မိချော

Posted on

မိချော(စ/ဆုံး)
———-
သခွတ်ပင်ရွာသည် အိမ်ခြေ၈၀၀ခန့်ရှိပြီး
စည်ပင်ဝပြောသောရွာကြီးတစ်ရွာဖြစ်သည်။
ထိုရွာတွင် ဘုန်းတော်ကြီးသင်ပညာရေးစနစ်
ထွန်းကားပြီးရွာကိုဝန်းရံ၍ ရွာ၏အရှေ့အနောက်
တောင် မြောက် အရပ်လေးမျက်နှာ တွင်ဘုန်း
တော်ကြီးကျောင်းလေးခုတည်ရှိလေသည်။
ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားထွန်းကားရာ
အရပ်ဖြစ်ပြီး ရွာသူရွာသားများသည်
ဘာသာတရားကိုင်းရိူင်းကာ တစ်ဦးနှင့်တစ်ဦး
လည်း ချစ်ခင်ကူညီရိုင်းပင်းကြလေသည်။
ဘုရားပွဲများ တရားပွဲများ သီတင်းကျွတ်အခါ
သမယများစသည့် ရာသီအလိုက်ပွဲတော်များ
သည်လည်း သခွတ်ပင်ရွာတွင်ပင်ပြုလုပ်
ကျင်းပသည်ဖြစ်ရာ ရွာနီးချုပ်စပ် ရွာငယ်လေး
များဖြစ်ကြသောထန်းပင်စု မြောက်ကုန်း မိဖုရား
သပြေပင်ရွာမှ ရွာသူရွာသားများသည်
သခွတ်ပင်ရွာ၌သာစုစည်းကြကုန်၏။သို့ရာတွင်
ထိုသို့သာယာဝပြောသောရွာကြီးတွင် ၁၉၇၈
ခုနှစ်၌ ထိတ်လန့်ရင်နင့်ဖွယ်ရာ ဖြစ်ရပ်လေး
တစ်ခုဖြစ်ခဲ့လေသည်။

သခွတ်ပင်ရွာရှိ ရွာသူရွာသားများသည်
တောင်ယာလုပ်ငန်းကိုအဓိကထား
အသက်မွေးဝမ်းကျောင်းပြုကြသည်။ရာသီအ
လိုက်သီးနှံများစိုက်ပျိုးကာ ရိုးသားအေးချမ်းစွာ
နေထိုင်ကြလေသည်။ရွာတွင် ဟင်းသီးဟင်းရွက်
ပေါများသော်ငြားလည်းအသားငါးဟူသည်ကား
ရှားပါး၏။ရွာလုံးကျွတ်နီးပါးဘာသာတရားကိုင်း
ရိူင်းကြကုန်၍သဒိုးအလုပ်(သားသတ်သော
အလုပ်)ကိုစက်ဆုပ်ရှောင်ဖယ်ကြလေသည်။
ထို့ကြောင့်ထိုရွာတွင်အသားငါးရောင်း
လျှင် အခြားရွာများထက်စျေးပိုရလေ၏။
ဤအဖြစ်ကိုကြည့်၍ စီးပွားရေးလုပ်ကိုင်ကွက်
များမြင်ပြီး သားသတ်ခြင်းအလုပ်ကိုဇောက်ချ
လုပ်ကိုင်ခဲ့သူမှာ ဦးမိုးကောင်းဖြစ်လေသည်။
ဦးမိုးကောင်းသည် အစတွင် နွားပွဲစားတစ်ဦး
ဖြစ်ပြီး နောက်ပိုင်းမှ သဒိုးအလုပ်ကိုလုပ်ကိုင်
ခဲ့ခြင်းဖြစ်သည်။သူသည် နွားများကို ကိုယ်တိုင်
သတ်ကာ ဇနီးသည်မရွှေကအမဲသားများ
ရွာထဲသာမက ရွာနီးချုပ်စပ်များထိလိုက်ရောင်း
လေသည်။အမဲသားများသည် လွန်စွာမှ ရောင်း
ရကာ တစ်ရက်နှစ်ကောင်နူန်းအထိပင်ဖြစ်လာခဲ့
သည်။ဦးမိုးကောင်းသည် ရွာမြောက်ခြမ်းတွင်
နေထိုင်ပြီး နွားသတ်ခြင်းကိုမူရွာအနောက်ဘက်
သုဿန်တစပြင်နားတွင်ပြုလုပ်လေသည်။
ထိုသို့လုပ်ကိုင်ရင်းစီးပွားဖြစ်ထွန်းပြေလည်
ခဲ့သည်။ထို့ကြောင့်အလုပ်များခွဲဝေလုပ်
ကိုင်ရန်လူငှားလိုအပ်လာလေသည်။သို့ရာတွင်
ရွာထဲမှ မည်သူမျှ သဒိုးအလုပ်ကိုမလုပ်ကိုင်
လိုကြပေ။

ဘခက်သည်သခွတ်ပင်ရွာမှလူရည်သန့်တစ်ဦး
ဖြစ်သည်။သို့သော်၎င်းသည် ရုပ်ရည်နှင့်မျှမလိုက်
အရက်သောက် ကြက်တိုက် ဖဲရိုက်ကာ
အချိန်ကုန်လေ့ရှိသည်။တောင်ယာအလုပ်ကို
လက်ကြောတင်းစွာလုပ်ကိုင်ခြင်းမရှိ။သူသည်
ထန်းပင်စုရွာမှ မိချောနှင့်အိမ်ထောင်ကျကာ
သားသမီးသုံးဦးရှိလေသည်။သားနှစ်ယောက်
နှင့်သမီးတစ်ယောက်ဖြစ်ပြီး ယခုမိချောတွင်
ကိုယ်ဝန်လွယ်ထားရပြန်၏။မိချောသည်
လင်ဆိုးမယားတဖားဖားဟူသကဲ့သို့ပင် အများ
နည်းတူ ဝမ်းမဝ ခါးမလှ ဆင်းရဲနုံချာသော
ဘဝကို စိတ်ညစ်လှသည်။စိတ်ကုန်လှသည်။
ထို့ကြောင့် ဘခက်အားအမြဲတမ်းချော့မော့
ပြောဆိုကာ အလုပ်လုပ်စေရသည်။ဘခက်
သည်ပြောတုန်းခဏပင် အလုပ်လုပ်တတ်ပြီး
အရက်ကိုတွင်တွင်သောက်လေသည်။မိချော
ကား ကြံရာမရသည့်အဆုံးတွင် သားသမီး
မျက်နှာကိုမြင်ယောင်ကာ ဘခက်အား အိမ်
နီးနားချင်းဖြစ်သူ ဦးမိုးကောင်းထံ အလုပ်
လုပ်ရန်ပြောလေသည်။ဘခက်သည်လည်း
ဝင်ငွေကောင်းကာ မပင်ပန်းသောအလုပ်ဖြစ်
၍ဦးမိုးကောင်းထံအလုပ်လုပ်ရန်သဘောတူ
လေသည်။ဦးမိုးကောင်းသည်လည်း အလုပ်
အတွက်လူလိုနေသည်ဖြစ်ရာ ဘခက်နှင့်မိချော
အားသဘောအကျကြီးကျ၍အလုပ်လုပ်ကိုင်
်စေတော့သည်။

ဘခက်သည် နွားမသတ်မှီ အရက်ကိုဦးစွာ
သောက်သည်။နွားသတ်ရာတွင်နွား၏ငယ်ထိပ်
ကို ပုဆိန်ဖြင့်ထုကာ သွေးများဖြာကျ၍ အသက်
ပျောက်လျှင်အသားများအသည်းများအူကလီစာ
များ စသည်ကို ဓါးထက်ထက်ဖြင့် လှီးဖြတ်
ခွဲခြမ်းလေသည်။ထိုအသားများ ပိဿာလိုက်ချိန်
ပြီးသော်ဦးမိုးကောင်းထံသယ်သွား၏။ဇနီးသည်
မိချောက လှည့်လည်ရောင်း၏။ဤသို့ဖြင့်ဦးမိုး
ကောင်းသည်နွားသတ်ဒိုင်ဖြစ်လာကာဘခက်
တို့ဇနီးမောင်နှံသည် ဦးမိုးကောင်း၏လူယုံများ
ဖြစ်လာခဲ့သည်။မိချောမျှော်လင့်ခဲ့သော
ဘဝလေးရလာပေပြီ။ရွှေတိုရွှေစများစုမိဆောင်း
မိဖြစ်လာသည်။ဘခက်သည်လည်း အကုသိုလ်
အလုပ်နှင့်အကျိုးပေးသည် ဆိုရမလားမသိ
နွားသတ်ရာတွင် အလွန်လက်ယဉ်လေသည်။
ထိုအလုပ်လုပ်ကိုင်ရင်းပင်မိချောသည် အငယ်ဆုံးသားလေးကိုမွေးဖွားခဲ့လေသည်။ထိုအချိန်သည်
ငရုတ်သိမ်းချိန်ဖြစ်ပြီး ကြက်သွန်စိုက်ရန်အချိန်
လည်းဖြစ်လေသည်။

ဘခက်တို့တွင် လယ်ပိုင်ယာပိုင်မရှိပါ။
သို့ရာတွင် ဦးမိုးကောင်းတွင်တော့လယ်ခင်း
ယာကွက်များရှိလေသည်။ငရုတ်သိမ်းချိန်ဖြစ်၍
ငရုတ်သီးများခြွေခူးကာ အပင်တည်းကျန်သော
ငရုတ်ပင်တို့အားမီးရိူ့ရန် ဦးမိုးကောင်းသည်
ဘခက်တို့အား ခိုင်းစေလိုက်လေသည်။ဘခက
်နှင့်မိချောသည်ငရုတ်သီးများခူး၍ဖျာအလွတ်
ချပ်များပေါ်တွင်ပုံထားကြလေသည်။ထို့နောက်
အပင်သာကျန်ရစ်သော ငရုတ်ပင်တို့အား
တူးယူ၍ပုံထားပြီး ကောက်ရိုးတို့ဖြင့်လောင်စာ
ပြုလုပ်ကာမီးရိူ့လေ၏။မနက်၉နာရီ
လောက်ရှိသောအခါဘခက်သည်ငရုတ်သီး
များအားဦးမိုးကောင်းထံသယ်ယူလေ၏။မိချော
သည်ကားအိမ်ပြန်ကာထမင်းဟင်းချက်ပြုတ
်အပြီးနေ့လည်၁၂နာရီခန့်တွင်ရေချိုးလိုက်
လေသည်။မိချောသည်မီးဖွားပြီးသိပ်မကြာ
သေး၍သွေးနုသားနုဖြစ်ရာငရုတ်ပင်အား
မီးရိူ့သောအပူနှင့်အိမ်အပြန်ရေချိုးခြင်း
ကြောင့် အပူရှပ်တော့သည်။နေမထိထိုင
်မသာဖြစ်၍အတော်လေးနေမကောင်းဖြစ်
နေချိန်တွင် ဘခက်ပြန်ရာက်လာပြီး မိချော
အားကုသရန် ဆေးဆရာပင့်လေသည်။သို့ရာ
တွင် ဆေးဆရာမှာ တခြားနယ်သို့ ခရီးထွက်
သွားရာ အိမ်ရှိဆေးမြီးတိုနှင့်ကုရလေသည်။
ကလေးငယ်သည်လည်း နို့ဆာလွန်းနေ၍ငို
နေရာ ဘခက်သည် နို့မူန့်ဖျော်တိုက်ရပြန်၏။
မိချောသည်ကား အဖျားကျသွားခြင်းမရှိဘဲ
နှစ်ရက်မြောက်သောနေ့တွင်အဖျားကြီးကာ
သေဆုံးသွားခဲ့လေတော့သည်။

မိချောရုတ်တရက်သေဆုံးခြင်းကိုရွာထဲမှ
မည်သူမျှမယုံ။တစ်နေ့ကပင်ငရုတ်ခင်းမီးရိူ့
နေသေးသည်။ထို့ကြောင့်ဘခက်အိမ်သို့သွား
ရောက်မေးမြန်းကြရာ အမှန်ပင်သေဆုံး
ကြောင်းသိရလေသည်။ထို့အတွက် သွေးနု
သားနုတွင်သေဆုံးသွားသောမိခင်တစ်ဦးဖြစ်သူ
မိချောအား လူမမယ်ကလေးငယ်နှင့်လိပ်ပြာခ
ွဲရန်အလောတကြီးစီစဉ်ကြလေသည်။သူကြီး
သည် အလောင်း၏နံဘေးတွင်ရပ်ကာ ညာလက်
ကိုဆန့်တန်းလျက်ချိန်ခွင်တစ်ခုကိုကိုင်ထားပြီး
ဘယ်လက်တွင်တောင်ဝှေးကိုကိုင်ထားလေ၏
ချိန်ခွင်သည် အလောင်း၏ရင်ညွန့်အလယ်
တည့်တည့်တွင် အပေါ်စီးအနေအထားဖြင့်
ရှိပြီးအလေးချိန်တူသောဂွမ်းစကလေးနှစ်ခုကို
ချိန်ခွင်တစ်ဖက် တစ်ချက်စီတွင်ထည့်ကာ
သူကြီးမှဦးဆောင်၍ရွာသူရွာသားများနှင့်
လိပ်ပြာခွဲလေတော့သည်။

” ကဲ … မိချော … ညာဘက်က တို့ဆွေမျိုး
သားချင်းတွေပဲ … ဘယ်ဘက်ကတော့
နင်ပေါ့ … နင်ကငါတို့နဲ့ဘဝခြားသွားပြီ …
ငါတို့နဲ့နင်က ဆွေမျိုးသားချင်းမဟုတ်တော့ဘူး …
နင်နဲ့ကလေးငယ်လေးဟာလည်း ဘာမှ
မပက်သက်တော့ဘူး … အဲ့ဒီတော့ တို့ကို
ကလေးပေးမပေး ချိန်ခွင်လျှာပြုအလေးသာတဲ့
ဘက်နဲ့အတည်ယူမယ် … ဖြေပေတော့”

သူကြီး၏သြဇာပါလှသောအသံအဆုံးတွင်ရွာသူ
ရွာသားများ၏မျက်လုံးအစုံသည် အလောင်း၏
ရင်ညွန့်ပေါ်မှ ချိန်ခွင်လေးဆီသို့သာစုရုံးရောက်
ရှိနေကြလေသည်။ခဏအကြာ ချိန်ခွင်သည်
လူပ်ရှားကာ ဘယ်ဘက်သို့ လျှာထွက်အလေး
သာလာသည်။

” ဟဲ့ … မိချော … ဒီကလေးဟာ နင်နဲ့ဘဝခြား
သွားပြီ ငါတို့ကိုပဲပေးပါ ”

သူကြီးကမြေမြင်ကိုဖနောင့်ဖြင့်ပေါက်၍ထပ်မံ
ပြောဆိုလေ၏။ပြီးနောက် ချိန်ခွင်လျှာသည်
ညာဘက်သို့ အလေးသာလာသည်။သို့ရာတွင်
မိခင်တစ်ယောက်၏သားသမီးပေါ်တွယ်တာ
စိတ်တို့သည် မိချောတွင် လွန်ဆွဲနေဟန်တူ၏။
ညာဘက်သို့အလေးသာနေသော ချိန်ခွင်
လျှာသည် ရုတ်ချည်းပြောင်းလဲသွားပြီး
ဘယ်ဘက်သို့ပြန်၍အလေးသာသွားရာ
ညာဘက်သို့ပြန်မလည်လာတော့ပေ။

“မိချော … ခေါင်းမမာနဲ့ကလေးကို စိတ်ချပြီး
ငါတို့ကိုပဲပေးပါ ”

သူကြီးသည် ဘယ်လက်မှ တောင်ဝှေးကို
ဝုန်းကနဲမြေပြင်နှင့်ရိုက်ချကာ ပြောဆိုလေ၏။
သို့သော်ချိန်ခွင်လျှာမှာ ဘယ်ဘက်တွင်သာ
ရှိနေလေ၏။ရွာသူရွာသားတို့သည် ရင်တထိတ်
ထိတ်ဖြင့်ကြည့်ရှူနေကြသည်။သူကြီးသည်
လည်းချွေးဇောများပြန်လာလေသည်။

” ဟဲ့ … မိချော ကလေးကိုနင်တကယ်ချစ်ရင်
ကလေးကောင်းစားတာကိုမြင်ချင်ရင်
ငါတို့လက်ထဲကိုထည့် ဒါနောက်ဆုံးပဲ ”

ချိန်ခွင်လျှာသည် ဘယ်ဘက်တွင်မလူပ်
မယှက်ရပ်နေလေသည်။အတန်
ကြာမျှငြိမ်သက်ပြီးနောက် ချိန်ခွင်လျှာသည်
ညာဘက်တို့တရွေ့ရွေ့ရောက်လာကာ
ညာဘက်တွင်ရပ်တန့်နေတော့သည်။သူကြီး
သည်ထိုအခိုက်အတန့်အားအတည်ပြုကာ
လက်ထဲမှချိန်ခွင်ကို ရုတ်သိမ်းလိုက်လေသည်။
ဤသို့ဖြင့် လိပ်ပြာခွဲခြင်းပြီးစီးကာ ကလေးကို
ဘခက်ရ၏။ပြီးနောက် မိချော၏ ရုပ်အလောင်းကို
သုဿန်သို့သယ်ဆောင်ကာ ညနေခင်း
သုံးနာရီခန့်တွင် မြေမြုပ်သဂြိုလ်ခဲ့လေသည်။
လပြည့်ကျော်နှစ်ရက်ဖြစ်၍ ကောင်းကင်ပေါ်မှ
လသည် ပျူပျူငှာငှာသာနေသေးသည်။သခွတ်
ပင်ရွာ၏ထုံးစံအတိုင်း အသုဘရှိသောအိမ်တွင်
ကာလသားများနှင့်ဆယ်အိမ်ခေါင်းရာအိမ်ခေါင်း
၁၅ယောက်တို့သည်ဖဲဝိုင်းဖြင့်ကူငွေကောက်ခ
ံရင်းထိုအိမ်တွင်ပင် ညအိပ်ရလေသည်။မိချော
အသုဘကို ကူငွေလာထည့်သော ရွာသူရွာသား
များနှင့် ည ၉နာရီလောက်မှသာ လူခြေတိတ်
တော့သည်။နောက်ပိုင်း ၁၀နာရီလောက်မှစ၍
ဖဲဝိုင်းများသည်သာလူစည်ကားနေတော့သည်။
ညသည် နက်သထက်နက်လာကာ ၁၂ နာရီပင
်ထိုးလေပြီ။

” အူ … အူး … ဝူး … ”

အသုဘအိမ်ရှေ့မှ ခွေးကြီးအောင်နက်သည်
အိမ်တွင်းသို့စူးစိုက်ကြည့်ကာဆွဲဆွဲငင်ငင်အူလိုက်
လျှင် ဖဲရိုက်နေသောကာလသားများ ကြက်သီး
မွှေးညင်းများထကုန်၏။ဖဲဝိုင်းများအနည်းငယ်
လူပ်လူပ်ရှားရှားဖြစ်သွားကာခဏအကြာတွင်
နဂိုအတိုင်းပင် ဖဲဝိုင်းပြန်စည်ကားလာ၏။ထို
ကာလသားများထဲမှ မှတ်ကြီးသည် အရက်
်သောက်ထား၍အိပ်ချင်ပြီဖြစ်ကြောင်း
ပြောကာ အိမ်တွင်းရှိ ကွပ်ပျစ်ပေါ်တွင်ဝင်
်အိပ်နေလေ၏။

” အား … မိချော …မိချော … မဆွဲချပါနဲ့
ငါနင့်အိမ်မှာမအိပ်တော့ပါဘူးခွင့် … ခွင့် …
ခွင့်လွှတ်ပါ ”

အိပ်နေရာမှ ပြောရင်းဆိုရင်း မှတ်ကြီးထပြေး
လာသည်။မျက်နှာမှာလည်းအရက်သောက်ထား
ခြင်းကြောင့်ပြန်လာသောချွေးဇောလား။ကြောက်ရွံ့၍ထွက်လာသောချွေးဇောများလားမသိနိုင်။
မျက်လုံးအစုံသည်ကားဂဏှာမငြိမ် အလွန်ထိတ်
လန့်နေပုံရ၏။ဖဲဝိုင်းမှကာလသားများက
မှတ်ကြီးအားမေး၏။မိချောသရဲခြောက်ကြောင်း
ပြောသောအခါ ဝိုင်း၍လှောင်ရယ်ကြပြန်သေး
သည်။မှတ်ကြီးသည် မည်သုိ့ပင်ဆိုစေကာမူ
ဒီအိမ်တွင်မအိပ်လိုတော့ပေ။ထို့ကြောင့် ရွာ
မြောက်ခြမ်းက ဘုန်းကြီးကျောင်းသို့သာ ပြေး
လေတော့သည်။ကာလသားများသည်လည်း
ဖဲဝိုင်းသိမ်း၍ အသီးသီးအိပ်ရာဝင်ကြလေသည်။

” အူ … အူး … ဝူး …”

အောင်နက်၏အူသံဆိုးကြီးအားကြားရပြန်
သည်။ထို့နောက် အိပ်နေသော
ကာလသားများ၏ခြေရင်းတွင် အရိပ်မည်းကြီး
တရွေ့ရွေ့ရောက်လာလေ
၏။ထိုအရိပ်မည်းကြီးသည်ကာလသားများ
၁၄ယောက်ခန့်အလျားလိုက်
အိပ်နေရာမှ တစ်ယောက်ချင်းကို အိမ်ပြင်သို့
ဆွဲချလေတော့သည်။အလုံးအထည်ကားမမြင
်ရ။အရိပ်သက်သက်ပင်။သို့သော် ဘာမှမရှိပဲ
အိမ်ပေါ်မှ ဆွဲချခံနေရသောကာလသား
များသည်ပုဆိုးမနိုင်ပဲကွင်းသိုင်းပြေးကြသည်။
ဖိနပ်မပါပဲပြေးကြသည်။ထိုစဉ် ကာလသားများ
ခြံဝင်းနားအရောက် အိမ်ပေါ်မှ တစ်စုံတစ်
ယောက်ခုန်ချလိုက်သကဲ့သို့ဝုန်းကနဲ့မြည်ကာ
တုန်ခါသွားတော့သည်။ဘခက်သည်လည်း
အိပ်နေရာမှထိတ်လန့်တုန်လူပ် ကာသားသမီး
များအားခေါ်၍ရွာအရှေ့ပိုင်းသို့ထွက်ပြေး
ရလေသည်။မိချောဇာတ်လမ်းစချေပြီ။

မနက်လင်းသော် ရွာထဲတွင်အုတ်အော်
သောင်းနင်းဖြစ်သည့်သတင်းမှာ
မိချောသရဲဖြစ်ပြီးအလွန်ကြမ်းတမ်းစွာ
ခြောက်လှန့်နေကြောင်းပင်။ထို့
ကြောင့် သူကြီးဦးဆောင်၍ မနက်ခင်းတွင်
မိချောအိမ်သို့သွားကြည့်သည်
ဘာမှမထူးခြားပေ။ထို့အတွက် ဒီညတွင်ပြန်
စောင့်အိပ်ရန် ကာလသားများ
အားမှာကြားသော် မည်သူမျှမအိပ်ရဲကြပေ။

” ကောင်းပြီ ဒီညငါကိုယ်တိုင်စောင့်အိပ်မယ် …
မောင်မြင့်နဲ့ နှစ်ယောက်တည်းပဲစောင့်အိပ်မယ် …”

မောင်မြင့်သည် အရက်သမားတစ်ဦးဖြစ်ပြီး
သတ္တိကောင်းလွန်းသူဖြစ်သည်
မူးနေရင် ပိုသတ္တိကောင်းလေ၏။ညသည်
တိတ်ဆိတ်နေလေသည်။
အသုဘအိမ်တွင်မူသန်းခေါင်မတိုင်သေး၍
လားမသိ။ဘာမှမတွေ့ရ။
သူကြီးနှင့်မောင်မြင့်သည်အသီးသီးအိပ်ရာ
ဝင်ကုန်ကြသည်။ထိုစဉ်
မီးဖိုဆောင်ထဲမှ ဝုန်းကနဲအသံကိုကြားရ၏။

” မောင်မြင့်ရေ သွားကြည့်ချေဦး ”

မောင်မြင့်သည် သူကြီးအားခေါင်းညိတ်ပြကာ
မီးဖိုဆောင်သို့သွားလေ၏သူကြီးကားတစ်
ယောက်တည်းကျန်နေလေ။သို့သော်တစ်စုံတစ်
ယောက်ကသူ့အားဆွဲချရာ ရုန်းကန်မရ။ဘာမှ
လည်းမမြင်ရ။အံ့သြမှင်သက်နေချိန် အိမ်ပြင်
သို့လွင့်စဉ်သွားပြီး အိမ်ရှေ့မှ သစ်ပင်နှင့်ခေါင်း
အားရိုက်မိရာ သူကြီးမူးမေ့သွားတော့သည်။
မောင်မြင့်သည် မီးဖိုဆောင်တွင်အိုးခွက်များ
ပြန့်ကျဲနေသည်က်ိုတွေ့ရလေသည်။ထိုအခိုက်
ထုပ်တန်းပေါ်မှအရိပ်မည်းကြီးသည် ဝုန်းကနဲ
ခုန်ချကာ သူရှေ့တွင် ကြွေပန်းကန်ချပ်များ
ကိုရိုက်ခွဲရာ မူးနေသောမောင်မြင့် သောက်
ထားသောအရှိန်များပြေကာပင်ကိုသတ္တိပင်
မရှိတော့ချေ။သူကြီးကိုလည်းသတိမရအိမ်
ထဲမှတစ်ချိုးတည်းထွက်ပြေးလေတော့သည်။
နောက်တစ်နေ့မနက်တွင် မောင်မြင့်ပြောပြ
မူကြောင့် သူကြီးအား အိမ်သို့ပြန်လည်ခေါ်
ဆောင်ပြီးဆေးကုသစေ၏။သူကြီးသတိရ
သော်မိချောသရဲမှာအလွန်ကြမ်းကြောင်းပြော
လေ၏။ဤတွင် သူကြီးအား မောင်ညိုက
ထန်းပင်စုတွင် ပယောဂဆရာရှိကြောင်း
အလွန်စွမ်းကြောင်းပြောသောအခါ ဆရာကို
သခွတ်ပင်သို့ပင့်စေ၏။ဆရာအမည်မှာ
မောင်ချမ်းဖြစ်ပြီးသရဲမမိချောအားထွက်ပြေး
စေရမည်ဟုအာမခံလေ၏။နောက်နေ့ညနေ
သခွတ်ပင်သို့လာခဲ့မည်ဟုဆိုလေ၏။ယခုဆို
တစ်ရွာလုံးမှောင်လာသည်နှင့်အပြင်ကိုမထွက်
်ရဲကြ။သရဲမမိချောသည် ဘယ်သည့်နေရာကိုမျှ
ခြောက်လှန့်ခြင်းအလျဉ်းမရှိပါ။ယုတ်စွအဆုံး
မိချော၏အလုပ်ရှင်အိမ်နီးနားခြင်းဦးမိုးကောင်း
ကိုသော်မှခြောက်လှန့်ခြင်းမရှိပါ။သူ့အိမ်ထဲမှာ
သာကြမ်းတမ်းစွာခြောက်လှန့်ခြင်းဖြစ်သည်။
အိမ်ထဲကိုမည်သူမျှအဝင်မခံဆွဲချသည်။
လွှင့်ပစ်သည်။ခွေးနှင့်ကြောင်ကိုတောင်
သည်းခံခြင်းမရှိပေ။ည၁၂နာရီထိုးသည်နှင့်
မိချောပိုသောင်းကျန်းသည်။ထုပ်တန်းပေါ်မှ
ခုန်ချသံ။ထရံကာနံရံများအားကန်ကျောက
်နေသံ။အိုးခွက်များရိုက်ခွဲနေသံတစ်ချက်ချက်
ဟားတိုက်သံ။ဒေါသထွက်၍တောက်ခေါက်သံများ။
ခွေးအူသံများကိုရွာမြောက်ခြမ်းမိချော
နေအိမ်ထံမှတိတ်ဆိတ်နေသောတစ်ရွာလုံး
နီးပါးကြားရလေ၏။ရွာသူရွာသားများအိပ်ေ
ရးပျက်။မအိပ်နိုင်ညရောက်မှာပင်ကြောက်
လန့်သည်အထိအခြေအနေဆိုးခဲ့တော့သည်။

နောက်တစ်ရက်ညနေတွင်ဆရာချမ်းရောက်လာ
ကာမိချောအိမ်သို့ပို့စေ၏။ဆရာချမ်းသည်မိချော
အိမ်ရှေ့တွင်မထီမဲ့မြင်ပြုသလိုသရြော်ပီး
ပြုံး၏။ဆရာချမ်း၏မျက်လုံးအစုံသည်အိမ်တွင်း
သို့စူးစိုက်ကာ နူတ်မှတစ်စုံတစ်ခုကို ရွတ်ဆိုပြီ
မန်းမူတ်ကာ ညာလက်မှ ဆန်တစ်ဆုပ် ကိုကျဲ
ပက်လေ၏။ထိုအထိဘာမှထူးခြားခြင်းမရှိ။
ဆရာချမ်းသည်အိမ်အတွင်းသို့အနှံ့ဆန်မန်း
များလိုက်လံကျဲပက်ပြန်၏။

” တောက် … ဟင်း … ဟင်း ”

ဆရာချမ်းသည် တောက်ခေါက်သံကို ပီသစွာ
ကြားလိုက်ရသည်။

” မိချော နင်ကငါ့ကိုမထီမဲ့မြင်ပြုတာလား
ငါဆရာရဲ့အမိန့် အခုချက်ချင်းထွက်လာစမ်း ”

ဆရာကရှေ့တွင်အာရုံစိုက်အမိန့်ပေးနေစဉ်
နောက်မှအရိပ်မည်းကြီးသူ့အားအထက်စီးမ
ှကြည့်နေခြင်းကိုမူမသိ။ဆရာချမ်းသည်သူ၏
ခြေထောက်နားမှာကျနေသောနပ်ခါးလိမ်းသည့်
မှန်ချပ်မှတစ်ဆင့် အပေါ်က အရိပ်ကြီးအား
လှမ်းမြင်လိုက်ရာ ပရိတ်ရေများဖြင့် လှမ်းပက်
လိုက်လျှင်အိမ်တစ်ခုလုံးတုန်ဟီးသွားကာ ဆရာ
ချမ်း၏ကုတ်ပေါ်သို့ အရိပ်မည်းကြီးတက်ခွလိုက်
တော့သည်။လည်ပင်းကိုခြေထောက်ဖြင့်ပတ်ထား
ကာဆရာချမ်းမှာအသက်ရူမရတော့ပေ။မေ့မျောသွားတော့၏။အချိန်မည်မျှကြာသွားသည်မသိ
မနက်အရုဏ်ပင်တက်ချေပြီ။ထို့နောက် မိချော
အိမ်မှအသံများလည်းငြိမ်သက်သွားလေသည်။

” ဆရာချမ်းရေ ဗျို့ ဆရာချမ်း ”

ဆရာချမ်းအိပ်ပျော်နေသည်အထင်နှင့်သူကြီး
တို့အဖွဲ့သည်မိချောအိမ်အောက်မှ လှမ်းခေါ်
နေလေသည်။သို့သော် ဆရာချမ်းမှအသံပြန်
်မပေး၍အိမ်ပေါ်သို့တက်ကြည့်သောအခါ
မေ့မျောနေသာ ဆရာချမ်းကို တွေ့ကြရသည်။
ဤတွင် ဆရာချမ်းအား ပြန်ခေါ်လာပြီးလျှင်
မိချောအိမ်အားသော့ခတ်ပိတ်ထားလိုက်
တော့သည်။

သူကြီးတို့ကြံရာမရသည့်အဆုံး ရွာ၏အားကိုး
အားထားဖြစ်သောအရပ်လေးမျက်နှာမှဆရာ
တော်ဦးသုမင်္ဂလအမှူးပြုသောကျောင်းထိုင်
ဆရာတော်ငါးပါးအား မိချောကိစ္စ ဦးတင်
လျှောက်ထားရာ ဆရာတော်များမှ မိချော
နေအိမ်တွင် ကမ္မဝါရွတ်ဖတ်မည်ဖြစ်ကြောင်း
မိန့်ကြားလေ၏။နောက်တစ်နေ့ညနေသုံး
နာရီတွင် ဆရာတော်ငါးပါးသည် မိချော
နေအိမ်သို့ကြွချီကာ ကမ္မဝါရွတ်ဖတ်
လေတော့သည်။

” ကဲ … ဒယကာ ဒယိကာမတွေ ဘုန်းဘုန်း
တို့ ကမ္မဝါညှပ်မှာဖြစ်သည့်အတွက်
မေးခွန်းသုံးခါမေးမယ် … နှစ်သက်ပါက
နှစ်သက်ပါတယ် …
မနှစ်သက်ပါက … မနှစ်သက်ပါဘူးလို့
လျှောက်တင်ပေးစေလိုပါတယ် ”

ဆရာတော်ဦးသုမင်္ဂလမှ ရွာသူရွာသား
ဒယကာ ဒယိကာမများအားမေးခွန်းများမေး
လေ၏။

“ဤဝိုင်း ဤအိမ် ဤဌာန၌ မကောင်းသော
မြေဖုတ်ဘီလူး သင်းကွဲပြိတ္တာ
တစ္ဆေသရဲမိစ္ဆာများရှိနေသည်ကို ဤအိမ်ဝိုင်း
ပိုင်ရှင်များက နှစ်သက်ပါသလား
မနှစ်သက်ပါဘူးလား”

ထိုကဲ့သို့သုံးကြိမ်တိုင်တိုင်မေးရာမနှစ်သက်ပါဘူး
ဟုလျှောက်တင်ကြသော် ဦးသုမင်္ဂလအမှူးပြု
သောဆရာတော်သံဃာတော်ငါးပါးမှ
မြတ်စွာဘုရား၏နူတ်ကပါတ်တော်ဖြစ်သော
ပဗ္ဗာဇနိယကမ္မဝါစာ အား နမောတဿသုံးကြိမ်ဆို၍အိမ်ရှေ့ဘုရားခန်းမှမိနစ်သုံးဆယ်ကြာရွတ်
ဖတ်သရဇ္ဈယ်ကြကုန်၏။ရွတ်ဖတ်ပြီးသော်သံဃာ
တော်များက ကွယ်လွန်သူမိချောအားအမျှပေး
ဝေလေ၏။ထိုစဉ်အိမ်ထဲမှဝုန်းကနဲအသံ
ကြားလိုက်ရသည်။ရွာသူရွာသားများအနည်းငယ်
်လူပ်ရှားသွားကြရာ ဆရာတော်ကြီးမှစိတ်မပူရန်
စိတ်အေးအေးထားရန်မိန့်ကြားလေသည်။
ညနေ ၄ နာရီတွင် ဆရာတော်များသည်
ကျောင်းအသီးသီး သို့ပြန် ကြွကြကုန်၏။ထိုနေ့
ညတွင်မိချောအိမ်၌ဘာသံမျှမကြားရတော့။
သန်းခေါင်တွင်လည်းခွေးအူသံများမရှိတော့။
သခွတ်ပင်ရွာလေး ယခင်ကဲ့သို့ပင် ငြိမ်းချမ်း
သွားခဲ့ပြီး ဘခက်လည်း လိမ္မာသွားကာသားသမီး
တို့အတွက်ဖခင်ကောင်းပီသခဲ့လေသည်။သခွတ်
ပင်ရွာလေးကောင်းမွန်စွာအိပ်မောကျနေချေပြီ။

အားလုံးကိုလေးစားလျက်
#ဒေါင်းဖဏ်သာ(အမေ့သား)