မမိုက်သော်လည်း မှားခဲ့သည်(စ/ဆုံး)
————————————–
ခုတလော ဖြူ စိတ်တွေ သိပ်မကြည်ဘူး။
ကိုဦး နှင့်ရော လုပ်ငန်းခွင်တွင်ပါ အဆင်ပြေလျက်နှင့်ဘဲဥအစရှာမရသလို စိတ်မကြည်ခြင်းပြသနာက အစရှာမရ။
ဟိုဘက်အိမ်က ဖြူ့ သူငယ်ချင်း သီတာစိမ့်တို့
ကားဝယ်ပြီးကတည်းက ဖြူ မပျော်တော့။
မနာလိုတာမဟုတ်ပေမယ့်လုပ်ငန်းတူ ၊ ရာထူး တူနေပြီး
သူတို့က ကိုယ့်ထက်စီးပွားပိုသာသလိုဖြစ်သွားတာကို ဘဝင်မကျ။ တကယ်ဆို သီတာစိမ့် အမျိုးသားက လယ်/ဆည်ဌာနက လက်ထောက်အင်ဂျင်နီယာ။
ဖြူ့ အမျိုးသား ကိုဦးက တက္ကသိုလ်က ဒုပါမောက္ခ ။
ကိုဦးလစာက ပိုသာတယ်လေ။
ဖြူရော ၊ သီတာစိမ့်ရော ၂ ဦးလုံးကတော့ အလယ်တန်းပြ ဆရာမတွေ။
သီတာစိမ့်တို့ စားအိုးက ဖြူတို့ထက်သေးတော့
အိမ်သုံးစားရိတ်က ဖြူ တို့လောက်ကုန်မယ်မထင်ဘူး။
အဲ့ဒါကြောင့် ပိုက်ဆံပိုစုမိတယ် ထင်ပါရဲ့။
သီတာစိမ့်တို့ လင်မယားရယ် ၊ သားလေး ( ၃ နှစ်)နဲ့ဆို အားလုံးမှ
၃ ယောက်ပဲ စားမယ့်လူရှိတာ။
ဖြူ့မှာက ကိုဦး ၊သမီးကြီး (၅နှစ် ) နဲ့ သားသား( ၆ လ)သားလေး ရယ်ပြီးတော့ ကလေးထိန်းကောင်မလေးရောဆို စုစုပေါင်း ၅ ယောက်။
ကလေးထိန်းဆိုမှ ပြောရဦးမယ်။
အိမ်က ကလေးမလေ အစား အရမ်းစားနိုင်တာ ။
သားသား နို့ဗူးတွေ မကုန်မခမ်းဖျော်၊ ကလေးမကုန်တော့ သူသောက်။
သမီးကြီးကို ထမင်းခွံ့တာတဲ့ ၊ ဇလုံကြီးနဲ့ ထမင်းခူးထားတာ။
ကလေးမကုန်တော့ သူပဲစား။
ကိုယ်နဲ့အတူ လူကြီးထမင်းစားချိန်ကျတော့လည်း သူစား။
အဲ့ဒီအရွယ် ၁၆ နှစ်ဝန်းကျင်တွေက အလွန်ထမင်းစားနိုင်တာကိုး။
ဖြူ ့ မှာလေ ကလေး ၂ ယောက်နဲ့ စာသင်ရတာတဖက်မို့
မတတ်သာလို့သာ ခေါ်ထားရတယ်။ အကုသိုလ်ကတော့ ရ နေတာ။
သူ့ စားစရိတ်ကိုက စုစုပေါင်း အိမ်စားစရိတ်ရဲ့ တဝက်လောက်ရှိမယ်။
လစာကျတော့လား….အမယ်လေး …မယ်မင်းကြီးမက စားရိတ်ငြိမ်း
၁သိန်း ပေးထားရတာကို အင်တင်တင်မို့ သူ့ကို လေသံမာမာတောင်
ဖြူ ့ မှာ မပြောရဲဘူး။
သူစိတ်ဆိုးလို့ပြန်သွားရင် ကလေး၂ ယောက်နဲ့ ဖြူ ပဲ ဒုက္ခရောက်မှာ။
ကိုဦးလား…သူတာဝန်ကျတဲ့ မြို့က ဖြူ တို့အိမ်နဲ့ မိုင် ၁၀၀ ကျော်ဝေးတော့ သောကြာညနေမှပဲ အိမ်ပြန်လာတာ။
တနင်္လာ မနက်ပြန်တာပေါ့။ လိုင်းကားနဲ့လေ။
ညနေ ၅ နာရီထိကားရှိတယ်။ သောကြာညနေ အစည်းအဝေးရှိလို့
၅ နာရီကျော်ရင်တော့ စနေမနက်မှ ပြန်ပေတော့ပဲ။
ကိုဦးက ဆိုင်ကယ် အကြာကြီး မစီးနိုင်ဘူးလေ။ ခါး နာတတ်လို့။ ဒါ့ကြောင့် အိမ်စီးကားလေး တစီးတော့ ပိုင်ချင်မိတယ်။
ကိုဦးလည်း သူ့ရာထူးနဲ့ လိုင်းကားတိုးစီးနေရတာ မကြည့်ရက်ဘူး။
လင်မယား ၂ ယောက်လည်း တမြို့စီမှာ ကျောင်းကိုယ်စီနဲ့ဆိုတော့
အိမ်သုံးစားရိတ်ကလည်း ၂ စုကွဲနေတာ။
ကိုဦးက လစာအကုန်အပ်ပေမယ့် ဖြူ့မှာ မစုမိဘူး။
အိမ်ထောင်ဦး မင်္ဂလာ ဆောင်ကာစတုန်းက လက်ဖွဲ့ပိုက်ဆံတွေ
ဘဏ်စာအုပ်ထဲ ရှိနေတာပဲ တော်သေးတယ်လို့ ပြောရမယ်။
နှစ်ဖက်မိဘ သူ့အသိုင်းအဝိုင်း ၊ ကိုယ့်အသိုင်းအဝိုင်းရဲ့
လက်ဖွဲ့ငွေတွေက ဘဏ်တိုးနဲ့ ခုချိန်ဆို သိန်း တစ်ရာ နီးနီးတော့ရှိလာပါရဲ့။ ဒါပေမယ့် စျေးအနိမ့်ဆုံး မော်ဒယ်နိမ့်လေးတောင် ဝယ်မစီးနိုင်သေးဘူး။
တော်ပါပြီ.. ..ဒီအကြောင်းတွေ မစဉ်းစားချင်ဘူး။
စဉ်းစားရင် ဖြူ. ည ည အိပ်မပျော်ဘူး။
ဝမ်းနည်းတာလိုလို ၊ အားငယ်တာလိုလိုနဲ့ မျက်ရည်က ကျလာရော။
…………………
“ တီး တိ တီ တီး…တီ တီ တီ တီ …
ဟယ်လို….ဖေဖေ လား´´
“ အေး…သမီးရေ.. နေကောင်းကြလားကွယ်။ ဖေဖေ့ မြေးတွေရော´´
“ ဟုတ်…ဖေဖေ။ နေကောင်းကြတယ်။ ဖေဖေ ရော နေကောင်လား။ သမီးလည်း ဖေဖေ့ဆီ ဖုန်း ဆက်မယ်၊ ဆက်မယ်နဲ့ အလုပ်များနေတာနဲ့ မဆက်ဖြစ်ဘူး´´
ဟု ပြောမိပြီးမှ ဖြူ ဖေဖေ့ဆီ ဖုန်းမဆက်ဖြစ်တာ တပတ်ကျော်ကြာနေပြီပါလားလို့ တဆက်တည်းတွေးမိပြီး
စိတ်မကောင်းဖြစ်မိတယ်။
တဦးတည်းသောသမီး ဖြူ အိမ်ထောင်ကျ သွားတော့
ဖေဖေနဲ့ မေမေဟာ အငြိမ်းစားပညာရေးဝန်ထမ်းများပီပီ ဇာတိမြို့က အိမ်ကလေးမှာပဲ ခြိုးခြံချွေတာစွာ နေခဲ့ကြတယ်။
ဖြူ ကတော့ ကိုဦးနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့တာပဲ။
တနှစ်မှ တခါသာ မိဘအိမ်ပြန်ပြီး ကန်တော့တာဆိုတော့
( ၇ ) နှစ်အတွင်း ဖေဖေတို့အိမ် ဖြူ ပြန်ခဲ့တာ ( ၇ ) ကြိမ်။
တကြိမ်မှ ( ၂ ) ရက်သာနေမိတယ်။
ရှောင်တခင်ခွင့် ( ၃ ) ရက်ဆိုတော့လေ။
နောက်ဆုံး အကြိမ်မှာတော့ မေမေ့ ကျန်းမာရေးကြောင့် ခွင့်တပတ်ထပ်ယူပြီး နေပေးခဲ့တယ်။ ဒါပေမယ့် အဆုတ်ကင်ဆာဆိုတဲ့ ဝေဒနာက ကျွမ်းနေပြီမို့ ဖြူ့ ခွင့်ရက်တွေ မစေ့ခင်မှာပဲ မေမေဆုံးခဲ့တယ်။
မေမေ မရှိတော့တဲ့နောက် ဖေဖေ့ကို ဖြူ တို့နဲ့အတူလိုက်နေဖို့
ကိုဦးရော ဖြူ ပါခေါ်ကြပေမယ့် ဖေဖေ မလိုက်ခဲ့ဘူး။
မေမေ ခေါင်းချရာအရပ်၊ မေမေ့ အငွေ့အသက်တေ
ွ ရှိနေသေးတဲ့ အိမ်မှာပဲ ဖေဖေ ဆက်နေချင်တယ်တဲ့။
ဒါနဲ့ပဲ ဖေဖေဟာ တယောက်ထဲ ဇာတိမြို့က အိမ်လေးမှာနေတာ
၁ နှစ်ကျော်ကြာပြီ။
“ သမီးတို့ ဒီနှစ် သီတင်းကျွတ်
အိမ်ပြန်လာကြအုံးမှာလားကွယ်´´
“ ဟုတ်…ဖေဖေ၊ သမီးကြီးကျောင်းပိတ်ရက်နဲ့ ကိုဦး
ခွင့်ရတဲ့ရက်တိုက်ဆိုင်ပြီးလာခဲ့မယ်လေ။ ဒါပေမယ့် သားသားက ငယ်နေသေးတော့ အဆင်ပြေပါ့မလားမသိဘူး´´
အမှန်အတိုင်းဝန်ခံရရင် တခေါက်သွားတိုင်း ကလေးထိန်းရော၊
ကိုယ့်မိသားစုရောနဲ့ ခရီးစားရိတ်က မသက်သာလှဘူး။
ဖေဖေ့ကို ကန်တော့တဲ့ပိုက်ဆံပမာဏထက် ခရီးစရိတ်က ပိုများနေတာ။ ကိုယ့်အဖေ ကို ကန်တော့တာ မနှမြောပေမယ့်
အပိုကုန် ခရီးစားရိတ်တော့ နှမြောမိသား။
“ အေးပါ …သမီးရယ်။ အဆင်မပြေလို့ မလာဖြစ်တော့လည်း
ဘာမှ မဖြစ်ပါဘူး။ ဖေဖေကတော့ ကျန်းမာပါတယ်။ ငါ့ သမီးနဲ့
ငါ့ မြေးတွေတွေ့ချင်တာပဲ။ ငါ့သားမက်လေး မောင်ဦးရောပေါ့ကွယ်´´
“ ဟုတ် ..ဖေဖေ။ ဒီတပတ် ကိုဦး ပြန်လာမှ သမီးသေချာတိုင်ပင်ကြည့်လိုက်ပါ့မယ်။ လာဖြစ်အောင် ကြိုးစားပါ့မယ် …နော် ဖေဖေ ´´
“ ဖေဖေ ကတော့ လာစေချင်တာပေါ့ကွယ် ။
ဒါပဲနော် သမီး..´´
ပြောရင်း ဖေဖေ့အသံ တိမ်ဝင်သွားတာ ဖြူ သတိထားမိတယ်။
ဖေဖေ မိသားစုတွေနဲ့ အတူတ ူနေချင်ရှာတယ်ထင်ပါရဲ့။
ကိုယ်တွေကသာ လူငယ်တွေမို့ အလုပ်တွေကိုယ်စီနဲ့
တနေ့တနေ့ ကိုယ့်အလုပ်တွေ၊ မိသားစုကိစ္စတွေ စီမံရင်းနဲ့
နေထွက် ၊ နေဝင်က မြန်နေတာ။
တအိမ်လုံးမှ တယောက်ထဲနေရတဲ့ ပင်စင်စား
ကျောင်းဆရာအိုကြီး ဘယ်လောက်တောင် အထီးကျန်ရှာမလဲ။
အင်း..ကိုဦး ပြန်လာရင်တော့ ဒီသီတင်းကျွတ် အိမ်ပြန်ကြဖို့ ပူဆာဦးမှ။
……………………………
ခုညမှ မိုးတွေကလည်း သည်းလိုက်တာ ။ဟော…… မီးကပျက်သွားပြီ။
အခန်းထဲမှ ဆရာအိုကြီး အမှောင်ထဲ ငုတ်တုတ်ထ ထိုင်လိုက်တယ်။
ကုတင်ဘေးစားပွဲပေါ်က မီးခြစ်ကို စမ်းရင်းရှာပြီး ဖယောင်းတိုင်ထွန်းကာနီးမှ လျှပ်စီး ဝင်းကနဲ လက်တာကို ပြတင်းပေါက်ကနေမြင်လိုက်ရတယ်။ ဖယောင်းတိုင်မီး ဆက်မညှိဘဲ အမှောင်ထဲ ထိုင်နေလိုက်တယ်။ လေအဝှေ့မှာ မိုးရေတချို့ ကုတင်ခြေရင်းလာပက်တာသိပေမယ့်
ပြတင်းပေါက်ကို သွားပိတ်ဖို့ အဆင်မပြေသေးဘူး။
တကယ်ဆို ညနေအခန်းထဲဝင်ကတည်းက ငါ ပိတ်ခဲ့သင့်တာ ။ အဘိုးကြီး ကိုယ့်ကိုယ်ကို ဒေါသထွက်နေမိတယ်။ ခုတော့ ၂ ပေခွဲအမြင့် ကုတင်ပေါ်ကနေပြန်ဆင်းဖို့ ညာဖက် ဒူးနာနေတာကြောင့် တော်တော်လေးအားယူရအုံးမယ်။ လမ်းလျှောက်ရင်မနာပေမယ့် အနိမ့် အမြင့် အတက်အဆင်းတွေဆို ကျုပ်ဒူးက တယ်မဟန်ဘူး။ သမီးငယ်ငယ်တုန်းက အခြေအနေအရ ကျောင်းအပြန် ညနေတချို့မှာ အချိန်ပိုင်းပန်းရံ ဝင်လုပ်တုန်းက ငြမ်းပြိုကျလို့ ကျုပ်ညာဖက်ဒူးက
ရွတ်ခေါက်ပြီးနာခဲ့တာ။ သေချာဂရုတစိုက် ကုသမှုမခံယူခဲ့တော့
ခုလို မိုးတွင်းကာလနဲ့ ဆောင်းရာသီလို အေးတဲ့အချိန်တွေဆို
ကျုပ်ဒူးက အထိုင်အထ၊ အတက်အဆင်းတွေမှာ ပညာပြတော့တာပဲ။
သွားလေသူ အဘွားကြီးကိုလည်း အမှောင်ထဲကထိုင်နေရင်း
သတိရမိသေးရဲ့။ ရှင်မယ်အေးရေ…မင်းတော့ ဒီဝေဒနာတွေ
စောစောငြိမ်းခဲ့တာပေါ့ကွယ်။ တဦးတည်းသော သမီးကလေးကလည်း
သူ့မိသားစု ၊သူ့အသိုက်အမြုံလေးနဲ့မို့ အဖေအိုကြီးကို
ဂရုမစိုက်နိုင်ပါဘူး။
တနှစ်တကြိမ် တွေ့ဖို့ လာတာတောင်အနိုင်နိုင်ရယ်။ ဒါတောင် သည်နှစ် သီတင်းကျွတ်အိမ်ပြန်လာဖို့ သိပ်မသေချာဘူးတဲ့။
သူ့ခမျာလည်း ကလေး က ၂ ယောက်ရပြီဆိုတော့ ခရီးသွားလာရတာခက်ဟန်တူပါရဲ့။
အော်…..ခုတော့ ငါ့မှာ တယောက်ထဲ။ ငါ သိပ်ဝမ်းနည်းတာပဲ မယ်အေးရယ်။
ငါလည်း တနေ့နေ့တော့ မင်းနောက် လိုက်ခဲ့မှာပေါ့ကွယ်။
………………………………..
ပိတ်ရက်ရောက်တော့ ဖြူ တို့ ဖေဖေ့ကိုသွားကန်တော့ခဲ့ကြရင်း
အပြန်မှာ ဖေဖေ့ကို အပါခေါ်လာခဲ့ကြတယ်။
ဖြူ တို့မိသားစုနဲ့သာ အတူတူနေဖို့။
ဖေဖေ လိုက်ခဲ့ပါတယ်။ အရင်မေမေ ဆုံးကာစတုန်းက ဖြူ့မှာ ကိုယ်လေးလက်ဝန်နဲ့မို့ ဒုက္ခပေးသလိုဖြစ်မှာစိုးလို့ မလိုက်ခဲ့ကြောင်းလည်း ပြောရှာတယ်။
ကျောင်းဖွင့်ရက်ကာလတွေရောက်ပြန်တော့ ကိုဦးလည်း သူ့ကျောင်းသွား။ ဖြူ နဲ့ သမီးကြီးလည်း ကျောင်းသွား။ အိမ်မှာ ဖေဖေရယ်၊ ကလေးထိန်းကောင်မလေးရယ်၊ သားငယ်လေးရယ်သာ ကျန်ခဲ့ရတယ်။
နေ့လည် နေ့ခင်း ကလေးအိပ်ပြီဆိုရင်
် “ အဘ ၊ သမီးအပြင် ခဏသွားမယ်နော် ´´
ဆိုပြီး ကောင်မလေးက အပြင်ထွက်လေ့ရှိသတဲ့။
ဖေဖေ ပြောပြတော့ ဖြူ့မှာ ခေါင်းတွေကိုကျိန်းလို့။
ရည်းစားနဲ့ သွားချိန်းပြီး မတော်တရော် တခုခုသာဖြစ်ခဲ့မယ်ဆိုရင်…
အမယ်လေးလေး…တွေးကြည့်တာနဲ့တင် ရင်ပူရပြီ။
ဒါနဲ့ပဲ ကလေးထိန်းကောင်မလေးကို သူ့မိဘတွေခေါ်ပြီး သူ့ရွာပြန်လွှတ်လိုက်ရတယ်။
အခုတော့ ကျောင်းဖွင့်ရက်တွေမှာဆို ဖြူ ကျောင်းမသွားခင် ချက်ပြုတ်ပေးခဲ့။ ဖေဖေနဲ့ သားငယ်လေးက အိမ်မှာကျန်ခဲ့ပေါ့လေ။
ဖြူ လည်း ခါတိုင်းထက်ပိုပင်ပန်းရပေမယ့် ကလေးထိန်းခ တသိန်းသက်သာသွားတာရယ်၊ အစားကြီးတဲ့သူမရှိတော့တာမို့ အိမ်စရိတ်သက်သာသွားတာကြောင့် ဖြူ ဖြင့် ပျော်သလိုလိုတောင်ရှိသေး။
တလကို ၂သိန်း အရင်ကထက် အကုန်အကျသက်သာမယ်ဆိုရင်
နောက် ၂ နှစ်နေရင် ကိုဦးအတွက် သီတာစိမ့်တို့လိုကားမျိုး ဝယ်ပေးနိုင်ပြီလေ။ ဖြူ့ တွက်ရေးနဲ့ ဖြူ ကတော့ ဟုတ်နေတာပါပဲ။
မနက် ၈ နာရီခွဲကနေ ညနေ ၄ နာရီအထိ ထိုင်တတ်ကာစ ၈ လသားလေးကို ထိန်းရတဲ့ ဖေဖေ့အတွက်တော့ ဖြူ မစဉ်းစားပေးခဲ့မိတာ ဖြူ ဝန်ခံပါတယ် ။
………………………………..
ကလေးထိန်း ကလေးမ ရွာပြန်သွားတဲ့နောက်တော့ ကျုပ်မြေးအငယ်လေးဟာ ကျုပ်ထိန်းရတာပေါ့ဗျာ။
သမီးအချစ် မြေး အနှစ်ကိုးဗျ။ ချစ်လိုက်တာဗျာ။
ကျုပ်သမီးခမျာမလည်း စျေးသွား ၊ ချက်ပြုတ် ၊ မြေးကြီးနဲ့ ကျောင်းသွားရဆိုတော့ ပန်းရှာတယ်။ ဒါကြောင့် နေ့ခင်း မြေးငယ်အိပ်ချိန်ဆို
ကျုပ်မှာ လျှော်စရာခြင်းထဲကအဝတ်တွေ ထဖွပ်ရတာပဲ။
ချက်စရာ ဟင်းတွေ့ရင် ဝင်ချက်လိုက်တာပဲ။
သမီးကတော့ ဖေဖေရယ် မလုပ်ပါနဲ့ပြောရှာပါတယ်။
ကျုပ်ကူလုပ်တော့ ကျုပ်သမီး သက်သာတာပေါ့ဗျာ။ ဟုတ်ဖူးလား။ သူ့ခမျာမှာက ကျောင်းမှာစာသင်လာရတော့ မောရှာမယ်ဗျ။ ဖေဖေ မလုပ်ပါနဲ့ဆိုပေမယ့် ကျုပ်သမီးပင်ပန်းနေတာ ကျုပ်ဖြင့်မကြည့်ရက်ပေါင်။ တခါတခါ ဒူးက နာတတ်ပေမယ့် သမီးကိုလည်း မပြောတော့ဘူး။ သူသိရင် စိတ်မကောင်းမှာစိုးလို့။ ဆေးပူလေးလိမ်းလိုက်၊
သက်သာလိုက်ပေါ့ဗျာ။
ဟုတ်ပါ့ဗျာ….အဲ့ဒီဒူး စနာတာက ဒီလိုဗျ။
သမီးဖြူ ၁၀ နှစ်သမီးလောက်တုန်းက အပြင်းဖျားတယ်။
ဆောင်းတွင်းဖျားဆိုတော့ တော်တော်နဲ့ မပျောက်ဘူးဗျိုး။ အစားမစားနိုင်၊ဆန်ပြုတ်လည်း သူငြီးငွေ့လာတယ်ထင်ရဲ့။ တရက်တော့ သူ ဘဲကင်ဆိုတာ စားချင်တယ်တဲ့။ ကဲ…လကုန်ကာနီးရက် အိပ်ကပ်ထဲကငွေက
ဘဲကင်ဝယ်ဖို့ မလောက်ဘူးလေ။ ဒါနဲ့ ကျုပ် ကျောင်းဆင်းချိန် ညတွေမှာ အချိန်ပိုင်းပန်းရံ ဝင်လုပ်တာပဲ။
ဒါမှ ကျုပ်သမီးစားချင်တာ ဝယ်ကျွေးနိုင်မှာ မဟုတ်လား။ အဲ့လိုနဲ့ဗျာ ၂ ရက်လောက် ပန်းရံလုပ်လိုက် ဘဲကင်လေးဝယ်ကျွေးလိုက်ပေါ့။ သူကလည်း ကြိုက်နေတာဗျိုး။
ဖြစ်ချင်တော့ ၅ ရက်မြောက်နေ့မှာ ငြမ်းပြိုကျရာကနေ ကျုပ်ဒူးတဖက်က
နာခဲ့တော့တာ။ အရပ်ခေါ်တော့ အရွတ်ခေါက်တယ်ဆိုလား။
ဆေးခန်းလား….မပြဖြစ်ခဲ့ပါဘူး။ အဲ့တုန်းက မနေနိုင်အောင်နာတာမှမဟုတ်ဘဲ။ အဲ….ခု နောက်ပိုင်းမှ ဥတုအေးရင် နာလာတာဗျိုး။
ခုတလောတောင် အနာစိပ်လာတယ်။မြေးချီရင် ပိုနာသဗျ။ ကျုပ်တောင့့်ခံထားရတာပေါ့ဗျာ။ ကလေးထိန်းအလုပ်ထွက်သွားလို့မှ ပင်ပန်းနေရှာတဲ့ကျုပ်သမီး ။ ကျုပ်ကပါ ကျန်းမာရေးမကောင်းဘူးဆိုရင်
သမီး စိတ်ညစ်သွားရှာမှာလေ။ ဒါကြောင့် ကျုပ်မပြောတာ။
……………………………………..
သီတာစိမ့်တို့ မိသားစု ကားလေးမောင်းပြီး အပြင်သွားကြတာမြင်ရလေလေ ဖြူ အသုံးစရိတ်ခြွေတာဖို့ ကြိုးစားလေလေပါပဲ။
ကိုဦးပြန်လာတဲ့ ကျောင်းပိတ်ရက်တွေကလွဲရင် အိမ်မှာ ဟင်းကောင်းကောင်း မချက်ဖြစ်ဘူး။ ဖေဖေကလည်း ဟင်းဂျီးမများတော့ အဆင်ကိုပြေလို့။ တခါတရံ အာလူးဟင်းနဲ့ ချဉ်ပေါင်းဟင်း။ တခါတရံတော့ လဘက်သုပ်ကလေးနဲ့လည်း ထမင်းတနပ်ပြီးသွားတာပဲ။
သမီးကြီးကိုတော့ ကြက်သားပြုတ်ကြော်လေး ဘာလေး လုပ်ထားပေးလိုက်တယ်။ ဖြူ တို့သားအဖကတော့ ဖြစ်သလိုနဲ့ ထမင်းပြီးလိုက်ကြတယ်။
“ ဖြူ …ဖေဖေ ကျောင်းပိတ်ရက်တွေမှာ အခန်းထဲက သိပိမထွက်ဘူးနော်။ နေမှ ကောင်းရဲ့လား။´´ဟု ကိုဦးပြောမှ ဖြူ သတိထားမိသည်။
ကျောင်းဖွင့်ရက်တွေမှာ မြေးထိန်းသော ဖေဖေက ကျောင်းပိတ်ရက်
ဖြူ အားတဲ့ အချိန်ဆို အခန်းထဲ နေတတ်တာ။ ခုတလော ဖေဖေ့မျက်နှာမကောင်းတာ။
“ မေမေ့ကို သတိရဟန်တူပါရဲ့ ကိုဦးရယ်။ နေမကောင်းဘူးလို့တော့
ဖြူ့ကိုမပြောဘူး´´
“ အေးကွာ…ဖေဖေလည်း အသက်ကလေးရလာပြီ။ ဖြူ ကျောင်းသွားရင် သားငယ်ကို ထိန်းရတာမလွယ်ဘူး။တရက်မဟုတ်တော့
ပင်ပန်းတယ် ။ ကလေးထိန်းတယောက် မြန်မြန်ရှာပါဖြူ…နော်´´
“ ဟုတ်ကဲ့ပါ ကိုဦးရဲ့´´
ဟုသာ ဖြူ ပြောလိုက်ပေမယ့် ဖြူ့အတွေးထဲမှာတော့
ကား မဝယ်နိုင်သေးမချင်း ပိုက်ဆံကုန်မယ့်ကိစ္စ ဘာတခုမှမလုပ်လိုပါ။
“ အေးပါ….ဖေဖေ နေမကောင်းရင်လည်း ဆေးခန်းပို့နော် ဖြူ ။ မိဘကျန်းမာရေးအတွက်တော့ ငွေသုံးရမယ့်ကိစ္စလည်း ကိုယ့်ကိုတိုင်ပင်နေစရာမလိုဘူး။ ဖြူ သုံးသင့်ရင် သုံးနော်´´ဟု ကိုဦးပြောတော့
ကိုဦး အိမ်မရှိတဲ့ရက်တွေမှာ ဖြူ တို့သားအဖ ထမင်းကိုဖြစ်သလိုစားနေကြတာသာသိရင် ဖြူ့ ဘာပြောမယ်မသိ။ အို….ကိုဦး ကားမြန်မြန်စီးရအောင်လို့ ဖြူ ခြွေတာတာပဲဟာ။ မဟုတ်တာလုပ်တာမှ မဟုတ်ဘဲ။
…………………………………………
“ သမီးရေ…ဖေဖေ့တပည့်တယောက်လေ ခု ဘုန်းကြီးဝတ်နေပြီး တရားစခန်းဖွင့်ထားသတဲ့။ အဲ့ဒါ သမီး နွေရာသီ ကျောင်းပိတ်ရက်ရောက်ရင် ဖေဖေ တရားသွားထိုင်ဦးမယ်နော်´´
“ ဟုတ်ကဲ့ပါ ဖေဖေ။ စိတ်ချ လက်ချသာ သွားပါ။ သမီးကျောင်းဖွင့်ရင်တော့ ဖေဖေ ပြန်လာမယ်မဟုတ်လားဟင်´´ဟု ဖြူ မေးတော့
ဖေဖေ လေးပင်စွာပြန်ဖြေတယ်။
“ ပြန်လာမှာပေါ့ သမီးရယ်။ ဖေဖေ ပြန်လာမှာပေါ့။ ဒါပေမယ့် ဖေဖေ
စခန်းဝင်နေတဲ့ကာလ ၃ လ အတွင်းမှာတော့ သမီးလုံးဝ လာမတွေ့ပါဘူးဆိုတဲ့ ကတိပေးရမယ်´´
“ ဟုတ်ကဲ့ပါ….ဖေဖေ တရားစခန်းထွက်တဲ့အချိန်မှ သမီးတို့လာကြိုမယ်…နော် ဖေဖေ´´
တပေါင်းလ ရဲ့ နေကပူလွန်းတယ်။ ဖြူ တို့ တက္ကသိုလ် ဝင်တန်းစာမေးပွဲတွေစောင့်၊ သင်တန်းတွေတက်နှင့် အဲ့ဒီကာလတခုလုံး
ဖေဖေနဲ့ သားငယ်လေးကိုတောင် ဖြူ ဂရုမစိုက်နိုင်ဘူး။
ဖေဖေလည်း နည်းနည်းတော့ ပိန်သွားတယ်။ညနေ ဖြူ အိမ်ပြန်ရောက်တာနဲ့ အခန်းထဲဝင်သွားတော့တာပဲ။ ညနေစာလည်း
တခါတရံ မစားတော်ဘူး။ တရားစခန်းဝင်မှာမို့ ညစာမစားတာ အကျင့်ဖြစ်အောင်လို့တော့ ပြောတာပဲ။
ဖြူ တို့ နွေရာသီကျောင်းပိတ်ရက်ရောက်တော့ ဖေဖေ့တပည့်ဆိုတဲ့
ဖြူ တို့အရွယ်လောက် ဦးပဇင်း တပါးက ကားနဲ့လာကြိုတယ်။
ဖြူ့ကိုတရားစခန်း လိပ်စာလည်းပေး၊ ဖုန်းနံပါတ်လည်း ပေးခဲ့တယ်။
ဖေဖေကတော့ လက်ဆွဲအိတ်လေးတလုံးပဲယူသွားတယ်။
လက်ကိုင်ဖုန်း၊ ငွေစုစာအုပ်နဲ့ ပင်စင်စာအုပ်ကလေး ဖြူ့ လက်ထဲထည့်ပေးတဲ့ ဖေ့ဖေ့လက်တွေတုန်နေတယ်။ ငွေစုစာအုပ်ထဲမှာ ၁၅သိန်းရှိတာ ကားဝယ်ရင် ထုတ်သုံးလိုက်ဖိူ့မှာတယ်။
ဖြူ့ရင်ထဲမှာလေ တမျိုးကြီး။
အရင်တုန်းက ဖေဖေနဲ့ ခွဲဖူးပေမယ့် ခုလိုမခံစားရဖူးဘူး။
ခုက ရင်ထဲ နင့်နေတယ်။ ဦးပဇင်းနဲ့ လိုက်သွားတဲ့ ဖေဖေ့ကျောပြင်ကိုကြည့်ရင်း ဖြူ မျက်ရည်ကျတယ်။ သားငယ်လေးကလည်း ငိုလို့။
ဖေဖေလေ ဖြူ တို့ သားအမိတတွေကို လုံးဝလှည့်မကြည့်ဘူး။
…………………………………………………………….
ဂျွန်လ မိုးစက်တွေကြား ဖေဖေ့ကို သတိရတယ်။
နောက်တပတ်ထဲဆို ဖြူ တို့ ကျောင်းတွေစဖွင့်တော့မယ်။
ကိုဦးပြန်လာတဲ့ရက်တော့ ဖေဖေ့သွားကြိုရတော့မယ်။
အော်…ပြောရအုံးမယ်။ ဖေဖေ့ သွားကြိုတဲ့အခါ ဖြူ တို့ကားနဲ့သွားကြိုလို့ရပြီ။ သူ့မြေးတွေ ကားစီးနေရတာသိရင် ဖေဖေ ဝပ်းသာမှာ။ ဖြူလည်း ဖေဖေ့နဲ့တွေ့ရတော့မှာမို့ ပျော်နေပါတယ်။
“ တင်ပါ့ဘုရား…တပည့်တော် ဖေဖေ့ကို လာကြိုတာပါဘုရား´´
“ ဟာ…ဆရာကြီးက တကာမကြီးကို ဘာမှမပြောဘူးလား။
တကာမကြီးရော တကယ်ဘာမှမသိတာလား´´
“ ဘာကိုလည်းဘုရား….တရားစခန်းထွက်ရင် လာကြိုမယ်လို့
ဖေဖေ့ကို တပည့်တော် မှာလိုက်ပါတယ်ဘုရား´´
“ သြော်….တကာမကြီး…တကာမကြီး။ ဘယ်လိုမောဟ အမှောင်တိုက်တွေဖုံးနေလို့များ ကိုယ့်အဖေ အရွတ်ကင်ဆာဖြစ်နေတာကို မသိရတာပါလိမ့်။ လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက ဆရာကြီးက
ကျုပ်ကိုဖုန်းဆက်ပြောထားတာ။ သူ့မှာ အရွတ်ကင်ဆာဖြစ်နေသတဲ့။
ဆရာဝန်က ၆ လပဲနေရတော့မယ်လို့လည်းပြောသတဲ့။
ဒါကြောင့် တကာမကြီးကျောင်းပိတ်ချိန်ရောက်ရင် စခန်းလာဝင်ချင်တဲ့အကြောင်းနဲ့ သူ့ဘဝရဲ့ နေဝင်ချိန်ကို ဝိပသနာရှုမှတ်ရင်းကုန်လွန်ချင်ပါသတဲ့။ ကျုပ်က တကာမကြီးလည်း သိမယ်ထင်နေတာ။
စိတ်ကို ခိုင်အောင်ထားနော်….လွန်ခဲ့တဲ့တလကပဲ ကျုပ်လက်ပေါ်မှာတင် ဆရာကြီး ကွယ်လွန်သွားခဲ့ပြီ။ ကျုပ် ကျေးဇူးရှင် ဆရာကြီးရဲ့ဘဝနောက်ဆုံးအချိန်ကို ကျုပ် အစစအရာရာအကောင်းဆုံး
ဖြစ်အောင် ကြိုးစားပေးလိုက်နိုင်ပါတယ်။
စိတ်မကောင်းပါဘူး၊ တရားစစ်ချိန်ရောက်နေပြီမို့ တကာမကြီးတို့ပြန်လို့ရပါပြီ´´
ဘုရား….ဘုရား။
ဖေဖေ မရှိတော့ဘူးတဲ့။ ဖေဖေရေ….သမီးကို ဘာမှမပြောခဲ့ပါလား။
အဲ့လိုတွေ ဖြစ်မယ်မှန်းသိရင် ဖေဖေ့ကို သမီးပြုစုခဲ့မှာပါ။
ဖေဖေစားချင်တာတွေ ချက်ကျွေးခဲ့မှာပါ။
ကျွေးနိုင်တဲ့ ငွေအင်အားရှိခဲ့ပါလျက်နဲ့….
ဖေဖေ့ကို ပြုစုစောင့်ရှောက်ဖို့ အခွင့်အရေးတွေရခဲ့ပါလျက်နဲ့
ခုတော့………ဖေဖေရေ..သမီးဘယ်လို ဖြေရပါ့မလဲ။
ဖေဖေ ရေ…..သမီးမိုက် ဖြူ့ကို ခွင့်မလွှတ်ပါနဲ့။
ဖေဖေ…..ဖေဖေရေ…..
ဖြူ အော်ခေါ်နေသော်လည်း ဖေဖေ မကြားနိုင်တော့ပြီ။
(မိဘများ ရှိနေတုန်းလေး ကျေးဇူးဆပ်နိုင်ကြပါစေ)