ရင်သွေး

Posted on
ရင်သွေး
_______________ လူထုဒေါ်အမာ
ဘထွန်းသည် ကလေးငိုသံကြားသဖြင့် အိပ်ရာမှနိုးလာသော်လည်း မျက်စိကိုမဖွင့်ဘဲ “ဖွားသင် ကလေးငိုနေတယ်”ဟု ပြောလိုက်၏။ ကလေးမှာ ငိုမြဲငိုနေသော်လည်း ဖွားသင်၏အသံ ကိုကား မကြားရ။ လက်ဖြင့်ရမ်း၍ စမ်းသော်လည်း မတွေ့သဖြင့် ထ၍ကြည့်ရာ ဖွားသင်မှာ အခန်းထဲတွင် အလျှင်းမရှိ ဖြစ်လေသည်။ အံ့သြ၍သွားသော်လည်း အိပ်ရာမှထနှင့်ပြီ ထင်သဖြင့် ငိုနေသောကလေးကို တစ်ချက်ကြည့်၍ နောက်ဖေးဆီသို့ ဖွားသင်ခေါ်ရန် ထွက်၍သွားလေ၏။
ဖွားသင်ကား ဘယ်မှာမှမတွေ့ သဖြင့် အခန်းထဲသို့ ပြန်ဝင်လာရာ ညက မိမိထားသော ငွေဖလားကို သွား၍ အမှတ်ရသဖြင့် ကပျာကယာ အိမ်တံစက်မြိတ်ကြားသို့ သွား၍ ကြည့်လေ ၏။ နှစ်နှစ်ခန့် မလဲဘဲထားသော နတ်အုန်းသီးသည် ပိန်ကပ်ခြောက်သွေ့ ၍ ကြိမ်ဆိုင်းအတွင်းတွင် မချိတရိ ဆွဲလျက်ရှိသော်လည်း အုန်းသီးအထက်နားရှိ အဝတ်ထုပ်ကား မရှိတော့ပေ။
ခုတင်ခြေရင်းရှိ ဖွားသင်၏အဝတ်အစားထည့်သော ဖာမှာ ဖရိုဖရဲနှင့် ထဘီစုတ်တချို့သာ မြေကြီးပေါ်တွင် ကျ၍နေသည်။ အကောင်းဟူ၍ တစ်ထည်မျှမကျန်တော့ပေ။ ဤတွင်မှ နောက်ကျိ၍နေသော ဦးနှောက်တွင်းသို့ အလင်းရောင်သည် ဝင်၍လာလေ၏။
ထရံသို့ ပျစ်ခနဲ တံတွေးလှမ်း၍ ထွေးလိုက်လေ၏။ ထို့နောက် ကလေးကို လှမ်း၍ ကြည့်လိုက်ပြီး ဒီကလေးကို ငါဘာလုပ်ရမှာလဲ။ တွေ့စမ်းချင်တယ် ဒီကောင်မ။ ရော့… နင့်သား ဆိုပြီး အိမ်ပေါက်မှာ လွှတ်ပစ်ထားခဲ့မယ်။
တစ်စုံတစ်ခုကို သတိရသလိုဖြစ်ပြီး မျက်နှာသည် သွေးဆုတ်၍သွားသလို ထင်လိုက်ရ၏။ အထက်နှုတ်ခမ်းကို ကိုက်၍ထားသော်လည်း လက်များမှ တုန်၍နေလေသည်။ ကလေးအနားသို့ နှစ်လှမ်းခန့် တိုး၍သွားရာ အိပ်ရာပေါ်တွင် ကလန်ကလန်နှင့်နေသော ကလေးသည် လက်သီး တစ်ဖက်ကို ပါးစပ်တွင်စုပ်၍နေ၏။ အငိုတိတ်ပြီး ပြုံးတော့မလို လုပ်၍နေသည်။ စောင်စုတ်တချို့ကား ကန်ကြောက်၍ထားသဖြင့် ကလေးအပေါ်တွင်မရှိဘဲ ဘေးနားတွင် ပုံ၍နေလေ၏။ ပြုံးမယောင်ပါးစပ်သည် ဘထွန်းစိတ်၌ မိမိနှင့်သိသော သူတစ်ယောက်နှင့်တူသည်ဟု ထင်မိသော်လည်း မည်သူ မည်ဝါဟူ၍ မကွဲပြားပေ။
ကလေးကို ကြည့်နေရာမှ တစ်ဖက်သို့လှည့်၍ ရှပ်အင်္ကျီကို ကောက်ဝတ်ပြီးသော် အိမ်တံခါးကိုပိတ်၍ ထွက်ခဲ့လေ၏။ မိမိ ဘယ်ကိုသွားမည်ဟူ၍ကား ရည်ရွယ်ချက်မရှိ။ ခြေဦးတည့်ရာကိုသာ လျှောက်၍ လာခဲ့လေသည်။ စိတ်တွင်ကား မငြိမ်မသက် ယောက်ယက်ခတ် ဖြစ်၍နေသည်။ ကလေးငိုသံသည် နားထဲ၌ အစဉ်ကြား၍ နေ၏။ တစ်ခါတစ်ရံ ပက်လက်လှန်၍ ခြေကလန် လက်ကလန်နှင့် နေသော ကလေးသဏ္ဌာန်သည် ရှေ့ကဆီး၍နေသလို ထင်မိ၏။ နားကမထွက်သေးသော ငိုသံသည် ပြန်ခဲ့ပါဟု ခေါ်သလို ထင်မိ၏။ ငါ ပြန်မှပါပဲဟု နောက်ပြန်လှည့်၏။ တွေ့ သာတွေ့ လိုက်ရင်တော့ကွာဟု စိတ်ထဲ၌ အောက်မေ့မိ၍ လည်ပင်းဖျစ်ပြီး ကိုင်လှုပ်လိုက်မယ်။ လျှာတစ်လစ် ထွက်လာမှာပေါ့ သပေါက်မ ဟူ၍လည်း ကြိမ်းလိုက်၏။
လက်ဖက်ရည်ဆိုင်တစ်ခုတွင် နို့မုန့်ချောင်း တစ်ပဲဖိုးဝယ်၍ အိမ်ဘက်သို့ လှည့်ခဲ့လေ၏။ ကလေးသည် အငိုရပ်၍ ယခင်က အိပ်ရာပေါ်တွင် ပက်လက်ကလေး ကစား၍နေလေသည်။ အင်း…သူကတော့ ကစားလို့၊ ခွေးသပေါက်မ သားကလေးကို ကျောပေး၍ အိမ်ရှေ့သို့ ထွက်၍လာပြန်သည်။
သို့သော် ခြေကိုလှမ်း၍မဖြစ်သလို နောက်ဆွဲ၍နေလေ၏။ နားထဲကမထွက်သော ငိုသံ သည် ဘထွန်းအသည်းနှလုံးကို မချိတရိဖြစ်အောင် ဖန်တီးနေလေသည်။ လက်သီးကိုဆုပ်၍ အိမ်ဘက်သို့ ပြန်၍လှည့်လာသော် ကလေးသည် တဝဲဝဲနှင့် ငို၍နေပြန်လေ၏။ ငိုသံကား ဘာရယ်ဟု မပီသသော်လည်း ဘထွန်းစိတ်တွင် “အမေရေ’ဟု ခေါ်၍ ငိုသလို ထင်မိသဖြင့် “တယ်လေ၊ အမေ တနေ၊ လိုက်သွား၊ နင့်အမေ ဟိုဟာမနောက်ကို”ဟု မြည်တမ်းမိသော်လည်း သူ့ လက်ကား အလိုအလျောက် ကလေးကို ကောက်၍ ချီမိပြီးသားဖြစ်လေ၏။
စိုနေအောင်ဝသော ကလေးသည် ငိုထားသဖြင့် အသားများ ပူနွေးနီကြန်ကာ ဖောင်းနေအောင်ဝသော ပေါင်ကလေးနှစ်လုံးကြားရှိ ရွှေပန်းကလေးသည် တို၍ဝင်နေလေ၏။ လက်ပေါ်သို့ ရောက်လျှင် ကလေးသည် ခေါင်းကို ဘယ်ငဲ့ ညာငဲ့ လုပ်လျက် နှုတ်ခမ်းကလေးနှစ်ခုသည် တလှုပ်လှုပ်ဖြင့် တစ်စုံတစ်ခုကို ရှာ၍နေသကဲ့သို့ ထင်ရလေ၏။
ဒီဟာလည်း သင့်သားပါပဲ။ ကဲပါကွာ၊ တိတ်စမ်းပါ မင်းကလေးက။ မင့် ငါတောင်း ပန်ပါတယ် ဟုပြောပြီး ကလေးနဖူးနှင့် ထိ၍ထားလေ၏။ ကလေးသည် ပါးစပ်ကလေးတလှုပ်လှုပ် နှင့် ရှာမြဲရှာလျက် ခေါင်းကလေး ညိတ်ချည်လက်ကလေး ရမ်းချည်နှင့် အဖေ့လက်ထဲတွင် ပျော်မြူး နေသလို ထင်ရလေသည်။ ဘထွန်းသည် ကလေးကို ပခုံးပေါ်သို့ မှောက်လိုက်ပြီး ဘာလုပ်ရမည်ကို မဝေခွဲနိုင် သကဲ့သို့ ကလေးနောက်ဘက်တွင် အနှီးစားထားသော အဖြူရစ်ကလေးကို ကြည့်၍ ငေးနေ၏။
ထို့နောက် အိတ်ထဲတွင် ထည့်လာသော နို့မုန့်ချောင်းထုပ်ကလေးထဲမှ တစ်ချောင်းယူ၍ ပါးစပ်ထဲတွင် ဝါးလေသည်။ ညက်သော် လက်ဖြင့်ယူ၍ ကလေးအား ပခုံးပေါ်မှ လှန်ပြီး ခွံ့လေ၏။ ကလေးသည် ဝါးဖတ်ကို နို့စို့သလို စားလေရာ ပါးစပ်ဝတွင် ဝါးဖတ်အချို့မှာ ထွက်ချည်ဝင်ချည်နှင့် ဖြစ်၍နေလေ၏။
စားလိုက်၊ ငါ့သား စားလိုက်။ မင့်အမေကတော့ ခွေးမို့ ခွေးကျင့်ကျင့်သွားတာ။ ခွေး မဟုတ်ပါဘူးလေ။ တိရစ္ဆာန်ခွေးတောင် ကိုယ့်သားသမီးကို ပစ်ခဲ့ရိုးထုံးစံ မရှိပါဘူး။ တိတ်တိတ်။ ဖေဖေ မင့်ကို မပစ်ခဲ့ပါဘူး။
ဤအကြိမ်သည် ပထမအကြိမ်အဖြစ်နှင့် မိမိကိုယ်ကို ဖေဖေဟု ထည့်၍ပြောလိုက်ရာ ဘထွန်း၏ စိတ်တွင် သူ့ပါးစပ်က ထွက်မိသော “ဖေဖေ”ဟူသည့်အသံကို ပြန်၍ကြားသဖြင့် တုန်လှုပ်ချောက်ချား၍ ကျောရိုးထဲတွင် စိမ့်သွားသလို ထင်လိုက်မိသည်။
နို့ချောင်းများ ကုန်သောအခါ ကလေးသည် မုန့်ချောင်းအာဟာရထက် ဖခင်၏တံတွေး ကြောင့် ကျေနပ်နှစ်သိမ့်သလို အငိုတိတ်၍ ကြည်ကြည်ရွှင်ရွှင် ဖြစ်လာပြန်လေသည်။ ဘထွန်း သည် ကလေးကို အဝတ်တစ်ခုဖြင့် မတတ်တတတ် ထွေးပြီးနောက် ပွေ့ချီ၍ အိမ်ထဲမှ ထွက်ခဲ့ လေ၏။ ဘထွန်းသည် ပထမသော် ဘယ်ကိုသွားရမည်ကိုမသိဘဲ ဤကလေးအားလည်း မည်သို့ စီရင်ရမည်ကို မဝေခွဲနိုင်အောင် ရှိလေ၏။ နောက်မှ လမ်းတကာတွင် ကလေးချီ၍ လျှောက်နေမည့် အစား အသိမိတ်ဆွေများရှိရာဘက်သို့ သွားရသော် အကြံဉာဏ်ရနိုးနိုး စိတ်သက်သာနိုးနိုး အောက်မေ့မိသဖြင့် အနောက်ပိုင်းတွင် ဖဲဒိုင်အစဉ်ခံနေသော ကိုမိုးတို့ဘက်သို့ ဦးလှည့်ခဲ့လေ၏။
ကိုမိုးသည် ဘထွန်းအား လှမ်း၍ “ဘာတွေတုံးဟ”ဟု မေးစဉ် ကိုမိုးမိန်းမ မကြော့သည် အိမ်တွင်းမှထွက်လာ၍ လက်ဝါးကလေးဖြန့်ကာ လှုပ်ရမ်းနေသော ကလေးလက်ကိုမြင်သဖြင့် “ဟင်… ကလေးလေး၊ မင့်သားလားကွယ့်”ဟု မေးရင်း တောင်းချီလိုက်လေသည်။ “အမယ်လေး ချစ်စရာကလေး။ ဝလိုက်တာ။ ငါ့ပေးပါတော့ကွဲ့”ဟု ပြောရင်း ဖောင်းကြွနေသော ပါးစုန့်ကလေးကို တရှုပ်ရှုပ်နမ်း၍ အားမရနိုင်ဘဲ သူ့ နှာခေါင်းကို ပါးပေါ်တွင်မြှုပ်၍ လှိမ့်ကာ နမ်း၍နေလေ၏။
မကြော့သည် နမ်း၍ဝသော် အထက်သို့ မြှောက်၍ ချီပြီး တစ်ဖန် ရွှေပန်းကလေးနှင့် သူ နဖူး ထိ၍ ဒီဒီကစားသလိုလုပ်လိုက်၊ ခုန်တော့မလိုဖြစ်လိုက်နှင့် ချစ်၍မဆုံး ဖြစ်နေပုံကို ဘထွန်းသည် အကြောင်သား ငေး၍ ကြည့်နေလေ၏။
ကိုမိုးက ဘထွန်းသို့ လှမ်း၍ “ကလေး အမေကကော”ဟု မေးရာ “လင်ငယ်နောက် လိုက်သွားတယ်။ ဖလားတစ်လုံးလည်း ပါသွားလေရဲ့”ဟု မပြောချင်ပြောချင်ပြောပြီး မိမိ ရှေ့ရေး ပြဿနာ၏အဖြေကိုသာ စဉ်းစား၍နေလေ၏။
“အင်း အကောင်းသားပဲကွ။ ဒါက မင့်မိန်းမ မင့်ကိုချွတ်ထားခဲ့တာပါကွ။ သူခိုးဘထွန်းကို အာယားဘထွန်းဖြစ်အောင် လုပ်ခဲ့တာပေါ့’
“အသာနေစမ်းပါဗျာ။ ဘာချွတ်ရမှာတုန်း။ သန္ဓေကပါလာတဲ့ သူခိုးဘထွန်းပဲ’ ကလေးကို မကြော့လက်မှ ပြန်၍ယူပြီးနောက် ကိုမိုးအိမ်မှ ထွက်ခဲ့လေ၏။ လမ်းပေါ်တွင် တွေ့ သမျှလူအပေါင်းက မိမိအား သရော်ပြောင်လှောင်လိုသော မျက်နှာထားနှင့် ကြည့်လိုက်ကြ သည်ဟု ထင်လေ၏။ တစ်ခါတစ်ရံ သူ့ မိန်းမ ဖွားသင်နှင့် ငတင်တို့သည် ကလူကျီစယ်နေရာမှ သားထမ်း၍လမ်းလျှောက်နေသော သူ့အား တစ်အိမ်အိမ်၏အတွင်းမှ လက်ညှိုးထိုး၍ သရော်သလို နေကြမည်ထင်သဖြင့် ဝဲယာအိမ်များအတွင်းသို့ လှည့်၍ စူးစူးစိုက်စိုက် ကြည့်လိုက်မိသည်။ ဤကဲ့သို့ မှတ်ထင်မိလျှင် မိမိချီ၍ထားသော ကလေးကိုပင် မစင်ထုပ်ကို ကိုင်လာရသလို ရွံရှာ၍ လွှတ်ပစ်ချင်စိတ်များ ပေါ်ပေါက်၍လာလေ၏။ ဦးတည့်ရာထွက်ခဲ့သော ခြေလှမ်းသည် မြို့အစွန်ဆီသို့ ရောက်မှန်းမသိ ရောက်၍လာလေ၏။ ဇရပ်ကလေးတစ်ခုကို မြင်သဖြင့် ဘထွန်း သည် ဇရပ်ဆီသို့ မှန်း၍သွားလေ၏။ ထိုဇရပ်သို့ ဝင်ခြင်းမဟုတ်ပေ။ ဘာကိုလုပ်ရမည်ကို မသိသဖြင့် ယောင်ယမ်း၍ ဝင်သွားခြင်းဖြစ်လေသည်။
ဇရပ်ပေါ်သို့ရောက်သော် လက်မှ ကလေးကို ပေါင်ပေါ်တွင်တင်၍ထားပြီး ငုံ့၍ကြည့်နေ လေ၏။ ကလေးသည် လက်သည်းကလေးကို စုပ်၍ စဉ်းစားတွေးတောနေသကဲ့သို့ ဘထွန်းအား စိုက်၍ကြည့်နေလေ၏။ ထိုအတွင်း ပေါင်ကြားမှ နွေးခနဲဖြစ်သဖြင့် ဘာပါလိမ့်ဟု စမ်းလိုက်ရာ ကလေးသေးပေါက်ချမှန်း သိရလေ၏။
ဤကလေးကို ဘယ်သို့စီရင်ပေးရမည်နည်း ဟူသော ကိစ္စသည် ခရီးဝေးဝေးကို စူးစူး စိုက်စိုက် လှမ်း၍ကြည့်လေ ကွဲပြားစွာ မမြင်ရလေ ဖြစ်သကဲ့သို့ သူ့ဦးနှောက်သည် ရှုပ်သည်ထက် ရှုပ်၍နေလေ၏။ တောထဲ ပစ်ထားလိုက်ရင်တော့ အေးတာပဲဟု တွေးမိသော ခဏ၌ “ငါ့သား ကလေးပါကလား”ဟူသော သတိရချက်သည် ရင်ထဲ၌ နင့်ခနဲ ဖြစ်သွားလေ၏။ ငါနဲ့မွေးထားရင် ငါ့သွေးကလေးပဲဟု တောင်မသိမြောက်မသိရှိသေးသော လူမမည်ကလေးကို သနားစိတ်သည် တဖွားဖွားပေါ်၍လာလေ၏။ ခွန်အားခြင်းမျှတသော ရန်သူကို နိုင်သလို နှိပ်စက်ရာ၌ ဝန်မလေးသော်လည်း သေးငယ်သော သတ္တဝါအပေါ်တွင် လူ့စိတ်သည် အနိုင်ကျင့်ရာ၌ ဝန်လေးသလို မိမိ၏ ရှစ်လသားကလေးကို ထင်သလိုမလုပ်ရက်ပေ။ မ၍ချီပြီး လက်မောင်းပေါ်တွင် ကိုယ်နှင့် ထိနိုင်သမျှ ထိအောင်ပွေ့၍ ထားလိုက်သောအခါ ကလေးသည် သူ့ ပုံပန်းနှင့်မခြား တူသည်ဟု အောက်မေ့သဖြင့် ဝမ်းမြောက်ခြင်းသည် တစ်ကိုယ်လုံး ပူနွေး၍သွားသည်ဟု မှတ်ထင်ရလေ၏။ မင်း ငါ့သားပဲ မဟုတ်လား၊ ဟင်..အေ..။ ငါကလည်း မွေးတာပဲ။ ငါ့သားပေါ့။
မင့်အမေကတော့ သားနဲ့လင်ပစ်ပြီး လင်ငယ်နောက်လိုက်တယ်။ ငါခိုးလာတဲ့ ဖလားလည်း လင်ငယ်ဖို့ ယူသွားတယ်။ ကောင်းတယ်ကွာ။ အားကြီးကောင်း။ မင်းကော အမေ့အကျင့်လိုက်မှာပဲလား။ ဘထွန်းစိတ်သည် ချာချာလည်၍ ဇရပ်ခါးပန်းကိုမှီရပ် ရပ်နေသော ခြေထောက် အောက်က မြေကြီးသည် ချိုင့်၍ဝင်သွားသည်ထင်သဖြင့် ကိုင်၍ဟန်သလို လုပ်လိုက်လေ၏ ။ ထိုနောက် ဆတ်ခနဲ မတ်တတ်ရပ်ပြီးနောက် ချောင်းကမ်းပါးဆီသို့ လျှောက်၍သွားပြီး သစ်ပင်ရင်း ချောင်းကမ်းပါးထိပ်တွင် ကလေးကိုသိပ်၍ ပစ်ခဲ့လေ၏။ သစ်ပင်ကွယ်မှနေ၍ ကလေးဘာလုပ်နေ သလဲဟုချောင်းကြည့်ရာ ခြေနှစ်ချောင်းကိုထောင်၍ လက်လေးမြှောက်၍ ကလေးသည် မညီညွတ်သော မြေကြီးကြောင့် နာ၍လားမသိ ကျယ်လောင်စွာ ငိုလေ၏။ ရုတ်တရက် အငိုရပ်ပြီးသော် ခေါင်းကို ဘထွန်းဘက်သို့ ငဲ့ပြီး ငြိမ်နေပြန်လေသည်။
ငိုသဖြင့် မော၍သွားသော ရင်ကလေးသည် နိမ့်ချည်မြင့်ချည်နှင့် ဖြစ်၍နေလေသည်။ သစ်ပင်တစ်ပင်မှ တစ်ပင်သို့ ကူးပြောင်း၍ လှည့်ကာ ကြည့်သွားသော ဘထွန်းသည် အတန်ကြာသော် အတော်ဝေးသွား၍ ကလေးကို လုံးဝမမြင်တော့ပေ။ ထိုအခါ ခြေလှမ်းမှန်မှန်မှ ကဆုန်ချ၍ ပြေးလေ၏။ သို့ပြေးစဉ်တွင် သူနား၌ ကလေးငိုသံသည် ဝင်၍လာ၏။ ဤအကြိမ် တွင်ကား စိတ်ကကြားသည့်အသံဖြစ်၍ ဝေးအောင်ပြေးလေ ဆိတ်ဖို့ ဝေးစွ တိုး၍ကျယ်လေ ဖြစ်လေ၏။
ချောင်းကမ်းပါးကနေပြီး လိမ့်ကျလေမလားဟု တွေးမိသဖြင့် သူ့ခေါင်းသည် မိုက်ခနဲဖြစ်၍သွား၏။ လည်၍နေသော ဒလက်ကို တုတ်လျှို၍ပစ်လိုက်သလို ဘယ်ပြီး ညာလှမ်းနေသော ခြေနှစ်ချောင်းသည် တုံ့၍ရပ်သွားလေ၏။ ပြေးသဖြင့် ဆတ်ဆတ်ခုန်နေသော နှလုံးသည် စက်ပျက် သွားသလို အလှုပ်ရပ်၍သွားသည်ဟု ထင်လိုက်ရ၏။
သို့သော် ဟယ်ဟုဆို၍ ဆက်ပြေးပြန်လေ၏။ ဤအကြိမ် ခြေလှမ်းတို့ကား ယခင်ကဲ့သို့ သွက်လက်တော့သည် မဟုတ်။ အထူးဝီရိယစိုက်၍ တစ်လှမ်းပြီးတစ်လှမ်း ရုပ်သိမ်းရသလို လေး၍ နေလေ၏။ သို့ဖြစ်၍ ရပ်တန့်ပြီးသော် နောက်သို့ လာလမ်းအတိုင်း ပြန်၍ပြေးပြန်လေ၏။ ဘထွန်း သိပ်၍ထားခဲ့သော သစ်ပင်ရင်းတွင် ကလေးသည် တအာအာနှင့် ငို၍နေလေ၏။ ကလေးကို လျင်မြန်စွာ ကောက်ချီ၍ အားရပါးရ နမ်းပြီးသော် “တိတ်ပါသားရယ်၊ အဖေနဲ့ အိမ်ပြန်ကြတာပေါ့”ဟု ဆိုလိုက်လေသတည်း။
(မူလက ‘မြမဉ္ဇူ’အမည်နှင့် ရေးခဲ့သည်)