မျှော်လင့်ချက်လေး

Posted on

မျှော်လင့်ချက်လေး(စ/ဆုံး)

—————————-
“အဖေနဲ့အမေ…သမီး သူများအိမ်မှာ ဘယ်အချိန်ထိ
ကျွန်ခံနေရမှာလဲ…အမေ သမီးလည်း သူများတွေ
လို လွတ်လွတ်လပ်လပ် အဖေအမေရဲ့မေတ္တာရိပ်အောက်
မှာ ပျော်ပျော်ရွှင်ရွှင် နေချင်တာပေါ့…ခုတော့အဖေလုပ်
နေပုံက သမီးသူများအိမ်မှာ…ဒီတစ်သက်ပြန်ရတော့
မယ် မထင်ပါဘူးအမေရယ်…ဘာပဲဖြစ်ဖြစ် …အမေ
ကျန်းမာရေး ဂရုစိုက်နော် မောင်လေးလည်း သိပ်အလို
မလိုက်ပါနဲ့ အမေ…ဒီနှစ်လည်း သမီးပြန်လာရမယ်
မထင်ဘူး…ဒီကအိမ်ရှင်တွေကလည်း အညာပွဲကိုမလာ
ဖြစ်ကြဘူးလေ…အမေအဆင်ပြေပါစေနော်…
အဝေးက အမေ့ရဲ့ ချစ်သမီး မိပန်း…”
သမီးဖြစ်သူပို့လိုက်သော ငွေတစ်ချို့ကိုင်ထားပြီး
ရေးပေးလိုက်သောစာကို ဖတ်နေရင်း မိခင်ဖြစ်သူ
ဒေါ်ကြည်လှ ကျလာသည့် မျက်ရည်များကို လက်ဖဝါး
ဖြင့် ပွတ်သပ်ရင်း “ငါ့သမီးလေး…ငါ့သမီးလေး…
မိဘတွေအပေါ် သိတတ်လွန်းတဲ့ကလေး …
အဝေးမှာ…အဆင်ပြေပါစေ…”
မိပန်းဆိုသည့် ကလေးမ ငယ်စဥ်ကလေးဘဝကတည်းက
ပညာကိုပင်ဆုံးခန်းတိုင်အောင်သင်ကြားခွင့်မရခဲ့ပါ။လေး
တန်းအောင်ငါးတန်းတက်အရွယ်လောက်မှာ မြို့ကြီးပြကြီး
ရှိ သူဌေးအိမ်တွင် အိမ်ဖော်ကလေးထိန်းဘဝဖြစ် ရွာမှစပြီး
ထွက်သွားခဲ့ရသည်။ သူမ နေသည့် အိမ်ရှင်များမှာ စိတ်
သဘောထား အလွန်ကောင်းကြသော်လည်း မိပန်းတစ်
ယောက်ကတော့ အဖေအမေ၏ အရိပ်မှာပဲ ခိုလုံချင်သူ
လေးပါ။ သို့သော်လည်း မဖြစ်နိုင် အဖေ၏ အကြွေးများ
ကို သူမ ရသည့်လစာလေးထဲမှ ဖဲ့ပြီးဆပ်ပေးနေရသေး
သည်။ တစ်နှစ်တစ်ခေါက်ပင် ရွာသို့ အလည်ပြန်မလာ
အား အိမ်ရှင်များ အညာဘုရားပွဲအလည်လာကြသော
ကြောင့် သူမ အိမ်သို့ပြန်ခဲ့ရသည်။ ရွာမှာ သူမနှင့်အတူ
ငယ်ငယ်က သူငယ်ချင်းများကလည်း ပညာတတ်ကြီး
တွေဖြစ်နေချေပြီ။မိပန်း ရွာပြန်လျှင်လည်း
ငယ်ပေါင်းအချို့နဲ့သာ စကားပြောဖြစ်
သည်။ အချို့ကိုမူ နှုတ်မဆက်ဖြစ် သူမကိုယ်တိုင်
ဂုဏ်ငယ် အားငယ်နေမိသည်မှာ အမှန်ပါ။
“မောင်လေး ရဲရဲ …မင်းလိမ္မာမှဖြစ်မှာနော်… မင်း…
အဖေလိုတော့ လောင်းကစား ဖဲတော့မရိုက်ပါနဲ့နော်
ခုလည်းကြည့်…တို့မောင်နှမတွေ အဖေအမေနဲ့ ကိုယ်
မိသားလေးမှာ အတူတူမနေနိုင်ကြသေးတာပဲကြည့်
အဲလောင်းကစားတွေကြောင့်…အစ်မ သူများအိမ်မှာ
ကျွန်ခံနေရတာ…မင်းကိုတော့ ကျောင်းကိုပြီးဆုံး
အောင်သင်စေချင်တယ်နော်…ပြီးတော့ စာကြိုးစား
မောင်လေးဘာလိုလဲ အစ်မပြောနော်…”
“ဟုတ်ကဲ့ပါ…အစ်မရဲ့…ကျွန်တော်စာတွေလုပ်ပါ
တယ်…ကျွန်တော်ကျောင်းပြီးရင် အစ်မကို အိမ်မှာ
အငြိမ်းထားတော့မှာပါ…”
“အေးပါ…အေးပါဟယ်…ဒီစကားတွေနဲ့ပဲ အစ်မလည်း
အမောပြေရပါတယ်…ဒါနဲ့ အစ်မ မရှိတုန်း အဖေအမေ
ကို မောင်လေးက ပိုပြီးဂရုစိုက်နော် …အစ်မစိတ်ချမယ်
နော်…”
ရွာရောက်လျှင် မပြန်ခင် အမြဲ မှာနေကျ အစ်မဖြစ်သူ၏
ဆုံးမစကား အမှာစကားတွေကို အမြဲနားထောင်နေရပြီး
အစ်မရှေ့တွင် လိမ္မာနေသော်လည်း မောင်ရဲ
ကလည်း တစ်မျိုးဆိုးလေးဟု ပြောရပေလိမ့်မည်။
မိပန်း၏မိခင် ဒေါ်ကြည်လှတစ်ယောက်မှာ သမီးဖြစ်သူ
အလှအပများနှင့် မြို့ကြီးသူတစ်ယောက်လို ပြုမူနေထိုင်
ပုံကိုကြည့်ပြီး ဝမ်းသာငေးမောရင်း မြို့မှပါလာသော
ဧည့်သည်များ စားကြရန် မီးဖိုထဲတွင် ချွေးတလုံးလုံး
ချက်နေသည်မှာ မမောနိုင်မပန်းနိုင်
“ဟော်…အမေ ခွန်ပေါ်က ဘာအိုးကြီးတုန်း …အနံ့ထွက်နေပြီ…”
“အော်…အေးအေး…သမီး…အမေလေ သမီးကိုကြည့်
ပြီး ချက်ထားတာတွေ မေ့နေတာ…”
ဒေါ်ကြည်လှ သမီးဖြစ်သူနှင့် အတူနေရသည့် အချိန်တို
ခဏမှာ အတော်လေး ပျော်ရွှင်နေမိသည်မှာ
အငြင်းနိုင်ပါ။
မိပန်း၏အဖေ ဦးမောင်မြမှာ လူအနေအထိုင်အေးပြီး
ကြုံရာကျပန်းလုပ်ကိုင်နေလျှက် တောင်သူမဟုတ်သည့်
အတွက် အိမ်အလုပ်တော့ အမြဲမရှိ။ အသောက်အစား
ကင်းသလောက် ဘယ်တော့မှ မဖြတ်နိုင်သော မကောင်း
သည့် အကျင့်ဆိုးကား ဖဲရိုက်ခြင်းဖြစ်သည်။
ဖဲသမားတွေ သဘာဝနိုင်လည်း ခဏဆိုသော်လည်း
ဦးမောင်မြကတော့ အရှုံးကများလှသည်။ ခက်သည်
မှာ ဦးမောင်မြဟာ ဖဲဝိုင်းတွေ့လျှင် နေမရွေး အချိန်ခါ
မရွေး ကျန်သည့်အရာများ မစဥ်းစား ရှုံးနေသော်လည်း
မနား ကစားမြဲ ဆက်ကစားတတ်သူတစ်ဦးဖြစ်သည်။
“အမေ…သမီး…ဒီတစ်ခါတော့ ရွာကိုအပြီးပြန်လာ
ခဲ့တော့မယ်…သမီးစုဆောင်းထားတဲ့ ငွေလေးအချို့နဲ့
သမီးကိုယ်ပေါ်က ရွှေတိုငွေစအချို့ ထုခွဲရောင်းချလိုက်
ရင် အိမ်ဆိုင်လေးဖွင့်ပြီး အဖေ၊အမေနှင့်မောင်လေးတို့
နဲ့ အိမ်မှာပဲ သမီးတစ်သက်လုံးနေတော့မယ်လို့ စိတ်
ကူးထားတာပဲ…”
စာကိုပင်ဆုံးအောင်မဖတ်နိုင် ဒေါ်ကြည်လှမှာ ဝမ်းသာ
လုံးဆို့နေပါသည်။ သားဖြစ်သူကိုလည်း မင်းအစ်မ
ပြန်လာရတော့မှာ အမေတို့နဲ့အတူနေရတော့မှာဆိုပြီး
သားဖြစ်သူနှင့် အပြန်အလှန် အပြုံးများစွာဖြင့်ပြော
ဆိုနေကြပါသည်။
ထိုကဲ့သို့ပျော်ရွှင်ချိန်လေးမှာ နာရီပိုင်းမျှမခံလိုက်
“မကြည်လှ…မကြည်လှ …ခင်များယောက်ျား
ဟိုဘက်ရွာ ဖဲဝိုင်းမှာ အဖမ်းခံရလို့…ခုအချုပ်ထဲမှာ
အဲဒါပြောခိုင်းလိုက်လို့…”
“အီး…အီး..အီးး…ကိုမောင်မြရယ် …ကျုပ်တားနေ
တဲ့ကြားက ဒီအလုပ်တွေမလုပ်ပါနဲ့လို့…ပြောနေတဲ့
ကြားမှ ခုတော့ဘယ်လိုလုပ်မလဲ …မိုက်လိုက်တာ…
ကိုမောင်မြရယ်…ရှင်လုပ်ပုံကြောင့် …ကျုပ်တို့သမီး
သူများအိမ်မှာ တစ်သက်လုံးနေရမှာ…တော့…”
ဒေါ်ကြည်လှမှာ အခြားဝင်ငွေမရှိ သမီးလုပ်အားခ
အချို့နှင့် ဖြစ်သလိုရုန်းကန်နေရသည့်အထဲ ခုလို
ဦးမောင်မြ အဖမ်းခံရပြီးနောက် ရုံးချိန်းများ
သွားရ လိုအပ်သည်များ ဟိုပေးရဒီကမ်းရဖြင့်
မိပန်းရည်ရွယ်ထားသည့် ပစ္စည်းများအကုန်ရင်း
ပေးလိုက်ရတော့သည်။
ထိုအချိန်က မိပန်းလေးမှာ ဖခင်အဖမ်းရခြင်းကြောင့်
ဝမ်းနည်းပူဆွေးနေရသည်ထက် မိမိဘဝ ရုန်းမထွက်
နိုင်တော့မှာကို တွေးပြီးပိုလို့သာ ငိုကြွေးနေမိပါသည်။
ဦးမောင်မြ ထောင်ခြောက်လကျသွားသည့်
အတောတွင်း ဒေါ်ကြည်လှမှာ စိတ်ပင်ပန်း လူပင်ပန်း
သောကြောင့် ကျန်းမာရေးကချို့တဲ့လာပြန် တအားဆိုးရွား
သည့်အခြေနေမဟုတ်သော်လည်း ငွေတော့ကုန်ကြရ
လေပြီ။ ထို့ထက်ဆိုးသည်မှာ သားဖြစ်သူမောင်ရဲရဲ
မှာ အိမ်၏ အခြေနေအရပ်ရပ်ကြောင့် ကိုးတန်းအောင်
ဆယ်တန်းကိုဆက်မတက်ဖြစ် အလုပ်လုပ်ထွက်သွား
ရာမှ အပေါင်းအသင်းမှား အသောက်ဘက်ကို အား
သာနေသည်ကိုလည်း ကြားမိပြန်သည်။ ဒေါ်ကြည်လှ
မှာ ယောက်ျားဖြစ်သူ ထောင်အတွင်းအဆင်ပြေစေ
ရန်နှင့် အခြားမရောက်ဖို့အရေး သမီးပေးသည့်ငွေ
ဖြင့် မလောက်သည့်အဆုံး ယခုနေသည့်အိမ်နှင့်ဝိုင်း
ကို အပေါင်ထားကာ ငွေတိုးယူ၍ ဖြေရှင်းနေရပြန်
သည်။ သမီးဖြစ်သူမိပန်းလေးကတော့ အမေစိတ်
သက်သာစေရန်
“အမေ…သမီးဘာမှမဖြစ်ဘူးနော် အဖေကိုသာ
အဆင်ပြေအောင်လိုက်ပေးပါ …အကြွေးတွေလည်း
သမီးဖြည်းဖြည်းဆပ်ပေးမှာပါ…ဘာမှအားမငယ်နဲ့
နော် အမေ…မောင်လေးက ဆက်သွယ်ရဲ့လား…
အမေ…နေကောင်းအောင်နေနော်….”
“အေး…အေးသမီး…”
ဟုပြောနေရင်းပင် ရင်ဝဆို့တက်လာ၍ မပြောနိုင်တော့
ဖုန်းခွက်ကိုချပြီး ဖုန်ပြောခပေးကာ ဖုန်းရှိသည့်အိမ်မှ
ပြန်လာခဲ့ပါသည်။
သမီးဖြစ်သူ မိပန်းလေးမှာလည်း အမေကိုသာ
အားပေးစကားတွေ ပြောနေရပေမဲ့ သူကိုယ်တိုင်
ကတော့ ဒီတစ်သက် အမေအိမ်ကလေးမှာ ပြန်
နေရပါအုံးမလား ဆိုပြီး တွေးလို့နေပါသည်။
အိမ်ရှင်သူဌေးဆီမှ
ငွေကြိုယူပြီး ပေးလိုက်သည်မှာ များစွာရှိနေပြီ။
သို့သော် ငူငိုင်မှိုင်နေ၍ မရ ထမင်းချက်၊အဝတ်လျှော်
ကြမ်းတိုက် အိမ်အလုပ်များစွာ ဆက်ပြီးလုပ်နေအုံး
မည်။ မိပန်းတစ်ယောက် တစ်နေ့တော့ ပျော်ရွှင်စွာ
အိမ်ကိုပြန်ရမည့် နေ့ရက်များ ရောက်လာရမယ် ဆိုသည့်မျှော်လင့်ချက်လေးဖြင့် ဆက်လက်ရှင်သန်
နေလျှက်…………………..

ကျေးဇူးတင်ပါသည်။

စိုပြေ
၂၅.၂.၂၀၂၃