မှော်ဆရာလေးမိုးထွန်းနှင့် သွေးမိစ္ဆာ (စ/ဆုံး)
———————————————-
ကောင်းကင်က နီရဲနေပြီး လေပြင်းများတစ်ချက်ချက်ဆောင့်တိုက်သောကြောင့် သစ်ပင်များပင်ရိမ်းခါနေလေသည်။ မိုးဖွဲဖွဲလေးရွာနေပေမဲ့ မုန်တိုင်းကဲ့သို့သဘောမျိုး ရာသီဥတုဖြစ်နေ၏။ မိုးစွန်ထောက်ကျေးရွာနဲ့ သိပ်မဝေးတဲ့တောင်တစ်လုံးပေါ်မှာ ကျောက်ဂူကြီးတစ်လုံးရှိနေသည်။ အဲဒီဂူထဲတွင် မှောင်မဲနေပြီး အရိမ်မဲကြီးတစ်ခုက ကျောက်နံရံအမိုးကို တစ်ခုခုနဲ့ချိတ်ကာ ဇောက်ထိုးအနေထားနဲ့ နေနေလေသည်။
အဲဒီအချိန် အရိပ်အမဲကြီးကလှုပ်လာပြီး နီရဲတောက်နေသော မျက်ဝန်းအစုံကို တွေ့လိုက်ရသည်။ မကြာခင်အချိန်မှာတော့ ထိုအရာကြီးက လျှင်မြန်လွန်းလှသော အရှိန်နဲ့ ကျောက်ဂူအပြင်ဘက်ကိုထွက်လာကာ ကောင်းကင်ကနေ မိုးစွန်ထောက်ရွာဘက်ကို ပျံသန်းသွားလေတော့သည်။
+++ +++
နံနက်ခင်းရောင်နီဦးအစပျိုးချိန်မှာ တိုက်မောင်းတစ်ယောက် ထွန်တုံးကိုထမ်း၍ နွားတစ်ရှဉ်းကိုဆွဲကာ လယ်ထဲကိုထွက်လာခဲ့သည်။ သူ့ရဲ့လယ်က ရွာအနောက်ဘက်လမ်းဘေးမှာ ရှိတာဖြစ်လို့ အနည်းငယ်တော့ဝေးပေသည်။ အဲဒီလိုသူလျှောက်လာရင်းနဲ့ သစ်ပင်တစ်ပင်အောက်မှာ လဲကျနေတဲ့ မိန်းမတစ်ယောက်ကိုတွေ့လိုက်ရသည်။ သူလည်းချက်ချင်းပြေးသွားကာ ကြည့်လိုက်တော့ ရွာလယ်ပိုင်းက ဦးမြင့်အောင်သမီးခင်ခင်ထားဖြစ်နေ၏။
နှာခေါင်းဝကိုလက်နဲ့စမ်းပြီး လှုပ်နှိုးကြည့်သော်လည်း နိုးမလာပေ။ အသက်လည်းမရှူတော့တာကြောင့် ရွာထဲကိုချက်ချင်းပြေးဝင်လာပြီး…
“ရွာအနောက်ဘက်က သစ်ပင်အောက်မှာ ခင်ခင်ထားတစ်ယောက်သေနေလို့ဗျို့!!.. ရွာအနောက်ဘက်က သစ်ပင်အောက်မှာ ခင်ခင်ထားသေနေလို့ဗျို့!!…။”
တိုက်မောင်းက အဲဒီလိုအော်ရင်းနဲ့ သူကြီးဝိုင်းထဲကိုအပြေးဝင်လာခဲ့သည်။
“ဗျို့သူကြီး…သူကြီးရေ….။ သူကြီးထအုံးဗျို့။”
အိမ်အပေါ်ထပ်က ပြတင်းတံခါးပေါက်ပွင့်လာလေ၏။
“ဟေ့ကောင်တိုက်မောင်း အော်ကြီးဟစ်ကျယ်နဲ့ဘာဖြစ်လာတာလဲကွ စောစောစီးစီး။”
“သူကြီး ရွာအနောက်ဘက်က သစ်ပင်အောက်မှာ ခင်ခင်ထားတစ်ယောက်သေနေတယ်သူကြီးရ အဲဒါသူကြီးလိုက်ကြည့်အုံး။”
“ဟေ ဟုတ်လား။ မင်း ဦးမြင့်အောင်ကိုရော ပြောခဲ့ပြီးပြီလား။ ”
သူကြီးကအဲဒီလိုစကားပြောရင်းနဲ့ အောက်ဆင်းလာခဲ့သည်။
“ကျုပ်ဝင်ပြောခဲ့ပြီးပြီ သူကြီးကိုအခုလာခေါ်တာပဲဗျ။”
“ကဲကဲလာလာ သွားစို့သွားစို့။ ဘယ်လိုများဖြစ်တာတုန်းကွာ။ ဒီကလေးမလေး မနေ့ကငါတွေ့တုန်းကတောင် အကောင်းပါ။”
“ကျုပ်လည်းမသိပါဘူးသူကြီးရာ လယ်ထွန်ဖို့သွားရင်းနဲ့ သစ်ပင်အောက်မှာလဲနေတာတွေ့တာဗျ။ ဘယ်လိုနှိုးနှိုးနိုးမလာဘူးဗျ။ နှာခေါင်းနားစမ်းကြည့်တော့လည်း အသက်မရှူတော့ဘူး။”
“ငယ်ငယ်ရွယ်ရွယ်နဲ့ တယ်အဖြစ်ဆိုးသကိုးကွ။ လူသတ်မှုလားဘာလားမသိသေးတော့ မြို့ဂါတ်တော့ငါတို့အကြောင်းကြားရမယ်။”
သူကြီးနှင့်တိုက်မောင်းတို့က စကားပြောရင်း ခတ်မြန်မြန်လျှောက်လာကြသည်။ ထို့နောက် စုဝေးနေတဲ့လူများကို အတင်းဖယ်ခိုင်းကာ ခင်ခင်ထားအလောင်းကိုဖက်ပြီး ငိုနေတဲ့ ဦးမြင့်အောင်ဘေးကိုထိုင်လိုက်လေ၏။
“ဘယ်လိုဖြစ်တာတုန်း ဦးမြင့်အောင်။”
“မသိပါဘူးသူကြီးရယ် ကျုပ်သမီးလေးက မနေ့ညက အိမ်မှာအိပ်နေတာပါ။ ဒီနေ့မနက် တိုက်မောင်းအော်သံကြားလို့ အခန်းထဲကြည့်တော့ သမီးလေးက မရှိတော့ဘူး။ ဒီကိုလာကြည့်မှ အသက်မဲ့နေတဲ့ သမီးလေးအလောင်းကို တွေ့ရတော့တာပါပဲဗျာ။”
“အင်း စိတ်တော့မကောင်းပါဘူးဗျာ။ ကျုပ်လည်းအတတ်နိုင်ဆုံး တရားခံကိုဖော်ထုတ်ပေးပါ့မယ်။”
ခင်ခင်ထားအလောင်းကို သူ့အိမ်မှာပဲ စင်လုပ်ကာ တင်ထားလိုက်ကြပြီးတဲ့နောက် သူကြီးကမြို့ဂါတ်ကိုအကြောင်းကြားခဲ့သည်။ ရွာနဲ့မြို့က မိုင်၂၀ခန့်သာဝေးတာမလို့ ညနေမစောင်းမီ ရာဇဝတ်အုပ်မင်းနဲ့အတူ ပုလိပ်သား အယောက်နှစ်ဆယ်ခန့် ရောက်ရှိလာကာ ခင်ခင်ထားအလောင်းကို သေချာကြည့်ရှူ့စစ်ဆေး၍ အလောင်းကိုတွေ့ရှိရတဲ့ နေရာအနီးပတ်ဝန်းကျင်ကို လိုက်လံစစ်ဆေးကြလေ၏။
သူကြီးအိမ်၌ ရာဇဝတ်အုပ်မင်းနှင့် သူကြီးတို့ အိမ်ရှေ့က ခုံတန်းလျားမှာထိုင်၍ စကားပြောနေကြသည်။
“အမှု့ခင်းဖြစ်တဲ့ အချိန်က ညသန်းခေါင်လောက်လို့ ကျုပ်ခန့်မှန်းမိတယ် သူကြီး။ ကျုပ်အတွေ့အကြုံရ ပြောရမယ်ဆိုရင် ဒါကလူသတ်မှု…. မဟုတ်ဘူး။”
“ဗျာ…. ဘာကြောင့်လဲ ရာဇဝတ်အုပ်မင်း။”
“ကျုပ်ခန့်မှန်းရသလောက် ရှင်းပြပေးပါ့မယ်။ သေဆုံးသူကလေးမဟာ အသက်နှစ်ဆယ်ဝန်းကျင်၊ ဒီအရွယ်ဟာ အချစ်ကိုယုံမှားကိုးကွယ်တဲ့အရွယ်ပဲ။ ဆိုတော့ ဒီမိန်းကလေးက မိဘများ အိပ်ရာဝင်ချိန်မှာ ချစ်သူရည်းစားနဲ့ မှု့ခင်းဖြစ်တဲ့နေရာအနီးမှာ ချိန်းတွေ့တယ်။ သူ့ရဲ့ချစ်သူကောင်လေးနဲ့တွေ့ပြီး အပြန်မှာ မြွေကိုက်ခံရလို့ဆုံးသွားတာပဲ။”
“မြွေကိုက်ခံရတယ်။”
“ဟုတ်ပါတယ်။ သူကြီးတို့သေချာမကြည့်လို့ပါ သေဆုံးသူကလေးမရဲ့ လည်ပင်းမှာ အပေါက်ရာနှစ်ခုကို တွေ့ပါလိမ့်မယ်။”
“ဒါပေမဲ့ ရာဇဝတ်အုပ်မင်းရယ် မြွေက ဒီလည်ပင်းကို ဘယ်လိုတက်ပေါက်သလဲ။”
“ကျုပ်အထင်အရ သစ်ပင်ပေါ်ကနေ မြွေက ကလေးမပခုံးပေါ်ကျတယ်။ အဲဒီ့မှာမြွေကလန့်ပြီး မြင်တဲ့နေရာ ပေါက်လိုက်တယ်ထင်တယ်။”
“အင်း ရာဇဝတ်အုပ်မင်းပြောတာကလည်း သဘာဝကျပါတယ်။ ဒါပေမဲ့…။”
“ဘာမှဆင်ခြေပေးဖို့ မစဉ်းစားပါနဲ့သူကြီး။ ဒီလိုတောတောင်ဒေသတွေမှာ ဒါမျိုးက ဖြစ်နေကြပါ။ ဘာမဟုတ်တဲ့ ဒီလိုအမှုတွေအတွက် ကျုပ်တို့အချိန်မပေးနိုင်ဘူး။ ဒီအမှုကိုပိတ်လိုက်ပါ။ ကျုပ်တို့ကိုပြန်ခွင့်ပြုပါအုံး။”
“ဟုတ်….ဟုတ်ကဲ့ပါ။”
ရာဇဝတ်အုပ်မင်းနဲ့အတူ ပုလိပ်တွေပြန်သွားတဲ့အခါမှာတော့ သူကြီးတစ်ယောက် အံကိုကြိတ်ကာ စားပွဲခုံကို လက်သီးဆုပ်၍ ထုချလိုက်၏။
“တောက်(စ်)…. လူတစ်ယောက်လုံးသေသွားတာကို ဘာမဟုတ်တဲ့အမှုတဲ့လား။ ငါတို့လိုလူတွေဆို ဒီအတိုင်းပဲ ဆက်ဆံကြတယ်။ မင်းတို့ကျွန်ဖြစ်နေတော့ လုပ်ထားအုံးပေါ့ကွာ ငါတို့လွတ်လပ်ရေးရတဲ့နေ့ကြမှ ပြန်တွေ့ကြမယ် ရာဇဝတ်အုပ်မောင်မောင်။”
ဒီလိုနဲ့ ခင်ခင်ထားသေတဲ့အမှုက သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးခြင်းဆိုပြီး အမှုပိတ်ခံခဲ့ရသည်။ တစ်ရွာလုံးက မကျေနပ်ကြသော်လည်း ဘာမှမလုပ်နိုင်ကြပေ။ ညအချိန်အခါကို ရောက်တဲ့အခါမှာတော့ သူကြီးတစ်ယောက် ရာဇဝတ်အုပ်မင်း မောင်မောင်၏ စကားကိုပြန်ကြားယောင်ကာ ဒေါသများထွက်နေ၏။
သန်းခေါင်ယံအချိန်ကို ရောက်ရှိတဲ့အခါမှာ ကောင်းကင်က အရိပ်မဲကြီးတစ်ခုက သူကြီးခြံထဲကို ဝင်ရောက်လာသည်။ သူကြီးသည် လရောင်အောက်မှာ မြင်ရတဲ့ ထိုအရာကို အံ့ဩစွာ ရပ်ကြည့်နေမိလေ၏။ နီရဲတောက်နေသောမျက်လုံး၊ အလွန်ကြီးမားတဲ့ တောင်ပံတွေ၊ အပြင်ကိုထွက်နေတဲ့အစွယ်နှစ်ချောင်းနှင့် လူတစ်ယောက်ကို သူမြင်နေရခြင်းဖြစ်၏။ သူ၏ လက်စွဲတော်နှစ်လုံးပြူးကိုယူကာ အရှေ့ကိုထွက်လာခဲ့သည်။
“မင်း… မင်းကဘယ်သူလဲ။ ငါ့ရွာကတော့မဖြစ်နိုင်ဘူး။ ပြီးဝောာ့ မင်းကဘာလဲ…။”
“ဟားဟားဟား ငါ့နယ်မြေမှာ လာနေပြီး ငါ့ကိုဘယ်သူလဲတဲ့လား လူသားစုတ်။ ငါ့အစွမ်းတွေလျော့နေလို့ အိပ်နေတဲ့အချိန်မှာ မင်းတို့က ငါ့ခွင့်ပြုချက်မရှိပဲ ဒီမှာလာနေကြတယ်။”
“မင်းဘာတွေလာပြောနေတာလဲ ငါတို့ဒီမှာနေလာတာ နှစ်ပေါင်းမနည်းတော့ဘူးကွ။ မင်းနယ်မြေလို့ပြောရအောင် မင်းကဘာကောင်လဲ။”
“သတ္တိတွေအရမ်းကောင်းတဲ့ လူသားပဲ မင်းလက်ထဲကဘာကြီးလဲ။ ကြည့်ရတာတော့ ငါ့အတွက်အနှောက်ယှက်ဖြစ်မယ့်ပုံပဲ။”
အဲဒီလူက သူ့ရဲ့လက်ကိုဖြန့်ပြီး လက်သီးဆုပ်လိုက်တာနဲ့ သူကြီးလက်ထဲကနှလုံးပြူးက ကွေးကောက်ပြီး ပြုတ်ကျသွား၏။ သူကြီးအနေနဲ့ ချွေးပျံကာ လန့်သွားခဲ့သည်။
“မင်း…မင်း… မင်းကဘာလဲ။”
“ဟားဟားဟားဟား ငါ့ကို ငါ့လောကမှာ သွေးမိစ္ဆာလို့ခေါ်တယ်။ ငါ့နာမည်ကိုသိတဲ့လူသားက သေရမယ်။”
သွေးမိစ္ဆာက အဲဒီလိုပြောပြီး လျှင်မြန်လွန်းလှတဲ့ အရှိန်နဲ့ သူကြီးအနောက်ကို ရောက်ရှိသွားကာ သူ့ရဲ့ချွန်ထက်နေသော အစွယ်နဲ့ သူကြီးလည်ပင်းကိုကိုက်ချလိုက်၏။ သူကြီးက အော်တောင်မအော်နိုင်ပဲ ညိမ်ကြသွား၏။ တဖြည်းဖြည်း သူကြီးရဲ့ခန္ဓာကိုယ်က ဖြူဖျော့လာမှသာ သွေးမိစ္ဆာက ကိုက်ထားရာကနေ လွှတ်ပြီး အောက်ပစ်ချလိုက်၏။
” ထွီး… ညစ်ပတ်လိုက်တဲ့သွေးတွေ။ ငါ့အစွမ်းတွေပြန်ပြည့်ဖို့ သန့်စင်တဲ့သွေးသောက်မှရမယ် ဘယ်မှာရှာရမလဲ။ ဟင်… ဘာကြီးလဲ။ ဒီရွာထဲမှာ တစ်ယောက်ယောက်ရှိနေတာပဲ အဲဒါကိုငါခံစားမိတယ်။ မင်းဘယ်မှာလဲ လာစမ်း။”
သွေးမိစ္ဆာက အဲဒီလိုပြောပြီး ကောင်းကင်ကိုပျံတက်သွားကာ ရွာကိုလှည့်ပတ်နေသည်။ ရွာလယ်ခေါင်အိမ်ဘေးက အိမ်အပေါ်မှာတော့ လူတစ်ယောက်က လေးထောင့်သဏ္ဍန်အထုပ်တစ်ခုကို ပိုက်ထားကာ အိပ်ပျော်နေလေသည်။ သွေးမိစ္ဆာက ရွာကိုလှည့်ပတ်နေရင်း အချိန်ကိုသတိထားမိကာ အရုဏ်မတက်မီ တောင်ပေါ်ကို ပျံသန်းသွားခဲ့လေ၏။
+++ +++
မနက်ခင်းအချိန်အခါလေးမှာ သတင်းဆိုးတစ်ခုကြောင့် မိုးစွန်ထောက်ကျေးရွာကလူတွေ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။ သူကြီးက သူ၏အိမ်ဝိုင်းအတွင်းမှာ လည်ပင်းကအပေါက်အရာနှစ်ခုနဲ့ သေဆုံးနေတဲ့ သတင်းဆိုးက တောမီးလို တစ်ရွာလုံးပျံ့နှံ့သွား၏။
“ဘယ်လိုဖြစ်တာလဲ ငါတို့ရွာကို ဘာကဒုက္ခပေးနေတာလဲ။”
“အေးကွာ သူကြီးသေတာက ခင်ခင်ထားသေပုံနဲ့တူတူပဲ။ သရဲတွေကများ သတ်သွားတာလား။”
သူကြီးအလောင်းကို ကြည့်ရင်း ရွာသူ၊ ရွာသားတွေ ထင်မြင်ချက်အမျိုးမျိုး ပေးကြလေသည်။ သို့သော် အကြောင်းအရာမယ်မယ်ရရ မရှိပဲသေဆုံးတာက ထူးဆန်းနေကြ၏။ မြို့ဂါတ်ကို အကြောင်းကြားသူနဲဲ့ အလောင်းမြေချသူများနဲ့ သူကြီးအသစ်တင်ရန် တစ်ရွာလုံးအလုပ်ရှုပ်နေကြ၏။
ရွာအပြင်တောထဲကနေ အပြာရောင်ဝတ်ရုံ၊ ယောက်ျားပီသသော ကိုယ်ခန္ဓာနဲ့ ဥပဓိရုပ်ခံ့ညားလွန်းတဲ့ ကောင်လေးတစ်ယောက် ထွက်လာခဲ့သည်။ သူ၏မျက်လုံးများက အရောင်တောက်ကာ ကြည်လင်စူးရှသော်လည်း ဦးတည်ချက်မဲ့သလို ဘယ်အရာကိုမှ စိတ်ဝင်စားခြင်းမရှိပေ။ မိုးစွန်ထောက်ရွာထဲကို သူဝင်လာတဲ့အခါမှာတော့ လူတွေက သူ၏ဝတ်စားပုံကြောင့် အထူးဆန်းသဖွယ် သူ့အားစိုက်ကြည့်နေကြ၏။
“ဟေ့ရောင် ဒီကလေးကိုကြည့်စမ်း ထူးဆန်းမနေဘူးလား။ တို့ရွာကို ဒုက္ခပေးတာ သူများဖြစ်နေမလား။”
” ထူးဆန်းတာတော့အမှန်ပဲ သေချာတော့စောင့်ကြည့်ရမယ်။”
လူတွေရဲ့ တီးတိုးစကားသံကို သူကြားနေရ၏။ သို့သော် လျစ်လှူရှူ့ကာ သူဆက်လျှောက်လာသည်။ သူသည် ဒီရွာမှာ ဒုက္ခရောက်နေတာကို ခုဏကလူများ၏ စကားသံကြောင့် သိလိုက်ရပြီ။ ဒါကြောင့် သူ့ရဲ့တာဝန်က ဒုက္ခရောက်သူကို ကယ်တင်ရမည်။ ဘယ်လိုဒုက္ခမှန်းမသိလို့ ဘယ်လိုကယ်တင်ရမလဲ သူစဉ်းစားနေချိန် လူတစ်ယောက်က သူ့လက်ကိုဆွဲကာ အိမ်တစ်အိမ်ထဲကိုဆွဲခေါ်သွား၏။
“မင်းဘယ်သူလဲ ဘာလို့ငါ့ကိုခေါ်လာတာလဲ။”
“တောင်းပန်ပါတယ်။ မင်းရဲ့ဝတ်စားပုံကြောင့် ရွာမှာဖြစ်နေတဲ့သေဆုံးမှုတွေက မင်းကိုသံသယဝင်နိုင်လို့ ငါမင်းကိုအတင်းဆွဲခေါ်လာတာပါ။”
“မင်းကငါ့ကိုသိလို့လား။”
“မသိပါဘူး။ ဒါပေမဲ့ ငါ့ကိုတာဝန်တစ်ခုပေးထားလို့ မင်းကိုစောင့်နေတာ။”
“ငါ့ကိုမသိပဲ ငါ့ကိုစောင့်နေတယ်။ ဘာတွေလဲ ငါနားမလည်ဘူး။”
“ငါရှင်းပြပါ့မယ်။ ငါ့နာမည်က တိမ်ညိုပါ။ အမှန်တိုင်းဝန်ခံရရင် ငါကဒီရွာသားမဟုတ်ဘူး။ မှော်နိုင်ငံကပါ။ တစ်နေ့မှာ မှော်သခင်ကြီးက ဒီရွာမှာငါ့ကို အပြာရောင်ဝတ်ရုံနဲ့ လူတစ်ယောက်ကိုစောင့်ခိုင်းလိုက်တယ် သူလာခဲ့ရင် မှော်စာအုပ်ပေးဖို့ကိုလည်း တာဝန်ပေးလိုက်တယ်။ ငါစောင့်နေတာ ဆယ်နှစ်ရှိပြီ မင်းကအပြာရောင်ဝတ်ရုံနဲ့ဆိုတော့ ငါစောင့်နေတဲ့သူ ဖြစ်မယ်ထင်တယ်။”
“မင်းပြောတာ ငါတစ်ခုမှမသိဘူး။ ဒါပေမဲ့ ငါကမှော်ပညာရှင်ပဲ ငါ့နာမည်မိုးထွန်းလို့ခေါ်တယ်။ မင်းပြောတဲ့ စာအုပ်ကဘယ်မှာလဲ ပေးလေ။”
“ဒီတိုင်းပေးလို့မရတာ စိတ်မကောင်းပါဘူး။ စမ်းသပ်ချက် သုံးခုကို ပြုလုပ်ရပါ့မယ်။”
“ကဲ ပြောကွာ။ မှော်စာအုပ်ကို ငါစိတ်ဝင်စားတယ် မင်းဘယ်လိုစမ်းသပ်မလဲ။”
” တစ်အချက်အနေနဲ့ မင်းရဲ့ဆံပင်တစ်ချောင်း ငါ့ကိုပေးပါ။”
မိုးထွန်းက သူ့ဆံစတစ်ချောင်းကိုနှုတ်ပြီး ပေးလိုက်လေ၏။ တိမ်ညိုက တံခါးအကုန်လိုက်ပိတ်ကာ မိုးထွန်းဆံပင်ကို လက်ဝါးပေါ်တင်၍ မန္တာန်တစ်ပုဒ်ရွတ်လိုက်တာနဲ့ ဆံပင်ကအပြာရောင်တောက်သွားပြီးတဲ့နောက်မှာ အရာင်အမျိုးမျိုးကွဲထွက်သွား၏။ ဒါကိုမြင်တဲ့အခါမှာ တိမ်ညိုအံ့ဩသွား၏။
“မင်းက ငါထင်ထားတာထက် အစွမ်းတွေများတာပဲ။ နောက်တစ်ခုအနေနဲ့ မင်းရဲ့လက်ကို ဖြန့်လိုက်ပါမိုးထွန်း။”
မိုးထွန်းက သူ့ညာလက်ကို ဖြန့်လိုက်တဲ့အခါမှာ တိမ်ညိုက အမှတ်မထင် မိုးထွန်းလက်ကို ဓားမြောင်နဲ့စိုက်လိုက်လေသည်။ မိုးထွန်းက သူ့ကိုအန္တရာယ်ပေးသောကြောင့် ဘယ်ဘက်လက်ကနေ စွမ်းအင်များထွက်လာကာ တိမ်ညိုကို လည်ပင်းညှစ်လိုက်၏။
“စိတ်… စိတ်လျှော့ပါ မိုးထွန်း။ ငါမင်းကိုစမ်းသပ်တာပါ။”
မိုးထွန်းကပြန်လွှတ်ပေးကာ….
“ဘာကိုစမ်းသပ်တာလဲ တိမ်ညို။ ငါကအသားနာရင် ဒေါသအရမ်းကြီးတာနော်။ ငါ့ဆရာကထိန်းချုပ်ခိုင်းခဲ့လို့ မင်းသက်သာသွားတယ်မှတ်ပါ။”
“အဟွတ်အဟွတ်… မဆင်မခြင်လုပ်မိတာ ငါတောင်းပန်ပါတယ် ဓားကိုပြန်ဆွဲနှုတ်လိုက်ပါ။”
မိုးထွန်းက ဓားကိုပြန်ဆွဲနှုတ်ပြီး ခဏအကြာမှာ ဒဏ်ရာက တဖြည်းဖြည်းသူ့အလိုလိုကုသွားကာ အမာရွတ်တောင်မကျန်ပဲ ပျောက်ကင်းသွားလေသည်။
“ဒုတိယစမ်းသက်ချက် အောင်မြင်ပါတယ်မိုးထွန်း။ ဒီတစ်ခါနောက်ဆုံးစမ်းသပ်ချက်ပါ။”
“ဘယ်လိုမျိုးလဲ နောက်ဆုံးစမ်းသပ်ချက်က။”
“စမ်းသပ်ချက်ဆိုတာထက် မှော်စာအုပ်ရဲ့ ပိုင်ရှင်ကမင်းဟုတ်မဟုတ် မင်းရဲ့သွေးနဲ့စမ်းရမှာပါ။”
တိမ်ညိုက သူ့ရဲ့ခေါင်းအုံးအောက်ကနေ ပုဝါတစ်ခုနဲ့ထုပ်ထားသည့် အရာကိုယူလိုက်ကာ ပုဝါကိုဖြည်လိုက်တဲ့အခါမှာတော့ အနက်ရောင်သားရေခံပြားပေါ်မှာ အပြာရောင်အမှုန်ကလေးများ ကျဲထားတဲ့ စာအုပ်တစ်အုပ်ထွက်လာ၏။ စာအုပ်ကနှစ်လမခန့် ထူပေသည်။
“ဒီစာအုပ်က ငါတို့ဘယ်သူမှမဖွင့်နိုင်ကြဘူး။ အထဲမှာ ဘာတွေပါမှန်းလည်းငါတို့မသိဘူး။ ပိုင်ရှင်အစစ်မှန်ကသာ ဒီစာအုပ်ကိုဖွင့်ပြီး အထဲမှာပါတဲ့ကျင့်စဉ်တွေ၊ မှော်စွမ်းအားတွေကို ယူနိုင်တယ်မိုးထွန်း။ မင်းရဲ့ညာလက်ခလယ်ထိပ်က သွေးကို စာအုပ်ပေါ်ချလိုက်ပါ။”
မိုးထွန်းက ဓားမြောင်နဲ့ သူ့ညာလက်ခလယ်ထိပ်ကို ဖောက်လိုက်ပြီး စာအုပ်ပေါ်ကို သွေးတစ်စက်ချလိုက်တာနဲ့ စာအုပ်က သော့ခတ်ထားရာကနေ ပွင့်သွားကာ ရွှေရောင်ပညာစက်များပျံ့ကျဲ၍ ပြန်လည်မှေးမှိန်သွားခဲ့၏။ တိမ်ညိုက ဝမ်းသာအားရပြုံးကာ စာအုပ်ကိုယူကြည့်သော်လည်း အထဲကစာမျက်နှာတွေက ဗလာပဲရှိလေသည်။
“တိမ်ညို မင်းပြောတော့ ကျင့်စဉ်တွေ၊ မှော်အစွမ်းတွေပါတယ်ဆို ဘာမှလည်းရေးမထားပါ့လားကွ။”
“ငါလည်းအဲဒါပဲစဉ်းစားနေတာ။ ဒီစာအုပ်က အရမ်းအရေးကြီးတယ်။ မကောင်းတဲ့မှော်ပညာရှင်တွေ၊ အောင်ပညာသည်တွေ၊ မိစ္ဆာတွေရမှာစိုးလို့ ငါတို့မှော်သခင်ကြီးကိုယ်တိုင် ထိန်းသိမ်းထားတာ။ ဘာပဲဖြစ်ဖြစ် မင်းကစာအုပ်ပိုင်ရှင်အစစ်အမှန်ပဲလေ ငါ့တာဝန်ကျေပြီ ဒီစာအုပ်ကို မင်းယူလိုက်တော့။”
“အေးပါ။ ဒါနဲ့ ငါမင်းကိုတစ်ခုမေးမလို့။”
“ဘာများလဲ။”
“ငါရွာထဲဝင်လာတုန်းက ဒီရွာဒုက္ခရောက်နေတယ်ကြားတယ်။ အဲဒါမင်းငါ့ကိုပြောပြစမ်းပါ။”
“ဒါလား.. အင်း ဒီလိုကွ။ မနေ့က ခင်ခင်ထားဆိုတဲ့ အမျိုးသမီးတစ်ယောက်က သေသွားတယ်။ သေတာကလည်း လည်ပင်းမှာ အပေါက်ရာကြီး နှစ်ခုနဲ့သေတာ။ ပုလိပ်တွေပြောတာတော့ မြွေပေါက်ခံရလို့ သေတယ်ပြောတာ။ ဒါပေမဲ့ အလားတူဖြစ်ရပ်မျိုး ဒီရွာသူကြီးကထပ်သေသွားတယ်လေ။ အဲဒီတော့ တစ်ရွာလုံးက တစ်ခုခုမှားနေတယ်ဆိုပြီး ကြောက်လန့်နေကြတာ။ မင်းကဒီအဝတ်စားနဲ့ဝင်လာတော့ တစ်မျိုးထင်ကုန်ကြတာပေါ့ကွာ။”
“ဪ ဒါကြောင့်ကို။ နေစမ်းပါအုံး မင်းကမှော်နိုင်ငံကဆို မှော်ပညာတွေသုံးပြီး မကူညီဘူးလား။”
“ငါကူညီချင်တာပေါ့မိုးထွန်းရာ ဒါပေမဲ့ ငါတို့နိုင်ငံရဲ့စည်းကမ်းဥပဒေအရ ကိုယ့်တာဝန်နဲ့မပတ်သက်ပဲ မှော်ပညာကို အသုံးမချရဘူးကွ။ ဒါကြောင့် ငါလက်ပိုက်ကြည့်နေခဲ့တာ။ မင်းက သူတို့ကို ကူညီနိုင်တဲ့ သူဆိုတော့ ငါသိထားတဲ့အရာတစ်ခု မင်းကိုပြောပြမယ်။”
“ဘာများလဲ။”
“ငါဒီကိုစရောက်တဲ့နေ့ကတည်းက ဒီနယ်မြေဟာ သွေးမိစ္ဆာနယ်မြေမှန်းသိတယ်။ သွေးမိစ္ဆာက လွန်ခဲ့တဲ့ နှစ်ငါးရာကျော်တုန်းက မှော်ဆရာတစ်ယောက်နဲ့တိုက်ပြီး ဒဏ်ရာရသွားတယ်။ စွမ်းအားတွေလည်း လျှော့ပါးသွားတယ်။ ဒါကြောင့် သူအားပြည့်ဖို့ ကျောက်ဂူထဲမှာ နှစ်ငါးရာကျော်အိပ်ပျော်သွားခဲ့တာ။ အခုသူပြန်နိုးလာပြီ။ ဒီရွာသူကြီးနဲ့ ခင်ခင်ထားဆိုတဲ့ မိန်းကလေးကို အဲဒီသွေးမိစ္ဆာက သူတို့သွေးတွေကို အကုန်စုပ်ယူပြီးသတ်ပြစ်ခဲ့တာ မင်းအနေနဲ့ သွေးမိစ္ဆာကို သုတ်သင်နိုင်တဲ့ စွမ်းအားရှိတယ်။ ငါမင်းကိုတောင်းဆိုပါတယ် ဒီရွာကလူတွေကို သွေးမိစ္ဆာလက်ကနေ ကယ်တင်ပေးပါ။”
တိမ်ညိုက အဲဒီလိုပြောပြီး အောက်ကိုဆင်းကာ ဒူးထောက်၍ လက်နှစ်ဖက်ကိုပူးထားလေ၏။ ထိုအရာက သူတို့နိုင်ငံမှာ တစ်ယောက်ယောက်ကို အသနားခံရင် လုပ်တဲ့ပုံမျိုးဖြစ်လေသည်။ မိုးထွန်းက တိမ်ညို့အပြုမူကြောင့် အမ်းတန်းတန်းဖြစ်သွား၏။
“ဟာ.. ဟေ့ကောင်တိမ်ညို.. ထပါကွာ မင်းအဲဒီလိုလုပ်တာ ငါမနေတတ်တော့ဘူးဟ။ ငါကူညီပါ့မယ်ကွာ ဟုတ်ပြီလား ထပါ။”
“ကျေးဇူးတင်ပါတယ်မိုးထွန်း။ မင်းက တကယ်လူကောင်းတစ်ယောက်ပဲ။”
“အေးပါ ဒါနဲ့ အဲဒီသွေးမိစ္ဆာက ဘယ်မှာလဲ။”
“ဒီရွာအနောက်ဘက်က တောင်ရဲ့ ကျောက်ဂူထဲမှာနေတာထင်တယ်။ အဲဒီဘက်ကနေ ငါသွေးညှီနံ့အမြဲရတယ်။”
“ကောင်းပြီ။ ဒါဆိုရင် ငါသူရှိတဲ့နေရာသွားရမယ်။ ရွာထဲကိုသူလာမှ တိုက်မယ်ဆိုရင် ရွာသူရွာသားတွေအတွက် အသက်အန္တရာယ်စိုးရိမ်ရတယ်။ ငါသူ့ကို သုတ်သင်နိုင်ပါ့မလားမသိပေမဲ့ ဒီရွာကိုငါပြန်မဝင်တော့ဘူး တိမ်ညို။”
“အေးပါ ငါတို့က ခဏပဲဆုံရဖို့ကံပါတာကို။ ငါလည်းတာဝန်ပြီးပြီဆိုတော့ ငါ့နိုင်ငံကိုပြန်ရတော့မယ်။”
“နှုတ်ဆက်ပါတယ်တိမ်ညို ငါတို့ နောင်တစ်ချိန်မှာ ပြန်ဆုံကြမယ်လို့ မျှော်လင့်မိပါတယ်။”
တိမ်ညိုက ခေါင်းညိမ့်ပြလိုက်၏။ မိုးထွန်းသည် တိမ်ညိုပေးသော မှော်စာအုပ်ကို ရင်ဘက်ထဲထည့်၍ ရွာအနောက်ဘက်ကို လျှောက်လာခဲ့ကာ တောင်ပေါ်ကိုတက်လာခဲ့၏။ မိုးထွန်းသည် တစ်ယောက်တည်း တောင်ပေါ်တက်ရတာ ပျင်းလာတဲ့အခါ၌ နတ်ကိုဒီပါကို ခေါ်လိုက်လေသည်။
“ကိုဒီပါ ထွက်လာအုံးဗျ။”
မိုးထွန်းရဲ့ဘေးကနေ နတ်ဒီပါပေါ်လာလေ၏။
“ဘာလဲကောင်လေးရာ ငါအိပ်နေတာကို။”
“ကျုပ်ပျင်းလို့ဗျ တစ်ယောက်တည်းဆိုတော့ ပြီးတော့မေးစရာလည်းရှိလို့။”
“ဘာမေးမှာလည်းမေးကွာ။”
“ကျုပ်ကို ခုဏကတိမ်ညိုဆိုတဲ့လူက မှော်စာအုပ်ပေးလိုက်တယ်ဗျ။ အထဲမှာ ဘာစာမှမပါဘူး အဲဒါဘာလို့လဲ။”
“ဘာမှမပါမှတော့ အလွတ်ကြီးမလို့ပေါ့ကွ။”
“ဪ ကိုဒီပါရယ် ကျုပ်လည်းအဲဒါတော့သိတာပေါ့။ ခင်ဗျားကနတ်ဆိုတော့ တစ်ချက်လောက်ကြည့်ပေးပါ့လားလို့။”
“ပေးကွာ ဒါဆိုလည်း ကြည့်ပေးမယ်။”
မိုးထွန်းက ဒီပါကို မှော်စာအုပ်ထုတ်ပေးလိုက်သည်။ ဒီပါက မှော်စာအုပ်ကို အစဆုံးလှန်ကြည့်သော်လည်း ဗလာချည်းသက်သက်သာ မြင်ရလေ၏။ သူသည် နတ်မျက်စိကိုဖွင့်ကြည့်သော်လည်း ဗလာချည်းပဲ မြင်ရသည်။
“မင်းဟာက ဘယ်လိုကြီးမှန်းလည်းမသိဘူး။ ငါလည်းဘာမှကိုမမြင်ရဘူး။ ဒါပေမဲ့တစ်ခုတော့ရှိတယ်။ ဒီစာအုပ်ကနေ အမျိုးအမည်မသိတဲ့ ပညာလှိုင်းတွေ ငါခံစားမိတယ်။ မှော်စာအုပ်ဆိုတာတော့ သေချာမှာပါ လိုရမယ်ရသိမ်းထားပေါ့။ ”
“အင်းအင်း ကိုဒီပါ။ ဒါနဲ့ ကျုပ်ရဲ့ဒုတိယတိုက်ပွဲမှာ ဝင်ကူအုံးနော်။”
“မလုပ်ပါနဲ့ မိုးထွန်းရယ်။ မင်းနဲ့အခုတိုက်မှာ သွေးမိစ္ဆာလို့ငါကြားတယ်နော်။ အဲဒီသွေးမိစ္ဆာက အရမ်းသွေးအေးပြီး အရမ်းရက်စက်တာ။ ငါလိုနတ်ကလေးက သွားတိုက်ရင် ငါပဲနတ်သက်ကြွေသွားလိမ့်မယ်။ မင်းဟာမင်းတိုက်။”
“ခင်ဗျားပြောတော့ ကျုပ်သက်တော်စောင့် နတ်ဆို။”
“အဲဒါက မင်းသူ့ကိုမနိုင်ရင် ငါမင်းကိုခေါ်ပြီးပြေးမယ်လေ။ မင်းမသေရင် ပြီးရောပေါ့။”
“ဪ ထားပါတော့ဗျာ။ ကျုပ်ဘာသာကျုပ်ပဲ ဒီကောင့်ကိုအနိုင်ယူပြမယ်။”
မိုးထွန်းကအဲဒီလိုပြောအပြီးမှာ နတ်ဒီပါပျောက်သွားခဲ့၏။ မကြာပါ မိုးထွန်းတစ်ယောက် ကျောက်ဂူအကြီးကြီးကို တွေ့လိုက်ရသည်။ သူသည် ဂူထဲကိုဝင်တိုက်ရင် သွေးမိစ္ဆာက သူ၏နေရာဖြစ်တာကြောင့် အသာစီးရနိုင်တယ်ဆိုတာ စဉ်းစားမိကာ ဂူနဲ့မျက်နှာခြင်းဆိုင် ခတ်လှမ်းလှမ်းက သစ်ပင်အောက်မှာထိုင်၍ သွေးမိစ္ဆာထွက်အလာကို စောင့်နေ၏။ နေလုံးကြီးက တောင်တန်းတွေကြား ဝင်ရောက်ပျောက်ကွယ်ကာ လ၏အလင်းရောင်က အမှောင်ထုထည်ကြား လှပစွာလင်းလတ်လို့နေ၏။
ကျောက်ဂူအတွင်းထဲက သွေးမိစ္ဆာက ဂူအပြင်က လူသားအနံ့ကိုရရှိသွားပုံရ၏။ မျက်လုံးများဆတ်ခနဲ ပွင့်လာကာ အပြင်ကိုတဟုန်ထိုး ပျံသန်းလာပြီး မိုးထွန်းကိုတွေ့တာနဲ့ သွေးစုပ်ရန်ကပ်သွားချိန်မှာတော့ မိုးထွန်းက အပြာရောင်လျှပ်စီးတန်းနဲ့ ပစ်လွှတ်လိုက်သောကြောင့် အနောက်ကိုလွင့်သွားလေသည်။ မထင်မှတ်ထားတဲ့ တိုက်ခိုက်မှုကြောင့် သွေးမိစ္ဆာ ခံလိုက်ရလေ၏။ ပြန်ထလာကာ မိုးထွန်းကိုစိုက်ကြည့်နေသည်။
“ဟေ့ကလေး မင်းကဘာလဲ မှော်ဆရာလေးလား။”
“ဟုတ်တယ် မှော်ဆရာလေးမိုးထွန်းဆိုတာ ကျုပ်ပဲ.။”
“ငါ့အတွက်ဝမ်းသာစရာပဲ မှော်ဆရာတွေရဲ့ သွေးတွေက စွမ်းအင်တွေကြောင့်သန့်စင်တယ်။ ငါမင်းသွေးကိုသောက်ရရင် အစွမ်းတွေလည်းတိုးမယ် ငါ့ရဲ့ဆာလောင်မှုလည်းပျောက်မယ်။ ဟားဟားဟားဟား မင်းသေဖို့ပြင်တော့ကောင်လေးရေ။”
သွေးမိစ္ဆာက အဲဒီလိုပြောပြီး ကောင်းကင်ကိုပျံတက်သွားကာ သူ၏တောင်ပံကို အားပြင်းပြင်းနဲ့ခတ်ချလိုက်သောကြောင့် လေပြင်းများကမိုးထွန်းဆီတိုက်ရိုက် ထိနေ၏။ မိုးထွန်းက လက်ထဲကနေ လိမ္မော်ရောင်ပညာစက်ကိုထုတ်၍ သူ၏ပတ်ပတ်လည်ကိုကာထားလိုက်သည်။
“ကောင်လေး မင်းအကာရံကအားပျော့တယ် ငါ့သားတွေသွားကြစမ်း။”
သွေးမိစ္ဆာစကားအဆုံးမှာ ဂူထဲက လင်းနို့ပေါင်းများစွာထွက်လာပြီး မိုးထွန်းအကာရံထဲအတင်းတိုးဝင်ကြ၏။ အကာရံကိုထိလိုက်တာနဲ့ မီးလောင်ကုန်ကြသော်လည်း လင်းနို့တွေက အတင်းထိုးဖောက်ဝင်နေကြသည်။ အကာရံပျက်သွားချိန်၌ မိုးထွန်းလက်ထဲကနေ မီးတောက်တစ်ခုပေါ်လာကာ လက်ကိုဆန့်ထုတ်၍ လင်းနို့တွေကို မီးလောင်တိုက်သွင်းပစ်ခဲ့သည်။ လင်းနို့တွေသေတာကို ကြည့်ပြီး သွေးမိစ္ဆာက အသံနက်ကြီးနှင့်အော်၍ မိုးထွန်းဆီ တရှိန်ထိုးပြေးဝင်ကာ တိုက်ခိုက်လေသည်။
မိုးထွန်းက သတိကြီးကြီးထားကာ ဘေးကိုကျွမ်းထိုးရှောင်လိုက်သည်။ သွေးမိစ္ဆာသည် မိုးထွန်းကို တစ်ချက်စိုက်ကြည့်ကာ သူ၏မျက်လုံးထဲကနေ အနီရောင်ပညာစက်တန်းနဲ့ ပစ်လွှတ်လိုက်၏။ မိုးထွန်းက ခေါင်းငုံ့ရှောင်လိုက်သောကြောင့် အနောက်ကသစ်ပင်ကိုထိမှန်ကာ သစ်ပင်က ထက်ပိုင်းကျိုးကျသွားလေသည်။ မိုးထွန်းက သူတစ်ချက်ထိမိတာနဲ့ သေမယ်ဆိုတာကို သိသွားကာ လက်ထဲကနေ နီညိုရောင်ပညာစက်နဲ့ တရစပ်ပစ်ခတ်လိုက်သည်။
သို့သော် သွေးမိစ္ဆာက သူ၏တောင်ပံနှစ်ချောင်းနဲ့ အသာယာကာထားလိုက်သည်။ သွေးမိစ္ဆာက သူ၏လက်ကို ပူး၍ ဆန့်ထုတ်လိုက်တဲ့အခါ၌ အမည်းရောင် ပညာစက်အလုံးကြီးက မိုးထွန်းထံ ပြေးဝင်လာသည်။ မိုးထွန်းလည်း အပြာရောင်မီးတောက်ကို သုံးကာ ပြန်ပစ်လိုက်လေ၏။ စွမ်းအားနှစ်ခု ထိမိတာနဲ့ ပေါက်ကွဲသွားကာ နှစ်ယောက်လုံးအနောက်ကိုလွင့်သွားကြ၏။
သွေးမိစ္ဆာက ချက်ချင်းပြန်ထလာပြီး လဲကျနေတဲ့မိုးထွန်းကို လက်သည်းနဲ့ ထိုးချလိုက်၏။ သို့သော် သူ၏လက်သည်းက မြေကြီးကိုထိုးမိကာ မိုးထွန်းပျောက်သွားလေသည်။ အမှန်တော့မိုးထွန်းက ပုံရိပ်ရောင်ပညာနှင့် သူလဲကျတုန်းကပုံရိပ်ကိုထားထားခြင်းဖြစ်လေသည်။ သွေးမိစ္ဆာက ဒါကိုသိရှိသွားကာ ခေါင်းကိုမော့လိုက်တဲ့အချိန် မိုးထွန်းကသူ့အနောက်မှာရောက်နေပြီး အပြာရောင်ပညာစက်နဲ့ သွေးမိစ္ဆာ၏ တောင်ပံနှစ်ဖက်လုံးကို ဖျက်ချလိုက်လေသည်။ သွေးအမည်းများထွက်လာကာ သွေးမိစ္ဆာက နာကျင်သွားတဲ့အတွက် အသံနက်ကြီးဖြင့် အော်ချပစ်လိုက်လေ၏။
“ခင်ဗျားရဲ့ အားသာချက်က ခင်ဗျားရဲ့တောင်ပံမလား။ အခုတောင်ပံမရှိတော့ ခင်ဗျားဘယ်လိုပျံမလဲ ကျုပ်ပညာစက်ကို ခင်ဗျားဘာနဲ့ကာမလဲ သွေးမိစ္ဆာကြီး ဒါကခင်ဗျားရဲ့အဆုံးသတ်ပဲ။”
မိုးထွန်းက အဲဒီလိုပြောအပြီး သူ၏လက်ထဲကနေ လိမ္မော်ပညာစက်တန်းတစ်ခုနဲ့ ပစ်ချလိုက်၏။ သို့သော်သွေးမိစ္ဆာက လျှင်မြန်တဲ့အရှိန်နဲ့ ရှောင်လိုက်လေ၏။
“မင်းက ငါ့ရဲ့ပုံစံအစစ်ကို ပထမဆုံးမြင်ရတာပဲကောင်လေး။ သေချာကြည့်ထား။ ငါလည်းကလေးတစ်ယောက်ဆီမှာ မရှုံးချင်လို့ ထုတ်သုံးရတာပဲ။ ”
သွေးမိစ္ဆာစကားအဆုံးမှာ သူ၏ခန္ဓာကိုယ်က ကြီးမားလာကာ တောင်ပံအကြီးကြီးတွေပြန်ထွက်လာပြီး သူ၏ပုံစံက ဧရာမလင်းနို့ကြီးတစ်ကောင်ဖြစ်သွားလေ၏။ မိုးထွန်းသည် သွေးမိစ္ဆာ၏ ပုံစံအစစ်အမှန်ကို မြင်သွားကာ ဒူးများတုန်၍ ကြောက်လန့်သွားသည်။ ထိုလင်းနို့ကြီးက သူ့ကိုလက်သဲနဲ့လှမ်းအခြစ်မှာ သတိပြန်ဝင်ပြီး အနောက်ကိုကျွမ်းပြစ်၍ ကိုယ်ရောင်ဖျောက်ကာ သစ်ပင်အနောက်၌ ပုန်းနေလိုက်၏။
“ဟားဟားဟား ကြောက်နေတာလားကောင်လေး။ မင်းဘယ်လိုပုန်းပုန်း မင်းရဲ့သွေးနံ့ကိုငါရတယ်ကွ။ ”
မိုးထွန်းအနေနဲ့ ကြောက်လန့်နေချိန် သူ၏ဆရာသခင်ပြောခဲ့ဖူးတဲ့ စကားကို ပြန်စဉ်းစားမိသွားသည်။
“လူလေးအနေနဲ့ ကို့ထက်အစွမ်းကြီးတဲ့ မိစ္ဆာတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ခေါင်းအေးအေးထားပြီး ယှဉ်ပြိုင်တိုက်ခိုက်ပါ။ လူလေးရဲ့မှော်ပညာအစွမ်းတွေက ထိန်းချုပ်ဖို့အရမ်းခက်ခဲတယ်။ မလိုအပ်ပဲ အစွမ်းတွေကို အများကြီးထုတ်မတိုက်ပါနဲ့။”
မိုးထွန်းသည် သတိပြန်ဝင်လာကာ ဒီတစ်ခါတော့ ခွင့်ပြုပေးပါ ဘိုးရှိန်လို့ပြောပြီး သစ်ပင်အနောက်ကနေထွက်လာခဲ့၏။ ဧရာမလင်းနို့ပုံစံ ပြောင်းထားတဲ့ သွေးမိစ္ဆာက မြင်သွားကာ မိုးထွန်းကို ခုန်အုပ်လိုက်၏။ သို့သော် မိုးထွန်း၏ မျက်လုံးများက အပြာရောင် မှော်ပညာစက်များနဲ့ လျှပ်စီးကြောင်းများ ထလာခဲ့သည်။ မိုးထွန်းက ညာလက်သီးဆုပ်၍ ဖြန့်ချလိုက်တာနဲ့ လျှစ်စစ်တွေစီးနေသော အပြာရောင်မှော်ပညာစက်လုံးကြီး ပေါ်လာခဲ့သည်။
သွေးမိစ္ဆာ သူ့ကိုခုန်အုပ်လိုက်ချိန်မှာတော့ မိုးထွန်းသည် သွေးမိစ္ဆာ၏ဝမ်းဗိုက်ကို မှော်ပညာစက်အလုံးကြီးနဲ့ ပစ်ချလိုက်သောကြောင့် သွေးမိစ္ဆာက အနောက်ကိုပြန်လွင့်ထွက်သွားကာ မူလအရွယ်ပြန်ဖြစ်သွားလေ၏။ သူ၏ဝမ်းဗိုက်က ပေါက်သွားပြီး ပါးစပ်ကနေလည်း သွေးများယိုစီးကျနေ၏။ မတ်တပ်တောင်မရပ်နိုင်ပဲ သစ်ပင်ကိုမှီကာ ထိုင်နေသည်။
“မင်းဘယ်သူလဲကောင်လေး။ မင်းရဲ့မှော်ပညာက မင်းအသက်အရွယ်နဲ့မလိုက်ဘူး အရမ်းမြင့်လွန်းတယ်။”
“ကျုပ်နာမည်မိုးထွန်း ကောင်းကင်တမန်တော်တို့ရဲ့ ခေါင်းဆောင်ပဲ ခင်ဗျားဒီကမ္ဘာကနေ ပျောက်ကွယ်ဖို့ အချိန်တန်ပြီ သွေးမိစ္ဆာ။”
မိုးထွန်းက အဲဒီလိုပြောပြီး သူ၏လက်ကနေ စိမ်းပုပ်ရောင်ပညာစက်များထွက်လာကာ သွေးမိစ္ဆာကို ပစ်လိုက်တဲ့အခါမှာတော့ သွေးမိစ္ဆာသည် ဒဏ်ရာတွေကြောင့်မရှောင်နိုင်ပဲ ထိမှန်သွားပြီး မီးမလောင်ပဲ ပြာအတိကျသွားခဲ့လေ၏။
မိုးထွန်းသည် သူ၏ဝတ်ရုံကို ဖုန်ခါလိုက်ကာ ခေါင်းစွပ်ကိုဆောင်း၍ အနောက်ရပ်ကိုဦးတည်ကာ လျှောက်လာခဲ့သည်။ သူ၏စိတ်ထဲ၌ ဤကဲ့သို့ဦးတည်ချက်မဲ့စွာ လျှောက်သွားနေခြင်းက မကောင်းမှန်းစဉ်းစားမိလေ၏။ ထို့ကြောင့် နတ်ဒီပါကို ခေါ်လိုက်လေသည်။
“ကိုဒီပါ ထွက်ခဲ့အုံးဗျ။”
“ငါရောက်ပြီမိုးထွန်း။”
“ကျုပ်အခုလို လျှောက်သွားနေတာ မကောင်းဘူးဗျ နော်။ ဘယ်မှာဒုက္ခရောက်လို့ ဘယ်သူတွေကို ကယ်တင်ရမှန်းလဲမသိဘူး။ အကြံလေးရှိရင် ပေးပါအုံးဗျာ။”
“အင်း ငါတို့က မဟာဂန္ဓာရီပညာရှင်တွေလို မဟုတ်တော့ ဘယ်သူကမှ တာဝန်မပေးဘူး။ ကို့ဘာသာ နယ်တကာလှည့်ပြီး ဒုက္ခရောက်တဲ့သူတွေကို ကူညီရမှာပဲ။”
“မဟာဂန္ဓာရီပညာရှင်တွေကို တာဝန်ပေးတဲ့သူရှိတယ် ဟုတ်လား။”
“အေးလေ အထက်ပုဂ္ဂိုလ်ကြီးတွေလေကွာ ဘိုးမင်းခေါင်၊ ဘိုးဘိုးအောင်တို့လို ပုဂ္ဂိုလ်ထူးတွေကပေးကြတာ။”
“ကျုပ်ကလူတွေကို ကယ်တင်နေတာပဲ သူတို့ဆီကနေ ဘယ်ကိုသွားပြီး ဘယ်သူတွေကိုကယ်တင်ရမလဲဆိုတာ မေးရမယ်။ ဒါနဲ့ သူတို့ကဘယ်မှာနေတာလဲ”
“မဟာမြိုင်တောမှာလို့တော့ပြောတာပဲကွ ငါလည်းမသိဘူး အဲဒီတောက သူတော်စင်တွေ နောင်ပွင့်မယ့်ဘုရားကို ဖူးမြော်ဖို့စောင့်ရင်း တရားကျင့်ကြံအားထုတ်တဲ့နေရာဆိုတော့ တော်ရုံရှာဖို့မလွယ်ဘူးနော်။”
“ကျုပ်ကတော့ ဒီတိုင်းလျှောက်သွားတာထက်စာရင်တော့ သူတို့ကိုအရင်ရှာပြီး တာဝန်တွေတောင်းရမယ် ဒါဆိုရင် ကျုပ်လည်းလျှောက်သွားနေစရာမလိုတော့ဘူး။ အမြဲတမ်းသူတို့က တာဝန်တွေပေးနေမှာပဲ။”
“မင်းသဘောပဲလေ မဟာမြိုင်တောကို ရှာရတာ လွယ်မယ်တော့မထင်နဲ့နော် သာသနာပြုတဲ့ပုဂ္ဂိုလ်ထူးတွေ နေတဲ့နေရာကွ။”
“ဒါတွေကိုကျုပ်သိပါတယ်ကိုဒီပါရယ် စောင့်ကြည့်နေလိုက် ကျုပ်ရှာပြမယ်။”
ဒီလိုနဲ့မိုးထွန်းက မဟာမြိုင်တောကိုရှာပြီး အထက်ပုဂ္ဂိုလ်ကြီးများဆီက တာဝန်တောင်းခံဖို့ စတင်ပြုလုပ်တော့လေသတည်း။ မဟာမြိုင်တောကို ဘယ်လိုတွေရှာပြီး အထက်ပုဂ္ဂိုလ်ကြီးတွေဆီက ဘယ်လိုတာဝန်တွေ တောင်းခံမလဲဆိုတာကိုတော့ နောက်တစ်ပိုင်းမှာ ဆက်လက်စောင့်မျှော်အားပေးကြပါခမျာ။
~~~~~
ပြီးပါပြီ။
#စာပေချစ်သူများအားလေးစားလျှက်
#မိုးထွန်း(မကွေး)