မိညို

Posted on

မိညို

______ဂျာနယ်ကျော်မမလေး

 

(၁)

 

မည်မျှပင် စိတ်ညစ်နွမ်းနေသည် ဖြစ်စေ ဆရာနှင့် တွေ့ဆုံရလျှင် စိတ်အေးချမ်း သွားရမြဲတည်း။

 

ဆရာဦးသိန်းဟန် (ဇော်ဂျီ)မှာ အေးအေးဆေးဆေး အမူအရာရှိလျက် ဖြေးဖြေးညင်သာ ပြောတတ် ဆိုတတ်သူ ဖြစ်လေသည်။ ညင်ညင်သာသာ ပြောဟောပြနေသော စကားနောက်သို့ ထပ်ကြပ်မကွာ လိုက်လျက်ရှိနေသော ဆရာ၏ ပင်ကိုယ် ဆင်ခြင်တုံတရားဖြင့် ပိုင်းခြား ဝေဖန်ပြသော အလင်းရောင်သည် စိတ်နွမ်းခြင်းကို လန်းစေသည်။ ဆရာဦးသိန်းဟန်နှင့် တွေ့ဆုံရသည့် အခါတိုင်း အေးမြသော အရိပ်တခုခု အောက်သို့ ဝင်လိုက်ရသလိုပင် ရှိသည်။

 

ထိုနေ့က ဆရာ့ ဧည့်ခန်းထဲ၌ မင်းယုဝေလည်း ရှိသည်။ ဆရာက ဧည့်ခန်းထဲဝင်ထိုင်သော ကျမ အမူအရာကို အကဲခပ်ကာ “မမလေး… နင့်ကြည့်ရတာ မရွှင်မလန်းနဲ့ဟာ… ဘာဖြစ်လာသလဲ…” ဟု မေးပေသည်။

 

ကျမမှာ အမြတ်တော်ကြေး ရုံးကအပြန် ကျောင်းနှင့် စိန်ဖီလိုမီနာ ကွန်ဗင့်ကျောင်းမှ ကလေးတွေကို ကျောင်းကြိုရန် အချိန်စောနေသေးသဖြင့် ဆရာ့အိမ်သို့ ခဏဝင်သည်။ ကျမဘဝတွင် အခက်အခဲ ပြဿနာ အမျိုးမျိုးတွေနှင့် တွေ့ကြုံရင်ဆိုင်ကာ ကျော်နင်းနေရသူ ဖြစ်ခြင်းကြောင့် ကျမနှင့် တွေ့ဆုံတိုင်း ဆရာက စိတ်ချမ်းသာမှု ရှိမရှိ အကဲခပ်ပုံရသည်။

 

“စိတ်ထဲနဲနဲတော့ အနှောင့်အရှက် ဖြစ်လာမိတယ် ဆရာရယ်။ အမြတ်တော်ကြေး ရုံးမှာ အစစ်ခံပြီး ဆရာ့ဆီ ဝင်လာတာပါ။ ယောက်ျား ရှာတဲ့ပစ္စည်း ဝင်ငွေပေါ်မှာ မယားစရိတ်၊ သားသမီးစရိတ်၊ သတ်မှတ် နုတ်ပေးထားတယ်။ ယောက်ျားမရှိတဲ့ မိန်းမတယောက် အဖို့တော့ သူရှာတဲ့ ဝင်ငွေပေါ်မှာ အမြတ်တော်ကြေး ကောက်တဲ့အခါ သားသမီးစရိတ်သာ အနုတ်ခံရပါတယ်၊ သူ့အတွက် သူ့စရိတ် မနုတ်ရဘူး ဒါကို ကျမ စဉ်းစားလာပြီး မုဆိုးမဘဝ နစ်နာတာကို တွေးလာမိပါတယ်”

 

ကျမက ပြောဆိုပြီး မျက်နှာ ရွှင်ရွှင်လန်းလန်း ပြင်ထားလိုက်သည်။ ထိုနေ့က ဆရာနှင့် ကျမ ခါတိုင်းလို စာပေအကြောင်း မဆွေးနွေးဘဲ အချိန်ကြာမြင့်စွာပင် လောကကြောင်း၊ ဓမ္မကြောင်းများ ဆွေးနွေးပြောဆို နေကြလေသည်။ ဓမ္မကြောင်းကို ဆွေးနွေးနေယင်း အကြောင်းတခု စမိသည်နှင့် ကျမက ပြောသည်။

 

“ကျမစိတ်ထဲ လောကကြီးမှာ ခဏဘဲနေရတာ ဆိုတာ အမြဲစွဲနေတော့ ဝမ်းနည်းစရာ တွေ့တွေ့၊ မခံချင်စရာ တွေ့တွေ့၊ တတ်နိုင်လို့ နိုင်လိုမင်းထက်ဘဲ ပြုပြု ဆရာရယ်… ကျိတ်မှိတ် သည်းခံ လိုက်တာဘဲ၊ ခဏဘဲ ဆိုတာ အမြဲစွဲထားတော့ သည်းခံမှုဟာ ရလာပါတယ် ဆရာ…”

 

ဆရာသည် စဉ်းစားသော မျက်လုံးဖြင့် ငြိမ်သက်လျက်နေရာက ချိုအေးစွာ ပြုံးလေသည်။

 

“နေရာတကာ သိပ် သည်းခံလွန်းယင်လည်း မကောင်းဘူးဟ…နဲနဲတော့ အကြောင်းပြသင့်ထိုက်ယင် ပြရမယ် မဟုတ်လား…”

 

ကလေးများ ကျောင်းကြိုပြီး ဆရာ့အိမ်သို့ ကားရောက်လာ၍ ကျမက စကားဖြတ်ကာ ပြန်ရန် နှုတ်ဆက်လျက် ထွက်ခဲ့သည်။ ဆရာသည် ကားနားအထိ လိုက်ပို့ပြီး ကားထဲ၌ ထိုင်နေသော ကလေးများကို ကုန်းကြည့်လိုက်သည်။

 

ကားသည် ဆရာတို့ အိမ်ဝင်းမှ ထွက်လာခဲ့လျှင် ကျမဘေး၌ ထိုင်နေသော မလေးမြင့်က “ဟို ဦးလေးက မေမေ… မိညိုကိုလေ သေသေချာချာ ငုံ့ပြီး ကြည့်လိုက်တယ်…” ဟု ပြောလေ၏။ ကားရှေ့၌ ဒရိုင်ဘာဘေးတွင် ထိုင်နေသော မိညိုသည် နောက်သို့ လှည့်လိုက်ကာ ”ဟုတ်တယ် ကြီးကြီးရဲ့ မိညိုကို စိုက်ပြီး ကြည့်တယ်…” ဟု ပြုံးစိ ပြုံးစိဖြင့် ပြောလျက် ပြန်လှည့်သွားလေ၏။

 

မိညိုအား ထူးထူးဆန်းဆန်း အနေမျိုး ဆရာဦးသိန်းဟန် ကြည့်လိုက်သည် ဆိုလျှင်လည်း ကြည့်ချင်စရာပေပင်။ မိညိုမှာ အသားမဲမဲ၊ မျက်စိမှေးမှေး နှာခေါင်းပြား မျက်နှာဝိုင်းကလေးဖြင့် အညာကျေးလက်မှ အညာသူ ရုပ်ကလေးနှင့် တရုပ်တည်း တူနေသည်။ သူ့အသက်မှာ ၁၁- နှစ် ဖြစ်သည်။ သူ့ခေါင်းက ဂျပန် ဆံထောက်ကလေးနှင့် သူ့ကိုယ်၌ ဝတ်ဆင်ထားသော ကွန်ဗင့်ကျောင်းဝတ် ဂါဝန် နက်ပြာတို့သည် မိညို၏ အညာရုပ်ကို မဖုံးဖိနိုင်။ ဆရာဦးသိန်းဟန်မှာ မလေးမြင့်နှင့် အသွေးအမွေး မတူသော မိညိုကို သူက ဘယ်သူများလဲ ဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်ခြင်းသာ ဖြစ်ရမည်။

 

အကယ်၍ သူတို့သည် ကားပေါ်မှ ဆင်းကြကာ အိမ်ထဲသို့ ဝင်လာကြမည်ဆိုလျှင် “ဟဲ့… မမလေး- သူက ဘယ်သူလဲဟ…” ဟု ဆရာက မိညိုကို ကြည့်၍ မေးပေလိမ့်မည်။

 

မိညို အကြောင်းများ ပြောပြရမည်ဆိုလျှင် ဆရာ့အိမ်မှ တော်တော်နှင့် ထပြန်နိုင်ကြမည် မထင်၊ ဆရာ့အား မိညို၏ ပုံပြင်ဝတ္ထုကို အစအဆုံး ပြောခဲ့ရမည်သာ ဖြစ်လေသည်။

 

ကလေးတွေက… ဆရာ မိညိုကို ငုံ့ကြည့်လိုက်သည် ပြောကြ၍ ကျမမှာ ကားပေါ်တွင် “မိညို” အကြောင်းကို တလမ်းလုံး တွေးလာကာ မိညို၏ အတ္ထုပ္ပတ္တိကို ဆရာ့အား စုံစေ့စွာ စိတ်ထဲ၌ ပြောပြလျက် ရှိနေတော့သည်။

 

(၂)

 

မိညိုသည် ပခုံးတွင် လွယ်အိတ်ကလေး လွယ်လျက် ကျမအိမ်ပေါ်သို့ တက်လာသည်၊ ဧည့်ခန်းထဲ၌ ရပ်နေကာ တရှုတ်ရှုတ် ငိုကြွေးနေလေ၏။

 

ကျမသည် မိညို၏ ငိုသံကို အခန်းထဲမှ နားထောင်နေယင်း ရင်ထဲ၌ ကျပ်လာလေ၏။ အသက်ရှူလို့ မဝသလိုပင် မောလာသည်။ ခေါင်းထဲ၌ ရှုပ်လွန်း၍ နှုတ်ခမ်းကို ကိုက်ထားကာ မျက်ခုန်းနှစ်ဖက်တွန့်ရှုံ့ နေသည်။ သူ့ငိုသံသည် နားမချမ်းသာစရာ ကောင်းလှကာ နားနှစ်ဖက်ကို ပိတ်ရပြန်သည်။

 

မိညို၏ ငိုသံသည် မစဲနိုင်တော့ဘဲ ရှိုက်လျက်သာ ငိုကြွေးနေလေ၏။ အခန်းထဲမှ ကျမ မထွက်မချင်း တိတ်တော့မည် မဟုတ်ချေ။ ကျမမှာ သူ့ကို မကြည့်ချင် မမြင်ချင်လျက် မတတ်နိုင်ဘဲ စိတ်နောက်နောက်ဖြင့် အခန်းထဲမှ ထွက်ခဲ့ရသည်။

 

အိမ်ဧည့်ခန်းတွင် မိညိုသည် လှေကားဘောင်ကို မှီရပ်လျက် သူမျက်နှာကို လက်ဝါးလေးဖြင့်အုပ်ကာ တရှုတ်ရှုတ် ငိုကြွေးနေလေ၏။ မိညို၏အဒေါ် မရီသည် နီမြန်းနေသော မျက်နှာဖြင့် လသာခန်းပေါက်ဝ၌ ဆောင့်ကြောင့်ထိုင်ကာ ဆေးလိပ်တိုကို စိတ်လိုက်မာန်ပါ နင်းကန်ဖွာနေလေ၏။ မရီသည် အခန်းထဲမှ ကျမ ထွက်လာ၍ ကျမမျက်နှာကို ရဲရဲမကြည့်ဝံ့ဘဲ ဆေးလိပ်မီးခိုး နောက်သို့ လိုက်ကြည့်ယင်း “မအူပင် သွားပြီ” ဟု အသံတုန်တုန်ဖြင့် ပြောနေသည်။

 

ကျမ၏ မျက်လုံးထဲ၌ ဝင်းကနဲဖြစ်သွားကာ နီးရာ ကုလားထိုင်၌ ထိုင်လိုက်ရသည်။

 

“သံချောင်းတော့ အညာသားနဲ့ ပါသွားပြီ၊ မိ‌ရွှေကြည်ကတော့ အငယ်မ ပိုက်ပြီး မအူပင် သင်္ဘော ဆင်းလေရဲ့…”

 

မရီ စကားမဆုံးမီ ကျမမှာ စိတ်မချုပ်တည်းနိုင်တော့ဘဲ “ကောင်းကြတာပေါ့အေ” ဟု အော်လိုက်သည်။ မရီမှာ တိတ်သွားလေ၏။

 

“လင်မယားကွဲတာ ငှက်ပျောသီး အခွံနွှာလိုက် သလိုဘဲ။ လွယ်လိုက်ကြတာ အိမ်ပေါ်က တယောက်တကောင် ဆွဲဆင်းသွားကြပြီ၊ မိညိုကျတော့ ငါ့ဆီ ပို့လိုက်တယ်… ဟန်သအေ…”

 

ကျမသည် ရင်ထဲ၌ ဆွေ့ဆွေ့ခုန်လျက် မိညိုဘက်သို့ လှည့်ကြည့်လိုက်သည်။ မိညိုသည် ဂျပန်ဆံတောက်ကလေး ခါခါ-ခါခါနှင့် တသိမ့်သိမ့် ရှုတ်ရှိုက်လျက် နေရာက ကျမ သူ့ကို ကြည့်လိုက်၍ ခေါင်းငုံ့သွားလေ၏။ ကျမမှာ သူဝတ်ထားသော စိန်ဖီလိုမီနာ ကွန်ဗင့်ကျောင်းဂါဝန်ကို စိုက်ကြည့်လျက် ရင်ထဲ၌ သက်ပြင်းကြီး ချမိသည်။

 

ကျမတွင် သားသမီး ၃- ယောက် တာဝန်ကို မနိုင်မနင်း ထမ်းနေရသူ ဖြစ်သည်။ နောက်ထပ် တယောက်တိုး၍ ခေါင်းပေါ်သို့ တင်ပြန်ဦးမည့် ဝန်ထုပ်ကြီးအတွက် ခေါင်းလေး သွားလေသည်။ မိညို၏ ကျောင်းစရိတ်မှာ ကျောင်းလခ၊ မော်တော်ကားခ၊ မုံ့ဖိုး တလ ၅၀ိ- ခန့် ရှိသည်။ စားစရိတ် အဝတ်အစားဖိုး မပါသေးချေ။ ကျမက သူ့တာဝန် မထမ်းနိုင်ဘူး ပြောရအောင်လည်း အပြောရ ကျပ်လေ၏။

 

မိညိုမှာ အဖေနှင့် အမေက တာဝန်မယူနိုင်ဘူးဟု ပစ်ပြေးကြသော မိဘပစ်ကလေးတယောက် ဖြစ်လာသည်။ မိညို၏အမေဘက်မှ အရင်းအချာများဖြစ်သော သူ့အမေအကို မောင်သိန်းဟန် ပြည်ထောင်စုဘဏ် စာရေးနှင့် သူ့အမေ၏ညီမ မရီတို့မှာ အိမ်အမှု ရှုံးကြ၍ အိမ်ပေါ်မှ ဆင်းပေးကြရကာ ရုတ်တရက် အိမ်ငှားမရ အိမ်နေစရာ မရှိသဖြင့် ကျမအိမ်ပေါ်သို့ အကုန် ရောက်လာကြခြင်းကြောင့် ကျမမှာ မိညိုကို အိမ်မှာ မထားနိုင်ကြောင်း တာဝန် မယူနိုင်ကြောင်း ပြောရမည့် ပြောစရာလူကို မရှိချေ။

 

မိညိုအဖေ မောင်လှခင်၏ အလုပ်အကိုင်မှာ အာအီးတီ မော်တော်ကားမောင်းသော အလုပ်ဖြစ်သည်။ သူတို့အလုပ် သူတို့လခနှင့် သူတို့သမီး မိညို ကွန်ဗင့် စရိတ်နှင့် မဖြစ်၍ မိညို အမေဘက်မှ မောင်သိန်းဟန် မရီတို့နှင့် တအိမ်တည်းအတူတူ ပေါင်းနေရကာ စုနေ စုစပ် စားကြလျက် ကျောင်းထား လာခဲ့ရသည်။ သူတို့ သားအမိ သားအဖ ငါးယောက်သပ်သပ် သူတို့အိမ်ထောင်နှင့် သူတို့ ခွဲနေကြရသည်ဆိုက မိညိုမှာ သူ့အဖေ မော်တော်ကား မောင်းသော လခဖြင့် ကွန်ဗင့်ကျောင်းသို့ ရောက်နိုင်ရမည် မဟုတ်ချေ။

 

လင်မယား အကွဲတွင် မိညို၏ ကွန်ဗင့် စရိတ်ကြောင့် အဖေရော အမေရော ဘယ်သူကမှ သူတို့နောက်သို့ ခေါ်မသွားကြချေ။

 

ကျမအိမ်မှာ ဆွေမျိုးများက ဘူတာရုံကြီးဟု နာမည်ပေးထားကြသည်။ သူတို့ခေါင်းပေါ် ရွက်ယူလာကြသော အပူတွေ ပြဿနာအမျိုးမျိုး အထွေထွေတွေမှာ သူတို့၏ ဝန်စည်စလှယ်တွေ ဖြစ်ပေသည်။ ဒုက္ခမြားမြောင်သော ဝန်စည်စလှယ်ထုပ်တွေကို ကျမဘူတာရုံကြီး၌ လာ၍ ပုံပစ်ချကြလေသည့် အတိုင်း ယခုလည်း မိညိုအဖေ မောင်လှခင်နှင့် မိညိုအမေ မခင်ကြည်တို့၏ မထမ်းမရွက်နိုင်သော သူတို့ ပစ္စည်း သူတို့ ဝန်စည်စလှယ်ထုပ်သည် ကျမဘူတာရုံသို့ ရောက်လာလေ၏။

 

“မရီရယ်… ညည်းသိတဲ့ အတိုင်းဘဲ ငါ့မှာ ဘယ်လောက်များ တာဝန်ကြီးတယ် ဆိုတာ ပြောဖို့တောင် မလိုပါဘူးဟာ၊ မိညို ငါ့ဆီမှာ စားတာ နေတာတော့ နေပါစေပေါ့၊ သူ့ကျောင်းစရိတ်တော့ ညည်းမောင်ကို ထောက်ခိုင်းရအောင်…”

 

မိညိုဦးလေး မောင်သိန်းဟန်မှာ သားမယား မရှိ တကိုယ်တည်း ဖြစ်သည်။ ပြည်ထောင်စု ဘဏ်တိုက်၌ လခ နှစ်ရာကျော်ရသူ ဖြစ်သည်။ အိမ်မရသေး၍ ကျမအိမ်တွင် လာနေခိုက် စားစရိတ် တပြားမှ မကုန်ရသဖြင့် သူ့လခထဲမှ ထောက်ခိုင်းမည်ဟု ကြံရွယ် ကြည့်သည်။

 

“ဝေးလိုက်တာ မမရယ်… တပြားမှ ပေးမှာ မဟုတ်ဘူး။ သူတို့နဲ့ ပတ်သက်လာယင် ဘာတာဝန်မှ မယူဘူး၊ အညာသားရော၊ မိရွှေကြည်ရော မကြည့်ချင်အောင် ဖြစ်နေတာ…”

 

မရီမှာ ပြောပြီး မျက်ရည် လည်လာလေသည်။ ကျလာတော့မည့် မျက်ရည်ကို သိမ်းလျက် အသံတုန်တုန်ဖြင့် ဝမ်းနည်းပက်လက် ဆက်ပြောသည်။

 

“မိညိုငယ်ငယ် ငါးလသမီးလောက် သူတို့လင်မယား ကွဲကြတုန်းကလဲ သူတို့သားအမိကို ကျမဘဲ ဈေးရောင်းကျွေးခဲ့ရတယ်… အခုတော့…”

 

မရီ၏အသံမှာ ပျောက်သွားကာ ရှိုက်သံသာ ရှိတော့၏။ မရီက သူ့အဖြစ် သူ့အကြောင်းကို ဆက်ပြောစရာ မလိုအပ်သဖြင့် ရပ်သွားခြင်း ဖြစ်သည်။ သူ့အဖြစ် သူ့အကြောင်းမှာ မရီသည် ကျမအိမ်သို့ ရောက်မလာခင် သူတို့မောင်နှမ တပြုံလုံး (မောင်လှခင်ပါ အပါအဝင်) စုပေါင်း နေထိုင်ကြသော အိမ်ထောင်ကြီးတွင် စားစရိတ် မလောက်တိုင်း မရီက ရှာဖွေစိုက်ရသဖြင့် ငွေ ၁၀၀၀ိ- ခန့် စားကြွေး တင်လာ၏။ ငွေ ၁၀၀၀ိ- ကြွေးတင်လာ၍ အိမ်ထောင်သည်တွေနှင့် အတူတူ ပေါင်းနေရန် စိတ်ညစ်ညစ်ဖြင့် အိမ်မှုမရှုံးမီ သူကအယင် အိမ်ပေါ်မှ ဆင်းလာခဲ့ကာ ကျမအိမ်သို့ အယင်ရောက်သူ ဖြစ်သည်။ သိမ်ကြီးဈေးတွင် မရီအတွက် ကျမက ငွေထုတ် မစ၍ ဆောက်ပေးထားသော ဈေးဆိုင်ခန်းမှရသော ဆိုင်လခ သူ့ဝင်ငွေလေးဖြင့် ငွေ ၁၀၀၀ိ- ကြွေးကို လစဉ် ဆပ်သွားရမည့် အကြောင်းကြောင့် မိညိုအတွက် မထောက်နိုင်ရှာချေ။

 

“ရှိပါစေတော့ဟာ… ငါ့ကုသိုလ် ငါ့အကြောင်းပါဘဲ၊ ငါ့အိမ်ပေါ် ရောက်လာကြမှတော့ မိညိုအတွက် ငါ့တာဝန် လုံးလုံးဘဲပေါ့… နင့်ကြွေး ၁၀၀ဝိ သာ ကြေအောင် ဆပ်ပေတော့”

 

ကျမသည် စိတ်ပျက်စွာဖြင့် ညည်းပြော လိုက်သည်။

 

ငိုကြော ရှည်နေသော မိညို၏ ငိုသံသည် နားထဲတွင် မခံနိုင်အောင် ပြင်းပြလာသဖြင့် ကျမက “တိတ်လေ ငိုမနေနဲ့…” ဟု ငေါက်ပြောလိုက်သည်။ မိညိုသည် ကြောက်ကြောက်ဖြင့် ချက်ခြင်း အသံတိတ်လိုက်ကာ ရှိုက်လျက်သာ နေရှာ၏။

 

ကျမမှာ သူ့ကိုစိုက်ကြည့်ကာ တော်တော် သနားသွားသည်။ ဖအေ မအေ၊ ငုတ်တုတ်ရှိလျက် ရှင်ကွဲ ကွဲလာခဲ့သော သူ့အဖြစ်သည် ကျမသားသမီးတွေထက် အကြောင်းဆိုးသဖြင့် ရင်နာမိလေသည်။ (ကျမသည်?) အဖေမရှိသော ကလေးသုံးယေက်၏ မိခင်တယောက် ဖြစ်သည့်အတိုင်း စာနာစိတ် ပြင်းပြစွာဖြင့် “မိညို” ဟု ဝမ်းနည်းသံဖြင့် ခေါ်လိုက်မိသည်။

 

“ရှင်… ကြီးကြီး…”

 

မိညိုသည် ရှိုက်ယင်းထူးကာ မျက်ရည်တွေတွေဖြင့် ကျမမျက်နှာကို စိုက်၍ ကြည့်နေသည်။

 

“ဝမ်းနည်းမနေနဲ့တော့ ဒီမှာ နင့်အဒေါ်လဲ ရှိတယ်၊ လိမ်လိမ်မာမာနေ။ ကြီးကြီး ကျောင်းထားပေးမယ်၊ အခု နင်ဒီလို ဖြစ်ရတာ ဘယ်လို အကြောင်းကြောင့် ဖြစ်ရတယ်ဆိုတာ ကြီးကြီးကို ပြောနိုင်သလား။ ပြောနိုင်ယင် ပြောစမ်း…”

 

ကျမသည် သူတို့လင်မယား ကွဲသွား၍ သူ့သားသမီးက မည်သို့ ယူဆသည်၊ မည်သူ့အပေါ် အကြောင်းချမည်ကို သိလို ကြားနာချင်မိသည်။

 

မိညိုသည် မျက်ရည်စမ်းစမ်းရှိသော မျက်လုံးမပွင့်တပွင့်ကို မှိတ်လိုက်ကာ သုံးကြိမ် လေးကြိမ် ထပ်ဆင့် ရှိုက်နေပြီးမှ အသံတွက်လာသည်။

 

“သူတို့နှစ်ယောက်စလုံး မကောင်းလို့ မိညို ဒီလို ဖြစ်ရပါတယ်…”

 

“ဘာပြောတယ်…”

 

ကျမသည် နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် စေ့ပြီး သူ့ကို စူးစိုက်ကြည့်လိုက်သည်။

 

“အဖေရော၊ အမေရော၊ နှစ်ယောက်စလုံး မကောင်းပါဘူး ကြီးကြီး…”

 

ကျမသည် ရင်ထဲ၌ အတော်ကြီး အောင့်နာ သွားလေ၏။ ကျမစိတ်ထဲ၌ မိညိုသည် ကလေးအရွယ် လူမမယ်အဖြစ် ဘာမှန်းမှ မသိတတ်သေးကာ လင်မယားကွဲမှုကို အဖေ မကောင်းလို့ ကွဲတာပါဟု အကြောင်းပုံချ ပြောလိမ့်မည်ဟု ထင်မိသည်။ ထိုသို့ မိညိုက အဖေဆိုးလို့ မကောင်းလို့ ကွဲတာပါဟု ပြောခဲ့သော်၊ ကျမက နင့်အဖေ မကောင်းတာသာ နင်မမြင်နဲ့ နင့်အမေ မကောင်းတာပါ နင်မြင်ပါဟု သူသိအောင် နားလည်အောင် ပြောပြကာ မိညို၏ ဘဝသက်တာ ရှေ့ရေးအတွက် တလက်စတည်း သူတို့အကြောင်း နမူနာပြလျက် မှတ်သား သွားစေရန် ဆုံးမသွန်သင်ရမည် ဖြစ်သည်။ ယခုတော့ ကျမကပင် ရှင်းပြောစရာ မလိုအောင် သူကိုယ်၌က သိမှုတရားကလေး ရှိနေပါကလားဟု အံ့သြရသည်။

 

“အေး မိညို မှတ်ထား နင် ကြီးလာယင် ဒီလို အဖေမျိုး ယောက်ျားမျိုးနဲ့ မတွေ့ပါစေနဲ့ ဒီလို အမေမျိုးလဲ နင် မဖြစ်ပါစေနဲ့ နားလည်လား…”

 

မိညိုက ခေါင်းညိတ်သည်။

 

ကျမမှာ မိညိုကို တစိမ့်စိမ့် ကြည့်နေမိလျက် ရင်ထဲတွင် တသက်သက် တနုန့်နုန့် ဖြစ်လာလေသည်။ ကျမသည် ကုလားထိုင်ပေါ်၌ မတ်ထားသော ကိုယ်ကြီးကို လျှောချလိုက်သည်။ ခြေပစ်လက်ပစ်ကြီး ဖြစ်သွားလျက် နဖူးပေါ်သို့ လက်တင်လိုက်ကာ မောင်ခင်နှင့် မကြည်တို့၏ ဇာတ်လမ်းကို အပြန်ပြန် အလှန်လှန် တနုန့်နုန့် စဉ်းစားဝေဖန် နေမိလေသည်။

 

(၃)

 

မိညို၏အမေ မခင်ကြည်ကို ကျမ အိမ်ထောင်ကျပြီးမှ တွေ့ဘူးရသည်။ ကျမငယ်စဉ်က ကျမအဖေဘက်မှ အဖေ၏ အမတယောက် အဖေ၏ ညီတယောက်သာလျှင် ရှိသည်ဟု သိခဲ့သည်။ ဆယ့်ငါးနှစ်သမီးလောက်ရှိမှ အဖေတို့မှာ မောင်နှမ သုံးယောက်အပြင် ညီငယ်တယောက် ရှိသေးသလိုလို သိလာပြန်သည်၊ သည် အရွယ်၌ ဒီအကြောင်း သိသိချင်း အဖေ့ကို အံ့အားသင့်စွာ မေးကြည့်ရသည်။

 

“အင်း… ဟုတ်တယ် သမီး၊ အဖေတို့အမေ ဆုံးသွားတော့ အဖေတို့အဖေဟာ နောက်မိန်းမနဲ့ သားတယောက် ရတယ်…”

 

ကျမသည် အဖေတို့ဘက်၌ အဖေတို့ မောင်နှမ သုံးယောက်အပြင် အဖေတူ အမေကွဲ ညီတယောက် ရှိသေးကြောင်း ထပ်သိခဲ့ပြီးနောက် ကျမအသက် နှစ်ဆယ်၌ အိမ်ထောင် မကျမီကလေး၊ အိမ်သို့တခေါက် ရောက်လာသော မကြည်တို့အဖေကို တကြိမ်တခါသာ မြင်ဘူးခဲ့သည်။

 

ကျမ အိမ်ထောင်ကျ သွားပြီးနောက် ကျမဖခင် မသေမီ မကြည်တို့အဖေ ငွေတိုက်စိုး ဦးစိန်ရွှေသည် ညောင်တုံး၌ သေဆုံးကြောင်း သတင်းသဲ့သဲ့ ကြားလိုက်ရသည်။

 

ကျမဖခင် သေဆုံးပြီး မလေးမြင့် မတ်တတ်ပြေးသော အရွယ်၌ ကျမအိမ်သို့ ဧည့်သည်ထူး ရောက်လာသည်။ အသက် ၄၀- အရွယ် ယပ်တောင်လေး ထောင်ထားသလိုပင် ပါးပါးလှပ်လှပ် ကျောနှင့် ရင်နှင့် ကပ်နေအောင် ပိန်ချုံး ကျနေသော မိန်းမ တယောက်သည် အိမ်ပေါ်သို့ တက်လာသည်။ ပိန်လှချည်ရဲ့ဟု ကျမက ငေးကြည့်မိသည်။

 

“အတင့်လေ… အတင့်၊ ညောင်တုံးက ကိုစိန်ရွှေရဲ့ မိန်းမ၊ အတင့်ဆိုတာ ကြားဘူးတယ်… မဟုတ်လား…”

 

ကျမသည် ပြောပြတော့မှ အံ့အားသင့်သွားသည်။ အတင့်နာမည်ကို ကြားသာ ကြားဘူးသည် မမြင်ဘူးချေ။ အတင့်မှာ ပိန်ချုံးလှသဖြင့် သက်ဆိုး ရှည်ပါ့မလားဟု သနားသွားသည်။

 

“သူ ဆုံးသွားတော့ အတင့်မှာ လူကမမာ ကလေးတွေ တပြုံကြီးနဲ့ သိပ်ဒုက္ခရောက်တာဘဲ…” ဟု အစချီကာ သားသမီး ငါးယောက် အနက်မှ သမီးကြီး မကြည်ကို ခေါ်မွေးရန် လာပြောလေသည်။

 

မကြည် အိမ်ရောက်လာသော အချိန်၌ ကျမတို့မှာ ရေကျော် ဂျာနယ်ကျော် ပုံနှိပ်တိုက် အပေါ်ထပ်၌ နေကြသည်။ မကြည် ရောက်လာပြီးနောက် မရီ ထပ်ရောက်လာသည်။ စစ်အတွင်း၌ အတင့် ဆုံးသွားသည်။ မရီတို့ကို သတင်းကြားကြားချင်း ပြန်ပို့လိုက်သည်။ စစ်ဘေးကြောင့် ကျမတို့ ရန်ကုန်က ပြေးခဲ့ရာ မရီတို့နှင့် အဆက်ပြတ်သွား၏၊ ဂျပန်ခေတ် ရန်ကုန် ပြန်ရွှေ့တော့မှ ညောင်တုံး၌ အဖေ အမေ မရှိ အတိဒုက္ခ ရောက်နေကြသော မောင်နှမတစုကို သမ္ဗာန်ကြီး တစင်းဖြင့် သွားခေါ်ရသည်။

 

မကြည်မှာ အရွယ်ရောက်နေသော မိန်းကလေး ဖြစ်၍ အိမ်မှုကိစ္စကို တတ်သိ နားလည်အောင် မျက်ခြည်မပြတ် လက်ထပ်သင်ပြ ပေးရလေ၏။ ကျမအိမ်တွင် နေထွက်မှ တံမြက်စည်းလှည်းရိုး ထုံးစံမရှိချေ။ နေ့စဉ်နေ့တိုင်း နံနက် လေးနာရီ ထကြရသည်။ မီးဖွင့်လျက် တအိမ်လုံး လှည်းကျင်း သုတ်သင်ကြသည်။ မိုးစင်စင် လင်းတာနှင့် တအိမ်လုံး သန့်ရှင်းပြီး ဖြစ်ရ၏။

 

ကျမမှာ အမှိုက်လှည်းသွားတာက အစ နေရာတကာ စံနစ်ကျမှ သေချာမှ သပ်ယပ်မှ ကြိုက်သဖြင့် ကျမသွေးသားရင်းချာ မိန်းကလေးများကို အိမ်အလုပ်နှင့် ပတ်သက်လျှင် မျက်နှာသာ တချက် မပေးချေ။ အလုပ်နှင့် လက်နှင့် မပြတ်အောင် စံနစ်ကျအောင် ခိုင်းလေသည်။

 

မကြည်မှာ မိဘအိမ်တွင် အိမ်အလုပ် လုပ်ရသူ မဟုတ်၍ ကျမလက်ထဲ ရောက်စ အလုပ်နှင့် လက်နှင့် မပြတ်ရခြင်းကြောင့် အနေရအတော် ကျဉ်းကျပ်ပုံရသည်။

 

“နင်တို့ဟာ မိန်းကလေးတွေနော်… နင်တို့ဘဝ ရှေ့ဘာဖြစ်ကြမယ် မသိဘူး၊ ကိုယ့်အိမ် ကိုယ့်အိုးနဲ့ နေတဲ့အခါမှာ အိမ့်တာဝန်ကို မထိန်းသိမ်းနိုင်ယင် ဒီမိန်းကလေးဟာ ဘာကတော်ကြီး ဖြစ်နေနေ အသုံးကိုမကျဘူး၊ နင်တို့ကို တဖွဖွသွန်သင်ပြီး လက်ထပ်ပြခိုင်းနေတာ အစေခံလို ခိုင်းတယ်လို့များတော့ မအောက်မေ့ကြနဲ့… တနေ့ ငါ့ကို နင်တို့ ကျေးဇူးတင်ရလိမ့်မယ်…”

 

ကျမသည် အိပ်ရာပြင်တာကအစ အိပ်ရာဖုံး အဝတ် ရွဲ့နေ စွေနေသည်ပင် ခွင့်မလွှတ်ဘဲ တခေါက်ပြန် လုပ်ခိုင်းတတ်သည်။ မိုးလင်းက မိုးချုပ် အိမ့်တာဝန် အိမ့်အလုပ်ကို ဘယ်နေရာမှ မျက်နှာမလွှဲဘဲ လိုက်ကြည့် စစ်ဆေးကာ အရာရာ သေချာရသည်။

 

မကြည်သည် ၂- နှစ်အတွင်း အိမ်မှုကိစ္စ ထိန်းသိမ်းမှုပညာ အရည်အချင်း အတော်ကြီး တိုးတက်လာသည်။ ကျမအိမ်တွင် လုပ်မည့် ကိုင်မည့်သူ ကရင်မိန်းကလေး သုံးလေးယောက် အမြဲထားရှိသော်လည်း သူ့ကိုချည်း လွှဲအပ်လုပ်ခိုင်းသည်။ တအိမ်လုံး သန့်ရှင်းနေအောင် နေရာတကျ စည်းနှင့် ကမ်းနှင့် သိမ်းဆည်း ရှင်းလင်း ပြင်ဆင်တတ်လာသည်။ အဝတ်အထည်ကို ပင်းမင်းရှုံးအောင် လျှော်ဖွပ် မီးပူထိုး တတ်လာပြီ၊ ထမင်းဟင်း ကျကျနန ချက်တတ်လာသည်။ အိမ့်တာဝန်အားလုံး အဖက်ဖက်၌ မျက်နှာလွှဲရအောင် နိုင်နင်းကျွမ်းကျင်လာကာ အိမ်ဖေါ် ကရင်မလေးများကိုပင် စီမံအုပ်ထိန်း တတ်လာသည်။

 

ဂျပန်ခေတ် ဗိုလ်လက်ျာအိမ်သို့ ပြောင်းရွှေ့ နေကြရသည့် အခါ၌ သခင်ဗဟိန်းနှင့် မခင်ကြီးတို့မှာ ကျမတို့နှင့် တအိမ်တည်း အတူတူ နေကြသည်။ မခင်ကြီးမှာ မကြည် လုပ်ပုံကိုင်ပုံ နေပုံထိုင်ပုံများကို ကြည့်လျက် မိန်းမ ပီသသည်ဟု အမြဲ ခြီးမွမ်းလေသည်။

 

တနေ့ မခင်ကြီးနှင့် စကားစပ်မိကြသည်။

 

“တော်ပါတယ် ကလေးမလေးတွေ ဘာလုပ်လုပ် သိပ်ကို သေချာတာဘဲ အိမ်မှုအားလုံး လုပ်တတ်ကြတယ်။ သူတို့အဖို့ လင်ကောင်း သားကောင်း ရဘို့ဘဲ အရေးကြီးတယ် သည့်ပြင် ဘာမှ အရေးမကြီးဘူး…”

 

ကျမမှာ မခင်ကြီးက လင်ကောင်း သားကောင်းရဖို့ အရေးကြီးတယ် ဆို၍- မကြည်ကို လင်ကောင်း သားကောင်းနှင့် တင့်တင့်တယ်တယ် အိမ်ထောင်ဖက်နှင့် ဆုံမိရန် လိုလားမိသည်။ ကျမလက်ထဲ၌ အရွယ်မရောက်သေးသော သူ့မောင်အငယ် အပါကြီးနှင့် အမာတို့ တာဝန်ကလည်း ရှေ့အရှည်ကြီး လူဖြစ်အောင် မွေးရန် ရှိသေးသဖြင့် အကယ်၍ မကြည်သာ တင့်တင့်တယ်တယ် အိမ်ထောင်ဖက်နှင့် တွေ့ဆုံက သည်ကလေးတာဝန်တွေကို သူ ခွဲဝေ ယူနိုင်ပေမည်ဟု မြှော်မှန်းထားမိသည်။

 

“ကျမလဲ ကောင်းကောင်းမွန်မွန်လူနဲ့ တွေ့ယင် သူ့ကို နေရာချချင်ပါတယ်။ တင့်တောင့်တင့်တယ် အိမ်ထောင်ဖက်နဲ့ တွေ့ပါစေလို့လဲ အမြဲ ဆုတောင်းမိတယ် မခင်ကြီးရယ်…”

 

မခင်ကြီးနှင့် ကျမတို့နှစ်ယောက် စကားစပ်မိကြ၍ ပါးစပ်မပိတ်ကြသေးမီ မကြည်သည် လင့်နောက် လိုက်ပြေး သွားလေ၏။ မကြည် လိုက်ပြေးသော လင်မှာ ဂျပန်ခေတ်ကျမှ မခင်ကြီးဆီသို့ အညာက ခေတ္တ လာရောက်နေသော မခင်ကြီး၏ မောင်အငယ် မောင်လှခင် ဖြစ်ပေသည်။

 

မကြည် လင်နောက် လိုက်သွားသော နေ့က မခင်ကြီးမှာ မျက်နှာ မထားတတ်အောင် ဖြစ်လျက် အားနာပူထူ နေရှာသည်။ ရင်ပတ်ကို စုံထုလျက် မချင့်မရဲ ပြောလေသည်။

 

“မကြည်နှယ် မိုက်လိုက်ပါဘိ‌နှော်(နော်?)… တော်တယ်လို့ ခြီးမွမ်းခါမှ ယောက်မမြင်းစီး ထွက်တယ်။ ကံဆိုးလိုက်တာနော်၊ သည့်ပြင်ယောက်ျား ယူပါတော့ ကျမမောင်က ရုပ်လဲမရှိ၊ ပညာလဲမရှိ၊ ဘာအလုပ်မှလဲမရှိ၊ မော်တော်ကားလေးဘဲ မောင်းတတ်တယ်။ ဖြစ်မှဖြစ်ရလေ သူ့အတွက် ကျမ စိတ်မချမ်းသာ လိုက်တာ…”

 

ကျမမှာ သူတို့ လိုက်ပြေးသွားသော နေ့ပင် မည်သူ တားဆီး၍မျှ မရဘဲ ဗိုလ်လက်ျာအိမ်မှ ဆင်းလာခဲ့သည်။ မခင်ကြီးထက် ပို၍ စိတ်မချမ်းမသာ ဖြစ်မိသည်။ ကလေးတွေကို ကျမနှင့် ပစ်ထိုးထားခဲ့ကာ ထင်ရာ မြင်ရာ စိုင်းသွားသည်ကြောင့် သူ့မျက်နှာကို မကြည့်ချင်လောက်အောင် စိတ်ပြတ်သွားသည်။

 

ပြတ်ဆို အတော်ဘဲ ပြတ်သွား၏။ မခင်ကြီးက မြင်းလှည်းတစီး ထောင်ပေး၍ တာမွေ၌ မြင်းလှည်းမောင်းစား နေကြသလိုလို သဲ့သဲ့ ကြားရသည်။

 

တနှစ်ခန့် ရှိသွားသည့်နောက်…

 

မကြည့်ညီမ မရီနှင့် ကလေးများ ညောင်တုံးသို့အပြန် လမ်းတွင် မကြည်နှင့် သွားတွေ့ကြ၏။ ဆွဲခေါ်သွားကာ သူ့ထံသို့ ရောက်သွားကြလေ၏။ သူတို့လင်မယား ကွဲသွားကြပြီဟု သတင်းရ ပြန်သည်။ ကလေးတယောက်နှင့် ကွဲခဲ့၍ မရီက ကြည့်မြင်တိုင်‌ဈေးတွင် တပြုံလုံးကို ဈေးရောင်းကျွေး နေသည်ဟု တွေ့သူ မြင်သူများက လာပြောသည်။

 

ဂျပန်ခေတ် ကျော်လွန်၍ ကျမခင်ပွန်း သေဆုံးပြီးနောက် တနေ့တွင် သိမ်ကြီးဈေးသို့ ရောက်သွားသည်။ သိမ်ကြီးဈေး၌ ဒူးရင်းယို ရောင်းနေသော မရီနှင့် သွားတွေ့ရ၏။ ကျမမှာ ဈေးရောင်းနေတာ မြင်ပြန်တော့ ကရုဏာ ဖြစ်ရပြန်ကာ အကျိုးအကြောင်း စုံစမ်း မေးမြန်းကြည့်သည်။ မကြည်မှာ လင်နှင့် လေးငါးနှစ် ကွဲနေပြီးမှ ယခု ပြန်ပေါင်းကြောင်း သိရသည်။ သူတို့နေသော ယောက်လမ်း ခြံထဲသို့ တနေ့ သွားလည်သည်။

 

တဲအိမ်ကလေး ဖြစ်သည်။ ပြည်ထောင်စု ဘဏ်တိုက်မှ မောင်သိန်းဟန်နှင့် အတူတကွ ညီအကို မောင်နှမများ အားလုံး စုနေကြသည်။ တဲအိမ်ကပြင်၌ အင်္ကျီချွတ်နှင့် ငုတ်တုတ်ကြီး ထိုင်နေသော မောင်လှခင်ကို တွေ့ရသည်။ မကြည်နှင့် ညားပြီးမှ ပထမအကြိမ် တွေ့ရခြင်းပင်။

 

ကျမမှာ မကြည်တို့နှင့် စုဝေးထိုင်ကာ စကားပြောကြသည်။

 

“အညာသားကတော့ ကျမ သေဆိုသေ၊ ရှင်ဆိုရှင် မလှုပ်ဝံ့ပါဘူး။ ထားရာမှာ ငုတ်တုတ် နေပါတယ်”

 

မကြည် ပါးစပ်မှ လေသံထွက်လာလျှင် မရီနှင့် အမာက “အညာသားကို သူ သိပ်နိုင်တာဘဲ” ဟု ဝိုင်းပြောကြလေ၏။

 

“နေစမ်းပါအုံးအေ… ညည်းတို့ ပြောပုံ ဆိုပုံက အညာသား၊ အညာသားနဲ့ နှိမ့်နှိမ့်ချချ ဘယ်လိုပြောကြတာလဲ…”

 

ကျမက မျက်နှာထားနှင့် ပြောလိုက်၍ မရီနှင့် အမာမှာ ခေါင်ငုံ့သွားကာ ပြုံးစေ့စေ့ လုပ်နေကြသည်။ မကြည်က တုတ်ထိုးအိုးပေါက် ထပ်ပြောပြန်သည်။

 

“ကျမကတော့ တသက်လုံး အညာသား ခေါ်တာဘဲ”

 

ကျမမှာ နားခါးသွားသည်။ သို့သော် သူ့လင်သူ အညာသားခေါ်ခေါ် ဘာခေါ်ခေါ် အငယ်တွေကပါ မခေါ်ရန် တားမြစ်မှ ဟု…။

 

“သူ့ဟာသူ ဘယ်လိုခေါ်ခေါ် ညည်းတို့က ကိုယ့်ခဲအိုသားချင်းတယောက် ဖြစ်လာမှ ဘာကိစ္စ အညာသား အညာသားနဲ့ ပြောရတာလဲ…”

 

“မမကြည်နဲ့မှ မတန်တာ အညာသားဘဲ ခေါ်မှာဘဲ…” ဟု အမာက နှုတ်ခမ်း ပွစိပွစိဖြင့် ခပ်စူစူလေး ပြောလေသည်။

 

“ကလေးဘဲ နှစ်ယောက် ရနေပြီ… ညည်းတို့က ခုထက်ထိ ညည်းအမနဲ့ မတန်တုန်းဘဲလား… ပြောစမ်းပါအုံး”

 

ကျမမှာ မရီတို့ညီအမကို ကြည့်ကာ ခက်ရချည်ရဲ့ဟု တွေးမိသည်။ သူတို့စိတ်ထဲ၌ အခုထက်ထိ မကြေမနပ်ရှိတုန်းကို အံ့သြနေမိသည်။ ကျမမှာ မောင်လှခင်ကို လှမ်းကြည့်လိုက်သည်။ ပါးစပ်ထဲ လက်ညှိုးထည့်၍မှ မကိုက်တတ်သလို ပုံပန်း၊ သူ့အရှိ သူ့စရိုက်အတိုင်း မဲမဲသဲသဲ ရိုးရိုးနုံနုံ ကုပ်ကုပ် ပုံပန်းသဏ္ဌာန် ပေါ်လွင်နေကာ သူတို့အလယ်တွင် ထုံထိုင်းထိုင်း ညှိုးညှိုးခြောက်ခြောက် သနားစရာ ကောင်းနေသည်။

 

“ကျမတော့ သူတို့ ကလေး နှစ်ယောက်သာ ရနေတယ် တခါမှ အညာသားကို မျက်နှာချင်းဆိုင် စကားမပြောဘူးသေးဘူး…”

 

မရီက မဲ့ပြောလေသည်။

 

“မောင်(အမာ?)ကလဲ သူ့ဖက်ပြီး စကားကို မပြောဘူး” အမာက ဝင်ပြောပြန်သည်။

 

မကြည်မှာ ညီမများက သူ့ခင်ပွန်းကို ဝိုင်း၍ ချိုးချိုးဖဲ့ဖဲ့ ပြောနေခြင်းကို အနာယူပုံ တစက်မှ မရှိသည့်အပြင် တောက်ပသော မျက်လုံးကြီးဖြင့် မျက်နှာတပြင်လုံး ကြေနပ် ကြည်သာခြင်း အပြည့်အဝ ဖေါ်ပြနေသည်။

 

ကျမမှာ သူတို့တတွေ တအိမ်ထဲ အတူတူပေါင်းနေကြပြီး သည်အချိုးအတိုင်း၊ သည်စိတ် သည်သဘောအတိုင်း သွားကြယင်တော့ တနေ့ခက်မည်ဟု တွက်မိသည်။ လူသား မဆိုထားနှင့် သစ်တုံးကြီးပင် ခလုတ်တိုက်ပါ များတော့ လှုပ်သေးလေရာ “လူ့သစ်တုံး” ကို ခလုတ်တိုက်ပါ များကြ၍ တနေ့နေ့ လှုပ်လာချေက အကျိုးနဲကြလိမ့်မည်ဟု ထင်မြင်မိသည်။

 

မောင်သိန်းဟန် ရုံးမှပြန်လာရာ မောင်လှခင်မှာ တော်ရာ ထသွားလေသည်။

 

ကျမမှာ တခေါက်ရောက် တထိုင်တည်းနှင့်ပင် အားလုံးပေါ်တွင် အကဲခပ် လေ့လာကြည့်နေသည်။

 

မောင်သိန်းဟန်သည် ဆေးလိပ်တို လက်ညှပ်လျက် မေးခါခါ၊ ခေါင်းခါခါဖြင့် တမျှင် တတန်းကြီး လေဆက်မပြတ် ပြောချပါလေ၏။

 

“သူ့ရုပ် ကြည့်ပါအုံး မမရဲ့… အညာသားမယား လူမွေးလူတောင် ပြောင်သေးရဲ့လား အကြာကြီး ကွဲနေပြီးမှ ကျွန်တော်တို့က ပြန်မပေါင်းပါနဲ့ဆိုတာ ပြောလို့ကို မရဘူး ပြန်ပေါင်းတယ်။ တနေ့လုံး ထိုင်ကြည့်လို့ ဘယ်နေရာတကွက်မှ ကျက်သရေမရှိတဲ့ဟာကို သူက မပြတ်နိုင်ဘူး မှားတုန်းက မှားခဲ့ပြီ အဲဒါ မပြင်ချင်သေးဘူး။ အခုထပ်ပြီး ကလေး တယောက်က နှစ်ယောက် ဖြစ်လာပြန်ပြီ။ လင်က ဒရိုင်ဘာ ရတာမှ တလ ၁၀၀ိ- ရယ်၊ သမီးကို ကွန်ဗင့်ကျောင်း ထားချင်သေးတယ်။ စိတ်ကြီးကလဲ ခုထက်ထိ ဝင်တုန်း မိုက်လုံး အင်မတန်မှ ကြီးတဲ့မိန်းမ ကျွန်တော်တို့နဲ့ အတူတူပေါင်းပြီး စုစားနေကြလို့သာပေါ့။ သူတို့ဟာသူတို့များ တကွဲတပြား နေကြယင် ကွန်ဗင့်ကျောင်း ဝေးလို့ မမရယ်… အဝတ်တောင် လုံလုံလောက်လောက် ဖုံးစရာ ရှိကြမှာ မဟုတ်ဖူး…”

 

ကျမမှာ နားထဲတွင် မီးစကြီးနှင့် ထိုးသွင်း