မြွေပွေးသိန်းမောင်(စ/ဆုံး)
————————–
စာရေးတော့မယ်ဆိုပြီး ဟန်း
ဖုန်းလေးကိုင်ပြီး ကွပ်ပြစ်လေးပေါ်လှဲလျောင်းကာ ဇာတ်ကွက်ဘယ်လို အစပျိုးရမလဲ လယ်တည်
ပူတည်နဲ့ ဟိုစဉ်းစား
ဒီစဉ်းစားဖြစ်နေချိန်….
အဲ့သည်အချိန် လက် ခဏခဏ
ဆေးတဲ့ လက်ဆေးမယ်တော်
ကြီးမေမေအနီးနားရောက်လာပြီး
သကာလ…..
‘ဟဲ့ ဘာသတင်းတွေ ထူးသေး
လဲ..လူလေး။
နောက်ထပ်တွေ့ပြန်ပြီတဲ့လား ‘
(လာ စပ်စုပြန်ပြီ)
အိပ်နေရင်း အမေထိုင်ဖို့ နည်းနည်း လူးလွန့်ရွေ့ပေးရင်း၊
‘ ဟာ အမေကလည်း မနေ့ည
က ၁၆ယောက်မြောက် လူနာ
တွေ့တယ်လို့ ပြောပြီးပြီလေ၊
ဒီနေ့တော့ ဘာမှ မတွေ့သေးပါ
ဘူးအေမရ ‘
အမေက မထိုင်သေးပဲ…
‘ အဲ့တာဆိုလည်း နင်က ဘာလို့
ဖုန်းကိုင်ပြီး တတောက်တောက်
နဲ့ ဘာလုပ်နေတာလဲ။ နေ့လယ်
နေခင်း တရေးတမော အိပ်ပါ့
လား ။ အားအားရှိ ဒီဖုန်းပဲ နှိုက်
နေ ‘
အိမ်ထဲမှာနေတာကို Maskကြီး
အုပ်ထားတဲ့ အမေ့ကိုကြည့်ရင်း
‘ အာ .. အမေကလည်း ကျနော် ပျင်းလို့ စာရေးနေတာပါဗျ ‘
‘ အံမယ် ကြီးကြီးကျယ်ကျယ်
နင်ရေးတာ ဘာစာများတုန်းတော်၊
အရေမရ အဖတ်မရနဲ့ ‘
‘ ဟီး သရဲကြောင်း တစ္ဆေအ
ကြောင်းပေါ့ အမေရ၊ ကျနော်
ရေးတတ်တာလည်း အဲ့တာပဲ
ရှိတာကိုး ‘
ခုချိန်ထိ မထိုင်သေးပဲ..
‘ ဘုရား ဘုရား သရဲတစ္ဆေ
ဟုတ်သလား ၊ နို့ နေပါအုံး
နင်က တစ္ဆေဆိုတာ မြင်ဖူးလို့
လား ‘
ကျနော် ဘာပြန်ပြောရမလဲ။
ခေါင်းကုတ်ရင်း…
‘ အဲ့တာတော့အမေရာ ၊
ဘယ်မြင်ဖူးမလဲလို့၊ ဒါပေမယ့်
ရုပ်ရှင်တွေ ဗွီဒီယိုတွေထဲတော့
မြင်ဖူး တွေ့ဖူးနေတာပဲဟာ’
အမေက စိတ်ဝင်တစားနဲ့
ကျနော့်ဘေး ဝင်ထိုင်ရင်း..
‘ အေး အမေလည်း မမြင်ဖူးဘူး။
ဒါပေမယ့်လို့ အမေရဲ့ဘဒွေးးက
တော့ သရဲကို မျက်မြင် ပက်ပင်း
ကြုံဖူးသတဲ့။ အဲ့ဒီအကြောင်းကို
ဘကြီးက အမေတို့ကို ပြန်ပြော
ပြဖူးတယ်။ အမေတို့ မောင်နှမ
တွေ ၇နှစ် ၈နှစ်အရွယ်ကပေါ့’
‘ဟင် ..တကယ်ကြီးလားအမေ၊
အမေ့ဘဒွေးက သရဲနဲ့တကယ်
ပက်ပင်းတိုးတာလား သေချာလို့
လား အေမရာ’
အမေက စဉ်းစားစရာမလိုဟန်ဖြင့်
ချက်ချင်းပဲ…
‘အံမယ် ငါ့ဘဒွေးက အရက်သာ
သောက်တာ လိမ်မပြော
တတ်ပေါင်တော် ‘
သိချင်ဇောနဲ့ အမေးမှားသွားတာ
ကို ချက်ချင်း ဘရိတ်ဖမ်းလိုက်ပြီး
အမေ့ကို သေချာအောင် မေး
လိုက်တယ်။တော်နေကြာ ဆက်
မပြောပဲ စိတ်ကောက်သွားမှာ
လည်း စိုးရတယ်လေ။
‘အမေကလည်းဗျာ
ကျနော်က အမေက မေ့တတ်လွန်း
လို့ သတိပေးတာပါ ၊ အမေ အဲဒီ
အကြောင်းတွေ မှတ်မိသေးလား
ဟို ..အမေ့ဘဒွေး အဘိုးလေး
ပြောပြတဲ့အကြောင်းလေ ‘
အမေက သူ့ကိုယ်သူ ယုံကြည်
စိတ်ချဟန်ဖြင့်…
‘ ဟဲ့ ငါက ဗြုန်းစားချည်းဆိုသာ
မေ့တတ်တာပါ အကောင်ရဲ့။
ကိုယ့်အမေများ မင်းတို့က
အထင်သေးသကိုး…၊
ဘဒွေးးပြောပြတဲ့အကြောင်းတော့
၏ သည်မရွေး အကုန်မှတ်မိပါ့တော်’
‘ ဟာ ဒါဆို သားကို ပြန်ပြောလေနော် အမေ, သား ဇာတ်လမ်းရတာ
ပေါ့ ‘
အမေက သူ စကားပြောဖော်ရပြီ
ဆိုတဲ့ အတွေးနဲ့ ပျော်သွားပုံပဲ။
လူကြီးဆိုတာကလည်း စကား
ပြောဖော် သိပ်လိုချင်သကိုး။
ကျနော်တို့လူငယ်များကတော့
ထိုအထီးကျန်လူကြီးများနဲ့
စကားပြောဆိုကြခြင်း မရှိသ
လောက် နည်းပါးသွားကြလေပြီ။
အားရင် ဖျော်ဖြေရေးအစီအစဉ်များ
ကြည့်ချင်ကြည့်၊ မကြည့်ဖြစ်ရင်
လည်း ဂိမ်းကစားနေကြသည်သာ။
ခု ကြည့်ပါ စကားပြောချင်လွန်း
တဲ့အမေဟာ အဖော်ရပြီဆိုပြီး
အားရပါးရပြောဖို့ ထင်ရဲ့။ သူ့မျက်
နှာမှာ ဖုံးအုပ်ထားတဲ့ mask ကို
ဖြုတ်ပြီး ကျနော့်ကို…
‘ သွား လက်ဆေးချေ ၊ မင်း လက်
ဆေးပြီးမှ ငါ အစဆုံး ပြောပြမယ်၊
သွား …’
ဟင် ဘာမှလဲ မဆိုင်ဘူး။ဒါပေသိ
ကျနော် မငြင်းရဲဘူးလေ။ အမေက
လက်မဆေးရင် ပြောပြမယ့်ပုံမှ
မရတာ။အဲသည်တော့ သူ့အလိုကျ
ကျနော် လက်သွားဆေးရသည်ပေါ့။
အမေ ပြောပြသည့် တစ္ဆေ
အကြောင်းက စိတ်ဝင်စားဖို့
ကောင်းသလို ရယ်လည်းရယ်ရ
ကြောက်လည်း ကြောက်ဖို့
ကောင်းပါတယ်။ အဲ့ဒီ တစ္ဆေဇာတ်
လမ်းအကြောင်း လိပ်ပတ်လည်ဖို့
ဆိုရင် ကျနော့် အဘိုးလေးရဲ့
အကြောင်းက သိထားမှ ဖြစ်မယ်။
ဇာတ်လမ်း မရေးခင် အဘိုးရဲ့
သဘောသဘာဝကို တင်ပြထား
ရမယ်ဗျ။
ကျနော့်အမေရဲ့ဘဒွေး နာမည်က
ဦးလှမောင်တဲ့။ ကျနော်နဲ့ဆို အဘိုး
တော်မည်ထင်ပါတယ်။ ကျနော်တို့
အမေရဲ့ အမေ့(အဖွား)မောင်
အဘိုးက
မြင်းလှည်းမောင်းတယ်ဟုသိရပြီး
လူပျိုလူလွတ်ဖြစ်ကြောင်း၊အရက်ကို ခုံမင်စွာ သောက်သုံးတတ်
ကြောင်း စစနောက်နောက်နဲ့ ပျော်တတ်ကြောင်းသိရပါတယ်။
အဘိုးတို့ အရက်ကြိုက်ပုံကတော့
သေသည်အထိ အရက်ကို ခုံမင်
စွာ သောက်သွားခဲ့ပြီး၊အိမ်ထောင်
လည်း အတည်တကျ မပြုခဲ့ဘူးတဲ့။
မြင်းလှည်းဂိတ်ကို စျေးလာ
ရောင်းသော တြိတ်မှုန့်သယ်
ဒေါ်ချိုနှင့် ဘာလိုလို ညာလိုလို
ဟုသာ သတင်းထွက်ခဲ့တယ်ဆို
လားပါပဲ။ အင်းပေါ့လေ အရက်
သမားဆိုတော့ အတည်တကျ
ယူမယ့်သူ မရှိတာလည်း ဖြစ်မှာပေါ့။ အဘိုးတို့ မြင်းလှည်းဂိတ်က
အရိပ်အာဝါသ အလွန်ကောင်းပြီး၊
ကျုံးရေကို မြေအောက်ပိုက်ဖြင့်
ဆက်သွယ်ရယူထားသော ကျုံးရေ
ကန်လည်း ရှိတယ်။အဲ့ဒါကြောင့်
လည်း စျေးသယ်အချို့ဟာ မြင်း
လှည်းဂိတ်မှာ စျေးရောင်းရင်း
အရိပ်ခိုကြ ရေခပ်သုံးကြပုံရတယ်။
ဆေးကြောဖို့တို့ ဘာတို့နေမှာပေါ့။
အမေတို့ကလေးဘဝက ခေါင်းရွက် ဗျတ်ထိုး စျေးသယ်၊ နှီးတောင်း နှစ်တောင်းကို တံပိုးဖြင့်
လျှိုထမ်းရောင်းသည့် စျေးသယ်
ခေါင်းမူးစုတ်ကို ခေါင်းခုကာ
ဆီပုံးရွက်လာသည့် စျေးသယ်
စသဖြင့် အတော်ပင်စုံလှသကိုး။
ပုဂံပုန်းရည်ကြီးဟု အော်ကာ
အညာဒေသထွက် ပုန်းရည်ကြီး၊
ထန်းလျက်ခဲ၊ ဇီးဆုပ်(ဇီးထန်းညက်
မကျည်းပြား လာရောင်းသော
ညောင်ဦးသားများ၊
မုန့်တီ .. ခိုတောင်မုန့်တီဟု
ခေါ်သော ဧရာဝတီမြစ် အနောက်
ဘက်ကမ်းစစ်ကိုင်း-မင်းကွန်းသွား
ကားလမ်းနံဘေးက ခိုတောင်ရွာမှ
အလွန်စားကောင်းသော ခိုတောင်
မုန်တီအသုပ်သည်၊
ဂျုံယို ၊ကာလသပါးယို၊သာကူ
ယို ဟုအော်ကာ ကုလားဒန်အိုး
ကြီး ပြောင်ဝင်းနေသော စျေးသယ်
မြေအိုးမည်းမည်းဖြင့် မုန့်လက်
ဆောင်း နံကထီးဟူသော အအေး
သယ်။
တြိတ်မှုန့်၊ငှက်ပျောထုတ်၊
ကောက်ညှင်းထုတ်၊ပြန်ပေါင်းထုတ် ရောင်းသော
ဒေါ်ချို ဟူသော စျေးသယ်။
အညာစောင်သယ်၊ နှီးကြောဖျာ
သယ်၊နောက်ဆုံးဗျာ ဟိုတခေတ်
က အလွန်ထင်ရှားခဲ့သော
မစီမာ ဇီးထုပ်တို့ ဘင်ခရာကို တ
ဒုန်း ဒုန်းထုကာ လာပြီနော် လာပြီ
နော် လေပုပ်ထုတ်ဆေး …
စျေးသယ်မှန်သမျှ အဘိုးလေးတို့
တမာရိပ် မြင်းယာဉ်ဂိတ်ကို မနားပဲ
ကျော်မသွားကြ။ လူကြီးနှစ်ယောက် လက်ဆန့်သိုင်းဖက်ရင်တောင်
မနည်းထိအောင် ဖက်ရသည့်
တမာပင်ကြီးဟာ အလွန် အရိပ်
အာဝါသ ကောင်းလွန်းသည်ဟု
ဆိုပါ၏။
အဘိုးတို့ခေတ်က မြင်းလှည်း
မောင်းသမားများ စုဝေးရာ တမာပင်ကြီးသည် ယခုအခါ၌ လမ်းဖြင့်
မလွတ်၍ ခုတ်လှဲလိုက်ပြီဟု
အမေက ပြောပြ၍ သိရ၏။
တမာပင်ကြီးကို အစွဲပြု၍..
‘တမာရိပ် စုပေါင်းမြင်းယာဉ်ဂိတ်’
ဟု ဆိုင်းဘုတ်တင်ထားသော်ငြား
လည်း အမှန်တကယ်မှာ မြင်းလှည်း အစီးရေက အလွန်နည်းပါတယ်တဲ့။ ဘုံထိုင် မြင်းလှည်းက
၅စင်းသာ ရှိပြီး၊ ဂိတ်အတည်တကျ
မထိုးတတ်တဲ့ မြင်းလှည်းအချို့လည်း ရံဖန်ရံခါ ဂိတ်လာထိုး
တတ်ကြောင်း အမေက ပြန်
ပြောင်းအောက်မေ့ဖွယ်
ပြောပြတယ်။ အမေက ပြောပြ
တယ်ဆိုတော့ အမေ့ရဲ့ဘကြီး
ကျနော့် အဘိုးလေးက ဇာတ်လိုက်
ဖြစ်ရောပေါ့။ တြိတ်မှုန့်သယ် ဒေါ်
ချိုက မင်းသမီးပေါ့ ။ ဗီလိန် ခေါ်ရမ
လား ဒုတိယမင်းသားပြောရမလား
နောက်တစ်ယောက်ကတော့ အ
ဘိုးလေးနဲ့ တစ်ဂိတ်တည်း အတူ
မြင်းလှည်းမောင်းတဲ့ မြွေပွေးသိန်း
မောင် ဟုခေါ်ပါသတဲ့ခင်ဗျာ။
မြွေပွေးသိန်းမောင်ဆိုလို့ ကြေး
စားလက်ဝှေ့ထိုးသတ်သူလို့များ
ထင်သွားကြပါသလား။မဟုတ်ပါ
ခင်ဗျာ။ လူက အရက်သမား။မျက်
နှာက ဖောသွပ်သွပ်။ ထိုမျက်နှာန့ဲ့
မလိုက်ဖက်သော သေးကွေးပိန်လှီ
လှသော နံရိုးအပြိုင်းပြိုင်း အထင်း
သားရှိတဲ့ ဘော်ဒီစထရပ်ချာရှိ
သောသူ။ အယ်..သူ့ရဲ့ထူးခြားချက်
က စကားအထစ်ပြီး၊ ခပ်ညစ်ညစ်
နွမ်းစုပ်သော ဂျင်းဘောင်းဘီကို
အမြဲဝတ်တတ်သူပါ။
ဦးသိန်းမောင်ရဲ့ အမည်ရှေ့မှာ
မြွေပွေးဟုပူးတွဲခေါ်ဆိုရခြင်းက
တော့ ဒီလိုပါတဲ့။ ဦးသိန်းမောင်က
မန္တလေးသားစစ်စစ်မဟုတ်။ သူက
မကွေးဘက်ကနေ ရေကြည်ရာ
မြက်နုရာဆိုသလို မန္တလေးကို
စားကျက်ပြောင်းလာတဲ့သူ။
သူအရင်က ၄၁လမ်း စိန်ပန်းရပ်
မှာရှိတဲ့ နတ်ညောင်ပင်မြင်းလှည်း
ဂိတ်မှာ ပင်တိုင်ထိုးသတဲ့။အဲ့သည်
မြင်းလှည်းဂိတ်မှာက သိန်းမောင်
ဆိုတဲ့ နာမည်တူ နောက်တစ်ဦး
ရှ်ိလေတော့ ရပ်စွဲရွာစွဲ ခေါ်တတ်တဲ့
မန်းလေးသားဓလေ့အတိုင်း သူ့ကို
မကွေးသိန်းမောင်ဟု ခေါ်ပြီး ကျန်
တစ်ယောက်ကိုတော့ မန်းသိန်းမောင်လို့ပဲ ခေါ်ကြတယ်။
မြင်းယာဉ်ဂိတ်တို့ထုံးစံအတိုင်း
နေ့ဘက် အပူပြင်းချိန် မြင်းများ
နားချိန်မှာ မြင်းလှည်း
မောင်းသမားများဟာ ကြွေပစ်ခြင်း၊ကျားထိုးခြင်းတို့ကို ကွမ်းဖိုးရှင်း
ကြေး၊ညနေ အရက်တစ်လုံးကြေး
ဆော့ကစားတတ်ကြပါတယ်။
အဲ့သလိုကစားရာမှာ ဦးသိန်း
မောင်ဟာ သူ့နာမည်ကို အော်
ဟစ်ကြွေးကြော်ရင်း ကြွေစေ့တို့ကို
ပန်းကန်ထဲ ပစ်လေ့ရှိသတဲ့လေ။
‘ မကွေးသိန်းမောင်ကွ
လာထား ဗာရာ မောက်ခြောက် ‘
သူက ပစ်တိုင်း အဲ့သလို မကွေး
သိန်းမောင်လို့ အော်ပစ်တာကို
ဘေးက ဘယ်လို ဘယ်လို ကြား
ရသလဲ မသိပါဘူး။သူ့အလှည့်
မြင်းလှည်းလာငှားရင်…
‘ မြွေပွေးသိန်းမောင်ကြီး ..
လာဗျို့ စျေးချို တစ်ခေါက်ပို့ပေးအုံး’
‘မြေပွေးသိန်းမောင်ရေ ဘုရားကြီး
ကို ညနေ၄နာရီသွားမယ်ဟေ့
အိမ်လာခဲ့တော့ ‘
မြည်းလှည်းစီးသူများက ခေါ်ရာက
နေ မြွေပွေးသိန်းမောင် ဖြစ်သွား
တာပဲဗျာ ။ သူကလည်း အဲ့သည်
နာမည် မြွေပွေးသိန်းမောင်ဆို
တာကို ကြိုက်နှစ်သွားပုံရတယ်။
ဘာလို့လည်းဆို အဲသည်နောက်
ပိုင်း သူ ဘုရားပွဲစျေးမှာ စုတ်သွား
ထိုးတယ်လေ။ယခုခေတ်လို တက်
တူး မဟုတ်သေးဘူး။စုတ်ထိုး
တယ်ဆိုတာက ဆေးထိုးအပ်လို
အချွန်နဲ့ လူရဲ့အသားကို တဒုတ်
ဒုတ်ထိုးတာ။ ခေတ်မမှီတော့
အလွန်နာတယ်။ ဦးသိန်းမောင်ရဲ့
လက်ဖျံမှာ မြွေပုံ ထိုးထားသဗျ။
ထိုးတာတော့ မြွေပုံပါပဲ။ဒါပေသိ
သူ့ခမျာ နာလွန်းလို့ လူးလွန့်နေ
တော့ မြွေပုံက မြွေနဲ့မတူ။
တီကောင်လိုလို ငါးရှဉ့်လိုလို
ဖြစ်နေရှာတယ်။ ဒါပေမယ့် သူက
အဲ့ဒီပုံပါတဲ့ လက်ဖျံကို ကျန်တဲ့
လက်နဲ့ပုတ်ကာ ပုတ်ကာ
ဟိတ် ဘာမထီဘွား အာဇာနည်သား မြွေပွေးသိန်းမောင်တဲ့နော်
ဟု ဟစ်ကြွေးတတ်ပါသတဲ့လေ။
မြွေပွေးသိန်းမောင်ပေါ့။
အဘိုးလေးဦးလှမောင်နဲ
့မြွေပွေးသိန်းမောင်တို့ဟာ ဒေါ်ချို
ရောက်မလာခင်က ဆိုးတူကောင်း
ဖက် အရက်အတူသောက် သူငယ်
ချင်းအရင်းကြီးများသာ။ နောက်
ပိုင်း တြိတ်မှုန့်သယ်ဒေါ်ချို ဂိတ်ကို
စျေးလာရောင်းရင်း နေ့ဖက်နားချိန်
မှာ အဘိုးလေးနဲ့မြွေပွေးသိန်း
မောင်တို့ဟာ အကြိုက်တူပြီး
အပြိုင်ပိုးပန်းရာကစ၍ မဟာရန်
သူတော်ကြီးတွေ ဖြစ်သွားပါတော့
တယ်။
မြွေပွေးသိန်းမောင်နဲ့ ဘိုးလေး
လှမောင်တို့ဟာ တြိတ်မှုန့်သယ်မ
လေး မချိုကို အပြိုင်ပိုးပန်းကြပါ
တော့တယ်။
မချို(ဒေါ်ချို)က အဲ့သည်တုန်း
ညိုညိုစိုစိုနဲ့ ချစ်စရာ အလွန်ကောင်းသော အလှယမင်းတစ်ပါးပေါ့။
အဲ့သည် အချစ်လေးတင်ပြိုင်ပွဲမှာ
ကျနော်တို့ အဘိုးလေးက အနိုင်ရ
သွားတယ်။ မြွေပွေးသိန်းမောင်က
ပိန်လှီလှီ ကမ္မဌာန်းအရိုးစုကို
ဗန်းမုန့်အဝိုင်းတပ်ထားသလိုဆို
တော့ တော်ကီကြွယ်တဲ့ ဂိုက်ဆိုက်
နည်းနည်းပိုကျတဲ့ အဘိုးလေးကို
အရှုံးပေးလိုက်ရတယ်။
အဲ့သည်မှာ အချစ်ရှုံးသမားကြီး
ဒသဂီရိလို အမုန်းမီးတောက်
လောင်ခဲ့သူက မြွေပွေးသိန်းမောင်
အချစ်ရှုံးတဲ့ဒဏ်ကို သူက အရက်
သောက်ရင်း ကုစားသတဲ့။ အရင်
က မြွေပွေးသိန်းမောင်ဟာ ညနေ
မြင်းလှည်းသိမ်းချိန်မှသာ အရက်
ကို သောက်တာ။အခုတော့ အဲလို
မဟုတ်တော့ပေ။ မနက် လှည်းမ
ကခင်ကတည်းက ညကအရှိန်ကို
ဖြေရင်း နေ့ညလည်ပတ် သောက်
တတ်သူ ဖြစ်သွားလေပြီ။
ရက်ကိုလစားလို့ အခါတော်ကျ
ချိန်ရောက်ခဲ့ပြီ။မှတ်မှတ်ရရဟု
ဆိုရမည်လားမသိ။ သင်္ကြန်အကျ
နေ့ကြီးမှာ မြွေပွေးသိန်းမောင်ဟာ
အရက်အလွန်အကျွံသောက်သုံး
ရင်း ဦနှောက်သွေးကြောပြတ်ကာ
ဆုံးပါးသွားခဲ့ပါတယ်။
လှမောင်ကတော့ မသိရှာပေ။
ချစ်သူနှင့်အတူ မန်းလေးတောင်ဘက် ရေပက်ခံထွက်နေသတဲ့လေ။
တကယ်လို့သာ အကြိုနေ့ညက
အရက်သောက်ဖို့ချိန်းတာ မလာခဲ့
လို့ စိတ်ဆိုးနေတဲ့ မြွေပွေးသိန်း
မောင်က သူ့ကို တြိမ်းဝါးသွားတာ
ကိုများ သိမယ်ဆိုရင်….
မြွေပွေးသိန်းမောင်က သူ့သူ
ငယ်ချင်းကို အရမ်းမမုန်းပါဘူး။
သူ အကြိုနေ့မှာ သူငယ်ချင်းလှ
မောင်နဲ့အတူသောက်ချင်လို့
ချိန်းဆိုခဲ့ပုံပါပဲ။အရက်ကိုလည်း
နှစ်ယောက်စာ မှာထားပါတယ်။
လှမောင်က မလာတော့
မြွေပွေးကြီးက သည်လို တြိမ်း
ပါသတဲ့။
” သူတောင်းစား ဒင်းကို
စောင့်ရင်း ငါသောက်တာ
အကုန်ကုန်ပြီ။ အေး ငါများ
တစ်ခုခု ဖြစ်လို့ကတော့
ဒင်းတို့ ပျော်နေရမယ် မထင်နဲ့
တစ္ဆေဘဝနဲ့ နှစ်ယောက်လုံးကို
ဒုက္ခပေးအုံးမှာ …..”
မြွေပွေးသိန်းမောင် -၂
…………………….
#Pe Pe
(၁)
လှမောင် အရင်အချိန်တွေကို
ပြန်၍ သတိရလွမ်းဆွတ်မိနေ၏။
ဘယ်အချိန်တွေကို သူ သတိရနေ
ပါသလဲ။ သိန်းမောင်နှင့် မရှိအတူ
ရှိအမျှ ပျော်ရွှင်စွာ သောက်စားမူး
ယစ်ခဲ့ရသော အချိန်များပဲပေါ့။
မြွေပွေးသိန်းမောင် ..ဒီကောင်
က အချစ်ဆုံးသူငယ်ချင်းပဲလေ။
သူ့အပေါ်လည်း အနွံတာခံတတ်
သလို တခြားသောက်ဖော်စားဖက်
များကိုလည်း ပျော်ရွှင်စေခဲ့သူပေါ့။
မကွေးသားမို့ မကွေးသိန်းမောင်
လို့ အမည်ပေးရာမှ သူ့ကျမှ
ထူးထူးခြားခြား မြွေပွေးသိန်းမောင်
ဖြစ်လာခဲ့ရသူ။
သူတို့လို ဘဝသမား၊မြင်းလှည်း
မောင်းသူ အများစုသည် ညနေပိုင်း
ဆိုလျင် ၁၉လမ်း အောင်ဘော်ဂိတ်
အနီးက ဒေါ်သန်း၏ချက်အရက်
ဆိုင်လေးမှာ ဆုံမှတ်တစ်ခု ဖြစ်ခဲ့
သည်။
ထိုခေတ်အခါက လျှပ်စစ်မီးကို
အိမ်တိုင်းစေ့ ထွန်းလင်းနိုင်သည်မ
ဟုတ်။ရေနံဆီမီးခွက်၏ အလင်း
ရောင်အောက်မှာ ပုလင်းကို
ခါးဖြတ်ထားသော ဖန်ခွက်များဖြင့်
ယမကာကို နှစ်ခြိုက်စွာ မျောချရ
သော အခါသမယပင်။
ယခုခေတ် လူငယ်များလို
ဆာတေး၊ဂဏန်းမဆလာ၊ငါးသံ
ပုရာပေါင်းဆိုတာ သူတို့နှင့် လား
လားမှမဆိုင်။သူတို့၏အမြည်းက
နှမ်းဖတ်ချဉ်တစ်မျိုးတည်းသာ။
ငွေစလေးများ ရွှင်လာရင်တော့
မိမိအိမ်က ကြော်လှော်ထားသော
အမဲသားကြော်ကို အိမ်က မိန်းမ
သို့မဟုတ် အမေ မသိအောင် ယူ
ဆောင်လာကာ မြည်းကြ၏။
တရုတ်စားသောက်ဆိုင်များက
မန္တလေးရမ်ဆိုတာ၊အခေါက်ကင်၊
ဝက်သားသုပ်ဆိုတာ သူတို့ အနံ
လောက်ပဲ ရှုမိကြသည်။ သူတို့နဲ့
မအပ်စပ်ဟုပင် ယူဆကြလေသ
လားမသိ။ယောင်လို့တောင် လှည့်
မကြည့်ခဲ့ကြပေ။
မြင်းလှည်းတိုက်ရသည်က နေ့
စဉ် ငွေစကြေးစ ရွှင်သည်မဟုတ်။
ရံဖန်ရံခါ မြင်းစာဖိုးပင် အနိုင်နိုင်။
အဲ့သည်တော့ သူတို့ခမျာ ညနေ
နေညိုလို့ အေ့ကနဲ အက်ကနဲ လေ
ပြိုလာပြီဆိုလျင် အမြဲတမ်းသောက်
ဖော်များသည် အချင်းချင်း မေးငေါ့
မျက်စောင်းထိုး၍ …ညနေဖိုး (ဝါ)
အရက်ဖိုး ရပြီလား မေးကြ၏။
နှစ်ယောက်ပေါင်း ချက်အရက်တစ်
လုံးဖိုး၊ တစ်လုံးခွဲဖိုး စုပေါင်း၍ ရ
ပြီဆိုလျင် ထိုနေ့ညနေ ဒေါ်သန်း
ချက်အရက်ဆိုင်ကို ချီတက်ကြပါ
၏။ အရှိန်ရလို့ သောက်ကောင်း
ပြီဆိုကြပါစို့။ အရက်က ထပ်မှာချင်
ပိုက်ဆံက မလောက်ငလျင်…
ဒေါ်သန်းကို မျက်နှာချိုသွေး၍
အကြွေး တစ်ပိုင်း ..တစ်လုံး စသ
ဖြင့် မျက်နှာငယ်လေးများနှင့် ထပ်
မှာသောက်ကြပြန်သည်။
နှမ်းဖတ်ချဉ်လို စျေးပေါသည့် အ
မြည်းတောင် ဒေါ်သန်းက အမြဲ
တမ်း အလကားချပေးနိုင်သည်မ
ဟုတ်။ရဲကြေး ပေးရသည့် သူမ၏
အရက်ပုန်းဆိုင်လေးမှာ ခနော်နီ
ခနနော်နဲ့မို့ တခါတလေများမှာ
တော့ သောက်သုံးသူများအပေါ်
စေတနာရှိပေမင့် ငွေအသပြာမဲ့
လေသောအခါ ကျုံးရေကိုသာ
အလကား ကြိုက်သလောက် ယူ
သောက်ကြပါလို့ ခပ်ပြုံးပြုံးလေး
ပြောရှာသည်။
ထိုနေ့လို အခါမျိုးမှာတော့ ကျွန်
တော်တို့ဇာတ်လိုက်ကျော် မြွေပွေး
သိန်းမောင်က ကြံလာဖန်လာ
တတ်ပါသည်။ ၁၉လမ်း ၈၉လမ်း
အနောက်ဘက်သည် ရှေးဘုရင်
များလက်ထက်ကတည်း ရှိခဲ့တဲ့
ဟူးရား သမား စသော ပုဏ္ဏားတို့
၏ ဝင်းခြံအကျယ်ကြီးများ၊ ဘုရား
ကျောင်းများသည် ယခုထက်တိုင်
မြင်တွေ့နိုင်ပါသေးသည်။
ထို ပုဏ္ဏားဝင်းခြံများမှာ သစ်ပင်
ပန်းမန်တို့လည်း ဖြစ်ထွန်းလှ၏။
တရုတ်မန်းကျည်းခွေပင်၊ မန်းကျည်းရွက်နုပင်၊သီးသီးပင်၊ဆီးဖြူသီး
ပင် စသော အပင်ကြီးများ၊ အိမ်
တိုင်းစေ့ အလေ့ကျပေါက်နေသော
တရုတ်စကားဖြူပင်များမှ စကားဖြူ
ပန်းရနံ့ဟာလည်း လမ်း
တလျှောက် မွှေးပျံ့နေတတ်သည်။
မြွေပွေးက သူ့ဖောက်သည်များ
ဖြစ်သော ပုဏ္ဏားလူမျိုးများနှင့် လွန်
စွာ ရင်းနှီးလေတော့ ထိုသူတို့ ခြံ
ဝင်းထဲက ဆီးဖြူသီးများကို လွတ်
လပ်စွာ ခူးဆွတ်နိုင်လေ၏။
အဲသည်တော့ မြွေပွေး ဆီဖြူသီး
ခူးလာပြီးရင် ဘာလုပ်သလဲ။ဟုတ်
သည်။ဆီးဖြူသီးချည်း မြည်းလို့မ
ကောင်း။သူနှင့်လိုက်ဖက်ရာတစ်ခု
က လိုသေး၏။
အဲဒါကတော့ ကျွန်တော်တို့
တိုင်းရင်းဆေးစစ်စစ်ဖြစ်တဲ့ လျက်
ဆားပါခင်ဗျ။ လျက်ဆား ဘယ်က
ရသလဲ။ ကျွန်တော်တို့ ၁၉လမ်း
တောင်ဘက် သမားတော်ကြီး
ဆရာညိမ်းဆေးတိုက်ကြီး ရှိပါ
သည်။ထိုဆေးတိုက်သည် အလွန်
ထင်ရှားကျော်ကြားပါသည်။
ရပ်နီးသာမဟုတ်ရပ်ဝေးကပင်
လာရောက်ကုသကြသော တိုင်း
ရင်းသမားတော်ကြီးဆေးတိုက်ပင်
ဖြစ်လေသည်။ ဆရာကြီးသည်
လာသမျှ လူနာကို မေတ္တာဖြင့်
နွေးထွေးစွာ ကုသပေး၏။ တခြား
သောဆေးခန်းများနှင့်မတူ အဖိုးအ
ခလည်း အလွန်ချို၏။ အဖိုးအခ
မတတ်နိုင်သူများဆိုပါကလည်း
အခမဲ့ကုသပေးတတ်သေး၏။
့ဆေးတိုက်၏ ထူးခြားချက်မှာ
ဆေးတိုက်ရှေ့၌ မြင်းများသောက်
ရန် ရေကန်ထားရှိခြင်း၊ လျက်ဆား
အခမဲ့လှုဒါန်းခြင်းပင်ဖြစ်သည်။
မြွေပွေးက ဆရာညိမ်းဆေးတိုက်
မှ ဆေးဆရာများနှင့်လည်း ရင်းနှီး
လေ၏။ ထို့ကြောင့် သူက လျက်
ဆားကို ထိုဆေးတိုက်မှ တောင်း
ယူလာခြင်းဖြစ်သည်။
အမြည်းဖိုးမတတ်နိုင်လို့ များတော့
အရက်နဲ့ ဆီးဖြူသီး လျက်ဆား
တစ်တို့လောက်သာမြည်းကြည့်
ကြက်သားသုပ် နံကင်ပြန်ကြော်
ဘဲကင်တို့ မေ့သွားမယ်။ မေ့မှာပေါ့
ချဉ်ကချဉ် ဖန်လည်းဖန်တွတ်သည့်
အထဲ လျက်ဆားကလည်း ငံသေး
သကိုး။မြည်းကြည့်လိုက်ပါ နော်။
မြွေပွေးက သောက်ဖော်စား
ဖက်များအပေါ် အဲ့လောက်ပဲလား
ဆိုတော့ မဟုတ်သေးဘူး။ သူ
မြင်းလှည်းမမောင်းခင်က ဇာတ်ထဲ
ကားလိပ်ဆွဲ၊ ဇာတ်သေတ္တာထမ်း
တောက်တို လုပ်ဖူးသေးတယ်။
ဆိုတော့ကာ ..မြွေပွေးကြီးက
အငြိမ့်တွေ ဇာတ်ပွဲတွေလည်း
ဝါသနာပါသေးတယ်။ဇာတ်ရူးလို့
လည်း ပြောလို့ရသေးတယ်။အဲ
သည်ခေတ်က ယခုလို တီဗွီဆို
တာ မပေါ်သေး။ကက်ဆက် ရေ
ဒီယိုလောက်သာ ရှိတာ။ကက်စက်
ရှိတဲ့အိမ်ကလည်း သူတို့အိမ်
ကက်စက်ရှိတာ လူသိစေချင်တော့
အသံအကျယ်ကြီး ဖွင့်လေ့ရှိတယ်။
မနက်ဆို ကြာနီကန်ဆရာတော်
ပြီးရင် မာမာအေးတို့ တင်တင်မြတို့
တေးသံသာ။ အဲ..နေ့ခင်းဘက်ကျ
မြွေပွေးအကြိုက် ကက်စက်ဇာတ်
လမ်းခွေ ဖွင့်ပြီ။ ကောလိပ်ဂျင်နေ
ဝင်းရဲ့ ဗိုလ်အောင်ဒင်တို့၊ အကယ်
ဒမီ ဦးမြတ်လေးတို့ မောင်ကြေးမုံ
တို့ ဓနုဖြူကြည်ကြည်သိန်းတို့ အစုံ
ပဲပေါ့။
လူကသာ စကားထစ်တာ။မြွေ
ပွေးက ကက်စက်ဇာတ်လမ်းခွေထဲ
က စကားပြော လေယူလေသိမ်း
ကို တစ်ထပ်တည်းနီးပါး ပြန်ပြော
ပြတတ်တယ်။ မြွေပွေး မူးလာလျင်
တခြားဝိုင်းက အရက်သမားကြီး
ကြီးငယ်ငယ်တို့က တစ်ယောက်
တစ်မျိုး တောင်းဆိုတတ်ကြသည်။
အိုက်တင်ကလည်းကောင်း၏။
တစ်ခါတရံ မြွေပွေးပါးစပ်က
ဒသနဆန်သော ဖလော်ဆိုဖီအ
တွေးအချို့လည်း ဆိုတတ်လေ၏။
အရက်သမားတွေက …
– ကိုမြွေပွေး ဘီအီးဒီအောင်သိုက်
ရဲ့ မြညိုလေး လုပ်ပါအုံးဗျ
-မြွေပွေး ငါတို့ကို တွံတေးသိန်း
တန်ရဲ့ စိုး သင်္ဘောပေါ်တက်ခဲ့
မယ်လေး လုပ်ပြပါအုံးဟ
– ဟာ ကောလိပ်ဂျင်ကြီးရဲ့
ဗိုလ်အောင်ဒင် လုပ်ပြကွာ
– ဂီတစာဆို မောင်ကြေးမုံရဲ့
အသံလေးလုပ်ပြပါလား
-ဓနဖြူကြည်ကြည်သိန်းရဲ့
ကြောင်မျက်ရှင်စိန်စိန်ကွာ
-မြတ်လေး အိုက်တင်လေး
လုပ်ပြပါလား ကိုမြွေပွေး
စသဖြင့် စုံလင်စွာ သူတို့ဆန္ဒကို
တောင်းဆိုတတ်ကြသည်။
ဒီသောက်ပေါ ငမူးကလည်း
မြှောက်ပေးလို့ကတော့ ဂွေးတက်
အောင် ကပြတတ်သူပင်။ မငြီးမငြူ
လူစုံတက်စေ့ အကုန်လုပ်ပြတတ်
သည်။
အရက်ဆိုင်ထဲ မြင်းလှည်း
ဂိတ်ထဲ မြွေပွေးသိန်းမောင်ရှိလို့က
တော့ တသောသော တဝေါဝေါ
ပွဲကျနေတော့သည်။
တစ်ရက်သားကျ သိန်းမောင်နဲ့
လှမောင် ဘိုင်ကျကျနဲ့ အရက်တစ်
လုံးကို ခွဲတမ်းချသောက်နေကြ၏။
သူတို့နှစ်ယောက်၏လစ်မစ်က
ချက်အရက်၂လုံးလောက်မှ မူး
သွားတတ်ကြတာ။ခု သူတို့ မစို့မပို့
ဖြစ်နေလေ၏။ကုန်လုလု အရက်ပု
လင်းကို မြွေပွေးက မြှောက်ကိုင်
ကြည့်လိုက်ပြီး စကား,စလာ၏။
” ဟေ့ကောင် လှမောင်..
မင်းတို့ ငါတို့ ဘာလို့ အရက်
သောက်တာလဲ သိလား ”
ဟော စလာပါပြီ။မြွေပွေးရဲ့ဒသန
တွေက ဘယ်လိုလာအုံးမလဲမသိ။
အမေးခံရသူ လှမောင်ကတော့
မျက်လုံးလေး မှေးကာ စဉ်းစား
ကြည့်သည်။
သူ ဘယ်အရွယ်က စ၍ အရက်
သောက်သလဲ မမှတ်မိတော့။
လူပျိုဖော် ဝင်ကာစ ရွာပြန်တိုင်း
ထန်းရည်သောက်တာပဲ သူ မှတ်မိ
သည်။သို့ကလိုဆိုပြန်တော့ သူ
အရက်သောက်လာတာ ဆယ်စု
နှစ်၂ခုမျှ ကျော်ခဲ့လေပြီ။ ခုချိန်ထိ
သူ ဘာလို့ အရက်သောက်တာလဲ
သူ့ဖာသာ မမေးမိပါချေ။
ဘာလို့ သောက်တာပါလိမ့်။ သူ
တစိမ့်စိမ့်တွေးသည်။ အဖြေက
မပေါ်။ အဲ့သည်အချိန် မြွေပွေးက
ထပ်မေးသည်။
” ဟေ့ လှမောင် အရက်ကို
ဘာလို့သောက်တာလဲ
သိလားလို့ ”
သူ့ အကျောတော့မခံလို။လှမောင်
စဉ်းစားလို့ရတာ ပြောလိုက်သည်။
” ဒီလိုကွ မြွေပွေးရ ။
ငါတို့ အရက်သောက်တာ
ပျော်ချင်လို့ မဟုတ်လား။
အရက်သောက်ပြီးရင်
ငါ့စိတ်ထဲ အလုပ်တစ်ခုပြီးမြောက်
သွားသလိုပဲ ခံစားရတယ်။
ကျေနပ်သွားတယ်။ပြီးတော့
အရက်သောက်ပြီးရင် ငါ့ရင်ရှိတာ
တွေ အကုန်ပြောရဲသွားတယ်။
လွတ်လပ်ပေါ့ပါးသွားတယ်။
အဲ့ဒီအရသာကို ကြိုက်လို့
အဲ့ဒီခံစားချက်ကို ကြိုက်လို့
ငါသောက်တာပဲ ..”
လှမောင်၏ စကားအရှည်ကြီးကို
မြွေပွေးက ခေါင်းတငြိမ့်ငြိမ့်ဖြင့်
စိတ်ရှည်စွာ နားထောင်ပြီး
ပြုံးလိုက်လေ၏။ သူ့အပြုံးမှာ
အဓိပ္ပါယ်တစ်ခုခု ပါနေသယောင်။
” မင်းရဲ့အဖြေက မှားတော့
မမှားဘူးကွ၊ဒါပေမယ့် ငါ့မေးခွန်းရဲ့
အဖြေလည်းမဟုတ်ဘူး။
မမှန်ဘူးပေါ့ကွာ ..”
ဟင် ..ဘာကြီးလဲဟ။ဒီကောင့်
စကားက အီလည်လည်နဲ့။ပြီး
တော့ သူ့ဟန်ပန်က ဆရာကြီး
ဂိုက်အပြည့်ဆိုတော့ လှမောင်
ဒေါခွီးသွားပြီး…
” အဲတာဆိုလည်း မင်းမေးခွန်းရဲ့
အဖြေက ဘာလဲ ၊ ဝေ့မနေနဲ့ဟ၊
ဒီမှာ အရက်က မလောက်ရတဲ့
ကြားထဲ လခွမ်း ..”
မြွေပွေးက သူ့မေးစေ့ကို ပွတ်
သပ်ရင်း …
” အင်း …မင်းနားလည်အောင်
ငါ ဘယ်လိုပြောရမလဲဆိုတော့..”
ဒီကောင် နည်းနည်းလွန်လာပြီ။
ဒင်း ပြောပုံက ကိုယ်ကပဲ ဉာဏ်
မမှီသလိုလို ၊ စိတ်အချဉ်ပေါက်
လာသမို့ ခပ်ရွဲ့ရွဲ့ဖြင့်….
” အေးကွာ ငါက ဘုန်းကြီး
လူထွက်ဆိုတော့ ပါဠိလိုပြော
အဲ့တာဆိုနားလည်တယ်..”
” ဟားဟားဟား ..”
လှမောင် စိတ်တ်ိုသွားတာကို
မြွေပွေးက ရယ်သွမ်းသွေးလိုက်
ရင်း ..
” မဟုတ်ဘူးလေကွာ၊
ငါပြောတာက တို့တတွေ အရက်
သောက်တဲ့အခါ တစ်ခွက် နှစ်ခွက်
ဆို ဘာမှ မသိသာဘူးမို့လား၊
ရေချိန်လေးကိုက်မှ အညောင်း
အညာလည်းပြေ စိတ်လည်းပျော်
လွတ်လပ်ပေါ့ပါးသွားတယ်ကွာ၊
အဲ့တာကြောင့် အရက်ကို ဘာလို့
သောက်လဲဆို မူးချင်လို့ပေါ့
မူးချင်လို့ မူးချင်လို့ဟ …”
သိပြီ။လှမောင် မြွေပွေးစကားကို
နားလည်သွားပြီ။ အရက်က တစ်
လုံးထဲဆို သူရော ကိုယ်ပါ အဆင်
မပြေပါ။ ဆန့်တငံ့ငံ့နဲ့ ဟိုမရောက်
သည်မရောက် ဖြစ်နေ၏။ မူးချင်လို့
သောက်တာ မမူးတော့ အီလည်
လည်ဖြစ်နေသည်လေ။
လက်စသတ်တော့ မြွေပွေးက
မမူးသေးလို့ ပြောနေခြင်းသာ။
ဒါများ ဟေ့ကောင် နောက်တစ်လုံး
ထပ်မှာကွာလို့ မပြောပဲ၊ အရစ်ရှည်
နေ၏။အမှန်မှာတော့ မြွေပွေး
ဒေါ်သန်းထံ အရက် အကြွေးမမှာ
ရဲလို့ ဝေ့နေခြင်းပင်။
လှမောင်က အလိုက်တသိပဲ မှာ
ပေးလိုက်ပါသည်။
” ဒေါ်သန်းရေ ..နောက်တစ်လုံးဗျို့
ဒီတစ်လုံးဖိုးတော့ မနက်ဖြန်နေ့
လယ်မှ ယူလိုက်တော့၊ ကျနော့်
နာမည်နဲ့ပဲ မှတ်လိုက်ဗျို့ ..”
အော်..မှတ်သားလောက်ပါတယ်
မြွေပွေးရယ်။
အရက်သောက်တယ်ဆိုတာ
မူးချင်လို့ပါတဲ့ ဟားဟား
………………………
(၂)
သေသွားတဲ့ မြွေပွေးကို သူ
ပြန်တွေးနေမိပြန်သည်။ အခု
သူရောက်နေတာက အရင် သူနဲ့
မြွေပွေးတို့ ထုံးသင်္ကန်း ကပ်လှူ
ခဲ့သော ရတနာမဉ္ဇူမြတ်စွာဘုရား
အနောက်မြောက်ဘက်ဒေါင့်က
ဂြိုလ်ပြေနံပြေဘုရား။ လှမောင်
ချစ်သူလေးမိချိုကို စောင့်နေခြင်း
ဖြစ်သည်။
ဒီနေရာ ရောက်လေတော့ သူ
မြွေပွေးကို ပိုသတိရသည်ပေါ့။
ထုံးသင်္ကန်းကပ်ရင်း မြွေပွေးက
ဖယောင်းတိုင်အတိုတွေ ဘယ်က
နေ ယူလာသလဲမသိဘူး။လှမောင်
က ဘုရားပစ္စည်းမယူကောင်းဘူး
ဟုဆိုကာ မြွေပွေးလက်ထဲမှ လု
ယူလိုက်သည်။
ထုံးသင်္ကန်းကပ်တာဆိုတော့
သူတို့တတွေ အားလုံး ခါးတောင်း
မြောင်အောင် ကျိုက်ထားကြပြီး
မျက်နှာပေါ် ဆံပင်တွေပေါ် ထုံးများ
စင်ကာ ပေပွနေကြသည်။
မြွေပွေးက သူ၏ဖယောင်းတိုင်
အတိုများ လုယူသွားသော လှ
မောင်ကို စေ့စေ့ကြည့်ကာ ရုပ်ရှင်
မင်းသားကြီး မြတ်လေးအိုက်တင်
ဖြင့် စနောက်လိုက်သည်။
” သူနဲ့အတူ ထွန်းညိမယ့်
ဖယောင်းတိုင်တွေ မင်းက
ယူသွားလေတော့…
ကိုယ် ဘုရားမှာ ဆုတစ်ခု
တောင်းလိုက်ပါရဲ့ကွယ်၊
ချစ်သူရဲ့လက်ဖဝါးနုနုမှာ
ဖယောင်းမီးအပူ မလောင်အောင်
မင်းပဲ ဂရုစိုက်လိုက်ပါလို့နော်
မင်းပဲ ဂရုစိုက်ပေးပါလို့…”
(ထိုအချိန်က မိချိုနဲ့လှမောင်
သမီးရည်းစား မဖြစ်သေးပေ)
မြွေပွေးက သူ့ရဲ့ပေစောင်း
စောင်း မျက်နှာပေးနဲ့ ခါးကို လက်
ဖြင့်ထောက်ကာအိုက်တင်ပေးရင်း
ခြေချော်လဲပြလိုက်ပြတော့
စေတီကို တံမျက်စည်းနုဖြင့်
ထုံးရည် သုတ်နေသူအားလုံး
တဝါးဝါးဖြင့် ရယ်မောကြလေ၏။
လှမောင် ထိုအဖြစ်အပျက်ကို
ပြန်တွေးရင်း မြွေပွေးကို လွမ်းဆွတ် သတိရမိနေစဉ်…သူ့အနားသို့
ချိန်းထားသော မိချို ရောက်လာ
သည်။မိချို၏လက်ထဲမှာ ထီးဖြူ၊
ဖယောင်းတိုင်၊အမွှေးတိုင်များကိုင်
ထား၏။ သူမ ဂြိုလ်ပြေနံပြေဘုရား
မှာ ယတြာလာချေရင်း သူ့အား
ချိန်းဆိုလိုက်ခြင်းဖြစ်မည်။
” ကိုလှမောင် မိချိုကို စောင့်
နေတာ ကြာပြီလားဟင် ”
မိချို ..ဒီနေ့ လှနေပါ၏။သရက်
ထည် အနီရောင်ဝမ်းဆက်လေး
ဖြင့် ယဉ်ယဉ်လေး လှနေပါသည်။
လှမောင် ချစ်သူကို ကြည့်မဝဖြစ်
နေသလားမသိ။ မိချို ဘာမေးလိုက်
တာလဲ သူ မကြားလိုက်။
” ဟိတ် ..ကိုလှမောင် ၊
ဘာလို့ အဲသလိုကြီး ကြည့်နေတာလဲ။ ရှက်လာပြီရှင့်…”
” အော် …အင်း…
ဟို ဟိုဟာ မိချိုက အရမ်းလှနေ
တော့ ၊ ကိုလှမောင် မကြည့်ပဲ
မနေနိုင်ဘူးလေ…”
မိချိုက အလှဆုံးအပြုံးကို
ပြုံးပြရင်း …
” မယ်…တော်ပါ အပိုတွေ၊
အဲ့သလောက် မြှောက်နေတော့
မိချို မနေတတ်တော့ဘူး ”
မိချို .. ဂြိုလ်ပြေနံပြေဘုရားက
သူမ၏ မွေးနံဂြိုလ်တိုင်ရှိရာကို
သွား၍ ထီးဖြူတို့ ပန်းတို့ကို ပန်းအိုး
ထဲ ထည့်လိုက်သည်။ပြီးတော့ အ
မွှေးတိုင်တို့ကို မီးညိကာ ပူဇော်၏။
နောက်ဆုံးကျန်သော ဖယောင်း
တိုင်တို့ကို ဖယောင်းတိုင်စင်မှာ
မီးပူဇော်ရန် ထွန်းညိရင်း စိုက်ထူ
လိုက်သည်။ တစ်ခုသော
ဖယောင်းတိုင်ကို ထွန်းညိစိုက်ထူ
ရာမှာ ရုတ်တရက် သူမလက်က
လွတ်ကျမလိုလို ဖြစ်သွားပြီး ဖ
ယောင်းရည်ပူတို့ သူမ၏လက်ကို
အပူလောင်သွားစေသည်။
ထိုအချိန် သူမ၏အနောက်နား
ရောက်လာတဲ့ လှမောင်ဟာ
တစ်စုံတစ်ယောက်က သူ၏ပခုန်း
စွန်းကို လှမ်းတွန်းလိုက်သကဲ့သို့
ခံစားလိုက်ရပြီး မိချိုအနီးသို့ စွေ့က
နဲ ရောက်သွားသည်။ လှမောင်
မိချို၏လက်ကို ယူကြည့်လိုက်
တော့ လက်ဖမိုးလေး ရဲနေသည်
ကို မြင်တွေ့လိုက်ရသည်။
လှမောင် ရောက်နေသော
ဘုရားရင်ပြင်ကိုမှ အားမနာ သူ့
စိတ်ထဲ သရိုးသရီ ဖြစ်လာသဖြင့်
ခုနက သူရပ်နေရာကို နောက်ပြန်
လှည့်ကြည့်လိုက်သည်။
ဂြိုလ်ပြေနံပြေဘုရားအနီးဝန်းကျင်
မှာ လူသူကင်းရှင်းနေပါ၏။ ဘုရား
အနီးက သက်ရင့်ခရေပင်ကြီး၏
အရိပ်အာဝါသကလည်း ဤနေရာ
ကို အလင်းဖျော့နေစေ၏။
လှုပ်ခတ်သွားသော ခရေပင်ကြီး
၏ စိမ်းဖန်ဖန် အရွက်များနှင့်အတူ
လှမောင်၏ စိတ်ဝယ် ….
အမျှ အမျှ အမျှနော် မြွေပွေးဟူ၍
ခပ်တိုးတိုးလေး ရေရွတ်လိုက်ပါ၏
နားမလည်သလို သူ့ကို မော့
ကြည့်နေသော မိချိုကတော့ သူမ
နားထဲ မြွေပွေးဟူသော အသံမျှင်
မျှင်လေးကြောင့် တစ်ကိုယ်လုံး
ကြက်သီးမွှေးညင်းများ ထသွားပါ
လေတော့သည်။
မြွေပွေးသိန်းမောင်-၃
………………………..
#Pe Pe
(၁)
မိုးပြိုက်ပြိုက်လေး ရွာအပြီးမှာ
အပွင့်တစ်ချို့ အကင်းတချို့ဟာ
သရက်ပင်ကြီးရဲ့အခြေမှာ ကျဲ
ပြန့်လို့နေပါသည်။
မစို့မပို့ ရွာသောမိုးထက် လေ
အနည်းငယ်ပြင်းသောကြောင့်ထင်
ရ၏။ထိုလေကြောင့်ပဲ မိုးသားတို့
သည် မြောက်ဘက်အရပ်သို့
လွင့်စင်သွားလေပြီ။
မဖြစ်ညစ်ကျယ် မိုးပြိုက်ကြောင့်
ပို၍ပင် အိုက်စပ်စပ်ရှိလေ၏။နေ
သာကျသွားတာ အပူကလျော့မ
သွားချေ။ လှမောင်သည် အိမ်ထဲ
နေရတာ အိုက်စပ်စပ် ရှိလာသော
ကြောင့် သရက်ပင်ကြီးအောက်က
သရက်ပွင့်များ တင်ကျန် ပွရွနေ
သည့် ထန်းပက်လက်ထိုင်ခုံဆီသို့
လျှောက်လာလိုက်သည်။
ထန်းပက်လက်ထိုင်ခုံကို မှောက်
၍ လှုပ်ခါလိုက်မှ သရက်ပွင့်တို့
မြေသို့ ကျသွားသည်။ပခုန်းပေါ်က
ရေချိုးဝတ် ဖျင်ကြမ်းပုဆိုးနဲ့ ခုံကို
ရေသုတ်လိုက်ပြီး လှမောင်သည်
ခုံပေါ် အကျအန ထိုင်လိုက်သည်။
ပက်လက်မှီလိုက်တော့ သရက်
ပင်ကြီး၏အကိုင်းအလက် အသီး
အပွင့်များ၏ ရနံ့ကို ရှုရှိုက်မိသွား
သည်။သရက်က မျိုးကောင်းဖြစ်၏။
အဘအကြိုက် မချစ်စုသရက်မျိုးဖြစ်
သည်။အလုံးလှသလို နစ်စူးစူး ချို
သောအရသာ ရှိလေသည်။
အဘ၏အဖေလက်ထက်ကတည်း
ပျိုးပင်တောင်းယူ စိုက်လာခဲ့တာ
ယခု အရွယ်ပင် အတော်ကြီးရင့်
နေလေပြီ။ တခါမျှလည်း ပိုးမကျဖူး
ခဲ့ချေ။ဤအပင်မှသီးသော သရက်
သီးများကို အဘတို့ အမေတို့သည်
စားလည်းစား လှူလည်းလှူတန်းကြ
သည်။ တစ်နှစ်ကို သရက်သီး ရာ
ကျော်အောင် သီးပေး၏။
အဘသည် သူ့သရက်ပင်ကို
တန်ဖိုးထား ဂရုစိုက်သည်။ သရက်
ပင်ခြေကို ရှင်းသလို၊ အပင်ပေါ်သို့
တက်၍လည်း အကိုင်းအလက်တို့
ကို ရှင်းတတ်သည်။ အကင်းပြူစ
အချိန်ခါများဆို အဘသည် ပို၍
ဂရုပြုလေ၏။ အမေတို့ ဂျီးဒေါ်တို့
သရက်ကင်းကို ငပိရည်နဲ့ မြုပ်စား
လိုသော်လည်း အခူးခြွေမခံ။
အပင်ခြေ မြေပေါ်သို့ ကြွေကျသော
အကင်းလေးများသာ ကောက်ယူ
ခိုင်း၏။ သူ့အပင်ကို အထိမခံချေ။
အဘ၏ မှတ်ဉာဏ်ကား အံဖွယ်
ပင်။ ညာဘက်ကိုင်း ဘယ်အရွက်
အောက်မှာ ဘယ်နှစ်လုံး ၊ဘယ်သို့
ထိုးထွက်နေသည့် ကိုင်းဖျားမှာ
ဘယ်နှစ်လုံး စသဖြင့် သူ့သရက်
ပင်က အသီးများကို နေရာနှင့်တစ်
ကွ အရေအတွက်ကိုပါ အလွတ်ရ
နေတတ်သူပင်ဖြစ်သည်။ ခိုးခူးဖို့
ဆိုတာ သိပ်တော့မလွယ်။
လှမောင် တွေးရင်းပြုံးလိုက်မိ
သည်။ အဘ၏သရက်ပင်မှသရက်
သီးကို မရမက ခိုးယူနိုင်သူမှာ
တခြားတော့မဟုတ်။မြွေပွေးပင်
ဖြစ်လေ၏။မြွေပွေးကား သရက်
သီးအစိမ်းသုပ်ကို အလွန်ကြိုက်
တတ်သူဖြစ်သည်။
နွေနေ့လယ်ခင်းမှာ ငရုပ်သီး
အကြမ်းမှုန့်၊စိမ်းစားငါးပိနှင့်သရက်
သီးစိမ်းကို ဓားဖြင့်တုံးတစ်ထား
သော သရက်သီးစိပ်ကြီးများအား
မြွေပွေးက သူ၏ လက်ဖြင့် အားပါး
တရနယ်ဖတ်ကာ၊ သုပ်စားရခြင်းကို အလွန်နှစ်သက်သူဖြစ်၏။
မြွေပွေး၏လက်ဖြင့် သုပ်ထား
သော သရက်သီးစိမ်းသုပ်မှာ
အစပ်အဟပ်တည့်သည်ထင်ရဲ့။
မြင်းလှည်းဆရာများ တရှုးရှုး
တရှဲရှဲဖြင့် ဝိုင်းတွယ်လိုက်တာ
သုပ်ထားသော ဇလုံပင် ဆေးစရာ
မလိုအောင်ပင်။
သရက်သီးအစိမ်းသုပ် ငရုတ်
သီးခပ်စပ်စပ်စားပြီး၊ ကျောက်မဲ
လ္ဘက်ခြောက်ခပ်ထားသော ရေ
နွေးကြမ်းကို တဖူးဖူး မှုတ်သောက်
ရသည့် အရသာမှာ ထူးကဲလှပါ
သည်။ စားနေသူ၏ တစ်ကိုယ်လုံး
မှ အပူအပုပ်တို့သည်လည်း ချွေး
သီးချွေးပေါက်များ အဖြစ်သို့ ခန္ဓာ
ကိုယ်၏ ပြင်ပသို့ထွက်ကာ ပေါ့ပါး
သွားသည်ဟုထင်ရလေ၏။
ဘေးကဖြတ်သွားသူပင်
သရက်သီးစိပ်တစ်ဖတ်လောက်
အနည်းဆုံး နှိုက် မြည်းမိ
သွားသည်အထိ သရေယိုစရာ
ကောင်းလှပါလေသည်။
အပူကဲသော မန်းရွှေမြို့တော်၏
မန်းသူ/မန်းသားတို့၏နားဝယ်
စိမ်းစားသရက်သီးနဲ့စိမ်းစားငါးပိ
ဆိုတာ ကြားရသည်နှင့် ပါးတြိမ်း
ကာ သရေယိုကြရသည်လေ။
မြွေပွေးသည် နေ့လယ်နေ့ခင်း
အဘ တစ်ရေးတမောအိပ်ချိန်ကို
ရွေးပြီး အိမ်သို့အလည်လာတတ်
သည်။ အဘသည် မြွေပွေးကို
မျက်နှာကြော သိပ်မတည့်လှ။
သူ့သား အရက်သောက်တာ
တားမရသည်မို့ လွှတ်ထားသော်
ငြားလည်း အရက်သောက်ဖော်
အိမ်ကို လာခေါ်သည်အထင်
ရောက်၍လားမသိချေ။ မြွေပွေး
အိမ်သို့လာလျှင် အဘသည် သိသိသာသာ မျက်မှောင်ကျုံ့ထားလေ့
ရှိတတ်သည်။ မြွေပွေးကတော့
လူပါးဆိုတော့ အဘ၏ အရိပ်
အခြေကို မသိလိုက်ဖာသာနေပြီး
ကျန်တစ်အိမ်သားလုံးနှင့် ရင်းနှီး
ကျွမ်းဝင်စွာ တဟီးဟီး တဟား
ဟား လုပ်နေတတ်သည်။
အမေ့ကို ထင်းကူခွဲပေးတတ်
သလို၊ ဂျီးဒေါ်ကိုလည်း ကျုံးရေ
ကူဆွဲပေးတတ်သည်။ဤသို့ အ
လိုက်တသိ နေတတ်ခြင်းကြောင့်
အမေတို့ ဂျီးဒေါ်တို့က မြွေပွေးကို
ခင်မင်ကြသည်။ကျွေးစရာရှိရင်
လည်း မြွေပွေးကို တကူးတက
ခေါ်ယူ ကျွေးမွေးတတ်သည်။
ထိုအခါမျိုးဆိုလျင် အဘက
‘ အလကား .. အဆိပ်ပင်ရေ
လောင်းလို့၊ ကျွေးစရာရှားသလား’
ဟု မြည်တွန်တောက်တီးတတ်၏။
မြွေပွေးကတော့ မကြားယောင်ပြု
ကာ ကျွေးသမျှ မြိန်ယှက်စွာ စား
လေ့ရှိသည်။
လှမောင်တစ်ယောက်ဟာ
မြွေပွေးအကြောင်းကို တွေးနေ
လိုက်တာ၊ ခြင်ကိုက်လို့ ခြင်ကိုက်
မှန်းတောင်မသိ။ အိမ်ထဲကအမေ
ရေနံဆီမီးအိမ် ထွန်းရင်း လှမ်း
အော်ခေါ်လေမှ သတိဝင်လာလေ
တော့သည်။
” ဟဲ့ လှမောင်…
ရေချိုးမှာဆို ချိုးတော့လေ
မှောင်နေပြီဟဲ့ ….”
လှမောင်က ဟုတ်ကဲ့အမေလို့
လှမ်းဖြေရင်း ပက်လက်ထိုင်ခုံမှ
မတ်တတ်ထလိုက်သည်။ဝန်းကျင်
ကား မှောင်နေလေပြီ။ သူ ..ခါးကို
ဘယ်ညာလှည့်ကာ အကြောဖြေ
လိုက်သည်။ တဖျစ်ဖျစ် မြည်သွား
သည်။
လေမတိုက် မိုးမရွာသဖြင့်
ပူစပ်စပ် ရှိလှသည်။ရေချိုးပြီး
တစ်ပိုင်းလောက် သွားသောက်
အုံးမည်ဟု တွေးလိုက်သည်။
နေ့လယ်က အမေ မီးဖိုခန်းမှာ
ဝက်သွေးသွပ်ကို ဆီပူလိမ့်နေတာ
သူ မြင်ထားသည်။
အမေ့အလစ်မှာ အမြည်းစားဖို့
ဝက်သွေးသွပ်ကြော် အနည်းငယ်
နှိုက်သွားလေမှဟု စဉ်းစားလိုက်
သည်။ထိုအခိုက် သူ၏နောက်
ကျောဘက်ဆီမှ တဖတ်ဖတ်ဖြင့်
လှမ်းလာသော ခြေသံကြားလိုက်
ရလေသည်။
ခြေသံက သူ ကြားနေကျ ခြေ
သံမျိုး။ ကျွဲရိုင်းတံဆိပ် ရာဘာဖိနပ်
သံ။အမေက အိမ်ထဲမှာ၊ဂျီးဒေါ်က
မနက်ကတည်းက ရွာကိုခဏပြန်
သွားသည်။တစ်ည နှစ်ညအိပ်ပြီးမှ
ပြန်လာမည်ဟု သိထား၏။
ဒါဆို အဘများလား။ ဟင်!
အဘကလည်း ရာဘာဖိနပ်မစီးပါ
ဘူး။ အဘက အိမ်မှာဆို ခုံဖိနပ်ပဲ
စီးတာ။အပြင်ထွက်မှ ငုံးတံဆိပ်
သားရေဖိနပ်ကို စီးတတ်သူ။
အဘလည်းမဟုတ်ဆိုတော့
အိမ်ရှိ လူကုန်လေပြီ။ဘယ်သူများ
လဲဆိုပြီး သူ ..နောက်ကို အမြန်
လှည့်ကြည့်လိုက်သည်။
ထန်းပက်လက်ခုံနှင့်သရက်ပင်ကြီး
မှတစ်ပါး တခြားဘာကိုမျှမတွေ့ရ။
သူ ဘယ်ဘယ်ညာညာ ဟိုကြည့်
သည်ကြည့် မျက်လုံးအိမ်ကို ရွေ့
လျားလိုက်သည်။
ဖပ်….ဖပ်
သူ ခုနက ကြားရသည့် ရာဘာ
ဖိနပ်သံပင်။အသံက သရက်ပင်
နောက်ကြောဘက်ဆီက ဖြစ်၏။
သူခိုးများလား ။ သူခိုးဆိုတာက
သရက်သီးလာခိုးသော သူခိုးကို
ဆိုလိုခြင်းဖြစ်ပါသည်။
မှောင်သည်ဆိုသော်လည်း ဟို
ဘက်အိမ် သည်ဘက်အိမ်တွေက
ထွန်းထားသော မီးအလင်းရောင်
ကြောင့် ဖြိုးဖြိုးဖြဖြ မြင်နိုင်သေး၏။
လှမောင် အနီးအနားက တွေ့
သည့် လက်တစ်ဖျံစာလောက်ရှိ
မည့် ခပ်ရွယ်ရွယ် သစ်သားတုတ်
တစ်ချောင်းကို ကောက်ကိုင်လိုက်
သည်။ သရက်သီးသူခိုးဆို ကိစ္စ
မရှိပေမယ့်၊ လူစိမ်းဆိုလျှင်တော့
သူ့အား အန္တရာယ်ပြုလာနိုင်သည်။
ထို့ကြောင့် လိုရမယ်ရ မိမိကိုယ်ကို
ကာကွယ်ရန် လက်နက်တစ်ခု
တော့ ဆောင်ဖို့လိုသည်မဟုတ်ပေ
လား။
လှမောင်..ခြေကိုဖွ၍ သရက်ပင်
အနီးသို့ လှမ်းလိုက်သည်။ သရက်
ပင်အခြေ ရောက်သည်နှင့် ဖြတ်
ကနဲ သူ ..သရက်ပင်အနောက်သို့
ခုန်လိုက်ကာ…
” ဟိတ်! မပြေးနဲ့ …”
သူ့အသံ ဟိန်းကနဲ ထွက်သွား
ပေမယ့် သရက်ပင်ကြီးနောက်
ကွယ်၌ မည်သူမျှ ရှိမနေချေ။
ကွစ်! ကွစ်!
မြည်သံနဲ့အတူ တဖျတ်ဖျတ် အ
တောင်ပံခတ်ကာ လင်းဆွဲငှက်အ
ချို့ အပင်ပေါ်မှ ပျံသွားလေသည်။
လှမောင် အရမ်းပင် အံအားတ
သင့်ဖြစ်သွားပါသည်။သူ့ တွေးဆ
ချက်သည် တက်တက်စင်အောင်
လွဲချော်နေသည်မဟုတ်လား။သ
ရက်ပင်နောက်ကွယ်မှာ လူရှိမည်
ဟုထင်ထားသော်လည်း မရှိချေ။
လှမောင် ..ဤနေရာနား နေ
ရသည်ကို သရိုးသရီ ဖြစ်လာ၏။
ပြီးတော့ သူ နောက်ကျောမလုံသ
လို ခံစားလာရသည်။ သူ့အား တစ်
စုံတစ်ယောက်က အမှောင်တစ်နေ
ရာမှ စောင့်ကြည့်နေသလိုလည်း
ခံစားနေရသည်။ မွှေးညင်းများ ထ
လာသလား။ ကျောချမ်းသွားသည်။
ရင်တွေ တုန်လာသည်။ခေါင်း
က ဆံပင်တွေပင် ထောင်လာသ
လား မပြောတတ်။ငယ်ထိပ်ကို
သွေးတိုးလာသည်။
ထိုအခိုက် ဘယ်အချိန်က သူ၏
နောက်ကျောဘက်ကို ရောက်နေ
သည် မသိသော အရိပ်တစ်ခု
သည် လှုပ်ရှားသွားလေသည်။
လှမောင်၏ ကျောဘက်မှ မည်း
မည်းသဏ္ဍာန်ကြီးသည် သူ့ပခုန်း
ပေါ်သို့ အေးစက်စွာ ကျလာလေ
၏။ လှမောင် ကိုင်ထားတဲ့ တုတ်
ချောင်းကို ဆတ်ကနဲ လွတ်ချကာ
အလန့်တကြား အော်လိုက်သည်။
” အား! အမေရေ
သရဲ! သရဲ! …….”
လှမောင် အော်ပြီး မကြည့်ရဲ
သဖြင့် မျက်စိစုံမှိတ်ကာ ထိုက်ချ
လိုက်သည်။ ထိုင်ချလိုက်မှ ထို
မည်းမည်းကြီးက သူ၏ခေါင်းကို
ဖုန်းကနဲ လွှဲရိုက်လိုက်လေတော့
သည်။
” ဖုန်း ”
လှမောင်၏ ခေါင်း ပူထူသွား
လေသည်။ ကြောက်လန့်တကြား
အော်ဟစ်လိုက်သည်။
” အား! အံမယ်လေး!
ကြောက်ပါပြီဗျ ”
မည်းမည်းကြီးထံမှ အသံထွက်
လာပါလေ၏။
” ဟေ့ကောင် ..လှမောင်!
အရက်သမား မူးကြောင်ကြောင်
နဲ့ ဘာတွေ အော်နေတာလဲ ”
ဟင် ..ဒီအသံက အဘအသံပဲ။
သူ အရင်ဆုံး မျက်လုံးကို မှေး၍
ပြူကြည့်လိုက်သည်။ ခုံဖိနပ်ကို စီး
ထားသော ခြေတစ်စုံ အရင်တွေ့ရ
သည်။ တစစ အပေါ်ကို မော့
ကြည့်လိုက်တော့ …လောက်လေး
ဂွကို ကိုင်ထားသော အဘကို
တွေ့လိုက်ရလေ၏။အဘက…
” ခွေးလိုကောင် …
မင်း ..ငါ့ သရက်ပင်က
သရက်သီး ခိုးခူးပြန်ပြီလား ”
လှမောင် သရဲမှတ်လို့ ကြောက်
နေရာမှ သူ့အား သူခိုးလို့ ရိုးစွပ်
လာတဲ့အဘကို မကျေမနပ်ဖြင့်..
ထိုင်နေရာက မထသေးပဲ
” အာ …အဘရာ၊
အိုးစွပ်မစား ခွက်စွပ်မစား
ကျုပ်က ဘာလို့ သရက်သီးခိုးရမှာ
လဲ၊ ကျုပ်လဲ ခုနက ဒီဘက်က
ခြေသံကြားလို့ သူခိုးလားလို့
လာကြည့်တာပါဗျ ”
အဘက သူ့ကို မယုံသလို
သံသယဖြင့် ကြည့်သည်။
ပြီးတော့ လှမောင် ထိုင်ချထား
သည့် အနောက်ဘက် သရက်ပင်
အခြေကို လှမ်းကြည့်ရင်း တစုံတ
ရာကို မြင်တွေ့သွားဟန်တူသည်။
” ဟိတ်ကောင် !
ငါ မင်းကို သိပ်မယုံဘူး၊
မင်း နောက်က ဘာလဲ
ထစမ်း ထစမ်း …ခွေးကောင်”
လှမောင်..အဘပြောမှ သူ၏
အနောက်ဘက်ကို လက်ဖြင့် စမ်း
လိုက်မိသည်။လက်ထဲ လုံးဝန်း
သော ခပ်ချောချောအရာကို စမ်း
မိသွားလေ၏။
လှမောင် မတ်တတ်ထရပ်ရင်း
ထိုအရာကို တစ်ပါတည်းကိုင်လာ
မိသွားသည်။သူ့လက်ကို အဘရှေ့
ထုတ်ပြလိုက်တော့ ..သရက်သီး
သုံးလုံးပြွတ်အခိုင်လိုက်ကြီးက
ဘွားကနဲ ပေါ်လာလေ၏။
အသားမည်းသော အဘ၏
မျက်နှာ ရဲမသွားပါ။ဒေါသကြောင့်
ပိုမည်းသွားပါ၏။လှမောင်ခမျာ
အထုပ်အထည်နဲ့ မိသော ထမိန်
သူခိုးပမာ၊ အဘမျက်နှာကိုကြည့်
၍ အာစေးမိနေတော့သည်။
အဘကတော့ လွန်စွာ ဒေါသ
ထွက်လာပြီးသကာလ လှမောင်
အား …
” ခွေး …ခွေးမျိုး…ခွေးသား
ငါ့ကို ဗြောင်လိမ်ဗြောင်စား
လုပ်တယ်ပေါ့ ၊
မင်း တော့ သေပေတော့ ”
” မဟုတ်…မဟုတ်..မဟုတ်ဘူး
နော်၊ အဘ အထင်လွဲနေပြီ..”
မရတော့ပါ။နောက်ကျသွားလေပြီ။
အဘ၏ဒေါသသည် လှမောင်အား
ပုံကျလေပြီဖြစ်၏။
အဘသည် ပထမ လှမောင်အား
လှမ်းကန်သည်။လှမောင် အနည်း
ငယ်တိမ်းလိုက်တော့ လွတ်သွား၏
အဘ၏ဒေါသက အမြင့်ဆုံးသို့
ရောက်သွားချေပြီ။ အဘသည် ခါး
ပုံစထဲကို လက်နှိုက်လိုက်လေပြီ။
လှမောင် ရှင်းပြချိန်မရတော့ပါ။ခု
နေ သူ မပြေးလျင် နဖူးရော ဂြိုလ်
စောင်းတွေပါ ဘုထပေတော့မည်။
အဘ ခါးပုံစကို နှိုက်တယ်ဆိုတာ
က လောက်စာလုံး ထုတ်လိုက်
ခြင်းပင် ဖြစ်သည်။
လှမောင် အိမ်မကြီးဆီသို့ ဒ
ရောသောပါး ပြေးလေ၏။အဘက
ပြေးသွားသော လှမောင်၏နောက်
သို့ လေးဂွကိုချိန်ကာ ပစ်တော့သည်။
” ဝှီး ……..ဘုတ် ဗတ် ”
” အမေရေ ကယ်ပါအုံးဗျ ..
အမေ့ယောက်ကျား ကျုပ်ကို
အနိုင်ကျင့်နေတယ်ဗျ ..”
လှမောင်အော်သံကြောင့်
အမေ ပုတီးစိပ်နေရာမှ ထလာရ
သလို၊ တစ်အိမ်လုံး ပွက်လော
ရိုက်ကုန်လေသည်။အိမ်ထရံကာ
တွေလည်း အဘ၏လောက်စာ
လုံးတွေ တဘုတ်ဘုတ် ပြေးဝင်
လာသည်။
လှမောင် သွေးရူးသွေးတမ်း
ပြေးလာရာ၊ ဒေါ်သန်းချက်အရက်
ဆိုင်အထိ သူ့လက်ထဲပါလာသည်
ကတော့ ပြသနာသရက်သီးခိုင်
ပင်။
လှမောင် အသေအချာ စဉ်းစား
ကြည့်သည်။ သရက်သီးက ကြွေ
လျင် အညှာမပါပဲ ကြွေတတ်သည်။
အခု သူ့လက်ထဲက သရက်သီးက
တမင်သက်သက် ကိုင်းချိုး ခူးထား
သလိုဆိုတော့….သူသိလိုက်ပါပြီ
#မြွေပွေး ….မြွေပွေးသိန်းမောင်
ဒီတစ်ခါ သူ အမျှမဝေဖြစ်တော့
ပါ။ သူ့ပါးစပ်မှ ယုတ္တီးနတ္တတွေ
ထွက်သွားပါလေတော့သည်။
ခွေးသူတောင်းစား မြွေပွေး
ဒါ ..ဒင်းလက်ချက်ပဲ နေမှာ
ငိုးမ မြွေပွေး ..ငိုး&@#/%….
ဆဲလို့အပြီးမှာတော့ သူ့ကျောကိုမမှီမကမ်း လက်ဖြင့်နောက်ပြန်
စမ်းရင်း …
“အား ! နာလိုက်တာ၊
ရက်စက်ပါ့အဘရယ်၊
သားအဖချင်းတောင် မညှာဘူးဗျာ”
ဟူ၍ ညည်းတွားနေပါတော့သည်။
……………………
(၂)
ရက်တွေကြာညောင်းလို့ လ
တွေကျော်လွန်ခဲ့ပါလည်း မြွေပွေး
သိန်းမောင်ရဲ့ဝိညာဉ်ဟာ မကျွတ်
မလွတ်ပဲ၊ သူ ခင်မင်ရာ လှမောင်
၏အနားပဲ တဝဲလည်လည် ရှိနေ
တော့သည်။
တစ်ကြိမ်နဲ့တစ်ကြိမ် မရိုးရလေ
အောင် လှမောင်၏စိတ်ကို ညစ်
စေတတ်သည်။ လှမောင် ဒီရက်
ပိုင်းများမှာ မြွေပွေး၏ဝိညာဉ်
ကြောင့် အလွဲလွဲအချော်ချော် ဖြစ်
နေရသည်မှာလည်း အကြိမ်ပေါင်း
မရေတွက်နိုင်အောင်ပင်။
စိတ်ကြည်တဲ့အခါ မေတ္တာပို့
အမျှဝေလိုက်ပြီး၊ စိတ်မကြည်ဒေါ
သများထွက်မိရင်ဖြင့် အယုတ်နတ္တ
ဆဲပစ်လိုက်ပြန်သည်။
တြိတ်မှုန့်သယ်လေးမိချို ခမျာ
မှာလည်း လှမောင်ကို ရှောင်ဖယ်
ဖယ် လုပ်နေ၏။ မလုပ်ပဲလားလေ။
လှမောင်နဲ့မိချို ချိန်းတွေ့တိုင်း မြွေ
ပွေးက တစ်နည်းမဟုတ်တစ်နည်း
ပြသနာရှာတတ်သည်လေ။တစ်
ကြိမ်လည်းမဟုတ်၊အကြိမ်ကြိမ်ဆို
တော့ မိချိုခမျာမှာ လှမောင်ကို ချစ်
ပါသော်လည်း သရဲတစ္ဆေကို
ကြောက်လန့်သဖြင့် လှမောင်ကို
ရှောင်ပါလေတော့သည်။
မြွေပွေး၏ဝိဉာဉ်သည် လှ
မောင်၏အနီးနားမှာသာ တဝဲ
လည်လည် ရှိနေတတ်၏။
လှမောင်သည် ထိုဝိညာဉ်ကို မည်
သို့ နှင်ထုတ်ရမည်မသိ။လှမောင်
က အရက်သမားဆိုပေမယ့် ငယ်
စဉ်က ဘုန်းကြီးကျောင်းမှာ
စာသင်သားအဖြစ် နေဖူး၏။
ပရိတ်ကြီး ၁၁သုတ်လည်းရပါ၏။ ပဌာန်းကျမ်းတော်ကြီးကိုလည်း ပါဠိလိုသာမက
မြန်မာလိုပင် အနက်ပြန်နိုင်ပါသေး
သည်။သို့သော် လှမောင်က အ
ရက်သမားဆိုတော့ နုတ်ဝဇ္ဇန်း
မထက်လေသည်လားမသိ။ ရွတ်
ဖတ်သရဇ္ဇျယ်နေတုန်း ခဏသာ
အနှောက်အယှက် ကင်းသည်။
များမကြာမီမှာတော့ မြွေပွေး၏
ဝိညာဉ်ဟာ ထုံးစံအတိုင်း နှောက်
ယှက်တတ်စမြဲ။လှမောင်၏အနီး
သို့ ရောက်လာတတ်စမြဲပေါ့။
လှမောင်ကသာ သူ့အား
မြွေပွေးသိန်းမောင်၏ဝိညာဉ်က
ပူးကပ်နှောက်ယှက်နေတာကို
သိတာလေ။ အိမ်က မိသားစုက
တော့ တစ္ဆေကပ်နေသည်ဟု
မထင်ကြပဲ။ လှမောင်တစ်ယောက်
တော့ အရက်သောက်လွန်း၍
ရူးစပြုနေသည်ဟုပဲ ထင်မှတ်ကြ
လေ၏။ လှမောင်မှာ မမြင်ရသော
တစ္ဆေကို ဘာနဲ့သက်သေပြရမလဲ
မသိတတ်တော့ချေ။
လှမောင်၏ အဘကတော့
လှမောင်ကို ချုပ်ပြီး စိတ်ကျန်းမာ
ရေးဆေးရုံသို့ ပို့ချင်နေ၏။အမေ
ဖြစ်သူက တားမြစ်နေသော
ကြောင့်သာ မပို့ဖြစ်သေးတာဖြစ်
သည်။ ယခုအခါ လှမောင်အား
အရက်ဖြတ်ရန် တစ်မိသားစုလုံး
က တွန်းအားပေးနေလေပြီ။ လှ
မောင်လည်း အခက်တွေ့လေပြီ။
ဤသို့ဤပုံဖြင့် လှမောင်
စိတ်တအား ရှုပ်နေသည့်အခိုက်
အတန့်များ၏ အဆုံးသတ်တစ်နေ့
မှာတော့ လှမောင်တို့မြင်းလှည်း
ဂိတ်သို့ လူသူတော်တစ်ပါး ကြွ
လာပါသည်။
ရှားပါးသွားပြီဖြစ်သော သျောင်
တံစောင်းကို ဖြူလွသော အဝတ်ဖြူ
ဖြင့် ပေါင်းထားပြီး၊အပေါ်အောက်
ဝတ်ဖြူစင်ကြယ်ကို ဆင်မြန်းထား
၏။၎င်း၏လည်ပင်းမှာ ၁၀၈လုံးပါ
ပုတီးခပ်ကြီကြီးကို တွေ့ရပြီး
ပွယောင်းယောင်း လွယ်အိတ်ကို
လွယ်ထားသည်ကိုလည်း မြင်ရ
သည်။
လူသူတော်ကြီးသည် အသက်
အားဖြင့် ၅၀ကျော်ခန့်ဟု ခန့်မှန်း
ရသော်လည်း အတိအကျတော့
မဆိုနိုင်ပေ။ ၎င်း လမ်းလျှောက်
လာပုံမှာ လွန်စွာ အိနြေ္ဒရ၏။
နှေးကွေးသည်လည်းမဟုတ်၊မြန်
လွန်းလှသည်လည်းမဟုတ်ချေ။
သူ့အရွယ်နှင့်ဆို ကျန်းမာလွန်းနေ
သည်ဟုပဲဆိုရချေမည်။
မြင်းလှည်းဂိတ်အတွင်း ဝင်လာ
ပြီး တမာပင်အခြေက ရေအိုးစင်
သို့ တန်းသွားသည်။ထို့နောက်
ရေအိုးထဲက ရေကို ခပ်ယူ၍
မသောက်ခင် ရွတ်ဖတ်သေး၏။
ပြီးတော့မှ ရေကို သောက်သုံး၏။
ရေသောက်ပြီးသောအခါ မောပန်း
လာသမျှ ပြေသွားပုံရသည်။
ဘယ်ကလာ၍ ဘယ်သို့ ခရီး
ဆက်အုံးမည်မသိချေ။ပေါင်းထား
သော ခေါင်းမှ တဘက်စကို ဖြည်
လိုက်ပြီး မျက်နှာနှင့်လည်ပင်းတို့မှ
ချွေးတို့ကို သုတ်လိုက်သည်။
မြင်းလှည်းဂိတ်မှာ လူပါးနေ
ချိန်ဖြစ်၍ လှမောင်နှင့်အခြားတစ်
ယောက်သာ ရှိလေ၏။ လှမောင်
က လူသူတော်ကြီးဝင်လာက
တည်းမှစ၍ သတိပြုကြည့်နေပြီး
တခြားသော မြင်းလှည်းသမားမှာ
ဝါးကွပ်ပြစ်ပေါ် အိပ်စက်နေလေ၏
လူသူတော်ကြီးက လှမောင်
ကို ကြည့်၍ ပြုံးပြသည်။လှမောင်
လည်း ဧည့်ဝတ်ကြေ ပြန်လည် ပြုံး
ပြလိုက်သည်။ လူသူတော်ကြီးက
လှမောင်အား စေ့စေ့စပ်စပ် ကြည့်
နေခြင်း ဖြစ်သည်။
အကြည့်ကလည်း….
လှမောင်၏ရင်ဘတ်ထဲသို့တိုင်
အောင် ထိုးဖောက်ဝင်ရောက်သွား
သကဲ့သို့ပင်။စူးရှလွန်းလှသည်။
လှမောင် အနေရအထိုင်ရခက်စွာ
ဒူးတုပ်လျက် ကြုံဝင်သွား၏။
” လူလေးရဲ့ အမည်သညာက
ဘယ်လိုများ ခေါ်သလဲကွယ့် ”
လူသူတော်ကြီးထံမှ ကြည်လင်
သောအသံဖြင့် စတင်မိတ်သဟာ
ဖွဲ့စကားဆိုလာလေသည်။
သို့သော် လှမောင်ကတော့ သူ့
အား အမိန့်ပေးစေခိုင်းသကဲ့သို့
ခံစားရကာ ချက်ချင်းပဲ…
” လှမောင်ပါ အဘ၊ဒီဂိတ်မှာ
မြင်းလှည်းမောင်းပါတယ် ”
” အင်း…တိရစ္ဆာန်နဲ့လုပ်စား
ရုန်းကန်ရတော့ ပင်ပန်းမှာပေါ့’
“ဟုတ်ကဲ့ အဘ၊
ပင်ပန်းပေမယ့်လည်း မိသားစု
ဝမ်းရေးအတွက်ဆိုတော့
လုပ်စားရတာပါပဲခင်ဗျ ”
” မောင်ရင်လေး ကြည့်ရတာ
အရက်သေစာများလည်း
ကြိုက်နှစ်သက်ပုံရတယ်…
မသောက်ပဲ မနေနိုင်ဘူးလားကွယ့်
” ဗျာ ….
ဟီး အဲတာကတော့ အဘရယ်
အညောင်းအညာလေး ပြေ…”
ယခုမှ တွေ့ဖူးသောသူက လှ
မောင် သောက်တတ်မှန်းသိပြီး
ရင်းနှီးခင်မင်စွာ အရက်ဖြတ်ခိုင်း
နေ၍ သူ အားနာသွားသည်။
အရက်ကို သူ မဖြတ်နိုင်ဘူးလေ။
အဘက သူ့စကားမဆုံးခင် လက်
ကာပြလိုက်ပြီး …
” မောင်ရင်လေး အရက်မဖြတ်
နိုင်ဘူးဆိုရင် မောင်ရင့်အနားမှာ
တဝဲလည်လည် ရှိနေတဲ့ ဝိဉာဉ်
က ပိုကြိုက်တော့မှာပေါ့၊ သူက
အရက်ကြောင့် ဘဝဆုံးခဲ့ရတာ
မို့လား …”
” ဗျာ ”
လှမောင် ဒုတိယအကြိမ် ဗျာ
ဟု အာမေဋိတ်သံ ထွက်ရပြန်၏။
လူသူတော်ကြီး၏သမာဓိစွမ်းအား
ကို မကြည်ညိုပဲ မနေနိုင်တော့ချေ။
သူ ရိုသေစွာ ပဆစ်တုပ်ထိုင်လိုက်
ပြီး အဘအား လက်အုပ်ချီလိုက်မိ
သည်။ လှမောင်က…
” ဟုတ်ပါတယ် အဘရယ်၊
ကျွန်တော့မှာ အဲဒီဝိဉာဉ်ကြောင့်
အခုတလော ဒုက္ခများနေရပါတယ်
အဘ ကူညီနိုင်ရင် ကူညီပါအုံး ”
အဘက သိမ်မွေ့စွာပြုံးရင်း
” ကူညီဖို့ရာက မခက်ပါဘူးကွယ့်၊
သို့ပေမယ့် အဘတစ်ယောက်ထဲ
ဆောင်ရွက်ရမယ့် ကိစ္စမျိုး မဟုတ်
လေဘူး၊ ဒါက မောင်ရင်ကိုယ်တိုင်
ရွက်ဆောင်ရမယ့်ကိစ္စဆိုတော့ ”
လှမောင် ချက်ချင်းပဲ ခေါင်းကို
ငြိမ့်ပြရင်း …
“အဘသာ လမ်းညွှန်ပါ ၊
ကျွန်တော် အားလုံးဆောင်ရွက်ပါ့
မယ်၊ အဘခိုင်းတဲ့အတိုင်း
တသွေမတိမ်း ဆောင်ရွက်ပါ့မယ်”
“ကောင်းပြီလေ၊ မောင်ရင့်ဘက်
ကသာ အဘပြောသလို လိုက်နာ
ပါ။ စွဲလန်းနေတဲ့ဝိညာဉ်က
သူသွားရမယ့် ဘုံဌာနကို မနှေး
မြန်စွာ ထွက်ခွာသွားပါလိမ့်မယ်..”
အဘက သူလုပ်ရမယ့် လုပ်ငန်း
စဉ်တွေကို ပြောပြတယ်။အဓိက
လိုက်နာရမယ့်အချက်တွေကို
လည်း မမေ့လျော့ဖို့မှာတယ်။ အား
လုံးကို သူ မှတ်မိပြီဆိုမှ အဘက
သူ့အနီးသို့ လှမ်းလာပြီး၊ ဦးခေါင်း
ကို လက်ဖြင့်သပ်ကာ…
” အင်း မောင်ရင်လေးဟာ
အရက်မသောက်ရင်ဖြင့် ကြီးပွား
မယ့် ဘုန်းကံရှင်ပဲ၊ ဘုရား၊တရား
သံဃာ၊မိဘ၊ဆရာများကိုတော့
ဘယ်ခါများမှ မမေ့လေနဲ့ကွယ်..”
လှမောင်က အဘကို ဦးသုံးကြိမ်
ဝတ်ချ ကန်တော့လိုက်သည်။သူ
ကန်တော့နေစဉ်မှာ ဘေးနားက
အိပ်နေသော မြင်းလှည်းမောင်းသ
မား နိုးလာ၏။ထိုသူက …
” ဟိတ်ကောင် လှမောင်၊
မင်း ဘယ်သူ့ကို
ကန်တော့နေတာလဲ ..”
ထိုအခါမှ လှမောင်သည် မျက်လုံး
ကို ဖွင့်ကြည့်လိုက်သည်။သူ့အရှေ့
တွင် အဘဆိုသော လူသူတော်
စင်ကြီးကို မတွေ့ရတော့ချေ။သူ့
အား ဘေးနားက မြင်းလှည်းသ
မားက ကြောင်တောင်တောင်
ကြည့်နေ၍ သူလည်း အီယောင်
ဝါးဖြင့် ပြုံးပြလိုက်သည်။ထိုလူက
သူ့အား ထောမနာပြုသွားပါ၏။
” လှမောင်ကတော့ ေ- ာက်ရူးပဲ ”
………………………
လှမောင်..မြွေပွေးအကြိုက်
သရက်သီးစိမ်းကို ငါးပိ၊ငရုတ်သီး
အကြမ်းမှုန့်တို့ဖြင့်သုပ်ကာ
ပါဆယ်ထုတ်ယူလာခဲ့သည်။
ဒေါ်သန်း၏ချက်အရက်ဆိုင်
ရောက်တော့ သူ အသင့်ပါလာ
သော သရက်သီးအစိမ်းသုပ်ကို
ပန်းကန်ထဲ ထည့်လှယ်လိုက်၏။
ဒေါ်သန်းကို ချက်အရက်၂လုံး
မှာရင်း ဖန်ခွက်၂ခွက်ယူလာဖို့ပါ
တဆက်တည်း ပြောလိုက်သည်။
ဒေါ်သန်းကတော့ ဘာမှ ထူး
ထွေပြီး မေးမနေပါ။လှမောင်နဲ့အ
တူ နောက်တစ်ယောက် လာ
သောက်မည်ဟု ထင်သောကြောင့်
ဖြစ်သည်။
လှမောင်က ချက်အရက်ကို
ဖန်ခွက်၂လုံးမှာ အညီအမျှ ထည့်
လိုက်ပြီး….
” ကဲ …မြွေပွေးရေ၊
မင်း ချိန်းတုန်းက ငါ ရောက်မလာ
တာကို ခွင့်လွှတ်ပေးပါကွာ၊
ငါ မင်းကို တောင်းပန်ပါတယ်၊
အ ခု မင်းနဲ့ငါ အတူတူသောက်
ကြမယ်နော်၊
မင်းလည်း အမူးသောက်၊
ငါလည်း မူးအောင်သောက်မယ်။
၂ယောက်လုံး မူးပြီဆိုမှ
အိမ်ပြန်ကြတာပေါ့ ..
ကဲ ချဟေ့ သူငယ်ချင်း ”
လှမောင်က သူငယ်ချင်းဖြစ်သူ
မြွေပွေးကို သက်ရှိကဲ့သို့သဘော
ထားကာ အရက်ငှဲ့ပေးခြင်း၊စကား
ပြောခြင်း ပြုလုပ်နေခြင်းဖြစ်သည်။
ဘေးဝိုင်းက အရက်သမားအချို့
ကတော့ လှမောင် ရူးသွားပြီဟု
ထင်ကြလိမ့်မည်။မတတ်နိုင်ပါ။
လှမောင်အဖို့ မြွေပွေး၏ဝိညာဉ်
ချွတ်ရန်မှာ ဤတစ်နည်းသာ ရှိ
လေ၏။
မြွေပွေးသိန်းမောင်ဟာ သူနဲ့
အတူသောက်လိုခြင်းဟူသော
ဆန္ဒအစွဲဖြင့် သေဆုံးသွားခြင်း
ဖြစ်သည်။ထို့ကြောင့် မြွေပွေး၏
နောက်ဆုံးဆန္ဒကို သူ ဖြည့်ဆည်း
ပေးနေရခြင်း ဖြစ်လေသည်။
လှမောင်အနေဖြင့်လည်း
အဘလူသူတော်ကြီးမှာသွားခဲ့
သလို ဤညသောက်ပြီးလျင် အ
ရက်ကို ခေတ္တယာယီ ဖြတ်ရပေ
အုံးမည်။ ၄၉ရက်တိတိ သားကြီး
ငါးကြီး မစားပဲနေရမည်ဖြစ်သကဲ့သို့ မူးယစ်သေစာလည်း ထို၄၉
ရက်အတွင်း လုံးဝ မသောက်ပဲ
နေမှသာ အရက်သမားမြွေပွေး၏
ဝိညာဉ်က သူ့ထံမှ ခွါမည် ဖြစ်လေ
သည်။ထို ၄၉ရက် သူ အဓိဌာန်
ပုတီးစိပ်ရအုံးမည်။ ၄၉ရက်ပြီးပါက
သူ့ထံသို့ လာဘ်လာဘကောင်းစွာ
ဝင်လိမ့်မည်ဟု အဘကပြောသွား
သည်။
သူကလည်း အဘကို ကောင်း
စွာ ကတိသစ္စာပြုခဲ့သည်။အဓိဌာန်
၄၉ရက် ပြည့်ပြီးသည့်အခါ အမှန်
တကယ် ထူးခြားပါလိမ့်မည်။
အရက်၂လုံးကို သူငယ်ချင်း
၂ယောက် ခွဲဝေသောက်အပြီး…
လှမောင်နှင့်မျက်နှာချင်းဆိုင်က
ထိုင်ခုံသည် သူ့အလိုလို ရွေ့သွား
သည်ကို အရက်ဆိုင်တွင်းက လူ
အားလုံး မြင်တွေ့လိုက်ရသည်။
မကြာမီ အရက်ဆိုင်နောက်
ထဲက အရက်သမားတစ်ယောက်
ကြောက်လန့်တကြား အော်ပြေး
လာသည်။
” အောင်မယ်လေး အိမ်သာထဲ
မှာ လူမရှိပဲ သေးတဗြန်းဗြန်း
ပေါက်နေသံ အကျယ်ကြီးကြားခဲ့
ရတယ်ဗျို့ သရဲ သရဲ ဟစ်အစ်”
သောက်နေတဲ့ အရက်သမား
တွေက အော်ဟစ်လာတဲ့သူကို
ဝိုင်းကြည့်ကြတယ်။ ခဏပါပဲ
သူတို့ဝိုင်း သူတို့ပြန်လှည့်ပြီး
စကားပြောကြ အရက်ဆက်
သောက်ကြနဲ့ပေါ့။
(ဒီလိုပါပဲ)
ထုံးစံအတိုင်းပေါ့ အမူးသမား
စကားဆို ဘယ်သူက ယုံမှာမို့လို့
လဲ။
နို့ နေပါအုံး စာဖတ်သူ ခင်ဗျားရော
သူပြောတာ ယုံမလားဗျ ….
(ပြီးတဲ့အထိ သည်းခံဖတ်ပေးလို့
ကျေးဇူးအထူးတင်ပါတယ်နော်)
ပီပီ(မန္တလေး)