မုတ်ဆိတ်ဖြူအဘိုးအို

Posted on

မဟာမြိုင်ဓားသမားနှင့် မုတ်ဆိတ်ဖြူအဘိုးအို
မင်းသိင်္ခ
စမ်းချောင်းကလေး တစ်ခုရှိ၏။ စမ်းရေကျသံသည် သာယာ၏။ ထို့ကြောင့် ဤတောအုပ်အတွင်းသို့ တစ်ကြိမ်တစ်ခါ ရောက်ဖူးသော မျက်နှာဖြူ သစ်တောမင်းကြီးက “ဆင်းဂင်းစထရင်းမ်” သီချင်းဆိုတတ်သော စမ်းချောင်းကလေးဟု ကင်ပွန်းတပ်ခဲ့ဖူး၏။ ထိုစမ်းချောင်းကလေးထဲတွင် ရွှေရောင်၊ ငွေရောင်ပေါက်သော ငါးကလေးများရှိ၏။ ထိုငါးကလေးများ အပြင် ထူးဆန်းသော သတ္တဝါတစ်မျိုးလည်းရှိ၏။ ထိုသတ္တဝါမှာ ကိုယ်က လိပ်ကိုယ်ဖြစ်၍ ခေါင်းက ကြက်တူရွေးငှက်၏ ခေါင်းဖြစ်ကာ အမြီးကား မိကျောင်းအမြီးနှင့် တူ၏။ ထိုသတ္တဝါ၏အမည်ကို တော၌ မကြာခဏ လာရောက်သစ်ခုတ်လေ့ရှိသော သစ်ခုတ်သမားလည်းမသိ၊ ထိုတောအတွင်း၌ တောကောင်တစ်ပိုင်း ဖြစ်၍နေသော မုဆိုးလည်းမသိ၊ စကားကုန်ဆိုရပါ မူ ထိုတောကိုစောင့်သော အသက်အလွန်ရှည်သည့် တောစောင့်ရုက္ခစိုးကြီးကို မေးကြည့်လျှင်ပင် သိနိုင်လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ထိုသတ္တဝါကို မြင်ဖူးသောသူတို့က “လိပ်ကြက်တူရွေး” ဟူ၍ အမည်ပေးထားကြကုန်၏။ ထိုတောကား မွေ့လျော်ဖွယ်ကောင်း၏။ သို့ရာတွင် ထိုတော၌ မည်သည့်တောပျော်ရသေ့မှ မရှိ။ မည်သည့်သူတော်စင်မှ မအောင်း။ ထို့ကြောင့် တောသည် တောသာဖြစ်၍နေ၏။ သို့ရာတွင် ထိုတော၏အကြောင်းကို သိသူတို့သည် ထိုတောကို ဖြတ်ရန်အတွက် ဘုရင်ခံရာထူးကိုပေးမည်ဟု ဆိုသည့်တိုင်အောင်ပင် ဖြတ်ဝံ့သူမရှိ။ အဘယ်ကြောင့်ဆိုသော် ထိုတောအတွင်း၌ လွန်စွာရက်စက်ကြမ်းကြုတ်သော တောပုန်းဓားပြတစ်ဦး ရှိသောကြောင့်ဖြစ်၏။
ထိုတောပုန်းကြီးကို လူတို့က “မဟာ”ဟု ခေါ်ကြ၏။ ထို့ကြောင့် တောပုန်းဓားပြခေါင်းဆောင်ကြီး မဟာ ကိန်းအောင်းသော ထိုနှစ်လိုဖွယ် မဟာမြိုင်တောသည် လူတို့နှင့် အတော်အတန် အဆက်ပြတ်ခဲ့ရလေတော့သတည်း။
ဤကား မဟာမြိုင်တော၏ အတ္ထုပ္ပတ္တိအကျဉ်းပင် ဖြစ်ပေ၏။
တစ်ခုသော ဆောင်းကာလ၏ နံနက်ခင်း၌ တောပျော်ဓားပြကြီး သို့မဟုတ် သူခိုးကြီးသည် အစာရှာဖွေရန် အလို့ငှာ တောစပ်သို့ထွက်၍ လာလေ၏။ သူသည် အေးချမ်းလှသော ရာသီဥတုဒဏ်ကို အသိအမှတ်မပြုဘဲ ခြေလှမ်းကျဲကျဲကြီးနှင့် ဣန္ဒြေရရ လျှောက်လာခဲ့လေ၏။
သူ၏မျက်နှာမှ ထူထပ်လှသော မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး၊ နှုတ်ခမ်းမွေးများနှင့် ကျော၏အလယ်သို့ရောက်နေသည့် သူ၏ဆံပင်ရှည် တို့သည် သူ၏ဦးခေါင်းပိုင်းကို အအေးဒဏ်မှ ကာကွယ်ပေးထားသကဲ့သို့ ရှိလေ၏။
သူသည် ဟောင်းနွမ်းစုတ်ပြတ်နေသော ကုတ်အင်္ကျီ ဖားဖားကြီး နှင့် ဘောင်းဘီစုတ်ပွပွကြီးကို ဝတ်ဆင်ထား၏။ ဘွတ်ဖိနပ်ဟောင်းကြီးကိုလည်း သိုးမွေးခြေအိတ်စုတ်ကြီးနှင့်တကွ စီး၍ထား၏။
သူ၏ ခါး၌မူ လွန်စွာကြီးမားသော ခါးပတ်ကြီးကို ပတ်ထားပြီးလျှင် သားရေအိတ်နှင့်တကွ ချပ်ချပ်ရပ်ရပ် ချိတ်ဆွဲထားသော ဓားကြီး တစ်လက်လည်း ရှိလေ၏။ သူ၏ကိုယ်ခန္ဓာ၌ ထိုဓားကြီးသည် အထည်ဝါ ဆုံးပစ္စည်းဟု ဆိုနိုင်၏။
သူခိုးဓားပြကြီးသည် နှင်းမှုန်များကြားတွင် ခံ့ညားစွာ လျှောက်သွားနေလေ၏။ သူ၏နံဘေးရှိ စမ်းချောင်းကလေးမှ ရေခိုးရေငွေ့များ၊ ပျံတက်နေသောကြောင့်လည်းကောင်း၊ နှင်းမှုန်များကြောင့်လည်းကောင်း သူ၏မျက်စိသည် ဝါးတစ်ရိုက်သာသာခန့် နေရာကိုပင် အားစိုက်၍ကြည့်ပါမှ မှုန်တိမှုန်ဝါးလောက်သာ မြင်ရလေ၏။
သူသည် မကြာခဏ ရှေ့သို့အားစိုက်ကြည့်ရင်း လျှောက်လာခဲ့လေ၏။ ဤသို့လျှောက်၍လာခဲ့ရာ တောစပ်အနီးသို့ရောက်လျှင် သူ၏ ခြေလှမ်းများသည် တုံ့ခနဲ ရပ်၍သွား၏။ သူ၏လက်သည် ဓားရိုးပေါ်သို့ ရောက်၍သွား၏။ သူသည် လူရိပ်ကိုမြင်လိုက်သောကြောင့် ရပ်လိုက်ခြင်း ဖြစ်၏။ သူ၏ဟန်ပန်အမူအရာမှာ သားကောင်ကို မြင်လိုက်ရသော ကျားတစ်ကောင်ကဲ့သို့ရှိ၏။
သူသည် မလှမ်းမကမ်းမှ လှုပ်ရှားမှုကို တိတ်ဆိတ်စွာ ရပ်၍ကြည့် နေ၏။ မိန်းကလေးတစ်ယောက်သည် အထုပ်ကလေးတစ်ထုပ်ကိုပိုက်၍
မြေနီလမ်းကလေးကို ကန့်လန့်ဖြတ်ကာ ပြေး၏။ ထို့နောက် အထုပ်ကလေးကို ကျောက်တုံးကလေးပေါ်၌ တင်ထားလိုက်ပြီးလျှင် မြေနီလမ်းကလေး အတိုင်း ပြန်၍ပြေးကာ နှင်းမှုန်ထဲတွင် ပျောက်ကွယ်၍ သွားလေ၏။
တောပျော်လူဆိုးကြီးသည် ရပ်မြဲရပ်၍နေ၏။ ထိုသို့ရပ်၍နေရင်း စဉ်းစားနေ၏။ သို့မဟုတ် တွေ ၍ နေ၏။ ထိုအချိန်မှာပင် ကျောက်တုံးပေါ်ရှိ အထုပ်ကလေးထဲမှ အသံကလေးတစ်သံ ထွက်ပေါ်၍လာလေ၏။
“အူဝဲ… အူဝဲ”
လူဆိုးကြီးသည် တွေနေရာမှ လှုပ်ရှားသွား၏။ လှုပ်ရှားသွားသည် ဆိုခြင်းမှာ ကိုယ်ခန္ဓာမဟုတ်၊ သူ၏မျက်လုံးများ ဖြစ်၏။ သူ၏မျက်လုံးများသည် အရောင်ရွှန်းပသွား၏။ သူ၏မျက်နှာသည်လည်း မျက်လုံးများ နှင့်အတူ ကြည်လင်၍သွား၏။ ထို့နောက်
“ကလေး”ဟု ရေရွတ်လိုက်၏။ ရေရွတ်သံနှင့်အတူ ကျောက်တုံး ကလေးဆီသို့ ခြေကုန်သုတ်၍ ပြေးသွားလေတော့၏။ အနီးသို့ရောက်လျှင် ကိုယ်ရှိန်သတ်လိုက်ကာ ကျောက်တုံးပေါ်မှ အနှီးများဖြင့် အထပ်ထပ်ပတ် ထားသောကလေးကို အားရဝမ်းသာ ကောက်ယူလိုက်လေတော့၏။
သို့ရာတွင် လူဆိုးကြီး၏လက်များသည် ကလေးဆီသို့ မရောက်မီ၌ပင် လွန်စွာရှည်လျားသော တုတ်ကြီးတစ်ချောင်းသည် ကလေးနှင့်လူဆိုးကြီး၏အကြားတွင် ဒေါက်ကနဲ ကျလာပြီးလျှင် ဟန့်တားလိုက်လေ၏။ ထို့နောက် အသံတစ်သံသည် နှင်းမှုန်များကြားမှ ထွက်ပေါ်လာလေတော့၏။
“ငါ အရင်တွေ့တာ”
လူဆိုးကြီးသည် ၎င်းရှေ့တွင် ကန့်လန့်ဖြတ်၍ဝင်လာသော တုတ်ရှည်ကြီးနှင့် အသံရှင်ကို မော့၍ကြည့်လိုက်လေ၏။
မုတ်ဆိတ်ဖြူဖြူရှည်ရှည်ကြီးနှင့် လွယ်အိတ်ကြီးကို လွယ်၍ထားသော အဘိုးကြီးတစ်ဦးဖြစ်ကြောင်း တွေ့ရလေ၏။ လူဆိုးကြီးသည် နောက်သို့ ဆတ်ခနဲခုန်၍ ဆုတ်လိုက်၏။ ထို့နောက် ဓားရိုးပေါ်သို့ လက်ကိုတင်ကာ ခြေကို ခပ်ကျဲကျဲထား၍ ရပ်လိုက်ပြီးလျှင် လူဆိုးကြီးက ‘ “ခင်ဗျား ဘယ်သူလဲ”ဟု မေးလိုက်လေ၏။
“မင်း မြင်တဲ့အတိုင်းပဲပေါ့ကွာ၊ တောင်ဝှေးရှည်ကြီးကို ကိုင်ဆောင်တဲ့ မုတ်ဆိတ်ဖြူဖြူကြီးနဲ့ အဘိုးကြီးတစ်ယောက်ပေါ့၊ ဒီထက် ငါက ဘာများပိုပြီး မင်းကို သံတော်ဦး တင်ရဦးမှာလဲ”
“ခင်ဗျား ဒီတောအကြောင်း မသိသေးဘူး မှတ်တယ်”ဟု လူဆိုး ကြီးက ပြောလိုက်လေ၏
“ဒီတောအကြောင်း ဘာများသိစရာရှိသလဲကွာ၊ တခြားတောတွေ အကြောင်း ငါက သိခဲ့ပြီးပြီပဲ၊ တောဆိုတာတစ်ခုနဲ့တစ်ခု တယ်ပြီးမကွာလှပါဘူး၊ ခပ်ဆင်ဆင်ချည်းပါပဲ၊ သစ်ပင်ရှိမယ်၊ တောပန်းရှိမယ်၊ တောကောင်ရှိမယ်၊ ဒါပဲ မဟုတ်လား”ဟု အဘိုးအိုက ပြန်၍ပြောလိုက်၏။ “ခင်ဗျား ပြောတာ လိုနေသေးတယ်။
“ဒီမှာ ကျုပ်ရှိတယ်” ဟု ‘လူဆိုးကြီးက ပြောလိုက်လေ၏။
“ဒါကတော့ ငါ့လူရယ်၊ တောရှိရင် တောအောင်းတဲ့ ဝရမ်းပြေးလိုလို၊ ဓားပြလိုလို၊ သူခိုးလိုလို ကောင်တွေကတော့ ရှိမှာပေါ့ကွာ” ဟု အဘိုးအိုက ပြန်၍ပြောလိုက်ရာ လူဆိုးကြီးသည် သူ၏ခါးမှဓားကို ”ရွှီ “ခနဲ ဆွဲ၍ထုတ်လိုက်လေ၏။
“မှန်တာပေါ့ မုတ်ဆိတ်ဖြူကြီးရယ်၊ တောရှိရင် ဝရမ်းပြေးလိုလို၊ သူခိုးလိုလို၊ ဓားပြလိုလို၊ လူဆိုးလိုလို လူတွေရှိတာပေါ့၊ ဒါပေမဲ့ ကျုပ်က ခင်ဗျား ပြောသလို “လိုလို” မဟုတ်ဘူး၊ ကျုပ်ဟာ ဓားပြကြီးပဲ။ ကျပ်ဟာ ဝရမ်းပြေးကြီးပဲ၊ ကျုပ်ဟာ လူဆိုးကြီးပဲ”ဟု တောပျော်ကြီးက ပြောလိုက်လေ၏။
“တွေ့ရတာ ဝမ်းသာပါတယ်၊ မင်းရဲ့ ဂုဏ်ထူးတွေကလဲ များလှချည်လား၊ ဟဲ ဟဲ ဒါပေမဲ့ စာရင်းချုပ်လိုက်ရင် တစ်ခုတည်းပါကွာ၊ မင်းဟာ လူ့စည်းဝိုင်း အပြင်ဘက်ရောက်နေတဲ့ လူရာမဝင်တော့တဲ့ လူတစ်ယောက်ပေါ့ကွာ”ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏။
“ဒီမှာ မုတ်ဆိတ်ဖြူကြီး၊ ဒီကလေးကို ကျုပ် အရင်မြင်တာဖြစ်တယ်၊ အဲဒီတော့ ခင်ဗျား အမြန်ဆုံး ဒီကထွက်သွားပါ၊ အဲဒီလိုထွက်သွားရင် ခင်ဗျား အသက်ကို ကျုပ်က ချမ်းသာပေးမယ်”ဟု လူဆိုးကြီးက ပြော လိုက်လေ၏။ ထိုအခါ မုတ်ဆိတ်ဖြူကြီးက
“ဒီမှာ သူခိုး၊ ဘယ်သူအရင်မြင်တာ မမြင်တာ အရေးမကြီးပါဘူးကွာ၊ ဒီကလေးဟာ မင်းနဲ့ဘာမှမဆိုင်ပါဘူး၊ အဲဒီတော့ မင်းလမ်းကို မင်းသွားပါ၊ အဲဒီလိုဆိုရင် မင်း အသက်ကို ငါက ချမ်းသာပေးလိုက်မယ်” ဟု ပြောလိုက်ရာ လူဆိုးကြီးသည် ကြောက်မက်ဖွယ်ရာကောင်းသော အသံကြီးဖြင့် “တဟားဟား” ရယ်မောလေ၏။
ထိုသို့ ရယ်မောပြီးနောက် သူ၏ဓားကြီးကို ကိုင်မြှောက်ကာ လေထဲတွင် တဝှီးဝှီး လှည့်လေတော့၏။ ပြီးလျှင် အနီးရှိသစ်ပင်များ၊ ဝါးပင်များကို တအားပိုင်းချလိုက်လေ၏။
သစ်ပင်ဝါးပင်တို့သည် “တဝုန်းဝုန်း’ လဲကျကုန်၏။ ဓားသည် အနီးရှိ ကျောက်တုံးကို ထိခိုက်မိသောအချိန်၌ မီးများပွင့်၍ သွား၏။
လူဆိုးကြီးသည် အဆက်မပြတ် ခုတ်ထစ်နေလေ၏။ အနီးရှိ သစ်ပင်များသည်လည်း အဆက်မပြတ်လဲ၍ကျလေ၏။ တောဆင်ရိုင်းကြီး တစ်ကောင် မုန်ယို၍ သောင်းကျန်းနေသည်နှင့်မခြား ကြောက်မက်ဖွယ်ရာ ကောင်းလှပေတော့၏။
မုတ်ဆိတ်ဖြူကြီးသည် ကျောက်တုံးကလေး တစ်တုံးပေါ်တွင်ထိုင်၍ သူ၏လွယ်အိတ်အတွင်းမှ ကြွေရေနွေးခရားကလေးတစ်လုံးကို ထုတ်လိုက်လေ၏။
ထိုခရားကလေးမှာ သက္ကလတ်စများဖြင့် အထပ်ထပ် ရစ်ပတ်ထားသည်ဖြစ်ရာ မုတ်ဆိတ်ဖြူကြီးသည် ထိုသက္ကလတ်စများကို တစ်ထပ်ပြီး တစ်ထပ်ခွာချပြီးနောက် လွန်စွာသေးငယ်သော ကြွေပန်းကန်ကလေးတစ်လုံးကို နှိုက်ယူပြန်လေ၏။
ထို့နောက် ကြွေခရားလေးအတွင်းမှ ရေနွေးကြမ်း အနည်းငယ်ကို ပန်းကန်အတွင်းသို့ ငှဲ့ထည့်လိုက်ပြီးလျှင် အေးဆေးစွာ ရေနွေးကြမ်းသောက်ရင်း လူဆိုးကြီး ပြုလုပ်သမျှကို ပွဲကြည့်သကဲ့သို့ ထိုင်၍ ကြည့်နေလေတော့၏။
လူဆိုးကြီးသည် ဓားဖြင့် သစ်ပင်များကို ခုတ်ထစ်နေပြန်၏။ သစ်ပင်များသည်လည်း ‘တဝုန်းဝုန်း’နှင့် တောပျက်လုမတတ် မြည်ဟည်း နေလေတော့၏။
ထို့နောက် သူသည် အစွမ်းပြခြင်းကို ရပ်လိုက်ကာ မုတ်ဆိတ်ဖြူကြီး အနီးသို့ လျှောက်လာပြီးလျှင်
“မုတ်ဆိတ်ဖြူကြီး မြင်ပြီ မဟုတ်လား”ဟု ဣန္ဒြေရရ မေးလိုက်လေ၏။
“အေး မြင်တယ်ကွ၊ သစ်တောကန်ထရိုက် ဆွဲတဲ့လူတွေအဖို့တော့ မင်းဟာ အသုံးဝင်လိမ့်မယ်၊ သစ်ခုတ်သမားများများ မငှားရတော့ဘူးပေါ့
ကွာ၊ မင်းတစ်ယောက်တည်းနဲ့ကိုပဲ အများကြီးခုတ်နိုင်တာပဲကွာ၊ ကဲ ဒီတော့ သစ်ခုတ်သမားကြီးရေ မောနေရင် ရေနွေးကြမ်း သောက်ပါဦးလား” ဟု ဆိုကာ ရေနွေးကြမ်းတစ်ခွက် ငဲ့၍ပေးလေ၏။
ထိုအခါ လူဆိုးကြီးက
“သစ်ပင်ကြီးတွေတောင် ကျုပ်ရဲ့ ဓားချက်ကို မခံနိုင်ဘူး၊ လူဆိုရင် ဘယ်လိုဖြစ်သွားမယ်ဆိုတာ စဉ်းစားမိရဲ့လား”ဟု ဒေါနှင့်မောနှင့် ပြန်၍ ၊ မေးလိုက်လေ၏။
“ဟေ့ကောင် သူခိုး၊ မင်း တော်တော်ညံ့တဲ့ကောင်ပဲ၊ သစ်ပင်ကို နှိပ်စက်လို့ရတာနဲ့ လူကို နှိပ်စက်လို့ရမယ်လို့ ထင်နေတာကိုး၊ သစ်ပင်ကအသက်မရှိဘူးကွ၊ မင်း လုပ်သမျှ ငြိမ်ပြီးခံနေရမှာ၊ လူဆိုတာက ဒီလို မဟုတ်ဘူးကွ”ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်ရာ လူဆိုးကြီးသည် မုတ်ဆိတ်ဖြူကြီး၏လည်တိုင်ကို ဓားဖြင့် တအားဝင့်၍ ပိုင်းချလိုက်လေတော့၏။
မုတ်ဆိတ်ဖြူကြီးက တုတ်ဖြင့်ခံ၍ လူဆိုးကြီး၏ခြေခုံကို တုတ်စ ဖြင့်ပင် ထောင်းလိုက်လေ၏။ လူဆိုးကြီးသည် နောက်သို့မဆုတ်ဘဲ “တွက်ဓား’ကို အသုံးပြု၍ ခုတ်၏။ .
မုတ်ဆိတ်ဖြူကြီးက တုတ်ဖြင့်ကော်၏။ လူဆိုးကြီးက “မိုးဓား”ကို အသုံးပြု၍ ပိုင်းချ၏။ မုတ်ဆိတ်ဖြူကြီးက သူ၏တုတ်ဖြင့် ပင့်၍ရိုက်၏။ လူဆိုးကြီးက ထိုးဓားကို အသုံးပြု၍ ကပ်၏။ မုတ်ဆိတ်ဖြူကြီးက သူ၏ တုတ်ကို စကြာကဲ့သို့ လှည့်၍ခံ၏။ လူဆိုးကြီးက ခုန်၍တိုက်ခိုက်၏။ မုတ်ဆိတ်ဖြူကြီးက လျှို၍ တိုက်ခိုက်လေ၏။ .
၎င်းတို့၏ တိုက်ပွဲသည် လွန်စွာပြင်းထန်လှပေ၏။ ၎င်းတို့နှစ်ဦး သည် ကွမ်းတစ်ယာညက်ခန့် အပြင်းအထန် တိုက်ခိုက်ကြပြီးနောက် အရှုံးအနိုင်မရှိ သရေပွဲအဖြစ်ဖြင့် တိုက်ပွဲကို ရပ်ဆိုင်းပစ်လိုက်ကြလေတော့ ၏။
ထိုသို့ ရပ်ဆိုင်းပြီးနောက် မုတ်ဆိတ်ဖြူကြီးက ရေနွေးတစ်ခွက် ငဲ့၍သောက်၏။ လူဆိုးကြီးကိုလည်း တစ်ခွက်ငဲ့၍ ပေး၏။
လူဆိုးကြီးသည် မုတ်ဆိတ်ဖြူကြီး ငဲ့၍ပေးသော ရေနွေးကြမ်းကို ယူ၍သောက်ရင်း
“မုတ်ဆိတ်ဖြူကြီး မမောဘူးလား”ဟု မေးလိုက်လေ၏။
“နောက်ထပ် တစ်နာရီအထိတော့ ငါ့အနေနဲ့ မမောနိုင်သေးဘူးကွ၊ ငါ့ ရဲ့ ဆေးကတော့ ဟောဒီရေနွေးကြမ်းပါပဲကွာ၊ ဟောဟိုကျောက်တုံး မှာ သွားထိုင်စမ်းပါကွာ၊ မင်းနဲ့ငါနဲ့ အေးအေးဆေးဆေး ဖြေရှင်းကြတာ ပေါ့၊ အဖြစ်အပျက်ကတော့ ဒီလိုဖြစ်လိမ့်မယ်၊ မိန်းမတစ်ယောက်ဟာ လင်ကောင်မပေါ်ဘဲ ဟောဒီကလေးကိုမွေးပြီး ဒီမှာလာပစ်တာကွ”ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏။
ထိုအခါ လူဆိုးကြီးက
“ပစ်လောက်တဲ့ အကြောင်းရှိလို့ လာပြီးပစ်တာပေါ့၊ ဒါပေမဲ့ ခင်ဗျား ပြောသလို လင်ကောင်မပေါ်တဲ့ အကြောင်းတစ်ခုတည်းနဲ့တော့ ပစ်ဖို့ မလိုပါဘူး၊ လင်မရှိဘဲနဲ့တော့ ဒီမိန်းမဟာ ဒီကလေးကို ဘယ်လို လုပ်ပြီး ရမှာတုံးဗျ၊ လင်တော့ ရှိမှာပေါ့ဗျာ၊ ကျုပ် ပြောတာက ဒီလိုပါ။ ဒီကလေးရဲ့ အဖေဟာ ဒီလောကကြီးမှာရှိတဲ့ လူယောက်ျားတွေထဲက တစ်ယောက်သော လူယောက်ျားပေါ့ဗျာ၊ အဲဒါကလဲ မပြောဘဲ လူတိုင်း သိတဲ့ ကိစ္စပါ၊ ဒီအတွက် ဘာများရှက်စရာ ရှိလို့တုန်း၊ ဒီက လူတစ်ယောက် ဖြစ်နေပြီပဲ၊ ဒီထက် ဘာမှပိုပြီး ထိခိုက်နစ်နာဖို့ မရှိပါဘူး၊ ဒီကမ္ဘာလောကကြီးမှာ အဖေမဲ့သွားတဲ့ သားတွေ အများကြီးပဲ။ စောစောမဲ့တာနဲ့ နောက်ကျပြီးမှ မဲ့တာ၊ ဒါပဲကွာတယ် မဟုတ်လား”ဟု ပြောလိုက်လေ၏။
ထိုအခါ မုတ်ဆိတ်ဖြူကြီးက
“ဘာပဲဖြစ်ဖြစ် ဒီကလေးကိုတော့ မင်း ယူလို့မဖြစ်ဘူး၊ မင်းနဲ့ နေရင် ဒီကလေးဟာ သူခိုးပဲ ဖြစ်လာမယ်”ဟု ပြောလိုက်လေ၏။ ”
ထိုအခါ လူဆိုးကြီးက တဟားဟား ရယ်မော၍
“ခင်ဗျားလဲ တော်တော်ညံ့တဲ့ အဘိုးကြီးပဲ၊ သူခိုးတစ်ယောက်ဟာ အဖေတစ်ယောက်ဖြစ်ခွင့် မရှိဘူးလားဗျာ၊ ပြီးတော့ ကျုပ်ဟာ အခုနေ အခါမှာတော့ သူခိုးပေါ့ဗျာ၊ လူဆိုးပေါ့ဗျာ၊ ဒါပေမဲ့လဲ တော်တော်ကြာတော့ လူကောင်းတစ်ယောက် ဖြစ်လာနိုင်တာပဲ၊ ဒီကလေးကို ကျုပ် ယူမယ်ဗျာ ခင်ဗျားနဲ့တော့ ပေးလိုက်လို့ မဖြစ်ဘူး၊ ခင်ဗျားဟာ အသက်ကြီးလှပြီ” ဟု ပြောလိုက်လေ၏။ ”
“ဟေ့ကောင် သူခိုး၊ ငါ့ရဲ့ အသက်ကြီးခြင်းကို မင်းက အပြစ်တစ်ခု လို့ ပြောချင်တာလား၊ အသက်ကြီးတာဟာ အပြစ်မဟုတ်ဘူး၊ အားနည်း ချက်လဲ မဟုတ်ဘူး၊ ငါဟာ ဗဟုသုတနဲ့ ပြည့်စုံတယ်၊ ဒီကလေးဟာ ငါနဲ့ကြီးရင် အကျိုးရှိမယ်၊ မင်းကတော့ ဗဟုသုတလဲ မရှိဘူး၊ စာတွေ ပေတွေလဲ တတ်မယ့်ကောင်စားမျိုး မဟုတ်ဘူး၊ မင်းနဲ့ကြီးရရင်တော့ ဒီကလေးဟာ နလပိန်းတုံးတစ်ယောက် ဖြစ်သွားလိမ့်မယ်၊ အဲဒါကို ငါ စိုးရိမ်တာ၊ ဒီလောကကြီးမှာ နလပိန်းတုံး လူသားတစ်ယောက် အတိုးမခံနိုင်ဘူးကွ”ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏။
“လူတွေကို ဒုက္ခအပေးဆုံးအရာဟာ စောစောက ခင်ဗျားပြောတဲ့ ဗဟုသုတတွေပေါ့။ ဒီကလေးကို ခင်ဗျားလက်ထဲ မထည့်ရက်တာဟာ အဲဒီကိစ္စပဲ၊ ကလေးကို ဗဟုသုတတွေနဲ့ အကျဉ်းအကြပ်ကျနေအောင် ခင်ဗျားက လုပ်ပစ်တော့မှာ၊ ဒီမှာ မုတ်ဆိတ်ဖြူကြီး၊ သနားစရာကောင်းတဲ့ ကလေးတစ်ယောက်ကို ရက်စက်တော့မှာလားဗျာ၊ ဘာမှအသုံးမဝင်တဲ့ ဗဟုသုတတွေနဲ့ ကလေးကို နှိပ်စက်တော့မှာလား၊ အဲဒီလိုဆိုရင် ဒီကလေးဟာ ဘယ်တော့မှ လွတ်လပ်မှု ရှိတော့မှာ မဟုတ်ဘူး၊ ဗဟုသုတတွေ၊ ကြားဖူးနားဝတွေဟာ စိတ်ရှုပ်ဖို့ ကောင်းပါတယ်ဗျာ၊ နောက်တော့ အဲဒါ တွေကို ပညာလို့ထင်လာရော၊ အဲဒါတွေကို ဉာဏ်လို့ ထင်လာပြန်ရော၊ အမှန်က ဗဟုသုတတွေ၊ ကြားဖူးနားဝတွေဟာ ပညာလဲ မဟုတ်ဘူး၊ ဉာဏ်လဲ မဟုတ်ဘူး၊ အဲဒါတွေဟာ အမှိုက်တွေပဲ၊ ကလေးဟာ ကျုပ်နဲ့ နေခွင့်ရရင် သူဟာ ကျုပ်လို လူဆိုးကြီး ဖြစ်ချင်လဲဖြစ်မယ်၊သူခိုးကြီး ဖြစ်ချင်လဲဖြစ်မယ်၊ ဒါပေမဲ့ သူ့ရဲ့ စိတ်ဟာတော့ အတော်ကိုပဲ ပေါ့ပါး လွတ်လပ်နေမယ်၊ ဘယ်လောက်ကောင်းသလဲ”ဟု လူဆိုးကြီးက ပြောလိုက်ပြီးနောက် ကလေး၏မျက်နှာကို ငုံ့၍ကြည့်လိုက်လေ၏။
ထိုအခါ မုတ်ဆိတ်ဖြူကြီးက ရေနွေးကြမ်းကို ငဲ့သောက်ရင်း
“ဒီမှာ သူခိုး၊ ငါတို့ဟာ ကလေးကို ချစ်ကြတယ်။ ဒီကလေးမှ ချစ်တာ မဟုတ်ဘူး၊ ကလေးတိုင်းကို ချစ်ကြတယ်ကွ၊ အဲဒါကို မင်း အနေနဲ့ သတိပြုမိရဲ့လား”ဟု မေးလိုက်လေ၏။
“ခင်ဗျားပြောသမျှ စကားထဲမှာ ဒီစကားတစ်ခုပဲ ကျုပ်ရဲ့ နားထဲကို ချောချောမောမော ဝင်သွားတယ်၊ ဟုတ်တာပေါ့ဗျာ၊ ကလေးဆိုတာ ချစ်ဖို့ကောင်းတဲ့အရာပဲ၊ ကျုပ်ကတော့ ဘယ်ကလေးမဆို မြင်တာနဲ့ ချစ်တာပဲဗျာ၊ သူတို့ရဲ့ မျက်နှာကလေးက အဲဒီလိုချင်စရာဖြစ်အောင်ကို သဘာဝတရားကြီးက လုပ်ပေးထားတာပဲ” ဟု လူဆိုးကြီးကပြောလိုက်လေ၏။
ထိုအခါ မုတ်ဆိတ်ဖြူကြီးက
“ဘယ်ကလာ သဘာဝတရားကြီးက ကလေးမျက်နှာကို ချစ်စရာ ကောင်းအောင် လုပ်ရမှာတုန်း၊ ကလေးရဲ့ အတွင်းမနောကိုက ချစ်စရာ ကောင်းအောင် ဖန်တီးထားတာကွ၊ ကလေးမှာက လောဘကလဲ မရှိဘူး၊ ဒေါသလဲ မရှိဘူး မဟုတ်လား၊ အဲဒီတော့ သူရဲ့ အတွင်းဓာတ်ခံက ကြည်လင်သန့်ရှင်းနေတာပေါ့၊ အဲဒါကြောင့် သူတို့မျက်နှာကလေးတွေဟာ ၊ ချစ်စရာ ဖြစ်နေတာကွ၊ ဘာမှ ဗဟုသုတမရှိတဲ့ သူခိုးရဲ့”ဟု ပြောလိုက်လေ၏။
“ကျုပ် ပြောတယ် မဟုတ်လား၊ ဗဟုသုတတွေဟာ ဒုက္ခပေးတယ် လို့၊ ခင်ဗျားဟာ ဘာမှအသိဉာဏ်မရှိတဲ့ အဘိုးကြီးပဲ၊ လောဘ၊ ဒေါသ ဆိုတာတွေဟာ မကောင်းဘူးဆိုတဲ့ စကားတွေကို ကြားဖူးနားဝတော့ ရှိတယ်၊ အဲဒါကြောင့် ချစ်စရာကောင်းတဲ့ကလေးမှာ ခင်ဗျားရဲ့ ဗဟုသုတ နဲ့ လောဘ၊ ဒေါသဆိုတဲ့ အရာနှစ်ခုကို နှုတ်ပြီးစဉ်းစားတာကိုး၊ ကလေး လောက် ဒေါသကြီးတာ ရှိမလားဗျာ၊ ဒေါသကိုလဲ ကလေးဟာ ဘယ်တော့မှ ချုပ်တည်းခြင်း မပြုဘူး၊ ငိုတာလဲ ဘယ်တော့မှ ချုပ်တည်းခြင်း မပြုဘူး၊ ငိုတာဟာ ကလေးရဲ့ ဒေါသ သင်္ကေတပေါ့ဗျ၊ ဆာရင်လဲ ငိုတာ ပဲ၊ အဲဒါ လောဘရဲ့ သင်္ကေတပေါ့ဗျာ၊ ကလေးဟာ ဘာကိုမှ မသိဘူး၊ အိပ်ချင်ရင် အိပ်လိုက်တာပဲ၊ တစ်ရက်မှာ နာရီနှစ်ဆယ်လောက်ကို အိပ်တယ်၊ ကျုပ်က ကလေးကိုချစ်တာဟာ အဲဒီလို ငိုတတ်လို့၊ ဒေါသကြီး တတ်လို့၊ လောဘကြီးတတ်လို့၊ ဘာမှမသိဘဲ အိပ်ချင်တဲ့အခါ အိပ်လိုက်၊ ငိုချင်တဲ့အခါ ငိုလိုက်လုပ်တတ်လို့ကို ချစ်တာ၊ လုပ်တတ်တယ်ဆိုပေမဲ့ သူကလုပ်တာ မဟုတ်ဘူး၊ သဘာဝကြောင့် ဖြစ်နေတာ၊ ကျုပ်က သဘာဝ ကိုချစ်တာ၊ ခင်ဗျားလို ဗဟုသုတတွေ၊ စာအုပ်ကြီးတွေက ကလေးဆိုသည် မှာ မည်သည့်အတွက် ချစ်စရာ ကောင်းပါသည်ဆိုတဲ့ အဆိုအမိန့်တွေ ၊
ကြောင့် ချစ်တာ မဟုတ်ဘူး၊ ကျုပ်ရဲ့ ချစ်ပုံချစ်နည်းက လွတ်လပ်တယ်။ သဘာဝကျတယ်၊ ကဲပါ မုတ်ဆိတ်ဖြူကြီးရယ်၊ ဒီကလေးကို ကျုပ်ပဲ ယူ သွားပါ့မယ်၊ ခင်ဗျားကိုယ်မှာက ဗဟုသုတတွေနဲ့ ပြည့်နေလေတော့ကလေးကို ချစ်ဖို့နေရာ မရှိပါဘူး” ဟု လူဆိုးကြီးက ပြောလိုက်လေ၏။
“မင်း လက်ထဲကို ကလေး အပါမခံနိုင်ဘူး၊ လူသားတွေကို နှောင့်ယှက်မယ့် သတ္တဝါတစ်ကောင် တိုးလာမှာကိုတော့ ငါ့အနေနဲ့ ကာကွယ်ရလိမ့်မယ်”ဟု မုတ်ဆိတ်ဖြူကြီးက ပြောလိုက်လေ၏။
“ဪ.. မုတ်ဆိတ်ဖြူကြီး၊ သနားစရာကောင်းလိုက်တာ၊ ခင်ဗျား ဟာ ဗဟုသုတတွေပိနေတဲ့ ပြိတ္တာကြီး တစ်မျိုးပါလား၊ လူသားတွေကို မနှောင့်ယှက်ရဘူး၊ လူသားတွေဘက်က ကာကွယ်ပေးရမယ်၊ လူဆိုး သူခိုးတွေဟာ လူသားတွေကို နှောင့်ယှက်နေတဲ့အကောင်တွေ၊ လူ့လောကကြီးကို ဖျက်ဆီးပစ်နေတဲ့ အကောင်တွေ၊ ဒီအကောင်တွေကို ဆန့်ကျင်ရမယ်လို့ ယူဆထားတာကိုး၊ သနားဖို့ ကောင်းလိုက်တာဗျာ၊ ဒီမှာ မုတ်ဆိတ်ဖြူကြီးရဲ့ ၊ လောကဆိုတာ တကယ်တမ်းပြောရရင် ဘယ်သူ ဘယ်သူကမှ ဘယ်သူ့ကို မနှောင့်ယှက်နိုင်ဘူး၊ အဲဒီလိုပဲ ကူလဲမကူညီ နိုင်ဘူး၊ ဒါပေမဲ့ လူတွေက ကူညီနိုင်တယ်၊ နှောင့်ယှက်နိုင်တယ်လို့ ထင်နေကြတာ၊ အကောင်းတွေချည်း တည်ဆောက်လို့ မရဘူး၊ အဆိုးတွေလဲ ပါဝင်ရမယ်၊ အဆိုးတွေကို အကောင်းတွေနဲ့ တန်းတူပါဝင်ခွင့် ပြုထား ရတယ်၊ ချစ်စရာကောင်းတဲ့ ယုန်သတ္တဝါ ကလေးတွေရှိသလို၊ ကြောက်စရာကောင်းတဲ့ ကျားသတ္တဝါတွေ ရှိရမယ်၊ ကြည်နူးစရာကောင်းတဲ့ မိုးစွေငှက်တွေရှိသလို အရုပ်ဆိုး အကျည်းတန်တဲ့ လင်းတလိုကောင်တွေလဲ ရှိရမယ်၊ လှပပြီး ကိုယ့်အနားမှာ ထားချင်လောက်အောင် မက်မောစရာကောင်းတဲ့ ဒေါင်းငှက်တွေရှိသလို စက်ဆုပ်ရွံရှာဖွယ်ရာကောင်းတဲ့ မြွေ သတ္တဝါလို ကောင်တွေလဲ ရှိရမယ်၊ အဲဒီကောင်တွေကလဲ တစ်ဦးကို တစ်ဦးက နှောင့်ယှက်ကြတယ်လို့ ထင်ရပေမယ့် တကယ်က မနှောင့်ယှက် နိုင်ဘူး၊ ဥပမာ- မြွေဟာ ကျန်တဲ့သတ္တဝါတွေကို နှောင့်ယှက်ဖျက်ဆီးပစ် တယ်လို့ ထင်ရပေမဲ့ တကယ်ကတော့ မနှောင့်ယှက်နိုင်ပါဘူး၊ အဲဒီလို မနှောင့်ယှက်နိုင်တဲ့အတွက် တခြားသတ္တဝါတွေဟာ လောကကြီးထဲက
ပျောက်မသွားသေးတာပေါ့၊ နို့မို့ရင် မြွေကိုက်လို့ သေကုန်တာနဲ့ လောက ကြီးဟာ ဆိက်သုန်းသွားရတော့မှာပေါ့၊ ဒီလိုမဟုတ်ပါဘူး၊ သဘောပေါက်စမ်းပါဗျာ၊ ခင်ဗျားရဲ့ အသုံးမကျတဲ့ ဗဟုသုတတွေနဲ့ တစ်ဖက်စောင်းနင်း မစဉ်းစားစမ်းပါနဲ့”ဟု လူဆိုးကြီးက ပြောလိုက်ရာ မုတ်ဆိတ်ဖြူကြီးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားလေတော့၏။
ထိုအခါ လူဆိုးကြီးက
“ဒီကလေးကို ခင်ဗျားက ပြုစုပျိုးထောင်ချင်တယ်၊ လူကောင်း တစ်ယောက်၊ ဗဟုသုတပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်လာအောင် မွေးချင် တယ်၊ ကျုပ်ကလဲ လွတ်လပ်တဲ့လူတစ်ယောက်၊ ထားပါတော့၊ သူခိုး တစ်ယောက်ဖြစ်လာအောင် မွေးချင်တယ်၊ ဒါပေမဲ့ တကယ့်တကယ်ကျတော့ အဲဒီလိုဖြစ်ချင်မှ ဖြစ်လာမှာပါ၊ ကျုပ်ဆီမှာနေပြီး လူကောင်းဖြစ်ချင်လဲ ဖြစ်မယ်၊ လူဆိုးကြီး ဖြစ်ချင်လဲ ဖြစ်သွားလိမ့်မယ်၊ ဒီတော့ ခင်ဗျားနဲ့ကျုပ် ၊ အငြင်းအခုန် လုပ်နေမယ့်အစား ကလေးကို မဲချပြီး ယူကြမယ်ဗျာ”ဟု ပြောဆိုလိုက်ရာ မုတ်ဆိတ်ဖြူကြီးက သဘောတူလိုက်လေတော့၏။
ထို့နောက် မုတ်ဆိတ်ကြီးသည် ၎င်း၏ အိတ်အတွင်းမှ ကြေးနီ ပိုက်ဆံကလေးအား အပေါ်သို့ မြှောက်တင်လိုက်လေ၏။ ပိုက်ဆံကလည်း ချွင်ခနဲမြည်ကာ အပေါ်သို့တက်၍သွားကာ မြေပေါ်သို့ ပြန်ကျလာပြီးလျှင်
ကျောက်တုံးနှစ်တုံး အကြားသို့လိမ့်၍ ဝင်သွားသဖြင့် မုတ်ဆိတ်ဖြူကြီး နှင့် လူဆိုးကြီးတို့သည် ပိုက်ဆံကလေး ဝင်သွားရာ ကျောက်တုံးအကြားသို့ ” ပြေးသွား၍ အလုအယက် ကြည့်ရှုကြလေတော့၏။
ထိုအချိန်မှာပင် ကလေးငယ်အား တင်ထားရာ ကျောက်တုံးကလေး ဆီမှ တစ်စုံတစ်ယောက်ကို ရိပ်ခနဲ တွေ့မြင်လိုက်ရသဖြင့် နှစ်ယောက် စလုံးသည် ပိုက်ဆံအဝိုင်းကလေးကို မကြည့်ဖြစ်တော့ဘဲ ထို ရိပ်ခနဲ မြင်လိုက်ရာသို့ကြည့်လိုက်ရာ မိန်းကလေးတစ်ဦးသည် ကလေးငယ်အား ပွေ့ချီ၍ ထွက်သွားသည်ကို တွေ့ကြရတော့၏။
“ဟေ့ ဘယ်လိုလုပ်တာလဲ”ဟု လူဆိုးကြီးက ကလေး၏မိခင်ကို လှမ်း၍ မေးလိုက်လေ၏။
“ရှင်တို့နှစ်ယောက် ပြောဆိုနေတာတွေကို ကျွန်မ အကုန်လုံး ကြားပါတယ်၊ ရှင်တို့နှစ်ယောက်သတ်ကြ၊ ပုတ်ကြတာကိုလဲ မြင်ပါတယ်၊ ကျွန်မ ဟောဟိုချုံကွယ်ကနေ ကြည့်နေတာပါ၊ ကျွန်မရဲ့ ကလေးဟာ
ဘယ်လောက်တောင် အရေးကြီးတယ်၊ ဘယ်လောက်မွေးဖို့ ကောင်းတယ် ဆိုတာ ကျွန်မ နားလည်သွားပါပြီ၊ အခု သူ့ကို မပစ်ရက်တော့ပါဘူး၊ သူ့အဖေ ဘယ်သူဘယ်ဝါဖြစ်တယ်လို့ ပြောခွင့်မရရင်လဲ ကိစ္စမရှိတော့ပါဘူး၊ သူဟာ လူသားတစ်ယောက်ပါပဲလေ၊ ကျွန်မ သွားတော့မယ်နော်” ဟု ထိုမိန်းကလေးက ပြန်၍ပြောကာ ကလေးငယ်ကိုပိုက်၍ ပြေးသွား လေတော့၏။
ထိုအခါ ‘မုတ်ဆိတ်ဖြူကြီးက ကျောက်တုံးနှစ်လုံးအကြားမှ ကြေးနီ ပိုက်ဆံကလေးကို ငုံ့၍ကြည့်ပြီးလျှင်’
“ဟေ့ကောင် လူဆိုး၊ ခေါင်းကျတယ်ကွ၊ နို့မို့ရင် ငါရမှာ” ဟု ပြောလိုက်ရာ မဟာမြိုင်ဓားသမား လူဆိုးကြီးက
“ခင်ဗျားထက် ရထိုက်တဲ့သူက လာပြီးယူသွားပြီ၊ခေါင်းပဲကျကျ၊ ပန်းပဲကျကျ အရေးမကြီးတော့ဘူး၊ ဒါကြောင့် ကျုပ် ပြောတာပေါ့။ ဘာမှလုပ်ယူလို့ မရဘူး၊ အခုကြည့်လေ၊ ခင်ဗျားရဲ့ ဗဟုသုတအရ စဉ်း စားရင် ခေါင်းပန်းလှန်မယ်၊ ခေါင်းကျရင် ခင်ဗျား ရမယ် မဟုတ်လား၊
အခု ခေါင်းကျပြီလေ၊ ဒါပေမဲ့ ခင်ဗျား မရဘူး၊ သဘောပေါက်စမ်းပါ မုတ်ဆိတ်ဖြူကြီးရယ်၊ သဘောပေါက်ရင် လောကကြီးက ပျော်ဖို့ကောင်း
ပါတယ်”ဟု ပြောဆိုကာ တဟားဟားရယ်မော၍ တောအုပ်ထဲသို့ ဝင်သွားလေတော့သတည်း။
[သဗ်ဗသေတ်တာ ကမ်မဿကာ]