မြို့ပြင်လမ်း မှ တစ္ဆေများ

Posted on

“မြို့ပြင်လမ်း မှ တစ္ဆေများ”📖📖📖

*********************************

အဲဒီညက ဇော်ဇော်တို့လင်မယား အလုပ်ကအပြန် အပြင်မှာ ညစာ စားနေတာနဲ့ အိမ်ပြန်ချိန် တော်တော်နောက်ကျသွားတယ် ။
အလုပ်နဲ့ ဇော်ဇော်တို့အိမ်က မြို့ရဲ့ တောင်ဘက်အစွန် မြောက်ဘက်အစွန်လိုဖြစ်နေတော့ တော်တော်လေးလှမ်းတယ်ပြောရမှာပေါ့ ။
အဲလိုနဲ့ ညစာစားပြီးပြန်အလာ (ပြန်နေကျ)လမ်းရောက်တော့ လမ်းက ဘုရားပွဲအတွက် လမ်းပိတ်ပြီး ပွဲစင်ကြီး ဆောက်နေတော့ ဖြတ်ပြန်လို့မရဘူး။
ပတ်ပြန်လို့ရတဲ့ တခြားလမ်းတစ်ခုကလည်း ဖြတ်လမ်းလိုဖြစ်နေတော့ လမ်းကတော်တော်ကြမ်းတာ…ဇော်ဇော့်မိန်းမ ပန်းအိ က ကိုယ်၀န်ရှိ ၃လနဲ့မလို့ ဇော်ဇော် လမ်းကြမ်းမှာ ဆိုင်ကယ်မမောင်းချင်ဘူး ။ ဒါနဲ့ မြို့ပြင်ဘက်က ပတ်ပြန်လို့ရတဲ့ လမ်းဘက်ကိုမောင်းလာလိုက်တယ် ။
အဲဒီလမ်းက ကားကြီးတွေဖြတ်တာကလွဲရင် တခြားယာဉ်တွေ အသွားအလာနည်းတယ် ။ လမ်းကြီးကတော့ ဖြူးနေပေမယ့် မြို့ကလူတွေရဲ့ ပါးစပ်ရာဇ၀င်ထဲမှာတော့ သိပ်အခြောက်အလှန့်များတဲ့လမ်းဆိုတော့ ဒီလိုညဘက်ကြီးဆို တော်ရုံလူက ဒီလမ်းကိုရှောင်တယ် ။
၃မိုင်ကျော်ကျော်လောက်ရှည်ရဲ့ လမ်းရဲ့ တစ်ဖက်မှာက မြေကွက်အလွတ်တွေ၊ကွင်းပြင်တွေရှိပြီး နောက်တစ်ဖက်မှာက အစိုးရစက်ရုံ၀န်းနဲ့ လိုင်းခန်းတွေရှိတယ် …လမ်းဘေးတစ်ဖက်တစ်ချက်မှာက ကုက္ကိုပင် ၊ ထနောင်းပင် ၊ မယ်ဇလီပင် ၊ ညောင်ပင် စတဲ့ နှစ်ရှည်ပင်အိုကြီးတွေက အုံ့အုံ့ဆိုင်းဆိုင်းရှိတယ် ။ တချို့နေရာတွေဆို အပင်အုပ်လွန်းလို့ လမ်းမီးရောင်တောင် သိပ်မဖောက်နိုင်ဘူး ။
ဇော်ဇော်တို့ဆိုင်ကယ် ကွေ့လာတဲ့အချိန် အဲဒီလမ်းပေါ်မှာ ဖြတ်သွားဖြတ်လာရယ်လို့ သိပ်မရှိဘူး …အရှေ့ခပ်လှမ်းလှမ်းမှာတော့ ကားတစ်စီး သွားနေတာရှိတယ် ။
ပန်အိက “ကိုဇော် လမ်းကြီးက လူသွားလူလာလည်းမရှိဘူး…သွားလို့အဆင်ပြေပါ့မလား..ကြောက်စရာကြီး”လို့ ပြောတယ်။
“နင်ကလည်း ငါပါနေတာပဲကို…ကိုယ့်မြို့ကလမ်းတွေ ဒီလိုပဲသွားလာနေကြတာ…ဘာမှကြောက်စရာမရှိဘူး”ဆိုပြီး ပန်းအိမကြောက်အောင် ဖော့ပေးလိုက်တယ် ။
တကယ်လည်း ဇော်ဇော့်စိတ်ထဲ သရဲ ရယ်လို့ ကြောက်စိတ်မရှိဘူး ။ကြောက်တာတစ်ခုက လူချင်း ရိုက်လုမှာ မျိုး ကြောက်တာ …ဒါလည်း ဒီအတိုင်းတွေးမိတာမျိုးပဲရှိတာ…ကိုယ့်မြို့မှာ ဒါမျိုးတွေ ဖြစ်လေ့ဖြစ်ထမရှိတော့ အရမ်းတော့လည်း တွေးပူစရာမဟုတ်ဘူးပေါ့ ။
ပန်းအိက ကြောက်တတ်တဲ့သူဆိုတော့ နောက်ကနေ ခေါင်းကြီးငုံ့ပြီး ဘုရားစာတွေပွစိပွစိရွတ်ရင်း ထိုင်လိုက်လာတယ် ။
ဇော်ဇော်ကတော့ ဆိုင်ကယ်မောင်းရင်း မျက်စိလည်းလျင်လျင်ထားပြီး လမ်းဘေးဘီဝဲယာကိုပါ ကြည့်ရင်း မောင်းလာလိုက်တယ် ။
အဲလိုနဲ့ လမ်းရဲ့ လေးချိုးတစ်ချိုးလောက်ရောက်တော့ မြင်ကွင်းထဲ၀င်လာတဲ့ အရာတစ်ခုက ..
လမ်းညာဘက်အခြမ်း က ထနောင်းပင်ကြီး အောက်မှာ ရပ်နေတဲ့ မိန်းမနှစ်ယောက် … တစ်ယောက် သက်ကြီးပိုင်း ၊ တစ်ယောက်က သက်လတ်ပိုင်း အရွယ်
အန်တီကြီးက လက်ထဲမှာ(မီးထွန်းထားတဲ့) ဖယောင်းတိုင်အတုတ်ကြီးကိုင်ထားပြီး ၊ အမျိုးသမီးက အရွယ်တော် ထန်းခေါက်ဖာတစ်လုံးကို ခါးဘေးမှာတင်ပြီး ပိုက်ထားတယ် ။ ပုံစံတွေ ကြည့်ပြီး ‘ကားကြုံလိုက်စီးချင်လို့ စောင့်နေကြတာနဲ့တူတယ်’လို့ တွေးလိုက်မိတာ ။
ပြီးတော့ အဲဒီမိန်းမနှစ်ယောက် ၀တ်ပုံစားပုံက နည်းနည်းထူးဆန်းတာမလို့ ဇော်ဇော်လည်း နည်းနည်းသတိထားပြီး ကြည့်မိသွားတယ် ။ နှစ်ယောက်လုံးက ခေါင်းလောင်းပွလက်ရှည် အင်္ကျီရင်ဖုံး အရောက်မှိုင်းမှိုင်းတွေ ၀တ်ထားပြီး ထဘီတွေကလည်း အထက်ဆင်အပြားကြီးကြီး တွေနဲ့ … ပြောရရင် ခေတ်ဟောင်းကလို ၀တ်ပုံစားပုံတွေ။ မျက်နှာတွေကလည် ရယ်တာမဟုတ် ၊ မဲ့တာမဟုတ်တဲ့အပြင် ခံစားချက်မရှိသလို နဲ့ ဇော်ဇော်တို့ဖြတ်သွားတာကို မျက်လုံးလေးတင်ရွေ့ပြီး လိုက်ကြည့်နေတာ ။
စိတ်ထဲတစ်မျိုးတော့ဖြစ်သွားပေမယ့် ဒီအတိုင်းဖြတ်သွားဖြတ်လာတွေ့လိုက်ရတာမျိုးဆိုတော့ သိပ်တွေးမနေဘဲ ဆိုင်ကယ်ပဲ ဆက်မောင်းလာလိုက်တယ် ။
အဲလိုနဲ့ နည်းနည်းလောက် ဆက်မောင်းလာပြီးတော့ ထပ်တွေ့ရတာက လမ်းဘေးအမှောင်ရိပ်မှာ ဖယောင်းတိုင်ကြီးကိုင်ပြီး တရွေ့ရွေ့နဲ့ သွားနေတဲ့ မိန်းမနှစ်ယောက်
မျက်နှာတွေက မှောင်ရိပ်ကျနေလို့ သေချာမမြင်ရပေမယ့် ပုံစံအရတော့ ခုနကနှစ်ယောက်ပဲ
ဒါပေမယ့်လည်း တွေးကြည့်ရင် ခုန အနောက်မှာကျန်ခဲ့တဲ့ နှစ်ယောက်က ဘယ်လိုမှ ရှေ့ကြိုရောက်နေစရာအကြောင်းမရှိဘူးလေ
ကြောက်စိတ်တော့မ၀င်သေးပေမယ့် စိတ်ထဲတော့ တစ်မျိုးကြီးဖြစ်နေပြီ .. ဒါနဲ့ ဆိုင်ကယ်က သူတို့ကို ကျော်တက်လာပြီးမှ ပြန်လှည့်ကြည့်လိုက်တော့ အဲဒီမိန်းမနှစ်ယောက် ရှိမနေတော့ဘူး ။
အဲဒီမှာတင် အခြေအနေ မကောင်းတော့ဘူး ဇော်ဇော့်စိတ်ထဲ သိလိုက်ပြီ ။ ဒါနဲ့ ဆိုင်ကယ်ကိုနည်းနည်းအရှိန်တင်မောင်းလိုက်တယ် ။ ပန်းအိကိုတော့ ” ကိုယ်က ကိုယ်လေးလက်၀န်ကြီးနဲ့ လိပ်ပြာနုတယ်…အမှောင်ထဲဟိုဟိုဒီဒီလျှောက်ကြည့်မနေနဲ့ဦး”လို့ ပြောတော့
ပန်းအိကလည်း စိတ်ချရတယ် ။
“ကြည့်ဆိုတောင်မကြည့်ရဲဘူး … တစ်လမ်းလုံး မျက်စိမှိတ်လိုက်လာတာ”လို့ ပြောတယ် ။
ဆက်မောင်းလာရင်း လမ်းလေးအုတ်ခုံတစ်ခုအနားရောက်တော့ အဲဒီနှစ်ယောက်ပဲ ထပ်ရောက်နေပြန်ရော … ဒီတစ်ခါတော့ ခုနကလို လူလူသူသူရပ်နေတာမဟုတ်တော့ဘူး
အုတ်ခုံပေါ်မှာ ငုတ်တုတ်ကုန်းကုန်းကြီးတွေ … မျက်နှာတွေကလည်း ဖြီးလို့ … ဇော်ဇော့်အထင် မကြောက် ကြောက်အောင် ခြောက်မယ်ဆိုတဲ့ပုံစံတွေလိုပဲ ။
ဒါနဲ့ ဇော်ဇော်လည်း မျက်နှာလွှဲပြီး ဆိုင်ကယ်ပဲ ဂရုစိုက်မောင်းလာတယ် ။ နည်းနည်းမောင်းပြီးတော့ ဇော်ဇော်တို့အနောက်မှာ စက်ရုံ၀န်းထဲကထွက်လာတဲ့ ကားကြီးတစ်စီးပါလာတယ် ။ ကားက အရမ်းကြီးတော့ ဇော်ဇော်လည်း ရှေ့ကနေ ပိတ်မောင်းမနေချင်တာနဲ့ ဘေးကပ်ပြီး လမ်းဖယ်ပေးလိုက်တယ် ။
ပြီးတော့ စိတ်ထဲလည်း အဖော်ရပြီ ဆိုပြီး နည်းနည်းစိတ်ပေါ့သွားတယ် ။ ကားကြီးကလည်း ၀န်စည်များတော့ ရှေ့ကနေဖြည်းဖြည်းပဲမောင်းနေတော့ ဇော်ဇော်လည်း မလှမ်းမကမ်းကနေပဲ ပုံမှန်လေးမောင်းနေလိုက်တယ် ။
ဒါပေမယ့် ဇော်ဇော့်စိတ်ထဲ တစ်မျိုးကြီးဖြစ်လာတယ် ။ တစ်နေရာရာကနေ စောင့်ကြည့်ခံနေရသလို စိတ်မလုံတဲ့ခံစားချက်မျိုးကြီး ။
ဒါနဲ့ မျက်လုံးကစားပြီး ဟိုဒီကြည့်မိရင်း အကြည့်က ကားခေါင်မိုးပေါ်ရောက်သွားတယ် ။
“ဗုဒ္ဓေါ”
ဇော်ဇော် လန့်ပြီး ဆတ်ခနဲတောင် တုန်သွားတယ် ။ ကားခေါင်မိုး နောက်မြီးအစွန်မှာ ခြေတွဲလွဲချပြီး လိုက်လာကြတော့ သရဲမ နှစ်ယောက် ။
ဖယောင်းတိုင်ကြီးကိုင်ထားပြီး မျက်လုံးပြူး မျက်နှာသေကြီးတွေနဲ့ စိုက်ကြည့်နေတာ ။ စတွေ့တုန်းကလို သပ်သပ်ရပ်ရပ်မဟုတ်တော့ဘူး ။ ဆံပင်ဖွာကြဲကြဲနဲ့ … မျက်လုံးတွေကလည်း လိုတာထက်ပိုကြီးပြီး ပိုကျယ်နေတာ… ဇော်ဇော်ချက်ချင်းအကြည့်လွှဲလိုက်တယ် ။
ပန်းအိ ဘုရားစာ ခပ်တိုတိုးရွတ်နေတာကြားပေမယ့် ကိုယ်တိုင်ကလည်း တော်တော်ကြောက်စိတ်၀င်နေပြီမလို့ ပါးစပ်တလှုပ်လှုပ်နဲ့ ဘုရားစာပွစိပွစိရွတ်နေလိုက်တယ် ။
ကြောက်နေပေမယ့်လည်း စိတ်ကမနေနိုင်ဘူး ။ ဘာကတွန်းအားပေးနေမှန်းမသိဘဲ အဲဒီနေရာကိုပဲ ပြန်ကြည့်ချင်နေတာ …အဲလိုနဲ့ ကားခေါင်မိုးဆီအကြည့်ပြန်ရောက်သွားတော့
အဲဒီ သရဲနှစ်ကောင်ကလည်း ပါးစပ်တလှုပ်လှုပ်လုပ်လိုက် ၊ လျှာထုတ်ပြလိုက်နဲ့ … ပုံစံက ဇော်ဇော့်ကိုသရော်နေသလိုပဲ
ဒါနဲ့ ဇော်ဇော်လည်း ဆိုင်ကယ်ကိုအရှိန်တင်မောင်းပြီး ကားကိုကျော်တက်လိုက်တယ် ။
ဘေးလည်းမကြည့်တော့ဘူး ၊ အရှေ့လမ်းကလွဲ ဘယ်မှမကြည့်တော့ဘဲ အသားကုန်မောင်းတော့တာပဲ ။ ပန်းအိကတော့ ဇော်ဇော့်ခါး သေချာဖက်လိုက်ရုံကလွဲ ဘာမှတော့မပြောဘူး ။
အဲလိုနဲ့ တော်တော်မောင်းလာခဲ့ပြီး လမ်းဆုံနားရောက်ခါနီးတော့ ဇော်ဇော့်စိတ်ထဲ ညာဘက်မျက်လုံးထောင့်ကနေ တစ်ခုခုကပ်လာသလိုထင်တာနဲ့ နည်းနည်းခေါင်းလှည့်ကြည့်လိုက်တော့
“မြတ်စွာဘုရား”
လမ်းဘေးချုံပုတ်တွေပေါ်ကနေ ထဘီကြီးတကားကားနဲ့ လွှားခနဲ လွှားခနဲ ခုန်လိုက်လာနေတဲ့ သရဲမ
ခုန်သာခုန်နေတာ…ခေါင်းက ဇော်ဇော့်ဘက်လှည့်ကြည့်နေပြီး ပါးစပ်မှာ လျှာတန်းလန်းနဲ့ မျက်နှာကြီးကလည်း စပ်ဖြဲဖြဲလို ကြောက်စရာကြီး
ဇော်ဇော့် ကြောက်စိတ် ငယ်ထိပ်ရောက်ပြီး ထူပူသွားတာ…ဒါပေမယ့် နောက်မှာ ကိုယ့်မိန်းမ နဲ့ (ဗိုက်ထဲက)ကိုယ့်ကလေး ပါတယ်ဆိုတဲ့စိတ်နဲ့ အသိကပ်ပြီး ဆိုင်ကယ်မောင်းတာကို သတိထားလိုက်တယ် ။
လှည့်မကြည့်ပေမယ့် မျက်လုံေးထာင့်ကနေ တလွှားလွှားကြီးကို မြင်နေရတုန်းပဲ … အဲလိုနဲ့ လမ်းဆုံကနေ ကွေ့လာတော့ တခြားလမ်းသွားလမ်းလာတွေနဲ့ဖြစ်သွားမှ ဇော်ဇော်လည်း သက်မချနိုင်တော့တာပဲ ။
မနေနိုင်လို့ ဘေးတွေ ၊ နောက်တွေလှည့်ကြည့်လိုက်သေးတယ် … ဘာမှ ပါမလာတော့ဘူး ။ ဒီတော့မှ စိတ်အေးသွားပြီး ဆိုင်ကယ်ကိုဖြည်းဖြည်းမှန်မှန်ပဲမောင်းလိုက်တော့တာ … အိမ်ရောက်တော့ ကိုယ့်ကိုယ်ကိုယ်ရော ပန်းအိကိုရောပရိတ်ရေဖြန်း ၊ ဆိုင် ကယ် ကို လည်း ပရိတ်ရေပက်ပြီး စိတ်မလုံလို့ ဟိုကြည့်ဒီကြည့် ကြည့်နေသေးတာ ။
အဲဒီညပြီး ၂ရက်လောက်နေမှ ပန်းအိကို အဲဒီကိစ္စပြောပြတော့ ပန်းအိက( မမြင်လိုက်ရဘဲတောင်) ကြောက်လို့မပြီးတော့ဘူး ။
ဒါပေမယ့် နောက်ပိုင်း အဲဒီလမ်းကနေ ဘယ်တော့မှမဖြတ်တော့ဘူး ။ ဖြတ်ဖို့တောင် မစဉ်းးစားရဲတော့ဘူး တဲ့ ။
ကဲနောက်တစ်ပုဒ် သွားကြဦးစို့နော်
“ဘုရားကုန်း မှ အစောင့်တစ္ဆေ”
သူ က ကျောင်းကား မောင်းတဲ့အလုပ်လုပ်တယ်။
မနက်ဆိုအစောကြီး ထပြီး ကျောင်းသားတွေပတ်ခေါ်…နေ့လယ်နေ့ခင်း အိမ်က ဆိုင်မှာ ထိုင်စောင့်ပေးလိုက် ၊ အိပ်လိုက် စားလိုက် အချိန်ဖြုန်း ၊ပြီးရင် ကျောင်းကြိုဖို့ ပြန်ထွက်တယ်။
ကျောင်းသားတွေ ပြန်ပို့ပြီး ပြန်လာတဲ့အချိန်ဆို ညနေ ၆နာရီကျော်ကျော်လောက်ရှိပြီပေါ့။
အဲဒီအချိန်နောက်ပိုင်းက သူ့ အရမ်းတတ်ကြွတဲ့အချိန်ပဲ…တတ်ကြွဆို သူ့ကောင်မလေးနဲ့တွေ့ရတယ်လေ။
ကောင်မလေးက အလုပ်လုပ်တဲ့ဆိုင်က ၆နာရီခွဲလောက် အလုပ်ဆင်းတာမလို့ သူတစ်ခါတည်း ၀င်ကြိုလို့ ရတယ်။
ဒီတော့ သူ တစ်ခါ တည်း ၀င်ကြိုပြီး … အအေးဆိုင် ထိုင်ရင်ထိုင် မထိုင်ရင် ကော်ပြန့်ဆိုင်၊အသုပ်ဆိုင် စသဖြင့် အဆင်ပြေသလို သွားဖြစ်တာပေါ့။
တစ်နေ့…
သူ့ကောင်မလေးကိုကြိုပြီး အပြန် ဘယ်ဆိုင်မှ မထိုင်ချင်တာနဲ့ အေးအေးဆေးဆေး ဖြစ်မယ့် ++++ဘုရားကုန်းဘက်က ခုံတန်းတွေ ဆီ သွားတယ် … ။စကားပြောရင်းစားဖို့ဆိုပြီး တွန်းလှည်းအကင်ဆိုင်ကနေ ဆိတ်သားကင်၊ကြက်အူလိမ်ကင် ၊ကြက်ဆီဘူး၊ကြက်ခြေထောက်၊အာလူး၊ရုံးပတီသီး အဲလိုအကင်တွေလည်း ၀ယ်သွားတယ်။
ရောက်တော့ ကား ကို ဘုရားကုန်း အခြေမှာ ရပ်ခဲ့ပြီး နှစ်ယောက်သား ဘုရားကုန်းပေါ် ခြေလျင်တက်လာကြတယ်။
ဘုရားရင်ပြင်အထိတော့ မသွားတော့ဘဲ … ကုန်းခါးပန်းလောက်က ခုံတန်းတွေ ရှိတဲ့နေရာဘက် လျှောက်လာတာပေါ့။
အဲဒီနေရာက ခုံတန်းလေးတွေ ရှိပြီး မီးတိုင်တွေလည်း ရှိတော့ လင်းလင်းထင်းထင်းရှိတယ်။
သူတို့ က အရမ်းကြီး လင်းထိန်မနေတဲ့
ညောင်ပင်အကွယ်က ခုံမှာ သွားထိုင်ကြတယ်…ညောင်ပင်ကလည်း ညောင်မြစ်ဖားဖားကြီးနဲ့ အပင်ကြီး အရိပ်ကြီးမျိုး။
သူတို့ထိုင်တဲ့နေရာက တစ်ခြမ်းက အလင်းရောင်တော်တော်ကျပြီး တစ်ခြမ်းက နည်းနည်းမှောင်ရိပ်ကျတယ်။
ထိုင်လိုက်တာက ကောင်မလေးက အမှောင်ရိပ်ဘက်မှာ။
ဒါနဲ့ သူတို့ နှစ်ယောက် ခုံတန်းပေါ်မှာထိုင်ပြီး စကားပြောကြ ၊ အကင်စားကြပေါ့…နေ့တိုင်းနီးပါးတွေ့နေကြဆိုတော့ စကားက မယ်မယ်ရရပြောစရာမရှိဘူး…အလုပ်ကကြောင်း ၊ ဟိုအကြောင်း ဒီအကြောင်း ပြောနေကြတုန်း
ညောင်ပင်ဘေးအမှောင်ကျတဲ့ နေရာမှာ သစ်ရွက်၊သစ်ကိုင်းတွေပေါ် လူလျှောက်လာသလို ခြေသံကြားလိုက်တယ်။
ဘုရား ကုန်း ပေါ် ဆို တော့ လူသွားလူလာများလို့ ခြေသံကြားရတာက သိပ်တော့မဆန်းဘူးပေါ့။
ဒါပေမယ့် သူနည်းနည်းတော့ သတိထားတယ်…သာမန်ဆို ကိစ္စမရှိပေမယ့် လုတဲ့သူဖြစ်နေမှာစိုးလို့ အရိပ်အကဲတော့ နည်းနည်းကြည့်ရတယ်။
ကောင်မလေးကတော့ အမှောင်ခြမ်းဘက်ကို
ကိုယ်တစ်ခြမ်းစောင်းကျောပေးပြီး
သူ့ဘက်ခပ်စောင်းစောင်း လှည့်ထိုင်နေတာမလို့ သူ့ကိုပဲ “ဘယ်လိုလဲ”ဆိုတဲ့ ပုံနဲ့ မျက်ခုံးပင့်ပြတယ်။
သူကလည်း “ဘာမှမဖြစ်ပါဘူး”ဆိုပြီး ဒီအတိုင်း ဆစကားဆက်ပြောနေကြတယ်။
ခဏနေတော့ ခြေသံကြားတဲ့ဘက်ကနေ ခပ်ဖြည်းဖြည်းထွက်လာတဲ့ မိန်းမတစ်ယောက်ကို မြင်လိုက်ရတယ်…အမှောင်ရိပ်ကျနေတာမလို့ ပုံပန်းသွင်ပြင်ကြောင့် မိန်းမမှန်းသိသာပေမယ့် သေသေချာချာကြီးမမြင်ရသေးဘူး။
အဲ့မိန်းမက အမှောင်ထဲမှာ တောင့်တောင်ကြီး ရပ်နေပြီး ပုံစံကလည်း သူတို့ကိုလှမ်းကြည့်နေတဲ့ပုံစံ။
ဒီတော့ သူ့စိတ်ထဲနည်းနည်းတစ်မျိုးကြီးဖြစ်ပေမယ့် သူတို့ကလည်း မဟုတ်တာလုပ်နေတာမဟုတ်တော့ … သိပ် တော့ ဂရုစိုက်စရာမလိုဘူးပေါ့။
အဲ့မိန်းမက မိနစ်ပိုင်းလောက် ရပ်ကြည့်နေပြီး သူတို့ဘက်တိုးလျှောက်လာတယ်။
လျှောက်လာရင်း အလင်းမကျတကျနေရာရောက်တော့ အဲဒီမိန်းမပုံစံကို သူသေချာမြင်လာရတယ်။
ကတ္တီပါသားလို အစ ကာကီရောင် အင်္ကျီနဲ့ ခပ်ရှုပ်ရှုပ်အဆင် ထဘီကို သပ်သပ်ရပ်ရပ်၀တ်ထားတာ။
ဆံပင်ကတော့ ဖရိုဖရဲစည်းထားပြီး …မျက်နှာကနည်းနည်း ခက်ထန်တဲ့ရုပ်မျိုး။
ဆက်လုမတက် မျက်ခုံးမွှေးက ကြည့်မကောင်းအောင် ခပ်ထူထူ နက်နက်နဲ့…မျက်လုံးက မျက်တွင်း ကျကျထဲမှာ ခပ်စူးစူးပုံစံမျိုးကိုမှ မျက်မှောင်လည်းကြုံ့ထားတယ်။
မျက်နှာပေးကလည်း ဒီအတိုင်းနေရင်တောင် စူပုပ်ပုပ် ဖြစ်နေသလို နှုတ်ခမ်း ကိုင်းကျကျနဲ့ …ပြောရရင် အမြင်ကပ်စရာကောင်းတဲ့ မျက်နှာထားခပ်ပုပ်ပုပ်မျိုး။
အဲဒီမိန်းမက သူ့ကောင်မလေးနဲ့ လက်တစ်ကမ်းလောက်အလိုက ညောင်မြစ်ပေါ်မှာ ငုတ်တုတ်လာထိုင် တယ်။
ထိုင်တာကလည်း ရိုးရိုးမဟုတ်ဘူး…ဒူးနှစ်လုံးကို သာမန်ထက်ကားထားပြီး …ဒူးပေါ် တံတောင်တင်ပြီး မေးကထောက်ထားသေးတာ။
ပြီးတော့ သူ့ကိုမကြည့်ဘဲ သူ့ကောင်မလေးကိုပဲ ပြူးကြောင်ကြောင်ကြီး စိုက်ကြည့်နေတာ … ပုံစံကြည့်ပြီး သူ့စိတ်ထဲထင်လိုက်တာက စိတ်မကျန်းမာတဲ့သူများလားပေါ့။
သူ ကြည့်နေတော့ သူ့ကောင်မလေးကလည်း အဲ့မိန်းမ ရှိတဲ့ဘက် လှည့်ကြည့်တော့…အဲဒီမိန်းမက ပြုံးပြတယ်။
ပြုံးပြတယ်ဆိုလို့ အကောင်းမမှတ်နဲ့…ညစ်ကျယ်ကျယ်ပုံစံမျိုး ပြုံးတာ။
သူ့ကောင်မလေးကလည်း နည်းနည်း သွက်တဲ့ထဲကဆိုတော့ အဲဒီမိန်းမ ထူးဆန်းတာကိုသတိထားမိပေမယ့် ကြောက်တာမျိုးတော့ မဖြစ်သေးဘူး… တစ်ချက်ပြန်ပြုံးပြပြီး သူ့ဘက်တိုးထိုင်တယ်။
သူတို့ စကားဆက်ပြောနေတော့ အဲဒီမိန်းမက နားဆထာင်နေသလို ခေါးတငြိမ့်ငြိမ့် လုပ်လိုက်… မျက်နှာပေးနဲ့ အသံတိတ် “သြော်” တွေ “အင်”တွေ လုပ်နေသေးတာ။
ဒီတော့ သေချာတယ်…သူ့စိတ်ထဲ ဒီမိန်းမ စိတ်မကျန်းမာတာပဲပေါ့။
ခဏနေတော့ သူ့ကောင်မလေးက ကြက်အူလိမ် အကင်တစ်ကင် ထုတ်စားတော့…အဲဒီမိန်းမက လက်ကိုရှေ့ထုတ်လာပြီး
“ငါ့ကို ကျွေးဦး” လို့ ပြောလာတယ်။
ပုံမှန်ဆို ကျွေးလိုက်မှာပေမယ့်…ပြောတဲ့လေသံနဲ့မျက်နှာပေးက သူ့မျက်စိထဲ အချိုးမပြေတော့ သူက ခပ်ကပ်ကပ်နဲ့
“ဒီတစ်ကင်ပဲ ကျန်တော့တာ…ကျွန်တော်တို့တောင် စားမ၀ဘူး…ဟိုဘက်သွားတော့ အစ်မ” လို့ ပြောလိုက်တယ်။
သူ့ကောင်မလေးကတော့ အဲဒီမိန်းမကိုပဲ အကဲခတ်သလိုကြည့်နေတာ။
အဲဒီမိန်းမ က သူပြောတာကို မမှုသလိုနဲ့ အကင်အိတ်ကို စိုက်ကြည့်ပြီး
“အများကြီး ကျန်သေးတယ်လေ…ငါ့ ကျွေး”
ဒီတစ်ခါတော့ သူမကြားချင်ယောင်ဆောင်ပြီး မျက်နှာလွှဲနေလိုက်တာ
ပြီးတော့… သူ့ကောင်မလေးနဲ့ပဲ စကားဆက်ပြောတာပေါ့။
ဟိုမိန်းမကတော့ လက်ကြီးဆန့်ထားပြီး …သူတို့ကို မျက်မှောင်ခပ်ကြုံ့ကြုံ့နဲ့ ကြည့်နေတုန်းပဲ။
တအောင့်နေတော့ စိတ်မရှည်သလို “ကျွတ်”ခနဲ လုပ်ပြီး ဘောက်ဆတ်ဆတ်နဲ့ထထွက်သွားတယ်။
သူ့စိတ်ထဲတော့ “နားအေးတာပဲ”ဆိုပြီး တွေးလိုက်တာပေါ့။
ဒါပေမယ့် တကယ်တမ်းက နားမအေးဘူး။
သူ မျက်နှာမူ ထား တဲ့ အမှောင်ရိပ်ဘက်မှာ မီးလုံးလို အလင်းရောင် ကြီး လှုပ်လှုပ်…လှုပ်လှုပ်နဲ့ ရွေ့နေတာတွေ့တော့ သူလည်း မျက်လုံးတွေကျယ်သွားပြီး အဲဒီဘက် လည်ပင်းရှည်ကြည့်လိုက်တယ်။
အစကတော့ သဲသဲကွဲကွဲမမြင်ရဘူး…ပြီးမှ မျက်လုံးက အမှောင်ထဲမှာ ကျင့်သားရပြီး မြင်ကွင်းထဲ ပုံပေါ်လာတာက…
ညောင်ပင် က အစွန်အဖျားအကိုင်းတစ်ကိုင်းပေါ်မှာ… ခုနက မိန်းမက တွဲလျောင်းကြီး …သစ်ကိုင်းကို မျောက်လို လက်တွေ ခြေတွေနဲ့ တွယ်ပြီး ခန္ဓာကိုယ်က အောက်မှာ ပုခက်ကြီးလို ယိမ်းနေတာ။
လူဆို အဲလို ကိုင်းသေးသေးလေးမှာ အဲ့ပုံစံကြီးနဲ့သာ တွဲလျောင်းခိုနေရင် ကိုင်းကကျိုးကျမှာ သေချာတယ်။
ပြီးတော့ အဲ့ဒီမိန်းမရဲ့ မျက်လုံးနေရာက နီလိုက် စိမ်းလိုက်နဲ့ အရောင်တွေ တောက်နေသေးတာ…ခန္ဓာကိုယ်ကလည်း ခုနကထက် ပိုရှည်ပြီး ဘယ်လိုကြီးမှန်းမသိဘူး
ဒါနဲ့…သူလည်း အခြေအနေ မဟန်တော့တာသိလိုက်ပြီး သူ့ကောင်မလေးကို
“ငါတို့ သွားကြစို့…လူပြတ်လွန်းရင် မကောင်းဘူး လာ လာ”
သူ ပြောပြောဆိုဆိုနဲ့ ကောင်မလေးလက်ကိုင်ပြီး ထထွက်လာတော့…ကောင်မလေးကလည်း သူမျက်နှာပျက်နေပုံကိုကြည့်ပြီး ရိပ်မိသလိုလိုရှိနေပြီ…။ဒါတောင် ထထွက်လာတော့ မယ်မင်းကြီးမက ၃ချောင်းလောက်ကျန်သေးတဲ့ အကင်အိတ်ကို ယူဖြစ်အောင် ယူလာတယ်။
ဘုရားကုန်းအဆင်းလမ်းပေါ် ရောက်တော့ နောက်ကခြေသံ ပါ လာ တာ သူသတိထားမိလိုက်တယ်…ဘာလိုက်လာတယ်ဆိုတာ စိတ်ထဲသိနေပြီးသားမလို့ “လှည့်မကြည့်နဲ့…လှည့်မကြည့်နဲ့”လို့ ကိုယ့်ကိုယ်ကို သတိပေးလာတာ။
သူ့ကောင်မလေးကတော့
ဘာသံမှကြားပုံမပေါ်ဘူး…အေးအေးဆေးဆေးပဲ။
ဒါနဲ့ သူစိတ်ထင်နေတာများလားဆိုပြီး သေချာအောင် နောက်လှည့်ကြည့်လိုက်တော့
“အမလေး”
သူ နှုတ်ခမ်းလှုပ်ရုံလေးပဲ အမလေး တ လိုက်နိုင်တယ်။
လိုက်လာတာတော့ ခုနက မိန်းမပဲ…ဒါပေမယ့်ပုံစံကတော်တော်ကွာတယ်…အရပ်ကြီးက သူ့ထက်ခေါင်း ၂လုံးစာလောက်မြင့်ပြီး … နားရွက်တွေကလည်းအကြီးကြီးပဲ … ခေါင်းကလည်းအကြီးကြီးပဲ။
အကောင်လိုက်ကြီး ထင်းနေတာမျိုးမဟုတ်ဘူး ရိပ်ခနဲ ရိပ်ခနဲ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာ။
သူတို့နောက်ကနေ လမ်း ဟိုဘက်ကပ်လိုက် ဒီဘက်ကပ်လိုက်နဲ့ လိုက် လာ တယ်။
အဲဒီအချိန်က သူ ဘယ်လောက်တောင် ကြောက်သွားလဲဆို…ဒူးတောင်မခိုင်ချင်ဘူး…ပြီးတော့ (မရိုသေ့စကား ) ဆီးထွက်ကျပြီလားတောင်မှတ်တာ။
ဒါနဲ့
ချက်ချင်း ကောင်မလေးလက်ဆွဲပြီး ပြေးတော့တာပဲ ..
သူက “နောက်လှည့်မကြည့်နဲ့ အနောက်က ဘာကြီးမှန်းမသိဘူး …လိုက်လာနေတယ်”လို့ ပြောတော့
ကောင်မလေးကလည်း ငိုမဲ့မဲ့နဲ့ “ဟင်”ဆိုပြီး ပြေးတော့တာပဲ။
ကားနားရောက်တော့…သူတို့မရောက်ခင် ခုနက မိန်းမက ကြိုရောက်နေတယ်…။
ဘုရား ကုန်း အဆင်းလမ်း က ဖြူးဖြူးကြီးဆိုတော့ သူတို့ရှေ့ကနေသာ ဆင်းသွားရင် သေချာပေါက်မြင်ရမှာ …ပြီးတော့ ဒီမိန်းမ လူမဟုတ်တာ သူ့မျက်မြင်တွေ့ပြီးသွားပြီဆိုတော့ မြင်လိုက်ကတည်းက နားပန်းမွှေးတောင်ထောင်ပြီလားထင်တာ။
အခုတော့ အဲဒီမိန်းမက ပုံပျက်ပန်းပျက်တော့မဟုတ်ဘူး လူပုံစံ ဖြစ်နေပြန်ရော … သူ့ကောင်မလေးကတော့ ဒီမိန်းမ ဘာရယ်ညာရယ်မသိသေးတော့ ကြောက်သွားတာမျိုးမရှိဘူး ။
မိန်းမက ကားခေါင်းနဲ့ မလှမ်းမကမ်းမှာ ဆောင့်ကြောင့်ထိုင်ပြီး လက်ကလည်း တစ်ခုခုတောင်းသလို အရှေ့ဆန့်ထုတ်ထားသေးတာ။
ပါးစပ်ကနေ “ကျွေး …ကျွေး”ဆိုပြီး ပွစိစိ ရွတ်နေသေးတယ်။
သူကတော့ အာစေးမိသလို ဘာမှမပြောနိုင်ဘဲ…ကြောင်ပြီး ရပ်နေတုန်း သူ့ကောင်မလေးက ဘာမှမသိသေးတော့ သူ့ကို
“အကင် တောင်းတာနေမှာ…ပေးခဲ့လိုက်တော့…ငါကြောက်လာပြီ”
ဆိုပြီး အကင်ထုပ်ကို ပစ်ပေးလိုက်တာ။
သူက ဒီနေရာကနေ မြန်မြန်ထွက်ဖို့ပဲလောနေတော့
“လာ…တက်တော့…ကားပေါ်တက်”လို့ ပြောပြီး ကောင်မလေးကို ကားပေါ်တက်ခိုင်းလိုက်တယ် ။
ဒီမှာ သူစကားမှားသွားကို သူ သတိမထားမိလိုက်ဘူး။
ပြီးတော့ သူလည်း ကားပေါ် အပြေးတစ်ပိုင်း တက်ပြီး ဝေါခနဲနေအောင် မောင်းထွက်လာတော့တာပဲ
လမ်းမှာ သူ ကြက်သီးတွေ ထပြီး ရင်တုန်နေပေမယ့် သူ့ကောင်မလေးကိုတော့ ကြောက်မှာစိုးလို့ ဘာမှမပြောပြလိုက်ဘူး။
ကောင်မလေးကို အိမ်ပြန်ပို့ပြီး သူ့အိမ်သူ ပြန်မောင်းလာတုန်း ကားနောက်ခန်းမှာ လူခုန်နေသလို တဒုန်းဒုန်းနဲ့ အသံကြားလို့ နောက်ကြည့်မှန်ကနေ ကြည့်လိုက်တော့ နောက်ခန်းထဲမှာ ဟိုမိန်းမက ငုတ်တုတ်ထိုင်လျက်သား လို ပုံစံကြီးနဲ့ ခုန်နေတာ …။
သူလည်း “ငါတော့ သေပါပြီ”လို့တွေးပြီး လမ်းဘေးက (သူ ဆေးလိပ်၀င်၀ယ်နေကျ)ကွမ်းယာဆိုင်တစ်ဆိုင်မှာ ရပ်လိုက်တယ် … ပြီးတော့ အဲဒီဆိုင်နားက လူ တွေ ကို အကျိုးအကြောင်း ပြောပြပြီး အကူအညီတောင်းတော့ …
အဒေါ်ကြီးတစ်ယောက်က
“အဲဒီ ဘုရားကုန်းက အစောင့်တွေ ရှိတယ် …နောက်ဆို နေ၀င်မိုးချုပ်အချိန် သွားရင် အသားငါးယူမသွားနဲ့” လို့ ပြောပြီး ကားပေါ်က မိန်းမသရဲ ကို ဘုရားကုန်းဆီ ပြန်ပို့ဖို့ ဆိုပြီး အဒေါ်ကြီး နဲ့ ဦးလေး (အဒေါ်ကြီး ရဲ့ မောင်)က လိုက်ခဲ့ပေးတာ။
ဘုရားကုန်းဆီ ရောက်တော့ အဒေါ်ကြီးက တောစောင့်နတ် ၊တောင်စောင့်နတ် အစရှိတာတွေကို တောင်းပန်တယ်…ပြီးတော့ ကားပေါ်မှာလိုက်လာတဲ့ ပုဂ္ဂိုလ်ကို လည်း တောင်းပန်ပြီး နေခဲ့ဖို့ ပြောရတယ်။
နေခဲ့ပုံရပါတယ်…ကားပေါ်ကနေ အရိပ်မည်းကြီးတစ်ခုဆင်းသွားပြီး ဘုရားကုန်းပေါ်ပြေးတက်သွားတာ သူ သေသေချာချာမြင်လိုက်ရတယ်။
ကိစ္စပြီးလို့ ပြန်ကြတော့ သူ့မှာ တစ်ယောက်တည်း အိမ်မပြန်ရဲတာနဲ့ ဦးလေးနဲ့ အဒေါ်ကြီးကိုပါ သူ့အိမ်ထိခေါ်သွားပြီး … အိမ်ရောက်မှ သူ့ညီ ကို ခေါ်ပြီး အဒေါ်ကြီးတို့ကို တစ်ခေါက်ပြန်ပို့ရတယ်။
အဲဒီနောက်ပိုင်း ညဘက်နေဝင်မိုးချုပ်ဆို ဘုရားကုန်းဘက်ကို သူ ခြေဦးတောင် မလှည့်တော့ဘူးတဲ့လေ ။
ကဲ…ဒီညတော့ ဒီလောက်ပဲနော် … ခြင်ထောင်ဘေးမှာ ဘယ်သူကြီးလဲ 👻
Like & share နဲ့ support ပေးကြပါဦးရှင်