မိခိုင်

Posted on

မိခိုင်(စ/ဆုံး)

———-

‘မိခိုင်ရေထမင်းစားနားတော့လေ သမီး၊နေအတော်မြင့်နေပြီ၊သမီးကြိုက်တဲ့ငါးလေးအိုးကပ်ပါတယ်’
မြေပဲခင်းထဲမှာခိုင်သက်နှင်းတယောက်နံနက်စောစောထဲကတကုပ်ကုပ်ပေါင်းလိုက်နေတယ်၊ထမင်းပို့လာတဲ့မိခင်ကိုမမြင်မိ၊ခုဆိုနေမွန်းတည့်လို့ နေရှိန်အတော်ပြင်းနေပြီပဲ၊ခမောက်ကြီးကြီး သနပ်ခါးထူထူ အင်္ကျီလက်ရှည်နဲ့မို့တော်သေး။
မောင်လေး စိုးသက်ဝင်းကတော့ ထမင်းတောင်းရွက်လာတဲ့မိခင်ကိုမြင်ကတည်းက အရိပ်ကောင်းတဲ့ဇီးပင်ကြီးအောက်မှာစားဖို့အသင့်စောင့်နေတတ်တယ်၊အလုပ်လုပ်သလောက်အစားကြီးတဲ့မောင်လေး။
‘ဒါလေးပြတ်အောင်လုပ်ပြီးမှစားမယ်အမေ့၊ညနေအပြန်နောက်ကျရင်လဲစိတ်မပူနဲ့’
မိခိုင်အလုပ်ကြိုးစားမှဖြစ်မယ်လေ၊အရင်နှစ်တွေက အဖေ့ကိုဖုန်းပူဆာတော့ အင်းမလုပ် အဲမလုပ်၊အမေကလည်းမထောက်ခံ။
ဒီနှစ်တော့ ပဲခင်းအောင်ရင် ဖခင်ဦးသန့်ဇင်ကသူတို့မောင်နှမနှစ်ယောက်လုံး ဖုန်းကောင်းကောင်းဝယ်ပေးမယ်လို့ သေချာကတိပြုထားပြီ။
လူငှားခေါ်ရင်တနေ့သောင်းနှစ်ထောင် သုံးယောက်ဆိုရင်တနေ့သုံးသောင်းခြောက်ထောင်၊ဆယ်ရက်ဆိုသုံးသိန်းခြောက်သောင်း၊တော်ပါပြီ၊ဖုန်းဝယ်မဲ့ပိုက်ဆံလေးပွန်းသွားလိမ့်မယ်….
မိခိုင်တို့ရွာမှာသက်တူရွယ်တူကိုမဆိုထားနဲ့ မိခိုင်တို့မောင်နှမထက်အပုံကြီးငယ်သူတွေတောင်ဖုန်းကိုယ်စီနဲ့၊မိခိုင်ခမျာသူများတကာလိုင်းပေါ်ကအကြောင်းအရာတွေပြောနေကြရင်စိတ်မဝင်စားဟန်ပြု၊ဖုန်းလေးတကိုင်ကိုင်နဲ့ဟန်ရေးပြကြသူတွေကိုလည်း မျက်နှာလွှဲရရှာပေါ့။
ပွဲလမ်းရှိရင် ဝတ်ကောင်းစားလှနဲ့ဆယ်လ်ဖီဆွဲကြ၊ အမှတ်တရပုံတွေအများကြီးရိုက်ပြီးချက်ချင်းပြန်ကြည့်၊မကြိုက်ရင်ပြန်ရိုက်၊လွတ်လပ်ပျော်ရွှင်တဲ့လူငယ်သဘာဝ အားကျပါဘိ။
ကွမ်းတောင်ကိုင်မိခိုင်မှာအလှဆုံးပြင်ဆင်ထားပေမဲ့ ဖုန်းမရှိ၊အပျိုခေါင်းဒေါ်စန်းမူ သူ့ဖုန်းနဲ့ရိုက်ပေးတဲ့သုံးလေးပုံတောင် မြို့မှာမကူးရသေးတော့ကိုယ်မပိုင်။
မှတ်မှတ်ရရ နှစ်အိမ်ကျော်ကသင်းသင်းမာအတင်းလက်ဆွဲခေါ်လို့အမျိုးတယောက်မင်္ဂလာပွဲမှာသူ့ဖုန်းနဲ့နှစ်ပုံရိုက်ခဲ့ဖူးတယ်၊သင်းသင်းမာကနင့်ပုံကောင်းတယ်ဆိုပေမဲ့ ကိုယ့်ဖုန်းမဟုတ်တော့ ကိုယ့်ပုံလေးကိုပြန်မကြည့်နိုင်။
တောင်သူကြီးသမီးဖြစ်ပေမဲ့ ဖုန်းမကိုင်ရတဲ့မိခိုင်ဘဝ၊နေနှင့်ကြအုံးပေါ့၊အကောင်းဆုံးဆိုတဲ့ဖုန်းကိုဝယ်ပြီးမှ အလှဆုံးပြုံးပြီး ဓာတ်ပုံတွေ အများကြီး ရိုက်လိုက်မယ်။
အားတင်းထားတဲ့ကြားက မိခိုင်မှာသိမ်ငယ်မိတဲ့အပြင် သင်းသင်းမာရဲ့လက်ဖဝါးကနုဖတ်နေပြီး သူ့လက်ကကြမ်းထော်နေလို့ရှက်စိတ်ဝင်မိတယ်။
တခါတလေတော့မိရိုးဖလာတောင်သူအလုပ်ကိုစိတ်ကုန်ချင်သလိုလို၊မိန်းမသားချင်းအတူတူပိုပြီးပင်ပန်းနေတဲ့သူ့ဘဝကိုအားငယ်ချင်သလိုလို။

၂ ၊မိခိုင်တို့ရွာ
မိခိုင်တို့မိသားစုက လေးယောက်တည်း၊မိဘနှစ်ပါးနဲ့သူတို့မောင်နှမနှစ်ယောက်၊မြေဧကသုံးဆယ်ကျော်နဲ့ကျွဲနွားအကေါင်လေးဆယ်လောက်ပိုင်တဲ့တောသူဌေးဖြစ်ပေမဲ့ သူရင်းငှားမခေါ်၊ကိုယ့်အားကိုယ်ကိုးလုပ်ကိုင်ကြတယ်။
ခေတ်ရေစီးကြောင်းတွေဘာတွေနားမလည်၊အပိုမကုန်ချင်တဲ့မိခိုင်တို့ဖခင်က-
‘တနှစ်ကိုစရိတ်ငြိမ်းသိန်းနှစ်ဆယ်ကျော်ဆိုတော့ လူငှားအတွက်ချည်းသိန်းလေးဆယ်လောက်ကုန်တယ်၊လူငှားမခေါ်ပဲအဖေတို့နည်းနည်းအပင်ပန်းခံလိုက်ရင် လက်ဝတ်လက်စားငါ့သမီးတို့လိုချင်တာဝယ်လို့ရတယ်၊ငွေတိုးပေးစားလို့လဲရတယ်’
မိခင်ဒေါ်တင်ဝင်းကဖြည့်စွက်ပြီးတော့
‘အလှူမင်္ဂလာဆောင်တွေမှာ သမီးကသူများထက်သာအောင်ဝတ်နိုင်တာအမေတို့အဲ့လိုပင်ပန်းခံပြီးချွေတာစုဆောင်းခဲ့တဲ့အကျိုးပေါ့ သမီး၊ဖုန်းဆိုတာက ကိုယ်ကလေးသိန်းနဲ့ဝယ်ထားလဲ ပြန်ရောင်းရင်လေးသောင်းတောင်မသေချာဘူး၊ဖုန်းဘီလ်ဖိုးလဲကုန်တယ်၊ရွှေကတော့ဝယ်ထား ဘယ်တော့မှ မရှုံးဘူး၊အတက်ပဲရှိတာ’
ဒေါ်တင်ဝင်းဟာ သူ့စကားနဲ့အညီနှစ်စဥ်ကျင်းပတဲ့ရွာကထိန်ပွဲမှာချစ်သမီးကိုအများထက်သာအောင်တနှစ်နဲ့တနှစ်မထပ်အောင် ရွှေအစစ်တွေတုတ်တုတ်ခဲခဲဆင်ပေးနိုင်ခဲ့တယ်။
ပြီးတော့ဒေါ်တင်ဝင်းကသမီးကိုစိတ်မချတာလား သမီးကိုယ်ပေါ်ကရတနာတွေကိုစိတ်မချတာလား မျက်စိအောက်က အပျောက်မခံ၊ဒါကြောင့်လားမသိ ချစ်လိပ်ပြာကာလသားတွေမိခိုင်နားကိုမသီရဲ ။
‘မလှချင်’မိန်းကလေးများကတော့ မိခိုင်ဆင်မြန်းထားတဲ့ရွှေထည်တွေကိုသွားရည်ယိုကြပေမဲ့ –
‘မိခိုင်လိုရွှေတွေညွှတ်နေအောင် မဝတ်ရချင်နေပါစေ၊လူငှားတော့ခေါ်ရမှာပဲ၊မိန်းမသားတန်မဲ့ထယ်ကိုင်ရတာပင်ပန်းတယ်၊နွေ မိုး ဆောင်း တရာသီပြီးတရာသီ အခင်းထဲကမတက်ဘဲမနေနိုင်ဘူး၊အသားအရေပျက်စီးပြီးမြန်မြန်အိုစာသွားမှာကြောက်တယ်’
အစိုးရိမ်ပိုတဲ့မိဘများက သူတို့သားသမီးတွေကိုဟန့်တားကြတယ်၊လူစုံတဲ့စကားဝိုင်းမှာ မိခိုင်တို့အကြောင်းမပါမပြီး။
‘နင်တို့ ဦးသန့်ဇင်သားသမီးမဖြစ်တာကံကောင်းတယ်မှတ်၊ကျွဲနဲ့နွားနဲ့ဖက်ရုန်းပြီး လူနဲ့သူနဲ့တူအောင်မနေရဘူး၊ဦးသန့်ဇင်က ရသမျှကျစ်ကျစ်ပါအောင်စုပြီး နှပ်ချေးငါးပိလုပ်စားနေတာ၊ကပ်စေးနှဲကော်တရာကြီး’
‘ဟုတ်ပါ့၊ဘုန်းကြီးကျောင်းအုတ်တံတိုင်းကာတာတောင် တခန်းမှမထည့်ဘူး၊သူ့လောက်ချမ်းသာရင် တို့တော့လေးငါးခန်းထည့်ပစ်လိုက်မှာ၊ကုက္ကုစ္စကြီး’
‘နင်တို့တွေ မိခိုင်တို့မောင်နှမကို ယောင်လို့တောင် စိတ်မကူးနဲ့၊သူ့အဖေကသားသမီးကိုတောင်မညှာမတာခိုင်းတာ’
‘ဒါလောက်လဲပူမနေကြပါနဲ့ဟယ်၊ဦးသန့်ဇင်ကသူ့သမီးကိုကိုယ့်တရွာတည်းသားနဲ့ပေးစားမယ်ထင်လို့လား၊ဝေးပါသေးတော်၊တော်ရုံလူသူ့သမီးနဲ့တူတယ် တန်တယ်ထင်တာမှုတ်ဘူး’
‘ဒေါ်တင်ဝင်းကလဲအတူတူပါပဲတော်၊တနေ့ကအလှူမှာ ဦးမြင့်သိန်းသား ဖိုးပြုံးချိုကမိခိုင်နားကပ်တာကိုကြည့်နေလိုက်တာများ၊လူကြားထဲသူ့သမီးကိုလက်ဆွဲပြေးမှာကျနေတာပဲ ‘
‘ကျုပ်တော့မိခိုင်ကိုသနားတယ်၊သူ့ခမျာရုပ်ကလေးသနားကမားနဲ့ ဘယ်မသွားရ ဘယ်မလာရ၊တရက်တရက်လယ်ထဲအခင်းထဲမှာပဲနေကုန်တယ်၊သူ့အရွယ်နဲ့သူ ပျော်စရာဘာမှမရှိ’
သူတို့ရွာမှာ မိဘစကားနားထောင်တဲ့သားတွေချည်းထင်ပါရဲ့၊၁၆- ၁၇ နဲ့ယူကြသူတွေတောင်ရှိပါလျက် မိခိုင်မှာအသက်၂၈အထိ ဖူးစာရှင်မပေါ်နိုင်သေး။
သူ့ထက်ကြီးသူငယ်သူ သူ့လောက်မပြည့်စုံသူတွေရဲ့မင်္ဂလာဆောင်ဖိတ်စာတွေကမိခိုင်ကိုလှောင်ပြောင်နေသယောင်။
တနှစ်ပြီးတနှစ်ကျော်ဖြတ်လာ၊သုံးဆယ်ဆိုရင်ဟိုင်းပြီလို့အပြောခံရတော့မယ်၊နောက်ပြီးဒေါ်စန်းမူလိုအပျိုကြီးဖြစ်မှာမိခိုင်ကြောက်မိတယ်။

၃ ၊မိခိုင် နဲ့ ဖုန်း
မိခိုင်ရဲ့အဖေနဲ့အမေက အသက် ၅၀ကျော်လာတော့ တယောက်တမျိုးချူချာလာကြတယ်၊အဖေကကျောက်ကပ်မှာကျောက်တည်လို့နှစ်ခါခွဲရတဲ့အပြင် စီပိုးဝင်လို့ကုသခဲ့ရတယ်၊မန္တလေးကိုအခေါက်ခေါက်အခါခါ၊ချွေတာစုဆောင်းထားတဲ့ပိုက်ဆံတွေပြိုက်ခနဲပြိုက်ခနဲ။
အမေကတော့ တောင်တောင်အီအီထွေလွန်းတယ်၊မန္တလေးမှာနည်းမျိုးစုံနဲ့ရောဂါရှာဖွေစစ်ဆေးပေမဲ့ ရောဂါမယ်မယ်ရရမတွေ့၊ဆရာဝန်တချို့ကတော့’စိတ်’တဲ့၊စိုးရိမ်ကြောင့်ကြမှုများတာလို့ပြောကြတယ်၊တအားပင်ပန်းခဲ့တဲ့ဒဏ်တွေလားမသိ။
ဒီတော့ မိဘလက်ငုပ်ဒီအခင်းကိုလုပ်ကိုင်ဖို့က မိခိုင်တို့မောင်နှမရဲ့သမိုင်းပေးတာဝန်၊သူတို့မောင်နှမမှာဖုန်းရလိုဇောနဲ့ ပဲခင်းပေါင်းလိုက် ဆေးဖျန်း ပဲနုတ် ပဲကောက် ပဲလှမ်း၊နေမထွက်မီကစလို့ နေဝင်သည်အထိ။
မြေပဲပြီးပြန်တော့နောက်ထပ်သီးနှံတွေတမျိုးပြီးတမျိုးလာဦးမယ်၊အခင်းရောလယ်ရော နှစ်သီးစားဆိုတော့ ပန်းသလားမမေးနဲ့။
ပင်ပန်းသမျှ စိတ်ထဲက
‘ဒီနှစ်ပဲဈေးကောင်းပါစေ၊အဖေကပြောတယ်၊နောက်ကျလေ မော်ဒယ်လ်ပိုမြင့်လေတဲ့၊အဖေစိတ်မပြောင်းဘဲ ကတိတည်ပါစေ’
မိခိုင်တို့မောင်နှမ အသားမည်းအောင်ကြိုးစားရကျိုးနပ်ခဲ့တယ်၊သူတို့ပဲခင်းအောင်တယ်၊စပါးကလည်းအထွက်တိုးလို့ တင်းတထောင်ကျော်ရခဲ့တယ်။
အဖေကမန္တလေးမှာဆေးကုသွားရင်း သူတို့မောင်နှမအတွက် ၇ သိန်းကျော်တန် Samsung ဖုန်းနှစ်လုံးဝယ်လာပေးတယ်၊တရွာလုံးမှာသူတို့ဖုန်းကဈေးအကြီးဆုံး၊အနှစ်နှစ်အလလလိုလားတောင့်တခဲ့ရတဲ့ဖုန်းလေး လက်ဝယ်ပိုင်ပိုင်ရပြီမို့ မိခိုင်တို့ပျော်မဆုံး။
ရွှေဈေးတက်ပေမဲ့ အမေလိုချင်တဲ့ရွှေလည်းဝယ်ဖြစ်တယ်၊လယ်ထွန်စက်ပါဝယ်နိုင်လို့ မောင်လေးစိုးသက်ဝင်းကကိုယ့်အခင်းသာမက သူများအခင်းတွေကိုအငှားလိုက်ထွန်ပေးရတာလက်မလည်။
မောင်နှမနှစ်ယောက် ဖုန်းကိုမြတ်မြတ်နိုးနိုး ၊ညစ်ပတ်ပေရေမှာစိုးလို့ တွေ့ကရာနေရာမှာမချ၊ဖုန်းကိုင်ခွင့်ရလို့ လူဖြစ်ကျိုးနပ်ပေစွ။
ဖုန်းကိုဘယ်လိုသုံးရမှန်းမသိလို့ မိခိုင်ကသူငယ်ချင်းသင်းသင်းမာကိုဆရာတင်ရတယ်၊သင်းသင်းမာကသူ့ဖုန်းနဲ့ရိုက်ပေးထားတဲ့ပုံလေးနဲ့ အကောင့်ဖွင့်ပေးတယ်။
သူနဲ့အရင်ဖရင့်ဖွဲ့ပြီး သူ့ဖရင့်တွေနဲ့လည်းဖရင့်ဖြစ်အောင်လုပ်ပေးတယ်၊လိုင်းကောင်းရင် မက်စင်ဂျာ Viberတွေနဲ့လူတွေ့ပြောလို့ရတာတွေလည်း သင်ပေးတယ်။
သင်းသင်းမာကဖုန်းသုံးတာငါးနှစ်လောက်ကြာပြီမို့ ဖရင့်တစ်ထောင်ကျော်ရှိတယ်၊သူ့ကျေးဇူးနဲ့မိခိုင်မှာဖရင့်တရာလောက်တော့ရခဲ့ပြီ၊သင်းသင်းမာလိုဖရင့်အများကြီးရချင်မိတယ်။
သင်းသင်းမာရဲ့လမ်းညွှန်ချက်က
‘အက်ဒ်လုပ်ရင် သိသိ မသိသိလက်ခံလိုက်၊ဖရင့်များမှ Like များများရတာ၊ပုံတွေများများရိုက် များများတင်၊သူများတွေဆိုသူတို့အိမ်ကခွေးတွေ ကြောင်တွေတောင်တင်တာ၊သူဌေးသမီးကွမ်းတောင်ကိုင်အပျိုချောဆိုတာကြော်ငြာလိုက်စမ်းပါတော်၊ဖရင့်လုပ်ချင်သူတွေတပုံကြီးပေါ်လာမယ်’
ဖုန်းနဲ့ပတ်သက်ရင်သင်းသင်းမာက တကယ့်ဆရာကြီး၊ဖုန်းသုံးရင်းအဆင်မပြေရင် သူ့ဆီပြေးရတယ်၊သူ့လောက်မကျွမ်းပေမဲ့ ဒေါ်စန်းမူကိုလည်းရံခါအားကိုးရတယ်။
မိခိုင်မှာ သင်းသင်းမာအားမဲ့အချိန်ကိုချောင်းပြီး စားစရာသောက်စရာလေးတွေနဲ့ခဏခဏရောက်ဖြစ်တယ်၊တနေ့တာအလုပ်ပြီးရင် Fb.ကသူ့ရဲ့အမောပြေဆေး။
တော်ပါသေးရဲ့၊အဖေနဲ့အမေကိုယ်တိုင်ကဖုန်းမသုံးတတ်တော့ သင်းသင်းမာနဲ့ပေါင်းတာကိုမတားကြရှာဘူး။
မောင်လေးစိုးသက်ဝင်းကတော့ဘုန်းတော်ကြီးကျောင်းကဦးဇင်းကိုဆရာတင်ထားတယ်၊သူလည်း ကွမ်းယာထုပ် Sharkအချိုရည်ဘူးတွေနဲ့အားတိုင်းကျောင်းကိုသွားနေတာပဲ၊ဖုန်းတလုံးစီနဲ့ သူတို့မောင်နှမမှာမျောက်အုန်းသီးရသလို။

၄ ၊အွန်လိုင်းချစ်သူ
သင်းသင်းမာစကားနားထောင်ပြီး မင်္ဂလာဆောင်မှာလက်ဝတ်လက်စားအပြည့်အစုံနဲ့ရိုက်ထားတဲ့သူ့ပုံကိုတင်လိုက်တော့ Like တွေအသည်းတွေအများကြီးရခဲ့တယ်။
အသည်းပေးသူတွေထဲမှာအထူးခြားဆုံးက’ကိုကောင်းမြတ်သူ’၊သူကအသည်းပေးရုံသာမက မိခိုင်ရဲ့အလှကိုချီးမွမ်းခန်းဖွင့်ထားလိုက်တာ ရင်ခုန်စရာ၊ကိုယ့်ကိုယ်ကိုယ်တောင်ဒါလောက်လှမှန်းမသိ။
ပရိုဖိုင်ထဲကကောင်းမြတ်သူရဲ့ပုံက ကိုရီးယားမင်းသားဂျွန်စောနဲ့အတော်တူတယ်၊အသားဖြူဖြူ နဖူးကျယ်ကျယ် နှုတ်ခမ်းပါးနဲ့ညှို့မျက်လုံးကအသက်၊လူကိုယ်တိုင်မတွေ့ဖူးပေမဲ့ခင်မင်ဖို့ကောင်း။
ပိုပြီးဆွဲဆောင်မှုရှိတာက သူ့အလုပ်အကိုင်၊ရတနာကုန်သည်ဆိုတော့ သူ့ပို့စ်တွေက ဆန်းပြားလှပတဲ့လက်ဝတ်ရတနာအမျိုးမျိုး။
တခြားဖရင့်တွေက’ပြီးပြီးရော’ဆိုပေမဲ့ ကောင်းမြတ်သူကMessenger ရော Viberရောသုံးပြီးမကြာခဏဆက်သွယ်တတ်တယ်၊မိခိုင်ကလည်းအချိန်အားလေးရရင် ထမင်းစားဖို့နောက်ထား၊ကောင်းမြတ်သူရဲ့ဆက်သွယ်မှုကိုစောင့်စားလျက်။
‘မပြုမပြင် နဂိုယဥ် ပင်ကိုချောတဲ့ညီမငယ်၊ပုံလေးတွေတင်ပေးအုံးနော်၊ကြည့်မဝဘူး၊မျှော်နေမယ်..’
‘ညီမပုံလေးတွေမျက်စိထဲကမထွက်ဘူး၊လူကိုယ်တိုင်တွေ့ချင်မိတယ်၊မက်စင်ဂျာမှာစောင့်နေနော်…’
မိခိုင်ရင်ထဲမမျိုသိပ်နိုင်တဲ့တနေ့ သင်းသင်းမာကိုအရိပ်အမြွက်ပြောပြတော့ သူကပေါ့ပေါ့တန်တန်။
‘Fb.ကဒီလိုပဲ မခိုင်ရဲ့၊တယောက်အကြိုက်တယောက်လိုက်ပြောကြတာ၊အားလုံးအမှန်မဟုတ်ဘူး’
မိခိုင်စိတ်ပျက်သွားတယ်။
‘သူပြောပုံက ငါကတကယ်မလှတဲ့အတိုင်း၊ငါ့ကိုမနာလိုတာလားမသိ၊တော်ပြီ နောက်ခါသူ့ကိုမပြောတော့ဘူး’
Internetခေတ်ဆိုတော့ မိခိုင်နဲ့ကောင်းမြတ်သူရဲ့ဆက်ဆံရေးဟာတလအတွင်းအရှိန်အဟုန်နဲ့တိုးတက်သွားခဲ့တယ်။
ခိုင်သက်နှင်းကိုတရွာတည်းသားတွေက’မိခိုင် -မခိုင်’လို့ခေါ်ကြပေမဲ့ ကောင်းမြတ်သူက’သက်’တဲ့၊မိခိုင်ကတော့သူ့ထက်လေးနှစ်ကြီးတဲ့အွန်လိုင်းချစ်သူကို’ကို’တဲ့။
ချစ်သူရပြီးတဲ့အချိန်ကစပြီး မိခိုင်ဟာသင်းသင်းမာထံကိုမရောက်ဖြစ်တော့၊ကောင်းမြတ်သူနဲ့ဆက်သွယ်မှုအကြိမ်ရေများတာနဲ့အမျှ ဖုန်းလည်းတော်တော်ကျွမ်းသွားပြီလေ။
သူကသူ့ချစ်ကိစ္စကို ဘယ်သူ့မှအသိမပေး၊မိခင်ဒေါ်တင်ဝင်းတောင်မရိပ်မိ၊ဒါပေမဲ့အချိန်တန်လို့ဖွင့်ပြောရင် ပိုက်ဆံချမ်းသာသူမို့ သဘောတူမယ်ထင်မိတယ်။
ဒီအသက်အရွယ်ထိ အလုပ်တွေပိ စိတ်ကူးယဥ်ဖို့အချိန်မရှိ ရည်းစားစကားတောင်အပြောမခံရဖူးတဲ့မိခိုင်၊ရည်းစားဦးလေးရတော့ စားလည်းဒီစိတ် ပျိုးနုတ်ကောက်စိုက်တော့လည်းဒီစိတ်။
ဖုန်းထဲကချစ်သူ့မျက်နှာကိုတရေးရေးမြင်၊သူနဲ့ပြောခဲ့တာတွေကိုစားမြုံ့ပြန်၊ဖုန်းထဲကသူ့မျက်နှာလေးမြန်မြန်မြင်ရဖို့အရေး အလုပ်တွင်အောင်ကြိုးစားလုပ်၊ဖုန်းအားမကျအောင်ဂရုစိုက်ရတဲ့အပြင် လိုင်းကောင်းပါစေဆုတောင်း။
အရင်ကဆို တနေကုန်ပင်ပန်းထားတဲ့မိခိုင်တို့မောင်နှမဟာ ခေါင်းအုံးနဲ့ခေါင်းထိတာနဲ့ တစ်ကြိုးတည်းအိပ်၊မနက်ငါးနာရီလောက်နိုးတော့ အခင်းဆင်း။
ခုတော့ ဘုရားကိုပေါက်ဆိန်ပေါက်ဦးချပြီးအခန်းတံခါးပိတ်၊ဖုန်းကောက်ကိုင်ပြီး ချစ်သူနဲ့ပြောနေလိုက်တာ ညဥ့်နက်သန်းခေါင်၊အိမ်သားတွေမကြားအောင်တိုးတိုးလေးပြောရတာကိုက အရသာ။
ရွာထဲကကာလသားတွေနဲ့ရင်းရင်နှီးနှီးမပြောဖူးတဲ့မိခိုင် သူ့ကိုကိုနဲ့ကျတော့ပြောစရာတွေအများကြီး။
‘သက် နဲ့ကိုနီးချင်ပြီကွာ’…ဆိုတော့
မိခိုင်ရဲ့မျက်နှာလေး ရှက်သွေးနဲ့ပြုံးယောင်ယောင်။
ပြန်မပြောဖြစ်ခဲ့ပေမဲ့ မိခိုင်ကလည်းမြန်မြန်နီးချင်ရှာတယ်၊သူ့ထက်သုံးနှစ်ငယ်တဲ့သင်းသင်းမာတောင်စကားကြောင်းတော့မယ်လို့သတင်းထွက်နေပြီလေ၊ဖြစ်နိုင်ရင် သင်းသင်းမာထက်စောချင်တာပေါ့။
တညမှာတော့မိခင်ဒေါ်တင်ဝင်းက
‘မိခိုင် အိပ်တော့လေ၊မနက်ဖြန်လပြည့်နေ့၊အမေတို့ဥပုသ်စောင့်မှာ၊စောစောထပြီး ဘူးသီးချဥ်ရည်နဲ့ငါးရံ့ခြောက်ဖုတ်လေးလုပ်ပေးနော်’

၅ ၊နီးဖို့ရာဆိုရင်
‘ကို သက်တို့ရွာကိုဘယ်တော့လာမှာလဲ၊ကိုလာမဲ့ရက်သေချာရင် အိမ်ကိုကြိုပြောပြထားမလို့၊သက်မိဘတွေနဲ့တွေ့ပြီးမှတောင်းဖို့ ယူဖို့ကိစ္စတွေပြောရမှာလေ’
‘ဒီကာလမှာ အရောင်းအဝယ်အတော်ကောင်းနေတာသက်ရေ၊ခရီးထွက်လို့မဖြစ်သေးဘူး၊ရတုန်းလေးယူထားရတာ၊နည်းနည်းစောင့်ပေးနော်၊လိမ္မာပါတယ်ကွာ’
ဒီလိုမျိုးကိစ္စမိန်းကလေးကမလောချင်တော့ မိခိုင်မှာစောင့်စားရုံမှတပါး…
‘သက်တို့ရွာမှာတော့ တောင်းရမ်းတဲ့အခါ အနိမ့်ဆုံးသိန်းငါးဆယ်တင်ကြတယ်၊ကိုအဆင်ပြေရင် ဝါမဝင်ခင်လာခဲ့ပါလား’
‘သက်နဲ့နီးဖို့ဆိုသိန်းငါးဆယ်မကဘူး၊တရာ နှစ်ရာတင်ပါတယ်ကွာ၊ခုတော့ အလုပ်ထဲမှာအများကြီးရင်းနှီးထားတော့ နည်းနည်းခက်နေတယ်၊စိတ်ချပါအသက်ကလေးရယ်၊ကိုတို့မင်္ဂလာပွဲဟာသက်တို့ရွာမှာအကြီးကျယ်ဆုံးဖြစ်မှာပါ’
အချော့ကြိုက်တဲ့မိန်းကလေးသဘာဝ၊လက်တွေ့မပါတဲ့စိတ်ကူးယဥ်ကမ္ဘာမှာမွေ့ပျော်ရှာ။
သူများထက်သာတဲ့ဖိတ်စာ သူများထက်သာတဲ့ပြန်ကမ်းလက်ဆောင် ခမ်းနားတဲ့မဏ္ဍပ် အကောင်းစားခန်းဝင်ပစ္စည်း အကောင်းစားမင်္ဂလာဝတ်စုံ ကိုယူလာမဲ့စိန်တဆင်စာ မြို့ကနာမည်ကြီးမိတ်ကပ်ဆရာ အကယ်ဒမီမင်းသမီးက’မမ’ခေါ်ရမဲ့သူ့အလှ တရွာလုံးကြက်သားဒံပေါက်အဝကျွေး…….
ချစ်သူတို့ဘာဝ ကောက်လိုက်ချော့လိုက်နဲ့တလကျော်ကြာလာတဲ့တနေ့ မိခိုင်စိတ်ကောက်ပြီး လေးရက်လောက် ဖုန်းပိတ်ထားလိုက်တယ်။
ငါးရက်အကြာအိပ်ရာဝင်ဖုန်းဖွင့်လိုက်တော့ ကောင်းမြတ်သူရဲ့စာတွေအများကြီးဝင်နေတာတွေ့လိုက်ရတယ်၊ချစ်ကြောင်း လွမ်းကြောင်း ဖုန်းပိတ်ထားတဲ့အတွက်အလွန်စိတ်ပူပြီးစားမဝင်အိပ်မပျော်…..
လွမ်းအောင်ချွဲတတ်သူမို့ မိခိုင်မှာစိတ်ကောက်ပြေရုံမက အသနားပိုပြီးသူ့ထံပါးအပြေးလေးရောက်ချင်မိ။
နောက်ဆုံးတစောင်က လက်တွေ့ဆန်တယ်၊အချစ်ရူးမိခိုင်ကိုရင်ဖိုစေတယ်။
‘ကိုတို့အမြန်နီးဖို့ ဖြတ်လမ်းလိုက်မှဖြစ်မယ်သက်ရေ၊ကို့အချစ်ကိုယုံရင် အသက်လေးစွန့်စားရဲရမယ်၊မနက်အစောကားနဲ့လိုက်ခဲ့ရင် ကို စောင့်နေမဲ့ရွာကိုနေ့၁ရီလောက်ရောက်မယ်၊စီစဥ်စရာရှိတာစီစဥ်ရအောင် လာမဲ့ရက်ကိုကြိုပြောနော်၊ချစ်လေးနောင်တမရစေရဘူးလို့အာမခံပါတယ်ကွာ၊အော် အချစ် မှတ်ပုံတင် မမေ့နဲ့နော် ”

“မိခိုင်”(ဒုတိယပိုင်း)

၆ ၊ချစ်၍ခေါ်ရာ
အခွင့်အခါကောင်းကိုစောင့်နေတဲ့မိခိုင်ဟာလကွယ်နေ့နံနက်မှာဝီရိယကောင်းစွာနဲ့စောစောထတယ်၊ဆွမ်းချိုင့်နဲ့ မိဘနှစ်ပါးအတွက်ထမင်းချိုင့်ကိုအသင့်ပြင်ပြီးပြီ။
‘ဟင် အစောကြီး ရေချိုးမလို့လားသမီး’
‘ဟုတ်တယ် အမေ၊ချက်ရင်းပြုတ်ရင်းအိုက်သလိုဖြစ်လာလို့’
ကိုကိုနဲ့တွေ့တဲ့အခါ သန့်ရှင်းလှပနေဖို့လိုတယ်လေ၊တခါတရံမှသုံးတဲ့အာချီမိတ်ကပ်ခံပြီးမှသနပ်ခါးကိုသေချာလူး ၊တင်ပါးပေါ်ဝဲနေတဲ့ဆံနွယ်တွေကိုခေါင်းစီးကြိုးလှလှလေးနဲ့စည်း၊အကြိုက်ဆုံးဝမ်းဆက်ကလေးကလည်းအဆင်သင့်ပေါ့။
မနက်၈နာရီလောက်မှာ မိခိုင်ရဲ့မိဘတွေဘုန်းတော်ကြီးကျောင်းကိုသွားကြပြီ၊ညနေလေးနာရီဆရာတော်တရားပေးပြီးမှအိမ်ပြန်ရောက်ကြမယ်။
မောင်လေးစိုးသက်ဝင်းလည်းဦးဇင်းဆီသွားပြီ၊ဘုန်းကြီးကျောင်းမှာဥပုသ်ရက်တွေဆိုမုန့်ပဲသွားရည်စာပေါတယ်၊မောင်လေးအတွက်ပူရန်မလို။
မိခိုင်ကခရီးဆောင်အိတ်နဲ့ပစ္စည်းများများသယ်ရင်သူများတွေရိပ်မိမှာစိုးတယ်၊ဒါကြောင့်အဝတ်သုံးစုံတဘက်တထည် အလှပြင်ပစ္စည်းနဲ့မယူမဖြစ်အမျိုးသမီးအသုံးအဆောင်တို့ကိုကြိမ်ခြင်းထဲမှာသိုသိုသိပ်သိပ်ထည့်လိုက်တယ်၊ပြီးတော့ ခြင်းကိုတံခါးအကွယ်မှာဝှက်။
စိတ်မအားလူမအားဆိုပေမဲ့ ဆွမ်းချိုင့်နဲ့ထမင်းချိုင့်ပို့ဖို့သူမမေ့၊ကိုးနာရီလောက်မှာ မိခိုင်ဟာချိုင့်တွေကိုဆွဲပြီးဘုန်းကြီးကျောင်းကိုလာခဲ့တယ်၊လူရိပ်လူခြေကြည့်ပြီး ချိုင့်တွေကိုကျောင်းလှေခါးနားမရမ်းပင်အောက်ကခုံပေါ်မှာတင်ထားခဲ့တယ်၊အမေမြင်ရင်ထူးခြားတဲ့သူ့ပုံစံကိုသံသယဝင်မှာစိုးလို့ ကျောင်းပေါ်မတက်ရဲ။
ရူးတယ်လို့ပြောပြော မိုက်တယ်လို့ဆိုဆို..
ပထမဆုံးအကြိမ်အဖြစ် မိခိုင်ဟာမိဘရဲ့လမ်းညွှန်ချက် ခွင့်ပြုချက်တွေမပါဘဲ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်လုပ်ချင်တာလုပ်ဖို့ဆုံးဖြတ်ခဲ့ပြီ။
တံခါးအကွယ်မှာထားတဲ့ခြင်းကိုဆွဲ၊တယောက်ယောက်မေးရင် အခင်းထဲသွားမယ်ပြောဖို့ ခမောက်ကိုဆောင်း၊အိမ်တံခါးမကြီးကိုသော့ချိတ်ပြီးခပ်သွက်သွက်ထွက်ခဲ့တယ်၊ပဲခင်းတွေ လှည်းလမ်းတွေကိုအပြေးတပိုင်းဖြတ်ကျော်ပြီး အဝေးပြေးကားလမ်းမကြီးဆီသို့၊ဖုန်းထဲမှာသာတွေ့ဖူးတဲ့ချစ်သူဆီသို့။
မိခင်ဒေါ်တင်ဝင်းမန္တလေးမြို့ကိုဆေးကုသွားတော့နှစ်ခေါက်လိုက်ခဲ့ဖူးတဲ့အကျိုး၊ဒီလမ်းခရီးဟာမိခိုင်အဖို့မစိမ်းလှ၊မြို့ကိုလူကြုံနဲ့ဖုန်းပြင်ဖို့အကြောင်းပြပြီး မိခင်ထံမှတောင်းထားတဲ့ငွေငါးသောင်းကခရီးစရိတ်။
အတောင်အလက်စုံလို့သိုက်မြုံကိုစွန့်ခွာပြီး ချစ်သူရှိရာပျံသန်းတော့မဲ့ငှက်ငယ်ပမာ အိမ်တွင်းပုန်းမလေးမိခိုင် အိမ်နဲ့ဝေးရာပြေးတော့မယ်လေ။

၇၊ဂျွန်စော နဲ့ ကောင်းမြတ်သူ
ကားလက်မှတ် ကြိုတင်ဖြတ်ထားတာမဟုတ်တော့ မိခိုင်ဟာထိုင်ခုံတန်းနှစ်ခုကြားမှာပလပ်စတစ်ထိုင်ခုံပုလေးနဲ့ထိုင်လိုက်ခဲ့ရတယ်၊ရပါတယ်လေ၊ရောက်ဖို့သာလိုရင်း။
တဂျောင်းဂျောင်းခုန်ပေါက်ပြေးလွှားနေတဲ့ကားပေါ်မှာ စည်းစိမ်ချမ်းသာအပြည့်နဲ့လှပတဲ့စိတ်ကူးအိပ်မက်တွေကမိခိုင်ရဲ့အဖော်။
ရွာမှာကျန်ခဲ့တဲ့မိဘနှစ်ပါးမှာတော့
‘ဒေါ်တင်ဝင်း ဒါခင်ဗျားတို့ထမင်းချိုင့်ထင်တယ်၊’ဝင်း’လို့ရေးထားတယ်၊ဆွမ်းချိုင့်ကတော့ကိုရင်တွေဆွမ်းပွဲပြင်တဲ့ဆီအပ်လိုက်မယ်နော၊ဆယ်နာရီခွဲနေပြီ’
‘ကျွန်မကလဲ မိခိုင်ခါတိုင်းထမင်းပို့တာဒါလောက်နောက်မကျပါဘူးလို့တွေးနေတာ၊ပို့မဲ့ပို့လဲကျောင်းပေါ်အထိပို့တာမဟုတ်ဘူး’
ဒေါ်တင်ဝင်းကဟင်းကောင်းနှစ်ခွက်ကိုခင်ပွန်းသည်ထိုင်တဲ့အမျိုးသားဝိုင်းကိုချပေးလိုက်တယ်၊သူကတော့ကျန်တဲ့ဟင်းခွက်တွေနဲ့အမျိုးသမီးဝိုင်းပေါ့၊ခါတိုင်းနဲ့မတူ သမီးအလိမ္မာထမင်းချိုင့်ကျောင်းပေါ်ထိမပို့တဲ့ကိစ္စအထူးအထွေမစဉ်းစား။
မိခိုင်က အချိန်းအချက်လုပ်ထားတဲ့ရွာလေးကိုကျော်လွန်မသွားအောင်မျက်စိရှင်ရှင်ထားပြီးကြည့်လာခဲ့တယ်၊အိပ်ရေးငတ်ထားပေမဲ့မငိုက်ရဲ။
သူ့စိတ်ထဲမှာတဖွဖွရွတ်နေမိတာက
ကားလမ်းညာဘက်’သရက်ကုန်းရွာ’ ‘ကုက္ကိုပင်ကြီးနှစ်ပင်ကြား၊စားသောက်ဆိုင်အမည်က’ဆည်းဆာ’ ….
‘သရက်ကုန်းရွာကိုနီးပြီလား ကြီးကြီး ‘
ဘေးနားကအဒေါ်ကြီးကိုမေးကြည့်လိုက်တော့
‘ရှေ့နားကရွာပဲလေ သမီး၊အဲ့မှာခဏနားမှာ၊အကြာကြီးတော့မရပ်ဘူး၊အပေါ့အပါးသွား အချိုရည်လေးဘာလေးသောက်ပေါ့ကွယ်’
ရောက်တော့မယ်ဆိုတော့ မျက်နှာကိုတို့ဖတ်ကလေးနဲ့မြန်မြန်ဖို့၊မိန်းကလေးတို့သဘာဝ ချစ်သူ့အမြင်မှာလှစေချင်တယ်လေ။
မိခိုင်ရဲ့လည်ပင်းများပိုရှည်သွားသလားထင်ရလောက်​အောင် ကားပြတင်းပေါက်ကနေ ချစ်သူကိုရှာဖွေတဲ့အကြည့်တွေယောက်ယက်ခတ်။
ကိုရီးယားမင်းသားဂျွန်စောနဲ့တူတဲ့သူ့ချစ်သူဟာ စတိုင်ကျကျဘယ်လိုများဝတ်စားထားလေမလဲ….
ချစ်သူမျက်နှာ တရွာထင်ပြီးလိုက်လာတဲ့သူ့ကိုဘယ်လောက်များကြင်နာယုယလိမ့်မလဲ…
ကားရပ်လိုက်တဲ့အခါအလျှိုလျှိုဆင်းသွားကြပေမဲ့ မိခိုင်က မထသေး၊သူ့ကိုကိုနဲ့ဆင်တူသူကိုမတွေ့နိုင်၊ဖုန်းထဲမှာချိန်းထားတဲ့နေရာကိုအလွတ်ရနေတာမို့မလွဲနိုင်။
‘ဆည်းဆာ’လို့အမည်ပေးထားတဲ့ထရံကာသွပ်မိုးစားသောက်ဆိုင်လေးထဲမှာလည်း လူရည်သန့်သန့်တယောက်မျှမမြင်။
တွေဝေနေတဲ့မိခိုင်ဟာခပ်လှမ်းလှမ်းမှာကွမ်းဝါးရင်းသူ့ကိုစူးစူးရဲရဲကြည့်နေတဲ့လူတယောက်ကိုမြင်လိုက်တယ်၊ဒီလိုအကြည့်မျိုးကိုသူမကြိုက်။
‘သမီးချင်းမစာနာကြည့်နေလိုက်တာ၊ရွံစရာကြီး…’
မိခိုင်က မနှစ်မြို့သလိုမျက်နှာလွှဲလိုက်တဲ့အခိုက် ထိုလူကကွမ်းသွေးကိုထွေးလိုက်ပြီး မိခိုင်နားကိုချဉ်းကပ်လာတယ်၊ထိုင်နေဆဲဖြစ်တဲ့မိခိုင်ဆီလက်ကမ်းပြီးတော့
‘ဆင်းတော့လေ သက်၊သယ်စရာတွေပေး’
‘ရှင်ကဘယ်သူလဲ’
‘သက်ရဲ့ချစ်သူ ကောင်းမြတ်သူလေကွာ’
‘ရှင်! ! ‘
အံ့ဩမှု၊မယုံကြည်နိုင်မှု၊ထိတ်လန့်တုန်လှုပ်မှု၊ယူကြုံးမရဖြစ်မှုတွေနဲ့မိခိုင်တယောက် ကမ္ဘာကြီးချာချာလည်သည့်အလား မူးနောက်ပျော့ခွေ…
သူ့ချစ်သူဟာဖုန်းထဲကလိုမင်းသားလေးမဟုတ်၊ဂျွန်စောနဲ့လားလားမှမတူ၊ကောင်းမြတ်သူဆိုတဲ့နာမည်နဲမလိုက်ဖက်၊အထင်နဲ့အမြင် ပါစင်အောင်လွဲ။
ကောင်းမြတ်သူဆိုသူက စပို့ရှပ်အင်္ကျီအဟောင်း ပုဆိုးခပ်နွမ်းနွမ်း နဖူးပြောင်ပြောင် ညိုမှောင်တဲ့အသားအရေ ကွမ်းဆီဝလို့နီရဲနေတဲ့သွားနဲ့နှုတ်ခမ်း ရုပ်ကြမ်းကြီးနဲ့ဦးလေးအရွယ်ကြီးပါလား။
ကွမ်းတပျစ်ပျစ်နဲ့ရုပ်ဆိုးတဲ့ဒီမျက်နှာ တသက်တာကြည့်ဖို့မတွေးရဲ၊တလမ်းလုံးစိတ်ကူးနဲ့ကြည်နူးခဲ့တာတွေ ရေစုန်မျောပြီ။
မိခိုင်ခမျာ ရွာကအလှူမင်္ဂလာပွဲတွေမှာသူ့ကိုတိတ်တခိုးကြည့်တတ်တဲ့ ဒီလူထက်အပုံကြီးသာတဲ့ဖိုးပြုံးချိုမျက်နှာလေးကွက်ကနဲမြင်မိရှာရဲ့ ။

၈၊ အငိုလွယ် အရှိုက်ခက်
ထိုလူကကားပေါ်တက်လာပြီး မျက်ရည်အဝိုင်းသားနဲ့မှင်တက်မိနေတဲ့မိခိုင်အနားကိုရောက်လာတယ်၊သူ့လက်တဖက်ကမိခိုင်လက်ထဲကခြင်းကိုဆွဲယူပြီး ကျန်တဖက်ကမိခိုင်ကိုဆွဲထူတယ်၊ပြီးတော့ပြောလိုက်သေး။
‘ကားတံခါးပိတ်တော့မယ်၊မြန်မြန်လုပ်’
အသိစိတ်ကင်းမဲ့သူ ဆွံ့အသူပမာသူ့နောက်လိုက်သွားခဲ့တော့ ကုက္ကိုပင်အရိပ်မှာခဏရပ်ပြီးသူကမေးတယ်။
‘သန့်စင်ခန်းသွားအုံးမလား’
ရှက်ပေမဲ့မိခိုင်ခေါင်းညိမ့်လိုက်တယ်၊သူကစားသောက်ဆိုင်ဘေးကိုညွှန်ပြီး
‘ဒီဘက်ကသွား’
မိခိုင်ကသူ့ခြင်းကိုလက်လှမ်းယူတော့ သူကမပေး၊ပြီးတော့ အိမ်သာနားအထိလိုက်လာခဲ့တယ်။
တကယ်တော့လက်ရှိအချိန်မှာမိခိုင်ဟာသန့်စင်ခန်းသွားဖို့ထက် သူနဲ့ဝေးနိုင်သမျှဝေးဝေးကိုထွက်ပြေးသွားချင်ခဲ့တာပါ၊သူကလည်း အဲ့လိုစိုးရိမ်လို့လိုက်ခဲ့တာလားမသိ။
မိခိုင်ဟာအလင်းမဲ့တဲ့သန့်စင်ခန်းထဲမှာအတန်ကြာငိုင်နေမိတယ်၊မျက်ရည်တွေတွေကျလျက်က မိခင်ဒေါ်တင်ဝင်းရဲ့အသံကိုကြားယောင်မိတယ်။
‘ရည်းစားကြိုက်ရင်အမေ့ကိုပြောနော် သမီး၊မတော်တရော်တွေနဲ့တွေ့မှာစိုးလို့ပါကွယ်၊အမေတို့လဲငယ်ရာကကြီးလာတာပါ၊ဘာမှရှက်စရာမရှိဘူးနော်’
အဲ့တုန်းက မိခိုင်စိတ်ထဲကအမေ့ကိုပြန်ပြောခဲ့မိတယ်။
‘ကိုကောင်းမြတ်သူက သမီးကိုသိပ်ချစ်တဲ့သူတော်ကောင်းပါအမေ၊အမေလဲသူ့ကိုသဘောကျမှာပါ’
ခုတော့ ကောင်းမြတ်သူဆိုတဲ့လူစိမ်းကသူ့ကို ပန်းသလားမေးဖော်ပင်မရ၊မိခိုင်အနေနဲ့လည်း သူဟာသူစိမ်းပြင်ပြင်၊ချစ်ခွန်းတီတာပြောမဲ့စကားတွေ သံသယများကြားမှာကြက်ပျောက်ငှက်ပျောက်။
သမီးကိုယုံစားပြီး ဘုန်းကြီးကျောင်း မှာတနေကုန်အေးအေးဆေးဆေးနေကြမဲ့မိဘနှစ်ပါးနဲ့မောင်လေးရဲ့မျက်နှာကိုမြင်ယောင်မိပြန်တော့ မျက်ရည်မိုးတွေတဖြိုင်ဖြိုင်။
ဗိုင်းကောင်းကျောက်ဖိလို့ သူတို့အထင်ကြီးတဲ့သမီးက ယောင်းမမြင်းစီးထွက်သွားပြီဆိုတာ သူတို့မသိရှာကြ။
အဖေအမေမကယ်နိုင်တဲ့ အမိုက်မမိခိုင်ရဲ့ ကူရာမဲ့ဘဝ၊နောက်ပြန်လှည့်ဖို့ခက်ခဲတဲ့အဖြစ်၊သူတို့သိရင်ဘယ်လောက်ရင်နာကြရှာမလဲ။
‘အမေနဲ့သင်းသင်းမာကို ဖွင့်ဟတိုင်ပင်ခဲ့ရင် ငါဒီလိုအမှားမျိုးတွေ့မှာမဟုတ်ဘူး…’
ပါးပြင်ပေါ်ကမျက်ရည်တွေကို လုံချည်အထက်ဆင်နဲ့အနိုင်နိုင်သုတ်ပြီး သန့်စင်ခန်းထဲကထွက်ခဲ့တဲ့မိခိုင်ရဲ့ရင်မှာ မိုက်နောင်တနဲ့ရှိုက်သံတွေအပြည့်။
ကောင်းမြတ်သူက ငိုထားမှန်းသိသာတဲ့မိခိုင်ရဲ့မျက်နှာကိုမသိကျိုးကျင်ပြုပြီး
‘လာမြန်မြန်၊အချိန်သိပ်မရှိတော့ဘူး၊ကိုဆိုမနက်အစောကြီးကရောက်နေတာ၊အဝတ်အစားတောင်မလဲခဲ့ရဘူး’
လူအထင်ကြီးအောင်ပြောနေသေးတယ်၊အဝတ်အစားလဲလည်းပိုလှလာမှာမှမဟုတ်တာ၊ဒီရုပ်ဟာဒီရုပ်ပဲပေါ့။

၉၊ ကောင်းမြတ်သူ နဲ့ ကျော်သိန်း
သူကမိခိုင်လက်ကိုမလွှတ်တမ်းဆုပ်လျက် ခပ်လှမ်းလှမ်းကအိမ်တအိမ်ကိုခေါ်သွားတယ်၊မိခိုင်လိုက်ခဲ့တဲ့ကားကတော့ထွက်သွားခဲ့ပြီ။
‘အော် မောင်ကျော်သိန်းတို့ရောက်လာကြပြီလား၊ဒီနေ့ကားဝင်တာစောသားပဲ’
ဒုတိယအကြိမ် မိခိုင်အံ့ဩရပြန်တယ်၊သူ့နာမည်ကကျော်သိန်းဆိုပါလား၊နောက်ပြီးလူကြီးကသူတို့အကြောင်းကိုသိထားပြီးသား၊လူကြီးနဲ့ကျော်သိန်းကသိဟောင်းကျွမ်းဟောင်းတွေများလား…
‘စီစဉ်စရာရှိတာစီစဉ်ရအောင်ကြိုပြောပါ ‘ဆိုတာဒါကြောင့်ကိုး။
လူကြီးကမေးတယ်။
‘ဒါ မောင်ကျော်သိန်းပြောတဲ့မိန်းကလေးလား၊ဖုန်းထဲကရုပ်နဲ့တူသားပဲ၊မှတ်ပုံတင်တွေပါကြလား’
လူကြီးကမေးတော့ သူ့ကိုကိုကသူတို့နှစ်ယောက်ရဲ့မှတ်ပုံတင်တွေပေးလိုက်တယ်၊တတိယအကြိမ်မိခိုင်အံ့ဩရပြန်တယ်။
ကောင်းမြတ်သူ(ခေါ်)ကျော်သိန်းက သူသန့်စင်ခန်းဝင်နေခိုက်မှာ ပိုက်ဆံအိတ်ထဲကသူ့မှတ်ပုံတင်ကိုယူထားတာပါလား၊လက်သွက်လိုက်တာ၊ပိုင်စိုးပိုင်နင်း ရဲတင်းလိုက်တာ။
ငါကဒီလိုအကျင့်ပုပ်ရုပ်ဆိုးကြီးကိုအဖေအမေထက်ပိုချစ်ခဲ့မိပါလား။
လူကြီးကမှတ်ပုံတင်တွေကိုကြည့်ရှုပြီးပြန်ပေးတော့ ကျော်သိန်းကနှစ်ခုလုံးကိုသူ့အိပ်ကပ်ထဲထည့်လိုက်တယ်၊မိခိုင်ကသူ့စိတ်ထဲမရှင်းတာကိုဖွင့်ထုတ်လိုက်တယ်။
‘သူသမီးကိုဆက်သွယ်တော့ သူ့နာမည်ကောင်းမြတ်သူတဲ့၊ကျော်သိန်းမဟုတ်ဘူး၊ပြီးတော့ဖုန်းထဲကပုံနဲ့လဲမတူဘူး’
လူကြီးကရယ်တယ်၊ကျော်သိန်းကလည်းလိုက်ရယ်တယ်။
‘အော် သမီးရယ်၊ဖေ့စ်ဘွတ်မှာအကောင့်နာမည်ကကိုယ်ကြိုက်တာပေးကြတာ၊ဦးသမီးရဲ့အကောင့်နာမည်က ထိပ်ထားလေးတဲ့၊ဘာမှမဆိုင်ဘူး၊ပုံကလည်းကိုယ်ကြိုက်သလိုပြင်လို့ရတယ်၊နိုင်ငံခြားမင်းသားမင်းသမီးပုံတွေလည်းတင်ကြတာပဲ၊ဒါနဲ့ ခုသမီးတို့ရောက်လာကြတာ နှစ်ဦးသဘောတူလက်ထပ်ကြဖို့မဟုတ်လား’
သူတို့ရွာမှာ အပျိုကြီးဒေါ်စန်းမူရော သင်းသင်းမာရောကိုယ့်နာမည် ကိုယ့်ပုံနဲ့ပဲအကောင့်ဖွင့်ကြတာဆိုတော့ သင်းသင်းမာသင်ပေးတဲ့ထဲမှာဒါမျိုးတွေမပါ၊တကယ်တော့ လေလှိုင်းပေါ်က တိမ်လွှာတွေပမာ ခိုင်မာတာမရှိ အံ့ဖွယ်အတိပါလား။
လူကြီးစကားအဆုံးမှာကျော်သိန်းကသူ့လက်ပတ်နာရီကိုငုံ့ကြည့်ပြီး ရိုရိုသေသေပြောတယ်၊လူကြီးကလည်းသူ့နာရီကိုကြည့်တယ်။
‘ဟုတ်ပါတယ် ဦး၊ကျွန်တော်တို့ကိုအဆင်ပြေအောင်စောင့်ရှောက်ပေးပါ ဦးခင်ဗျာ၊ကျွန်တော်တို့ဒီကနေမန္တလေးဆက်လိုက်ဖို့ ကားလက်မှတ်ဝယ်ထားပြီးပါပြီ’
လေသံနဲ့ဟန်ပန်မူရာ လူကြီးကျအောင် ပြောတတ်ပါပေ့။
‘မိန်းကလေးတို့ဆက်သွယ်ကြတဲ့စာတွေမောင်ကျော်သိန်းက ဦးကိုပြပြီးပါပြီ၊မိန်းကလေးကမောင်ကျော်သိန်းကိုမေတ္တာရှိလွန်းလို့စွန့်စွန့်စားစားလိုက်ခဲ့တာပဲ၊အရွယ်ရောက်ပြီးလူလွတ်တွေဆိုတော့ ဦးအနေနဲ့ပြောစရာမရှိပါဘူး၊အသိသက်သေလိုရင်လဲ ဦးစီမံပေးလို့ရပါတယ်’
‘သူ့ရွာမှာကျွန်တော်တို့မင်္ဂလာဧည့်ခံပွဲလုပ်ဖို့အစီအစဥ်ရှိပါတယ် ဦး၊ဒီတော့အသိအမှတ်ပြုပေးရုံလောက်ဆိုပြီးပါတယ်’
‘ကဲ ကဲ ကားလာခါနီးပြီ၊ဒီမှာလက်မှတ်ထိုးကြ၊မွေးသက္ကရာဇ် မိဘအမည် မှတ်ပုံတင်နံပါတ် သေချာရေးကြ’

၁၀ ၊နောက်ကျတဲ့နောင်တ
မိခိုင်ဟာယောက်ျားနောက်လိုက်ခဲ့တာမှန်ပေမဲ့ ကျော်သိန်းနဲ့ယူဖို့မဟုတ်၊ဖုန်းထဲကကောင်းမြတ်သူနဲ့ယူဖို့၊ဆင်းရဲတွင်းကလွတ်ကင်းဖို့ လူရောစိတ်ရောချမ်းသာဖို့ပေါ့။
ဒါပေမဲ့ ကောင်းမြတ်သူ နဲ့ ကျော်သိန်းကတစ်ဦးတည်းလို့အခိုင်အမာပြောနေကြတော့ဒုက္ခလှလှတွေ့ပြီ။
မိခိုင်တယောက် ဇာတိရွာနဲ့မိဘကိုစွန့်ခွာပြီးစွန့်စားခဲ့သမျှ အရာရာဟာ ကမောက်ကမ၊မျှော်လင့်မထားတဲ့အဖြစ်တွေကြောင့် မလိုချင်တဲ့အကျိုးဆက်တွေကိုတွေးမြင်ပြီး မွန်းကြပ်မော။
‘အော် ဒီလူကရွာမှာငါ့ကိုလာခိုးတာမဟုတ်ဘဲ သူ့ကိုကြိုက်လိုငါ့ဟာငါလိုက်ခဲ့တာဆိုပါလား၊ဟုတ်လည်းဟုတ်တာပဲလေ။
ငါ့ကိုအညှာလွယ်သူ မိန်းမဈေးဖျက်သူလို့ပြောကြတော့မှာ၊တသက်လုံးတည်တည်ကြည်ကြည်နေခဲ့သမျှ ခုတော့ရှက်စရာကောင်းလိုက်တာ၊သမီးမိုက်ကြောင့် ငါ့မိသားစု လူကြားထဲခေါင်းမဖော်နိုင်ဖြစ်ရတော့မယ်။
‘ပွဲသွားဖို့ပြင်ဆင်ထားရင် အမေကရွှန်းရွှန်းစားစားကြည့်ပြီးတော့’ဒီရွာမှာငါ့သမီးအလှဆုံး’လို့ချီးမွမ်းထောမနာပြုတတ်တယ်၊ခုတော့’ဒီရွာမှာငါ့သမီးအမိုက်ဆုံး’လို့ အမေဘယ်လိုပြောထွက်နိုင်ပါ့မလဲ’
‘ပြဿနာတစုံတရာဖြစ်ရင် ကျော်သိန်းကရှောင်သာတိမ်းသာတယ်၊ငါ့မှာတော့တန်ဖိုးမဲ့ရပြီ၊အိမ်ကမထွက်ခင် ဒါတွေကိုငါဘာလို့မစဉ်းစားမိခဲ့ပါလိမ့်..’
ရည်းစားဖြစ်ပြီဆိုကတည်းက တရက်မမြင်ရရင်တသက်ထင်၊ချစ်လှချည်ရဲ့ဆိုတဲ့ပေးစာတွေ၊ကျော်သိန်းကသက်သေအဖြစ် လူကြီးကိုပြပြီး လက်ဦးမှုယူထားတော့ လူကြီးကသူ့စကားတွေနားဝင်နေခဲ့ပြီ။
နောက်ကျတဲ့နောင်တတွေနဲ့အကြပ်ရိုက်နေရှာတဲ့မိခိုင်ခမျာ ကိုယ်ပျောက်အတတ်နဲ့ဒီနေရာကရုတ်ခြည်းပျောက်ကွယ်လိုက်ချင်ရဲ့။
ကျော်သိန်းက မိခိုင်ရဲ့မကြည်သာတဲ့မျက်နှာကိုကြည့်ပြီးသူ့ဖုန်းကိုထိုးပြတယ်။
‘ကို့ပရိုဖိုင်ကိုကြည့်အုံးမလား သက်၊သက်နဲ့ကိုပြောထားတာတွေလဲပြန်ကြည့်လို့ရတယ်’
လူကြီးငုတ်တုတ်ရှေ့မှာ ကျော်သိန်းကမိခိုင်နားတိုးကပ်ပြီး သူ့ဖုန်းကိုဖွင့်ပြတယ်၊သူ့ဟန်မူရာက အောင်ပွဲရစစ်သူကြီးအလား၊မိခိုင်မှာရှက်ဖွယ်ချစ်စကားတွေ မကြည့်ချင် မြင်လျက်သား။
‘ဒီမှာ သက်ဘယ်နေ့လိုက်ခဲ့မယ်လို့ ကို့ဆီပို့တဲ့စာ၊ကို Screen Shot ယူထားတာ၊သက်တယောက်ထဲ တလမ်းလုံးပျင်းနေမှာစိုးလို့ ကို့အလုပ်တွေဖျက်ပြီး ခရီးတဝက်ကလာကြိုတာ’
‘ကျွန်မ အမေနဲ့ဖုန်းပြောချင်တယ်’
ကျော်သိန်းမျက်နှာနည်းနည်းတင်းသွားတယ်၊ဒါပေမဲ့ မိခိုင်လက်ကိုကိုင်ပြီး နှစ်ကိုယ်ကြားပြောတယ်။
‘သက်ကလဲကွာ၊အိမ်ကမသိအောင်ထွက်ခဲ့ပါတယ်ဆို ဘာလို့အိမ်ကိုဖုန်းဆက်နေမှာလဲ၊အလကားခေါင်းစားနေတယ်၊ခုနေသက်အိမ်ပြန်သွားရင်တောင် သက်ကိုအပျိုလို့ထင်ကြတော့မှာမှုတ်ဘူး’
နှစ်သိမ့်တာလား ခြိမ်းခြောက်တာလားဝေခွဲမရ၊မိခိုင်ကတော့ ပိုလို့ပိုလို့မုန်း။
အပြင်လောကနဲ့ထိတွေ့မှုနည်းပြီး အတွေ့အကြုံ နုနယ်လွန်းတဲ့မိန်းကလေး၊ရှက်စိတ်မွှန်ပြီးချေပစရာ စကားမရှိ။
စိတ်မောဖွယ်အတွေးများစွာနဲ့ထွက်ပေါက်ရှာမရ၊အတောင်အလက်စုံလို့ပျံသန်းနိုင်ခဲ့ပေမဲ့ အန္တရာယ် ကိုမမြင်မိတဲ့ငှက်ငယ်ပမာ။
ကျော်သိန်းက လက်ထပ်စာချုပ်နဲ့ဘောလ်ပင်ကိုယူတဲ့ပြီး-
‘ကို့ကိုမကြိုက်ဘဲ ဘာလို့လိုက်ခဲ့တာလဲကွာ၊ကိုတော့သက်ကိုနားမလည်နိုင်တော့ဘူး၊ဦးကိုလဲအားနာစရာ၊ကိုကတော့အပြောနဲ့အလုပ်ညီတယ်၊နောက်မတွန့်ဘူး’
သူပြောပုံဆို သူကတော့အချစ်သူရဲကောင်း၊မိခိုင်ကတော့ ရှုံ့ချည်နှပ်ချည်နဲ့သူရဲဘောကြောင်သူပေါ့။

၁၁၊မိခိုင်ရဲ့မင်္ဂလာပွဲ
ကျော်သိန်းကစာချုပ်ပါသတို့သားနေရာမှာလက်မှတ်ထိုးဖြည့်စွက်ပြီး တွန့်ဆုတ်နေတဲ့မိခိုင်လက်ထဲကို ဘောလ်ပင်ပေးတယ်၊သူကနောက်သလိုနဲ့အတည်ပြောတယ်။
‘ကားနောက်ကျလို့ ဒီရွာမှာအိပ်နေရမယ်ခင်ဗျ’
မိခိုင်ကလက်မှတ်မထိုးသေးဘဲ ကျော်သိန်းရေးထားတဲ့မွေးသက္ကရာဇ်အရ သူ့အသက်ကိုပြေးပြေးလွှားလွှားတွက်လိုက်တယ်၊ငါးတန်းအထိသာပညာသင်ခဲ့ရပေမဲ့ သူမမှားနိုင်၊အံ့ဩမကုန်နိုင်။
‘ဘုရားဘုရား ၊ကိုကျော်သိန်းရဲ့အသက်က ၄၅၊ငါ့ထက် ၁၇နှစ်တောင်ကြီးပါလား၊သူကနာမည်သာမက အသက်ပါလိမ်ထားတာကိုး…’
လူကြီးက လက်မှတ်ထိုးဖို့ဝန်လေးနေတဲ့မိခိုင်ကိုကြည့်ပြီး –
‘မိန်းကလေးကစိတ်မပိုင်သေးရင်လဲ စဥ်းစားဦးပေါ့၊ဦးလဲ မောင်ကျော်သိန်းတို့ကိစ္စလေးပြီးရင် အစည်းအဝေးတက်ရအုံးမှာ’
မိဘဆွေမျိုးတွေရဲ့မျက်ကွယ် သူစိမ်းယောက်ျားကြီးနှစ်ယောက်ရဲ့အလယ်မှာ မျက်စိသူငယ်နဲ့သနားစရာမိခိုင်၊ဒီအခိုက်အတန့်လေးဟာ လယ်ထဲကိုင်းထဲမှာရက်တရာလုပ်ရတာမက ပင်ပန်းလှပါဘိ။
‘ဒီလူကြီးလဲမယူချင်၊မိဘကိုခြေစုံကန်ပြီးထွက်ခဲ့တော့ ရွာပြန်ဖို့လဲခက်၊ဆိုးလှတဲ့ငါ့ကံ၊ဖြစ်သမျှအကြောင်း အကောင်း၊နောင်ခါလာ နောင်ခါဈေး’
ကြံရာမရတဲ့အဆုံး မိခိုင်စိတ်နှလုံးဒုန်းဒုန်းချလိုက်ပြီ၊ဘောလ်ပင်မှင်တချက်ဟာ တသက်ဖျက်မရတဲ့အမည်းစက်ဆိုတာ အရိုးခံမလေးမသိရှာ။
ချစ်သူစကားကိုယုံစားပြီး ကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ချင်တဲ့မိခိုင်ရဲ့အိပ်မက်တွေ အစိတ်စိတ်အမြွှာမြွှာပြိုကွဲ၊စိတ်ကူးနဲ့လက်တွေ့ဘာမှမဆိုင်။
မထင်ရှားတဲ့ဒီရွာလေး၊မသားနားတဲ့လူကြီးအိမ်၊မခမ်းနားတဲ့လက်ထပ်စာချုပ်၊မိခိုင်စိတ်ကူးထဲကဖိတ်စာ ခန်းဝင်ပစ္စည်း အကျွေးအမွေး ဧည့်ပရိသတ်ဆိုတာတွေဝေလာဝေး။
နားဝင်ပီယံမင်္ဂလာတေးသံ ပျော်ရွှင်ရယ်မောသံများအစား ဘယ်သူမှမကြားနိုင်တဲ့မိခိုင်ရဲ့တိတ်တခိုးရှိုက်သံများ…..
မိခိုင်လက်မှတ်ထိုးပြီးတော့ လူကြီးကလက်ထပ်စာချုပ်ကိုကြည့်ရှုစစ်ဆေးပြီး တံဆိပ်တုံးထုပေးတယ်၊ကျော်သိန်းကတရိုတသေလှမ်းယူပြီးသူ့အိတ်ထဲကိုထည့်တယ်။
မိခိုင်ကတော့ဒီလက်ထပ်စာချုပ်ကိုလိုလိုချင်ချင်မရှိ၊သုံးစားမရတဲ့စက္ကူတရွက်။
သူကမိခိုင်ကိုတံတောင်နဲ့တို့ပြီး လက်အုပ်ချီအချက်ပြကာ
‘ဦးကိုကန်တော့ရအောင်၊ကျေးဇူးတင်ပါတယ် ဦးခင်ဗျာ၊ကျွန်တော်တို့ကြောင့်ဦးအလုပ်ရှုပ်သွားပြီ’
သူတို့ နှစ်ဦးအသက်ကွာမှန်းသိတဲ့လူကြီးက
‘ကြီးရင်မှီ ငယ်ရင်ချီတဲ့၊တယောက်တယောက်သည်းခံကြပေါ့ကွယ်၊ဒီလင်ဒီမယားအိုအောင်မင်းအောင်ပေါင်းကြရပါစေ’
မိခိုင်အသံကုန်ကုန်းအော်လိုက်ချင်တယ်။
‘မလိုချင်ဘူး၊အဲ့ဒီဆုကြီးမလိုချင်ဘူး’

တတိယပိုင်းဆက်လက်အားပေးပါရန်
#အင်ကြင်း (ကသာ)
10.3.2025