မှားတော့ မှားတယ်

Posted on

မှားတော့ မှားတယ် (စ/ဆုံး)

—————————-

“အသက်ကြီးတာများ၊ ဘာဆိုဘာမှ မကောင်းတော့ဘူး”
မှန်တင်ခုံ ရှေ့တွင်ထိုင်မိလေတိုင်း ဒေါ်ခင်မေချောသည် သူ့ကိုယ်သူ ကြည့်ပြီး စိတ်ပျက်ရတတ်လေသည်။ အရွယ်၏ကောင်းခြင်းဟူသမျှကို လျင်မြန်စွာ ဖြတ်သန်းခဲ့ရပြီး အရွယ်၏မကောင်းခြင်းများကိုသာ ပိုင်ဆိုင်နေရသူ တစ် ဦးအဖို့ အရာရာသည် ဘာမှမကောင်းတော့ချေ။ မျက်စိကမှုန်သည်၊ ဆံပင်ကဖြူသည်၊ ဖြူရုံပင်မက တကျွတ်တည်း ကျွတ်ကာ ကျဲလာသေးသည်။ အသားတွေကတော့ ပျော့လာသည်။ ပါး နှစ်ဖက်ပေါ်တွင် မို့မို့ကလေးရှိနေရမည့်အသားများက ဘယ်လိုလျော့ကျပြီး မေးစေ့အောက်တွင် သွား၍စုနေလေသည်မသိ၊ ပါးကပိန်ပြီးမေးစေ့က နှစ်ထပ်ဖြစ်လာသည်။ အရေခွံတွေကလည်း ယခင်ကလို တင်းမနေတော့ပေ။ ခပ်လျော့လျော့နှင့် ပျော့ကျပြီး အရေးအကြောင်းတွေပင် ရစ်ပြီးထင် နေပြီဖြစ်သည်။
“မေမေလည်း သိပ်ပြီး အိုနေပြီထင်ပါရဲ့ သမီးရယ်”
တစ်ခါတရံတော့သမီးကြီးခင်သက်မော်ကို ငြီးပြောလေးပြောမိတတ် သည်။
“ဟာ …. အမေကလည်း မအိုပါဘူး၊ အမေ့သူငယ်ချင်းတွေပြန်ကြည့်၊ အမေ့ထက်ဆိုးတဲ့သူချည်းပဲ”
ခင်သက်မော်ကတော့ သူ့မိခင်ကို အပြတ်အသတ်အားပေးရှာသည်။
“မဟုတ်ဘူးသမီးရဲ့၊ မနေ့တုန်းက အမေ ပုဇွန်တောင်ဈေးရောက်တယ်၊ ခရမ်းချဉ်သီးသည်လေ၊ တော်တော်ကို အိုရုပ်ထွက်နေပါပြီ၊ အမေကသူ့ကိုအမေ့ထက်အသက်ကြီးမယ်လို့ အမေက သေချာပေါက်ထင်တာ၊ ဒါပေမဲ့သူက ‘ပိဿလုံး ယူမယ်ဆိုရင် ငါးရာဈေးနဲ့ပေးလိုက်ပါ့မယ် အမေရယ်’ တဲ့။”
အတော်ပင် စိတ်ညစ်လက်ညစ်ဖြစ်နေဟန်ရှိသော မိခင်ကိုကြည့်ရင်း ခင်သက်မော်က ခစ်ခနဲရယ်မိသည်။ အမှန်စင်စစ် သူ့အမေသည် အသက်ခြောက်ဆယ်မို့ ခြောက်ဆယ်လောက် အိုသော်လည်း ခုနစ်ဆယ်ထင်ရလောက် အောင်တော့ မအိုစာရပါ။
“တချို့ကလည်း မျက်နှာကိုသေချာမကြည့်ဘဲ ရမ်းပြီးခေါ်လိုက်တာပါ အမေရာ”
“ဟုတ်ပါရဲ့ဟယ်… ငါကလည်း တနေ့တခြား ဝလာလိုက်တာ သိပ်များ ဝနေပြီလား မသိဘူး”
ဟုတ်သည်။ ဒေါ်ခင်မေချောခမျာ အစားအသောက်ကိုလည်း အစား အသောက်ကိုလည်း ပိုမစားရဘဲနှင့် တဖြည်းဖြည်းဝလာသည်က ဆိုးလှသည်။ အဲဒါကတော့ သူတကယ် ဝသလောက် သူ့ကိုသူ ဝသည်ဟု မထင်ခြင်းပင်ဖြစ်လေသည်။ ကြည့်လေ …. တစ်ခါတစ်ရံ အင်္ကျီဆိုင်ရောက်၍ အင်္ကျီလေး တစ်ထည်လောက်ကို မျက်စိအကျကြီးကျပြီး ဒီအနေ နဲ့ဆိုရင် ငါနဲ့အတော်လောက်ပဲဟု ယုံကြည့်စိတ်ချစွာ ဝယ်ယူလိုက်မိလျှင် ကျပ်သည်မှာ တော်တော်ကြီးကို ကျပ်နေတတ်သည်။ ထို့ကြောင့် သူ့အတွက် ဝယ်လာသောအင်္ကျီများသည် ခင်သက်မော်အတွက်သာ ဖြစ်သွား တတ်သည်။ သမီးကြီးခင်သက်မော်က
“မေမေရေ မေမေ့အတွက် ရယ်ဒီ မိတ်တစ်ထည် ဝယ်လာတယ်” ဟုပြောပြီး ထုတ်ပြလိုက်လျှင်မူ ဒေါ်ခင်မေ ချောက သူ့ရင်ဘတ်ကိုသူဖိပြီး
“အမလေး … ဒီလောက်ကြီးတဲ့ဟာကြီး မေမေနဲ့တော်ပါ့မလားသမီးရယ်၊ ဘယ်က ဆင်မကြီးကို အတိုင်းယူပြီးချုပ် ထားတာကြီးလဲ” ဟုပြောတတ်သည်။ သမီးက ….
“ဝတ်ကြည့်လိုက်ပါဦးအမေ ရယ်” ဟု အတင်းတိုက်တွန်းမှ အင်တင်တင်နှင့် ဝတ်ကြည့်လိုက်လျှင် သူ နှင့်အနေတော် ကွက်တိဖြစ်နတတ်လေသည်။
“ငါ … ဒီလောက်ပဲ ဝနေပြီလားဟယ်”
သူက သူနှင့်တိုင်းချုပ်ထားသလို ဖြစ်နေတ်သော အင်္ကျီပွပွကြီးများ ကိုကြည့်ရင်း ငိုချင်စိတ်ပေါက်မိရှာသည်။ အရင်တုန်းက ချုပ်ထားသမျှ အင်္ကျီများသည်လည်း အကျပ်ကြီးကျပ်ကုန်ပြီဖြစ်သည်။ အပြင်ထွက်မည် ကြံလေတိုင်း ဘလိတ်ဓားတစ်ချောင်း အလျင်ရှာပြီး အင်္ကျီဘေးနားတွေ ဖြည်နေရသည်။
အခုတစ်လော ပိုဆိုးနေသည်။ ဝါဝင်ခါနီးပြီမိုက ဝါကျွတ်သည်အထိ မစောင့်ဆိုင်းနိုင်သော စုံတွဲများက ခပ်သွက်သွက် ခပ်သုတ်သုတ်လက်ထပ် နေကြသည်။ အင်းလျားလိပ်မှာတစ်မျိုး၊ ဆီဒိုးနားမှာ တစ်သွယ်၊ သန္တိသုခ မှာတစ်နည်း၊ မဟာစည်မှာ တစ်ဖုံ၊ အမျိုးမျိုးအစုံစုံ ဆင်နွှဲနေကြသည်။သူ ကလည်း ဆွေမျိုးမို့၊ သူကလည်း သူငယ်ချင်းသားသမီးမို့၊ သူကလည်း တပည့်သားမြေးမို့ စသည် စသည်ဖြင့် မသွားမကောင်းသောမင်္ဂလာပွဲများချည်းဖြစ်နေ၍ ဒေါ်ခင်မေချောခမျာ ရှိစုမဲ့စု အင်္ကျီလေးများကို ဝတ်ကြည့် လိုက်၊ပြန်ချွတ်လိုက်၊ ဘေးနားတွေ ဖြည်လိုက်နှင့် အလုပ် အရှုပ်ကြီး ရှုပ် နေရရှာသည်။
“သူများတွေ ကတော့ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်တဲ့၊ ကျွန်မ ကတော့ မင်္ဂလာဆောင်တစ်ခေါက်၊ ကျောင်းဆယ့်တစ်ခေါက်လို့ ထပ်ပြီးဖြည့်ချင်တယ်”
“ဟ … ဘာဖြစ်လို့လဲ”
ဒေါ်ခင်မေချော၏ စကားကိုကြားတော့ ဦးမောင်မောင်ဒွေး အတော် အံ့ဩသွားသည်။
“အရင်တုန်းက ကျွန်မပိန်ပိန်ကလေးနော်”
“အေးလေ”
“အခုတော့ ဝလာလိုက်တာ”
“အင်းလေ …. အဲဒါ ဘာဖြစ်လဲ”
“ဘာဖြစ်ရမှာလဲ …. တရားသဘောကို ဆင်ခြင်မိတာပေါ့၊ ဪသာ် … လောကကြီးမှာ ဘာမှမမြဲပါလား …. ပိန်ခြင်းဟာလည်း မမြဲပါလားလို့လေ…”
“ဪသာ်”
“အင်္ကျီအဝတ်အစား သစ်သစ်လွင်လွင် တောက်တောက်ပပ ဝတ်ပြီး မှန်ရှေ့မှာ ရပ်မိပြန်တော့လည်း … ကိုယ်ငယ်ငယ်တုန်းကနဲ့ ဘယ်လိုမှမတူတဲ့ မိန်းမဝဝြကီးကိုမြင်ရပြန်ရော ….”
“အဲ” ဦးမောင်မောင်ဒွေး မျက်ခုံးပင့်သွားသည်။
“ဒီတော့လည်း အဲဒီ ‘ဝ’ တာကိုပဲကြည့်ပြီး၊ ဪသာ် …အနိစ္စ၊ အနိစ္စ၊…ဘာဆိုဘာမှမမြဲပါလား၊ လှပခြင်း၊ ငယ်ရွယ်ခြင်း၊ နုနယ်ပျိုမြစ်ခြင်းဆိုတာ ဘာမှမမြဲပါဘူး၊ လှပခြင်း၊ ငယ်ရွယ်ခြင်း၊ နုနယ်ပျိုမြစ်ခြင်းဆို တာတွေဟာလည်း … အချိန်နဲ့အတူ ပြောင်းလဲကုန်ပါပေါ့လား၊ ပျက်စီးကုန်ပါပေါ့လားလို့ ဆင်ခြင်မိပြန်တာကလည်း တရားပဲပေါ့”
“ဪသာ်… မချော၊ မချော … လူကသာမချောတော့တာ အပြောလေးကတော့ ချောနေတာပဲ”
ဦးမောင်မောင်ဒွေးက စိတ်ထဲမှာပြောသည်။ နှုတ်မှအသံထွက်၍တော့ မပြောဝံ့၊ ရန်ဖြစ်ရလိမ့်မည်။ သို့သော်လည်း ဝါသနာကို တားမရတော့ နည်းနည်းတော့ အငေါ်တူးလိုက်မိသည်။
“မင်္ဂလာဆောင် ရောက်ပြန်ပြီး သတို့သမီးလှလှကလေးကို မြင်ပြန်တော့လည်း … ဪသာ် အနိစ္စ၊ အနိစ္စ၊ ငါလည်း တစ်ချိန်တုန်းက သင့်လိုပဲ လှပခဲ့ဖူးတယ်၊ သင်လည်း တစ်ချိန်ကျလျှင် ငါလိုပဲ ဝရလိမ့်ဦးမည်လို့ ဆင်ခြင်နှလုံးသွးမိတာကလည်း တရားပဲပေါ့နော်” ဟုပြောသည်။
ဒေါ်ခင်မေချောကလည်း ချက်ဆိုလျှင် နားခွက်ကမီးတောက်ပြီးသားဖြစ်ပါသည်။ သူ့ကို အငေါ်တူးပြီဆိုတာကို သိလိုက်တော့ ခပ်ချိုချိုလေးပြုံးရင်း ခွက် စောင်းပြန်ခုတ်သည်။
“ဟုတ်တယ် …. သတို့သားချောချောကလေး မြင်ပြန်ရတော့လည်း ဪသာ် …ငါ့ယောင်္ကျားလည်း အရင်တုန်းက ဒီလိုပဲပဲနုပျိုခဲ့၊ ချောခဲ့ပါတယ် အခုလို ကကြီကကြောင်နိုင်လှတဲ့ ထိပ်ပြောင်ပြောင် ဗိုက်ရွှဲရွှဲအဘိုးကြီးမ ဟုတ်ပါလား အင်း အနိစ္စ၊ အနိစ္စ မမြဲတဲ့တရားတွေပါလားလို့ တွေးမိပြန်ရော”
သူတို့နှစ်ယောက်စလုံး၏ မျက်နှာတွေက ခပ်ပျက်ပျက် ခပ်မှုန်မှုန် ဖြစ်လာပြီဆိုတော့ သမီးကြီးခင်သက်မော် ….
“အမေတို့ အဖေတို့က လည်းလေ” ဟုငြီးမိရှာသည်။
“ဒီလိုဆို နက်ဖြန်ကျရင် တရားရစရာပွဲက နှစ်ပွဲတောင် ဆက်နေတာနော်” ဟု အတင်းဝင်ပြီး စကားလွှဲသည်။
ဟုတ်သည်၊ နက်ဖြန်ကျလျှင် မင်္ဂလာဆောင်က နှစ်ပွဲဆက်နေသည်။ တစ်ပွဲက အင်းလျားလိပ် မှာဖြစ်ပြီး နောက်တစ်ပွဲကတော့ ဆီဒိုးနားမှာဖြစ် လေသည်။
“အင်းလျားလိပ်ပွဲကတော့ ဘွတ်တွေ ရွှတ်တွေနဲ့ ထွက်လာမှာ သေချာတယ်၊ ဆီဒိုးနားပွဲကျတော့ အဖေတို့အမေတို့ စိတ်ကြိုက် မြန်မာဆန်ဆန် ကျက်သရေရှိရှိလေးတွေ့ရမှာ”
ရန်ဖြစ်ရန် တာစူနေသော စိတ်အာရုံသည် နက်ဖြန်ဆိုသောအချိန်ဆီ သို့ ရုတ်တရက် ဝဲပျံသွားမိလိုက်ကြသဖြင့် ခင်သက်မော် စကားလွှဲရကျိုးနပ်သွား လေသည်။
“မင်္ဂလာဆောင်အချိန်နဲ့ နေရာတွေကိုလည်း မှတ’်ထားဦးနော် အမေတို့က မှားတတ်လွန်းလို့”
“အင်း … မှားတတ်တာတော့ ပြောမနေပါနဲ့တော့”
ဦးမောင်မောင်ဒွေးက ဟားကနဲရယ်တော့ ဒေါ်ခင်မေချောလည်း ပြန်တွေးရင်း ရယ်ချင်လာသည်။ သူ့ကို အမေခေါ်လိုက်သော ခရမ်းချဉ်သီး သည်ကိုလည်းကောင်း၊ ဦးမောင်မောင်ဒွေးကို တော်တော် ကပ်တတ်တတ်ပြောရန် ကိုသော်လည်းကောင်း ခေတ္တမျှမေ့သွားလေသည်။ သူတို့မှားသည်ကတော့ မျိုးစုံသည်။ အချိန်မှားသည်၊ နေရာမှားသည်။ ဖိနပ်မှားသည်။ လက်ဖွဲ့မှားသည်။ သိပ်မကြာခင်ကလေးကပင် မဟာစည်သာသနာ့ရိပ်သာတွင် ပြုလုပ်သော မင်္ဂလာဆွမ်းကျွေးကို သန္တိသုခသို့ မှားပြီးရောက်သွားသည်။ ဟိုမှာ ကလည်း မင်္ဂလာတစ်ပွဲရှိနေတော့ လက်ဖွဲ့ပေးပြီး ဝင်စားသည်။
‘အသိတွေလည်း မတွေ့ပါလား’ ဟုတော့ အထင်သားပင်၊ အပြန်ကျမှ အပေါက်ဝတွင် ရပ်နှုတ်ဆက်နေသော မင်္ဂလာမောင်နှံ၏မိဘများသည် သူတို့မိတ်ဆွေတွေ မဟုတ်မှန်းသိတော့သည်။
နောက်တစ်ခါကလည်း ရှိသေးသည်။ ဆယ့်တစ်နာရီ မင်္ဂလာဆောင် ကို တစ်နာရီ မှားဖတ်ထား ခြင်းဖြစ်သည်။သူတို့ရောက်သွားတော့ဧည့်သည် ပရိတ်သတ်များပင်နှုတ်ဆက်ပြီး တဝုန်းဝုန်းပြန်နေကြပြီဖြစ်သည်။ သူတို့ နှစ်ဦးလည်း ခပ်ရှက်ရှက်နှင့် ယောရောင်နှုတ်ဆက်ကာ ပြန်ခဲ့ကြရသည်။
“အဲဒါထက်ဆိုးတာက ဖိနပ်မှားစီးသွားတာပဲ”
ဒေါ်ခင်မေချောက ဆက်တွေးသည်။ ဖန်လုံအိမ်သတ္တိကြောင့် ပူနွေးနေသော ကမ္ဘာကြီးသည် အခုတစ်လော ပိုပြီးပူလာည်ဟုထင်ရသည်။ မင်္ဂလာဆောင် ဆိုတော့လည်း အီတလီဖဲစကို လက်ရှည်ချုပ်ထားသည်။ ထူထူ ပိတ်ပိတ်အင်္ကျီစကိုဝတ်ပြီး ပဝါပါခြုံထားရတော့ ချွေးကတပြိုက်ပြိုက်ကျ လာသည်။ လူပါမက စိတ်ပါအိုက်စပ်ပြီး အပူတွေ တလျှပ်လျှပ်ပျံနေသည်။ ဝေဒနာကို အမြဲရှုမှတ်ရမည်ဆိုတော့
“အိုက်တယ် …အိုက်တယ် အရမ်းကို အိုက်တယ် အိုက်ပြီးရင်းအိုက်တယ်” ဟုဒေါသပါပါတွေးရင်း အလှုမင်္ဂလာ ဆောင်များတွင်စီးလေ့ရှိသော ကတ္တီပါဖိနပ်အစား ခြံထဲဆင်းလျှင် ချော်မလဲ အောင်စီးလေ့ရှိသော တဂွပ်ဂွပ်မြည်တတ်သည့် ကော်ဖိနပ်ကြီးကို အမေ့မေ့ အလျော့လျော့နှင့် ကောက်၍စွပ်လာခဲ့မိသည်။ မင်္ဂလာခန်းမထဲကို ခပ်ကျော့ကျော့ကလေး လျှောက်ဝင်သောအခါကျမှ ဂွပ်ခနဲ ဂွပ်ခနဲမြည်နေသော အသံကို သတိထားမိသည်။ ကိုယ့်ခြေထောက်ကို ကိုယ်အလန့် တကြားငုံ့ကြည့်လိုက်တော့ ရွှံ့တွေပေနေသော အညိုရောင်မွဲစုတ်စုတ်ဖိနပ် ကြီးကို တွေ့ရသည်။ စိတ်ညစ်လိုက်သည်မှာ ဆိုဖွယ်ရာ မရှိပြီ။
“ဒါပေမဲ့ သူက ငါ့ထက်ဆိုးပါတယ်”
သူ၏ အိမ်ဦးနတ်ကြီး ဦးမောင်မောင်ဒွေးကလည်း ခေသူမဟုတ်ပါ၊ သူ့ထက်ပင်မှားတတ်ပါသည်။ သူ့လို ကော်ဖိနပ်စီးလာခြင်းတော့မဟုတ်၊ ကတ္တီပါဖိနပ်ကို ဟုတ်တိပတ်တိ စီးလာခြင်းဖြစ်သည်။ သို့သော် သူ့ဖိနပ်က ညာဘက်ကအနီရောင် ဘယ်ဘက်ကအပြာရောင်မို့ ကျွဲ တစ်ဖက် နွားတစ်ဖက် ဖြစ်နေလေသည်။
“ဒီထက်ဆိုးတာက ဖိနပ်တစ်ဖက်ထားပစ်ခဲ့တာပဲ”
မင်္ဂလာဆောင်အသွားတွင် သားအငယ်အိမ်သို့ဝင်ပြီး မုန့်ဟင်းခါး ပို့စဉ်ကဖြစ်သည်။ သားငယ်က မုန့်ဟင်းခါးကြိုက်သည်။ အိမ်မှာလည်းမုန့်ဟင်းခါးချက်ဖြစ်တော့ ဒေါ်ခင်မေချောက ပို့ချင်သည်။ သားငယ် နေသည်က ကန်ထရိုက်တိုက်ငါးလွှာကဖြစ်သည်။ ဦးမောင်မောင်ဒွေးကတော့
“မောစရာမရှိ၊ မောစရာကိုရှာတယ်၊ ငါတော့ မတက်နိုင်ဘူးနော်၊ သူစားချင်ရင် ဝယ်စားလိမ့်မပေါ့” ဟုပြောလေသည်။
ဒီတော့လည်း သားအကြိုက်ပို့ချင်၊ စားစေချင်သော အမေက ကြိုးကြီးချိတ်ထမီ မာခေါက်တာကြီးကို မပြီး ငါးထပ်ကို မုန့်ဟင်းခါးချိုင့်ဆွဲ၍ တက်ရလေသည်။ ဒေါ်ခင်မေချော တက်သွားတုန်း ဦးမောင်မောင်ဒွေးက ခရေပင်ရိပ်တွင် ကားထိုးရပ်ပြီး ကားပေါ်မှ ခြေတစ်ဖက်အောက်ချကာ အေးအေးလူလူထိုင်သည်။ ဂျာနယ်လေးဖတ်လိုက်၊ ယပ်ကလေးခတ်လိုက်၊
‘ကိုယ့်ဒုက္ခကိုယ်အတော် ရှာတဲ့မိန်းမ’ ဟုစဉ်းစားလိုက်၊ လက်ပတ်နာရီကြည့်လိုက်နှင့် အလုပ်ရှုပ် နေသည်။ ဒေါ်ခင်မေချော မောကြီးပန်းကြီးနှင့်ပြန်ရောက်လာတော့ ……
“ကြာလိုက်တာမိန်းမရာ၊ နောက်ကျတော့မှာပဲ” ဟု အပြစ်တင်ရင်း ကားကိုအမြန်စက်နှိုးသည်။
ကားအပြင်တွင်ချထားသောခြေထောက်ကို ဖျတ်ခနဲပြန် သွင်းလိုက်ချိန်တွင် ဖိနပ်ပါမလာတော့သည်ကို သူသတိမထားမိ၊ မင်္ဂလာ ဆောင်ကျင်းပရာ ဟိုတယ်ရောက်ပြီးကားပေါ်မှဆင်းတော့ သူ့ခမျာ ဖိနပ်တစ်ဖက်တည်းသာ ရှာတွေ့တော့သည်။ ကျန်တစ်ဖက်က ခရေပင်ရိပ်တွင် အိပ်စက်နေခဲ့ပေပြီ။
“နက်ဖြန်ကျရင် လက်ဖွဲ့မှားမပေးနဲ့ဦးနော်အမေ၊ အင်းလျားလိပ်ပွဲ အတွက် အနီရောင်စက္ကူနဲ့ထုပ်ထားတယ်၊ ဆီဒိုးနားပွဲက အဝါဖျော့လေး”
ခင်သက်မော်က သတိပေးသည်။ အင်းလျားလိပ်မင်္ဂလာဆောင်က သတို့သားမှာ သူတို့နှစ်ယောက်စလုံး၏ သူငယ်ချင်းဖြစ်သူ ဦးထွေးမောင် ၏သားဖြစ်သည်။ ဂျပန်တွင်သွားရောက် အလုပ်လုပ်ကိုင်ရင်း ဂျပန်မလေးနှင့်အကြောင်းပါခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့အတွက် မြန်မာ ရှုမျှော်ခင်းလှလှ၊ ကျောက်စီပန်းချီကားလေးဝယ်ထားသည်။ မြန်မာ့ရိုးရာ လှလှပပ ပစ္စည်းလေး ပေးချင်သောကြောင့်ဖြစ်သည်။
ဆီဒိုးနားမင်္ဂလာဆောင်ကတော့ သူတို့နှစ်ယောက်လုံးနှင့် ဆွေမျိုးတော်သည်။ သတို့သား က ဒေါ်ခင်မေချော၏တူတော်ကာ သတို့သမီးက ဦးမောင်မောင်ဒွေး၏တူမဖြစ်သည်။ မိဘများ က လည်းအသင့်အတင့်တတ် နိုင်ကြသည်။ သူတို့အတွက်ကတော့ ဓာတ်ပုံအယ် ဘမ်ကောင်းကောင်း တစ်ခု ဝယ်ထားသည်။
“သမီး မလာဖြစ်တာကို စုစုတို့ မောင်မောင်တို့ကို တောင်းပန်ခဲ့ဦး နော်အမေ၊ လုပ်အားပေးပွဲရှိနေလို့ဆိုတာ ပြောပြခဲ့နော်”
“သမီးက ဆရာမကြီးမို့အလုပ်များတာ သူတို့သိပြီးသားပါ သမီးရယ်၊ သားငယ်လာမှာပဲဟာ သူတို့နားလည်ပါတယ်”
ဒေါ်ခင်မေချောက ပြောသည်။ ဒီမင်္ဂလာဆောင်ကတော့ ဆွေမျိုး မင်္ဂလာဆောင်မို့ ဆွေစုံမျိုးစုံတွေ့ရမည်ဖြစ်သည်။ သတို့သားဖြစ်သူမောင်မောင်၏အမေက ဒေါ်ခင်မေချောနှင့် ညီအစ်မဝမ်းကွဲတော်သည်။ ငယ်စဉ်တုန်းက မန်ကျည်းပင်ကြီးအောက်တွင် ဖန်ခုန်ကြ၊ ကုလားမစည်း ကစားကြ၊ ထုပ်ဆီးတိုးကြနှင့် တစ်ခါတစ်ရံလည်းငြင်းကြ၊ ခုန်ကြ ရန်ဖြစ်ကြရသည်။ သားငယ်နှင့်မောင်မောင်သည် မီးဝင်မီးထွက်ဖြစ်သည်။ သားငယ် ကဲသို့ပင် မောင်မောင်က အသားလတ်လတ်၊ မျက်ခုံးထူထူနှင့် မြန်မာဆန်ဆန်ချောသည်။ သတို့သမီးဖြစ်သူ စုစုကတော့ ညိုညိုပုပု လုံးလုံးကလေးဖြစ်သည်။ မျက်နှာထားချိုလှသဖြင့် ဒေါ်ခင်မေချောက ‘စုချို’ ဟုခေါ်သည်။ ရုပ်က သိပ်မလှသော်လည်း အချိုလေးလွှမ်းထားသဖြင့် ချစ်စရာကောင်းသည်။
“သမီးက မောင်မောင့်ကိုရော စုစုကိုကော ကြည့်ချင်တာ”
“မေမေပြန်ပြေပြာပါ့မယ် သမီးရယ်”
ဒေါ်ခင်မေချောက အာမခံသည်။ ခင်သက်မော်သာမကပါ သူကလည်း စိတ်ဝင်စားနေပါသည်။ မောင်မောင်တို့စုစုတို့၊ သူတို့မိခင် ဖခင်တို့၊သူတို့၏နှစ်ဖက်သောဆွေမျိုးတို့ ဘယ်လိုပြင်၊ ဘယ်လိုဆင်ပြီး၊ ဘယ်လိုဝတ်စား လာကြမည်ကို သူလည်းစိတ်ဝင်စားနေပါသည်။ အပြတ်အသတ် စပ်စုချင်စိတ်တွေလည်း ကဲနေပါသည်။
—******************–
အေဝမ်းစိုးမြင့် တူရိယာအဖွဲ့က မြန်မာဆန်ဆန်သီချင်းလေးများကို တီးမှုတ်သီဆိုနေသည်။ ကော်ပီသံတွေ မကြားရ။ သတို့သမီး၏ မိဘနှစ်ပါးက ဂျပန်ရိုးရာ ကီမိုနိုများကိုဝတ်ထား သည်။ သတို့သားမိခင်၏ဦးခေါင်းက ရွှေဝါရောင်ကြိုးကြီးချိတ်ထမီတို့ နှင့် ဟပ်နေသည်။
“အေဝမ်းစိုးမြင့်အဖွဲ့က ဒီရောက်နေတော့ မောင်မောင်တို့ မင်္ဂလာပွဲ မှာ ဘယ်အဖွဲ့များ တီးနေမလဲမသိဘူး”
ဦးမောင်မောင်ဒွေးကတွေးသည်။ မြန်မာဆန်ဆန် သပ်သပ်ရပ်ရပ် ဝတ်စားထားသော အဖွဲ့သားများနှင့် အဆိုတော်များကိုကြည့်ရင်း ကျေနပ် နေသည်။ ခဏနေတော့ ဒေါ်တင်တင်မြ၏အသံက အောင်မြင်စွာ ငြိမ့်ငြောင်းစွာ ထွက်ပေါ်လာသည်။
“အခါတော် ….ပေးတာက နတ်ရေးငယ်ရွှေစာ … သာသနာရောင်လင်း ကောင်းခြင်းခု ….သည်ချိန်ခါ..”
သတို့သား သတို့သမီးတို့က မင်္ဂလာခန်းမထဲသို့ သိမ်မွေ့စွာလှမ်း ဝင်လာကြသည်။ သတို့သားက ပန်းနုရောင်ခေါင်းပေါင်းနှင့် ပန်းနုရောင် ချိတ်ပုဆိုးကိုဝတ်ထားသည်။ မျက်လုံးအစ်အစ် မျက်နှာဖောင်းဖောင်းလေး နှင့် သတို့သမီးလေးကတော့ ပန်းနုရောင်ထိုင်မသိမ်းအင်္ကျီကို ဝတ်ထားသည်။ ဆံထုံးပုံ့ပုံ့လေးတွင်လည်း ပန်းနုရောင် ပန်းလေးများ ဝေနေအောင် ပန်ထားသည်။
“ငါက ဘွတ်တွေရွှတ်တွေနဲ့ ဝင်လာမယ် အောက်မေ့နေတာ”
“အင်း ကျွန်မရောပဲ”
“ကျက်သရေ ရှိလိုက်တာနော်”
“ဟုတ်ပါ့ရှင်”
သူတို့နှစ်ယောက်က အတိုင်အဖောက်ညီနေကြသည်။ လူမျိုးခြားနှင့် အကြောင်းပါသော်လည်း မြန်မာပြည်ပြန်လာပြီး မြန်မာ့ထုံးတမ်းစဉ်လာ အရ မြန်မာဆန်ဆန်လေးလက်ထပ်တော့ ခွင့်လွှတ်ကျေနပ်နေမိကြသည်။
“မိန်းကလေးဘက်ကလည်း ဗုဒ္ဓဘာသာပဲ ကိုးကွယ်ကြတာလေ … ဘာသာတရားလည်း လေးစားကြပါတယ်”
“အဲဒါပဲ အရေးကြီးတာပါဗျာ”
အင်းလျားလိပ်မှပြန်ထွက်လာတော့ သူတို့ရင်ထဲတွင် အေးနေသည်။ ကမ္ဘာ့ရွာကြီးဖြစ်တော့မည်မို့ အိမ်ထောင်ရေး များစွာတွင် လူမျိုးကွဲများရော ယှက်လာတော့မည် ကတော့ အသေအချာပင်။ ဘာသာနှင့်သာသနာပျောက် မသွားအောင် စောင့်ရှောက်နိုင်လျှင် တော်ပေကသေးသည်ဟု စဉ်းစားနေမိသည်။
“အခါတော်ပေးမှာတော့ ဒေါ်တင်တင်မြအသံက အထူးပဲနော်၊ ကြားရတိုင်း ကြက်သီးထတယ်၊ အဲဒီလောက်ကောင်းတာ”
“စုစုတို့မင်္ဂလာဆောင်မှာတော့ ဘယ်သူများ အခါပေးမလဲ မသိဘူး”
“ရီရီသန့်လည်း ကောင်းပါတယ်”
“သူတို့ဝတ်ထားတဲ့ပန်းနုရောင်ချိတ်ကလေးက မျက်စိထဲမှာ လင်းပြီး ရှင်းသန့်နေတာပဲနော်”
“စုစုတို့ကတော့ ဘာအရောင်ဝတ်မလဲမသိဘူး၊ စုစုက အသားနည်းနည်း ညိုတော့ ရွှေဖလားရောင်များ ဝတ်မလားမသိ”
“အဲဒါကလည်း တကယ့်မင်္ဂလာရောင်ပဲလေ … လှမှာပါ”
ဟိုဘက် မင်္ဂလာဆောင်မှ ကူးလာရတော့ ဒီဘက်မှာ အနည်းငယ် နောက်ကျနေသည်။ သားငယ်က ဟိုတယ်အပေါက်ဝမှရပ်စောင့်နေသည်။
“နောက်ကျလိုက်တာဖေဖေရာ သတို့သား သတို့သမီးတောင် မင်္ဂလာခန်းမထဲဝင်တော့မယ်”
“ဟုတ်လား …. ဟိုမှာလည်း ပြောဆိုနှုတ်ဆက်နေရသေးတာကိုး သားရ”
သားအမိသားအဖသုံးဦးသား ခပ်သွက်သွက်လျှောက်လာစဉ်ခန်းမထဲ မှ အနောက်တိုင်းတီးလုံးတစ်ခု လျှံထွက်လာသည်။
“ဟင် … ဘယ်လိုပါလိမ့်” ဟု စဉ်းစားပြီး မျက်ခုံးပင့်မိချိန်တွင် မင်္ဂလာခန်းမထဲသို့လက်ချင်းချိတ်လျက် လှမ်းဝင်နေသော မင်္ဂလာစုံတွဲကို နောက်ပိုင်းမှမြင်ရသည်။
သတို့သားကအနောက်တိုင်းဝတ်စုံဖြူနှင့် သတို့သမီးကလည်းလွလွ ဖြူသော ဇာဂါဝန်ရှည်ကြီးနှင့် ခေါင်းပေါ်တွင် သရဖူနှင့်။
“ဟင် … အဲဒါ ဘယ်သူတွေလဲ”
ဦးမောင်မောင်ဒွေးက တအံ့တဩမေးသည်။
“အဖေကလည်းလေ ကိုယ့်တူတွေ တူမတွေတောင် မမှတ်မိတော့ဘူးလား”
သားငယ်ကလည်း တအံ့တဩပြန် မေးသည်။
*******–*******
“အဖေကြီးရေ ကျွန်မတို့တော့ မှားနေပြီထင်တယ်”
ဒေါ်ခင်မေချော၏အသံက မရေမရာဖြစ်နေသည်။ သူ၏မိဘများမှား ယွင်းတတ်ကြသည်ကို အကြောင်းသိပြီးသားမို့ သားငယ်က လှည့်ကြည့်သည်။ ပထမဦးဆုံး ခြေထောက်ကိုကြည့်သည်၊ ဦးမောင်မောင်ဒွေးက ကတ္တီပါဖိနပ်အပြာနှင့်၊ ဒေါ်ခင်မေချောကလည်း ကတ္တီပါပုံတော်ဖိနပ် အပြာနှင့် စီးကွင့်လေးများက ခပ်ယဉ်ယဉ်လက်နေသည်။သူတို့ဝတ်ထားသောတိုက်ပုံ၊ ပုဆိုး၊ အင်္ကျီ၊ ထမီနှင့် ပဝါတို့သည်လည်း အဆင်ပြေနေကြသည်။
“မမှားပါဘူး၊ အမေရ … အဆင်ပြေပါတယ်” သားငယ်ကပြောသည်။
ဒေါ်ခင်မေချောက သက်ပြင်းလေးမသိမသာ ချကာ
“ရှေ့မင်္ဂလာဆောင်နှင့် နောက်မင်္ဂလာဆောင် မှားနေသလားလို့ပါကွယ်” ဟုခပ်တိုးတိုးပြောသည်။
ဦးမောင်မောင်ဒွေး၏ မျက်နှာကြီးကတော့ ခပ်ညိုညိုဖြစ်နေသည်။ အနောက်တိုင်းတေးဂီတ နှင့်အတူ တစ်လှမ်းချင်းချီတက်နေကြသောသူတို့၏ မျိုးဆက်သစ်များကို လှမ်းကြည့်ရင်း ……..
“မှားတာတော့ မှားတယ်၊ ဒါပေမဲ့ … ဒီတစ်ခါ ငါတို့မှားတာမဟုတ်ဘူး” ဟု …… ပြောလေသည်။
🌿🌿🌿
မစန္ဒာ