မေပုလဲတစ္ဆေ(စ/ဆုံး)
——————-
ကျွန်တော့်နာမည် တော်လူဝင်းပါ ကိုကြီးဇော်မင်းအောင်။ နေရပ်ကတော့ မန္တလေးမြို့၊ အိုးဘိုပါ။ ကျွန်တော်တို့ သူငယ်ချင်းတွေ အကုန်လုံးက ၁၀ တန်းတွေချည်းပဲပေါ့။ တက္ကသိုလ်ဝင်တန်းဆိုတော့ ကျောင်းက တခြားအတန်းငယ်တွေလို နေ့တိုင်း တက်စရာမလိုဘူးလေ။ တစ်ပတ်မှာ တစ်ရက်၊ နှစ်ရက်လောက်ပဲ ကျောင်းကို သွားရတယ်၊ အေးဆေးပဲ။ ဘယ်သူမှ ဘာမှ မပြောဘူး။ ဒါပေမယ့် ပထမ တစ်လလောက်ကတော့ နေ့တိုင်းလိုလို သွားရတာပေါ့။ နောက်လတွေလည်း ရောက်ရော ထုံးစံအတိုင်း လူလည်း အတန်းတွေမှာ တဖြည်းဖြည်းနဲ့ ခပ်ကျဲကျဲ ဖြစ်သွားတာပေါ့။ အခန်းထဲမှာ စာကလည်း သိပ်မသင်တော့ စကားတွေချည်း ပြောနေကြတာပေါ့ဗျာ။ ဒါနဲ့ ကျွန်တော်က အတန်းခေါင်းဆောင် မော်နီတာ။ ဒါပေမယ့် သိတဲ့အတိုင်းပဲ၊ ဘယ်မော်နီတာမှ အတန်းကို နိုင်အောင် မထိန်းနိုင်ကြဘူးလေ။ အမြဲတမ်းလည်း ပြဿနာ အရှာခံရတယ်။ ဆရာ၊ ဆရာမတွေက တစ်မျိုး၊ အတန်းထဲက ကောင်တွေက တစ်ဖုံပေါ့။
ကျွန်တော်က ငယ်ငယ်ကတည်းက သရဲတစ္ဆေအကြောင်း ပြောရတာ အရမ်း ဝါသနာပါတယ်ဗျ။ ကျောင်းက သူငယ်ချင်းတွေကိုဆိုလည်း ကြားဖူးနားဝ ရှိခဲ့ဖူးတဲ့ သရဲတစ္ဆေအကြောင်းတွေ အတန်းထိန်းရင်း တစ်ခါတလေ ပြောပြတယ်။ သူတို့က ဒီအကြောင်းတွေကိုဆို ကြောက်လည်း ကြောက်ကြသလို၊ စိတ်လည်း စိတ်ဝင်စားကြတယ်။ ကျွန်တော် ၉ တန်းနှစ်ကတည်းက အတန်းထဲက ယောက်ျားလေး မိန်းကလေးမှန်သမျှကို သရဲတစ္ဆေကြောင်း ပြောပြနေကျလေ။ ဆရာ၊ ဆရာမတွေ မအားလို့ စာလာမသင်နိုင်တဲ့ အချိန်တွေဆိုရင်ပေါ့။ ဒီလိုနဲ့ တက္ကသိုလ်ဝင် ၁၀ တန်း ရောက်ခဲ့ပြီဆိုပါတော့ဗျာ။
ကျွန်တော်တို့ အခန်းထဲက ကောင်တွေက လူလည်တွေဗျ။ စာမေးပွဲရက် ပြောမယ်ဆိုမှ ကျောင်းကို လာကြတာ။ ဒီလိုနဲ့ စာမေးပွဲရက် ပြောမယ့်နေ့ တစ်နေ့မှာပေါ့။ အတန်းထဲမှာ ခါတိုင်းနဲ့ မတူ လူစုံနေတယ်။ ဆရာမတွေလည်း မအားလို့ အတန်းထဲ မဝင်နိုင်ကြဘူး။ ဒါမျိုးတွေက ကျွန်တော်တို့အတွက် အခွင့်အရေးကောင်း တစ်ရပ်ပေါ့ဗျာ။ ချက်ချင်း ကျွန်တော့်ဘေးမှာ ထိုင်တဲ့ သူငယ်ချင်းက…
“တော်လူဝင်း… ငါတို့ကို သရဲအကြောင်း ပြောပြပါလား” လို့ ဆိုလာတယ်။
အဲဒီလို ပြောတော့ ကျွန်တော်ကလည်း…
“အေး… ပြောပြမယ် လူစုလိုက်” လို့ ပြောလိုက်တာ အကုန်လုံး ဝိုင်းလာကြပါလေရော။
ကျွန်တော်တို့ မန္တလေးမြို့မှာ အထင်ကရဆိုလို့ ကျူံးမြို့ရိုး၊ မန္တလေးတောင်၊ မဟာမြတ်မုနိဘုရား၊ အောင်တော်မူဘုရား၊ စစ်ကိုင်းတောင် ဒါတွေလောက်ရယ် ရှိတာပါ။ ဒါနဲ့ ကျွန်တော်က အထင်ကရ နေရာတွေထဲကမှ နန်းတွင်းထဲက နာမည်ကြီး မေပုလဲအကြောင်း ပြောပြမယ်လို့ ဆိုလိုက်တော့ အားလုံးပဲ စိတ်ဝင်တစားနဲ့ တိတ်ဆိတ်သွားကြပါလေရော။ မိန်းကလေးတွေပါ ဝင်နားထောင်လာကြတာမှ…
“မြန်မြန် ပြောပါ တော်လူဝင်းရယ်၊ သိချင်လှပြီ” နဲ့ ဖြစ်ကုန်ကြတာပေါ့ဗျာ။
ကျွန်တော်ကလည်း မိန်းကလေးတွေပါ ပါလာတော့ နည်းနည်းလောက် မူလိုက်ရသေးတာပေါ့၊ ဇာတ်ရှိန်တွေ ဘာတွေ တက်အောင်လေဗျာ။ ဒီလိုနဲ့ ကျွန်တော်လည်း ကိုယ့်ကို တစ်ခန်းလုံးက အာရုံစိုက်နေကြတယ်ဆိုတော့ကာ ချောင်းသံတွေ ဘာတွေ ဟန့်ပြီး အောက်ပါအတိုင်း ပြောပြရတော့တာပေါ့။
မေပုလဲဆိုတဲ့ အလွန်တရာမှ ချောမောလှပတဲ့ ကောင်မလေးတစ်ယောက် ရှိခဲ့ဖူးတယ်။ ဒီမိန်းကလေးရဲ့ ပြစ်မျိုး မှဲ့မထင်အောင်ကို လှတဲ့ ရုပ်ရည် ခန္ဓာ ဟန်အမူအရာထက် ထူးခြားလွန်းနေတာက သူ့ရဲ့ မဟူရာနက်တဲ့ ဆံနွယ်အရှည်ကြီးပါပဲ။ ဆိုတော့ သူ့အသားအရည် ဖြူဖြူဖွေးဖွေးလေးနဲ့ ပိတုန်းကေသွယ် ရစ်ပတ်ထုံးလို့ မဟာဆန်ဆန် ပနံသင့် လှပနေသူ မိန်းမချောလေး တစ်ဦးပေါ့ဗျာ။ သူ့ဆံပင်တွေက ဘယ်လောက်အထိ ရှည်သလဲဆိုရင် မြေကြီးနဲ့တောင် ထိသတဲ့ဗျို့။
တစ်နေ့တော့ သူရယ်၊ သူ့ချစ်သူ ကောင်လေးရယ် အတူတူ ပုန်းတလုတ်ကန်နားကို စက်ဘီးစီး ထွက်လာကြတာပေါ့။ အဲဒီနေ့က ဖြစ်ချင်တော့ မေပုလဲလည်း မေ့ပြီး ခါတိုင်း နေ့တွေလို ဆံပင်တွေလည်း သတိမေ့ပြီး စည်းမထားခဲ့ဘူး။
ဒီလိုနဲ့ စက်ဘီး နင်းနေကြရင်း လေတစ်ချက် ခပ်ပြင်းပြင်း တိုက်ခတ်လိုက်တဲ့အချိန် အခိုက်အတန့်လေးတစ်ခုမှာ သူ့ဆံကေသာရှည် နက်နက်မှောက်မှောင်ကြီးဟာ လေမှာ လွင့်ဝဲနေစဉ် တခဏမှာပဲ အနောက်က အရှိန် ခပ်ပြင်းပြင်းနဲ့ ကျော်တက်လာတဲ့ ဆိုင်ကယ်ရဲ့ ဘီးကြားထဲကို ငြိကပ်သွားတဲ့နောက် မေပုလဲရဲ့ ဦးစက် ပြုတ်ထွက်သွားတာပေါ့ဗျာ။
အဲဒီကတည်းက မေပုလဲဟာ မကျွတ်မလွတ်နဲ့ အခင်းဖြစ်ပွားရာ ပုန်းတလုတ်ကန်နေရာမှာ ရှိနေဆဲပဲလို့ အဆိုရှိတယ်။ မေပုလဲတစ္ဆေ အခြောက်အလှန့် ရှိတယ်လို့လည်း နာမည်ကြီးတယ်။ ပုန်းတလုတ်ကန်ဆိုတာ မန္တလေးမှာ နာမည်ကြီးပဲ၊ မသိတဲ့သူ မရှိဘူး။
“ဟား ဟား ဟား…”
“ခစ် ခစ် ခစ်…”
“ဟက် ဟက် ဟက်…”
အဲဒီအကြောင်း ပြောပြလည်းပြီးရော အတန်းသူ အတန်းသားတွေ ရုတ်တရက် ထရယ်ကြတာ ကျွန်တော်တောင် လန့်သွားတယ်။
“ဘာဖြစ်လို့လဲ။ ဘာရယ်ကြတာလဲ” ဆိုပြီး ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့ မေးချလိုက်တော့…
“မင်းက ပေါက်တတ်ကရတွေ လျှောက်ပြောနေတာကိုး” တဲ့ဗျာ။
“ဟာ… မဟုတ်ရပါဘူးကွာ။ တကယ့် ဖြစ်ရပ်မှန်ပါကွ”
“ပုန်းတလုတ်ကန်းနားမှာ မေပုလဲတစ္ဆေ ရှိတယ်လို့ ကြား,မကြားဖူးပေါင်ကွာ”
အဲဒါနဲ့ စကားပြော ငြင်းခုံကြရင်း စိန်ခေါ်လိုက်ရတော့တယ်ဗျာ။ မယုံကြည်သူတွေက များလွန်းလို့ပေါ့။ ဒီတော့ မယုံကြည်သူ အားလုံးကို ကျွန်တော်တစ်ယောက်တည်း စိန်ခေါ်လိုက်တယ်ပေါ့ဗျာ။ ကျွန်တော်တို့ ကျူရှင်က နှစ်ပတ်တစ်ခါ ပိတ်ပေးတယ်ဗျ။ တနင်္ဂနွေနေ့ပေါ့။ မယုံကြည်သူတွေထဲက အားအားယားယားရှိတဲ့ ကောင်တချို့ကို အဲဒီနေ့ ချိန်းလိုက်တယ်။ အမှန်အတိုင်း ဝန်ခံရမယ်ဆို ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါမှ တစ္ဆေသရဲဆိုတာကို ကြုံတွေ့ခဲ့ရဖူးခြင်း မရှိပါဘူး။ ဒါပေမယ့် ကိုယ်သက်ဝင်ယုံကြည်ရာ အယူအဆတစ်ခုကို ထိုးနှက် တိုက်ခိုက်လာရင်တော့ ဘယ်သူမဆို ခံပြင်း ဒေါသတော့ ထွက်မိကြမှာပဲလေဗျာ၊ မဟုတ်ဘူးလား။
ဒီလိုနဲ့ တနင်္ဂနွေနေ့ကို ရောက်ရှိလာခဲ့ပြီး ချိန်းဆိုထားတဲ့အတိုင်း နန်းတွင်းဂိတ်ဝနဲ့ မနီးမဝေး တစ်နေရာကနေ သူတို့ကို ကျွန်တော် စောင့်နေလိုက်တယ်။ ခဏလောက် ကြာတော့ သူတို့တွေ ရောက်လာကြပါတယ်။ အဲဒီအချိန်က ညနေ ၆ နာရီလောက်ပေါ့။ ကျွန်တော် အပါအဝင်ဆို အားလုံးပေါင်း ၇ ယောက် တိတိပါ။ ကျွန်တော်က…
“ဟေ့ကောင်တွေ… အခုက စောသေးတယ်။ နည်းနည်းလောက် နောက်ကျမှ သွားကြတာပေါ့။ လောလောဆယ် လက်ဖက်ရည်ဆိုင် ထိုင်ရင်း စာမေးပွဲကိစ္စ ပြောကြမယ်လေ” ဆိုပြီး ပြောလိုက်တယ်။
ဆိုတော့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ သွားထိုင်ကြတာပေါ့ဗျာ။ အမှန်တကယ်ကတော့ ၆ နာရီ ဆိုရင်ကိုပဲ ပုန်းတလုတ်ကန်ဘက်က လူမသွားတော့ပါဘူး။ သရဲခြောက်တယ် နာမည်ကြီးလို့ပါ။ ဒါကို ဒီဘက်ပိုင်း ပြောင်းလာတာ မကြာသေးတဲ့ ဒီကောင်တွေ (ချိန်းဆိုထားတဲ့ ကောင်တွေ) မသိကြဘူး။ သူတို့ကို တမင်ညစ်ပြီး ညအထိ စောင့်ခိုင်းလိုက်တာပေါ့။
အမှန်တကယ်က မေပုလဲတစ္ဆေ တွေ့ရလိမ့်မယ်လို့ ကျွန်တော်ကိုယ်တိုင်လည်း မမျှော်လင့်ထားပါဘူး။ ဒီကောင်တွေကို ဘယ်သရဲ ဘယ်တစ္ဆေမှ မခြောက်မလှန့်ရင် နေ၊ ကျွန်တော်ကိုယ်တိုင် ခြောက်လှန့်ပစ်မယ်ဆိုတဲ့ အကြံအစည်နဲ့ ပုန်းတလုတ်ကန်မှာ ချိန်းလိုက်တာပါ။
ဒီလိုနဲ့ စာမေးပွဲအကြောင်းတွေ ပြောကြရင်း လက်ဖက်ရည်ဆိုင် ထိုင်ပြီးလို့ ည ၈ နာရီလောက် အရောက်မှာ ကျွန်တော်က…
“ကဲ… အချိန်လည်း တန်ပြီ။ သွားကြမယ်” လို့ ပြောတော့ အကုန်လုံး ထပြီး ပုန်းတလုတ်ကန်ရှိတဲ့ နန်းတွင်းထဲကို ချီတက်ကြတော့တာပေါ့။
ဂိတ်ရောက်လို့ ကံဆိုးချင်တော့ အဲဒီက အစောင့်တွေက ကျွန်တော်တို့ကို “ဘာလဲ၊ ဘယ်လဲ၊ ဘာလုပ်ဖို့လဲ” နဲ့ ရစ်ပါလေရော။ အဲဒါနဲ့ ကိုယ်တွေ အစီအစဉ် ပျက်မှာစိုးလို့ ဂိတ်ထဲ ဝင်ရဖို့အရေး ဘာဘာညာညာ သူတို့ကို လှီးလွှဲ ရှင်းပြနေရတာနဲ့တင် ဆယ့်ငါးမိနစ်လောက် ကြာသွားတော့ ည ၈ နာရီခွဲလောက်မှ ဝင်ခွင့် ရသွားတယ်။ ကျွန်တော်တို့ရဲ့ ကျောင်းသားကတ်တွေကိုတော့ သူတို့ ဂိတ်မှာ ထားခဲ့ရတာပေါ့ဗျာ။
ပုန်းတလုတ်ကန်ဘက်ကို ကျွန်တော်တို့ သူငယ်ချင်း ၇ ယောက်သား ထွေရာလေးပါးနဲ့ ဟိုဒီစကား ပြောဆိုကြရင်း အေးအေးလူလူ လျှောက်လှမ်းလာကြပါတယ်။ ဒီလိုနဲ့ ပုန်းတလုတ်ကန်ဘက် လမ်းပေါ် အတော်အတန် သွားမိလို့ နေရာတစ်နေရာ ရောက်လာတဲ့ အချိန်မှာ ကျွန်တော့်ရဲ့ ခြေလှမ်းတွေကို ရပ်တန့်ပစ်လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ မေပုလဲ သေဆုံးခဲ့ရာ နေရာကို ကျွန်တော် တွေ့ရှိသွားလို့ပါပဲ။ မနက်ကတည်းက အဲဒီနေရာ အတိအကျကို အခင်းဖြစ်ချိန် ရှိခဲ့ကြတယ်ဆိုတဲ့ လူတချို့ဆီကနေ လိုက်လံ စုံစမ်း မေးမြန်းထားတာကိုး။
“ကဲ… ရောက်ပြီ ဆရာသမားတို့။ ဟော အရှေ့က နေရာမှာ မေပုလဲ သေသွားခဲ့တာပဲ” ဆိုပြီး နှစ်ချို့ အပင်ကြီးတွေ တန်းစီပေါက်နေတဲ့ လမ်းနေရာကို ဦးဆောင် ခေါ်ချသွားပါတယ်။
မေပုလဲ သေဆုံးရာ နေရာမှာ ကြီးမား သန်စွမ်းလှတဲ့ ကုက္ကိုလ်ပင်ကြီး တစ်ပင်လည်း အုံ့အုံ့ဆိုင်းဆိုင်း တည်ရှိနေပါတယ်။ အဲဒီအပင်အောက် အရောက်မှာ ကျွန်တော်က သိုင်းလွယ်ထားတဲ့ ရှမ်းလွယ်အိတ်ထဲ အသင့်ထည့်လာတဲ့ ပစ္စည်းတချို့ကို ထုတ်ယူလိုက်တယ်။ အဲဒါတွေကတော့ အုန်းမို့ခွက်၊ ဖယောင်းတိုင်၊ မီးခြစ်၊ အမဲသားစိမ်း လေးငါးခြောက်တုံး…။
“အဲ… တော်လူဝင်း၊ ဒါ ဒါတွေက ဘာ ဘာလုပ်မလို့လဲ”
“မင်းတို့ပဲ မေပုလဲတစ္ဆေ ရှိတာ မယုံကြဘူးဆို”
“အေး အေးလေကွာ၊ ဒါတော့ ဒါပေါ့။ ဒါပေမယ့် ဒါတွေနဲ့က ဘာဆိုင်လို့လဲ”
“သရဲခေါ်မလို့ဟေ့၊ သရဲခေါ်မလို့ကွ၊ ရှင်းပြီလား”
“ဟေ့ကောင်တွေ၊ ကြောက်မနေကြနဲ့။ ဒီကောင် ငါတို့ကို ကြောက်မလားလို့ ဖြဲခြောက်နေတာ။ လုပ်ပါစေ၊ လွှတ်ပေးထားလိုက်”
ဟုတ်တော့ ဟုတ်တယ်ဗျ၊ ကျွန်တော် ခေါ်ကြည့်လို့ ဘာမှ မထူးရင် အရှက်ကွဲပြီပဲ။ ပြီးတော့ ကျွန်တော့်အစီအစဉ်တွေလည်း ဒီကောင်တွေ ရိပ်မိနေတယ်။ အစက ကျွန်တော် တွေးထားတာက ခပ်တည်တည်နဲ့ သရဲခေါ်မယ့်ပုံ လုပ်ပြရင် ဒီကောင်တွေ ကြောက်လန့်ပြီး ဝိုင်းတားကြလိမ့်မယ်လို့ ထင်နေတာဗျ။ အဲဒီအခါကျ ကျွန်တော်က အောင်နိုင်သူအဖြစ်နဲ့ ရင်ကော့ ခေါင်းမော့ပြီး အိမ်ပြန်ရုံပဲလေ။ အခုတော့ သေနာကျတွေက မကြောက် မလန့်ကြတဲ့အပြင် ခနော်ခနဲ့ လုပ်ပြီးတောင် ကိုယ်လုပ်သမျှကို စောင့်ကြည့်နေလိုက်ကြသေးတယ်။ ကောင်းရောဗျာ၊ တိုင်ကတော့ ပတ်ပြီ။
အချိန်ကတော့ ည ၉ နာရီ ထိုးလောက်ပြီ။ ပုန်းတလုတ်ကန် ရေပြင်ကြီးပေါ်ကနေတစ်ဆင့် တိုက်ခတ်လာတဲ့ လေနု လေအေးတွေက ကန်အနီးအနားရှိ သစ်ပင်ကြီးငယ် အသွယ်သွယ်ကို ဆော့ကစား လှုပ်ခတ်သွားကြတော့ သစ်ရွက်လှုပ်သံ၊ သစ်ကိုင်းပွတ်သံတွေဆိုတာ လူသူလေးပါး ကင်းရှင်းလို့ တိတ်ဆိတ် ငြိမ်သက်နေတဲ့ ကန်ပတ်လမ်းတလျှောက် တချိုးချိုး တချွတ်ချွတ်နဲ့ ထွက်ပေါ်လာကြတယ်။
ကိုယ်စခဲ့တဲ့ ဇာတ်လမ်းကို ကိုယ်ပဲ အဆုံးသတ်ပေးရမှာမို့ အရှက်ကွဲလည်း ဆရာကြီးအထှာနဲ့ အရှက်ကွဲခံမဟဲ့ဆိုပြီး ကျွန်တော်လည်း တုံ့ဆိုင်းမနေဘဲ ခပ်တည်တည်နဲ့ အမဲသားစိမ်း အတုံးလေးတွေကို မြေကြီးပေါ် ချ၊ အုန်းမို့ခွက်ကို အဲဒီအပေါ် အုပ်ပြီး ဖယောင်းတိုင်ကို ထွန်းညှိဖို့အတွက် လေငြိမ်တဲ့အထိ စောင့်နေလိုက်ပါတယ်။ ခဏနေလောက် လေငြိမ်သွားတဲ့အခါကျတော့ ဖယောင်းတိုင်ကို မီးခြစ်နဲ့ မီးတို့ပြီး အုံးမို့ခွက်အပေါ် ဖယောင်းစက်ချ တင်ထွန်းလိုက်တာပေါ့။ ပြီးတော့ သကောင့်သား ၆ ယောက်စလုံးကို အုန်းမို့ခွက်ရဲ့ ပတ်ပတ်လည်မှာ စီစဉ်တကျ ဝိုင်းထိုင်ခိုင်းလိုက်တယ်။
ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကျွန်တော် ဖတ်ရှု လေ့လာဖူးတဲ့ စာအုပ်တွေထဲက ဒီအချက်တွေက အဖော်မရှိ လူမညီလို့ တစ်ကြိမ်တစ်ခါမှ မစမ်းသပ်ဖူးပေမယ့် ဒီနေ့လို ကြုံတောင့်ကြုံခဲ လူစုံတက်စုံနေ့မျိုးမှာ အကောင်အထည် ဖော်ဆောင်ခွင့် ရကတည်းက ကျွန်တော့်အတွက် အမြတ်ပဲလေ ကိုဇော်မင်းအောင်။ အကယ်၍ တစ္ဆေသရဲ နာနာဘာဝတွေ ဘာတွေ မတွေ့ခဲ့ရင်တောင် ဒီနည်းလမ်းတွေက အလိမ်အညာတွေ ဘာတွေဆိုတာ သိခွင့်ရတာပဲလေ၊ ဟုတ်တယ်မှတ်လား။
အကုန်လုံး အုန်းမို့ခွက် နံဘေးအသီးသီးက မြေကြီးတွေပေါ်မှာ ဖိနပ်တွေ ဖင်ခု ထိုင်လိုက်ကြပြီးနောက် ကျွန်တော်က သူတို့ကို တစ်ယောက်လက်ကို တစ်ယောက် ချိတ်ဆက်ခိုင်းလိုက်ပါတယ်။ အယုံအကြည် မရှိတဲ့ ကောင်တွေက စပ်ဖြီးဖြီးနဲ့ လှောင်သလိုလို ပြောင်သလိုလို လိုက်လုပ်ကြပေမယ့် ယုံကြည်သလိုလို ရှိလာတဲ့ ကောင်တွေကျတော့ ကျွန်တော်ပြောတဲ့အတိုင်း အတိအကျ လိုက်လုပ်ကြပါတယ်။ မလုပ်လို့ကလည်း မရဘူးလေ။ ပြောတဲ့အတိုင်း လိုက်မလုပ်ကြလို့ သရဲခေါ်မရတာလို့ မအောင်မြင်ရင် ကျွန်တော်က ဆင်ခြေပေးမှာ ဒီကောင်တွေ ကြိုသိနေတာကိုး။
“သြော်၊ တစ်ခု မေ့နေသေးတယ်။ ခဏလေး” ဆိုပြီး လွယ်အိတ်ထဲ လက်နှိုက်ပြီး ခေါက်ဆွဲစားတဲ့ တူတစ်စုံ ကျွန်တော် ထုတ်ယူလိုက်တယ်။
ပြီးတော့ အားလုံးကို မျက်စိတွေ စုံမှိတ်ခိုင်းထားလိုက်ပြီးရင် ကျွန်တော်က…
“လွန်ခဲ့သော နှစ်အနည်းငယ်က ဒီမြို့ ဒီအရပ် ဒီနေရာမှာ မတော်တဆ ဘဝတစ်ပါး ပြောင်းသွားရှာသူ မမေပုလဲဆိုတဲ့ မကျွတ်မလွတ် ဝိညာဉ်ဆိုတာများ ရှိနေခဲ့ရင် ကျွန်တော်တို့ ကျွေးတဲ့ အမဲသားစိမ်းကို လာရောက် သုံးဆောင်၍ ကိုယ်ယောင် ထင်ရှား ပြသပါရန် တောင်းဆို ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ” ဆိုတဲ့ စကားကို ဦးရှင်ကြီးနတ် တင်တဲ့ လေယူ လေသိမ်းမျိုးနဲ့ အခေါက်ခေါက် အခါခါ ရေရွတ်ရင်းနဲ့ တူတံ နှစ်ချောင်းကို အုန်းမို့ခွက် နံစောင်းကို အကြိမ်ကြိမ် တတုံတုံ တတုံတုံနဲ့ အားပါးတရ ခေါက်နေလိုက်ပါတယ်။
“ဖြူဖြူစင်စင်… ပုလဲလေးတွေကိုမှ ချစ်တယ်လို့ သူက ဆိုလာစဉ်… ပုလဲလေးတွေဆိုတာ ကမာကောင်လေးတွေရဲ့ မျက်ရည်ပဲ ခင်…”
ရုတ်တရက် ကျွန်တော့် အနောက် ခပ်လှမ်းလှမ်း မနီးမဝေးကနေ ထွက်ပေါ်လာတဲ့ သီချင်းဆိုသံကြောင့် အကုန်လုံး မျက်လုံးတွေ ဖွင့်၊ မျက်မှောင်တွေ ကြုတ်ရင်း ပြိုင်တူ လှည့်ကြည့်လိုက်ကြတယ်။
အရက်သမား လူကြီးပိုင်းတစ်ယောက်ဗျာ… ပုဆိုးကို မနိုင်၊ ဆလွယ်သိုင်းရင်း အရက်ပုလင်းကိုင် ဒယီးဒယိုင် လျှောက်လာနေတာမှ အဆိုတော်ကြီး ဦးခင်မောင်တိုးရဲ့ နိုင်ငံကျော် သီချင်းတစ်ပုဒ်ကိုများ အာလေး လျှာလေးနဲ့ အသံသေး အသံကြောင် ပြုရင်း တကြော်ကြော်ကို ဆိုလို့ ဟစ်လို့ဗျို့။ ကျွန်တော်တို့လည်း စိတ်ပျက် လက်ပျက်နဲ့ သူ သွားတော့မှ သရဲ ဆက်ခေါ်တော့မယ်ဆိုပြီး စောင့်နေလိုက်ကြပါတယ်။ ဒါပေမယ့် အမူးသမားကြီးက ဆက်မသွားနိုင်သေးဘဲ ကျွန်တော်တို့နားက ကုက္ကိုလ်ပင်ကြီး အောက်၊ ပင်စည်ခြေရင်းဆီကို သိုင်းကွက်နင်းပြီး လျှောက်သွားတယ်။
ပြီးလည်းကျရော သူ့ရဲ့ ပန်းပွင့်အကွက်တွေနဲ့ အတွင်းခံ ဘောင်းဘီတို အဝါရောင်ကြီးကို ဖင်ပေါ်အောင် ဆွဲချွတ်ပြီး ကုက္ကိုလ်ပင်ကြီးရဲ့ ပင်စည်ခြေရင်းကို သေးကော့ပန်းရင်း စိမ်ပြေနပြေ သီချင်းဆက်ဆိုနေတော့ ကျွန်တော်တို့လည်း မြင်မကောင်းတာနဲ့ မျက်နှာလွှဲလိုက်ကြရတယ်။ အဲဒီအချိန်မှာပဲ…
“ဖြူဖြူစင်စင် စင် စင်…” ဆိုပြီး အထစ်ထစ် အငေါ့ငေါ့ ပြောင်းလဲသွားတဲ့ အရက်သမားကြီး သီချင်းဆိုသံကြောင့် ကျွန်တော်တို့ အားလုံး မတိုင်ပင်ထားဘဲ တစ်ပြိုင်နက် လှည့်ကြည့်မိလိုက်ကြတယ်။
တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မကြုံကြိုက်ခဲ့ဖူးတဲ့ ကြက်သီးထစရာ အထူးအဆန်း မြင်ကွင်းကြီးတစ်ခုပါ ကိုဇော်မင်းအောင်ရေ။ သေးကော့ပန်းနေတဲ့ အမူးသမားကြီးရဲ့ အပေါ်၊ ကုက္ကိုလ်ပင် သစ်ကိုင်း သစ်ရွက် သစ်ခတ်တွေ ကြားကနေ ဆံပင်လိုလို ဘာလိုလို အမျှင်ရှည်ကြီးတွေ တအိအိနဲ့ ဆင်းချလာတာဗျို့။ ဒါကို မြင်လို့ ဟိုအမူးသမားကြီး သီချင်းဆို ရပ်သွားတာကိုးဗျ။ ဘယ်လောက် ကြောက်လန့်စရာ ကောင်းတဲ့ မြင်ကွင်းမျိုးပဲ ဖြစ်ဖြစ်၊ မြင်တွေ့လိုက်ရသူတွေအနေနဲ့ ရုတ်တရက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် တဒင်္ဂတော့ တွေဝေ ဆွံ့အ,သွားတတ်ကြတာ သဘာဝပဲလေ။
“သ သ သရဲ… သရဲ… သရဲ… အား… အမေရေ… သရဲဗျို့၊ သရဲဗျ…”
ဗြုန်းစားကြီး အမူးတွေ ဘာတွေ ယူပစ်သလို ပြေသွားတဲ့ အရက်သမားကြီးလည်း သတိနဲ့ လူနဲ့ ပြန်ကပ်သွားလို့ ထင်ပါရဲ့၊ အာသီးယောင်မတတ် ငယ်သံပါအောင် အော်ဟစ်ပြီး သူဆလွယ်သိုင်းထားတဲ့ ပုဆိုးကျစ်ကို ဆွဲကိုင်ရင်း အဲဒီဆံပင်တွေကို ကြောက်ကြောက်နဲ့ လှမ်းရိုက်ပြီး ဖနှောင့်နဲ့ တင်ပါး တစ်သားတည်း ကျအောင် နောက်လှည့်မကြည့်ဘဲ ပြေးထွက်သွားပါတော့တယ်။ ဘောင်းဘီ ဆွဲမတင်ဘဲ ထွက်ပြေးသွားတာကြောင့် လမ်းမှာ ဘုန်းခနဲ ဘိုင်းခနဲ ပစ်လဲကျသွားပါသေးတယ်။ အဲဒီမှာ မနည်း ပြန်ကုန်းရုန်းထပြီး တအီးအီး တအားအားနဲ့ အော်ဟစ် ထွက်ပြေးသွားတာ အစအနတောင် မမြင်ရတော့ပါဘူး။
လျင်မြန်လွန်းတဲ့ စက္ကန့်အနည်းငယ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်ပြောပြရတာမျိုးက ခက်ခဲလှပါတယ်ဗျာ။ အရက်သမားကြီးရဲ့ ကိုးရို့ကားယားအဖြစ်ကို အမှတ်တမဲ့ လိုက်ကြည့်နေမိတဲ့ ကျွန်တော်တို့ အခုမှ ကုက္ကိုလ်ပင်ကြီးဆီ ပြန်လည် သတိဝင်ပြီး ကြည့်လိုက်ကြတဲ့အချိန် စောနက ဆံပင်လိုလို ဘာလိုလို အမျှင်အတန်း နက်နက်ကြီးတွေ မရှိတော့ပါဘူး။
ဘယ်ရှိတော့မလဲ ကိုဇော်မင်းအောင်ရေ… အဲဒါကြီးက ကျွန်တော်တို့ ၇ ယောက်ရဲ့ အလယ်ကို ရောက်နေတာလေဗျာ။
အုန်းမို့ခွက်ကြီးက လန်လို့ အမဲသားစိမ်းအတုံးတွေကို တရွှတ်ရွှတ်,တရွှက်ရွှက် အငမ်းမရ စားသုံးနေတဲ့ အမျိုးသမီး ဦးခေါင်းပြတ်ကြီးတစ်ခု၊ ဆံပင်ရှည်ရှည် နက်နက်ကြီးတွေဆိုတာ လုံးထွေး ရှုပ်ပွ မွှစာကြဲလို့ ကျွန်တော်တို့ စည်းဝိုင်းအလယ်မှာ ပြည့်လျှံထွက်နေပါလေရော။ မြေကြီးပေါ် ကျန်နေသေးတဲ့ အမဲသားတုံးတွေကို အဲဒီခေါင်းပြတ်ကြီးက လျှာနဲ့ လိပ်သိမ်းပြီး ဘောလုံးတစ်လုံးလို လှိမ့်ထွက်သွားတာမှ ကျွန်တော့်နံဘေး ထိုင်နေတဲ့ အယုံအကြည်မရှိဘူးဆိုတဲ့ သူငယ်ချင်း နှစ်ကောင်ရဲ့ ပေါင်တွေအပေါ်ကနေပေါ့။
အဲဒီနောက် ဆံပင်တွေဆိုတာ လုံးထွေး ရစ်ပတ်သွားတော့ကာ ဖြူကောင်လိုလို ဘာလိုလို ခပ်မည်းမည်းအလုံးကြီး ဖြစ်သွားတယ်။ အဲဒီမည်းမည်းအလုံးကြီး (ဒါမှမဟုတ်) ခေါင်းပြတ်ကြီးက ကုက္ကိုလ်ပင်ကြီးဆီကို အရှိန်နဲ့ လှိမ့်သွားပြီးနောက် ပင်စည်ခြေရင်းလည်း ရောက်ရော အပင်ပေါ်ကနေ လက်တံရှည်ကြီးနှစ်ချောင်း အောက်ကို တွဲကျလာပါတယ်။ တွဲကျလာတဲ့ ပိန်ပိန်လှီလှီ လက်တံရှည်ကြီးနှစ်ဖက်က သူ့ရဲ့ ခေါင်းပြတ်ကြီးကို ပွေ့ယူသွားတုန်း လုံးထွေးနေတဲ့ ဆံပင်ရှည်တွေ ပြန့်ကြဲကျလာတော့ လူတစ်ရပ်စာလောက် ရှည်နေတာ တွေ့လိုက်ကြရတယ်ဗျို့။ (မေပုလဲရဲ့ ဆံပင်အရှည်ဟာ ခြေဖနှောင့်အထိ ရှိတယ်လို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။)
အာစေးမိထားသလိုလို ဘီလူးစီးခံထားရသလိုလို မြင်မြင်နေသမျှ သွေးပျက်ဖွယ်ရာ သဘာဝလွန် အဖြစ်အပျက်တွေကို သည်းထိတ်ရင်ဖို ရုပ်ရှင်တစ်ကား ထိုင်ကြည့်ရသလို မှင်တက် အံ့သြနေမိတဲ့ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်လည်း အဲဒီအခါကျတော့မှ သတိပြန်ဝင်လာပြီး ဝုန်းခနဲ ဒိုင်းခနဲ ထွက်ပြေးကြတာမှ ဆောက်တည်ရာမရ ခြေဦးတည့်ရာပါပဲဗျာ။ အရင်ဆုံး မဆီမဆိုင် စျေးဦးပေါက်သွားတဲ့ ဟိုအရက်သမားကြီး ပြေးသလို ဖနှောင့်နဲ့ တင်ပါးဆိုတာ တစ်သားတည်းကို ကျရောပဲ။ ဘော်ဒါတစ်ကောင်ဆိုရင် ဘယ်လောက်အထိ ကြောက်လန့်သွားသလဲဆိုတော့ အုန်းမို့ခွက်နဲ့ပါ ကုက္ကိုလ်ပင်ဘက်ကို အားကုန် ပစ်ပေါက်ပြီးတော့ကို ပထမဦးဆုံး ရှေ့ဆုံးက ထပြေးတာ မာရသွန်တောင် အရှုံးပေးရလောက်အောင်ပါပဲ။ ကျန်တဲ့ ကျွန်တော်တို့လည်းပဲ ထူးမခြားနား ထိုနည်းလည်းကောင်းပါပဲဗျာ။
အဲဒီက စလို့ နောင်အခါ ပုန်းတလုတ်ကန်ဆိုတာနဲ့ ကြားရင် လှည့်ကို မကြည့်ချင်လောက်အောင်ကို မုန်းသွားကြတာပါ။ ဒါပေမယ့်လည်း ဦးခင်မောင်တိုးရဲ့ ‘မျက်သွယ်’ ဆိုတဲ့ သီချင်းကို ကြားမိရင်တော့ ပုန်းတလုတ်ကန်က မကျွတ်မလွတ်တစ္ဆေ မေပုလဲကို အစဉ်သတိရနေမိသလို ကျွန်တော်တို့ ပြုပြုသမျှ ကောင်းမှုကုသိုလ် မှန်သမျှကိုလည်း သူ့အတွက် ရည်စူး အမျှဝေပေးကြပါတယ်။
မယုံဘူးဆိုတဲ့ ကောင်တွေရော၊ ယုံကြည်ပေမယ့် တစ်ကြိမ်တစ်ခါမှ လက်တည့်မစမ်းဖူးသေးတဲ့ ကျွန်တော်ကပါ အဲဒီနေ့က စလို့ ပုန်းတလုတ်ကန်က မေပုလဲတစ္ဆေကို မျက်မြင်ဒိဠ ကြုံတွေ့ကြရပြီး နောက်မှာတော့ အပြောကျယ်တဲ့ ဒီကမ္ဘာလောကကြီးမှာ ကျွန်တော်တို့ လူသားတွေ လက်လှမ်းမမီနိုင်တဲ့ ထူးခြားဆန်းကြယ်မှုတွေ ဒုနဲ့ ဒေး ရှိနေပါလားဆိုတာကို ပိုမိုပြီးတော့ သက်ဝင် ယုံကြည်လာတဲ့အပြင် သူငယ်ချင်းတွေကို ပြောပြဖို့ နောက်ထပ် ပုံပြင်အသစ်တစ်ပုဒ် ထပ်တိုးသွားပြီလို့ပဲ သတ်မှတ်လိုက်ပါတော့တယ် ကိုကြီးဇော်မင်းအောင်ရေ။
[ယခု တင်ပြခဲ့သည့် ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရေးသားခွင့် ပြုခဲ့သည့် ညီလေး တော်လူဝင်အား အထူးပင် ကျေးဇူးတင်ရှိပါသည်။]
ဇော်မင်းအောင် (နက်ရှိုင်းထက်)
မေလ၊ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်