မျဥ်းနှစ်ကြောင်း(စ/ဆုံး)
——————————
ကျွန်တော်နဲ့သူကကျောင်းတက်ဖော်ကျောင်းတက်ဖက်နှစ်ယောက်ဖြစ်သည်။
ငယ်ငယ်တုန်းကဆိုကျောင်းသွားကြရင်းစနောက်တဲ့အခါမှာစကားများရန်ဖြစ်ကြတာတွေရှိ၏။သို့ပေမဲ့သူကသည်းခံသည်။ကြာလာတော့လည်းကျွန်တော်ကဘဲလက်ဆွဲနုတ်ဆက်ပြီးချစ်ချစ်ခင်ခင်နေလာခဲ့မိသည်။
နောက်တော့ကိုယ့်အလုပ်တွေနဲ့ကိုယ်ဖြစ်လာခဲ့ကြ၏။သူနဲ့လည်းရန်ဖံရန်ခါလောက်သာတွေ့ဖြစ်တော့သည်။
ဒီလိုတွေ့တိုင်းလည်းစကားတွေအများကြီးပြောဖြစ်၏။သို့ပေမဲ့သူကကြာကြာမနေ၊ငါးမိနစ်လောက်ဆိုရင်စွတ်ကနဲထွက်သွားသည်။
‘ဟာ.ဒီကောင်ကလဲတွေ့တုန်းလေးအချိန်ကြာကြာနေတာမဟုတ်ဖူးကွာ’
ကျွန်တော့မှာသာတစ်တွတ်တွတ်ပြောကျန်ခဲ့ပေမဲ့၊သူကလှည့်မကြည့်။သူလမ်းအတိုင်းသာသူသွားသည်။
ဒီတော့စကားတွေပြောချင်လွန်းလို့သူ့အိမ်ကိုကျွန်တော်သွားရတော့သည်။
‘ဟေ့လှမောင်.’
ခြံဝကိူရောက်ရောက်ချင်းလှမ်းအသံပြုလိုက်၏။
‘ဟယ်ကိူအောင်ကို၊လာလေအထဲကိုဝင်၊ရှင့်သူငယ်ချင်းတော့ဟိုမှာပုတီးစိပ်နေလေရဲ့၊ဒီမှာခဏထိုင်အုံးနော်၊ခဏနေရင်သူပြန်ထွက်လာလိမ့်မယ်။
သူ့ဇနီးသည်ကခရီးဦးကြိုပြူပြီးဧည့်ခန်းထဲမှာနေရာချထားပေးသည်။
‘ကဲသောက်အုံးကိုအောင်ကိုရေ’
မီးဖိုခန်းအတွင်းမှယူလာသောရေနွေးကြမ်းအိုးကိုလာချပေးသည်။
‘ရပါတယ်မမြိုင်ရာ၊အထွေအထူးတွေဘာမှမလုပ်ပါနဲ့တော့၊ဒီကောင်ကြီးနဲ့မတွေ့တာကြာလို့သာစကားလေး၊ဘာလေးပြောရအောင်လာခဲ့လိုက်တာပါဗျ’
မမြိုင်လာချပေးထားသောအိုးမှရေနွေးကြမ်းတစ်ခွက်ကိုငှဲ့သောက်ပြီးသူအလာကိုခဏစောင့်နေလိုက်သည်။
သိတ်မကြာခင်သူရောက်လာသည်။
‘ဟ.အောင်ကို၊ရောက်နေတာကြာပြီလားကွ၊ငါလည်းပုတီးစိပ်နေလို့နည်းနည်းနောက်ကျသွားတယ်’
‘အေးပါသူငယ်ချင်းရာ၊ရပါတယ်၊မင်းနဲ့လည်းမတွေ့တာကြာတော့စကားတွေပြောချင်လွန်းလို့ပါ’
ကျွန်တော်ကသာလမ်းစဖောက်ပေးလိုက်ပေမဲ့၊သူဖက်ကလှုပိရှားလာသည်ကိုမတွေ့ရ၊အေးအေးဆေးဆေးပင်ထိုင်ခုံတစ်လုံးမှာဝင်ထိုင်လိုက်သည်။
‘ဒါနဲ့မင်းရောအခုဘာတွေလုပ်နေလဲကွ’
‘ငါလား.အခုစီးပွားရေးရှာစရာမလိုတော့ဖူးဆိုတော့ကိုယ့်အတွက်ပါတာကိုဘဲလုပ်နေတယ်လေ၊မင်းရောဘာတွေလုပ်နေတုန်းဟ’
သူမေးခွန်းကြောင့်ကျွန်တော်အတော်ခေါင်းစားသွားသည်။
‘ငါမှာအလုပ်မရှိဖူးဟေ့.လိုပြန်ဖြေပြန်ရင်လဲ
‘ဟာအလုပ်တွေပေါလွန်းလို့ကွာ၊ကြံဖန်လုပ်ရင်ရတာဘဲ.ဟုပြောဖွယ်ရာရှိသည်။ထို့ကြောင့်.
‘ဒီလိုပါဘဲကွာ၊ရှိတဲ့အခါရှိ၊မရှိတဲ့အခါမရှိဖူးပေါ့၊ဒီနေ့တောင်ဘာမှလုပ်စရာမရှိလို့မင်းဆီကိုလာလည်တာလေကွာ’
ကျွန်တော့အဖြေကိုသူနှစ်သက်ပုံမပေါ်၊မျက်မှောင်ကြုတ်ကာကျွန်တော့ကိုပြန်ကြည့်သည်။
‘မင်းကလဲကွာငါတို့ငယ်ငယ်တုန်းကဖတ်ခဲ့တဲ့စာလေးကိုမေ့နေတယ်နဲ့တူတယ်.ဟုတ်လား’
သူကတော့အမှတ်ရနေသည်ထင်သည်၊ကျွန်တော်ကဘာမှကိုပြန်မမှတ်မိတော့။
‘ဘာစာလဲကွ၊မင်းအမှတ်ရရင်ပြောပါအုံး’
‘အော်.အရွယ်ရောက်လာတဲ့လူတိုင်းဟာ၊အချိန်တိုင်းတစ်ခုခုရရမယ်တဲ့လေကွာ၊ဥစ္စာရချင်ရ၊မရရင်အသိပညာတစ်ခုခုရရမယ်တဲ့၊အဲ့ဒါလဲမရဖူးဆိုရင်ကုသိုလ်ရမဲ့အလုပ်တစ်ခုကိုလုပ်နေရမယ်တဲ့လေ၊အခုတော့လူတွေအများစုက၊ဥစ္စာမရလဲဒီအတိုင်းနေတယ်၊ဗဟုသုတမရလဲဒီအတိုင်းနေကြတယ်၊နောက်ဆုံးကုသလိုလ်မရလဲ၊တစ်နေ့တာလုံးမျက်စိဖွင့်ပြီးတွေသမျှ၊မြင်သမျှ၊ကြားသမျှတွေအားလုံးကိုဝေဖန်နေကြတာ၊ကိုယ့်အတွက်ဘာအကျိုးမှလည်းဖြစ်ထွန်းတာမဟုတ်ဖူးလေ၊ဟိုလူ့မကောင်းပြော၊ဒီလူ့မကောင်းပြောနဲ့အချိန်တွေကိုအလဟဿဖြုန်းတီးနေကြတာ၊ငါ့လိုအချိန်တခဏတာလေးဖြစ်ဖြစ်ကိုယ့်အတွက်ပါမဲ့အလုပ်ကလေးလုပ်နေကြရင်မကောင်းဖူးလားကွာ၊ဒါမလည်းကိုယ်သေတဲ့အခါကျရင်အထောက်အကူလေးတစ်ခုရမှာပေါ့သူငယ်ချင်းရ၊အလဿဖြစ်တဲ့အချိန်တွေဟာတအားနှမြောဖို့ကောင်းတယ်သူငယ်ချင်း၊မင်းစားကြည့်လေ’
သူပြောပုံအရဆိုလျင်ကျွန်တော်တောင်လာမိသည်မှာမှားနေသည်ဟုထင်မိ၏။
ကျွန်တော့မှာသားသမီးအထောက်အခံလေးတွေရနေပြီဖြစ်၍စီးပွားရေးရှာစရာမလိုတော့။ဒါကိုအချိန်တိုင်းအိမ်မှာမနေ၊ဟိုသွား၊ဒီသွားလုပ်နေမိသည်၊ပညာအရာတော့ထား၊တစ်ချိန်ကရှာပြီးခဲ့လေပြီ။
နောက်ဆုံးကုသိုလ်ရေးဖက်မှာလုံးဝဟနေသည်။
အိမ်တကာလည်၊သူတိူ့ပြောနားထောင်၊ကိုယ်ကပြန်ပြောနှင့်သာအချိန်ကုန်သည်။
ထိုအချိန်ကလေးမျာကိုသူငယ်ချင်းလှမောင်လိုအကျိးရှိအောင်အသုံးချလျင်ဖြင့်များစွာသင့်မြတ်ပေသည်။
အခုတော့သွားလာလညိပတ်ရင်းဖြင့်အချိန်ကုန်နေသည်။
ယခုလိုအချိန်များမိမိတစ်ခုခုဖြစ်ခဲ့သော်.
ဘဝကူးမကောင်းမည်မှာသေချာသည်။
မျဥ်းနှစ်ကြောင်းသည်ဆုံမှတ်တစ်ခုမှတာထွက်ခဲ့ကြသည်။
တစ်ခုသောမျဥ်းကတည့်တည့်မတ်မတ်နဲ့လျောက်၍ပန်းတိုင်ဝင်သွား၏။
တစ်ခုသောမျဥ်းကတွန့်လိမ်ပတ်ကွေကာလျောက်နေသည်။ထိုမျဥ်းအတွက်လားရာကောင်းမည်မဟုတ်။
တာထွက်ချင်းတူပါလျက်အဘယ်ကြောင်ပန်းတိုင်ရောက်သည်မတူညီပါသနည်း၊အဖြေကရှင်းနေ၏၊အချိန်ကိုအကျိုးရှိစွာအသုံးမချခဲ့၍သာ။
ထို့ကြောင့်ကျွန်တော်သူငယ်ချင်းအိမ်မှာထိုင်နေရသည်ကိုပင်လိပ်ပြာမလုံဖြစ်လာရ၏။
ပြောမည့်စကားတွေကိုမပြောတော့ဘဲ၊သူငယ်ချင်းအားနုတ်ဆက်ကာပြန်လာခဲ့မိသည်။
လမ်းတလျောက်မှာတွေးလာမိခဲ့၏။
ယနေ့မှစ၍.အချိန်တိုင်းအကျိုးရှိအောင်နေတော့မည်ဟူ၍…။
စာဖတ်ပရိတ်သတ်အားအစဥ်လေးစားလျက်
တင်သက်.ပညာရေး
ကညွတ်ကွင်းမြို့