ရင်ကွဲမြှုံး(စ/ဆုံး)
————–
ကိုသက်ငွေ…ကိုသက်ငွေရေ….အမလေး…မောလိုက်တာတော်။ ဒီခရီးလောက်ကို မောတယ်ဆိုလို့ ရှင်အံ့သြနေသလား။ ကျုပ်အသက်က အရင်လို ငယ်တော့တာမှ မဟုတ်တာရှင်။ အရင်ကတော့ ရှင့်ဆီကို ကျုပ်မကြာခဏရောက်လာနေကြပဲမို့လား။ အခုအတော်အတွင်း ကျုပ်မလာတော့ ရှင်ပျင်းနေသလား။ ကျုပ်မလာလို့လဲ ပျင်းမနေပါနဲ့တော်။ ကျုပ်လာရင်လည်း ရှင့်အတွက် စိတ်ချမ်းသာရတာမှ မဟုတ်တာ။ ကျုပ်မှာသာ တိုးတိုးဖော်မရှိတိုင်း ရှင့်ဆီကို လာနေမိတာ။
ရှင်ကတော့ ပြောခဲ့ဖူးတယ်နော်။ ငါမရှိတော့တဲ့ အချိန် မင်းအတွက် တိုးတိုးဖော်ရအောင် သမီးလေးတစ်ယောက်လောက် လိုချင်တယ်တဲ့။ လူဆိုတာက သူ့ကံနဲ့သူလာတာကိုး။ သားကြီးတစ်ယောက်ရပြီး သမီးလေးတစ်ယောက်လောက် မွေးလာဖို့မျှော်လင့်ခဲ့ပေမယ့် ခြေထောက်ခွင်နေတဲ့ မသန်စွမ်းသားတစ်ယောက် ထပ်မွေးလာတယ်နော်။ လိုချင်တဲ့ သမီးမရဘဲ မသန်စွမ်းတဲ့သားလေးအပေါ် ရှင်ကော ကျွန်မကော ငြိုငြင်ခဲ့ကြလို့လား။ ဒီသားလေးကို ဂရုမစိုက်နိုင်မှာစိုးရိမ်လို့ နောက်ထပ်သမီး တစ်ယောက်လိုချင်တဲ့ ဆန္ဒကိုတောင် မေ့လိုက်ရတယ်လေ။
သားကြီးကတော့ ရှင်သိတဲ့အတိုင်းပဲ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်က မပြောင်းလဲပါဘူးရှင်။ တစ်ဦးတည်းသော သားဘဝက အလိုလိုက်ခံရပြီး အငယ်လေးမွေးလာတော့ သူ့ကို လျစ်လျူ့ရှုသလိုဖြစ်သွားတာကို စိတ်ဒဏ်ရာ ဖြစ်သွားပုံရတယ်။ သူက အငယ်ကောင်ကို မချစ်ဘူး။ အနိုင်ကျင့်ချင်တယ်။ နေရာတကာ အကောင်းကြိုက်ပြီး ထက်မြက်တဲ့ သားကြီးလေ။
“ အမေ့သားက လမ်းသွားရင် ဘဲသွားသလိုသွားတာ ရှက်စရာကြီးဗျာ။ သားသူနဲ့ ကျောင်းအတူမသွားချင်ဘူး” တဲ့။
ရှင် မှတ်မိတယ် မဟုတ်လား ကိုသက်ငွေ။ အဲဒီနေ့က ရှင်ဒေါသမဖြစ်စဖူး ဖြစ်ပြီး သားကြီးကို ရိုက်ခဲ့တယ်လေ။ ရိုက်တာကို နာရကောင်းမှန်းမသိဘဲ ပေတေပြီးအံကြိတ်ထားတဲ့ သားကြီးပုံစံကို ကျုပ်မျက်စိထဲက မထွက်ပါဘူးတော်။
ညီအစ်ကိုလေးနှစ်ယောက်ရှိတာ အခုလို အဆင်မပြေကြတော့ ရင်လေးရတာပေါ့။ ကလေးသဘာဝ ကြီးလာရင် သိတတ်သွားမှာပါလို့ ထင်ခဲ့ပေမယ့် သားကြီးစိတ်က မပြောင်းလဲခဲ့ဘူး။ အငယ်ကလည်း အစ်ကိုက အမြဲနှိမ်လာတော့ မကျေနပ်စိတ် သိမ်ငယ်စိတ်ဝင်နေခဲ့ရှာတယ်။
တစ်ရက်ကများ ရှင်မှတ်မိရဲ့ မဟုတ်လား။ ညဗီဒီယိုကြည့်ချင်တယ်ဆိုလို့ ရပ်ကွက်ထဲကရုံ အတူသွားကြည့်ဖို့ ညီအစ်ကို နှစ်ယောက်ကို အတူလွှတ်လိုက်ပါတယ်။ ပြန်လာတော့ ခြေခွင်နေတဲ့ သားငယ်မမျာ ကျောက်တုံးကြီး တစ်တုံးကိုပွေ့လို့ ပါသွားတဲ့ဓာတ်မီးကို ဂျိုင်းကြားညှပ်လာခဲ့တယ်။ ရှင်က ဘာဖြစ်လာကြတာလဲ မေးတော့
“ အဖေ့သားငယ်က ဓာတ်မီးကို သူကိုင်ချင်တယ်ဆိုပြီး လုနေလို့ ဒီလောက်ကိုင်ချင်ရင် လမ်းဘေးကကျောက်တုံးတစ်တုံးပါ သယ်လာခဲ့လို့ ခိုင်းလိုက်တာ”တဲ့။
ကျွန်မလည်း ဒီလောက်ရက်စက်တဲ့ သားကြီးကို ဘာပြောရမှန်းမသိလို့ အံ့သြမင်တက်နေသလို ရှင်ကိုယ်တိုင်လည်း ရက်စက်လိုက်တာ သားကြီးရာလို့သာ ပြောနိုင်တယ်မို့လား။ လင်မယားနှစ်ယောက် အဲဒီညက အိပ်မပျော်ကြပဲ သားကြီးတစ်ယောက် အရွယ်ရောက်လာတဲ့အခါ ညီကိုချစ်ရမှန်းသိလာမှာပါလို့ ဖြစ်ချင်တဲ့ဆန္ဒတွေနဲ့ တစ်ယောက်ကိုတစ်ယောက် နှစ်သိမ့်ခဲ့ရတယ်နော်။ ရှင်သာ မပြန်လမ်းကို ထွက်သွားရတယ်။ ရှင်မြင်ချင်တဲ့ သားနှစ်ယောက်ရဲ့ ညီအစ်ကိုမေတ္တာကို မမြင်သွားရဘူးမို့လား။ အခုထိ ကျုပ်ကိုယ်တိုင်လည်း မမြင်ရသေးပါဘူးတော်။
ရှင်ရှိတုန်းကလိုပါပဲ…အလုပ်ကတော့ ရှိတဲ့ လယ်ယာတွေကို အငှားချတန်ချ၊ စာရင်းငှားနဲ့ လုပ်တန်လုပ်ပေါ့။ ပြေလည်လှတယ် မဟုတ်ပေမဲ့ သားအမိသုံးယောက် စားလောက်သောက်လောက်ရုံပေါ့။ သားကြီးဘွဲ့ရလို့ သူတက်ချင်တဲ့ သင်တန်းတွေ တစ်နှစ်လောက်တက်လိုက်သေးတယ်။ သားငယ်က အဝေးသင်တက်နေတဲ့ အချိန်မှာတော့ ကိုယ်တိုင်မဦးစီးနိုင်တဲ့ လုပ်ငန်းတွေကို ရောင်းချလိုက်ရတယ်။ သားနှစ်ယောက်ရဲ့ ပညာရေးအတွက် ငွေလိုတာကိုး။ သားနှစ်ယောက် ပညာတတ်ဖြစ်ရင် ကျုပ်အတွက် ဘာမှ မလိုတော့ပါဘူးတော်။ သူတို့နှစ်ယောက်က ကျုပ်ဘဝပဲလေ။
တစ်ခါတော့ သားကြီးဆန္ဒကို ကျုပ်တူးတူးခါးခါးကို ငြင်းလိုက်တယ်။ ဘယ့်နှယ့် … ကိုယ့်နိုင်ငံမှာ ပညာတွေ ဒီလောက်သင်ထားပြီးမှ နိုင်ငံခြားမှာ အလုပ်သွားလုပ်ချင်သတဲ့။ ဒါတင်မကသေးဘူး သွားလာရမယ့် စရိတ်အတွက် အိမ်ရောင်းပေးဖို့ တောင်းဆိုလာတော့တယ်။ သားကြီးက အသက်ကြီးလာတာနဲ့အမျှ အတ္တပိုကြီးလာတယ်။ သူလုပ်ချင်တဲ့ အလုပ်အတွက် ကျန်တဲ့သူတွေရဲ့ မျက်နှာကိုမကြည့်ဘူး။ ကျုပ်လည်း ဒီသားတစ်ယောက်တည်းရှိရင် ပြောမနေပါဘူး။ ရောင်းပေးလိုက်မှာပေါ့။ ဒါပေမဲ့ ကျုပ်မှာ မသန်စွမ်းတဲ့ သားငယ်ရှိသေးတယ်လေ။
သားငယ်ကြောင့် ရောင်းမပေးတာဆိုရင် သားငယ်ကို ပိုမုန်းမှာစိုးလို့ ငါကဒီအိမ်မှာ ခေါင်းချမှာလို့ ပြောလိုက်တယ်။ ဒီတော့လည်း ဘာမှဆက်မပြောရှာပါဘူး။ ဒါပေမယ့် အောက်လမ်းကဆိုလား အိမ်ကငွေမပါဘဲ နိုင်ငံခြားထွက်သွားတယ်။ ကျုပ်လို အိုကြီးအိုမ အမေဘာတတ်နိုင်မှာလဲ။ ဘုရားမှာ သားအတွက် ဘေးအန္တာရယ်ကင်းဖို့သာ ဆုတောင်းရတာပေါ့။
သားကြီးက တော်တာ၊ ထက်မြက်တာ ရှင်သိတယ်မို့လား။ ခြောက်လလောက်ကြာတော့ ကျုပ်ဆီ ငွေပို့တယ်။ သူ့အတွက် စုပေးထားပါတဲ့။ အခုဆို သားကြီးသွားတာ နှစ်နှစ်ကျော်ပြီပေါ့။ သားကြီးပို့တဲ့ ပိုက်ဆံကို အစွန်အဖျားကလွဲလို့ ကျုပ်မသုံးပါဘူးတော်။ သားကြီးရဲ့ ချွေးနဲစာကို သားကြီးအတွက် ဘဏ်ထဲထည့်ထားတာ သိန်းငါးဆယ်တောင် ကျော်ပြီ။ သားကြီးပိုက်ဆံတွေ တဖြည်းဖြည်းများလာပေမယ့် ကျုပ်မပျော်နိုင်ပါဘူး။ အတော်အသင့်စုမိနေပြီပဲ ပြန်လာပါတော့လို့ခေါ်ပေမယ့် သူ့လိုချင်တဲ့ငွေအတိုင်းအတာ မပြည့်သေးဘူးတဲ့။ ကျွန်မ ဘာတတ်နိုင်မလဲ။ သားပြန်လာမယ့်အချိန်ကို စောင့်ရုံပေါ့။ သူ့ဘဝတက်လမ်းအတွက် ငွေကိုလမ်းခင်း မပေးနိုင်တဲ့ အမေအိုရဲ့ မေတ္တာကို သူမလိုအပ်ဘူးလေ။
အခုတလော သားငယ်ကို ကြည့်နေတာကြာပြီ ။ တမှိုင်မှိုင် တထွေထွေနဲ့ ဘာများဖြစ်နေလဲ မသိပါဘူး။ မေးရင်လည်း မဖြေဘူး။ မဟုတ်မှ လွဲရော သားငယ်ချစ်သူ ယမင်းနဲ့များ အဆင်မပြေလို့များလား။ သိပ်မကြာပါဘူး။ ဖြစ်ကြောင်းကုန်စင် သိလိုက်ရတော့တာပါပဲ။ ယမင်းအမေက စျေးထဲတွေ့တော့ ပြောစရာရှိလို့တဲ့။ သားငယ်က သူ့သမီးယမင်းနဲ့ ငယ်သူငယ်ချင်းသံယောဇဉ်ထက်မက မေတ္တာမျှနေကြတာ သိတယ်တဲ့။ အခု ယမင်းက ကျောင်းဆရာမ အလုပ်ရလို့ တခြားနယ် ပြောင်းရတော့မယ်။ သူ့သမီးကို စိတ်မချလို့ အိမ်ထောင်ချပေးချင်ပြီတဲ့။ ကျုပ်မှာ ဝမ်းနည်းဝမ်းသာကြီးပါတော်။ ကျုပ်သားနဲ့ သူ့သမီးကို နေရာချထားပေးချင်ကြောင်း စကားခေါ် နေတာလေ။
သားကို ငယ်သေးတယ်ထင်နေပေမယ့် မကြင်နာတတ်တဲ့ အစ်ကိုနဲ့ စိတ်မချရတဲ့အတူတူ သူ့အိမ်ထောင်နဲ့သူဆိုတော့ ကျုပ်စိတ်အေးရတာပေါ့။ စိတ်ကူးနဲ့တွေးနေတုန်းရှိသေးတယ်။ ဆက်ပြောတဲ့ စကားတွေကြောင့် ကျုပ်ခေါင်းကြီးရပြန်တယ်။
“ပြောရမှာတော့ အားနာပါတယ်ရှင်။ ကျွန်မသမီးရွေးချယ်သူက သူများနဲ့တန်းတူ အခြေအနေလည်း မဟုတ်ဘူး။ သမီးစိတ်ချမ်းသာဖို့သာ ခွင့်ပြုရမှာ။ ဆွေမျိုး အသိုင်းအဝန်းနဲ့ ပတ်ဝန်းကျင်မှာ တင့်တင့်တယ်တယ်ဖြစ်အောင်တော့ တောင်းရမ်းစေချင်တယ်”
တင်တောင်းရမယ့်ငွေကသိန်းငါးဆယ်တဲ့။ သားငယ်က အဝေးသင်တက်ရင်း ဖုန်းပြင်တဲ့ပညာသင်နေတာမို့ ဖုန်းဆိုင်ပြန်ဖွင့်ပေးမလို့ပါတဲ့။ မသန်စွမ်းဆိုတာကို နားလည်ပေးထားပေမယ့် သူ့ပညာနဲ့ သူအဖြေတကျဖြစ်နေမှ သူ့သမီးအတွက် စိတ်ချမတဲ့လေ။ မိန်းကလေးဘက်ကမိခင်မို့ ဒီလောက်တောင်းဆိုတာ မလွန်ပါဘူး။ သူတို့ထောက်ပြလာသလို ကိုယ့်သားမှာ အားနည်းချက်က ရှိနေတာကိုး။ အချိန်ကလည်း သိပ်မရဘူး။ ကျွန်မ ဘယ်တတ်နိုင်မလဲ။ လာတောင်းပါ့မယ် ပြောလိုက်ရတာပေါ့။ ညဉ့်နက်ထိ အိပ်မပျော်ပဲ သားငယ်အခန်းက တချိုးချိုးတချွတ်ချွတ်အသံကြားရတာ ကြာပြီလေ။
အားငယ်တတ်တဲ့ သားငယ်။ ချစ်သူဘက်ကတောင်းဆိုတဲ့ ငွေကြေးအတိုင်းအတာကို မတတ်နိုင်၊ အမေကိုလည်း ဖွင့်မပြောရက်နဲ့ စိတ်ဆင်းရဲနေရှာတာကို ကျုပ်က ဘယ်လိုကြည့်ရက်ပါ့မလဲ။
“အမေ…ရူးနေပြီလား။ ဒီကောင်အတွက်များ သားရှာထားတဲ့ သိန်း ၅၀ကို အကုန်ခံပြီး မိန်းမတောင်းပေးလိုက်တယ် ဟုတ်လား။ ဒီငွေတွေက ကျွန်တော် သူများနိုင်ငံမှာ ကျွန်ခံပြီး ရှာထားတဲ့ ပိုက်ဆံတွေဗျ။ အမေ့အိမ်ကို ရောင်းပြီး ငွေပိုရတဲ့နိုင်ငံကို သွားချင်ပါတယ်ဆိုတော့ အမေ့အိမ်ကို အထိမခံခဲ့ဘူးမို့လား။ ပြီးရောလေ ။ ဒီငွေတွေက အမေ့ကိုကျေးဇူးဆပ်တယ်လို့ပဲ သဘောထားလိုက်ပါ့မယ်။ နောက်ထပ်တော့ အမေ့ဆီငွေမပို့နိုင်တော့ဘူး၊ အမေလည်း အမေ့သားအငယ်ကိုသာ အားကိုးပြီးနေလိုက်တော့”
ပြောရက်လိုက်တာ… သားကြီးက ပြောရက်လိုက်တာ။ အမေတစ်ယောက်ရဲ့ မေတ္တာကို သူနားလည်မပေးနိုင်ဘူး။ မသန်စွမ်းညီလေးပါလားရယ်လို့လည်း သနားညှာတာမှုမရှိဘူး။ ဒါပေမဲ့လည်း သားကြီးကို အပြစ်မတင်ရက်ပါဘူး။ သူလည်း သူ့ခံစားချက်နဲ့သူ ရှိမှာပေါ့။ သားကြီးက ကျုပ်ကို အိမ်မရောင်းပေးတာ အခဲကျေပုံမရဘူး။ သူရှာထားတဲ့ငွေကို သားငယ်အတွက်သုံးလိုက်တယ်ဆိုတော့ ဒေါသထွက်ရှာမှာပေါ့။
ကျုပ် နောင်တတော့ မရပါဘူး။ အခုဆိုရင် သားငယ်က သူ့အိမ်ထောင်နဲ့ သူ့စီးပွားရေးနဲ့သူ အခြေကျသွားပြီ။ ရှင်ပြောခဲ့ဖူးတယ်နော်။ သမီးမိန်းကလေးမရှိလည်း သားနှစ်ယောက်က မင်းကိုစောင့်ရှောက်နိုင်မှာပါ၊ အားကိုးရမှာပါဆို။ အခုတော့ ကျုပ်မှာ အဖော်မဲ့နေရပါပြီကော ကိုသက်ငွေရယ်။
“ အမေ သားတို့နဲ့လာနေပါနော်၊ ယမင်းကလည်း အမေ့ကို ချစ်ပါတယ်၊ သူ့ကိုလည်း ပြောပြီးပါပြီ”
“ အမေက အမေ့ရဲ့ဇာတိမှာ အေးအေးချမ်းချမ်းနေချင်သေးတာ၊ အဆင်ပြေတဲ့အခါတော့ အမေပြန်လာမှာပေါ့ သားရယ်၊ ကိုယ့်အိမ်ထောင်ရေးပဲ သာယာအောင်ကြိုးစားနော်၊ အမေက ဆွေမျိုးတွေမှပုံလို့၊ ဘယ်အိမ်တက်နေနေ ပူစရာမှ မလိုတာ”
မုသားတစ်ဝတ် အမှန်တရားတစ်ဝတ်နဲ့ သားငယ်ကို စိတ်ချမ်းသာအောင်ပြောလိုက်ရပေမဲ့ ရင်ထဲမှာ မချိဘူး။ ကိုယ်သားသမီးမျက်နှာသာ တစ်ကမ္ဘာထင်မှတ်တတ်တဲ့မိဘတွေမို့ အဝေးမှာပျော်နိုင်ပါ့မလား။ ဒါပေမဲ့လည်း ကျုပ်အတွက် သားငယ်ဝန်မလေးစေချင်ဘူး။ နှစ်ယောက်တစ်ဘဝကို လွတ်လွတ်လပ်လပ်တည်ဆောက်ကြပါစေ။
သားကြီးကို ကျုပ်ဖုန်းဆက်ပြီးပါပြီ။ သားကြီးရဲ့ဘဏ်စာအုပ်ထဲမှာ သားပို့ထားတဲ့ငွေပမာဏအားလုံး တစ်ကျပ်မှာ မလျော့ဘဲ ပြန်ဖြည့်ပေးထားပါတယ်လို့။
အစကတည်းက သားကြီးငွေကို သုံးချင်လို့မဟုတ်ပါဘူး။ ရှင်ထင်တဲ့အတိုင်းပါပဲ။ ရှင့်ချွေးနဲစာနဲ့ ဝယ်ထားတဲ့ အိမ်နဲ့ဝန်းကို ရောင်းလိုက်ရတာပေါ့။ ချက်ချင်းရောင်းမရခင် စပ်ကြား သားကြီးပိုက်ဆံခဏသုံးလိုက်မိတာပါ။ ဝမ်းမနည်းပါနဲ့တော်။ ရှင်နဲ့ကျုပ် ပင်ပင်ပန်းပန်းရုန်းကန်ခဲ့သမျှ သားဒီနှစ်ယောက်အတွက်ပဲ မို့လား။ကျုပ် အတွက်လား။ စိတ်မပူပါနဲ့။ ကျုပ်က အသက်လည်းကြီးလှပါပြီ။ ဘာကိုမှ မက်မောတွယ်တာစိတ်မရှိတော့ပါဘူး။
ဟော…ဆိုင်ကယ်သံကြားတယ်။ ကျုပ်ကို လာခေါ်ဖို့ငှားထားတဲ့ ရပ်ကွက်ထဲက ဆိုင်ကယ်ကယ်ရီသမား ဖြစ်လိမ့်မယ်။ ကျုပ် ရှင့်ကိုလာနှုတ်ဆက်တာပါ။ ရှင့်ဆီကို နောက်တစ်ခေါက်လာဖြစ်လို့လည်း မလွယ်တော့ဘူး။ အရင်ကတော့ ကျုပ်လည်း ရှင်နဲ့အတူ တစ်နေရာတည်း ခေါင်းချဖို့စ်ိတ်ကူးထားတာပါ။ ဒါပေမယ့် ကျုပ် ရှင့်နားကို လာရဖို့မသေချာတော့ဘူး ။ ကျုပ်ရဲ့ဇာတိက ဒီမြို့နဲ့ အလှမ်းဝေးတာရှင်သိရဲ့ မဟုတ်လား ။ တူ တူမတွေက အတူနေဖို့ခေါ်တာကိုပဲ ကျေးဇူးတင်လှပြီ။ နောက်ပြီး ကိုယ့်သားသမီးတွေမှ မဟုတ်တာရှင်။ နောက်ဆုံးခရီးကို ဘယ်ပို့ပေးပါလို့ တောင်းဆိုဖို့မသင့်ဘူးမို့လား။ နီးစပ်ရာမှာ သင့်တော်သလိုသဂြို င်္လ်ကြမှာပေါ့။
ရှင်ကတော့ လူ့လောကကနေ ထွက်သွားတာကြာပြီဆိုတော့ ငြိမ်းချမ်းနေလောက်ပြီ။ ကျုပ်လည်း ရှင့်ကို အပူတွေဆက်မပေးချင်တော့ပါဘူး။ လမ်းဆုံးကို မရောက်သေးသမျှ မသွားချင်တဲ့ခရီးကို ဆက်သွားရအုံးမယ်။ သံသရာတစ်ကွေ့မှာ ရှင်နဲ့ကျုပ် ပြန်ဆုံမယ်ဖို့ မသေချာဘူး။ ရှင့်အရိပ်မှာ ငြိမ်းငြိမ်းချမ်းချမ်းခိုလှုံခွင့်ရခဲ့ အချိန်ကာလတွေအတွက် ကျေးဇူးတင်ပါတယ် ကိုသက်ငွေ။ ငါပိုင်မရှိတဲ့လောကကြီးမှာ ရှင့်ကို သေကွဲကွဲရသလို ကျုပ်ရင်က ဖြစ်တဲ့သားတွေကိုလည်း ရှင်ကွဲကွဲရပြန်ပြီ။
အဆုံးမသတ်သေးတဲ့ လောကခရီးကို အဖော်မဲ့ အထီးကျန်တဲ့ ဘဝနဲ့ ဖြတ်သန်းရတော့မယ်ဆိုပြီး ကျုပ်ကို ရှင်သနားနေသလား။ တစ်ယောက်တည်းလာတဲ့ခရီး တစ်ယောက်တည်း ဆက်လျှောက်ရတာ မထူးဆန်းပါဘူးရှင်။ ကျုပ်ခံနိုင်ရည်ရှိပါတယ်။
အပူတောမှာ အနေကြာလာတော့လည်း နေသားကျနေပါပြီ။ သံယောဇဉ်တွေကို ရုတ်တရက် ဖြတ်တောက်လိုက်ရတဲ့အခါ စိတ်မကောင်းတော့ ဖြစ်တာပေါ့ရှင်။ ဘဝနေဝင်ချိန်ဆည်းဆာက အာရုဏ်တက် အလင်းလိုတော့ ဘယ်လိုလုပ်နွေးထွေးပါ့မလဲ။ ကဲပါ … ရှင်လည်း ရောက်တဲ့အရပ်မှာ အေးချမ်းအောင်နေပါ။ ကျွန်မကတော့ ဆက်ရအုံးမယ့် ခရီးအတွက် နှုတ်ဆက်ခဲ့ပါတယ်။ သံသရာတစ်ကွေ့မှာ အတူပြုဖူးတဲ့ ကုသိုလ်ကံ အကျိုးပေးရင်တော့ ရှင်နဲ့ကျုပ် ထပ်ဆုံကြသေးတာပေါ့တော်။ ။
နှင်းနွယ်(ကလေး)
နံရံသစ်အွန်လိုင်းစာပေမဂ္ဂဇင်း
ဖေဖော်ဝါရီ၊ ၂၀၂၁