#မိကျားနှင့်_မေတ္တာစုန်ရေ
———————————လယ်တွင်းသားစောချစ်
မိကျား ရောက်မလာခင် ကျွန်တော်တို့အိမ်တွင် ကြွက်များ မင်းမူနေကြ၏။ မင်းမူနေသောကြွက်များကို နှိမ်နှင်းရန် ကြောင်စွမ်းကောင်း မိကျား လာပြီ။
မိကျားသည် အဆင်းမလှ။ အသွေးအရောင်က ရှဉ့်မွေး မည်းခြောက်ခြောက်မှာ အစင်းကလေးများပါ၏။ သို့သော် မိကျားမှာ အချင်းရှိ၏။ ကြောင်၏အချင်းမှာ ကြွက်ခုပ်ကောင်းခြင်း… ။
သောင်းကျန်းနေသော ကြွက်များကို မိကျားဖမ်း၍ တစ်ကောင်ပြီး တစ်ကောင် စား၏။ ကြွက်များ တစ်နေ့တခြား လျော့ပါးသွားသည်။ မိကျား၏ကိုယ်ခန္ဓာ တစ်ရက်ထက်တစ်ရက် ကြီးထွားလာသည်။
နောက်ဆုံးတွင် ကျွန်တော်တို့အိမ်မှာ ကြွက်တစ်ကောင်မျှမမြင်ရတော့ပါ။ အနီးဝန်းကျင်ရှိ အိမ်များမှ ကြွက်များကိုပါ မိကျား ရှင်းလင်းပေးသည်။ အိမ်နီးချင်းများ မိကျားကို ကျေးဇူးတင်ကြသည်။
တစ်နှစ်ခန့်ကြာသောအခါ မိကျား အရွယ်ရောက်လာသည်။ ညအချိန်တွင် ရပ်ကွက်ထဲမှကြောင်ထီးများ ရောက်လာကြသည်။ ဖိုသံပေး၍ ချစ်ရေးဆိုကြသည်။ သို့သော် အိမ်ထဲကို မဝင်ဝံ့။ ပြတင်းပေါက်ကို တက်မိလျှင် စာရေးနေသော ကျွန်တော့်ကိုတွေ့၍ မျက်လုံးပြူးပြီးကြည့်နေ၏။ ကျွန်တော် လက်ရွယ်သည်နှင့် ခုန်ချထွက်ပြေးသည်။ အိမ်အောက်မှ အော်ခေါ်နေပြန်၏။
မိကျားက ကျွန်တော့်အနားမှာကပ်၍ အိပ်နေသည်။ လှုပ်ရုံမျှပင် မပြ။ ဣန္ဒြေသိက္ခာ ကြီးလှ၏။ မိကျား၏ အနေအထိုင်ကို ကျွန်တော် သဘောကျသည်။
သို့သော် ကျွန်တော် အိပ်သည်နှင့် မိကျားထွက်သွားသည်ကို ကျွန်တော်မသိ။
‘ငါ့သမီး လိမ္မာလှ’ ချီးမွမ်းနေရာ မဖုံးနိုင် မဖိနိုင်မှ ကျွန်တော် ရိပ်မိသည်။
နေ့လစေ့သော် ကြောင်ထီးလေးနှစ်ကောင် မွေး၏။ မိကျား၏ အမွေးအရောင်မျိုး။ ကျွန်တော်တို့မိသားစု ဝမ်းသာနေကြသည်။ တစ်ညလုံးကောင်းကောင်းမအိပ်ကြရ။ ကြောင်ဝမ်းဆွဲ၊ ကြောင်သူနာပြု၊ ကြောင်မီးနေစောင့် လုပ်ကြရသည်။
မိကျားသည် မိခင်ကောင်း ပီသ၏။ သူ့ကလေးများကို အလွန်ကြင်နာသည်။ ချစ်ခင်စွာ နို့တိုက်သည်။ လျှာနှင့်လျက်ပေးသည်။ စိတ်မချတိုင်း နေရာရွှေ့ရသည်ကလည်း အမော။ သို့သော် ကြောင်ကလေးများ သက်ဆိုးမရှည်။ တစ်ပတ်လောက်မှာ ဗိုက်ကလေးများပူပြီး သေကြသည်။
ပထမ တစ်ကောင် နေ့မှာသေ၍ ဝေးဝေးသွားပစ်နိုင်၏။ ဒုတိယတစ်ကောင် ညမှာသေ၍ အိမ်ထဲမှာပင် မိကျားမသိအောင် မြုပ်ထားလိုက်၏။
မိကျားခမျာ သားနှစ်ကောင်မရှိသောအခါ ပရိဒေဝမီး တောက်လောင်ရှာ၏။ သူ့ကလေးများရှိစဉ်က နေခဲ့သော သေတ္တာခွဲကို နမ်းလိုက်၊ အော်မြည်တမ်းလိုက် လုပ်နေသည်။ လူနှယ် သူ့ဟန် ဆိုသကဲ့သို့ ပူပင်လယ် လှိုင်းဘောင်ဝေရှာသည်။ တစ်နေ့လုံး ကျွေးသမျှ အနည်းငယ်ပင် မစား။ ကျွန်တော်တို့ မိသားစု မိကျားအတွက် စိတ်မကောင်းဖြစ်ကြရ၏။
ညအချိန်တွင် အိမ်အောက်မှတက်လာသော မိကျားကိုကြည့်၍ ကျွန်တော်တို့အားလုံး အံ့သြသင့်ကြရ၏။
မိကျား၏ ပါးစပ်ထဲတွင် ပုပ်စပြုနေသော ကြောင်သေလေး ကိုက်ချီလာသည်။ မြုပ်ထားသည်ကို အနံ့ခံရှာဖွေ၍ လက်ဖြင့်ယှက်ပြီး တူဖော်လာဟန်တူသည်။ ခံစားတတ်လွန်းသော မိကျားအတွက် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ကြရသည်။
မိကျားကို ချော့မော့၍ ပုဇွန်ခြောက်ကျွေးကြသည်။ မိကျားက မစား။ သားငယ်ကို ရှေ့မှာချ၍ တညောင်ညောင်အော်နေသည်။
သမီးငယ်က မိကျားကို ပွေ့ချီချော့သည်။ သားက ကြောင်သေလေးကို ယူ၍ အိမ်နှင့်ဝေးဝေးမှာ သွားမြုပ်သည်။
သုံးရက်ကြာအောင် မိကျားအော်မြည်တမ်းတနေရှာသည်…။ နောက်မှ တဖြည်းဖြည်းနှင့်သေသောကြောင် ကြာလျှင်မေ့ရသည်။
ကြောင်ကလေးများ သေဆုံးရသည့်အကြောင်းကို တိကု ဆရာဝန်နှင့်မေးကြည့်သည်။ သန်ရောဂါကြောင့်ဖြစ်ကြောင်း၊ နောက်တစ်ခါကြောင်တွင် ကိုယ်ဝန်ရင့်လာလျှင် သံချဆေး တိုက်သင့်ကြောင်း၊ကလေးများကို တိုက်သည့်နှုန်းအတိုင်း တိုက်လျှင်ရကြောင်းပြောပြသည်။
မိကျား ဒုတိယအကြိမ် ကိုယ်ဝန်ရှိသောအခါ ဆရာဝန်ပြောသည့်အတိုင်း သံချဆေးတိုက်ကြသည်။ ယခုတစ်ကြိမ်တွင် လေးကောင်မွေးသည်။ တစ်ကောင်က အနက်၊ တစ်ကောင်က အဝါ၊ တစ်ကောင်က အဖြူကျား၊ တစ်ကောင်က မိကျားနှင့်ပုံတူ။
ကြောင်များက ကျန်းမာ၍ ကျွန်တော်တို့မိသားစု ဝမ်းသာကြရသည်။ မိကျား၏နို့ကိုစို့၍ တစ်နေ့တခြား ကြီးထွားလာကြသည်။ ကလေးကများ၍ နို့များများတိုက်ရသောကြောင့် မိကျားပိန်လာသည်။ မိကျားကိုကြည့်၍ သနားမိသည်။ ငါးဖယ်ရိုးနှင့်ငါးဖယ်အရေခွံများဝယ်၍ ပြုတ်ကျွေးရသည်။ ပုဇွန်ခြောက်မှုန့်ကို ထမင်းနှင့်နယ်၍ကျွေးရသည်။
ကြောင်ကလေးများ ပြေးနိုင် ခုန်နိုင်ကြပြီ။ ဘောလုံးကလေးများနှင့် ကစားတန်ကြပြီ။ တစ်ကောင်နှင့်တစ်ကောင် သတ်ပုတ်တမ်း ကစားနေကြပြီ။မိကျား ညစဉ်ညတိုင်း ကြွက်ခုတ်၍ ကလေးများကို ကျွေးသည်။
မိကျား ကြွက်ရလာလျှင် အိမ်ထဲသို့မဝင်မီ အပြင်မှ အသံပြုတတ်၏။ ကြွက်ရလာ၍အော်သောအသံသည် တစ်မူထူးခြား၏။ ထိုအသံကို ကြားလျှင် ကြောင်လေးများ ယောက်ယက်ခတ်နေကြသည်။ သူ့ထက်ငါ ဦးအောင်ပြေးလွှားလှုပ်ရှား နေကြသည်။
မိကျားက အဆက်မပြတ်အသံပေးနေသည်။ အိမ်ထဲသို့ရောက်မလာသေး။ တစ်ခါတစ်ရံ နောက်ဖေးမီးဖိုဘက်မှ တက်လာသည်။ တစ်ခါတစ်ရံ အပေါ်မျက်နှာကျက်မှ ဆင်းလာသည်။ တစ်ခါတစ်ရံ အိမ်ရှေ့တံခါးဝမှ ဝင်လာသည်။ မိကျား၏ ပရိယာယ်ဖြစ်၏။ ကြောင်ကလေးများ ရှေ့နောက် လူးလာဆန်ခတ် ဖြစ်နေကြသည်။
မိကျား အိမ်ထဲသို့ရောက်သည်နှင့် မိကျားထံ အရင်ရောက်လာသော ကြောင်ကလေးသည် ကြွက်ကိုဆွဲယူသွားတော့သည်။
ကျန်သောကြောင်ကလေး သုံးကောင်ကို မိကျားက နို့တိုက်သည်။ လျှာဖြင့်လျက်ပေး၍ နှစ်သိမ့်သည်။ တစ်ညကို ကြွက် သုံးလေးကောင်ရအောင် မိကျားရှာရသည်။ ကိုယ့်အိမ်မှာ ကြွက်မရှိ၍ တစ်ရပ်ကွက်လုံး အနှံ့လိုက်ရှာရသည်။ ကြွက်ရလျှင် သူ အလွန်ကြိုက်သော်လည်း မိကျား မစားရက်။ ချစ်သော သားသမီးများကိုသာ ကျွေးသည်။ တချို့ညများတွင် ကြွက်ခြောက်ကောင်အထိ မိကျား ရှာကျွေးသည်ကို တွေ့ရ၏။
ကြွက်အရေအတွက်များသော်လည်း တစ်ကောင်စီခွဲဝေ၍ မိကျား မကျွေး။ သူ့ထံ ဦးအောင်ပြေးလာနိုင်သူသာ ကြွက်ရမည်။ သူ့သားသမီးများ ပါးနပ်အောင်၊ လျင်မြန်အောင် လေ့ကျင့်ပေးခြင်းဖြစ်ပေမည်။ ကြောင်နက်ကလေးက အလျင်ဆုံး၊ အမြန်ဆုံးမို့ များသောအားဖြင့် ကြောင်နက်ကလေးသာစားရသည်။
ညစဉ် ညတိုင်း သားသမီးများအတွက် မိကျား အစာရှာရသည်ကလည်း လွယ်လွယ်မဟုတ်။ အန္တရာယ်များ ကြားမှ စွန့်စွန့်စားစား သွားရခြင်း ဖြစ်၏။ မိကျားက ကြွက်ကို ရှာဖွေချောင်းမြောင်းနေစဉ် ရပ်ကွက်ထဲမှ ခွေးများကလည်း မိကျားကို ရှာဖွေချောင်းမြောင်းနေကြ၏။ မကြာခဏပင် မိကျား ခွေးဆိုးတို့ရန်ကို ရင်ဆိုင်နေရ၏။ တစ်ခါတစ်ရံတွင် မနည်းရုန်းကန်တိုက်ခိုက်ပြီးမှ လွတ်မြောက်လာသည်ကို ကြားနေရ၏။ တွေ့မြင်နေရ၏။
သို့သော် မိကျားသည် သားသမီးတို့ကို ချစ်သည့်ဇောနှင့် စွန့်စားသွားလာ အစာရှာသည်။ မိခင်ကောင်းဖြစ်သော မိကျားကို ကျွန်တော် ချစ်ခင်လေးစာမိသည်။ မိကျားကို ကြည့်၍ ဝေးကွာလှသော အညာမြေမှ အမေ့ကို သတိရမိသည်။
အမေသည် အဖေမရှိသည့်နောက် လယ်ယာလုပ်ငန်းကို ကိုယ်တိုင်ဦးစီးလုပ်ကိုင်၍ ကျွန်တော်တို့သားသမီးများကို ပင်ပင်ပန်းပန်း လုပ်ကိုင်ရှာဖွေကျွေးမွေးခဲ့သည်။ နေပူစပ်ခါး သွားရလွန်း၍ အမေ့အသားများ မည်းနေသည်။ ထယ်သီးခဲများ၊ ခရောင်းမြေများကို နင်းရလွန်း၍ အမေ့ခြေထောက်များ ကြမ်းထော်အက်ကွဲကုန်ကြသည်။
အမေက သူသာ အပင်ပန်းခံသည်။ သားသမီးများ မပင်ပန်းစေချင်။ ကျွန်တော်တို့ လယ်တောလိုက်လျှင် အမေ မကြိုက်။ နေပူမှာ စိုးသည်။ မြွေပါး ကင်းပါး စိုးရိမ်သည်။ သူ့လို မပင်မပန်းအောင် ပညာကို ကြိုးစားအသင်ခိုင်းသည်။
ကျွန်တော်တို့မြို့မှာ အလုပ်နှင့်အကိုင်နှင့်ဖြစ်သောအခါ အမေ ဝမ်းသာသည်။ သို့သော် အမေသည် မည်သည့်သားသမီးနှင့်မှ လိုက်မနေ။ သူ့မြေ သူ့ရွာ သူ့အိမ်မှ မခွာနိုင်။ သားသမီးများ တစ်နှစ်တစ်ခါ သူ့ထံပြန်လာလျှင် အမေ အလွန်ဝမ်းသာသည်။
ကျွန်တော် အမေ့ထံ မပြန်နိုင်သည်မှာ ငါးနှစ်ရှိသွားပြီ။ မကြာခင်တော့ အမေနှင့် အတူနေနှမထံမှ စာတစ်ကြောင်းရောက်လာသည်။ အမေ့ကျန်းမာရေး မကောင်းကြောင်း၊ သားသမီး မြေးများကို လွမ်းဆွတ်သတိရ၍ အမှာခိုင်းကြောင်း၊ ကလေးများ နွေရာသီ ကျောင်းပိတ်လျှင် လာဖြစ်အောင် လာစေချင်ကြောင်း ဖြစ်၏။
ကျွန်တော် အမေ့ထံ ပြန်သင့်သည်။ စားကောင်းသောက်ဖွယ်လေးများ ဝယ်သွား၍ အသက်ကြီးပြီဖြစ်သော အမေ့ကို ကျွေးသင့်သည်။ ဆေးကောင်း ဝါးကောင်းများနှင့် အမေ့ကျန်းမာရေးကို ကုသပေးသင့်သည်။ အနည်းဆုံးအားဖြင့်သားသမီး မြေးများ၏ မျက်နှာကို ပြ၍ အမေ့အလွမ်းကို ဖြေဖျောက်ပေးသင့်သည်။
သို့သော် ကျွန်တော် မသွားဖြစ်ခဲ့။ သွားလျှင် အနည်းဆုံး သုံးလေးသောင်းကုန်မည်။ ကျွန်တော့်ဝင်ငွေက တစ်လနှင့်တစ်လ အလျင်မီရုံသာ ရှိသည်။ ငွေသုံးလေးသောင်း အပိုဆောင်းမရှိ။ ထို့ကြောင့် စိတ်သာရောက်သော်လည်း လူမရောက်ခဲ့။
ကျောင်းများ ပြန်ဖွင့်ပြီ။ သားနှင့်သမီးအတွက် ကျောင်းဝင်ကြေး၊ စာအုပ်ဖိုး၊ ထီး၊ ဖိနပ်၊ လွယ်အိတ်ဖိုး၊ ကျောင်းဝတ်စုံဖိုး စသည်တို့ကို မရှိသည့်ကြားမှပင် လေးငါးသောင်းဖိုး ကြံဖန်၍ အကုန်အကျခံရ၏။
ကျွန်တော် အမေ့ထံသို့ စာ တစ်စောင်ရေးနေမိသည်။ ဤစာဖြင့်သာ အမေ၏အလွမ်းကို ဖြေသိမ့်ရတော့မည်။
ညဉ့်နက်ပြီမို့ တစ်ရပ်ကွက်လုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ မိုးကလေး တစိမ့်စိမ့်ရွာနေသည်။
ရုတ်တရက် လမ်းဘက်ဆီမှ ဆူညံသောအသံများ ကြားရသည်။ မိကျား၏ အော်ဟစ်ရုန်းကန်သော အသံနှင့် ခွေးတစ်ကောင်၏ ဒေါသတကြီး မာန်ဖီကိုက်ခဲနေသံ ဖြစ်သည်။ မိကျား၏ အော်မြည်သံ အဆက်မပြတ် ထွက်ပေါ်နေသည်။ ခွေးသည် မိကျားကို မိထားဟန် တူ၏။ ခါတိုင်း တစ်ချက်မျှ ရုန်းကန်ပြီး မိကျား လွတ်မြောက်လာတတ်သည်။ ယခုတစ်ကြိမ်တွင် မိကျား လွတ်ဟန်မတူ။
ကျွန်တော် မတ်တတ်ထ၍ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်သည်။ လမ်းပေါ်တွင် မိကျားကို ခွေးတစ်ကောင် ကိုက်နေသည်။
‘ဟဲ့ခွေး…ဟဲ့ခွေး’
ကျွန်တော် လှမ်းအော်လိုက်သည်။ ခွေး ထွက်ပြေးသွားသည်။ မိကျားသည် လမ်းပေါ်မှာ တစ်စုံတစ်ခုကို ကိုက်ချီ၍ အိမ်ဘက်သို့ လျှောက်လာ၏။ မိကျား နာသွားဟန်တူသည်။ ဖြည်းဖြည်းသာ လာနိုင်၏။
အိမ်အနီးသို့ ရောက်သောအခါ မိကျားအသံပေးသည်။ အစာရလာသော အသံဖြစ်၏။ သို့သော် သိပ်မကျယ်လှ။
အိမ်ထရံကို ကုပ်ကပ်တက်၍ ပြတင်းပေါက်ဘောင်ပေါ်သို့ ရောက်လာသည်။ ကြောင်ကလေးများ မိကျားထံသို့ အပြေးအလွှား ရောက်လာကြ၏။ အနက်ကလေးပင် မိကျားပါးစပ်မှ ကြွက်ကို ဆွဲယူသွားပါ၏။
‘အို…’
ကျွန်တော် မိကျားကို ကြည့်၍ ထိတ်လန့်သွားမိသည်။ သူ့လည်ပင်းနှင့်ဝမ်းဗိုက်မှာ သွေးများ ထွက်နေသည်။
မိကျားက အိမ်ကြမ်းပြင်မှာ လှဲအိပ်လိုက်၏။ ကြွက်မရသော ကြောင်ကလေးသုံးကောင်က မိကျားကို ဝိုင်းအုံ နို့စို့နေကြသည်။
မိကျား ဝေဒနာ ခံစားနေရသည့်ကြားမှပင် ကြောင်ကလေးများကို လျက်ပေးနေရှာသည်။
ကျွန်တော်က ဇနီးနှင့် သားသမီးများကို နှိုးလိုက်သည်။ သူတို့အားလုံး မိကျားကို ကြည့်၍ စိတ်မကောင်း ဖြစ်ကြ၏။
နို့စို့နေသော ကြောင်ကလေးများကို သားနှင့်သမီးက ဆွဲယူလိုက်ကြသည်။ ကျွန်တော်တို့ မိကျား၏ ဒဏ်ရာများကို ကြည့်ကြသည်။
‘ဟယ်’
ကျွန်တော့်ဇနီးခမျှာ မိကျားကို မကြည့်ရက်။ အားလုံး စိတ်မကောင်း ဖြစ်ကြရသည်။
မိကျား ဗိုက်ပေါက်သွားသည်။ အထဲမှ အူများကို မြင်နေရ၏။ လည်ပင်းဒဏ်ရာက ပိုဆိုးသည်။ သွေးများ ယိုစီးနေသည်။
သမီးက မိကျားကိုကြည့်၍ မျက်ရည်များ စီးကျနေ၏။
မိကျား ခေါင်းကျသွားလေပြီ။ ကျွန်တော်တို့ မိသားစုရှေ့မှာ မိကျားသေသွားရှာ၏။
ကြောင်ကလေးများ ခုန်ပေါက်ပြေးလွှား ဆော့ကစားနေကြသည်။ သူတို့အတွက် အစာရှာရင်း အသက်ပေးသွားသော မိခင်အဖြစ်ကို ဝမ်းနည်းရကောင်းမှန်း မသိ။ အစားမပျက်၊ အဆော့မပျက်ကြ။
ကျွန်တော်တို့ မိကျားကိုကြည့်၍ သနားမိကြသည်။
ရေတို့သည် မြင့်ရာမှ နိမ့်ရာသို့သာ စီးမြဲဖြစ်၏။ မိကျား၏ မေတ္တာ စုန်ရေသည် သေသည် အထိ စီးဆင်းခဲ့၏။
ကျွန်တော် ဆုံးဖြတ်လိုက်သည်။
အမေ့ထံ ရောက်အောင် ပြန်ဦးမည်။ ။
(ကလျာမဂ္ဂဇင်း၊ ဇူလိုင်၊ ၂၀၀၆)