မောင့်ကိုခွင့်လွှတ်တယ်

Posted on

မောင့်ကိုခွင့်လွှတ်တယ်(စ/ဆုံး)

——————————–

ဖုန်းမြည်သံတွေ က အဆက်မပြတ်ထွက်လို့နေပါ
တယ်။
ပြီးခဲ့တဲ့ရက်အနည်းငယ်က အထိ ဖုန်း contact မှာ
“”မောင်””..လို့ ရေးမှတ်ထားခဲ့ဖူးသော ဖုန်းနံပတ် တစ်ခုက ခေါ်ဆိုနေတာပါ။
အခုတော့ “”မောင်””..ဆိုတဲ့ မှတ်သားမှုကို ကျွန်မဖျက်ထားခဲ့ပြီ။
ကျွန်မတို့ အရင်းနှီးဆုံးသော သူ တွေအဖြစ်ကနေ
ပြီးခဲ့တဲ့ နှစ်လခန့်က ပြတ်စဲခဲ့ကြတယ်။
သူဟာ ကျွန်မသိပ်ကို ချစ်မြတ်နိူးခဲ့ရတဲ့ ကျွန်မရဲ့ ခင်ပွန်းတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။
ကျွန်မ သူ့ကို သိပ်ချစ်ခဲ့တာပါ။
ကျွန်မ ထက် အသက်ငါးနှစ်လောက် ငယ် လို့
ချစ်သူရည်းစားဘဝထဲက “”မောင်””…လို့ မြတ်နိူးစွာခေါ်ဝေါ်ခဲ့တာပါ။
ကျွန်မနဲ့ သူ ချစ်သူသက်တမ်း သုံးနှစ် ၊ အိမ်ထောင်သက်တမ်း ဆယ့်ငါးနှစ်အထိ အေးချမ်းပျော်ရွှင်စွာ အတူတူ ဘဝတစ်ခု တည်ဆောက်ဖြတ်သန်းခဲ့ကြတယ်။
ကျွန်မ သူ့ကို သိပ်ချစ်တယ်။ သူလည်း ကျွန်မကို သိပ်ချစ်ခဲ့တာပါ လို့ ပြီးခဲ့တဲ့ လအနည်းငယ် လောက်ကအထိ ကျွန်မ ယုံကြည်ခဲ့တာပဲလေ။
ဒါပေမဲ့…

@@@@@@@@@@@@@@@@@@@@@

အခန်း(နှစ်)

ယုံကြည်မှု အချို့မှာ သံသယတွေဝင်လာတဲ့အခါ
ကျွန်မ စိတ်ဟာ လိတ်ခဲတည်းလည်း နဲ့ သူရဲ့ မူမမှန်မှုကို သတိထားပြီး စောင့်ကြည့်နေမိတယ်။
သံသယ ဆိုတာကြီးတစ်ခုကို ပိုက်ထွေးပြီး နေရတာ သိပ် ကို မွန်းကြပ်လွန်းခဲ့တယ်။
ဒီသံသယ တွေက အမှတ်မထင် သူဖုန်းထဲမှာ
မမျှော်လင့်ပဲ တွေ့လိုက်ရတဲ့ စာတချို့ကြောင့် အစပြုလာတာပါပဲ။

“”ဦးဇော် သမီးကို ရှောင်နေတာလား ဟင်
ဦးဇော် ဘဝ မှာ မမမြတ် က သာ အရေးကြီးဆုံးသူတစ်ယောက်ပါ..မမမြတ် အပေါ် ဘယ်တော့မှ သစ္စာမဲ့တဲ့ အလုပ်ကို လုပ်မှာမဟုတ်ဘူး..
ဖြစ်ခဲ့တဲ့ ကိစ္စတွေ က သီရိ ဇွတ်တိုးလွန်းခဲ့လို့..
သီရိ မိုက်လို့ ဒီအထိ ဖြစ်သွားရတာတဲ့ လား…
ဦးဇော် ရယ်။
သီရိ က အညတရတစ်ယောက် ဖြစ်နေပြီး၊
မမမြတ် ကတော့ အိမ်ထောင်မှုရော၊ စီးပွားရေးမှာပါ ဦးဇော် နဲ့ တန်းတူရှာဖွေနိူင်တဲ့ မိန်းမမို့
ပိုတန်ဖိုးထားပေးနေတာကို သီရိ သိပါတယ်..
ဒါပေမဲ့. ဦးဇော် ရယ်…မမမြတ် က ဦးဇော် အတွက် ရင်သွေးလေးတွေ မွေး မပေးနိူင်တဲ့
မိန်းမတစ်ယောက်လေ…
ဘယ်လိုပဲဖြစ်ဖြစ် သီရိက ဦးဇော် ကို ရင်သွေးလေးတွေ မွေးပေးနိူင်တဲ့ မိန်းမပါ..
သီရိ အရင်အိမ်ထောင်နဲ့ ကွဲခဲ့တာက သီရိအပေါ်
နိူင်စားလွန်းပြီး ခြေပါလက်ပါ အနိူင်ကျင့်လွန်းလို့ သီရိ ရဲ့ လူမမယ် သမီးလေးကို လက်ဆွဲခေါ်ပြီး
အဲ့ဒီ မသာယာတဲ့အိမ်ထောင်ရေးတစ်ခုကနေ
ရုန်းထွက်ခဲ့တယ် ဆိုတာ ဦးဇော် ကို ပြောပြပြီးပြီပဲ..
မကြင်နာတတ်တဲ့ ယောကျ်ားတစ်ယောက်နဲ့ ဆုံဆည်းခဲ့ရဖူးတော့ ကြင်နာတတ်တဲ့၊
သိမ်မွေ့တဲ့ ဦးဇော် လို ယောကျ်ားကောင်းတစ်ယောက်ကို သီရိ လက်မလွတ်နိူင်တာ
အပြစ်ရှိလား…ဦးဇော်
မမမြတ် ကို မစွန့်လွှတ်နိူင်ရင် မစွန့်လွှတ်ပါနဲ့..:
သီရိ ကို မမမြတ် မသိစေနိူင်တဲ့ ဘဝတစ်ခုမှာ
ကွယ်ဖျောက်ပြီး ထားပေးရင်လည်း
သီရိ ကျေနပ်ပါတယ်..
သီရိ လို မိန်းကလေးက ဘယ်ရှေ့ကိုမှ ထွက်ပြီး
ဦးဇော် ဘဝ ကို ရှုပ်ထွေးအောင် လုပ်မဲ့ သူ
မဟုတ်ပါဘူး..
သီရိ ဦးဇော် ကို အပိုင်ရချင်လို့ လိမ်ညာ နေတာမဟုတ်ပါဘူး..
သီရိ ဆီမှာ တကယ်ပဲ ကိုယ်ဝန်ရှိနေတာပါ..
သီရိ ကို အဆက်အသွယ် လည်းမလုပ် ၊
ဖုန်းတွေလည်း ဘလော့ထားပြီး လူချင်း မရမကတွေ့တော့လည်း မမမြတ်ကလွဲရင်
ဘယ်သူကိုမှ ဂရုမစိုက်နိူင်ဘူး…
ငါ့အိမ်ထောင်ကို ပြိုကွဲအောင်လုပ်ရင်
ငါလည်း မင်းကို မညှာတာနိူင်ဘူးနော် လို့
ပြောထွက်ရက်တယ်နော်..
ဒါကြောင့် ဦးဇော် ဆီကို တခြားဖုန်းနဲ့ message
ပို့လိုက်တာပါ..သီရိ မညာပါဘူး…
သီရိ ကိုယ်ဝန်တကယ်ရှိနေတာပါ..
ဦးဇော် ဘက်က ခါးခါးသီးသီး
ငြင်းဆန်နေရင်လည်း သီရိရှေ့မဆက်ပါဘူး…
သီရိ မညာခဲ့ဘူး
တခါလောက်လေးပဲ ဖြစ်ဖြစ်တွေ့ခွင့် ပေးပါ..
ဦးဇော် ဖြစ်စေချင်တဲ့ ဘဝ တစ်ခုနဲ့နေပါမယ်
ဦးဇော် ရယ်..
သီရိ ပို့တဲ့ စာ ကိုတွေ့ရင်
သီရိကို တစ်ကြိမ် တစ်ခါလေးဖြစ်ဖြစ်
တွေ့ခွင့်ထပ်ပေးပါ..
နောက်ဆုံးအကြိမ်လေးပဲ ဖြစ်ဖြစ်ပေါ့
ချစ်တဲ့ သီရိ…””

စာ က တကယ်အဖြစ်မှန်လည်း ဖြစ်ချင်ဖြစ်မယ်။
တဘက်သတ် အလိမ်အညာ လည်း ဖြစ်ချင်ဖြစ်မယ်။
ဒါပေမဲ့..သေချာတာက သူ ဟာ သီရိ ဆိုတဲ့
အမျိုးသမီးနဲ့ မရှင်းမလင်း ပတ်သက်မှု တစ်ခု
ရှိနေတာ ကျိန်းသေနေပါတယ်။
သီရိ..သီရိ.. သီရိ
သိပ်မရင်းနှီးပေမဲ့ ကျွန်မတို့ရပ်ဝန်းမှာ ကြားဖူးသလိုလိုတော့ရှိနေတယ်။
ကျွန်မ ရဲ့ ဥဏှောက် ကို အနည်းငယ်
ကစားကြည့်လိုက်တော့ သူဖွင့်ထားတဲ့ ဖုန်းဆိုင်နဲ့မလှမ်းမကမ်းက ကွမ်းယာ၊ ရေသန့်၊ အအေးဘူး ရောင်းတဲ့ လမ်းဘေးစျေးသည်မလေးတစ်ယောက်ဆိုတာကို အတွေးထဲ ဖြတ်ကနဲ ပေါ်လာတယ်။

“”မြတ်…အအေးသောက်မလား…
ခဏနားလိုက်ဦး..နေပူကြီးထဲကွာ အိမ်တန်းမပြန်ဘူး…မြတ် ပြန်ရောက်လာပြီ လို့ ဖုန်းဆက်လိုက်ရင်
မောင် ချက်ချင်းပြန်လာမှာပေါ့…
မောင် မိန်းမလေးအလုပ်ကိစ္စနဲ့ စစ်ကိုင်းကို သုံးရက်သွားတာ မောင့်မှာလေ သုံးလစာလောက် သတိရနေတာကွာ…
နေဦး.. ဟိုကောင် ဖိုးထိန် …သီရိ ကို ကျွဲရိုင်းနှစ်ဘူးနဲ့ ရေသန့်အေးအေးလေးတစ်ဘူး လာပို့ပေးပါလို့ လှမ်းအော်လိုက်စမ်း ကွာ..””

ဟုတ်တယ်… အဲ့တုန်းက ပိန်ပိန်ပါးပါး အသားဖြူဖြူ၊ ရုပ်ရည်လေးသနားကမားနဲ့ မိန်းကလေးတစ်ယောက် တရင်းတနှီး ရှိလှတဲ့ ဆက်ဆံရေးတခုနဲ့
ဆိုင်ကို အအေးဘူးတွေ လာပို့ဖူးတယ်။
ကျွန်မ ကို သူ့ဇနီးမှန်း သိသွားတော့
ကိုယ်ရှိန်သတ်ပြီး အမြန်ပြန်သွားတာ။
အအေးဘူး ဖိုး တခါတည်းယူသွားလေ လို့ သူက
လှမ်းပြောမှ ရှက်ရွံ့သလိုလို မျက်နှာနဲ့
ပြန်လှည့်ယူခဲ့တာ။

ကျွန်မ ကွယ်ရာမှာ ဖော်ပြန်မှုတစ်ခုက
ကျိန်းသေရှိနေပြီ ဆိုတာ ကို သိခဲ့ ခံစားခဲ့ရကတည်းက
ကျွန်မ စိတ်တွေဟာ မတည်ငြိမ်တော့ဘူး။
ကျွန်မ သူ့ကို စကားအကောင်းလည်း မပြောချင်တော့ဘူး။
မူမပျက်ပဲ လှုပ်ရှားသွားလာနေတဲ့ သူရဲ့ ဟန်ပန်တွေကြောင့် ပိုပြီး ခံရခက်တယ်။
ကျွန်မ ဘဝမှာ ယုံကြည်မှုပပျောက်သွားတဲ့
လူသားတစ်ဦးကို ဟာကွက် စောင့်ရှာနေတုန်း အမှတ်မထင်
သက်သေအဖြစ် message စာ တချို့ရလိုက်တယ်။
သိပ်မကြာခင်မှာပဲ ဆုံးဖြတ်ချက်တစ်ခုကို အသေအချာချလို့ ကျွန်မ သူ့ ကို ကွာရှင်းကြဖို့
တောင်းဆိုပစ်ခဲ့တယ်။
သူ့ဘက်က လုံးဝကွာရှင်းမပေးနိူင်ပါဘူး… တဲ့။

“”ဒါ လုပ်ကြံမှု ကွ…
ဒီလို ပြသနာမျိုး ဖန်တီးလိုက်ရင် မြတ် နဲ့ မောင်
ဂုဏ်သိက္ခာ အတွက် ဘယ်လိုကာကွယ်မလဲ…
အရှက်တော့ အကွဲခံကြမှာမဟုတ်ဘူး..
နောက်ဆုံး ငွေလမ်းခင်းပြီး ရှင်းမှာပဲ ဆိုပြီး
ထောငိချောက်ဆင်ထားတာကွ…
သူရေးပို့ထားတဲ့ message မှာ မောင် က မြတ်အပေါ်သစ္စာမပျက်ချင်ပဲ.. သူဇွတ်တိုးလို့
ဖြစ်ကြရတယ် ဆိုတာမျိုး…
မောင် ဘက်ကလည်း
သူ့ကို မြတ် နေရာ အစားမထိုးဘူး…
မြတ် ကိုသာ သစ္စာရှိချင်လို့ သူ့ကို မောင်က
ရှောင်နေတာမျိုး လုပ်ထားတာ…
အဲ့ဒါ မောင် နဲ့ မြတ် ကွဲ သွားတာမျိုးမဖြစ်ပဲ ငွေကြေးနဲ့ အရှက်သိက္ခာ ကာကွယ်ဖို့ လမ်းခင်းပေးထားတာ မြတ် ရဲ့…
ကောင်မလေး က နွမ်းပါးတော့ ဖြတ်လမ်းနည်းလိုက်ချင်နေတာ…
အစပိုင်းတုန်းက မောင် လည်း သဘောရိုးနဲ့
ခင်မင်မိတယ်။
သူ့ဘက်က မူမမှန်တော့ မောင် ရှောင်လိုက်တယ်..
ကိုယ်ဝန် ရှိရအောင် သူနဲ့ ဘယ်တုန်းကမှ
မငြှိ့စွန်းဖူးဘူး…
မြတ် သားအိမ်ကင်ဆာဖြစ်တော့
မြတ် အသက်ထက် အရေးကြီးတာ
ဘာမှမရှိဘူး…
ကလေးမမွေးနိူင်လည်း မောင်ဘက်က
ကြည်ဖြူစွာ မေတ္တာမပြယ်ပါဘူး လို့
ပြောပြီးသား ကတိပေးပြီးသားလေ…
မောင် ကို ဘာလို့ မယုံကြည်ပဲ
ဘာမဟုတ်တဲ့ စာတွေကိုဖတ်ပြီး
အထင်အမြင်လွဲရတာလဲ ..ကွာ””

သူ့ဘက်က ဘယ်လိုပဲ ရှင်းပြစေတော့
ကျွန်မဘက်က ပြတ်သားစွာ လမ်းခွဲ ကြဖို့ပဲ
အခါခါ တောင်းဆိုခဲ့တယ်။
နောက်ဆုံးတော့ မာန ထိခိုက်လွန်းသွားပုံရတယ်။
ကျွန်မကို လမ်းခွဲဖို့ သူ့ဘက်က သဘောတူညီပေးခဲ့တယ်။
သူဖွင့်ထားတဲ့ ဖုန်းဆိုင်လေးကိုပဲ ယူပြီး
သူနဲ့ကျွန်မ နှစ်ပေါင်းများစွာ ဒိုးတူဘောင်ဘက် ရှာဖွေ ဖြစ်ထွန်းထားတဲ့ ပစ္စည်းတွေ ကို ကျွန်မဆီမှာ ထားရစ်ပေးခဲ့တယ်။
မန္တလေး က အိမ်ခြံ၊ ပြင်ဦးလွင် က ခြံ ၊ ကျွန်မ လုပ်ကိုင်နေတဲ့ အလှပြင်ဆိုင်သုံး ပစ္စည်း၊ ဆေး
လက်လီလက်ကားဆိုင် အထိ ကျွန်မကို ရပိုင်ခွင့်ပေးခဲ့တယ်။
ကျွန်မ တကယ်လိုချင်တာက ပြန်မရခဲ့နိူင်တဲ့
ယုံကြည်မှုတွေလေ။
ကျွန်မရပိုင်ခွင့်တွေအတွက် ပျော်မနေခဲ့ပါဘူး။
အဲ့လို လုပ်ပေးသွားလို့ ဆိုပြီး ကျွန်မ သူ့ကို ခွင့်လွှတ်မပေးနိူင်ဘူးလေ။
ဟုတ်တယ်…ကျွန်မ လုံးဝ ခွင့်မလွှတ်နိူင်ခဲ့ဘူး။
စိတ်အနာတရ များစွာ နဲ့ ကျွန်မနာကျင်နေခဲ့တာ အခုထိအောင်ပဲလေ။

@@@@@@@@@@@@@@@@@@@@@

အခန်း(သုံး)

မီးဖိုခန်းထဲရှိ ဘေစင် က ရေတွေ
တစက်စက်ကျနေတယ်။
ဘား က မလုံပြန်ဘူး။
သူ မရှိတော့မှ အသေးအမွှားလေးတွေက အစ
အိမ်မှာ ပျက်ယွင်းနေတာကို ကျွန်မစိတ်ပျက်တယ်။
ကျွန်မ တစ်ယောက်ထဲ လည်း လောကကြီးမှာ ရှင်သန်လို့ ရတယ်လေ။
ငွေကြေးလည်း ပြည့်စုံနေတာပဲ။
ဘယ်သူမှ မရှိလည်း အဆင်ပြေနေတာပဲ။

ဟောကြည့်.. ဖုန်းထပ်မြည်လာပြန်ပြီ။
သူ့ဆီက ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့
အဝင်ကော တစ်ခုပေါ့။
သီရိ ဆိုတဲ့ မိန်းကလေးနဲ့လည်း မယူဖြစ်ကြသလို ၊
သူကိုယ်တိုင်လည်း သီရိစျေးရောင်းတဲ့နားက
ဖုန်းဆိုင်ကို တခြားရွေ့ ဖွင့်လိုက်တယ်။
ကျွန်မတို့ အိမ်နဲ့ လေးအိမ်လောက်သာဝေးတဲ့ တည်နေရာမှာ သူလာဖွင့်တယ်။
ကွာရှင်းပြီးပေမယ့် ကျွန်မနေထိုင်တဲ့
တိုက်ကိုလာတယ်။
သူနဲ့သီရိ လုံးဝ ကင်းရှင်းကြောင်းတွေ
ထပ်တလဲလဲ ကြုံတိုင်းရှင်းပြနေတယ်။
အခါပေါင်းမရေတွက်နိူင်အောင် ဖုန်းတွေဆက်တယ်။

ကျွန်မ သူ့ဖုန်းကို လုံးဝ မကိုင်ပဲ နေတာမျိုးတော့ မဟုတ်ဘူး။
အခါနှစ်ဆယ်လောက်မှာ တစ်ခါလောက်တော့ ကိုင်ဖြစ်တယ်။
သူ့ဖုန်း ကို block ပစ်ထားခြင်းမရှိဘူး။
ခွင့်လွှတ်လို့မရသေးတာကြောင့် ကျွန်မ တင်းခံပြီးနေတာ။
သူ့အပြစ် ရယ် လို့ သတ်မှတ်လို့ရနိူင်တဲ့
လုံလောက်သော သက်သေစွပ်စွဲချက်လည်းမရှိ။
သီရိ ဆိုတဲ့ မိန်းကလေးလည်း ဗိုက်ထွက်လာတဲ့ ပုံသဏ္ဍာန် မျိုးမတွေ့ရ။
ဒီ မိန်းကလေးရဲ့ ဇ က ဒီလိုပါ ဆိုတဲ့ သတင်းစကားတွေကြားရတယ်။
ဖြတ်လမ်းလိုက်ပြီး ဘဝပြောင်းချင်နေတာလို့လည်း လူတွေက ဝေဖန်နေကြတယ်။
ကျွန်မ ကိုယ်တိုင်လည်းတဖြည်းဖြည်းချင်းတော့
သူ့မှာ အပြစ်ကင်းသလို ခံစားမိလာတယ်။
ဒါပေမဲ့ ..ခွင့်မလွှတ်နိူင်သေးတဲ့အထိ
ကျွန်မ ဘာကြောင့်များ အာဃာတတွေ
ကြီးနေမှန်း ကျွန်မကိုယ် ကျွန်မလည်း
မသိဖြစ်နေရပါတယ်။
ထပ်မြည်လာတဲ့ ဖုန်းကို ဒီတစ်ကြိမ်မှာတော့
ကျွန်မကိုင်လိုက်မိတယ်။

“”ပြော…ဘာလို့ ထပ်တလဲလဲ ဖုန်းခေါ်နေတာလဲ””

“”ဟာကွာ အော်မယ်ဆိုတာချည်းပဲ
မြတ် ကြိုက်တဲ့ စတော်ဘယ်ရီ လာပို့မလို့
အခု အိမ်ရှေ့ရောက်နေပြီ””

တကယ်လည်း အိမ်ရှေ့မှာ စတော်ဘယ်ရီ ဂျပ်ဖာတစ်ပုံးနဲ့ ရောက်လို့နေပြန်တယ်။
ကျွန်မလည်း တံခါးဖွင့်ပေးပြီး မီးဖိုခန်းကို ပြန်ဝင်လာလိုက်တယ်။
သူလည်း အနောက်က လိုက်လာတယ်။

“”ဘေစင် ရေဘားက မလုံပြန်ဘူးလား
ဖယ် ဖယ် မောင်လုပ်ပေးမယ်…””

ကျွန်မ ဖယ်ပေးလိုက်တယ်။
သူဘာသာ လိုအပ်တဲ့ ပလာယာတွေ၊ဂွတွေနဲ့ ပြင်နေတယ်။
နေ့လယ် 12:45 မိနစ်ရှိနေပြီ ..
သူ ထမင်းစားပြီးရဲ့လား…
အိမ်မှာ သူကြိုက်တဲ့ ငါးဘဲဖြူ အိုးကပ်ချက်ထားတယ်။
သူစားချင်ရင် စားလို့ရအောင် ထမင်းတစ်ပန်းကန်ခူးလိုက်ရင်း

“”ထမင်းမစားရသေးရင် စားသွား””

“”ဘာဟင်း လဲ””

“”သိချင် အုပ်ဆောင်း လှပ်ကြည့်…””

“”အင်းပါ အပေါက်ဆိုးလိုက်တာ””

သူက ရယ်စရာတွေပြောနေပြန်တယ်။
ကျွန်မ…မရယ်ဘူး။
ရယ်ချင်သလိုတော့ ဖြစ်မိသား။
အဲ့အချိန်မှာပဲ..
အပြင်းစားတုန်ခါမှုတွေနဲ့အတူ တော်လဲသံ တချို့နဲ့အတူ ကျွန်မတို့ နေထိုင်တဲ့ လေးထပ်တိုက်ကြီးက
လှုပ်ခါယမ်းနေတယ်။ တဖြည်းဖြည်းချင်း စက္ကန့်ပိုင်းအတွင်း၊ မိနစ်ပိုင်းအတွင်း ဝုန်းကနဲ ၊ ဝုန်း ကနဲ ပြိုကျလို့ လာခဲ့လေပြီ။
ကျွန်မ ကြောက်လန့်တကြားနဲ့ ကြောင်အမ်းနေမိတယ်။

သူ.. ကျွန်မ လက်ကို အတင်းကာရော ဆွဲရင်း
တိုက်ထဲကနေ အပြင်ရောက်ဖို့ နောက်ဖေးတံခါးကို ဖွင့်တယ် ။
ရုတ်တရက် တံခါးက ဖွင့်မရတော့
ပန်းကန်စင်၊ ကြောင်အိမ် တွေ မှောက်ပြန်လန်ကုန်ပြီ။ ပြိုကျလာတဲ့ အနေအထားက ကိုယ်ခန္ဓာကို
စင် တာက စင်၊ ထိတာက ထိ။
ရုတ်တရက် ဘာဖြစ်နေမှန်းမသိ ။
ငလျင်လှုပ်တယ်ဆိုတာတော့ သိလိုက်ပြီ။
သူ ပခုံးနဲ့ ပစ်တိုက်လိုက်လို့ နောက်ဖေးတံခါးပွင့်ထွက်သွားပြီ။
ကျွန်မကို လက်ကို အတင်းဆွဲရင်း
တိုက်အပြင်ဘက်ကို ပြေးထွက်လာနိူင်ပြီ။
ဒါပေမဲ့…
ဝုန်း..ဆိုပြီး ခပ်ကြမ်းကြမ်း ထပ်ခါလိုက်တဲ့
လှုပ်ခတ်မှုမှာ သူအပေါ်ရော ကျွန်မအပေါ်ပါ
အုတ်ကျိုးအုတ်စများက ဖုံးအုပ်လို့။

@@@@@@@@@@@@@@@@@@@@@

သူ မရှိတော့ဘူး။
ကျွန်မကတော့ ရှင်သန်ကျန်ရစ်ခဲ့တယ်။
ကိုယ်ခန္ဓာမှာ ဒဏ်ရာ ဒဏ်ချက်တချို့ ရခဲ့ပေမယ့်
ပေါက်ပြဲ ဒဏ်ရာမျှလောက်နဲ့ နံရိုးအနည်းငယ် အက်သွားတဲ့ ဒဏ်ရာလောက်ပါပဲ။
သူရဲ့ နောက်ဆုံးခရီးကို ကျွန်မမပို့ပေးနိူင်ခဲ့ဘူး။
ကျွန်မ မျက်ဝန်းက မျက်ရည်စတချို့နဲ့ ငိုမိတယ်။
မျက်ရည် မကျတဲ့ အချိန်လည်း စိတ်နဲ့ ငိုမိပြန်တယ်။
ကျွန်မ သူ့ကို မုန်းသွားမိဖူးတယ်။
အခု မမုန်းတော့ဘူး။
ကျွန်မ. 28.3.2025 ကို မုန်းတယ်။
ကျွန်မ အနားကနေ သူကို အဝေးကြီးထိ
ပို့ပစ်ရက်တယ်။
ကျွန်မ မျက်စိရှေ့တင်။
ကျွန်မ သူ့ကို ခွင့်လွှတ်ချင်နေပြီလေ။
ကျွန်မ သူ့ကို ခွင့်လွှတ်ကြောင်း
ပြောချင်သေးတယ်လေ။
ကျွန်မ နာကျင်စွာ ငိုရှိုက်နေရင်း 28.3.2025 ကို မုန်းတီးလိုက်တာ။

ကျွန်မတို့ နေထိုင်တဲ့ လေးထပ်တိုက်ကြီးလည်း တခြမ်းစောင်းကြီးဖြစ်လို့ ။.
ပရဟိတ သမားလေးတစ်ယောက်က ကျွန်မဆီ ဖုန်းလေးတစ်လုံးလာပေးတယ်။

“”အမ ဖုန်းထင်တယ်…ဖုန်းလေးက မှန်လေးနည်းနည်းပဲ အက်သွားတာ.. သုံးလို့ ရသေးတယ်..
ဖွင့်ကြည့်ပါဦး…””

ကျွန်မ ဖုန်းလေး က အက်ရာသေးသေးလေးနဲ့ ကျွန်မဆီ ပြန်ရောက်လာတယ်။
သူ ကတော့ ပြန်ရောက်မလာတော့ဘူး။
ဖုန်း ကိုဖွင့်ပြီး သူဖုန်းနံပတ်လေးကို contast မှာ
“”မောင်””…လို့ ပြန်ထည့်လိုက်တယ်။
မောင် ဆီ message ပို့လိုက်တယ်။

“”မောင် ရေ နင့်ကို ငါ ခွင့်လွှတ်တယ်
ငါ့ဆီပြန်လာပေးပါ…””

ကျွန်မ မောင် ဆီ message လေးပို့ပြီး
ဖုန်းလေးကို မျက်တောင်မခတ်ကြည့်နေမိတယ်။
မောင်.. ကျွန်မ ဆီ ဖုန်းခေါ်လာလေမလား လို့။

28.3.2025 မှာ ငလျင်ကြောင့် အသက် ေ သ ဆုံးခဲ့ကြသူများအားလုံး ကောင်းရာသုဂတိလားပါစေ

#ယွန်းနှင်းဆီခိုင်