မှော်ဝင်သစ်သားရုပ်ကလေး(စ/ဆုံး)
————————————–
ကျွန်တော် ကွန်ပျူတာသင်တန်းမှအပြန်
တွင် သူငယ်ချင်းတစ်ယောက်နေမကောင်း
သဖြင့် လူနာသတင်းဝင်မေးရင်း စကားစမြည်
ပြောပြီးမှ အိမ်ပြန်ဖြစ်ခဲ့သည်။
အိမ်ပြန်ချိန်က အတော်ပင် နောက်ကျသွားခဲ့
ပြီး ည ၇ နာရီပင်ထိုးလုပြီဖြစ်၏။
အိမ်အပြန်လမ်းကို ပုံမှန်ခြေလှမ်းတို့ဖြင့်
လျှောက်နေမိရင်း ရုတ်တရက် ကတ္တရာလမ်း
၏ ဘေးတစ်ဖက် သစ်ငုတ်တိုတစ်ခုပေါ်သို့
ကျွန်တော်မျက်လုံး ရောက်သွားမိသည်။
အရုပ်ကလေးတစ်ရုပ်ဟုထင်ရသော မည်း
မည်း သဏ္ဍာန်အရာလေးတစ်ခုကို အမှတ်မ
ထင်ကြည့်မိရာမှ စိတ်ဝင်စားသွားမိပြီး အနီး
ကပ်သွားကြည့်လိုက်မိသည်။
အနက်ရောင်ဘက်လိုက်သော သစ်သား
တစ်မျိုးဖြင့် ပြုလုပ်ထားသော အရုပ်လေးတစ်
ရုပ်ဖြစ်သည်။ ကျွန်းနက်သားဖြစ်လိမ့်မည်ဟု
ကျွန်တော်ထင်မိသည်။
မိန်းမပျိုတစ်ယောက်၏ ပုံတူရုပ်ထုလေး
ဖြစ်ပြီး နတ်သမီးလိုလို၊ ရှေးမြန်မာမင်းသမီး
များ၏ ပုံစံလိုလို ထုဆစ်ထားခြင်းဖြစ်ကာ
လက်ရာအတော်ပင်မြောက်လှ၏။
မိန်းမပျိုတစ်ယောက်၏ ကိုယ်ဟန်အနေ
အထား ရှိုက်ဖိုကြီးငယ်အသွယ်သွယ်တို့ကို
အသေးစိတ်လက်ရာမြောက်အောင်ထုဆစ်
ထားသဖြင့် တကယ့်မိန်းမပျိုအသေးစားလေး
အလားပင်ထင်ရလောက်အောင် အသက်ဝင်
လွန်းလှသည်။
ကျွန်တော်မြင်မြင်ချင်းပင် အရုပ်ကလေး
ကိုသဘောကျသွားမိပြီး ကောက်ယူလိုက်ကာ
အနီးကပ် သေချာကြည့်မိပြန်သည်။
ရှေးဟောင်းပစ္စည်းဆန်ဆန် အရုပ်လက်ရာ
လှလှလေးများမြင်လျှင် အလွန်သဘောကျ
တက်သည့် ကျွန်တော့်အဖို့ ဤသစ်သားရုပ်
ငယ်လေးသည် နှစ်သက်စရာကောင်း၍နေ
ချေ၏။
လက်ရာမြောက်လှသော ပန်းပုဆရာကို
စိတ်ထဲမှချီးကြူးမိပြီး လိုချင်စရာကောင်း
လှသော အရုပ်ကလေးကို ကျောပိုးအိတ်ထဲ
ထည့်ကာ အိမ်သို့ယူလာခဲ့တော့သည်။
🕖🕢🕗
အိမ်ရောက်သော် ရေမိုးချိုး၊ ညစာစား
ပြီးချိန်၌ phone ကို internetဖွင့်ကာ
mobile legends gameကို အချိန်အတော်
ကြာကစားနေမိသည်။
ထုံးစံအတိုင်းကိုယ့်ဖက်မှ ကစားဖော်အ
သင်းသားတို့က မညီညွတ်ကြသဖြင့် အားမ
လိုအားမရဖြင့် typing ရိုက်ကာ အပြစ်တင်
ရန်ဖြစ်ရင်းနှင့်ပင် နိုင်ပွဲထက်ရှုံးပွဲက များခဲ့
ပြန်ပါသည်။
ထို့နောက် face book ခဏသုံးပြီးသည်နှင့်
တစ်နေကုန် ပင်ပန်းထားသော ခန္ဓာကိုယ်က
အိပ်စက်ရန် တိုက်တွန်းလာပြီဖြစ်သဖြင့် အိပ်
ခန်းသို့ ဝင်ခဲ့တော့သည်။
ညအိပ်မီး ပြာလဲ့လဲ့လေးကိုသာ ဖွင့်လိုက်
ပြီး Airconကိုဖွင့်ကာ မွေ့ယာပေါ်လှဲချလိုက်
ပြီး တောင်စဉ်ရေမရ ဟိုတွေးသည်တွေးနှင့်
ပင် အိပ်ပျော်သွားတော့သည်။
🕖🕢
“သခင်…”
“ဟင်…”
ကျွန်တော့်ကို တစ်စုံတစ်ယောက်က လာနှိုး
နေသဖြင့် ကျွန်တော်အိပ်ပျော်နေရာမှ နိုးလာ
ကာ မျက်လုံးကို ဖွင့်လိုက်မိသည်။ အိပ်ယာ
နိုးလာခဲ့သော်လည်း ရီဝေမူးနေခြင်း လုံးဝ
မရှိဘဲ ပကတိလန်းဆန်း၍နေသည်။
ညအိပ်မီး ပြာလဲ့လဲ့အောက်တွင် မိန်းကလေး
တစ်ယောက်ကို မြင်လိုက်ရသဖြင့် ကျွန်တော်
အံ့ဩသွားမိသည်။ သူမ၏ သွင်ပြင်မှာ နတ်ဝတ်
တန်ဆာဆန်ဆန် အဝတ်များနှင့်ဖြစ်ပြီး တင့်
တယ် ဆန်းကြယ်သော မြင်ကွင်းတစ်ခုကို ကျွန်
တော် ခနငေးကြည့်နေမိပြီးမှ
“မင်း…. မင်းက ဘယ်သူလဲ… ငါ့အခန်းထဲ
ဘယ်လိုလုပ် ရောက်လာတာလဲ…”
သူမက ကျွန်တော့်ကိုပြုံး၍ကြည့်ရင်း
နူးညံ့ညှင်သာသော အသံလေးဖြင့်
“သခင်ပဲ ကျွန်မခေါ်လာခဲ့တာလေ…”
“ဟင်…”
သူမစကားကြောင့် ကျွန်တော်တွေဝေသွား
မိရင်း
“ဟာ… ဘာကိစ္စမင်းကို ငါကခေါ်လာရမှာ
လဲ…”
“သခင်ပဲ သစ်ငုတ်တိုပေါ်ကနေ ကျွန်မကို
ယူလာခဲ့တာလေ…”
“ဟင်…”
ကျွန်တော်အံ့ဩသွားမိသည်။
“ဒါဆို… မင်း… မင်းက သစ်သားအရုပ်
ကလေးပေါ့…”
သူမက ပြုံး၍ခေါင်းညိမ့်ပြ၏။
“မင်း… မင်းက သရဲလား…”
သူမပို၍ပြုံးလာပြီး
“မဟုတ်ပါဘူး သခင် ကျွန်မက စတုမဟာ
ရာဇ် အနွယ်ဝင်ပါ… သခင်ထင်သလိုမြေဖုတ်
တစ္ဆေ မဟုတ်ရပါဘူး…”
“သခင်က ပုံမှန်အားဖြင့် ငါးပါးသီလလုံ
ခြုံတဲ့သူမို့ သခင့်ရဲ့ ကိုယ်ရောင်ကိုယ်ဝါကို
မြင်ရုံနဲ့ ကျွန်မကိုယ်ထင်ပြခဲ့ပြီး သခင်အသစ်
အဖြစ် ရွေးချယ်ခဲ့တာပါ…”
ညအိပ်မီးရောင် မှုံဝါးဝါးအောက်တွင်
ဖြစ်လင့်ကစား သူမ၏ ခန္ဓာကိုယ်မှ ရွှေဝါ
ရောင်အလင်းတို့ အနည်းငယ်ထင်းနေသဖြင့်
သူမကို ပြတ်သားစွာမြင်နေရ၏။
ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ဖြင့် စနစ်
တကျထုဆစ်ထားသော ပန်းပုရုပ်ကလေး
လို အချိုးကျလှသော ခန္ဓာကိုယ်လေးက
ကျွန်တော် တွေ့ဖူးသမျှ မော်ဒယ်ဂဲလ် တို့
ထက် ပြည့်စုံစွာလှပနေ၏။
သူမ ဝတ်ဆင်ထားသော ရွှေရောင်အနည်း
ငယ် ဖြည့်စွတ်ထားသော အနက်ရောင်
နတ်ဝတ် တန်ဆာလိုလိုဝတ်စုံမှာ သူမနှင့်
အလွန်ပင် လိုက်ဖက်လှပြီး ပုရိသတို့ ရူးစေ
နိုင်လောက်သော အလှတို့ကသူမထံတွင် အ
ပြည့်အဝရှိနေ၏။
ဖြူဝင်းနုညက်နေသော အသားအရည်က
အလင်းရောင်နည်းနေသည့် ညအိပ်မီး
အောက်၌ပင် ပေါ်လွင်လျှက်ရှိပြီး သူမခန္ဓာ
ကိုယ်မှ သစ်မွှေးနံ့လိုလို ပန်းပေါင်းဆီနံ့လိုလို
အနည်းငယ် ထုံသင်းသော မွှေးရနံ့ထွက်ပေါ်
လျက်ရှိနေ၏။
နှစ်လိုဖွယ်ကောင်းလွန်းလှသော သူမမျက်
နှာလေးမှ အပြုံးချိုချိုလေးကို ကျွန်တော်
မျက်စိ ရုတ်တရက် မခွာနိုင်ခဲ့ပါ။
ကျွန်တော်သူမကို ကြည့်နေရင်းပင်ပြော
လိုက်၏။
“ဒါဆိုငါက…အခုမင်းရဲ့သခင်ပေါ့…
မင်းက ငါ့ဆီမှာ ဘယ်လောက်ကြာကြာနေ
မှာလဲ…”
သူမက ကျွန်တော့်ကိုပြုံး၍ကြည့်ရင်း
“ဒါကတော့ သခင့်အပေါ်မှာ မူတည်ပါ
တယ်သခင်…”
“သခင် ငါးပါးသီလကို နေ့စဉ်ဆောက်တည်
ရပါလိမ့်မယ်… အထူးသဖြင့် ကျွန်မဆီက ဆု
တောင်းဆန္ဒခံယူထားတဲ့ နေ့မျိုးတွေမှာဆိုရင်
သီလ အနည်းငယ်လေးတောင်ချိုးဖောက်
လို့မရပါဘူး…
သခင်သီလငါးပါး လုံနေသ၍ကျွန်မ သခင်
လိုအပ်တာတွေကို နတ်တန်ခိုးနဲ့ ရအောင်ဖန်
တီးပေးပါ့မယ်…”
“ဒါပေမယ့်… သခင် ငါးပါးသီလ ကို
မလုံခြုံတော့ဘူး ဆိုရင်တော့ကျွန်မ သခင့်
ဆီကနေ ထွက်သွားပြီး…သခင် အသစ်ထပ်ရှာ
ရမှာပေါ့…..”
“ဒါဆို… ငါ ငါးပါးသီလလုံရင် မင်းက
ငါ့ကို ဘာပေးမှာလဲ…”
သူမပြုံး၍ ကျွန်တော့်ကိုကြည့်ပြန်၏။
ကျွန်တော် သူမ၏လှပသော အပြုံးကို
ကြည့်ရင်း အလိုလိုလိုက်ပြုံးနေမိသည်။
“စည်းမျဉ်းအတိုင်းပဲ လုပ်ပါ့မယ်သခင်…
ပထမဆုံး သခင် ငါးပါးသီလလုံအောင်
သုံးရက်တိတိ အရင်နေထိုင်ပြပါ… သုံးရက်
ပြည့်တဲ့အထိ သီလမကျိုးခဲ့ရင် သခင်လို
ချင်တာ ရရစေပါ့မယ်… သခင်အခု ဘာလို
ချင်လဲ…”
ကျွန်တော်သူမ မေးခွန်းကို ရုတ်တရက်
မဖြေနိုင်ဖြစ်နေပြီး လိုချင်သည့်အရာက
များလွန်းနေသည်မဟုတ်ပါလား။
နောက်မှ ခေါင်းထဲတွင်ပေါ်လာသော အရာ
တစ်ခုကို ရုတ်တရက်ပြောလိုက်မိသည်။
“ဟုတ်ပြီ… ငါ i phone 12 promax လို
ချင်တယ်…”
သူမ ခေါင်းညိမ့်ပြရင်း
“ကောင်းပါပြီသခင်… သုံးရက်တိတိ သီလ
ငါးမျိုးကို လုံအောင်နေထိုင်ပါ… သုံးရက်သီလ
စောင့်ထိန်းနိုင်ခဲ့ရင် လေးရက်မြောက်နေ့
သခင်လိုချင်တာ ရပြီလို့သာ မှတ်လိုက်ပါ…”
သူမစကားဆုံးသည်နှင့် အခိုးအငွေ့
အသွင်ဖြင့် ဝေဝါးပျောက်ကွယ်သွားတော့
သည်။
🕖🕢
အိပ်မက်လိုလို တကယ်လိုလို ဖြစ်နေခဲ့
သော မိန်းမချောလေး၏ ကတိစကားကို
ကျွန်တော် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်
ပြီး ၃ ရက်အတွင်း ၅ ပါးသီလကိုလုံခြုံ
အောင် ဂရုတစိုက် နေထိုင်ခဲ့၏။
အစကတည်းက ကံ၅ ပါးကို အလိုလို
လုံပြီးသားဖြစ်သော ကျွန်တော့်အတွက်က
သီလမကျိုးစေရန် အရမ်းပင်ပင်ပန်းပန်း
ကြိုးစားစရာ မလိုခဲ့ပါ။
၃ ရက်ကုန်လွန်ပြီး ၄ ရက်မြောက်သော
နေ့ နံနက် ၁၀ နာရီခန့်တွင် ကျွန်တော်အပြင်
သွားရန်ပြင်ဆင်နေခိုက် ကျွန်တော့်ဖုန်း
Ringtone သံမြည်လာတော့သည်။
🎶🎶🎶🎶🎶
ကျွန်တော် မသိသော နံပါတ်အစိမ်းဖြစ်
သော်လည်း ကျွန်တော်ဖုန်းကိုကိုင်လိုက်၏။
“ဟုတ်ကဲ့ပြောပါ…”
“ဟယ်လို… ကိုဇာမဏီလားမသိဘူးဗျ…”
“ဪ… ဟုတ်ပါတယ်ဗျ…”
“ဟုတ်ကဲ့ အကို နားကြပ်နဲ့ ဘလူးတု စပီ
ကာလေး အားပေးခဲ့တဲ့ super star မိုဘိုင်း
ဖုန်းနဲ့ ဆက်စပ်ပစ္စည်းအရောင်းဆိုင်ကပါခင်
ဗျ…”
“ဪ… ဟုတ်ကဲ့… ဘာကိစ္စများရှိလို့
လဲဗျ…”
“ဟုတ်ကဲ့ အကိုဝယ်သွားတာက ခြောက်
သောင်း ငါးထောင်ဖိုးပါအကို…ကျွန်တော်
တို့ဆိုင်က အခုလအတွင်း ငါးသောင်းဖိုးနဲ့
အထက် ဝယ်တဲ့ customers တွေကို မေတ္တာ
လက်ဆောင် မဲဖောက်ပေးပါတယ်ခင်ဗျ…”
“အကို့ကို ဝမ်းသာစရာစကားပြောစရာ
ရှိလို့ပါဗျ… ”
“ဪ… ဟုတ် ဘာများလဲဗျ…”
“အကိုရဲ့ ကူပွန်နံပါတ် ၅၃ က
i phone 12 promax မဲပေါက်တယ်
အကိုရေ… ဂုဏ်ယူပါတယ်ဗျာ…”
“ဗျာ… တကယ်…”
“ဟုတ်ကဲ့… တကယ်ပါဗျ… ဂုဏ်ယူပါတယ်
နော် ကိုဇာမဏီ အခု အကိုမဲပေါက်ထားတဲ့
i phone 12 promax ကို လာထုတ်ယူလို့
ရပါပြီဗျ…”
ကျွန်တော် မထင်မှတ်ထားသော
ကံထူးမှုကြောင့် အလွန်ပျော်သွားမိသည်။
တဆက်တည်းမှာပင် အရုပ်ကလေး၏
ကတိစကားကို ပြန်လည်ကြားယောင်
လာမိပြန်သည်။
ကျွန်တော့် အခန်းထဲသို့ အမြန်ပြေးပြီး
ဗီရို အပေါ်တွင် တင်ထားသော သစ်သား
ရုပ်ကလေးကို ကျွန်တော်ပြုံး၍ကြည့်နေ
မိသည်။ အရုပ်ကလေး၏ မျက်နှာလေး
ကလည်း ကျွန်တော့်ကို ပြုံးပြနေသယောင်
ဖြစ်နေသည်ဟု ကျွန်တော်ထင်နေမိသည်။
🕖🕢
ကျွန်တော် မဲပေါက်၍ ရလာသော တန်ဖိုး
ကြီး ဖုန်းအသစ်စက်စက်လေးကို ကလိ
နေရင်း ကျွန်တော့် ခေါင်းထဲ၌ အတွေးတစ်
ခု ရလာမိသည်။
ကျွန်တော့်သူငယ်ချင်း မြတ်မာလာ
အကြောင်းက ကျွန်တော့်ခေါင်းထဲ ရုတ်
တရက် ရောက်လာတော့သည်။ မြတ်မာလာ
က လွန်ခဲ့သော တစ်နှစ်ခန့်က ကုန်တိုက်တစ်
ခုမှ အပြန်ကားတိုက်ခံခဲ့ရပြီး အောက်ပိုင်း
လှုပ်ရှား၍ မရတော့ဘဲ ဝှီးချဲတွန်းလှည်း
ဖြင့်သာ သွားလာရသူဖြစ်သည်။
သူမသည် ကျွန်တော်၏ အချစ်ဆုံးသူငယ်
ချင်းတစ်ယောက်ဖြစ်ပြီး ကျွန်တော့်ကို
လည်း အစစအရာရာ ကူညီရန် အသင့်ရှိခဲ့
သူဖြစ်ပါ၏။
ကျွန်တော် ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့
ပြီး သွေးလိုအပ်စဉ်က မြတ်မာလာက
ကျွန်တော့်ကို သွေးလှူခဲ့ရုံသာမက ကျွန်
တော် နေကောင်းသည်အထိ ပြုစုပေးခဲ့
ပြီး သူငယ်ချင်းဆိုသည်ထက် အမတစ်
ယောက်လိုပါ ကျွန်တော့်ကို ဂရုစိုက်သူ
ဖြစ်၏။
ကျွန်တော်လိုအပ်ချိန်တိုင်း သူမ
အမြဲ အသင့်ရှိနေတက်ပြီး သွေးရင်းတစ်
ယောက်လို ချစ်ခင်ရသူလည်းဖြစ်ပါ၏။
မြတ်မာလာသည် ဉာဏ်ရည်ထက်မြတ်
ပြီးပညာရေးတွင်ထူးချွန်ယုံမက အစစအ
ရာရာတွင် လိမ္မာပါးနပ်ပြီး မိဘကိုလည်း
ရိုကျိုးကာ လိမ္မာယဉ်ကျေးသော မိန်းကလေး
ဖြစ်သည်။
သူမ အောက်ပိုင်းသေခဲ့သည့်အချိန်တွင်
သူမ မိဘများယူကြုံးမရပင် ခံစားခဲ့ကြရပြီး
ဆရာဝန်ကလည်း သူမ၏ခြေထောက်များ
ပြန်လှုပ်၍ ရနိုင်မရနိုင်မှာ ကံကိုသာ အား
ကိုရပေမည်ဟု ပြောခဲ့ပြီး ပြန်ကောင်းနိုင်
ချေမှာ အလွန်ပင်နည်းသည်ဟု ဆိုပါ၏။
တန်ဖိုးရှိသော သမီးလိမ္မာဖြစ်ရုံသာမက
ကျွန်တော့်အပေါ်တွင် သွေးရင်းသားရင်း
လို ဂရုစိုက် ကူညီပေးတက်သော ကျွန်တော့်သူငယ်ချင်း၏ ခြေထောက်များကို အကောင်း
ပကတိ ပြန်ဖြစ်စေချင်သောဆန္ဒသည်
ကျွန်တော့်ရင်၌ပြင်းပြစွာဖြစ်ပေါ်လာမိသည်။
🕖🕢
ည ၁၁ နာရီထိုးပြီဖြစ်သဖြင့် ကျွန်တော်
သင်တန်းမှ စာများကိုလေ့လာမှတ်ယူနေ
ခြင်းကို နားလိုက်ပြီး အိပ်ခန်းသို့ ဝင်လာ
ခဲ့တော့သည်။
အိပ်ခန်းထဲရောက်မှ မဲပေါက်ထားသော
ဖုန်းအသစ်လေးဖြင့် face bookသုံး ဂိမ်း
တစ်ပွဲလောက်ကစားပြီး အိပ်ရန်ဆုံးဖြတ်လိုက်
လိုက်၏။ airconကိုအနည်းငယ်အအေးလျှော့
လိုက်၏။ main မီးကိုပိတ်လိုက်ပြီး ညအိပ်မီး
ကိုသာချန်ထားလိုက်ကာ အိပ်ရာပေါ်လှဲချ
လိုက်တော့သည်။
၅ မိနစ်ခန့်လောက်သာကြာသည် မျက်လုံး
များစင်းလာပြီး အိပ်ပျော်သွားခဲ့တော့သည်။
🕖🕢
ကျွန်တော် သင်းပျံသော ရနံ့တစ်မျိုးကို
ရနေပြီး ကျွန်တော့် ကုတင်နံဘေး၌ လှုပ်ရှား
မှုတစ်ခုကို ခံစားလိုက်ရသဖြင့် အိပ်ပျော်နေ
ရာမှ နိုးလာခဲ့သည်။
“ဟင်… အရုပ်ကလေး…”
ဟုတ်ပါသည်။ သူမပါပဲ…။
လွန်ခဲ့သော ရက်အနည်းငယ်က တွေ့ခဲ့ရသည့်
ပုံစံအတိုင်းပင် ရှိနေပြီး သူမက ကျွန်တော့်ကို
ပြုံး၍ကြည့်နေရင်း
“သခင် သုံးရက်အတွင်း ကံငါးပါးလုံခြုံခဲ့လို့
သခင်လိုချင်တဲ့ အရာရအောင် ကျွန်မလုပ်ပေး
ခဲ့ပြီးပါပြီ…”
ကျွန်တော် သူမကိုပြန်ပြုံးပြရင်း
“ကျေးဇူးတင်ပါတယ် အရုပ်ကလေး…”
သူမက ကျွန်တော့်ကိုကြည့်ရင်း
“သခင့်မှာ တောင်းဆိုစရာ ဆန္ဒတစ်စုံ
တစ်ခုရှိနေပါသလား…”
ကျွန်တော် သူမကို ခေါင်းညိမ့်ပြလိုက်ရင်း
“အေး…ရှိတယ်…ငါ့မှာ အချစ်ဆုံးသူငယ်
ချင်း မြတ်မာလာဆိုတာရှိတယ်… သူက
လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကားမတော်
တဆမှုတစ်ခုဖြစ်ခဲ့ပြီး အောက်ပိုင်းသေသွား
ခဲ့တယ်… သူ့ခြေထောက်တွေက ဒီတစ်သက်
ပြန်ကောင်းဖို့ ဖြစ်နိုင်ချေအရမ်းကို နည်း
တယ်…”
“ငါ… သူ့ခြေထောက်တွေကို အကောင်း
ပကတိပြန်ဖြစ်တာ… လမ်းပြန်လျှောက်လို့
ရတာ မြင်ချင်တယ်…”
သူမကျွန်တော့်ကို ပြုံး၍ကြည့်ရင်း
“သခင်ညနေက စားစရာဝယ်ပြီး
ဝင်ပေးတဲ့ မိန်းကလေးကိုပြောတာလား…”
“ဟင်…”
သူမစကားကြောင့် ကျွန်တော်အံ့ဩ
သွားမိသည်။
“မင်း… အဲ့ဒါကို ဘယ်လိုလုပ်သိနေတာလဲ…”
“သခင် ဘာပဲလုပ်လုပ်… ဘယ်ကိုပဲသွား
သွား…. ကျွန်မအားလုံးကို သိနေပါတယ်…
ဘာလို့ဆို သခင်က ကျွန်မသခင်ဖြစ်နေတဲ့
အတွက် ကျွန်မသခင့်လုပ်ရပ်တိုင်းကို အမြဲ
စောင့်ကြည့်နေပါတယ်…”
သူမစကားကြောင့် ကျွန်တော်ကျောမလုံ
သလိုခံစားလိုက်ရသည်။
“ဟာ… မင်း… အဲ့လိုတော့ နေရာတကာ
လိုက်မကြည့်နဲ့လေကွာ… ဟို… ဒါဆို…
ငါ အိမ်သာသွားတာတို့ ရေချိုးခန်းဝင်တာ
တို့ အဲ့ဒါတွေလုပ်ရင်ရော မင်းကစောင့်ကြည့်
နေတာပဲလား…”
သူမ ကျွန်တော့်ကိုပြုံး၍ကြည့်နေရင်းမှ
ပို၍ပြုံးလာ၏။
“စိတ်မပူပါနဲ့သခင်… သခင့်အတွက်အမြင်
မသင့်တော်တဲ့အချိန်မှာတော့ ကျွန်မ သခင့်
ကို စောင့်မကြည့်ပါဘူး…”
ကျွန်တော် ယခုမှ သက်ပြင်းချနိုင်တော့
၏။
“တော်သေးတာပေါ့ကွာ… မဟုတ်ရင်
ငါ အမြဲနောက်ကျောမလုံဖြစ်နေတော့မှာ…”
“အင်း… ငါဖြစ်ချင်တဲ့ဆန္ဒက အဲ့ဒါပါပဲ…
ငါ့သူငယ်ချင်း မြတ်မာလာရဲ့ခြေထောက်
တွေကို လမ်းပြန်လျှောက်လို့ရတာ မြင်
ချင်တယ်…”
သူမ ကျွန်တော့်ကို ခေါင်းညိမ့်ပြရင်း
“သခင်ဖြစ်စေချင်တဲ့ဆန္ဒအတိုင်း ကျွန်မ
ဖန်တီးပေးပါ့မယ်… ဒါပေမယ့်သခင် မနက်
ဖြန်ကစပြီး ခုနှစ်ရက်တိတိ ငါးပါးသီလ
လုံခြုံအောင် နေထိုင်ပေးပါ… ရှစ်ရက်မြောက်
တဲ့နေ့မှာ သခင့်ဆန္ဒပြည့်စေရပါ့မယ်…”
ကျွန်တော်သူမကို မျက်မှောင်ကျုံ့၍
ကြည့်ရင်း
“သုံးရက် မဟုတ်တော့ဘူးလားကွ မင်းက
လည်း…”
သူမပြုံး၍ ခေါင်းခါပြရင်း
“သခင့်ဆန္ဒကို တစ်ခါတောင်းဆိုတိုင်း
စောင့်ရတဲ့ရက်တွေက ပိုပိုပြီးကြာသွား
ပါလိမ့်မယ်သခင်…”
“ဪ… အဲ့လိုလား…”
“ကောင်းပြီလေ… ခုနှစ်ရက်ဆိုလည်း
ခုနှစ်ရက်ပေါ့ကွာ… ငါ့စောင့်ပါ့မယ်…”
သူမကျွန်တော့်ကို ပြုံး၍ကြည့်နေရင်း
မှာပင် သူမ၏ခန္ဓာကိုယ် အခိုးအငွေ့အသွင်
ဖြင့် ဝေဝါးပျောက်ကွယ်သွားတော့သည်။
ကျွန်တော်မွှေ့ယာထက်တွင် ထိုင်နေရင်း
စဉ်းစားနေမိသည်။ သူမနှင့်တွေ့ခဲ့သည်မှာ
အိပ်မက်တစ်ခုလား တကယ့်လက်တွေ့လား
ခွဲခြားမရခဲ့ပါ။
🕖🕢
၇ ရက်ဟူသော ကာလသည်လည်း
နေ့၊ည အချိန်ယန္တယား၏ တိုက်စားခြင်း
ကို ခံခဲ့ရပြီး ဘာမှမကြာလိုက်သလိုပင်
ကုန်ဆုံးသွားခဲ့ပြန်ပါသည်။
ကုန်ဆုံးခဲ့သော ၇ရက်အတွင်း ကံ၅ပါးကို
လုံခြုံအောင် ထိန်းသိမ်းပြီးနေထိုင်ခဲ့၏။
နဂိုကတည်းက အလိုလိုစောင့်ထိန်းစရာ
သိပ်မလိုဘဲ လုံပြီးသားဖြစ်သော သီလစောင့်
တည်ခြင်းက ကျွန်တော့်အတွက် အခက်အခဲ
သိပ်မရှိလှပါ။
၇ရက် ကုန်ပြီး ၈ ရက်မြောက်သောနေ့
၏ မနက် ၇ နာရီ ထိုးခါနီး နံနက်စောစော
အချိန်သာရှိသေး၏။
ကျွန်တော် ဤနေ့ မြတ်မာလာထံမှ သတင်း
ကောင်း ကြားရလေမည်လားဟု မျှော်လင့်
နေမိသည်။
ကျွန်တော့် အခင်မင်ဆုံး သူငယ်ချင်းဖြစ်သူ
သူမ၏ ခြေထောက်များအားအမြန်ပြန်ကောင်း
စေချင်သော စိတ်စေတနာသည်ကျွန်တော့်
ရင်၌ ပြင်းပြစွာဖြစ်ပေါ်နေမိပါသည်။
🕔🕓🕒🕑
🎶🎶🎶🎶🎶
ရုတ်တရက် ကျွန်တော့်ဖုန်း Ringtone
သံမြည်လာသဖြင့် ကျွန်တော် စိတ်လှုပ်
ရှားစွာ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်မိ
သည်။
မြတ်မာလာ၏ ဖုန်းဖြစ်နေသဖြင့် ကျွန်တော်
ပျော်သွားမိသည်။
“အေး… မြတ်လား… ဘာတုန်းဟ…”
“ဇာမဏီ… ငါ… ငါနင့်ကိုဝမ်းသာစရာ
ပြောမလို့ဟ…”
သူမ၏ အသံသည် အပျော်လွန်နေဟန်
ရှိပြီး သိသိသာသာပင်တုန်ယင်နေ၏။
“ငါ… ငါ့ခြေထောက်တွေ ပြန်ကောင်းသွား
ပြီဟ… ငါ လမ်းပြန်လျှောက်လို့ ရသွားပြီ…”
“ဟင်… ဟုတ်လား မြတ်… ဟာ…
ငါဝမ်းသာလိုက်တာဟာ… ကာယကံရှင်နင်
တော့မသိဘူး… ငါတောင် တော်တော်ကို
ပျော်မိတယ်…”
သူမအတော်ပင် ဝမ်းသာနေသော
အသံဖြင့်
“အေးဟ… ငါလည်း… အရမ်းပျော်သွားပြီး
ငါအခင်ဆုံးနင့်ကို ဖုန်းအရင်ဆက်ပြီးပြောပြ
တာ… ငါ့အဖေနဲ့ အမေလည်း အရမ်းကို ပျော်
နေကြတယ်…”
“ဘာပဲဖြစ်ဖြစ်… ငါ့မှာသန်စွမ်းတဲ့ ခြေ
ထောက်တွေပြန်ရပြီ… ငါဖြစ်ချင်တာတွေ ငါ့
အိမ်မက်တွေကို အကောင်အထည်ဖော်လို့
ရပြီဟ…”
“ငါအရမ်းပျော်နေတယ်ဟာ…”
ကျွန်တော်မျှော်လင့်ပြီးသား ကိစ္စဖြစ်
သော်လည်း တကယ်တမ်း သူမခြေထောက်
ကောင်းသွားပြီဟု ကြားရသောအခါ အတော်
ပင် ပျော်နေမိပါသည်။
“ဪ… ငါထူးခြားတာပြောရဦးမယ်သိ
လားဇာမဏီ… ငါညက ထူးခြားတဲ့ အိပ်မက်
မက်တယ်…”
“အိပ်မက်ထဲမှာ နတ်သမီးလိုလို နတ်ဝတ်
တန်ဆာ ရွှေရောင်နဲ့ အနက်ရောင်တွေ
ဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်က
ငါ့ခြေထောက်၂ ဖက်ကို ကြည့်ပြီး ငါ့ကို
ပြောတာ…ခြေထောက်တွေ ပြန်ကောင်းချင်
လားတဲ့…”
“ငါလည်း ဘယ်ပြောကောင်းမလဲ အမြန်
ခေါင်းညိမ့်ပြီး အရမ်းကိုပြန်ကောင်းချင်ပါ
တယ်လို့ပြောလိုက်တာပေါ့…”
“အဲ့ဒီ့မှာတင် အဲ့ဒီ့နတ်သမီးလိုလို ချောချော
ကောင်မလေးက လက်တစ်ဖက်ကို ဖြန့်ပြီး
သူ့လက်ဝါးကနေ ရွှေရောင် အလင်းတွေ
ထုတ်လွှတ်လိုက်ရော… အဲ့ဒီ့ အလင်းရောင်
တွေက ငါ့ခြေထောက် နှစ်ဖက်ကို ရစ်သိုင်း
လာပြီး ခြေထောက်တွေ ရုတ်တရက် ကိုက်ခဲ
လာသလို ခံစားလိုက်ရတယ်…”
“အဲ့ဒီ့မှာ ငါအိပ်မက်ကလန့်နိုးလာတော့တာ
ပဲ… ငါ့ခြေထောက်တွေက အိပ်မက်ထဲက
အတိုင်း နိုးလာတဲ့အထိ ကိုက်ခဲနေတုန်းပဲ…”
“ဒါပေမယ့် ထူးထူးဆန်းဆန်း ငါ့ခြေထောက်
တွေ ပြန်ပြီးလှုပ်ရှားလို့ရနေခဲ့ပြီလေ…”
“ငါ့အထင်တော့ ငါက မိဘတွေကို စိတ်ချမ်း
သာအောင် အမြဲလုပ်ပေးခဲ့လို့ နတ်ကောင်း
နတ်မြတ်တွေက ငါ့ခြေထောက်ကို တန်ခိုး
နဲ့ ကုပေးတာလားမသိဘူးနော်…”
“ငါအရမ်းပျော်တာပဲဟာ…”
သူမ၏ အပျော်များသည် ကျွန်တော့်ထံ
သို့လည်း ကူးစက်၍နေပါတော့သည်။
တဆက်တည်းမှာပင် မှော်ဝင်သစ်သား
ရုပ်ကလေးအကြောင်းကို တွေးမိပြန်ရင်း
အိပ်ခန်းထဲသို့ပြေးကာ ဗီရိုအပေါ်ထပ်ရှိ
အရုပ်ကလေးကိုကြည့်လိုက်မိပြန်သည်။
အရုပ်ကလေး၏ မျက်နှာက ပြုံးယောင်
သမ်းနေသည်ဟု ကျွန်တော်ထင်မိသည်။
ကျွန်တော်အရုပ်ကလေးကို ညှင်ညှင်
သာသာ ကိုင်တွယ်၍ယူလိုက်ပြီးပြောလိုက်
မိသည်။
“ကျေးဇူးတင်ပါတယ် အရုပ်ကလေး
ရယ်….”
🕖🕢
နောက်တစ်နေ့တွင် ကျွန်တော်မြတ်မာလာ
အိမ်သို့ သွားခဲ့၏။ ကျွန်တော်အပါအဝင်
သူမ၏ အခင်မင်ဆုံး သူငယ်ချင်းများလည်း
လူစုံတက်စုံ ရောက်နေကြပြီး ပျော်ပျော်
ပါးပါးပင် ချက်ပြုတ်စားဖြစ်ကြ၏။
ပျော်ရွှင်ဝမ်းမြောက်နေသော မြတ်မာလာ
၏ ပီတိတို့က သူငယ်ချင်းအားလုံးကို ကူး
စက်ကုန်သည်ထင်၏။ အားလုံး ပျော်ရွှင်
နေခဲ့ကြပါ၏။
ထိုနေ့ပြီး နောက်တစ်နေ့တွင် သူငယ်ချင်း
အားလုံးစုစည်းကာ ရန်ကုန်မြို့အနှံ့လျှောက်
လည်ကြရင်း ပျော်ပျော်ပါးပါးပင် ထိုနေ့ကိုဖြတ်
သန်းခဲ့ကြပြန်သည်။
တစ်နှစ်ခန့်လောက် လမ်းမလျှောက်နိုင်ခဲ့
သဖြင့် အပြင်လောကကြီးသို့ စိတ်ပါလက်ပါ
မလည်ပတ်ရသည်မှာ ကြာပြီဖြစ်သော မြတ်
မာလာ အတော်ပင်ပျော်နေရှာပါ၏။
သို့သော် နှစ်နှင့်ချီ၍ ဒုက္ခိတ ဖြစ်ခဲ့ဖူးသော
သူမ၏ ခြေထောက်များသည် လမ်းလျှောက်
ခြင်းနှင့် အတိအကျ နေသားမကျသေးသဖြင့်
ကျွန်တော်ကပင် သူမအား တစ်ခါတစ်ရံ ဖေးမ
တွဲခေါ်ပေးရသည့် အကြိမ်များရှိခဲ့၏။
ကျွန်တော်နှင့် သူငယ်ချင်းအားလုံးကလည်း
ဤနေ့ လည်ပတ်ခြင်းသည် မြတ်မာလာ
အား ပျော်ရွှင်စေချင်သောကြောင့်သာဖြစ်
ပါ၏။
🕖🕢🕗🕣🕘
“သခင်…”
ကျွန်တော်မျှော်လင့်နေသော အသံလေး
ကိုကြားရပြန်ပါသည်။ ကျွန်တော် အိပ်ပျော်
နေရာမှ နိုးလာခဲ့ပြန်ပြီး ကုတင်ညာဘက်တွင်
ရပ်နေသော သူမကိုကြည့်၍ ပြုံးပြလိုက်မိ
ပြန်သည်။
နတ်ဝတ်တန်ဆာလိုအဝတ်များနှင့် နူးညံ့
တင့်တယ်စွာ လှပနေသော သူမ၏အသွင်
သည် မပြောင်းလဲဘဲ တစ်ထေရာတည်းသာ
ဖြစ်နေပါ၏။
သူမ ကျွန်တော့်ကို ပြုံး၍ ကြည့်နေရင်း
“သခင်… ဆန္ဒတစ်ခုခုလိုချင်တာ ရှိပါ
သလား…”
ကျွန်တော်သူမမေးခွန်းကို မဖြေသေးဘဲ
သူမကို ပြုံး၍ကြည့်ရင်း
“မင်းက… ငါ့ဆီမှာ တစ်သက်လုံးနေမှာ
လား အရုပ်ကလေး…”
သူမက အနည်းငယ်ပြုံးရင်း
“သခင် ငါးပါးသီလ လုံခြုံနေသ၍ ကျွန်မ
ကို မောင်းထုတ်ရင်တောင် ကျွန်မ သခင့်ဆီ
ကနေ ထွက်မသွားပါဘူး…”
“အင်း… ဒါပေမယ့်… သခင် ကျွန်မဆီကနေ
ဆန္ဒတစ်ခုခု တောင်းဆိုထားတဲ့အချိန် ငါးပါး
သီလ လုံအောင် စောင့်ထိန်းနေရတဲ့ ရက်
အတောအတွင်းမှာ သခင် သီလချိုးဖျက်ခဲ့
ရင် ကျွန်မ သခင့်ဆီမှာ ဆက်နေခွင့်မရှိတော့
ပါဘူး…. ကျွန်မ သခင်အသစ်ရှာရပါလိမ့်
မယ်…”
“သခင်ကျွန်မကို အလိုမရှိတော့တဲ့တစ်
နေ့မှာ ကျွန်မဆီက ဆန္ဒတစ်ခုခုတောင်းဆို
ပြီးတာနဲ့ သီလပျက်အောင် လုပ်လိုက်ရင်
ကျွန်မ သခင့်ဆီကနေ အလိုလို ထွက်သွား
ပြီ လို့သာမှတ်ထားပါ သခင်…”
ကျွန်တော် သူမကိုမေးလိုက်၏။
“ဒါဆို… ငါမင်းဆီက ဆန္ဒတစ်ခုခုတောင်း
ဆိုထားတာ မရှိတဲ့ ရက်အတောအတွင်း
ဆိုရင်တော့ ငါးပါးသီလကို ဖောက်ဖျက်လို့
ရတယ်ဆိုတဲ့သဘောပေါ့…”
သူမက ခေါင်းကိုဖြည်းညှင်းစွာ ညိမ့်လိုက်
ရင်း
“ဒါကလည်း အကန့်အသတ်တော့ရှိပါ
တယ်သခင်… ကျွန်မက ပုံမှန်ထက် သီလ
လုံခြုံသူတွေကိုသာ သခင်အဖြစ်ရွေးလေ့
ရှိပါတယ်…”
“တကယ်လို့သခင်ဟာ ကျွန်မဆီက ဆန္ဒ
တစ်ခုခု တောင်းဆိုထားတာ မရှိသေးတဲ့
ရက်အတောအတွင်းတွေမှာလည်း သီလကို
ညစ်ထေးအောင်လုပ်ပြီး ကံငါးပါးကို
မကြာခဏ လွယ်လွယ်ဖောက်ဖျက်နေမယ်
ဆိုရင်တော့ ကျွန်မသခင့်ဆီမှာဆက်နေမှာ
မဟုတ်ပါဘူး…”
ကျွန်တော်သူမကို ခေါင်းညိမ့်ပြရင်း
“ငါသဘောပေါက်ပါပြီ…”
“သခင်… အခု ဆန္ဒတစ်ခု တောင်းဆိုစရာ
ရှိပါသလား…”
ကျွန်တော် ကြိုတင်စဉ်းစားထားပြီး
သား ဆန္ဒတစ်ခုကို သူမကိုပြောလိုက်
၏။
“ငါငယ်ငယ်လေးထဲက ဖြစ်ချင်တဲ့
အိပ်မက်က အောင်မြင်တဲ့အဆိုတော်
တစ်ယောက်ဖြစ်ချင်ခဲ့တာပဲ…”
“အဲ့ဒါ… ငါ သီချင်းဆိုပြိုင်ပွဲတစ်ခုကို
ဝင်ပြိုင်လို့ ဖောင်လည်းဝယ်ထားပြီး
ပြီ…အဲ့ဒီ့ပြိုင်ပွဲက နိုင်ငံကျော်ပြိုင်ပွဲဆို
တော့ အဲ့ဒီ့ပြိုင်ပွဲမှာ ပထမဆုရရင်အလိုလို
အောင်မြင်တဲ့ အဆိုတော်ဖြစ်ပြီ…”
“ငါ အဲ့ဒီ့ပြိုင်ပွဲမှာ ပထမဆုရတဲ့သူ
ဖြစ်ချင်တယ်… အဲ့ဒါ မင်းကူညီနိုင်မလား…”
သူမက ကျွန်တော့်စကားကို နားထောင်
နေပြီးမှခေါင်းကိုညိမ့်ပြ၏။
“သခင့်မှာဂီတ ပါရမီက ပါလာပြီးသားပါ…
သခင်က တေးဂီတ သီဆိုမှုမှာ အလိုလို
မှော်ဝင်ပြီးသားပါ… ကျွန်မလုပ်ပေးနိုင်
တာကတော့ သခင်ပြိုင်ပွဲဝင်နေစဉ် အတွင်း
မှာ သခင့်ရဲ့အသံကို ပိုခိုင်အောင်နဲ့ စိတ်ဓါတ်
ကို ပိုပြီးမာကျောနေအောင် တန်ခိုးအင်အား
နဲ့ လုပ်ပေးပါ့မယ်…”
“သခင့်ရဲ့ ပါရမီနဲ့ ကျွန်မရဲ့ နတ်တန်ခိုး
ပေါင်းစပ်လိုက်ရင် သခင်ဟာ အဲ့ဒီ့ပြိုင်ပွဲ
မှာ ကျိန်းသေ ပထမဆုရမှာပါ….”
ကျွန်တော်သူမကို ပြုံးပြလိုက်ရင်း
“ဒါဆိုငါ အဆိုတော်ဖြစ်ပြီပေါ့…”
သူမ ခေါင်းညိမ့်ပြရင်း
“ဟုတ်ကဲ့ပါ သခင်… ဒါပေမယ့် ဒီဆန္ဒ
အတွက် သခင် မနက်ဖြန်ကစပြီး ဆယ့်ငါး
ရက် ငါးပါးသီလ လုံအောင်နေထိုင်ပေးပါ…
သခင့် ဆန္ဒပြည့်ဝစေရပါ့မယ်…”
“ဒါပေမယ့် တစ်ခုတော့ရှိပါတယ်သခင်
သခင့်ရဲ့ ဒီတစ်ခါတောင်းဆိုတဲ့ ဆန္ဒဟာ
သခင့်ရဲ့ လုံ့လ ဝိရိယနဲ့ ကြိုးစားမှုလည်း
လိုအပ်တာမို့ ဒီတိုင်းထိုင်နေရုံနဲ့တော့ ဒီဆန္ဒ
က ပြည့်ဝလာမှာမဟုတ်ပါဘူး…”
“သခင်ကိုယ်တိုင်လည်း ကြိုးစားဖို့လိုအပ်
ပါတယ်…ဒါပေမယ့် သခင်ကြိုးစားသလောက်
အရာထင်စေရပါမယ်လို့ ကျွန်မ ကတိပေး
ပါတယ်…”
“ပြိုင်ပွဲဆိုတော့ ကံကောင်းဖို့လည်း
လိုအပ်တာမို့ သခင်ကံကောင်းအောင် ကျွန်မ
စောင့်ရှောက်ပါ့မယ်… သခင် ကြိုးစားအား
ထုတ်မှု မလျှော့ဘူးဆိုရင် ဒီဆန္ဒ ပြည့်ပြီလို့
သာ မှတ်လိုက်ပါတော့သခင်…”
ကျွန်တော် အလွန်မျှော်လင့်ထားသော
ကိစ္စဖြစ်သည်မို့ အလွန်ပင်ပျော်သွားမိသည်။
“ကျေးဇူးပါပဲ အရုပ်လေး… ငါမနက်ဖြန်
ကစပြီး… ဆယ့်ငါးရက် သီလလုံအောင်
နေထိုင်ပါ့မယ်… အို… ဆယ့်ငါးရက်မှ
မဟုတ်ပါဘူး… မင်းငါ့ဆီမှာ ရှိနေသ၍
ငါ အမြဲ သီလလုံအောင် နေထိုင်တော့မယ်…”
သူမက ကျွန်တော့်ကို ပြုံး၍ ခေါင်းညိမ့်
ပြရင်း
“မနက်ဖြန်ကစပြီး ဆယ့်ငါးရက်အတွင်း
ဟာ သခင်ဆန္ဒတောင်းဆိုထားတဲ့ ရက်တွေ
ဖြစ်တာကြောင့် အမှားအယွင်းလုံးဝ မခံ
ပါဘူးသခင်… ကံငါးပါးကို အထူးလုံခြုံ
ပါစေ…”
“သခင် ဒီဆယ့်ငါးရက်အတွင်း သီလကျိုး
ပေါက်ခဲ့ရင်တော့ သခင့်ကို ကျွန်မကူညီတော့
မှာမဟုတ်သလို သခင်နဲ့ ကျွန်မ ရေစက်ကုန်
သွားပါလိမ့်မယ်… အထူးဂရုစိုက်ပါသခင်…”
ကျွန်တော်သူမကို ပြုံး၍ခေါင်းညိမ့်ပြ
လိုက်မိသည်။ သူမသည်လည်း ကျွန်တော့်
ကို ပြုံး၍ကြည့်နေလျှက်နှင့်ပင် ဝေဝါး
ပျောက်ကွယ်သွားပါတော့သည်။
🕖🕢
၁၂ ရက်မြောက်သောနေ့အထိ ထူးခြား
ဖြစ်စဉ် မကြုံတွေ့ရဘဲ ငါးပါးသီလကို
လုံခြုံအောင် နေထိုင်နိုင်ခဲ့ပါ၏။
၁၃ ရက်မြောက်သော နေ့တွင် သူငယ်
ချင်းတစ်ယောက် အိမ်သို့ သင်တန်းတစ်ခု
အတွက်လိုအပ်သော စာအုပ်တစ်အုပ်ကို
ငှားရန် သွားခဲ့၏။
ခြံစောင့် ဦးလေးက ကျွန်တော့်ကို သိပြီး
သားမို့ တံခါးဖွင့်ပေးသဖြင့် ကျွန်တော်
အိမ်ထဲသို့ ဝင်လာခဲ့သည်။
ဧည့်ခန်းသို့ ဝင်ဝင်ချင်းတွေ့လိုက်ရသည်
က အခြားသူငယ်ချင်း၂ယောက်ပါ ရောက်
နေကြပြီး အရက်ဝိုင်းထောင်နေကြသည်ကို
တွေ့လိုက်ရသည်။
အိမ်ရှင်သူငယ်ချင်းက ကျွန်တော့်ကို တွေ့
သည်နှင့် ခေါ်ကြတော့၏။
“ဟေ့ကောင် ဇာမဏီ လာလေကွာ…
မင်းကို ငါဖုန်းဆက်သေးတယ်… ဒီကိုလာဖို့
မင်းဖုန်းက ဆက်မရဘူး…”
ကျွန်တော်သူ့ကို ခေါင်းငြိမ့်ပြလိုက်ရင်း
“ငါ ဖုန်းကို silent လုပ်ထားမိတာ
ထင်ပါတယ်… မင်းဆီက စာအုပ်လာ
ငှားတာလေ…”
“ဒါနဲ့ မင်းတို့တွေ အိမ်ထဲမှာသောက်နေကြ
တာ… မင်းအဖေနဲ့ အမေက မဆူဘူးလား…”
အိမ်ရှင်သူငယ်ချင်းက ကျွန်တော့်ကို
ပြုံးပြရင်း
“ငါ့အဖေနဲ့ အမေက… ငါ့အမေဘက်က
အမျိုးတွေရှိတဲ့ ရွာကိုသွားကြတယ်လေကွာ…
နှစ်ရက်လောက်ကြာမှာ… ငါလည်းပျင်းတာ
နဲ့ သူငယ်ချင်းတွေ ဖုန်းဆက်ခေါ်ပြီး ဝိုင်း
ထောင်နေတာ…”
“မင်းလိုချင်တဲ့ စာအုပ်ပြီးရင် ငှားပါ့မယ်…
ရောက်တုန်းရောက်ခိုက် ဝင်ချသွားကွာ
လာ…မင်းကြိုက်တဲ့ဝိုင်ပါ ဝယ်ထားပြီးသား…”
ကျွန်တော် သောက်ချင်စိတ်မရှိသဖြင့်
လက်ကာပြရင်း
“နေပါစေတော့ကွာ… ငါမသောက်ချင်
တော့ဘူး…”
ငြင်းကာမှ ပိုတိုက်ချင်ကြသည်လား
မသိ ၃ ယောက်စလုံး တက်ညီလက်ညီပင်
ခေါ်ကြတော့သည်။
“လာပါကွ… တစ်ခွက်ပဲသောက်…
ငါတို့ချည်းသောက်ရတာ ပျင်းလို့ဟ…”
“မင်း ငါတို့ကို မခင်ဘူးလား…”
“မင်းအပြင်း မသောက်နိုင်တာသိတယ်…
ဟော့ဒီမှာ စပိုင်ဝိုင်ပါ ဝယ်ထားပြီးသားဗျာ…
လာပါကွ…”
ကျွန်တော် အရက်ဘီယာ သောက်လေ့
သောက်ထ မရှိသော်လည်း သူငယ်ချင်း
များဝိုင်းထောင်လျှင် ဝိုင်တော့သောက်လေ့
ရှိသည်။
အပြင်း မသောက်နိုင်သော ကျွန်တော့်
အတွက် သူငယ်ချင်းများက အလိုက်တသိ
စပိုင်ဝိုင်ကို ဝယ်ပေးထားလေ့ရှိသည်။
ကျွန်တော်လည်း ဝိုင်တော့တစ်ခါတစ်ရံ
သောက်လေ့ရှိသည်မို့ သူငယ်ချင်းများက
လည်း ဝိုင်းခေါ်နေကြသဖြင့် အားနာသဖြင့်
ဝိုင်းတွင် ဝင်ထိုင်လိုက်၏။
အမြည်းအဖြစ်ထားသော ဘဲကင်၊ ပုဇွန်
အစိမ်းသုပ်နှင့်အခြားစားစရာများကို ဟို
နည်းနည်း သည်နည်းနည်း အရင်လျှောက်
စားနေမိသည်။
သူငယ်ချင်းများနှင့်လည်း ရယ်စရာ
မောစရာများပြောနေမိကြရင်း ပထမဆုံး
ဝိုင်တစ်ခွက်ကို စပြီးမော့ချလိုက်မိသည်။
မိန်းကလေးများပင်သောက်နိုင်သော
ဝိုင်ချိုဖြစ်သည်မို့ အဝင်မဆိုးလှဘဲ
ပြေပြစ်စူးရှသော အရသာလေးကိုခံ
စားလိုက်သည်။
ထိုအခိုက် မလှမ်းမကမ်းရှိ စားပွဲပေါ်တွင်
တင်ထားသော သမင်ရုပ် သစ်သားပန်းပု
ရုပ်လေးကို အမှတ်မထင် ကြည့်လိုက်မိ
ပြီး ကျွန်တော် တစ်စုံတစ်ခုကို သတိရ
လိုက်မိသည်။
“ဟင်…”
ရုတ်တရက်ထူပူသွားပြီး သောက်ထား
မိသော ဝိုင်များကိုပင် ပြန်အန်ထုတ်ချင်
စိတ်ပေါက်သွားမိသည်။
“ဟာ!… သွားပြီ…”
ကျွန်တော် စိုးရိမ်စိတ်တစ်ခု ဝင်လာမိပြီး
သူငယ်ချင်းများကိုပင် နှုတ်မဆက်ဘဲ
အိမ်ထဲမှ အပြေးတစ်ပိုင်းထွက်ခဲ့မိတော့
သည်။
“ဟေ့ကောင်… နေပါဦးဟ…”
“မပြောမဆိုနဲ့ ဘာဖြစ်တာတုန်း…”
“ဒီကောင် ဘာဖြစ်သွားတာလဲ…”
သူငယ်ချင်းများက တစ်ယောက်တစ်
ပေါက်ပြောကာ ကျန်ရစ်ခဲ့ကြတော့သည်။
ကျွန်တော် သူတို့ကိုလှည့်မကြည့်မိ
တော့ပါ။ အိမ်သို့ ပြန်လိုစိတ်သာ အလော
တကြီးဖြစ်နေမိတော့သည်။
🕖🕢
အိမ်သို့ ပြန်ရောက်သည်နှင့် အိပ်ခန်းထဲသို့
တန်းပြီး ပြေးဝင်ခဲ့မိသည်။ ဗီရိုအပေါ်ဆုံး
နေရာလေးကို အမြန်ကြည့်လိုက်မိသည်။
တော်သေးသည်။ သစ်သားရုပ်ကလေးက
နေရာ၌ပင်ရှိနေသဖြင့် ကျွန်တော်သက်ပြင်း
ချလိုက်မိသည်။
သို့သော် သစ်သားရုပ်ကလေး၏ မျက်နှာ
လေးက ခါတိုင်းလို ပြုံးယောင်သမ်းမနေဘဲ
ဝမ်းနည်းနေသလို မျက်နှာလေးဖြစ်နေသည်
ဟု ကျွန်တော်ထင်မိပါ၏။
🕖🕢
“သခင်…”
“ဟင်…”
အိပ်ပျော်နေရာမှ သူမခေါ်သံလေးကြောင့်
ကျွန်တော်နိုးလာခဲ့သည်။
“အရုပ်ကလေး…”
ကုတင်ညာဘက်တွင်ရပ်နေသော သူမ
ကို ကြည့်၍ အရုပ်ကလေးဟု ခေါ်လိုက်
ရင်း ကျွန်တော်ထထိုင်လိုက်မိသည်။ သူမ
အရင် အခေါက်များကလို မပြုံးပါ။
သူမ၏ မျက်နှာလေးတွင် ဝမ်းနည်းမှု
အရိပ်အယောင်များကိုသာ ကျွန်တော်မြင်
နေရသည်။
“သခင်က… စည်းမျဉ်းကို ချိုးဖောက်
လိုက်ပြီပဲ… သခင် ကျွန်မကို အလိုမရှိမှတော့
ကျွန်မ သွားပါတော့မယ်… အခု… ကျွန်မ
သခင့်ကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်တာ
ပါ…”
ကျွန်တော်သူမကို ပြာပြာသလဲပြောမိသည်။
“မသွားပါနဲ့ အရုပ်ကလေးရယ်… ငါ
မေ့ပြီး မတော်တဆ သူရာမေရိယကံကို
ချိုးဖောက်မိခဲ့တယ်… တကယ်ကို မတော်
တဆပါကွာ…”
သူမ ကျွန်တော့်ကို မျက်နှာလွှဲလိုက်ရင်း
“စည်းကမ်းမှာ… မတော်တဆဆိုတာ မရှိ
ပါဘူး သခင်… သခင်နဲ့ ကျွန်မ ရေစက်ကုန်
သွားခဲ့ပါပြီ…”
“သံသရာ ရှည်ကြီးထဲမှာ ခဏတာဆုံ
ဆည်းခဲ့ရပေမယ့် ကျွန်မသခင် ဖြစ်ခဲ့ဖူးတဲ့
ရှင့်ကို ကျွန်မ အမြဲအမှတ်ရနေမှာပါ…”
သူမက စကားဆုံးသည်နှင့် တဖြည်းဖြည်း
ဝေဝါး ပျောက်ကွယ်သွားပါတော့သည်။
“အရုပ်ကလေး… အရုပ်ကလေး!…
မသွားပါနဲ့ကွာ… ငါ့ကို ခွင့်လွတ်ပါကွာ…
မသွားပါနဲ့…”
ကျွန်တော် အိပ်မက်မှ လန့်နိုးလာခဲ့၏။
စိုးရိမ်စိတ်အပြည့်နှင့် မီးခလုတ်ကိုဖွင့်လိုက်
ကာ ဗီရို အပေါ်ဆုံးထပ်ကလေးကို လှမ်း
ကြည့်လိုက်မိသည်။
“ဟင်…”
ကျွန်တော့်ရင်ထဲ ဟာခနဲဖြစ်သွားမိသည်။
သစ်သား အရုပ်ကလေးမရှိတော့ပါ။ ကျွန်တော်
ဗီရို အောက်နှင့် ဘေးများကို လိုက်ရှာရင်း
တစ်ခန်းလုံး အနှံ့ရှာမိသည်။ သစ်သား ပန်းပုရုပ်
ကလေးကို အစအနပင် မတွေ့ရတော့ပါ။
🕖🕢
ဖောင်တင်ပြီးသား ဖြစ်သည်မို့ ကျွန်တော်
ရက်အနည်းငယ်အကြာ၌သီချင်းဆိုပြိုင်ပွဲ
ဝင်ပြိုင်ဖြစ်ခဲ့သည်။
စိတ်ညစ်ပြီး အအိပ်အစားမှန်အောင် မနေ
မိသဖြင့်အသံပါဝါက လိုအပ်သလိုမထွက်
သဖြင့်အဆင့် သုံးဆင့်အထိသာ ပါခဲ့ပြီး
နောက်တစ်ဆင့်တွင် အရွေးမခံရဘဲ ပြုတ်ခဲ့
တော့သည်။
၁နှစ်ခန့်အကြာတွင် ကျွန်တော့် အချစ်ဆုံး
သူငယ်ချင်း မြတ်မာလာ နှင့်ကျွန်တော် အဖြူ
ရောင် သံယောဇဉ်ကြိုးများကို ၁၅၀၀
မေတ္တာအရောင်လေးများ ဆိုးခဲ့မိကြပြီး
ချစ်သူများ ဖြစ်ခဲ့ကြပါ၏။
၁နှစ်ခန့်ထပ်အကြာတွင် လက်ထပ်ဖြစ်
ခဲ့ကြပြီး ဇနီးမောင်နှံများအဖြစ် ရောက်ရှိခဲ့
ကွပါ၏။
အချိန် ရက်၊လ၊နှစ်တို့ အလီလီပြောင်းလဲ
ခဲ့ပါသည်။ ကျွန်တော့်ဘဝထဲသို့ ထူးဆန်း
စွာ ရောက်ရှိခဲ့ဖူးသော မှော်ဝင်သစ်သားရုပ်
ကလေးကိုသော်လည်းကောင်း ၊ ကျွန်တော့်
အိပ်မက်အချို့တွင် ကျက်စားခဲ့ဖူးသော ပြစ်
မျိုးမှဲ့မထင် မိန်းမချောလေးကိုသော်လည်း
ကောင်း တစ်ရက်မျှပင် မေ့၍မရခဲ့ပါ။
ကျွန်တော် အရုပ်ကလေးအား တွေ့ရှိ
ခဲ့ရသော သစ်ငုတ်တိုကြီးသည်ပင် ယခု
အခါ ဆွေးစပြုနေပြီဖြစ်သည်။
အကြောင်းတိုက်ဆိုင်၍ ထိုလမ်းမှ သွား
မိလေတိုင်း ထိုသစ်ငုတ်တိုကြီးပေါ်သို့ အမြဲ
တမ်းပင် ကျွန်တော်ကြည့်နေမိဆဲပင်။
ကျွန်တော့်မသိစိတ်က တောင့်တနေမိဆဲ
ဖြစ်သော အရာလေးတစ်ခုကို ယခုတိုင်
သစ်ငုတ်တိုကြီးပေါ်တွင် နောက်တစ်ကြိမ်
မျှော်လင့်ချက်လေး ထားမိနေခြင်းရယ်ပါ။
ကျွန်တော့်၏ ဘဝထဲသို့ မဖိတ်ခေါ်ပဲ
ရောက်လာခဲ့ပြီး မနှင်ထုတ်ဘဲ ပြန်လည်
ထွက်ခွာသွားခဲ့သော မှော်ဝင်သစ်သား
ရုပ်ကလေးကို ကျွန်တော် အသက်ရှင်နေသ၍
မေ့နိုင်တော့မည် မဟုတ်ပါ။
ဇာမဏီ