မယ်ရပြုံးချို(စ/ဆုံး)
——————
“”သာဓု….သာဓု…သာဓု””
နံနက်ခင်းတိုင်း ကြားရမြဲဖြစ်တဲ့ အမေ့ ရဲ့ ဘုရားရှိခိုးသံနှင့်အတူ ကျွန်မ အိပ်ယာနိုးလာသည်။အမေ့ရဲ့ အမျှဝေ သာဓုခေါ် ကြေးစည်ထုသံများ အကြား၊ ကျွန်မ ခေါင်းစုတ်ဖွားနဲ့ စောင်ခေါက်၊ လေးဖက်လေးလံ ချည်နောင်ထားတဲ့ ခြင်ထောင်ကြိုးများကို ဖြုတ်၍၊ ခြင်ထောင်ကို သပ်ရပ်စွာ ခေါက်လိုက်သည်။
ပြီးနောက် ခြေသလုံးအလယ်ထိရှည်သည့် ဆံနွယ်ရှည်များကို လက်ဖြင့် ရစ်၍ ဆံထုံး ထုံးကာ အခန်းထဲမှ ထလာပါတော့သည်။
အချိန်သည်လည်း၅နာရီခွဲတော့မည် ဖြစ်တာကြောင့် မျက်နှာသစ်၊သွားတိုက် အလျင်အမြန်လုပ်ရသည်။
ပြီးသည်နှင့် မီးဖိုချောင်ထဲ ၀င်၍ အုပ်ေစာင်းအောက်က ထမင်းကြမ်းကို အရသာနယ်ဖက် ကြက်သွန်ဆီသပ်၍ ကသိုက်ကရိုက် ကြော်လိုက်ပါသည်။
“”အမေ ထမင်းကြော်ပူပူလေး””
ဆနွမ်းဝါဝါဖြင့် ကြော်ထားသော ထမင်း ကြော်ကို ရေနွေးကြမ်းတစ်ခွက်နှင့်အတူ အမေ့ ဘေးနားရှိ စားပွဲပေါ်သို့ တင်ပေးလိုက်သည်။
အမေ သည် ထမင်းကြော်ကို ကြည့်၍ သက်ပြင်း တချက်ချပြီး။ ထမင်းကြော်ပန်းကန်ကို ဆွဲယူ၍ တမြုပ်မြုပ် စားပါသည်။
“”ဒီနေ့တော့ ပဲပြုတ်တောင်မပါ ပါလား””
အမေ့ရဲ့ ရေရွတ်သံခပ်တိုးတိုးကို မကြားချင်ယောင်ဆောင်လိုက်ရသည်။ရင်ထဲမှာတော့ မကောင်းဖြစ်မိသည်။
နေ့စဉ်နဲ့အမျှ ပဲပြုတ်ထမင်းဆီစမ်း၊ ထမင်းကြော် ပတ်လည်ရိုက်ပြီး စားနေရသည်မို့ အမေ ငြီးငွေ့နေဟန်တူသည်။
“”အမေ သမီး ဈေးထဲသွားလိုက်ဦးမယ်””
ဈေးခြင်းတောင်းကို ဆွဲ ၍ အိမ်အပြင် ထွက်မည် အပြု အမေက လှမ်းခေါ်သည်။
“” ဒီနေ့ အမေ့ ညနေသောက်နေကျ ဆေးလေး ကုန်ပြီ ၀ယ်ခဲ့ဦးနော်””
“”ဟုတ်ကဲ့ အမေ သမီးပြန်လာရင် ၀ယ်ခဲ့ပါ့မယ်””
အမေ့ကို မငြင်းရက်သည်မို့ ဟုတ်ကဲ့ ဟုဆိုခဲ့ရသော်လည်း၊ အမေ့အတွက် ဆေး၀ယ်ဖို့ ပိုက်ဆံ ကျွန်မမှာ မရှိပါ။
ဈေးခြင်းကိုဆွဲ ခပ်တည်တည်ဖြင့် ထွက်လာရပေမယ့် ဈေး၀ယ်ဖို့ ပိုက်ဆံ အလုံအလောက် မပါလာခဲ့ပါ။
ကျွန်မ သည် ငယ်စဉ်အခါက ဈေးထဲမှာ ကုန်စိမ်းေရာင်းသည့် အလုပ်ကို လုပ်ကိုင်ခဲ့ပြီး ၊မိဘနှစ်ပါးကို မချမ်းသာတောင် ချိုချဉ်ငံစပ် ပြည့်စုံအောင်ကျွေးနိုင်ထားနိုင်ခဲ့ပါသည်။
အရင်ကတော့ ငယ်သွေး ငယ်မာန် အပြည့် နဲ့ ဘယ်အလုပ်မဆို လုပ်နိုင် ကိုင်နိုင် ခဲ့လို့ အဆင်ပြေခဲ့ပြီး၊ ရွှေတိုငွေစလေးများလည်း စုဆောင်းနိုင်ခဲ့ပါသည်။
ကံကြမ္မာဆိုတာ အမြဲတမ်း မတည်နိုင်လောက နိယာမ အတိုင်း ကျွန်မရဲ့ သာယာပြည့်စုံတဲ့ ဘ၀ထဲမှာ ထင်မှတ်မထားတဲ့ ကံဆိုးမှုတစ်ခု ကျရောက်လာပါတော့သည်။
ဤသည်မှာ အဖေ့တွင် ကျောက်ကပ်ရောဂါ ဖြစ်နေသည်ကို အချိန်လွန်မှ သိခဲ့ရခြင်းပင်။
ကျောက်ကပ် ပျက်စီးနေသူ အဖေ့ အတွက် ကျွန်မ မှာ ရှိသမျှ ထုခွဲရောင်းချပြီး အစွမ်းကုန် ကုသပေးခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ဆေးရုံတတ်ပြီး ၂လအကျော်မှာ အဖေ ဆုံးသွားခဲ့သည်။
အချိန်ဟာ ၂လ ကျော်ဆိုပေမယ့်၊ဆေးကုသစရိတ်ကြီးလွန်းတာကြောင့် ကျွန်မမှာ ရှိသမျှ စုဆောင်းထားသည်များ ကျပျောက်သွားသကဲ့သို့ ကုန်ဆုံးသွားရသည်။
လူလည်းဆုံး ၊ငွေလည်းကုန် ဖြစ်ခဲ့ရတာမို့ ထိုအချိန်တွင် ကျွန်မ စိတ်တွေပြိုလဲခဲ့ရသည်။သို့သော်လည်း ကျွန်မ ဘ၀ရဲ့ တစ်ဦးတည်းသော သွေးသားဖြစ်သည့် အမေ ရှိနေသေးတာမို့ ရှေ့ဆက်ဖို့ရာ အားတင်းခဲ့ရပြန်ပါသည်။
စုဆောင်းထားသည်များလည်း ကုန်၊ အရင်လို အလုပ်တွေ ပြန်လုပ်ချင်ပါသော်လည်း ကျွန်မ လုပ်တတ်သည်က ဈေးရောင်းသည့်အလုပ်အပြင်မရှိပေ။ဈေးရောင်းမည် စဉ်းစားသော်လည်း အရင်းအနှီးကမရှိတာမို့ လုပ်လို့မရ၊ ငွေတိုးချေး၍ အရင်းတည်မည်ဟု ကြံမိသော်လည်း အရင်းထက် အတိုးများတဲ့ လောဘသားများဆီက ယူမိပါက ဘ၀ဟာ ပို၍ နစ်သထက် နစ်မည်ကို တွေးမိလေတော့ မဖြစ်ပြန်။
သည်လိုနှင့်ကြံရာမရဖြစ်ခါ အရင် ရောင်းခဲ့ဖူးတဲ့ ဈေးကြီးထဲက အသိ မိတ်ဆွေ တွေရဲ့ ဆိုင်တွေမှာ နေ့စဉ်နေ့တိုင်း ကြုံရာ ကျပန်းအောက်ခြေသိမ်းအလုပ်များ လုပ်ကိုင်ပေးပြီး၊ သူတို့ပေးသည့် မုန့်ဖိုးပဲဖိုးလေးနဲ့ အမေ့အတွက် ဆေးဖိုး၊နှင့်သားအမိနှစ်ယောက် ၀မ်းစာ ဖြည့်နေရပါသည်။
“””မယ်ရပြုံးချို ရေ မခင်မူ တို့ ဆိုင်မှာ ကုန်တွေချထားခဲ့တယ်တဲ့ အဲဒါ သွားယူပေးပါဦး””
“”ဟုတ်ကဲ့””
“”မကြီး ပြူံးချိုရေ သုခလမ်းထဲက မမြင့်တို့ အိမ်သိတယ်မလား ၊အဲဒီအိမ်ကို ပုစွန်ခြောက် ၅ပိဿာ သွားပို့ပေးပါဦး””
“”အေးအေး ညီမလေး မခင်မူဆိုင်ကပြန်လာရင် သွားပို့ပေးမယ်နော်””
“”မယ်ရပြူံးချို ရေ ငါ့ကို ထမင်းစားချိန်ကျရင်လေ ဈေးမြောက်ဘက်ပေါက်က ထမင်းဆိုင်မှာ ထမင်းဟင်းငပိရည်တို့စရာအစုံလေး ၀ယ်ပေးပါဦး၊ ငါ့ဖို့၀ယ်ရင်း ညည်းအ မေ အဒေါ်ကြည် ဖို့ပါ ၀ယ်ခဲ့လိုက်လေ နော့””
ပုစွန် ခြောက်သည် မတိုး စကားကြားတော့ ကျွန်မ ရင်ထဲ ၀မ်းသာသွားသည်။ ဒီနေ့ တော့ အမေ့ ကိုဆိုင်ထမင်းဟင်းကောင်းကောင်းလေး ကျွေးရတော့မည်။နေ့လယ် ထမင်းစားနားချိန် အမေ့ကို ထမင်းဟင်းသွားပို့ရင် အမေ ပျော်နေမှာ သေချာသည်။
သည်လိုနှင့် ကျွန်မ ဘ၀ နေ့စဉ်နေ့တိုင်းဟာ ဈေးကြီးရဲ့ တောက်တိုမယ်ရ အဖြစ် ဖြတ်သန်းရှင်သန်နေရသည်မှာ ကြာခဲ့လေပြီ။
ဒီလိုဘ၀မျိုးမှာ ကျေနပ် စရာတစ်ခုရှိသည်က အိမ်ငှားဘ၀ နှင့် မနေရခြင်းပင်။ စားစရိတ်ပင်ရှာလို့ မလွယ်ကူချိန် အိမ်ငှားစရိတ်ပါရှာရမည်ဆိုက မလွယ်လှပေ။ကျွန်မတို့ လက်ရှိ နေအိမ်လေးသည် ကျဉ်းသည်ဟု ဆိုသော်လည်း သားအမိနှစ်ယောက်စာ အတွက်တော့ နေ သာ ထိုင်သာ ရှိပါသည်။ ဒီအိမ်ကလေးကို အဖေနှင့်အမေ အိမ်ထောင်ဦးအစ တည်းက ၀ယ်ခဲ့သည်မို့ ဘယ်လိုအရေးကိစ္စ ပေါ်လာပါစေ မရောင်းမချခဲ့၍ ကျန်ရှိနေခြင်းဖြစ်သည်။
ကျွန်မ ဟာ ဈေးရုံကြီးထဲက အလုပ်သမ တစ်ဦးဖြစ်သည်။ ဘယ်ဆိုင်၊ဘယ်သူ့ရဲ့ ၀န်ထမ်း အလုပ်သမ လဲဟု မေးပါက ကျွန်မ တွင် အဖြေမရှိ၊ ကျွန်မသည် တစ်ဈေးလုံးရဲ့ အလုပ်သမ ဖြစ်သည်။
ဒါကြောင့် ကျွန်မကို မယ်ရပြုံးချို ဟု စနောက်
ေခါ်ဆိုရင်း ဈေးကြီးထဲမှာ မယ်ရ ပြုံးချို ဟု နာမည်တွင်သွားခဲ့သည် ။
တောက်တိုမယ်ရ အလုပ်လုပ်ရသူဖြစ်တာမို့ တောက်တိုကို ဖြုတ် မယ်ရ ဟု အဖျားစွတ်ခါ အမည်အရင်းနှင့်ပေါင်းထည့် ခေါ်ဆိုကြခြင်းဖြစ်၏။
သည်လိုနဲ့ ကျွန်မ ၏ ဈေးကြီးထဲက တစ်နေ့တာ အလုပ်တွေပြီး ဈေးပိတ် အိမ်ပြန်ချိန်ရောက်လေသည်။လက်ထဲမှာ ဟိုလူ ဒီလူပေးလိုက်သည့် စားစရာအချို့နှင့် တောက်တိုမယ်ရ လုပ်ပြီး ရလာသည့် မုန့်ဖိုးတွေ ပါလာခဲ့သည်။
အိမ်အပြန်လမ်းကို လျှောက်နေရင်း အမေ့ ဆေး ၀ယ်ရမည်ကို သတိရမိတော့ ကျွန်မ ခြေလှမ်းတွေ တုန့်ခနဲ ရပ်တန့်သွားသည်။
လက်ထဲ ရှိ ပိုက်ဆံခပ်နွမ်းနွမ်း အလိပ်လေးကို ဖြည်၍ ရေတွက်ကြည့်လေတော့၊ အမေ့ ဆေးဖိုး မပြည့်ပေ။မပြည်တာမှ တကဒ်စာ ပင်မရနိုင်။
ကျွန်မ ခေါင်းခြောက်သွားသည်၊ ရင်ထဲမှာမွန်းကြပ်လာမိသည်။အမေ သည် သွေးတိုး၊ ဆီးချို ရှိသူမို့ သောက်ရသည့်ဆေးကများသလို၊၀ယ်ရသည်မှာလည်း ဈေးကြီးသည်။
အရင်က ကုန်စုံဆိုင်ပိုင်ရှင် မရည်မွန်က အမေ့အတွက် ဆေးဖိုး ဆိုပြီးမကြာခဏ ပေးတတ်သလို၊ လုပ်အား မုန့်ဖိုးလည်း ပိုပိုသာသာပေးတာမို့ စုဆောင်းပြီး ၀ယ်ပေးနိုင်ခဲ့သော်လည်း။
ယခုအခါ စီးပွားရေးအခြေအနေ၊ ကုန်ဈေးနှုန်း တွေ မြင့်တတ်နေတာကြောင့် သူလည်း မပေးနိုင်တော့သလို၊ ကိုယ်လည်းပဲ မစုဆောင်းနိုင်တော့ပဲ စားဖို့ အနိုင်နိုင် လုပ်နေရသည်အခြေအနေဖြစ်သည်။
အမေ့ ဆေး မ၀ယ်ဘဲ အိမ်ပြန်သွားလျှင် အမေ စိတ်မကောင်းဖြစ်မည်မှာ မလွဲပေ၊ အဖေ့ကို ဆုံးရှူံးရသလိုအမေ့ကို ဆုံးရှုံးရမည့်အဖြစ်မျိုး ကျွန်မမလိုချင်ခဲ့ပါ။
အမေ့ ဆေး၀ယ်ဖို့မလုံလောက်သည့် ခပ်နွမ်းနွမ်း အလိပ်လေးကို ကြည့်ရင်း ကျွန်မ ခြေလှမ်းတွေ လေးလံနေခဲ့ပါသည်။
“”အမယ်လေး မနည်းစေရဘူး ကိုယ့်အစ်မ စိတ်သာချ ကိုယ့်အစ်မ ဆံပင်က သူများဆံပင်နဲ့မတူဘဲ အရမ်းလှလွန်းလို့ ကျွန်မက ဒီဈေးပေး ၀ယ်တာနော်””
အသံကြားရာကိုလှမ်းကြည့်မိတော့ အသဲမ ဆိုတဲ့ မိန်းမလျာ လေးက အမျိုးသမီး တစ်ဦး ၏ ထူထဲရှည်လျားသော ဆံနွယ်တွေကို ဖြတ်တောက်ရင်း အာဘောင်အာရင်းသန်သန်စကား ပြောနေသည်ကို မြင်ရသည်။ထိုဆိုင်ထဲကို တွေတွေကြီး ကြည့်နေရင်း။အစောက ဆံပင် အရှည်အမျိုးသမီး၏ ဆံပင်တွေဟာ မျက်စိ တမှိတ်အတွင်းမှာပင် လက်တထွာ စာလောက်သာ ရှိတော့သည်ကို မြင်လိုက်ရသည်။
အသဲမ ဆိုသည့် မိန်းမလျာလေးက ထိုအမျိုးသမီးကြီး၏ လက်ကျန်ဆံပင်များကို မနည်းမရ စု၍ စည်းပေးပြီးနောက်၊ ထိုအမျိုးသမီး လက်ထဲသို့ ပိုက်ဆံ တသောင်းတန်အုပ် ထည့်ပေးလိုက်သည်။
နှစ်ရှည်လများ တန်ဖိုးထားပြီး အမြတ်တနိုး ထိန်းသိမ်း ခဲ့ရသည့် မိမိ ဆံနွယ်တွေကို ဘာကြောင့်များ မိနစ်ပိုင်းအတွင်းမှာ ဖျက်စီးပစ်ရတာပါလိမ့်၊ ကျွန်မ စိတ်ထဲမှာ ထိုအမျိုးသမီးကို မေးခွန်းထုတ်နေမိသည်။
ခဏကြာတော့ ထိုအမျိုးသမီး ဆိုင်ထဲက ထွက်လာသည်။ပြီးနောက် ပိုက်ဆံအုပ်ကို ကြည့်၍ သက်ပြင်း တချက်ချခါ ရှေဆက် လျှောက်လာသည်။ ကျွန်မ ဘေးတွင် ကပ်၍ ဖြတ်သွားသော ထိုအမျိုးသမီး ၏ မျက်နှာပေါ်တွင် မြင်တွေ့လိုက်ရသည့် အရာက မျက်၀န်းအိမ်ထဲမှ စီးကျနေသော မျက်ရည်စက်တို့ပင် ဖြစ်သည်။
သူမနှင့်အတူ ကျွန်မ သည်လည်း သက်ပြင်း
တချက်ချလိုက်မိသည်။
~~~~~~~~~~~~~~~~~~~~~
“”ပြုံးချို ပြန်လာပြီလား””
တံခါးဖွင့်သံကြားတော့ အမေ က လှမ်းအော်မေးရှာသည်။
“”ဟုတ်ကဲ့ အမေ ။
အမေ မနက်က ထမင်းစားကောင်းရဲ့လား””
“”အမယ်လေး မေးမှမေးတတ်ပါပေ့ ပြုံးချိုရယ် နာမည်ကြီးဆိုင်က ထမင်းဟင်းဆိုတဲ့အတိုင်း လက်ရာကတော့ တခါစား တသက်မမေ့ဘဲ၊ ဒီလိုဟင်းထမင်း စိုစိုဖက်ဖက်မစားရတာကြာလို့လားမသိ စားလို့ ကောင်းကောင်းနဲ့ စားပလိုက်တာ အခုထိကို ဗိုက်ပြည့်နေတုန်း””
အမေ့ဆီက ဒီလိုစကားကြားတော့ ထမင်း ၀ယ်ကျွေးတဲ့ ပုစွန်ခြောက်ဆိုင်ပိုင်ရှင် မတိုးကို ကျေးဇူးတင်မိပါသည်။
“”အခုထိ ဗိုက်ပြည့်နေပြီဆိုတော့ ဒုက္ခပါပဲ အမေရယ်””
“”ဟဲ့ ဘာဖြစ်လို့တုန်း””
“”ဒီမှာလေ သမီးက အမေ စားဖို့ ခေါက်ဆွဲကြော်တွေ ၀ယ်လာတာ။အမေက ဗိုက်ပြည့်နေတယ် ဆိုတော့…””
“”အိုအေ ခေါက်ဆွဲကြော်လေး တစ်ပွဲလောက်ကတော့ ၀င်ပါသေးတယ်အေ့ ညည်းကလည်း””
ကျွန်မ အသံထွက်၍ ရယ်လိုက်မိသည် ။
“”စတာပါ အမေရယ်၊ အမေ့အတွက်၀ယ်လာတာမို့ အမေ စားရမှာပါ၊ အမေ ဗိုက်ဆာတဲ့အချိန်စား ၊ အုပ်ေစာင်းအောက်မှာ ထားလိုက်မယ်နော်၊ ပြီးတော့ ဒီမှာ အမေ့အတွက် ဆေး၊ ၂လ စာ တခါတည်း ၀ယ်ထားလိုက်တယ်””
၀ယ်လာတဲ့ ဆေးတွေကို အမေ့ လက်ထဲထည့်ပေးလိုက်တော့ အမေ ့ မျက်နှာ မှာ ၀မ်းသာပျော်ရွှင်သွားပုံရသည်။အမေ့ မျက်နှာ ကြည်လင်လာသည်။ကျွန်မ အဖို့တော့ ဘယ်လိုပဲ ပင်ပန်းသောက ရောက်ရပါစေ အမေ့ အပြူံးလေး တစ်ချက် မြင်ရရင်ပဲ ပင်ပန်းသမျှ သဲထဲ ရေသွန်လိုက်သကဲ့သို့ အမောပြေရပါသည်။
“”ဆေးက ၂လ စာဆိုတော့အများကြီးပေးရမှာပေါ့၊ ငါ့သမီး ပိုက်ဆံတွေ ဘယ်က ရလဲ””
“”ဟို..ဟို…အမေ့ကို မနက်က ထမင်း၀ယ်ကျွေးတဲ့ ပုစွန်ခြောက်ဆ်ုင်က မတိုးလေ သူ က ကုသိုလ်ပြုလ်ုက်တာပါ””
“”ဩ….စိတ်သဘောထားကောင်းလိုက်တာကြတာနော် ဒါကကြောင့်လည်း အကျိုးပေးကောင်းပြီး ချမ်းသာကြတာဖြစ်မယ်၊ဘယ်လိုပဲ ဖြစ်ဖြစ် ဤ ကုသိုလ်ကောင်းမှုကြောင့် ပို၍ ပို၍ ကြီးပွားတိုးတက်ကြပါစေ…အမေ ကအမြဲ မေတ္တာပို့ပေးနေပါတယ်လို့ ပြောပေးနော် သမီး””
‘”ဟုတ်ကဲ့ ပါ အမေရဲ့ ပြန် ပြောပေးမယ်ေနာ်၊
ကဲ ဒီလိုဆို သမီး ရေမိုးချိုး လိုက်ဦးမယ်နော်”
“”အေးအေး ၊ သမီးရေချိုးပြီးမှ အမေတို့သားအမိတွေ ခေါက်ဆွဲကြော်အတူတူ စားကြတာပေါ့၊ ငါ့သမီး က အလုပ်လုပ်နေရတဲ့သူဆိုတော့ အားရှိဖို့လိုတယ်မဟုတ်လား””
“”ဟုတ်ကဲ့ ဟုတ်ကဲ့””
~~~~~~~~~~~~~~~~~~~~
“””သာဓု….သာဓု….သာဓု..””
ထုံးစံအတိုင်းအမေ့ရဲ့ ဘုရားရှိခိုးအမျှ ဝေသံနှင့်အတူ ကျွန်မ အိပ်ယာမှ န်ိုး လာသည်။
မပွင့်တပွင့် မျက်လုံးများကို ပွတ်သပ်၍ အိပ်ယာပေါ်မှ ကုန်းထပြီး ေစာင်၊ခြင်ထောင်များ ကိုသပ်သပ်ရပ်ရပ် သိမ်းလ်ုက်ပါသည်။
“”အမယ်လေး..””
ကျွန်မ ၏ ဂုတ်တွင် အစင်းရာ နှစ်ကြောင်းပေါ်လာသည်။
“”အလိုလေး…ပေါက်သွားတာပဲ၊
ဟင်း….နောက်နေ့ဆိုရင်တော့ သတိထားပြီး ဖီးမှပဲ…””
ပေါက်သွားသော နေရာရှိ ဆံပင်ကို အသာအယာ သပ်ယူပြီးနောက် စုစည်းလိုက်ပါသည်။
စည်းနှောင်ထားသော ဆံစု ငုတ်တိုလေးကိုကြည့်၍ တချက် ငိုင်သွားသည်။ နှစ်ရှည်လများ မြတ်နိုးတန်ဖိုးထားခဲ့ရသော ဆံနွယ်လေးတွေ ကျွန်မ ဦးခေါင်းတွင် မရှိတော့ပေ၊ အသဲမ ဆိုသော မိန်းမလျာလေး၏ ဆိုင်တွင် ကျန်ရစ်ခဲ့လေပြီဖြစ်သည်။
“”ပြုံးချိုရေ ဒီနေ့ဆိုင်ခင်း သွားစရာရှိတယ်ဆို မထသေးဘူးလား””
အမေ့ အသံကြားတော့ မျက်၀န်းအိမ်တွင်းမှ ပြိုစင်းလုနီးပါး ဖြစ်နေသည့် မျက်ရည်စတွေကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်း ပွတ်လိုက်ပြီးနောက် ၊ အိပ်ယာဘေးတွင် ရှိနေသည့် ဆံတု အရှည်ကို ယူ၍ ကောက်စုပ်လိုက်ခါ အခန်းထဲမှ အလျင်အမြန်ထွက်ရပါတော့သည်။
“”ထ ပါပြီအမေရဲ့ ဆံပင် ဖီးနေလို့ ကြာနေတာပါ””
အမေ့ ရှေ့မှ အလျင်အမြန် ဖြတ်လျှောက်ပြီး ရေချိုးခန်းသို့ သွားရန်ဟန်ပြင်နေချိန်…။
“”သမီး…ပြူံးချို””
အမေ့ ခေါ်သံနှင့်အတူ ကျွန်မ တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။ ချက်ချင်းဆိုသလို နောက်ကိုလှည့်ကြည့်လိုက်ရာ..။
!!ဟင်…!!!
ကျွန်မ ဘာစကားမှ မပြောနိုင် တွေတွေကြီး ကြည့်နေမိသည်။
“”အမေ အသက်ရှည်ကျန်းမာဖို့ ငါ့သမီး ရဲ့ ဆံပင်လှလှလေးတွေကိုဖြတ်ေတာက်ခဲ့ရုံမက၊ အမေ စိတ်ချမ်းသာဖို့ ဒီဆံပင်အတု ကြီးကို အပူခံပြီးတပ်ထားပေးဦးမလို့လား အမေ့ သမီး ပြုံးချိုမ””
အမေ့လက်ထဲတွင် ကျွန်မ ခေါင်းပေါ်မှ ဆံပင်တုကြီးရောက်လို့နေပြီဖြစ်သည်။ အမေ့ မျက်၀န်းအိမ်တွင်လည်း မျက်ရည်စတွေစီးလို့နေပြီဖြစ်သည်။
အခန်းထဲမှာထိန်းထားခဲ့သော ကျွန်မ ၏ မျက်ရည်စတွေဟာ မျက်၀န်းအိမ်တွင်းမှ တိုးဝှေ့ထွက်လာပါတော့သည်။
အမေ့ ရင်ခွင်ဆီသို့ ပြေး၍ ကလေးငယ်တစ်ယောက်ကဲ့သို့ ငိုချလိုက်ပါတော့သည်။
သည်လိုနဲ့ပဲ.အ မေ အို နှင့် .မယ်ရပြုံးချို ကျွန်မ ဘ၀ မျက်ရည်မခမ်း ဘ၀ခရီးကြမ်း…ရှေ့ဆက်ရပါလေဦးမည်……..။
#နွေပန်းအိမ်🍀