မင်္ဂလာဦးည(စ/ဆုံး)
———————-
ရှမ်းပန်းကတူးတွေ အများဆုံးရှိတဲ့
တောမြို့လေးတစ်မြို့ရဲ့ မြို့လယ်
လမ်းဆုံနားမှာ ဈေးဆိုင်တန်းတစ်ခု
ရှိပါတယ်။ဈေးဆိုင်တန်းလို့သာ
ပြောရတာ၊ဆိုင်ခန်းက ၄ ခန်းထဲပါ။
လမ်းမီးတိုင်အောက်မှာ ခေါက်ဆွဲ
ရောင်းတဲ့ဒေါ်ညိုက သူ့အိမ်ကို
နောက်ဖက်ခြံစည်းရိုးနားမှာ
ကပ်ဆောက်လိုက်ပြီး ရှေ့
မျက်နှာစာမှာ ဆယ်ပေပတ်လည်
ဆိုင်ခန်း ၄ ခန်းတွဲဆောက်၊
သူက တစ်ခန်းရောင်းပြီး
ကျန်တဲ့ ၃ ခန်းကို ငှားထားတာပါ။
ဆိုင်ခန်း ၄ ခန်းမှာ ညာဖက်အစွန်ဆုံး
အခန်းက အိမ်ရှင်ဒေါ်ညိုရဲ့
ခေါက်ဆွဲဆိုင်၊သူ့ရဲ့ဘယ်ဘက်မှာ
ကိုလှထွန်းရဲ့နာရီပြင်ဆိုင်၊ပြီးတော့
မခင်လှရဲ့ကုန်ခြောက်ဆိုင်နဲ့
ဘယ်ဖက်အစွန်ဆုံးမှာက မအေးတို့
ညီအစ်မရဲ့အပ်ချုပ်ဆိုင်ပါ။
ဒေါ်ညိုနဲ့ မအေးတို့ ညီအစ်မက
ညနေစောင်းတာနဲ့ ဆိုင်ပိတ်ပြီး
အိမ်ပြန်ကြပေမဲ့ အလယ်နှစ်ခန်းက
မခင်လှနဲ့ ကိုလှထွန်းတို့လင်မယား
ကတော့ ဆိုင်ခန်းမှာပဲ အိပ်ကြတာမို့
မှောင်မှပဲ ဆိုင် ပိတ်ကြတာပါ။
ဒေါ်ညို၊ ကိုလှထွန်းတို့လင်မယားနဲ့
မအေးတို့က တစ်ရပ်ကွက်ထဲသား
ဆွေမကင်း မျိုးမကင်းတွေ။
မခင်လှတစ်ယောက်ကတော့ မြို့နဲ့
၅မိုင်လောက်ဝေးတဲ့ သာယာကုန်း
ဆိုတဲ့ရွာကပါ။ ရွာမှာ အိမ်ရှိပေမဲ့
မိဘ၊မောင်နှမသားချင်းတွေကလည်း
မရှိတော့ဘူး၊ တစ်ကိုယ်တည်း အပျိုကြီးဆိုတော့ ရွာမပြန်တော့ပဲ
ဒီဆိုင်ခန်းကိုပဲ အိမ်လုပ်ပြီးနေတဲ့သူပါ။
ကိုလှထွန်းတို့လင်မယားလည်း
အရင်ကတော့ သူ့မိဘအိမ်ကို
ပြန်အိပ်ကြတာပါ၊ သမီးယောင်းမ
အချင်းချင်း စကားများရန်ဖြစ်ပြီး
နောက်ပိုင်း အိမ်မပြန်တော့ပဲ ဆိုင်အိပ်၊
ဆိုင်စား လုပ်ပြီးနေကြတော့တာ။
ဒီမြို့က တောမြို့လေးမို့
မနက်ပိုင်းမှာပဲ ဈေးဝယ်သူတွေနဲ့
စည်စည်ကားကားရှိပြီး နေမြင့်လာရင်
လူက တဖြည်းဖြည်းကြဲသွားပြီ။
ညနေပိုင်းဆိုရင် လမ်းသွားလမ်းလာ
လူလောက်ပဲရှိတာမို့ ဆိုင်အတော်
များများက နေမညိုခင်ကတည်းက
သိမ်းကြလေ့ ရှိပါတယ်။
ညနေစောင်းအထိ ရောင်းရတဲ့ဆိုင်တွေ
ကတော့ မိုးချုပ်မှပဲ သိမ်းကြတာပါ။
မိုးချုပ်မှ သိမ်းတဲ့ ဆိုင်တွေထဲမှာ
အပျိုကြီးမခင်လှရဲ့ဆိုင်လည်း
ပါပါတယ်။
မိုးချုပ်တဲ့အထိ အပျိုကြီး ဆိုင်
မသိမ်းသေးတာက ဈေးရောင်းရလို့
မဟုတ်ပါဘူး၊သူ့ဆိုင်ကို ညနေစောင်းမှ
ရောက်ရောက်လာတဲ့ ဖောက်သည်
ရှိလို့ပါ။အဲဒီဖောက်သည်က
ဈေးလာဝယ်တာတော့ မဟုတ်ဘူး၊
အပျိုကြီးကို လာဝိုက်တာပါ။
သူ့နာမည်က ကိုမောင်မောင်၊လူပျိုကြီး၊
ဒီမြို့သားလည်း မဟုတ်ဘူး၊
တခြားမြို့ကနေ ပြောင်းလာတဲ့
အစိုးရဝန်ထမ်းပါ။
ဒါကြောင့်လည်း သူ့ခမျာ ညနေစောင်း
ရုံးဆင်းပြီးချိန်မှပဲ လာရရှာတာပါ။
လူပျိုကြီး ကိုမောင်မောင်တစ်ယောက်
ညနေတိုင်းလာပြီး အပျိုကြီးကို
ပိုးပန်းနေတာ လေးငါးလလောက်သာ
ကြာသွားတယ်၊အခြေအနေက
သိပ်မထူးခြားဘူး။ ဘာကြောင့်လည်း
ဆိုတော့ အသက်လေးဆယ်ကျော်
အပျိုကြီးလူပျိုကြီးနှစ်ယောက်လုံးက
အရမ်းရှက်တတ်ကြတဲ့အပြင်
စကားကလည်းနည်းတော့
ထင်သလောက် ခရီးမပေါက်ဘူး။
အဲဒါကိုသိတဲ့ ကိုလှထွန်းတို့လင်မယား
နဲ့ ဒေါ်ညိုတို့ တိုင်ပင်ပြီး အတင်းတွန်းပို့
လိုက်မှပဲ အဆင်ပြေသွားကြတော့တာ။ ဝါဝင်ကာနီးနေပြီမို့ သူတို့ရဲ့
မင်္ဂလာပွဲကိုလည်း ကတိုက်ကရိုက်နဲ့
အကျဉ်းချုံးလိုက်ကြပါတယ်။
သံဃာတော်တွေကိုဆွမ်းကပ်ပြီး
ဧည့်ပရိသတ်တွေကိုလည်း
ဘုန်းကြီးကျောင်းမှာပဲ ဧည့်ခံကျွေးမွေး
လိုက်ကြပါတယ်။
မင်္ဂလာပွဲပြီးလို့ ဘုန်းကြီးကျောင်းကနေ
ပြန်လာကြတော့ နေတောင်အတော်
စောင်းနေပြီ။ဆိုင်ရောက်တယ်ဆိုရင်ပဲ
” ကိုမောင်မောင်…ခင်ဗျားတို့ ဒီည
ဘယ်မှာအိပ်ကြမှာလဲ…ဒီမှာပဲအိပ်မှာ
မဟုတ်လား … ”
ညအိပ်ဖို့ကိစ္စကို ကိုလှထွန်းက
ဆိုင်းမဆင့်ဗုံမပါပဲ ရုတ်တရက်
ပြောလိုက်တော့ လူပျိုကြီးနဲ့
အပျိုကြီးတို့ တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီးရှက်သွားကြ
ပါတယ်။
ရှက်မဲ့သာ ရှက်ကြတာ၊
ဘုန်းကြီးကျောင်းကပြန်လကတည်းက
သူတို့နှစ်ယောက်လုံး အဲဒီကိစ္စကိုပဲ
စဥ်းစားနေကြတာ၊ ဘယ်ကနေ
စပြောရမှန်းမသိလို့ ဦးနှောက်ခြောက်
နေတာ၊ ကိုလှထွန်း အစဖော်ပေးလိုက်
လို့ အတော်ဖြစ်သွားတာ။
” အေးဗျာ….ကိုလှထွန်းပြောမှပဲ……”
လူပျိုကြီးက အဲဒီကိစ္စကို စိတ်မဝင်စား
တဲ့ပုံမျိုး၊ အခုမှ သတိရသွားတဲ့ပုံမျိုးနဲ့
ပြောလိုက်ပါတယ်၊
အပျိုကြီးက လူပျိုကြီးကို မေးပါတယ်
” ဘယ် မှာ…..”
” ဘယ်မှာတွေ ညာမှာတွေ လုပ်မနေနဲ့
…အချိန်လည်း မရှိတော့ဘူး..ဒီညတော့
ဒီမှာပဲ အိပ်တာပါ့လို့…ကုတင်လည်း
ရှိပြီးသားကို. ”
ကိုလှထွန်း အကြံပေးတော့ လူပျိုကြီးက..
” ဟိုအခန်းကလဲ မနက်ဖြန်မှ ပြီးမှာ
ဆိုတော့ ကိုလှထွန်းပြောသလို
ဒီမှာပဲ အိပ်ရတော့မှာ…ဗျ ”
ကိုမောင်မောင် ငှါးနေတဲ့အိမ်ခန်းကို
သူတို့နှစ်ယောက်အတူနေဖို့ ပြန်ပြင်
ခိုင်းထားတာ မပြီးသေးတော့
ကိုလှထွန်းမပြောလည်း အိပ်စရာက ဒီဆိုင်ခန်းပဲ ရှိတာပါ။
ဒီမှာအိပ်ဖို့ ကိုလှထွန်း တိုက်တွန်းတာ
ကလဲ အကြောင်းမဲ့တော့မဟုတ်ဘူး။
သူ့မိန်းမ ဘုရားဖူးသွားနေတုန်း
လူပျိုကြီးနဲ့အပျိုကြီးတို့ရဲ့
မင်္ဂလာဦးညဇာတ်လမ်းကို
ချောင်းနားထောင်ပြီး အရပ်ထဲမှာ
ဖွချင်လို့ပါ။
” ရော်………ဒီကုတင်နဲ့ မှာ ရမှာ လား …..ဒါ ”
အပျိုကြီးက သူ့ကုတင်ကိုကြည့်ပြီး
ပြောလိုက်တော့၊
” ဘာ မရစရာရှိလဲလို့….ကိုဖေသန်း
လက်ရာ မဟုတ်လား ……….
ခိုင်ပါတယ်.ကဲ့…စိတ်ချလက်ချသာ
……ဟဲဟဲဟဲ…အိပ်ကြပါ..”
ကိုလှထွန်းက ရယ်ကျဲကျဲနဲ့ပြန်ပြော
ပါတယ်။
” ညယ် ……ကုတင်က ဆန့်မှာလားလို့
ပြောတာပါ ”
” ဘာမဆန့်စရာ ရှိလဲအမိ…ပူးလို့
ကပ်လို့ ထပ်လို့ အိပ်မှာကို….
ကျယ်တောင်ကျယ်နေသေးတယ် ”
” အား…မောင်…ကိုလှထွန်းဆိုတဲ့လူ
….ဘာတွေပြောမှန်းလဲ မသိဘူး”
” ဟုတ်တယ်လေ…ရိုးရိုးသားသား
အိပ်ရင်မှာ… ဆန့်ပါတယ် ကဲ့…
ဆန်းဆန်းပြားပြားဆိုရင်တော့…..
မသိ …….ဘူး”
အပျိုကြီးရှက်ရမ်းရမ်းပြီး
ကိုလှထွန်းရဲ့ကျောပြင်ကို ဖျန်းကနဲ
ရိုက်လိုက်ပါတယ်။
အပျိုကြီးကသာ ရှက်နေတာ၊
လူပျို ကြီးကတော့ ကုတင်ကိုကြည့်ပြီး
ပြုံးဖြီးဖြီးကြီး ဖြစ်နေပြီ။
မင်္ဂလာဦးည (၂)”
.
ကိုလှထွန်းရဲ့အခန်းမှာ
နာရီပြင်တဲ့ မှန်ဘီရိုတစ်လုံး၊
ခွေးခြေထိုင်ခုံလေးတစ်လုံးနဲ့
ပက်လက်ကုလားထိုင်တစ်လုံးပဲ
ရှိတော့ သူတို့လင်မယားနှစ်ယောက်
လွတ်လွတ်လပ်လပ်နဲ့ ကျယ်ကျယ်
ဝန်းဝန်း နေလို့ရတယ်။
ဆယ်ပေပတ်လည် အခန်းချင်းအတူတူ
အပျိုကြီးအခန်းမှာက ဈေးခင်းတဲ့
သစ်သားခုံကြီးနဲ့ သူအိပ်တဲ့ကုတင်ကို
အခန်းအပြည့်ထည့်ထားတော့
နေရာလွတ်ရယ်လို့ မရှိဘူး။
လက်သမားဆရာ ကိုဖေသန်းက
အပျိုကြီး ကျယ်ကျယ်ဝန်းဝန်း
အိပ်ရအောင်ဆိုပြီး
ဈေးခုံရိုက်ပြီးလို့ ပိုနေတဲ့နေရာမှာ
လူသွားသာရုံလမ်းလေးပဲချန်ပြီး
ကုတင်တစ်လုံးရိုက်ပေးထားတာ၊
ကုတင်က တစ်ယောက်အိပ်လဲ မက၊
နှစ်ယောက်အိပ်လဲ မကျနဲ့
ဟိုမရောက်ဒီမရောက်မို့
အပျိုကြီးက စိုးရိမ်နေတာ။
တော်ပါသေးရဲ့၊
မခင်လှကလဲ ပိန်ပိန်သွယ်သွယ် ၊
ကိုမောင်မောင်ကလဲ ဗလတောင့်တယ်
ဆိုပေမဲ့ ကြည့်ကောင်းတယ်ဆိုရုံ
မို့လို့သာ၊ ဝတဲ့သူ တစ်ယောက်ယောက်
သာပါရင်တော့ ဒီကုတင်က ငုတ်တုပ်အိပ်ရမဲ့ကိန်း။
ခါတိုင်းဆိုရင် မိုးချုပ်တဲ့အထိဖွင့်တဲ့
အပျိုကြီးရဲ့ဆိုင်တံခါးဟာ
ဒီနေ့တော့ နည်းနည်းလေးမှောင်တာနဲ့
ပိတ်ထားပါတယ်။
အပျိုကြီး ဆိုင်တံခါး ပိတ်တာကိုမြင်တဲ့ လမ်းသွားလမ်းလာ တစ်ချို့က
ချောင်းဟန့်ပြီး စကြတာပေါ့။
အပျိုကြီး ဆိုင်တံခါးပိတ်သံ ကြားတော့ဘေးအခန်းက ကိုလှထွန်းကြီးလည်း
သူ့ဆိုင်တံခါးတွေကို ပိတ်လိုက်ပါတယ်၊
ပြီးတော့လဲ အသံကျယ်ကျယ်နဲ့
ပြောလိုက်ပါသေးတယ်။
” ဒီနေ့တော့ ပွဲပမ်းသွားပြီဟေ့.. .
စောစော အိပ်တော့မယ် ”
ဟိုဘက်အခန်းက သတို့သားနဲ့
သတို့သမီးကို စောစောအိပ်စေချင်လို့
‘စောစောအိပ်တော့မယ် ‘ လို့သာ
လေသံပစ်လိုက်တာ၊
တကယ်တန်းကျတော့
မျက်စိကျယ်အောင်ဆိုပြီး
မင်္ဂလာဆောင်ကယူလာတဲ့
လက်ဘက်သုတ်တွေကို
တိတ်တိတ်လေး စားနေလေရဲ့။
ည ၈ နာရီထိုးတော့ အီးပီစီကပေးတဲ့
လျှပ်စစ်မီးက ငြိမ်းသွားပြီ။
ခါတိုင်းဆိုရင် ဒီလိုအချိန် ကိုလှထွန်း
မအိပ်သေးဘူး၊ ဘက်ထရီမီးချောင်း
လေးထွန်းပြီး ရေဒီယိုနားထောင်
ကောင်းတုန်း။
ဒီနေ့တော့ စောစောအိပ်မယ်လို့
ကြေညာထားတာမို့ ဘာမီးမှလည်း
မထွန်းတော့ဘူး၊ အိပ်ယာထဲမှာ
ပက်လက်ကလေးလှန်လို့
အိပ်ချင်ယောင်ဆောင်ပြီး
တစ်ဖက်ခန်းက အသံဗလံကို
နားစွင့်နေတော့တာ။
အဲဒီအချိန်မှာ အပျိုကြီးတို့အခန်းက
ထွန်းလိုက်တဲ့ ဘက်ထရီမီးချောင်း
အလင်းရောင်လေးကို ကိုလှထွန်း
မြင်လိုက်ရတော့ အိပ်နေရာကနေ
အသာလေးထ၊ အခန်းနှစ်ခုကို
ကာထားတဲ့ ထရံနားကပ်ပြီး
ချောင်းကြည့်လို့ရမဲ့အပေါက်
တွေ့လိုတွေ့ညား လိုက်ရှာကြည့်ပါတယ်။
မီးချောင်းရဲ့အလင်းရောင်ထွက်နေတဲ့
အပေါက်လေးတစ်ေပါက်တော့တွေ့ပြီ၊
ဒါပေမဲ့ အပေါက်က သူ့ခေါင်းရဲ့
အပေါ် လက်တစ်ဖောင်လောက်
အမြင့်မှာဆိုတော့ သူ့အရပ်နဲ့က
မမီဘူး၊
သူ နာရီပြင်ရင်ထိုင်တဲ့ သစ်သား
ထိုင်ခုံလေးကိုယူပြီး တက်ကြည့်လိုက်
တော့လဲ အပေါက်က မမီ့တမီဖြစ်နေတုံး၊
ခြေဖျားထောက်ပြီး ကြည့်လိုက်တော့မှပဲ သေချာ မြင်ရတော့တယ်။
အပျိုကြီးက ကုတင်ပေါ်မှာ လဲှအိပ်လို့၊
လူပျိုကြီးက ဘေးနားမှာထိုင်ပြီး
စကားတွေပြောနေကြတာ။
ကိုလှထွန်းဆိုတဲ့လူက အရပ်ပုသလောက် အတော် ဝ တော့
သူ့ခြေဖျားကို ကြာကြာမထောက်နိုင်ဘူး။
ဟိုနှစ်ယောက် စကားပြောနေတဲ့ပုံကို
ကြည့်တော့ တော်တော်နဲ့ အိပ်ယာ
ဝင်မဲ့ပုံ မပေါ်သေးတာရယ်၊ ခြေဖျားထောက်ထားတဲ့
သူ့ခြေထောက်တွေလည်း မခံနိုင်တော့
တာရယ်ကြောင့်၊
မီးမှိတ်တော့မှပဲ
ပြန်ချောင်းကြည့်တော့မယ်ဆိုပြီး
အိပ်ယာထဲမှာ ခဏပြန်လဲှနေလိုက်ပါတယ်။
အပျိုကြီးနဲ့ လူပျိုကြီးအကြောင်း
စိတ်ကူးနဲ့တွေးကြည့်ရင်း
ကိုလှထွန်း မျက်စိကို ခဏမှေးလိုက်တာ၊ ဘယ်လိုကနေ ဘယ်လို အိပ်ပျော်သွားတယ် မသိပါဘူး၊
” ဝ ဒုန်း….” ဆိုတဲ့ အသံကြီးနဲ့အတူ
” အမလေး…တော့ ” အလန့်တကြားနဲ့
အော်လိုက်တဲ့ အပျိုကြီးရဲ့
အသံကြားတော့မှပဲ
လန့်နိုးလာပါတယ်။
သူနိုးလာတော့ ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မည်းလို့။
ခေါင်းရင်းက တိုင်ကပ်နာရီကို
ကြည့်လိုက်တော့ အနုမြူရောင်
နာရီလက်တံလေးတွေက
ည ၁၁ နာရီကို ပြနေပြီ။
” ဟိုက် ငါအိပ်ပျော်သွားတာ
တော်တော်ကြာသွားပြီပဲ၊
သွားပါပြီကွာ ၊ မင်္ဂလာဦးည
ဇာတ်လမ်းတော့ လွတ်သွားပြီ
ထင်ပါရဲ့၊ ခဲလေသမျှ သဲရေကျပါပြီ၊
စောစောကကြားလိုက်တဲ့ အသံကြီးက
လည်း ဘာများဖြစ်တာပါလိမ့် ” ဆိုပြီး
စဉ်းစားနေတုန်းမှာပဲ တစ်ဖက်ခန်းက
ထွန်းလိုက်တဲ့ ဘက်ထရီမီးချောင်း
အလင်းရောင်လေးကို မြင်လိုက်ရပါတယ်။
ချက်ချင်းပဲ အိပ်ယာထဲကထ၊
ထိုင်ခုံပေါ်တက်ပြီး ချောင်းကြည့်လိုက်တော့..
လူပျိုကြီးရောအပျိုကြီးပါ
ကုတင်ဘေးနားမှာ မတ်တပ်ရပ်လို့၊
ပါးစပ်ကိုလက်ဝါးနဲ့အုပ်ပြီး
အသံမထွက်အောင် ရယ်နေကြတာ၊
သေချာကြည့်လိုက်တော့
သူတို့ကုတင်မှာ ခင်းထားတဲ့
ပျဉ်ချပ်တွေက ထိုးထိုးထောင်ထောင်နဲ့၊ ခေါင်းရင်းဘက်က အောက်ကို စိုက်ပြီး ခြေရင်းဘက်က မိုးပေါ်ကိုထောင်လို့
မောင်းကလော်နေပြီ။
‘ ဟာ….ဒါဆိုရင် စောစောကကြားလိုက်တဲ့ အသံကြီးက ကုတင်ကျိုးတဲ့အသံပဲ၊ ကုတင်တောင်
ကျိုးတယ်ဆိုတော့…….အလာလေးကဲ့ အားကြီးလှပါတယ် ” ကိုလှထွန်းတစ်ယောက် စိတ်ထဲကနေ မှန်းဆကြည့်ပြီး တော့ မျက်လုံးတွေ ပြူးသွားပါတယ်။
ဒီလိုမျိုး ပွဲကြီးပွဲကောင်းတစ်ပွဲကို လွတ်သွားလို့ ကြိတ်မနိုင်ခဲမရလည်း ဖြစ်သွားပါတယ်။
နဂိုကတည်းက အရယ်သန်တဲ့
ကိုလှထွန်းတစ်ယောက် သူတို့အဖြစ်ကို
ကြည့်ပြီး အော်လို့ ရယ်လိုက်ချင်တာများ မနည်းကို အောင့်ထားရတယ်။
ခဏနေတော့ လူပျိုကြီးက
သူတို့အိပ်ယာတွေကိုသိမ်းလိုက်ပြီး
ကုတင်ပေါ်က ပျဉ်တွေကိုလည်း
ဖယ်လိုက်ပါတယ်၊
ပြီးတာနဲ့ ကုတင်အတွင်း ဘောင်ထဲကို
ဝင်၊ ခေါင်းရင်းက သစ်သားတန်းတစ်ခုကို သေချာကိုင်ကြည့်ပြီး
အပျိုကြီးကို လေသံတိုးတိုးလေးနဲ့
မေးနေပါတယ်၊
သူမေးတဲ့အသံကို မကြားရပေမဲ့
သူ့လက်နဲ့ ပြတဲ့ပုံကိုကြည့်ရတာ
တူ ရှိမရှိ မေးတဲ့ပုံပါ။
ပထမတော့ အပျိုကြီးက ခေါင်းခါပြ
ပါတယ်၊ နောက်တော့ တစ်ခုခုကို
သတိရသွားတဲ့ပုံနဲ့ ဈေးခုံအောက်ထဲက
ပစ္စည်းတစ်ခုကို ယူလိုက်ပြီး
လူပျိုကြီးကို ပေးလိုက်ပါတယ်။
သူပေးလိုက်တာက တူ တော့မဟုတ်ဘူး၊
အလေးချိန်တဲ့ ပိသာလေးကြီးပါ၊
လူပျိုကြီးဟာ စောစောက
သစ်သားတန်းကို ကုတင်ခေါင်းရင်း
တိုင်နှစ်တိုင်မှာ ကန့်လန့်ဖြတ်
ကပ်ထားပြီး သံချောင်းရိုက်ထားတဲ့
နေရာကို သူ့လက်ထဲက ပိသာလေးကြီးနဲ့ ထုလိုက်ပါတယ်။
” ဒုန်း ” ဆိုတဲ့ အသံကြီးက
တိတ်ဆိတ်နေတဲ့ ညသန်းခေါင်ယံအချိန်မှာ ဟိန်းထွက်သွားတော့
နှစ်ယောက်လုံး မျက်လုံးတွေပြူးလို့၊
အပျိုကြီးက ကိုလှထွန်းအခန်းဘက်ကို လက်ညှိုးထိုးပြီး ခေါင်းခါပြပါတယ်။
ကိုလှထွန်း နိုးသွားမှာစိုးရိမ်လို့ အပျိုကြီးက သတိပေးတာပါ။
သူတို့ကသာ ကိုလှထွန်း နိုးသွားမှာကို စိုးရိမ်နေတာ၊ ဟိုကဖြင့် ဖြစ်ကြောင်းကုန်စင် မြင်နေရတော့ ရယ်ချင်လှပြီ။
လူပျိုကြီး လုပ်နေတာကိုကြည့်ရတဲ့
ပုံအတိုင်းဆိုရင်၊သူတို့ကုတင်က ကျိုးသွားတာမဟုတ်ပါဘူး၊
ခေါင်းရင်းဘက်က ကန့်လန့်ဖြတ်
ရိုက်ထားတဲ့တန်းက သံချောင်း
ပြုတ်သွားတာပါ၊
အဲဒီတန်းကို ပြန်ရိုက်လိုက်ရင်
ကုတင်က အိပ်လို့ရပြီမို့၊
ဦးနှောက်ကောင်းတဲ့ လူပျိုကြီးဟာ
ပိသာလေးကြီးကို သူ့ပုဆိုးတစ်ထည်နဲ့ ထွေးလုံးရစ်ပတ်လိုက်ပြီး
ထုလိုက်ပြန်ပါတယ်။
ဒီတစ်ခါမှာတော့ ပုဆိုးနဲ့ လေးငါးပတ်
ရစ်ပတ်ထားတဲ့အပြင် သူ့လက်ကို ထိန်းပြီး ခပ်ဆဆလေးထုတာကြောင့်
ထင်ပါရဲ့…
” ဒုတ် ” ဆိုတဲ့အသံပဲ ထွက်လာပါတယ်၊ စောစောကလောက် အသံမကျယ်ဘူးဆိုပေမဲ့လည်း ခပ်မှန်မှန်
စည်းချက်ညီညီလည်း ဆက်တိုက်
မထုရဲဘူး၊
အသံကြားပြီး တစ်မျိုးထင်မှာစိုးတော့
တစ်ချက်ထုလိုက် နားလိုက်၊ လက်ကအလေးကို နေရာပြောင်းလိုက်၊ ထုလိုက်၊ နားလိုက်နဲ့
“ဒုတ်…….
ဒတ်………..
တုတ်……..
ဒုတ်…..”
အချက်နှစ်ဆယ် အစိတ်လောက်
ထုလို့လဲပြီးရော သူတို့ရဲ့ကုတင်ကြီး လည်း ပြန်ကောင်းသွားပြီ။
ထုတဲ့နှက်တဲ့ကိစ္စပြီးသွားတော့
ပိသာလေးမှာ ပတ်ထားတဲ့ ပုဆိုးကို
အပျိုကြီး ပြန်ဖြည်ပြီး မီးရောင်မှာ
ဖြန့်ကြည့်လိုက်ပါတယ်၊
စက်သေနတ်ကျည်ဆံ မှန်ထားသလို အပေါက်တွေဖြစ်နေလေတော့
သူတို့နှစ်ယောက်လုံး တခစ်ခစ်နဲ့
ရယ်လိုက်ကြပါတယ်။
နဂိုကတည်းက မရယ်မိအောင်
အောင့်ထားရတဲ့ ကိုလှထွန်းလည်း
ဇကာပေါက်ပုဆိုးကိုမြင်တော့
ဘယ်လိုမှ မအောင့်နိုင်တော့ဘူး၊
” ဟား ဟား ဟား “ဆိုပြီး အသံထွက်လို့
ရယ်လိုက်မိပါတယ်။
သူ့ရယ်သံ ထွက်လာတဲ့နေရာကို အပျိုကြီးနဲ့ လူပျိုကြီးတို့ မော့ကြည့်လိုက်တဲ့အချိန်မှာ၊
” ဒုန်း ”
” အင့် ” ဆိုပြီး ဝက်တစ်ကောင်ကို
အမြင့်ကနေ အောက်ကို ပစ်ချလိုကျသလို အသံမျိုးထွက်လာပြီး တိတ်သွားပါတယ်။
ကိုလှထွန်းတစ်ယောက်
အယောင်ယောင်အမှားမှားနဲ့
နောက်ပြန်လှည့်လိုက်တာ၊
သူ့အောက်က ထိုင်ခုံချော်ပြီး
ကြမ်းပြင်ပေါ်ကို နောက်ပြန်လန်ကျ
သွားတာပါ။
ချက်ချင်း ပြန်မထနိုင်တော့ ပြုတ်ကျ
တဲ့နေရာမှာပဲ အတော်ကြာတဲ့အထိ
အသံမထွက်ပဲ ငြိမ်ငြိမ်လေးနေရသေးတာ၊
အပျိုကြီးတို့အခန်းက မီးငြိမ်းသွားပြီး
အိပ်ပျော်သွားကြပြီဆိုတော့မှ
ကိုလှထွန်းလည်း သူ့အိပ်ယာထဲကို
လေးဘက်ထောက်လို့ ဖြည်းဖြည်းချင်း
သွားခဲ့ရပါတော့တယ်။
နောက်တစ်နေ့မနက်မိုးလင်းတော့…….
လက်မောင်းတစ်ဖက် လက်ဆစ်လွဲသွားလို့
ပုဆိုးဟောင်းတစ်ထည်နဲ့ ပတ်တီးစည်း
သလို စည်းထားတဲ့
ကိုလှထွန်းတစ်ယောက်၊
ပိသာလေးကို ပုဆိုးနဲ့ ရစ်ပတ်ပြီး
တူထုသလို ထုတဲ့အကြောင်းကို
ကုက္ကိုပင်အောက်က
လက်ဘက်ရည်ဆိုင်ထဲမှာ အာပေါင်အာရင်း သန်သန်နဲ့
ဖောက်သည်ချနေလေရဲ့။
( တကယ့်အဖြစ်အပျက်ကို ပြန်လည်ရေးဖွဲ့ထားခြင်းဖြစ်ပါသည်)
.#ဖိုးထိန်(ပင်လည်ဘူး)