မေတ္တာလမ်းခွဲ

Posted on

မေတ္တာလမ်းခွဲ(စ/ဆုံး)
——————-

” မောင် ….”

” ပိုး ပိုးကတိမတည်နိုင်ခဲ့ဘူးမောင်ရယ် …အဟင့်ဟင့် ”

” မောင် ပိုးကို ချစ်သေးတယ်မလားဟင် ”

” မောင်ရေ….ပိုးပြန်လာပြီလေ ….”

” မောင်ငိုနေတယ် မဟုတ်ဘူး …မငိုနဲ့ မောင်မငိုပါနဲ့…”

အထက်ကောင်းကင်မှာ မိုးလေးကအုံ့တုံ့တုံ့ ၊ မြစ်ညှာမှာ မို့အုံ့နေရင် အန္တရာယ်ရှိတယ်ဆိုတာသိပေမယ့် မြစ်ကိုဆန်ပြီးလှော်လာတဲ့ ငါးဖမ်းလှေကလေးက လုံးဝဂရုစိုက်ဟန်မတူ ၊ ခပ်မှန်မှန်ပဲ လှော်လာနေခဲ့တယ်။ ဖြစ်နိုင်ရင် သူဒီထက်ပိုပြီး မြန်စေချင်တာပါ။

လှေကို မှန်မှန်လှော်နေရင်း ကျန်ခဲ့တဲ့ပုံရိပ်တချို့ကသူ့မျက်လုံးထဲ တရေးရေးမြင်ယောင်လာတယ်။

” အား အမလေး အမေရေ နာတယ်.အား ကျွတ်ကျွတ်”

မွေးခါနီးဗိုက်နာလွန်းလို့ နာကျင်အော်ဟစ်နေတဲ့ ဇနီးသည် မေဖြူကိုကြည့်ရင်း သူဘာလုပ်လို့ ဘာကိုင်ရမလဲ မသိခဲ့။

” ဟဲ့ ထွန်းအောင် နင်တို့ ဘာတွေဖြစ်နေကြတာလဲ သမီးမေဖြူ ဘာဖြစ်လို့လဲ ”

” ဟာ ကြီးမေပါလား လာပါဦးဗျာ ဒီမှာ ဖြူလေး ဗိုက်နာလို့နဲ့တူတယ် ”

” အမလေးဟဲ့ ထွန်းအောင်ရဲ့ မိန်းမဗိုက်နာတာကို ဒီအတိုင်း ထိုင်ကြည့်နေရသလား ငါ့လာခေါ်ပါတော့လား ဖယ်စမ်း ရှေ့က နင်ဝင်မလာခဲ့နဲ့ အပြင်မှာနေ ”

မေဖြူရဲ့ အော်သံက ကျယ်လွန်းတာကြောင့် ခေါင်းရင်းခြံမှာနေတဲ့ မွေးစားအမေတစ်ဖြစ်လည်း ကြီးတော် ဒေါ်နွဲ့ရီ ကပျာကယာရောက်ချလာပြီး ပူညံပူညံနဲ့ အိမ်ပေါ်တက်သွားခဲ့ပါတယ်။

” ထွန်းအောင်ရေ လက်သည် ဒေါ်ဝင်းကို သွားခေါ်ချေ မြန်မြန်သွားနော် ”

” ဟုတ်ကဲ့ ကြီးမေ ”

ကိုထွန်းအောင်လည်း မပြေးရုံတမယ်ခြေလှမ်းတွေနဲ့ အရပ်လက်သည်ရဲ့အိမ်ရှေ့အရောက် ပုဆိုးစုတ်ကလေးခေါင်းပေါ်တင်ပြီး အိမ်ထဲကထွက်လာတဲ့ ဒေါ်ဝင်းကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ့လိုက်ရတယ်။

” ဒေါ်လေးဝင်း …ဟောဟဲ ”

” ဟော့တော် ထွန်းအောင် ဘာဖြစ်လာတာလဲသားရယ် ”

” ကျနော့် ကျနော့် ဟောဟဲ… ကျနော့်မိန်းမ ​မေဖြူ ဗိုက်နာနေလို့ လာကြည့်ပေးပါဦး လာပါ မြန်မြန်လာ ”

” အေးပါဟယ် ငါလဲ ဟင်းစားမရှိတာနဲ့ အင်းစောင်းဘက်သွားပြီး ကန်စွန်းရွက်လေးဘာလေး သွားခူးမလားလို့ ထွက်လာတာ ”

နှစ်ယောက်သား စကားတပြောပြောနဲ့ ခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းရင်း အိမ်ရောက်လာတော့ ဒေါ်ဝင်းက တံခါးမကြီးကို ပိတ်ပြီး အိမ်ပေါ်တက်သွားခဲ့တယ်။

” အစ်ကိုအောင် ဖြူလေးဗိုက်နာလို့ဆို မွေးပြီလား ”

ကိုထွန်းအောင်တစ်ယောက် ဇနီးသည်အတွက်စိတ်တွေထူပူပြီး အိမ်ရှေ့ကွပ်ပြစ်ပေါ်ထိုင်နေတုန်း နောက်ကခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ ရွှံ့ဗွက်တွေပေကျံနေတဲ့ ပုဆိုးကို လည်ပင်းစွပ်ပြီး လယ်ထဲက ပြန်တက်လာတဲ့ ညီဖြစ်သူ ထွန်းမောင်ကို တွေ့လိုက်ရတယ်။

အိမ်ခွဲနေနေကြလို့ ညီအစ်ကိုနှစ်ယောက်ခပ်စိမ်းစိမ်းဖြစ်နေကြပေမယ့် ညီဖြစ်သူမျက်နှာပေါ်က စိုးရိမ်အကြည့်တွေကို့မင်တော့ ကတုန်ကယင်ဖြစ်နေတဲ့ ကိုထွန်းအောင်လည်း အားရှိသွားသလိုဖြစ်သွားပြီး..

” အစ်ကိုလည်း မသိသေးဘူး ညီလေး ဖြူလေးရဲ့ အော်သံပဲ ကြားနေရတယ် ကလေးငိုသံက အခုထိကို မကြားရသေးတာ ”

” ဟုတ်လား အစ်ကို ”

” အေး ညီလေး မင်းလဲ ချမ်းလာရောပေါ့ သွားသွားရေမိုးချိုးပြီး နားလိုက်ဦး ပြီးမှပြန်လာခဲ့လေ ”

အစ်ကိုလုပ်သူက အဲ့လိုပြောလိုက်တော့ ညီဖြစ်သူထွန်းမောင်လဲ ” အင်း ” လို့ ပြန်​ဖြေပြီး အိမ်ပေါ်ကို တစ်ချက်လှမ်းကြည့်ကာ ​သူ့အိမ်ဘက် ပြန်ထွက်သွားခဲ့တယ်။

” အား အမလေး အမေရေ သမီးမရတော့ဘူး ”

” သမီး မေဖြူ ကြီးမေရှိတယ်နော် ဘာမှအားမငယ်နဲ့
ညှစ်ထား လက်သည်ဒေါ်ဝင်းလဲ ရှိတယ် အပြင်မှာ
နင့်ယောကျ်ား ထွန်းအောင်လဲ ရှိနေတယ် ”

အပြင်မှာ နင့်ယောကျ်ားထွန်းအောင် စောင့်နေတယ်လို့ ကြားတော့ မေဖြူမျက်ဝန်းအိမ်ထဲကနေ မျက်ရည်တွေလျှံတက်လာတာ​ ဒေါ်နွဲ့ရီသတိထားမိခဲ့တယ်။ သို့ပေမယ့် ထွေလီကာလီမစဥ်းစားနိုင်၊ သမီးဖြစ်သူကိုပဲ လက်ကလေးဆုပ်နှယ်ပေးလိုက် ဆံပင်လေးသပ်တင်ပေးလိုက် လုပ်ပေးနေခဲ့ရှာတယ်။

ဒေါ်နွဲ့ရီရဲ့ညီမဝမ်းကွဲလင်မယား ငါးရှာရင်းလှေမှောက်ပြီးဆုံးသွားကြတော့ မေဖြူက လသားအရွယ် လေးပဲ ရှိသေးတယ်။ ဒါကြောင့်သူမလည်း အရွယ်ကောင်းပေမယ့် အိမ်ထောင်မပြုတော့ပဲ ကျန်ခဲ့တဲ့ကလေးမလေးကို သမီးအရင်းလေးလို ကျွေးမွေးပြုစုပေးခဲ့ပါတယ်။

သမီးဖြစ်သူရဲ့ နာကျင်အော်ဟစ်နေပုံတွေကိုကြည့်ရင်း အတွေ့အကြုံမရှိတဲ့ဒေါ်နွဲ့ရီတစ်ယောက် စိုးရိမ်ပူပန်စိတ်တွေနဲ့ ဂဏှာမငြိမ်ဖြစ်နေရပါတယ်။

” အဝင်းမ ကလေးက အခြေအနေ ဘယ်လိုလဲဟဲ့ ”

” အစ်မနွဲ့ရီရေ ကလေးက အမွှာဖြစ်ဖို့များတယ် ဒီလောက်တွန်းပေးနေတာတောင် မထွက်ပုံထောက်ရင် တစ်မွှာက ကန့်လန့်ခံနေတာဖြစ်လိမ့်မယ် ”

” ဟယ် ဟုတ်လား ငါ ဘာလုပ်ပေးရမလဲ ပြောလေ ”

” ဟိုလေ ထွန်းအောင်ကို ငါးသိုင်းချောင်းမြို့ပေါ်က သားဖွားဆရာမ သွားပင့်ခိုင်းလိုက်ပါလား ကျမလည်း မတက်နိုင်တော့ဘူး ခါတိုင်း မွေးနေကျကလေးတွေ ဒီလောက်မကြာဘူး ရေမွှာပေါက်ပြီး ပလွတ်ကနဲထွက်လာတာပဲဟာ ”

” အခုဟာက ရေမွှာပေါက်ပြီးတဲ့အပြင် ညှစ်ရလွန်းလို့ အညစ်အကြေးတွေတောင် ထွက်လာပြီ ကြာရင် ကလေးအတွက်ကော မိခင်အတွက်ကော အသက်အန္တရာယ်ရှိတယ် မြန်မြန်သွားခေါ်ခိုင်းလိုက်ပါ ”

လက်သည်ဒေါ်ဝင်းရဲ့ စကားကြောင့် ဒေါ်နွဲ့ရီလည်း ထွန်းအောင်ကို အော်ခေါ်ပြီး အခုလိုပဲ လှမ်းပြောလိုက်ပါတယ် ။

” ထွန်းအောင်ရေ ဟဲ့ ထွန်းအောင် ”

” ဗျာ ကြီးမေ ဘာ ဘာဖြစ်လို့လဲ ”

” နင့်လှေနဲ့ အခုချက်ချင်း မြို့ကသားဖွားဆရာမ သွားပင့်စမ်း သွားမြန်မြန် ဖြူလေးက မမွေးနိုင်ဘူးဖြစ်နေတယ်ဟဲ့ ”

” ဗျာ .. သြော် ဟုတ်ကဲ့ ဟုတ်ကဲ့ ကြီးမေ ”

အိမ်အောက်က လှော်တက်နဲ့ ရေပတ်ခွက်ကိုယူပြီး အပြေးကလေးထွက်လာတော့ လမ်းမှာ ညီဖြစ်သူနဲ့ ပက်ပင်းတိုးပြန်တယ်။ ကြီးမေရဲ့ခိုင်းစေမှုကြောင့် စိတ်တွေထူပူနေတာမလို့ ကိုထွန်းအောင်လည်း ဘာပြောလို့ ပြောရမှန်းမသိခဲ့။ ညီဖြစ်သူ ပခုံးကိုပုတ်ပြီး ကျော်သွားပြီးကာမှ

” ညီလေး အိမ်ကိုအမြန်သွားပြီး ဖြူလေးတို့ကို သေချာစောင့်ရှောက်ပေးလိုက်ဦးနော် အစ်ကို မြို့ပေါ်ကသားဖွားဆရာမသွားပင့်မလို့ ကလေးက အမွှာတွေတဲ့ကွ ဒေါ်ဝင်းလည်း မနိုင်ဘူးတဲ့ ”

အဲ့ဒီလိုပြောပြီး ခပ်သွတ်သွတ် ထွက်သွားတော့မယ့် ကိုထွန်းအောင်ကို ထွန်းမောင်က

” အစ်ကို ခဏနေဦး ” လို့ တားပြီး သူ့အိမ်ထဲ အမြန်ပြေးဝင်သွားခဲ့တယ်။

ပြန်ထွက်လာတော့ မှိန်းတချောင်းနဲ့ ဓါးတချောင်းပါလာပြီး

” ရော့ အစ်ကို ဟိုနေ့က မြစ်ထဲမှာ မိချောင်းခေါင်းတိုတွေ့တယ်လို့ကြားတယ် သတိထားပြီး သွား” လို့ပြောပြီး ကမ်းပေးလာတယ်။

” အေးပါ အစ်ကို သွားပြီ ”

အပြေးကလေး ထွက်သွားတဲ့အစ်ကိုဖြစ်သူရဲ့ ကျောပြင်ကိုငေးနေရင်း မြင်ကွင်းကနေပျောက်သွားတော့မှ ထွန်းမောင်လည်း သက်ပြင်းရှည်တစ်ချက်ကို “ ဟင်း´´ခနဲချလိုက်တယ်။

ပြေးကြည့်မှ ဒီညီအစ်ကိုလေးနှစ်ယောက်ပဲရှိတာမလို့ သူ့အပူလည်းကိုယ့်အပူပဲလေလို့မှတ်ယူပြီး ထွန်းမောင်လည်း အိမ်ကိုသော့ခတ်ကာ အစ်ကိုဖြစ်သူအိမ်ဘက်ထွက်လာခဲ့လိုက်တယ်။

သနားသဖွယ် အလူးအလဲအော်ဟစ်နေရရှာတဲ့ မေဖြူ့အသံကို ကြားရတော့ သူလည်း ဘာမှမဖြစ်ဖို့ဆုတောင်းရင်း ရသမျှ ဘုရားစာတွေ အကုန်ရွတ်ပေးနေမိတယ်။

&&&&&&&&&&&&&&&&&&&&&&&&&&

လှေကိုခပ်မှန်မှန်လှော်ခတ်ရင်း အတွေးနယ်ချဲ့နေတဲ့ထွန်းအောင်တစ်ယောက် ခေါင်းပေါ်ကို မိုးပေါက်လေးတွေ တဖြောက်ဖြောက်ကျလာမှ သတိဝင်လာခဲ့တယ်။

မိုးနဲ့အတူ လေပါပါလာတဲ့အတွက် ကမ်းနဲ့ကွယ်ပြီးသွားမယ်လို့ဆုံးဖြတ်လိုက်ပြီး မြန်နိုင်သမျှမြန်အောင်ကြိုးစားလှော်နေချိန် လှေရဲ့ ဝါးတပြန်လောက်နေ ရေပွက်ကြီးတခုက “ဗွက်´´ကနဲ ပွက်သွားတာ သူမြင်လိုက်ရတယ်။

” ဟင် ”

သူအတွေးလွန်နေခဲ့လို့ အသိနောက်ကျချေပြီ။ ငဝန်မြစ်ဆိုတာ ငါးသိုင်းချောင်းမြို့ထဲကိုပါ စီးဆင်းတဲ့ မြစ်ဖြစ်သလို အခုလိုမိုးတွင်းကာလမှာ ဧရာဝတီမြစ်ရေနဲ့ ဆက်ပြီး ရေချိုရေငံရောတတ်တာကြောင့် ရံဖန်ရံခါ ရေမုဆိုးတွေ မျက်စိလည်လာတတ်ပါတယ်။

ထွန်းအောင်တို့ဆိုတာကလည်း ငယ်စဥ်ကတည်း က ဒီမြစ်ထဲမှာပဲငါးဖားရှာရင်း ကြီးပြင်းတဲ့သူတွေဖြစ်လို့ အခြေနေကိုမြင်တာနဲ့ ချက်ချင်းရိပ်စားမိလိုက်ပါတယ်။

သတိကိုကြီးကြီးထားရင်း လှေဝမ်းထဲအသင့်ပါလာတဲ့ မှိန်းကိုလှမ်းယူပြီး စောင့်ကြည့်နေတုန်း ရေစီးကြောင်းတခုက သူ့ဆီကို ဦးတည်လာနေရင်း လှေနားရောက်ကာမှ ပျောက်သွားတာ မြင်လိုက်ရတယ် ။ ဒါ့ကြောင့် သူလည်း ချက်ချင်းမတ်တပ်ထရပ်ပြီး လှေနံဘေးကိုမှန်းဆကာ မှိန်းနဲ့ အားကုန်ထိုးစိုက်ပစ်လိုက်တော့….” ဒုတ် ” ဆိုတဲ့အသံကြီးက ရေထဲကနေ ထွက်လာခဲ့တယ် ။

” ဝုန်း ဝုန်း ဝုန်း ဖြောင်း ”

ထွန်းအောင်ဆောင့်ထိုးလိုက်တဲ့ မှိန်းတံက လှေကိုသူကျောနဲ့မပြီးမှောက်မလို့ကြံနေတဲ့ ငနဲသားရဲ့ကျောကုန်းထူထူကြီးထဲ ထက်ဝက်လောက် စိုက်ဝင်သွားတော့ ငနဲကနာလွန်းလို့ထင့်၊ သူ့အမြှီးကို ရေပြင်နဲ့ တဝုန်းဝုန်းရိုက်ပြီး ရုန်းကန်နေခဲ့တယ်။

ထွန်းအောင်လည်း ညီဖြစ်သူပေးလိုက်တဲ့ ဓါးကိုလှမ်းယူဖို့အလုပ် ရေမုဆိုးရဲ့အမြှီးရိုက်ချက်တစ်ချက်ကသူ့လှေကလေးကိုထိပြီး ရေပေါ်တစ်ထောင်လောက် ကော့တက်သွားခဲ့တယ်။

” ဖြောင်း!!!!! ” ” ဝုန်း ” ” ဗွမ်း ”

ဟန်ချက်ပျက်သွားတဲ့ ကိုထွန်းအောင်လည်း လှေတခြားလူတခြားဖြစ်ပြီး ရေထဲကျသွားတော့ ဒဏ်ရာနဲ့ ငနဲက မျက်လုံးကိုပေကလပ်ပေကလပ်လုပ်ရင်း မှိန်းတန်းလန်းကြီးနဲ့ ရေအောက် ချက်ချင်းငုပ်သွားခဲ့တယ်။ သူ့ကြည့်ရတာ မနက်စာရသွားလို့ ကျေနပ်သွားပုံပါပဲ ။

ကိုထွန်းအောင် လှေဆီပြန်ကူးဖို့ ကြိုးစားပေမယ့် ငနဲသားက သူ့ခြေထောက်ကို ကိုက်ထားတာကြောင့် ရှေ့ကိုမရောက်တော့။ အဲ့ဒီအချိန် ငနဲသားနောက်တစ်ကောင်​က ခါးကိုကိုက်ချီလိုက်တော့ ရေပြင်တလျှောက် အနီရောင်သွေးတို့က မြင်မကောင်းအောင် ရဲရဲတောက် လွှမ်းလာခဲ့ပါတယ်။ အနီရောင်သွေးရည်တွေကြား ရုန်းရင်းကန်ရင်းနဲ့ အကြင်မနုဿလူသားကတော့ ရေမုဆိုးတို့ရဲ့ ရိက္ခာဖြစ်သွားခဲ့ပါပြီ။

အရာရာမှောင်မိုက်ခါနီး နောက်ဆုံးအသိလေးထဲမှာတော့ ဖြူလေးက ပြုံးရွှင်ပေါ့ပါးနေတဲ့မျက်နာထားနဲ့
သူ့ကို လက်ယက်ခေါ်နေတာ တွေ့ရတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

” အား အမေရေ နာတယ် ”

” အားတင်းထားပါ သမီးလေးရယ် ဟယ် ဟယ် သွေးတွေ မွေးလာပြီ ”

” ဟဲ့ အဝင်း ဘာဖြစ်တာလဲ ဘာလို့သွေးထွက်လာလဲ ငါမကြည့်ရဲဘူးနော် ”

” သွေးမွေးရင် အခြေအနေမကောင်းတော့ဘူး မနွဲ့ရဲ့ ”

” အမလေး ဘုရား ဘုရား ဘုရားကယ်ပါ ”

မျက်နာငယ်လေးနဲ့ ပြောလိုက်တဲ့ လက်သည်ရဲ့စကားကြောင့် နဂိုကတည်းက တုန်လှုပ်နေတဲ့ ဒေါ်နွဲ့ရီက လူရောစိတ်ပါ ဂဏှာမငြိမ်တော့။

” ကြီး…ကြီးမေ…. ဒေါ် ဒေါ်လေးဝင်း …..”

ဖျော့တော့အားလျော့နေတဲ့လေသံနဲ့ မေဖြူရဲ့ခေါ်သံကြောင့် နှစ်ယောက်လုံးက ပြိုင်တူကြည့်လိုက်တော့

” သ သမီးကို အစ်ကိုထွန်းအောင် လာခေါ်နေပြီ သမီးလိုက်သွားတော့မယ်နော် သမီးကလေးတွေကို စောင့်ရှောက်….ပေး….. အင်း!!!!…..”

ဂယောင်ချောက်ခြားနဲ့ ပြောနေတဲ့ မေဖြူ့စကားတွေက ဘယ်ရောက်လို့ရောက်မှန်းမသိတော့၊ ကြားရသူတွေအဖို့တော့ ရင်ထဲမကောင်းတာတော့အမှန်ပါ ။

နောက်ဆုံးတစ်ချက် “အင်း!!!! ´´ လို့ညည်းညူပြီး အားကုန်ညှစ်ချလိုက်တော့ ​မေဖြူ့​ေမွေးလမ်းကြောင်းထဲကနေ သွေးခဲတွေ ထွက်လာခဲ့တယ်။ သွေးခဲတွေကိုမြင်တော့ ဒေါ်နွဲ့ရီတစ်ယောက် နေရာမှာတင် မေ့လဲသွားခဲ့ပါတယ် ။

” ဟ ဟယ် မွေးပြီ ကလေးပါလာပြီ အစ်မနွဲ့ရေ အစ်မနွဲ့ အ အမလေး လာကြပါဦး အစ်မနွဲ့ အစ်မနွဲ့ကို ခေါ်လို့မရတော့ဘူး ”

” ဟင် ကြီးမေ …”

ဒေါ်ဝင်းရဲ့အော်သံကြောင့် ထွန်းမောင်လည်ူ ​အိမ်ပေါ်ပြေးတက်ပြီးကာမှ မီးနေခန်းဆိုတဲ့အတွေးကြောင့် သူ့ခြေလှမ်းတွေ တွန့်သွားခဲ့တယ်။

သို့ပေမယ့် ” အို…ဖြစ်ချင်ရာဖြစ်ကွာ ” ဆိုတဲ့ ဆုံးဖြတ်ချက်ကို အမြန်ချပြီး အခန်းထဲပြေးဝင်သွားတော့ ကလေးသေးသေးလေးနှစ်ယောက်ကို တုန်တုန်ရီရီနဲ့ ထုပ်ပိုးသန့်စင်နေတဲ့ လက်သည်ဒေါ်ဝင်းကို တွေ့လိုက်ရတယ်။

ကြမ်းပြင်ကိုခပ်ပြင်းပြင်းနင်းပြီး အခန်းတံခါးဖွင့်ဝင်လာတဲ့ လူကို ဒေါ်ဝင်းမော့ကြည့်လိုက်တော့ ရေတွေစိုရွှဲနေတဲ့ ထွန်းအောင်….

” ထွန်းအောင် သားလေး ဟဲ့ မ မဟုတ်ပါဘူး ထွန်းအောင်က မြို့တက်သွားတာပဲ နင် နင်က ထွန်းမောင်မဟုတ်လား ”

” ဟုတ်တယ်လေ ဘာဖြစ်လို့လဲ ဒေါ်လေးဝင်း ဟာ ကြီးမေက လဲနေပါလား ဘာဖြစ်တာလဲ ”

” မသိပါဘူးဟယ် သွေးတွေမြင်ကတည်းက လဲကျသွားတာပဲ ”

” ကြီးမေ…ကြီးမေ ထပါဦး ဒေါ်လေးဝင်း ဖြူလေးကော အဆင်ပြေရဲ့လားကြည့်ပါဦး ”

ထွန်းမောင်တစ်ယောက် မေ့လဲနေတဲ့ဒေါ်နွဲ့ရီကို ပွေ့ချီလိုက်ခါမှ ပျော့ခွေသွားခဲ့တာကြောင့် ထိတ်လန့်သွားပြီး မလှုပ်တော့တဲ့ ကလေးမိခင်ရဲ့ လက်ကောက်ဝတ်ကိုပါ ကိုင်ကြည့်လိုက်ပြန်တယ်။

” သမီး… သမီး မေဖြူ ဟယ် ခြေလက်တွေလည်း အေးစက်လို့ပါလား ”

” အမလေး မေဖြူ သမီး ဖြစ်မှဖြစ်ရလေသမီးရယ် ”

” ထွန်းမောင် နင့် နင့်မရီး အသက်မရှိတော့ဘူး အီးဟီးဟီး ”

” ဗျာ!!!! ”

တစ်လုံးထဲ ဒီတလုံးထဲသာ သူအော်နိုင်ပါတော့တယ်။ အစ်ကိုဖြစ်သူက မြစ်ထဲမှာ ဘာဖြစ်နေမှန်းမသိရ၊ ဒီမှာကတော့ ကမ္ဘာပျက်နေချေပြီ။

အိမ်ထောင်သည်မဟုတ်တဲ့သူ့အတွက်တော့ လူမမည်ကလေးနှစ်ယောက်ကိုရင်ခွင်ထဲချီထားပြီး ငူငူကြီး ထိုင်နေရုံကလွဲလို့ ကျန်တာဘာမှမသိတော့ ။

လက်သည်ဒေါ်ဝင်းရဲ့ ဖောက်သည်ချမှုကြောင့် မကြာခင်မှာပဲ ရွာသူရွာသားတချို့ရောက်လာပြီး ကွယ်လွန်သူတွေကို ကျေးရွာထုံးစံအတိုင်း လုပ်ကိုင်လိုက်ကြတယ်။

အဖြစ်ဆိုးတွေရဲ့ ခုနှစ်ရက်အလွန်မှာ ရေတဝက်မြုပ်နေတဲ့လှေတစီးက ရွာနားမှာလာကပ်ခဲ့တယ်။ ဘယ်သူ့လှေမှန်း တစ်ရွာလုံးသိကြတာမို့ အားလုံးက စုတ်တသပ်သပ်နဲ့ ဖြစ်ကုန်ကြပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်ထဲက ရေဖြူ(အမည်ပြောင်းလဲ)ကျေးရွာလေးဟာ ဖွံဖြိုးတိုးတက်မှုအရမ်းနောက်ကျတဲ့ ရွာလေးတစ်ရွာ ဖြစ်ပါတယ်။ သေရေးရှင်ရေးရောဂါဖြစ်ကြပြီဆိုတာနဲ့ ဆေးရုံဆေးခန်းကမရှိလေတော့ စိတ်မကောင်းစရာတွေအဖြစ်ဆိုးတွေကိုလည်း မကြာခဏကြားရတတ်ပါတယ်။

မိုးတွင်းအခါ ငါးသိုင်းချောင်းမြို့ပေါ်အမြန်တက်ဖို့က ကုန်းလမ်းထက် ရေလမ်းခရီးက ပိုအဆင်ပြေနေတော့ ရှိတဲ့လှေလေးတွေနဲ့ ဒီလိုပဲ ဖြစ်သလိုသွားလာကြရပါတယ်။

ကုန်းလမ်းဆိုတာက ရွာလည်လမ်းမကနေ မော်တော်ဆိပ်ကို သုံးလေးမိုင်လောက်ခြေကျင်လျှောက်ရတဲ့လမ်းပါ။ မိုးတွင်းရေလျှံနေချိန်ဆိုရင်တော့ လမ်းရေကျော်တာတွေ ဒူးခေါင်းလောက်မြုပ်တဲ့ရွှံ့ဗွက်တွေကိုပါ ဖြတ်ကျော်ရပါသေးတယ်။ အဲ့ဒါတွေ ကျော်ပြီးရင်တော့ ငါးသိုင်းချောင်းဘက်ကူးတဲ့ မော်တော်ဆိပ်ကိုရောက်ပြီး အဲ့ဒီကမှ တစ်ဆင့်သင်္ဘောစီးရင်တော့ ရန်ကုန်ကို ရောက်ပါတယ်။

နိုင်ငံကျော်စာရေးဆရာကြီးတစ်ယောက်ဖြစ်တဲ့ဦးရေချမ်း{လွှဲပြောင်း}ဟာလည်း ရေဖြူရွာဇာတိသား ဖြစ်ပါတယ်။ ငယ်စဥ်ဘဝ ပြေလည်တဲ့မြေရှင်ယာရှင်မိဘတွေရဲ့ စေတနာကြောင့် မြို့ပေါ်မှာ အိမ်ငှားနေပြီး ကျောင်းတက်ခဲ့ရတယ်။ ကျောင်းပိတ်ရက်ပြန်လာလည်တိုင်း အမြင်မကျယ် မတိုးတက်သေးတဲ့ရွာကိုကြည့်ပြီး ဘယ်လိုကူညီရမလဲ အမြဲတွေးနေမိတယ်။

ဒီတစ်ခေါက်သီတင်းကျွတ် အိမ်ပြန်လာတော့ စိတ်မကောင်းစရာသတင်းက ကိုရေချမ်းနားထဲအတောင့်လိုက် ဝင်လာတယ်။ ဖအေဖြစ်သူက ဆရာဝန်သွားပင့်ရင်း မိကျောင်းစာဖြစ်၊ မအေက မီးတွင်းထဲသေ အဖွားဖြစ်သူက နှလုံးတုန်လွန်ပြီးဆုံး ၊ အို ဆိုးလိုက်တဲ့ ဘဝတွေ တွေးကြည့်တာနဲ့တင် သူ့ရင်ထဲမကောင်း။

မတွေးခေါ်တတ်တဲ့ ရွာသူရွာသားတွေကတော့ ဒီအမွှာကလေးတွေကို ဘီလူးသိုက်ကလာတယ်လို့ ပြောကြတယ်။ ​ထင်ချင်စရာအဖြစ်ဆိုးတွေကလည်း ဖြစ်ပြီးခဲ့ပြီကိုး။ ဖြစ်ချင်တော့ ရွာသားအများစုက ကလေးတွေကို ရွာမှာမထားချင်​ကြဘူး။ ရွာနာတယ်တဲ့။ တချို့ကလည်း မြစ်ထဲမျှောချင်ကြောင်း သတင်းသဲ့သဲ့ပြန်ကြားတော့ ကိုရေချမ်းလည်း အာဏာသုံးရပြီလေ။

ဒီကလေးတွေ တခုခုဖြစ်တဲ့အသံကြားရင် ရွာကိုပြန်မလာတော့ဘူး ဆောက်လက်စစာသင်ကျောင်းကိုလည်း ဆက်မဆောက်ပေးတော့သလို ရွာကိုလည်း ဘာမှမကူညီတော့ဘူးလို့ပြောတော့ အားလုံးက မငြိမ်ချင်ငြိမ်ချင်နဲ့ ငြိမ်သွားကြပါတယ်။

” အုငဲ….အုငဲ အုငဲ…အုငဲ….”

” ဟာ ငါ့သမီးတွေ နို့ဆာနေပါရောလား ”

ဟင်းစားအတွက် ငါးဖားလေးအပြေးသွားရှာပြီးပြန်လာတော့ ကလေးတွေက အသံတစာစာနဲ့ ငိုနေကြလေပြီ။ လှော်တက်ကိုပစ်ချပြီး အိမ်ပေါ်ပြေးတက်သွားတော့ ချစ်သမီးလေးတွေက လက်မလေးတွေ ကိုယ်စီစုပ်လို့ လူးလွန့်နေကြတယ်။ အငယ်မလေးကတော့ လူးရင်းလိမ့်ရင်း ဘေးလေးတောင်စောင်းနေခဲ့ပါသေးတယ်။

ရင်နှီးတဲ့လက်တစ်စုံက သူတို့ကိုလာထွေးပွေ့လို့ထင့်၊ မြူနေပုံလေးတွေက အသဲယားစရာဖြစ်နေခ။ ပါးဖောင်းဖောင်းလေးတွေကို တလှည့်စီနမ်းရင်း ရင်ဝယ်ပိုက်လို့ ရွာထဲ နို့ထွက်ရှာရပါပြီ။ ယောကျ်ားရင့်မာ လူပျိုလူလွတ်တယောက်အတွက် ဒီလိုဒုက္ခမျိုးကို ဘယ်သူက ခံယူချင်ပါမလဲလေ။

” မသန်းလှရေ ကျုပ်သမီးတွေ နို့ဆာနေလို့ လုပ်ပါဦး ”

” ဟယ် ထွန်းမောင်ရယ် နင့်မလဲ နောက်ကျလိုက်တာ ငါလဲ ဒီမှာ အရမ်းတောင့်နေလို့ ညှစ်ထုတ်တော့မလို့ ပေးပေး ကလေးကို မြန်မြန် ”

” ပြွတ်!!!! ပြွတ်!!!! ”

သူတိုက်နေကျ နွားနို့နဲ့ ထမင်းရည်ကြည်ရောထားတဲ့နို့အတုဟာ မိခင်နို့ရည်လောက်အာဟာရမရှိတာမလို့ သမီးနှစ်ယောက်ခမျာ စို့လိုက်ကြတာ အသံတွေတောင်မြည်နေခဲ့တယ် ။ နို့လောဘကြီးအငယ်မလေးဆိုရင် အငမ်းမရစို့ရင်း ပါးစပ်ထဲကနေတောင် လျှံကျနေလို့ သူတို့မှာ တစ်ဟားဟားနဲ့ သဘောကျရပြန်တယ် ။

ဘာလိုလိုနဲ့ ကလေးတွေလူ့လောကထဲရောက်လာတာ ခြောက်လကျော်ခဲ့ပြီ။ မြို့ကြီးမှာကျောင်းတက်နေတဲ့ ရွာ့ကဖက်သရေဆောင် ကိုရေချမ်းကတော့ သမီးတို့ဘဝလေးတွေ ပိုးသားလေးလိုဖြူပြီး ပန်းလေးလိုမွှေးစေဖို့ အကြီးမလေးကို ပိုးအိဖြူ ၊ အငယ်မလေးကိုတော့ ပန်းအိဖြူ လို့အမည်ပေးထားခဲ့ပါတယ်။ တကယ်လည်း ချစ်စရာလေးတွေပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပြန်လည်ပြင်ဆင်တင်ပြခြင်းဖြစ်ပါ၍ ဟိုးပဝေသဏီကဖတ်ဖူးလည်း ပြန်ဖတ်ကြပါခင်ဗျာ

ချမ်းမြေ့ကြပါစေ…

မောင်လူလှ ~ ကညင်မြေ