မျှော်စင်

Posted on

မျှော်စင်(စ/ဆုံး)

——————–
“ဟေ့ အပျိုကြီး လက်မှာလည်း အင်္ကျီစကြီးကိုင်ထားပြီး အပြင်ကို ငေး၊ဘာတွေ မျှော်နေတာတုန်း”

အင်္ကျီစ လာအပ်နေကျ မိမိခင်က အိမ်ဝိုင်းထဲ ဝင်ဝင်လာချင်း စကားဆိုတယ်။သူ ဘာကို ငေးနေမိပါလိမ့်။သူဘာကို မျှော်နေတာပါလိမ့်။ သူ ဒီရက်ပိုင်းအတွင်း နေ့စဉ် နေ့တိုင်း၊ညစဉ် ညတိုင်း အပေါက်ဝကို ငေးနေမိတာ အကျင့်တစ်ခုလို ဖြစ်နေပါပြီ။ဆိုင်ကယ်သံ၊ကားသံ ကြားတိုင်း ထကြည့်ရတာ အမော။ဟိုဘက်အိမ်က အဆိုတော် မနောရဲ့ မိချောသီချင်းသံက တဝုန်းဝုန်းတဒိုင်းဒိုင်း။ဘာလိုလိုနဲ့ မနက်ဖြန်ဆိုရင် သင်္ကြန်ရောက်တော့မှာပါလား။
“ဒါ နှစ်ဆန်း တစ်ရက်နေ့ ဝတ်ချင်လို့။ အမြန်ချုပ်ပေးနော် ကောင်မ”
မိမိခင်က လက်ထဲက အင်္ကျီစထည့်ထားတဲ့ အထုပ်ကို သူ့အပ်ချုပ်ခုံပေါ်တင်ရင်း သူ့ဘေးက ခုံမှာ ဝင်ထိုင်တယ်။ မိမိခင်နဲ့ သူက ငယ်သူငယ်ချင်းတွေ။ အင်ရောင်းဆေးဝါးစက်ရုံမှာ အလုပ်ဝင်ခဲ့တာလည်း အတူတူပဲ။ အခုဆို မိမိခင်က ဒုစက်ရုံမှူးရာထူးတောင်ရနေပြီ။သူကသာ….။
“နှစ်ဆန်းတစ်ရက်နေ့ မရတော့ဘူးဟဲ့။ချုပ်ထည်တွေ ပုံနေလို့၊ဝတ်ဖို့အစီအစဉ်ရှိရင် သုံးလလောက် ကြိုအပ်ဟဲ့”
ငြင်းမယ့်သာ ငြင်းလိုက်ရတာ။ ဒီကောင်မအကြောင်းကို သူ သိပြီးသား။ ချုပ်ပေးမယ်လို့ မပြောမချင်း နားပူနားဆာတိုက်နေတော့မှာ။
“မရဘူးနော်။ ငါ ကြယ်သီးတပ်ကူမယ်။လက်ချုပ်လိုက်ပေးမယ်အေ။ လုပ်ပါ။ နှစ်ဆန်းတစ်ရက်နေ့မှာ အသစ်ပဲ ဝတ်ချင်လို့။ သူငယ်ချင်း အချင်းချင်းကို”
မိမိခင်က ထုံးစံအတိုင်း သူ့ ကို ဇက်ကြောလာဆွဲပေးတယ်။နောက်ဆုံးတော့လည်း နှစ်ဆန်းတစ်ရက်နေ့ မနက် ရအောင် ချုပ်ပေးမယ် ပြောမှ နားငြီးသက်သာသွားတော့တယ်။
“ဒါနဲ့ နင့်မောင်တွေ၊ညီမတွေ ပြန်မလာကြဘူးလား”
“လာမှာပေါ့အေ”
သူ့စကားသံတွေမှာ မျှော်လင့်ခြင်းတွေစွတ်ပါနေတာကို မိမိခင်က မရိပ်မိဘဲ ထွေရာလေးပါးစကားတွေ ပြောပြီးမှ ပြန်သွားတယ်။
မိမိခင် ပြန်သွားတော့ ဆယ့်နှစ်နာရီ ထိုးနေပြီမို့ စက်ချုပ်ရာကနေ အမြန်ထပြီး အဖေ့အတွက် ထမင်း ပြင်ပေးရတယ်။ ကြက်သား ဆီလည်ရေလည်ချက်ကို အဖေကြိုက်တဲ့ ပုံစံလေး ချက်ထားတာမို့ ဒီနေ့တော့ အဖေ ထမင်းများများစားပါစေ ဆန္ဒပြုမိတယ်။မောင်လေးနဲ့ ညီမလေးတွေကိုလည်း သူ သတိရမိသွားတယ်။ ဒီဟင်းကို အငယ်တွေက သိပ်ကြိုက်ကြတာ။ရေအိုးစင်နားချိတ်ထားတဲ့ အိတ်ထဲက အဖေသောက်ဖို့ ဆေးပါ တစ်ခါတည်းယူပြီး ထမင်းပန်းကန်နား ချထားပေးရတယ်။ အဖေ့အသက်က ခုနှစ်ဆယ်နား နီးနေပြီ​။ အဖေ့မှာ ဆီးချိုသွေးတိုး ရောဂါရှိနေလို့ ဆေးတွေ နေ့စဉ် သောက်နေရတယ်။
“အငယ်တွေဆီက ဘာကြားလဲ”
အဖေက ထမင်းစားရင်း သူ့ကို မေးတော့ ဘာကို ဝမ်းနည်းလို့ ဝမ်းနည်းမှန်း မသိဘူး။
ဒီစားပွဲဝိုင်းမှာ ထမင်းစားချိန်တိုင်း လူခုနှစ်ယောက် ရှိရာကနေ တဖြည်းဖြည်း လျော့သွားလိုက်တာ သူနဲ့ အဖေသာ ကျန်တော့တယ်။
“ညနေ မှ သမီး သူတို့ဆီ ဖုန်းဆက်ကြည့်ပါဦးမယ်”
နဂိုကမှ ထမင်းစား နည်းနေတဲ့ အဖေက အသက်ရလာတာနဲ့ အမျှ ထမင်းကို ဟုတ်တိပတ်တိ မစားတော့ဘူး။အခုလည်း ထမင်းဆက်မစားတော့ဘဲ ချပေးထားတဲ့ ဆေးကို ဝါးစားတယ်။ အဖေက ဆေးကို အလုံးလိုက် မြိုမချတတ်ဘူး။ ဝါးစားပြီးပဲ ရေနဲ့ မျှောချတာ။အဖေက ထမင်းစားပွဲက ထပြီး သူ့အခန်းလေးထဲ ပြန်ဝင်သွားတယ်။ လူနှစ်ယောက်သာ ရှိတဲ့ သူတို့အိမ်လည်း တိတ်ဆိတ်ငြိမ်သက်သွာတော့တယ်။သူလည်း ပန်းကန်တွေ ဆေးကြောပြီးတာနဲ့ စက်ချုပ်ခန်းထဲ ဝင်ပြီး ချုပ်လက်စတွေ ဆက်ချုပ်ရတယ်။
အငယ်လေးယောက်နဲ့မြေးတွေကို အဖေ မျှော်နေတာ သူသိတာပေါ့။ အမေ ရှိစဉ်ကတည်းက ဒီမောင်နှမငါးယောက်ကို နှစ်ဆန်းတစ်ရက်နေ့ရောက်တိုင်း မိဘကို ကန်တော့တဲ့ အကျင့် လုပ်ပေးထားခဲ့တာ။ အဖေ မျှော်သလို အငယ်တွေနဲ့ သူ့တူ၊တူမတွေကို သူလည်း မျှော်မိတာပေါ့။
ဒီမောင်နှမတွေ ဆုံကြဖို့က နှစ်တစ်နှစ်ရဲ့ ဒီလို အခါကြီးရက်ကြီး၊ရုံးပိတ်ရက်မှာသာ မျှော်လင့်ခွင့်ရှိတာမို့ အငယ်တွေကို သူလည်း မျှော်နေမိတာပါပဲ။
မိသားစုတွေ အတူ မဆုံရတာ တစ်နှစ်ပြည့်တော့မယ်။ဖြေသာတာတစ်ခုက သူက ဖေ့ဖွတ်ခ်၊ဘိုက်ဘာစတဲ့ အင်တာနက်တွေ သုံးတတ်တော့ အငယ်တွေ၊တူ၊တူမတွေနဲ့ အပြင်မှာသာ မတွေ့ရပေမယ့် အဆက်အသွယ်ကတော့ မပြတ်ဘူးရယ်။ အင်တာနက်မှာ မကြာခဏ တွေ့ခွင့်ရတယ်။ အင်တာနက်မသုံးတတ်တဲ့ အဖေ့မှာသာ ခေါင်းရင်းဘေး အကြီးကောင် ဝယ်ပေးထားတဲ့ ဖုန်းလေးချထားပြီး သားနဲ့ သမီး၊မြေးတွေဆီက ဖုန်းအလာကို စောင့်မျှော်နေတတ်တာ။ မြင်ရတဲ့ သူက မကြည့်ရက်လို့ အငယ်တွေကို အဖေ့ဆီ ဖုန်းဆက်ကြဦး ခဏခဏ ပြောရတယ်။ မက်စင်ဂျာ(Messenger)ကနေ ဗွီဒီယိုကောလ် ခေါ်ပေးရတယ်။သူ ပြောလို့ ၊ခေါ်လို့ အငယ်တွေက အဖေ့ဆီ ဖုန်းမဆက်ရင်၊မကိုင်ရင် “အဖေ သေသွားမှ နောင်တ မရကြစေနဲ့”လို့ ပွဲ ကြမ်းရသေးတာ။
အစ်မကြီး အမိရာ ဆိုတဲ့ စကားက တခြားလူတွေ အတွက်တော့ မသိဘူး သူ့အတွက်တော့တကယ်ကို မှန်ခဲ့ပါတယ်။ သူဆယ်တန်းအောင်ပြီးတဲ့ အချိန်တုန်းက အလတ်မက ကိုးတန်း၊အကြီးကောင်က ခုနှစ်တန်း၊အငယ်ကောင်က ငါးတန်း၊အငယ်မ က သူငယ်တန်းတက်နေကြတဲ့ အချိန်။ အဲဒီအချိန်အခါက ကျောင်းစရိတ်တွေ ​အတော်ကုန်တာ။ အဖေက ဘုန်းကြီးကျောင်းထွက်၊ အမေက ခုနှစ်တန်းထိပဲ ပညာသင်ခဲ့ကြရပေမယ့် သူတို့မောင်နှမတစ်တွေရဲ့ ပညာရေးကိုတော့ အဖေနဲ့အမေက သိပ်အားပေးခဲ့ကြတယ်။
“သမီး ကွန်ပျူတာတက္ကသိုလ်တက်လေ”
သူ ဆယ်တန်းအောင်တော့ အမေက ကွန်ပျူတာတက္ကသိုလ်တက်ဖို့ ပြောတယ်။ ဒါပေမယ့် အငယ်လေးယောက်ရဲ့ ကျောင်းစရိတ်တွေ တွေးမိတော့ သူ အဝေးသင်ပဲ တက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဖေက အိမ်မှာ ဘက္ထရီအိုး အားသွင်းဆိုင်လေးကရတဲ့ ပိုက်ဆံ၊လယ်လေးဧကမှာ စိုက်ပျိုးလို့ရတဲ့ သီးနှံက ရငွေတွေက စားစရိတ်၊ကျောင်းစရိတ်တွေနဲ့ လုံးချာလိုက်နေတာကို သူသိတာတာမို့ အဝေးသင်ပဲ တက်ခဲ့လိုက်တယ်။ အဝေးသင်တက်ရင်း သူတို့ကျောက်ဆည်မြို့နယ်ထဲက အင်ရောင်းဆေးဝါးစက်ရုံမှာ အလုပ်ဝင်လုပ်ပြီး ရသမျှ လစာတွေ တစ်ပြား မကျန် အမေ့ကို အပ်ခဲ့တာ။ နေ့ပိုင်း စက်ရုံမှာလုပ်၊ညပိုင်းတွေမှာ သူ့အန်တီတွေဆီက သင်ထားတဲ့ စက်ချုပ်ပညာနဲ့ အဝတ်တွေ ချုပ်ပေးပြီး အိမ်ကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုခဲ့တယ်။ညဆို သူ့အိပ်ချိန်က ဆယ့်နှစ်နာရီပဲ။
သူတို့မောင်နှမတစ်တွေထဲမှာ နံပါတ်စဉ်သုံး
ဖြစ်တဲ့ အကြီးကောင်က စာတော်တယ်။ အကြီးကောင် အထက်က အလတ်မက ရိုးရိုးတက္ကသိုလ်သာတက်ရပေမယ့် အကြီးကောင်က မန္တလေးဆေးတက္ကသိုလ်တက်ရတယ်။ တက္ကသိုလ်ကျောင်းသားနဲ့ ကျောင်းသူနှစ်ယောက်၊အငယ်ကောင်က ဆယ်တန်းတက်ရချိန်
သူတို့မိသားစု အခက်အခဲတွေ စကြုံရတော့တာပဲ။ အငယ်မက ခြောက်တန်း။ မိဘနှစ်ယောက်နဲ့ အတူ ဒီအငယ်တွေ ပညာတတ်ဖြစ်ဖို့ သူ ရုန်းကန်ခဲ့ရပါတယ်။ အကြီးကောင် ဆေးကျောင်း တတိယနှစ်မှာ အမေက ဆိုင်းမဆင့်ဘုံမဆင့် “မူးတယ်၊မူးတယ်” ပြောရင်းက လဲကျပြီး တိမ်းပါးသွားခဲ့တာက စက်ရုံကနေ သူအလုပ်ထွက်ဖို့ ဖြစ်ခဲ့ရတယ်။ သူ့အသက် ဆယ့်ရှစ်နှစ်ကတည်းက လုပ်ခဲ့တဲ့ အလုပ်၊ရထားတဲ့ရာထူးကို သူနှမြောမိပေမယ့် အငယ်တွေအတွက် ဒီအချိန်မှာ သူ အစ်မကြီး ပီသရမှာပေါ့လေ။ အမေရှိစဉ်အခါ အိမ်က အချက်အပြုတ်၊အလျှော်အဖွပ်အလုပ်တွေ၊တောင်သူ အလုပ်တွေကို သူ ကူစရာ မလိုပေမယ့် အမေ မရှိတော့ သူပဲ လုပ်ဖို့ ဖြစ်လာရတယ်။ ဒီလိုနဲ့ စက်ရုံကနေ အလုပ်ထွက် အမေ့နေရာယူပြီး အိမ်အလုပ်၊လယ်အလုပ်နဲ့ စက်ချုပ်တာပါ တွဲ လုပ်ခဲ့ရတယ်။
######
အငယ်တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ အနစ်နာခံမှု တစ်ခုရှိသေးတယ်။ ဒါကို အငယ်တွေတောင် မသိကြပါဘူး။ အကြီးကောင် ဆေးကျောင်းနောက်ဆုံးနှစ်ကပေါ့။ သူ့ချစ်သူ ကောင်လေးက သူနဲ့ လက်ထပ်ဖို့ပြောချိန်
“ငါ နင်နဲ့ လက်မထပ်နိုင်သေးဘူး။ အငယ်တွေ ဘဝ အတည်တကျ ဖြစ်မှ….. ဟင်း….။
နင် မစောင့်နိုင်ရင်လည်း တခြားလူ ရှာပါဟာ”
သက်ပြင်းအကြိမ်ကြိမ်ချရင်း သူ့ရည်းစားကို သူရင်နာနာနဲ့ ပြောခဲ့ရတာ။
“မဟုတ်ဘူးလေ ချစ်ရယ်။ချစ်နဲ့ ကိုယ်နဲ့ အသက်က ငယ်တော့တာ မဟုတ်ဘူး။ တစ်နှစ်လား။နှစ်နှစ်လား ကိုယ်စောင့်နိုင်ပါတယ်။ ချစ်ပြောတဲ့ အငယ်တွေဘဝ အတည်တကျ ဖြစ်မှ ဆိုတာကြီးကတော့”

ဒီလိုနဲ့ ပဲ သူနဲ့ ကိုနဲ့ ဝေးခဲ့ရတယ်။ သူ့မှာလည်း အသက်တွေ တဖြည်းဖြည်း ကြီးပြီး အပျိုကြီးစာရင်းဝင်ကာ မူလနာမည်ပျောက်ပြီး အင်္ကျီလာအပ်သူတိုင်းက အပျိုကြီးလို့ပဲ ခေါ်ကြတော့တယ်။
သူ့အောက်က မောင်နဲ့ ညီမတွေ ပညာတတ်ဖြစ်ဖို့အရေး သူနဲ့ အ​ဖေ ကြိုးစားငွေရှာကာ ထားခဲ့ကြရတယ်။သူ အဝေးသင် တက္ကသိုလ်တက်တုန်းက ဝတ်စုံ လေးစုံသာရှိပေမယ့် အလတ်မနဲ့ အငယ်မတက်တော့ တခြားလူတွေနဲ့ တန်းတူရည်တူ ထားနိုင်ခဲ့တယ်။ဝတ်နိုင်၊စားနိုင်၊သုံးနိုင်တဲ့ အထိကို ထားနိုင်အောင် သူနဲ့ အဖေ ရုန်းကန်ပေးခဲ့ကြပါတယ်။
လူခုနှစ်ယောက်ဆုံမှ စားတတ်တဲ့ ညစာ ထမင်းဝိုင်းကနေ ပထမဆုံး ထွက်ခွာသွားသူက အမေပါ။ သေကွဲ ကွဲပြီး ထွက်ခွာသွားခဲ့တယ်။ အလတ်မက တက္ကသိုလ်ဆက်တက်ပေမယ့် ကျောက်ဆည်မြို့ပေါ်ကတက္ကသိုလ်မို့ ရွာကနေပဲ အသွားအပြန်လုပ်တယ်။ဒီတော့ ညစာ ထမင်းစားဝိုင်းမှာ လူခြောက်ယောက် အမြဲ ဆုံရသေးတယ်။ထမင်းဝိုင်းလေးကနေ ရက်ကြာရှည်ကြီး အနေနဲ့ ဒုတိယ ထွက်သူက အကြီးကောင်။မန္တလေးဆေး တက္ကသိုလ်မှာ ကျောင်းတက်ရတော့ အိမ်နဲ့ ခွဲပြီး မြို့ပေါ်မှာပဲ နေရတယ်။
သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့် ဆိုတဲ့ စကားက သူ့အတွက် မမှန်ခဲ့ပေမယ့် အလတ်မအတွက်တော့ မှန်ခဲ့ပါတယ်။သူတို့မောင်နှမတွေထဲ ပထမဆုံး အိမ်ထောင်ကျပြီး အိမ်က​နေ စထွက်သွားသူက အလတ်မပါ။ အလတ်မ အိမ်ထောင်ပြုတော့မယ်ဆိုတော့ သူ့ကို တိုင်ပင်ရှာပါတယ်။ ပန်းတွေ ပွင့်တာကို တားဖို့ အစီအစဉ်သူ့မှာ မရှိပေမယ့် နှမြောမိတာ အမှန်ပါပဲ။ အကြီးကောင် အလုပ်သင်ဆရာဝန်ဆင်းနေချိန်မှာ အလတ်မ အိမ်ထောင်ကျတယ်။အလတ်မရဲ့ အမျိုးသားက နေပြည်တော်ကမို့ အလတ်မက နေပြည်တော်ကို လိုက်နေရတယ်။ အကြီးကောင်ကလည်း ဘွဲ့ရ၊အလုပ်ဝင် ပြည်သူ့ဝန်ထမ်းလုပ်တော့ ပထမဆုံး စစ်ကိုင်းမြို့ဆေးရုံ၊နောက်ပိုင်း ဘွဲ့လွန်ဖြေပြီး ရန်ကုန်ကို ရောက်သွားတယ်။သူတို့ ညစာထမင်းစားဝိုင်းလေးကနေ လူတွေ တစ်ယောက်ပြီး တစ်ယောက် လျော့သွားတယ်။အငယ်ကောင်က အိမ်ထောင်ပြုတော့ သူ့အမျိုးသမီးရှိရာ မတ္တရာဘက်ရောက်သွားတယ်။ အငယ်မကတော့ ဘွဲ့ရတာနဲ့ အိမ်ထောင်ပြုတယ်။အငယ်မ အမျိုးသားက မန္တလေးကမို့ မန္တလေးကိုလိုက်သွားရတယ်။ အငယ်တွေအိမ်ထောင်ပြုတော့ အမေ့နေရာမှာ သူထိုင်ပြီး ကန်တော့ခံရသေးတယ်။ အလတ်မ၊အငယ်ကောင်၊အငယ်မက ဒီအသိုက်အမြုံကနေခွဲထွက်ပြီး သူတို့ကိုယ်ပိုင် အသိုက်အမြုံနဲ့ ဖြစ်နေကြပြီ။
လူခုနှစ်ယောက်ပြည့်မှ စားရတဲ့ ညစာ စားပွဲမှာ အဖေနဲ့ သူ နှစ်ယောက်တည်း စားရတိုင်း အထီးကျန်သလို ခံစားရတယ်။အခုဆိုရင် သူ့အသက်က ငါးဆယ်နားနီးနေပြီ။ အပျိုကြီးလို့ခေါ်ခံရရင် စိတ်ဆိုးမိနေတုန်းပါပဲ။ ဒါပေမယ့် အပျိုကြီးဆိုတဲ့ ဂုဏ်ကိုတော့ သူမြတ်နိုး တန်ဖိုးထားပါတယ်။
#####
“မိချောရေ မိချောရေ ပက်ဦး။ မိချောရေ မိချောရေ မုန့်လုံး”
မနောရဲ့ အသံက လော်စပီကာကနေ ပျံ့လွင့်နေတယ်။ရွာ သင်္ကြန်ကလည်း အခုဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ခြောက်ကပ်နေတယ်။လူသွား လူလာ နည်းပါးပေမယ့် ကလေးငယ်တချို့ ရေကစားနေကြတယ်။သင်္ကြန်သီချင်းသံကတော့ ရွာထဲမှာ လွင့်ပျံ့နေတယ်။
အဖေနဲ့ သူ အပေါက်ဝကို ငေးပြီး မျှော်နေမိတယ်။ ဆိုင်ကယ်သံ၊ကားသံ ကြားရင် ခေါင်းက အလိုလိုထောင်ပြီး ဝိုင်းတံခါးဝကို ကြည့်မိကြပြန်ရော။

“အငယ်တွေဆီက ဘာကြားလဲ သမီးကြီး”
အဖေက အိမ်အပေါက်ဝကို ကြည့်ရင်းမေးတယ်။
“အကြီးကောင်က ပြန်လာလို့ရရင် လေယာဉ်နဲ့ ပြန်လာမယ်ပြောတယ်အဖေ။ အငယ်ကောင်ကတော့ နှစ်ဆန်းတစ်ရက်နေ့ အမှီ သူ့မိသားစုနဲ့ လာမယ်ထင်တာပဲ”
အဖေ့ မျက်ဝန်းမှာ အရောင်တွေ တဖျတ်ဖျတ်တောက်ပလို့။
“အလတ်မနဲ့ အငယ်မကရော”
“အငယ်မရဲ့ အမျိုးသားက ခွင့်ယူ မရလို့ မလာဖြစ်လောက်ဘူး။ အလတ်မကတော့ လာမယ်တဲ့အဖေ”
အဖေက ခေါင်းညိတ်ရင်း တံခါးဝကို ကြည့်ပြန်တယ်။ဒီကိုရိုနာရောဂါအကြောင်း အဖေ့ကို ပြောပြထားပေမယ့် အဖေက ရုံးပိတ်ရက်မှာတော့ သားတွေ၊သမီးတွေ ပြန်လာလို့ ရမယ်ထင်နေတာ။တစ်နှစ်မှာတစ်ခါသာ မိသားစု ဆုံဆုံညီညီ တွေ့ရတာမို့ အဖေက သားသမီးနဲ့ မြေးတွေကို မျှော်တယ်။
သူ လိမ်လိုက်ရတာ စိတ်မကောင်း ဖြစ်မိပေမယ့် အမေရှိစဉ်ကတည်းက သားသမီးတွေ အတွက်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရပ်တည်လာတဲ့ အဖေ့ကို မျှော်လင့်ခြင်းတွေနဲ့ပဲ အသက်ဆက်ရှင်စေချင်ပါတယ်။
အကြီးကောင်က ဖေ့ဖွတ်ခ်ကနေ စာပို့ထားတယ်။

“အစ်မကြီး ငါ ပြန်လာလို့ မရဘူး။ ဒီကိုရိုနာဗိုင်းရပ်စ် ဖြစ်နေချိန် ငါတို့ ကျန်းမာရေးဝန်ထမ်းတွေ ဒီသင်္ကြန် ပိတ်ရက်မရလို့ ဒီလထဲ ပြန်လာလို့ မရဘူး။ အဖေ့ကို လည်း အပြင်မထွက်စေနဲ့ဦး။ဆေးသေချာတိုက်။အိမ်မှာပဲနေ၊လက်ဆေးကြဦး။အဖေ့ဆီ နောက်နေ့မှ ငါ ဖုန်းခေါ်လိုက်မယ်”

အငယ်ကောင်ကို အိမ်ပြန်လာဖြစ်လား ဘိုက်ဘာကနေစာပို့မေးတော့
“ငါက တရုတ်တွေနဲ့အတူ စက်ရုံမှာလုပ်တာဆိုတော့ ဒီအချိန်ကြီး ပြန်မလာချင်ဘူး။
ငါ့အိမ်ကလူတွေဆီတောင် မပြန်ဘူး။ စက်ရုံမှာပဲ နေနေတယ်။ဒီရောဂါကြီးပြီးမှ မိန်းမနဲ့ကလေးတွေခေါ်ပြီး ပြန်လာခဲ့မယ်ဟာ”

အလတ်မကတော့ သူ့ယောက္ခမ နေမကောင်းလို့ ပြန်မလာဖြစ်ဘူး၊ လာချင်ရင်တောင်
နေပြည်တော်က ကားတွေ မထွက်တော့လို့ လာလို့မရကြောင်း ပြောတယ်။အငယ်မကတော့ ကလေးငယ်နဲ့မို့ ဒီကိုရိုနာပိုး ပျံ့နေချိန် ဘယ်မှ မထွက်ရဲတာမို့ မလာဖြစ်ဘူး အကြောင်းပြန်တယ်။
သင်္ကြန်တွင်းမို့ ပုစဉ်းရင်ကွဲကောင်တွေ အော်တဲ့ အသံတွေက ဆူညံနေတယ်။ သူ့ရင်ထဲက အသံတွေကလည်း ပုစဉ်းရင်ကွဲတွေနဲ့အတူ သံပြိုင်ဆိုလို့ပေါ့။အိမ်ရှေ့သစ်ပင်ကသစ်ရွက်ဟောင်းတွေက လေလာတိုင်း တဖြုတ်ဖြုတ်ကြွေကျနေတယ်။သင်္ကြန်တွင်း တစ်တွင်းလုံး အဖေက ဖုန်းလေးကိုင်လိုက်၊ တံခါးဝကို ငေးလိုက်နဲ့ သားသမီးနဲ့မြေးတွေကို မျှော်တယ်။ သူလည်းပဲ ဘာထူးလဲ။ အငယ်တွေ မလာဖြစ်ဘူး သိနေတာတောင် တံခါးဝကို ငေးလိုက်၊ဆိုင်ကယ်သံ၊ကားသံကြားရင် ထကြည့်လိုက်နဲ့ အငယ်တွေများ လာလေသလားလို့ မျှော်နေမိတော့တယ်။

#ဟမ်စိုင်း(ဆေး-မန်း)
နှစ်၆၀ပြည့်၊ငွေတာရီမဂ္ဂဇင်းအထူးထုတ်။ဇူလိုင်။၂၀၂၀

ဧပြီလ၊၂၀၂၀ ။Covid19ကာလအတွင်း
အစ်မကြီးပီသသော အစ်မအတွက် အမှတ်တရ ဂုဏ်ပြု ရေးသားပါသည်။