မဟာတံတိုင်းကြီး(စ/ဆုံး)
————————
မိုးရာသီဖြစ်ပေမယ့်မိုးမရွာတဲ့အချိန်တွေဆို ပူတာကစပ်ပူစပ်လောင်။ စပ်ပူစပ်လောင် နေမထိထိုင်မထိဖြစ်တာကအကြောင်းမဟုတ် တဝီဝီအသံပေးပြီး ဟိုနားပျံဒီနားပျံ ပေါများလွန်းတဲ့သွေးစုတ်ခြင်တွေကို မျက်မုန်းကျိုးတယ် မုန်းတယ်။
“ဖြန်း”
ကဲဟာ”ဖြန်း” “ဖြန်း”
“ဟာမိန်းမဘယ်လိုဖြစ်တာလဲ တစ်သက်နဲ့တစ်ကိုယ်မရိုက်ဘူးမသတ်ဘူးတဲ့ခြင်တွေကိုရိုက်နေပါလား”
“ရိုက်ရမယ်တော့ရိုက်ရမယ် စိုးသားလေးကိုမှ ရွေးကိုက်နေတာ စိုးကိုကိုက်စမ်းပါ စိုးခံနိုင်ရည်ရှိတယ် ခုတော့ သားလေးကိုမှရွေးကိုက်တဲ့ခြင် သေစမ်း ဖြန်း ဖြန်း”
ပျံဝဲနေတဲ့ခြင်တွေကို လက်နှစ်ဖက်ကြားရောက်အောင်သေချာချိန် လက်နှစ်ဖက်ကြားထဲရောက်လာတာနဲ့တပြိုင်နက် လက်ဖဝါးနှစ်ဖက်ကိုအရှိန်ယူရိုက်ချပစ်နေတဲ့ ချစ်ဇနီးစိုးစိုး။
ကိုဘအောင်တို့လင်မယားနှစ်ယောက် အိမ်ထောင်ဦးကထဲက ကလေးရူး ရူးလာလိုက်တာ အိမ်ထောင်သက် ရှစ်နှစ်ကြာမှ မွေးလာရတဲ့ဒီသားလေး။
ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလှတဲ့ သားလေးကို ချစ်မဝ ရှုမဝ။
သားလေးဟာ စိုးအသဲနှလုံး စိုးအသက်။
“အမလေးကိုကြီးရေ သားလေးကိုလာကြည့်ပါဦး”
“ဘာဖြစ်လို့လဲမိန်းမ”
“လာပါ လာကြည့်ပါကိုကြီးရဲ့ ပြုတ်ကျရင်တော့ဒုက္ခပါပဲသားလေးရယ်”
ပါးစပ်ကအော်ပြောနေရင်း ခြေမကိုင်မိ လက်မကိုင်မိ ပုခက်ထဲကို ဟိုဘက်ခေါင်းခံလိုက် ဒီဘက်ခေါင်းအုန်းခံလိုက် အလုပ်ရှုပ်နေရှာတဲ့ ချစ်ဇနီးစိုးစိုး။
ကိုဘအောင်ကြည့်လိုက်တော့ သားလေးက အခုမှ ခုနှစ်လသားသာသာလေးရှိသေးတာဖြစ်ပေမယ့် ဂျိတ်ချိတ်ထားတဲ့ ပုခက်က ပုခက်သံတန်းတိုင်တွေကိုဆုပ်ကိုင်ပြီး မတ်တပိရပ်နေတဲ့အဖြစ်ထူးမို့ ကိုဘအောင်မှာလဲအလန့်တကြား။
ချစ်ဇနီးစိုး ပွေ့ယူတာတောင် အပွေ့မခံ မတ်တပ်ရပ်ရတာကို ပျော်နေရှာတဲ့သား။
“ဒီကောင်ကွာ ခုမှခုနှစ်လသားပဲရှိသေးတဲ့ဟာ ဒီလိုမတ်တပ်ရပ်နေတာ သူများတွေမြင်ရင်ယုံကြမှာမဟုတ် ကြီးလာရင်တော်တော်ကမြင်းမယ့်ကောင်”
“ရှင်နော်ရှင် သားကိုဦးကျိုးအောင် ပါးစပ်ပုပ်ကြီးနဲ့မပြောနဲ့ စိုးတို့ဗုဒ္ဓဘုရားတောင် မွေးပြီးပြီးချင်း ခြေလှမ်းခုနှစ်လှမ်း လှမ်းပြီး ဥဒါန်းကျုးရင့်ခဲ့သေးတာပဲ ဘယ်မှာကမြင်းလို့လဲ သဗ္ဗေညုတဥာဏ်ရတဲ့ဘုရားရှင်တောင်ဖြစ်တာကို စိုးသားကြီးလာရင် ထူးချွန်ထွန်းပေါက်မယ့်သားဖြစ်မှာ”
“အေးပါကွာအေးပါ မပြောတော့ပါဘူး ဘွာတေး ဘွာတေး အဟေး”
“ဟင်း”
အတန်ကြာမတ်တပ်ရပ် သံတန်းတိုင်တွေ ဟိုဘက်ကိုင် ဒီဘက်ကိုင်လုပ်ပြီးလျောက် မောလာတော့မှ အမေ့ပွေ့ချီခံပြီး နို့စို့ရင်းအိပ်ပျော်သွားတဲ့သား။
အာဂသားလေး။
အခန်း(အခန်း၂)
“မိန်းမရာ ကလေးကခုမှ သူငယ်တန်းပဲရှိသေးတယ် စျေးကြီးတဲ့စက်ရုပ်ကားတွေရော ကစားစရာတွေကမျိုးစုံ ကလေးအားဆေးတွေကမျိုးစုံတိုက်နေတာ ကြည့်လဲလုပ်ဦးမိန်းမရဲ့”
“အို…တော် ရှင်အဖေမဟုတ်ဘူးလား ကိုယ့်သားလေးဒီတစ်ယောက်ပဲရှိတာ ရှင်ရှာသမျှ သားအတွက်”
“မင်းနဲ့ငါ့အတွက်ရော”
“ရှင်နော်” ပြောပြီးမျက်စောင်းလှည့်ထိုးလိုက်တဲ့အတွက် ကိုဘအောင်က “အေးပါကွာအေးပါ မပြောတော့ပါဘူး”
သားလေးကျောင်းတက်တော့ “ကိုကြီးရေ ကိုကြီး ဒီမယ်သားလေးပညာရည်မှတ်တမ်းလာကြည့်ပါဦး”
“အေးပြကွာ”
“အမှတ်တွေက တစ်ရာအပြည့်တွေပါလား”
“အဲဒါကြောင့်ပြောတာပေါ့ သားလေးကအလွန်တော်တဲ့အထဲပါ ပါတယ်ဆို လိမ္မာတဲ့သား တော်တဲ့သားပါဆို”
“ဟုတ်ပါတယ်ကွာ ငါလဲဝမ်းသာပါတယ်ကွာ”
ဒီလိုနဲ့သားလေးကြီးပြင်းလာတဲ့အထိ လင်မယားနှစ်ယောက်လုံးဂရုတစိုက် အလိုလိုက်။
စာတော်လို့ဆယ်တန်းနှစ်ချင်းပေါက်အောင်ပြီးတက္ကသိုလ်တက်ရတော့……
“မေမေ သားအတွက် ကျူရှင်လခရယ် မုန့်ဖိုးရယ်ပေးပါဦး”
“ဘယ်လောက်လည်းသား သားအဖေကိုပြဖို့စာရင်းစာရွက်ရော”
“ဒီမယ်မေမေ”
ကိုဘအောင်သားကိုပြောထားလို့ ကားခကနေစပြီး နေ့စဥ်အသုံးစရိတ် ကျူရှင်လခ စာရင်းရေးပြီးတင်ပြစေတာပါ။
“သုံးသိန်းတောင်မှသားရယ်များလိုက်တာ”
“မများပါဘူးမေမေရယ် သားကအဲဒီလောက်သုံးတာမဟုတ်ဘူး သားသူငယ်ချင်းတွေဆို တစ်လလေးသိန်းတောင်းတာ သူတို့မိဘတွေစီက သားအနည်းဆုံး”
“အေးပါသားရယ် ကဲရော့ရော့”
ဘီရိုထဲကနေသားအတွက် သပ်သပ်ဖယ်ထားတဲ့တစ်လစာငွေတွေယူပြီးပေးလိုက်တော့….
“အဲဒါကြောင့်မေမေ့ကိုချစ်တာ…ရွှတ်” စိုးပါးကိုနမ်းသွားတဲ့သား။
“အမလေးနော် မကြီးမငယ်နဲ့အမေ့သားလေး”
“သား သားဖုန်းဘယ်မှာလဲ မေမေမတွေ့ဘူးနော်”
“မေးမနေပါနဲ့မေမေရယ်”
“မမေးလို့ဘယ်ဖြစ်မလဲသားရဲ့ ကဲပြော”
“ပြုတ်ကျလို့မှန်ကွဲတာလဲထားတယ်မေမေရဲ့”
“ဒါများပြောတာမဟုတ်ဘူး မေးမနေပါနဲ့လုပ်သေးတာ”
နောက်တစ်လကျော်ကြာတဲ့အထိ သားလက်ထဲဖုန်းကိုင်တာ မတွေ့။
“သားဖုန်းခုထိမရွေးသေးဘူးလား ပြင်ထားတာဆို”
“ရောင်းလိုက်ပြီမေမေ ဖုန်းကပြင်မရတော့ဘူးတဲ့”
“ဘာ.. သားပြောတော့မှန်လေးပဲကွဲတာဆို”
“မေမေစိတ်မကောင်းဖြစ်မှာဆိုးလို့ မှန်ကွဲတယ်လို့ပဲပြောတာ တကယ်တော့ဖုနျးကိုဆိုငျကယျဘီးကွိတျမိသှားတာမမေေ”
“နှာမျောလိုက်တာသားရယ် မေမေ့ကိုသေချာမပြောဘူး မင်းအဖေသိရင် အဆူခံထိတော့မှာပဲ”
“ရောင်းလိုက်တဲ့ငွေရော”
“မေမေတို့ပေးတဲ့ တစ်လစာမလောက်လို့ ဖုန်းရောင်းတဲ့ပိုက်ဆံသုံးတဲ့အထဲပါသွားပြီမေမေ”
“သားရယ် မလောက်ရင်လဲမေမေကိုပြောလေ မေမေပေးမှာပေါ့”
“ဖေဖေကပေးမှာမဟုတ်ဘူးလေ”
မျက်နှာလေးညှိုးညှိုးနဲ့သားပြောနေတာကြည့်ပြီး
“ကဲပါ လိုတဲ့ငွေ မေမေပဲဖြည့်ပေးမယ်”
“ဒါမှတို့မေမေ.. ရွှတ်”
“နေဦး တစ်လဘယ်လောက်ပေးရမှာလဲ”
“ကျူရှင်လခပါပေါင်းရင်သုံးသိန်းခွဲမေမေ”
“ဟင်”
စိုးစိတ်ထဲ မတင်မကျ။
ဘာဖြစ်လို့များ သားပိုက်ဆံတွေ ဒီလောက်သုံးနေရတာလဲ။
အခန်း(အခန်း၃)
“ကိုကြီး စိုးပြောစရာရှိလို့”
“ကဲ ပြောစေဗျား”
“မနောက်နဲ့ အတည်ပြောမလို့သားအကြောင်း”
“သားပိုက်ဆံတွေတစ်အားသုံးနေတယ်ကိုကြီး ဘွဲ့ရခါနီမှဆေးတွေများ….”
“ကိုယ်တို့သားက အဲဒီလောက်မိုက်မှာမဟုတ်ပါဘူး ကိုကြီးမေးကြည့်လိုက်ပါ့မယ်”
“အင်းသေချာမေးကြည့်နော်”
သားကိုချစ်ရလွန်းလို့ စုံလုံးကန်းတဲ့မိဘတွေ စိုးတို့မဖြစ်ချင်ပါ။
တကယ်တမ်းသားကိုမွေးထားရတာ စိုးဖြစ်ပေမယ့် သားလူပျိုပေါက်ဖြစ်ပြီး ကြီးပြင်းလာတော့ အုပ်ထိန်းသူ အုပ်ချုပ်သူက အဖေပဲဖြစ်သင့်တာမဟုတ်လား။
ယောက်ကျားလေးတွေအကြောင်း ယောက်ကျားဖြစ်သူပဲ ပိုနားလည်တာမို့ ကိုဘအောင်ကိုပြောပြရချင်းပါ။
ကိုဘအောင်သားကို ချော့တစ်လှည့် ချောက်တစ်လှည့်မေးမြန်းစုံစမ်းပြီးသကာလ ဆေးစွဲသူတွေနဲ့ပေါင်းပြီး အစမ်းဆေးချရာကနေ ဆေးစွဲစအဆင့်တဲ့။
သားကိုနေ့စဥ်သာ တစ်နေ့ခြင်းအသုံးစရိတ်ပေးရမှာဖြစ်ပေမယ့် တစ်လစာအသုံးစရိတ်ပေးမိလို့ ဖြစ်တာလို့ စိုး ထင်မိတယ်။
စိုး အမှားတွေကြောင့်ဆေးစွဲရတဲ့သား။
အလိုလိုက်မိတဲ့ စိုး အမှား။
မေမေ့အပြစ်တွေကြောင့်ပါသားလေးရယ်။
တုန်လှုပ်ခြင်း ယူကြုံးမရခြင်းများစွာနဲ့စိုး။
အချိန်မှီ မိဘနှစ်ယောက်လုံးတိုင်တိုင်ပင်ပင်နဲ့ ဆေးပြတ်ဖို့အတွက် ဆေးဖြတ်တဲ့ ပုဂ္ဂလိကဆေးခန်းမှာ သားကိုပို့တော့ ကုန်ကျငွေစာရင်းအချုပ်က ဆယ်သိန်းနီးပါး။
စိုး စုထားခဲ့တဲ့ ရွှေတိုရွှေစလေးတွေ ဖြောလိုက်ရပါတော့တယ်။
ငွေကုန်တာအကြောင်းအရင်းမဟုတ်ပေမယ့် နောက်ထပ် အပေါင်းအသင်းမှားမှာစိုးရိမ်ရတာတစ်မျိုး တကယ်ဆေးပြတ်မပြတ် မျက်ခြေမပြတ်ကြည့်ရတာတမျိုး စိုးအမှားကြောင့် ယူကြုံးမရဖြစ်ရတာတမျိုး…အို.မျိုးစုံ။
စိတ်ပင်ပန်းလိုက်တာသားရယ်….
သားကိုလည်းမေမေ သနားလိုက်တာ။
မေမေ့ကြောင့် ငါ့သားလေး ငါ့သားလေး…. ။
အချိန်မှီသိခွင့်ရခဲ့လိုသာ သားလေးလူညွှန့်မတုံးသွားရရှာတာပါလား။
*****
ဘွဲရလာပြီဖြစ်တဲ့သားရွှေပြည်စိုးကို ကိုဘအောင်အလုပ်တန်းသွင်းပေးပြီးမှ စိုး ဟင်းချရပါတော့တယ်။
တစ်ဦးထဲသောသားမွေးထားရလို့သာပေပဲ။
သားတွေအများကြီးမွေးထားခဲ့ရရင် စိုး အသက်တောင် ထွက်သွားရမလားမသိတော့ပါဘူး။
“ဒေါက် ဒေါက် ဒေါက် ဒေါက်”
“သသးရသေား”
“ဟာဗျာမေမေကလဲ တံခါးကို အဲဒီလောက် မခေါက်ပါနဲ့မေမေ”
“တံခါးကိုလော့ချပြီးတော့ ပိတ်မထားနဲ့လေသားရဲ့ အိမ်မှာဘယ်သူမှရှိတာမှမဟုတ်တာ မေမေစိုးရိမ်တတ်တာလဲ သိရဲ့နဲ့” ပြောရင်း သားအခန်းထဲ ဟိုဒီလှည့်ပတ်ကြည့်ရသေးတာ။
သား ဆေးပြန်ချနေမှာစိုးတယ်လေ။
“သား ဘာမှမလုပ်ပါဘူးမေမေ”
“သားစကားပြောနေတာမေမေကြားလိုက်ပါတယ် ဘယ်သူနဲ့ပြောနေတာလဲ”
“အာ မပြောပါဘူးမေမေရဲ့ မေမေနားကြားလွဲတာနေမှာ”
“အမေကိုမညာနဲ့နော်”
“မညာပါဘူးမေမေ”
“မညာရင်ပြီးတာပါပဲ ကဲကဲ ထ သားကြိုက်တဲ့ပုန်းရည်ကြီးသုပ်နဲ့ ဝက်သားအချိုချက် ကြက်သားကြံမဆိုင်ဟင်းတွေချက်ထားတယ် လာ.စားတော့”
“ဟုတ်မေမေလာပြီ”
အခန်း(အခန်း၄)
“ကိုကြီး သားကလေ ညညဆိုဘယ်သူနဲ့ဖုန်းပြောနေလဲမသိဘူး အသံတွေကြားနေရတယ် မေးကြည့်ပေးပါဦး စိုး မေးတော့မပြောပါဘူးပဲပြောတာ ကိုကြီးရဲ့”
“ဒီကောင်ရည်းစားရနေလားမှမသိတာ”
“အို..မဟုတ်ဘူး မဖြစ်နိုင်ပါဘူး စိုးသားကငယ်ပါသေးတယ် ”
“အသက်အစိတ်ဆိုမငယ်တော့ဘူးလေစိုးရယ် တချို့တွေဆို နှစ်ဆယ်လောက်နဲ့ အိမ်ထောင်ပြုကြတာအများကြီး”
“အုံဖွ လွဲပါစေ ဖယ်ပါစေ စိုးသား ရည်းစားမထားတတ်ပါဘူး”
“ကဲပါမိန်းမရယ် မေးကြည့်ပါဦးမယ်”
သားရည်းစားထားနေတာမဟုတ်ပါစေနဲ့။
မတော်လို့ငါ့သားလေး မတော်တာတွေနဲ့တွေ့ပြီးအိမ်ထောင်ပြုခဲ့ရင်….ငါ့သားလေးက အားနာတတ်ပြီးသဘောကောင်းလွန်းလှတဲ့သား..မဖြစ်ပါစေနဲ့ဘာမှ….
အို..ဆက်မစဥ်းစားတာပဲကောင်းပါတယ် စိုး ရင်တွေပူလိုက်တာနော်။
****************
“ဘာ”
“တိုးတိုးလုပ်ပါမိန်းမရဲ့”
“သားနဲ့ကြိုက်နေတဲ့ကောင်မလေးက သားထက်ဆယ်နှစ်ကြီးများတောင်ကြီးတယ် မဖြစ်ဘူး မဖြစ်ဘူး စိုးလက်မခံနိုင်ပါဘူး ဟိုကောင်မ ကလေးကို မုန့်ပေးကြိုက်တာနေမှာ ငါ့သားကိုဆရာလုပ်မှာ”
“စိုးရယ်ဒါ့ကြောင့်သားကအမေကို မပြောရဲတာနေမှာ သားထက်အသက်ကြီးပေမယ့် ဟိုကသားအထက်ကအရာရှိအပျိုကြီးတဲ့ မိဘတွေကလဲပြည့်စုံတဲ့အထဲက”
“သူတို့ဟာသူတို့ ဘယ်လောက်ပြည့်စုံပြည့်စုံ သားလေးကို နှိမ်ကြ သြဇာလုပ်ကြရင် စိုး လက်ခံမှာမဟုတ်ဘူးနော် စိုးနဲ့တွေ့ပြီးသားပဲ”
“ဒေါက် ဒေါက် ဒေါက် ဒေါက်”
“မေမေ”
“မေမေမလုပ်နဲ့ ကဲပြော မင်း အဲဒီကောင်မလေးကို တကယ်ကြိုက်တာလား မင်းထက်အသက်ကြီးတယ်ဆို မင်းအထက်ကဆို…”
“မေမေရယ်.”
“သားတို့ ခုမယူသေးပါဘူး မေမေရဲ့ ယူမယ် လက်ထပ်မယ်ဆို ရင်တောင် မေမေကိုပြောမှာပါ မေမေသဘောတူမှ”
“ကဲ ခုမေမေသဘောမတူဘူးဆိုရင်ရော”
“အာ ဒါတော့ ဒါတော့ မေမေရယ်”
“ယူမှာပဲမဟုတ်လား”
ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းတဲ့ ဆိတ်ဆိတ်နေသော သား သည်……။
အခန်း(အခန်း၅)
နှစ်အနည်းငယ်ကြာပြီးနောက်မှာတော့….
သားစိတ်တိုင်းကျသားသဘောကျ ဒါလီဆိုတဲ့မိန်းကလေးနဲ့လက်ထပ်ထိမ်းမြားပေးခဲ့ရပါတော့တယ်။
တစ်ဦးထည်းသောသားပေမယ်လို့ အချိန်တန်အရွယ်ရောက်လာတော့လည်း မိဘတို့ဝတ္တရားအရ မဖြစ်မနေလက်ထပ်ပေးလိုက်ရတဲ့သားကိုတော့ စိုးစိတ်ထဲအမြဲစိတ်မချသတိတရ။
သားအိမ်ကိုမလာလို့ ရက်အနည်းငယ်ကြာသွားရင် စိုးမနေနိုင်။
တစ်နေ့….
“ဒါတွေဘယ်လိုဖြစ်တာလဲသားကဒါတွေလုပ်နေရတာလား”
အိမ်ရှေ့မှာတံမြက်စည်းလှဲ ဖုန်လိုက်သုတ်နေတဲ့သား။
“မေမေ”
သားလက်ထပ်ပြီးနောက် သားနေတဲ့ အိမ်ကိုရောက်သွားခိုက် ဒေါ်စိုးစိုးရဲ့ အာမေဋိတ်သံ။
“မဟုတ် မဟုတ်ပါဘူးမေမေ မမဒါလီနေမကောင်းလို့ မမအစားသားလုပ်နေတာပါ”
“တော်ပြီရှင်းမပြနဲ့တော့ အမေကတော့ သားလေးကို ဖူးဖူးမှုတ်အလိုလိုက် အိမ်မှာဘာမှ မခိုင်းရက် မပြုရက် စာကိုပဲတစိုက်မတ်မတ်လုပ်ခိုင်းပြီးအရာရှိကြီးဖြစ်လာတဲ့သား က တံမြက်စည်းလှဲဖုန်သုတ်လုပ်နေရှာရတာပါလား
အီး..ဟီးဟီးး”
“ဟာဗျာမေမေကလဲ..”
အိမ်ထဲမှာထိုင်ပြီးတီဗွီကြည့်နေတဲ့ဒါလီအမျိုး(ကောင်မလေးတွေ)တွေကို ဒေါ်စိုးစိုးလှည့်ပတ်ကြည့်ပြီးမှ”ငါ့သားကို ငွေကုန်ခံ ပညာတွေသင် ကျောင်းထားပြီးအရာရှိဖြစ်အောင်လုပ်ပေးထားတာ အိမ်မှာတံမြက်စည်းလှဲ ဖုန်သုတ်ပြီးခိုင်းစားဖို့မဟုတ်ဘူး ဘဝကိုသက်သက်သာသာဖြတ်သန်းရအောင်လို့ လုပ်မယ့်လုပ် ငါ့သားလုပ်ရမှာမဟုတ်ဘူး ငါ့သားအိမ်မှာကပ်နေတဲ့ ကပ်မြှောင်တွေလုပ်ရမယ့်အလုပ်ဘယ်မလဲဒါလီ…ဒါလီထွက်လာခဲ့ပါဦး”
“ဟိုမေမေ”
“ဒါမိန်းမတွေလုပ်ရမယ့်အလုပ်အေ့ နေစမ်းပါဦးညည်းကဘာဖြစ်လို့သားကိုလုပ်ခိုင်းရတာလဲ..”
သားက”မဟုတ်ပါဘူးမေမေ ဒါလီနေမကောင်းလို့ သားကအမြင်မတော်လို့ အားတဲ့အချိန်လေးလုပ်မိတာပါမေမေ”
“တော်ငါ့သားရှင်းပြစရာမလိုဘူး ဒီမှာနေနေတဲ့လူတွေက ဘာလဲ ငါ့သားအိမ်မှာနေ ငါ့သားကျွေးတာစား ငါ့သားရှင်းပေးတဲ့နေရာမှာ အခန့်သားနေနိုင်လိုက်ကြတာ အရှက်မရှိ လက်မရှိ ခန္ဓာနဲ့ပါးစပ်ပေါက်ပဲရှိနေကြသလိုလို…ဟင်း ဘယ့်နှယ့်တော် အမောပါဆို့တယ် လာငါ့သား အိမ်ပြန်လိုက်ခဲ့ဦး မင်းအဖေခေါ်နေတယ်”
မလိုက်ချင်လိုက်ချင်လုပ်မေတဲ့သားကိုခေါ်လာပြီး ဒေါသထွက်ထွက်နဲ့ ဒေါ်စိုးစိုး အိမ်ပြန်ရောက်တာနဲ့ အိပ်ယာထက်မှာလှဲပြီး မျက်ရည်တို့ကတတောက်တောက်။
သားခဗျာ သူ့အဖေနဲ့စကားပြောရင်း မျက်နှာငယ်။
ညနေစောင်းသော်….။
“မေမေ မေမေ”
“အင်း”
“မေမေ ဒါလီလာတယ်”
ဒေါ်စိုးစိုးဘေးမှာဒါလီနဲ့သားရွှေပြည်စိုး။
“မေမေ နေ့လယ်ကလေ ဒါလီနေမကောင်းလို့ နေမကောင်းတာကလဲ ဟို..မောင်..မောင်ရဲ့ရင်သွေးလေးလွယ်ထားရလို့ ဒါလီတအားအန်နေတာနဲ့ အိပ်ယာထဲလှဲနေမိတာ အဲဒါကို မောင်က အိမ်မှာ ရှုပ်နေတဲ့ အမှိုက်တွေမျက်စိနောက်လို့ဆိုပြီး သူ့ဘာသာလှဲတာ ဒါလီ့တူမတွေလဲ မေမေ့ကြောက်ပြီးပြန်သွားကြပါပြီ အဲဒါ ဒါလီမောင့်ကိုပြန်လာခေါ်တာ မနက်ဖြန် ရုံးတက်ရဦးမှာမို့”
“အေးပြန်ခေါ်သွား ငါလဲပြောချင်တာမဟုတ်ပေမယ့် မသိတတ်တဲ့သူတွေကိုသိထားရအောင်ပြောလိုက်တာ”
ဒါလီက”ဟုတ်ကဲ့ပါမေမေ”
သားက”ဟုတ်ကဲ့ပါမေမေရဲ့ မေမေသားအပေါ်မှာထားတဲ့မေတ္တာကို သားအလေးထားပါတယ် သားဒါလီနဲ့ပြန်လိုက်သွားတော့မယ်နော်”
“သွားတော့ သွားတော့.”
ဒေါ်စိုးစိုး တစ်ဖက်ပြန်လှည့်လိုက်ပြီး အသာအယာပြုံးမိလိုက်ပါတော့တယ်။
ဒါလီပဲဖြစ်ဖြစ်
ဒါလီတူမတွေကပဲဖြစ်ဖြစ် စိုးဟာ မိန်းမကြမ်းကြီးတစ်ယောက်ပေပေါ့ သို့ပေမယ့်လည်း လိမ္မာ သဘောကောင်း အားနာတတ်တဲ့သားအတွက်ကတော့စိုးဟာ မဟာတံတိုင်းကြီးဖြစ်ခွင့်ရခဲ့ခြင်းကိုပင် ကျေနပ်နေမိရတော့သည် သားသိသိ မသိသိပေါ့။
သူများတကာတွေ စိုးကိုမုန်းလျှင်မုန်းပါစေ။
သားပြုံးရလျှင်ကျေနပ်ပါသည်။
သားသာမှသာလျှင်စိုးနေပျော်သည်။
ဧည့်ခန်းထဲက ကိုဘအောင်ရဲ့ လုပ်ပြီးဟန့်လိုက်တဲ့ ချောင်းဟန့်သံကို နားထောင်မိတာနဲ့အမျှ ကိုဘအောင်လည်း ရယ်ချင်ပက်ကျိ သဘောကျနေမယ်ဆိုတာ စိုး အသေအချာသိနေမိပါတော့တယ်။
စံဌာနီထွန်း
.