့လေတော့သည်။
`သမီး သမီးလေး ကျေးအုံ ´
`သမီးလေး ငါ့သမီးလေး ´
ကျမသည်လည်း ငိုကြွေးအော်မြည်လျက် ကယောင်ကတမ်းပြေးထွက်ကာ ဘွားကြည်ခင်တစ်ဖြစ်လဲ ကျေးအုံလေးအား ကျစ်ကျစ်ပါအောင် ဖက်တွယ်ပိုက်ထွေးကာ နှလုံးကွဲမတတ်ပင်ငိုကြွေးနေမိသည်။
ညံ့ပွက်နေခဲ့သောလူအုပ်ကြီးသည်လည်း ထူးဆန်းအံသြဖွယ်မြင်ကွင်းအား ကြည့်ရှု၍နေကြသည်မာ ငြိမ်သက်လျက်ပင်။
`အမေ တောင်းပန်ပါတယ် သမီးလေးရယ် အမေကြောင့်ပါ အမေ့ကြောင့် ငါ့သမီးလေး အဖြစ်ဆိုးရတာ´
`အမေ ငါ့သမီးလေးကို တစ်ယောက်ထဲ မထားခဲ့သင့်ဘူး အီး ဟီး ဟီး´
ငိုဆွေးပူကြွေးသံနှစ်ခုမှအပါ့ ညောင်အိုပင်ကြီးအနှံ့မည်သည့်အသံမှ ထွက်ပေါ်လာခြင်းမရှိပေ။
`ဒေါ်ဒေါ် ကျေးအုံလေးသာဆိုရင်
သူ့အပေါ်ယုတ်မာခဲ့တဲ့သူကို မေးကြည့်ပေးလို့ရမလား´
အနီးအနားမှ ကြည့်ရှု၍နေသော ရဲအရာရှိမင်း၏ စကားသံသည် ကျမ၏ ကြေကွဲဝမ်းနည်းမှုအား ခတ္တငြိမ်သက်သွားစေခဲ့သည်။လူမမယ်ကလေးတစ်ယောက်အပေါ် လူမဆန်စွာ ယုတ်မာခဲ့သော သူကို အတိအကျဖော်ထုတ်ရန်အခွင့်အရေးအား ယခု ကျေးအုံလေးသည် ပေးလေပြီထင်သည်။ဖြိုင်ဖြိုင်စီးကျ၍နေသော မျက်ရည်ပူများအား မိမိကိုယ်တိုင်လည်းဖယ်ထုတ်သည်။ဘွားကြည်ခင် တစ်ဖြစ်လဲ ကျေးအုံလေး၏ ပါးပြင်မှလဲ ပွတ်သပ်ဖယ်ရှားပေးမိသည်။
`သမီး သမီးကျေးအုံ အမေ့ကိုကြည့်စမ်း´
မျက်စိတစ်ဖက်ကို ပိတ်ထားလျက်ဖြင့်ပင် ကျမ၏မျက်နှာသို့ မော့ချီကာကြည့်၍လာပါသော ဘွားကြည်ခင်၏ မျက်နှာသည် ကျမအတွက် ကျေးအုံလေး၏ မျက်နှာလှလှကလေးအဖြစ်သာ မြင်မိတော့သည်။
`သမီးလေး ဒီနေ့မနက်ဘယ်သူတွေနဲ့
တွေ့ခဲ့သလဲ ဘာတွေဖြစ်ခဲ့သလဲ ´
`မေမေစိန့်ကို တစ်ခုမကျန် အကုန်လုံးကို
သေသေချာချာ ပြောပြနော် ´
ခေါင်းကလေးကိုအသာအယာငြိမ့်ကာ ကျမ၏ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့လေတော့သည်။
`ဦးဦးက လိမ်တယ် မေမေစိန်´
မျှော်လင့်ထားခြင်းမရှိသောထူးဆန်းသည့်စကားသည်ဦးစွာထွက်ပေါ်လာခဲ့လေသည်။မည်သူ့အားရည်ရွယ်ညွှန်းဆိုပါသလဲ ကျမအသေအချာမသိပါချေ။
`ဟင် ဦးဦး ဟုတ်သလား ဘယ်ကဦးဦးလဲ ´
`မီးမီးကို ကြယ်ရုပ် ကြီးကြီးရီး
လုပ်ပေးမယ်လို့ ပြောတဲ့ဦးဦးပေါ့ ´
ကျမသိလိုက်ပါပြီ။နောက်ဆုံးတော့ လူမမယ်အရွယ် ကျမသမီးလေးအား ယုတ်မာခဲ့သူသည် ဒင်းဖြစ်နေခဲ့သည်ကိုး။ထင်မှတ်၍မထားမိခဲ့သောသူမို့ကျမအတွက် အံ့သြနာကျင်ရသည်။နှုတ်ခမ်းတို့အား နာကျည်းစွာ ဖိကိုက်ချလိုက်မိသည်။ကိုယ့်သမီးငယ်လေးအား ယုတ်မာဖျက်ဆီးမည့် အောက်တန်းစားလူ့အမှိုက်အား မိမိကိုယ်တိုင်ပင် ဖိတ်ခေါ်ပင့်ဆောင်ခဲ့မိသည့်အဖြစ်သည် ကျမအား ပို၍နာကျင်စေပါသည်။
`သမီးကို ဆေးထိုးပေးတဲ့ သူလား
ဟုတ်သလား ကျေးအုံ ´
ပို၍သေချာစေရန် အလို့ငှာ ကျေးအုံ၏ ပုခုံးအစုံအား ကိုင်ကာ မေးမိသည်။
`ဟုတ်တယ် မေမေစိန်´
`ဦးဦးက ခဏလေးပဲ နာမာတဲ့ ပြီးရင် ကြယ်ရုပ်ကြီးကြီးရီးလုပ်ပေးမာလို့ ပြောတယ်´
`ပြီးကျ ဘာမှလဲ မလုပ်ပေးဘူး ညာတယ်´
သနားစရာ ကလေးငယ်လေးရယ်။ကောက်ကျစ်တဲ့အလိမ်အညာမုသားတွေကိုနားမလည် အခုချိန်ထိ ကြယ်ရုပ်ကလေးမရခဲ့သည့်အတွက် စိတ်ဆိုးနေဟန်တူသည်။ဒါဖြင့် ဒင်းယုတ်မာခဲ့တာ ကျမနှင့်အတူ ရှိနေခဲ့သည့်အချိန်တွင်လား။သို့ဆိုလျင်ဖြင့် ကျမကိုယ်ကျမ ခွင့်လွှတ်နိုင်မည်မဟုတ်တော့ပါချေ။ကိုယ့်အနီးအပါးမှာရှိနေသည့် သမီးငယ်လေးကို စောင့်ရှောက်မှုမပေးနိုင်ခဲ့တဲ့ မိန်းမတစ်ယောက်သည် မိခင်အဖြစ် ဆက်လက်ရှင်သန်နိုင်စွမ်း ရှိတော့မည်မဟုတ်ပါ။
`သူ သူ သမီးကို ဘာ ဘာတွေ
ဘာတွေလုပ်ခဲ့သေးလဲ´
နှုတ်မှဖွင့်ဆိုရန်ပင် မဝံ့ရဲသောစကားတို့သည် တွန်းတွန်းတိုက်တိုက်ဖြင့်ပင် တစ်လုံးချင်း ထွက်ပေါ်လာခဲ့ရသည်။မိခင်တစ်ယောက်အတွက် မကြားချင်သောစကား ပြောထွက်ဖို့ရာမစွမ်းသာသောစကားများဖြစ်သော်ငြား အမှန်တရားအတွက်မေးမြန်းရသည်မှာ ရင်နှင့်အမျှ နင့်သည်းစွာပင်မချိအောင်ခံစားရသည်။
`မီးမီး ပေါင်တွေကို ပွတ်တယ် အပ်ကြီးနဲ့ထိုးတယ် ´
ဒါ့ကြောင့်ပင်ဖြစ်ရမည်။အိမ်ပေါ်တက်လာသော ကျမအသံသည် ရိုးသားခြင်းကင်းသည့်လူယုတ်မာတစ်ယောက်အတွက် အတော်ပင်ထိတ်လန့်သွားစေလိမ့်မည်ထင်သည်။ထိုအချိန်က ပျက်ယွင်းတုန်လှုပ်နေသော ဟန်အမူအယာတို့သည် ထူးဆန်းနေဟန်ရှိသော်ငြား သတိမပြုမိခြင်းသည် ကြီးစွာသောနောင်တ တရားအဖြစ် ကျမအား နှိပ်စက်လေပြီဖြစ်သည်။
`နောက်ထပ် ပြန်လာတော့လည်း
မီးမီးကို အပ်ကြီးနဲ့ ထပ်ထိုးတယ် ´
`ဟင် ဘာ ဘာပြောတယ်´
`သမီး ကျေးအုံ သမီး ပြန်ပြောစမ်း
အဲ့ကောင် အဲ့ဦးဦးက အိမ်ကို
နောက်ထပ်တစ်ခေါက်ပြန်လာသေးတာလား
ဟုတ်သလားး သမီး ပြောစမ်း´
ထပ်မံဆိုလာသော ကျေးအုံလေး၏ စကားသံသည် ကျမအား ပို၍ ခြောက်ခြားသွားစေခဲ့သည်။သည်လူယုတ်မာက နောက်တစ်ခေါက်ပင် ကျမအိမ်သို့ ထပ်မံရောက်ရှိလာခဲ့သည်တဲ့လေ။
`ဟုတ်တယ် မေမေစိန်က
ဘယ်သွားနေတာလဲ ဟင် ´
ကျမ ကြွေးတောင်းသွားသည့်အချိန်တွင် နောက်ထပ်တစ်ကြိမ် ဒင်းရောက်လာခဲ့သည်ထင်၏ ။
`မီးမီးက လှုပ်လို့မရတော့ဘူး မေမေစိန့်ကို
အော်ခေါ်နေတာ ခေါ်လို့လဲမရဘူး ´
`ပီးတော့ မီးမီး အော့အော့ ကို
နာအောင်လုပ်တယ် ´
ကြီးစွာသောဝမ်းနည်းမှုအား ထိန်းချုပ်ထားနိုင်ခြင်းငှာမစွမ်းသာတော့ပြီမို့ ကျမ အီကနဲ ငိုကြွေးလိုက်မိသည်။သနားစဖွယ် ကလေးငယ်လေးသည် မည်မျှကြောက်ရွံနေခဲ့မည်နည်း ။မည်မျှထိတ်လန့်တုန်လှုပ်နေခဲ့ပါမည်နည်း ။လူဟုပင်ခေါ်ဆိုခြင်းငှာမထိုက်တန်သော အောက်တန်းစားလူ့အမှိုက်အား ကျမ ခွင့်မလွှတ်နိုင်တော့ပါချေ။
`မီးမီး အရမ်းအိပ်ချင်လာလို့ အိပ်ပစ်လိုက်တာ´
`မီးမီး နိုးလာတော့လဲ မေမေစိန့်ကို မတွေ့ဘူး
မမချိုကိုပဲ တွေ့တယ်´
` ဘာ ´
ထင်မှတ်မထားသော နောက်ထပ်အမည်နာမတစ်ခုသည် မိုးချိန်းသံအလား ထစ်ချုန်းမြည်ဟီးလျက် ကျမ၏နားထဲတွင် ပဲ့တင်ထပ်နေလေတော့သည်။မိချိုမ ။ မမချိုဆိုသည်ကား မိချိုမကို ခေါ်ဝေါ်ခြင်းဖြစ်ကြောင်း ကျမကောင်းစွာသိပါသည်။
`ဟဲ့ ကောင်မလေး ညည်းက ညည်းအမေကို
ကျတော့ မေမေစိန်လို့ ခေါ်တယ်နော် ´
`ကျမကိုလဲ မေမေချိုလို့ ခေါ်ရမယ် ကြားသလား
ညည်းကိုတွေ့တုံးက ကျမလဲ ပါတယ်ရှင့် သိရဲ့လား´
`ဟင့်အင်း ဟင့်အင်း ခေါ်ချင်ပါဘူး
မေမေစိန်က မီးမီးရဲ့ အမေလေ ´
`ဟယ် ဒါဖြင့် ညည်းက ကျမကို
ဘယ်လိုခေါ်မာတုံး´
`မမချိုလို့ ခေါ်မယ် ´
ကြားယောင်လာခဲ့သော အတိတ်မြင်ကွင်းတစ်ချို့သည် တဖျပ်ဖျပ်ပေါ်ထွက်၍လာခဲ့လေသည်။သို့ဆိုလျင် ယနေ့မနက် ကျမအိမ်သို့ ချိုချိုမ ရောက်လာခဲ့သေးသည်ပေါ့။မည်သည့်အကြောင်းဖြင့်လာရောက်ခဲ့ခြင်းဖြစ်မည်ဆိုသည်ကားကျမ မသိရှိပါ။
`ဘုရား ဘုရား
မဟုတ်ပါစေနဲ့ မဟုတ်ပါစေနဲ့ဘုရား´
စိတ်ထဲတွင် တဒင်္ဂ မျှော်ရည်ဆုတောင်းနေမိပါသော်လည်း ကျမ၏ ဆုတောင်းတို့သည် မပြည့်ခဲ့ပါချေ။
`မမချိုကလဲ မီးမီးကို နာအောင် ထပ်လုပ်တယ်´
`မီးမီးက အကျယ်ကြီး ငိုတော့
မီးမီးပါးစပ်ထဲကို စောင်ကြီး ထည့်ပစ်တာလဲအရမ်းနာတာပဲ ´
ကျမ၏ နှလုံးအိမ်တို့သည် ထပ်မံ၍ နာကျင်ရပြန်သည်။နတ်ကတော် မိန်းမလျာဖြစ်သူ မိချိုမသည်လည်း ကျမ၏ ရင်နင့်သည်းချာသမီးကလေးအား ဖျက်ဆီးကျင့်ကြံခဲ့သည်တဲ့။ဘယ်လိုအကြောင်းအရာအသိစိတ်တို့၏စေ့ဆော်ခဲ့ခြင်းကဦးဆောင်ခဲ့လေသည်မသိ ။လူမမယ်ကျေးအုံလေးကို အတူတူတွေ့ရှိခဲ့သူ ကျွေးမွေးစောင့်ရှောက်ရန်တိုက်တွန်းခဲ့သူ တူမရင်းချာသဖွယ်ရင်းနှီးချစ်ခင်ခဲ့သူသည် ယခုလို လုပ်ရပ်မျိုးကို ကျူးလွန်ခဲ့သည်တဲ့။ကြီးစွာသော အပူမီးသည်ရင်နှင့်မချိအောင်ခံစားရလေသည်။
`အီး ဟီး ဟီးး´
ပြောလက်စ စကားဆိုနေရင်းဖြင့်ပင် ကျေးအုံလေးသည် ရှိုက်ကြီးတငင် ငိုချလေတော့သည်။
`ဘဘကြီးကို မုန်းတယ် ဘဘကြီးကို မချစ်တော့ဘူး အီး ဟီး ဟီး ´
ကိုသာမောင်ရှိအားအရပ်သို့ လက်ညိုးညွှန်လျက် သည်းထန်ရှိုက်ငင်စွာ ငိုကြွေးနေလေသည်။
`မီးမီးက အရမ်းနာလို့ ငိုနေတာ ´
`မီးမိးကို နာအောင်လုပ်သွားလို့
ဘဘကြီးကို တိုင်ပြောမို့ဟာကို မီးမီးကို ခြေထောက်ကြီးနဲ့လဲ ကန်တယ် ´
`အီး ဟီး ဟီး ပီးတော့ မီးမီးလည်ပင်းကိုလဲ
ညှစ်ပစ်တာ မီးမီးက ကြောက်ပါပီလို့ အော်နေတာကို အီး ဟီး ဟီး ´
စို့နှစ်ကြေကွဲလွန်းရပါသဖြင့် ကျမ၏ လည်ချောင်းတို့သည်ပင် အက်ကွဲလာနေသကဲ့သို့ခံစားရသည်။ငိုကြွေးရလွန်းသဖြင့် ကျမ၏ မျက်လုံးအိမ်တို့သည်လည်း သဲကွဲထင်ရှားစွာမြင်နိုင်ခြင်းမရှိတော့ပါချေ။နင့်သည်းလှိုက်ဖိုလွန်းသော ရှိုက်ငင်သံများကြောင့် အသက်ပင်ရှုလို့မဝတော့ပေ။
သည်သမီးလေးကျမှ ယခုလို ဆင်းရဲဒုက္ခများ အစုံလိုက်ကြုံကြိုက်ခဲ့ရပါလေခြင်းဟုပူဆွေးရပြန်သည်။မပြည့်စုံသောဘဝနှင့် မွေးဖွားလာခဲ့ရသော သမီးကလေးသည် ဆင်းရဲခြင်းကြီးစွာဖြင့် သေဆုံးခဲ့ရသည်တဲ့လေ။
`ဒါဖြင့် သမီးလက်ထဲက အုန်းမွှေးလုံးဒုတ်ချောင်းကကော ဘယ်ကရသလဲ ´
ထင်မှတ်၍မထားခဲ့သော အကြောင်းအခြင်းရာအဖုံဖုံတို့သည် ထွက်ပေါ်၍လာခဲ့ပြီမို့ ရဲအရာရှိမင်းသည် သိလိုစိတ်ပြင်းပျစွာဖြင့်ပင် ဝင်ရောက်မေးမြန်းလေတော့သည်။ကျေးအုံလေးသည်ကား ခွန်းတုံပြန်ဖြေဆိုခြင်းမပြု ဆိတ်ဆိတ်သာနေလျက် ကြောင်အမ်းစွာကြည့်နေလေသည်။
`သမီး သမီးလေး ကို အုန်းမွှေးလုံးပေးခဲ့တဲ့သူ ရှိသလား´
ထိတ်လန့်ကြောင်အမ်းနေဟန်ရှိသော ကျေးအုံလေးအား ကျမ အသာအယာမေးမြန်းလိုက်သည်။
`မီးမီး ငိုနေလို့တဲ့
အုန်းမွှေးလုံးဦးဦးက ပေးတာ´
`မေမေစိန် မီးမီးကို ဘာလို့ ပစ်ထားခဲ့ရတာလဲဟင် မီးမီးက ဆိုးလို့လားဟင် ´
`မီးမီးကို မချစ်တော့လို့လားဟင်
မီးမီးက အုန်းမွှေးလုံးတွေအများကြီးစားမယ်ပြောလို့လားဟင် ´
ကျေးအုံလေးအား တင်းကျပ်စွာပင် ပိုက်ထွေးကာ ငိုမိရပြန်သည်။ကျမသမီးကလေးသည် ကျမအပေါ် အတွေးမှားသွားမည်ကို ကျမကြောက်မိပါသည်။
`မဟုတ်ပါဘူး သမီးလေးရယ် မဟုတ်ရပါဘူးကွယ် အီးဟီးဟီး အမေ့ကို ခွင့်လွှတ်ပါ အမေ့ကိုခွင့်လွှတ်ပါ သမီးလေးရယ် အီးဟီးဟီး ´
ပြွတ်ကျပ်သောစကားလုံးတို့သည် လုံးထွေးစွာထွက်ပေါ်လာနေသကဲ့သို့ ကျေးအုံးလေးအား တင်းတင်းကျပ်ကျပ်ပင် ပိုက်ထွေးထားမိသည်။မကြာခင် သမီးကလေးသည် ကျမ၏ဘဝထဲမှ အပြီးအပိုင်ထွက်ခွာသွားတော့မည်လေ။ဆိုးရွားရက်စက်သောဘဝကံကြမ္မာသည် ကျေးအုံလေးအတွက် ဝဠ်ကြွေးဟု အမည်တပ်ရမည်ဆိုပါက ယခုဘဝသည်သာ နောက်ဆုံးပေးဆပ်ရခြင်းဖြစ်စေချင်ပါသည်။
`ဟဲ့ကောင်မ စိန်ချစ် လွှတ်စမ်းပါဟဲ့ အသက်ရှုကျပ်ရတဲ့အထဲတော် ညည်းက ဘာလုပ်သာတုံး´
လေးလံတုန်ယင်စွာဖြင့် တစ်လုံးချင်းထွက်ပေါ်လာသော စကားသံသည် ကျမ၏ အသိစိတ်တို့အား ပစ္စုပ္ပန်အခြေအနေသို့ ပြန်လည်တွန်းပို့သည်။တဆတ်ဆတ်တုန်ယင်နေသော ဦးခေါင်းမှချွေးစီးတို့အား သုပ်ဖယ်ကာ ကျမ၏ လက်များကို တွန်းထုတ်ပုတ်ခါလေသော ဘွားကြည်ခင်သည် ထူးဆန်းစွာကြည့်၍ နေလေတော့သည်။
ကျမ၏ သမီးကလေး ကျေးအုံသည် နောက်ထပ်တစ်ဖန်ကျမဆီသို့ ရောက်မလာနိုင်ခဲ့တော့ပါချေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညတွင်းချင်းပင် မြို့သို့ ထွက်ပြေးတိမ်းရှောင်သွားလေသော ဆရာလေးတစ်ဖြစ်လဲ လူယုတ်မာသည် ရဲအရာရှိမင်းတို့၏ ကြိုးပမ်းအားထုတ်မှုဖြင့် ဖမ်းဆီးရမိသည်။ယုတ်ညံ့သောအတွေးအကြံဖြင့် လူမမယ်ကလေးငယ်လေးအား ဖျက်ဆီးကျင့်ကြံခဲ့ပါသော နတ်ကတော် ချိုချိုမြင့်သည်လည်း နေအိမ်၌ အထုပ်အပိုးပြင်ကာတိမ်းရှောင်အံ့ဆဲဆဲတွင် ရွာသူရွာသားများ၏ ဝိုင်းဝန်းဖမ်းဆီးမှုနှင့်အတူ လက်မတင်ကလေးဖမ်းဆီးမိခဲ့သည်။ယနေ့သည်ကား မြို့နယ်တရားရုံးမှ ရုံးထုတ်စစ်ဆေးသည့် ပထမနေ့ပင်ဖြစ်သည်။
`အဖ ဦးလှရွှေ၏ သား တရားခံ မောင်ဝင်းနိုင် အခင်းဖြစ်ပွားရာနေ့မှ အကြောင်းအရာအဖြစ်အပျက်များအား မှန်ကန်စွာ ထွက်ဆိုပါ´
အမိန့်သြဇာပြည့်ဝသော တရားသူကြီးမင်း၏ အသံမှလွဲ၍ ဧည့်ပရိတ်သတ်တို့သည် တိတ်ဆိတ်စွာပင်ငြိမ်သက်လျက်ရှိကြသည်။လက်ထိပ်ခတ်လျက်အနေအထားဖြင့် လူအများအလည်တွင် ညိုးငယ်သော မျက်နှာထားဖြင့် တည်ရှိနေသောသူ၏ အသံသည် ဖြေးညှင်းစွာပင်ထွက်ပေါ်၍လာခဲ့လေတော့သည်။
`ကျတော့်အမှားတွေအတွက် ကျတော်တာဝန်ယူပါ့မယ်ဗျာ ကျတော်အရာအားလုံးကို မလိမ်မညာဘဲ အမှန်တိုင်းထွက်ဆိုသွားပါ့မယ်´
မနက်ပိုင်းမို့ စာကြည့်တိုက်သို့ လာရောက်ပြသသောလူနာများသည်လည်း ရှင်းလင်း၍နေလေသည်။ကလေးငယ်တစ်ဦးဖျားနာနေသည့်အတွက် အိမ်သို့လိုက်ပါကြည့်ရှုပေးပါရန် ပင့်ဆောင်လာလေသဖြင့် အသာတကြည်ပင် လိုက်ပါလာခဲ့လေသည်။
ကလေးသည် ပူကျစ်ခြစ်တောက်ကာ အဖျားအားကြီးလျက်ရှိသည်။ အမြန်ဆုံးသက်သာသွားစေရန် ဆေးထိုးမှသာဖြစ်ပေတော့မည်မို့ ဆေးထိုးရန်ပြင်ရသည်။
ဂါဝန်ဖားဖားလေးအား အသာလှန်လိုက်သည့်အခါ အိစက်ညက်ညောလွန်းသော နူးညံ့သည့်အထိအတွေ့ကို ထူးဆန်းစွာ ခံစားမိလိုက်သည်။ဖြူဝင်းသည့် ပေါင်တံသွယ်သွယ်တို့သည် အပြစ်ကင်းစင်ကာ ချောမွတ်၍နေလေသည်။လူနာကလေးငယ်လေးဟုသော အသိစိတ်တို့သည် တဒင်္ဂပျောက်ဆုံးကာ သာယာမှု၏နောက်သို့ လိုက်ပါစီးမျှောနေခဲ့မိသည်။ထူးဆန်းသောအပြုအမှုတို့ကြောင့်ထင်၏ ။ကလေးသည် ကြောက်ရွံထိတ်လန့်စွာ ရုန်းထရန်ပြင်လေတော့သည်။
`ဟိတ် ရှုး ငြိမ်ငြိမ်လေးနေ ဦးဦးက သမီးလိုချင်တာတွေ အများကြီး ဝယ်ပေးမာ ဟုတ်ပြီလား
အရုပ်လှလှလေးတွေ ဂါဝန်လှလှလေးတွေ မလိုချင်ဘူးလား ဟင်´
`ဟင့်အင်း မလိုချင်ပါဘူး မီးမီးက ကြယ်ရုပ်ကလေးတွေပဲ လိုချင်တာ ´
ကလေးလိုချင်သည့် ကြယ်ရုပ်ဆိုသည်ကား ဘာကိုဆိုလိုသည်အသေအချာမသိပေသိ သူလိုချင်သောအရာအား ပေးဆောင်မည်ဟု လိမ်ညာမုသားဆိုရန်ဆုံးဖြတ်လိုက်သည်။
`ဟုတ်ပြီ ကြယ်ရုပ်ကို အကြီးကြီး လုပ်ပေးမယ်ဟုတ်ပြီလား ဟောသည့်လောက်အကြီးကြီးကို အများကြီးလုပ်ပေးမယ် ဟုတ်ပလား ဒါပေမဲ့ ဦးဦးပြောစကားကိုတော့ နာထောင်မှ ဖြစ်မာနော် ´
ကလေးသည် ပြုံးရွှင်သောမျက်နှာဖြင့် အသာတကြည်ပင် ခေါင်းငြိမ့်လေသည်။ထိုစဥ်ခဏ ကျယ်လောင်စူးရှသော အော်သံသည် ရုတ်တရက်ထွက်ပေါ်လာလေသည်မို့ ထိတ်လန့်တုန်လှုပ်စွာဖြင့် အိမ်ရှေ့သို့ ထွက်ပြူကြည့်ရှုရပြန်သည်။
`ခလုပ်တိုက်မိတာ ဆရာလေးရေ ကျမလဲ တော်နေကြာ ကြွေးတောင်းသွားရအုံးမာမို့ လောနေလို့ရယ် လန့်များသွားသလား´
ယခုမှပင် စိတ်အေးသက်သာရှိရလေတော့သည်။သက်ပြင်းတစ်ချက်အား ခိုးရှိုက်ကာ အခန်းတွင်းသို့ဝင်ကာ ဆေးထိုးရန်ပြင်ရလေသည်။အိမ်၌ ကလေးအမေနှင့် ကလေးငယ်သာ ရှိနေသည်။ကလေးအမေသည်ကား ခဏအကြာ ကြွေးတောင်းသွားရန်ရှိသည်ဟု ဆိုလေသည်မို့ အခြေအနေအချိန်အခါစောင့်ကြည့်ကာ ပြီးမှသာ တစ်ခေါက်ထပ်လာရန်ဆုံးဖြတ်လိုက်သည်။ကလေးအမေသည်ကား အခန်းအပြင်သို့ ထွက်သွားပြန်လေသည်မို့ ကလေးအပါးအသာကပ်ကာ တီးတိုးစကားဆိုရပြန်သည်။
`ဦးဦး ကြယ်ရုပ်အကြီးကြီးခဏနေ ယူလာခဲ့မယ်နော် ဘယ်သူမှမပြောပြရဘူးနော် အခု နေကောင်းပျောက်အောင် ဆေးတစ်လုံးထိုးရမယ် ခဏလေးပဲနာမာ ဟုတ်ပီလား ´
ပြင်းပျသော ရမ္မက်အမှောင်သည် ဖုံးလွှမ်း၍လာခဲ့လေပြီဖြစ်သည်။ဖြစ်သင့်သည် မဖြစ်သင့်သည် မှားသည် မှန်သည် ဝေဖန်ပိုင်းခြားနိုင်စွမ်းသည် ပျောက်ဆုံး၍နေလေသည်။အဖျားပျောက်ဆေးအစား အိပ်ဆေးအနည်းငယ်သာ ထိုးသွင်းခဲ့လိုက်သည်။
ရွာအစွန်တွင်ရှိနေသော အိမ်မို့ ရွာထဲသို့ ပြန်လည်ဝင်ရောက်ခြင်းမပြုတော့ပါဘဲ ရွာ့အပြင် ညောင်ပင်အိုကြီးအနီးအပါးသို့ ခေတ္တသွားရောက်ကာအချိန်အနည်းငယ်စောင့်ဆိုင်းနေလိုက်သည်။ယူဆောင်လာသောဆေးအိတ်အား ညောင်ပင်အိုကြီး၏ဂွဆုံ တစ်နေရာ၌ ဖွက်ထားလိုက်သည်။မေ့ဆေးဖြည့်သွင်းထားသော ဆေးထိုးအပ်တစ်ခုအား လိုလိုမယ်မယ် ဆောင်ယူထားခဲ့လိုက်သည်။ပြီးမှသာ ကလေးရှိရာသို့ သွားရောက်ရန်ပြင်ရသည်။အိမ်ထဲ၌ လူရိပ်လူယောင်မတွေ့ရတော့ပါချေ။အမေဖြစ်သူသည် ကြွေးတောင်းသွားလေပြီထင်သည်။ဖိနပ်အစုံအားအသာကိုင်ဆောင်ကာ ကလေးရှိရာအခန်းတွင်းသို့ တိတ်တဆိတ်ဝင်ရောက်လိုက်သည်။
နူးညံ့အိစက်သော အသားနုနုထွေးထွေးတို့သည် နှစ်လိုဖွယ်ကောင်းလွန်း၍နေခဲ့လေသည်။
`အားး´
အနည်းငယ်သာ ထိုးသွင်းခဲ့သော အိပ်ဆေးအရှိန်သည် ပျယ်ပြီထင်၏ ။ကလေးသည် နာကျင်စွာ အော်မြည်လေသဖြင့် အသင့်ယူဆောင်လာခဲ့သော ဆေးထိုးအပ်ဖြင့် ချုပ်တီးကာထပ်မံထိုးသွင်းရပြန်သည်။ကလေးသည် ခတ္တမျှရုန်းကန်ပြီးနောက် ငြိမ်သက်မေ့မျောသွားလေသည်။ရာဂအမိုက်မှောင်ထဲတွင် အထိန်းအချုပ်မဲ့ ကူးခတ်နေခဲ့ခြင်းသည် ရုတ်တရက်ထွက်ပေါ်လာလေသော အသံတစ်ခုကြောင့် ထိတ်လန့်တုန့်လှုပ်စွာရပ်တန့်ခဲ့ရသည်။
အိမ်ရှေ့တံခါးဝင်ပေါက်သို့ ပြေးထွက်ရန်ပြင်လေသော်လည်း အသံလာရာသည် လှေကားအနီးအပါးသို့ ရောက်ရှိနေပြီဖြစ်သည်မို့ ဟိုသည်ဝေ့ဝဲကာ ပြေးပေါက်ရှာရပြန်လေသည်။အသုံးပြုထားပြီးသောဆေးထိုးအပ်အား အိပ်ခန်းပြတင်းတံခါးမှ စွန့်ပစ်ဖျောက်ဖျက်ရသကဲ့သို့ပင် မိမိကိုယ်တိုင်သည်လည်း အိပ်ခန်းတံခါးအား ခိုတွဲမှီကိုင်ကာ ပျင်ဘောင်များအား တစ်ဆင့်စီ တစ်ဆင့်စီကူးဖြတ်ခြင်းဖြင့်သာ မြေပြင်သို့ခက်ခက်ခဲခဲကျရောက်ရလေတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယနေ့သည်ကား ဒုတိယမြောက် ရုံးထုတ်စစ်ဆေးသည့်နေ့ပင်ဖြစ်သည်။
`အဖဦးလူခွေး၏ သား တရားခံ မောင်ချိုလွင် အခင်းဖြစ်ပွားရာနေ့မှ အကြောင်းအရာ အဖြစ်အပျက်များအား မှန်ကန်စွာ ထွက်ဆိုပါ´
မျက်ရည်စတို့အား ကနွဲ့ကလျသုတ်ဖယ်နေပါသော သနားစဖွယ်အမူအယာတို့သည် ဧည့်ပရိတ်သတ်များအလည်တွင် ရွံရှာဖွယ်အတိပြီး၍သာနေလေတော့သည်။
ကိုကြီးကျော်ပသရန် ပင့်ဖိတ်ထားသောအိမ်မှအပြန် ဆူညံ့ဝေစီသော အသံတို့အားကြားလိုက်ရသဖြင့် မိန်းမလျာတို့သဘာဝ အသာရပ်ကာ စေ့စေ့ပေါက်ပေါက်ဝင်ရောက်စပ်စုမိပြန်သည်။
`ဟောတော် ကသာမောင်ကြီးပါ့လား
အမယ်လေးး ငစိန့်မယားပါ ပါလာတာတော့´
နတ်ပွဲမှသောက်ထားသော ယမကာအခိုးအငွေ့တို့သည် ရန်ပွဲမြင်ကွင်းအားမြင်တွေ့လိုက်ရသည့်အခါ ရုပ်ချည်းပင် လွင့်စင်ကွယ်ပျောက်သွားလေသလားထင်ရသည်။
`အမလေး အမလေး မဖြစ်သေးပါဘူးအေ
ဒေါ်စိန်ချစ်ကြီးဆီသွားပြောရမယ် တော်နေကြာ ခြေလွန် လက်လွန်တွေဖြစ်ကုန်ရင် ခက်ကုန်တော့မာပဲ ´
ခြေလှမ်းစိတ်စိတ်ဖြင့် ရွာအစွန်သို့ မပြေးရုံတမယ်နှင်လာခဲ့လိုက်သည်။မိတ်ရင်းဆွေရင်းတွေမို့ ကူညီသင့်တာကူညီရမည်မဟုတ်လား။
`ဒေါ်စိန်ချစ် ဒေါ်စိန်ချစ် ´
` အမလေး ဒီဟာမကြီး နားများကန်းသွားပလားတော့ ခေါ်နေတာ ပြန်ကိုမဖြေဘူး´
တုံ့ပြန့်ဖြေကြားသံတစ်စုံတစ်ရာထွက်ပေါ်လာခဲ့ခြင်းမရှိသည်မို့ အိမ်အပေါ်သို့တက်ရန်ပြင်ရလေသည်။
`အမလေးတော် ဒီမာ အော်ရတဲ့သူက ရှိတဲ့အပေါက်အကုန်ပြဲတော့မယ် တော်ကြီး ဘာလုပ်နေသတုံး´
`ဝုန်း´
ရုတ်တရက်ပြင်းထန်သော တံခါးလှပ်သံသည် ကျယ်လောင်စွာထွက်ပေါ်လာလေသည်။အိမ်ထဲ၌ လှုပ်ရှားမှုတစ်စုံတစ်ရာမမြင်မိသည်မို့ အသံလာရာသည် အိပ်ခန်းအတွင်းမှပင်ဖြစ်ရမည်ဟု တွေးထင်မိသည်။သူစိမ်းအိမ် အိပ်ခန်းအား လွယ်လင့်တကူ ဝင်ရောက်ခြင်းသည် မသင့်တော်မှန်းသိသော်ငြား သိလိုစိတ်ပြင်းပျသဖြင့် အသာအယာပင် ဝင်ရောက်ကြည့်ရှုမိလေသည်။
`ဟယ် ´
မျက်စိရှေ့ မြင်တွေ့လိုက်ရသောမြင်ကွင်းသည် ထူးဆန်းအံ့သြဖွယ်ကောင်းလွန်းနေခဲ့သည်မို့ အထိတ်တလန့်ဖြစ်ခဲ့ရသည်။ခေတ္တအကြာအထိ ရပ်နေရာမှ လှုပ်ရှားနိုင်ခြင်းမရှိလောက်အောင်ပင် တုန့်လှုပ်အံ့သြနေမိသည်။
ကျေးအုံလေးပင်။ ရင်ဘက်အပေါ်သို့လှန်၍တင်ထားသော ဂါဝန်စအောက်တွင် ဗလာကျင်းနေသည့်ခန္ဓာကိုယ်သည် သွေးစများဖြင့် စွန်းကျံ့လျက်ရှိနေလေသည်။ကလေးသည်ကား လှုပ်ရှားခြင်းအလျင်းမရှိ။ပကတိငြိမ်သက်လျက်ပင်။ထူးဆန်းသောမြင်ကွင်းသည် ဆန်းကျယ်သောခံစားမှုအဖုံဖုံတို့အား တစ်မဟုတ်ချင်းအတွင်းမာပင် ဖြစ်ပေါ်လာစေခဲ့သည်။ယိုးတိုးယိမ်းတိမ်းသော ယမကာအခိုးအငွေ့တို့သည်လည်း ယခုအခါမှသာ ပို၍တောက်လောက်လာနေသည်ဟုခံစားမိခဲ့လေတော့သည်။
`အားးးအီးဟီး ဟီး မေမေစိန် မေမေစိန်ရေ့
မီးမီးနာတယ် အားး အီးဟီးဟီး ´
အချိန်ကားမည်မျှကြာခဲ့လေသည်မသိ။ထိတ်လန့်ခြောက်ခြားဖွယ် ကျယ်လောင်စွာထွက်ပေါ်၍လာခဲ့သော ကလေး၏ အသံသည် တိတ်ဆိတ်ခြင်းအား ဖောက်ခွဲဝင်ရောက်လာလေသည့်အခါမှသာ လွင့်စင်ကွယ်ပျောက်ကုန်သော အသိစိတ်တို့သည် ပြန်လည်စုစည်းမိခဲ့သည်။
`အမလေးး´
` ဘုရားဘုရား ငါ ငါ ဘာတွေလုပ်မိခဲ့တာလဲ
အမလေးလေး နတ်မင်းကြီးတို့ ခွင့်လွှတ်တော်မူပါ ခွင့်လွှတ်တော်မူပါ´
နောင်တဟူသည်ကား အချိန်လွန်မှသာ ရောက်ရှိလာတတ်သည်လေ။ကလေး၏ငိုမြည်သံသည်ကား ပို၍ ပို၍ပင် ကျယ်လောင်မြည်ဟီး၍ လာခဲ့လေသည်။မဖြစ်ချေတော့ပေ။ကလေး၏ပါးစပ်အား အနီးအပါးရှိ ဖျင်စောင်ဖြင့်ထိုးပိတ်ပစ်မိသည်။အမှားသည်ကား မှားခဲ့ပြီးသော်ငြား ရုတ်ချည်းရင်ဆိုင်ခြင်းသည်ကား မစွမ်းသာပြီမို့။အိမ်အောက်သို့ အလျင်အမြန်ပြေးဆင်းလာခဲ့သည်။ရှိုက်ဖိုသည်းထန်လွန်းသော ကလေး၏ ငိုကြွေးသံသည် နားထဲ၌ ပဲ့တင်ထပ်ကာထပ်ကြပ်မကွာပင် ကပ်လျက်လိုက်ပါ၍လာခဲ့လေတော့သည်။ရွာထဲသို့လှမ်းရွယ်သောလမ်းတစ်လျောက်တွင် လူရိပ်လူချေတို့သည် ရှားပါးကင်းစင်နေလျက်ရှိပါသည်။ခြေလှမ်းဟန်ပန်တို့သည်ကား ချုပ်တည်း၍မရ ပျက်ယွင်းကာနေလေသည်ထင် ရွာအဝင်တစ်လျောက် ဂလောင်ဂလင်တီးခေါက်ကာ ထွက်၍လာသောအုန်းမွှေးလုံးသည်လူငယ်လေးသည်ပင် မိမိအား ထူးဆန်းစွာ ငေးမောကြည့်ရှု၍ နေလေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယနေ့သည်ကား မတရားသဖြင့် အသက်ဆုံးရှုံးခဲ့ရပါသော လူမမယ်အရွယ်သမီးကလေး ကျေးအုံလေးအား ရက်စက်ယုတ်မာကျင့်ကြံသတ်ဖြတ်ခဲ့သူများကို ပြစ်ဒဏ်စီရင်ချမှတ်မည့် နေ့ပင်ဖြစ်ပါသည်။
`သက်သေ အခင်းဖြစ်ပွားရာနေ့မှာ တွေ့မြင်ခဲ့ရတဲ့ အဖြစ်အပျက် အကြောင်းအရာများကို မှန်ကန်စွာ ထွက်ဆိုပါ´
`ဟုတ် ဟုတ်ကဲ့ပါဗျ´
`အဲ့သည့်နေ့က ကျတော် ရေချိုရွာကို စျေးရောင်းလာတော့ လမ်းမာ ရေးကြီးသုတ်ပြာနဲ့ ပြေးလာတဲ့ ဟိုလူကြီးကို တွေ့ခဲ့ပါတယ် ´
တရားခံဖြစ်သူသုံးဦးထိုင်နေသည့်အနက် ဘေးအစွန်တွင်ရှိနေသောနွဲ့နှောင်းသည့်ဟန်ပန်ရှိသူအားညွှန်ပြလေသည်။
`ကျတော်လဲ ရောင်းရင်းသွားရင်းနဲ့ ရွာအစွန်ဆုံးက အိမ်ရှေ့ကို ရောက်ခဲ့ပါတယ်´
`အဲ့အိမ်ရှေ့ရောက်တော့ ကလေးငိုသံစူးစူးကို ကြားခဲ့ရပါတယ် ။အဲ့အိမ်က ကလေးမလေးက ကျတော့်ရဲ့ စားနေကျဖောက်သည်ကလေးပါ´
`လူကြီးတွေအရိပ်အယောင်လဲ မမြင်မိပါဘူး
ကလေးကလည်း တအားကိုငိုနေတဲ့အသံမျိုးမို့ တစ်ခုခုများဖြစ်နေသလားဆိုပြီး အိမ်ဝိုင်းထဲကို ဝင်ကြည့်ခဲ့မိပါတယ်´
`အိမ်အပေါ်ထပ်က လှေကားအစွန်းမာ ထိုင်ငိုနေတဲ့ ကလေးမလေးကို တွေ့ခဲ့ပါတယ်။ကျတော်လဲ အမေကော အဖေကော လို့ မေးကြည့်တော့ ဘာမှပြန်မပြောဘဲ ငိုပဲငိုနေပါတယ်´
`ဘယ်လိုမှ ချော့မရတဲ့အဆုံး ကျတော်လဲ အုန်းမွှေးလုံးတစ်ခု ပေးခဲ့ပြီး ရေကမိုးဘက်ကို ဆက်သွားခဲ့ပါတယ်ဗျ အဲ့သည့်နေ့မာ ကျတော်မြင်ခဲ့တာ အကုန်ပါပဲ´
ကြားနားစစ်ဆေးမှုများအပြီးတွင် ချမှတ်ခဲ့ပါသော လူယုတ်မာ တရားခံသုံးဦး၏ အပြစ်ဒဏ်(အလုပ်ကြမ်းနှင့်ထောင်ဒဏ်)တို့သည် မည်မျှပင်ကြီးမားနေစေခဲ့ပါမှု ရင့်နင့်သည်းချာ သားသမီးအား ဆုံးရှုံးခဲ့ရပါသော မိခင်တစ်ဦးအတွက် မည်သို့သော ဖြေသိမ့်ခြင်းကိုမျှ စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပါချေ။အသွေးအသားမှဖြစ်တည်လာခဲ့ခြင်းမဟုတ်သော်ငြား ချစ်လှစွာသော သမီးကလေး ကျေးအုံလေးအတွက် ထိုလူယုတ်မာတရားခံသုံးဦးစလုံး၏ အသက်ကိုပင် ပြန်လည်ပေးဆပ်ပါစေအုံးတော့ သားသမီးဆုံးရှုံးခဲ့ရပြီဖြစ်သော မိခင်တစ်ယောက်အတွက် ညီမျှပါသည် တန်ကြေးထိုက်တန်ပါသည်ဟု ထင်မှတ်ရပါမည်လား။
ညောင်အိုပင်ကြီး၏ အကိုင်းအခတ် အရွက်အလက်များပေါ်၌ တွဲခိုချိတ်ဆွဲထားသည့် ဝါးဒုတ်ချောင်းကလေးများဖြင့်ပြုလုပ်ထားသော ကြယ်ရုပ်ကလေးများသည် လေအဝှေ့တွင် လူးလွန့်လှုပ်ရှား၍သာ နေလေသည်။
{ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်ကောင်အဖြစ်အပျက်များသည် စိတ်ကူးယဥ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည်🙏🙏🙏}
ပြီးပါပြီခဗျာ။
ကိုဇင်(အညာသား)