မေတ္တာပန်းသည် ဒေါ်အေးသွယ်(စ/ဆုံး)
——————————————
“ဟဲ့..အကုသိုလ်မတွေ အကုသိုလ် အကောင်တွေ
မရှိ တောင်းစားစမ်းပါတော် ။
မိအေးသွယ်တို့က ကိုယ့် ရှိတာပေးလိုက်မယ့်အပြင်
လိုချင်သေးရင် စားထားတာကိုပါ
ပြန်အန်ထုတ်ပေးလိုက်မယ့် ကောင်မမျိုးပါ။
ဘယ့်နှယ့်တော်..အိုကြီးအိုမ တောင်းရမ်းမစားပဲ
ကိုယ့်ဝမ်းစာ ကိုယ်ရှာကျောင်းနေတဲ့
ပန်းသည်ဆီက ဟင်းစားအထုပ်ကိုမှ ငရဲ
မကြောက် ဘာမကြောက် ခိုးရဝှက်ရသလားဟဲ့။
ခိုးတာကမှ တစ်ခါ နှစ်ခါလဲမဟုတ် ဘယ့်နှယ့်အေ
အပတ်တိုင်းလိုလိုကို ဖြစ်နေပြီ နင်တို့ဟာက
ကိုယ်ချင်းလဲမစာ မလွန် လွန်းဘူးလား။
သူများ မသထာရေစာ အပူစာကို စားလဲစားနိုင်
မျိုလဲမျိုကျနိုင်တဲ့ ဂျပန်ခေတ်က မျိုးမတုန်းပဲ
ကျန်ခဲ့တဲ့ လက်ကျန် သူတောင်းစား ခွေးသခိုးတွေ။”
မနက်ခင်း ဆယ်နာရီခွဲ ကျော်ကျော်လောက်မှာတော့ မနှင်းရုံတို့စျေးထဲမှာ လူအတော်လေးရှင်းလို့
စျေးကလဲ တစစ ကွဲစ ပြုသွားပါပြီ။
အဲ့အချိန်မှာ ပေါ်ထွက်လာတဲ့ ဒေါ်အေးသွယ်ရဲ့
ခပ်စာစာ ခပ်တုန်တုန် အသံက မနှင်းရုံတို့
စျေးလမ်းလေးထဲ ဟိန်းလို့ထွက်လာတယ်။
ဒညင်းသီးတွေကို ဝယ်သူနဲ့ လူလေးရှင်းသွားတုံး
အကြီးအသေး အနုအရင့် ပြန်ခွဲပြီးထုတ်လို့
သုံးရာတန် ငါးရာတန် အပုံလေးတွေ သက်သက်စီ
ခွဲထုတ်လို့ ပုံနေတဲ့ မနှင်းရုံက ကိုယ့်မျက်စောင်းထိုးနားက အော်လိုက်တဲ့ အသံပိုင်ရှင် ပန်းသည်
ဒေါ် အေးသွယ်ကို ဖျတ်ခနဲ လှမ်းလို့
ကြည့်လိုက်မိတယ်။
သူ့ ပန်းထည့်ထားတဲ့ စျေးဗန်းကို ရှေ့ချထားပြီး
ထမီကို ဒူးနားအထိ မတင်လို့ ခွေးချေခုံပုလေးမှာ
ဒူးနှစ်ချောင်းထောင် စိတ်ပျက်လက်ပျက် ထိုင်နေတဲ့
ဒေါ်အေးသွယ်ရဲ့ ရင်ဘတ်ကလဲ ဖားဖိုကြီးလို
ပိန်လိုက် ဖောင်းလိုက် ဖြစ်နေလေရဲ့။
အင်း..သူ့မလဲ ပြသနာပါပဲ..။
လူတွေကလဲ..ဟုတ်လဲ…ဟုတ်ပါတယ်။
အဲ့သူခိုးတွေက… ခိုးစရာရှားလို့.. သူ့ဟင်းစား
အထုတ်ကိုမှ ရက်ခြား ရက်ခြား ခိုးယူရသတဲ့လား ။အေးလေ ဒေါ်အေးသွယ်က အသက်ကြီးတော့ သူတို့
သူ့ဆီက ခိုးရ ဝှက်ရ ပိုလို့ လွယ်ကူလို့ ဖြစ်မှာပေါ့။
ခမျာများ အသက်ကြီးတော့ ဒေါသနဲ့သာ
အော်လိုက်လို့ထင်ပါရဲ့ အခုမောနေရှာပြန်ပြီ။
ခုဏ ဝယ်ထားတဲ့ အအေးဘူးလေးထဲက တစ်ဝက်လောက်တော့ သူ့ကို သွားတိုက်လိုက်အုံးမှပါပဲ။ဘယ်လိုမဆို နောက်တခါတော့ ဒေါ် အေးသွယ်ဟင်းစားထုတ်ကို လာခိုးတဲ့သူကို
ငါလဲ သတိထားပြီး
စောင့်ကြည့် ကူဖမ်းပေးမှ ရတော့မယ်။
ပိုက်ဆံခြင်းကို လက်မှာချိတ်လို့ Royal.D
အအေးဘူးလေးကို ယူလိုက်ရင်း မနှင်းရုံက
ဒေါ်အေးသွယ်ရဲ့ အနားကို သွားဖို့ သူ့ ကုန်စိမ်း
ရောင်းတဲ့ ဆိုင်ခုံထဲက ထွက်ခဲ့လိုက်တယ်။
“ရော့..ဒါလေးသောက်လိုက်အုံး အကြီး..
အခုတစ်ခါ…ဘာထုတ်ပါသွားတာလဲ။”
မနှင်းရုံရဲ့အမေးကို ဒေါ်အေးသွယ်က သူ့ရဲ့
ပခုံးပေါ်တင်ထားတဲ့ စွပ်ကျယ်စုတ်လေးကို
ယူလို့ နဖူးနဲ့နားထင်က စီးကျလာတဲ့ ချွေးတွေကို
ခပ်ဖွဖွ ဖိသုတ်လိုက်ရင်းက ဖြေတယ်။
“အေး..ကျေးဇူးတင်ပါတယ် မိနှင်းရုံရယ် ။
ဒေါသဖြစ်ဖြစ်နဲ့မို့သာ အော်ဆဲမိတာပါအေ ။
သူခိုးလဲ အခုအချိန် ဒီနားဘယ်ရှိတော့ပါ့မတုန်း ။
ယူပြီး လစ်ပြီပေါ့ဟယ် အသက်ကြီးလာတော့
အရင်လို မဟုတ်တော့ဘူးဟဲ့ နဲနဲပါးပါးလေး
အားထုတ် အော်လိုက်မိတာနဲ့ လူကမောလာရော။
ကြက်သားထုတ်ပါအေ…မနက်စောစောက ကြက်သည် မဝင်းဆီမှာ တမင်တကာ
အသားကောင်း ရင်အုံဘက် အခြမ်းရအောင်
သွားဝယ်ထားခါမှ ခိုးခံထိ ရတယ်လို့ဟယ်။
ငါလဲ အသား ငါးကို မစားပါဘူးအေ အိမ်က
အဖိုးကြီးနဲ့ ငါတို့ကလေး ပုလဲသွယ်တို့အတွက်
ဝယ်ထားတာမို့ ပိုဒေါသဖြစ်တာပါဟယ်။”
မနှင်းရုံကတော့ စကားပြောပြီးတာနဲ့ တပြိုင်နက်
အအေးဘူးကို တရစပ် တန်းလို့ ဂလု ဂလု
မြည်အောင် မော့ချလိုက်တဲ့ ဒေါ်အေးသွယ်ကို
ကြည့်လိုက်မိပြီး သက်ပျင်းသာ ချလိုက်မိပါရဲ့။အသက်ရကာမှ သားသမီး အားကိုးအားထား
မရှိဘဲ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားနေရတဲ့
အိုကြီးအိုမ ဘဝတွေက မနှင်းရုံတို့
မြန်မာပြည်မှာ ဘယ်နည်းလိမ့်မတုန်း။
အဲ့ထဲကမှ အခု ဒေါ်အေးသွယ်နဲ့သူ့ယောကျ်ား
ဦးဘပုတို့က ပိုဆိုး ကိုယ်နဲ့ သွေးမတော်
သားမစပ်တဲ့ ဘယ်သူမွေးမှန်းတောင် မသိရတဲ့
လမ်းဘေးက ကလေးကို သူတို့ကိုယ် သူတို့
ထက်တောင် ပိုအလိုလိုက် ပိုဂရုစိုက်ပြီး
တုန်နေအောင် ငုံထားမတတ် ချစ်ရှာတာလေ။
အေးလေ…အခုအချိန်မှာတော့ အဲ့ကလေးတောင် ဘာလိုလိုနဲ့ အရွယ်ရောက်လာခဲ့လိုက်တာများ
အခု မနှင်းရုံရဲ့သားနဲ့သမီးလိုဘဲ
ဆယ်တန်းနှစ်ကို ရောက်လာခဲ့ပြီဘဲ။
အင်း..ဒေါ်အေးသွယ်တို့ရဲ့လင်မယားရဲ့အဖြစ်ကလဲ
တကယ့်…ဝဋ်ကြွေးတစ်ခုပါပဲလား။
အချိန်တန်ရင် ကိုယ့်သားသမီးလောက်
ကိုယ့်အပေါ်ကို ဘယ်သူစိမ်း သားသမီးကများ
ပိုကောင်း ပိုဂရုစိုက် နိုင်မှာမို့လို့တုန်း။
အတောင်စုံလို့ ပျံထွက်သွားရင် သူတို့လင်မယား ရင်ကွဲလို့ ကျန်ရစ်ခဲ့မှာကို မြင်ယောင်မိပါရဲ့။
(နှစ်)
ဆယ်တန်းစာမေးပွဲကြီး ပြီးတော့…မနှင်းရုံရဲ့
ကလေးတွေက သူတို့သူငယ်ချင်းတွေနဲ့
ချာင်းသာကို အပန်းဖြေ ခရီး ထွက်ကြတယ်လေ။
မနှင်းရုံကလဲ လက်ထဲမှာ အရေးပေါ် သုံးဖို့ ဆိုပြီး သိမ်းထားရတဲ့ငွေလေးတွေ အားလုံးကို သူတို့
ပျော်ရအောင် မျက်လုံးစုံမှိတ် ထုတ်ပေးလိုက်တယ်။ဟုတ်တယ်လေ ကလေးတွေပျော်ဖို့ကသာ မိခင်
ဖြစ်တဲ့ မနှင်းရုံအတွက် အရေးကြီးတာ မဟုတ်လား ။
သူတို့ပညာတတ်ကြီးတွေဖြစ်ပြီး အလုပ်ကောင်းရရာထူးမြင့်မြင့်တွေများ ဖြစ်လာခဲ့ရင် မနှင်းရုံတို့က အေးအေးဆေးဆေး တီဗီလေးကြည့်လိုက် စားချင်တာလေးစားလိုက်နဲ့ သက်တောင့်သက်သာ နေရရုံဘဲမဟုတ်လား ဒါ့ကြောင့် အခုလို အချိန်မှာ ဒီလိုမျိုး
သူတို့လေးတွေအတွက် မနှင်းရုံက အခုလို
စျေးရောင်းပြီး အပင်ပန်းခံ ရှာဖွေနေရတာပေါ့။
အခုက အမေဖြစ်တဲ့ မနှင်းရုံတို့အလှည့်
ဟော နောက်ကျရင်တော့ သားသမီးတွေ
ဖြစ်တဲ့ သူတို့ အလှည့်ပေါ့။
ဒေါ်အေးသွယ်ရဲ့ မြေးမလေး ပုလဲသွယ်ကတော့
ဒေါ်အေးသွယ်က သူ့မှာရှိတာလေး ထုတ်ပေးပြီး
မနှင်းရုံတို့ရဲ့ သားသမီးတွေနဲ့ ချောင်းသာကို
လိုက်သွားခိုင်းပေမယ့် သူလေးကတော့ သူ့ရဲ့
မွေးစားအမေ ဒေါ်အေးသွယ်ရဲ့ ပိုက်ဆံကုန်မှာ
စိုးလို့ထင်ပါရဲ့လုံးဝ မလိုက်ရှာပါဘူး။
အဲ့တာကြောင့် ဒေါ်အေးသွယ်က ချောင်းသာ
မသွားလဲ ဘုရားဖူးတော့ သွားရမယ်ဟဲ့ အဲ့တာဆို
ငါ့အတွက်လဲ ဘုရားဖူးထွက်ဖူးတယ် ရှိတာပေါ့
ငါက အခုလို တစ်နေ့ တစ်ထောင် စျေးထဲမယ်
စုမဲကြေး ဝင်ထားတာက အဲ့သလို သူများတွေလို ခရီးသွားချင်လို့ဟဲ့ ဆိုပြီး သူ့ကလေးမလေး
ပုလဲသွယ်ကို မရ ရအောင်ကို ပြောပြီး ခရီးထွက်ဖို့
အဲ့လို မရ ရအောင်ကို အတင်း ခေါ်သွားခဲ့တာလေ။
မနှင်းရုံက ဆိုင်ပေါ်မှာ ယပ်တောင် တဖျပ်ဖျပ်
ခတ်ပြီး ဟိုတွေး ဒီတွေးလုပ်လို့ ထိုင်နေရင်းက
ဆိုင်ခုံပေါ်ကနေ အောက်ကို ဆင်းလိုက်တယ်။
ပြီး ခပ်လှမ်းလှမ်းက ဒေါ်အေးသွယ်ဆီ သူတို့
ဘုရားဖူး သွားခဲ့တဲ့ သတင်း ပုလင်းလေးမေးဖို့
ထွက်လာခဲ့မိတယ်။
“ဘယ်လိုလဲ ပျော်ခဲ့ရဲ့လား အကြီး။
ဘုရားရော ဖူးခဲ့ရသတဲ့လား
ဘာတွေဝယ်ခဲ့သေးတုန်း”
နှင်းဆီပန်း အနွမ်းတချို့နဲ့ တခြား အနာရှိတဲ့
ပန်းတွေကို ဖယ်ထုတ် အကောင်းကျန်တဲ့အပိုင်း
လေးတွေ ရွေးယူနေတဲ့ ဒေါ်အေးသွယ်က သူ့ရှေ့က
ပန်းပုံကြီးကြားထဲက ပန်းတွေထဲမှာ အနာတွေကို
ရှာဖွေပြီး ဖယ်ထုတ်သင့်တာထုတ် ပြန်စည်းသင့်တဲ့
ပန်းလေးတွေကို ပြန်စည်းလို့ လုပ်နေလေရဲ့။
ပြီး ယပ်တောင် တဖျပ်ဖျပ်ခပ်ရင်း သူ့နားကို
ရောက်လာရင်း မေးလိုက်တဲ့ မနှင်းရုံကို
ဒေါ်အေးသွယ် မျက်မှောင်ကျုံ့ရင်း ပြုံးစေ့စေ့နဲ့
စကားဆိုရင်း ကြည့်လေရဲ့။
“အမလေး မိနှင်းရုံရယ် ငါဖြင့် ညည်းကို
ပြော.မပြောချင်တော့ပါဘူးအေ။
ငါ့မယ် တောင်ပေါ်မှာက မြွေကြီးနှစ်ကောင်
ရှိသတဲ့ဆိုလို့ ကြည့်ချင် မြင်ချင်လွန်းလို့
ဒူးမကောင်းတဲ့ကြားက ကြိုးစားတက်တာ ဟော အပေါ်လဲရောက်ရော သူတို့ပြောတဲ့ မြွေကိုတော့
တွေ့ပါရဲ့ ဒါပေသိ ရုပ်တုမြွေရုပ်ကြီးသာ
ဖြစ်နေပါပကောအေ ငါနှယ့်..ငိုရခက်ရယ်ရခက်။”
ဒေါ်အေးသွယ် စကားကြောင့် ဖြတ်သွားဖြတ်လာ
မိန်းမတစ်ချို့က ခပ်အုပ်အုပ်ရယ်သွားတာကို
မနှင်းရုံက တခစ်ခစ် ရယ်မိရင်းကြားက
မြင်ဖြစ်အောင်ကို လှမ်းလို့ မြင်လိုက်ရပါသေးရဲ့။
အဲ့ဒီ့ ဒေါ်အေးသွယ်ဟာလေ ဖြစ်ကိုဖြစ်ရမယ်။
ဒေါ်အေးသွယ် က ပြောရင်း တခုခုကို
သတိရဟန်နဲ့ သူ့ကျိုးတို့ကျဲတဲ
သွားပြုတင်းပေါက်တွေ ပေါ်အောင်
တခစ်ခစ်ရယ်ပြီး သူ့စကားကို ဆက်ပြန်တယ်။
“ဟဲ့..ငါ့အဖြစ်က..ဒါတင်ဘဲလား ဆိုတော့..
ဘယ်ဟုတ်လိမ့်မတုန်း မိနှင်းရုံရယ် ။
ငါက ညည်းသိတဲ့အတိုင်း ပေါပေါလောလော ရောင်းချတဲ့ ဘယ်ပစည်းမဆို ဟုတ်ဟုတ်
မဟုတ်ဟုတ် သဘောကျတတ်တယ် မဟုတ်လား။
အဲ့တော့အေ ဘုရားက အပြန်မှာ ဘာစျေးလဲမသိ စျေးနာမည်ကိုတော့ ငါ မသိတော့ပေါင်အေ ။
အဲ့မှာ လူတွေက တိုးလို့ရယ် အဲ့မှာ ငါက အသံ
တစ်ခုကြားလိုက်ရတော့
စိတ်ဝင်စားသွားတယ်အေ့။
“လာနော်..လာနော်..ပိုက်ဆံအိတ်တွေ တန်မှတန် လွယ်မလား ကိုင်မလား ကြိုက်သလိုသာသုံး
အပေါတကာ့…အပေါဆုံးပါတဲ့ဗျာ။
ကဲ..ကဲ..လက်နှေးရင် ကျန်ရစ်ဖြစ်မယ် ခင်ဗျ။
အိတ်တွေ အိတ်တွေ အိတ်တစ်လုံးဝယ်ရင် နောက်ထပ် အိတ်တစ်လုံးပါ အပိုအစစ်
လက်ဆောင် ထည့်ပေးနေတာနော်။ ”
အဲ့တာ ကြားတာနဲ့ ငါ့မြေးလက်ကို ဆွဲပြီး
သူ့အတွက် တစ်လုံးဝယ်ပေးလိုက်ရင် ငါ့အတွက်ပါ တစ်လုံးရမယ်ဆိုတော့ ဟန်ကျပြီဟေ့ ဆိုပြီး
အဲ့အသံလာရာကို ငါတို့ လူတွေကြားထဲ တိုးဝှေ့
မရမက လိုက်ရှာတော့တာပဲပေါ့ဟယ်။
အံမယ် တွေ့လိုက်တော့ သူတို့က
ဆိုင်မဟုတ်ဘူးအေ့
နေရာလွတ်မှာ ထိုးပြီး ကားကြီးနဲ့ရောင်းနေတာတော့။ အဲ့တော့ ငါကလဲ အပုံထဲက စိတ်ကြိုက်ကို စိမ်ပြေနပြေ ရွေးပြီး အိတ်နှစ်လုံးယူလိုက်တယ်။
ရွေးပြီး ဒင်းကို ပိုက်ဆံလေးထုတ်ပေးတော့
“အကြီးက နှစ်လုံး ကိုးထောင်ပဲကျတယ်”
တဲ့အေ့ အဲ့တော့ ငါကလည်း
“ဟဲ့..နင်တို့အော်နေတာ တစ်လုံးဝယ်ရင်
တစ်လုံးလက်ဆောင်ဆို အဲ့တာဆို တစ်လုံးဖိုး
လေးထောင့်ငါးရာဘဲ ကျတာလေ ဘယ်နှယ့်
ငါ့ဆီကကျ အိတ်နှစ်လုံးဖိုးစာ ကိုးထောင်တုန်းဟဲ့။”
“ဟား…အကြီးရေ..ဒီမှာလေ လက်ဆောင်အိတ်
အဲ့တာကို ပြောတာပါ ချစ်သောအကြီးရယ်။”
“အမလေးတော် အဲ့လိုဆို စောစောကတည်းက
ရိုးရိုးသားသားပြောပါလား သေနာကောင်ရဲ့
နင့် လက်ဆောင်ပေးတဲ့ ကျွတ်ကျွတ်အိတ်က
လမ်းဘေးမှာတောင် ကောက်သူမရှိတော့လို့
ပုံနေတာကို သွား..မဝယ်တော့ဘူး ကလိမ်ကကျစ် ပြောင်လိမ်ပြောင်စား ဝမ်းမနာသားတွေ။”
ဆိုပြီး ငါ သူတို့နဲ့ တစ်ပွဲတစ်လမ်းနွှဲခဲ့ရပါသေး။
အဲ့တုန်းက ဒေါသဖြစ်နေတာဘဲသိတာအေ့။
ငါ့မြေးက အတင်း ဆွဲခေါ်နေတာတောင် ငါကလဲ
ညည်းသိတဲ့အတိုင်း စိတ်တိုရင် အော်မိရောလေဟဲ့။
အခု နောက်ပိုင်း ပြန်တွေးကြည့်မှ တကယ်ဆိုရင်
သူ့အပစ် မဟုတ်ပါဘူးအေ ပေါပေါပဲပဲ
အချောင်လိုချင်တဲ့ ငါ့အပစ်အေ ငါ့အပစ်ပါ။
သူက အိတ်တလုံးဝယ်ရင် အိတ်တစ်လုံးကို
လက်ဆောင်ပေးမယ်ဘဲ အော်တာလေ
ဘာအိတ်ပေးမယ်ဆိုပြီး ပြောတာမှ မဟုတ်တာ
ဟုတ်တယ်မလား ပြန်သတိရတိုင်း ရယ်ချင်ပါ့အေ။”
ဒေါ်အေးသွယ် စကားဆုံးတော့ မနှင်းရုံမယ်
ရယ်လိုက်မိတာဆိုတာ တော်တော်နဲ့ကို ရပ်မရဘူး။
ဒေါ်အေးသွယ်ဟာလေ အမျိုးစုံ ဖြစ်ကိုဖြစ်ရမယ်။
(သုံး)
ဒေါ်အေးသွယ်က သူမေးသည့် မပွင့်သေးသော
နှင်းဆီပန်း အငုံလေးတွေကို ရှာပေးရန်
ထိုင်ရာမှ ထလိုက်၏
ပြီးတော့ ထိုသို့ ပန်းဖူးကို ရှာပေးနေသည့်
အခိုက် မျက်လုံးထောင့်မှ ဖျတ်ခနဲ တစ်ချက်
လှုပ်ရှားသွားသော အရိပ်တစ်ခုကို
ဒေါ်အေးသွယ်က လှစ်ခနဲ မြင်လိုက်ရသည်။လေ၏အရှိန်ကဲ့သို့ သွက်လက်မြန်ဆန်စွာ
လှုပ်ရှားသွားသော ထိုအရိပ်မှာ အမယ်အို၏
တွန့်ခေါက်ခေါက် အရည်ပြားများဖုံးကွယ်ထားသည့် ပိန်လှီလှီ လက်တစ်စုံ ဖြစ်လေသည်။
ဒေါ်အေးသွယ် စိတ်ထဲ ဒေါသ ထောင်းခနဲ
ထွက်သွားသည်။
သို့သော်လည်း သူ့ကို ဘယ်လိုပြောရင်
ကောင်းမလဲဟု တစ်ချက်မှ တွေး၍ မရပြန်ချေ။
သူခိုးကို အခုလို ဖမ်းမမိခင်တုံးကတော့ မိရင် ဘာလုပ်မယ် ညာလုပ်မယ်ဟဲ့လို့ တွေးထားမိပေမယ့်
အခု ဟင်းထုပ်သခိုးကို လက်တွေ့ မြင်လိုက်ရတဲ့
အချိန်မှာတော့ ဒေါ်အေးသွယ် သူ့တို့ကိုကြည့်ပြီး
တကယ်ကို ဘာဆက်လုပ်မလဲ မသိတော့ဘူး။
သူခိုးပုံစံကိုလဲ ကြည့်စမ်းပါအုံး။
ပုံစံက ညစ်စုတ်စုတ် မွဲခြောက်ခြောက်။အသက်အရွယ်ကလဲ ခြောက်ဆယ်ကပ်နေတဲ့
ကိုယ့်ထက်တောင် လေးငါးနှစ် ကြီးမယ့်ပုံ။
ဝတ်ထားသည့် ဖလံထည်ကလည်း အရောင် လုံးဝ
မရှိတော့သည်မို့ အကွက်တောင် မပေါ်တော့ချေ။
ဆံပင်ဖြုများက ကွက်တိကွက်ကြား ထိုးထိုးထောင်ထောင် တို့နန့်နန့် ဖြစ်၏
သူ့ဘေးမှာတော့ ခုနစ်နှစ်ကျော်လောက်ရှိမည့်
ညစ်ပေမဲတူးလျှက် ရှိသည့် ပိန်ကပ်ကပ်
ဆံပင်စုတ်ဖွား ကလေးမလေး တစ်ယောက်။ အချိန်ဆွဲကာ ရှာပေးနေရင်းမှ ဘာလုပ်ရမည်ကို
အသဲအသန်တွေးသော်လည်း အဖြေကမရ။
“ဖွားဖွား မီးမီး ဗိုက်ချာရယ် အိမ်ပြန်မယ်လေ
ဖွားဖွားလဲ ဆာနေပြီ မဟုတ်လား ညတည်းက
ဖွားလည်း မီးမီးလိုဘဲ ထမင်းမစားရဘူးလေ
အခု ဟင်းအထုပ်ရပြီ အိမ်ပြန်ပြီး စားလို့ရပြီနော်
မီးမီးတို့ ဒီနေ့ ညမှာလဲ မနေ့ညကလို မငတ်တော့ဘဲ
ထမင်းစားလို့ရပြီ ပျော်လိုက်တာနော်.ဖွားဖွား.”
ထိုသို့ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုပြီး
တွေးနေသည့်အခိုက်တွင် သူခိုးနှင့်အတူ
ပါလာသည့် ကလေးမလေးထံက တိုးညှင်းစွာ
မပီကလာ ပီကလာ စကားသံကထွက်ပေါ်လာ၏
ထို သနားစဖွယ် စကားသံကြောင့် ဒေါ်အေးသွယ်၏
ရင်ထဲတွင် ဒေါသများ ပျောက်ပြီး ရုတ်ချည်းပင်
နင့်နင့်နဲနဲ နက်နက်ရှိုင်းရှိုင်း လှိုက်ခနဲ ဖြစ်သွား၏
အို ဘုရား ဘုရား သနားစရာကောင်းလိုက်တာ..
မနေ့ ညကတည်းက အခုအချိန်ထိကို သူတို့
မြေးအဖွား ဘာမှ မစားကြရသေးဘူးကိုး။
ခမျာများ တမင်ကြီး ခိုးချင်လို့ ခိုးတာမဟုတ်နိုင်ဘူး သူ့မယ် တခြား ရွေးချယ်စရာမရှိတော့လို့
ရင်တထိတ်ထိတ် အရဲစွန့် လုပ်ရတဲ့ ပုံပါဘဲ ။
ငါ အခုလို တမင် အချိန်ဆွဲပြီး
လုပ်နေတာကို သူကလည်း ရိပ်မိပုံရပါရဲ့။
သူ့မျက်နှာက ညိုးနွမ်းပြီး သူ့အရောင်မွဲမွဲ
မျက်လုံးတွေထဲမှာလည်း ထိတ်လန့်ရိပ်တွေနဲ့
ပြည့်လို့ နှက်လို့ နေပါရောလား။
ပြီးတော့ ငါ့ကို လှမ်းပေးနေတဲ့ နှစ်ရာတန်
ခပ်နွမ်းနွမ်း ကိုင်ထားတဲ့ သူ့ရဲ့ အရိုးပြိုင်းပြိုင်း
ထနေတဲ့ ပိန်လှီလှီ လက်တစ်ဖက်ကလဲ
တဆတ်ဆတ်နဲ့ တုန်ခါနေလေရဲ့။
ခမျာများ လူမိပြီ ဆိုပြီး သူ့ရင်ထဲမှာ အတော်ကြီး
ရင်တုန်ပန်းတုန် ဖြစ်နေပုံပါလား သနားစရာ။
နေပါစေ ယူပါစေ ခိုးပါစေတော့ဟယ် ငါ့မှာလည်း
သူ ဒီဟင်းစားထုတ်ကလေး ခိုးသွားရုံနဲ့
တသက်လုံး ထမင်းမငတ်မသွားနိုင်ပါဘူး။
သနားလိုက်တာ သနားလိုက်တာ
ဟယ်တော့ အမလေး အခုမှ တလွဲ ဖြစ်ပြီ ။
ဘာလို့ဆို သူ အခု အသာခိုးယူလိုက်တဲ့ အထုပ်က
ငါတမင် သူခိုးခိုးခံရတဲ့ အရင်နေရာမှာ ထားဖို့ ငါးသည် ခင်မိဆီက တောင်းလာတဲ့
အညစ်အကြေး ငါးကြေးခွံထုတ်ကြီးလေ။
ငါ့ ဟင်းစား အစစ်ထုပ်က ငါ့ ဖင်ထိုင်ခုံအောက်မှာ
ဒီနေ့ နေရာပြောင်းပြီး ငါ တမင် ထားထားခဲ့တာ ။
လာခိုးမယ့် သူခိုးကို ပညာပေးပြီး မျက်စိ
လည်အောင် လှည့်စားဖို့ ငါလုပ်ထားတဲ့ အထုတ်။
အို သူအခု အရဲ့စွန့်ပြီး ခိုးပေမယ့် သူရသွားတာက အညစ်အကြေးထုတ်ကြီး
အဲ့လိုဆို ဘယ်ဖြစ်ပါ့မလဲ။
သူအရဲစွန့်ရတာနဲ့ သူရသွားတာနဲ့ မတန်လိုက်တာ…
ဘုရား ဘုရား ငါ သူတို့ကို သနားလွန်းလို့
အခု ဘယ်လို လုပ်ပေးရပါ့မလဲ။
ဟိုဟာမတွေကိုလည်း ငါ အခုဘဲ အထာနဲ့ လှမ်းပြီး
သူခိုးဖမ်းဖို့ ငါက အချက်ပေးလိုက်မိပြီ။
အဲ့တာမှ ဒုက္ခပါဘဲအေ ဘယ်နှယ့်လုပ်ရပါ့။
ထိုသို့ တွေဝေပြီး ဝေခွဲမရ ဖြစ်နေရာမှ ဒိုင်းခနဲ
ဒေါ်အေးသွယ် အချိန်တိုအတွင်း ဆုံးဖြတ်ချက်
တစ်ခုကို ပြတ်ပြတ်သားသား ချလိုက်မိတော့၏
မိမိ၏ ဖင်ထိုင်ခုံ အောက်က ဟင်းစားထုတ်ကို
ခပ်မြန်မြန် ထုတ်လို့ ယူလိုက်သည်။
ပြီး အထိတ်တလန့် ဖြစ်နေရှာတဲ့ အမယ်အိုကို
“အမယ်ကြီးအို… ရော့.. ဒီအထုပ်ကို ယူလိုက်ချေ။ တော်ယူထားတဲ့ အထုတ်က ငါးကြေးခွံထုတ်ကြီး
အရင် အပတ်တွေကလို ဟင်းထုပ်မဟုတ်ဘူး။ရော့…ဒီမှာက ပိုက်ဆံ တစ်ထောင် ယူသွားချည်။
နောက်နေ့ကျ စျေးကွဲချိန်လောက် တော်
ကျုပ်ရှိတဲ့ ဒီနေရာကို ပြန်လာခဲ့အုံး ဟုတ်ပြီလား။တော် အမြဲတမ်း ဒီလိုမျိုး ခိုးစားတဲ့
အလုပ်ချည်းဘဲ လုပ်လို့မရဘူး။”
ဒေါ်အေးသွယ်ရဲ့ စကားအဆုံး သူ့မျက်လုံးထဲက မျက်ရည်တွေက ဒလဟောကို
ကျဆင်းလာပါရောလား
“ကျေး…ကျေးဇူး ..တင်ပါရဲ့ ညီမရယ်
ငါ့ ညီမကို အစ်မကြီးက လက်အုပ်ချီလို့ ရှိခိုးကန်တော့ချင်ပါရဲ့ သူတော်ကောင်းမကြီးရယ်။”
“အမလေး မလုပ်ပါနဲ့တော် ကဲပါ ဟိုဟာမတွေ ရောက်မလာခင်…တော်ပြန်တော့ အမယ်ကြီးအို။ မနက်ဖြန်ကျရင် ကျုပ်ဆီ ရောက်အောင်လာခဲ့ချေ။”
ဒေါ်အေးသွယ်စကားအဆုံး သူက ပြန်ဖို့အလုပ်
“သူလား..ဟင်းစား ထုတ်ကို အလစ်
လာလာ သုတ်တာ သူပေါ့လေ။
အသက်ကြီးကာမှတော် လုပ်စရာလား
သူ့ကို စျေးခေါင်းရုံးသာ ပို့ကြမယ်အေ့”
ဆိုပြီး ငါးသည် ပိစိမရယ် ကွမ်းယာ ရာဂျစ်မိန်းမ
ခတီဇာရယ် ကုန်ခြောက်သည် မိန်းမလျှာ
အပုမ တို့ရယ်က ဝုန်းခနဲ ဒေါ်အေးသွယ်တို့
အနားကို ရောက်လာကြလေရဲ့။
အဲ့အချိန်မှာဘဲ တစ်ယောက်တစ်ပေါက်နဲ့
အော်နေ ပြောနေကြတဲ့ သူတို့ အသံတွေကို
ဖုံးလွှမ်းသွားအောင် အထိ စူးရှကျယ်လောင်လှတဲ့ အသံတစ်ခုကို ဒေါ်အေးသွယ်က ခါးထောက်
ဖင်ကုန်းပြီး အော်ချပစ်လိုက်တော့တယ်။
“ဟဲ့…ဟဲ့..ကောင်မတွေ နင်တို့တွေ သူတပါးကို မဟုတ်က ဟုတ်က စိတ်ထင်တာတွေ ပြောမနေကြနဲ့ သောက်ပေါက်တွေ ပိတ်ကြတော့
ဒါက ငါ့အမအေ့ ငါ့အ မဝမ်းကွဲဟဲ့ ။”
“ဟင် ဒါဆို ဘာလို့ သီချင်းအော်ဆိုသံ ပေးပြီး
ကျမတို့ကို သူခိုးမိသလိုမျိုး အချက်ပေးတုန်း”
“ဟဲ့ အဲ့တာ ငါ့ဟာငါ သီချင်းဆိုမိတာလေ
ကောင်မတွေရဲ့ တကတည်းတော်”
ဒေါ်အေးသွယ်ရဲ့ စကားဆုံးတော့
အဲ့ဟာမ တစ်သိုက် အမယ်ကြီးအိုကို
တောင်းပန်ကြတော့တာပါဘဲ။
(လေး)
အဲ့အဖြစ်အပျက် တွေ့လိုက်ရတဲ့သူက မနှင်းရုံ။
မနှင်းရုံက ဒေါ်အေးသွယ်ကို ပါးစပ်အဟောင်းသား
ဖြင့်သာ ငေးကြည့်နေမိတော့တယ်။
ဘယ်လိုမှကို ဒေါ်အေးသွယ်ရဲ့ စိတ်ကို
မနှင်းရုံ နားလည်လို့မရတော့ချေ။
သူခိုးကို မိသည့်တိုင်အောင် ကာယံကံရှင်
ဒေါ်အေးသွယ်က သူခိုးမဟုတ် သူ့အမဝမ်းကွဲဟု ပြောသည်။ တခြားဟာမတွေကတော့ မသိပေမယ့် သူ့အမလို့ပြောသူ အဖွားကြီးက ဟင်းထုတ်ခိုးယူသူ သူခိုးဆိုတာကို မနှင်းရုံက ကောင်းစွာသိလေသည်။ အကြောင်းမှာ ဒေါ်အေးသွယ် သီချင်းမဆိုခင်ကတည်းက မနှင်းရုံက သူတို့မြေးအဖွား
ဝင်လာသည်ကို သတိထားပြီး စောင့်ကြည့်မိပြီး
သူတို့ ဒေါ်အေးသွယ်ဆီက ခိုးယူလိုက်တာကိုပါ
မထင်မှတ်ဘဲ မြင်လိုက်ရသောကြောင့်ဖြစ်၏
“အကြီး ကျမ အားလုံးမြင်လိုက်ပါတယ်။
အကြီးက သူခိုးဆိုတာသိပါရက်က
ဘာလို့များ ခုလိုလုပ်ရတာတုံး။”
“အေး မိနှင်းရုံရယ် ငါဖြင့် သူတို့ကိုကြည့်ပြီး
ဘယ်လိုမှကို မပြောရက်တော့ပါဘူးအေ။
အခုက..နေပါစေတော့ဟယ်…မနက်ဖြန်ကျ
ငါသူ့ကို ဒီကို ပြန်လာဖို့ ခေါ်ထားတယ်အေ့။
ငါစဥ်းစားထားတာ ငါ့ဘေးမှာဘဲ သူတို့ကို ငပိ တို့စရာလေး လုပ်ပေးပြီးရောင်းခိုင်းလိုက်မယ်အေ။ မကောင်းဘူးလားအေ့ အဲ့တာဆို အရင်းအနှီးလဲ
များများစားစား မလိုပေါင်တော်။
နင့်ဆိုင်က ရွက်ကျ သီးကျလေးတွေ
သူ့အတွက် ဖယ်ထားပေးစမ်းပါအေ။
ငါ နင့်ကို ပိုက်ဆံပေးဝယ်ပါ့မယ် မိနှင်းရုံရဲ့။”
“အမလေး အကြီးရယ် ဖြစ်ရလေတော် အကြီးကို အကြီး အရင်မသနားဘဲနဲ့ သူများအတွက်ကိုပါ
စီစဥ်သူ မေတာပန်းသည် ဒေါ်အေးသွယ်
ဝင်လုပ်နေပြန်ပါပြီ။
ပြီးတော့ အကြီးဆီက ခိုးတဲ့သူကိုမှ အံ့ပါရဲ့။”
“ဟဲ့ စကားသံကို တိုးတိုးပြောစမ်းပါ ကောင်မရဲ့။
သူတို့က တမင်ခိုးချင်လို့ ခိုးတာမှ မဟုတ်တာ။စားစရာမရှိလို့ အလုပ်ခေါ်ခိုင်းမယ့်သူ မရှိလို့
ရွေးစရာမရှိဘဲ မတတ်သာလို့ ခိုးရတဲ့ ပုံစံပါအေ။ ကောင်မရယ် သူတို့ခိုးတာက စီးပွားဖြစ်
ရွှေတွေ ငွေတွေ ခိုးတာမှ မဟုတ်တာဟဲ့..။”
“အံ့ပါ့တော် အံ့ပါ့ အကြီးကို ကျမတော့
ဘာပြောရမှန်းကို မသိတော့ဘူး တကတည်း
အခုက သူခိုးအားပေးလုပ်နေတာ သိရဲ့လား။”
“ဟဲ့ နင်ပေးချင်ပေး မပေးချင်နေ။အပိုမပြောနဲ့။
ငါ့ဟာငါ ခဏနေ စျေးထဲက ကုန်စိမ်းသည်တွေဆီ တစ်ပတ်လောက် ပတ်လိုက်ရင် အပုံကြီးရမှာ။”
“အမလေး ပေးပါမယ်တော် ပေးပါ့မယ် သူတော်ကောင်း ဒေါ်အေးသွယ်ကြီးရဲ့
ကျမ ပေးပါ့မယ်။”
(ငါး)
(ဆယ်နှစ်ကြာပြီးနောက်)
ကွယ်လွန်သူ ဦးဘပုနှင့် ဖွားသန်းခင်တို့အား
ရည်စူး၍ ( တနေ့တာ အလှူရှင် )
(ဦးဘပု)၏ ဇနီးဖြစ်သူ…(…)စျေးမှ
မေတ္တာပန်းသည် ဒေါ်အေးသွယ်နှင့်
သမီးကြီး ဒေါက်တာ ပုလဲသွယ်
သမီးငယ် ရုပ်ရှင်နှင့် ဗီဒိုယို သရုပ်ဆောင်
ပုလဲငယ်တို့ မိသားစုမှ လှူဒါန်းပါသည်။
ဂေဟာရှေ့က ကျောက်သင်ပုန်းကြီးတွင် မြေဖြုဖြင့်
ရေးသားထားသည့် အလှူရှင် နာမည်များကို
ဒေါ်နှင်းရုံက မသဲကွဲသဖြင့် ကိုယ့်ဝှီးချဲကို ကျောက်သင်ပုန်း၏ အနီးဆုံးသို့ တွန်းသွားလိုက်ပြီး
သေချာအောင် ထပ်ဖတ်မိပြန်သည်။
ပြီး… ကျဆင်းလာသည့် မျက်ရည်ပူများကို ချည်ထည်အဖြုရောင် အကျီ်၏ လက်မောင်း
အစလေးဖြင့် တို့၍ တို့၍ ခပ်ဖွဖွ သုတ်မိသည်။ သေချာသွားပြီ ဒါဟာ တချိန်က ဒေါ်နှင်းရုံတို့နဲ့
တစ်စျေးထဲ အတူတကွ စျေးရောင်းခဲ့ကြသည့်
ပန်းသည် ဒေါ်အေးသွယ်..အဲ..အခုဆို
ဒေါ်ဘယ်ဟုတ်ပါ့မလဲ အဖွားအရွယ်
အဖွားအေးသွယ်တို့ မိသားစုဘဲ ဖြစ်ရမည်။
သမီးကြီး ပုလဲသွယ်ဆိုတာ ဒေါ်နှင်းရုံရဲ့
သားနဲ့သမီးတွေနဲ့ ကျောင်းအတူတက်ခဲ့သည့်
အဖွားအေးသွယ်၏ မွေးစားထားသည့် ကလေးမလေး။အငယ်မ ရုပ်ရှင်မင်းသမီး
ပုလဲငယ်ဆိုတာက အဖွားအေးသွယ်
ကယ်တင်ခဲ့သည့် သူခိုးအဖွားကြီးနဲ့
အရင်က အတူတူပါလာခဲ့သည့် ကလေးမလေး။
ထိုစာတန်းလေးကို ဖတ်နေရင်းမှ ဒေါ်နှင်းရုံ၏
စိတ်တို့က အတိတ်ဆီ လွင့်ပျံ့မိပြန်၏
ဒေါ်အေးသွယ်က ဖွားသန်းခင်ဆိုသည့်
သူခိုးမကြီးကို သူ့ဘေးမှာ ငပိတို့စရာ
ဆိုင်လေးတခု အရင်း တည်ပေးခဲ့သည်။
တစ်လ နှစ်လလောက်ကြာတော့ ဖွားသန်းခင်တို့
မြေးအဖွားကိုပါ ဒေါ်အေးသွယ်က သူတို့အိမ်တွင်
ခေါ်ကာ တင်ထားလိုက်ရတော့သည်။
အကြောင်းအရင်းက ဖွားသန်းခင်က ကျန်းမာရေး အရမ်းဆိုးလာသောကြောင့်ပင်။ထို့သို့ ခေါ်ထားပြီး သိပ်မကြာခင်မှာပင် ဖွားသန်းခင်က ကွယ်လွန်ခဲ့၏
အဲ့အချိန်က မနှင်းရုံက ဒေါ်အေးသွယ်ကို
အရင်ကဲ့သို့ သိပ်ပြီး ကြည့်မရတော့တာကတော့
တကယ့် စိတ်ရင်းအမှန်ဘဲ ဖြစ်ခဲ့ပါသည်။
ကျုရှင်ကောင်းကောင်းမှာ ထားသည့်
မနှင်းရုံ၏ သားသမီးများက ရိုးရိုးသာအောင်ပြီး
ဘာကျုရှင်မှ မယူသည့် ဒေါ်အေးသွယ်၏ မွေးစားကလေးမ ပုလဲသွယ်ကတော့ အောင်စာရင်း
ထွက်သည့်အခါ ဂုဏ်ထူး ငါးဘာသာ တစီတစ်တန်း
ပါလာသောကြောင့်ပင်ဖြစ်သည်။
ထို အောင်စာရင်းထွက်သည့် အချိန်က မနှင်းရုံမှာ
အရင်လိုမျိုး စျေးတောင် မထွက်ချင်တော့ချေ။
လူတကာက အလိုက်ကမ်းဆိုး မသိဘဲ
မေးကြသဖြင့် ပြန်ဖြေရသည်မှာ အရှက်ကွဲလှ၏
“ဟယ် ပုလဲသွယ်လေးတောင် ဂုဏ်ထူးငါးခုရတာဆို နငိ့သားသမီးတွေက ဂိုက်တွေ ဝိုင်းတွေနဲ့ ပိုက်ဆံအများကြီး အကုန်ခံ ထားတာတောင် ရိုးရိုးဘဲလား။ဘယ်လိုဖြစ်ရတာလဲအေ။”
ထိုစကားသံများကြားတိုင်း မအေးရုံ ဒေါ်အေးသွယ်တို့မိသားစုကို အလိုလို မုန်းတီးမိလာသည်။
“ကလေး ကျောင်းစရိတ်လဲ ရှိတယ် မိနှင်းရုံရယ်။ ပုလဲသွယ်လေး ဆေးကျောင်းတက်ဖို့
ငါ့အသိတွေက ပညာသင်ဆုတွေ ဘာတွေ
သူတို့ စုံစမ်း လျှောက်ပေးမယ် ဆိုပေသိ။
ငါတို့လဲ သူ့အတွက် ကုန်သင့်သလောက်တော့
မဖြစ်မနေ ကုန်ကို ကုန်လာမှာဘဲအေ့။
ငါက. မသန်းခင်ကြီး ဆုံးသွားကတဲက
သူ့မြေးလေးပုလဲငယ်ကို သနားပြီး ငါက ဆက်လို့
မွေးစားခဲ့ပေမယ့် အခုက အကြီးမ ကျောင်းစရိတ်
အရင်ကထက် တအားကို ပိုကုန်တော့မှာအေ့။
အငယ် ကလေးကလဲ အရိပ်အကဲ
သိတတ်ရှာပါတယ်။
နင် သူ့ကို မွေးစားလိုက်ပါလား မိနှင်းရုံရယ် နော်။
ငါလဲ မလွှဲသာလို့ ပြောရတာပါ
ဘယ်သူ့ကိုမှ မပေးချင်ပါဘူးအေ။”
ဟု ဒေါ်အေးသွယ် ပြောခဲ့စဥ်က
မနှင်းရုံက ခါးသီးစွာ
ကြည့်မရသည့် အရှိန်ဖြင့် ဘူးခံငြင်းခဲ့လေသည်။
“အမလေး မမွေးစားနိုင်ပါဘူးတော်။
အချိန်တန်ရင် ကိုယ့်ကို စုံကန်ထွက်သွားမယ့်
သူများ သားသမီးတွေကိုများ ကျောင်းထား
စာသင်လုပ်နေတာ ကိုယ့်ဘာသာ မွေးချည်။
တကယ့်တကယ် ကိုယ်မလုပ်နိုင် မကိုင်နိုင်တဲ့ အရွယ်ကျ ကိုယ့်သွေး ကိုယ့်သား အရင်းအချာ
ကိုယ့်သားသမီးလောက် ဘယ်မွေးစား
သားသမီးကမှ မကောင်းနိုင်ပါဘူးတော်။
မမွေးနိုင်ရင် ဂေဟာတွေ ဘာတွေ ရှိတာဘဲ
အဲ့ကို သွားလို့ တခါတည်း ပို့ပစ်လိုက်ပေါ့။”
မနှင်းရုံ၏စကားကို ဒေါ်အေးသွယ်က စိတ်ဆိုးသွားသည့်ဟန်ဖြင့် ခပ်မာမာ ပြန်ပြောသည်။
“အမလေး ဘယ်ကိုမှ မပို့နိုင်ပါဘူးအေ။
ညည်း မမွေးစားချင်လဲနေပါ ငါတော့
ခြေလက်အကောင်းကြီး ရှိသေးတယ်။
ရတယ် ငါရအောင် ရှာပြီး သူတို့ကို
ပညာတတ် ကြီးတွေဖြစ်အောင် လုပ်ကိုလုပ်ရမယ်။
ညည်းများ မွေးစားချင်မလားလို့ ပြောမိတာပါအေ။”
ဟု ဆိုခဲ့လေသည်။
“မွေးပေါ့တော် အချိန်တန် ပက်လက်လန်ပြီး
ကျန်ရစ်ဖြစ်ခဲ့မှာ ကျမတော့ မြင်ယောင်ပါသေး”
ဟု မနှင်းရုံက ခနဲ့တဲ့တဲ့ မုန်းတီး မနာလိုစွာဖြင့်
နာလိုခံခက် စကားကို ခပ်မဲ့မဲ့ ဆိုခဲ့၏
နောက် သိပ်မကြာခင် စျေးထဲက ပျံကျတွေကို စည်ပင်က ဖျက်သိမ်းဖို့ အမိန့်ထုတ်လာပြန်သည်။ထိုအခါ ပန်းသည် ဒေါ်အေးသွယ်က ဆိုင်နေရာ
မရှိသူဖြင့်သဖြင့် ပန်းရောင်းဖို့ ဘုံပျောက်ခဲ့သည်။
မနှင်းရုံက ကိုယ့်ဆိုင်ဘက် ဘေးနားလေးမှာ
ပန်းသည် ဒေါ်အေးသွယ်ကို နေရာပေးရင်ရသော်လည်း မလိုတမာစိတ်ဖြင့် တမင်တကာပင်
မသိချင်ယောင်သာ ဆောင်ခဲ့မိ၏
လူ့ဘဝသည် ရှေ့ရေးကို
ဘာဖြစ်ကို ဖြစ်လာရမည်ဟု
ကြိုတင် ဟောကိန်းထုတ် တွက်ဆ၍ မရပါချေ။
ဒေါ်အေးသွယ်တို့ တခြားဖက်ကို ပြောင်းသွားကြ၏
နှစ်အနည်းငယ် ကြာသောအခါ အမျှော်လင့်ကြီး
မျှော်လင့်ခဲ့သည့် မနှင်းရုံသားက နိုင်ငံခြားထွက် ပိုက်ဆံရှာမည် ပြောလာသဖြင့် အိမ်ပိုင်ကိုရောင်း
အိမ်ဌားဘဝကို အသွင်ပြောင်းပြီး သူ့ကိုပို့ခဲ့သည်။သို့သော် ဟိုနိုင်ငံတွင် ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပြီးပွဲချင်းပြီး သေဆုံးသွားခဲ့၍ မျက်နှာပင် မနှင်းရုံတို့မိဘတွေ တစ်ချက်ပင် မြင်ခွင့်မရကြခဲ့ချေ။
သမီးသည်လည်း လင်ဆိုးမယား တဖားဖား
ဆေးငမားငမူးကိုမှ မကွဲနိုင်မကွာရက်။
ထိုစိတ်ဖြင့် မနှင်းရုံ ခင်ပွန်းလဲ ဆုံးပါးခဲ့ချေပြီ။
မနှင်းရုံလဲ အသက်ရတော့ တစစ ချုချာစပြု၏
ကိုယ့်ဝမ်းမှ မွေးထားခဲ့သည့် သားနှင့်သမီးသည်လဲ
မကျန်းမာ မချမ်းသာတော့သည့် မနှင်းရုံအတွက်
အားကိုး ခိုကပ်စရာ တစ်ကွက်မှ မရှိခဲ့ကြချေ။
ပထမ သမီးဆီကို အတူတူ လိုက်နေသော်လဲ
ကြာတော့ သားမက်က ဆိုး သမီးက စောင်း
မြေးကပါ သောင်းကျန်းသဖြင့် စိတ်ဆင်းရဲရသည်။ထို့နောက်မှာတော့ စိတ်ဒုံးဒုံးချ ဤဂေဟာသို့သာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ရတော့သည်။
(ခြောက်)
အလှူရှင်များကို မေတ္တာပို့ ဆုတောင်းပြီး ထမင်းစားနေကြသည့် ဖိုးဖွား သက်ကြီးပိုင်းများသည်
အလှူ့ရှင်၏ အလှူထမင်း အလှူဟင်းအပြင် အဝတ်အထည်နှင့် တစ်ယောက်ကို စာအိတ်
တစ်အိတ်စီဖြင့် ကန်တော့ပေးအပ်သည့် ငွေများ
တို့ကြောင့် ပြော၍မဆုံး ဆုတောင်း၍
မကုန်နိုင်အောင် ရှိကြလေသည်။
ဒေါ်နှင်းရုံကတော့ လေးငါးလုပ်သာစားပြီး
ဝန်ထမ်းမလေးအကူဖြင့် ဝှီးချဲပေါ်တက်
ကိုယ့်ဟာကိုယ် ဂေဟာ၏ ခြံဝန်းကြီးထဲ
တွန်းရင်း ခပ်ဖြေးဖြေး ဆင်းလာခဲ့မိ၏
ထိုအခိုက် တန်ဖိုးကြီးကားကြီးတစ်စီး ဝေါခနဲ ဂေဟာ၏အဝင်ကို ထိုးစိုက်၍ လာ၏
အရောင်မှိန်မှိန် ဒေါ်နှင်းရုံ၏ မျက်လုံးများက
ကားထဲက ဆင်းလာသည့် မိန်းကလေး
နှစ်ယောက်က ဖေးမတွဲကူထားသော
အဖွားအို တစ်ဦးထံကို ရောက်သည်။
ထို့နောက် မျက်ဝန်းမှိန်မှိန်များက လက်ခနဲ
တောက်ပသွားသည်။
ဘုရား ဘုရား အဲ့ အဲ့တာဟာ ဒေါ်နှင်းရုံတို့
စျေးထဲက မေတ္တာပန်းသည် ဖွားအေးသွယ်ပေါ့။
ကြည့်စမ်းပါအုံး ပိုလို့အိုမင်းသွားပေမယ့်
ဖြုလို့ ဖွေးလို့ နုလို့ ဖပ်လို့ ရယ်ပါလား။
စိတ်ချမ်းသာလိုက်တာ စိတ်ချမ်းသာလိုက်တာ
ဒါဟာ မေတ္တာပန်းသည် ဖွားအေးသွယ်ရရှိခဲ့တဲ့
မေတ္တာတရားရဲ့ ရောင်ပြန်အကျိုးတွေပဲပေါ့။
လောကကြီးမှာ ကိုယ့် သွေးသားဖြစ်တဲ့
သူတွေကိုသာ မေတ္တာထားဆက်ဆံခဲ့မိတဲ့ ငါ့ထက်
သူစိမ်းဖြစ်ပေမယ့် ကိုယ့်သွေးသားအရင်းလို ဆက်ဆံပြုစုခဲ့ပြီး မေတ္တာပေးခဲ့တဲ့ သူဟာ
အခု အဲ့ဒီ့ မေတ္တာရဲ့တန်ပြန်အကျိုးကို
အသေအချာ ပြန်ကိုခံစားရတာပါဘဲလား။
မေတ္တာဆိုတာ ဘယ်သူ့အပေါ်မဆို တန်းတူညီမျှ
ထားတတ်ခြင်းကသာ အရာရာ အားလုံးရဲ့
စစ်မှန်တဲ့ ချမ်းသာမှု အေးချမ်းမှု အစစ်ကို
လက်ငင်း မရခဲ့ရင်တောင် တချိန်မဟုတ်
တချိန်မှာတော့ မုချဧကန် ရကိုရစေတာကိုး။အင်း…အလှူ့အမကြီး
မေတ္တာပန်းသည် ဖွားအေးသွယ်တို့မိသားစု
ကျန်းမာပါစေ ချမ်းသာပါစေ စစ်မှန်တဲ့
တရားထူး တရားမြတ်များကို ရရှိပါစေကွယ်။ ဟု ဒေါ်နှင်းရုံက ခပ်တိုးတိုး ဆုတောင်းမိလေသည်။
သက္ကရာဇ်
မေတ္တာပန်းသည်… ဒေါ်အေးသွယ်