မုဆိုးမ(စ/ဆုံး)
————
အေးစက်တောင့်တင်းနေသည့် လက်ဖျားလေးတွေကို တယု တရကိုင်ပြီး ပါးမှာကပ်ထားမိသည် ။ မှိတ်ထားတဲ့မျက်ဝန်း တွေကို ပွင့်လာနိုးနိုးမျှော်လင့်ချက်ဖြင့် ကြည့်ရတာလည်းအ မော ။ တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းလွှာတွေက တစ်ခုခုကို ပြောတော့မယောင် ။ အရာအားလုံးတိတ်ဆိတ်နေပေမဲ့ ပြောနေကျစကားသံချိူအေးအေးက ကြားနေရဆဲ ။ ရုပ် နာမ်မဲ့နေတဲ့ သက်မဲ့ခန္ဓာကိုယ်အနားမှာ ရှိနေတာတောင် နှလုံးခုန်သံတိုးတိုးက တဒိတ်ဒိတ် ။ အသက်မရှိနေစေအုံး တော့ အတူရှိနေသေးသည်မဟုတ်လား ။
နာကျင်လွန်းတဲ့အခါ မျက်ရည်တွေကနှလုံးသားထဲသို့ ပြန် လည်စီးဝင် သွားစမြဲ ။ ထွက်ပေါက်မဲ့နေတဲ့မျက်ရည်တွေက ရေသေအိုင်တစ်ခုလို ။ တအုံနွေးနွေး ။ ပန်းတွေကြားမှာအိပ် မောကျနေတဲ့မောင်ကတော့ အားလုံးနှင့်ဝေးရာသို့ ထွက်သွား နှင့်လေပြီ ။ ဘယ်တော့မှမြင်တွေ့ခွင့် မရနိုင်တော့မည့် မောင့် မျက်နှာကို အငမ်းမရကြည့်နေမိသည် ။ မျက်လုံးတွေမှိတ် ထားရင်တောင် ရှင်းရှင်းလင်းလင်းမြင်နိုင်မယ့်အထိ ။ သည် မျက်နှာ သည်ခန္ဓာကိုယ်နှင့်ထိတွေ့ခွင့်ရခြင်းက သည်နေ့ နောက်ဆုံးမဟုတ်လား ။
ထမိန်စကို လာဆွဲသည့်လက်သေးသေးလေးတစ်စုံကြောင့် ရင်ထဲနွေးခနဲ ။ ပကတိကြည်လင်နေတဲ့သားမျက်နှာလေးက အပူအပင်ကင်းစွာ ။ သေချင်းတရားဆိုတာ ဘာမှန်းမသိရှာ သေးသည့်အရွယ်လေး ။ စိတ်ချပါမောင် ။သားလေးကိုကျွန်မ ကောင်းကောင်းမွန်မွန်နဲ့ စောင့်ရှောက်သွားမယ်လို့ ကတိပေး ပါတယ် ။ စိတ်ထဲမှ အကြိမ်ကြိမ်ကတိပေးရင်း သားအမိနှစ် ယောက်မောင့်ကို နောက်ဆုံးကန်တော့ခြင်းဖြင့် နှုတ်ဆက် ဖြစ်သည် ။ ကြေးစည်သံက သံသရာခရီးကို ဆက်လျှောက်ဖို့ ရာအတွက် မီးစိမ်းပြနေလေပြီ ။ မီးခိုးတိုင်မှ ဟုပ်ခနဲထွက် လာတဲ့ မီးခိုးငွေ့တန်းလေးသည် ဘဝတစ်ခုချုပ်ငြိမ်းခြင်း၏ သက်သေတစ်ခုလို ။ ကောင်းကံယံသို့ တလွင့်လွင့်တက်သွား လေပြီ ။ တစ်ဘဝမှာတစ်ခါသာ တော်စပ်ခွင့်ရခဲ့သည့် လင် ယောက်ျား ကောင်းရာမွန်ရာ ရောက်ပါစေ ။
***********************************************
တစ်နှစ်ခန့်ကြာသောအခါ
************************************************
အခန်း ( ၂ )
“လောကမှာ လင်စုံမယားဖက် သေတယ်ဆိုတာမရှိပါဘူး အ မေရယ် ။ ယောက်ျားမဟုတ်ရင်မိန်းမ တစ်ယောက်ယောက် ကတော့ တစ်နေ့နေ့ မှာအရင်သေကြရမှာပဲ ။ မုဆိုးမဖြစ်တာ အပြစ်လားအမေ ၊ ယောက်ျား နာရေးမှာ မျက်ရည်မကျမိတာ အပြစ်လား…ဟင်…”
ဝမ်းနည်းစိတ်ကြောင့်အသံတွေက အဖျားခတ်တိမ်ဝင်သွား သည် ။ ဝေ့တက်လာတဲ့မျက်ရည်တွေကို ပုတ်ခတ်သိမ်းဆည်း လိုစိတ်မရှိ ။ မျက်ရည်မြစ်က အတားအဆီးမဲ့စွာ ပြင်ပကမ္ဘာ သို့ခုန်ထွက်လျက် ။ ရင်ဘတ်ထဲကနာကျင်စူးအောင့်နေသည့် ခံစားချက်တွေကိုလည်း မခံစားနိုင်တော့ ။ လူတွေကမုဆိုးမ ဆိုရင် သနားစရာသတ္တဝါ တစ်ကောင်လိုသဘောထားကြ သည် ။ တချို့ယောက်ျားတွေက ရမလားဆိုပြီးအကဲစမ်း ချင်ကြသည် ။ ကိုယ့်လင်သားနှင့်ပတ်သက်ပြီးအစိုးရိမ်လွန် ကဲတဲ့ မိန်းမတွေဆိုပိုဆိုးသည် ။
သူတို့လင်သားနှင့် မိတ်ဖြစ်ဆွေဖြစ်စကားပြောခွင့်မရှိ ။ ခရီး သွားဟန်လွဲအကြုံလိုက်ခွင့်မရှိ ။လင်ယောက်ျား၏အထောက် အပံ့နှင့် ပြည်စုံကုံလုံစွာနေရသည့် မိန်းမတစ်ယောက်လှလှ ပပဝတ်ဆင်တာက မထူးဆန်း။ မုဆိုးမတစ်ယောက်လှလှပပ ဝတ်ဆင်လျှင် နောက်လင်လိုချင်နေပြီဟူ၍ မှတ်ချက်ပေးရန် ဝန်မလေး ။ ကိုယ့်ထမင်းကိုယ်ရှာစားရတာ ခြင်းအတူတူ မုဆိုးမတစ်ယောက်ရှာစားရသည့်ထမင်းက ဆူးငြောင့်ခလုတ် ပိုများသည် ။ အိမ်ထောင်ဦးစီးတစ်ယောက်၏ အရှိန်အဝါ သည် ငွေရှာနိုင်ရုံမျှမဟုတ် ။ အခြားသော အကြောင်းတရား ပေါင်းများစွာတို့အတွက် မည်မျှအထိအရေးပါကြောင်း မောင်မရှိမှပိုနားလည်ခဲ့ရသည် ။ အမေကတော့ အားပေးရှာ သည် ။
“မုဆိုးမဘဝအစက ဒီလိုပဲသမီး ။ လူတွေကအစပိုင်းသာ ယောက်ျားသေလို့စိတ်မကောင်းဘူး ဘာညာပြောတတ်ကြ တာ ၊ နောက်ပိုင်းကျ ဘာတွေလုပ်နေလဲ ဘယ်သူတွေနဲ့ဘယ် တွေသွားသလဲ မျက်စိဒေါက် ထောက်ပြီးကြည့်နေတော့တာ ။ ခြေတစ်လှမ်းလောက်မမှားလိုက်လေနဲ့ ဟုတ်ဟုတ် မဟုတ် ဟုတ် ဖောက်ပြန်နေပြီထင်ကြေးပေးတဲ့သူက ပိုများတယ် ။ အဲ့ဒါမုဆိုးမတိုင်းကြုံရတဲ့ပြသနာပဲ ။ အဲ့တော့အရာအားလုံး ကိုလိုက်ပြီး ခံစားနေတာထက် ကိုယ့်အိမ်ကဆန်အိုးထဲမှာ ဆန်ဘယ်လောက်ရှိသလဲဆိုတာကို ပိုအာရုံစိုက်စမ်းပါ သမီး ရယ် ။ “နတ္ထိလောကေ အနိန္ဒတော ” ဆိုတဲ့ဒေသနာလိုပဲ လောကမှာကဲ့ရဲ့လွတ်တဲ့သူ တစ်ယောက်မှ မရှိဘူးသမီး ”
မိဘဆိုတာ အလုပ်မလုပ်နိုင်တော့ပါစေအုံး အနားမှာငုတ် တုတ်ကလေးရှိနေရုံမျှနှင့် ခွန်အားတစ်ခုကိုအလိုလို ပေးစွမ်း နိုင်သည် ။ အမေရှိနေတာကြောင့်လည်း ယခုအချိန်ထိရပ် တည်နေနိုင်ခြင်းဖြစ်သည် ။ ဆိုင်ထဲတွင်ပြေးလွှားဆော့က စားနေသည့် သားလေးကိုကြည့်ပြီး ကျနေတဲ့စိတ်တွေကို မရမကပြန်ဆွဲထူရသည် ။ ယခုအချိန်မှာကျွန်မ စိတ်တွေက ဒီရေလိုတက်လိုက်ကျလိုက် ။ မောင်ရှိစဉ်တုန်းကကျော့ကျော့ လေးနေခဲ့တာတွေက ယခုတော့ကျွန်မကိုဒဏ်ခတ်လေပြီ ။
သေချင်းတရားက မောင်နှင့်ကျွန်မကြားကို သည်လိုမြန်မြန် ဆန်ဆန်ကြီးရောက်လာလိမ့်မည်ဟု ယောင်လို့မျှပင်မတွေးခဲ့ ။
ကိုယ်နှင့်အမြဲတမ်းအတူရှိနေသည့် လူတစ်ယောက်ရုတ်တ ရက်ပျောက်ကွယ်သွားတဲ့ခံစားချက်က လက်တွေ့ရင်ဆိုင်ရသူ အဖို့ရူးမတတ်ပင်။ တရားနှင့်လည်းမဖြေနိုင် ။ လောကမှာအ လွယ်ကူဆုံးနှစ်သိမ့်စကားက ” တရားနှင့်ဖြေပါ “ဆိုတဲ့စကား လို့တောင်ခပ်ရွတ်ရွတ် ဖြင့်ပြောပစ်လိုက်ချင်သည် ။ ကောင် တာနံရံမှာချိတ်ဆွဲထားသည့် မောင့်ဓာတ်ပုံလေးကိုမော့ကြည့် ပြီး ရှေ့ဆက်ဘာလုပ်သင့်သလဲ အကြံ ဉာဏ်တောင်းနေမိ သည် ။ စားသောက်ဆိုင်ကမောင်ရှိစဉ်တုန်းကလို ဘာမျှမ ပြောင်းလဲ ။ ပြောင်းလဲသွားတာက လူတွေရဲ့အမြင် ။
ကျွန်မအဝတ်အစားဝတ်တာကအစ ဆံပင်အရောင်ဆိုးတာ အဆုံး ပတ်ဝန်းကျင်၏အပြောမလွတ် ။ လျှပ်ပေါ်လော်လီတဲ့ အဝတ်အစားမျိုးဆိုလည်းထား ။အသက်သုံးဆယ့်ငါးစွန်းစွန်း လေးပဲ ရှိသေးတဲ့ကျွန်မက ဂျင်းစကပ်မဝတ်ရတော့ဘူးလား ။ သူငယ်ချင်းတွေနဲ့ဖုန်းကြာကြာ မပြောရတော့ဘူးလား ။ ဘယ်လောက်ပဲစိတ်ဓာတ်မာကျောတဲ့ မိန်းကလေးဖြစ်နေပါ စေ ကိုယ့်လင်သားကိုတမ်းတမိတဲ့အချိန်နှင့် တိုက်ဆိုင်တဲ့အ ခါ အားငယ်စိတ်တော့ဝင်မိတာပင် ။ ခံစားဖူးမှ ကိုယ်ချင်းစာ မည့် လူ့ပတ်ဝန်းကျင်ထက် မခံစားဖူးရင်တောင်ကိုယ်ချင်းစာ တတ်မည့်လူ့ပတ်ဝန်းကျင်မျိုးနှင့် မသေခင်တစ်ခါလောက် တော့ဆုံချင်စမ်းပါဘိ ။
***********************************************
အခန်း ( ၃ )
နွေမနက်ခင်းက ခြောက်သွေ့ပူလောင်လွန်းလှသည်။ အရှေ့ အရပ်ဆီမှစိတ်လိုက်မာန်ပါ ပြေးထွက်လာသည့်သူရိန်နေမင်း ကြီးက ဒေါသထွက်နေတဲ့ဘီလူးတစ်ကောင်ကဲ့သို့ ။ တိမ်လွှာ ပါးပါးတချို့ လိပ်ပြာလွင့်မတတ် ပြေးထွက်သွားကြသည် ။ နံ ရိုးပြိုင်းပြိုင်းထနေသည့်ပင်အိုတို့က တဖြုတ်ဖြုတ်ကြွေနေ သည့်ရွက်ခြောက်တွေကို စိတ်ပျက်လက်ပျက်နှင့်ငုံ့ကြည့် လျက် ။ ငှက်မောင်နှံ၏ ကျူးရင့်သံကြောင့်လေရူးက အိပ်ချင် မူးတူးဖြင့်ထသုတ်သည် ။ နွေနေကိုအံတုကာ ရုန်းကန်နေသူ များကတော့ စျေးထဲတွင်ပျားပန်းခတ်မျှ သွားလာလှုပ်ရှားနေ ကြသည် ။ ဘဝဆိုတာ ရုန်းကန်ခြင်းပဲမဟုတ်ပါကလား ။ စျေးဆွဲချင်းလေးဆွဲကာ ဟိုဒီလျှောက်ကြည့်နေစဉ် ခေါ်သံ ကြောင့်လှည့်ကြည့်မိသည် ။
“မေလေး..မေလေး ၊ ကိုမင်းရယ်ညက အိမ်ပြန်မလာလို့ တွေ့မိသေး လားညီမ ”
မေးခွန်းကြောင့်စိတ်ထဲဖျင်းခနဲ ။ သို့သော်ဒေါသကိုအတင်း ပြန်မျိုချလိုက်ရသည် ။ တခြားကြောင့်မဟုတ် ။သူ့ယောကျာ်း နှင့်ကျွန်မနာမည် ယှဉ်တွဲ၍ထွက်သွားမည့်အဖြစ်မျိုး အဖြစ် မခံနိုင် ။ကိုမင်းဆိုတာမောင်ရှိစဉ်တည်းက ဆိုင်ကိုမကြာခဏ လာစားသောက်နေကျ ။ ကျွန်မကိုလည်းညီမတစ်ယောက်လို ခင်ရှာသည် ။ မောင့်နာရေးမှာမျက်ရည်ကျတဲ့အထိ စိတ်ထိ ခိုက်ခဲ့ပုံကို ကျွန်မသတိထားမိသည် ။ ကိုမင်းမိန်းမနှင့်လည်း ကိုမင်းလောက်နီးနီးခင်ပါသည် ။ ယခုမေးလိုက်ပုံက မိန်းက လေးချင်း ကိုယ်ချင်းမစာသည့်မေးခွန်း ။
“မတွေ့မိဘူး အစ်မ”
“ဟုတ်လား…တွေ့ရင်အစ်မအရမ်းစိတ်ပူပြီး သောကရောက် နေတဲ့အကြောင်း ပြောလိုက်အုံးနော်”
“စိတ်ချ အစ်မ ။ တွေ့တဲ့အခါကြိမ်းသေပြောလိုက်မယ်နော် အဟင်း ”
ကိုယ့်အလှည့်ကျနာတတ်ရန်ကော ။ မျက်နှာကမည်းခနဲ ။ ကြည့်လို့ပင်မဝ ။ ပထမအစီအစဉ်က သည်းခံလိုက်ဖို့အစီ အစဉ် ။ သို့သော် လေသံနှင့်မျက်နှာထားကြောင့် အစီစဥ်က ပြောင်းသွားသည် ။ကျွန်မသည်ဝေဿန္တရာ လက်သစ်မဟုတ် ။ ပြောရင်သိထိရင်နာတတ်သည့် ပုထုစဉ်လူသားစစ်စစ် ။ မောင်သာရှိရင် ” ငါ့မိန်းမ သိပ်တော်တယ် ” လို့ပြောမလား ။ ဒါမှမဟုတ် ” ကိုယ့်ဂုဏ်သိက္ခာနှင့်အလဲအထပ်” လုပ်၍ အနိုင်ပိုင်းရသလားဆိုပြီး အပြစ်တင်လေမလား ။ ကျွန်မသိ ချင်လိုက်တာ ။
လင်ယောက်ျားမရှိရင် မတင့်တယ်ဘူးဆိုသည့်အမြင်က မြန် မာလူမျိုးတို့၏ ယဉ်ကျေးမှုလိုဖြစ်နေသည် ။ထိုယဥ်ကျေးမှု ကြောင့်မုဆိုးမတစ်ယောက်၏ဘဝက ဆန်ကောထဲထည့်လှိမ့် ခံရသည့်ဇီးဖြူသီးလို ။ အိမ် ထောင်ကွဲအမျိုးသမီးများဆို လည်း ထိုနည်းလည်းကောင်းပင် ။ တစ်ခုလပ်ဆိုတာနှင့် နှာခေါင်းရှုံ့ကြသည် ။ လူဆိုသည်မှာမွေးလာကတည်းက မုဆိုးမဖြစ်ပါစေ တစ်ခုလပ်ဖြစ်ပါစေ ဆိုပြီးဆုတောင်းလာတဲ့ သူ တစ်ယောက်မျှမရှိ ။ ဘယ်သူမှလည်းမဖြစ်ချင်ပေ ။ ဖြစ် လာပြီဆိုတော့လည်းဘာတတ်နိုင်မည်နည်း ။ ရင်ဆိုင်ရုံသာ ရှိသည် ။
မောင်မဆုံးခင်တစ်ပတ်လောက်အလိုတွင် မောင်ကထူးထူး ဆန်းဆန်းစကားတွေပြောတာမှတ်မိသေးသည် ။ အဲ့ဒီနေ့က အခါကြီးရက်ကြီးမဟုတ်ဘဲ ရောင်းအားအလွန်ကောင်းနေ သည့်ဆိုင်အခြေအနေကိုကြည့်ကာ
“တကယ်လို့မောင်မရှိရင် မေလေးဒီဆိုင်ကိုတစ်ယောက်
တည်းဦးစီးနိုင်ပါ့မလား ”
ကျွန်မအထိတ်တလန့်နှင့်
“အို..ဘာစကားကြီးလဲ ။ မောင်ကလည်း နိမိတ်မရှိလိုက်တာ ”
မောင်က ကျွန်မစကားကိုမကြားလေဟန်နှင့် ပြောချင်တာကို ဆက်ပြောသည် ။
“စားသောက်ဆိုင်က လူပေါင်းစုံတဲ့နေရာ ၊ ယောက်ျားသားမ ရှိရင်မလွယ်လောက်ဘူး ။ မေလေးတို့က မိသားစုနည်းလိုက် တာကွာ ။ အမေရောသမီးရော တစ်ဦးတည်းသောသမီးတွေ ချည်းပဲ ၊ မောင်တကယ်စိတ်မချဘူး ”
ထိုနေ့တစ်နေ့လုံး ကျွန်မစိတ်တွေလေးလံထိုင်းမှိုင်းနေခဲ့သည် ။ မောင်ကတော့ပေါ့ပေါ့ပါးပါးပင် ။ ပေါက်ကရစကားတွေ ပြောရကောင်းလားဆိုပြီး အမျိုးမျိုး ပြသနာရှာခဲ့သည့်ကျွန်မ ကိုလည်းအပြုံးမပျက်ခဲ့ ။ မောင်ဟာမိသားစုအပေါ်မှာအလွန် တာဝန်ကျေခဲ့သည့် ယောက်ျားကောင်းတစ်ယောက် ။ ဆုံးခါ နီး အချိန်ထိအောင် စိတ်မချကြောင်းတဖွဖွပြောရင်း ဘဝကူး သွားခဲ့ရှာသည် ။ ယခုမောင်စိတ်မချဘူးဆိုတာတွေနှင့် ကျွန်မ လက်တွေ့ရင်ဆိုင်နေရပြီဖြစ်သည် ။ ဘယ်အရာမှမတည်မြဲ ဘူး ဆိုတာကို လူတွေကသိလျက်နှင့်လျစ်လျူရူထားကြသည် ။ နေ့မြင်ညပျောက်ခေတ်ကြီးတွင် လွယ်လွယ်ကူကူစွပ်စွဲ ရက်သည့်မိန်းမတွေကို စိတ်ကူးနှင့်တစ်ရက်လောက် မုဆိုးမ ဖြစ်ကြည့်စမ်းစေချင်သည် ။ ရူးတောင်သွားအုံးမည်ဟု ကျွန်မပြောရင်လွန်မည်မထင် ။
************************************************
အခန်း (၄ )
အင်္ကျီခေါက်ကြားထဲမှ ထွက်ကျလာတဲ့ဓာတ်ပုံတစ်ပုံကြောင့် စိတ်အနှောက်အယှက်ဖြစ်မိတာတော့အမှန် ။ မောင်နှင့်ဓာတ် ပုံထဲကမိန်းကလေး ဘယ်လိုပတ်သက်သလဲ ။ ဓာတ်ပုံနောက် ကျောတွင်ရေးထားသည့် ” ချစ်သူအတွက်” ဆိုတဲ့စာတမ်း လေးက ခပ်လှောင်လှောင်နှင့် ပြုံးပြနေသယောင် ။ မောင်က မိန်းမကိစ္စတွေမှာ အရှုပ်အရှင်းကင်းတာကိုကျွန်မအသိ ။ ခေါင်းအုံးနဲ့ခေါင်းထိတာနှင့် စိတ်ချလက်ချအိပ်လို့ရ တဲ့အထဲ တွင် မောင်ကထိပ်ဆုံးကပါသည် ။ ယခုဒီဓာတ်ပုံကြောင့် ကျွန်မစိတ်ထဲ ဇဝေဇဝါ ။ကျွန်မများအယုံအကြည် လွန်ကဲမိ လေသလား ။ ဓာတ်ပုံကိုင်ပြီးငိုင်နေသည့် ကျွန်မအနားသို့ မောင့်မေမေရောက်လာသည် ။
“အဲ့ဒါသားရဲ့ချစ်သူသမီး ”
အမေကစိတ်ထိခိုက်ဟန်နှင့် ကျွန်မလက်ထဲကဓာတ်ပုံလေး ကိုကြည့်ပြီးသက်ပြင်းတွေ အခါခါချနေသည် ။ မောင်ဆုံးတာ နှစ်နှစ်ကျော်ပြီဆိုပေမဲ့ မောင့်မိဘတွေဆီကိုကျွန်မ အဝင်အ ထွက်မပျက်ကွက်ခဲ့ ။ ဘယ်လောက်အလုပ်ရှုပ်နေပါစေမောင် သွားနေကျအချိန်ရောက်တိုင်း သားလေးလက်ကိုဆွဲကာ မရောက်ရောက်အောင်သွားသည် ။ယောက္ခမဆိုပေမဲ့မိဘရင်း နှင့်မခြား ။ သည်တစ်ခေါက်တော့ မောင့်အခန်းလေးကိုသန့် ရှင်းရေးဝင်လုပ်ဖြစ်သည် ။
“အခုသူက ဘယ်မှာလဲအမေ ၊ မောင်နဲ့က ဘယ်လိုဖြစ်လို့လဲ ”
“အင်း…အခုလောက်ဆို သားနဲ့တောင်တွေ့ချင်တွေ့နေ လောက်ပါပြီလေ”
“ရှင်..ဒါ..ဒါဆို သူလည်း”
“ဟုတ်တယ်သမီး သူနဲ့သားကအဖြစ်ချင်းတူတယ် ။သားနဲ့ချစ် သူဘဝမှာပဲ ဆိုင်ကယ်အက်စီးဒင့်ဖြစ်ပြီး ရုတ်တရက်ဆုံးသွား ခဲ့တာ ။ သေကွဲ ကွဲပြီဆိုမှတော့ ဘယ်လောက်ပဲချစ်နေပါစေ မျှော်လင့်ချက်ကလုံးဝမရှိတော့ဘူးလေ ။ အဲ့တော့ရှင်ကျန်ခဲ့ တဲ့သူက ကောင်းမွန်တဲ့ရပ်တည်ချက်နဲ့ ရှေ့ဆက်ရမှာပဲ ။ သေ ကွဲ ကွဲတာပဲသမီးရယ်အပြစ်ကင်းပါတယ် ။ တကယ်လို့သမီး နောက်အိမ်ထောင်ပြုချင်တယ်ဆိုလည်း အမေအပြစ်မမြင် ဘူး ။ သင့်တော်တဲ့သူ လွတ်လွတ်လပ်လပ်ရှိတဲ့သူမျိုးကို တွေ့ တဲ့အခါ စဉ်းစားသင့်ရင်စဉ်းစားရမယ်သမီး ”
လောကမှာမိဘရင်းနှင့်မခြား တကယ်တော်တဲ့ယောက္ခမမျိုး တွေရှိကိုရှိသည် ။ ယောက္ခမဖြစ်သူ၏ စိတ်ရင်းစေတနာ ကြောင့် မျက်ရည်လည်တဲ့အထိကြည်နူးရသည် ။ စစ်မှန်တဲ့ ချစ်ချင်းမေတ္တာတရားက သက်ရှိထင်ရှားရှိနေမှရယ်မဟုတ် ။ သူလေးစားတန်ဖိုးထားတဲ့အရာတွေကို သူ့ကိုယ်စားလေးစား တန်ဖိုးထားသွားခြင်းကလည်း သစ္စာတရား၏ပြယုဂ်တစ်ခုပင် ။ စိတ်သဘောထားခြင်းမတိုက်ဆိုင်သဖြင့် ကွဲသွားကြတဲ့အိမ် ထောင်ရေးတွေကိုကျွန်မတွေ့ဖူးသည် ။ တချို့က အေးအေး ဆေးဆေး ။ တချို့ကအငြိုးတွေ အာဃာတတွေနှင့် ။ မောင် နှင့် ကျွန်မကြားတွင် ဘာအငြိုး ဘာအာဃာတတွေမှမရှိ ။ ပြန်တွေးတိုင်း ပျော်ရွှင်ကျေနပ်စရာတွေချည်းပင် ။
လူရယ်လို့ဖြစ်လာလျှင် လှပတဲ့အတိတ်ဆိုတာရှိသင့်သည် ။ မောင်ကကျွန်မအတွက် လှပတဲ့အတိတ်ကိုလက်ဆောင်ပေးခဲ့ သည် ။ ထိုလက်ဆောင်ကြောင့်ပဲ ခွန်အားတွေဖြစ်ရသည် ။ လဲကျလိုက်ရုန်းထလိုက်နှင့် ရေပွက်ပမာဘဝအပိုင်းအခြား လေးတစ်ခုတွင် ကျွန်မမောင့်ကို တည်တည်ငြိမ်ငြိမ်နှင့် လွမ်း တတ်လာခဲ့လေပြီ ။ ယခုဆို သားလေးတောင်မူကြိုကျောင်း သားကြီး ဖြစ်လို့နေပြီ ။
ပတ်ဝန်းကျင်၏တိုက်ခိုက်မှုတွေက ယခင်ကလောက်မဆိုး တော့ပေမဲ့မျက်စိဒေါက်ထောက်ကြည့်နေကြဆဲ ။ ယောက်ျား ရင့်မာကြီးများ၏ ရမ္မက်ဖုံးသောမျက်လုံးများနှင့် ရံဖန်ရံခါကြုံ နေရဆဲ ။ “ပုပ်ရင်ပေါ်ဟုတ်ရင်ကြော် “ဆိုတဲ့စကားကိုခုတုံး လုပ်ခါ သန်းရှာရင်းအတင်းတုတ်သည့် ယဉ်ကျေးမှုတွင် လူး လှိမ့်နေအောင်ခံရဆဲ ။ ပြသနာတွေကိုတစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းရတဲ့အခါတိုင်း မောင့်ကိုတမ်းတမိဆဲ ။ ကြာ တော့ကျွန်မအဖြစ်က ဆေးယဉ်နေသည့်လူမမာတစ် ယောက် လို ။ တစ်ခါတလေကျတော့လည်း လောကဓံကစိတ်၏ခံနိုင် ရည်စွမ်းအားကို လာ လာ ခလုတ်တိုက်တတ်သေးသည် ။ အိမ်ထောင်ဦးစီးတစ်ယောက်လိုဖြစ်နေသည့် ကျွန်မအဖို့ မနိုင်ဝန်ကိုထမ်းရသည့် အခြေအနေမျိုးနှင့်လည်း ကြုံတွေ့ရ သည် ။ အဖြစ်အပျက်ကနေ့လည်ခင်း ဆိုင်လူပါးချိန်တွင်ဖြစ် သည် ။
“ဝုန်း…ဒုန်း..အား..ကျွတ် ကျွတ် ၊ သမီးရေ..လာပါအုံး”
ဆိုင်အနောက်ဘက်မှ အမေ့ရဲ့အော်ညည်းသံကြောင့် စိုးရိမ် တကြီးနှင့် အမေရှိရာသို့အပြေးသွားရင်း
“အမေချော်လဲသွားတာလား ၊ အမေချော်လဲသွားပြီ လုပ်ကြ ပါအုံး”
အရုပ်ကြိုးပြတ်လဲကျနေသောအမေ့ကို ပွေ့ထူကာပတ်ဝန်း ကျင်ကို အော်ဟစ်အကူအညီတောင်းမိသည် ။ ဘေးအိမ်က သီချင်းဖွင့်သံကြောင့် ရုတ်တရက်ဘယ်သူမှမကြား ။ တစ်ဦး တည်းသောယောက်ျားလေးအလုပ်သမားက သည်နေ့မှခွင့် ။ ကျန် ဆိုင်အကူနှစ်ယောက်ကို စျေးအဝယ်လွှတ်လိုက်သဖြင့် ဆိုင်တွင်အမေနှင့်ကျွန်မ နှစ်ယောက်တည်း ။အမေ့အနေအ ထားက ပွေ့ချီမှရမည့်အနေအထား ။ ကျွန်မတစ်ယောက် တည်း ဘယ်လိုမှမဖြစ်နိုင် ။ ဝေဒနာခံစားနေရတဲ့ အမေ့ကို
ကြည့်ကာ မျက်ရည်တွေသာဖြိုင်ဖြိုင်ကျနေရသည် ။ သွေးသံ ရဲရဲနှင့် ဆိုင်ကယ်နားတွင် လဲကျနေသည့်မောင့်ပုံရိပ်တွေက လည်း အာရုံထဲတွင်ထင်ထင်ရှားရှားပြန်ပေါ်လာသည် ။ ကူ
ကယ်ရာမဲ့တဲ့ခံစားချက်က ရင်ဝကိုအရှိန်ပြင်းပြင်းနှင့်ပြေး
ဆောင့်သည် ။ ထိုစဉ်
“ညီမ..ဖယ် အစ်ကိုပွေ့ချီလိုက်မယ် ၊ ဆေးခန်းသွားဖို့တစ်ခုခု စီစဉ်လိုက် ”
ရုတ်တရက်ကြားလိုက်ရသောအသံကြောင့် ကျွန်မအားတက် သွားမိသည် ။ ထိုသူကိုကျွန်မတစ်ခါမျှမမြင်ဖူး။ သို့သော်ယခု အချိန်က လူစိမ်းလူကျက်ရွေးနေရမည့် အချိန်မဟုတ် ။ အား တတ်သရောကူညီပေး ခဲ့တဲ့သူ့ကြောင့် အစစအရာရာအဆင် ပြေသွားတာက ငြင်းမရ ။ ချော်လဲတဲ့အရှိန်ကြောင့် အမေ့ခြေ ထောက်ကကျိုးသွားခဲ့သည် ။ ထိုကိစ္စဖြစ်ပြီးသည့်နောက် ပိုင်းမှစကာ အမေဟာသိသိသာသာပဲ စကားနည်းသွားလေ သည် ။ အမေ့မျက်နှာက အဖေဆုံးစဥ်အချိန်တုန်းကလို ညှိုး ငယ်ဖျော့တော့လွန်းသည် ။ တစ်စုံတစ်ခုကိုလေးလေးနက် နက်ဖြင့် အမြဲစဉ်းစားနေတတ်သည် ။ တစ်ညတော့သားလေး ကိုချော့သိပ်နေသည့်ကျွန်မအနားသို့ ဝှီးချဲလေးနှင့်ရောက် လာသည်။ ချက်ချင်း ဘာစကားမှမပြောဘဲငြိမ်နေသဖြင့် ကျွန်မကပဲစ ကာ
“အမေအခုတလော မလန်းဘူးနော် ။ အမေ့အနားမှာသမီး တစ်ယောက်လုံးရှိတယ်လေအမေရဲ့ ။ သမီးတို့မှာငွေကြေးဆို လည်းအတန်အသင့်ရှိနေတာပဲ ၊ ဘာမှအားငယ်စရာမလိုဘူး နော်အမေ ”
အမေကမျက်ရည်ရစ်သိုင်းနေသည့် မျက်၀န်းစိုစိုကြီးတွေနှင့် ကျွန်မကိုတွေတွေကြီးကြည့်ကာ
“သမီးအနားမှာ အမေမရှိနိုင်တော့မှာကိုပဲအမေစိုးရိမ်တာ ။ သားရာဇာမသေဘဲ အမေသေရမှာပါသမီးရယ် ။ မိန်းမသား ဆိုတာ ပိုက်ဆံရှိရှိ မရှိရှိ တစ်ယောက်တည်းဆိုမလုံခြုံဘူး ငါ့သမီး ။ မွေးချင်းမောင်နှမကလည်းမရှိနဲ့ သမီးအကြောင်း တွေးမိရင် ည ည အမေအိပ်မပျော်ဘူး ”
မောင်ပြောခဲ့ဖူးတဲ့စကားနှင့် ဆင်တူယိုးမားစကားတွေ ပြော နေသည့်အမေ့ကို ကျွန်မ မျက်လုံးအပြူးသားနှင့်ကြည့်နေမိ သည် ။ အမေ့ကိုတော့ကျွန်မအဆုံးရှုံးမခံနိုင်။ အမေကျွန်မကို နောက်အိမ်ထောင်ပြုစေချင်တာလည်း ကျွန်မသိသည် ။ ကျွန်မကိုမေတ္တာမျှကြောင်း ပွင့်ပွင့်လင်းလင်းဖွင့်ပြောတဲ့သူ တွေလည်းရှိသည် ။ မုဆိုးမဖြစ်တဲ့ ကျွန်မကတော့ပြန်ကြိုက် ချင်လည်းကြိုက်မည် ။ ကြိုက်ချင်မှလည်းကြိုက်မည် ။ ဒါ
သည် ကျွန်မ၏လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့် ။
ကျွန်မသည်လူလွတ် ။ သေကွဲကြောင့်မုဆိုးမဖြစ်ခဲ့ရသည့် ဖောက်ပြန်ခြင်းကင်းသည့် လူလွတ် ။ ယောက်ျားတစ်ယောက် ကို အားကိုးချင်ဇောနှင့်လက်ထပ်တာလောက် မှားယွင်းသည့် ဆုံးဖြတ်ချက်မရှိဟု ကျွန်မထင်သည် ။ လင်သားမရှိတာနှင့် သိပ်မလေးစားချင်သည့်သူတွေ ဘယ်လိုပင်ရှိရှိ ယခုပစ္စုပ္ပန် တည့်တည့်တွင်တော့ မတ်မတ်ရပ်တည်နေနိုင်တာပဲမဟုတ်
လား ။ အနာဂတ်ကိုကြိုတွေးပြီး စိုးရိမ်ပူပန်နေခြင်းထက် လက်ရှိပစ္စုပ္ပန်မှာပဲအကောင်းဆုံး နေထိုင်သွားမည်ဟု ကျွန်မ ဆုံးဖြတ်ထားသည် ။ ကျွန်မဆုံးဖြတ်ချက်ကို မောင်ဘယ်လို မှတ်ချက်ပေးမလဲ သိချင်မိပြန်သည် ။
လှိုင်းဧရာမြင့်
၄. ၁၂. ၂၀၂၁ စနေနေ့