ရင်နှစ်သည်းခြာ(စ/ဆုံး)
———————-
ဆေးရုံမျက်နှာကျက်ပန်ကာရဲ့ တစ်ဝှီး ဝှီး လည်သံအောက်မှာ ကျုပ်တို့မောင်နှမတစ်စုကတော့ ချွေးတွေစို့လို့။
အခုလေးတင် အမေ့ရဲ့ ဆေးစစ်ချက်အဖြေတွေရလာလို့ အမေ့ကို ကြည့်ပေးနေကျ ဆရာဝန်
လက်ထဲပေးခဲ့ပြီ။
“ခဏနေ ကျွန်တော် လာခဲ့မယ်” တဲ့။
အဲ့တစ်ခဏမှာ ကျုပ်တို့ အသက်တောင်ရှုမိကြလားမသိ။
အမေကတော့ ကုတင်ပေါ်မှာ။
လှဲအိပ်ရင် အမောဖောက်လို့၊ ထိုင်လျက်လေးထားရတယ်။ ဆရာမလေးတွေက အမေ့ ကုတင်ပေါ်ခုံအသေးလေးတင်ပေးတယ်၊ အဲ့အပေါ်လက်တင်ထားပြီး အားပြုအသက်ရှုခိုင်းတော့
မဆိုးဘူးပြောရမယ်။
အရင်၃ရက်ကမှ ဆီး ရေသန့်ဘူးလက်တစ်လုံးစာလောက်ရသေးတယ်။
ခုများ အမေ့ကုတင်အောက် ခြေရင်းမှာ ထောင်ထားတဲ့ ဆီးထည့်တဲ့ဘူးမှာ ဗလာသက်သက်။
ခက်ခက်ခဲခဲအသက်ရှုနေရတဲ့ အမေ့ကို မကြည့်ရက်လို့ ဆေးရုံကြမ်းခင်းကြီးကိုပဲ စိုက်ကြည့်နေမိတော့တယ်။ ဒါပေမယ့်လည်း အသက်ရှုသံပြင်းပြင်းနဲ့အတူ ရှုထုတ်လိုက်တဲ့လေထဲက ဆီးနံ့လို အနံပြင်းပြင်းရနေလေတော့ စိတ်ထဲဖိစီးမှု့က
မပြောပြတတ်အောင်ပဲ။
ဒီအထဲ ကျုပ်ဘေးနားက ကျုပ်အထက် အစ်ကို
ကိုပုရဲ့ လေးလေးပင်ပင်သက်ပြင်းချသံကလည်း
ကျုပ်ရင်ကိုပိုလေးလံစေတယ်။
** ***** ***** ***** ***** ***** ***** ****** ****
“တော်သေးရဲ့ မိလုံးပု ရယ်၊ ငါ့ ခလေး ၄ယောက်မယ်၊ မိန်းခလေးဆို ညည်း ပါပေလို့သာပဲ။ အခုများ အရေးဟဲ့ အကြောင်းဟဲ့ သမီးမိန်းခလေး အားကိုးရတယ်ဆိုတာ တယ်မှန်တာပဲအေ”
ဆေးရုံစပြီးတက်ခါစရက်က အမေ့ကို ခေါင်းဖီးပေးနေတုန်းကျုပ်ကို ပြောတဲ့စကား။ မောနေလို့ အသံတုန်တုန်နဲ့တိုးတိုးလေးပေမယ့်၊ ကျုပ်ရင်ထဲတော့ ကျေနပ်ပီတိနဲ့ အားပါးတရရှိပါဘိ။
အမေနဲ့ကျုပ်က အမြဲတကျက်ကျက်၊ တည့်လှတယ်ဆိုတာ နည်းတာကိုး။ အငယ်ကတည်းက အစ်ကို၃ယောက်နဲ့အပြိုင် ကစားတော့ အမေ့မှာ တုတ် တစ်ကိုင်ကိုင်နဲ့ဆူရတာအမော။
ကျုပ်ကလည်း ကျုပ်ပဲ။ သမီးမိန်းခလေးမို့ ဗိုင်းကောင်းကျောက်ဖိနေတတ်တာမဟုတ်ဘူးရယ်။ ကစားလည်း တလွှားလွှား၊ ကျားကျားလျားလျားနေရတာ ကြိုက်တာကိုး။
အဲ….. ဒါပေသိ အိမ်ထောင်အကျစောလို့ အမေ ကျုပ်ကိုစကားမပြောတာ တစ်နှစ်ကျော်တယ်။ ကျုပ်သား အကြီးကောင်ရွှေတိုး မွေးမှ ခေါ်ပြောရှိတာ။
ကျုပ်လင် ကိုဖိုးချိတ်ကိုလည်း အမေက သဘောတွေ့လှတာမဟုတ်လေ။ လယ်မပိုင်၊ ယာမပိုင်ဆိုတော့ အမေသဘောမတူတာ မဆန်းလှဘူး။ ဒါပေသိ ကိုဖိုးချိတ် မသောက်မစား ရိုးသားလို့ ကျုပ်အပေါ်ကြင်ကြင်နာနာရှိတော့လည်း
“အေး ဒါလည်း အရေးကြီးတာပါပဲအေ” ဆိုပြီး၊
မကြာဘူး ကျုပ်တို့သားအမိသားအဖ၃ယောက် အမေ့အိမ်ပေါ် ပြန်ရောက်သွားလေရဲ့။
***** ****** ***** ****** ****** ***** ***** *****
အမေ လေပြေလေးနဲ့တောင် ဆူပူတာမလုပ်တဲ့သူက ဟောဟို….. အမေ့ ကုတင်ခေါင်းရင်းမှာ ယပ်တောင်တစ်ချောင်း ကိုင်ပြီး၊ ငူငူကြီး မတ်တပ်ရပ်နေတဲ့ ကျုပ်ရဲ့အစ်ကိုကြီးချက်ဖောင်း။ သူ့ကို မွေးတော့ ချက်ကလေးက စူတူတူ၊ ဒါနဲ့ အမေ့ရဲ့အမေ ကျွန်မအဖွားက သူ့မြေးကြီးကို ချက်ဖောင်းလို့ နာမည်ပေးသတဲ့။
လူပျိုအရွယ်ရောက်တော့ ရှက်သတဲ့မလို့ သူ့အပေါင်းအသင်းတွေကို ရွာထိပ်က ကိုထိန်ကြီးရဲ့ထန်းရည် အဝတိုက်ပြီး နာမည်ပြောင်းတော့
မြင့်ဇော်ဦး ဆိုပဲ။ ဒါပေသိ အားလုံးက သောက်ရတုန်းခဏ၊ မကြာဘူး ချက်ဖောင်းပဲ ပြန်ခေါ်ကြတာပဲ။
မောင်နှမတွေထဲ အကြီးဆုံးသားကြီးဆိုတော့
ဦးဆုံး အိမ်ထောင်ကျတယ်။ အဲ့တုန်းကများ ကျွန်မ အသက် ရှိလှ ၁၀နှစ်ပေါ့။ အမေက သူ့သားကြီး ချစ်ပုံများ ရှိတဲ့လယ် ၁၀ဧကထဲက ၅ဧကများတောင် လက်ဖွဲ့သတော်။
အဖေကတော့ အမေ တစ်ခွန်းဆိုတစ်ခွန်းပဲ၊
“အေး ငါ့ ရုန်းရသက်သာသပေါ့ဟ” ဆိုသတဲ့။
သူ့သားကြီးကလည်း မိဘအပေါ်သိရှာပါတယ်၊ တစ်ပတ်တစ်ခါတော့ အခင်းထဲ အသီးအရွက်
ရရင်ရသလို ပို့ပေးတာပဲ။
ဟိုးတစ်ပြန်နှစ်က ကိုချက်ဖောင်းသားအငယ်ကောင် မြေကြီးမှာ တုတ်နဲ့ခြစ် ဂဏန်းပေါ်တော့ သုည သုည တဲ့။ မွေးလိုက်ကြတာဆိုတာ ကိုချက်ဖောင်းတို့များ၊ လယ်တစ်ကွက်အပေါင်ကောင်းလို့ အမေ ရွေးပေးလိုက်ရသေးတော်။ အင်း လိမ္မာတာတော့ လိမ္မာတာပဲတော်။
နော့်…
****** ****** ****** ******* ****** ****** ******
အမေ့ကုတင်ခြေရင်းမှာ မတ်တပ်ရပ်နဲ့ ဦးဂျမ်းပုဆိုး အကွက်ကျဲ၊ စွပ်ကျယ်သားအဖြူဝတ်ထားတဲ့ ဥပဓိရုပ်ကောင်းကောင်းလူက ကျုပ်ရဲ့ဒုတိယမြောက်အစ်ကို ကိုသာဓုပေါ့။
ကျုပ်များ ကိုကြီးသာဓုရဲ့နှမဖြစ်ရတာ သိပ်ဂုဏ်ယူတော်။ ယူဆို ကိုကြီးသာဓုက နယ်နယ်ရရလား။ ကျုပ်တို့ရွာရဲ့ စာသင်ကျောင်းမှာ ကျောင်းဆရာလေ။ စာအသင်အပြကောင်း၊ ဆုံးမသွန်သင်တာလည်းကောင်းသမို့ တစ်ရွာလုံးတင်မဟုတ် ရွာနီးစပ်ကပါ လေးစားရတာကိုး။
သူ့အတွက် ဂုဏ်အယူရဆုံးက ဘယ်သူရှိလိမ့်မတုန်း၊ ကျုပ်အမေပေါ့။ သူ့သား ၁၀တန်းအောင်တော့ ရွာတစ်ပတ် ပုဝါကြီးရမ်းပြီး ကတာတော်။ ကျုပ်တို့များ ဝမ်းလည်းသာ အမေ့ကြည့်ပြီးလည်း ရယ်မိတာပဲ။
ကိုသာဓုကလည်း
“ကျုပ်ကတော့ အဖေ့လို လယ်ထဲဆင်းမနေဘူး၊ ပညာတတ်ဖြစ်ချင်တာဗျ” လို့ သူပြောနေကျအတိုင်း ဖြစ်အောင်ကြိုးစားပြတာပဲ။
အိမ်ထောင်ကျတော့လည်း သူ့လိုပဲပညာတတ် သားဖွားဆရာမလေးနဲ့ဆိုတော့ နေနဲ့လရွှေနဲ့မြပါပဲတော်။ လင်နဲ့မယား တက်ညီလက်ညီ ရှာကြဖွေကြ၊ သားသမီးလည်း မရလေသေးတော့ အတော်အတန်စုမိဆောင်းမိကြတာပဲ။
*** ***** ***** ****** ****** ***** ****** ******
ကျုပ်အထက် အစ်ကို ကိုပုကတော့ အရက်သမား။
ထိန်းမယ့်ကွပ်မယ့် မိန်းမ ရှိလည်အကောင်းသား။
ခုတော့ ရှိတဲ့ လယ် ကျုပ်လင်က ဖိဖိစီးစီးလုပ်ရတယ်။ အဖေက အသက်လေး ထောက်ပြီမို့လား။
အခုလည်း သူ့မိန်းမဆေးရုံတက်တာ လိုက်ချင်ပေသိ၊
“တော် အိမ်မယ်နေခဲ့ ကိုသာရင်၊ ဖိုးချိတ် လယ်ထဲဆင်းရင် တော် ခလေးတွေကို ထိန်းဖို့ပြုဖို့ရှိသေးတာ” လို့ စကားတစ်ခွန်းနဲ့တင် အဖေအိမ်စောင့်ခလေးထိန်းတာဝန်ယူဖို့ ကျန်ခဲ့ရတယ်။
ကျုပ်အဖေက လူအေး။ အမေ့စကားတစ်ခွန်းပဲ။ အသောက်အစားကင်း လောင်းကစားလည်း ကင်းသနဲ့။ ရေနွေးကြမ်းတစ်မျိုးသာ မက်မက်စက်စက်သောက်သာပ။ ဒါကြောင့် အမေကလည်း မနက် မိုးမလင်းသေးဘူး၊ ရေနွေးအိုး
အရင်တည်၊ ရှိသမျှ အကြမ်းအိုးထဲ အပြည့်အတင်းဖြည့်ထားတာပဲ။
ထုတ်သာမပြတတ်ကြတာ ငယ်လင်ငယ်မယားဆိုတော့ အတော်ချစ်ခင်ကြတယ်ဆိုတာ ကျုပ်တို့မောင်နှမတွေအမြင်ပဲ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ကျော်က ကျုပ်အသက် ၄နှစ် ၅နှစ်ရှိအုံးမပေါ့။ အမေ ခြေဆစ် လက်ဆစ်တွေ
မနေနိုင်အောင်ကိုက်တယ်။ ဆောင်းတွင်းကြီးလည်းဖြစ်တော့ ကိုက်တာခဲတာပိုဆိုး၊ အပြင်းလည်းဖျားပြီး အနာလုံးကြီးတွေ ထွက်လာလိုက်တာများ အတော်ဆိုး ဆိုပဲ။ ကျုပ်တော့ ရေးတေးတေးသာမှတ်မိတယ်။
မချက်နိုင် မပြုတ်နိုင်ဖြစ်ရတော့ အမေ့အဒေါ် ဖွားကျီကို တစ်လ ကိုးတစ်သင်း ချက်ပြုတ်ကူဖို့ ခေါ်ထားရသေးသတဲ့။ ရွာကဆေးဆရာက မြို့ဆေးရုံတက်ကုဖို့ ပြောတာနဲ့ မြို့တက်ဆေးကုတော့
လေးဘက်နာရောဂါပြောတယ်။
၆လလောက် ဆေးစွဲသောက်လို့ ပြင်းပြင်းထန်ထန်မရှိတော့ပေမယ့် လျှော်တာဖွပ်တာများတဲ့အချိန်တွေတော့ ခြေဆစ်လက်ဆစ်ကိုက်တာမျိုးတေ့ ရံဖန်ရံခါရှိတတ်သေးတယ်။ အကိုက်အခဲပျောက် ပါရာစီတမောလိုဆေးတွေ အမေ အမြဲဆောင်ထားရတယ်။ ကိုက်ခဲပီဆိုတာနဲ့ သောက်ရတာပဲကိုး။
“တစ်ခါတစ်လေးများ မယ်ရှင်ရယ် နင့်နှယ့်
တော်ရုံကိုက်ခဲလည်း သည်းခံနေပါဟဲ့။ အရင်တစ်ခါ ဆေးရုံကဆရာမပြောသလို ရေနွေးအိတ်လေးဘာလေးကပ်ပေါ့။ ဆေးဆိုတာ သောက်တိုင်းကောင်းတာမဟုတ်ဘူး။ အခုနင့်ဟာ ပါသာစီတမော့ကို ပဲကြီးလှော် ဝါးသလို ဝါးသနဲ့ဖြစ်နေပြီ”
စိတ်ပူတကြီးအဖေ ပြောလည်း
“တော့် ပြောသလောက်လည်း မဟုတ်ပါဘူး ကိုသာရင်။ တော်က ပိုကိုပိုတယ်။”
ဒါနဲ့ အဖေလည်း တိတ်ရတာပဲ။
***** ***** ***** ****** ****** ***** ****** *****
အမေက စိတ်ဓာတ်သာ မာချာတာ၊ ကျန်းမာရေးကျ ချူချာတယ်ပြောရမယ်။ ကျုပ်ကိုမွေးတော့ ဗိုက်ကြီးနဲ့ သွေးတိုးလို့ မြို့ဆေးရုံမှာ တက်လိုက် ဆင်းလိုက်ပဲတဲ့။
“ငါ့နှယ် အကြီးကောင် ၃ယောက်များ ချောချောမောမောမွေးလာခဲ့တာ၊ ဒီအငယ်မကျမှ သွေးလည်းတိုး တိုးရဲ့၊ မြို့ဆေးရုံနဲ့ ကူးချေသန်းချေပဲတော်။” လို့ အမေ အမြဲလိုလိုပြောတတ်တယ်။ အဲ့ကတည်းက ကျုပ်အမေလည်း သွေးတိုးရောဂါ ကပ်တာပဲတော့်။
ဘယ်လိုပဲဖြစ်ဖြစ် အမေဟာ မိသားစုအရေး မလစ်ဟင်းစေရဘူး။
မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုတဲ့ စကားပုံကလည်း အဖေနဲ့အမေ့ကို ညွှန်းပြောထားသလားပဲ။ အမေကချက်ရေး ပြုတ်ရေးလည်း သူ ပါရမှ၊ လယ်ထဲဆင်းလည်း သူကိုယ်တိုင် လိုက်တာမျိုးရယ်။ ပိုးမကျအောင် ဆေးဖျော်တာ၊ ဆေးဖျန်းတာလည်း သူပါတာပဲ။ လင်သားအပေါ်ရော သားသမီးအပေါ်ရော တာဝန်ကျေလွန်းတဲ့အမေပါပဲ။
***** ****** ***** ***** ****** **** **** ***
ပြီးခဲ့တဲ့ ၅လလောက်ကတည်းက အမေ့ခြေထောက်တွေ အမ်းတမ်းတမ်းဖြစ်နေတာသတိထားမိတယ်။ ကျုပ်လည်း အငယ်မလေး မွေးထားတာ ၄လကျော်လောက်ရှိသေးတော့ အမေ့ကို အိမ်မှု့ကိစ္စ အရင်လို ထိထိရောက်ရောက်မကူညီနိုင်တော့ သြော် အလုပ်များလို့ အမ်းတယ်ပဲပေါ့။
အမေ့တော့ ပြောမိသားပဲ။
“အဆန်းလားအေ” တဲ့။
သိပ်မကြာဘူး ညဘက် အပေါ့သွားခဲတဲ့အမေ၊ တစ်ညကို အနည်းဆုံး ၃ကြိမ်လောက်သွားလို့
“အမေရေ ဆီးတွေ သွားလှချေလား” ဆိုတော့ “ရေသောက်များလို့နေမှာပေါ့အေ” တဲ့။
“မယ်ရှင် နင့် ခုတလော ညဘက် အပေါ့သွားတာစိပ်သဟ၊ အေး ဆီးရွှင်တာတော့ ကောင်းသပေါ့၊ ဒါပေသိ ညဘက်ကြီးကျ အိပ်ရေးပျက်သဟ” လို့ အဖေ ပြောနေသေးတယ်။
ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်ရှိသွားကြပြန်ရော။ တစ်ရက်
“ကိုသာရင်ရေ၊ ကျုပ် ခုရက် နားချင်တော်၊ ဟိုဘက်ရွာက တော့်တူမမယ်ညို လာလို့ရရင် ကူဖို့အခေါ်လွှတ်အုံး။ ခုတလော အသက်ကလေး ထောက်လို့လားမသိ၊ အလုပ်လေးနည်းနည်းလုပ်တာနဲ့မောချင်တာတော်”
အမေ အထူးအဆန်းစကား စတယ်။
အမေ့ကျန်းမာရေးက အဲ့ကစ ဆိုးလာတာပ။ ဆီးသွားတာ သိသိသာသာနည်းလာတယ်။ ခါတိုင်း ပန်းရောင်သန်းတဲ့ အမေ့ နှုတ်ခမ်းတွေ ခြေလက်တွေက ဖြူဆုတ်ဆုတ်နဲ့။ ခြေတွေဖောရုံတင်မဟုတ်ဘဲ လက်နဲ့ မျက်နှာတွေပါ ရက်ပိုင်းအတွင်းသိသိသာသာအမ်းလာတယ်။ အရေပြားတွေလည်း ခြောက်သွေ့ပြီး အကြေးခွံထနေသလိုပဲ။ အမေ့မှာ မောတာကတစ်ဘက် အသားတွေယားလို့ ကုတ်ရတာလည်းတစ်လှည့်ပါပဲ။ ဒီတော့မှ ကိုယ်စီ အလုပ်များနေတဲ့ သား၂ယောက်နဲ့ တိုင်ပင်ပြီး မြို့ဆေးရုံ တင်ရတော့တဲ့အထိပါပဲ။
*** ****** ****** ***** ***** ***** ******* ******
“ဒေါ်မယ်ရှင်ရဲ့လူနာစောင့်တွေ ဆရာ ခေါ်နေပါတယ်”
အတွေးကိုယ်စီမြောနေကြရာက ကျုပ်တို့မောင်နှမ၄ယောက် ဆရာမ ခေါ်တဲ့အခန်းဆီ ခပ်သုတ်သုတ်လိုက်ဖို့ပြင်တယ်။
“မောင်ပု မင်း အမေ့ အနားနေခဲ့အုံး။ လူနာစောင့်မရှိဘဲဖြစ်မယ်”
ကိုကြီးသာဓု စကားကြောင့် ခြေလှမ်းပြင်နေတဲ့ ကိုမောင်ပု မျက်နှာ ရှုသိုးသိုးနဲ့ကျန်ခဲ့တယ်။
သူလည်း အိမ်အတော်ပြန်ချင်နေပြီ။ အမေ့ကို ပူတာလည်း ပူတာပေါ့။ သို့ပေသိ သူ့ ရွာအရက်ဆိုင် လွမ်းလို့ပူတဲ့အပူက ပိုပြင်းတယ်တူပ။
အချိန်ကျရင် သူ့မှာ ခြေမကိုင်မိ လက်မကိုင်မိဘဲ။
အရင်ရက်ကလည်း ကျုပ်ကို လာပြီး အိမ်ခဏ ပြန်အုံးမယ်ပြောလို့
“ငပုရယ် နင်ပြန်တော့ ငါက ဒီမှာတစ်ယောက်တည်း၊ သွေးဖောက် ဆေးဝယ် အမေ့နား ဘယ်သူနေမတုန်း”
ပြောသာပြောရ ကျုပ်လည်း ပြန်ချင်တာပဲ။
အိမ်မှာ တစ်ခါလည်ကျော်ကျော် သမီးလေးကို အဖေနဲ့ပစ်ထားခဲ့ရတယ်မို့လား။ မလိုက်လည်း မဖြစ်လေ သမီးဆိုလို့ ကျုပ်တစ်ယောက်ရှိတာ ခုလိုအရေးကျ သမီးတွေသာ စိတ်ရှည်တာပ မဟုတ်လား။
ကိုသာဓုကျတော့လည်း ကျောင်းပိတ်ရက်လောက်သာ လာကြည့်နိုင်တာရယ်။ ဒါတောင် တစ်နာရီလောက်နေပြီး ပြန်တာမို့လား။ အရေးဆို ငွေလည်း ကိုကြီးသာဓုက စိုက်ထုတ်ထားတာရယ်။
ကျုပ်မယ် ခလေး၃ယောက်နဲ့ အမေ့အိမ်ကပ်နေရတော့ အရေးဟဲ့ဆို စုငွေဆောင်းငွေဘယ်ရှိလိမ့်မတုန်း။
ကျုပ်တင်မဟုတ်ပါဘူး။ အမေ့ အချစ်ဆုံးသားကြီး ကိုချက်ဖောင်းလည်း ဘယ်မှာ ငွေထုတ်နိုင်ပါ့။ သုည သုည ကြောင့် ကုန်မှ ကုန်မှ ဖြစ်ခါနီး အမေကယ်လိုက်တော့၊ တယ်လည်း ထိုးသားဘဝအကျိုးမပေးဆိုပြီး၊ ဒိုင်ကိုင်ကြည့်လိုက်ကာမှ ရှိတာအကုန်ပြောင်ပါလေရော။ ဒီတစ်ခါဖြင့် အမေလည်း
မကယ်နိုင်ပြီ။
မပြောချင်လို့သာ မပြောတာ အမေ ဘုံးဘုံးလဲတာလည်း ဒီစိတ်တွေပါမှာ လို့ စိတ်နာနာနဲ့တွေးမိသည်အထိပဲ။
*** ***** ****** ******* ****** ****** ****** ****
“ဒေါ်မယ်ရှင်ရဲ့ ဆေးစစ်ချက်အဖြေတွေအရ
ဆီးဆိပ်တွေ တော်တော်တက်နေတယ်။ ကျောက်ကပ်က
စွန့်မထုတ်နိုင်တဲ့ ဆီးဆိပ်တွေက ခန္ဓာကိုယ်ထဲမှာစုတော့ အတွင်းကလီစာတွေပါ ဆီးဆိပ်တွေ၊ ရေတွေစုပြီးဖောနေတာပဲ။ ဒါကြောင့်လည်းမောတာဗျ။ အခု ကျောက်ကပ် ၂ခုလုံးက ဆီးစွန့်တဲ့လုပ်ငန်း လုပ်နိုင်စွမ်း ကျဆင်းနေပြီဖြစ်လို့ ကျောက်ကပ်တုနဲ့ ဆီးဆိပ်တွေ၊ စုနေတဲ့ရေနဲ့ပိုနေတဲ့ဓာတ်ဆားတွေ စွန့်ထုတ်ရမယ်ခင်ဗျ။ အရပ်ထဲမှာအခေါ်ဆို ကျောက်ကပ်ဆေးတယ်ပေါ့ဗျာ”
“ဒါဆို ကျောက်ကပ်ဆေးရင် အမေ ပြန်ကောင်းနိုင်လားဆရာ”
ကိုကြီးသာဓုအမေးကိုပဲ ကျုပ်လည်းသိချင်တာ။ အနာသိ ဆေးရှိတော်။
“ဒါဆိုရင်တော့ လူနာက သိသိသာသာသက်သာမယ်ဗျ”
“ကုန်ကျစရိတ်လေးများ သိရမလားဆရာ”
“ကျောက်ကပ်ဆေးရင်တော့ စက်ဖိုးနဲ့ဝန်ဆောင်ခ
မပေးရဘူး။ ဒါပေမယ့် ကျောက်ကပ်တုနဲ့
ဆေးနေစဥ်မှာ ထိုးရမယ့်ဆေးဖိုးတွေကတော့ ———-ခန့် ဆောင်ထားဖို့လိုတယ်ဗျ။ ပြီးတော့ အခုမှ ပထမဆုံးစပြီးဆေးမှာဖြစ်လို့ သူ့ ဆီးဆိပ်ပမာဏအရဆို အနည်းဆုံး ၃ရက်ဆက်တိုက်တော့ ဆေးရမယ်”
ကျွန်မတို့ ၃ယောက် တစ်ယောက်မျက်နှာတစ်ေယာက်ကြည့်မိတယ်။ ဒီပမာဏအတွက် ခြစ်ခြုပ်ကြမယ်ဆိုရင်တော့ ပေးနိုင်တာပဲ။ အမေ့အတွက် အားတက်မိတယ်။ မောင်နှမ ၃ယောက် ပြိုင်တူ ခေါင်းညိတ်မိကြတယ်။
“ဒါဖြင့်ရင် အမေ့ကို ကျောက်ကပ်ဆေးပါမယ်ဆရာ”
ကျွန်မ ရင်ထဲ အလုံးကြီး အတော်သက်သာသွားသလိုပဲ။ ဒါဖြင့် သိပ်မကြာမီ ရွာပြန်ရတော့မှာပေါ့အတွေးနဲ့ အငယ်မလေးကို သတိရလှပြီ။
***** ***** *** **** ******* ***** ********* *****
“ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်က ရာခိုင်နှုန်းအတော်ကျဆင်းနေပြီဖြစ်လို့၊ ပထမအကြိမ်ဆေးပြီးလည်း နောက်ပိုင်းလူနာအခြေအနေပေါ်မူတည်ပြီး တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်
ဆေးရမှာပါ”
“ရှင်” “ဗျာ”
ကျွန်မတို့ မောင်နှမ အာမေဋိတ်သံတွေ ညံသွားတယ်။
“ဒါဖြင့် ဘယ်နှစ်ကြိမ်လောက်ဆေးမှ သက်သာမလဲဆရာ”
တည်ငြိမ်တဲ့ ကိုကြီးသာဓုရဲ့အသံတောင်မှ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတယ်။
“တစ်သက်လုံးဆေးရမှာပါခင်ဗျာ။ ကျောက်ကပ် မဆေးလိုရင် နောက်ဆုံး ကျောက်ကပ်အစားထိုး ကုသမှု့ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့်ဗျာ အချိန်အင်အား ငွေ လူအင်အား ပြီးတော့ အလှုရှင်ရှာဖို့လိုတာပေါ့ဗျာ။ ကျွန်တော်လည်း ဒီလိုတွေရှင်းပြရတိုင်း စိတ်မကောင်းလှပါဘူး။ ကျောက်ကပ်ပျက်တဲ့ အစောပိုင်းလက္ခဏာတွေမှာ စောစီးသတိပြုမိရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒီတော့ ခင်ဗျားတို့ မောင်နှမတွေ တိုင်ပင်ပြီးရင် ခဏနေ ကျွန်တော့ကို အကြောင်းကြားပေးပါဗျာ။ လူနာရဲ့အခြေအနေက ကျောက်ကပ်အမြန်သန့်စင်မှ ရမှာ၊ နောက်ကျရင် အသက်အန္တရာယ် နီးနေပြီမလို့ပါ”
ကျုပ်ကတော့ မျက်ရည်ပဲ ကျနိုင်တော့တယ်။ အနာသိ ဆေးရှိတယ်ဆိုပေမယ့် အမေ့ကျန်းမာရေးက ငွေနဲ့အသက်ဆက်ရမှဖြစ်နေပြီ။ ကျုပ် ဘယ်လို လုပ်ရမတုန်း။
အခု လက်ကျန် လယ်လေး ၅ဧက ရောင်းရင်တောင်မှ အမေ့အသက်ကို ဘယ်နှစ်လအထိ ဆွဲဆန့်ထားနိုင်မှာမလို့လဲ။
ကျုပ်တို့ဘက် မြေတွေက စိုက်ရပျိုးရ မှန်းသလောက်မထွက်မို့ စျေးလည်းမြောက်လှတာမဟုတ်တော်။
ပြီးရင်ရော အဖေအိုကြီးနဲ့ ခလေး ၃ယောက်ကို ဘယ်လို ကျွေးမွေးပြုစုရမတုန်းတော်။ ကျုပ်တို့လင်မယားကတော့ ထားပါအုံး။
ကျုပ်အထက်အစ်ကို ကိုပုတောင် သူ့အရက်ဖိုး သူ အနိုင်နိုင်ရှာနေရတာမဟုတ်လား။
ကိုချက်ဖောင်းကြီးလည်း မျက်နှာကြီး အိုနေပြီ။ လောင်းကစားလုပ်လို့ အဟောသိကံဖြစ်သွားတဲ့ လယ် ၅ဧကလည်း မရနိင်တော့ဘူးမလား။
သူတောင် သူ့ခလေး ၄ယောက် စရိတ်ကို သူ့မယားနဲ့ မနည်းတွန်းထိုး ရှာနေရတာ။ ဒါတောင် သူ့သားအကြီးကောင်က ကူဖော်လောင်ဖတ် ခိုင်းလို့ရတဲ့အရွယ်ပေမလို့။
နောက်ဆုံးတော့ ကျုပ်တို့ရဲ့ အကြည့်တွေက ကိုကြီးသာဓုဆီပဲ ရောက်တယ်။ အခု အမေဆေးရုံတက်တဲ့စရိတ်စက ကျုပ်တို့နေ့စဥ်ဆေးရုံစားသောက်စရိတ်ကအစ သူပဲ စိုက်ထုတ်နေရတာနဲ့တင် သူ့မှာ အတော်ထောင်းနေပြီဆိုတာ ကျုပ်သိပါတယ်။
သူလည်း သူ့အိမ်ထောင်နဲ့ပေမို့၊ နို့လည်း ဝင်ငွေက သူ့မယားက ပိုကောင်းနေတော့ သူ့လည်း မျက်နှာ အတော်ပူချေမယ်ဆိုတာ ကျုပ်နားလည်နိုင်တယ်။
***** **** **** ****** ****** ****** ******** ****
လူနာ ကုတင်ပေါ်မှာ ပင်ပန်းတကြီးအသက်ရှုနေတဲ့အမေ့ကို ကြည့်ရင်း ကျုပ်မျက်ရည်တွေတွေကျတယ်။ သူချစ်တဲ့သားသမီး ၄ယောက် အနားမှာရှိနေတာတောင်မှ ဘယ်သူဘယ်ဝါရယ် ခွဲခြား မသိနိုင်တော့ဘူး။ အရင်ဆို ခြေသံကြားတာတောင် ဒါဖြင့် ဘယ်သားရဲ့ခြေသံ ဆိုတာ အတပ်ပြောနိုင်တဲ့အမေ၊ ခုတော့ဖြင့် မြောနေရှာပေါ့တော်။
“ခုနွေ ရှိတဲ့လယ်လေး၅ဧကထဲက နှစ်ဧကလောက်ရောင်းပြီး မြေးတွေကို ရှင်ပြုမယ်တော်။ တော်တို့ကျုပ်တို့ ဘယ်အချိန်သေရမယ် သိတာမဟုတ်ဘူး ကိုရင်သာအေးရဲ့။ နို့ ကျုပ်တို့နောက်ပါမယ့် အလှုအတန်းတွေ လုပ်သွားချင်စမ်းပြီ။ ကျန်လယ်ကိုတော့ အငယ်မလင်မယားနဲ့ မောင်ပု လုပ်စားပါစေ။ သာဓုကိုတော့ ကျုပ်တို့ပညာအမွေပေးခဲ့ပြီပဲတော်” ဒါ အမေ မာစဥ်ကပြောတဲ့စကား။
သားသမီး ၄ယောက်အတွက်ပေးဆပ်ခဲ့တဲ့အမေ့အတွက် အခု ကျွန်မတို့ ဘာမှပြန်မလုပ်ပေးနိုင်တော့ဘူး။
ရက်စက်တယ်လို့ဆိုလည်း ကျုပ်တို့ခံရမှာပဲ။
ကိုသာဓု အပေါ် ပုံချဖို့ဆိုတာကလည်း သူကိုယ်တိုင်က ကြက်ကြီးလည်လိမ်ထားသလို ဆွ့ံအနေပြီ။ အမေ ဆေး စပြီးပြတဲ့နေ့ကစ သူ့မယားဆီက ငွေယူတာလည်းယူ၊ အခြားကလည်း
လှည့်သင့်လှည့်လုပ်နေရတာ ကျုပ်သိတာပေါ့တော်။
***** ******** **** ******* ***** ***** ***** *****
“ဒူ ဝေ ဝေ ဝေ ဝေ”
အမေ့ အသုဘရဲ့ ကြေးစည်သံက ကျုပ်နားထဲရော ရင်ထဲရော ဗလာင်ဆူတယ်။ အသည်းတွေ အူတွေ လှိုက်နေအောင်ပဲ။
အသုဘပို့သူနဲ့ လူတွေအုံတော့ ကျုပ်သမီး အငယ်မ ငိုသံလည်းကြားရတယ်။
အမေ့ကို ကျောက်ကပ်ကုသမှု့ ဆက်မလုပ်ဖြစ်ဘဲ ချက်ချင်းအိမ်ပြန်ခေါ်လာပြီး နောက်ရက် အမေဆုံးတာပဲ။ ကျုပ်သမီးကို လွမ်းပေမယ့်၊ ပြန်ရောက်ကတည်းက လှည့်မကြည့်အား၊ နေ့လား ညလားဖြစ်နေတဲ့အမေ့နားမှာပဲ ကျုပ်နေတယ်။
ဖြစ်နိုင်ရင် ကျုပ်ငယ်စဥ် ၇နှစ်၈နှစ်သမီး ပြန်ရောက်ချင်တာပဲတော်။ ကျုပ်အထက်အစ်ကို ကိုပုနဲ့ ပေရေနေအောင်ကစားလိုက် အမေက လိုက်ရိုက်ရင် ပတ်ပြေးလိုက်နဲ့ အချိန်လေးလေ။ ဘယ်လောက်ဆူဆူ ကစားရင်း ဗိုက်ဆာရင် အမေ့ဆီ လက်လေးဖြန့်တာနဲ့ ကျုပ်တို့ကြိုက်တဲ့
မရွေးတို့ မုန့်လုံးကြီးတို့ အမေက ထုတ်ပေးတာပဲမလား။ တစ်ခါတစ်လေ အမေ့နို့တွဲကြီးကို ကိုပုနဲ့ကျုပ် လုပြီး စို့ကြသေးတာ။
အမေသာ ကျုပ်တို့မောင်နှမတတွေအတွက် တစ်ဘဝလုံး ကျွေးမွေးပြုစုခဲ့ပေမယ့် ကျုပ်တို့ဘာမှ ထိထိရောက်ရောက် ကျေးဇူးပြန်မပြုရပေးဘူးလေတော်။
အဖေကတော့ သူ့မိန်းမ ခေါင်းတလားဘေးနား သဘက်လေးခေါင်းပတ်ပြီး ငူငူငိုင်ငိုင်ကြီးရပ်နေပါပေါ့လား။ ဘဝခရီးကို မေတ္တာတရားတွေနဲ့အတူဖြတ်သန်းခဲ့ကြပြီး၊ အခု နောက်ဆုံးခရီးကိုလည်း ပို့ဆောင်ပေးဖို့ အဖေ အဆင်သင့်ပြင်နေပြီ။
“မင်ရှင်ရေ သွားပေအုံးဟ၊ ငါလည်း တစ်နေ့ဒီလမ်းပဲလိုက်ရမှာ”
အမေ ဇီဝိန်ချုပ်တော့ အဖေ ဒီတစ်ခွန်းပဲပြောတယ်။ ကျွန်မ သက်တမ်းတစ်လျောက် အဖေကြောင့် အမေ မျက်ရည်ကျရတာ၊ စိတ်ဆင်းရဲရတာ မတွေ့ဖူးဘူး။ ဒါကြောင့်လည်း အခု အဖေ မျက်ရည်မကျတာဖြစ်မယ်။ ဒါပေသိ အဖေ့ရင်ထဲ အပူကို ကျုပ်မှန်းစကြည့် သိနိုင်ပါတယ်တော်။
အမြဲ ရုပ်တည်ကြီးနဲ့နေတတ်တဲ့ ကိုသာဓုကတော့ အံကြီးတင်းတင်းကြိတ် မျက်ရေတွေကျလုနီးနဲ့ မျက်နှာတစ်ခုလုံးနီမြန်းလို့။
အမေ့သားအချစ်ဆုံး ကိုချက်ဖောင်းလည်း မျက်ရည်တွေတွေကျလို့ အမေရယ် ထကြည့်ပါအုံးလား။
ကျုပ်အထက် ကိုပု ငိုသံကတော့ အကျယ်ဆုံး။ အမေ့ အသုဘမို့ထင် လွမ်းနာကျပြီး ရေချိန်ပိုတိုးထားပုံပဲ။
ဟိုးအချိန်ေတွက အရက်လေးများ သောက်ချိန်ဆို ကိုပုတို့ အမေ့နားကပ်၊
“ဟဲ့ မောင်ပု နင့်လည်း ဒီအရည် ဖြတ်ဖို့ ကြိုးစားလို့ ငါနေ့တိုင်းပြော၊ ငါပဲမောတယ်။ အေး နင် ငါသေမှသိမယ်”
ပြောလည်းပြော အမေ သူ့ အောက်ခံဘောလီ
ကြား ထိုးထားတဲ့ ငွေအကြွေလေး ထုတ်ပေးလိုက်ပြန်ရောမလား။ သားသမီးအားလုံးအပေါ် ထောင့်စေ့အောင် ချစ်တဲ့အမေရယ်ပါတော်။
****** ***** ******* ***** ***** ***** ****** *****
မြေဖို့ခါနီး အမေ့အခေါင်းလေးလှပ် မျက်နှာလေးကြည့်တော့ အမေ့မျက်နှာ ပြုံးသယောင်လေးနဲ့ ချစ်လိုက်တာ အမေရယ် ကျုပ် ရင်ဘက်စည်တီး ငိုမိတော့တာပါပဲ။
“လုံးပုရယ် ညည်းတို့မောင်နှမတတွေ ဒီအမေအပေါ် ဘယ်လိုဂရုစိုက်တာ ကျုပ်တို့သိပါတယ်တော်။ သားလည်းသားမို့ သမီးလည်းသမီးမို့ တာဝန်ကျေပါတယ်။ ဒီစိတ်လေးနဲ့ ဖြေပါအေ”
ကျုပ်ဘေးနား ကျုပ်ကို တွဲထားတဲ့ ကျုပ်ရဲ့ငယ်သူငယ်ချင်းအေးမိရဲ့ အားပေးစကား။
ကျုပ်လည်း ကြားတယ် ကျုပ်ဘေးနားကကိုသာဓုနဲ့ ကိုချက်ဖောင်းလည်း ကြားပေါ့တော်။
ကျုပ်တို့ မောင်နှမ ၃ဦးသား မျက်လုံးချင်းဆုံမိတယ်။
“အောင်မလေး အမေရဲ့”
ပြောကာမှ ကျုပ်ရင်ထဲပို့ဆို့ ဟင်း ချပြီတော့ကို ငိုပစ်လိုက်မိတော့တယ်။
ဒီစကားကြားမှ မာန်တင်းထားတဲ့ ကျုပ်အစ်ကိုတွေလည်း မျက်ရည်တွေ တပေါက်ပေါက်စီးကျလို့။
ကျုပ်တို့ကို တာဝန်ကျေသတဲ့ အမေရဲ့…..
တာဝန်ကျေသတဲ့…….
#မထွေးငယ်(ကြို့ပင်ကောက်)