မှော်ဆရာတစ်ယောက်၏ အမှား(စ/ဆုံး)
——————————————
ဧရာဝတီတိုင်းအတွင်းမှ ကြံတောရွာသူ/ရွာသားများမှာ အလွန်ပျော်ရွှင်နေကြလေသည်။ အကြောင်းမှာ ယနေ့ညတွင်
ကြံတောရွာ၏ ရွာဦးဘုန်းကြီးကျောင်း အနောက်ဘက်ရှိ မြေကွက်၌ ယောပြန်ကျော်စိုး၏ မျက်လှည့်အဖွဲ့မှ လာရောက်၍ မျက်လှည့်ပြသမည် ဖြစ်သောကြောင့် ဖြစ်လေသည်။ မြို့နှင့် အလှမ်းဝေးသော တောရွာများဖြစ်သောကြောင့် ပျော်ပွဲရွှင်ပွဲ
များမှာ နွေရာသီနှင့် ဆောင်းရာသီတို့တွင်သာ ရှိတတ်သောကြောင့် ရွာနီးချုပ်စပ်မှ လူများကလည်း လှည်းတစ်တန်၊လှေတစ်တန်ဖြင့် လာရောက်လေ့ ရှိကြသည်။
ယောပြန်ကျော်စိုး၏ မျက်လှည့်အဖွဲ့မှာ မျက်လှည့်၊လက်လှည့် ပြကွက်များကိုသာမကဘဲ လူအရှင်လတ်လတ်ကို ဗိုက်ခွဲ၍ အူများ ထုတ်ပြခြင်း၊ ခေါင်းဖြတ်ပြီး
ပြန်ဆက်ပြခြင်း စသည့် မှော်ပြကွက်များကိုပါ ပြသ သဖြင့် လူကြိုက်များပြီး အလွန်ပင် နာမည်ကြီးလှသည်။ ထိုပြကွက်များကို ပြသနိုင်ရန်အတွက် ယောနယ်သို့သွား၍ ဝိဉာဉ်ချုပ်နည်း၊ ဝိဉာဉ်သွင်းနည်းများအပြင် စုန်း၊ကဝေ၊အောက်လမ်းပညာသည်များ၏ အတိုက်အခိုက် အနှောင့်အယှက်များကို တန်ပြန်တိုက်ခိုက်နိုင်သည့် ပညာရပ်များကို သုံးနှစ်ကျော်မျှ လေ့လာသင်ယူခဲ့လေသည်။ ထို့ကြောင့်လည်း ယောပြန်ကျော်စိုးဟုခေါ်ဆိုကြခြင်း ဖြစ်သည်။ လူအရှင်ကို ခေါင်းဖြတ်ပြသည့် ပြကွက်မှာ ခေါင်းဖြတ်ခံမည့်သူ၏ ဝိဉာဉ်အား အချိန်အပိုင်းအခြားဖြင့် ချုပ်ထားပြီး အချိန်ပြည့်လျှင် ခေါင်းပြန်ဆက်၍ ဝိဉာဉ်ကိုပြန်လည်ထည့်သွင်းပေးရသည့် ပြကွက်မျိုးဖြစ်ပြီး အတိုက်အခိုက် အနှောင့်အယှက်များကြောင့် သတ်မှတ်ချိန်အတွင်း ခေါင်းပြန်ဆက်၍ ဝိဉာဉ်မထည့်သွင်းပေးနိုင်ပါက
ခေါင်းဖြတ်ခံထားရသူမှာ သေဆုံးရသဖြင့် အလွန်ပင် အန္တရာယ်များလှ၏။ လှည့်လည်ပြသသည့် အချို့ရပ်ရွာများမှ ပညာသည်များ၏ လက်တည့်စမ်းခြင်း၊ ပညာစမ်းခြင်းစသော အတိုက်အခိုက်
အနှောင့်အယှက်များကို ကြုံတွေ့ခဲ့ကြရလေ၏။ ထို့ကြောင့် မျက်လှည့်သွားရောက်ပြသမည့် ရပ်ရွာများမှ နယ်တော်ရှင်၊
ရွာတော်ရှင်များ၊ စုန်း၊ကဝေ၊ ရွာသူ၊ အောက်လမ်းပညာသည်များအား
အနှောင့်အယှက် မပေးကြဖို့ ကြိုတင်၍ မေတ္တာရပ်ခံရလေသည်။
******
မျက်လှည့်ပြသမည့်စင်ကို မြေကွက်ထောင့်စွန်းတွင် ဆောက်လုပ်ထားပြီး
စင်ရှေ့ရှိ မြေကွပ်လပ်ကြီးပေါ်တွင်
ပရိတ်သတ်များ ထိုင်ကြည့်နိုင်စေရန်
ဖျာများခင်းထား၏။ ပြီးလျှင် မျက်လှည့်စင်နှင့် မြေကွက်ပတ်ပတ်လည်အား တာလပတ်စများဖြင့် ကာရံ၍ရုံလုပ်ထားပြီး အရှေ့ထိပ်တွင် ဝင်ပေါက်ကို ထားရှိသည်။ မျက်လှည့်ကြည့်ရှုမည့်သူများက လက်မှတ်များရောင်းချသည့်နေရာတွင် လက်မှတ်များ ဝယ်ယူ၍ အဝင်ပေါက်မှ လက်မှတ်စစ်ထံသို့ပေးပြီး ရုံထဲသို့ဝင်ကာ မိမိတို့ဝယ်ယူထားသည့် ဖျာနံပါတ်များပေါ်တွင်ထိုင်ကာ မျက်လှည့်ကြည့်ရှုကြရသည်။
ယောပြန်ကျော်စိုး မျက်လှည့်ပြမည့်
ကြံတောရွာ ဘုန်ကြီးကျောင်းအနောက်ဘက် မြေကွက်ရှိ မျက်လှည့်ရုံရှိရာသို့ အနီးပတ်ဝန်းကျင်ရွာများမှ လူများအပြင် မုန့်သည်များ၊ ကွမ်းယာသည်များ၊အလှကုန် အဝတ်အစားသည်များ၊ ကလေးကစားစရာပစ္စည်းသည်များဖြင့် စည်ကားနေလေသည်။ ယောပြန်ကျော်စိုးတို့အဖွဲ့မှာ ညဦးပိုင်းတွင် လက်လှည့်၊ မျက်လှည့်ပညာများဖြင့် ပရိတ်သတ်ကိုဖြော်ဖြေနေရာ ပရိတ်သတ်များလည်း အားပေးကြလေသည်။
“ကဲ ရွှေပွဲလာပရိသတ်များခင်ဗျာ၊ အခုဆိုရင်ဖြင့် ယောပြန်ဆရာကျော်စိုးမှ
ပရိတ်သတ်များ မျှော်လင့်စောင့်စားနေကြတဲ့ လူအရှင်လတ်လတ်ကို ခေါင်းဖြတ်ပြီး ပြန်ဆက်ပြတဲ့ ပြကွက်ကို ပြသတော့မှာ ဖြစ်ပါတယ်ခင်ဗျာ”
“ဟေး…”
“ရွှီး ဖြောင်း ဖြောင်း ဖြောင်း…”
ထိုသို့ဖြင့် ည(၁၂)နာရီခန့်ရှိသောအခါတွင်ယောပြန်ကျော်စိုး၏ တပည့်တစ်ယောက်မှ ကြော်ငြာလိုက်လေရာ ပရိသတ်များက လက်ခုတ်တီး၍ အော်ဟစ်အားပေးကြလေသည်။
“ပရိတ်သတ်များ မျှော်လင့်နေကြတဲ့
လူအရှင်ကို ခေါင်းဖြတ်ပြီး ပြန်ဆက်တဲ့
ပြကွက်ကို ကျွန်တော် ယောပြန်ကျော်စိုးက ပြသပါတော့မယ်။ ဒီပြကွက်ဟာ အင်မတန်မှ အန္တရာယ်များလှတဲ့အတွက်
ဒီနယ်တစ်ဝိုက်မှာ ရှိကြတဲ့ ပညာသည်များ
အနှောင့်အယှက် မပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ”
ယောပြန်ကျော်စိုးမှ မေတ္တာရပ်ခံစကား ပြောကြားပြီးလျှင် ခေါင်းဖြတ်ခံမည့် သူ၏တပည့်တစ်ယောက်အား မျက်လှည့်စင်ပေါ်ရှိ သေတ္တာတစ်လုံးပေါ်တွင် လဲလျောင်းနေစေ၍ ဂါထာမန္တရားများ ရွတ်ဖတ်ပြီး မှော်တုတ်ဖြင့် နဖူးအား
ထိုးလိုက်ရာ ထိုတပည့်မှာ သတိလစ်မေ့မြောသွားလေတော့သည်။
“ကျွန်တော် ခေါင်းဖြတ်တော့မှာ ဖြစ်တဲ့အတွက် ပရိတ်သတ်တွေထဲက အမျိုးသမီးများနဲ့ ကလေးများ မလန့်စေဖို့
အင်္ကျီနဲ့ ကွယ်ပြီး ဖြတ်ပါမယ်”
ဟု ပြောပြီး ယောပြန်ကျော်စိုးမှ
တစ်တောင်ခန့်ရှည်သော ဓားတစ်ချောင်းကို ကိုင်ကာ သူဝတ်ဆင်ထားသော ကုတ်အင်္ကျီနှင့် ကွယ်၍ ခေါင်းဖြတ်လေတော့သည်။ ထိုအချိန်တွင် ယောပြန်ကျော်စိုး၏ တပည့်များမှ မျက်လှည့်စင်ပေါ်တွင်
ထွန်းထားသော မီးများအား မှိတ်လိုက်ကြပြီး နီကြန်ကြန်မီးသီးတစ်လုံးကိုသာထွန်းညှိထားလေ၏။ သို့သော်လည်း
ထိုမီးသီး၏ အလင်းရောင်ဖြင့် ဇာတ်စင်ပေါ်သို့ ပရိတ်သတ်မှ သဲသဲကွဲကွဲမြင်ကြရသည်။ ပရိတ်သတ်များမှာ အသက်ပင်
ရဲရဲမရှူရဲကြပဲ ယောပြန်ကျော်စိုး လုပ်ကိုင်နေပုံများကို ငေးကြည့်နေကြလေ၏။
ယောပြန်ကျော်စိုးမှာ ဂါထာမန္တရားများ
မန်းမှုတ်လိုက် ခေါင်းဖြတ်လိုက်နှင့်
လုပ်နေပြီး အနီးမှ သူ၏တပည့်များမှ ဝိုင်းဝန်းကူညီပေးနေကြသည်။ အတန်ကြာသောအခါတွင် ယောပြန်ကျော်စိုးမှာ ပရိတ်သတ်များဘက်သို့ လှည့်ကြည့်လိုက်ပြီး
” ပရိသတ်များခင်ဗျာ။ ခေါင်းဖြတ်လို့
ပြီးပါပြီ။ ကျွန်တော် တစ်ခုလောက် မေတ္တာရပ်ခံချင်ပါတယ်။ အဲ့ဒါကတော့ ပရိတ်သတ်များထဲမှာ အမျိုးသမီးများ၊ ကလေးသူငယ်များနဲ့ ကြောက်လန့်တတ်တဲ့
သူများ ယခုပြကွက်ကို မကြည့်ကြပါနဲ့။
ရုံအပြင်ကို ခဏထွက်ပေးကြပါ”
ယောပြန်ကျော်စိုး၏ စကားကြောင့်
အချို့အမျိုးသမီးများနှင့် ကလေးငယ်များက ရုံအပြင်သို့ ထွက်ခါသွားကြပေမဲ့ အချို့ကတော့ မထွက်ကြဘဲ နေကြလေသည်။
“ကဲ ကြောက်တတ်သူများ မရှိတော့ဘူး
ဆိုရင် ကျွန်တော် ခေါင်းဖြတ်ထားတာကို
ပြပါတော့မယ်”
“ပြပါတော့ဗျို့။ ကြည့်ချင်လှပြီ”
“ဟုတ်ပါတယ်။ ကြည့်ချင်ပါပြီဗျို့”
ပရိတ်သတ်များထဲမှ အချို့ကာလသားများ၏ တောင်းဆိုနေမှုကြောင့်
ယောပြန်ကျော်စိုးမှ ကွယ်ထားသော ကုတ်အင်္ကျီအား ဖယ်လိုက်လေရာ
“ဟာ…”
“အောင်မလေး…”
“ဘုရား ဘုရား”
မျက်လှည့်စင်ပေါ်ရှိ သေတ္တာပေါ်တွင်
ခေါင်းတစ်ခြား ကိုယ်တစ်ခြားဖြစ်နေသော ယောပြန်ကျော်စိုး၏ တပည့်အား မြင်လိုက်ကြရသဖြင့် ပရိတ်သတ်များထံမှ ကြောက်လန့်တကြား အသံများထွက်ပေါ်လာပြီး အချို့အမျိုးသမီးများနှင့် ကလေးများအပြင် အချို့ယောက်ျားများပါ သွေးလန့်၍ မူးလဲကြလေရာ ရုတ်ရုတ်သဲသဲဖြစ်သွားလေ၏။
သွေးလန့်လည်း လန့်ချင်စရာပင်။
မျက်လှည့်စင်ပေါ်ရှိ သေတ္တာပေါ်တွင် ခေါင်းဖြတ်ခံထားရသူ၏ ခန္ဓာကိုယ်ကြီးမှာ ခေါင်းမပါပဲ လဲနေပြီး လည်ပင်းငုတ်တိုကြီးမှ သွေးများက စီးကျနေသည်။ ဘေးနားရှိ ခေါင်းပြတ်ကြီး၏ ပါးစပ်မှလည်းသွေးများ စီးကျနေ၏။ ထိုမြင်ကွင်းကြောင့် သတ္တိကောင်းလှပါသည်ဆိုသော ယောက်ျားများပင် ရဲရဲမကြည့်ဝံ့ကြပဲ မျက်နှာလွှဲ၍ နေကြရလေ၏။
ခေါင်းပြတ်ကြီးကို မှော်သေတ္တာတစ်ခုထဲသို့ ထည့်လိုက်ပြီး မျက်လှည့်စင်အနောက်ဘက် မှောင်ရိပ်ထဲတွင် ထားလိုက်ပြီး ခေါင်းမပါသော ခန္ဓာကိုယ်ကြီးအား မျက်လှည့်စင်ပေါ်တွင်ပင် အဝတ်ဖြူအုပ်၍ ထားလိုက်လေသည်။ ထို့နောက်တွင် အခြား မျက်လှည့်၊လက်လှည့်
ပြကွက်များကို ဆက်လက်၍ ပြသနေတော့၏။ ထိုပြကွက်များမှာ ဘာမှမရှိသော ဗူးအတွင်းမှ ပရိတ်သတ်စားလိုသည့်
အစားအသောက်များကို မေးပြီး
ထိုဗူးအတွင်းမှပင် အချဉ်ထုတ်၊ ကွမ်းယာ၊ ဆေးလိပ်များကို နှိုက်ယူ၍ ပရိတ်သတ်များဆီသို့ ပစ်ကြဲပေးခြင်း၊ ရောင်စုံစက္ကူ အပိုင်းအစများကို ဝါးစားပြီး ရောင်စုံစက္ကူ အရှည်ကြီးအား ဝမ်းဗိုက်ထဲမှ ပြန်အန်ထုတ်ပြခြင်း စသည့် ပြကွက်များနှင့် အခြားသော မျက်လှည့် လက်လှည့် ပြကွက်များဖြစ်ပြီး ပရိတ်သတ်များမှ နှစ်သက်အားပေးကြလေသည်။ ထိုအချိန်တွင် မျက်လှည့်စင်ပေါ်သို့ ကလေးများက တက်ရောက်တောင်းကြသည်။ အဆိုးဆုံးမှာ ရွာဦးကျောင်းမှ ကိုရင်လေး နန္ဒိယဖြစ်သည်။ ထိုကိုရင်လေးနန္ဒိယမှာ အသက်(၁၃)နှစ်ခန့်ရှိပြီး
ဆရာတော်ကြီး၏ တူဝမ်းကွဲတော်စပ်သူဖြစ်၍ အကြောက်အလန့်မရှိ အလွန်ပင်ဆိုးလှ၏။ မျက်လှည့်အဖွဲ့မှ ဆင်းခိုင်းသော်လည်း ပေကတ်ကတ်ဖြင့်လုပ်နေပြီး မျက်လှည့်စင်ဒေါင့်တွင် ထိုင်နေလေသည်။ ယောပြန်ကျော်စိုးနှင့် မျက်လှည့်အဖွဲ့သားများလည်း ပြောမရသည့်အဆုံး၌ အမှုမဲ့အမှတ်မဲ့ နေလိုက်ကြပြီး မျက်လှည့်၊ လက်လှည့်ပြကွက်များကို ဆက်လက်ပြသကြလေသည်။ ထိုအချိန်တွင် ကိုရင်နန္ဒိယမှ
သူ့အား မျက်လှည့်စင်ပေါ်မှ အတင်းဆင်းခိုင်းနေသည်ကို မကျေမနပ်ဖြစ်ကာ မျက်လှည့်အဖွဲ့သားများ အလစ်တွင်
ခေါင်းထည့်ထားသည့် မှော်သေတ္တာကို ယူ၍ မျက်လှည့်စင်အနောက်ဘက်မှ
ဆင်းကာ ကာရံထားသည့် တာလပတ်များ၏ အောက်ခြေကိုမ၍ ထွက်လိုက်သည်။ ပြီးလျှင် သူထွက်ခဲ့သည့် တာလပတ်များကို ခြေရာလက်ရာမပျက် ပြန်ပြင်လိုက်ပြီး ခေါင်းထည့်ထားသည့် မှော်သေတ္တာကိုယူ၍ အမှောင်ရိပ်ထဲသို့
ဝင်ရောက်သွားလေတော့သည်။
ထိုသို့ဖြင့် နာရီဝက်ခန့်ကြာသောအခါတွင်
“ကဲ ရွှေပွဲလာပရိတ်သတ်များခင်ဗျာ။ ခေါင်းပြန်ဆက်ဖို့ သတ်မှတ်ထားတဲ့ အချိန်ပြည့်ခါနီးပြီဖြစ်လို့ ပရိတ်သတ်များမျှော်လင့်နေကြတဲ့ ခေါင်းပြန်ဆက်တဲ့ပြကွက်ကို ပြသပါတော့မယ်ခင်ဗျာ”
“ပြပါတော့ဗျို့”
“ကြည့်ချင်လှပြီဗျို့”
ပရိတ်သတ်များမှ အော်ဟစ်တောင်းဆိုကြသဖြင့် ခေါင်းထည့်ထားသည့် မှော်သေတ္တာအား သွား၍ယူလေရာတွင် သေတ္တာမှာ
မရှိတော့သဖြင့် ယောပြန်ကျော်စိုးတို့အဖွဲ့မှာ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်ကုန်ကြရလေသည်။ သတ်မှတ်ချိန်အတွင်းတွင် ခေါင်းပြန်ဆက်ပြီး ဝိဉာဉ်အားပြန်လည်၍
မထည့်သွင်းပေးနိုင်လျှင် ခေါင်းဖြတ်ခံထားရသူမှ အမှန်တကယ်သေဆုံးရလေတော့မည်။ ထို့ကြောင့် နေရာအနှံ့အပြားတွင် လိုက်လံရှာဖွေကြသော်လည်း မတွေ့ရပေ။ ထိုအခါတွင် ယောပြန်ကျော်စိုးမှ
“ကျွန်တော့တပည့်ရဲ့ ခေါင်းကိုထည့်ထားတဲ့ သေတ္တာကို ယူထားသူရှိနေပါတယ်။ အခုချက်ချင်း ပြန်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ အချိန်ကျော်သွားရင် ကျွန်တော့တပည့်အတွက် အသက်အန္တရာယ် ရှိပါတယ်။ ဒါ့ကြောင့် အမြန်ပြန်ပေးပါခင်ဗျာ”
ထိုအခါတွင် ပရိတ်သတ်များမှာ လှုပ်လှုပ်ရွရွ ဖြစ်သွားကြပြီး
“ဟဲ့ ဒီလိုခေါင်းပြတ်ကြီး ထည့်ထားတဲ့ သေတ္တာကို ဘယ်သူကများ ယူသွားတာလဲမသိဘူး”
“ဒါ သာမန်မဟုတ်ဖူး။ ပညာသည်တွေ ပညာစမ်းပြီနဲ့ တူတယ်”
“ဖြစ်နိုင်တယ်။ သာမန်လူတွေကတော့
ယူမှာမဟုတ်ဖူး။ ငါဆို ကြည့်ရတာနဲ့တင်
ကြက်သီးထလွန်းလို့”
ပရိတ်သတ်များမှ တီးတိုးဝေဖန်ပြောဆိုနေကြသော်လည်း ခေါင်းထည့်ထားသည့် သေတ္တာကို ယူသည့်သူကား ပေါ်မလာ။
ယောပြန်ကျော်စိုးတို့အဖွဲ့မှာ သတ်မှတ်ချိန်ပြည့်ရန် အလွန်ပင် နီးကပ်နေလေပြီဖြစ်သောကြောင့် ခေါင်းမီးတောက်နေကြရလေသည်။
“ကျွန်တော့တပည့်ရဲ့ ခေါင်းကို ယူထားတဲ့ ပညာသည် ခေါင်းကို အမြန်ပြန်ပေးပါခင်ဗျာ။ သတ်မှတ်ထားတဲ့ အချိန်ကျော်သွားရင် အသက်အန္တရာယ် ရှိတဲ့အတွက် အမြန်ပြန်ပေးဖို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ်”
ယောပြန်ကျော်စိုးမှ မေတ္တာရပ်ခံနေသော်လည်း မည်သို့မျှ ထူးခြားမလာချေ။ ပရိတ်သတ်များမှာလည်း ငြိမ်သက်လျှက်။ သုံးကြိမ်သုံးခါမျှ မေတ္တာရပ်ခံ တောင်းပန်၍ တောင်းနေသော်လည်း မည်သို့မျှ ထူးခြားမလာလေသဖြင့်
ယောပြန်ကျော်စိုးလည်း ဒေါသထွက်လာပြီး
“ကဲ ခေါင်းယူထားတဲ့ ပညာသည်ခင်ဗျာ။
အစကတည်းကလည်း မနှောင့်ယှက်ဖို့ မေတ္တာရပ်ခံထားတယ်။ ဒါကို နှောင့်ယှက်ဖြစ်အောင် နှောင့်ယှက်တယ်။ အခုလဲ
သင်က မေတ္တာရပ်ခံပြီး တောင်းလို့မရဘူးဆိုမှတော့ ကျွန်တော်ကလည်း လုပ်စရာရှိတာ လုပ်ရပါတော့မယ်။ ပြီးမှ ကျွန်တော့ကို အဆိုး မဆိုပါနဲ့”
ယောပြန်ကျော်စိုးမှာ သူ၏ မှော်သေတ္တာထဲမှ ဗူးစေ့လေး တစ်အားထုတ်ယူလိုက်ပြီး
မျက်လှည့်စင်ရှေ့ မြေပြင်ပေါ်သို့
ချလိုက်၏။ ပြီးလျှင် ရေတစ်ခွက်ကိုယူ၍
ဂါထာတစ်ပုဒ်ကို တီးတိုးရွတ်ဆို မန်းမှုတ်နေလေသည်။ ပြီးသောအခါတွင် ပရိသတ်အား ကြည့်၍
“ကဲ ကျွန်တော် နောက်ဆုံးမေးပါမယ်။ ကျွန်တော့တပည့်ရဲ့ ခေါင်းကို ယူထားတဲ့ ပုဂ္ဂိုလ် ခေါင်းကိုအမြန်ပြန်ပေးပါ။ မဟုတ်ရင်တော့ ကျွန်တော့အဆိုး မဆိုပါနဲ့”
ဟု အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်သော်လည်း ပရိသတ်မှာကား ငြိမ်သက်
လျှက်။ ထိုအခါ ယောပြန်ကျော်စိုးမှ ရေခွက်ထဲမှ ရေများကို ဗူးစေ့ပေါ်သို့ လက်ပြန်လောင်းချလိုက်လေတော့သည်။
“ဟာ…”
“ဟင်…”
“အို…ဘုရား ဘုရား…”
ထိုအခါတွင် ငြိမ်သက်စွာ ကြည့်ရှုနေကြသည့် ပရိတ်သတ်များထံမှ အံ့ဩတစ်ကြီးဖြင့် အာမေဋိတ်အသံများ ထွက်ပေါ်လာလေသည်။ အကြောင်းမှာ ယောပြန်
ကျော်စိုးမှ ရေကို လက်ပြန်လောင်းချ
လိုက်သည့် ခဏအတွင်းမှာပင် ဗူးစေ့လေးမှာ အက်ကွဲလာပြီး ချက်ချင်းပင် အညွန့်အခက်များထွက်လာကာ ဗူးပင်ကြီး
တစ်ပင် ဖြစ်သွားလေသောကြောင့်ပင် ဖြစ်သည်။ မကြုံစဖူး အလွန်ထူးဆန်းလှသော အဖြစ်ကြောင့် ပရိတ်သတ်များမှာ အသက်ပင် ရဲရဲမရှူဝံ့ကြပဲ ငြိမ်သက်စွာဖြင့် ငေးကြည့်နေကြလေသည်။
ယောပြန်ကျော်စိုးမှာ သူ့တပည့်၏
ခေါင်းကို ဖြတ်သည့် ဓားကိုယူ၍
ဗူးပင်ကို အားကုန်လွှဲ၍ ခုတ်ချလိုက်ရာ
ဗူးပင်မှာ အောက်ခြေမှ ပြတ်၍သွားလေတော့သည်။ ထိုသို့ ဗူးပင် ပြတ်ကျသွားသည့် အချိန်မှာပင် မျက်လှည့်ရုံအနောက်ဘက်မှ
“အား…”
ဟုသော နာကျင်နက်ကျောစွာ အော်ဟစ်လိုက်သည့် အသံကိုကြားလိုက်ကြရလေတော့သည်။ ထို့ကြောင့် ယောပြန်ကျော်စိုးတို့ မျက်လှည့်အဖွဲ့သားများနှင့် ရပ်ရွာလူကြီးများလည်း အသံကြားရာဆီသို့ အပြေးအလွှား သွားရောက်ကြည့်ရှုကြရာတွင် ခေါင်းထည့်ထားသည့်
မှော်သေတ္တာကို ကိုင်လျှက်ဖြင့် သေဆုံးနေသော ကိုရင်နန္ဒိယအား တွေ့လိုက်ကြရသဖြင့် ထိတ်လန့်အံ့ဩသွားကြရလေသည်။
ထိုအခါမှ ကိုရင်နန္ဒိယ မျက်လှည့်စင်ပေါ်တွင် ထိုင်နေရာမှ ခေါင်းထည့်ထားသည့် မှော်သေတ္တာအား ယူဆောင်သွားသည်ကို သိရှိလိုက်ကြရသော်လည်း မည်သို့မျှ မတတ်နိုင်ကြတော့။ ကိုရင်နန္ဒိယမှာ
ယောပြန်ကျော်စိုး၏ တစ်ချက်လွှတ်
အတိုက်ဖြင့် သေဆုံးနေသကဲ့သို့ပင်
ခေါင်းဖြတ်ခံထားရသည့် သူမှာလည်း သတ်မှတ်ချိန် ကျော်လွန်သွားပြီဖြစ်သဖြင့် အသက်သေဆုံးခဲ့ရလေပြီ။
ထိုအခါတွင် ယောပြန်ကျော်စိုးမှာ
လူနှစ်ယောက် သေဆုံးမှုဖြင့် တရားရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် တရားရုံးမှ ယောပြန်ကျော်ကျော်မိုးအား ထောင်ဒဏ် တစ်နှစ်ချမှတ်ပြီး မျက်လှည့်ပြသခွင့်ကိုလည်း သုံးနှစ်တာမျှ ပိတ်ပင်ခြင်းကို ခံခဲ့လေ၏။
******
(ပြီးပါပြီ)
ကျွန်တော်ငယ်စဉ်က လူကြီးသူမများ ပြောပြခဲ့သည့် ထူးဆန်းသောလူသတ်မှုအကြောင်းကို ညာဏ်စွမ်းရှိသ၍ ရေးဖွဲ့ပါသည်။
ကိုဖြိုး(ကျိုက်လတ်)