မရခဲ့မိသောနောင်တ

Posted on

*မရခဲ့မိသောနောင်တ*📖📖📖

**************************************

အကျဉ်းထောင်အလုပ်စခန်း(ရဲဘက်စခန်း) ဗဟိုကင်းက-
“တောက်-တောက်- တောက်တောက်တောက်” ဆိုတဲ့ ခေါက်သံ ဆုံးတာနဲ့ ကိုထွန်းအောင်တယောက်-
“တောက်- တောက်- တောက်တောက်တောက်” လို့ တီးပြီး
“အိပ်ဆောင်-၁ အလှည့်ကျ ဗာယာ(ဘိုင်ရာ) ထွန်းအောင် အိပ်ဆောင်ဝင် ၄၈ ယောက် ကောင်းမွန်စွာရှိ” လို့ အော်တယ်။
အိပ်ဆောင်-၂
အိပ်ဆောင်-၃
အိပ်ဆောင်-၄
စသဖြင့် အလှည့်ကျတဲ့ အကျဉ်းသားတွေက ဗဟိုကင်းကို သတင်းပို့ကြရတယ်။
အဲ့လိုသတင်းပို့ပြီးတော့ ကိုထွန်းအောင်တယောက် အင်္ကျီအိပ်ကပ်ထဲ အမြဲထည့်ထားလေ့ရှိတဲ့ ချွေးနဲ့စိုပြီးမပျက်စီးအောင် ပလတ်စတစ်လောင်းထားတဲ့ သမီးရဲ့ဓါတ်ပုံလေးကိုထုတ် ကြည့်ပြီး အားရပါးရနမ်းမိတယ်။
ပြီးတော့ စိတ်အလျဉ်က အတိတ်ကို ပြန်ရောက်သွားတော့တယ်–
+++++++++++++++++++++++++++++++++++++++
ကိုထွန်းအောင်နဲ့ မအေးခိုင်တို့က တရွာထဲနေကြတဲ့သူတွေ-
လူပျို၊အပျိုသဘာဝ ချစ်ကြိုက်ကြရာကနေ နှစ်ဖက်မိဘတွေကလည်းသဘောတူတော့ တောင်းရမ်းလက်ထပ်ယူကြတယ်ပေါ့။
ကိုထွန်းအောင်ဘက်က မိဘတွေက စိုက်ပျိုးဖို့မြေနဲ့ နွားတရှဉ်းပေးတယ်။
မအေးခိုင်ဘက်က မိဘတွေက ရွာအစွန်နားက အိမ်ခြံကွက်
တကွက်ပေးတယ်။
အဲ့ခြံကွက်မှာပဲ အိမ်ဆောက်ပြီး လင်မယား၂ယောက် အတူနေကြတယ်။
ကိုထွန်းအောင်မိဘတွေပေးထားတဲ့ စိုက်ပျိုးမြေလေးမှာ
ပဲစိုက်၊ ပြောင်းစိုက်တယ် မြေကလည်းကောင်းတော့
သီးနှံဖြစ်ထွန်းတယ် လင်မယား၂ယောက်အတွက် စားဖို့၊
ဝတ်ဖို့ နေဖို့ မပူပင်ရဘူး အေးချမ်းတဲ့ဘဝလေးပါပဲ။
အဲ့လိုနဲ့နေလာရင်း ၃ နှစ်လောက်မှာ သူတို့၂ယောက်ဘဝထဲကို တစ်စုံတယောက် တိုးဝင်လာတယ်။
သူကတခြားမဟုတ် သူတို့ရဲ့ ရင်သွေးလေးပေါ့။
ရွာမှာရှိတဲ့ သားဖွားဆရာမက မအေးခိုင်မှာ ကိုယ်ဝန်ရှိတယ်
ဆိုတာ ပြောပြတဲ့နေ့ သူတို့လင်မယား၂ယောက် ပျော်လွန်းလို့ ထမင်းတောင် မစားနိုင်လောက်အောင်ပါပဲ။
ခေတ်ကာလနဲ့ တောအရပ်ဒေသမို့ သားလေးလား သမီးလေးလား ကြိုမသိရပေမယ့် သားပဲဖြစ်ဖြစ် သမီးပဲဖြစ်ဖြစ်
ချစ်မယ် ဆိုတာပဲ သူတို့သိကြတယ်။
ကိုးလလွယ်၊ ဆယ်လဖွားဆိုတာက သူတို့အတွက် ကြာလွန်းတယ်လို့ ထင်နေကြတယ်။
ကိုယ့်ရင်သွေးလေးကို မြင်ချင်နေကြပြီလေ။
+++++++++++++++++++++++++++++++++++++++
မအေးခိုင်ကိုယ်ဝန်နဲ့ရှိစဉ်မှာပဲ သူတို့ဘေးကခြံမှာ ဦးဝင်းနဲ့
ဒေါ်ခင်ဌေးတို့လင်မယားက အိမ်ဆောက်ပြီးလာနေတယ်။
အရင်က သူတို့လင်မယားက ရွာထဲမှာမနေဘူး ရွာနဲ့ ၄မိုင် ၅ မိုင်လောက်ဝေးတဲ့ အခင်းတဲမှာပဲနေကြတာ။
နောက်ပိုင်း ဒေါ်ခင်ဌေးက ကျန်းမာရေးချူခြာတော့ ဆေးမှူးဆီကို အခင်းတဲကနေ လာပြရတာ၊ ဆေးမှူးကို အခင်းတဲကို ပင့်ရတာ ဒုက္ခရောက်လွန်းလို့ ရွာထဲကိုပြောင်းလာကြတာ‌တဲ့။
တရွာထဲသားတွေကလည်းဖြစ် အိမ်နီးချင်းလည်းဖြစ်တော့ အိမ်ဆောက်တာကအစ ကိုထွန်းအောင်က ကူညီပေးတယ်။
လုပ်စရာအလုပ်ရှိရင်လဲ ကူလုပ်ပေးတယ်။
ဒေါ်ခင်ဌေးကလဲ မအေးခိုင်ကို ဘယ်လိုနေ၊ ဘယ်လိုထိုင်
ဘာတော့ဖြင့် စားရင်မတည့်ဘူး စသဖြင့် ဂရုစိုက်တယ်။
တကယ့်မိဘနဲ့ သားသမီးလိုပဲပေါ့။
မအေးခိုင်မီးဖွားမယ်ဆိုတော့ ရွာမှာရှိတဲ့ သားဖွားဆရာမနဲ့ ဆေးမှူးက မီးဖွားပေးတယ်။
ကလေးက ပုံမှန်အနေအထားမဟုတ်တော့ မီးမဖွားနိုင်ဖြစ်တဲ့အခါ မြို့ပေါ်ဆေးရုံကို ပြေးရတယ်။
ဆေးရုံက ဆရာဝန်ကြီးတွေ ခက်ခက်ခဲခဲနဲ့ ကြိုးစားမွေးပေးလို့ ကလေးရော အမေပါ ကျန်းကျန်းမာမာနဲ့ မွေးဖွားခဲ့တယ်။
သမီးမိန်းကလေးပေါ့။
ကိုထွန်းအောင်တို့လင်မယား ပျော်လို့မဆုံးပေါ့။
ဒါပေမယ့် ဆရာဝန်ကြီးက မှာလိုက်တာ တစ်ခုရှိတယ်
မအေးခိုင်ရဲ့ သားအိမ်က ပုံမှန်အနေအထားမဟုတ်လို့ နောက်ထပ် ကလေးမယူသင့်ဘူး ကလေးရောအမေပါ အသက်အန္တရာယ် ရှိနိုင်တယ်တဲ့–
တကယ်တော့ ကိုထွန်းအောင်တို့ လင်မယားက ကလေး
တယောက်ထဲဆို သူတို့မရှိတော့တဲ့အခါ အပြန်အလှန်ကူညီမယ့် ညီအစ်ကိုမောင်နှမ မရှိမှာစိုးလို့ ကလေး ၂ယောက်ယူမယ်လို့ တွေးထားကြတာ-
ဒါပေမယ့်လည်း အခုသမီးလေးတယောက်ရှိပြီပဲ ဒီသမီးလေးကိုပဲ ပုံပြီးချစ်မယ် ဆိုတာမျိုး ဖြေသိမ့်ကြတာပေါ့။
ကလေးကို နာမည်ပေးမယ်ဆိုတော့ ကိုထွန်းအောင်က ပြောတယ်-
“မိန်းမရေ သမီးလေးကို နာမည်ပေးမယ်ဆိုရင် ယောက်ျား စဉ်းစားထားတာရှိတယ်”
“ဘာများလဲ ယောက်ျားရဲ့ ”
“ဆရာဝန်ကြီး အပြောအရ မိန်းမက ကလေးမီးဖွားဖို့မလွယ်ဘူး အသက်အန္တရာယ်ပါရှိတယ် ပြောတယ်
သမီးလေးကတော့ အန္တရာယ်မရှိမွေးလာတယ်”
“ဟုတ်ပါ့တော်”
“အဲ့တော့ သမီးက တို့လင်မယားကို နတ်ကောင်း၊နတ်မြတ်တွေပေးလိုက်တဲ့ ဆုကောင်း၊ ဆုမြတ် ဖြစ်မယ်မိန်းမရဲ့
အဲ့တော့ သမီးလေးကို’ဆုမြတ်’ လို့နာမည်ပေးရအောင်”
“ကောင်းသားပဲ ယောက်ျားရဲ့ နေအုံး ယောက်ျားနာမည်လဲ ပါသွားအောင် ‘ဆုမြတ်အောင်’ ဆိုရင်ကော ဘယ်လိုလဲ”
“ပိုကောင်းတာပေါ့ မိန်းမရယ် အိမ်မှာခေါ်ရင် ဆုမြတ်
မွေးစာရင်းတို့ ကျောင်းထားတာတို့ဆိုရင်’ ဆုမြတ်အောင်’ ကောင်းတယ်ဟေ့ -”
အဲ့ကစပြီး သမီးလေးနာမည်က “ဆုမြတ်အောင်” တဖြစ်လဲ
“ဆုမြတ်”ဖြစ်လာတယ်။
+++++++++++++++++++++++++++++++++++++++
ဦးဝင်းတို့လင်မယားကလည်း ဆုမြတ်လေးကို အရမ်းချစ်ကြတယ် လက်ပေါ်ကမချဘူး။
သူတို့လင်မယား ယာထဲကိုင်းထဲ အလုပ်သွားရင် ဒေါ်ခင်ဌေးက ဆုမြတ်လေးကိုထိန်းတယ်။
ဆုမြတ်လေးက မွေးကင်းစကတည်းက မိဘကို ဒုက္ခ မပေးဘူး အရမ်းအေးချမ်းတဲ့ကလေးပေါ့-
အဲ့လိုနဲ့ ပြက္ခဒိန်တွေ အကြိမ်ကြိမ်ပြောင်း ဆုမြတ်လေး ကျောင်းထားရမည့် အရွယ်ရောက်တော့ ကျောင်းထားတယ်။
ရွာကကျောင်းကို အကြိုအပို့ကအစ ကိုထွန်းအောင်တို့
ပို့ရတာနည်းတယ်။
ဦးဝင်းနဲ့ ဒေါ်ခင်ဌေးက တလှည့်စီပို့ကြတယ်။
ဆုမြတ်လေး ၃ တန်းနှစ်မှာ ဒေါ်ခင်ဌေး ရောဂါဖောက်လာပြီး ဆုံးသွားတယ်။
အဲ့တော့ ဦးဝင်းတယောက်ထဲကျန်တယ်။
ကိုထွန်းအောင်တို့က နေ့တိုင်း ထမင်းဟင်းချက်ပြီး ဦးဝင်းကို ပို့ပေးတယ်။
မိဘ အရင်းလိုပဲပေါ့။
သူတို့လင်မယား ယာထဲ၊ ကိုင်းထဲ သွားတဲ့အခါ ဆုမြတ် ကလေးကို ဦးဝင်းက ကျောင်းကြို ကျောင်းပို့လုပ်တယ်။
ဆုမြတ်လေးကလည်း “ဖိုးဖိုး ဖိုးဖိုး” နဲ့ အရမ်းခင်တယ်။
အဲ့လိုနဲ့ ဆုမြတ်ကလေး ၄တန်း အသက် ၁၂ နှစ်အထိ ရောက်လာတဲ့အချိန်–
+++++++++++++++++++++++++++++++++++++++
မနက်ခင်းတပိုင်းလုံး တနေ့ခင်းလုံးကောင်းနေတဲ့ ရာသီဥတုက ညနေစောင်းမှ စဖောက်လာတယ်။
ဝုန်းဒိုင်းနဲ့ မိုးတွေချုန်း လျှပ်စီးတွေလစ်လို့ပါပဲ။
အဲ့မှာ အခက်တွေ့တာက မနက်ခင်းက နှုတ်ထားတဲ့ ဘိုစားပဲပင်တွေ မိုးစိုရင် ဒုက္ခရောက်တော့မယ်။
ပဲဆိုတာက မနှုတ်သေးပဲ အပင်ထောင်မှာ မိုးမိရင် ပြဿနာ
မဖြစ်ပေမယ့် နှုတ်ပြီးမှ မိုးမိရင် ပဲအရောင်မလှတာ၊ အရောင်ပျက်တာဖြစ်တတ်တယ်။
အဲ့လိုဆိုရင် ကုန်သည်ကဈေးနှိမ်ပြီ ဈေးမရတော့ဘူး။
အဲ့တော့ မတော်တဆ မိုးရွာရင် နှုတ်ထားတဲ့ ပဲပင်တွေ
မိုးမစိုအောင် ကုန်းမြင့်တနေရာမှာစုပုံ မိုးကာနဲ့အုပ်ဖို့ လင်မယား၂ယောက် မိုးကာတွေယူ အခင်းထဲကို သွားခါနီး
မအေးခိုင်က-
“သမီး ဆုမြတ် အမေတို့ မနက်ကနှုတ်ထားတဲ့ ပဲတွေ စုပြီး မိုးကာနဲ့ သွားအုပ်အုံးမယ် သမီးအိမ်မှာပဲ စောင့်နေနော်”
“ဟင့်အင်း သမီးလဲလိုက်မယ် မိုးတွေခြိမ်း(ချုန်း)နေတယ်
သမီးတယောက်ထဲ ကြောက်တယ်”
“သမီးလိုက်လို့မဖြစ်ပါဘူး မတော်တဆ မိုးရွာရင် မိုးမိပြီး
နေမကောင်းဖြစ်မယ်
သမီးတယောက်ထဲ ကြောက်တယ်ဆိုရင် ဖိုးဖိုးအိမ်မှာသွားနေ” လို့ပြောတော့-
“ဟုတ်ကဲ့” တဲ့-
အဲ့လိုနဲ့ ကိုထွန်းအောင်တို့ လင်မယား နှုတ်ထားတဲ့ ပဲပင်တွေကို ကုန်းမြင့်မှာစုပြီး မိုးကာအုပ်၊ လေတိုက်ရင် လန်မသွားအောင် ခဲ(ဂဲ)တွေနဲ့ ဖိတယ်။
သူတို့အဲ့လိုဖုံးအုပ်ပြီးတော့မှ ကောင်းကင်က ကြည်ကြည်လင်လင်နဲ့ တိမ်တွေပါကင်းနေတယ်။
အဲ့တော့မှ “တော်တော်ဆိုးတဲ့ မိုးကွာ လူကိုပင်ပန်းအောင်လုပ်တယ်” လို့လင်မယား၂ယောက်ပြောပြီး ပြန်လာကြတယ်။
အိမ်ပြန်ရောက်တော့ ညနေ ၅ နာရီလောက်ပေါ့-
မအေးခိုင်က-
“ယောက်ျားရေ ထမင်းစားဖို့ မိန်းမချဉ်ရည်ဟင်း နွှေးလိုက်အုံးမယ် သမီးလေးကို သွားပြန်ခေါ်အုံး မိန်းမတို့ ပြန်ရောက်တာ
မသိသေးဘူးထင်တယ်”
“အေးပါကွာ ငါသွားခေါ်လိုက်ပါ့မယ်” လို့ပြောပြီး
ကိုထွန်းအောင်တယောက် ခြံထဲကထွက်လာတယ်
ဦးဝင်းခြံဝကနေ-
“သမီးရေ ဆုမြတ်ရေ” လို့အော်ခေါ်တယ် ပြန်မထူးဘူး။
အဲ့ဒါနဲ့ ခြံထဲကိုဝင် အိမ်နားကပ်ပြီး-
“သမီးရေ ဆုမြတ်ရေ-”
“ဦးလေးရေ” လို့ခေါ်တော့လည်း ပြန်ထူးသံမကြားရဘူး-
အဲ့ဒါနဲ့ ဆုမြတ်က မုန့်စားချင်တယ်ပူဆာလို့ မုန့်လိုက်ကြွေးနေတာဖြစ်မယ်လို့တွေးပြီး ပြန်ထွက်မယ်အလုပ်မှာ-
“အဖေ” လို့ခေါ်လိုက်တဲ့ ဆုမြတ်ရဲ့ အသံကို ကြားရတယ်။
အသံက မနည်းအားယူပြီးခေါ်နေတဲ့အသံ-
အဲ့ဒါနဲ့ အိမ်ပေါ်အမြန်ပြေးတက် မြင်လိုက်ရတဲ့မြင်ကွင်းက-
+++++++++++++++++++++++++++++++++++++++
အောက်ပိုင်းဗလာကျင်း ဝတ်ထားတဲ့ထမိန်က ဘေးကိုရောက်နေတယ် ရင်ဘတ်မှာလဲ ‌ေ သွးတွေထွက်ပြီးအိုင်နေတယ်။
ဘေးကထမိန်လေးကောက်ပြီးဖုံးပေးပြီး အသံကုန်ဟစ်ပြီး
မအေးခိုင်ကို လှမ်းခေါ်တယ် အဲ့တော့ မအေးခိုင်လဲ ပြေးလာတယ်။
ဘေးနားက အိမ်တွေကလည်း ပြေးလာကြတယ်။
“သမီးဆုမြတ် ဘယ်လိုဖြစ်တာလဲ အဖေ့ကိုပြောစမ်း” လို့ အမောတကော မေးတော့-
“ဖိုးဖိုးက သမီးကို ဘယ်လိုကြီးလဲမသိဘူးလုပ်တယ်
အဖေတို့ကို ပြန်မပြောနဲ့ပြောတာ သမီးက ပြန်ပြောမယ်လို့ ပြောလို့ knife နဲ့ထိုးတယ်” လို့ အားယူပြီးပြောတယ်။
ကိုထွန်းအောင်မျက်လုံးထဲ ဘာမှ မမြင်တော့ဘူး ရှက်စိတ်၊
နာကျည်းစိတ်၊ ဒေါသစိတ်တွေပဲ ဖုံးလွှမ်းသွားတယ်-
“အေးခိုင် ငါ့သမီးကို ဆေးရုံကို အမြန်ရောက်အောင်ပို့ အသက်ကို ရအောင်ကယ်” လို့ပြောပြီး ဦးဝင်းလှေကားခုံအောက်မှာထည့်ထားတဲ့ ပေါက်ပြားတလက်ကို ကိုင်ပြီး ထွက်လာခဲ့တယ်။
ဦးဝင်းရှိနိုင်တဲ့နေရာက အရင် သူတို့နေခဲ့တဲ့ အခင်းတဲဟောင်းနေရာပေါ့။
သူ့ကိုမမြင်နိုင်အောင် ပြောင်းတောတွေ နေကြာတောတွေထဲကတိုးပြီးသွားတယ်။
တွေ့ပါပြီ အခင်းတဲ့အဟောင်းလေးထဲမှာ ငုတ်တုတ်ထိုင်နေတဲ့ ဦးဝင်း-
“လူမဆန်တဲ့ ခွေး မ သား” လို့အော်ပြီး ပေါက်ပြီးအနှောင့်နဲ့ ခေါင်း ကို ထု တယ် ဘယ်နှချက်မှန်းပင် မသိတော့ဘူး-
လုံးဝ မလှုပ်တော့မှ ဒူးထောက်ပြီး အားရပါးရ ငိုချလိုက်တော့တယ်။
သူလူ သ တ်မိလို့ ထောင်ကျမှာ ကြောက်လို့မဟုတ်ဘူး
ဖြူစင်ပြီး အပြစ်ကင်းစင်တဲ့ သမီးလေးရဲ့ဘဝ ပျက်စီးသွားပြီ
နှလုံးသားတစ်ခုလုံး ဆွဲနှုတ်ပစ်ခံရသလို ခံစားရလို့ပါပဲ။
ပေါက်ပြားကိုယူ ရွာလူကြီးအိမ်ကိုသွားပြီး သူဦးဝင်းကို ပေါက်ပြားနဲ့ ထု သ တ်ခဲ့တယ်ဆိုတာပြောပြပြီး အဖမ်းခံတယ်။
ရွာလူကြီးက ရဲကိုခေါ်အပ် လိုအပ်တာတွေ စစ်ဆေးတယ်။
ဆုမြတ်လေးကတော့ ဆေးရုံကိုရောက်လို့ အရေးပေါ်ကုသပေမယ့် သွေး ထွက် အရမ်းလွန်နေတာကြောင့် ဆုံးပါးသွားခဲ့တယ်။
သူတို့ အဖြစ်အပျက်က တကယ့်ရင်နင့်စရာပါပဲ။
ရွာကလူကြီးတွေက စခန်းမှူးကိုမေတ္တာရပ်ခံလို့ ဆုမြတ်လေး အသုဘမြေချမည့်နေ့မှာ လုံခြုံရေး အစောင့်အရှောက်နဲ့
ကိုထွန်းအောင် လာခွင့်ရတယ်-
ဆုမြတ်ရဲ့အလောင်းကိုဖက်ပြီး-
“သမီးလေးရယ် သမီးလေးကိုဒီလိုတွေမဖြစ်အောင် အဖေတို့မကာကွယ်ပေးနိုင်ခဲ့ဘူး အဖေတို့ ယုံကြည်မှုလွန်ကဲခဲ့တယ်
သမီးကိုအဲ့လိုဖြစ်အောင်မကာကွယ်နိုင်ခဲ့ပေမယ့်
သမီးကိုယုတ်မာတဲ့သူကိုတော့ အဖေ ကလဲ့စားချေနိုင်ခဲ့ပါတယ် သမီးကျေနပ်ပါတော့ကွယ်” လို့ပြောပြီးငိုတော့ နာရေးလာပို့သူတွေပါ မျက်ရည်ကျရတဲ့အထိ ရင်နင့်ကြရတယ်။
+++++++++++++++++++++++++++++++++++++++
တရားရုံးမှာ စစ်ဆေးပြီးတော့ လူ သ တ်မှုနဲ့ ထောင် ၇ နှစ်ကျတယ်။
(ဒီနေရာမှာ ကိုယ့်သမီးကို ဒီလိုလုပ်လို့ ဒီလိုပြန်လုပ်တာလေဆိုပြီး သာမာန်အတွေးနဲ့ တွေးကြလိမ့်မည်။
ဥပဒေရဲ့ သဘောမှာ ပြစ်မှုမဖြစ်ခင်၊ ဖြစ်ဆဲမှာ ကာကွယ်ခုခံပိုင်ခွင့်ပေးထားပေမယ့် ပြစ်မှုဖြစ်ပွားပြီးတဲ့နောက်မှာတော့
ကိုယ်ပိုင် ကလဲ့စားချေခွင့် ပေးမထားပါဘူး။
ဥပဒေရဲ့အကာအကွယ်ကိုယူ ဥပဒေအရ အရေးယူပေးဖို့ တောင်းဆိုဖို့ပဲ အခွင့်ပေးထားပါတယ်။
“ကာကွယ်ခုခံပိုင်ခွင့်” ဆိုရာမှာ ပြစ်မှုတစ်ခု” ကျရောက်ဆဲ ကာလ”နဲ့ “ကျရောက်လတ္တံ့ကာလ” အတွက်ပဲ ကာကွယ်ခုခံပိုင်ခွင့် ပေးထားပါတယ်။
အခုလိုအမှုမျိုးဆိုရင်”ကျရောက်ဆဲကာလ” တနည်းအားဖြင့် –ပြုကျင့်နေတဲ့ကာလမှာ ဆက်လက်မပြုကျင့်နိုင်အောင်
ပြုကျင့်ခံရသူကဖြစ်စေ၊ တခြားတယောက်ယောက်ကဖြစ်စေ ပြုကျင့်သူကို အပြင်းအထန်နာကျင်အောင်၊ အသက် ‌ေ သ အောင်အထိ ကာကွယ်ခုခံ ပိုင်ခွင့်ရှိပါတယ်။
“ကျရောက်လတ္တံ့ကာလ” အဲ့လိုပြုကျင့်ဖို့ လုံးထွေးကြိုးပမ်းနေချိန်ဆိုရင်လဲ အတူတူပါပဲ ပြုကျင့်ဖို့ ကြိုးပမ်းသူကို နာကျင်အောင်၊ နောက်ဆုံး အသက် ‌ေ သ ဆုံးစေသည်အထိ
ပြုကျင့်ခံရသူ ဒါမှမဟုတ် တခြားသူက ကာကွယ်ခုခံ ပိုင်ခွင့်ရှိပါတယ်။
ပိုမိုရှင်းအောင်ပြောရရင် လူတယောက်ဆီကနေ ခါးပိုက်နှိုက်က ပိုက်ဆံအိတ်လုပြေးတယ်။
လူတွေဝိုင်းလိုက်ကြတယ်ဆိုရာမှာ ပိုက်ဆံအိတ်ပြန်မရသေးခင်အထိ ခါးပိုက်နှိုက်ကို ခဲနဲ့ ထု ၊ တုတ် နဲ့ ရိုက် စသဖြင့်
လုပ်ခွင့်ရှိပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ပိုက်ဆံအိတ်ကို လုပြေးခြင်းမှ တနည်းအားဖြင့် ပစ္စည်းဆုံးရှုံးခြင်းမှ ကာကွယ်ဖို့ပါ။
ဝိုင်းဖမ်းလို့မိပြီ၊ ဒါမှမဟုတ် ပိုက်ဆံအိတ်ကို ပစ်ချထားခဲ့ပြီး ပြေးပြီဆိုရင်တော့ အဲ့ခါးပိုက်နှိုက်ကို ထိခိုက်ဒဏ်ရာ ရအောင် လုပ်လို့မရတော့ဘူး။
ပိုက်ဆံအိတ်ပြန်ရပြီးဖြစ်လို့ ပိုက်ဆံအိတ်နဲ့ပါတ်သက်လို့ ရထားတဲ့ ကာကွယ်ခုခံပိုင်ခွင့် အပိုင်းအခြားက
ကုန်ဆုံးသွားလို့ပါပဲ။
ဒါကတော့ ဥပဒေသဘောကို ဗဟုသုတဖြစ် ပြောပြတဲ့
သဘောပါ)
+++++++++++++++++++++++++++++++++++++++
အတိတ်အကြောင်းတွေ ပြန်စဉ်းစားရင်း ကျလာတဲ့မျက်ရည်တွေကိုသုတ်ပြီး-
“ငါ့ လက်သွေး စွန်းခဲ့တယ်၊ လူသ တ် ထောင်ထွက်ဆိုတဲ့ဘဝကို ငါရတော့မယ်-
“ဒါပေမယ့် ငါနောင်တမရဘူး ငါကျေနပ်တယ်
နံပါတ်(၁) ငါ့သမီးလေးရဲ့ အရှက်နဲ့သိက္ခာကိုသာမက အသက်ကိုပါ နှုတ်ယူသွားတဲ့သူကို ငါ့လက်နဲ့ ကလဲ့စားချေနိုင်ခဲ့တယ်
နံပါတ်(၂) အဲ့လိုလူမျိုး လူ့လောကကြီးမှာ ဆက်ရှိနေသေးရင် ငါ့သမီးဆုမြတ်လိုမျိုး အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်လေးတွေ ဖျက်ဆီးခံရမယ့်ဘေးက ငါကယ်လိုက်နိုင်တယ်
ငါ မှားတော့မှားခဲ့တယ်-
ဒါပေမယ့်-
ငါ နောင်တမရဘူး” လို့တွေးနေချိန်
ဗဟိုကင်းက သံချောင်းခေါက်သံကြားတော့-
“အိပ်ဆောင်(၁) အလှည့်ကျ ဗာယာ(ဘိုင်ယာ)ထွန်းအောင်
အိပ်ဆောင်ဝင် (၄၈)ယောက် ကောင်းမွန်စွာရှိ” လို့ သတင်းပို့ရင်း–
+++++++++++++++++++++++++++++++++++++++
သမီးမိန်းကလေးမွေးထားတဲ့မိဘများအနေဖြင့် အချိန်တန်အရွယ်ရောက် အသိပညာကြွယ်ဝတဲ့အချိန်ကာလအထိ
မှဲ့တပေါက်မစွန်းရ‌အောင် စောင့်ရှောက်ရမှာက မိဘတွေရဲ့ တာဝန်သာဖြစ်ပါတယ်။
ဖြစ်သွားပြီးမှ ဒေါသနဲ့ရှင်းတာ၊ တရားဥပဒေနဲ့ ရှင်းတာတို့ထက် “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်” ဆိုတဲ့စကားအတိုင်း ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေကို တွေးဆပြီး ကိုယ့်ရင်သွေးငယ်လေးများကို ပန်းကောင်း အညွန့်ချိုး မဖြစ်ရအောင် ကာကွယ်စောင့်ရှောက်
နိုင်ကြပါစေကြောင်း မေတ္တာလောင်းလျှက်-
#ရတနာပုံ(ရွှေထီး)
(အဟောင်းလေးတွေ့လို့ပြန်တင်ပေးတာပါခင်ဗျာ)