မေတ္တာလွန်ပွဲ အဆွဲခက်သည်

Posted on

” မေတ္တာလွန်ပွဲ အဆွဲခက်သည် “(စ/ဆုံး)
—————————
” အမေ !!! ”
ကိုကံမြင့်၏ အထိတ်တလန့်အော်လိုက်သည့် အ
သံက အိုးဘိုရပ်ကွက်တစ်ခုလုံးကို လှုပ်နှိုးလိုက်သလို ဖြစ်သွား၏၊ထိုအသံကြောင့် ဇနီးဖြစ်သူ မမြမေလည်း လန့်နိုးလာသည်၊အိပ်ရာဘေးရှိ မီး
အိမ်ကိုဖွင့်ကြည့်တော့ ကိုကံမြင့်သည် ကုတင်ပေါ်တွင် ငုတ်တုပ်ထိုင်၍နေ၏ ။

” ည အချိန်မတော်ကြီး ကိုကံမြင့်ရယ် ဘာဖြစ်ရတာလဲ၊မထိတ်သာ မလန့်သာ ရှိလိုက်တာ တကယ်ထဲ ကျုပ်မှာကိုယ်ဝန်ကြီးနဲ့မှန်းလည်း သိရဲ့နဲ့ ”

ကိုကံမြင့်အော်သံကြောင့် လန့်နိုးလာသည့် မမြမေက ပြောပြောဆိုဆိုနှင့်ရေအိုးစင်ရှိရာထသွား၏၊ ကိုကံမြင့်ကလည်းသူအိပ်မက်ဆိုးမက်၍ လန့်အော်မိသွားခြင်းဖြစ်ကြောင်း ပြောပြရှာ၏ ။

” အမေဆုံးတယ်လို့ ကျုပ် အိပ်မက် မက်လို့ပါ မမြမေရယ် ”

” အိပ်မက်ဆိုတာ ပြောင်းပြန်ယူရသတဲ့ တော်ရေ၊ရော့ ရော့ ဒီရေတစ်ခွက်ကိုသောက်ပြီး တော် ပြန်အိပ်လိုက် တော့်အမေလည်း ကျန်းမာရေးကောင်း
နေမှာပါတော် တွေးပူမနေစမ်းပါနဲ့ပျော်အောင်သာ ပြန်အိပ်လိုက် …”

မမြမေက သောက်ရေခွက်ကို ကမ်းပေးပြီး စိတ်
ပြေရာပြေကြောင်းပြောဆို၍ ပြန်အိပ်ဖို့တိုက်တွန်း
သည်၊သို့သော် ကိုကံမြင့်မှာတော့ ပြန်အိပ်၍ မပျော်ဖြစ်နေ၏၊ထို့ကြောင့်ကိုကံမြင့်၏ စိတ်အာ
ရုံသည် အတိတ်အကြောင်းအရာတို့ကိုသာ တွေး
တောနေမိလေတော့၏။

◼️
မမြမေက မန္တလေးမြို့ပေါ်မှ အိုးဘိုသူဖြစ်ပြီး၊ကိုကံမြင့်က ညောင်ကွဲမြစ်တစ်ဖက်ကမ်း ပုဂံတပ်ရွာ
မှဖြစ်သည်၊မ​မြမေမှာ မိဘနှစ်ပါးလုံးမရှိတော့သော်လည်း ကိုကံမြင့်မှာက စံမြင့်ဆိုသည့်ညီငယ်တစ်ယောက်နှင့်မိအိုဖအိုနှစ်ဦးလုံးရှိသေး၏၊ကိုကံ
မြင့်သည် မမြမေနှင့်အိမ်ထောင်ကျပြီး မြောက်ပြ
င်အိုးဘိုရပ်ကွက်သို့ လိုက်၍နေ၏၊ယခင်ကမကြာ
မကြာပုဂံတပ်ရွာသို့ရောက်ဖြစ်ပါသော်လည်းယခု
မူ မမြမေကိုယ်ဝန်စရှိကတည်းက ရွာသို့အရောက်
အပေါက်ကျဲသွားသည်၊မပြန်တာ ကြာပြီဖြစ်၍မိ
ခင်ဖြစ်သူကိုစိတ်စွဲပြီး အိပ်မက် မက်လေသလားမသိ၊မမြမေကတော့မနက်စောစောပဲပြုတ်ရောင်း
ထွက်ရမည်မို့ စောင်ကိုခြုံ၍ ပြန်ကွေးပြီးအိပ်ပျော်
နေသည်၊မမြမေ အိပ်ပျော်သွားသော်လည်း ကိုကံ
မြင့်မှာတော့ အိပ်ပျော်ဖို့ခက်နေ၏၊”အဖေနဲ့အမေ
နေလို့မှ ကောင်းပါစ “ဟုတွေးတောလျက်နှင့် အိပ်
ပျော်ဖို့ခက်နေခြင်းဖြစ်၏၊မမြမေကို ကြည့်တော့
ဗိုက်ပူလေးပေါ် လက်တင်ပြီး နှစ်ခြိုက်စွာအိပ်
မောကျမပြတ် … ။

◼️
” တီ တီ တီ တီ တီ တီ …”
ခေါင်းရင်းတွင်ထားသည့် နာရီက နှိုးစက်သံမြည်လာသည်၊အိပ်မပျော်ဖြစ်နေသည့် ကိုကံမြင့်ကန
ာရီကိုယူပြီး နှိုးစက်အသံကိုပိတ်လိုက်၏၊ထို့နော
က် အိပ်ရာမှထလျက် ညဦးကတည်းကပြုတ်ဖို့စီမံထားသောပဲတို့ကိုမီးဖို၍ တည်လိုက်သည်၊ပဲပြု
တ်တောင်းထဲတွင် ပလက်စတစ်အကြည်ကိုဖြန့်ခင်းထားလိုက်ပြီး၊တောင်းပေါ်ဖိအုပ်မည့်ဆန်
ကောကိုတော့ ချိန်ခွင်နှင့်အလေးတို့ကိုထည့်၍ပြင်
ဆင်ထားလိုက်၏၊ခေါင်းခုလုပ်မည့်ပုဆိုးစုတ်ကိုလည်း ပဲ​ပြုတ်တောင်းဘေးတွင် အဆင်သင့်ချပေးထားလိုက်သည်၊ပဲပြုတ်များနပ်သောအခါဆန်ခါထဲတွင်လောင်းချပြီး ရေစစ်ထားလိုက်သ
ည်၊တောက်လက်စမီးဖိုပေါ်တွင် ထမင်းတစ်အိုးအ
မြန်တည်လိုက်ပြီး၊ရေစင်သွားသောပဲပြုတ်တွေကို
တောင်းထဲသို့ပြောင်းထည့်တော့ အငွေ့တထောင်း
ထောင်းထနေ၏၊ထမင်းအိုးကျက်လျှင်ပဲပြုတ်နှင့်ဆွမ်းတော်ကပ်ဖို့လည်း ကြက်သွန်နီနှစ်လုံးကိုအခွံ
ခွာ​၍ ပါးပါးလှီးထားလိုက်သည်၊ထိုအချိန်တွင် အ
ရိပ်မထွက် ဘုရား ကျောင်းတော်အတွင်းဆီမှ တု
န်းမောင်းခေါက်သံကို ကြားလိုက်ရသည် ။

” တုန် တုန် တုန် တုန် တုန် ”

” ဟဲ့ မြမေ မြမေ ထတော့လေ ကျောင်းတော်ထဲက တုန်းမောင်းခေါက်နေပြီ ”

” ဟောတော် ကျုပ်ကို မနှိုးပဲ တော် မီးဖိုချောင် ဝင်နေတာလား ”

ကိုကံမြင့် နှိုးပါမှ မမြမေက အိပ်မှုန်စုန်မွှားနှင့်ထလာပြီး ကိုကံမြင့်ကို မေးနေရှာ၏ ။

” အေးဟာ ကျုပ်လည်း အိပ်လို့ မပျော်တာနဲ့ ပဲထပြုတ်ရင်း ထမင်းအိုးပါတည်လိုက်တယ်၊နင့်မှာလည်း မပေါ့မပါးနဲ့ဆိုတော့ နားပါစေဆိုပြီး ကျုပ် မနှိုးတာ မိန်းမရေ ”

” ကျုပ်မွေးဖို့က လိုပါသေးတယ်တော်၊ တော့်မှာလည်း ဆိုက္ကားနင်းရ ကုန်စိမ်းသည်ရနဲ့ ပင်ပန်းရ
တာပဲ ပျော်အောင် အိပ်လိုက်တာ မဟုတ်ဘူး ”
အလိုက်တသိနှင့်ကရုဏာသက်သောမမြမေစကားက ကိုကံမြင့်ကို ကြည်နူးရွှင်ပျစေခဲ့၏၊မမြမေ
က ဆားအိုးထဲမှ ဆားအနည်းငယ်ယူလိုက်သည်၊
ရေကန်ထဲမှရေတစ်ဖလားခပ်၍ငုံပြီးထွေးထုတ်လိုက်၏၊ထို့နောက်ဆားနှင့်သွားတိုက်၍ မျက်
နှာသစ် ကိုယ်လက်သန့်စင်လေသည်။

ကိုကံမြင့်က ပဲပြုတ်ကိုဆီဆမ်း၍ သုပ်လိုက်ပြီး၊ဘုရားဆွမ်းတော်ကပ်သည်၊ညဦးက ဟင်းကျန်
လေးများကို နွှေးပြီး၊ပဲပြုတ်နှင့်ထမင်းဆီဆမ်း
ကိုလည်း မမြမေစားဖို့ စားပွဲပေါ်တွင် ပြင်ထားပေးပြီးဖြစ်၏၊မမြမေက သနပ်ခါးကို ကပျာကယာဘဲကြားရိုက်လိမ်းလိုက်ပြီး ကိုကံမြင့်ပြင်ပေးထားသည့် မနက်စာကိုစားသည်၊ထို့နောက်ပဲပြုတ်တောင်း
ကို ခေါင်းပေါ်ရွက်လျက်ရပ်ကွက်ထဲသို့ ထွက်သွားလေတော့၏၊အိမ်ဦးခန်းမှာတော့ ကိုကံမြင့်၏
ဆွမ်းတော်ကပ်၊ဆုတောင်းမေတ္တာပို့ အမျှဝေသည့်
ကြေးစည်အသံလေးက အိမ်ကလေး၏မနက်ခင်း
ကျက်သရေအဖြစ် သာယာကြည်နူးဖွယ်ကောင်းနေ၏ ။

◼️

” နောင် ဝေ ဝေ ဝေ ”
” ဆွမ်းတော်ဗျို့ ”
ကျောင်းတော်ထဲမှသံဃာတော်များ အရုဏ်ဆွမ်းခံကြွလာပြီဖြစ်၏။ကိုကံမြင့်သည် တန်းဆွမ်းကြွ
လာသောသံဃာတော်များကို ဆွမ်းနှင့်ပဲပြုတ်လောင်းလှူ၏၊အိမ်တံခါးကိုသော့ခပ်​​ပြီး ဆိုက္ကားကိုနင်း၍ ငါးစိမ်းသည် ဒေါ်ကုလားမအိမ်သို့ ထွက်ခဲ့သည်၊ဒေါ်ကုလားမအိမ်သို့ရောက်တော့ စျေးသွားဖို့ပင်အဆင်သင့်ဖြစ်နေသည်ကိုတွေ့ရ၏၊ဒေါ်ကုလားမက ဆီးကြို၍ နှုတ်ဆက်သည်။

” ဟဲ့ ကံမြင့် နင်လာတာ စောသားပဲ ”

” ဟုတ်တယ် မကုလားမရေ မကုလားမစျေးနောက်ကျမှာစိုးလို့ စောထွက်လာလိုက်တာ ”

ကိုကံမြင့်က စျေးခင်းမည့်ရောင်းကုန်များကိုသယ်
၍ ဆိုက္ကားပေါ်သို့တင်လိုက်သည် ။

” ငါးပုံးက လေးတယ်ကံမြင့် နှစ်ယောက်သယ်မှ၊ငါပါကူမပေးမယ်၊ဒါနဲ့ နင့်မိန်းမ မြမေရော မွေးပြီလား ဟိုနေ့က စျေးထဲ ဗိုက်ကြီးကြီးနဲ့တွေ့လိုက်ပါ့ အေ ”

” မမွေးသေးပါဘူး မကုလားမရယ် နီးတော့နီးပြီပြောတာပဲ မွေးဖို့က ”

” အင်း မွေးခါနီး ပိုဂရုစိုက်ပေါ့ဟာ နင် ကလေးအဖေဖြစ်ရတော့မှာပေါ့ ”

မကုလားမက ရေခဲရိုက်ငါးပုံးဖော့သေတ္တာကိုကူသယ်ပြီးဆိုက္ကားပေါ်သို့တင်ပေးသည်၊မိန်းမသား
ဖြစ်သော်လည်း မကုလားမက ငါးစိမ်းသည်ပီပီသန်မာ၏၊ငါးရောင်းရင်းနှင့်စီးပွားပြေလည်သူဖြစ်သည်၊ကိုကံမြင့်တို့လင်မယား စားဖို့လည်းတခါတရံငါးများပေးတတ်သည်၊နေမထွက်မီ မကု
လားမကို ဆရာစံစျေးသို့လိုက်ပို့ပေးရသည်၊ဆရာ
စံစျေးသည် အရိပ်မထွက်ဘုရားဝန်းကြီး၏ တော
င်ဘက်၊သူရဲစျေးဘူတာသံလမ်းဘေးတွင်ရှိသည်။
ရန်ကင်း၊ကြံခင်း၊အောင်ပြည်သာ၊သူရဲစျေး၊ဥယျာဥ်ကုန်း၊ဗောင်းတော်ကျ၊ရွှေဘုံသာ၊ထားဝယ်ရပ်
ကွက်များအဖို့ သည်ဆရာစံစျေးကြီးသို့ စျေးဝယ်လာကြရ၏၊ကိုကံမြင့်သည် မကုလားမကိုဆရာစံစျေးသို့ပို့ခဲ့ပြီး၊ကုန်စိမ်းသည် ဒေါ်ခင်တင့်ကိုကြိုဖို့ ထွက်လာခဲ့တော့သည် ။

◼️

” စောင့်နေရတာ ကြာပြီလား အရီးခင်တင့် ”

” မကြာသေးပါဘူး ကံမြင့်ရယ် နင်ကုန်စိမ်းတွေအရင်တင်ထားလိုက် ငါလက်ဖက်ရည်နဲ့ အီကြာကွေး
သွားဝယ်လိုက်အုံးမယ် ”

ပြောပြောဆိုဆိုနှင့်အနီးအနားရှိလက်ဖက်ရည်ဆိုင်
ဘက်သို့ ဒေါ်ခင်တင့်ထွက်သွားသည်၊ကိုကံမြင့်ကု
န်စိမ်းတွေတင်ပြီးချိန်၌ဒေါ်ခင်တင့်ပြန်ရောက်လာ
၏။

” ကဲ တက်တက် အရီးခင်တင့်ရေ တစ်ဝမ်းတစ်ခါး
အတွက် တစ်နေ့တာလှုပ်ရှားရုန်းကန်မှုတွေစလိုက်
ကြအုံးစို့ ”

ထိုသို့ ကိုကံမြင့်ကဆိုတော့၊ဒေါ်ခင်တင့်က ဆိုက္ကား
ရှေ့ထိုင်ခုံပေါ်ထိုင်လျက်နှင့်အရွှန်းဖောက်လေ၏။

” တစ်ဝမ်းတစ်ခါး မဟုတ်ဘူးကံမြင့်​ရေ ငါ့အိမ်မှာ
သားသမီးတွေ,မြေးတွေနဲ့ ဆယ်ဝမ်းဆယ်ခါးလော
က်ရှိတယ်ဟေ့ ”

” ဟား ဟား ဟား ပြောရော့မယ် အရီးခင်တင့်က
တော့ အဲဒါ အိမ်ရဲ့ဆည်းလည်းလေးတွေပဲမဟုတ်
လားဗျာ ”

” အေးပါဟယ် ဆည်းလည်းလေးတွေပဲထားပါတော့ နင်​ရော ဆည်းလည်းလေးတွေ မရသေးဘူးလား ”

“မကြာခင် ရရတော့မှာပေါ့ဗျာ ကျုပ်ဆည်းလည်း
လေးက မမြမေဗိုက်ထဲမှာရှိနေပြီဗျ ”

ကိုကံမြင့်က သူ့မိန်းမဗိုက်ထဲကရင်သွေးလေးအ
တွက်အားတက်သရောပြောနေမိ၏ ။

” အေးပေါ့ဟယ် ကလေးအဖေဖြစ်တော့မယ်ဆိုတော့ ကြိုးစားထားကံမြင့်ရေ၊သမုဒ္ဒရာ ဝမ်းတစ်ထွာမို့သာ တော်သေးတယ် စားဝတ်နေရေးအ
တွက်ရှာဖွေလိုက်ရတာ ဖက်ဖက်မော သည်အထဲ
တို့အိမ်က ဆယ်ဝမ်းဆယ်ခါးလောက်ရှိတော့ သ
မုဒ္ဒရာက ဆယ်စင်းရှိတယ်ကံမြင့်ရေ ဆယ်စင်း၊
တယ် မလွယ်လှဘူး ”

စကားတပြောပြောနှင့် ဖြည်းဖြည်းမှန်မှန်နင်းလာ
သောဆိုက္ကားသည်၊ဆရာစံစျေးသို့ရောက်ပါလေပြီ၊ကိုကံမြင့်လည်း ဆိုင်နေရာသို့တာလပတ်ကိုဖြန့်၍ ကူခင်းပေးသည်၊ကုန်စိမ်းများကိုစီစီရီရီချပေးခဲ့၏။ဒေါ်ခင်တင့်ပေးသည့်ဆိုက္ကားခလေးကိုခါးကြားထိုးပြီး အိမ်အတွက်လိုအပ်သည်များကိုစျေးထဲပတ်၍ ဝယ်လိုက်သေးသည်၊မနက်ခုနှစ်န
ာရီကျော် အိမ်ပြန်ရောက်တော့၊မမြမေလည်း​စျေးရောင်းရာမှ ပြန်ရောက်နေပြီဖြစ်၏။စျေး
ရောင်းရာမှ ရရှိသည့်အမြတ်ငွေအချို့ကိုပင် စုဗူး
ထဲသို့ထည့်ပြီးနေလေပြီ၊ကိုကံမြင့်လည်း မနက်
စောစောရလာသည့် ငွေလက်ကျန်လေးကိုမမြမေ
လက်ထဲသို့ ထည့်ပေးလိုက်၏ ။

” ရော့ဟေ့ မိန်းမရေ မနက်ခင်းရတာလေးနဲ့ အိမ်အတွက်စျေးဝယ်ခဲ့သေးတယ်၊အဲဒါက ပိုတဲ့ငွေလေးတွေ ”

ကိုကံမြင့်ပေးသည့် ငွေလေးများကိုယူပြီး တစ်ထောင်တန်တစ်ရွက်ကိုခေါက်၍ စုဗူးထဲသို့ မမြ
မေထည့်လိုက်ပြန်သည်၊လင်မယားနှစ်ယောက်၏
လုပ်အားနှင့်ရလာသည့်ငွေလေးများကို အိမ်လခ
နှင့်စျေးဖိုးအစ နောင်ရေးအတွက်ပါကျန်အောင်
မမြမေက စီမံခန့်ခွဲလျက်စုဆောင်းရှာ၏၊အတ
တ်နိုင်ဆုံး အကြွေးကင်းအောင်နေပြီးကြိုးစားရှာ
ဖွေကြသည်၊မိအိုဖအိုတို့ထံလည်း တတ်နိုင်သ၍
ထောက်ပံ့ဖြစ်ခဲ့သည်၊မမြမေကလည်း မိဘအရင်း
မရှိသည့်နောက် ယောက္ခမတွေကိုမိဘအရင်းပမာ
ချစ်ခင်ရှာပါသည်၊သို့သော် ရင်သွေးကလေးယူ
တော့မည်ဆိုကတည်းက မိအိုဖအိုတို့ထံ ထောက်
ပံ့မှုက နည်းသွားခဲ့ရ၏၊ကိုကံမြင့်ကလည်း လူလွ
တ်ဖြစ်သည့် “ညီလေးစံမြင့်လုပ်စာ ရှိပါတယ်လေ
“ဟုတွေးပြီး သိပ်စိတ်မပူမိ၊ကိုကံမြင့်စိတ်ပူမိသည်က ပထမဆုံးရင်သွေးလေးကို အဆင်ပြေပြေမမွေးဖွားနိုင်ဖြစ်မှာကိုပဲစိတ်ပူသည်၊ကိုကံမြင့်ငယ်စဥ်က အမေမကြာခဏ ပြောခဲ့ဖူးသည်၊” ကိုယ်ဝန်သည်မိခင်လောင်းဆိုတာ တစ်နေ့သုံးခါ သင်္ချိုင်းကိုမျက်စောင်းထိုး​တယ်”ဟုငယ်စဥ်ကတည်းကကြားခဲ့ဖူးသည်၊ထိုစကားကိုမကြာမကြာပြန်ကြားယောင်မိကတည်းက ကိုကံမြင့်ဆုတောင်းနေမိ
သည်၊ “မကြာမီလူ့လောကထဲရောက်လာမည့် ရင်သွေးလေးကို အခက်ခဲမရှိ၊ အင်္ဂါခြေလက်ပြည့်စုံစွာနှင့်မဖိတ်မစင် ကျန်းမာဖွံ့ဖြိုးလျက်ဖွား
မြင်လာပါစေ”ဟုသာဖြစ်ပေ၏ ။

◼️

” အမေ့ကျန်းမာရေးက ဆေးမြီးတိုနဲ့လည်းမရဘူးလေ အဖေရာ၊သားတို့ အမေ့ကိုမြို့ပေါ် ဆေးရုံပို့
​ကြရအောင် အဖေ ”

ပုဂံတပ်ရွာစွန်ရှိ တဲကုပ်လေးထဲတွင် သားအဖတွေ
ပြောဆိုနေကြ၏၊စံမြင့်က မိခင်ဖြစ်သူကိုဆေးရုံပို့ချင်ပါသော်လည်း၊ ဖခင်ဖြစ်သူမှာ ဆေးရုံစရိတ်မတတ်နိုင်သည်ကို တွေးမိလျက်၊ဖခင်တစ်ယော
က်အနေနှင့်ပြောရခက်ခက်နှင့်ပင် ပြောထွက်ရ​ရှာ၏ ။

” လူလေးရယ် အဖေလည်း မင်းအမေကိုဆေးရုံပို့
ပြီးကုပေးချင်တာပေါ့ ဒါပေမယ့်အဖေတို့မှာဆေး
ဖိုးဝါးခ မတတ်နိုင်ဘူးလေ ပြီးတော့ မင်းအမေကလည်း ကားစီးရမယ့် ဒဏ်တောင် ခံနိုင်လိမ့်မယ် မထင်ဘူး ”

” အဖေရယ် သားရွာထဲကနာမှုကူညီရေးရုံးကိုပြော
ကြည့်ပါအုံးမယ်၊အဖေလည်း ရှိစုမဲ့စုလေးယူထား၊မြို့ပေါ်ရောက်ရင် အစ်ကိုကံမြင့်ကိုအကြောင်း
ကြားမယ် အစ်ကိုလည်း နည်းနည်းပါးပါးတတ်နိုင်မှာပါအဖေရာ ”

ထိုသို့ပြောဆို၍ စံမြင့်သည်ရပ်ရွာရှိ နာကူအသင်း
ရုံးသို့ထွက်သွား၏၊ထိုသို့ဆိုတော့ ဖခင်ကြီးလည်း သားဖြစ်သူစကားကိုမလွန်ဆန်တော့ပေ၊ရှိစုမဲ့စုငွေလေးများကိုသာဖျာအောက်မှတဖုံ၊​ခေါင်းအုံးထဲမှတမျိုးရှာဖွေ၍ ထုတ်ယူနေလေ၏ ။

ယခင်က သားကြီးကံမြင့်မကြာမကြာရောက်လာ
တတ်သော်လည်း၊ယခုမူ ရောက်မလာတာကြာခဲ့
ပြီဖြစ်သည်၊သားငယ်စံမြင့်ပြောသလို မြို့ပေါ်ရော
က်မှသာ အသိပေးအ​ကြောင်းကြားရုံသာရှိတော့
သည် ။

◼️

” အစ်ကိုကံမြင့် အစ်ကိုရေ ”

ဆေးရုံပေါက်တွင် ညီဖြစ်သူစံမြင့်၏ ခေါ်သံကြား
လိုက်ရ၍ ကိုကံမြင့်လှည့်ကြည့်လိုက်သည်၊လက်ထဲ၌စာရွက်ခေါက်လေးကိုင်လျက်နှင့် စံမြင့်ကိုတွေ့လိုက်ရ၏ ။

” ဟာ ညီလေးစံမြင့်ပါလား ဆေးရုံဘာလာလုပ်တာလဲ ”

” အမေအသည်းအသန်ဖြစ်လို့ဆေးရုံလာပြတာ
အစ်ကို၊အခုပဲ အမေ့အတွက်ဆေးထွက်ဝယ်ရင်း Pcoဖုန်းဆိုင်ကနေ အစ်ကို့ကို အကြောင်းကြားမယ်ဆိုပြီး ညီလေးထွက်လာတာ ”

စင်စစ် မိခင်ကြီးသည် ပန်းနာရင်ကျပ်ရောဂါအခံရှိ၏၊ယခင်က ​ဗမာတိုင်းရင်းဆေးလေးတွေဝယ်ပြီးကိုကံမြင့်ပေးနေကြဖြစ်သည်၊သက်သာသည်ဟုအမေပြောဖူး၏၊ ရွာမရောက်သည့်တိုင်လူကြုံရှိလျင်ဝယ်၍ ပါးမြဲဖြစ်သည်၊ယခုလောက်ထိ မိ
ခင်ကြီးကျန်းမာရေးဆိုးလိမ့်မည်ဟု ကိုကံမြင့်ထင်မထားမိ၊စံမြင့်က စကားဆက်ဆိုသည် ။

” အမေ့အတွက်ဆေးရုံစရိတ် အိမ်ကရှိတာလေးခြစ်ခြုပ်ပြီးယူတော့လာတယ်၊အဲဒါ အစ်ကိုကြီးလည်းအမေ့ကိုလာတွေ့ရင်း ဆေးဖိုးဝါးခတတ်နိုင်သလောက်ပေးပါအုံး ဒါနဲ့အစ်မရော နေကောင်းလား ”

” မင်းအစ်မ အခုမွေးဖို့သားဖွားဆောင်ထဲ ရောက်နေပြီအိမ်နားကအသိနဲ့ထားခဲ့ရတယ်၊အစ်ကိုက အိမ်တစ်ခေါက်ပြန်ပြီး လိုအပ်တာလေးတွေ သွားယူမလို့ထွက်လာရင်း ညီလေးနဲ့ တွေ့တာပဲ ”

” အင်းပါ ပြန်လိုက်အုံးပေါ့ အဖေနဲ့ အမေကိုလည်း
မြေးလေးရတော့မယ့်အကြောင်း ကျုပ်ပြောပြလို
က်ပါ့မယ် ”

ထိုသို့ပြောပြီး စံမြင့်က ဆေးဆိုင်များရှိရာသို့ထွက်
သွား၏၊ကိုကံမြင့်မှာတော့အိမ်ပြန်ရင်းတွေးနေမိ
သည်၊မိန်းမဖြစ်သူကလည်း ရင်သွေးလေးကိုခွဲစိ
ပ်မွေးရမည်မို့ ငွေကြေးပို၍ကုန်မည်၊တစ်ဖက်မှလူနာကလည်းအနန္တဂိုဏ်းဝင်ကျေးဇူးရှင် မွေးမိခင်ဖြစ်နေ၏၊အိမ်မှာရှိသည့် စုဗူးထဲကပိုက်ဆံသည် ဆေးရုံပေါ်မှ လူနာနှစ်ယောက်အတွက် ဆေးဖိုးဝါးခက လောက်မှ လောက်ပါလေစ’ဟုကိုကံမြင့်တွေးမိနေလေတော့၏ ။

◼️

ကိုကံမြင့်ဆေးရုံဝင်ပေါက်သို့ပြန်ရောက်တော့ စုဗူးကိုခွဲ၍ ယူလာသည့်ငွေထုပ်လေးနှင့်ခြေဦးလှည့်
ရခက်နေသည်၊ဇနီးဖြစ်သူမမြမေရှိရာမွေးလူနာထံ
သို့ဦးစွာသွားရလေမည်လား၊သို့မဟုတ်မတွေ့ရ မ
မြင်ရတာကြာပြီဖြစ်သည့် မိခင်ရှိရာလူနာဆောင်
သို့ဦးစွာသွားရလေမည်လား၊ဇနီးနှင့်မိခင်ကြီးတို့
အတွက်ဆေးရုံစရိတ်သည် မဖြစ်မနေလိုအပ်ခဲ့ပြီ
ဖြစ်​၏၊ကိုကံမြင့်အားကိုးပြီးဆေးလာကုကြသည့်မိခင်ကြီးအတွက် ပါလာသည့်ငွေကိုပေးလိုက်ရလျင်၊ယခုမှလူ့လောကထဲရောက်လာမည့်ရင်သွေး
လေးအတွက် ဖခင်တာဝန်မကျေရာကျရချေမည်၊
ဇနီးနှင့်ရင်သွေးလေးအတွက် ဖွားစရိတ်သုံးလိုက်
ပါကလည်း တစ်ဖက်မှရောဂါသည်မိခင်အိုကြီးအ
တွက်သားတစ်ယောက်၏တာဝန်မဲ့ရာကျရချေဦးမည်၊ကိုကံမြင့် အတွေးများနှင့်ချာချာလည်နေ၏၊
ကိုကံမြင့်တို့လို သာမန်လူတန်းစားဘဝတွေအဖို့ ငွေမရှိခြင်းဟာ အသက်အန္တရာယ်နှင့် လွန်စွာနီး
ကပ်လှပေသည်။

မေတ္တာတရား၏ အတိမ်အနက်ကို ကိုကံမြင့်ဘယ်
သို့ပင်ရွေးချယ်နိုင်ရပါ့၊ကိုကံမြင့်စိတ်မောရပေပြီ၊
အခုချိန်ဆို ဇနီးဖြစ်သူ မ​မြမေလည်းရင်သွေးလေး
ကို မွေးဖွားပြီးရော့မည်၊လူ့လောကထဲသို့ပထမဆုံး
ရောက်ရှိလာသည့် ရင်သွေးလေးကိုလည်း ဖခင်မေတ္တာစိတ်အပြည့်နှင့်အမြန်ဆုံးမြင်ချင်မိလာ၏၊
ကိုကံမြင့်၏ အဇ္စျတ္တသန္တာန်အတွင်း၌ အတွေးများ
နှင့်လွန်းထိုး၍နေ၏၊မျက်မှောက်ကြုံတွေ့နေရသည့်ဖြစ်ရပ်က ကိုကံမြင့်စိတ်ကိုလွန်ဆွဲရခက်စေ
သည်၊သို့သော်ကိုကံမြင့်သည် ဆုံးချက်တစ်ခုကို ခိုင်မာစွာချလိုက်ပြီး၊ ဆေးရုံထဲသို့ သုတ်သုတ်ပျာပျာနှင့်ဝင်သွားလေတော့၏ ။

◼️
ကိုကံမြင့် ဆေးရုံဟောလ်ခန်းထဲသို့ဝင်လိုက်သည်
နှင့် မျှော်လင့်မထားသည့် မြင်ကွင်းတစ်ခုက ဆီး
ကြို၍ နေ၏၊မိခင်ကြီး၏ ကုတင်ဘေးတွင်စံမြင့်
သည်ထိုင်၍ ငိုနေ၏၊ဖ​ခင်ကြီးက ကိုကံမြင့်ပုခုံးကို
ပုတ်လျက် …

” အလာကောင်းပေမယ့် အခါနှောင်းသွားပြီ ကံမြင့်ရေ မင်းအမေ အခုပဲ ထွက်သွားပြီကွ ”

ကြားရသည့်စကားက နားဝ၌ မခံသာ၊မိခင်ကြီး၏
နောက်ဆုံးထွက်သက်လေးကိုပင် မမီလိုက်သည့်မိမိအဖြစ်ကိုတွေးမိတော့ရင်တွင်းထိဆို့နင့်နာကျင်
ရသည်၊သူမရောက်မီ ဦးစွာထွက်သွားသောမိခင်ကြီး၏လက်ကိုဆုပ်ကိုင်၍၊” သားတို့ဆီပြန်လာခဲ့ပါအမေရယ်”ဟုသာ ဝမ်းနည်းရှိုက်ငင်ပြောလိုက်မိသည်၊မျက်ဝန်းအိမ်ထဲမှကျလုလုမျက်ရည်ဥတို့ကို မျက်တောင်စဖြင့်ကိုကံမြင့်ပုတ်ထုတ်ပစ်လိုက်သည်၊လက်ထဲမှာတော့မိခင်ကြီးအတွက် ဆေးဖိုးအသုံးမပြုလိုက်ရသည့်ငွေထုပ်လေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလျက် ။

” အစ်ကိုကံမြင့် ရော့ ”

” ဘာအတွက်လဲ ညီလေးရာ ”

စံမြင့်က လွယ်အိတ်အဟောင်းလေးထဲက ငွေစ
က္ကူတချို့ကို ကိုကံမြင့်အားထုတ်ပေးလာသည်၊
ကိုကံမြင့် နားမလည်စွာမေးမိ၏၊ဖခင်ကြီးက အ
ဓိပ္ပါယ်ရှိစွာကြည့်လျက်ရှိနေ၏၊စံမြင့်က စကား
ဆိုသည် ။

” အဲဒါ အမေအစ်ကို့ကို ပေးဖို့နောက်ဆုံးမှာသွားခဲ့
တာပဲ၊နင်တို့အစ်ကိုကြီးလည်း ငါ့မြေးလေးဖွားစ
ရိတ်အတွက် ငွေလို​ရှာမှာ အထောက်အကူရအော
င် ငါ့သားကြီးလာရင် ပေးလိုက်တဲ့ ”

မိဘတို့၏ အစုန်သာရှိပြီး၊အဆန်မရှိသည့်မေတ္တာ
တရား၏ ပြယုဂ်ကို ကိုကံမြင့်မြင်တွေ့ခဲ့ရပေပြီ၊
နောက်ဆုံးအချိန်ထိ သားသမီး မြေးများအပေါ်
ပေးဆပ်သွားပါသော မိခင်ကြီး၏မေတ္တာတရား
သည် မြင်းမိုရ်မက ကျေးဇူးကြီးမားလှပါ၏၊မိခ
င်ကြီး၏ ခြေကိုဦးတိုက်ပြီး ကိုကံမြင့်မွေးလူနာဆောင်သို့ ကသုတ်ကယက်ထွက်သွားရပြန်၏ ။

◼️

” ဒူဝေ ဝေ ဝေ ဝေ … ”
ကြားရသည့် ကြေးစည်တီးသံက ရင်ကိုဆို့နင့်စေသလို၊နာကျင်ကြေကွဲဖွယ်လည်းကောင်းနေသည်၊သုဿာန်ဇရပ်ထဲ၌ သရဏဂုံတင်၍ ရေစက်ချအ
မျှပေးဝေပြီးသည့်နောက် ကိုကံမြင့်နှင့်စံမြင့်အပါဝင် ရွာသားတွေက အလောင်းခေါင်းကြီးကို သင်္ချို
င်းမြေချမည့်နေရာသို့ ထမ်းလာကြသည်၊မြေကျ
င်းထဲသို့မိခင်ကြီး၏ ရုပ်ကလာပ်ကို ချလိုက်သည့်အခါ၊ကိုကံမြင့်နှင့်စံမြင့်သည် နောက်ဆုံးအနေဖြင့်ဦးချကန်တော့ကြလေ၏၊ကိုကံမြင့်၏ ရင်တွင်းမှာတော့ အိပ်မက်မှလန့်နိုးစဥ်ကကဲ့သို့ပင် ” အမေ… “ဟု အားရပါးရအော်ငိုလိုက်ချင်ပေမယ့်၊ဆို့နင့်နေသည့်ရင်ကအသံမထွက်၊”သားကို ခွင့်လွှတ်ပါ အမေရယ်’ဟုသာ အသံတိတ်စကားတွေပြောနေမိ
၏၊မျက်ဝန်းအိမ်မှစီးကျလာသည့်မျက်ရည်စတို့
သည် မိခင်အလောင်းပေါ်ဖို့ထားသည့်မြေစာကျ
င်းထဲသို့ တပေါက်ပေါက်ကျ၍နေ၏၊မိခင်ကြီးကို
ကောင်းမွန်စွာမြေချ၍ အိမ်သို့ပြန်ရောက်တော့ တအဲ့အဲ့နှင့်ကလေးငိုသံသဲ့သဲ့ကို ကြားလိုက်ရသည်၊ကိုကံမြင့်တို့၏ ဘဝထဲသို့ ရင်သွေးသားရတနာ
လေး ဝင်ရောက်လာသောအချိန်၌၊အနန္တဂိုဏ်းဝင်
ကျေးဇူးရှင်မိခင်ကြီးသည် လောကကြီးထဲမှအပြီး
အပိုင် ထွက်ခွာသွားခဲ့ပြီ ဖြစ်ပေ၏ ။ ။

ကနောင် ( ပခန်းမြေ )
၁၇.၁၂.၂၀၂၅ ၊ ၀၀း၀၇

#မေတ္တာလွန်ပွဲအဆွဲခက်သည်
#ကနောင် #ပခန်းမြေ