မှိုသင်းနံ့ကလေး တကြူကြူ

Posted on

ဆင်ဖြူကျွန်းအောင်သိန်း
မှိုသင်းနံ့ကလေး တကြူကြူ

(၁)

အကယ်၍သာ ငပျော့နှင့် စကားမများရလျှင် သည်ကိစ္စ သည်မျှလောက် အပန်းတကြီး လိုက်လံဖြေရှင်းနေရန် အကြောင်းမရှိပေ။

ယခုသော် အေးဆောင် အာပေါက်မတတ် ရှင်းနေရသည်။ ပါးစပ်လည်း ညောင်းလှပြီ။

သို့သော် ငပျော့နှင့်ကလည်း ထိုနေ့ကအခြေအနေအတိုင်းဆိုလျှင် စကားမများဘဲ နေကို နေ၍မရ။ အမှန်က သူသေကိုယ်ကြေ ရိုက်ပွဲဆင်ရမည့်ကိန်း။ စိတ်ကို အင်မတန်ချုပ်ထားရသောကြောင့် လက်မပါဘဲ ပြီးသွားရခြင်းဖြစ်၏။

စကားမများဘဲ မနေနိုင်အောင် ဖန်တီးလာသူမှာ မြသွယ်ပင်ဖြစ်သည်။

(၂)

မြသွယ်ကို ငပျော့ ရစ်တစ်တစ်လုပ်နေသည်မှာ ကြာပြီ။ ရိသဲ့သဲ့အကြည့်ဖြင့် ကြည့်ကြည့်နေသည်မှာလည်း အမြဲတစေပင်။

ရွာဦးကျောင်းရေတွင်းသို့ မြသွယ်ရေခပ်သွားပြီလားဆိုမှဖြင့် ငပျော့ လိုက်လာပြီ။ ရေတွင်းသို့ လိုက်မလာအားလျှင် လမ်းဘေးမှာပဲဖြစ်ဖြစ် စပ်ဖြဲဖြဲ ရပ်ပြရမှ နေသာထိုင်သာရှိသည်။

သို့ဖြစ်ငြား ငပျော့သည် မြသွယ်အား နင့်ကို ငါကြိုက်လိုက်တာဟာ အဓိပ္ပာယ်သက်ရောက်သော စကားတစ်ခွန်းမျှ မပြောသေး။ တစ်လုံးတစ်ပါဒမျှလည်း မဆိုသေး။

ထိုသို့ မပြောသေး မဆိုသေးခြင်းမှာ မြသွယ်ရင်ထဲတွင် ကလိတိတိဖြစ်အောင် အစပျိုးခြင်းလည်း ဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ် မြသွယ်၏ ပိုးစိုးပက်စက်ပြောလေ့သော ပါးစပ်ကို ကြောက်သော ကြောင့် ချိန်ဆနေခြင်းလည်း ဖြစ်နိုင်ပေ၏။

မည်သို့ပင်ဖြစ်စေကာမူ အေးဆောင်မကြိုက်။

သည်နှယ် စပ်ဖြဲဖြဲမျက်နှာဖြင့် စေ့စေ့ကြည့်သည်ကို မဆိုထားဘိ၊ တစ်ချက်တလေကလေး ကြည့်သည်ကိုပင် အေးဆောင် မခံနိုင်။ ကိုယ့်အချစ်ကို ကိုယ်သာကြည့်မည်။ အခြားမည်သူမျှ မကြည့်ရ။ ကြည့်သူကို ကန်ချင် ကျောက်ချင် ရိုက်ပုတ်ချင်သည်။

သို့ရာတွင် အေးဆောင် မလုပ်ဖြစ်ပါ။

“ဩော် ငါမှ မပိုင်သေးတာပဲ၊ ကြည့်ကြမှာပေါ့။ ပိုးပန်းကြမှာပေါ့”

သည်သို့ အလိမ္မာ နှလုံးသွင်းငြား မကြိုက်သောစိတ်မှာ မကြိုက်သောစိတ်အဖြစ်သာ တည်နေ၏။

မြသွယ်အား ရစ်တစ်တစ် ပြီတီတီ လုပ်သူများအပေါ် မနှစ်မြို့ခြင်းမှာလည်း မနှစ်မြို့ခြင်းအဖြစ်သာ တည်မြဲ တည်နေချေသည်။

အေးဆောင်သည် ငပျော့အပေါ်တွင် သည်နည်းဖြင့် ခပ်ခုခုရှိ ထားခဲ့သည်။ သည်လူနှင့် ရင်ဆိုင်တွေ့ ကြရာတွင်လည်း မြသွယ်၏ မျက်မှောက်မှာပင် ဖြစ်ခဲ့ပြန်၏။

ဖြစ်ရပုံမှာ …

ထိုနေ့က မြသွယ်တို့အိမ်သို့ အေးဆောင် ရောက်သွား၏။

ရောက်သွားရခြင်းမှာလည်း မြသွယ်ကို တွေ့ချင်မြင်ချင်စိတ်ကြောင့်ချည်း မဟုတ်။ မြသွယ်၏အဖေနှင့် တွေ့ ရန်က အဓိကဖြစ်သည်။ မိုးမရွာသောကြောင့် မြေပဲပင်တွေ သေလုသေနာဖြစ်ကုန်ပြီ။ ဘာလုပ်ကြ မည်နည်း စသည်တို့ကို ဆွေးနွေးရန်၊ တိုင်ပင်ရန်နှင့် ခက်ရင်းခွငှားရန် ဖြစ်၏။

မြသွယ်နှင့်အေးဆောင်မှာ အိမ်ချင်းမနီး။ တောင်ဖျားနှင့် မြောက်ဖျား။ သို့ကြောင့် ခဏခဏ မရောက်။ ယာချင်းသာ ခရိုးခြား၍ တည်ရှိသဖြင့် ယာထဲမှာသာ အတွေ့များကြသည်။

ယာထဲတွင် နေ့စဉ်ရက်ဆက်နီးပါး တွေ့မြင်နေရငြား ယခုနှယ် တကူးတက လာရချိန်တွင်လည်း မြင်ချင်သည်သာ၊ ကြည့်ချင်၊ ပြုံးပြချင်သည်သာ။

သို့သော် မြသွယ်တို့အိမ်ဝိုင်းထဲသို့ ဝင်မိလျှင် ဝင်မိချင်း အေးဆောင်၏မျက်လုံးတွေ ဦးစွာ ရောက်ရှိသွားသောအရာမှာ မြသွယ်၏ လှမျက်နှာမဟုတ်၊ မှိုတွေ။

“ဟာ ခိုးခိုး ခါခါနဲ့ မှိုတွေပါကလား”

ယမန်နေ့က မိုးကလေးမဖြစ်စလောက်ရွာသည်ကိုပင် သူ့မြေပဲခင်းအတွက် အရာမရောက်သဖြင့် မိုးရွာသည်သဘောမထားဘဲ ခိုးခိုး ခါခါဟု ဆိုမိခြင်းဖြစ်၏။

မြသွယ်တို့အိမ်မှာ ဝင်ပေါက်၏ဘယ်ဘက်တွင် ရှိသည်။ ဝင်ပေါက်နှင့်တည့်တည့်တွင် ဝါးကပ်မိုးမီးဖိုတဲရှိသည်။ တဲဆိုပေမယ့် အကာအရံနှင့်၊ ပြတင်းပေါက်နှင့်၊ တံခါးနှင့်။

သည်မီးဖိုအဝတွင် ဆွေးမြေ့နေသော ကုက္ကိုတုံးတစ်တုံးရှိသည်။ ရေအိုးတင်ည့်အခါ တင်သည်။ အိုးခွက်မှောက်ထားသည့်အခါ ထားသည်။ ယနေ့သော် သည်တုံးပေါ်တွင် ရိုးတံကို နွယ်ကြိုးချည်ထားသော မှိုပွင့်ကားကားကြီးတွေ မှိုနံ့ကလည်း သင်းပျံ့ပျံ့။

အေးဆောင်သည် မှိုပွင့်တွေကို မြင်ပြီးနောက်မှသာ ဝဲယာသို့ မျက်စိကစားမိသည်။ ဝဲဘက်တွင် ပြောင်းဖူးဖက်ဆေးလိပ်လေးကို ခဲလျက် မြေကြီးပေါ် ဖင်ချထိုင်ထားသော ငပျော့နှင့် တံခါးမကွယ့်တကွယ်တွင် ငရုတ်သီးထောင်းနေသော မြသွယ်။

ငပျော့ကို မြင်လျှင်မြင်ချင်း အေးဆောင့်စိတ်ထဲတွင် ခိုးလိုးခုလု ဖြစ်ရငြား မြသွယ်ကို မြင်ကာခဏတွင် ရင်တွင်းအေးချမ်းသွား၏။

“မြသွယ် အရီးကောဟ”

တံခါးအကွယ်မှ မြသွယ် ခေါင်းကလေးပြူထွက်လာပုံမှာ တိမ်လွှာရွေ့လျားစဉ်ဝယ် ငွေလဝန်းပထွန်းလာသည်သို့။

“အဖေလား ဟိုနားဆိုပြီး ထွက်သွားသာ အခုလေးတင်ပဲ။ လမ်းမှာ မတွေ့ခဲ့ဖူးလား”

“မတွေ့ဘူးဟ”

“ကိစ္စရှိရင် ခဏစောင့်ပါလား။ ကွပ်ပျစ်ပေါ်မှာ ရေနွေးရှိတယ်။ ဗယာကြော်တွေတောင် ရှိဦးမလား မသိဘူး”

အေးဆောင်သည် ရေနွေးလည်း သောက်ချင်၏။ ဗယာကြော်လည်း စားချင်ပါ၏။ သို့သော် ရေနွေးဗန်းရှိသောကွပ်ပျစ်မှာ အိမ်ရှေ့တွင်ရှိ၍ မီးဖိုဆောင်နှင့် ဝါးတစ်ရိုက်ခန့်ဝေးနေသည့်အတွက် မသွားဖြစ်။ မြသွယ်ရှိသည့် တံခါးဝသို့သာ တန်းတန်းမတ်မတ် လျှောက်လာမိသည်။

“မှိုတေ ဘယ်က ရလာသာလဲဟ မြသွယ်”

“ကျုပ်ရလာသာမဟုတ်ပါဘူးတော်၊ ကိုပျော့လာပို့သာပါ ”

ကိုပျော့ဆိုသံကြားမှ ငပျော့ကိုစောင်းငဲ့ကြည့်မိ၏။

ငပျော့ကား မြသွယ်က အမည်ထုတ်ဖော် အပြောခံရသဖြင့် ပြုံးပြုံးကြီး ဖြစ်နေပေသည်။

“မင်း ဘယ်နားက ရသာလဲကွ၊ ဟေ”

“ဟဲဟဲ … ဟင်းစားသာ ပေးရသယ်၊ ကွန်ချက်ကို မပြရဘူးတဲ့ကွ”

သူတို့သည် ကိုယ်တွေ့ခဲ့သော မှိုကျင်းတည်ရှိသည့်နေရာကို ပြောပြလေ့မရှိပေ။ တစ်နှစ်တစ်ခါ မှိုချိန်ကျမှသာ သွားရောက်ရှာဖွေကာ နှုတ်ယူလေ့ရှိကြ၏။

အေးဆောင်က လက်ညှိုးထောင်ကာ ဝှေ့ယမ်း၏။

“တန်တော့ တန်တော့ သည်အချိန်ပေါက်သာဆိုရင် ဘုန်းကြီးကျောင်းတောင်ဘက် ဘုရားပြိုဘေးက တောင်ပို့ဖြစ်ရမယ်”

“မဟုတ်ဘူးကွ၊ သည်ကျင်းက သည်နှစ်မှတွေ့ သာ၊ အသစ်ကွ”

အချို့မှိုများသည် ငုံဆဲ၊ အချို့ကား ပွင့်စ။ အချို့သည် ပွင့်ဆဲ၊ အချို့ ပွင့်ရုံမက အပွင့်လွန်ပြီး ထီးစုတ်တစ်လက်နှယ် အနားများပင် ကွဲစုတ်နေချေသည်။

အနားစပ်မှ မီးခိုးရင့်ရောင်သည် ပြေဆင်းလာကာ မှိုထိပ်ဗဟိုချက်တွင် ပြန်လည် ရင့်မောင်းသွားသော မှိုများကို အေးဆောင် မက်မောစွာ ငုံ့ကြည့်မိသည်။

“သာဆို နှစ်နပ်ချက် ကောင်းကောင်းရသာပဲ။ ဆီလည်ရေလည်ကလေးများ ချက်စားလိုက်ရ”

အေးဆောင် ဆုံးအောင် စိတ်မကူးလိုက်နိုင်ပါ။

အနားစုတ်နေသော မှိုပွင့်မည်သည် ပွင့်အိုဖြစ်၏။ သည်နှယ် အသက်ညောင်းသော မှိုပွင့်အိုများ၏ မှိုပွင့်ထီးရွက်အောက်ပိုင်းရှိ အမြှောင်းအမြှောင်း ထနေသော ပါးဟက်များသည် ဦးစွာ ‘ရိ’လေ့ရှိသည်။ သည်သို့ ရိနေပြီဆိုလျှင် သေချာပေါက်ရှိနေရမည့်အကောင်မှာ ‘ရွ’ ။

သို့သော် သည်မှိုများတွင် ‘ရွ’မရှိ။ သို့ကြောင့် အေးဆောင် စိတ်ကူးပျက်သွားရခြင်းဖြစ်၏။ သည့်နောက်တွင် အေးဆောင်မျက်လုံးအစုံသည် မှိုပွင့်‘ထီး’ဗဟိုချက်ရှိ မီးခိုရင့်ရောင် အဖုအချွန်ကလေးများပေါ် သို့ ရောက်သွားလေတော့သည်။

“ဟာ ငပျော့။ မင့်မှိုတွေက မစားကောင်းဘူးဟ”

“ဘာကွ” အော်ကာ ငပျော့ တောင့်တောင့်ကြီး ထရပ်သည်။ အသံခက်ထန်သည့်နည်းတူ အေးဆောင်အား ကြည့်နေသော မျက်လုံးများကလည်း ဒေါသရောင် တရိပ်ရိပ်ဖြင့်။

“သူများတကာ စိတ်ဆင်းရဲအောင် မလုပ်ပါနဲ့တော်”

မြသွယ်က မီးဖိုထဲမှ ခေါင်းပြူကာ ပြော၏။ မြသွယ် ပြုံးနေသော်ငြား အေးဆောင့်မျက်နှာထားကား အတည်ကြီး၊ လေးလေးနက်နက်ကြီး။

“ဟောဗျာ၊ တကယ်ပြောနေသာဗျား”

“ကဲ ပြောစမ်းပါဦး”

ငပျော့က မေးလျက်တန်းလန်း ရှေ့တိုးလာသည်။

“ဟောသည် အနားစုတ်နေသဲ့ မှိုပွင့်တွေရဲ့အောက်က ပါးဟက်တချို့ဟာ ရိနေသယ်ကွာ။ သာပေမဲ့ ရွမရှိဘူး။ ရွမရှိသာဟာ မစားကောင်းလို့ပေါ့ဟ”

“သာဖြင့် မြေကြီးထဲက ထွက်ခါစအငုံတွေမှာ ရွမရှိသာကျတော့ကော”

“အငုံက ရိမှ မရိသေးသာပဲကွ၊ ရွဘယ်ရှိမလဲ။ ဒီမှာ ငပျော့”

အေးဆောင်က ပြောလျက်တန်းလန်းမှ မှိုပွင့်တစ်ပွင့်၏ ဗဟိုချက်ကို လက်ညှိုးထိုးပြလိုက်၏။ မှိုင်းရင့်သော ထိပ်ဖုချွန်တွင် ကပ်ငြိနေသော ယင်ကောင်များ။

“တွေ့လား၊ ယင်ကောင်တွေ သေနေသယ်ကွ၊ အနံ့ရလို့ လာနားရင်း အဆိပ်မိလို့ သေနေသာ။ အဆိပ်ရှိသဲ့မှိုမို့ မစားကောင်းဘူး ပြောသာဟေ့ … သိပြီလား”

အေးဆောင်မှာ မြသွယ်ရှေ့တွင် သူနားလည်ကြောင်းသိကြောင်း ပြလိုက်ရ၍ အကျေနပ်ကြီး ကျေနပ်နေသလောက် ငပျော့မျက်နှာကြီးမှာ မည်းနေပြီ။

“သာတွေပြောရအောင် မင်းက ဘယ်လောက် နားလည်လို့လဲ။ မြသွယ်တို့ မစားရဲရင် မင်းနဲ့ငါနဲ့ လောင်းကြေးစားကြေး ငါစားပြမယ်”

“အမယ် မလောင်းရဲပါဘူးဗျာ။ မတော်တဆ မင်းသေသွားရင် ငါ့ အမှုပတ်နေပါဦးမယ်”

“ဟင်း သူများရလာသာကို မနာလိုလို့ ကဖျက်ယဖျက်လုပ်သဲ့ကောင်၊ မင်း တော်တော်လူပါးဝတယ်”

ငပျော့ သူ့မှိုစည်းကို သူ ဆွဲယူရင်း အေးဆောင်အား မကျေမချမ်း ပြောသည်။

“ဟောဗျာ … ငါက စေတနာနဲ့လည်း ပြောရသေး”

“ဘာစေတနာလဲ” ဟု မေးရင်း ငပျော့ကတိုင်း၏။

“ဟာ ခွေးမသား” ဟု အေးဆောင်က ပြန်ဆဲ၏။

ဟိုက အဆဲပါလာသောအခါ သည်က အဆဲသာမက အရိုက်ပါ ပါလာသည်။ သို့ဖြစ်ငြား အေးဆောင့်လက်ထဲသို့ မြောက်ခနဲ တက်ပါသွားသော ချည်ထုပ်ပုတ်(အဝတ်ရိုက်တုတ်)ကို မြသွယ်က ကပျာကသီ လှမ်းဆွဲထားလိုက်၏။

“ကိုအေးဆောင်၊ လွန်မယ် … လွန်မယ်”

မြသွယ်သည် ချည်ထုပ်ပုတ်ကို ကိုင်ထားရင်း

“ထားခဲ့ ငပျော့… ထားခဲ့။ နင့်မှိုတေ ငါတို့ဖို့ ယူလာတာ မဟုတ်လား”

ဟူ၍ တစ်ဖက်လူ ဒေါသပြေအောင် ကြိုးစားရသေးသည်။

“မထားဘူးဟေ့ … ငါ့ဘာသာငါ ဗိုက်ရိုက်ပြီး စားပစ်မယ်ဟေ့”

ငပျော့သည် အိမ်ဝိုင်းအပြင်ဘက် အရောက်၌ ဆဲရေးတိုင်းထွာ သွားသေး၏။ သို့တစေ အေးဆောင်မှာ ဒေါသကို ချုပ်တီးထားလိုက်၏။

(၃)

အေးဆောင်နှင့် ငပျော့တို့ တစ်ယောက်နှင့်တစ်ယောက် သည်ပုံ ဆဲရေးကြခြင်းမှာ အဆန်းမဟုတ်ပေ။ အခြား ရွယ်တူများနှင့်ရော အသက်အတန်ငယ်ကြီးသူများနှင့်ပါ တစ်တစ်ခွခွ ဆဲရေးလေ့ရှိကြ၏။

သို့သော် ဒေါသဖြင့် ဆဲရေးခြင်းမဟုတ်ဘဲ စကားကြိုအဖြစ် စကားဆက်အဖြစ်ဖြင့်သာ ဆဲကြပေ၏။

ယခု မြသွယ်ရှေ့တွင်မူ နှောင့်ယှက်သည်အထင်ဖြင့် ငပျော့ ဒေါသဖြစ်သည်။ အေးဆောင်မှာလည်း မြသွယ်ရှေ့တွင် ဒေါသဖြင့် အဆဲခံရသောကြောင့် ဒေါသဖြစ်ရသည်။

သို့ဖြစ်ငြား ပြီးပြီးပျောက်ပျောက် မေ့သွားကြသည်သာ၊ သို့ဖြင့် သုံးလေးရက်ပင် လွန်ခဲ့လေပြီ။

ယာထဲသို့လည်း အထူးအထွေ သွားစရာကိစ္စ မရှိ။ နွားတာဝန်နှင့် အိမ်ဗာဟီရမှာလည်း အပူတပြင်းမဟုတ်။ သို့အတွက် ယနေ့ အေးဆောင် နေမြင့်အောင် အိပ်သည်။

နေမြင့်အောင် ဆိုပေမင့် အကျင့်ပါနေသော မျက်လုံးကြောင့် နေထွက်အောင်ပင် မအိပ်နိုင်ပါ။ မိုးစင်စင်လင်းချိန်တွင် အေးဆောင် မျက်နှာသစ်မိချေပြီ။

အိမ်ရှေ့ကပြင်(ကြမ်းပြင်)ရှိ ရေအိုးထဲသို့ အေးဆောင် ထိုးနှစ်လိုက်သော ရေမှုတ်သည် အသံကျယ်စွာ မြည်လျက် လှိုင်းပွက်များ မှုတ်ထုတ်ကာ အိုးဖင်ကို ဒေါက်ခနဲ ဝင်ဆောင့်၏။ အမှန်မှာ ဗလုံထသံမြည်ပြီးလျှင် ပြီးချင်း ရေမှုတ်ကို ယူရမည်ဖြစ်သော်လည်း အေးဆောင်မှာ ငွေသီးကလေးတွေ သီးနေသော မန်ကျည်းရွက်များကိုကြည့်ကာ ညက ဘယ်အချိန် မိုးရွာပါလိမ့် စဉ်းစားနေမိသဖြင့် ရေမှုတ်ကို အိုးအပြင်သို့ မထုတ်မိခြင်းဖြစ်ပေ၏။

ဖုန်ဖြင့်ပွနေသော မြေပြင်မှာ အတော်ကလေး သိပ်နေသည်။

သည်မျှဖြင့်လည်း မိုးအနည်းအများကို ခန့်မှန်း၍ မရသေးသောကြောင့် နွားတင်းကုပ် တံစက်မြိတ်ဘက်သို့ ခေါင်းအငဲ့တွင် ကားနေသော မှိုခြမ်းကြီးတစ်ခြမ်းကို မြင်ရလေ၏။

မှိုပွင့်ကြီးသည် မန်ကျည်းငုတ်၏ဘေးမှကပ်ပြီး ပွင့်ရသောကြောင့် မဝိုင်းနိုင်။ အခြမ်းကြီးဖြစ်နေပါသည်။ ရေနွေးဗန်းနီးပါးရှိသော မှိုပွင့်သည် စား၍မရသောကြောင့်ထင့်။ ကြီးမားပြန့်ကားရုံမက ထူလည်း ထူထဲလှပါ၏။ မိန်းမလှကလေး၏ ပိုးထီးအလား အနီရစ်တစ်တန့်၊ အဖြူရစ်တစ်တန့်၊ အညိုရစ်တစ်တန့်နှင့် လှလည်း လှပပါဘိ။

အေးဆောင်သည် မျက်နှာသစ်အံ့ဆဲဆဲ ကိုယ့်အနေကို မေ့လျော့ကာ မီးသွေးခဲဖြင့် သွားတိုက်လျက် တန်းလန်းကြီးဖြင့် အိမ်အောက်သို့ ဆင်းလာ၏။ မှိုပွင့်ကြီးကိုကြည့်ကာ ကြိတ်မနိုင်ခဲမရ ဖြစ်နေသည်။ စားလည်း စားချင်၏။ စားလည်း မစားကောင်း။

“ဟာ သည်မှာလည်း တစ်ပွင့်ဟ”

သစ်ငုတ်ကို လှည့်ပတ်အကြည့်တွင် ဟိုဘက်၌ ပွင့်နေသော တစ်ပွင့်ကို ထပ်မံတွေ့ ရသောအခါ အရေးထဲ မှိုပွင့်မှ ရနံ့ကိုလည်း ရှုရှိုက်ရပြန်သောအခါ မချင့်မရဲဖြင့် တက်ခေါက်တော့သည်။

“ကလောက်၊ ငါ ကိုက်စားလိုက်ရ အမြှုပ်ထွက်ပြီး သေတော်ခေါ်တော့မှာပဲ”

ပါးစပ်ဖြင့် ကြုံးဝါးရသည်ကို မတင်းတိမ်၊ မှိုပွင့်နှုတ်ခမ်းကို ကိုင်လှုပ်သည်။ သင်းပျံ့သော မှိုနံ့ ပိုပြီးထွက်လာသည်။ အေးဆောင် ပို၍ပို၍ သွားရည်ကျလာတော့သည်။

ထိုအခိုက် သူ့ခေါင်းထဲသို့ အလင်းရောင် ဖျတ်ခနဲ ပြေးဝင်လာ၏။

“ဟုတ်သာပေါ့၊ မိုးက စွက်ကယ် စွက်ကယ်နဲ့ မဖြစ်စလောက်ရွာ၊ မနေ့ညတုန်းကတော့ နည်းနည်းလေး ပိုရွာတော့ မှိုတွေ မြေကြီးထဲက ထွက်လာသာပေါ့။ ဟုတ်ပြီ … ဟုတ်ပြီ”

အေးဆောင်သည် အိမ်ပေါ်သို့ပြန်ပြေးလာကာ မျက်နှာသစ်သည်။ မှိုနံ့သင်းနေသော လက်ဖြင့် မျက်နှာအနှံ့ ပွတ်သပ်မိရာ မှိုသင်းနံ့မှာ တစ်မျက်နှာလုံး စွဲကုန်ပြီ။

မျက်နှာကို ပုဆိုးဖြင့်သုတ်ရင်း မီးဖိုထဲဝင်၏။ အမေ့ကို မတွေ့။ သို့ကြောင့် ထမင်းအိုး ဟင်းအိုး ပန်းကန်ခွက်ယောက်များ လှန်လှောပြီး ထမင်းကြမ်းခဲရှိသော အိုးထဲသို့ ချဉ်ပေါင်ဖူးဟင်းအကျန်ကို လောင်း ထည့်ပြီး နယ်သည်။ ပန်းကန်ထဲမှ ငရုတ်သီးထောင်း လက်မလောက်ကိုလည်း ယက်ချသည်။

စားသည့်ဟင်းက ချဉ်ပေါင်ဖူးဟင်း၊ ရသည့်အနံ့က မှိုနံ့။ အေးဆောင် သဘောကျလိုက်သည့်ဖြစ်ခြင်း။ တဟားဟားဖြင့် ရယ်များပင် ရယ်မိသေး။

သူ ထမင်းစားပြီးချိန်တွင် သူ့အမေဒေါ်သော့ ဟင်းရွက်တစ်ဆုပ် လက်ထဲကိုင်လျက် ပြန်ရောက်လာသည်။ ရွာ့ပြင်ထွက်ပြီး ဟင်းရွက်ခူးခဲ့ခြင်းဖြစ်မည်။

“ရွာခရိုးကြားမှာ မှိုလေးဘာလေး မကြည့်ခဲ့ဘူးလား အမေ”

“မကြည့်ခဲ့ပါဘူး လူလေးရယ်၊ တွေ့လည်း မနုတ်ချင်ပါဘူး။ ရွာနားကမှိုဆိုသာ လူ့အညစ်အကြေးနဲ့ ဘယ်မှာ သန့်ပါမလဲ။ လူလေး ရနေကျ မှိုကျင်းတေက ခုလောက်ဆို ပေါက်လောက်ရောပေါ့”

“အဲသာ ခုမှသတိရလို့ အခု သွားမလို့ပဲ”

“သာပေမဲ့ ကံကောင်းမှ ရမှာပါ”

အိမ်တိုင်တွင် ကပ်ချည်ထားသော ချေးဖြင့် ပြောင်ချောပြီး အနံ့ ထွက်နေသည့် လက်သုတ်စုတ်တွင် လက်သုတ်နေဆဲ အေးဆောင်လက်သည် အမေ့စကားကြောင့် တန့်သွား၏။

“ဘာပြုလို့လဲ အမေရ။ ကျုပ်ကျင်းတေက လုံတယ်ဗျ”

“မှိုရှာသဲ့လူက အဲသည်နေရာမျိုးမှာ ရှာမှာပေါ့ဟဲ့။ နင့်လို နေဖင်ထိုးအောင် အိပ်နေမှတော့ သူများမလိုချင်လို့ ပစ်ထားခဲ့တဲ့ ရွတက်မှိုတို့၊ မျက်စိလျှမ်းပြီး ကျန်ခဲ့သာတို့သာ ရတော့မပေါ့”

အမေ့စကား မှန်နေသဖြင့် အေးဆောင် မတွန့်သာ မကွန့်သာပြီ။ ပုဆိုးဟောင်းတစ်ထည်ကို ပခုံးတင်ဓားမတိုကို ဆွဲကာ ထွက်လာခဲ့သည်။

အိမ်အောက်မှ ရန်လုံကလည်း ဟိုနားသည်နားသွားခြင်းနှင့် ရွာပြင်ထွက်ခြင်းကို ခွဲခြားသိသည့်အလျောက် အေးဆောင်နောက်မှ ပါလာတော့သည်။

အေးဆောင်တွင် ကိုယ်ပိုင်ဖြစ်နေသည့် လျှို့ဝှက်မှိုကျင်းများရှိ၏။ သည်မှိုကျင်းများမှ သုံးနှစ်ဆက်တိုက် ခွက်အစိတ်ခန့် ရဖူးသည်။

စုစုပေါင်း မှိုကျင်းသုံးကျင်း။

မှိုပေါက်သောနေရာသည် ကုန်းဖြစ်ချင်ဖြစ်မည်။ ကျင်းဖြစ်ချင် ဖြစ်မည်။ အေးဆောင်တို့ကမူ မှိုပေါက်သော နေရာတစ်ခုကို မှိုကျင်းဟူ၍သာ ခေါ်လေ့ရှိကြ၏။

ရန်လုံသည် အေးဆောင့်ရှေ့သို့ အမြီးတထောင်ထောင်ဖြင့် ရောက်သွားလိုက်၊ နောက်ကျနေလိုက်ဖြင့် ပါလာသည်။

သူ့မှာ ဟိုနမ်း သည်နမ်း တဖုံ၊ မြေကြီးကို နောက်ခြေဖြင့် အစင်းထင်အောင် ခြစ်လိုက်တစ်နည်းဖြင့် အေးချမ်းစွာ ပါလာငြား အေးဆောင်မှာမူ တူရူအရပ်မှ မှိုရပြီး ပြန်လာသူနှင့် ရင်ဆိုင်မိတိုင်း ရင်ပူနေရပြီ။

“ငါ့မှိုကျင်းများ လူတွေ့သွားပြီလား။ တွေ့ လာကြပြီလား” စသည်ဖြင့်။

ယာသို့ သွားနေကျလမ်းခွဲသို့ ရောက်လာ၏။

ရန်လုံသည် ဘယ်ဘက်လမ်းခွဲသို့ သွားနေကျ ရောက်နေကျဖြစ်ငြား စောင့်ရပ်နေသည်။ ညာဘက်လမ်းခွဲသို့ အေးဆောင်သွားမှ ရှေ့သို့ကျော်တက်သွားသည်။

မကြာမီ ပထမမှိုကျင်းသို့ ရောက်လာသည်။

အခြားရွာမှလူယောက်၏ ယာဘေးတွင် ဖြစ်သည်။ ချောက်နှစ်ခုကြားမှ ကုန်းတန်းကလေးဖြစ်သည့်အပြင် ထွန်မလှည့်သာအောင် ကျဉ်းသည့်အတွက် ပိုင်ရှင်မဲ့မြေ ဖြစ်သည်။ ရှားစောင်းပြာသာဒ် သုံးလေးပင်နှင့် တောနာနတ် လေးငါးပင်အပြင် ခါးတစ်ဝက်ခန့်မြင့်သော နဘူးပင်များ ကျိုးတိုးကျဲတဲ ရှိသည်။

အေးဆောင်သည် နဘူးချုံစပ်တွင်ထိုင်ကာ အပင်များအောက်သို့ ငုံ့ကြည့်သည်။ မှိုတက်နေသော သစ်ရွက်ခြောက်ဖြူအနည်းငယ်မှတပါး မှိုနှင့်တူသောအရာကို မမြင်။

မှိုမပေါက်ခြင်းသာဖြစ်၍ မှိုပေါက်ပြီး အခြားသူများ ဦးသွားသည့် လက္ခဏာအဖြစ် တူးရာ ဆွရာများ၊ ဝင်ထွက်ထားသည့် ခြေရာများ မတွေ့သဖြင့် အေးဆောင်ကျေနပ်ပါသည်။

အေးဆောင်နှင့် ရန်လုံတို့ ရှေ့ဆက်လာခဲ့ကြ၏။

နေပွင့်လာပြီမို့ ပုတတ်များ ဟိုနားက ရွှတ်ခနဲ သည်နားက ရွှတ်ခနဲ ပြေးဝင်လှုပ်ရှားကြသည်။ ရန်လုံမှ ပုတတ်များကို လိုက်လိုက်ဟောင်ရ၊ ပုတတ်တွင်းတွေကို လိုက်လိုက်နမ်းရဖြင့် အလုပ်များနေပြီ။

အေးဆောင်မှာ ဒုတိယကျင်းနှင့် တတိယကျင်းမှလည်း မရပါ။

ဒုတိယကျင်းမှာ မှိုမပေါက်သောကြောင့် အေးဆောင် မလှုပ်ရှား။

တတိယကျင်းတွင် မှို မတွေ့ရသော်လည်း လူခြေရာများ၊ တူးဆွသောအရာများနှင့် မှိုပွင့်မှ ပဲ့ကျကျန်ခဲ့သော အဖတ်များ တွေ့ ရသည်။

ကိုယ်ရရမည့်ပစ္စည်းကို သူတစ်ပါး ရသွားသောကြောင့် မောခြင်းထက် ကိုယ့်လျှို့ဝှက်နေရာကို လူသိသွားပြီဖြစ်သောကြောင့် မောရသည့်အမော ကြောင့် ဝမ်းနည်းရချေသည်။

သို့ဖြင့် အေးဆောင် လက်ချည်းပြန်ခဲ့ရသည်။ အပြန်လမ်းတွင် ရန်လုံ၏အစွမ်းကြောင့် ပုတတ်နှစ်ကောင်ရခဲ့၏။

ပုတတ်တွင်းသို့ လူတူးလျှင် တွင်းဝမှစတင်တူးရမည်။ ထိုသို့တူးရန် ဓားမတိုမျှဖြင့်မဖြစ်။ သို့သော် ရန်လုံက တွင်းမရှိသောနေရာကို နမ်းကြည့်လျှင် တဗျင်းဗျင်းယက်လိုက် အမြီးတယမ်းယမ်းဖြင့် ဟောင်လိုက်လုပ်စဉ် တွင်းပေါ်လာသဖြင့် ဟုတ်လိုဟုတ်ငြား ဓားဖြင့် ကူတူးပေးရာမှ ပုတတ်နှစ်ကောင်ရခဲ့သည်။ လာလမ်းအတိုင်း ပြန်လာကြသည်။

လမ်းဆုံအရောက်တွင် ယာထဲ ခဏတဖြုတ် သွားချင်စိတ် ပေါ် လာသဖြင့် ဘယ်ဘက်လမ်းခွဲအတိုင်း လိုက်ခဲ့၏။ လိုက်ခဲ့သည်ဆိုငြား ဖြောင့်ဖြောင့်တန်းတန်းလာသည်ကား မဟုတ်။ ဟိုခရိုးကပ်ပြီး ငုံ့ကြည့် လိုက်၊ သည်ခရိုးကပ်ပြီး ချောင်းကြည့်လိုက်ဖြင့် လာခြင်းဖြစ်၏။

မှိုတွေ့လိုတွေ့ငြား ကြည့်ခြင်းဖြစ်၏။ မှိုမတွေ့၍ အရှုံးမရှိ။ သွားရင်းဟန်လွှဲမို့ မှိုတွေ့သော် မမြတ်ပါလား။

မြသွယ်တို့ယာသို့ ရောက်ခါနီး နှစ်ယာခြား ဇီးတောလှက ကျော်ဇင်ဦးတို့ယာဘေးအရောက်တွင် အေးဆောင် ဝမ်းသာရချေပြီ။ ယာခရိုးထဲတွင် ပြန့်ကြဲနေသော မှိုတွေပါကလား။ အေးဆောင်သည် နဘူး နွယ်ဖြင့် သီထားသော ပုတတ်ကို ထနောင်းပင်တွင် ချိတ်ထားခဲ့ရာ ရန်လုံက ပုတတ်အောက်တွင် ငုတ်တုတ်ထိုင်ကျန်ခဲ့သည်။

ခရိုးမှာ နဘူးချုံတန်းတချို့၊ မိုးနှံချုံတချို့၊ ရှားစောင်းလက်ညှိုးတချို့ ၊ ဝံသာနုချုံတချို့ စသည်ဖြင့် အပိုင်းပိုင်းပြတ်နေ၏။ မိုးနှံနဘူးနှင့် ရှားစောင်းမှာ လုံခြုံသော ခရိုးဖြစ်ငြား ဝံသာနုချုံမှာ စိတ်မချရ သဖြင့် ဆီးဆူးတွေ အုံထားသည်။ သည်အထဲသို့ အေးဆောင် ခက်ခက်ခဲခဲတိုးဝင်ကာ ပုဆိုးဖြင့်ခင်းပြီး မှိုပွင့်မှိုငုံတွေ နုတ်ထည့်သည်။

ချုံပေါ်မှ ဆီးခက်များက အေးဆောင်ကျောကို မကြာခဏ ထိုး၏။ ဒူးထောက်ပြီး မြေကြီးနှင့် ရင်ဘတ် တစ်ထွာကွာအထိ ငုံ့ထားလျှင် လွတ်သည်။ ညောင်းသောကြောင့် ခါးမဆန့်နှင့်။ အပေါ်ကထိုးပြီ၊ စူးပြီ ခြစ်ပြီ။

နုတ်၍မလွယ်သော အငုံအပွင့်များကို ဓားဦးဖြင့် တူးသည်။ တူးစရာ နုတ်စရာ ကုန်သလောက်ရှိတော့မှ ပုဆိုးပြန့်ကို အေးဆောင်လှမ်း ကြည့်မိ၏။ မနည်းပါ။ ဆယ့်လေးငါးပိဿာ အောက်ထစ်။ ထိုအခါ ကျမှ တစ်ကိုယ်လုံး ချွေးပြိုက်ပြိုက်ကျနေပါကလား သတိထားမိ၏။

အေးဆောင်သည် ပုဆိုးပြန့်၏ ထောင့်စွန်းများကို စုကိုင်လိုက်ရာ ချုံတွင်းတစ်လျှောက် မြင်သာသောနေရာများကို တစ်ကျော့ ထပ်ကြည့်လိုက်သည်။ ဟိုဘက်သစ်ရွက်ခြောက်ပုံကလေး၏ အကွယ်တွင် တစ်စုံတစ်ရာ မြင်ရ၏။

မှိုပွင့်တွေလိုလို၊ မှိုငုံတွေလိုလို။

ထိုကြောင့် ရပြီးသား မှိုတွေ ကျိုးပဲ့မကုန်အောင် အထုပ်ကို မြှောက်ကိုင်ပြီး ဖင်တရွတ်တိုက်လျက် ရွှေ့လာသည်။

မရတော့ပြီ။ အထုပ်ကြီးတစ်ဖက်ဖြင့် ရှေ့မတိုးနိုင်တော့ပါ။

ထိုအခါကျမှ အထုပ်ကို ချထားခဲ့ပြီး အေးဆောင် ဒူးတုပ် တံတောင်ထောက်လျက် တိုးလာသည်။

အမှန်ပင် မှိုပွင့်ကြီးတွေ၊ ငှက်စွေ(ငှက်စို့)မှိုတွေဖြစ်သည်။ အငုံထက် အပွင့်က များသည်။ သစ်ရွက် သစ်ခက်များ ရောတိရောကြားတွင် ဖွေးဖွေးလှုပ်လျက်။

အေးဆောင်သည် ဒူးထောက်အနေအထားသို့ ထသည်။ နောက်လှည့်ပြီး ပုဆိုးကိုဖြန့်သည်။ ပြီးလျှင် ရှေ့သို့တစ်ထွာခန့် လက်ထောက်ကာ တိုးလိုက်ရာ ရှူးခနဲ အသံနှင့်အတူ မြွေတစ်ကောင်၏ဦးခေါင်းက လက်ကောက်ဝတ်သို့ ပြေးလာ၏။

“ဟာ” ခနဲ အော်ရင်း အေးဆောင် လက်ရုပ်ကာ တိမ်းရှောင်သည်။ ချထားသော ဓားကလည်း မြွေ၏ခေါင်းပေါ်သို့ ရောက်သွားပြီ။

ခေါင်းပြတ်သွားသောမြွေ လူးလွန့်ခုန်ပျံနေစဉ် မြေပေါ်သို့ သွေးစက်တွေ တပေါက်ပေါက်ကျလာ၏။

ထိုအခါကျမှ ခုနက နဖူး ပူခနဲ ဖြစ်သွားသည်ကို သတိရပြီး လက်ဖြင့်အုပ်မိသည်။ မြွေကို ကြောက် အားလန့်အား အရှောင်တွင် နဖူးကို ဆီးခက်ဖြင့် ခြစ်မိခြင်းပင်။

(၄)

အကယ်၍သာ ငပျော့နှင့် စကားမများရလျှင် အေးဆောင်မှာ သည်ကိစ္စကို သည်မျှလောက် အပန်းတကြီး လိုက်လံဖြေရှင်းနေရန် အကြောင်းမရှိပေ။ ယခုသော် အေးဆောင် အာပေါက်မတတ် ရှင်းနေရပြီ။

ရွာထဲတွင် အေးဆောင်တစ်ယောက် ငပျော့ရိုက်လို့ နဖူးမှာ ဟက်တက်ကြီး ဆိုနေကြ မဟုတ်လား။

ထိုနေ့က ဝံသာနုရွက်တွေ ကြိတ်အုံလာသဖြင့် သွေးတိတ်နေသော အေးဆောင့်၏ဒဏ်ရာကို ဒေါ်သော့မြင်သည်။

မှိုလာပေးစဉ် အဝတ်ဖြေပြသဖြင့် မြသွယ်လည်း မြင်သည်။ အရိုက်ခံရသောဒဏ်ရာနှင့် ဆီးဆူးခြစ်သောဒဏ်ရာ အသိသာကြီး။

“မင်းအရိုက်ခံရဆိုကွ”

မေးလာသူတိုင်းအား ဖြေရှင်းရလွန်းသဖြင့် အေးဆောင် စိတ်ညစ်နေခိုက်တွင် ငပျော့ရေးကြီးသုတ်ပျာဖြင့် ရောက်လာ၏။

“ဟေ့ကောင် မင့်ကို ကိုရွှေမောင်က အခေါ်ခိုင်းလို့”

ကိုရွှေမောင်မှာ ကျေးရွာပြည်သူ့ကောင်စီဥက္ကဋ္ဌဖြစ်၏။

“ဘာကိစ်စတဲ့လဲ ဟ”

“ဟိုရောက်တော့ သိလိမ့်မပေါ့ကွာ”

အေးဆောင်မှာ ပုဆိုးဟောင်း ပခုံးတင်ကာ တောင်တွေးမြောက်တွေးဖြင့် လိုက်လာခဲ့ရသည်။

ကိုရွှေမောင့်အိမ်တွင် လူရှင်းနေ၏။ နောက်မှီ ခုံတန်းလျားတစ်လုံးတွင် အေးဆောင်နှင့် ငပျော့ ဝင်ထိုင်လိုက်စဉ်မှာပင် ကိုရွှေမောင်က ကောက်ကာငင်ကာ မေး၏။

“မင့်ကို ငပျော့ ရိုက်လို့ဆိုကွ”

“ဟာဗျာ တောက်တီးတောက်တဲ့၊ ခင်ဗျား ဘယ်သူပြောသလဲ”

“ကြားသာပေါ့ကွ”

“မဟုတ်ပါဘူးဗျာ၊ မှိုကျင်းထဲမှာ မြွေနဲ့တွေ့လို့ အရှောင်လိုက်မှာ ဆီးခက်နဲ့ ခြစ်မိသာပါ။ ခင်ဗျားပဲကြည့်ပါအုံး။ အဲသာဟာ ဆူးခြစ်သာလား၊ လူရိုက်သာလားဆိုသာ”

ကိုရွှေမောင် ပြုံးလိုက်သည်။

“အခု မြင်ရတော့ ရှင်းသွားသာပေါ့ကွာ။ စကားများကြသာကလည်း မိန်းကလေးရှေ့မှာ ဆိုတော့ ဟုတ်များ ဟုတ်သလား တွေးရသာပဲကွာ။ မြွေဆိုသာကလည်း မှိုစားတဲ့ရွကို သိပ်ကြိုက်သာကလားကွ။ နောက်ကို မှိုရှာရင် သတိထားကြပေါ့ကွာ”

“ကဲ ခင်ဗျား ကျုပ်ပြောသဲ့ဟာတော့ မယုံဘူး”

ငပျော့က မကျေနပ်သံဖြင့် ဆို၏။

“မယုံလို့ ခေါ်မေးသယ်ကွာ၊ ကဲ အခု ယုံပြီ … သွားကြတော့”

မသွား၍လည်း မဖြစ်တော့ပါ။

ထောက်ခံစာတောင်းသူတွေလား၊ အမှုအခင်းတိုင်ကြားမလို့သူတွေလား၊ တံခါးဝမှ တပြုံကြီးဝင်လာကြသည်။

အေးဆောင်နှင့် ငပျော့တို့သည် ဝင်လာသူများအား တိမ်းရှောင်ကာ ထွက်လာရင်း အေးဆောင်က လှည့်မေး၏။

“မြသွယ်တို့ကို လာပေးသဲ့မှို မင်း ချက်စားဖြစ်သေးလား”

“ဘယ်က စားဖြစ်ရမှာလဲကွာ၊ မြသွယ်ရှေ့မှာသာ ရှက်ရမ်းရမ်းခဲ့ပေမယ့် အိမ်ရောက်တော့ ကြောက်သာနဲ့ လွှင့်ပစ်လိုက်ရသာပေါ့”

ငပျော့သည် တဟားဟား ရယ်မောရင်း ခြံဝအရောက်တွင် တစ်ဖက်လမ်းသို့ ခွဲထွက်သွားလေ၏။

သို့တစေ ဥက္ကဋ္ဌနားအထိ ပေါက်သွားခဲ့ပြီဖြစ်သော နဖူးမှဒဏ်ရာကို နောက်ထပ် မည်မျှကြာအောင် ဖြေရှင်းနေရဦးမည်နည်းဟု အေးဆောင်တွေးလာမိသည်။

“ဟဲ့ အေးဆောင်၊ ဘာတဲ့လဲဟဲ့”

မြသွယ့်အမေ ဒေါ်မြ၏အသံကြားမှ အေးဆောင်မော့ကြည့်မိ၏။

ဒေါ်မြဘေးမှ မြသွယ်မှာလည်း အေးဆောင့်အဖြေကို ငံ့လင့်နေ၏။ သူတို့သည် အိမ်ဝိုင်းဝသို့ ထွက်စောင့်နေကြခြင်းဖြစ်၏။

“ပြော မပြောချင်တော့ပါဘူး အရီးရာ”

အေးဆောင်သည် တစ်စုံတစ်ရာ မဖြေဘဲ အိမ်ဝိုင်းထဲ ဝင်လာရာက ကွပ်ပျစ်တွင် ထိုင်မိမှ ညည်းသည်။

“မှိုဖိုးရသာက တစ်ရာ၊ ဘာမဟုတ်သာကို ဖြေရှင်းနေရသာက တစ်ထောင်ဖိုးမကတော့ဘူး”

ဟု ဆက်လက်ညည်းတွားရာက ဥက္ကဋ္ဌ ခေါ်သည့်ကိစ္စကို ရှင်းပြလိုက်ရလေ၏။

“သာကတော့ ရှင်းဖို့လိုရင် ရှင်းရ၊ ဟဲ့ ဟဲ့ ဟင်းအိုးဝေသယ်ထင်သဟ”

ဒေါ်မြ စကားတန်းလန်းဖြင့် မီးဖိုထဲဘက်သို့ ပြေးဝင်သွား၏။

အေးဆောင်သည် ရေနွေးငှဲ့ရင်း မြသွယ်ကို မော့ကြည့်၏။

မြသွယ် ပြုံးမပြပါ၊ တည်တည်ကလေးပါ။ သို့သော် တည်သော ကြည်သော မျက်နှာတွင် ကြင်နာရိပ်များ ဝေနေပါသည်။

တော်ပါပြီ … လုံလောက်ပါပြီ။

သည်အကြင်နာရိပ်ကလေးကို မြင်ရရုံဖြင့် အေးဆောင်၏ ထွေးညစ်ရှုပ်နေသော စိတ်မှာ ကြည်လင်သွားပါပြီ။

သည်မျက်နှာကလေးကို တစိမ့်စိမ့်ကြည့်ရင်း ရေနွေးပန်းကန်ကို နှုတ်ခမ်း၌ တေ့လိုက်သည့်ခဏတွင် လက်ဝါးမှမှိုနံ့သည် နှာခေါင်းထဲသို့ တပျံ့ပျံ့ ဝင်လာပြန်သောအခါ အေးဆောင့်တစ်ကိုယ်လုံး လန်းဆန်းလာပါတော့သည်။

စာပေလုပ်သား ဧပြီလ၁၉၈၂ ခုနှစ်

– ပြီး –

စာရေးသူ – ဆင်ဖြူကျွန်းအောင်သိန်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ