ရင်ခွဲငလျင်

Posted on

ရင်ခွဲငလျင်(စ/ဆုံး)

—————-

အိမ်ရှေ့ ထန်းလက်အဖီအောက်တွင် ကြက်သွန်ရွေးနေရင်း သိမ့်ခနဲ သိမ့်ခနဲ ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ အိမ်ပေါ်မှ ဝုန်းခနဲ ဂွမ်းခနဲ ပြုတ်ကျသံများကြားရသည်။

“ငလျင်လှုပ်တယ်ဟေ့ ငလျင် ”

“အထဲမနေကြနဲ့ တလင်းထဲ ထွက်ကြဟဲ့”

“ကျော်သိန်းတို့ ဝက်ကြီးတို့ ဆင်းခဲ့ကြအိမ်ပေါ်မနေနဲ့ဟဲ့ အိမ်ပြိုပိရင် သေတတ်တယ်။”

တောရွာပီပီ ဟိုမှသည်မှအော်သံပြောသံများကြားရသည်။

“အရီးရေ ငလျင်လှုပ်တယ်တော့် တော်ဘယ်နားမတုန်း ”

တဝိုင်းတည်းအတူနေသည့် တူဖြစ်သူ ငချစ်မိန်းမ‌ေအးစိုး က လှမ်းအော်သည်ဖြစ်၍ အသံပြန်ပေးလိုက်သည်။

“ငါ ထရွက်တဲထဲမယ်ဟေ့ .. ညည့်ကလေးတွေသာ ခေါ်”

ဟုတ်ပါ့ လှုပ်လိုက်သည့်ငလျင်က အတော်ကြမ်းသည်။ နွားစားကျင်းထဲမှရေများ ဘောင်ဘင်ခတ်ပြီး ဖိတ်ကျကုန်သည်။ ‌ထိုင်နေရာမှ အိမ်ပေါ်ကို ကဲကြည့်တော့ ညောင်ရေအိုးများမှောက်ကျနေသည်ကို တွေ့ရသည်။ ခဏ စောင့်နေပြီး ထပ်မလှုပ်သည့်အတွက် ‌ေဒါ်ညိုစိမ့် ထိုင်ရာမှထသည်။ သို့သော် ဒူးတွေက မကောင်းလှပြီမို့ ချက်ချင်း မရ။ အထိုင်အထ ခက်ချင်ပြီ။ ငလျင်အရှိန်နှင့် မူးသွားသည့်အတွက် ပို မထနိုင်။ ဖြေးဖြေးကုန်း ထပြီး အိမ်ပေါ်သို့သွားသည်။ စားပွဲပုလေးပေါ်မှ ပြုတ်ကျသည့် ပစ္စည်းတချို့ကို ကောက်တင်ပြီး ညောင်ရေအိုးနှစ်လုံးနှင့် ထွက်ကျနေသည့်ပန်းများကို ယူလိုက်သည်။

ဝိုင်းဝဆီမှ လူရိပ် မြင်သဖြင့် ဒေါ်ညိုစိမ့် လှမ်းအကြည့် ဝိုင်းထဲဝင်လာသည့် သားကိုတွေ့လိုက်သည်။

“ဟင် ဦးဇင်း”

“ခွမ်း”

“အမလေး ”

ဦးဇင်းထင်၍ လှမ်းကြည့်နေစဉ် ဘုရားစင်ဘေးနား ချိတ်ထားသည့် ဦးဇင်း ဓာတ်ပုံမှန်ဘောင်က ကျကွဲသွားသည်။ ဒေါ်ညိုစိမ့် မှန်ဘောင်ကို မကောက်အားသေးဘဲ ဝင်လာသည့် ဦးဇင်းကို လိုက်ရှာမိသည်။

“ဦးဇင်း… ဟော်တော် ဘယ်ပျောက်သွားပါလိမ့်”

ဇဝေဇဝါနှင့် အိမ်ဘေးသွားကြည့်သည်။မရှိ။
အိမ်သာကို လှမ်းကြည့်သည် ။ မရှိ။

ဒေါ်ညိုစိမ့် ပြုံးမိသည်။ ဟုတ်ပေသား။ ဦးဇင်းပြန်လာမှာ နှစ်ရက်လိုသေးသည်။ သည်နေ့မှ စာမေးပွဲဖြေတုန်း။ သူ့စိတ်က သားကို လွမ်းလှပြီမို့ မြင်ယောင်‌ေနခြင်း ဖြစ်မည် ။

ပြီးတော့ ရွာဈေးကားက ညနေမှ ဆိုက်တတ်သည်။ မန္တလေးက ဦးဇင်းစီးလာမည့်ကားကိုက နေ့လည်မှ ‌ဆိုက်တတ်သည်မဟုတ်ပါလား။ ဆိုင်ကယ်ကယ်ရီနှင့် ပြန်လာလျင်တောင်မှ သည်ချိန်မရောက် ။ မှုန်သီစ ပြုသည့် မျက်စိတို့နှင့် နာရီကြည့်လိုက်တော့ နာရီပြန်တစ်ချက်။

အေးစိုးရောက်လာပြီး ညောင်ရေအိုးတွေပြန်တင်ပေးသည် ။ မှန်ဘောင်က မှန်အကွဲတွေကျုံးသည်။ အိမ်ထဲက ဟိုဟိုသည်သည်ပြုတ်ကျသည်များကို ကောက်တင်ပေးသည်။ မှန်ဘောင်ကိုတော့ ဖိုးချစ်မြို့ပေါ်သွားမှ ပြန်ထည်ခိုင်းရမည်။

ဒေါ်ညိုစိမ့်ကြက်သွန်ဆက်ရွေးသည်။ အတွေးကမူ မရပ်တော့။ သည်ထန်းရွက်အဖီလေးကိုလဲ သားပြန်လာချိန် အေးအေးလူလူနေဖို့ ထိုးထားခြင်း ဖြစ်သည်။ အညာသူပီပီ ရာသီပူချိန် ထန်းလက်တဲထဲတွင်နေရမှ အေးသည်ဟုထင်သည်။ သားရဟန်းပြန်လာချိန် အမေ့အိမ်လာသခိုက် မပူစေချင်။လေပူတိုက်လျင် နှစ်နံစပ်ဖျင်စောင်ကို ရေဆွတ်ကာပေးမည်။ ကာပေးစရာ ဝါးလုံးတန်းလဲ အသင့်ဖြစ်အောင် တဲထိုးပေးသည့် ဖိုးညှက်တို့က လုပ်ပေးသွားကြသည်။

သားအကြောင်း တွေးမိတော့ ဒေါ်ညိုစိမ့်မျက်နှာပြုံးလာသည်။ သားကို ကျောင်းပို့ပြီး ခွဲမအိပ်နိုင်သဖြင့် ဆယ့်တစ်နှစ်မှ ရှင်ပြုရသည်။ ဒါသည်ပင်လျင် သူတို့အဖေ ကိုဘကောင်းက ကလေးကကြီးလှပြီဟု ဇွတ်စီစဉ်သောကြောင့်သာ။ ဒေါ်ညိုစိမ့်အလိုအတိုင်းဆိုလျင် ပဉ္ဇင်းအရွယ်ရောက်တောင် စိတ်ချမည်မဟုတ်။ ကိုဘကောင်းကလဲ လုပ်န်ုင်ကိုင်နိုင်၊ရေမိုးလဲ အဆင်သင့်လေတော့ သားအလှူမှာ ဝက်သားဗြောင်ကျေံးမည်ဟုစီစဉ်သည်။ သို့သော် မင်းဖြစ်မဲ့သူ ယောင်ကလေးနဲ့ ဆိုသလိုပင် ရဟန်းအထိ ဖြစ်မည့်သားက ဝက်မပေါ်ရပါဘူးဟု တငိုငိုတယိုယိုလုပ်သောကြောင့် ငါးခြောက်ဆီမွှေးနှင့်ပဲဟင်းသရက်ချဉ်သုပ်နှင့် ငရုတ်သီးကြော် ကျောက်ဖရုံဟင်းချိုသာ ကျွေးရသည်။

သားဖြစ်သူပါရမီရင့်ပုံမှာလည်း ပြောစရာမရှိ။ ရှင်ဖြစ်သည့်နေ့မှစ၍ မအေ့အိမ်ကို ဆွမ်းခံနှင့် ဆွမ်းချိုင့်ဆွဲရန်သာ လာသည်။ ကျန်သည့်အချိန် ကျောင်းတွင်သာ ဘုန်းကြီး ကျက်ခိုင်းသည့်စာ ကျက်နေလေသည်။ တပတ်နဲ့လဲမထွက်။ တလနဲ့လဲ မထွက်။ သုံးလကြာပြီး ကျောင်းအပ်ရတော့မည့်အချိန်ရောက်လဲ မထွက်။ အပြီးဝတ်မည်သာ တွင်တွင်ပြော၏။ ဘုန်းကြီးရောသူ့အဖေရောက သဘောကျလှပြီ။ ဒေါ်ညိုစိမ့်ကတော့ မကျနိုင်။

“ငါ့သား… ကိုရင်…တခြ ကလေးအဖော်တွေ ကျောင်းအပ်ပြီးကုန်ပြီသားရဲ့ ၊ မြို့ပေါ်ပြောင်းတက်ရမှာလေ၊ အမေစက်ဘီးလဲဝယ်ပေးမယ်၊ လူထွက်တော့နော်”

“အမေ သားဒီလိုကိုရင်ဝတ်နေတာ အမေရှက်လို့လား”

“အမလေး မဟုတ်ရပါဘူးငါ့သားရယ် ၊ အမေက သား စာမတတ်မှာစိုးလို့ပါ”

“ခုစာသင်နေတာပဲအမေရဲ့ ၊ ပရိတ်ကြီးဆို ကုန်ပေါ့”

“မဟုတ်ဘူးလေဟယ် အင်္ဂလိပ်စာတို့ သင်္ချာတို့ မတတ်ဘဲနေမှာပေါ့ဟဲ့ အမေတို့လို အအ ဖြစ်နေမှာပေါ့”

“အို တတ်တတ် မတတ်တတ် မထွက်ဘူး၊ ဇွတ်လူထွက်ခိုင်းရင် ကျုပ် ခဗျားအိမ်မလာဘူး”

ဘယ်လိုပြောပြောမရတော့ သူတို့အဖေကိုပြောခိုင်းရသည်။ သို့သော်ညား သူတို့အဖေက လုံးလုံးမှ မပြော။

“ကျုပ်သားကြီးရင် ပညာတတ်ကြီးဖြစ်ရင် မစိန်ရင်တို့လို့ ဘွဲ့ဓာတ်ပုံကြီးချိတ်ချင်တာတော့် “ဟုမျက်ရည်စမ်းစမ်းနှင့် ပြောမိတော့

“ဟဲ့ ညိုစိမ့် ‌ဘုန်းကြီးဖေ ဘုန်းကြီးမေ လူတိုင်းမဖြစ်ဘူး၊ နင့်ဘွဲ့ဓာတ်ပုံက လူတိုင်းချိတ်နိုင်တယ် သူဝတ်ချင်တာ မတားနဲ့” ဟု ငေါက်သဖြင့် ကိုရင်လူထွက်မည့်ဇာတ် အပြီးရပ်ရတော့သည်။

သည်လိုနှင့် ၁၃နှစ်သားရှိတော့ မြို့ပေါ်စာသင်တိုက်ကို ဘုန်းကြီးကပို့သည်။ သားသွားခါစရပ်များတွင် ဒေါ်ညိုစိမ့် အိမ်မြှောင်အမြီးပြတ်သလိုပင်။ ဆ်ဆတ်လူးနေတော့သည်။ ငါးရက်ဈေးနေ့ ဈေးလိုက်သွားတိုင်း ကိုရင့်ကျောင်းသွားသည်။ နောက်တော့ ကိုရင်ရွာပြန်ချင်မည်စိုးသဖြင့် စာသင်တိုက်ဆရာတော်က ဒေါ်ညိုစိမ့်ကို တလတခါသာတွေ့ရမည်ဟု အမိန့်ထုတ်ရသည်။ ဒါကိုပင် မနက်မိုးမလင်းခင် မြို့ပေါ်ကို ခြေလျင်သုတ်သုတ်နှင်ပြီး ကိုရင်တို့ဆွမ်းခံထွက်ချိန်အမီ သွားချောင်းရသေးသည်။ ရွာက ယူလာသည့် အကြော်အလှော်လေးများကို အများဆွမ်းလောင်းသလို စောင့်လောင်းရသည်။

ကိုရင် အကြီးတန်းရောက်သည့်နှစ်တွင် ကိုဘကောင်းလေဖြတ်သည်။ ကိုဘကောင်း မဆုံးခင် ကိုရင့်ကို ရဟန်းတက်ပေးချင်သော်လည်း အသက်မပြည့်သေးသဖြင့် တက်မရသေး။ ကိုဘကောင်းကျန်းမာရေးကယုတ်လျော့လာသည်မို့ ၁၉နှစ်သုံးလတွင် ဘုန်းကြီးက ရဟန်းတက်ခိုင်းသည်။ သူ့သားရဟန်းတက်လျင် သိမ်အထွက် တွင် ရွှေထီးမိုးပေးမည်ဟု ကြုံးဝါးထားသူကြီးမှာ သား သိမ်အထွက်ကို ပက်လက်ကုလားထိုင်ပေါ်ကသာကြည့်သွားရရှာလေသည်။

“အမေ အမေ”

အတွေးထဲ မျောနေသခိုက် ဦးဇင်းအသံကို အနားကကပ်ခေါ်သလို ပီပီသသကြားလိုက်ပြန်သည်။

“ဟယ် အေးစိုးရေ ငါတော့ မဟုတ်တော့ပါဘူး.. ကိုဘကောင်းရှိသေးရင် နင်က သားစိတ်နဲ့ရူးတော့မှာလို့ ပြောဦးမှာ ”

“ဘာလို့တုန်း အရီး ”

“ငါ ခုနတုန်းကလဲ ဝိုင်းပေါက်က ဦးဇင်းဝင်လာတယ်ထင်နေတာတော့် ခုလဲ ငါ့ ခေါ်တယ်ထင်နေတာ”

“လာတော့မှာပါအရီးရယ် နှစ်ရက် လိုတော့တာ ”

“ဟုတ်ပါ့ နှစ်ရက်လိုတော့တာ, ညည့် နက်ဖြန်ကျ ပေါ်ပေါ်သည်ကို ကြက်မြစ်ကြက်သည်း မှာပါအေ့၊ ငါ့သားကကြိုက်တယ် ၊ ကြက်သွန်နီ ငရုတ်သီးလေးနဲ့သုပ်ပြီး ရေနွေးမြည်းရတာကို သူအလွန်ကြိုက်တာ”

အဲသည်ညက ဦးဇင်းကိုအိမ်မက်သည်။ လွယ်နေကျလွယ်အိတ်ကလေးနှင့် အအေးဘူးလေးကို တဖက်ကကိုင်ပြီး အမေ့ကျုပ်ပြန်တော့မယ်ဟု နှုတ်ဆက်နေလေသည်။ သင်္ကန်းကို ခေါင်းခြုံထားပြီး မျက်နှာညိုးလှသဖြင့် ဒေါ်ညိုစိမ့်ဝမ်းနည်းနေမိသည်။ ငါ့သားရယ်မျက်နှာလဲ မကောင်းဘူး အမေ့ဘက်တည့်တည့်လှည့်စမ်းပါ ဟုဆိုတော့ ဟိုဘက်ပိုလှည့်သွားသည်။ လှည့်ပါဟဲ့ ဒီဘက်ဟု ဇွတ်ဆွဲလှည့်တော့ မျက်နှာတစ်ခြမ်းလုံး သွေးများရွှဲနေပြီး သင်္ကန်းတွေပါ သွေးတွေစိုနေလေသည်။ ငါ့သား ငါ့သားဟု ခြေမကိုင်မိ လက်မကိုင်မိ အော်နေဆဲမှာပင် တဖြေးဖြေး အဝေးသို့ရောက်သွား‌တော့သည်။

မနက်နိုးလာတော့ သားအတွက် ရည်ရွယ်ပြီး ဆွမ်း ပန်း ရေချမ်း ကပ်သည်။ အိမ်မက်မကောင်းသည်မို့ ဆန်တဆုပ် ငှက်စာကျွေးပြီး ယတြာချေသည်။ ဖိုးချစ်ကို သားဆီ ဖုန်းဆက်ခိုင်းရသည်။ ဖုန်းကမဝင်
ဒေါ်ညိုစိမ့် စိတ်ပူလှသဖြင့် ရွာဦးကျောင်းသွားလျှောက်ပြန်သည်။ ဆရာတော်ဖုန်းခေါ်တော့လဲ ဖုန်းက မဝင်။

“စိတ်မပူပါနဲ့ ညိုစိမ့်ရဲ့ အိမ်မက်ဆိုတာ ကတောက်ကတက်မက်တတ်တာပဲ မေတ္တာသာပို့”

ဒေါ်ညိုစိမ့် မျောက်မီးခဲကိုင်မိသလိုပင် ။ ဘယ်လိုခေါ်ခေါ် ဖုန်းတွေက မဝင်။

ငချစ်ကတော့ နှစ်သိမ့်သည်။

“ငလျင်ကြောင့် လိုင်းတွေ ပြတ်လို့ထင်ရဲ့ အရီးရယ် အဲလောက်ပူမနေပါနဲ့ ၊ ကျုပ်မနက်ဖြန်မြို့ပေါ်တက်ပါဦးမယ်။”

ဟုတ်တော့ဟုတ်သည်။ ဒေါ်ညိုစိမ့်တို့ရွာက ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ မမိတချက်မိတချက်။ မြို့ပေါ်သွားမှ သေချာပေါက်လိုင်းမိသည်။

တနေ့လုံး တညလုံး မေတ္တာပို့လိုက် ၊ သမ္ဗုဒ္ဓေရွတ်လိုက် ၊ ငိုလိုက်နှင့် အချိန်ကုန်သွားသည်။ မနက်စော ငချစ်မြို့ပေါ်သွားပြီး နေ့လည်လောက်ကျ ပြန်လာသည်။

“ငချစ် ဘာသတင်းကြားခဲ့သေးတုန်း ဖုန်းဆက်လို့ရောရလားဟယ်”

“အရီး နက်ဖြန် ကျုပ်ရယ် ဘတင်မောင်ရယ် ဘုန်းကြီးရယ် မန္တလေးလိုက်သွားပေးမယ်သိလား
ဖုန်းရပါတယ်အရီးရဲ့ ငလျင်ကြောင့် ကားတွေမထွက်ဘူး သွားခေါ်ပေးမယ် ”

“အေးပါဟယ် အဲလိုဆိုကောင်းတာပ မဟုတ်ရင် ငါ့သား လှေတတန် လှည်းတတန် လာနေရမှာ ”

ဒေါ်ညိုစိမ့် တပြုံးပြုံးပြောရင်း အိမ်ထဲ ဝင်သွားသည်။ သူ့အိမ်သားကြွလာသခိုက် လှဲရပြုရအောင်ခေါင်းအုံးအသစ်ကို ‌အစွပ်စွပ်သည်။ သင်ဖျာချောကို လိပ်ရာမှ ဖြည်ပြီး ဖုန်သုတ်သည်။ ထန်းလက်တဲထဲက ကွပ်ပျစ်ပေါ် ဖြန့်ခင်းပြီး အလိပ်‌ေပြအောင် ရေနည်းနည်း ဖြန်းသည်။

ငချစ်က သူ့အရီးကိုကြည့်ရင်း ဘယ်နှယ့်လုပ်ရပါ့ဟု တွေးနေမိသည်။ မြို့ပေါ်ရောက်သခိုက် တစ်တော့နှင့် ဖေ့ဘုတ်မှနေ၍ မန္တလေးမြို့ရော ဦးဇင်းနေသည့်ကျောင်းပါ ဖွတ်ဖွတ်ကျေပြိုကျသည်ကို တွေ့ခဲ့ရသည်။ စာမေးပွဲဖြေသည့် ဉ္းဇင်းတွေတိုက်ပြိုပိသည်ဟုလည်း တွေ့ခဲ့သည်။ ဦးဇင်းဖုန်းကလဲ စက်ပိတ်ထားပါတယ်ချည်း အော်နေသည်။ တခြားဦးဇင်းသူငယ်ချင်းဖုန်းနံပါတ်များလဲ မသိ။ မြို့ကအပြန် အိမ်မလာဘဲ ရပ်မိရပ်ဖဖြစ်သည့် ဘတင်မောင်ကိုသွားပြောပြသည်။ ဘတင်မောင်က ဘုန်းကြီးလျှောက်တော့ဘုန်းကြီးက နက်ဖြန်လိုက်သွားမည်ဟု ဆုံးဖြတ်သည်။

ငချစ်မျက်လုံးထဲ ဦးဇင်းကို မြင်နေမိသည်။ ဦးဇင်းက ဖြူဖြူရှည်ရှည် ။ ပိန်သော်လဲ မနွဲ့ ။ တောင့်တောင့်တင်းတင်းရှိသည်။ ဘကြီးကောင်းမျက်နှာကျနှင့် အရီးမျက်နှာပေါက်မို့ ချောသည်ဟုပြောလို့ရသည်။ အရီးလို မျက်လုံးဝိုင်းဝိုင်း နှာတံရှည်ရှည်။ ပြီးတော့ ဦးဇင်းက အမြဲပြုံးနေတတ်သည်။ စာလဲတော်လှသည်။ ဘာဘွဲ့တွေရယ်မပြောတတ်သော်လဲ ပူဇော်ပွဲလုပ်ပေးရတာ သုံးကြိမ်ရှိပြီ။

အသားဖြူလူပုံချောကိုမှ အရီးတို့ကလဲ လယ်နှင့်ယာနှင့် နွားနှင့်မို့ ရေစီးသာအောင် မြောင်းဖော်ကြသည့် အပျိုချောလဲ မရှား။ ဦးဇင်းကတော့ လူ ဟူသည့်အမြင်ထက် ပိုပုံမရ။ စိတ်ဝင်စားဟန်လဲ မပြ။ သိသိသာသာသူ့နားကပ်လျင် သိသိသာသာရှောင်လိုက်သည်သာ။ အခုတော့ ဘယ်လိုဖြစ်လေမည်မသိ။ ဘေးကင်းစေရန်သာ ဆုတောင်းရတော့သည်။

နောက်တနေ့ စောစော ထွက်ကြသည်။ မန္တလေးနှင့်သူတို့ရွာ လိုင်းကားနှင့် နေ့ချင်းပြန်လို့မရ ။ ခုတော့ ဘုန်းကြီးကားနှင့်မို့ အစောထထွက်လျင် ပြန်လို့ရမည်။ ရမှလဲ ဖြစ်ပေမည် ။ မဟုတ်လျင် အရီးညိုစိမ့်ရူးလိမ့်မည်ထင်သည်။

သူတို့ရောက်သွားချိန်တွင်တော့ မန္တလေးသည် မြို့ပျက်ကြီးလိုဖြစ်နေတော့သည်။ အပြိုအပျက်များ၊ ပူဆွေးငိုကြွေးနေသူများ၊ ဆေးရုံကားများ ၊ နာရေးယာဉ်များ ရှောင်မလွတ်တော့ပေ။

ဦးဇင်းနေသည့်ကျောင်းကို သူတို့ရောက်တော့ ပြိုပျက်နေ‌ေသာ ကျောင်းဆောင်များကြားတွင် ယာယီမိုးကာတဲများနှင့် ဖြစ်သလိုသီတင်းသုံးနေကြသော ဆရာတော်များ၊ ရဟန်းငယ်များကို တွေ့ရသည်။ သူတို့ ကားဝင်လာတော့ အားလုံးက လှည့်ကြည့်ကြသည်။ဆရာတော်က သက်တော် ၇၀ မို့ မထေရ်ကြီးစာရင်းဝင်နေပြီ ဖြစ်ရာ ကားပေါ်က ဆင်းတော့ ဆရာတော် ဦးဇင်းကို အပ်ခဲ့သည့် ဦးဥတ္တရက မျက်နှာပျက်စွာ လာဆီးကြိုလေသည်။

“ဦးဥတ္တရ တိက္ခဉာဏရော”

ဆရာတော့် အမေးကို မဖြေသေးဘဲ ဆရာတော်များစုထိုင်နေရာ စားပွဲဆီသို့ပင့်လာသည်။ သူကတော့ ဦးဥတ္တရမျက်နှာမြင်သည်နှင့် အခြေနေမကောင်းမှန်း သိပြီ။

“ဆရာတော်ကြီး ဦးဝေပုလ္လပါဘုရား တိက္ခဉာဏ ရဲ့ဆရာပါ ”

ဦးဥတ္တရက အသိပေးလျှောက်ထားလိုက်တော့ ဆရာတော်များ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

“တိက္ခဉာဏရော တိက္ခဉာဏ ”
ဆရာတော်က သူတို့မျက်နှာများကိုကြည့်ရင်း အဆောတလျင်မေးသည်။

တစ်ပါးက လက်အုပ်ချီရင်း

“တပည့်တော်များကျောင်းတိုက်က တိုက်ထဲမှာ ပိတဲ့ ပြုတဲ့သူ မရှိပါဘူးဘုရား ”

“စာဖြေဋ္ဌာနပါ ပြိုကျတယ် ခိုက်မိကြတယ်ဆို ”

“မှန်ပါ စာဖြေဋ္ဌာနမှာတော့ အထိအခိုက်ရှိပါတယ်ဘုရား ဒဏ်ရာရတဲ့သူတွေ မေမြို့ဆေးရုံပို့ထားတယ်ဘုရား”

“အင်း တိက္ခ အဲ့သည်ပါသွားသလား”

“တိက္ခဉာဏကတော့ ….”

“အင်း”

ဆရာတော်က လေသံတုံ့ဆိုင်းသွားသည်။ ဆက်ထွက်လာမည့်စကားကို ငချစ် သိသိကြီးနှင့်နားမထောင်ရဲတော့ ။အိုဗျ ကိုကြီးငချစ်ဟု နှုတ်ဆက်သည့် ဦးဇင်းအသံကိုကြားနေလေသည်။

“တိက္ခဉာဏကတော့ အဆောက်အဦး ပြိုကျတဲ့အထဲမှာပါလို့ အနိစ္စရောက်သွားပါပြီဘုရား ”

“အိုဘုရား ဘုရား”

ဘတင်မောင်ကတော့ အမလေး အမလေးတကာ မျက်ရည်များကျလာလေသည်။

သူတို့ရွာ၏ အညွန့် အဖူးလေး။ သာသနာမျိုးဆက်လေး။ ရှားရှားပါးပါးလေး။ သေရှာပြီကော ။

ငချစ်ကတော့ ဆောင့်ကြောင့်ထိုင်နေရာမှ ဖင်ထိုင်ရက်ကျသွားသည်။ မျက်ရည်များလဲ ဒလဟော။ ငါ့ညီလေး ။ တမိပေါက်တယောက်ထွန်းလေး။ ဘုန်းကြီးဖြစ်ချင်လွန်းသူလေး မရှိတော့ပြီတဲ့လား။သူ့အမေ အရီးညိုစိမ့်ကို ဘယ်လိုပြောရပါ့ ။

“အလောင်းကတော့ ခုမနက်ပဲ ဖော်လို့ရပါတယ် ဘုရား ဆေးရုံကြီး ရေခဲတိုက်မှာသွားယူရပါမယ်၊ သိပ် ရုပ်မပျက်လို့ ရွာပြန်သယ်ချင်ရင်လဲ နာရေးကားစီစဉ်ပေးပါမယ်ဘုရား။ ဒီကတပါးထည့်လိုက်ပါမယ် ။ ဟိုမှာရှိတဲ့ ကျောင်းကတာဝန်ခံကိုယ်တော်နဲ့ ချိတ်ဆက်လုပ်ပေးပါမယ်ဘုရား။ ”

ဆရာတော်ကြီးမှာ အတော်နှင့်စကားပြန်မပေးနိုင်ဘဲ ငူငူကြီး ထိုင်နေလေသည်။ ငချစ်နှင့် ဘတင်မောင်ကတော့ မျက်ရည်တွေတွေကျပြီး အသံမထွက်အောင်ရှိုက်မိကြသည်။ ဘယ်နှယ့်လုပ်ကြပါ့။ စာမေးပွဲပြီး သူပြန်လာလျင် ဖွင့်မည့် ယဉ်ကျေးလိမ္မာ သင်တန်းအတွက်လဲ အကုန်စီစဉ်ပြီးပြီ။ အရီးပေါက်တို့အလှူမှာလဲ သူ့ကိုသိက္ခာထပ်ပြီး တရားဟောခိုင်းဖြိုလူ့တရပ်လောက် ဗီနိုင်းကြီးလဲထုတ်ပြီးပြီ။ ဘယ်နှယ့်လုပ်ကြပါ့။

ဆရာတောက်ကြီးက စားပွဲခုံပေါ်လက်ထောက်ကာ အားယူ ထသည်။

“သည်နှစ်ပြန်လာရင် စာချုပ်စာတမ်းနဲ့ သူ့ကို ကျောင်းအပ်တော့မလို့… အသက်ကလေးမှ ၂၆နှစ် … ၆ဝါရှိသေးတာကွာ လင်္ကာရက သုံးဘွဲ့
…. ငါက တိပိဋကထိမှန်းတာကွ… မောင်တိက္ခလေး သူက ငါ့ သင်္ဂြိုဟ်မယ်မှတ်တာ… ငါက သူ့သင်္ဂြိုဟ်ရမယ်လို့ လုံးလုံးမှ မတွေးမိဘူး”

ဆရာတော့်စကားကြားတော့ စုထိုင်နေသည့်ဆရာတော်များပါ မျက်နှာနီမြန်းကုန်ကြသည်။

“ကဲကဲ ငချစ် သည်က ထည့်ပေးမဲ့တစ်ပါး ပင့်ခဲ့ ဘယ်လိုနေနေ ရွာပြန်သယ်မယ် …သည်မယ် ကျီးနဲ့ဖုတ်ဖုတ်တော့ ငါ့တပည့် ငါမထားခဲ့နိုင်ဘူး”

အငိုမျက်လုံးများဖြင့် ဆရာတော့်ကို တွဲထွက်ခဲ့ကြသည်။ ပါလာသည့်ဦးဇင်းကချိတ်ဆက် လုပ်ကိုင်ပေးသဖြင့် ရေခဲတိုက်ရောက်ပြီးနာရီဝက်လောက်နေတော့အလောင်းကို တွေ့ရသည်။ ညာဘက်ခေါင်းတခြမ်း ကြေနေသည် ။ ဘယ်ဘက်ခြေထောက်မှာ စိစိညက်ညက်ကြေနေပြီ။ ရင်ဘက်တွင်လည်း ကန့်လန့်ဖြတ် အညိုအမည်းအစင်းကြီး။ နှာခေါင်းနှင့် ပါးစပ်မှာ သွေးစီးကြောာင်းများရှ်သည် ။ သူ့ မူပိုင်အပြုံးလေးကမူ နှုတ်ခမ်းထက်တွင်ရှိနေဆဲ။

သူတပည့်အလောင်းကိုမြင်တော့ ဆရာတော်ကြီးမျက်ရည်ကျတော့သည်။ ထပ်ရောက်လာသည့်သံဃာအလောင်းများမှာလဲ မြင်မကောင်း။ ဘတင်မောင်နှင့်ဆရာတော်ကို ရွာကကားနှင့်ပြန်လွှတ်ကာ သူက အလောင်းသယ်ပေးမည့်ကားနှင့် ပြန်လိုက်လာခဲ့သည်။ ဆရာတော့် အမိန့်နှင့် ရွာတွင်ကျန်ခဲ့သည့် တောထွက်ဦးဇင်းကြီးနှင့် ကိုရင်ကြီးကို ရွာအသင်းကအအေးခေါင်း ပြင်ထားရန်တိုးတိုးတိတ်တိတ်ခိုင်းရသည်။ ဘတင်မောင်တူ ကိုကျော်စနှင့် ကိုကျော်မြကို သွားကူခိုင်းပြီး သတင်းမထွက်စေရန်ပိတ်ရသည်။ ဆရာတော်က

“ညိုစိမ့် မသိစေနဲ့ ဘယ်သူမှလဲမသိစေနဲ့ အလောင်းပြင်ပြီးမှ အကြည့်ခံမယ် ”
ဟု မိန့်သည်။ သူတို့ရွာကျောင်းက ရွာထိပ်ဝယ်သီးသန့်ဖြစိပြီး ရွာနှင့်အလှမ်းဝေး၍ တော်သေးသည်။ သတင်းကို နဲနဲ ထိန်းလို့ရပေမည်။

သူကတော့ အလောင်းကိုကြည့်ကောင်းအောင်ပြင်ဆင်ပေးပြီး အပုပ်နည်းအောင်လုပ်ပေးကြသည်ကို စောင့်ကာ အလောင်းတင်သည့်ကားနှင့် ပြန်လာခဲ့သည်။ ညိုစပြုလာသည့် လက်သည်းလေးတွေ ။ ဒဏ်ရာ အနာတရနှင့် လက်ဖြူဖြူရှည်ရှည်လေးတွေကို ကြည့်မိသည်။ ဆုံးပါပေါ့ ငါ့ညီရယ် ဆုံးပါပေါ့။ ကလေး‌တွေနှင့် တရွတ်သီထိုးသူ့ကို သည်လက်ကလေးတွေက အရီးသိအောင်တမျိုး မသိအောင်တမျိုး မုန့်ဖိုးပေးတတ်ခဲ့သည်။ သူနှင့် လိုက်ဖက်လှသည့် သင်္ကန်း ညိုဝါဝါ အောက်က လက်ကလေးတွေ လှုပ်မလာတော့ပြီ။ ငါ့ညီလေး ဦးဇင်းရယ် အရီးကို ကိုကြီးငချစ် ဘယ်လိုပြောရတော့မတုန်းငါ့ညီရဲ့ ။

“ခေါင်းကို တိုင်ကရိုက်ချသွားဟန်တူပါရဲ့ ခြေထောက်ကတော့ ကွန်ကရစ်ပြားကြီး ပိတာ၊ ရင်ဘက်ပေါ်က စာဖြေခုံနဲ့ တိုင်အကျိုးနဲ့ပိနေတာ ကိုချစ်ရယ်”
အဖော်လိုက်လာသည့် သူ့သူငယ်ချင်းဦးဇင်းက အလောင်းကိုကြည့်ရင်းပြောသည်။

“သိပ်သဘောကောင်းတာဗျာ ဘယ်တော့မှ စိတ်ဆိုးစိတ်ပျက်ဆိုတာ မရှိဘူး အမြဲပြုံးပြီး အမြဲ အကောင်းမြင်တာ ၊သွားဖြေခါနီးတုန်းကတောင် အအေးဘူး မင့်ဖို့သယ်ခဲ့မယ် လို့ပြောပြီး သင်္ကန်းလေးခေါင်းခြုံထွက်သွားတာ ၊ အဲဒါ နောက်ဆုံးမြင်ရတာပဲ”

“ဦးဇင်းကမှ နောက်ဆုံးမြင်လိုက်ရ‌၊ အသံလေးကြားလိုက်ရပါသေးတယ် ဦးဇင်းရယ် တပည့်တော့် အရီးက ဒီလိုမြင်ရင် ရူးလိမ့်မယ်”

တလမ်းလုံး စကားအထူး မဆို ဖြစ်ကြ။ ရွာရောက်တော့ မှောင်ပြီ။ ကျောင်းဝင်းထဲဝယ် လူလေးငါးယောက် တိတ်တိတ်ဆိတ်ဆိတ် ပြင်ဆင်လုပ်ကိုင်နေကြသည်။ အအေးခေါင်းကို အဆင်သင့် ဖွင့်ထားသည့်အတွက် အလောင်းကို အရင်ရွှေ့ကြသည် ။ အနံ့နည်းနည်း ထွက်စပြုနေပြီ။

“ကဲ ငချစ် ညိုစိမ့်ကို သွားပြောချေတော့ ။ ‌ကျောင်းကို လာလို့ ၊ ကျော်စတို့ ကျော်မြတို့ အနောက်စက အိမ်တွေ တိတ်တိတ်ပြောထားချေကြ။ ညိုစိမ့်အရင် မသိကြစေနဲ့ ”

ဆရာတော့်အမိန့်အတိုင်း ကိုကျော်စတို့ဆိုင်ကယ် တစ်စီးကိုယူကာ အရီးဆီ လာခဲ့သည်။ ရွာလယ်လမ်းပင် မီးလင်းနေပြီ။

သူ့ဆိုင်ကယ်သံကို အရီးကြားဟန်တူသည်။ အိမ်ရှေ့ထွက်စောင့်နေသည်။

“ငချစ် အပြန်မှောင်လိုက်သာဟဲ့ ငါစောင့်‌ေနတာ ကြာပေါ့ ဦးဇင်းရော ဘယ်မတုန်း”

“ဉီးဇင်းက … “ငချစ်အသံ တိမ်ဝင်သွားသည်။

“ဟဲ့ ဘာတုန်း”

ချောင်းဆိုးပြီး အသံထိန်းကာ

“ဦးဇင်းက ကျောင်းမယ် အရီး ကျောင်းလိုက်ခဲ့လေ ဆရာတော်က ခေါ်ခိုင်းလိုက်တာ”

“အမယ် ငချစ်ရဲ့… ဆရာတော်က ငါ့သား ကျောင်းအပ်မယ်ပြောနေတာ ဟဲ့…. ခု ခရီးရောက်မဆိုက်အဲဒါပြောမလို့ နေမှာ … ကျောင်းတင်ပွဲတော့ ရှိတဲ့ယာ ကုန်ပစေ မေသက်ထားဆွေငှားပြီး ဆိုင်းနဲ့ဝိုင်းနဲ့ လုပ်လိုက်စမ်းမယ်။ ”

အိမိရှေ့ထိထွက်မလာနိုင်သည့် မီးအလင်းကြောင့် မှောင်ရီရီ ဖြစ်နေရာ ငချစ် ကျသည့်မျက်ရည်တို့ကို အရီး မမြင်။

“ငါ တဘက်လေးယူလိုက်ဦးမယ် …”

“ရပြီရပြီ ငချစ်”

“အင်းအရီး နောက်ကသေချာကိုင် ”

“အေးပါဟဲ့ ”

ကျောင်းသွားသည့် လမ်းတလျှောက် သူ့သားကျောင်းတင်ပွဲအတွက် ရေပက်မဝင်ပြောနေသည့်အရီးအသံကို နားထောင်ကာ ငချစ်မှာ မျက်ရည်တဖြိုင်ဖြိုင်။

“အမယ် မီးတွေလင်းလို့ပါ့ရောဟဲ့ ,အာဂန္တုပါသေးသလားငချစ် , ငါ့သားနှယ် အမေကိုများထွက်မစောင့်ဘူး, သည်အမေက သူ့စိတ်ပူလို့ ရူးနေမင့်ကို ”

‌အအေးခေါင်းကို တိုက်ကျောင်းလေးပေါ်ပြင်ပြီး ပုံမှန်မီးသာထွန်းထားသည့်အတွက် အရီး မမြင် ။ ကျောင်းရှေ့ ထန်းလက်တဲထဲတွင် ဆရာတော်နှင့် အတူထိုင်နေသည့့် သူ့သားသူငယ်ချင်း ဦးဇင်းလေးကို သူ့သားထင်ပြီး ပြောကာဆိုကာနှင့် တဲထဲဝင်သွားသည်။

“ငါ့သား ”

ဦးဇင်းက လှည့်ကြည့်သည်။

“အလိုတော် ငါ့သားမဟုတ် ဒကာမကြီးက လွဲလို့ပါဦးဇင်းရယ်”

“တပည့်တော်မယ် မျက်စိများကလဲ မကောင်းတော့ဘူးဘုန်းဘုန်းရဲ့ ”

“ဘုန်းဘုန်းတပည့်ရော ”

ဆရာတော်က အသံထိန်းရင်း

“အေး ညည့်သားတိုက်ပေါ်မယ် ”

“ဪ တပည့်တော် ဝပ်ချခေဦးမယ်ဘုရား တပည့်တော့်မယ် ပူလိုက်ရတာ ဘုန်းဘုန်း သွားခေါ်ပေးမှ စိတ်အေးရတော့တယ် ”

“ညိုစိမ့် ”

“ဘုရား ”

ဆရာ့တော့် အသံက အက်ပြိုနေလေပြီ။ ရွာထဲက လူများလဲ ဟိုမှ သည်မှရောက်လာကြပြီ။

“ညည့်သားလေးလေ”

“တင်ပါ့”

“ညည့်သားလေး ငလျင်နဲ့ပါသွားတယ် ညိုစိမ့်ရဲ့ ညည့်သားမရှိတော့ဘူးဟဲ့ ”

“ဘုရား”

အရီးထံမှ ထွက်လာသည့် ဘုရားဟူသည့်အသံမှာ ရင်ခေါင်းသံကြီးနှင့် ဖြစ်သည်။ ထိုအသံနှင့့် တပြိုင်နက်ပင် နောက်ကို ချာခနဲ့လှည့်ကာ တိုက်ဆီသို့ ပြေးလေသည်။ ဒူးမကောင်းသဖြင့် တနဲ့နဲ့ သွားနေရသူမှာ ဘယ်ကခွန်အားရလေသည်မသိ။ တိုက်လှေကားသုံးထစ်ကိုလဲ ခုန်တက်သွားသလားမှတ်ရသည်။ တိုက်ထဲတွင်မီးများလင်းထိန်နေအောင်ဖွင့်ထားပြီးဖြစ်သည်။ ရောက့်နှင့်နေသည့် မိန်းမသူများက အရီးကို ဆီး ဖက်ထားကြသည်။ သူရော အဖော်ဦးဇင်းရောအရီးနောက်အပြေးလိုက်ကြသော်လည်းမမီ။

အအေးခေါင်းဘေးတွင် ကြောင်ကြောင်ကြီးရပ်ကာ အလောင်းကိုစိုက်ကြည့်နေသည့် အရီးကို မိန်းမများက ဖက်ထားကြသည်။

အတူပါလာသည့် ဦးဇင်းလေးက တောင့်တောင့်ကြီးဖြစ်မေသည့် အရီးကို ဖက်ပြီး “မယ်တော်ကြီး ငိုချလိုက် ငိုချလိုက်” ဟု ပြောသော်လည်း မငိုပဲ သူ့သားအလောင်းကို တလှည့် ဖက်ထားသည့် ဦးဇင်းလေးကို တလှည့်ကြည့်ကာ ခွေ လဲ ကျသွားတော့သည်။

*********—-

“အမေ လာလေ”

သားက သင်္ကန်းကို သပ်သပ်ရပ်ရပ် ရုံထားပြီး သူ့ကို လက်ကမ်းခေါ်သည်။

“သား ”

“ဗျာ အမေ”

“အမေတို့အတူတူသွားရမှာလား ”

“အင်းပေါ့အမေ ကျုပ်နဲ့ အတူတူသွားမှာ”

ကမ်းနေသည့် သားလက်ကို အားကိုးတကြီး ဆုပ်လိုက်သည်။

ဘယ်တော့မှ အပြုံးမပျက်သည့်သားက သင်္ကန်း အရုံမပျက် လွယ်အိတ်လေးကို လွယ်ကာ သူ့လက်ကိုဆွဲရင်း ပြုံးပြလေသည်။

********
“ဤကောင်းမှု၏
ဤကောင်းမှု၏”

“အဖို့ဘာဂ
အဖို့ဘာဂ”

“ရသမျှကို
ရသမျှကို ”

“လွန်ခဲ့သော
လွန်ခဲ့သော”

“လေးရက်ခန့်က
လေးရက်ခန့်က”

“ဘဝနတ်‌ေကျာင်း
ဘဝနတ်‌ေကျာင်း”

” ပြောင်းရွှေ့စံသော
ပြောင်းရွှေ့စံသော ”

“ဦးတိက္ခဉာဏနှင့်
ဦးတိက္ခဉာဏနှင့် ”

“ယမန်နေ့က
ယမန်နေ့က ”

“ဘဝတပါး
ဘဝတပါး ”

“ပြောင်းသွားကွယ်လွန်သော
ပြောင်းသွားကွယ်လွန်သော ”

“မယ်တော်ကြီး
မယ်တော်ကြီး”

“ဒေါ်ညိုစိမ့်တို့
ဒေါ်ညိုစိမ့်တို့”

……
….

…..
…..

ငါ့ညီရေ …
အရီးရေ….

သာဓုခေါ်ကြပါနော်

ဝဋ်ကြွေးတွေဆိုရင်လဲ ကျေပါစေတော့ ငါ့ညီရယ်။

တကယ်တော့လေ ဒီငလျင်က အရီးရင်တင်မဟုတ် ကျုပ်တို့တရွာလုံးရင်ကို ခွဲလိုက်တာပါပဲ ။

သွားနှင့်ပါတော့ အရီးရယ် သွားနှင့်ပါတော့

အို ငါ့ညီလေးရဲ့ သွားနှင့်ကြပါတော့ ….

မြရည်နန္ဒာ