မယုံကြည်နိုင်ဖွယ်ရာမိန်းကလေးတဦးရဲ့အဖြစ်(စ/ဆုံး)
———————————————————–
“ခွမ်း”
“ဝုန်း”
“အားး”
“ဟ ဘာလဲ ဟ ဘာလဲ ဘာလဲ”
ကိုသိန်းသန်းကုဋေတို့အဖွဲ့အလုပ်ပိတ်ထား၍ ဘော်ဒါတွေစုပြီး အပန်းပြေယမကာဝိုင်းဖွဲ့နေခြင်းဖြစ်လေသည်။ ထိုအခိုက်တွင် ဖန်ခွက်တွေဟာ အလိုအလျှောက်အစိပ်စိပ်အမွှာမွှာကွဲကြေထွက်သွားခဲ့လေသည်။
သူတို့ကလူအများဖြစ်၍ ကြမ်းခင်းပေါ်တွင်ဝိုင်းဖွဲ့ထိုင်နေကြခြင်းဖြစ်ပြီး ဖန်ခွက်များကတော့ သူတို့ထိုင်နေသည့်ဘေးနားမှစားပွဲခုံပေါ်တွင်တင်ထားခြင်းဖြစ်လေသည်။ ယခုဖန်ခွက်ကွဲ၍အားလုံးအထိတ်တလန့်ဖြင့်ထရပ်လိုက်မိကြလေသည်။
“ဟာ ဘယ်လိုဖြစ်ရတာလဲ”
“မသိဘူးကိုသိန်းသန်း အလိုလိုထကွဲတာလေ”
“ဟုတ်ပါ့ ထူးဆန်းချက် တို့အားလုံးဒီမှာအတူရှိနေကြတာကိုး”
“ကျွတ် ရိုးမှရိုးပါရဲ့လားမသိဘူးကွာ”
“အင်း ဟုတ်ပါ့ဗျာ ကိုသိန်းသန်းပြောမှကျနော်လည်းသတိရမိတယ်”
ထိုသူတို့တည်ရှိနေကြသည့်နေရာကတော့ ဖွံ့ဖြိုးတိုးတက်နေသောအာရှနိုင်ငံတခုတွင်ဖြစ်လေသည်။ သူတို့ရဲ့သူဌေးတွင် စားသောက်ဆိုင်လေးငါးဆိုင်ရှိလေသည်။ ယခုအခါတွင် အရောင်းအဝယ်အလိုက်နည်း၍နှစ်ဆိုင်ပိတ်မည်ဖြစ်လေသည်။
နှစ်ဆိုင်ပိတ်ပြီး ထိုမှအလုပ်သမားတို့ကိုနှစ်ဖွဲ့ပေါင်း၍ နောက်ဆိုင်ကြီးတဆိုင်ပြန်ဖွင့်မည်ဖြစ်လေသည်။ ယခုအခါ ကိုသိန်းသန်းကုဋေတို့ဆိုင်ဟာပိတ်ပြီးပြီဖြစ်ပြီး သူတို့နှင့်ပေါင်းစည်းရမည့်အဖွဲ့ရဲ့ဆိုင်ကတော့မပိတ်ရသေးပါချေ။
ထိုအချိန်တွင်အသစ်ဖွင့်လှစ်မည့်ဆိုင်ကလည်း ဘာတခုမှပြင်ဆင်ရခြင်းမရှိသေးပါချေ။ ဒီတော့ကာ လက်ရှိလုပ်နေသည့်ဆိုင်ပိတ်လိုက်ရသော ကိုသိန်းသန်းကုဋေတို့အဖွဲ့ဟာ လနှင့်ချီပြီးအားလပ်နေခဲ့ကြပါလေသည်။
တိုင်းတပါးတွင်အလုပ်လုပ်နေထိုင်သူအများစုဟာ အလုပ်နှင့်အိပ်ခန်း၊အိပ်ခန်းနှင့်အလုပ်။ အိပ်ရာထအလုပ်သွား၊ အလုပ်ကပြန်လာသော်ရေမိုးချိုးလျှော်ဖွပ်စရာရှိသည်တို့လျှော်ဖွပ်ကာ ပြီးစီးလျှင်အိပ်ရာပြန်ဝင် ထိုသို့ဖြင့်လည်နေခဲ့လေသည်။
ထို့ကြောင့်အလုပ်သမားတို့မှာအားလပ်သည်ရယ်လို့သိပ်မရှိပါချေ။ ထိုကဲ့သို့သောအခြေအနေတို့ကြားမှ ယခုကိုသိန်းသန်းကုဋေတို့အဖွဲ့လနှင့်ချည်ပြီး အလုပ်နားရခြင်းဟာ အင်မတန်မှကိုကံကောင်းထောက်မ၍ဟုဆိုရမည်ဖြစ်လေသည်။
“ဟေးး ဟေးးး အမြည်းပန်းကန်ထဲကဟာတွေ ရမ်းမစားကြနဲ့အသေအချာကြည့်ကြဦး တော်ကြာဗိုက်ထဲဖန်ခွက်ကွဲအစတွေပါသွားမှ ဒုက္ခရောက်နေကြလိမ့်မည်”
“ဟုတ် ဟုတ် ကိုသိန်းသန်း”
“အင်း ကျနော်တို့ကရှေ့ကထိုင်ထားတာဆိုတော့ရောက်တော့မရောက်လောက်ပါဘူး”
“အေးပေါ့ မရောက်ရင်တော့ကောင်းတာပေါ့ ဒါပေမယ့် ဗိုက်ထဲတခုတလေပါသွားရင်တောင် ဒုက္ခကမသေးဘူး အဲ့ဒါကြောင့်အသေချာကြည့်ခိုင်းတာ”
“ဟုတ် ကိုသိန်းသန်း ဒါနဲ့ဘယ်နှစ်လုံးကွဲသွားတာလဲ”
“သုံးလုံးလေ သုံးလုံး အဲ့ဒီမှာထပ်ထားတဲ့သုံးလုံးလုံးအကုန်ကွဲသွားတာ”
ကဲ ကြည့်ကြပါဦးလားဗျာ။ ဘယ်လောက်တောင်မှအံ့သြစရာကောင်းလဲလို့။ အရွယ်မတူတဲ့ဖန်ခွက်သုံးလုံးကို ကြီးစဉ်ငယ်လိုက်ထပ်ပြီးစားပွဲပေါ်တင်ထားခြင်းဖြစ်လေသည်။ အခုဘာမဖြစ်ပါပဲ ထိုဖန်ခွက်သုံးလုံးစလုံးကွဲကြေသွားခဲ့ရလေသည်။
ကွဲသည်မှာတောင် သာမန်ကွဲခြင်းမျိုးမဟုတ်ပဲ သုံးလုံးစလုံးကိုအောက်ခံအမာပေါ်သို့ အားဖြင့်ပစ်ပေါက်ခွဲလိုက်သကဲ့သို့မျိုးအစိပ်စိပ်အမွှာမွှာကွဲကြေသွားခဲ့ခြင်းဖြစ်လေသည်။ အကြီးဆုံးဖန်ခွက်တလုံးက လက်ကိုင်ကိုင်းပါရှိလေသည်။
ယခုထိုလက်ကိုင်ကိုင်းပင် အစအနမကျန်ပဲ အကုန်ကြေမွသွားခဲ့ခြင်းဖြစ်လေသည်။ ထို့ထက်ထူးဆန်းသောအဖြစ်တို့ပင် ထိုလောက်အထိမထူးဆန်းပါချေ။ အဘယ့်ကြောင့်ထိုကဲ့သို့ဖြစ်ရသည်ကိုလည်းမည်သူမျှအဖြေမထုတ်နိုင်ဖြစ်ခဲ့ရလေသည်။
အမှန်တကယ်ဆို အကြောင်းတခုခုကြောင့်ကွဲလျှင် သုံးလုံးထဲမှနှစ်လုံးလောက်ကွဲပေါ့။ ထားဦး သုံးလုံးထပ်ထားသည့်အတွက်ကြောင့် သုံးလုံးစလုံးကွဲလျှင်လည်းလက်ခံနိုင်ပါသည်။ သို့ပေသိ ထိုမျှထူထည်းသည့်ကိုင်းကြေမွသည်ကထူးဆန်းလွန်းပါ၏။
ထိုအဖြစ်၊ထိုအနီးတွင်ရှိနေသူများဟာ သိပ္ပံသမားမဟုတ်သလို၊ဆားပုလင်းနှင်းမောင်လည်းမဟုတ်၍ ထိုအဖြစ်ကိုဇစ်မြစ်လိုက်မနေပဲမေ့မေ့ပျောက်ပျောက်ပင်ထားလိုက်ခဲ့ကြပါလေသည်။
သူတို့ကမေ့မေ့ပျောက်ပျောက်ထားပေသော်ငြားလည်း အဖြစ်သနစ်တို့ကတော့ ထိုကဲ့သို့မဟုတ်လေပဲ သူဖြစ်စရာရှိသည်တို့ကို ဆက်လက်၍ဖြစ်ပျက်ခဲ့ပါလေသည်။ ကိုသိန်းသန်းကုဋေတို့အဖွဲ့ဟာ တလခွဲခန့်အလုပ်နားခဲ့ရလေသည်။
တလခွဲခန့်အလုပ်နားရခြင်းဟာ သူတို့သူဌေးက နောက်ထပ်စားသောက်ဆိုင်ကြီးတခုဖွင့်လှစ်ရန်ပြင်ဆင်နေလေသောကြောင့်ဖြစ်လေသည်။ ထိုသို့ကိုသိန်းသန်းကုဋေတို့အဖွဲ့နားနေစဉ်တွင် အခြားတဆိုင်မှအဖွဲ့နှင့်သူဌေးကဆိုင်အသစ်ပြင်ဆင်ခဲ့ကြလေသည်။
သူတို့သူဌေးတွင်ထိုစဉ်က စားသောက်ဆိုင်လေးဆိုင်ရှိပြီး ကိုသိန်းသန်းကုဋေတို့အလုပ်လုပ်သည့်ဆိုင်ပိတ်သိမ်းပြီး နောက်တလဝန်းကျင်တွင် နောက်ထပ်တဆိုင်ထပ်ပိတ်လေသည်။ ထိုမှအလုပ်သမားတို့နှင့်သူဌေးကအတူရှိခဲ့ကြလေသည်။
ဆိုင်နှစ်ဆိုင်ပိတ်သိမ်းခဲ့ကာ ထိုနှစ်ဆိုင်မှအလုပ်သမားတို့အား ဆိုင်ကြီးတဆိုင်ဖွင့်လှစ်ပြီးအတူပေါင်းစည်းရန်ဖြစ်လေသည်။ ထိုနှစ်ဖွဲ့အတွင်းမှ သူဌေးအလိုမရှိသူတို့အားအလုပ်မှထုတ်ပယ်ခဲ့လေသည်။
ကိုသိန်းသန်းကုဋေတို့အဖွဲ့အလုပ်နားပြီး နှစ်လဝန်းကျင်ခန့်မှာဆိုင်အသစ်ဖွင့်လှစ်နိုင်ခဲ့လေသည်။ ဆိုင်ကြီးကအင်မတန်ကြီးမားကာ ဧရာမသုံးထပ်တိုက်ကြီးကိုငှားရမ်းပြီး ပြင်ဆင်မွမ်းမံဖွင့်လှစ်ခဲ့ခြင်းဖြစ်လေသည်။
အောက်ထပ်နှင့်အပေါ်ထပ်တွင်စားသောက်ဆိုင်ဖွင့်လှစ်ကာ နှစ်ဆိုင်ပေါင်းအလုပ်သမားတို့ကိုအလယ်ထပ်တွင်ထားရှိခြင်းဖြစ်လေသည်။ ထိုသို့ဆိုင်အသစ်ဖွင့်လှစ်ခြင်းကြောင့် ကိုသိန်းသန်းကုဋေတို့အဖွဲ့မူလကနေခံသောနေရာမှစွန့်ခွာခဲ့ကြရလေသည်။
ထိုမူလက ကိုသိန်းသန်းကုဋေတို့အဖွဲ့နေထိုင်သည့်အဆောက်အဦးဟာ သူတို့သူဌေးအပိုင်ဝယ်ထားခြင်းဖြစ်လေသည်။ သူတို့ပြောင်းလာတော့ ထိုအဆောင်အဦးကိုသူဌေးမှလူငှားချထားလေသည်။ လူငှားဟာအမျိုးသမျိုးသမီးတို့ဖြစ်လေသည်။
အနှီအမျိုးသမီးတို့မှာ ချင်းတိုင်းရင်းသူ၊ရခိုင်တိုင်းရင်းသူနှင့်ကချင်တိုင်းရင်းသူတို့ဖြစ်လေသည်။ ၄င်းတိုင်းရင်းသူတို့ဟာ ကိုသိန်းသန်းကုဋေတို့သူဌေးရဲ့အလုပ်သမားများမဟုတ်ပဲ အခြားသောသူဌေးရဲ့အလုပ်သမားတို့သာဖြစ်လေသည်။
သူမတို့တွေထဲမှ အများစုဟာ ဘုရားရှိခိုး၊ဘုရားတေးချင်းဖွင့်လှစ်၊ဘုရားတေးချင်းသီဆိုမှုများမကြာခဏဆိုသလိုပြုလုပ်ကြလေ့ရှိလေသည်။ ဤနေရာတွင်တခုပြောစရာရှိသည်မှာ ထိုအဆောက်အဦးတွင်မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်တို့ရှိသည်ဟုအဆိုရှိ၏။
၄င်းမမြင်အပ်ပုဂ္ဂိုလ်တို့ဟာ ဘုရားရှိခိုးခြင်း၊ဘုရားတေးဖွင့်လှစ်ခြင်းတို့အားမနှစ်သက်ဟုအဆိုရှိကြလေသည်။ ကိုသိန်းသန်းကုဋေတို့အဖွဲ့ဆိုင်သစ်ဖွင့်လှစ်သည်မှာ2024/2025နှစ် နှစ်ခု၏စပ်ကူးမတ်ကူးအချိန်ကာလဖြစ်လေသည်။
ထိုသို့ဖြင့်2025ခုနှစ်၊ တရုတ်နှစ်သစ်ကူးအချိန်ကာလသို့ရောက်ရှိခဲ့လေသည်။ ကိုသိန်းသန်းကုဋေတို့သူဌေးဟာတရုတ်လူမျိုးဖြစ်၍ သူ့ရဲ့ဆိုင်သစ်ကို ထိုတရုတ်နှစ်သစ်ကူးအမှီအလျင်အမြန်ဖွင့်လှစ်ခဲ့ခြင်းဖြစ်လေသည်။
ထိုတရုတ်နှစ်ကူးအချိန်ကာလအတွင်းမှာပဲ ဤဇာတ်လမ်း၏အဓိကအချက်ဖြစ်သော ထူးဆန်းလွန်းသည့်သတင်းဆိုးကြီးကို သူတို့အဖွဲ့ကြားသိခဲ့ရပါလေသည်။ ထိုသည်ကတော့ သူတို့အဖွဲ့အတွင်းမှလင်မယားနှစ်ယောက်အလုပ်နားရက်တွင်ဖြစ်၏။
ကိုသိန်းသန်းကုဋေတို့အဖွဲ့ထဲမှအလုပ်သမားလင်မယားနှစ်ယောက်အလုပ်နားရက်တွင် မူလကနေထိုင်ခဲ့သောနေရာသို့အလည်အပတ်သွားခဲ့ကြလေသည်။ ထိုစဉ်မှာပဲ သူမတို့မကြားချင်ဆုံးသတင်းဆိုးကြီးတခုကိုမယုံကြည်နိုင်ဖွယ်ရာကြားသိခဲ့ရပါ၏။
၄င်းအဖြစ်အား ကြားသိခဲ့သည့်အသွင်ဖြင့်မဟုတ်ပဲ လက်တွေ့ကြုံခဲ့ရသည့်သူတို့၏အနေဖြင့်ဖော်ပြပေးပါမည်။ ထိုသည့်အဖြစ်တို့ကတော့ အောက်ပါအတိုင်းဖြစ်လေသည်။
** * ** *** ** * **
“မိုင် မင်းဆေးကုဖို့ ဘယ်လောက်ကုန်ကျမယ်လို့သိရလား”
ချင်းတိုင်းရင်းသူလေးမိုင်တယောက် ကျန်းမာရေးမကောင်း၍ဆေးခန်းသွားကာ စမ်းသပ်မှုများလိုအပ်သလိုပြုလုပ်ခဲ့ရလေသည်။ သို့ကြောင့် သူမပြန်လာသော် သူဌေးမှမေးမြန်းခြင်းဖြစ်ရာ မိုင်စဉ်းစားတွေဝေခြင်းအလျဉ်းမရှိပဲချက်ချင်းမှာပင်
“ဟုတ်ကဲ့သူဌေး ကျမတို့မြန်မာငွေနဲ့တွက်ရင် သိန်းတထောင်ဝန်းကျင်ကျသင့်မယ်လို့ပြောပါတယ်ရှင့်”
ထိုစဉ်က သူမတို့ရှိနေသည့်နေရာတွင်အသုံးပြုသောငွေကျေးဟာ Ringgitဖြစ်ပြီး မြန်မာငွေနှင့်တွက်ဆရသော် တရင်းဂစ်ကို မြန်မာကျပ်ငွေတထောင်ဝန်းကျင်ဖြစ်လေသည်။ မိုင်ဆေးကုသရန် Ringgit100000ကုန်ကျမည်ဖြစ်လေသည်။
Ringgitတသိန်းဟာ မြန်မာ့ကျပ်ငွေသိန်းတထောင်ဖြစ်လေသည်။ ငွေပေါက်စျေးက တရင်းဂစ်ကိုတထောင်ကျော်သည့်အတွက် Ringgitတသိန်းဟာ မြန်မာကျပ်ငွေသိန်းတထောင်၏အထပ်တွင်ဖြစ်လေသည်။
“အင်း အင်း ကောင်းပြီမိုင် ဒါဆိုမင်းဆေးကုဖို့ တသိန်းကျသင့်မယ်ဆိုရင် ငါကငါးသောင်းပေးမယ် ကျန်တဲ့ငါးသောင်းတော့ မင်းဟာမင်းကျခံပေါ့ကွယ်”
“ဟုတ်ကဲ့ရှင့်သူဌေး ကျေးဇူးတင်ပါတယ်ရှင်”
စာစဉ်-(2)သို့
#မယုံကြည်နိုင်စရာ
စာစဉ်-(2)
သူဌေးမှဆေးကုသရန်ကုန်ကျစရိတ်တဝက်ကျခံပေးမည်ဟု သူ့စိတ်ဖြင့်သူပြောကြားလာခြင်းကြောင့် မိုင်ဝမ်းသာရပါလေသည်။ သူကျခံပေးမည့်တဝက်ဆိုသည်မှာလည်း မြန်မာကျပ်ငွေဖြင့်ဆို သိန်းငါးရာအကျော်ဖက်မှဖြစ်လေသည်။
ထိုသို့ရက်ရောသည့်လုပ်ငန်းရှင်သူဌေးမျိုးဟာ သူဌေးအယောက်တရာတွင် တယောက်တွေ့ရခဲသောလုပ်ငန်းရှင်သူဌေးမျိုးဖြစ်လေသည်။ သို့ကြောင့် မိုင်တယောက်အတူနေသူငယ်ချင်းများနှင့်တိုင်ပင်ရလေတော့သည်။
အဘယ့်ကြောင့် သူမထိုသို့တိုင်ပင်ရသနည်းဆိုသော် သူဌေးမှRinggit50000ကျခံပေးမည်ဆိုပေမယ့် သူမကျခံရမည့် ကျန်Ringgit50000အတွက်က အခက်အခဲရှိနေသောကြောင့်ဖြစ်လေသည်။ အလုပ်တလလုပ်မှ1600/1700မျှသာရရှိလေသည်။
ထိုမျှသာဝင်ငွေရှိသောသူမအတွက် Ringgit50000ဆိုသောငွေပမာဏဟာ မနည်းမနောဖြစ်လေသည်။ ၄င်းငွေကို သူမမည်ကဲ့သို့မှရှာဖွေလို့ရမည်မဟုတ်ပါချေ။သူမ၏တနှစ်လုံးလုပ်အားခဝင်ငွေကတသောင်းခွဲ၊နှစ်သောင်းဝန်းကျင်သာဖြစ်၏။
ထိုတသောင်းခွဲ၊နှစ်သောင်းဝန်းကျင်ကို စားစရိတ်၊အခန်းငှားခ၊အသုံးစရိတ်တို့နှုတ်သော်ဘာမှများများစားစားမကျန်ရှိပါချေ။ ဒီတော့ သူမကျခံရမည့်Ringgit50000က သူမအတွက်မည်သို့မျှမဖြစ်နိုင်သည့်ငွေပမာဏပင်ဖြစ်လေသည်။
“ငါ ခေါင်းအရမ်းခြောက်တယ်သူငယ်ချင်းတို့ရယ် ဒီပမာဏက ငါဆယ်နှစ်လောက်လုပ်စုမှရမယ့်ငွေလေ”
မိုင်တယောက်မချိတင်ကဲလေသံလေးဖြင့်အထက်ပါအတိုင်းခပ်ငြီးငြီးလေးဆိုရှာလေသည်။ ကျန်သူငယ်ချင်းမိန်းကလေးတို့လည်း ထိုမျှပမာဏဆိုတော့စိတ်မကောင်းဖြစ်ပြီး သူမအားငေးကြည့်နေရုံကလွဲပြီး ဘာမှမတက်နိုင်ရှာကြပါချေ။
ထောင်ဂဃန်းမျှသာဆိုလျှင် သူမတို့မဖြစ်မနေစုပေါင်းကူညီပေးလို့ရကောင်းရနိုင်လေသည်။ သို့သော် အခုဟာကသောင်းဂဏန်းအထိဆိုတော့ မတက်နိုင်၊မကူညီနိုင်သည်မှာ သူမတို့အလွန်မဟုတ်ပါချေ။
Ringgit50000ဆိုသည်မှာ ထိုနိုင်ငံသားလုပ်ငန်းရှင်တို့အတွက်တော့ ပြောဖွယ်ရာရှိချင်မှရှိပေမည်။ သို့ပေသိ သူမတို့လိုအလုပ်လာလုပ်သူတွေရဲ့အတွက်တော့ လွန်စွာများပြားသောပမာဏပင်ဖြစ်လေသည်။
အဘယ့်ကြောင့်ဆိုတော့ အလုပ်လာလုပ်သူတိုင်းဟာ အဆင်ပြေလို့လာရောက်နေထိုင်ကြခြင်းမဟုတ်ပဲ ကိုယ့်ဆီမှာဝင်ငွေမကောင်း အဆင်မပြေသောကြောင့်သာ ချစ်သောမိသားစု၊ဆွေမျိုးမိတ်သဂ်ဟတို့အားခွဲပြီး လာရောက်ငွေရှာခြင်းဖြစ်လေသည်။
လကုန်ပြီး လစာရသောအခါ တလပတ်လုံးစိတ်ပင်ပန်း၊လူပင်ပန်းခံကြိုးစားလုပ်ကိုင်ထားသောလုပ်အားခလစာငွေလေးကို လက်ထဲတွင်ပူအောင်ပင်မထားနိုင်ပဲ နောက်မှကျန်ရစ်ခဲ့လေသောမိဘမောင်ဘွားတို့ထံချက်ချင်းလွှဲပေးကြရလေသည်။
တလပတ်လုံး စိတ်ရောကိုယ်ပါအပင်ပန်းခံလုပ်ကိုင်ထားကြရပြီး ထိုလုပ်အားခလစာလေးရသည့်တရက်သာပျော်ရွှင်နိုင်ကြလေသည်။ ဒါတောင်အကြာကြီးမဟုတ်ပဲ ခေတ္တခဏသာဖြစ်လေသည်။
လစာရပြီဆိုလျှင်လည်း (အဆင်မပြေသူကများ၍) အထက်တွင်ဆိုခဲ့သည့်အတိုင်း ငွေကိုလက်ထဲပူအောင်မထားပဲ အိမ်သို့ချက်ချင်းလွှဲပေးတတ်ကြလေသည်။ ထိုသို့လစဉ်လွှဲနေရခြင်းကြောင့် လက်ထဲငွေမရှိသူကများလေသည်။
ဒီတော့ကာ သူငယ်ချင်းဖြစ်သူမိုင့်ကို သူမတို့ကူညီချင်ပါသော်လည်း ကိုယ်ကိုယ်တိုင်တွေက လွှတ်အဆင်ပြေနေကြသူများမဟုတ်၍ စိတ်မကောင်းဖြစ်မိရုံကလွဲပြီးဘာမှမတက်နိုင်ခဲ့ကြပါချေ။ သြော် မေ့လို့ ငွေမတက်နိုင်ပေမယ့်အကြံဉာဏ်တော့ပေးလို့ရပါ၏။
“အေးဟယ် နင်တို့ပြောတာမှန်ပါတယ်သူငယ်ချင်းတို့ လူကျန်းမာရေးကသာအဓိကပါ လူကျန်းမာတဲ့တနေ့ ပြန်တက်လာလို့ရတာပဲလေ”
“ဟုတ်တယ်အမိုင် ဒါဆို မင်းပြန်မယ်လား”
“အင်း ပြန်မယ်လေ ကိုယ့်ဆီကဒီလောက်ဝင်ငွေမကောင်းပေမယ့် ဆေးကုသစရိတ်ကြတော့ မိုးနဲ့မြေလိုကွာခြားလွန်းတယ် အဲ့ဒါကြောင့် ဟိုပြန်ကုမယ် နောင်နေကောင်းလို့ ကျန်းမာရေးအတွက်စိတ်ချရပြီဆိုမှ တခေါက်ပြန်တက်ခဲ့မယ်”
မိုင်တယောက် သူငယ်ချင်းများနှင့်တိုင်ပင်ပြီး ဇာတိချက်ကြွေမွေးရပ်မြေသို့ပြန်ကာဆေးကုသရန်ဆုံးဖြတ်လိုက်လေသည်။ နိုင်ငံခြားဆိုသည်မှာ ကိုယ့်နိုင်ငံထက်ဝင်ငွေကောင်းသလို၊ကုန်ကျစရိတ်ကလည်း ထိုနည်း၄င်းအတိုင်းသာဖြစ်လေသည်။
ကျန်းမာရေးမကောင်းလို့ဆေးကုသမည်ဆိုလျှင် ဝင်ငွေမရှိပဲထွက်ငွေတွေချည်းသာမို့ မိုင်တယောက်ာခုလိုအမိမြေသို့ပြန်ရန်ရွေးချယ်လိုက်ခြင်းသာဖြစ်လေသည်။
“အင်း ဟုတ်တယ်မိုင် ဒါဆိုမင်းအမြန်ပြန်နိုင်အောင်သာလုပ်တော့ ကျန်းမာရေးအတွက်မလို့ ကိုယ့်ဆီကိုတရက်စောရောက်ရင် ကိုယ့်အတွက်တရက်စာအကျိုးပိုရှိတယ်လေ”
“အင်း အဲ့ဒါတော့အမှန်ပဲ ဒါနဲ့သူငယ်ချင်းတို့ ငါကဟိုပြန်ကုမယ်ဆိုရင် ဟိုဟာလေ ဟို ဟို”
“ဘယ်ဟာလဲမိုင်”
“ဟိုလေဟာ ဟို ဟို”
“ဟင် မိုင် သူငယ်ချင်း မင်းဘယ်လိုဖြစ်နေတာလဲ စကားပြောတာကခါတိုင်းလိုလည်းမဟုတ်ဘူး တဟိုဟိုနဲ့ ဘာလဲ မင်းပြောဖို့ခက်နေတာလား ပြောစရာရှိရင်ပွင့်ပွင့်လင်းလင်းသာပြော ငါတို့မှမပြောရင် ဘယ်သူ့ကိုပြောမလဲ ကဲ မိုင် စိတ်အေးအေးထားပြီးပြော”
မိုင်ဟာ တစုံတခုပြောချင်ပြီး အပြောရခက်နေပုံရလေသည်။ ထို့ကြောင့်သာလည်း သူမထံမှတဟိုဟိုနှင့်ဖြစ်နေပုံမျိုးဖြစ်လေသည်။ သူငယ်ချင်းတယောက်ကအထက်ပါအတိုင်းပြောမှ သူမစိတ်ကိုအေးအေးထားလိုက်ပြီး အေးဆေးစွာဖြင့်
“အင်း သူငယ်ချင်း ဒီလိုလေ သူဌေးကငါးသောင်းပေးမယ်ဆိုတာက ဒီမှာကုရင်ပြောတာထင်တယ် ငါကဟိုပြန်ကုမှာဆိုတော့ အဲ့ဒါကိုသူဌေးက….”
သူမထိုနေရာရောက်သော် ဆက်မပြောပဲစကားစရပ်သွားလေသည်။ ဒါကိုအကင်းပါးပြီး သဘောပေါက်လွယ်သောသူငယ်ချင်းတဦးမှချက်ချင်းပင်အောက်ပါအတိုင်းဝင်ရောက်အကြံပြုစကားဆိုလာခဲ့လေသည်။
“သြော် ဒါတော့ သူလည်းနားလည်မှာပါ ဒီမှာကုရင် ကိုယ်ကြုံရမယ့်အဖြစ်ကိုသူဌေးနားလည်အောင်ပြောပြလိုက်လေ သူဌေးကူညီချင်သလောက်ကူညီပါ ကျမမပြန်မဖြစ်လို့လို့ပြောပြလေသူငယ်ချင်းရဲ့”
“အင်း အင်း ဟုတ်ပြီခိုင် ဒါဆို ခိုင်ပြောသလိုပဲ မိုင်ပြောလိုက်မယ် နော် အဆင်မြေပြေတော့မပြောတတ်ဘူးပေါ့ခိုင်ရယ်”
ခိုင့်အကြံပြုစကားကြောင့် မိုင်စိတ်ကျဉ်းကြပ်မှုတော့လွတ်မြောက်ခဲ့ရလေသည်။ သို့သော် သူမအမိမြေပြန်ကုသသော် သူ့ဆီမဟုတ်တော့၍သူဌေးမှမကူညီမှာကိုစိုးရွံ့နေဟန်ဖြင့် နောက်ပိုင်းအသံတို့က တိမ်ဝင်သွားခဲ့ပါလေသည်။ သို့ကြောင့်ခိုင်မှ
“ဘာလို့စိတ်အားငယ်မယ့်စကားပြောရတာလဲမိုင် သူငယ်ချင်းရယ် စိတ်ချပါ မင်းအဆင်ပြေကိုပြေစေရမယ် တကယ်လို့မပြေခဲ့ရင်လည်းဘာမပူနဲ့ ငါတို့ဝိုင်းကူပြောပေးမယ်မိုင်”
“အင်း အင်း ကျေးဇူးပါခိုင် မိုင်ကအားငယ်စကားပြောတာမဟုတ်ပါဘူး ဒါပေမယ့်စိတ်ကအလိုလိုဖြစ်သွားရတာလေ အခုတော့ ခိုင့်အားပေးမှုကြောင့် သူဌေးနဲ့ကိစ္စ လုံးဝအဆင်ပြေစေရမယ်လို့ မိုင့်စိတ်ထဲကခံစားလာမိတယ်ခိုင်”
“အင်း ပြေရမှာပေါ့မိုင်ရဲ့ Fighting”
သူငယ်ချင်းတို့၏အကြံပြု အားပေးစကားများကြောင့် မိုင်တယောက် နဂိုကရင်ထဲလေးလံထိုင်းမှိုင်းနေမှုများဟာ နေရောင်ခြည်လာလို့ နှင်းပျောက်သလို ပျောက်ကွယ်သွားခဲ့ရပါလေသည်။ ထို့ကြောင့် သူဌေးကိုသူမပွင့်ပွက့်လင်းလင်းပြောပြလိုက်လေသည်။
9👇
“သြော် တူမရယ် ဘယ်ဆီမှာပဲကုကု လေးလေးရဲ့စေတနာကပြတ်ပြီးသားမို့ အစကပြောထားတဲ့အတိုင်း ဆေးကုစရိတ်Rm50000အတိ လေးလေးကူညီပါ့မယ်ကွယ်”
“ဟုတ် ဟုတ်ကဲ့သူဌေး မိုင့်ကိုအခုလိုကူညီပေးတဲ့အတွက် သူဌေးရဲ့ကျေးဇူးကို မိုင့်တသက်ဘယ်တော့မှမမေ့ပါဘူးရှင် မိုင့်ဖက်ကအခွင့်သာတဲ့တနေ့ သူဌေးကျေးဇူးကိုပြန်ဆပ်ပါ့မယ်လို့ မိုင် မိုင်ကတိပေးပါတယ် ရှင်”
“အို မဟုတ်တာပဲ လေးလေးစိတ်ထဲအဲ့ဒီလိုတွေမရှိပါဘူး လူတယောက်မှာအဓိကကကျန်းမာရေးပဲလေ အဲ့ဒါကြောင့် လေးလေးတက်နိုင်တဲ့ဖက်က တက်နိုင်သလောက်ကူညီပေးတာပါ ကျန်းမာရေးကောင်းဖို့ပဲစိတ်ထဲထား ကျန်တာဘာမှမတွေးနဲ့တူမ”
မိုင်တယောက် သူဌေးရဲ့စကားအားကြားသော် ဘာကြောင့်ရယ်မသိ။ ရင်ထဲစို့တက်ကာ မျက်ဝန်းအစုံကမျက်ရည်ပူတို့အလိုအလျှောက်ပြည့်တက်လာပြီး ပြောနေသည့်သူမ၏အသံတွေပါကတုန်ကယင်ဖြစ်လာခဲ့ရလေသည်။
အမှန်တကယ်တော့ သူမမရဲတရဲမျှော်လင့်ချက်ပြည့်ဝသွားသောကြောင့် ဝမ်းနည်းဝမ်းသာခံစားမိခြင်းဖြစ်လေသည်။ သူမ၏အခြေအနေကိုမြင်တော့သူဌေးကအထက်ပါအတိုင်းတည်ငြိမ်စွာစကားဆိုခဲ့လေသည်။
“ဟုတ်ကဲ့သူဌေး သူဌေးစိတ်မှာဘာရှိရှိမရှိရှိ မိုင့်အတွက်တော့ သူဌေးက ဆပ်မကုန်နိုင်တဲ့ကျေးဇူးရှင်တယောက်Autoဖြစ်သွားရပါပြီရှင် ဒါဆိုသူဌေး မိုင့်ကိုခွင့်ပြုပါဦး မိုင်ပြန်ဖို့အတွက်စီစဉ်ရဦးမှာမလို့ပါ”
“ဟုတ်ပြီတူမ လုပ်စရာရှိတာလုပ်လေ အကူအညီလိုရင်လည်း ဘာမှအားမနာနဲ့ ပွင့်ပွင့်လင်းလင်းသာပြောပါ လေးလေးတက်နိုင်တာမှန်သမျှကူညီပေးပါ့မယ်”
“ဟုတ်ကဲ့သူဌေး ဘာမလိုတော့ပါဘူးရှင် အခုတောင်လေးလေးရဲ့အကူအညီက ပြောမပြနိုင်လောက်တဲ့အထိ မိုင့်အပေါ်များလွန်းနေပါပြီရှင် ခွင့်ပြုပါဦးသူဌေး”
“ဟုတ်ပြီတူမ ဟုတ်ပြီ ဟုတ်ပြီ”
ထိုသို့ဖြင့် မိုင်တယောက်သူဌေးရှေ့မှထွက်လာခဲ့ကာ အမိမြေသို့ပြန်ရန်ပြင်ဆင်လေတော့သည်။ သူဌေး၏ရက်ရက်ရောရော ဖေးမကူညီမှုကြောင့် သူမအတွက် ဆေးကုသရန်အတော့်ကိုအထောက်အကူရရှိခဲ့ပါလေသည်။
စာစဉ်-(3)သို့
#မယုံကြည်နိုင်ဖွယ်ရာ
စာစဉ်-(3)
“ဘယ်လိုလဲမိုင်သူငယ်ချင်း ပြန်ဖို့စီစဉ်တာအဆင်ပြေရဲ့လား”
“အင်း ပြေတယ်သူငယ်ချင်း အခုအမြန်ပြန်နိုင်အောင်လို့ ပွဲစားနဲ့လေယာဉ်လက်မှတ်အဝယ်ခိုင်းလိုက်ပြီ”
“ဟုတ်လားမိုင် ခိုင့်သူငယ်ချင်းလေး အခုလိုအဆင်ပြေတယ်ဆိုလို့ ခိုင်တကယ်ဝမ်းသာမိပါတယ်”
“အေးဟယ် ငါလည်းဟိုအမြန်ပြန်ရောက်မှစိတ်အေးရမှာ မဟုတ်ရင် ဒီမှာက ဆေးခန်းတခါသွားပြရင်လည်း ငွေကနင့်ခနဲ အင့်ခနဲလေ ကိုယ့်ဆီမှာကြတော့ တော်သေးတယ်”
“အင်း အဲ့ဒါလည်းဟုတ်တာပဲသူငယ်ချင်း ဘာပဲဖြစ်ဖြစ် ဟိုရောက်ရင်လည်း တို့သူငယ်ချင်းတွေဆီကိုအဆက်အသွယ်မပြတ်လုပ်ပေးနော်”
မိုင်ပြန်ရတော့မည်ဆိုတော့ သူငယ်ချင်းတွေကထိုသို့ဝိုင်းဝန်းမှာကြားနေကြလေသည်။ တကယ်တော့ အခုချက်ချင်းထပြန်တာမျိုးမဟုတ်ပဲရက်စောင့်ရသေးလေသည်။ ထိုသို့စောင့်နေရင်းသူငယ်ချင်းတွေ စကားပြောမဆုံးဖြစ်နေခဲ့ရလေသည်။
တယောက်နှင့်တယောက်ဟာ မြန်မာနိုင်ငံသူ/သားချင်းမှန်ပေမယ့် တမြို့၊တရွာ၊တပြည်နယ်စီကဖြစ်လေသည်။ သို့သော်လည်း သူတို့တွေဟာ တမိတည်းမွေးညီမအရင်းများလို၊ငယ်ပေါင်းကြီးဖော်များလိုမျိုးချစ်ခင်သံယောဇဉ်ရှိကြပါလေသည်။
ထို့ကြောင့်သာလည်း အဆောင်(တိုက်ခန်း)ငှားပြီး ယခုလိုအတူနေခဲ့မိကြခြင်းဖြစ်လေသည်။ အဲ့ဒီလိုနေထိုင်ခဲ့ခြင်းက နောက်ပိုင်းတွင်သူမတို့အတွက်ထိတ်လန့်ကြောက်ရွံ့ဖွယ်အမျိုးနှင့်ကြုံစေရမည်ကိုသာ သူမတို့ကြိုတင်သိရှိနေခဲ့မည်ဆိုပါက……? ။
** * ** *** ** * **
“ဘာ မိုင် မိုင်လဲကျနေတယ် ဟုတ်လား”
“ဟုတ်တယ်မခိုင် အခန်းထဲမှာပဲ သူလဲကျနေတယ် အခုအဲ့ဒါကိုမြင်မြင်ချင်း ယု ဒီကိုပြေးလာပြောတာ”
“အေးဟယ် ဘာတွေဖြစ်ကုန်ပြီလဲမသိ သွားစို့ သြော် နေဦး နေဦး ငါ ဟင်းဖိုးမပေးရသေးဘူး”
ခိုင်ကအဖော်မိန်းကလေးနှစ်ဦးနှင့်အတူ သူမတို့တိုက်ခန်းရဲ့အောက် ရှေ့မျက်နှာချင်းဆိုင်မှမြန်မာထမင်းဟင်းရောင်းသောဆိုင်သို့ ဟင်းဆင်းဝယ်နေခြင်းဖြစ်လေသည်။ အခုယုလိုက်ခေါ်တော့သူမ ဟင်းဖိုးမရှင်းပဲထွက်မိတော့မလိုဖြစ်သွားခဲ့ရလေသည်။
ထို့နောက်ကျသင့်ငွေရှင်းပြီး သူမတို့နေထိုင်ရာတိုက်ခန်းဆီသို့အပြေးတပိုင်းတက်လာခဲ့ကြပါလေသည်။ ယုပြောထားခြင်းကြောင့် မိုင်လဲကျနေသည်ကို ခိုင်တို့သိပြီးသားဖြစ်လေသည်။ သို့သော် တကယ့်တကယ်လက်တွေ့တွေ့မြင်လိုက်ရသည့်အခါမှာတော့
“ဟင် သူငယ်ချင်း မိုင် မိုင် မင်းဘယ်လိုဖြစ်ရတာလဲဟာ ဒီမှာမင်းစားချင်တယ်ဆိုလို့ ငါအသေအချာသွားဝယ်ပေးနေတာလေကွာ”
ခိုင်ဟာ အားလုံးရဲ့ရှေ့မှဦးဆောင်ပြီးအခန်းထဲပြေးဝင်လာခဲ့လေသည်။ အခန်းထဲကုတင်ခြေရဲ့ရှေ့လက်တလံခန့်အကွာတွင်လဲကျနေသောမိုင့်ကိုမြင်လိုက်ရသည့်အခါ လက်ထဲမှအထုပ်တွေကိုစားပွဲပေါ်သို့ဖြစ်သလိုတင်လိုက်မိလေသည်။
ပစ်ချလိုက်မိသည်လား။ အသေအချာတင်လိုက်မိသည်လားကိုပင်သတိမပြုမိပါချေ။ ထို့နောက်ကြမ်းပြင်ပေါ်တွင်လဲကျနေသောမိုင့်ရဲ့ကိုယ်ခန္ဓာအပေါ်ပိုင်းကိုပွေ့ထူကာ သူမရင်ခွင်တွင်မှီပြီး အထက်ပါအတိုင်းတရစပ်အော်ခေါ်နေမိလေသည်။
သူမကသာတရစပ်ခေါ် စကားတွေခရားရေလွှတ်ပြောနေမိပေမယ့် သူငယ်ချင်းဖြစ်သူမိုင့်ထံက မည်သည့်တုံ့ပြန်မှုတခုမှထွက်မလာခဲ့ပါချေ။ သူမပွေ့ချီထားမိရင်းမှ မိုင့်ကိုငုံ့ကြည့်ကာ လျှပ်တပြက်စမ်းစစ်ကြည့်လိုက်မိလေသည်။
“ဟင် မိုင် မိုင် သူငယ်ချင်းတို့ သူငယ်ချင်းတို့ သူ သူမရှိတော့ဘူးဟဲ့”
“ဟယ် ဟုတ်မှဟုတ်ရဲ့လားမခိုင် ခုနက အညိုတို့အောက်မဆင်းခင်ကတောင် သူသွားလာနေသေးတာလေ”
မိုင်ဟာ သူငယ်ချင်းဖြစ်သူခိုင့်ရဲ့ရင်ခွင်ထဲတွင် လုံးဝငြိမ်သက်နေခဲ့လေသည်။ ထို့ကြောင့် ခိုင်စမ်းစစ်ကြည့်ပြီး စတင်ငိုကြွေးတော့ ခုနကသူမနှင့်အတူအောက်သို့ဟင်းဆင်းဝယ်သောမိညိုက အထက်ပါအတိုင်းဝင်ပြောလာခဲ့လေသည်။
“တကယ်ပါမိညိုရဲ့ ငါတို့သူငယ်ချင်း လူလောကကြီးထဲကအပြီးတိုင်ထွက်သွားခဲ့ရပြီ အဟီး ဟီး အီး အီး ငါတို့ဘယ်လိုဖြေရမှာလဲမိုင်ရဲ့”
“သူငယ်ချင်း နင်ပြောတော့ အမိမြေပြန်ဆေးကုလို့ ကျမ္မာတာနဲ့ငါတို့ဆီပြန်လာပြီး အမြဲပျော်ပျော်ရွှင်ရွှင်အတူနေကြမယ်ဆို အခုငါတို့တွေ ဘယ်လိုပျော်နိုင်တော့မှာလဲမိုင်ရဲ့ ဆုံဖို့လည်းတသက်မဖြစ်နိုင်တော့ဘူး အဟီး အီးး အီးး အဟင့်”
အတူနေမိန်းကလေးများ ချုံးပွဲချငိုကြွေးကြလေတော့သည်။ ထို့နောက်နားလည်သောလူကြီးတို့မှ တာဝန်ရှိသူတို့ထံဆက်သွယ်အကြောင်းကြားလေတော့သည်။ မိုင်တယောက်အမှန်တကယ်ပင်ဆုံးပါးသွားခဲ့ရခြင်းဖြစ်လေသည်။
သူမနေထိုင်မကောင်းဖြစ်လိုက်သည်မှာ ဘာဆိုဘာမှမကြာလိုက်ပဲ အခုလိုဗြုန်းစားကြီး လူလောကထဲမှထွက်ခွာသွားရခြင်းဖြစ်လေသည်။ ဆိုင်ပြောင်းရွှေ့လာသောကိုသိန်းသန်းကုဋေတို့အဖွဲ့ဆိုလျှင် ထိုသတင်းကြားစကမယုံကြပါချေ။
မယုံဆို သူမနေထိုင်မကောင်းရောဂါဖြစ်သည်ဟုပင်မကြားလိုက်ရပဲ ယခုလိုဆုံးပါးသွားသည်ဟုရုတ်တရက်ကြားရခြင်းအတွက် သူတို့နေရာမှာအခြားသောသူတို့ဆိုလျှင်လည်း လက်ခံယုံကြည်နိူင်ဖို့ အတော့်ကိုခက်ပါလေသည်။
အဖြစ်ကဒီလောက်နှင့်ပြီးပြီလားဆိုလျှင်တော့ မပြီးသေးပါချေ။ ဒီကနေရှေ့ဆက်မှ တကယ့်မယုံကြည်နိုင်အဖြစ်များနှင့်ဆက်တိုက်ကြုံတွေ့ကြရလေတော့သည်။ ပထမဆုံးသောထူးဆန်းမှုကတော့ သူမအလောင်းအားခွဲစိတ်ခြင်းဖြစ်လေသည်။
ခွဲစိတ်ခြင်းကဘာများထူးဆန်းလို့လဲဆိုလျှင်တော့ မှန်ပါ၏ ခွဲစိတ်ခြင်းကဘာမှမထူးဆန်းပါချေ။ အမှန်တကယ်ထူးဆန်းသည်ကခွဲစိတ်နေရင်းမြင်တွေ့လိုက်ရသော မယုံကြည်နိုင်ဖွယ်ရာအဖြစ်ကြောင့်ပင်ဖြစ်လေသည်။ထိုသည့်အရာတို့ကတော့.?။
** * ** *** ** * **
“ဟာ ဘယ် ဘယ်လို ကောင်မလေး”
တနေ့တွင် ကိုသိန်းသန်းကုဋေတို့အဖွဲ့ထဲမှ အမျိုးသမီးတဦးရဲ့အလုပ်နားရက်ဖြစ်လေသည်။ ထိုသို့နားရက်ရောက်သော် သူမကအရင်နေခဲ့သောနေရာဟောင်းသို့ ညအိပ်အလည်သွားခဲ့လေသည်။
ထိုသို့သွားရင်း သူမကြားသိလာခဲ့ရသောသတင်းစကားတို့ကိုပြန်လည်ပြောပြလာခဲ့လေသည်။ သူမပြောပြသည်ကတော့ ရုတ်တရက်ဆုံးပါးသွားခဲ့ရသော မိုင်ရဲ့အကြောင်းပင်ဖြစ်လေသည်။
“ဟုတ်တယ်ဦးလေးရဲ့ အဲ့ဒါသူ့အလောင်းကိုခွဲကြည့်တော့ အထဲမှာကလီစာတွေဘာမှမရှိတော့ဘူးတဲ့”
“ဖြစ်နိုင်ပါ့မလားကောင်မလေးရာ နင့်စဉ်းစားကြည့်လေ ကလီစာမရှိရင် သူဘယ်လိုအသက်ရှင်နေလို့ရမှာလဲ”
“အဲ့ဒါတော့ ကျမလည်းမပြောတတ်ဘူး မရှိတာတော့ တကယ်မရှိတာတဲ့ သူတို့ပြောနေကြတာက သရဲစားတာတဲ့”
“ဟင်”
သူမထိုသို့ပြောသောအခါမှ ကိုသိန်းသန်းကုဋေလည်း သူတို့အဖွဲ့အလုပ်နားနေစဉ်ကကြုံခဲ့ရသောအဖြစ်ကိုပြန်လည်သတိရသွားမိလေသည်။ ထို့ကြောင့် သူမဖြစ်နိုင်ဟုဆက်ပြောရန်ဆွံ့အ့သွားခဲ့ရလေသည်။
အဘယ့်ကြောင့် မဖြစ်နိုင်ဟုဆက်ပြောရန်ဆွံ့အ့ရသော် ယခုမိမိတို့နေထိုင်သည်ကဗုဒ္ဒဘာသာနိုင်ငံမဟုတ်သလို၊လူမျိုးစုံ ဘာသာပေါင်းစုံတို့နေထိုင်ကြခြင်းဖြစ်လေသည်။ ထိုအထဲတွင် သရဲ၊တစ္ဆေ၊နာနာဘာဝတို့အားပူဇော်ပသသူတွေပါရှိလေသည်။
သူတို့ရဲ့လုပ်ငန်းဆောင်တာအဆင်ပြေစေရန်အတွက် ထိုသို့ပူဇော်ပသကြခြင်းဖြစ်လေသည်။ တနည်းဆိုရသော် နာနာဘာဝ(သရဲ)မွေးထားခြင်းပင်ဖြစ်လေသည်။ ထို့ကြောင့် မိုင်ဟာသရဲခံစားရခြင်းမဟုတ်ဟု မည်သူမျှအတတ်မဆိုနိုင်ကြပါချေ။
သရဲစားခြင်းမဟုတ်လျှင် သူမဝမ်းဗိုက်အတွင်းမှကလီစာတွေအဘယ်သို့ပျောက်ဆုံးကုန်ရလေသနည်း။ ထိုမေးခွန်း၏အဖြေကလွယ်မယောင်ဖြင့်အတော့်ကိုခက်လေသည်။ သို့ကြောင့် ကိုသိန်းသန်းကုဋေလည်း အသာနှုတ်ဆိတ်၍နေလိုက်လေသည်။
သူနှုတ်ဆိတ်နေသကဲ့သို့ပင် ထိုအဖြစ်ကိုစာရေးသူကိုယ်နှိုက်လည်းအဖြေအားရေရာစွာမသိရှိခဲ့ပါချေ။ ထိုအဖြစ်၏နောက်ကွယ်တွင် သာမန်ထက်ထူးခြားဆန်းကြယ်နေခြင်းကြောင့် ကျွန်ုပ်၏အသိစိတ်ဖြင့်လိုက်မမှီခဲ့ပါချေ။
သို့ကြောင့် ထိုအဖြစ်နောက်ကွယ်ကပဟေဠိကို စာရေးသူအဖြေမညှိနိုင်ခဲ့ပါချေ။ ထိုပဟေဠိအားအဖြေမညှိနိုင်ပေမယ့် မခိုင်နှင့်ယုတို့မိန်းကလေးတသိုက်ကြုံခဲ့ရသည့်အဖြစ်ကိုတော့ ကျွန်ုပ်အောက်တွင်ဆက်လက်ဖော်ပြပေးလိုက်ပါရစေလားခင်ဗျာ။
👇10
“ဟဲ့ ယု ယု စောင်နည်းနည်းလျှော့ပေးဦး ဒီဖက်မလုံဘူးဟဲ့”
“ဟင် မခိုင် ယု ယုမဆွဲဘူးလေ”
“ယော် ဘေးစွန်းကညည်းမဆွဲရင် ဘယ်သူကဆွဲနေမှာလဲ ညည်းဆွဲလည်းဆွဲတယ်ပေါ့ဟယ်”
တနေ့တွင် ခိုင်တို့အဖွဲ့အမျိုးသမီးငါးဦးဟာ အိပ်ရာကုတင်ထက်တွင်အတူတကွပြားအိပ်နေခြင်းဖြစ်လေသည်။ သူမတို့ရောက်နေသည့်နိုင်ငံဟာဆောင်းမရှိသော်လည်း မြန်မာနိုင်ငံတွင်ဆောင်းကာလရောက်သော်အဖျားလာခတ်လေသည်။
အလွန်တရာချမ်းစိမ့်နေအောင်ချမ်းအေးနေခြင်းမဟုတ်ပဲ စောင်လေးလွှားအိပ်လို့ကောင်းရုံသာဖြစ်လေသည်။ ထို့ကြောင့် ယခုသူမတို့ငါးဦးဟာ ကုတင်ထက်တွင်ပြားအိပ်ကာ စောင်ပါးလေးတထည်ကို အားလုံးရဲ့အပေါ်မှလွှားထားခြင်းဖြစ်လေသည်။
စာစဉ်-(4) သို့
#မယုံကြည်နိုင်ဖွယ်ရာမိန်းကလေးရဲ့အဖြစ်
စာစဉ်-(4)
ခိုင်နှင့်ယုတို့က တဖက်စွန်းဆီမှအိပ်စက်ခြင်းဖြစ်လေသည်။ ခိုင့်ဖက်မှစောင်စဟာ ယုတို့ဖက်သို့ရုန်းနေသည့်အလားပါပါသွားသောကြောင့် ယုမှခိုင့်ကို အထက်ပါအတိုင်းပြောခဲ့ခြင်းဖြစ်လေသည်။
ထိုအခါ ယုကလည်း သူမမှမဆွဲတော့ မဆွဲကြောင်း ချက်ချင်းဖြေရှင်းချက်ပေးလေသည်။ သို့သော် ခိုင်ကလက်သင့်ခံခြင်းမရှိပဲ သူ့စိတ်ထဲမှာတော့ စောင်ကိုယုဆွဲခြင်းဟုသာ တထစ်ချသက်မှတ်ထားခဲ့လေသည်။
ထိုသို့ဖြင့် သူငယ်ချင်းတွေပြန်လည်အိပ်စက်ကြလေသည်။ ယခုသူမတို့အိပ်နေသည်မှာ ညမဟုတ်ပဲ နေ့လည်ခင်းအချိန်တွင်ဖြစ်လေသည်။ နေ့ဆိုပေမယ့် အိပ်စက်ရန်မီးများမှိတ်ထားရာ အလင်းရောင်ကမြင်ရရုံသာသာသာရှိလေသည်။
အဘယ့်ကြောင့် ထိုအချိန်တွင်အိပ်ရလဲဆိုတော့ သူမတို့အလုပ်က ညဖက်တွင်ရောင်းသောစားသောက်ဆိုင်ဖြစ်၍ ထိုသို့အိပ်စက်ရခြင်းဖြစ်လေသည်။ ညကြတော့ တညလုံးနီးပါးဆိုတော့ ထိုသို့အချိန်ရတုန်းအိပ်စက်ရခြင်းဖြစ်လေသည်။
ထိုသို့ဖြင့် သူမတို့လည်း စောင်ပြသနာဖြေရှင်းပြီးသော် ပြန်လည်အိပ်စက်ခဲ့ကြလေသည်။ အားလုံးဟာညအလုပ်သမားများဖြစ်ကြ၍ မကြာခင်မှာပင် သူမတို့အားလုံးအိပ်ပျော်ခြင်းအဖြစ်သို့ရောက်ရှိခဲ့လေသည်။ ထိုအခိုက်မှာပဲ သူမတို့ခြုံထားသောစောင်ဟာ
“ဖျော ဖျော”
“ဖရော”
“ဟယ် မခိုင် မခိုင်”
“ဟင် ယု ယု”
“အားးးး အမေ ကယ်ကြပါဦး အဖေကယ်ကြပါဦး”
“အဟ်ိး ကြောက်တယ် ကြောက်တယ်”
ခုနကမှေးခနဲအိပ်ပျော်နေသူများချက်ချင်းနိုးထလာခဲ့ကြရပြီး သူမတို့ထံမှကြောက်လန့်တကြားအော်ဟစ်ငိုယိုသံတို့က အခန်းတွင်းဝယ်ကမ္ဘာပျက်နေသည့်အလားဖြစ်လေသည်။ သူမတို့ဟာအားလုံးမိန်းမသားတွေချည်းဖြစ်လေသည်။
သို့ကြောင့် တစုံတရာကြုံလာသည်ရှိသော် အရင်ဦးဆုံးကြောက်လန့်တကြားဖြင့်သံကုန်အော်ဟစ်ကြပြီး နောက်တော့ထိတ်လန့်ခြင်းကြီးစွာဖြင့် တအီးအီးတဟီးဟီးအော်ဟစ်ငိုကြွေးကြလေသည်။ သူမတို့အဘယ့်ကြောင့်ယခုလိုငိုကြွေးကြရလေသနည်း။
ဆိုတော့ကာ သူမတို့အလွန်အမင်းကြောက်ရွံ့ထိတ်လန့်တုန်လှုပ်နေကြသောကြောင့်ဖြစ်လေသည်။ ထိုအဖြစ်အားမျက်မြင်ကြုံလိုက်ရမှ ခိုင်လည်းမူလက ယုကိုသူအထင်လွဲပြီး မှားပြောမိခြင်းဖြစ်ကြောင်းသဘောပေါက်နားလည်သွားခဲ့ရလေသည်။
အကြောင်းရင်းကတော့ သူမတို့မှေးခနဲအိပ်ပျော်သွားစဉ် တစုံတယောက်က သူမတို့ခြုံထားသောစောင်ကိုဆွဲယူနေသလိုခံစားရလေသည်။ သို့သော် အားလုံးကအိပ်ရေးပျက်ထားကြ၍ အိပ်မက်လိုလို၊ဘာလိုလိုဖြစ်နေခဲ့လေသည်။
စောင်ကိုဟိုကဆွဲလိုက်၊ဒီကဆွဲလိုက်ပမာဖြစ်နေခဲ့လေသည်။ ထို့ကြောင့်သူမတို့လည်း အိပ်ပျော်နေရင်းမှမသိစိတ်မှတဆင့် စောင်ကိုလက်တို့ကဆုပ်ကိုင်ထားမိကြလေသည်။ သို့သော် သူမတို့ကအိပ်ပျော်နေခြင်းကြောင့်မူလကလောက်မသန်မာကြပါချေ။
သူမတို့လက်ထဲဆုပ်ကိုင်ထားသည့်စောင်ကို တဖက်သောသူက အကြမ်းပတမ်းဆောင့်ဆွဲချလိုက်လေသည်။ ထို့ကြောင့် မှေးခနဲအိပ်ပျော်နေသည့်သူမတို့ချက်ချင်းလန့်နိုးကုန်ကြရလေတော့သည်။ ထို့ကြောင့်နိုးနိုးခြင်းကြည့်လိုက်မိကြလေသည်။
ထိုအခါတွင် သူမတို့ခြုံထားသောစောင်ဟာ ကိုင်ဆောင်သူတယောက်မှမပါရှိလေပဲ အခန်းအပြင်ဖက်သို့တရွတ်တိုက်ပါသွားခဲ့ရလေသည်။ အကောင်အထည်မမြင်ရသော်လည်း တစုံတယောက်ကဆွဲယူသွားသည့်အသွင်မျိုးဖြစ်လေသည်။
“အယ် အမေ ကြောက်တယ် ကြောက်တယ် သမီးကိုကယ်ကြပါဦး ကယ်ကြပါဦး”
“ကယ်ကြပါဦး”
“ဟဲ့ ယု ယု အစ်မတို့ရှိတယ်လေ အားတင်းထား အားတင်းထား”
“အဟီးးး အီးး သမီးကြောက်တယ်မယုရဲ့ သမီးကြောက်တယ်”
“ကြောက်တယ် ငါတို့လည်းကြောက်တယ် အဟီးး အီးး အီးး”
အခန်းတွင်းဝယ် ကသုတ်ကရိုက်ဖြင့် မိန်းကလေးတို့၏ကြောက်လန့်တကြားငိုယိုသံများကပွက်လောက်ရိုက်သွားခဲ့ရလေသည်။ သူမတို့မကြောက်နေနိုင်ရိုးလား။ ဆွဲကိုင်သောသူကိုမမြင်ရပဲ ခြုံစောင်ကြီးကပါသွားခဲ့ရသည်ကိုး။
တကယ်လို့ ထိုနေရာတွင်သူမတို့မှမဟုတ်ပဲ အခြားသူဆိုလျှင်လည်း ကြောက်ရွံ့ထိတ်လန့်မိကြမည်က အသေအချာပင်ဖြစ်လေသည်။ အမျိုးသမီးတွေကြောက်လန့်တကြားငိုယိုကြလေသောကြောင့် သူမတို့အထဲတွင် အကြီးဖြစ်သလို၊သတ္တိကောင်းသောမခိုင်မှအားလုံးကိုဖက်ပြီးအားပေးနေလေသည်။
အမှန်တကယ်ဆို သူမလည်းကြောက်ရွံ့နေမိလေသည်။ သို့သော်သူမကအကြီးဆုံးဆိုတော့ သူမကြောက်ရွံ့ဟန်ပြပါက အခြားသူတို့အခြေအနေပိုဆိုးလာမည်ကိုစိုးရိမ်လေသောကြောင့် သူမကအားတင်းပြီး ငယ်ရွယ်သူတို့ကိုအားပေးနှစ်သိပ်ခဲ့ခြင်းဖြစ်လေသည်။
ဒါဟာအကြီးပီသသည်ဟု ဆိုရမည်သာဖြစ်လေသည်။ သူမတို့တွေ အိပ်ခန်းအတွင်းမှာပင်ထိုကဲ့သို့ကြုံတွေ့လိုက်ကြရလေသောကြောင့် ထိုအဆောင်(တိုက်ခန်း)တွင် ဆက်လက်နေထိုင်ရန်ဆန္ဒမရှိကြတော့ပါချေ။(နေကိုမနေရဲခြင်းဖြစ်လေသည်။
ထို့ကြောင့် သူမတို့ဟာ အဆောင်ပြောင်းရန်အတွက်ချက်ချင်းကိုစီစဉ်ရလေတော့သည်။ လွယ်တော့မလွယ်ပါချေ။ အဆောင်ငှားဖို့ဆိုသည်မှာ စျေးနှုန်းတခုတည်းတင်မဟုတ်ပဲ အဆောင်အလွတ်ကိုလည်းရှိမရှိရှာဖွေရသေးသောကြောင့်ဖြစ်လေသည်။
နောက်တချက်က ယခုသူမတို့နေထိုင်သည့်တိုက်ခန်းဟာ ခြောက်လစာစဘော်တင်ပြီးငှားရမ်းထားခြင်းဖြစ်၍ သူမတို့ဆက်လက်မငှားရမ်းတော့ပါက လုပ်ငန်းသဘောတရားအရ ထိုစဘော်ငွေဆုံးရှုံးရမည်သာဖြစ်လေသည်။
သို့သော် သူမတို့ဆက်လက်မငှားရမ်းသည်မှာ ခိုင်လုံသောအကြောင်းပြချက်ရှိနေသည့်အတွက်ကြောင့် အိမ်ရှင်သူဌေးမှသနားစာနာ၍ စဘော်ငွေကိုပြန်ပေးလျှင်တော့ သူမတို့ဆုံးရှုံးနစ်နာခြင်းမှလွတ်ကင်းမည်ဖြစ်လေသည်။
သူမတို့အနေဖြင့်ကတော့ ဘယ်လိုမှဆက်လက်မနေရဲတော့လေသောကြောင့် အိမ်ရှင်မှစဘော်ငွေပြန်ပေးပေး၊ မပေးပေး ထိုသည်ကိုသူမတို့သိပ်ထည့်မတွက်တော့ပါချေ။ အရေးအကြီးဆုံးအချက်က အိမ်ပြောင်းဖို့ရာသာအဓိကဖြစ်လေသည်။
ထိုသို့ဖြင့်အိမ်ငှားရှာရာ သူမတို့ကံကောင်းသည်ဟုဆိုရပေမည်။ မကြာမှီမှာပင် အိမ်ငှားရရှိသည့်အတွက်ကြောင့် သူမတို့တွေထိုအဆောင်မှအလျင်အမြန်ပင်ပြောင်းရွေ့လာခဲ့ကြလေတော့သည်။
** * ** *** ** * **
“အာ….မဟုတ်ပါဘူးစာရေးဆရာရယ် ရောဂါရှိတယ်လေ အဲ့ဒီရောဂါပေါ်လာလို့ သူဆေးကုပြန်ဖို့လုပ်တာပေါ့ အဲ့ဒီလိုပြန်ဖို့နှစ်ရက်အလိုမှဆုံးသွားရတာလေ”
“သြော် ဟုတ်လား သူကဘာရောဂါဖြစ်နေတာလဲမသိ”
စာရေးသူဟာ သူနှင့်အလုပ်တူအမျိုးသမီးမကေသီဦးထံမှသူသိလိုသောအချက်အလက်တို့ကိုမေးမြန်းနေခြင်းဖြစ်လေသည်။ မေးမြန်းဆို သူကထိုအဖြစ်အား ပရလောကဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်အဖြစ်ရေးသားနေခဲ့၍ဖြစ်လေသည်။
ထို့ကြောင့် သူအသေအချာမသိသေးသောအချက်တို့ကို ထိုအခင်းဖြစ်ရာသို့ရောက်ရှိခဲ့သောမကေသီဦးအားမေးမြန်းနေခြင်းရယ်ပါ။ ယခုမကေသီဦးရဲ့အဖြေအားကြားသော်သူမျက်လုံးပြူးသွားခဲ့ရလေတော့သည်။
အကြောင်းမှာ သူရေးပြီးခဲ့လေသောအပိုင်းတွင်မှာက ဆုံးပါးသူမိုင်တွင်ရောဂါမရှိကြောင်းရေးသားထားမိ၍ဖြစ်လေသည်။ ထိုသည်ကိုပြန်ပြင်မည်ဆိုပါက အချိန်လွန်စွာကုန်လေသောကြောင့် စာရှုသူတို့အတွက်ငှဲ့မိ၍ဖြစ်လေသည်။
“ဟုတ် အလွယ်ပြောတာကတော့ ကျောက်ကပ်ဖြစ်တာတဲ့စာရေးဆရာ ကျောက်ကပ်မကောင်းဘူးပြောရမှာပေါ့”
“သြော် ဟုတ် ဟုတ် အခုလိုစိတ်ရှည်လက်ရှည်ပြောပြပေးတဲ့အတွက် ကျေးဇူးတကယ်တင်ပါတယ်ဗျ”
“ရပါတယ်ဆရာရယ် ဒါလေးပြောပြရတာ ကျနော့်အတွက်ဘာအပမ်းကြီးတာလိုက်လို့”
👇10
စာရေးသူဟာ သတင်းသယ်ဆောင်လာသူမကေသီဦးထံမှတဆင့် မိုင်တို့သူငယ်ချင်းတွေကြုံဆုံခဲ့ရသည့်ဖြစ်ကြောင်းကုန်စင်နှင့်မိုင်ဆုံးပါးရခြင်းတို့အားအသေးစိတ်သိရှိခဲ့ရပါလေသည်။ အမှန်တကယ်ကို ထူးခြားဆန်းကြယ်ဖြစ်ရပ်ရယ်ပါ။
အဘယ့်ကြောင့်ဆိုသော် လူတဦးတယောက်ရဲ့ဝမ်းဗိုက်အတွင်းမှကလီစာတို့ တစုံတခုချို့ယွင်းတယ်ဆိုလျှင်ပဲ အနှီပုဂ္ဂိုလ်ဟာနေထိုင်မကောင်းတော့ပါချေ။ ယခု မိုင်ဟာချို့ယွင်းရုံမကပဲ ကလီစာတွေပျောက်ဆုံးနေခဲ့ရလေသည်။
ဒီအဖြစ်မှ မဆန်းကြယ်လျှင် မည်ကဲ့သို့သောအဖြစ်သနစ်မျိုးကိုမှထူးခြားဆန်းကြယ်သည်ဟုခေါ်တွင်ရလေမည်နည်း။ ထားလိုက်တော့။ ဒါကငြင်းဆန်နေလို့ကောင်းသောအရာတခုတော့မဟုတ်ပါချေ။
မငြင်းသင့်ပေမယ့် မိုင့်ဝမ်းဗိုက်အတွင်းမှကလီစာတွေဟာ အဘယ်သို့ပျောက်ဆုံးကုန်ရလေသနည်း။ ထိုမေးခွန်း၏ပဟေဠိကိုအဖြေညှိရသော် အချက်နှစ်ချက်ရှိလေသည်။ ၄င်းနှစ်ချက်ကတော့.?
စာစဉ်-(5)ဇာတ်သိမ်းခန်းသို့
#မယုံကြည်နိုင်ဖွယ်ရာမိန်းကလေးရဲ့အဖြစ်
စာစဉ်-(5)/ဇာတ်သိမ်း
မိုင့်ဝမ်းဗိုက်အတွင်းမှကလီစာတွေပျောက်ဆုံးကုန်ရခြင်းဟာ လူအများနှုတ်ဖျားတွင် ရေပန်းစားနေခဲ့လေသော သရဲစားခံရခြင်းဆိုသည်မှာအမှန်တကယ်ပဲလား။ သို့တည်းမဟုတ် သူမတွင်ဖြစ်ပေါ်နေသောကျောက်ကပ်ရောဂါကြောင့်ပဲလား။
မည်သူတဦးတယောက်ကမှ ယခုအချိန်အထိ တိကျသောအဖြေကိုဖြေကြားပေးနိုင်ခြင်းလုံးဝ၊(လုံးဝ)မရှိသေးပါချေ။ အဖြေမပေးနိုင်သော်လည်း ဘဝရေးအတွက်အမိမြေကိုစွန့်လာသူမိုင်ဟာအမိမြေသို့ ဘယ်တော့မှပြန်မရောက်နိုင်တော့ပါချေ။
အကယ်၍နောက်ဘဝဆိုတာရှိလာဦးမယ်ဆိုလျင်တော့ မိသားစုအတွက် မွေးရပ်မြေကိုစွန့်ခွာလာသူမိုင်တယောက် အမိမြေမှသူမအပြန်လမ်းစောင့်ကြိုနေကြမည့် မိဘ၊ညီကိုမောင်နှမများရဲ့ရင်ခွင်အတွင်းသို့ အောင်မြင်မှုအသပြာထုပ်အားပိုက်၍ပြေးဝင်ခိုလှုံခွင့်ရရှိပါစေခ။
ယခုကံဆိုးသူမိုင်နှင့်ဘဝတူအားလုံးတို့သည်လည်း အောင်မြင်မှုတွေနှင့်အတူ ရည်မှန်းချက်တွေအမြန်ပြည့်ဝပြီး အမိမြေကနေ မိမိတို့အပြန်လမ်းအားစောင့်ကြိုနေကြမည့် မိဘညီကိုမောင်နှမများထံသို့မနှေးအမြန်ပြန်ဆုံစည်းခွင့်ရရှိပါစေခ။
ကဲ စာရေးသူကိုယ်တိုင်အဖြေမညှိနိုင်ခဲ့လေသော တိုင်းတပါးတွင်မကြာသေးခင်ကမှအမှန်တကယ်ဖြစ်ပျက်ခဲ့ပြီး ကျွန်ုပ်စိုင်းဇာနည်{idea sai}ရေးသားဖော်ပြပေးသည့် #မယုံကြည်နိုင်ဖွယ်ရာမိန်းကလေးရဲ့အဖြစ် ဟု..?
အမည်ရဖြစ်ရပ်မှန်ပရဇာတ်လမ်းလေးအား ဤနေရာလေးမှာပဲ နိဂုံးကပါတ်အဆုံးသတ်လိုက်ရပါတယ်ခ။ စာရှုသူတဦးတယောက်ချင်းစီသို့ကျေးဇူးအထူးတင်ရှိပါတယ်ခ။
ပြီးပါပြီ
✍စာရှုသူများနှင့်ချစ်မိတ်ဆွေအပေါင်းအား အစဉ်၊ထာဝရ ချစ်ခင်လေးစားရပါသည့်~
#စိုင်းဇာနည်{idea sai}
စာပြီးချိန်-⏰5:47Am[MLS]
March 2.2025 Sunday
🙏#အမြန်ဆုံးအေးချမ်းသာယာပါစေခအမိမြေရယ်🙏