မိကောင်း(စ/ဆုံး)
————–
ဒီအချိန်မှာ ဖြစ်နိုင်ရင် မိကောင်း တစ်ယောက်တည်း နေချင်တယ်။ လူတွေနဲ့ ဝေးရာကို သွားချင်တယ်။ ဘယ်သူ့ ကိုမှလည်း စကား မပြောချင်ဘူး။
လူတွေကို မိကောင်း ကြောက်လာတယ်။ မုန်းလာတယ်။ ရွံလာတယ်။ “သမီးလေး” ဘုရားရေ… ဒါ အမေ့ အသံလား။ ဟုတ်မှ ဟုတ်ရဲ့လား။ ငါ နားကြားများ လွဲလေရော့သလား။ ဘ၀ တစ်လျှောက် အခု အချိန်ထိ တစ်ခါတစ်ခွန်း အခေါ် မခံဖူးဘူး ဆိုတော့ “သမီးလေး အေးသွားမယ် စားလိုက်လေ” အမေ သတိ ပေးလာတော့မှ လူက ပစ္စုပ္ပန်ဆီ စိတ်က လည်လာ တော့တယ်။ ရှေ့မှာ ချထားတဲ့ ကြွပ်ကြွပ်အိတ်ကလေးကို ကြည့်လိုက်တော့ ခေါက်ဆွဲကြော်နဲ့ ဟင်းချိုကို တွေ့ရတယ်။ “စားလိုက်ပါ သမီးလေးရယ်။ စိန့်စိန့်ကို စိတ်နာ နေသလားဟင်”
ပြောရင်းကနေ ငိုသံပါ လာတဲ့ အမေ့ အသံကို မိကောင်း နားမထောင်ရက်ဘူး။
“စိန်စိန် ဘာပြုလို့ ဒုက္ခ ရှာပြီး မိကောင်းဆီကို လာရတာလဲ။ ပြီးတော့ မိကောင်းက ဘာပြုလို့ စိန်စိန့်ကို စိတ်နာ ရမှာတုံး”
မိကောင်း စကား ကြောင့် အမေ့မျက်နှာ တစ်ချက် ကွက်ခနဲ ပျက်သွားတယ်။
“ကဲပါ သမီးလေးရယ်၊ အမေ အဲလေ စိန်စိန် ကျေနပ်အောင် နည်းနည်းလေး ဖြစ်ဖြစ် စားလိုက်စမ်းပါ။ သမီးလေး အိပ်ရေး ပျက်တာများတယ် ထင်တယ်။ မျက်တွင်းတွေလည်း ကျလို့။ လူလည်း ပိန်လို့။ စားမှ အားရှိမှာ စားလိုက်နော်”
အင်း… မိကောင်း နားထဲမှာတော့ အထူးအဆန်း ချည်းပဲ။ “သမီးလေး”လို့ အမေ့နှုတ်က မခေါ်စဖူး ခေါ် လိုက်တဲ့ အသံ ကြားရတော့ နားထဲမှာ ထူးဆန်း နေသလိုပဲ။ အမေဟာ သူ့ကိုလည်း “စိန်စိန်”လို့ ခေါ်တာထက် “အမေ”လို့ ခေါ်စေချင်မှန်း မိကောင်း သိနေတယ်လေ။ ဒါပေမယ့် အမေရယ် မိကောင်းကို အမေလို့ ခေါ် တတ်အောင် အရင်ကတည်းက သင်မပေးခဲ့ရတာလဲဟင်။ မိကောင်း နှုတ်ကျိုး နေခဲ့ပြီ လေ။ အမေ စိတ်ကျေနပ်အောင် ခေါက်ဆွဲကြော်ထုပ် ကလေး ဖြေပြီးစားနေမိပေ မယ့် အိပ်ရေးပျက်များလို့ လား မသိဘူး၊ အရင်က မိကောင်း သိပ်ကြိုက်ခဲ့တဲ့ ခေါက်ဆွဲကြော်ဟာ ဘာ အရသာမှ မတွေ့သလိုဘဲ။ မိကောင်း ခေါက်ဆွဲကြော်ကို မစားချင်စားချင် တို့ကာ ဆိတ်ကာပဲ စားနေမိတယ်။
“စိန်စိန်”
မိကောင်း ခေါ်လိုက် တော့ အမေက မိကောင်းကို နှုတ်က မထူးနိုင်သေးဘဲ ငေး မောကြည့်နေတယ်။ အမေ့ မျက်၀န်းထဲမှာ မျက်ရည်စ တွေက စိုစွတ်နေရဲ့။
“စိန်စိန်”
ဒုတိယအကြိမ် မိကောင်း ထပ်ခေါ်လိုက်တယ်။
“ဟင် ဘာပြောချင်လို့လဲ သမီးလေး။ စိန်စိန့်ကို ဘာပြောချင်လို့လဲ ပြောလေ”
“အင်း” တကယ်တမ်း ပြောမယ် ဆိုပြန်တော့လည်း အမေ့ မျက်နှာကလေးကို ကြည့်ပြီး ပြောချင်တာတွေ ပြောမထွက်ပြန်ဘူး။ တကယ်တော့ မိကောင်း ပြောချင်တာ မဟုတ်ပါဘူး။ မေးချင်တာပါ၊ သိချင်တာပါ။
မိကောင်း လူမှန်း သိတတ်စ အရွယ်ကတည်းက သူများတကာတွေလို အမေလို့ မခေါ်ခဲ့ရဘူး။ ခေါ်ခွင့် မရခဲ့ဘူး။ ခေါ်ခွင့် မသာခဲ့ဘူး။
အမေကြီးနဲ့ပဲ အနေများ ခဲ့တာရယ်။ အမေကြီး လက်ပေါ်မှာပဲ ကြီးပြင်းလာခဲ့ရ တော့ အမေ့ကိုတောင် အမေလို့ မခေါ်တတ်တော့ဘူး။ အမေကြီး ခေါ်သလို အမေ့ကို စိန်စိန်လို့ပဲ ခေါ်ခဲ့တာ အခုဆို နှုတ်ကျိုး နေခဲ့ပြီ။ အမေက မြို့ ပေါ်မှာနေတာ။ မိကောင်းဆီကို တစ်လတစ်ခေါက် လောက်တော့ ရောက်လာ တတ်တယ်။ အမေ ရွာလာတဲ့ အခါ မိကောင်းဖို့ ကစားစရာ၊ စားစရာ၊ အ၀တ်အစား တစ်ခု ခုတော့ ပါလာစမြဲပါ။ အဆင် ပြေတဲ့အခါဆိုရင် သုံးမျိုး စလုံး တစ်ပွေ့တစ်ပိုက် မနိုင်မနင်း ပါလာတတ်တယ်။
“မိကောင်း မိကောင်း ရေ၊ စိန်စိန် လာပြီဟေ့”
အမေက အိမ်ရဲ့ခြံတံခါး ၀ကနေ အော်ပြီး ၀င်လာတာကို မြင်လိုက်ရတဲ့ အခါ မိကောင်း အမေ့ဆီကို အပြေး ကလေး ကြိုမိတယ်။ “စိန်စိန် မိကောင်းဖို့ ဘာပါလဲဟင်” ဆိုတဲ့ အမေးနဲ့ အတူပေါ့။ အမေက ဒူးထောက် ထိုင်ချ လိုက်ပြီး သူပါလာတဲ့ ပစ္စည်းတွေကို ဘေးချရင်း လက်ကလေး နှစ်ဖက် ဘယ်ညာ ဆန့်တန်းကြိုရင်း ရင်ခွင်ထဲ သွင်းပြီး အားပါးတရ နမ်းတယ်။ “လွမ်းလိုက်တာ မိကောင်းရယ်”လို့လည်း ပြောရှာတယ်။ ပြီးတော့မှ ပါလာတဲ့ ပစ္စည်းတွေ ပြတယ်။ မိကောင်းအကြိုက် အမြဲတမ်း မမေ့တမ်း အမေက မမေ့အောင် ၀ယ်လာခဲ့စမြဲပဲ။
ဒါက မိကောင်း သိပ်ကြိုက်တဲ့ မြို့ပေါ်က စားသောက်ဆိုင်ကြီးက “ရှယ်ခေါက်ဆွဲ ကြော်ကြီး”ပေါ့။ အသီးအရွက်အစုံနဲ့ ကြက်သား ဖတ်တွေကလည်း အများ ကြီးရယ်။ ပြီးတော့ ငုံးဥရယ်၊ ခေါက်ဆွဲကြော်ပေါ်က ဖုံး ထားတဲ့ ကြက်ဥကြော်ရယ် ဆိုတော့ သိပ်အရသာ ရှိတာပဲ။ ခရမ်းချဉ်သီး ဆော့နီ ရဲရဲ လေးရယ်။ ကြက်သွန်ချဉ် ဖတ်ကလေးတွေနဲ့ စားရတာ ဆိုတော့ အားရပါးရ ပလုတ် ပလောင်း စားနေမိတယ်။ အမေက မိကောင်း စားနေ တာလေးကို ပီတိကရုဏာ မျက်စိကလေးနဲ့ ကြည့်လို့။
“စိန်စိန် ဒီတစ်ခါ တန်း ပြန်မှာလား။ မိကောင်းတို့နဲ့ တစ်ညလောက် ညအိပ်ပါ လား စိန်စိန်”
မိကောင်းက ဒီလိုပြောတော့ အမေက မိကောင်း ဆံပင်လေးကို ယုယုယယ လက်ကလေးနဲ့ သပ်ရင်း “သြော် မိကောင်းရယ်”ဆိုပြီး သက်ပြင်းချတယ်။ ပြီးတော့ မိကောင်း မေးတာကို အဖြေ မပေးနိုင်ဘူး။ မိကောင်းက ကလေးဆိုတော့ မိကောင်း ဖြစ်ချင်တာ၊ လိုချင်တာတွေ တောင်းဆို မိတာပေါ့။
“ဟုတ်တယ်လေ” မှတ်မှတ်ရရ အမေ အရင်တစ်ခါ လာပြီး အိမ်မှာ တစ်ည အိပ်ဖူးတယ်။ ဒါတောင် မိကောင်း ရေချိုးမှားပြီး ဖျားတုန်းမို့လို့ပါ။ မှတ်မှတ်ရရ အဲဒီညက လပြည့်ညမို့ လက အစွမ်းကုန် သာနေတယ်။ အမေက မိကောင်းကို ဆေးချော့တိုက်တယ်။ ကြက်ပေါင်းရည် ကလေး လုပ်ပြီး တိုက်တယ်။ နောက် အမေ့ရဲ့ ရင်ခွင်ထဲမှာ အမေ ပြောပြတဲ့ ပုံပြင်ကလေးတွေ နားထောင်ရင်း အမေ့ ချွေးနံ့ကလေးကို မွှေးရင်း အိပ်ပျော် သွားလိုက်တာ အမေရယ်။
ဒါပေမယ့် မနက် အိပ်ရာက နိုးတော့ အမေ မရှိတော့ဘူး။ အရေးကြီးတဲ့ အရောင်း အ၀ယ်ကိစ္စ တစ်ခု ဆိုင်ထားတာမို့ မိကောင်း နိုးချိန်အထိ တောင် မနေနိုင်ခဲ့ဘူး။ မိကောင်းရင်မှာ ဟာသွားတာပဲ။ အိပ်ရာထဲမှာပဲ ခေါင်းအုံးကို မျက်နှာအပ်ပြီး ငိုခဲ့ရတယ် အမေ။ အမေကြီးကတော့ လာချော့ပါတယ်။ “နေ မကောင်းတုန်း မငိုနဲ့ ခေါင်းကိုက် နေလိမ့်မယ်”ဆိုပြီး ပရုတ်ဆီလေး နာထင်ပွတ် ပေးပြီး နှိပ်ပေးရင်း နှစ်သိမ့်တယ်။
အမေရယ် သူများ တကာတွေလို အမေနဲ့ သမီး ဘာလို့ အတူမနေရတာလဲ။ ရှင်ကွဲ ကွဲနေရာတာလဲ ဟင်။ မိကောင်း သူငယ်တန်း စတက်ဖို့ ကျောင်းအပ်တော့ သူများတွေဆို အဖေရော အမေရောပါတယ်။ နောက်ဆုံး နှစ်ယောက်စလုံး မဟုတ် တောင် အဖေ၊ ဒါမှမဟုတ် အမေတော့ ပါတယ်လေ။ မိကောင်းကျတော့ အမေကြီး လက်ကလေး ဆွဲပြီး သူများ တွေကိုပဲ ငေးမောအားကျ ၀မ်းနည်းခဲ့ရတယ်။ ကျောင်းလက်ခံတဲ့ ဆရာမက မိဘ နာမည်မေးတော့ အမေကြီး ချက်ချင်း မဖြေနိုင်ခဲ့ဘူး။ အဲဒါ ဘာဖြစ်လို့လဲ အမေ ရယ်။
ဘာပဲဖြစ်ဖြစ် အမေဟာ မိကောင်းကို ချစ်တယ် ဆိုတာတော့ မိကောင်း ယုံပါတယ်။
“မချစ်ရင်” အမေလာတဲ့ အခါ မိကောင်း ကြိုက်တတ်တဲ့ ခေါက်ဆွဲကြော် ဘယ်၀ယ်လာမှာလဲ။ ဟုတ်ဘူးလားဟင်။
မိကောင်းလေ အမေ မလာတဲ့ ရက်တွေဆို အိမ်ရှေ့က ကုက္ကိုပင်ကြီး အောက်မှာ ထိုင်ငေးရင်း အမေ့ကို မျှော်နေမိတယ်။
ကုက္ကိုပင်ကြီးက အကြီးကြီးပဲ။ အပင် ခြေရင်းမှာ အမေကြီး ကုသိုလ် လုပ်ထားတဲ့ ရေချမ်းစင် ကလေး ရှိတယ်။ အပင်ကြီးပေါ်မှာ တော့ ငှက်သိုက်ကလေးရှိ တယ်။ ငှက်ကလေးတွေ အပျံသင်စမှာ မိခင် ငှက်မကြီးက အပျံ သင်ပေးတာ တွေ့ဖူးတယ်။ ငှက်ပေါက်စ ကလေးတွေက အဝေးကြီးကို မပျံဘဲ ကုက္ကိုပင်ကြီးက အကိုင်းတွေ မှာပဲ ဟို ကိုင်းကနေ ဒီကိုင်း ကူး။ နောက် ဒီကိုင်းကနေ နောက်တစ်ကိုင်းကူးနဲ့ ပျံနေတာလေ။ ဘေးမှာတော့ မိခင် ငှက်မကြီးက အရိပ်တကြည့် ကြည့်နဲ့ပေါ့။ မိကောင်းလေ အမေ့ကိုမျှော်ရင်း ငှက်သား အမိတွေကို ကြည့်နေမိတယ်။
“ကောင်းကောင်း အဲဒါ ငှက်မကြီးက သူ့သားသမီး တွေကို အပျံ သင်ပေးနေတာ”
အမေကြီးက မိကောင်း ဘေးနား ရောက်လာရင်း ပြောတယ်။ အမေကြီးက သူ့ရေ ချမ်းစင်က ရေချမ်းအိုးက လေးတွေကို ရေဖြည့်ရင်းပေါ့။ ဒီမြင်ကွင်းကလေးက သိပ်ကြည့်ကောင်းတာပဲ။ ကျောင်းက ပြန်လာတိုင်း ကုက္ကိုပင်ကြီးပေါ်က ငှက် မိသားစု ကလေးတွေကို ကြည့်ရတာ အမောပဲ။ အသိုက်ထဲက ငှက်ကလေးတွေက ဆာလို့ ထင်ပါရဲ့၊ အသံကလေးတွေ ညံစာစာနဲ့ ညနေစောင်း ပြီလေ။ အစာ ရှာသွားတဲ့ သူတို့အမေ ငှက်မကြီး မလာလို့ ထင်တယ်နော်။
သိပ်မကြာပါဘူး။ နေလုံးညို ညနေစောင်း အိပ်တန်း ပျံချိန်လောက်မှာ ငှက်မကြီးနဲ့ ငှက်ကလေးတွေ အသိုက်ထဲမှာ ဆုံနေကြပြီပေါ့။
ဒါဆို စိန်စိန်ရော၊ အိပ်တန်းဘယ်တော့ ပျံလာမှာလဲ။ ငှက်ကလေးတွေတောင် သူတို့ အမေနဲ့ အတူနေကြရ တာ၊ မိကောင်းကျတော့ အမေနဲ့ ဘာလို့ အတူမနေရ တာလဲ။
အမေလို့ သူများတကာ တွေ ခေါ်လေတိုင်း မိကောင်း ငိုချင်လာတယ်။ နောက်ပြီး ကုက္ကိုပင်ကြီး အေက်မှာ အမေ တစ်ခါက ၀ယ်ပေးခဲ့တဲ့ ၀က်ဝံမွေးပွရုပ် ကလေးကို ပွေ့ရင်း “စိန်စိန် ရေလာပါတော့ မိကောင်း မျှော်လှပေါ့”လို့ ပါးစပ်က တိုးတိုးလေး ပြောနေမိတယ်။ တစ်ခါတလေ အရုပ်ကလေးကို ရင်ခွင်ထဲမှာ ပွေ့ရင်း ကုက္ကိုပင်ကြီး အောက်က ရေချမ်းစင် ဘေးကလေးမှာ အိပ်ပျော် သွားခဲ့တဲ့ အကြိမ်ပေါင်းလည်း မနည်းတော့ဘူး။ အမေကြီးက ပွေ့ချီရင်း အိပ် ရာထဲ သိပ်ခဲ့ရတာ။
လသာတဲ့ ညတွေမှာ ဆိုရင်လည်း လမင်းကြီးကို ငေးကြည့်ပြီး “စိန်စိန်ရေ လာပါ တော့ မိကောင်း မျှော်လှပေါ့” လို့ တိုင်တည် တမ်းတနေမိ တယ်။
“စိန်စိန် နင့်သမီးလေး ကို သနားရင် နင့်ဘ၀ကို နင်ပြင်ပါ။ ဆက်မမိုက်ပါနဲ့ တော့။ နင့်အဖေလည်း နင့် စိတ်ကြောင့် ဆုံးရတယ်ဆိုရင် မမှားဘူး။ ငါတောင် အမေ တစ်ယောက်မို့ ဒီလောက်ခံနိုင် ရည်ရှိရှိနဲ့ နင့်အတွက်၊ မြေး လေးအတွက် အသက်ရှင်နေ နိုင်သေးတာ။ နင်မွေးထား တာ သမီးနော်”
ဒီလို အမေကြီးက အမေ့ကို ဘာလို့ပြောပါလိမ့်။ အမေက မမိုက်ပါဘူး၊ လိမ္မာ ပါတယ်လေ။
ဟုတ်တယ်လေ။ မိကောင်းအတွက် အရုပ်လှလှ လေးတွေ၊ အ၀တ်အစား လှလှလေးတွေ၊ မိကောင်းကြိုက်တဲ့ ရှယ်ခေါက်ဆွဲကြော်တွေ ၀ယ်လာတာ လိမ္မာလို့ပေါ့။ တစ်ခါက အမေ ၀ယ်လာတဲ့ ကျောင်းစိမ်း ဂါ၀န်လေးကို ၀တ်လာတော့ ဆရာမက တောင် ပြောတယ်။
“ဟယ် ကြည်စမ်း၊ ငါ့ တပည့်မလေးက ဂါ၀န်လေးနဲ့ လှလိုက်တာ။ ဒါလေးကို ဘယ်သူက ၀ယ်ပေးတာလဲ” လို့ မေးတော့ “စိန်စိန် ၀ယ်ပေးတာလို့” ပြောလိုက်တာ ပေါ့။
“စိန်စိန်ဆိုတာ ငါ့ တပည့်မလေးနဲ့ ဘာတော်လဲဟင်”
“အေမပါ ဆရာမ”
“ဟင်၊ ငါ့တပည့်မလေးက အမေကို ဘာလို့ အမေလို့ မခေါ်တာတုံး”၊ ဒါကို မိကောင်း နားလည် ခံစား တတ်သလိုပဲ၊ “အမေက မိကောင်းကို အမေလို့မှ မခေါ်ခိုင်းတာ။ ပြီးတော့ မိကောင်းကိုလည်း သမီးလို့ ဘယ်တော့မှ မခေါ်ဘူး။ ဒီတော့ ကျေရောပေါ့နော်။ ဟုတ်တယ် မဟုတ်လား ဆရာမ”လို့ ပြောမိတော့ ဆရာမ ငိုင်သွားတယ်။
မိကောင်းကတော့ ငိုင်ရုံ မကဘူး ထိုင်တောင် ငိုချင်စိတ် ပေါက်သွားတယ်။ ပြီးတော့ အဲဒီနေ့က ကျောင်းအဆင်း လမ်းမှာ တစ်ယောက်တည်း ပြန်လာခဲ့ပြီး စိန်စိန် အစား အမေလို့ တိုးတိုး ဖွဖွ ကလေး ခေါ်ကြည့်မိတယ်။ ခေါ်ရတာ အဆင် မပြေပါ ဘူးလေ။ အမေလို့ ခေါ်ရတာ ဘာလိုနေမှန်း မသိဘူး။ ဟာ တာတာနေသလိုပဲ။
ဘာလိုလိုနဲ့ မိကောင်းတောင် စတုတ္ထတန်း ကျောင်းသူကြီး ဖြစ်လာခဲ့ပြီ။ ကျောင်း စတက်ပြီး တစ်ပတ် မပြည့် ခင်မှာဘဲ မိကောင်း ဘ၀မှာ စိတ်အနာ ဒဏ်ရာတစ်ချက် ရခဲ့တဲ့ နေ့လေးကို ပြန်ပြော ချင်သေးတယ်။ မိကောင်း ကျောင်းက အပြန် အမေကြီး အိမ်မှာ အမေ ရောက်နေတယ်။ မိုးကလည်း ရွာလို့။ မိုးရွာထဲမှာပဲ မိကောင်း ထီးမပါဘဲ မိုးရေ တရွှဲရွှဲနဲ့ လွယ်အိတ်ကလေး ကိုတော့ မစိုအောင် ပလတ်စ တစ်အိတ် ကလေးနဲ့ထုတ် ရင်ခွင်မှာ ပိုက်ပြီး ပြန်လာခဲ့တယ်။
“ဟော မိကောင်း မိုးရွာ ကြီးထဲ ပြန်လာတယ်။ မိုးတိတ်အောင် စောင့်ပြီးမှ ပြန်လာရောပေါ့။ အခု မိုးတွေစို ရွှဲလို့ အအေးပတ်ပြီး ဖျားတော့မှာပဲ လာ လာ”
အမေက မိကောင်းကို တဘက်ခြောက်နဲ့ ခေါင်းကို သုတ်ပေးတယ်။ မိုးရေတွေ ရွှဲနေတဲ့ မိကောင်း မျက်နှာပြင် ပေါ်မှာ မိုးရေ မဟုတ်တဲ့ နှလုံးသား အက်ကွဲ ရေစီး ကြောင်းလေးတွေက။
“ဘာပြုလို့လဲ မိကောင်း၊ ကြည့်စမ်း ငိုနေတယ်။ ဘာလို့ ငိုရတာလဲ”
ဒီလို ပြောလိုက်ကာမှ မိကောင်း အသံထွက်ပြီး ရှိုက် ကြီးတငင် ငိုချမိလိုက်တယ်။ အမေ့ ရင်ခွင်ထဲမှာ ခေါင်းထိုးလို့ပေါ့။ အကျိုးအကြောင်းကို မရမက ချော့မော့မေးလာ တော့ “မိကောင်းကို ဆရာမ က ရိုက်လို့ပါ”လို့ ပြောလိုက်တယ်။ ကျောင်းမှာ ရန်ဖြစ်လို့ပါ။ မိကောင်း စိတ်တိုတာနဲ့ တစ်ယောက်ကို ကွန်ပါဘူး စောင်းနဲ့ ခေါင်းကို ခေါက်ပစ်ပြီး ကျန်တဲ့ ကောင်မလေး တစ်ယောက်ကိုတော့ ခဲတံနဲ့ ထိုးတာ ပါးကို ထိသွားတယ် လေ။
“အမယ်လေး မိကောင်းရယ် ကံသီလို့ပေါ့။ မတော်လို့များ မျက်စိ၊ မျက်ဆန်ကို ထိုးမိရင် မကန်းပေ ဘူးလားဟင်။ဘယ်လိုကြောင့် ဒီလို လက်လွတ် စပယ် လုပ်ရတာလဲ” ဒီမေးခွန်းကို မိကောင်း မဖြေချင် ဆုံးပဲလေ။ အမေက မရမက မေးလွန်းလို့ မိကောင်း ဖြေလိုက်ရတယ်။
“ဘာ ဘာပြောတယ် မိကောင်း။ ပြန်ပြောစမ်း ပြန်ပြောစမ်း”
“ဟုတ်တယ် စိန်စိန် သူတို့ ပြောတာ မခံချင်လို့။ သူတို့ နှစ်ယောက်နဲ့ ကစားရင်း ငြင်းလို့ ရန်ဖြစ်တာ။ ကောင်မတွေက သိပ်စွာတာ။ ပထမတော့ ပါးစပ်နဲ့ပဲ သတ် ကြတာ။ သူတို့ ပြောတာတွေ က လွန်လာတယ်။ မိကောင်းကို ဖအေမရှိတဲ့ ကောင်မ။ လင်ကောင်မပေါ်ဘဲ မွေးတဲ့ ကောင်မ။ ပြီးတော့ စိန်စိန့်ကို လည်း မကောင်းတဲ့ မိန်းမ။ လင်သက်စေ့ ယူနေတဲ့ ကောင်မကြီးတဲ့”
မိကောင်း ဆက်မပြော နိုင်တော့ဘဲ ငိုချမိတယ်။
“တော် တော် မိကောင်း တော်တော့”
“အမေ ဆက်မကြားရဲဘူး မဟုတ်လား အမေ။ မိကောင်းက ပက်ပက်စက် စက်အပြောခံ လာရသူပါလေ”
သူတို့ပြောတာတွေ ဆက်ပြောရရင် အမေခံနိုင် ရည်ရှိမှာ မဟုတ်ပါဘူး။ အမေ့လို လူကြီး တစ်ယောက်တောင် ဒီစကားကို ကြားလို့ ဒေါသ ဖြစ်ခဲ့ရင် မိကောင်းက ကလေးပါ။ မိကောင်း ရင်ထဲမှာ အနာဆုံး၊ ဘ၀တစ်သက် တာ မမေ့နိုင်တဲ့ ခံစားရဆုံး အနာကျင်ဆုံး စကားလေး ရှိသေးတယ်။ ဒါက
“နင်က မိကောင်းဖခင် သားသမီး မဟုတ်ဘူး။ မိကောင်း ဖခင် သားသမီး မဟုတ်ဘူး”တဲ့ အမေရယ်။မိကောင်းမှာ ဖခင်ဆိုတဲ့ အဖေ မရှိဘူးလား အမေရယ်။ မိကောင်း အဖေ အရင်းဟာ ဘယ်သူလဲ။ အမေကြီးကို မေးတော့လည်း “မသိပါဘူး မြေးလေးရယ်”တဲ့လေ။ ဒါဆို မိကောင်းရဲ့ ဖခင်ဟာ “မိကောင်းဖခင်”ဟာ။
အချိုးအကွေ့မှာ အတိုး အဝှေ့တွေနဲ့ ဘ၀ကို ဒီလို ခရီးဆက်ရမယ်လို့ မိကောင်း မထင်မှတ်ခဲ့ဘူး။
“ကောင်းကောင်း မြေးလေး လိမ္မာနော်။ မြေးလေး အမေ စိန်စိန့်လို မမိုက်နဲ့။ အမျိုးယုတ် သမီး မဖြစ်စေနဲ့။ အမျိုးယုတ်သမီး ဆိုတာ ယုတ်ညံ့တဲ့ အမျိုးက မွေးလာတာကို ပြောတာ မဟုတ်ဘူး။ အမျိုးကို ကိုယ်က ယုတ်ညံ့ သွားအောင်လုပ်တဲ့ သားသမီးကို ပြောတာ မြေးလေး။ အမေကြီးတို့ အမျိုးမှာ တစ် လင်တစ်မယား ရိုးမြေကျသာ ရှိခဲ့တယ်။ စိန်စိန်ကျမှ အမေ ကြီးတို့ ခေါင်းမဖော်နိုင်ခဲ့ဘူး။ လူဘုံ အလယ်မှာ ကိုယ့် သားသမီးအကြောင်း ပြောဖို့နေနေ သာ မေးမြန်း စူးစမ်းလာမှာတောင် ကြောက်လန့် စိုးရိမ် နေခဲ့ရတယ် မြေးလေး”အမေကြီးက ဂုဏ်တော်ပုတီးလေး စိပ်ရင်း မိကောင်းကို ဆုံးမ စကားပြောလာတယ်။
ပြီးတော့ မိကောင်း မသိရသေးတဲ့ စိန်စိန့်အကြောင်း တွေကို ပြောရှာတယ်။ ပညာရေးကို စိတ်မ၀င်စားခဲ့တဲ့ စိန်စိန်။ အပျိုဖော် ၀င်ပြီဆိုတာ နဲ့ ရွာမှာ ရည်းစားသက်စေ့ ထားခဲ့တဲ့ စိန်စိန်။ မိဘရဲ့ ဆိုဆုံးမ စကားကို ပယ်ရှားပြီး ရွာမှာ တောလုပ်တောကိုင် လုပ်ရတာ ပင်ပန်းဆင်းရဲတယ် ဆိုပြီး မြို့တက်အလုပ်သွား လုပ်ခဲ့တယ်။ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားဆိုတော့ ခပ်ပေါ့ပေါ့ မိန်းမပဲ ဖြစ်မှာပေါ့။ တစ်နှစ် မပြည့်ခင်မှာပဲ ရွာကို ပြန်လာတော့ ဗိုက်တစ်လုံးနဲ့ပေါ့။ မိဘဆိုတာ မိဘပါပဲလေ။ မိကောင်းမွေးပြီး အခါမလည် ခင်မှာတော့ မြို့ကို တက်သွား ပြန်တယ်။ သတင်းသဲ့သဲ့ ကြားရတာကတော့ ပျက်စီး နေတယ်တဲ့။
“ကောင်းကောင်း စဉ်း စားကြည့်ပေါ့။ အမေကြီးရော၊ သူ့အဖေကြီးရော ရွာမှာ မျက်နှာ ငယ်လိုက်ရတာ။ ရွာကို သိပ်မကြာခင် ပေါ်တော်မူ လာတော့ ယောက်ျားတစ် ယောက်ပါလာတယ်။ ဟော နောက်တစ်ခေါက်မှာ ပါလာ ပြန်တော့ အရင်ဟာ မဟုတ်ပြန်ဘူး။ တစ်ခေါက်လာ တစ်ခါပါဆိုတော့ သုံးယောက် မြောက်မှာ အမေကြီးက နင့် အကျင့်ဗီဇ စရိုက်တွေ ငါ့ မြေးလေး ကူးကုန်မယ်။ ဘယ်တော့မှ မလာနဲ့တော့ ဆိုပြီး အပြတ်ပြောလိုက်တယ်။ ကောင်းကောင်းကို သူ မခွဲ နိုင်ဘူး။ ကိုယ့်သမီးကို မွေးပါရစေ အမေရယ်လို့ ပြောတာ ကိုလည်း အမေကြီး လက်မခံ ခဲ့ဘူး။ အဖေကြီးကတော့ သူ့ စိတ်ကြောင့်ပဲ အရက်နင်းကန် သောက်ပြီး လူ့သက်တမ်းစေ့ အောင်တောင် မနေလိုက်ရဘူး။ အခုဆို ကောင်းကောင်း အပျိုဖော် ၀င်နေပြီ။ ဒီနေ့အထိ ကောင်းကောင်း ဘာသံမှ မကြားရတာ ပတ်၀န်းကျင် မျက်စိ ဒေါက်ထောင့်ကြည့်နေ တဲ့ကြားက မအေဗီဇသွေး တစ်စက်မှ မပြခဲ့တာ အမေ ကြီး သာဓု ခေါ်ပါတယ်။ တကယ်လို့ အမေကြီးသေ သွားတောင် စိန်စိန်နဲ့ လိုက်မနေနဲ့တော်။ အမေကြီးရဲ့ ဒီ ခြံ၊ ဒီမြေ၊ ဒီအိမ်၊ ဒီဝုိင်းက မြေးလေး အတွက်ပဲ။ အမေကြီး ပြောတာတွေကို ကောင်း ကောင်း နားလည်ပါတယ် နော်”
အမေကြီးက ဒီလို ပြောပြီး မကြာခင်မှာဘဲ ကျန်းမာရေးက ဖောက်လာတယ်။ စိန်စိန် မလာတာလည်း အတော် ကြာသွားခဲ့ပြီ။ ကြာဆို သူ့ရဲ့ ဘယ်နှယောက်မြောက် ယောက်ျားနဲ့လည်း မသိဘူး လူကုန် ကူးမှုနဲ့ အဖမ်းခံရပြီး ထောင်ကျသွားတာကိုး။ ဒီသတင်းကို ကြားရတော့ အမေကြီးရော မိကောင်းပါ ပတ်၀န်းကျင်မှာ မျက်နှာငယ် လိုက်ရတာ။ စိန်စိန့် ဘ၀ကို အမေကြီးရော မိကောင်းပါ ရင်နာလိုက်ရတာ။
အမေ ထောင်ကမလွတ်ခင် မိကောင်း ရွာကျောင်းမှာပဲ ရှစ်တန်းအောင်တယ်။ ရွာမှာ တွဲဖက်ကျောင်းလေး ဖွင့်လာလို့ ပညာရေးကို ဆက်နိုင်ခဲ့တယ်။ အမေကြီးရဲ့ ခြံမြေ ထွက် သီးပင်၊ စားပင်လေး တွေက မိကောင်း ကျောင်း စားရိတ် လောက်ငခဲ့တယ်။ ရွာမှာပဲ တက်ရတော့ သိပ် မကုန်ဘူးလေ။ မိကောင်း ဆယ်တန်း နှစ်မှာတော့ အမေ ပေါက်ချ လာပြန်ရော။ မိကောင်းကို မြို့ မှာ သူနဲ့ ခေါ်သွားပြီး ဘော်ဒါ ကောင်းကောင်းတစ်ခုမှာ ထားပေးမယ် ပြောလာတယ်။ အမေကြီးက သဘောမတူပါ ဘူး။ မိကောင်းလည်း အမေ့ကို ကြောက်လာသလိုပဲ။ ဒါ ကြောင့် မိကောင်း ခေါင်းခါ လိုက်တော့ အမေငိုတယ်။
“မိကောင်းရယ် စိန်စိန့်ကို မယုံဘူးလားဟင်။ အသား စားတဲ့ ကျားတောင် ကိုယ့် သားသမီးကိုတော့ ဘယ်လောက် ငါ့၀မ်းပူဆာ မနေ သာဖြစ်နေပါစေ ပြန်မစားပါ ဘူး”
“ဟင့်အင်း”
မိကောင်း ကြောက်တယ်။ ရွာမှာပဲ မိကောင်း နေတယ်။ ဆယ်တန်းအောင်ရင် ပညာရေး ကောလိပ်တက်ပြီး ကျောင်းဆရာမ လုပ်မယ်။ အမေကြီးကို ပြန်စောင့်ရှောက်မယ်။ မိကောင်း ကျောင်းဆရာမ အလုပ်ကို ဝါသနာပါ တယ်။ ထဘီစိမ်း၊ အင်္ကျီဖြူနဲ့ ဆရာမလေးတွေကို အားကျတယ်။ ကလေးတွေကို စာ သင်ရတာ ဝါသနာ ပါတယ်။ အခုတောင် အနီးအနားမှာ ရှိတဲ့ မိဘ ဆင်းရဲချို့တဲ့ ကလေး တွေကို အိမ်ခေါ် စာသင်ပေး တယ်။ အမေကတော့ မိကောင်းကို သူ့ဆီ ခေါ်မရ ဘူးဆိုတာ သိပြီး လက်လျှော့ပြီ။ ဒါပေမယ့် အမေက မိကောင်းဆီကို လာတဲ့အခါ တိုင်း ငယ်ငယ်ကလို မိကောင်း ကြိုက်တတ်တဲ့ ခေါက်ဆွဲ ကြော်၊ အ၀တ်အစား၊ စားစရာ ယူလစမြဲပါ။ ပြီးတော့ မိကောင်း ပညာရေးအတွက် ဆိုပြီး တစ်လကို တစ်သောင်း အမြဲပေးတယ်။ အလာမှာ မျက်နှာက ရွှင်ပြမြူးတူး သွက်လက်သလောက် မိကောင်းဆီက အပြန် မျက်နှာညှိုးပြီး တုံ့ဆိုင်းဆိုင်း ခြေ လှမ်းတွေနဲ့ ပြန်သွားရရှာလေ တဲ့ အမေ့ ကျောပြင်ကို ကြည့် ပြီး မိကောင်း ငိုချင်လာသလို ပဲ။ အမေကြီးကတောင် ပြော လာတယ်။
“စိန်စိန်ဟာ ဗီဇ မကောင်းတဲ့ မအေတစ်ယောက် ဖြစ်ပေမယ့် မြေးလေးကောင်း ကောင်းကိုတော့ ချစ်ရှာတယ်။ အင်း…စိန်စိန် စိန် စိန်”ဆိုပြီး မျက်ရည်ကလေး ကမန်း ကတန်းထိန်းရင်း ပုတီးကလေး ကပျာကသီ ကောက်ကိုင် ရော။ မိကောင်းလည်း စိန်စိန့်ကို ချစ်တယ်၊ သနားတယ်။ အမေလို့ ခေါ်ချင်လိုက်တာ။ ဒါပေမယ့် ရင်ထဲကပဲ ခေါ်လို့ ရသေးတယ်၊ အမေရယ်။ အမေသာ အမေကြီး စကား နားထောင်ပြီး ဗိုင်းကောင်း ကျောက်ဖိ ယဉ်ကျေးလိမ္မာတဲ့ မိန်းကလေး တစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင် မိကောင်းနဲ့ အမေ အခုလို ခွဲနေရမှာ မဟုတ်ဘူးနော်။
“ခွေးမြီးကောက် ကျည် တောက်စွပ်ပြန်ပြီ”
အမေကြီးက အမေ့ကို ပြောတာပေါ့။ အမေ နောက် ထပ်ယောက်ျား ရပြန်ပြီတဲ့။ ဒီတစ်ခါရတဲ့ ယောက်ျားက အမေ့ထက် ဆယ်နှစ်လောက် ငယ်တယ်။ ရွာကိုလာတော့ ပါလာတာကိုး။ အမေတို့ လင်မယား အနေအထိုင်၊ အခေါ် အဝေါ်တွေကို ကြည့်ပြီး မိကောင်း မျက်စိ ရှက်လိုက်တာ၊ နားရှက်လိုက်တာ။ ချစ်မတဲ့။ မောင်လေးတဲ့လေ။
အမေရယ် ဒီတစ်ခါ ပါလာတဲ့ ခေါက်ဆွဲဟာ အရသာ မရှိဆုံးဘဲ။ အမေ့ လက်ဆောင်တွေဟာ အကျည်းတန် နေသလိုပဲ။
“ဒါ ချစ်မ သမီးလား။ ချောသားပဲ။ ရိုးရိုးလေးနဲ့ ကြည့်ကောင်းတယ်။ ချစ်မ သမီးက မအေတူပဲ။ မိကောင်း တဲ့လား”
မိကောင်း သူ့အသံ ကြားရတာနဲ့ကို နားကြားပြင်း ကတ်တယ်။ ဘာမှပြန်မပြော၊ ပြန်မဖြေဘူး။ ရှောင်ထွက်သွားတယ်။ ရိုင်းတယ်ထင် လည်းမတတ်နိုင်ဘူး။ ကြည့် ပါဦး။ ၀တ်တာကလည်း သရုပ်ပျက်။ ဆံပင်က ဆေးဆိုးပြီး၊ နားမှာ နားကပ်နဲ့၊ ဘောင်းဘီက ကွာတားပင်လေ။ မိကောင်း အိပ်ခန်းထဲ ၀င်ပြီး အသံမထွက်အောင် ကြိတ်ငိုနေမိတယ်။ အမေ ကြီးက မိကောင်း ဆံပင်လေးကို လက်နဲ့သပ်ပြီး နှစ်သိမ့် ရှာတယ်။
မကြာခင် အမေ၀င်လာ တော့ မိကောင်း ပိုငိုချင်လာ တယ်။ မိကောင်းတို့ မြန်မာ စကားပုံ တစ်ခု ရှိတယ်လေ။
“သုံးကျောင်း ပြောင်းသော ရှင်၊ သုံးလင်ပြောင်းသော မိန်းမဟာ မကောင်းဘူး တဲ့”
အမေရယ် အမေ့ဗီဇ စရိုက်တွေနဲ့ ဘ၀ကို မပြင် ဆင်နိုင်သရွေ့ အမေ့ကို မိကောင်း မတွေ့ချင်၊ မမြင် ချင်တော့ဘူး။
“အမေ စိန်စိန်တို့ ပြန် တော့မယ်။ မိကောင်း စိန်စိန့် ကို စကားလေးတော့ ပြောပါ ဦးဟယ်။ အစက စိန်စိန်တစ် ယောက်တည်းလာဖို့ပဲ။ သူ က စိန်စိန့်ကို စိတ်မချလို့တဲ့ ဇွတ်လိုက်လာတာ။ မသင့်တော်မှန်း စိန်စိန် သိပေမယ့် မိကောင်း ဒီလောက်စိတ်ထိ ခိုက်သွားမယ် မထင်လို့ပါ။ စကားလေး တစ်ခွန်းလောက် ဖြစ်ဖြစ် ပြောပါဦး မိကောင်း”
မိကောင်း အမေ့ကို စကား တစ်ခွန်းမကဘူး ပြော လိုက်ပါတယ်။ “နောက် စိန်စိန် မိကောင်းဆီကို ဘယ် တော့မှ မလာခဲ့ပါနဲ့။ မိကောင်း ရှက်တယ်။ ၀မ်း နည်းတယ်။ ပြီးတော့ စိန်စိန့် ကို သိပ်မုန်းသွားပြီ”လို့ ရှိုက် ကြီးတငင် ငိုရင်း ပြောချလိုက် တော့ အမေ နှုတ်ခမ်းတဆက် ဆက် တုန်လာတယ်။ မျက် ရည်ဝေ့လာတယ်။ အသံ မထွက်ဘဲ ငိုတယ်။။
“စိန်စိန့်ကို ဘယ်လို ပြောလိုက်တာလဲ မိကောင်း။ မုန်း တယ်လို့ တကယ်ပြောတာ လားဟင်”
မိကောင်း မဖြေချင် တော့ဘူး။ ရေငုံနှုတ်ပိတ်၊ တေမိပဲ လုပ်နေရတယ်။ ရင်ထဲမှာ စကား ဆက်ပြောလို့ မရအောင် နှလုံးသားနာကျင် မှုက အပြည့်။ ဆိုင်ကယ်သံ ကြားမှ အမေတို့ ပြန်ထွက် သွားပြီဆိုတာ သိလိုက်ရတယ်။ အမေ့ အသက်ဟာ သုံး ဆယ့်ငါးတောင် မကျော်သေး ပါဘူး။ ဒါပေမယ့် ပြင်ဆင် ခြယ်သပြီး ဟော့ရှော့၀တ် ထားလို့ မိကောင်းနဲ့ ညီအစ် မဆိုရင်တောင် ပြောရင် ယုံကြမယ်။ ဒီအသက်အရွယ် အထိ အမေ့ အလှတွေက ရှိနေသေး တော့၊ အမေဗီဇတွေက မပျောက်သေးတော့ မိကောင်း အရင်ကလို အမေလို့ စိတ်ထဲက ခေါ်ကြည့်ဖို့တောင် နှုတ် မရဲတော့ဘူး။ လူ့ဘ၀ဆိုတာ အနောက်တိုင်း အဆိုကတော့ အသက်လေးဆယ်မှ ဘ၀စ တာတဲ့။
အမေ့ကို မိကောင်း အသက်လေးဆယ် မြန်မြန် ပြည့်စေချင်ပြီ။ အဲဒီ အခါကျ ရင် အမေ့ ဘ၀ကို အစွန်း အထင်းမရှိဘဲ အသစ်စစေ ချင်လိုက်တာလေ။
နောက်တော့ အမေ မိကောင်းဆီ တကယ် မလာ တော့ဘူး။ လူကြုံနဲ့ပဲ စား စရာ၊ အ၀တ်အစားနဲ့ လတိုင်း ငွေတစ်သောင်းတော့ မှန်မှန် ပို့ပေးတယ်။ အမေ့ဆီက ပို့ လိုက်တဲ့ ခေါက်ဆွဲကြော်ထုပ် ကလေးဟာ အမေ မိကောင်း ကို ချစ်တယ်၊ သံယောဇဉ်ကြီးတယ် ဆိုတာ သက်သေပြနေ သလိုပဲ။
မိကောင်း ဆယ်တန်း ဖြေပြီးချိန်မှာတော့ ကျောင်း စာမေးပွဲခန်းထဲက အထွက် အမေ့ကို မထင်မှတ်ဘဲ တွေ့ လိုက်ရတော့ ၀မ်းသာသွား တယ်။ လက်ထဲမှာတော့ သုံး ဆင့်စတီးလ်ချိုင့်ကလေး။
အေမက
“ဖြေနိုင်လား မိကောင်း၊ စိန်စိန် လာတာကို ခွင့်လွှတ် နော်။ မနေနိုင်၊ မအောင့်နိုင်လို့ ပါ”လို့ မျက်နှာကလေး အောက်ချလို့ ပြောလာတော့ လည်း မိကောင်း စိတ် မကောင်းဖြစ်ရပြန်တယ်။ အမေ အခုလာတာက တစ်ယောက်တည်းပါ။ မိကောင်း သေချာပေါက် အောင်မှာ၊ ဂုဏ် ထူးတောင် နှစ်ခုလောက် မှန်း တယ်ဆိုတော့ အမေပျော်သွား လိုက်တာ။ အမေ့အပြုံးလေး တွေက သိပ်ကျက်သရေရှိ တာပဲ။ စာမေးပွဲအောင်ရင် မိကောင်း အနာဂတ်ကလေး လှလာမယ်လေ။ မိကောင်း တို့က စာမေးပွဲကို မြို့မှာလာ ဖြေရတာလေ။ အမေ ပြန်သွားတော့ စတီးလ်ချိုင့်ကလေးကို ဖွင့်မကြည့်ဘဲ အထဲမှာ။
……… …………
“သွေးတွေ၊ သွေးတွေ” သွေးတွေကိုကြည့်ရင်း မိကောင်း တွေဝေမှင်သက် နေမိတယ်။
“မိကောင်း”
အမေက အလန့်တကြားခေါ်သံနဲ့ အတူ ပြေးဖက်တယ်။ အမေ့ယောက်ျား ကတော့ သွေးအိုင်နဲ့ အတူ လှုပ်တောင်မလှုပ်နိုင်တော့ ဘူး။ ရိုက်လိုက်တာက တစ် ချက်တည်းဆိုပေမယ့် ချက်ကောင်း ခေါင်းဦးဆက်ကို ထိသွားတယ်။ ရိုက်တဲ့တုတ် ကလည်း အ၀တ်လျှော်တဲ့ တစ်ထောင်သာသာ အနှစ် ပြည့်ပြည့် ရှားနှစ်တုတ်လေ။
အမေ နေမကောင်းလို့ ဆေးရုံ တက်ရတယ်။ နောက် ဆေးရုံက ဆင်းတော့လည်း မသက်သာသေးဘူး ဆိုတဲ့ သတင်းကြားရလို့ မိကောင်း နှလုံးသားက မမာနိုင်တော့ ဘူး။ ဆရာကြီး ဦးသုခရေးတဲ့ စာအုပ်ထဲမှာ “အမေဟာ မကောင်းတဲ့ မိန်းမကြီး ဖြစ်နေ ပါစေ မပြစ်မှားရဘူး။ အမေ ဟာ အမေပါပဲ”တဲ့။
နောက်ဆုံး ကိုးလ လွယ် ခဲ့တဲ့ ကျေးဇူးရယ်၊ အမေ့ မေတ္တာ၊ စေတနာသက်သေ တွေဖြစ်တဲ့ ကျောင်းစိမ်းဂါ၀န် ကလေးရယ်၊ ၀က်ဝံမွေးပွ ရုပ်ကလေးရယ်၊ ရှယ်ခေါက် ဆွဲကြော်တွေဟာ။ အမေ့ဆီကို လာတော့ လိပ်စာအတိုင်း အိမ်ကိုတွေ့လို့ စိန်စိန်လို့ အိမ် ရှေ့က ခေါ်ပေမယ့် ထူးသံ မကြားရဘူး။ လိပ်စာက မမှားတော့ သိပ်စိတ်ပူသွား တယ်။ အမေ အိပ်ရာထဲလဲ နေသလားလို့ စိတ်ပူရင်း အိမ် ထဲအပြေး၀င်ခဲ့တယ်။ ဟိုဒီရှာ ရင်း ရေချိုးခန်းထဲက အမေ့ အသံကိုကြားရလို့ လာမိပြန် တယ်။
“ခင်ဗျားကြီး ပေးမှာလား၊ မပေးဘူးလား ပြော”
ရေချိုးခန်း တံခါးက လက်တစ်ဝါးသာသာ ဟနေ လို့ ကြည့်လိုက်တော့ အမေ က စောင်တွေ လျှော်လို့။ ခါး ထောက်ပြီးမျက်နှာထားတင်း တင်း လေသံမာမာနဲ့ ပြောနေ သူက အမေ့ယောက်ျားပေါ့။
“နင် ငါ့ကို နှိပ်စက် ပေါင်းများပြီ။ နင်တောင်းတဲ့ ပိုက်ဆံက တစ်သိန်းဆိုတော့ များလှချည်လား။ မိန်းမရှုပ် ဖို့ကြေး။ နင့်ဆေးဖိုး အကြွေး တွေ ငါ့မပေးနိုင်တော့ဘူး။ နင့်ဘာသာရှာတော့။ ငါ ဆေးရုံ တက်တုန်းက ငွေဘယ် လောက်ကုန်တယ် ဆိုတာ နင် မသိဘူးလား။ အခုတလော အရောင်းအ၀ယ် မဖြစ်လို့ ငွေ ကို ချွေတာနေရတာ။ နင်ကလည်း တစ်ပြားမှ ရှာနိုင်တာ မဟုတ်ဘူး။ အခုတောင် ဒီစောင်၊ ခြင်ထောင်တွေကိုတောင် လျှော်ဖို့ အ၀တ်လျှော် တောင် မငှားဘဲ ငါကိုယ်တိုင် လုပ်နေရတာ”
အမေကလည်း လေသံ မာတယ်။ ကြာကြာဝါးတော့လည်း ခါးမှန်း သိလာပြီ ထင် ပါရဲ့။
“အိုဗျာ ဒါတွေ ကျုပ် နားမလည်ဘူး။ မရှိရင် လည်ပင်းက ခင်ဗျားဆွဲကြိုး ဖြုတ်ပေး”
ပြောပြောဆိုဆိုပဲ ဆွဲကြိုးကို လှမ်းဆွဲတယ်။ အမေက မပေးဘဲ ငြင်းဆန်ရုန်းကန် တော့ အမေ့ပါးနှစ်ဖက်ကို ဘယ်ပြန်ညာပြန် ရိုက်လိုက် တာ အမေဟာ ဆံပင်တွေ ခါယမ်းသွားပြီး ပါးစပ်က သွေးတွေ စီးကျလာတယ်။ မိကောင်းလည်း ဒီမြင်ကွင်း ကိုကြည့်ပြီး မျက်လုံးထဲမှာ၊ ရင်ထဲမှာ မီးတောက်သွား တယ်။
“မပေးဘူးလား။ ဒီလောက် ခေါင်းမာတဲ့ ကောင်မကြီး ဒီမှာတွေ့လား”
“ဖြောက်” ဆိုပြီးပွင့်လာတဲ့ ခလုတ်ဓားသွားရဲ့ အသွား က ပြိုးပြိုးပြက်ပြက် လက် သွားတယ်။ အမေ ရှိရာကို လက်က ဓားကိုင်ရင်း တစ် လှမ်းချင်းသွားနေတဲ့ သူ့ကို အနားမှာ အဆင်သင့် တွေ့ရတဲ့ အ၀တ်ပုံဘေးက ရှားနှစ် တုတ်ကို ယူပြီး လက်နှစ်ဖက် စုံကိုင်ပြီး ရိုက်ချလိုက်တယ်။ အဖြစ်အပျက်တွေက မြန်ဆန် လွန်းလှပါတယ်။ ပြီးတာတွေ ပြီးသွားပေမယ့် မပြီးတာတွေက ကျန်နေသေးတယ်။ အမေဟာ ဆုံးဖြတ်ချက် တစ်ခုခုကို ပိုင်ပိုင်ချရင်း
“သေသွားပြီ ထင်တယ် သမီးလေးရယ်။ ဒုက္ခတော့ ရောက်တော့မှာပဲ။ ကဲ ကဲ သမီးလေးပြန်၊ ဒီကိစ္စကို စိန်စိန့်ဘာသာ ကြည့်ရှင်းမယ်” လို့ ပြောလာတော့ မိကောင်း ခေါင်းခါလိုက်တယ်။
“ရုပ်ရှင်၊ ဗီဒီယိုတွေထဲ ကလို စိတ်ကူး မယဉ်စမ်းပါ နဲ့ စိန်စိန်ရယ်။ မိကောင်း ရင်ဆိုင်ရဲပါတယ်။ မကြောက်ပါဘူး။ စိန်စိန် ပြောတာတွေ မဖြစ်နိုင်ဘူး”
အမေ ငိုသလို မိကောင်းလည်း မျက်ရည်ကျမိတယ်။ ဘ၀ကို စိတ်နာသလိုပဲ။
“မိဘမျက်ရည်တစ် စက် သားသမီးဆင်းရဲ တစ် သက်”တဲ့အမေ။ ဒါဆိုရင် အမေ့ကြောင့် ကျခဲ့ရတဲ့ သား သမီးဖြစ်တဲ့ မိကောင်းမျက်ရည်တွေ အတွက်ကော ဟင်။
“သားသမီး မကောင်း မိဘခေါင်းတဲ့”အမေ။ မိဘ မကောင်းခဲ့လို့ ဒဏ်ခံရတဲ့ မိကောင်း ဘ၀မှာ
“လင်ကောင်မပေါ်ဘဲ မွေးတဲ့ ကောင်မ။ ဖအေ မရှိ တဲ့ကောင်မ။ မိကောင်း ဖခင် သားသမီး မဟုတ်ဘူး”ဆိုတဲ့ စကားသံနဲ့အတူ မျက်ရည်ကျ ခဲ့ရ၊ ဒေါသဖြစ် အံ့ကြိတ်ခဲ့ရ၊ အရှက်ရခဲ့တာတွေ၊ မတွေး ချင်ဘူး။ မိကောင်းဖခင်သား သမီး မဟုတ်ဘူး ပြောရအောင် မိကောင်းမှာ ဖခင်ဆိုတဲ့ အဖေ မရှိခဲ့ဘူးလား။ မိကောင်း သိချင်လိုက်တာ။
စားလို့ မကုန်တဲ့ ခေါက်ဆွဲကြော် လက်ကျန်တွေ တောင် အေးစက် တောင့်တင်း နေပြီ။
ဒီနေ့ဟာ မိကောင်းအမှု အတွက် အမိန့်ချတော့မယ့်နေ့။ မိကောင်းလေ အားလုံးကို ရင်ဆိုင်ဖို့ တွန့်ဆုတ် မနေဘူး။ ကြောက်လန့် မနေဘူး။ တွေဝေ မနေဘူး။
‘This, too, will pass’ တဲ့ အမေ။ မိကောင်း သိပ်ကြိုက်တဲ့ စာသားလေးပေါ့။ အဖြေဟာ ဆိုးဆိုး ကောင်းကောင်း မိကောင်း ရင်ဆိုင်ရဲ ပါတယ်လေ။ ဟုတ်ပါတယ် အမေရယ် “ပြီးတော့လည်း ပြီးသွားမှာပါ”ပေါ့။ တရား ခွင်ထုတ်တော့မှာမို့ တာ၀န်ကျ ရုံးထုတ်ရဲသား တစ်ယောက်က မိကောင်းကို လက်ထိပ် ခတ်လိုက်တယ်။ အမေ ငိုနေ တယ်။
“သမီးလေးရယ် အမေ မမြင်ရက်လိုက်တာ။ ဒါတွေဟာ အမေ့ အပြစ်ပါ”
မိကောင်း ဘ၀မှာ အမေ့ ကို ဒီနေ့လောက် သနား သွား ခဲ့တာ မရှိဘူး။ အမေ့ကို မိကောင်း ချစ်ပါတယ်။ အမေလို့ မိကောင်းနှုတ်က နှလုံး သား အမိန့်ပေးမှုကြောင့် ပထမဆုံး ခေါ်လိုက်တော့ မျက်ရည်ကြားက အမေပြုံး လာတယ်။ “ဘာ စိန်စိန့်ကို အမေလို့ခေါ်တယ် ပြောလေ သမီးလေး ဘာပြောချင်လို့ လဲ”ဆိုတော့ အမေရယ် တကယ်တော့ ပြောချင်တာ မဟုတ်ပါဘူး။ သိချင်တာ၊ မေးချင်တာပါ။ မိကောင်း ဖခင်တဲ့ အမေရယ်။ ဒါပေမယ့် အမေ့ကို မိကောင်း သိ ချင်တာ မမေးရက်တော့ပါ ဘူး အမေရယ်။
ကိုလှိုင်ကြည်၀င်း
(ရွှေ့အမြုတေ မဂ္ဂဇင်း၊ နို၀င်ဘာလ ၂၀၁၀)