မေတ္တာမျဉ်းပြိုင်(စ/ဆုံး)
———————
“တောက်…ဒီမိန်းမကွာ…”
ဇနီးဖြစ်သူ မခင်မေအပေါ် အခဲမကျေ ဒေါသဝေနေသည့် ဦးထွန်းလူ၏ မျက်နှာပြင် သည် မြေသားလမ်းလေးအပေါ် အာရုံစိုက် လျက် မြည်တွန်ပြောဆိုနေသည့်အသံများ စက္ကန့်မလပ်ထွက်ပေါ်နေ၏။ သည်မြေသား လမ်းလေးပေါ်၌ ခေါက်တုံ့ခေါက်ပြန် လျှောက်၍ ဦးထွန်းလူသည် တစ်စုံတစ်ရာ သောပစ္စည်းတစ်ခုအား မိနစ်အတော်ကြာ သည်အထိ အသည်းအသန်ရှာဖွေနေသည်။ သည်ပစ္စည်းပျောက်ဆုံးနေသည်ကို သိ၍ မခင်မေကိုမေးမြန်းရာမှ ဤနေရာသို့ လမ်းညွှန်ပေးလိုက်ခြင်းဖြစ်သည်။
ချက်ချင်း အပြေးနှင်ခဲ့သော်လည်း ပျောက်ဆုံးသွားသည့်ပစ္စည်းမူကား ယခုအချိန် ထိတိုင် ရှာမတွေ့နိုင်သေးပေ။ လမ်းသွား၊ လမ်းလာ တစ်စုံတစ်ယောက်ကများ ထိုပစ္စည်း ကို ကောက်ယူသိမ်းဆည်းသွားပြီလား။ ထိုသို့ တွေးထင်မိတိုင်း မပြောမဆိုလုပ်ရက်သည့် မခင်မေအပေါ် ဦးထွန်းလူ ဒေါသပို၍ထွက်မိ သည်။ ဦးထွန်းလူ၏အသက် ငါးဆယ်ကျော် သည့်တိုင် သည်ပစ္စည်းလေးကို တယုတယ သိမ်းဆည်းခဲ့သည်။ နှစ်ကာလကြာမြင့်နေပြီ ဖြစ်သော ပစ္စည်းတစ်ခုအား မပျောက်ပျက် အောင် ထိန်းသိမ်းရသည်မှာ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ပေ။ သားဖြစ်သူက ထိုပစ္စည်းအား ဖျောက်ဖျက်ပစ်မည်စိုးသော ကြောင့် အကြိမ်ကြိမ် နားဝင်အောင် ပြောဆိုခဲ့ ရသည်။ ထိုပစ္စည်းနှင့်ပတ်သက်၍ အကြောင်း စုံကိုလည်း မခင်မေကို ရှင်းပြ၊ ပြောဆိုထားပါ လျက်နှင့် အဘယ်ကြောင့်လုပ်ရသနည်း။ တောက်တစ်ချက်ကိုသာ ခပ်ပြင်းပြင်း ခေါက်ရင်း ပေါက်ကွဲမိသည်။ ဒေါသအပူလှိုင်း ကြောင့်လား၊ တစ်နာရီဆိုသည့် အချိန် အပိုင်းခြားကြောင့်လားမသိ။ ဦးထွန်းလူပါးပြင် တစ်ဝိုက်မှာတော့ ချွေးစများ ရစ်သီဝဲခိုနေ၏။
သို့သော် ဦးထွန်းလူ လက်မလျှော့ချင် သေးပေ။ အနီးနားရှိ ချုံနွယ်များအကြား ရှာကြည့်ချင်သေးသည်။ မတွေ့ပေ။ နောက်ဆုံးတော့ ဦးထွန်းလူ လက်လျှော့၍သာ အိမ်သို့ပြန်လာခဲ့ရ၏။
(နှစ်)
“ဟိုကောင်… လူပိုမရှိဘူး… ပင့်ပေး မနေနဲ့ကွ”
“ငြမ်းပေါ်ကနေ အပေါ်ထပ်ကိုသွား…မထမ်းနိုင် ပြန်လိမ့်မယ်”
အလုပ်ဆိုက်ခေါင်းဆောင်၏ ငေါက်ဆတ် ဆတ် ပြောဆိုသံကြောင့် ကိုထွန်းလူမျက်နှာ တစ်ပြင်လုံး ချက်ချင်းနီရဲသွားသည်။ ဖခင် ဖြစ်သူ ဦးဖိုးငို၏ မျက်ဝန်းမှာတော့ စိုးရိမ်မှုတို့ ကြီးစိုးနေ၏။ သို့သော် ဦးဖိုးငို တိတ်ဆိတ်နေ သည်။
ထိုကာလက နေပြည်တော် တည်စအချိန် ဖြစ်သည်။ တောင့်တင်းခိုင်မာမှုမရှိသေးသည့် ကိုထွန်းလူ၏ပခုံးပေါ်သို့ ရောက်ရှိသွားသည့် ဘိလပ်မြေအိတ်သည် မခံချင်စိတ်ကြောင့် ဖြစ်မည်။ တန်းစီထားသည့် အလုပ်သမားများ အကြား ဦးခေါင်းကိုငုံ့လျက် ဦးဖိုးငို မရဲတရဲ မော့ကြည့်၏။ ပခုံးထက်ရှိ ဘိလပ်မြေအိတ်ကို လက်နှစ်ဖက်ထိန်းရင်း သုံးလွှာမြောက်သို့ တုန်ယင်စွာတက်သွားသည့် သားဖြစ်သူ၏ ခြေတိုင်များကိုတော့ ဦးဖိုးငို မျက်ရည်စများ ကြားက မြင်ခဲ့၊ တွေ့ခဲ့ရသည်။ ထိုနေ့က အလုပ်စဝင်ရက်မို့ သားဖြစ်သူကိုကြည့်ရင်း စိတ်မကောင်းဖြစ်သည်က အလုပ်ပင်ပန်း သည်ထက် သာလွန်ခဲ့သည်။ ညနေဘက် အလုပ်သိမ်းချိန်ရောက်တော့ အားလုံးတန်းစီ ရသည်။ ထိုင်ခုံပေါ်၌ ကျနစွာထိုင်ရင်း ဆိုက် ခေါင်းဆောင်က နေ့တွက်ခရှင်းပေးနေ၏။
“အဖေ… ဘယ်လောက်ရလဲ”
ငွေစက္ကူစများကို ရေတွက်နေရင်း သား ဖြစ်သူက ဆို၏။
“ရှစ်ထောင်ပေါ့ကွ …”
“အဖေ့ … ထမင်းစရိတ်နဲ့ လိုင်းခန်းခ နုတ်ရင် သောင်းနှစ်ထောင် စုလို့ရတယ်နော်”
သားဖြစ်သူထံမှ ထိုစကားလုံးများကို ကြားပြန်တော့ ဦးဖိုငိုရင်ထဲ ဝမ်းသာ၊ ဝမ်းနည်း ကြီး ဖြစ်ရပြန်သည်။ ဝမ်းသာသည်ဆိုသည်က မိသားစုအကျပ်အတည်းကို သိတတ်သည့် သားလိမ္မာတစ်ယောက်အား ပိုင်ဆိုင်လိုက် ခြင်းကြောင့် ဖြစ်သည်။ ဝမ်းနည်းသည်က ခေတ်ပညာကိုအထိုက်အလျောက် တတ်ထား သော်လည်း အားလုံးနှင့်တန်းတူ ပင်ပန်းရခြင်း ကြောင့် ဖြစ်သည်။
မိမိ၏အသက်အရွယ်နှင့် မမျှအောင် အားမသန်မာန်ကိုဝင့်၍ ရင်ဆိုင် နေရသည့် သားဖြစ်သူ၏ ပခုံးထက်မှ ပုဆိုး စုတ်လေးကိုကြည့်၍ မျက်ရည်စို့ရခြင်း ဖြစ်သည်။ လိုင်းခန်းကိုရောက်တော့ သားအဖ နှစ်ယောက် ခဏတစ်ဖြုတ် ခါးဆန့်ကြသည်။ပြီးနောက် ရေမိုးချိုးရန် ချောင်းစပ်သို့ ထွက်ခွာ ခဲ့၏။
ချောင်းရေပြင်သည် ဝါကြန့်ကြန့်အရောင် ရှိသည်။ တောင်ကျချောင်းရေဖြစ်၍ အဆက် မပြတ်စီးဆင်းနေ၏။ ချောင်းကမ်းစပ် တစ်လျှောက်မှာတော့ လိုင်းခန်းများရှိ အလုပ် သမားများ စုံကြသည်။ တချို့က မိသားစု လိုက်ဖြစ်သည်။ ကမ်းစပ်မှာ အဝတ်လျှော်သူက လျှော်၊ ရေချိုးသူများက ချိုးနှင့် စည်ကား လှသည်။ အလုပ်ဝတ် အင်္ကျီအဟောင်းများကို လျှော်၍ သားအဖနှစ်ယောက် ပြန်ခဲ့ကြသည်။
“အစ်ကိုကြီး… ထမင်းစားလို့ရပြီနော်”
ဦးဖိုးငိုနှင့်မောင်နှမဝမ်းကွဲ တော်စပ်သည့် အဒေါ်က ဆိုသည်။ အဒေါ်ဖြစ်သူသည် လိုင်းခန်းရှိ အလုပ်သမားများကို ထမင်းလစာ ယူ၍ ချက်ပြုတ်ကျွေးမွေးနေသည်။
“အဖေ… ကြည့်ဦး”
ထမင်းစားပွဲပေါ်ရှိ ဟင်းခွက်များထဲမှ ပိုးဟပ်အသေတစ်ကောင်ကိုမြင်၍ ကိုထွန်းလူ က ဦးဖိုးငိုအား ဆိုလိုက်သည်။ အချက်အပြုတ် ညစ်ပတ်သည့် အဒေါ်၏ ဗီဇကိုလည်း ကိုထွန်းလူ နည်းနည်းလေးမှ မကြိုက်။ ကိုထွန်းလူသည် အသန့်ကြိုက်သူပီပီ မျက်နှာ မဲ့၍ တစ်ဖက်သို့ လှည့်သွားသည်။
“လူလေး…အဖေ ဟင်းသွားဝယ်လိုက်ရ မလား”
ဦးဖိုးငို၏ အမူအရာကြောင့် ကိုထွန်းလူ ငြိမ်ကျသွားပြန်သည်။
“ရတယ်အဖေ…ကျွန်တော် ငါးပိရည် နဲ့ပဲ စားလိုက်မယ်”
ထမင်းစားပြီးချိန်၌ ရှစ်နာရီ ထိုးချေပြီ။ သို့သော် လိုင်းခန်းဖြစ်၍ တိတ်ဆိတ်ခြင်း မရှိပေ။ ပလတ်စတစ်အစများကာ၍ တစ်ခန်း နှင့် တစ်ခန်း ခြားထားသည်။ ညဉ့်နက်သည် အထိ ကလေးငိုသံများ မတိတ်သေးပေ။ တချို့ က နေ့ဘက်ပင်ပန်းထားသည်မို့ အုပ်စုလိုက် ဝိုင်းဖွဲ့ကာ တစ်ခွက် တစ်ဖလား သောက်ကြ သည်။ ထိုအရက်ဝိုင်းမှ ထွက်ပေါ်လာသည့် အသံများကြောင့် ကိုထွန်းလူ အိပ်မပျော်နိုင် သေးပေ။ ခေါင်းအုံးနှင့် ခေါင်းထိတွေ့မှုသည် တစ်နာရီကျော်ပြီဖြစ်သော်လည်း လူးလှိမ့် ရင်းသာ မျက်စိကြောင်နေသည်။
ဦးဖိုးငိုကတော့ အဒေါ့်ယောကျာ်းနှင့် စကားစမြည် ပြောနေသည်။
“သိန်းမြင့်ရာ ငါ့သားကိုခေါ်လာတာ မှားပြီတင်တယ်”
လူးလှိမ့်နေရင်း အဖေ့စကားသံအချို့က ကိုထွန်းလူနားဝသို့ ပြေးဝင်လာကြသည်။
“ဆိုက်ခေါင်းဆောင်ပေါ့ကွ ဘိလပ်မြေ အိတ်ကို ပင့်မပေးရဘူးတဲ့… ငါ့သားက ကျောင်းသားကွ… တစ်ခါမှလုပ်ဖူးတာ မဟုတ် ဘူး”
ဦးဖိုးငိုအသံသည် လေးပင့်စွာ ဝေ့ဝဲလာ သည်။
“ဖိုးငိုရာ…မင်းသားက ယောကျာ်းလေး ပါဟ ဒီလောက်တော့ လုပ်နိုင်ရမှာပေါ့”
သည့်နောက် နှစ်ခန်းမှာ တစ်လုံးသာရှိ သည့် မှိန်ပျပျမီးအလင်းရောင်အောက် ဦးဖိုးငို ၏အသံသည် တိတ်ဆိတ်သွားသည်။ အိပ်ရာ ထဲ၌ ပီသစွာကြားလိုက်ရသည့် ဖခင်ဖြစ်သူ၏ စကားလုံးများကြောင့် ကိုထွန်းလူရင်ထဲ ကျင်ခနဲဖြစ်သွားခဲ့ရသည်။ ရှေ့လျှောက် မည်မျှပင်ခက်ခဲပါစေ နှုတ်ဆိတ်နေတော့ မည်ဟု ကိုထွန်းလူ ဆုံးဖြတ်လိုက်၏။
(သုံး)
“ဝုန်း….”
“ဟေ့…ကျော်စိုး ပြုတ်ကျပြီ …လုပ်ကြ ပါဟ”
ဘိလပ်မြေထမ်းရင်း ရုတ်တရက် ထွက်ပေါ်လာသည့်အသံကြောင့် အားလုံးက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ ကျော်စိုး၏ အသက်အရွယ်သည် ကိုထွန်းလူနှင့် တစ်ရွယ် တည်းဖြစ်သည်။ ဘိလပ်မြေထမ်းရင်း သုံးလွှာမြောက်မှ အောက်သို့ပြုတ်ကျခြင်း ဖြစ်သည်။ အသံကြားသည်နှင့် ဦးဖိုးငိုသည် သားဖြစ်သူထံ ချက်ချင်းပြေးလာ၏။ မျက်စိ ရှေ့၌ သွေးစများ ပေကျံနေသည့် ကျော်စိုးကို ကြည့်၍ ဦးဖိုးငိုမျက်လုံးများ ပြူးကျယ်သွား သည်။ ဝိုင်းအုံနေကြသည့် လူအုပ်အလယ်၌ မေ့မြောနေသည့် ကျော်စိုးအား ပွေ့ချီလာကြ သည်။ ခဏကြာမှ လူနာတင်ယာဉ်ရောက်ရှိ လာ၏။ အလုပ်ဆိုက်ခေါင်းဆောင်နှင့် တာဝန် ရှိသူများ လိုက်ပါသွား၍ နေ့တွက်ခများရှင်းပြီး အလုပ်ခွင်ကို စောစီးစွာရပ်နားလိုက်ကြသည်။
“သိန်းမြင့် ငါမနက်ဖြန် ပြန်တော့မယ် ကွာ..”
“ဟာ… ဘယ်လိုဖြစ်ရပြန်တုံး ဖိုးငိုရ”
“အလုပ်က အန္တရာယ်များတယ်ကွာ…ငါ့သားတစ်ခုခုဖြစ်ရင် ငါရင်ကျိုးရမှာကွ”
“ဒါကတော့ သတိရှိရမှာပေါ့ဗျာ…ကျုပ်တို့ကတော့ ဒါမျိုးမြင်ရတာ ရိုးနေပြီ”
ဦးသိန်းမြင့်၏စကားအဆုံး ရေချိုးရန် ပြင်ဆင်နေသည့် ကိုထွန်းလူအနား ဦးဖိုးငို ရောက်လာသည်။
“လူလေး အထုပ်အပိုးတွေပြင်တော့ မနက်ဖြန် ပြန်ကြရအောင်…လောလောဆယ် အဖေနဲ့ အပြင်ခဏလိုက်ခဲ့”
ဖခင်ဖြစ်သူ၏စကားကြောင့် ကိုထွန်းလူ အဝတ်အစားလဲ၍ အပြင်သို့ ထွက်လာခဲ့သည်။ ညဈေးတန်းလေးသို့အရောက် နာရီဆိုင်လေး ထဲ ဝင်ခဲ့ကြသည်။
“လူလေးအတွက် အဖေ နာရီလေးတစ်လုံး ဝယ်ပေးမယ်… လူလေးကြိုက်တာကြည့်”
မှန်အိမ်လေးထဲ၌ တံဆိပ်ကပ်ထားသည့် နာရီအမျိုးမျိုးကို ကိုထွန်းလူ လိုက်ကြည့်ဖြစ် သည်။ နောက်ဆုံး ကတ်စီရိုဆိုသည့် ဂဏန်း ပေါ် နာရီလေးကို ရွေးယူခဲ့သည်။ အပြန်လမ်း မှာတော့ နီစပ်စပ် အသားအရေလေးနှင့် အနက်ရောင်စိုစို နာရီလေးသည် ပနံရပေ သည်။ အဖေ့၏ ချွေးစများနှင့်ရင်း၍ ဝယ်ယူ ခဲ့သည့် နာရီလေးကို ကိုထွန်းလူ တရိုတသေ ကိုင်တွယ်ခဲ့၏။ ၁၅၀ဝ ဆိုသည့် ငွေကြေးထက် ထိုနာရီလေးအပေါ်ထားသည့် ကိုထွန်းလူ၏ မြတ်နိုးမှုသည် အချိန်ကြာလေ ထုထည် ကြီးမားလေလေ ဖြစ်သည်။
(လေး)
“တွေ့ခဲ့လား တော့်…”
ပျာပျာသလဲမေးလာသည့် မခင်မေ၏ စကားလုံးများကို ခွန်းတုံ့မပြန်ဘဲ ဦးထွန်းလူ ငြိမ်သက်နေသည်။ မခင်မေနှင့် သားငယ်၏မျက်လွှာများက စိုးရိမ်မှုတို့ယှက်ပြေးနေ၏။ ခေတ္တတိတ်ဆိတ်နေရင်းက ဦးထွန်းလူထံမှ ကွဲအက်အက်အသံကြီး ထွက်ပေါ်လာသည်။
“ခင်မေရာ… မင်းထမ်းထားရတာ မဟုတ်ဘဲနဲ့ ဒီနာရီလေးကို လွှင့်ပစ်ရက်တယ် ကွာ”
ရင်ခေါင်းသံကြီးနှင့် ပျံ့လွင့်လာသည့် စကားလုံးများကြောင့် မခင်မေ၏ မျက်လွှာမှ ညှိုးငယ်သွားရပြန်သည်။ ထို့နောက် ၁၅ နှစ်မျှ ရှိသော သားဖြစ်သူက ဆိုပြန်၏။
“အဖေကလည်း…အဖေ့နာရီက ခုဝယ် ရင် ၂၀ဝ၀ ကျော်ပဲရှိတာကို ပြန်ဝယ်လည်း ရတာပဲ”
မြတ်နိုးမှုကို ငွေကြေးဖြင့် ပိုင်းဖြတ်လိုက် သည့် သားဖြစ်သူ၏ စကားအဆုံး အုတ်ကာ၊ သွပ်မိုး အိမ်လေးသည် သိမ့်ခနဲ လှုပ်ခတ်သွား သည့်ပမာ။
“အဲဒီ နာရီအကြောင်း မင်းဘယ်လောက် သိလဲ”
ကျယ်လောင်စွာ ထွက်ပေါ်လာသည့် ဦးထွန်းလူ၏ အသံကြောင့် သားဖြစ်သူသည် မခင်မေ၏ဘေးသို့ ချက်ချင်းပြေးကပ်သွား သည်။
“တော်ပါတော့ ကိုထွန်းလူရယ် …ကျွန်မ လွှင့်ပစ်လိုက်တာ အကြောင်းမဲ့သက်သက် မဟုတ်ပါဘူး”
အကြောင်းသင့် ၊ အကျိုးသင့်ရှင်းပြရန် မခင်မေက စကားချီပြန်သည်။ မခင်မေတို့ သားအမိ နှစ်ယောက်ကို ကျောပေးထိုင်နေ သည့် ဦးထွန်းလူထံမှ နှာမှုတ်သံသဲ့သဲ့သာ ထွက်ပေါ်နေ၏ ။
“မနေ့က သားလေးအတွက် ဗေဒင်သွား မေးတာ အိမ်မှာ စနေနံ စက်ပစ္စည်းအစုတ်တွေ ရှိရင် စွန့်ပစ်လိုက်ပါတဲ့။ နို့မဟုတ်ရင် သားရဲ့ အသက်အန္တရာယ်ပါ ထိခိုက်လိမ့်မယ်လို့ ဟောလိုက်တယ်”
တစိမ့်စိမ့် ပစ်ဝင်လာသည့် မခင်မေ၏ စကားလုံးများကြောင့် ဦးထွန်းလူသည် တိတ်ဆိတ်ငြိမ်သက်လျက်ပင်။ သည့်နောက် ဦးထွန်းလူမျက်ဝန်းထဲ ချက်ချင်းပြေးမြင်မိ သည်က အလုပ်ဆိုက်မှာ ကျော်စိုး ပြုတ်ကျစဉ် အခါက စိုးရိမ်မှုကြီးစွာ အလောတကြီး ပြေးဝင် လာသည့် ဖခင်ဖြစ်သူ၏ မျက်ဝန်းများသည် မခင်မေ၏ မျက်ဝန်းများနှင့် တူလှသည်။သည့်အပြင် စိုစွတ်၍ အခိုးပြန်နေသည့် ခန္ဓာကိုယ်အနှံ့ ပွတ်သပ်နမ်းရှိုက်သွားသော လေနုအေးများ၏ အေးမြခြင်းအတွေ့ကိုလည်း ဦးထွန်းလူ ကောင်းစွာခံစားလိုက်ရပေတော့ သည်။ ။
ရွှေရင်လတ်(ဗိဿနိုး)
ကြေးမုံသတင်းစာ
၂၉.၉.၁၉