မြင်အပ်၊ မမြင်အပ် ထိုနှစ်ရပ် ( စ၊ ဆုံး)
—————————————
မနက်လင်းတာနဲ့ ပြသောင်ရွာရဲ့ ဘုန်းကြီးကျောင်းဆီမှာ ကျောင်းအသစ်ဆောက်နေတဲ့ အလုပ်သမားတို့ရဲ့ အသံဗလံတွေက စီညံနေတယ်။
ဒီပြသောင်ကျောင်းကို ကျောင်းထိုင်သူကတော့ ဆရာတော်ဥူးကောဝိဒဖြစ်တယ်။ ကျောင်းဆီက ယခင်ကျောင်းဆောင်အဟောင်းဟာ အိုမင်းလွန်းလှပြီ။ ပြန်လည်ပြုပြင်မွမ်းမံခဲ့တာကလည်း အကြိမ်ကြိမ်။ အခုတော့ ပြုပြင်ရုံနဲ့ လုံလောက်တဲ့ အခြေအနေမဟုတ်ဘူး။
ဖြိုချပြီး အသစ်ပြန်ဆောက်ဖို့ကျပြန်တော့လည်း အရှေ့က နောင်တော်တို့ရဲ့ အမွေအနှစ် ကျောင်းအိုကြီးဟာ ဖြိုချပစ်ဖို့အတွက် နှမျောစရာအတိ။ ဒါကြောင့်လည်း အရှင်ကောဝိဒဟာ နယ်လှည့်အလှူခံတယ်။ ကိုယ်တိုင်ရရှိတဲ့ ဝတ္ထုငွေများကိုလည်း ခြစ်ကုတ်စုဆောင်းတယ်။ သုံးနှစ်အပြည့်မှာ ကျောင်းဆောင်သစ်ဆောက်နိုင်ရမယ်လို့ ရည်မှန်းချက်ထားတယ်။
အရှင်ကောဝိဒရဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းမှုကြောင့် တစ်နှစ်ပြည့်ချိန်မှာ လိုအပ်တဲ့ ငွေပမာဏရဲ့ တစ်ဝက်ကို ရတယ်။ ဒီအချိန်နဲ့ တစ်ပြိုင်နက်ထဲမှာပဲ မြို့ဆီကနေ အလှူရှင်တစ်ဦးကို ရရှိလာပြန်တယ်။ အလှူရှင်က လိုအပ်နေတဲ့ ငွေတစ်ဝက်ကို ဖြည့်စွက်ပေးတယ်။ ဒိကနေပဲ ရည်မှန်းထားတဲ့အချိန် သုံးနှစ်မပြည့်ခင် တစ်နှစ်အကျော်လေးမှာပဲ ကျောင်းဆောင်သစ် ဆောက်လုပ်ဖို့က ဖြစ်လာခဲ့ပါတယ်။
အရှင်ကောဝိဒဟာ လက်သမားဆရာအတွက်ကိုလည်း ပူပန်ဖို့မလိုခဲ့ဘူး။ အလှူရှင်ဟာ သူ့အသိထဲက ဦးငွေကျော်ဆိုတဲ့ လက်သမားခေါင်းကို ငှါးရမ်းပေးခဲ့တယ်။
အခုဆိုရင် ဦးငွေကျော်ဟာ သူ့အဖွဲ့သား ခုနှစ်ယောက်နဲ့အတူ မြို့ကနေ ပြသောင်အထိ ရောက်လာခဲ့ပြီး ကျောင်းဆီမှာပဲ နေထိုင်ကာ ကျောင်းဆောင်အသစ်ကို နေ့ကောင်းရက်သာရွေးလို့ ဆောက်လုပ်ခဲ့တာဟာ ဒီကနေ့နဲ့ဆို ငါးရက်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
လိုအပ်တဲ့ သစ်ရှာဖွေမှုကိုတော့ ရွာခံဖြစ်ပြီး ဘုန်းကြီးရဲ့တူလည်းဖြစ်တဲ့ မောင်ယဉ်ကို အရှာခိုင်းထားဖြစ်တယ်။
******
အခုမနက်မှာတော့ မောင်ယဉ်တစ်ယောက် စက်ဘီးနဲ့ ရောက်လာခဲ့ပြီး သစ်ကိစ္စကို ပြောလာတယ်။
ဒီအချိန် ဦးငွေကျော်တို့အဖွဲ့က အလုံအလောက်ရထားပြီဖြစ်တဲ့ တိုင်တွေကို ထူရင်းမတ်ရင်း ရှိနေကြတယ်။
‘ ဦးလေး…အရှေ့ရွာမှာတော့ သစ်ရှိတယ် ပြောတယ်။ ကျုပ်တို့ လိုချင်သလောက်ရမယ်တဲ့…’
‘ ဟေ…ဟုတ်လား။ ဘာသစ်တွေလဲ…’
‘ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက် အစုံရမယ်တဲ့…’
‘ လိုတာကတော့ ယက်မတွေ၊ ဒိုင်းတွေအတွက်ရယ် အကာရယ်၊ အခင်းရယ်ဆိုတော့ သူတို့ဆီက ဘာရနိုင်မလဲ…’
‘ အမျိုးအစားအစုံရှိတယ်။ ဦးလေး လိုချင်တာပြော၊ လိုသလောက် ရမယ်တဲ့…’
‘ ဟေ…ဟုတ်လား။ ဒါဖြင့် ဟန်ကျတာပဲပေါ့။ ကျွန်းနဲ့ ပျဉ်းကတိုးကို မျှတပြီး ယူမယ်ကွာ။ လိုအပ်တဲ့ အနေအထားကို ငါစာရင်းရေးပေးလိုက်မယ်။ ဒီနေ့တော့ ရနိုင်မယ် မဟုတ်လား…’
ကျောင်းဆောင်အတွက်က ဒီမနက်တင် တိုင်ထူတာက ပြီးနိုင်တာမို့ ကျန်တာတွေဆက်လုပ်ဖို့ ဦးငွေကျော်က လောဆော်လိုက်တယ်။ မောင်ယဉ်က ခေါင်းကို ညိတ်လိုက်ပြီး…။
‘ ရနိုင်တယ်…ဦးလေး…’
‘ ဒါဆိုလည်း လာပို့ခိုင်းလိုက်ကွာ…’
‘ ဟာ အဲ့ဒီ့လိုတော့ သူတို့က လာမှာမဟုတ်ဘူး။ သူတို့မှာ သယ်ဖို့ လှည်းမရှိဘူး ဦးလေးရ။ ဒီကနေ ကျုပ်တို့ သွားသယ်မှရမှာ။ ပြီးတော့ ကျုပ်အနေနဲ့ပြောရရင် ကျုပ်ကို စာရင်းရေးပေးတာထက် ဦးလေးကိုယ်တိုင်လိုက်ပြီး ရွေးစေချင်မိတယ်…’
‘ ဟေ…ငါပါလိုက်ရမှာလား…’
‘ အင်းပေါ့ ဦးလေး လိုက်မှ ဖြစ်မှာလေ။ ကျုပ်ဘာသာဆို လစ်ဟာမလားလို့…’
‘ အင်းလေ ငါ လိုက်ကြည့်တာပေါ့။ ဒါနဲ့ သွားရမှာက ဝေးလား…’
‘ မဝေးဘူး ဦးလေး။ စက်ဘီးနဲ့ နာရီဝက်လောက်ပဲ နင်းရမယ်…’
‘ ဪ…အေး။ ဒါဖြင့် ငါ ဆရာတော်ကို သွားလျှောက်ပြီး သွားတာပေါ့…’
‘ ဟုတ်ကဲ့ ဦးလေး…’
ဦးငွေကျော် ဆရာတော်ဆီကို သွားလျှောက်တယ်။ ပြီးတော့ မောင်ယဉ်နဲ့အတူ သစ်စက်ရှိရာကို သွားဖို့ အဝတ်အစားလဲလိုက်တယ်။
‘ ဆရာကျော်…’
ခေါ်သံကြောင့် ဦးငွေကျော် ကြည့်မိတော့ တိုင်ထူနေတဲ့အထဲက ငသော့ရယ်။
‘ အေး…ငသော့။ ဘာဖြစ်လို့လဲ…’
‘ တောင်ဘက်စွန်းတိုင်က သရက်ပင်မလွတ်လို့…’
‘ ဟိုအပင်လေးလား…’
‘ ဟုတ်တယ် ဆရာကျော်…’
တောင်ဘက်စွန်းနားက သရက်ပင်လေးက ပေါင်လုံးသာသာလောက်ပဲ ရှိတယ်။ ဆောက်မယ့်နေရာနဲ့ မလွတ်မကျွတ်ကြီးမဟုတ်ပေမယ့် သိပ်မလှမ်းတဲ့ နေရာမှာ ပေါက်နေတယ်။
ခုတ်မယ်ဆိုတုန်းက ဆရာတော်က ဒီအပင်လေးက မျိုးကောင်းတဲ့ သရက်ပင်လေးလို့ ပြောပြထားဖူးတယ်။ ဒါကြောင့်လည်း တိုင်ကျင်းတွေတူးတုန်းက ခုတ်လှဲမယ့်အစီအစဉ်အစား ချိုင်ထားရုံလောက်ပဲ လုပ်ခဲ့ကြလေတယ်။
‘ အင်း အဲ့ဒီ့အပင်ကို ငါထင်တော့ ထင်မိသားကွာ။ မျိုးကောင်းတယ်ဆိုတော့လည်း မခုတ်ရက်ဘူး။ ချိုင်ရုံနဲ့ လွတ်လိုလွတ်ငြား လုပ်ထားမိတာ…’
‘ မလွတ်ဘူး ဆရာကျော်ရေ။ လှဲကို လှဲမှရမယ်…’
‘ အေးကွာ…လှဲမယ်ဆိုတော့လည်း လှဲရမှာပေါ့။ ဆရာတော်ကိုတော့ အကျိုးအကြောင်းဆီလျှော်အောင် သွားလျှောက်ရလိမ့်မယ်။ ဆရာတော် သိမ်ဘက်အခြမ်းမှာရှိတယ်။ မင်း သွားလျှောက်လိုက်…’
‘ ဟင်…ဆရာကျော် သွားမလျှောက်ပေးဘူးလား…’
‘ အေး…ငါ အခုပဲ ဆရာတော်ဆီက သစ်သွားကြမယ့်ဆိုပြီး လျှောက်ပြီး ပြန်လာတာ။ အခုပဲ သွားတော့မလို့…’
‘ ဟုတ်လား…ဒါဖြင့်လည်း ကျုပ်ပဲ သွားလိုက်တော့မယ်…’
‘ အေးအေး…သေချာလျှောက်ဦးနော်…’
‘ ဟုတ်ကဲ့ ဆရာကျော်…’
ငသော့ ပြောပြီး သိမ်ရှိရာဘက်ကို လှမ်းထွက်သွားတယ်။
ဦးငွေကျော်ကတော့ ငသော့ ထွက်သွားတာကို တစ်ချက်ကြည့်ပြီး အဝတ်ကို အပြီးသတ်လဲလှယ်လိုက်တယ်။ နောက်တော့ သစ်ကြည့်ဖို့ရာအတွက် မောင်ယဉ်ရဲ့ စက်ဘီးနဲ့ တစ်ဖက်ရွာကို ထွက်သွားလေတော့ရဲ့…။
******
ငသော့ သရက်ပင်ကိစ္စကို ဆရာတော်ဆီ လျှောက်တင်ဖို့ သူ့ဆရာစေရာအတိုင်း သိမ်ဘက်ကို လာခဲ့လိုက်တယ်။
ငသော့ သိမ်ဆီကိုရောက်တော့ ဆရာတော်ကို မတွေ့ရဘူး။ ကျောင်းဆီမှာ ဥူးဇင်းရယ်လို့ တစ်ပါးထဲရှိတဲ့ ဥူးဇင်းသံဝရနဲ့ ကိုရင်တွေ မြက်နှုတ်သန့်ရှင်းရေးလုပ်နေတာကိုပဲ တွေ့ရတယ်။
‘ တကာကြီး ဘာလိုလို့တုန်း…’
ငသော့ကိုတွေ့တော့ အရှင်သံဝရက ဆီးကြိုပြီး မေးလာတယ်။
‘ ဆရာတော်ဆီ လာတာပါ ဥူးဇင်း…’
‘ ဆရာတော်က အခုပဲ မြောက်ရွာကျောင်းဆရာတော် နေဖျားတာ လာပင့်လို့ အရေးတကြီး ကြွသွားတယ်…’
‘ ဟုတ်လား…’
ငသော့ ခေါင်းကိုကုတ်ပြီး ဖြေလိုက်တယ်။ ဒါကို ကြည့်ပြီး ဥူးဇင်းသံဝရက…။
‘ ဘာဖြစ်လို့တုန်း တကာကြီး။ ဘာများလိုအပ်လို့တုန်း။ ဆရာတော်ကလည်း မရှိဘူး။ တကာကြီးငွေကျော်ကလည်း သစ်ကြည့်လိုက်သွားတယ်လို့ ပြောတယ်။ ဒီတော့ လိုအပ်တာရှိရင် ဥူးဇင်းကို ပြောချေ…’
‘ တင်ပါ့ ဥူးဇင်း။ ဟို တပည့်တော်တို့ ကျောင်းတိုင်ထူနေတာ။ အဲ့ဒါ တောင်ဘက်စွန်းသရက်ပင်က မလွတ်လို့။ တိုင်ထူတာကလည်း အဲ့ဒီ့တစ်နေရာပြီးရင် ပြီးလေပြီ…’
‘ ဟုတ်လား။ တောင်ဘက်စွန်းကဆိုတော့ ဝို မိုးလုံးမှိုင်းအပင်လေးထင်တယ်။ အရင် အဲ့ဒီ့အပင်ကို မလှဲလိုလို့ ချိုင်ချထားလိုက်သေးတယ်မဟုတ်လား…’
‘ တင်ပါ့…ချိုင်ချထားသေးပါတယ်။ ဒါပေမယ့် အခုတိုင်ထူတော့ ဘယ်လိုမှမလွတ်ဘူး ဥူးဇင်း။ ခုတ်လှဲမှကို ရတော့မှာ အဲ့ဒါကြောင့် ဆရာတော်ကို လာလျှောက်တာ…’
‘ အင်း…နှမျောတော့ နှမျေားရာပဲ။ အဲ့ဒီ မိုးလုံးမှိုင်းသရက်မျိုးက ရှားတာတော့ တကယ်ရှားတယ်။ ဒါပေမယ့်လည်း မလွတ်ဘူးဆိုတော့ ဘာတတ်နိုင်မှာတုန်း တကာကြီးရယ်။ လှဲရမယ်ဆိုလည်း လှဲလိုက်တော့ ဆရာတော်ပြန်ရောက်ရင် ဥူးဇင်း အကျိုးအကြောင်းကို လျှောက်တင်လိုက်မယ်…’
‘ တင်ပါ့ဘုရား။ အဲ့ဒါဆို တပည့်တော် လှဲလိုက်မယ် ဘုရား…’
ငသော့ သိမ်ဘက်ကနေ ကျောင်းဆောက်နေရာဆီ ပြန်ထွက်လာလိုက်တယ်။
နေရာဆီကို ပြန်ရောက်တော့ အားလုံးစုစည်းပြီး သရက်ပင်ကို လွှနဲ့တိုက်ပြီး လှဲကြပါတော့တယ်။
*****
သရက်ပင်လှဲပြီး သုံးရက်အကြာ…။
ငသော့တစ်ယောက် အပေါ်တက်ကာ ဒိုင်းတွေ ရိုက်ရင်းက ရ်ုတ်တရက်ကြီး ခြေလွတ်လက်လွတ် ပြုတ်ကျလေတယ်။ အောက်ကို အကျမသာတာမို့ လူက လူးလှိမ့်ဟစ်အော်ရင်းနေတယ်။
ဦးငွေကျော်တို့လည်း ချက်ချင်းကိုပဲ ငသော့ကို ဆေးရုံဆီ ပို့ကြတာပေါ့။
ဆေးရုံအရောက်မြန်ပြီး ငသော့ကံကောင်းပါတယ်။ ခေါင်းကို ခိုက်မိပြီး ညှပ်ရိုးလည်း ကျိုးခဲ့ပေမယ့် အသက်အန္တရာယ်ရှိလောက်အောင်တော့ မဖြစ်ခဲ့ဘူး။
ငသော့ကို လုပ်စရာရှိတာတွေ လုပ်ပေးခဲ့ပြီး ဆေးရုံတင်ထားခဲ့ကာ ဦးငွေကျော်တို့ ပြသောင်ရွာကို ပြန်ခဲ့လိုက်တယ်။ ရွာကိုရောက်တော့ မိုးချုပ်လေပြီ။
အလုပ်ထဲမှာ မတော်တဆမှုဖြစ်ထားတာမို့ ကျန်သူတွေ လုပ်ထားတဲ့ အလုပ်က ဒီကနေ့အတွက် တွင်ကျယ်မှာမဟုတ်ဘူးဆိုတာ ဦးငွေကျော်သိတယ်။ ဒါကြောင့် အလုပ်ထဲကိုတောင် သွားမစစ်တော့ဘဲ ပြန်ရောက်တာနဲ့ ဆရာတော်ဆီ အကျိုးအကြောင်းလျှောက်တင်ပြီး အိပ်ရာဆီမှာ ဝင်အိပ်လိုက်တယ်။
စိတ်ကော လူပါ ပင်ပန်းလွန်းသွားတာမို့ ဘယ်ကဘယ်လို အိပ်ပျော်သွားမိတယ်မသိဘူး။ အိပ်မက်ထဲမှာ သူရူးတစ်ယောက် တရားထိုင်နေတာကို မြင်မက်မိတယ်။ အိပ်ရာကနေ နိုးလာတော့ မနက်အာရုံကျင်းနေပြီ။ အကျင့်ဖြစ်နေတဲ့ မျက်လုံးတွေက ပြန်အိပ်လို့မရတော့ဘူး။
ဒါကြောင့် မျက်နှာထသစ်ပြီး ပုတီးကိုယူလို့ အိပ်ရာထဲမှာပဲ ဘုရားရှိခိုးပြီး ပုတီးထိုင်စိပ်နေလိုက်တယ်။ ပုတီးစိပ်ရင်း စိတ်အာရုံမှာ အိပ်မက်ထဲက သူရူးရဲ့ အသွင်အပြင်ကို ဖျတ်ခနဲ ဖျတ်ခနဲ မြင်နေမိတယ်။
ရည်မှတ်ထားတဲ့ ပုတီးပတ်ရေကိုရောက်တော့ ပုတီးဖြုတ်ပြီး အမျှအတန်းပေးဝေလိုက်တယ်။ အားလုံးပြီးစီးတော့ မိုးက ဝေလီဝေလင်းအချိန်။ ကျန်သူတွေကို ကြည့်တော့ မနိုးသေးဘူး။
ဒါကြောင့် ဦးငွေကျော် တစ်ယောက်ထဲ မနေ့က မစစ်ဆေးလိုက်ရတဲ့အလုပ်ကို စစ်ဆေးရင်း ဒီကနေ့အတွက် ဘာဆက်လုပ်ရမလဲဆိုတာကို ကြည့်ဖို့ ထွက်လာခဲ့လိုက်တယ်။
ကျောင်းသစ် ဆောက်နေရာဆီကိုရောက်တော့ တောင်ဘက်စွန်းက တိုင်အောက်ဆီမှာ ကလေးလေးတွေလို ဖြူတူတူအရာလေးသုံးခုကို ဟိုပြေးဒီပြေးလုပ်နေတာ ရိပ်ခနဲ လှမ်းတွေ့ရတယ်။ ဒါပေမယ့်လည်း ချက်ချင်းဆိုသလို ဘာရယ်လို့ မသဲကွဲသေးခင်မှာပဲ အဲ့ဒီ့အရာတွေက ဗြုန်းခနဲ ပျောက်သွားတယ်။
အဖြစ်အပျက်က အလျင်အမြန်ပဲ ဖြစ်သွားတာဆိုတော့ ဦးငွေကျော်တစ်ယောက် သူ့စိတ်ထင်မိတာများလားဆိုပြီး ဇဝေဇဝါဖြစ်သွားရလေရဲ့။ သေချာအောင်တော့ အနားသွားကြည့်မိသေးပါတယ်။ ဘာမှထူးထူးခြားခြား မတွေ့ရဘူး။ ဒီတော့ စိတ်ထင်တာလို့ပဲ သတ်မှတ်မိလိုက်တယ်။
အလုပ်နေရာဆီကို ဦးငွေကျော် လိုက်လံပြီး ကြည့်တယ်။
တစ်ခဏကြည့်ပြီး ပြန်ထွက်ခဲ့တယ်။ အတော်လှမ်းလှမ်းဆီရောက်တော့ အမှတ်တမဲ့ပဲ အနောက်ဆီကို ကြည့်လိုက်တယ်။
‘ ဟင်…ဟိုဟာလေးတွေ…’
ဦးငွေကျော် အံ့အားသင့်ကာ ရေရွတ်လိုက်တယ်။ တောင်ဘက်စွန်းက တိုင်အခြေအနားဆီမှာ အခုနက သူတွေ့လိုက်တဲ့ ဖြးဖြူအလုံးလေး သုံးလုံးက ဟိုဒီပြေးလွှားဆော့ကစားနေပြန်တယ်။ ဦးငွေကျော်လည်း ဘာလေးတွေလဲဆိုပြီး စိတ်ဝင်တစား ကြည့်နေမိတယ်။
အဲ့ဒီ့လို ကြည့်နေရင်း သိပ်မကြာဘူးထင်တယ်။ အရှေ့အရပ်က နေရောင်ခြည်နုထွေးထွေးက လောကဆီကို စိုက်ဖြာဆင်းသက်လာခဲ့တယ်။
ဒီအခါမှာတော့ ဦးငွေကျော် ကြည့်နေမိတဲ့ အလုံးလေးသုံးလုံးဟာ အနီးက သစ်တွေပုံထားတဲ့ အပုံကြားကို တိုးဝင်ပျောက်ကွယ်သွားပါတော့တယ်။
ဦးငွေကျော်လည်း အံ့အားတသင့်ဖြစ်မိရုံမှတစ်ပါး အခြားဘာရှိပါဦးမလဲ…။
*******
မနက်ခင်း ဆွမ်းခံကြွနေကြချိန်…။
ဦးငွေကျော်တို့ လုပ်ငန်းခွင်ဆီကို ပြန်ဝင်ကြတယ်။ ငသော့တစ်ယောက်လျော့ပါးသွားတော့ ခုနှစ်ယောက်ကျန်ပြီး တစ်ယောက်လျော့သွားတဲ့လူအင်အားအတွက် ဦးငွေကျော်ကိုယ်တိုင် အလုပ်ဝင်လုပ်နေလေတယ်။
‘ တကာကြီး…’
အပေါ်တက်ပြီး ယက်မတွေကို လက်စသတ် ရိုက်နေတဲ့ ဦးငွေကျော်။ ခေါ်သံကြောင့် အောက်ကို ကြည့်မိတော့ ဆရာတော်က ခေါ်နေတာကို တွေ့လိုက်ရတယ်။
‘ မိန့်ကြားပါဘုရား…’
‘ ဘုန်းကြီးကို တစ်ခုကူညီစမ်းပါ…’
‘ တင်ပါ့။ ဘာများ ကူညီရမလဲဘုရား…’
‘ မောင်ဥူးဇင်း ခေါင်းကိုက်နေတာ မထူနိုင်လောက်အောင်ပဲ တဲ့ကွာ။ အဲ့ဒါ ဆရာသွားအပင့်ခိုင်းဖို့ မောင်ကျောင်းသားတွေ ကိုရင်တွေကလည်း ဆွမ်းခံကြွနေကြတယ်။ မောင်ယဉ်ကလည်း ရောက်မလာသေးဘူး။ တကယ်လို့အဆင်ပြေမယ်ဆိုရင် တကာကြီးဆီက တစ်ယောက်လောက် ဆရာအပင့်ခိုင်းချင်လို့…’
‘ ဪ…ရပါတယ်ဘုရား။ တပည့်တော် အပင့်ခိုင်းလိုက်ပါ့မယ်…’
‘ အေးအေး…ကူညီကြပါဦး…’
‘ တင်ပါ့…’
ဆရာတော် ပြန်ကြွသွားတယ်။ ဦးငွေကျော်လည်း သူ့အလုပ်သမားတွေအထဲက ငအေးဆိုတဲ့တစ်ယောက်ကို ဆရာအပင့်စေလိုက်တယ်။ ငအေးက လူပျိုလူလွတ်ဆိုတော့ ရွာထဲကို ခြင်းခတ်ဘာခတ်သွားရင်း အတော်လေး နှံ့နှံ့စပ်စပ်သွားတတ်နေပြီ။
ငအေး သွားတော့ ဦးငွေကျော်နဲ့ ကျန်သူတွေက အလုပ်ကို ဆက်လုပ်ကြတယ်။
အလုပ်လုပ်ရင်း တဖြေးဖြေးနဲ့ အချိန်က ဆွမ်းခံဝင်ချိန်ကိုတောင် ရောက်လာခဲ့တယ်။ ဆွမ်းခံကြွတဲ့ ကိုရင်တွေတောင် အလျိုလျိုပြန်ရောက်လာကြပြီ။ ဒီအချိန်အထိ ဆရာသွားပင့်သူ ငအေးက ပြန်ရောက်မလာသေးဘူး။
‘ ဟိုကောင်လေးကို ဆရာအပင့်ခိုင်းလိုက်တာ အခုထိ ရောက်မလာသေးပါလား…’
‘ ဟုတ်သားပဲ။ ဒီကောင် ဘယ်ကို သဝေထိုးနေပြန်ပါလိမ့်…’
‘ ဒီငအေးကောင်က ကွမ်းယာရောင်းတဲ့ ကလေးမကို သဘောကျနေတာဆိုတော့ အဲ့ဒီ့ဆိုင်ကိုများ ရောက်နေရော့သလား…’
ဥိးငွေကျော်က ရေရွတ်လိုက်တာကို ကျန်အလုပ်သမားတို့က မှတ်ချက်တွေပြုကြတယ်။ ဦးငွေကျော်က…
‘ သူတို့ ရည်ငံ့နေကြပြီလား…’
‘ အတိအကျ ပြောရတော့ ခက်ပေမယ့် အလားအလာတော့ ကောင်းနေတယ်ထင်တယ်…’
‘ ဒါဖြင့်ရင်တော့ ကျောင်းပြီးတာနဲ့ မင်္ဂလာပွဲလုပ်ပေးရတော့မယ် ထင်တယ်…’
ဦးငွေကျော်ရဲ့ မှတ်ချက်။ ဒိနောက်တော့ ငအေးနဲ့ ပက်သက်တဲ့ အလာပ၊ သလာပ အမှတ်သညှာစကားတို့ကို ပြောကြပြန်တယ်။
‘ ဦးလေး…ဆရာတော် ကြွလာပြန်တယ်…’
စကားတွေကောင်းနေတာမို့ ဦးငွေကျော် ဆရာတော်ကြွလာတာကိုတောင် ဂရုမထားမိဘူးဖြစ်သွားတယ်။ ပြောလို့ ကြည့်မိတော့ ဆရာတော်က သူတို့ကျောင်းဆောက်နေရာအောက်ကိုတောင် ရောက်နေပြီ။
‘ တကာကြီး။ ဆရာ အပင့်ခိုင်းသူ မလာသေးဘူးလား…’
‘ မရောက်သေးဘူးဘုရား။ ကြာနေလို့ တပည့်တော်တို့တောင် အခုပဲ ပြောနေကြတာ…’
‘ အင်းကွယ်…ဟိုမယ် မောင်ဥူးဇင်းကလည်း ခေါင်းကိုက်တာ မခံနိုင်တော့လို့ လူးလှိမ့်နေချေပြီ…’
‘ တင်ပါ့…တပည့်တော် နောက်တစ်ယောက်ကို လိုက်ခိုင်းလိုက်ပါ့မယ်…’
‘ အေး…လုပ်ပါဦးကွယ်…’
ဥိးငွေကျော်လည်း နောက်တစ်ယောက်ကို ထပ်လွှတ်လိုက်တယ်။ ပြီးတော့ သူကိုယ်တိုင်လည်း အပေါ်ကနေ ဆင်းခဲ့ပြီး ဥူးဇင်းသံဝရဆီ အကဲကြည့်ဖို့ ဆရာတော်နဲ့အတူ လိုက်ခဲ့လိုက်တယ်။
ကျောင်းပေါ်က ဥူးဇင်းသံဝရရှိနေရာ အခန်းဆီကိုရောက်တော့ အတွင်းက ညည်းညူလူးလှိမ့်သံကို ကြားရတယ်။ ကိုရင်လေးတွေရဲ့ အသံကိုလည်း ကြားရတယ်။ ဝတ်ကြီးဝတ်ငယ်ပြုစုနေတာဖြစ်မယ်။
‘ ကဲ…ကြည့်ချေစမ်းပါဦး တကာကြီး…’
‘ တင်ပါ့…’
အတွင်းကို ဝင်ကြည့်လိုက်တယ်။ ဥူးဇင်းသံဝရဟာ သင်္ကန်းတောင်မကပ်နိုင်ဘဲ လက်နှစ်ဖက်နဲ့ ခေါင်းကို အုပ်ကိုင်ပြီး ကုတင်အပေါ်မှာ လူးလှိမ့်လို့ ရှိနေတယ်။
‘ ဥူးဇင်းလေး…’
‘ အင်း…ဘယ်သူလဲ…’
‘ တပည့်တော် အလုပ်သမားခေါင်းပါ…’
‘ အင်း…ကျွတ်…’
‘ ဆေးဆရာကို သွားအပင့်ခိုင်းထားပါတယ်။ မကြာခင် ရောက်လာတော့ပါမယ်…’
‘ အင်း…မြန်မြန်သာ ရောက်စေချင်ပါပြီ။ ခေါင်းကိုက်နေတာကို မခံနိုင်တော့ဘူး…’
‘ ဥူးဇင်းလေး နေရထိုင်ရ သက်သာအောင် တပည့်တော် ဇက်ကျောဆွဲပေးပါမယ်…’
‘ လုပ်စမ်းပါဦး တကာကြီးရယ်…’
ဥူးဇင်းသံဝရက ခေါင်းကိုက်လွန်းတာကို မခံနိုင်တာမို့ မျက်ရည်တွေတောင် ရစ်ဝိုင်းနေခဲ့ပြီ။ ထထူပေးလိုက်တော့ ထိုင်လာတယ်။ ဦးငွေကျော်လည်း ကိုရင်လေးတွေဆီက ပရုပ်ဆီကို ယူလို့ လက်ကိုပွတ်ပြီး ဥူးဇင်းသံဝရကို ဇက်ကြောဆွဲပေးလိုက်တယ်။
‘ အဲ့ဒီ့နေရာကြီးက အလွန်အမင်းကို တင်းနေတာ တကာကြီးရယ်…’
ဥူးဇင်းလေးက သူ့ဇက်ကြောတစ်နေရာကို လက်ထောက်ပြီး ပြောတယ်။ ဦးငွေကျော်က အဲ့ဒီ့နေရာကို နှိပ်ပေးလိုက်တယ်။
‘ ဆေးဆရာ ရောက်ပါပြီ…’
အသံနဲ့အတူ ငအေးတို့ ပြန်ရောက်လာကြတယ်။ ဆေးဆရာဆိုတဲ့လူကြီးက ဆေးအိတ်ကို ယူပြီး ငအေးတို့ကို တိုးကာ အရှေ့ဆီရောက်လာတယ်။ ဦးငွေကျော်လည်း နေရာဖယ်ပေးလိုက်တယ်။
ဆေးဆရာကြီးက ဥူးဇင်းလေးကို စမ်းသပ်တယ်။
‘ ဝမ်းကော မှန်ရဲ့လား ဥူးဇင်း…’
‘ မှန်ပါတယ်။ ဆီးလည်း မှန်မှန်သွားတယ်။ အခုက ခေါင်းကြီးမခံမရပ်နိုင်လောက်အောင် ကိုက်နေတာ တစ်ခုပဲ…’
ဆေးဆရာကြီးက ထပ်ပြီး စမ်းသပ်တယ်။ အတန်ကြာကြာ စမ်းသပ်ပြီးတော့…။
‘ ဆေးမှိုင်းတိုက်ပေးမယ် ဥူးဇင်း။ ချွေးငုပ်လို့ဖြစ်တာဖြစ်မယ်…’
‘ အင်း…’
မီးဖိုငယ်တစ်ခုကို ဖိုစေပြီး ဆေးမှုန့်တွေဖြူးလို့ စောင်ခြုံကာ ဆေးမှိုင်းတိုက် ရှူစေတယ်။ ဆေးရနံ့တွေက အခန်းထဲမှာ ကြိူင်လှိုင်နေတယ်။ ဥူးဇင်းသံဝရဆီက ဆေးမှိုင်းရှူရင်း ညည်းတွားသံတချို့က ထွက်ပေါ်နေတယ်။ ဦးငွေကျော်တို့လည်း အလုပ်ဆီကို မပြန်သေးဘဲ ကြည့်မိနေကြတယ်။ ဒီအခိုက်…
‘ ဟာ…ပြုတ်ကျပြီဟေ့…’
‘ အမလေး လုပ် လုပ်ကြပါဦး…’
ကျောင်းအသစ်ဆောက်နေရာဆီက ဆူဆူညံညံ ဟစ်အော်သံတွေ။ ဦးငွေကျော်တို့လည်း ချက်ချင်းပဲ အပြေးကြည့်ကြတယ်။
‘ ဟာ…လှဝင်း…’
အလုပ်သမားအဖွဲ့ထဲက လှဝင်းဆိုတဲ့တစ်ယောက် မြေပြင်သစ်ပုံတွေအကြားမှာ ခွေခွေကလေး။ အခုနက ဦးငွေကျော်နဲ့အတူ လှဝင်းက အပေါ်မှာ ဒိုင်းရိုက်၊ လျောက်တန်းပြေးနေတာရယ်။ လှဝင်းကို ဝိုင်းဝန်းပြီး ပြေးထူကြတယ်။
‘ ဘယ်လိုဖြစ်တာလဲ…’
‘ မပြောတတ်ဘူး။ အလုပ်လုပ်နေရာက ဗြုန်းခနဲဆို လည်ပြီး ပြုတ်ကျသွားတာပဲ…’
‘ ဟူး…ဖြစ်ရလေကွာ…’
တစ်ယောက်က မြို့ဆေးရုံဆီမှာ မနေ့ကမှ တင်ထားတာ။ ဒီနေ့ နောက်ထပ်တစ်ယောက်က ထပ်ဖြစ်ပြန်ပြီ။ ဒိအတွက် ဦးငွေကျော် သက်ပြင်းချပြီး ခပ်တိုးတိုးညည်းညူမိတယ်။
အရှေ့ကဖြစ်တဲ့ ငသော့မှာက မိသားစုနည်းသူမို့ ကိစ္စမရှိပေမယ့် အခုဖြစ်တဲ့ လှဝင်းမှာက မိသားစုများတယ်။ စုစုပေါင်း ကိုးယောက်လောက် ရှိလိမ့်မယ်။ ပြီးတော့ စားဝတ်နေရေးကလည်း သိပ်အဆင်မပြေဘူးဆိုတာ သိထားတော့ တကယ့်ကို ရင်လေးစရာပဲ။ ဒိဖြစ်စဉ်တွေကို အလှူရှင်သူဋ္ဌေးဆီတော့ အသိပေးပြီး ပြောပြဦးမှရမယ်လို့ ဦးငွေကျော် တွေးမိတယ်။
တစ်ဖက်က ပြန်ကြည့်ပြန်တော့လည်း အားလုံးရှစ်ယောက်လာတာ။ နှစ်ယောက်က မတော်တဆဖြစ်ရတယ်ဆိုတော့ အလုပ်အတွက်လည်း လုပ်အားက လျော့ရလေပြီ။ ဒါပေမယ့် ဒီအတွက်ကိုက ဖြေရှင်းစရာနည်းလမ်းက ရှိပါတယ်။ ရွာထဲက လက်သမားကို အငှါးပြုလိုက်ရင်တော့ အဆင်ပြေနိုင်တယ်။ သ်ု့ပေမယ့် ကိုယ့်အဖွဲ့မဟုတ်ဘဲ အခြားသူဖြည့်စွက်လုပ်ရတာဆိုတော့ နည်းနည်းတော့ ကသီလင်တဖြစ်မှာပေါ့။
အလုပ်အတွက်ကတော့ ဒီလိုနည်းနဲ့ ဖြေရှင်းဖို့သာပဲ ရှိတော့တယ်ရယ်။
အခုလောလောဆယ်တော့ လှဝင်းကို ဆေးရုံဆီ အမြန်ဆုံးပို့ဖို့ရာ စီစဉ်ရပြန်တာပေါ့လေ။
******
ညနေပိုင်းအချိန်မှာ ဦးငွေကျော် ဆေးရုံကနေ ပြန်ရောက်လာတော့ ဘယ်သူမှ အလုပ်ဆီမဝင်ကြဘူးဆိုတာ သိရတယ်။
ဒီအတွက် ဦးငွေကျော်မေးမိတော့ မြဆောင်ဆိုတဲ့တစ်ယောက်က…။
‘ မနေ့က တစ်ယောက် ပြုတ်ကျတယ်။ ဒီနေ့ နောက်တစ်ယောက် ပြုတ်ကျတယ်။ ဒီပုံအတိုင်းဆို ကျုပ်တို့တော့ ဆက်မလုပ်နိုင်ဘူး ဆရာကျော်ရာ။ ကျုပ်တို့ စိတ်တွေလည်း ထင့်နေမိတယ်…’
‘ အခန့်မသင့်လို့ ဖြစ်တာပါကွာ။ ဘာပဲဖြစ်ဖြစ် လက်ခံပြီးသားအလုပ်ဆိုတော့ ပြီးအောင်လုပ်ရမယ်မဟုတ်လား။ ငါတို့အဖွဲ့က နာမည်ပျက်လည်း မရှိဘူးလေ…’
‘ ဒါကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မနေ့တုန်းက ငသော့ပြုတ်ကျရာမှာလည်း အရှင်းသားကြီး ကျုပ်မြင်တယ်။ သူ့လက်တစ်ဖက်က တန်းကို ကိုင်ထားတာရယ်။ ဒီနေ့ လှဝင်းဖြစ်တာမှာလည်း ဒီအတိုင်းပဲ။ ကျုပ်အမြင်တော့ သာမန်တော့ မဟုတ်ဘူးလို့ ထင်မိတယ်…’
‘ ဘယ်လိုများလဲကွာ…’
‘ သွေးရိုးသားရိုးမဟုတ်တဲ့ ပယောရပါနေတာပေါ့…’
‘ ပေယာဂ…’
ဦးငွေကျော် ဒီလောက်သာ ညည်းတွားနိုင်လိုက်တယ်။
အမြင်အာရုံထဲမှာတော့ မနက်တုန်းက သူမြင်ခဲ့ရတဲ့ ဖြူဖြူလုံးလုံးအရာလေးတွေကို ပြန်မြင်ယောင်မိလာတယ်။
ဒါ သွေးရိုးသားရိုးမဟုတ်ဘူးတဲ့။ ဒီတော့က…။
နောက်ဆုံးတော့ ဒီကိစ္စတွေနဲ့ ပက်သက်ပြီး ဦးငွေကျော် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်။ အကျိုးအကြောင်း အစုံအလင်ကို ဆရာတော်ဆီကို တင်ပြလျှောက်ထားဖို့ရာပေါ့…။
******
ညပိုင်း ဆရာတော် ဝတ်ပြုပြီးချိန်မှာ ဦးငွေကျော်တစ်ယောက် ကျောင်းပေါ်တက်ပြီး အကျိုးအကြောင်းကို လျှောက်တင်လေတယ်။ ဦးငွေကျော် လျှောက်တင်တာကို နားထောင်ပြီးတော့ ဆရာတော်က…။
‘ အင်း…လောကမှာလည်း ဒီလို မြင်အပ်မမြင်အပ်အရာတွေအကြောင်းကို တို့မြတ်ဘုရားကိုယ်တိုင် ဟောကြားခဲ့တာဆိုတော့ မယုံမရှိလို့ မရဘူး တကာကြီးရယ်…’
‘ တင်ပါ့ဘုရား။ တပည့်တော်တော့ မနက်တုန်းက မျက်မြင်ကြီးကို မြင်ရတာပါပဲဘုရား…’
‘ အင်း…’
‘ မြင်စကတော့ ဘာရယ်ညာရယ် စိတ်ထဲမသေချာဘူး ဘုရား။ အခု ဖြစ်ပျက်နေတာတွေနဲ့ ဆက်စပ်တွေးကြည့်တော့မှ ရေးရေးမြင်နိုင်ခဲ့တာပါ…’
‘ အင်းပေါ့လေ နေရာတစ်ခုထဲမှာ လောကနှစ်ခု အတူယှဉ်ပြီး ရှိနေရတာပဲ။ ဒီတော့လည်း ဆီလျော်မှုရှိတိုင်း ကြုံကြိုက်နေမှာပါ။ အရင်ကတော့ ဘုန်းကြီးရဲ့ ကျောင်းထဲမှာ ဒါမျိုးဖြစ်တတ်တာမျိုး မရှိခဲ့ဘူး…’
‘ တင်ပါ့ဘုရား…’
‘ အဲ့ဒါကို ဘုန်းကြီးတော့ စဉ်းစားနေမိတယ်။ ဘာကြောင့်များ အခုလိုဖြစ်ရတာလဲလို့ပေါ့…’
‘ တပည့်တော်တော့ ကျောင်းအသစ်ဆောက်နေတာနဲ့ ပက်သက်နေမယ်လို့ ထင်မိတယ်။ အဖွဲ့ထဲကလည်း ဘယ်သူကမှ မလုပ်ရကြတော့ဘူးဆိုတော့…’
ဦးငွေကျော်က စကားကို ဒီလောက်တင်ပဲ ရပ်တန့်လိုက်တယ်။ ဆရာတော်က…။
‘ မနက်ဖြန်မနက်ကိုတော့ ဘုန်းကြီး အဲ့ဒီ့နေရာမှာ မေတ္တာပို့ပြီး အမျှအတန်းဝေကြည့်ပါဦးမယ်…’
‘ တင်ပါ့ဘုရား…’
‘ အေး…တကာကြီးလည်း နားချေတော့ကွယ်…’
‘ ဒါဖြင့် တပည့်တော်ကို ခွင့်ပြုပါဦး…’
ဦးငွေကျော် ဝတ်ပြုပြီးတော့ ကျောင်းပေါ်က ဆင်းလာခဲ့လိုက်တယ်။
အိပ်ရာဆီကို ပြန်ရောက်တော့ ကျန်သူတွေက ပြန်ဖို့တောင် ပြင်ဆင်နေကြပြီ။ သူတို့ပြန်မှာကို ဦးငွေကျော်အနေနဲ့ တားမြစ်နိုင်စွမ်း မရှိဘူး။
အိပ်ရာဆီမှာ လှဲလျောင်းရင်း အတွေးတွေသာ တောင်တောင်အီအီ ဝဲလည်နေမိတယ်။ ညဉ့်နက်ချိန်ရောက်တော့ ဦးငွေကျော် မှေးခနဲ အိပ်ပျော်သွားတယ်။
ဒီအခါ အိပ်မက်ဆီမှာ မနေ့ညတုန်းကလိုပဲ သူရူးကို အိပ်မက် မြင်မက်မိပြန်တယ်။ ဒီတစ်ခါတော့ အိပ်မက်က ထင်ရှားပြီး အသက်ဝင်လွန်းတယ်။
အိပ်မက်ဆီမှာ သူရူးက ဦးငွေကျော်ရဲ့ အရှေ့ ခပ်လှမ်းလှမ်းဆီမှာ တရားထိုင်ရင်း ရှိနေတယ်။ ဦးငွေကျော်က သူရူးကို အမှတ်တမဲ့ ရပ်ကြည့်နေမိတယ်။
အတန်ကြာတော့ သူရူးက တရားထိုင်နေတာကို ရပ်တန့်လိုက်ပြီး ဦးငွေကျော်ဆီကို လှမ်းလာတယ်။ ပြီးတော့ အနောက်ကို လက်ညှိုးလှမ်းထိုးပြတယ်။
ဦးငွေကျော်လည်း လှည့်ကြည့်မိလိုက်ရဲ့။
‘ အို…ကလေးလေးတွေပါလား…’
ဟုတ်ပါတယ်။ ဦးငွေကျော်ရဲ့ အနောက်ဆီမှာ ယောက်ျားလေး မိန်းမလေးဆိုတာ ခွဲခြားဖို့ခက်တဲ့ ဆံရစ်ဝိုင်းလေးတွေနဲ့ ကလေးလေးသုံးယောက်။ အရပ်ကတော့ သုံးယောက်စလုံး တစ်တောင်ကျော်ရုံလောက်လေးပဲ။ အသားအရည်တွေက မီးသွေးလိုပဲ မည်းနက်လွန်းနေတယ်။
သူတို့မျက်ဝန်းတွေကတော့ ဦးငွေကျော်ကို ဒေါသတကြိးဖြစ်နေဟန်နဲ့ စူးစူးရဲရဲ စိုက်ကြည့်နေကြတယ်။ အလယ်က တစ်ယောက်က ဦးငွေကျော်ကို မကျေမနပ်ဖြစ်နေဟန်နဲ့ ပွစိပွစိပြောဆိုနေတယ်။ အသံကိုတော့ ဦးငွေကျော် မကြားရဘူး။
ဦးငွေကျော် ကလေးသုံးယောက်ကို ကြည့်ပြီး အတော့်ကိုပဲ အံ့အားသင့်နေမိတယ်။ ဒီအချိန်မှာပဲ ဦးငွေကျော်ရဲ့ ပခုံးဆီကို သူရူးက လှမ်းပုတ်လာတယ်။
‘ ဖတ်…’
‘ တကာကြီး…တကာကြီး…’
‘ ဟင်…အင်…’
အိပ်မက်နဲ့ ရောထွေးပြီး ဦးငွေကျော် နိုးလာရတယ်။ သူ့ကို နှိုးနေသူက ကျောင်းဆီက ကိုရင်လေးနှစ်ပါး။ ဦးငွေကျော် လှဲအိပ်နေရာကနေ ထလိုက်မိတယ်။
‘ ကိုရင်လေးတို့ ဘာဖြစ်လို့တုန်း…’
‘ ဆရာတော်က အခေါ်ရှိခိုင်းလို့…’
‘ ဆရာတော်က…။ ဘာရှိလို့တဲ့တုန်း ကိုရင်…’
‘ မပြောတတ်ဘူး။ အခု ကျောင်းပေါ်လာခဲ့ချေဦးနော့်။ ကိုရင်တို့တော့ ဆွမ်းခံထွက်ဖို့ ပြင်ဆင်ရမှာမို့ သွားနှင့်ပြီ…’
ကိုရင်လေးတွေ ပြန်ထွက်သွားတော့ ဦးငွေကျော် နာရီကြည့်မိတယ်။ မနက် လေးနာရီထိုးတော့မယ်။ အိပ်ရာကနေ ထပြီး မျက်နှာကို ရေပွတ်လိုက်တယ်။ ပြီးတော့ ကျောင်းဆီကို လှမ်းလာခဲ့လိုက်တယ်။ ကျောင်းအနားဆီရောက်တော့ အပေါ်က ဆူညံသံတွေကို ကြားရတယ်။ ဘာများဖြစ်သလဲဆိုတဲ့အသိနဲ့ ဦးငွေကျော်လည်း ကျောင်းအပေါ်ဆီကို တက်ခဲ့လိုက်တယ်။
ကျောင်းအပေါ်ကို ရောက်တော့ ဆရာတော်နဲ့အတူ ဆရာတော်ရဲ့ အရှေ့ဆီမှာ ထိုင်နေတဲ့ ယောဂီဝတ် လူငယ်တစ်ယောက်ကို တွေ့ရတယ်။
‘ အဲ့ဒီ့ကောင်ကို လက်မခံနဲ့။ ပြန်ခိုင်းလိုက်စမ်း…ပြန်ခိုင်းလိုက်စမ်း…’
‘ ဟင်…’
အခန်းတွင်းဆီက ဥူးဇင်းလေးသံဝရရဲ့ ဟစ်အော်သံ။ ပစ္စည်းတွေ ပစ်ပေါက်ခွဲနေတဲ့ အသံကိုလည်း ကြားမိရတယ်။
‘ တကာကြီးငွေကျော်။ ဒီကို လာချေကွယ်…’
‘ တင်ပါ့ဘုရား…’
ဦးငွေကျော်လည်း ဆရာတော်ရဲ့ အရှေ့ လူငယ်အနီးဆီမှာ ဝတ်ပြုပြီး ထိုင်လိုက်တယ်။
‘ တပည့်တော်ကို အခေါ်ရှိတယ်ဆိုလို့ဘုရား…’
‘ အေး…ဟုတ်တယ် တကာကြီး။ အခေါ်ရှိရတဲ့ အကြောင်းကတော့ အခုဖြစ်ပျက်နေတာတွေကြောင့်ပဲ…’
‘ တင်ပါ့…’
‘ ဖြစ်စဉ်က တကာကြီးတို့ ပြောသလိုပဲ မရိုးရှင်းဘူး။ ဒီအတွက်ကို ဖြေရှင်းဖို့ လှမ်းခေါ်တာ။ ဒီက လူငယ်ကတော့ သူတော်လို့ ခေါ်တယ်။ ဂန္ဓာရီခရီးသည်တစ်ယောက်ပဲ။ ဖြစ်နေတာတွေအားလုံးကို သူရှင်းလင်းပေးပါလိမ့်မယ်…’
ဦးငွေကျော်က ဂန္ဓာရီခရီးသည် လူငယ်ကို အကဲခတ်ကြည့်လိုက်တယ်။ စိတ်အတွင်းကလည်း မနက်တောင် မိုးမလင်းသေးဘဲ ဘယ်ကဘယ်လို ရောက်လာသလဲရယ်လို့ တွေးနေမိလိုက်တယ်။
‘ မနေ့တုန်းက ကျုပ် ခရီးသွားရင်း တစ်ဖက်ရွာက ဇရပ်ကလေးမှာ တည်းနေတာ။ မနက်ခင်း နစ်ချက်တီးလောက်ကျတော့ လူတစ်ယောက်ကို မြင်မိရပြီး သူကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သိလိုက်ရတယ်။ အဲ့ဒါနဲ့ ဒီကို ထွက်လာခဲ့လိုက်တာပါ…’
သူတော်ဆိုတဲ့ ယောဂီဝတ်လူငယ်က ပြောလာတယ်။ ဒါပေမယ့် လူငယ်ပြောတာကို ဦးငွေကျော် နားလည်သလို မလည်သလိုဖြစ်မိရတယ်။ လူငယ်က ဆရာတော်ဘက်ကို ပြန်လှည့်သွားပြီး…။
‘ မနက် အာရုံမကျင်းခင် ကိစ္စကို တစ်ခုချင်း ရှင်းရမှာမို့ အခုပဲ စတင်ပါရစေဘုရား…’
‘ အင်း တကာလေး။ လုပ် လုပ်…’
လူငယ်က ဆရာတော်ကို ဝတ်ပြုပြီး ထလိုက်တယ်။
‘ ဦးလေးက တာဝန်ရှိသူ၊ သက်ဆိုင်သူဆိုတော့ မျက်မြင်ဖြစ်အောင် ကျုပ်နဲ့လိုက်ခဲ့ပါ…’
‘ ကောင်းပါပြီ…’
ဦးငွေကျော်လည်း ဆရာတော်ကို ဝတ်ပြုပြီး ထလိုက်တယ်။ ဒိအခိုက်မှာပဲ ဥူးဇင်းလေးသံဝရရဲ့ အခန်းဆီက…။
‘ ဟို…ခွေးမသား။ နင်လမ်းကို နင်သွား။ မဆိုင်တာကို ဝင်မရှုပ်နဲ့။ ငါ လုပ်ရင် မင်း သေလိမ့်မယ်…’
‘ အင်း…တော်တော် နှုတ်ကြမ်းတာပဲ…’
လူငယ်က ရေရွတ်တယ်။ ဦးငွေကျော်က…။
‘ ဘာတွေဖြစ်နေတာလဲ မောင်ရင်…’
‘ ဦးလေး မြင်တဲ့အခါ ဘာတွေဖြစ်နေသလဲဆိုတာ သိရပါလိမ့်မယ်။ မမြင်နိုင်တာကို မြင်ရဖို့ ဦးလေးမျက်လုံးတွေကို ဒီပုဝါလေးနဲ့ ပွတ်လိုက်ပါ…’
လူငယ်က ပြောပြောဆိုဆို ပုဝါလေး ကမ်းပေးလာတယ်။ ဦးငွေကျော်လည်း ပုဝါလေးကို ယူပြီး လူငယ်ပြောသလို လုပ်လိုက်တယ်။
‘ တကာလေး မြင်နိုင်ခွင့်ရှိမယ်ဆို ဘုန်းကြီးလည်း မြင်ချင်တယ်…’
‘ ရပါတယ်ဘုရား…’
သူတော်က ဆရာတော်ဆီကို နောက်ထပ်ပုဝါလေး ကမ်းပေးလိုက်ပြန်တယ်။ ဆရာတော်လည်း မျက်လုံးတွေကို ပွတ်လိုက်ပြန်လေရဲ့။
‘ ဥူးဇင်းလေး အခန်းဆီကို လှမ်းကြည့်လိုက်ကြပါ…’
ဆရာတော်ကော ဦးငွေကျော်ပါ ဥူးဇင်းသံဝရရဲ့ အခန်းဆီကို လှမ်းကြည့်လိုက်ကြတယ်။
‘ အို…’
‘ အလို…အဲ့ဒါဘာကြီးလဲ…’
ဥူးဇင်းသံဝရရဲ့ ကုတ်ပိုးအပေါ်မှာ ခွစီးပြီး နားထင်နှစ်ဖက်ကို လက်နဲ့ညှစ်ထားတဲ့ ဦးပြည်းပြောင်ပြောင်နဲ့ ပုံပျက်ပန်းပျက် မကောင်းဆိုးရွားတစ်ကောင်။
‘ ဒါက သရက်ပင်မှာ မှီတွယ်နေတဲ့ ဘုန်းကြီးတစ္ဆေပါ။ သရက်ပင်လှဲရာမှာ အခွင့်ပြုပေးတဲ့အတွက် ဥူးဇင်းလေးကို မကျေနပ်လို့ အခုလိုလုပ်နေတာ။ သစ်ပင်လှဲရာမှာ ဦးဆောင်လှဲသူက ခွင့်မတောင်းခဲ့ဘူးလေ။ အခု ဆေးရုံရောက်နေတဲ့ နှစ်ယောက်ထဲက ပထမတစ်ယောက်ပေါ့…’
‘ အိမ်း ဖြစ်မှဖြစ်ရလေကွယ်…’
ဆရာတော်က ရေရွတ်တယ်။ ဦးငွေကျော်ရဲ့ မျက်စိထဲမှာတော့ ခုတ်လှဲလိုက်တဲ့ သရက်ပင်ကို မြင်ယောင်လာမိတယ်။
‘ သူက အရှေ့ရှေ့တုန်းက ဒိကျောင်းမှာထိုင်တဲ့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးပါပဲ။ သူ့ကို ဖယ်ခွာအောင် လုပ်ပေးပါ့မယ်။ မနက်ကျရင်တော့ ဆရာတော်ဘုရားက သူ့အတွက် မီတွယ်ရာတစ်ခု စီစဉ်ပေးပေးပါဘုရား…’
‘ ကောင်းပါပြီ…’
‘ ကြားတဲ့အတိုင်းပါပဲ။ မနက်ကျရင် သင့်အတွက် နေရာတစ်ခုရပါလိမ့်မယ်။ အခုတော့ သင့်ကို ဖယ်ခွာရပါလိမ့်မယ်…’
သူတော်က ပြောပြောဆိုဆိုပဲ လွယ်အိတ်ထဲက အင်းချပ်လေးတစ်ချပ်ထုတ်ပြီး ဥူးဇင်းလေးဆီကို လှမ်းပစ်လိုက်တယ်။ အင်းချပ်လေးက ဥူးဇင်းလေးကိုယ်ဆီမှာ ကပ်မိတာနဲ့ အပေါ်က မကောင်းဆိုးရွားဟာ တစ်စစီပြယ်လွင့်ပျောက်ကွယ်သွားလေတယ်။
ဒီအခါ ဥူးဇင်းလေးလည်း သူ့နေရာဆီ သူ့ဘာသာ ပြန်လှဲပြီး ကျိန်းစက်သွားခဲ့တယ်။
‘ သူ့ရဲ့ နာမ်က စေလို့နိုးတာမဟုတ်ဘူး။ ဟိုတစ္ဆေက စေပါးလို့နိုးလာတာပါ…’
‘ ဪ…’
‘ ကျောင်းအသစ်နေရာကို သွားရှင်းလင်းရပါဦးမယ်…’
သူတော်က ကျောင်းအောက်ဆီကို ဆင်းသွားတော့ ဆရာတော်နဲ့ ဦးငွေကျော်တို့ လိုက်ကြတယ်။ ကျောင်းဆောင်အသစ်ဆောက်နေရာဆီကို ရောက်တော့…။
‘ တောင်ဘက်ထိပ်က တိုင်ဆီကို ကြည့်လိုက်ပါ…’
ဆရာတော်ကော ဦးငွေကျော်ပါ ကြည့်လိုက်ကြပြန်တယ်။
‘ ဟင်…ဒါ…ဟို ကလေးတွေ…’
သူ့အိပ်မက်ထဲက ကလေးတွေကို မြင်လိုက်ရတာမို့ ဦးငွေကျော် အံ့သြတကြီးနဲ့ ရေရွတ်လိုက်မိတယ်။
ကလေးသုံးယောက်က စိုက်ထူထားတဲ့ တိုင်ကြီးကို မျက်နှာချင်းဆိုင် ဖက်ပြီး ဆွဲနှုတ်နေကြလေတယ်။
‘ တိုင်အောက်မှာ သူတို့ရဲ့ အရိုးစုလေးတွေရှိတယ်။ ဒီကျောင်းကြီးရှိမလာခင်ကတည်းက သူတို့က ဒီနေရာမှာ မြှုပ်နှံခံထားရတာ။ သူတို့ဖယ်နေတဲ့ တိုင်က သူတို့ အရိုးစုတွေအပေါ်မှာ ပိနေတယ်။ ဒါကြောင့် သူတို့ လေးလံပြီး နေရထိုင်ရခက်ကြတယ်။ ဒုတိယတစ်ယောက်ကို တွန်းချတာက သူတို့သုံးယောက်ပဲ။ တစ္ဆေကြီးလုပ်တာမြင်တော့ သူတို့မကျေနပ်မှုတွေကို အဲ့ဒီ့လို လိုက်ပြီးလုပ်ကြတာ…’
‘ အင်း တယ်ခက်ပါလားကွယ်။ လောကမှာ မြင်အပ်မမြင်အပ်ဆိုတဲ့အရာတွေက အမြဲရှိနေတတ်တော့ အခုလိုဖြစ်ပျက်လာတာ ဆန်းသလိုလိုနဲ့ မဆန်းဘူး ဖြစ်ရပြီ…’
‘ မှန်ပါတယ် အရှင်ဘုရား။ သူတို့က သူတို့အရိုးစုလေးတွေကို စိတ်စွဲနေကြတာ။ သူတို့အရိုးလေးတွေကို ကောင်းကောင်းသဂြိုဟ်ပေးလိုက်ရင်တော့ ကျွတ်လွတ်သွားကြမှာပါ…’
‘ ဒါဆိုရင်တော့ ကောင်းတာပေါ့…’
‘ ဦးလေးက မနက်ကျရင်တော့ အဲ့ဒိ့တိုင်ကို နှုတ်ပြီး အရိုးတွေကို ဆယ်ထုတ်ပေးလိုက်ပါ။ သူတို့လက်ခံအောင် ကျုပ် မေတ္တာရပ်ခံပေးပါ့မယ်…’
‘ လုပ်ပေးပါ့မယ် မောင်သူတော်…’
သူတော်က မန္တာန်တစ်ပုဒ်ရွတ်ပြီး ဆရာတော်နဲ့ ဦးငွေကျော်တို့အရှေ့ဆီကို သူ့လက်တစ်ဖက် ဝေ့ရမ်းလိုက်တယ်။ ဒိအခါ မြင်နေရတဲ့ မြင်ကွင်းဆီက ကလေးတွေဟာ ရုတ်ခြည်းပျောက်ကွယ်သွားလေတယ်။ သူတော်က တိုင်အခြေကို ခဏသွားပြီး ပြန်ရောက်လာတယ်။
‘ ဆေးရုံတက်နေတဲ့ နှစ်ယောက်ကိုတော့ မနက်ဖြန်မှာ ဒအင်းချပ်လေးတွေ ပြာချပြီးတိုက်ပေးပါ…’
ဦးငွေကျော်က အင်းချပ်လေးတွေကို လက်ခံယူလိုက်တယ်။
‘ ကိစ္စလည်း ရှင်းလင်းသိခဲ့ပြီ။ ဖြေရှင်းလို့လည်း ရခဲ့ပြီဆိုတော့ တပည့်တော်ကို ခရီးဆက်ခွင့်ပြုပါဦး…’
‘ ကျောင်းဆီမှာ တစ်ညလောက် နားခိုပါဦးလား…’
‘ တပည့်တော် မနားတော့ပါဘူး။ ခရီးက မဖြစ်မနေလှမ်းနေရမှာမို့ပါ…’
‘ အင်းလေ…ဒါဖြင့်လည်း သွားပါ တကာသူတော်…’
သူတော် ထပ်ပြီး ဝတ်ပြုတယ်။ ပြီးတော့ ထိုင်ရာက ထလိုက်ပြီး ဦးငွေကျော်ကို ကြည့်ကာ…။
‘ ဒါတွေ လုပ်ပြီးသွားရင်တော့ အလုပ်ခွင်ကို အန္တရာယ်ကင်းကင်းနဲ့ ဆက်လုပ်လို့ ရပါပြီ…’
‘ ကျေးဇူးတင်ပါတယ် မောင်သူတော်…’
‘ ကျုပ်ကို သွားခွင့်ပြုပါဦး…’
‘ ကောင်းပါပြီ မောင်သူတော်…’
သူတော် လှည့်ထွက်သွားတယ်။ ဆရာတော်ကော ဦးငွေကျော်ပါ သူတော်ရဲ့ နောက်ကျောကို ငေးကြည့်နေမိကြတယ်။
ကြည့်နေရင်း အတော်လှမ်းလှမ်းဆီကိုရောက်တော့ ဦးငွေကျော်ရဲ့ အမြင်မှာ သူတော်ဟာ ယောဂီဝတ်ကနေ သူရူးတစ်ယောက်အသွင်ဆီကို ပြောင်းလဲသွားတာကို မြင်လိုက်ရတယ်။ ဦးငွေကျော် ထိတ်ပြာသွားရပြီး နှုတ်ကလည်း…။
‘ ဒါ…ဒါ…အိပ်မက်ထဲက…’
‘ ဘာဖြစ်လို့လဲ တကာကြီး…’
‘ တပည့်တော်ရဲ့ အိပ်မက်ထဲက အ…အရူး။ အဲ…မဟုတ်ဘူး။ အိပ်မက်ထဲက ပုဂ္ဂိုလ်ပဲ…’
‘ ဟင်…’
ဦးငွေကျော်ရဲ့ အပြောကို ဆရာတော်က အံ့အားသင့်မိပြီး ထွက်ခွာသွားနေတဲ့ သူတော်ကို လှမ်းကြည့်လိုက်တယ်။ ယောဂီဝတ်နဲ့ သူတော်ကတော့ ဖြေးဖြေးမှန်မှန် လှမ်းသွားနေလို့ရယ်ပေါ့…။
******
နောက်တစ်နေ့ မနက်မှာတော့ သူတော်ပြောသလိုပဲ စီစဉ်လုပ်ဆောင်ခဲ့ကြတယ်။ တစ္ဆေကြီးကို ကျောင်းအနောက်ဘက်က သရက်ပင်ကြီးဆီမှာ နေရာပေးလိုက်ပြီး ကလေးတွေကိုတော့ အရိုးတွေကို ကောင်းမွန်စွာနဲ့ မီးသဂြုိဟ်ပေးလိုက်တယ်။
ဒါတွေအပြီးမှာတော့ သူတော်ပြောသလိုပဲ ကျောင်းအသစ်ဆောက်ရာ အလုပ်ခွင်ထဲ အနှောက်အယှက်၊ အန္တရာယ်တွေ မရှိတော့ပါဘူး။
နောက်သုံးလအကြာမှာတော့ ခန့်ခန့်ထည်ထည်ရှိလွန်းပြီး လက်ရာမြောက်လွန်းလှတဲ့ နှစ်ထပ်ပျဉ်ကျောင်းဆောင်ကြီးဟာ ပြီးစီးခဲ့ပါတယ်။
ပြီးပါပြီ။