မှော်ဝင်သခင်မနှင့် အတိတ်တစ်ခု(စ/ဆုံး)
——————————————-
ခြံနောက်ဖေးရှိ ကောက်ရိုးပုံကြီးဘေးတွင်
စိတ်ပျက်လက်ပျက်ဖြစ် မောင်လှ ထိုင်နေမိသည်မှာအချိန်အတော်လေးပင် ကြာမြင့်နေပြီဖြစ်ပါတယ်။
အိမ်ဝိုင်းရဲ့ရှေ့မှာ အဖွားနှင့်အမေကတော့
ရွာထဲက အိမ်နီးနားချင်းအချို့နှင့်
ဆန်စက်က လှည်းနဲ့တိုက်လာပြီဖြစ်တဲ့ ဆန်တွေကို
ပျာတဲ့သူကပျာ စပါးလုံးရွေးတဲ့သူကရွေးနဲ့
အတော်လေးအလုပ်ရှုပ်နေရှာပါတယ်။
မောင်လှတို့မိသားစုမှာ အဖွားရယ်၊ အမေရယ်၊
မောင်လှရယ် သုံးယောက်ပဲရှိတယ်။
အဖွားရော၊ အမေရော နှစ်ယောက်လုံးက
လင်မရှိကြဘူး။
တစ်ခုလပ်လို့ပြောရမလား…..
မုဆိုးမလို့ပြောရမလား…..
မောင်လှလည်း အမည်မတပ် တပ်ဘူး။
အဖိုးနဲ့အဖွားက သိတ်ချစ်ကြတယ်။
အဖိုးကအလုပ်လည်းအရမ်းလုပ်တယ်။
လယ်ပိုင် ယာပိုင်နဲ့ နွားနှစ်ရှဥ်းလည်းရှိတယ်။
အဖိုးက ခြင်းခတ်တာဝါသနာပါတယ်။
တခါတလေအဆွယ်ကောင်းရင် တခြားရွာတွေအထိညအိပ်ညနေလိုက်ခတ်တဲ့သူ။
အဖိုးနဲ့အဖွား စကားများရန်ဖြစ်ရင်
တခြားအကြောင်းမရှိဘူး။
ခြင်းခတ်တဲ့ကိစ္စကြောင့်ပဲ။
တနေ့တော့ မနက်လင်းအားကြီးထဲက
တစ်ဘက်ရွာမှာ ခြင်းသွားခတ်ဖို့အဖိုးကတာဆူနေတယ်။
အဖွားကမသွားဖို့ တဗျစ်တောက်တောက်ပြောဆိုနေတယ်။
အဲဒီအချိန်တုန်းက မောင်လှရဲ့အမေဖြစ်သူ
မလှအေး ဟာ အသက်အားဖြင့် ဆယ့်လေးနှစ်အရွယ်ပဲရှိသေးတယ်။
မိဘတွေကပြေလည်တော့ နားတောင်းနဲ့ ဆွဲကြိုးနဲ့
လှတပတနေရရှာသူပေါ့။
အဖွားက အဖိုးကိုပြောဆိုနေတဲ့ကြားထဲက
ညနေလေးနာရီလောက်မှာ အဖိုးမရှိတော့ဘူး။
ဘယ်အချိန်ကထွက်သွားမှန်းကိုမသိတာ။
အဖွားလည်းစိတ်တွေတိုပြီး အဖိုးပြန်လာရင်
ရန်လုပ်မယ်ဆိုပြီးအားခဲထားတယ်။
ဒါပေမယ့်…အဖိုးဟာ ပြန်မလာခဲ့ပါဘူး။
ပြန်မလာတဲ့ရက်တွေများလာတော့
အဖိုးကိုရှာပုံတော်ဖွင့်ရတယ်။
ဘယ်မှာမှ သတင်းအစအနပင်မရခဲ့ပဲ ပျောက်ဆုံးခဲ့တာ ယနေ့ထက်တိုင်ပါပဲ။
အဖွားဟာ ပဟေဋ္ဌိ များစွာနဲ့ပျောက်ဆုံးခဲ့တဲ့အဖိုးကို
အမြဲတမ်း မျှော်နေခဲ့ပါတယ်။
နီးစပ်ရာ ဂတ်တဲမှာ လူပျောက်တိုင်ခဲ့သလို
ဗေဒင် အကြားအမြင်နဲ့ ရိုးရာနတ်တွေပါမကျန်
အဖွားလိုက်မေးခဲ့ပါတယ်။
အဖိုးကို သေဆုံး သွားပြီလို့ ဘယ်သူကမှ
မဟောကြပဲ အသက်ရှင်ကျန်းမာနေသေးကြောင်း
ဟောကိန်းထုတ်ခဲ့ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် သိတ်ချစ်ကြတာမို့
အဖွားဟာ နောက်အိမ်ထောင်မပြုပဲနဲ့
အဖေပြန်လာမယ့်တနေ့ကို စောင့်မျှော်နေခဲ့ပါတယ်။
အဖွားပြီးတော့…အမေလှအေးအကြောင်းပေါ့
အမေဟာအသက်နှစ်ဆယ်အရွယ်မှာ
လေးငါးရွာဝေးတဲ့အခြားရွာက လယ်စရင်းငှားလာလုပ်သူ ဖခင်ဦးထွန်းရှိန်နဲ့ အကြောင်းပါခဲ့ပါတယ်။
အဖေကနွမ်းပါးတော့ အမေကနည်းနည်းနိူင်ချင်တယ်။
ဘာရယ်မဟုတ်ပဲလည်း အဖေကိုစိတ်တိုင်းမကျရင်
အမေကပြောဆိုနေတတ်တယ်။
အဖေက အမေကိုချစ်လည်းချစ်တယ်။
အလျှော့လည်းပေးတယ်။
တော်ရုံပြန်မပြောဘူး။
ရန်လည်းမဖြစ်ကြဘူး။
ဒီလိုနဲ့ တနေ့မှာ အဖေရွာက အကိုအကြီးနေမကောင်းကြောင်းလူကြုံလာပြောတယ်။
အဖေကသွားချင်တယ်။
အမေက ကောက်လှိုင်းတွေသိမ်းနေတဲ့အချိန်မို့
မသွားစေချင်ဘူး။
မသွားဖို့လည်းတားခဲ့တယ်။
အဖေလည်းစိတ်ညစ်ညစ်နဲ့ခြံနောက်ဖေးဘက်ဝင်သွားတယ်။
အချိန်အတော်လေးကြာတဲ့အထိ ပြန်မထွက်လာတော့ အဖေကိုအမေလိုက်ရှာတယ်။
အဲ့ဒီအချိန်မှာ မောင်လှက ဆယ်နှစ်အရွယ်ရောက်နေပြီ။
ကောင်းကောင်းမှတ်မိနေတယ်။
အဖေတစ်ယောက် သူ့အကိုနေမကောင်းလို့
ခိုးပြီးသွားပါတယ်ဆိုပြီး အမေဒေါသတွေဝေခဲ့တယ်။
တကယ်တမ်းကျ..အဖေဟာ အဖေ့ရွာကိုလည်း
ပြန်မရောက်ခဲ့ပါပဲဘယ်ဆီဘယ်ဝယ်မှန်းမသိအောင်ပျောက်ခြင်းမလှ ပျောက်ခဲ့ရပါတယ်။
အမေလည်း အဖွားလိုသောကမျိုးထပ်ရောက်ခဲ့ရပါတယ်။
ဘယ်လိုမှစုံစမ်းလို့မရ ရှာလို့မရနဲ့။
နီးစပ်ရာ ရဲကင်းမှာ အဖေပျောက်ဆုံးကြောင်း
တိုင်ချက်ဖွင့်ခဲ့ရပါတယ်။
အဖေကတော့ အစအနပင်ရှာမရပါပဲ
အဖိုးကဲ့သို့ပင်ပျောက်ဆုံးလို့သွားခဲ့ပြန်ပါတယ်။
အခု မောင်လှ..အသက်ဆယ့်ငါးကျော်လို့
ဆယ့်ခြောက်နှစ်ရှိပါပြီ။
ရှစ်တန်းအောင်ခဲ့ပေမယ့် ကျောင်းထွက်ခဲ့ရတယ်။
တခြားရွာမှာကျောင်းဆက်တက်ရမှာကို
အဖွားနဲ့အမေက စိတ်မချဘူး။
ကာလသားပေါက်ဆိုတော့အပေါင်းအသင်းတွေနဲ့
နေချင်တယ်။ လက်မခံဘူး။
နည်းနည်းပျောက်တာနဲ့ လိုက်ရှာတော့တာပဲ။
ကြာတော့ မောင်လှစိတ်တွေညစ်လာတယ်။
အရမ်းလည်းမွန်းကြပ်မိတယ်။
ဒီလိုမွန်းကြပ်မူ့တွေကို မခံနိူင်လွန်းလို့ အဖိုးနဲ့အဖေ
တခြားနေရာကိုထွက်သွားပြီး ဇာတ်မြုပ်နေခဲ့တာလားလို့တောင် တွေးနေမိတယ်။
နေ့လည်က ကျော်ဟန်တို့လူစုနဲ့ တောင်ခြေရွာက
နတ်ပွဲကိုသွားကြည်ံ့ဖို့ ခွင့်တောင်းတာမရဘူး။
ဘယ်လိုမှပြောမရတဲ့အဆုံး ကောက်ရိုးပုံမှာ
စိတ်ဆိုးဆိုးနဲ့လာအိပ်နေမိတယ်။
ဒါတောင် အမေကနှစ်ခေါက်၊ အဖွားကနှစ်ခေါက်
လာချောင်းသွားတာသိပါ့။
မသိချင်ယောင်ဆောင်နေခဲ့တာပဲရှိတယ်။
ညနေလည်းအတော်စောင်းနေပြီမို့ ထိုင်နေမိရင်း
“”ကျနေ “”အရောင်ကြီးကို ကြည့်နေမိတယ်။
အရင်နေ့တွေကလို နေရောင်မျိုးမဟုတ်ဘူး။
နောက်ဖေးဝါးရုံနှစ်ရုံကြားက လွတ်နေတဲ့ ကြားက
ကျလာတဲ့ နေရောင်အကွက်ကြီးက
ဝါကျင်ကျင်ကြီး ဖြစ်နေတယ်။
တခါတရံ နေကြတ်တဲ့အခါကျနေတဲ့ နေရောင်ကြီးနဲ့တူနေတယ်။
ဒါပေမယ့် တခြားနေရာကနေရောင်တွေကပုံမှန်ပဲ
ဝါးရုံနှစ်ရုံကြားက ထိုးကျနေတဲ့ နေရောင်ကွက်ကြီးကသာ ရွာကဘုရားပွဲမှာ ဝင်တဲ့မီးမောင်းကြီးလို
ကွက်ပြီးဝါကျင်ကျင်ဖြစ်နေတာ။
မောင်လှ ကြည့်နေရင်းအရမ်းထူးဆန်းတယ်လို့ခံစားနေမိတယ်။
ကောက်ရိုးပုံကနေထလိုက်တယ်။
ဝါးရုံကြီးနှစ်ခုကြားက ထိုးကျနေတဲ့ အလင်းကွက်ကြီးအောက်မှာ ဝင်ရပ်ပြီး သူရိယနေမင်းကို
မေ့ကြည့်လိုက်တယ်။
မောင်လှရဲ့ခန္ဒာကိုယ့်ဟာ လျှင်မြန်သော
ဆွဲအားတစ်ခုရဲ့ ဆုပ်ယူခြင်းခံလိုက်ရပြီး
လေပေါ်မှာမြှောက်တက်သွားတယ်။
ငယ်ငယ်က လူကြီးသူမတွေပြောကြသလို
လေဆင်နှာမောင်းနောက်ကိုပါသွားတာလားလို့
တွေးနေမိတယ်။
ဝဲကန့်တော့လို လေပွေကြီးထဲမှာ မူးနောက်ပြီး
သတိမေ့သွားတဲ့အထိပါပဲ။
အချိန်ဘယ်လောက်ကြာသွားတယ်တော့
မောင်လှမသိဘူး။
မောင်လှ သတိရလာတဲ့အချိန်မှာ အလွန်တရာနက်ရှိုင်းတဲ့ တောအုပ်ကြီးတစ်ခုထဲက
သစ်ပင်ကြီးရဲ့ အောက်မှာပုံလျက်သားလဲကျနေတယ်။
မျက်လုံးက မဖွင့်နိူင်ဘူး။
အရမ်းကို မူးဝေနေတယ်။
အဲ့အချိန်မှာ မောင်လှမြင်လိုက်ရတာက
မလှမ်းမကမ်းမှာ မောင်လှ ကို စိုက်ကြည့်နေတဲ့
ကျားသစ်တစ်ကောင်ကို ထိတ်လန့်စွာတွေ့လိုက်ရတာပါပဲ။
“”ဘုရား…ဘုရား..ကျားသစ်ကြီးပါလား
ငါဘယ်လိုကြောင့် တောအုပ်ကြီးထဲ
ရောက်နေတာလဲ ငါတို့ရွာနားဝန်းကျင်မှာလည်း
ဒီလောက်နက်တဲ့ တောအုပ်မရှိပါဘူး
အမလေး…ငါ့ကိုစိုက်ကြည့်ပြီး ငါ့ဆီကို
လှမ်းလာနေပြီ အဖွားရေ…အမေရေ..ကယ်ကြပါဗျို””
မောင်လှရဲ့အသံနက်ကြီးကတောအုပ်ကြီးထဲ
ပဲ့တင်မြည်ဟည်းသွားပါတော့သည်။
ကျားသစ်ကြီးကလည်း မောင်လှရှိရာသို့
သေချာသည့်သားကောင်တစ်ကောင်ရသည့်အလား
ဝံကြွားစွာလျှောက်လှမ်း၍လာပါတော့သည်။
ကျားသစ်ကြီးနှင့် ခြေလှမ်းငါးလှမ်းစာအကွာသာ
ကွာခြားတော့သည့်အချိန်တွင် မျက်စိကိုစုံမှိတ်၍
ဘုရား..တရားကိုသာ အာရုံပြုလိုက်ပါတော့သည်။
“”…ရွှမ်း….””
အသံတစ်ခုကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ
ရွာဘုရားပွဲမှ အပျိုတော်ယိမ်းကကွက်တွင်
ဝတ်ဆင်ကြသော မင်းသမီးကဲ့သို့သော
အဝတ်အစား..အဆင်အယင်ဖြင့်
ရွှေဝါရောင်တောက်ပနေသော အမျိုးသမီးတစ်ဦးက နန်းတွင်းသုံး ဓားရှည်တစ်ချောင်းဖြင့်
ကျားသစ်အား ရင်ဆိုင်ရန် အသင့်ဖြစ်နေပါသည်။
“”မဟိန္ဒ… အသင်ရှေ့တိုးမလား
ကျွနုပ် ဓားချက်အောက် အသေခံမည်လော””
သြဇာဣတ္ထိပြည့်စုံသော အသံဖြင့် ပြောကြား
လိုက်ရာ ကျားသစ်မှာ ကြောက်လန့်တကြားဖြင့်
တောနက်ကြီးထဲ ဝင်ရောက်ပျောက်ကွယ်သွားပါတော့သည်။
မိန်းမပျိုက မောင်လှဘက်သိုလှည့်လာရင်း
ဓားရှည်ကို ဓားအိမ်ထဲပြန်ထည့်လိုက်ပါသည်။
မောင်လှ၏တစ်သက်တာတွင် ဤမျှလောက်
ချောမောလှပသော မိန်းမချောမျိုးကိုမမြင်ဘူးသည်မို့ ပါးစပ်အဟောင်းသားပင်ကြည့်မိသွားပါသည်။
“”တယ်….အသက်ကယ်တဲ့ကျေးဇူးကိုသော်မှ
မထောက် အကြည့်တို့က ရိုင်းစိုင်းလှချည်လား””
မောင်လှလည်းမိမိအားစိတ်ဆိုးသွားသည်ကိုသိလိုက်ရသဖြင့် ပျာပျာသလဲတောင်းပန်ရပါသည်။
“”ရိုင်းသလိုဖြစ်သွားရင် ကျနော်တောင်းပန်ပါတယ်
အမရယ်..အသက်ကယ်တာလည်း
ကျေးဇူးတင်ပါတယ်။ စိတ်မဆိုးပါနဲ့။
အမက ဘယ်ဇာတ်အဖွဲ့ကလည်းဟင်
စိန်မာဒင်အဖွဲ့ကလား…ပုလင်းစိန် ဖန်ခွက်စိန်အဖွဲ့ကလားဟင်””
“”အသင်…ရူးနှမ်းနေလေသလား။
အဘယ်ကြောင့်များ လူတို့နားမလည်အပ်သည့်
စကားအရာတို့ဖြင့်ပြောကြားနေသနည်း””
ပြောပြီးသည်နှင့် မောင်လှအားချန်ရစ်ခဲ့၍
တဘက်သို့မျက်နှာမူ၍ လှည့်ထွက်သွားပါတော့တယ်။
မောင်လှလည်း တောနက်ကြီးထဲမနေရဲ၍
ထိုအမျိုးသမီးအနောက်သို့အပြေးလေးလိုက်သွားပါတယ်။
“”အမ…အမ…စောင့်ပါဦး
ကျနော်မနေရဲလို့ အမနောက်က လိုက်ပါရစေ””
အမျိုးသမီးမှာတစ်ချက်လေးမှလှည့်မကြည့်ပဲ
ခပ်သုတ်သုတ်လျှောက်လှမ်းနေရာနောက်သို့
မောင်လှလည်းအမောတကောဖြင့် အမှီလိုက်သွားလိုက်ပါတော့သည်။
##################
အမျိုးသမီး၏ သွက်လက်သောခြေလှမ်းများနောက်သို့ အမောတကောဖြင့် အမှီလိုက်ပါခဲ့ရာ
မောင်လှအား တားမြစ်ခြင်းလည်း မပြုသည့်အတွက် မောင်လှလည်း လိုက်ပါလာခဲ့ပါတယ်။
တောစပ်အပြင်ဘက်တွင် တသွင်သွင်စီးဆင်းနေသော စမ်းချောင်းကလေး တစ်ခုကိုတွေ့ရပြီး
ရေသောက်နေသော မြင်းညိုကြီးတကောင်ကိုတွေ့လိုက်ပါတယ်။
သူမကိုမြင်တော့ မြင်းညိုကြီးက တဟီဟီဖြင့်
အသံပြုပြီး ရှေ့ခြေနှစ်ချောင်းကို အပေါ်သို့မြှောက်၍ သုံးကြိမ် သုံးခါ ပတပ်ရပ်လိုက်ပါတယ်။
“”ငညိုရေ ပြန်ကြရအောင်””
သူမက မြင်းဇာက်ကြိုးကိုလှမ်းဆွဲ၍ မြင်းညိုကြီးကို
အနည်းငယ်ပွတ်သပ်ပေးလိုက်ပြီး
လျှင်မြန်သွက်လက်စွာ မြင်းပေါ်ခုန်တက်လိုက်ပါသည်။
“”အမရေ..အမ ကျနော်လည်းလိုက်ပါရစေ
ဘယ်ရောက်လို့ရောက်နေမှန်းလည်းမသိဘူး
ကျနော် ကြောက်လို့ပါဗျာ
တောင်းပန်ပါတယ် ကျနော်ကို မထားခဲ့ပါနဲ့နော်””
လက်အုပ်မချီရုံတမယ်အတင်းတောင်းပန်လိုက်ရပါတယ်။
သူမက ကျနော်ကို စိုက်ကြည့်ပြီးနောက်
အဝေးသို့လက်ညိုးထိုးလိုက်ပါသည်။
“”မောင်မင်း ယောကျာ်းမဟုတ်ပေလော
ဟောဟိုမှာ မြင်တွေ့နေရသည့် တောလမ်းအတိုင်း
ခရီးအသောနှင်လာခဲ့ပါ။
နွားရိုင်းသွင်းချိန်လောက်တော့ မောင်မင်းရောက်လာမှာပ။
အကျွနူပ်လမ်းညွုန်ခဲ့ပါရဲ့နှင့် မောင်မင်းရောက်မလာခဲ့ပါက မောင်မင်းဟာ တောကောင်တို့၏အစာသာ
ဖြစ်ခဲ့သည်ပလို့ အကျွနူပ်မှတ်ယူပါအံ့။
ယောကျာ်းကောင်းတို့၏ ဇွဲ လုံးလ ဝီရိယတို့ဖြင့်
မောင်မင်းခရီးသာနှင်လာခဲ့ပါပ””
ပြောပြီးသည်နှင့် မြင်း ၏တင်ပါးကိုခြေဖျားဖြင့်ခတ်၍ဒုန်းစိုင်းပြေးထွက်သွားပါတော့တယ်။
အခုတောင် နေအတော်စောင်းစပြုနေပါ။
နွားရိုင်းသွင်းချိန်ဆိုတော့ ညနငေါးနာရီိမိနဈလေးဆယျကိုဆိုလိုကွောငျး တောသားမို့ မောင်လှသိသည်။
တယောက်တည်းဘယ်ကိုသွားရမှန်းမသိ ရပ်နေလျှင် သူမပြောသလို တောကောင်တို့၏အစာဖြစ်မည်မှာအမှန်ပင်မို့ သူမလမ်းညွုန့်ခဲ့သည့်တောလမ်းအတိုင်းမနားမနေခပ်သုတ်သုတ်ခရီးနှင်ခဲ့လိုက်ပါတော့တယ်။
တောလမ်းမှာ သမန်းပင်နှင့် မြက်ပင်ရိုင်းတို့ကြောင့်
ခြေသလုံးတစ်ခုလုံး ထိရှကုန်ပြန်တယ်။
ပုဆိုးကိုပြင်၍ ရှည်ရှည်ဝတ်ဖို့ကြံမိသေးသည်။
အသောနှင်နေရသည်မို့ ခရီးတွင်မည်မထင်ပေ။
အာခေါင်တို့က ရေဆာလောင်မူ့ကြောင့်
အတော်လေးကို ခါးသက်၍လာပါတယ်။
ဖိနပ်မပါလာသည်မို့ ခြေထောက်တွေက အတော်လေးနာကျင်လာပါတယ်။
တော်သေးသည်က လေပွေကြီးထဲ ဗြောင်းဆန်ခတ်အောင်ပါလာပေမယ့် ပုဆိုးမကျွတ်ပဲပါလာသည်မို့
အရှက်လုံနေခြင်းပါ။
နေမင်းကြီးက မိုးကုတ်စက်ဝိုင်းကြီးထဲ တဝက်တိတိဝင်လုသွားသောအခါ မောင်လှ၏မြင်ကွင်တွင်
ရွာကြီးတစ်ရွာကိုလှမ်းမြင်လိုက်ရပါတယ်။
အခုချိန်လောက်ဆို အဖွားနှင့်အမေဖြစ်သူတို့
အတော်လေးစိတ်ပူနေရှာရော့မယ်။
ဒီရွာမှာ တစ်ညခိုနားပြီး မှ စုံစမ်းမေးမြန်း၍
မိမိရွာကိုပြန်ရမည်ဟုမောင်လှတွေးနေမိပါတယ်။
ရွာကြီးထဲ ဝင်လာတော့ ခြံဝိုင်းကြီးတွေထဲက အိမ်အချို့ရှေ့တွင် မီးပုံကြီးများဖိုထားသည်ကိုတွေ့လိုက်ရပါတယ်။
မီးဖိုကြီးတွေကိုမြင်မှ အတော်လေးချမ်းစိမ့်နေသည်ကိုသတိပြုမိလိုက်တယ်။
တချို့အိမ်ကြီးများ၏အရှေ့ကွပ်ပစ်တွင် လူအချို့ရှိနေကြပြီး ဝတ်စားဆင်ယင်မူ့များနှင့်အသွင်သဏ္ဍာန်တို့မှာ ထူးဆန်းနေပါတယ်။
ယောကျာ်းများမှာ ယောင်တစောင်းထုံးထားကြပြီး အမျိုးသမီးသမီးများမှာ ဆံဦးထိပ်တွင် ဆံထုံးထုံးကြသည်ကိုတွေ့ရပြန်တယ်။
ယောကျာ်းများမှာ တောင်ရှည်နှင့်တမျိုး၊ ခါးတောင်းကျိုက်နှင့် တဖုံ တွေ့ရပြီး
လက်ရှည်အမျိုးသားဝတ်ရင်ဖုံးအကျီ်ကို ဝတ်ဆင်ထားကြတယ်။
အမျိုးသမီးများမှာ ရင်စေ့ ရင်ဖုံး အကျီ်ကို
ဝတ်ဆင်ထားပြီး အကျီ်ဗလာ ထမီရင်လျားများကိုလည်းတွေ့နေရပါသည်။
မောင်လှကအံသြတသြဖြင့် ငေးစိုက်ကြည့်နေသလို
ထိုရွာရှိယောကျာ်းမိန်းမများကလည်း ပြန်လည်၍မောင်လှကို စူးစမ်းပြီးအကဲခတ်ကြည့်နေကြပါတယ်။
ငေးငေးမောမောနှင့်လျှောက်လာရင်းရွာလယ်ကိုရောက်လို့လာပါတယ်။
အတော်ကိုကြီးမားခမ်းနားသောအိမ်ကြီးတစ်လုံးကိုမြင်လိုက်ရပြီး ကညင်ဆီးမီးတိုင်များကို
လမ်းပေါ်မှာရော ခြံဝိုင်းကြီးထဲမှာပါ လင်းထိန်အောင်ထွန်းညှီု့ထားတာတွေ့ရပါတယ်။
ရှေ့မဆက်ပဲ ခြံဝမှာငေးမောကြည့်နေစဥ်
လူတယောက်ထွက်လာပါတယ်။
“”အသင်..အထဲကို ကြွပါ။
သခင်မလေးနန္ဒီ က ခရီးထောက်ခိုင်းထားတာပ””
သခင်မလေး နန္ဒီဆိုတာ မည်သူမှန်းမောင်လှမသိပေ။
သိုပေမယ့် ခေါ်ဆောင်ရာနောက် လိုက်ပါလာခဲ့ပါသည်။
အိမ်တော်ကြီးအတွင်း လူအများစုမှာရင်လျားများနှင့်မိန်းမများ ခါးတောင်းကြိုက်နှင့်ယောကျာ်းသားများကို သာတွေ့နေရပါသည်။
အဝတ်အစားအပြည့်အစုံနှင့်လူများမှာ သိတ်မတွေ့ရပေ။
အိမ်ကြီးမှာ ခြေတံရှည်အိမ်ကြီးဖြစ်ပြီး တိုင်လုံးကြီးများမှာလူတစ်ဖက်စာခန့်အထိကြီးမားပါတယ်။
အိမ်ပေါ်သို့တက်သောလှေကားမှာ ပန်းပွတ်လုံးများဖြင့်အနုပညာမြောက်စွာပုံဖော်တပ်ဆင်ထားပါတယ်။
လှေကားခြေရင်း၌ မောင်လှကိုခေါ်ဆောင်လာသူက
ဦးညွုတ်အရိုအသေပြုသကဲ့သို့သော
ပုံစံမျိုးပြုလုပ်ပြီး အိမ်ပေါ်သို့လှမ်း၍အော်ပြောနေပါသည်။
“”သခင်မလေးရဲ့ဧည့်သည် ရောက်ရှိနေပါပြီသခင်မလေး””
အပေါ်ထပ်မှ တုန့်ပြန်သံမကြားရပါပဲ ခဏမျှကြာသောအခါ တောစပ်တွင် မောင်လှအားချန်ထားရစ်ခဲ့သည့် ထူးဆန်းသောမိန်းမလှလေးကဟန်ပန်အမူအရာအလွန်ကြည့်ကောင်းစွာဖြင့် ဆင်းလာပါတော့တယ်။
“”မောင်မင်း တော်ပေသားပဲ
အကျွနူပ်တို့ရဲ့ စန္ဒမဟာ ရွာကြီးကို ရောက်အောင်လာနိုင်ခဲ့လေတော့ ကြိုဆိုရပေမပေါ့။
အကျွနုပ်တို့ရဲ့ စန္ဒမဟာရွာကို တော်ရုံလူသာမာန်တို့
ဝင်ရောက်မလာနိူင်ဘူး။
မောင်မင်းက ရောက်အောင်လာနိူင်တယ်ဆိုတော့
ကံအကြောင်းဆက်ရှိလိုသာပ
ကဲ..အကျွန်တော်တို့ ဒီလုလင်ကိုညစာတည်ခင်းဧည့်ခံပြီး အိပ်စက်ဖို့ နေရာလည်းစီစဥ်ပေးလိုက်ကြပါ””
မောင်လှလည်းဘာမှစောဒကတက်မနေတော့ပဲ
ငြိမ်နေလိုက်တယ်။
တကယ်က မနက်လင်းသည်နှင့် မောင်လှရွာကိုပြန်ဖို့သာအရေးကြီးပါတယ်။
အခုချိန်ဆို ဘယ်လောက်တောင်သောကတွေဝေနေမလဲ..လို့ တွေးနေမိတယ်။.
ခဏလောက်နေတော့ စကောချပ်ကြီးထက်မကသောကြေးလင်ပန်းချပ်ကြီးများဖြင့် လေးဦး၊ ငါးဦး
စုဖွဲ့ပြီး ထမင်းစားကြရန် စီစဥ်နေကြပါတယ်။
မောင်လှကိုလည်း တစ်ဖွဲ့တွင် ဝင်ထိုင်စေပြီး
ထမင်းစားစေပါတယ်။
အနေတော်ကြက်သားတုံးတတုံးစီနှင့် အရွက်ကြော်အနည်းငယ်ပုံထားပြီး ကြေးလင်ပန်းကြီး၏အလယ်တွင် ယွန်းဖြင့်ပြုလုပ်ထားသောခွက်တလုံးတွင်
အိမ်လုပ်ငပိရည်ကြိုကို ငရုတ်သီးများပျစ်နှစ်နေအောင် ဖျော်ပြီးတည်ထားပါတယ်။
အစပိုင်းမှာ မဝံရဲပေမယ့် ဆာလောင်လွန်းနေ၍
ခေါင်းမဖော်တမ်းစားလိုက်မိပါတော့တယ်။
စားသောက်ပြီးသောအခါ ခေတ္တခဏထိုင်နေပြီး
အလုပ်သမားများကို လိုက်ကြည့်နေမိပါသည်။
မောင်လှသည်အဘယ်ကဲ့သို့သောရွာသို့ရောက်နေပါသနည်း။
ဝတ်စားဆင်ယင်မူ့အဆန်း၊ စကားအသုံးနူန်းတို့က
ရှေးရိုးဆန်လွန်းနေပါတယ်။
ထမင်းစားပြီးသည့်အချိန်တွင် ညရှစ်နာရီခန့်ပင်ရှိနေပြီဟုထင်မိပါတယ်။
လူအချို့က ခြံဝန်းတလင်းပြင်မှာပုံထားသည့်
ဆန်ပုံကြီးကို ပျာတဲ့သူကပျာပြီး၊
ချည်သားအကြမ်းဖြင့်ယက်လုပ်ထားသည့်
အိတ်ကြီးများထဲ ဆန်တွေထည့်နေကြပါတော့တယ်။
“”ဦးလေး..ဒီအိမ်ကအိမ်ရှင်က ဆန်ရောင်းတာလား””
“”အသင်ပြောတာနားမလည်…ပ
အကျွနူပ်တို့ရွာက တကောင်းမင်းတြားကြီးရဲ့
ထီးတော်ရှစ်စင်းကိုယ်စားပြုတဲ့ လကျ်ာထီးတော်
ကမ္ဗု၊စန္ဒ၊ပဒုမ၊သမုဒ္ဒဇာ ရွာကြီးလေးရွာထဲက
စန္ဒမဟာ ရွာကြီးပဲ
သခင်မက စန္ဒမဟာရွာရဲ့ အရှင်မပဲ
မှော်ဝင် ရွှေနန်းသုံးတော်ဝင်ဓားကိုချီးမြုင့်ခံထားရတာလေ
အသင် ကိုကြည့်ရတာ ဝတ်စားဆင်ယင်ပုံကအစ
ထူးခြားနေတယ်။
သက်တော်ဘယ်လောက်ရှိ…့ပ.”
“”ဆယ်ခြောက်နှစ်ပြည့်တော့မယ်…ဦးလေး””
“”မဟုတ်တာ…ပ
အသင်အသက်အမှန်ကိုပြောပါ…ပ””
မောင်လှလည်း..မိမိအသက်ကိုမယုံကြည်သူအား
မည်သို့ရှင်းပြရမည်မှန်းပင်မသိတော့ပေ။
“”ဦးလေး…အသက်ကဘယ်လောက်လဲ””
“”တစ်ထောင့်သုံးရာ ပါ””
မောင်လှမျက်လုံးကြီး ပြုးကျယ်သွားသည်မှာ
ထိုညကတော်တော်နှင့်ပင်အိပ်၍မပျော်ခဲ့ပေ။
###################
ထိုညက လူးလူးလိမ့်လိမ့်ဖြင့် အိပ်မပျော်ပဲမိုးလင်းခဲ့ပါတယ်။
မနက်လေးနာရီလောက်ကတည်းက ခြံဝန်းကြီးတစ်ခုလုံး လူပ်လူပ်ရှားရှားအသက်ဝင်လာပြီး
ကိုယ်စီအလုပ်တွေလုပ်နေကြပြီဖြစ်ပါတယ်။
မောင်လှမှာ ဧည့်သည်မို့ အလုပ်မလုပ်ရပဲ
အေးရာအေးကြောင်းနေရပါတယ်။
ခြံကြီး၏အနောက်ဘက်တွင် နွားတင်းကုတ်ကြီးများ
မြင်းဇောင်းများ ကြက်ခြံများ သီးပင်စားပင်များ
စိုက်ပျိုးမွေးမြုထားပါတယ်။
မြင်းဇောင်းထဲသို့ ဝင်ကြည့်ရာမနေ့က သခင်မလေးနန္ဒီ မနေ့ကစီးခဲ့သော မြင်းညိုကြီးကိုတွေ့လိုက်ရတယ်။
အသေအချာကြည့်မှအလွန်လှသောမြင်းကြီးဖြစ်မှန်းသိလိုက်ရပြန်တယ်။
မြင်းဇောင်းထဲတွင် စိတ်ဝင်တစားကြည့်နေစဥ်
ကျေးကျွန်တစ်ယောက်က မြင်းညိုကြီးကိုလာထုတ်သည်ကိုတွေ့ရသည်မို့ သခင်မလေးအပြင်သွားလောက်သည်ကိုတွေးပြီး ထိုကျေးကျွန်နှင့် လိုက်ပါလာလိုက်ပါတယ်။
တွေးထင်ထားသည့်အတိုင်းပင် အိမ်တော်ကြီးပေါ်မှ
အစိမ်းရောင်နန်းဝတ်နန်းစားလို ဝတ်ဆင်၍
မင်းသမီးတပါးအလားဆင်းလာပါတယ်။
သူမကို တရိုတသေဖြင့် အိမ်တော်မှလူအချို့က
ဦးညွုတ်၍ အရိုအသေပြုကြပါတယ်။
“”ဂါမဏိ….ဂါမဏိ ဘယ်မှာလဲ””
“”သခင်မလေး…အသင့်ဖြစ်နေကြောင်းပါ””
“”အကျွနူပ်….သုမုက္ခ ရွာဘက်ကို ခေတ္တခဏသွားမယ်။
အစစစိတ်ချမယ်နော် နေထန်းတစ်ဖျားကျော်ချိန်မှာ
ကျေးသားတစ်ကောင်ကို လွှတ်လိုက်မယ်။
အကျွနူပ်မရှိသည့်အခိုက်အတန့်လေးမှာ ဘာမှမဖြစ်ကြစေနဲ့ ကြားကြလား””
“”သခင်မ တစ်ခုလောက်ပြောပါရစေ။
ဝိသုကမ္မရွာ အလွန်တောနက်မှာ ဘီလူးမိစ္ဆာတစ်ကောင်သောင်းကျန်းနေပါတယ်။
သခင်မ သတိဝီရိယနဲ့သွားတော်မူပါ””
“”ကြောင့်ကြတော်မမူနှင့် ဂါမဏိ
အကျွနူပ်ရဲ့ မှော်ဝင်ဓားက မိစ္ဆာမှန်သမျှကို အောင်နိူင်တော်မူ့တဲ့ ဓားပါ။
အမူ့ပြီးမြောက်တာနဲ့ ပြန်လာခဲ့မယ်…ပ””
သူမက မြင်းပေါ်သို့ခုန်တက်၍ ထွက်ရန်ပြင်နေစဥ်
မောင်လှက လက်နှစ်ဘက်ကို ဆန့်ထား၍တားလိုက်ပါတယ်။
“”မောင်မင်းက အဘယ်ကိစ္စလဲ””
“”အမ ကျနော်…နော် အဲလေ..
သခင်မ ကျွန်တော်မျိုး အမိနဲ့အဖွားရှိရာရွာကိုပြန်မှ
ဖြစ်မှာမို့ပါ။
ကျွန်တော်မျိုးကိုပြန်ခွင့်ပြုပါ။
ပြန်ဖို့ရာလည်း..လမ်းညွုန်ပေးပါနော်””
မောင်လှ အတင်းတောင်းပန်တော့ သခင်မက
မြင်းဇက်ကြိုးကို ထိန်းရင်း
“”ပါပိ ကို မြင်းတစ်ကောင်ထုတ်ခိုင်းလိုက်ပြီး
ဒီလုလင်ကို မြင်းနဲ့ တင်ခေါ်ခဲ့စမ်း…ဂါမဏိ””
တအောင့်မျှကြာသောအခါ မြင်းတစ်ကောင်နှင့်
လူတယောက်ရောက်လာပါတယ်။
မောင်လှကို လက်ကမ်းပေးလိုက်ပြီးမြင်းပေါ်ဆွဲတင်လိုက်ပါတယ်။
ပါပိဆိုသည့် လူကြမ်းကြီး၏ ကျောပြောင်ပြောင်ကြီးကိုဖက်ပြီး မောင်လှလည်း သခင်မနန္ဒီ၏
ခရီးစဥ်၌ လိုက်ပါလာခဲ့ရပါတော့တယ်။
မြင်းနှစ်စီးဟာ မနားတမ်းဒုန်းစိုင်း၍ အပြေးနှင်နေပါတော့တယ်။
မောင်လှမှာ ပြုတ်မကျအောင်မနည်းပင် ပါပိ၏
ခါးကိုဖက်တွယ်ထားရပါတယ်။
တစ်နာရီခန့် ခရီးဆက်ပြီးတဲ့အခါမှာ မြင်းပေါ်ကမဆင်းပဲ ဖြေးဖြေးချင်း ခရီးဆက်လာကြပါတယ်။
“”ဒီမှာလုလင် အသင်ရဲ့အသက်က
ဆယ့်ခြေက်နှစ်ဆိုမောဟိုက်ပင်ပန်းနေလိုက်တာ
အသင် အကျွနူပ်ကို အားနာပါဦး
အကျွနူပ်အသက်က တစ်ထောင့်နှစ်ရာသုံးဆယ်နှစ်နော်
သခင်မလေး အသက်က အကျွနူပ်ထက် ငါးနှစ်ပဲငယ်တာ…ပ””
မောင်လှလည်း မိမိကိုယ်ကို တောင်နားမလည်ဖြစ်နေရသည်မို့ အထူးတလည်ပင် အံသြမနေတော့ပေ။
မြင်းများအမောအနည်းငယ်ပြေသောအခါ တဖန်ပြန်၍ အသောနှင်ကြရင်း ဘီလူးသောင်းကျန်းနေသည့်ဟု သတင်းထွက်နေသည့် ဝိသုကမ္မရွာ ထိပ်သို့ရောက်ရှိလာခဲ့ပါတော့တယ်။
ရွာထိပ်ကိုရောက်သည်နှင့် မြင်းနှစ်ကောင်မှာ ဆက်မသွားတော့ပဲ ပေပြီးရပ်နေပါတယ်။
“”သခင်မလေး….အန္တရာယ်အငွေ့အသက်များရရှိနေကြောင်းပါ””
ပါပိ၏ စကားပင်မဆုံးလိုက်ပေ။
လူသုံးကိုယ်စာ..အရပ် ခုနှစ်ပေနီးပါး လူဘီလူးကြီး
တစ်ကောင်မှာ တင်းပုတ်ကြီးထမ်းလျှက် ညောင်ကျတ်ပင်ပေါ်မှ မြေပြင်သို့ဆင်းသက်လာပါတော့တယ်။
“”အသင်တို့ ငါ့အတွက် အဘယ်သို့သော
စားကောင်းစားဖွယ် ဆက်သဖို့ပါလာသလဲ””
“”တယ်….ဒီဘီလူး…ငါတို့၏သခင်မဟာ
စန္ဒမဟာ ကိုအပိုင်းစားရထားတဲ့ လကျ်ာထီးဖြူသခင်မ…ဟဲ့
အခု ဒူးထောက်စမ်း””
“”ဟား….ဟား….ဟား…ဘာသခင်မဖြစ်ဖြစ်
ငါလိုဘီလူးက ဂရုမစိုက်ဘူး။
လကျ်ာထီးဖြူသခင်မရဲ့ အသားကိုစားရချည်သေးရဲ့..ဟား…ဟား…ဟား..””
“”အသင်ဘီလူး…အကျွနူပ် အရေးကိစ္စရှိနေတယ်
မနှောင့်ယှက်ပါနဲ့….
အသင်နှင့် အချိန်ကုန်ဖို့..အကျွနူပ် မအားလပ်ဘူး””
ဘီလူးကြီးရဲ့သွင်ပြင်ဟာအလွန်ကြောက်မက်ဖွယ်ရာကောင်းနေပါတယ်။
သရဲသဘက်ပင်အခြောက်မခံဘူးသောမောင်လှမှာ
အကြောက်လွန်၍ အသားတွေပင်တုန်ရင်နေပါတယ်။
ထိုစဥ် ဘီလူးကြီး၏အကြည့်သည် ချက်ခြင်းဆိုသလိုမောင်လှရှိရာအကြည့်ရောက်လာပါတယ်။
ခဏချင်းမှာပင် ကြောက်မက်ဖွယ်ရာပြုံးလိုက်ပြီး
ချွန်ထက်သောလက်သည်းကြီးများဖြင့်
မောင်လှ၏ အကြီျစကိို လက်မနှင့်လက်သည်းညုပ်၍ဆွဲမလိုက်၍လေပေါ်တွင်ယက်ကန်ယက်ကန်ဖြင့်ပါသွားပါတော့သည်။
“”သခင်မရေ…ကယ်တော်မူပါ ကယ်တော်မူကြပါ “”
ဘီလူးကြီးက သွေးညှီု့နံနှင့် ပုတ်အဲ့အဲ့အနံများ
ထွက်နေသည့် ပါးစပ်ပေါက်ကြီးနား မောင်လှကို
အခုပင်ကိုက်စားတော့မလိုလို ဟန်ရေးပြင်နေပါသည်။
မောင်လှမှာ ခြေထောက်နှစ်ချောင်းက မြေပြင်သို့မထိသဖြင့် ခန္ဒာကိုယ်ကြီးမှာလေထဲတွင် လည်နေပါတော့သည်။
“”ဟယ်…ဘီလူးယုတ် အခုချက်ချင်း
ငါ၏ နောက်ပါဖြစ်သောဤလူသားအား မြေသို့ချစေ။
ငါစကားကိုမလေးမစားလုပ်တယ်ပေါ့လေ။
အသင် ဒီဘဝထက်ပိုမို ဆိုးရွားတဲ့ ငရဲလမ်းသို့
သွားရပြီသာ..ပ””
ဓားအိမ်အတွင်းမှမှော်ဝင်ဓားကို ရွှမ်းကနဲမည်အောင်ဆွဲထုတ်လိုက်ပါတော့တယ်။
ဓားမှာ သံမဏိဖြင့်ပြုလုပ်ထားသော်လည်း
အရောင်အဝါများလင်းလက်၍နေပါတော့တယ်။
သခင်မလေးနန္ဒီ က ဓားကိုမျက်နှာတည့်တည့်တွင်
ကန့်လန့်အနေအထားထား၍ နူတ်မှလည်း
ဂါထာတစ်ပုဒ်ကိုအစချီ၍ရွက်ဆိုနေပါတော့တယ်။
ရွက်ဆိုပြီးသည်နှင့် မြင်းဇက်ကြိုးကိုတချက်ဆွဲလိုက်ရာ မြင်းညိုကြီးက လေပေါ်သို အတော်အတန်မြင့်အောင် ခုန်လိုက်ပါတယ်။
မြင်းညိုကြီး၏ခုန်ချက်နှင့်အတူ မှော်ဓားဖြင့်ဘီလူးကြီး၏ လက်ညိုးနှင့်လက်မကို
အလျားလိုက်ခုတ်ချလိုက်ရာ လက်ချောင်းများနှင့်အတူ မောင်လှပါမြေပြင်သို့ပြုတ်ကျလာပါတော့တယ်။
“”အ မ လေး သေပါပြီဗျာ””
“”အား…ဝူး “”
ဘီလူးကြီးလည်းအော်သလို မောင်လှလည်းပြုတ်ကျသည့်အရှိန်ကြောင့်အနည်းငယ်နာပြီး
အော်လိုက်မိပါတယ်။
ဘီလူးကြီးက သူ့လက်ချောင်းတွေပြတ်ထွက်ကုန်၍
စူးစူးဝါးဝါးအော်ရင်းဒေါသတကြီးဖြင့်
သခင်မနန္ဒီကို တိုက်ခိုက်ရန် ရှေ့တိုးလိုက်ပါတယ်။
သခင်မက လူရောမြင်းပါတတွဲတည်းလှည့်ရှောင်၍
ဘီလူးကြီး၏ အနောက်ဘက်မှနေ၍ ဒေါင်လိုက်ခုတ်ချလိုက်ရာ အသံနက်ကြီးဖြင့် ဘီလူးကြီး၏
ကိုယ့်ခန္ဒာမှာ နှစ်ပိုင်းကွဲထွက်သွားပါတော့တယ်။
ပါပိကလည်း လည်ပင်းမှာဆွဲထားသောရှုံအိတ်ကလေးထဲမှ အမူန့်အချို့ကိုယူ၍ဘီလူးကြီးကိုယ်ပေါ်သို့ ပက်ချပစ်လိုက်ပါတယ်။
ဘီလူးကြီး၏ ခန္ဒာအစိတ်အပိုင်းများသည်
ချက်ခြင်းပင် မီးတောက်များဖြစ်လာပြီးလောင်ကျွမ်း၍သွားပါတော့တယ်။
မောင်လှကို ပါပိက လာထူပေးပါတယ်။
“””ပါပီရေ…ညောင်ကျတ်ပင်ကအခေါင်းပေါက်ကြီးကိုကြည့်စမ်း ပြာလဲ့လဲ့အရောင်တွေယှက်ပြေးနေတယ်…ပ””
“”မှန်ပါတယ်…သခင်မလေး””
“”ကဲ…မောင်မင်း အဲ့အပေါက်ကြီးထဲကို အသင်ဦးခေါင်းဝင်လိုက်ပါ
အသင်ရဲ့နေရပ်ကိုပြန်ရောက်တဲ့အခါကျရင်
အကျွနူပ်တို့ရဲ့ အကြောင်းကို မည်သူ့ကိုမှ မပြောမိပါစေနဲ့
ဘာသာတရားကိုများများလုပ်ပါ
အကုသိုလ်များရင် ဒီလို အပယ်လေးဘုံမှာရောက်ရတာကို မောင်မင်းမြင်တယ်..ပ
အကျွနူပ်တို့က အရိမေတ္တယျ ဘုရားရှင်ပွင့်တော့မူသည့်အထိ လူဖြစ်ရမယ့်သူတွေပဲ
အကျွနူပ်တို့ရဲ့ ဘဝဇစ်မြစ်ကိုမသိချင်ပါနဲ့တော့
မောင်မင်းဟာ…အတိတ်နဲ့ ပစ္စုပ္ပန် ကူးတဲ့လေဟာနယ်ထဲရောက်ပြီးဒီကိုရောက်လာခဲ့တာပဲ
မောင်မင်းရဲ့နေရပ်ကို ပြန်စေ””
သခင်မလေး၏စကားဆုံးသည်နှင့် ညောင်ကျတ်ပင်၏အခေါင်းပေါက်ကိုခေါင်းဝင်လိုက်ရာ
ဆွဲအားတစ်ခုနှင့်အတူ ပစ္စုပ္ပန် သို့ရောက်လာပါတော့တယ်။
“”အမလှအေးရေ တွေ့ပြီ…တွေ့ပြီ
ကောက်ရိုးပုံကြီးအထဲမှာ မောင်လှကိုတွေ့ပြီ””
သတိလစ်မေ့မြောနေသောမောင်လှအားသတိရအောင်ဝိုင်းဝန်းပြုစုပေးကြပါတော့တယ်။
သတိရ၍မောင်လှမေးကြည့်သောအခါပျောက်ဆုံးနေသည်မှာ တစ်ပတ်ပင်ရှိပြီဖြစ်ကြောင်းအံသြစွာသိလိုက်ရပါတော့တယ်။
အမေနှင့်အဖွားမှာ ဝမ်းသာလွန်း၍ချုံးပွဲချ၍ပင်ငိုကြပါတော့တယ်။
မောင်လှလည်း သခင်မလေးမှာလိုက်သည့်အတိုင်း
အဘယ်သို့ရောက်ခဲ့သည်ကိုယနေ့ထက်တိုင်မပြောပါပဲနူတ်ဆိတ်၍နေခဲ့လိုက်ပါတော့တယ်။
ယွန်းနှင်းဆီခိုင်