ရတနာသိုက်ရှာပုံတော်(စ/ဆုံး)
—————————-
ရှမ်းပြည်နယ်တောင်ပိုင်း၏ မြို့တော် တောင်ကြီးမြို့၏ အနီးတဝိုက်၀န်းကျင်ရှိ ရွာများစွာတွင် စိတ်၀င်စားဖွယ်ရာ သဘာ၀၀န်းကျင်အနေအထားများနှင့် ဂျပန်ခေတ်မှ ရာဇ၀င်အချို့ ရှိခဲ့ဖူးသော နေရာများစွာ ရှိနေသည်ကို သိသူအတော် ရှားမည်ဟုထင်ပါသည်။
ကျွန်ုပ်သည် ပအိုဝ်းလူမျိုးတစ်ဦးဖြစ်ကာ အမည်အား တကျော် တနည်းအားဖြင့် ကွီဖာကျော် ( သမီးအကြီးဆုံး နန်းကွီအားအစွဲပြုကာ နန်းကွီ၏အဖေ ဖြစ်သောကြောင့် ကွီဖာ ကျွန်ုပ်နာမည်က တကျော်မို့ ကွီဖာကျော် ) ဟူ၍ခေါ်တတ်ကြသေးလေသည်။
ဗမာလို ဦးကျော်ဟုသာ စာဖတ်သူတို့ အလွယ်တကူ မှတ်သားကြစေလိုပါသည်။
ကျွန်ုပ်သည် ရှေးဟောင်းပစ္စည်းများအား ရှာဖွေစုဆောင်းရသည်အား အလွန်ဝါသနာထုံသည့် အပြင် ရတနာသိုက်များအား ရှာဖွေရသည်ကိုလည်း အထူးစိတ်၀င်စားသူလည်းဖြစ်၏။
သို့သော် ကျွန်ုပ်တို့ ပအိုဝ်းလူမျိုးများက ဘာသာရေးအား အထူးယုံကြည် ရိုသေလေးစားကြသူများဖြစ်သည့်အလျှောက် ဘုရားသိုက်များအား စိတ်နှင့်ပင် မပြစ်မှားပါချေ။
ကျွန်ုပ်အထူးစိတ်၀င်စားသော သိုက်မှာ ဂျပန်ခေတ်တွင် ဂျပန်တပ်များအရေးနိမ့်ကာ ထွက်ပြေးရာ လမ်းတလျှောက်တွင် ရတနာပစ္စည်းများအားသယ်ဆောင်ကာ ဆုတ်ခွာပြေးကြစဉ် အချို့ရတနာများအား သူတို့ဆုတ်ခွာပြေးရာ လမ်းတစ်လျှောက်တွင် မြှုပ်နှံသိမ်းဆည်းခဲ့ကြသည့် ပိုင်ရှင်မဲ့ ရတနာသိုက်မျိုးကိုသာ အထူးစိတ်၀င်စားခဲ့ခြင်းဖြစ်သည်။
ကျွန်ုပ်တို့ပအိုဝ်းလူမျိုးများနှင့် ဂျပန်လူမျိုးများသည် အတော်လေးပင် ရေစက်ရှိခဲ့ကြသည်လား မဆိုတတ်ပေ။
ကျွန်ုပ်ဤသို့ ဆိုရခြင်းမှာလည်း ခိုင်လုံသော အကြောင်းအရာများရှိသောကြောင့်ဖြစ်သည်။
ကျွန်ုပ်သည် တောင်ကြီးမြို့မှ မွေတော်က္ကူဘုရားသို့ သွားရာလမ်းပေါ် ထန်းဘုရားအနီးရှိ ရွာလေးတစ်ရွာတွင် နေထိုင်သူဖြစ်လေသည်။
တောင်ကြီးမြို့၏ အထင်ကရနေရာဖြစ်သော တန်ဆောင်တိုင်ပွဲတော် ကျင်းပရာ အဝေရာ မီးပုံးပျံကွင်းဘက်မှတစ်ဆင့် ဂနိုင်ရွေး၊ ပန်တခွားရွာ၊ ၊ လွယ်ကောင်း၊ ဖာမွန်း၊ နားဘောင် အစရှိသဖြင့် ရွာများအစဉ်လိုက်ရှိလေသည်။
ထိုရွာများသည် တောင်ကြီးမြို့မှ မွေတော်က္ကူဘုရားသို့သွားရာ လမ်းတစ်လျှောက်ရှိ ရွာများဖြစ်ကြသည်။
ထိုဒေသရှိ ကျေးလက်စာသင်ကျောင်း အတော်များများတွင် ဂျပန်မှ အလှူရှင်များက လှူဒါန်းထားသော ကျောင်းဆောင် အတော်များများကိုလည်း တွေ့ကြရသည်။
ဂျပန်အလှူရှင် အချို့၏ စကားအရ သူတို့၏ ဘိုးဘေးများ၏ မှတ်တမ်းမှတ်ရာတွင် အပြစ်အချို့ကျူးလွန်မှုကို သူတို့၏မျိုးဆက်များက ပြန်၍ ပေးဆပ်လိုသဖြင့် ထိုနယ်များတွင် ပြန်၍ ကူညီလှူဒါန်းပေးခြင်းဖြစ်သည်ဟု ဆိုခြင်းအား မှတ်သားဖူး၏။
ထိုလမ်းမကြီးပေါ်တွင် ရှိသော နောင်ကားစံပြကျေးရွာကြီးရှိ အထက်တန်းကျောင်း၏ ဘော်ဒါဆောင်တွင် မိုရိတာယို ဟူသော အဆောင်အားလည်းတွေ့မြင်နိုင်သည်။
ထိုအဆောင်ကြီးသည် လမ်းဘေးတွင် ခန့်ထည်စွာရှိသည်ကို စာဖတ်သူများ တွေ့မြင်နိုင်သည်။
မိုရိတာယိုဆိုသူမှာ ဂျပန်မှ ကျောင်းသားတစ်ဦးဖြစ်သည်။
မိုရိတာယိုသည် တစ်ရက်တွင် ယာဉ်မတော်တဆဖြစ်ကာ သေဆုံးသွားလေသည်။
မိုရိတာယို၏ မိဘများက သူ၏သား အတွက် စုဆောင်းထားသော ပညာသင်စရိတ်များအား ထိုနောင်ကားကျေးရွာတွင် ဘော်ဒါဆောင်အဖြစ် ဆောက်လုပ်လှူဒါန်းပေးခဲ့လေသည်။
သူ၏သားလေးအား အမှတ်ရသောအားဖြင့် အဆောင်၏အမည်အား မိုရိတာယို အဆောင်ဟု အမည်တပ်ကာ လှူဒါန်းပေးခဲ့ခြင်းဖြစ်၏။
ထို့ပြင် ထိုလမ်းမကြီး ဘေးတွင် ကာယာမိုစီယာ ဟုခေါ်သော ဂျပန်အမည်ဖြင့် စံပြကျေးရွာလေးအားလည်း တွေ့မြင်နိုင်ပေသေးသည်။
ကျွန်ုပ်စိတ်၀င်စားသော သိုက်ဇာတ်လမ်းများသည် စာဖတ်သူတို့ သိသော ဘုရားသိုက်များကဲ့သို့ သမိုင်းသက်သေ အထောက်အထားဖြင့် မှတ်တမ်းတင်ထားသော သိုက်မျိုး မဟုတ်ပါချေ။
ကျွန်ုပ်တို့၏ ဘိုးဘေးများက နောင်လာနောက်သားများအား ပါးစပ်ရာဇ၀င် လက်ဆင့်ကမ်းပေးခဲ့ သော သိုက်ဇာတ်လမ်းများသာ ဖြစ်သဖြင့် အမှန်တစ်ကယ် ရှိခြင်း မရှိခြင်းကား အတည်ပြုရန်ခက်ခဲ လှပေသည်။
တဆင့်စကား တဆင့်နားဖြင့်သာ မှတ်သားလာရသောကြောင့် ဖြစ်သည်။
ကျွန်ုပ်သည် ရတနာကိစ္စများမှ မဟုတ် အထူးအဆန်း အကြောင်းအရာများအားလည်း လိုက်လံ စူးစမ်းတတ်သူမို့ ထို၀န်းကျင်ရှိ သူများကြားတွင် အနည်းငယ် ဗဟုသုတ အတွေ့အကြုံရှိသူတစ်ယောက်ဟုပင် ဆိုရပေမည်။
ကျွန်ုပ်သည် တစ်ဦးတည်း စူးစမ်းရှာဖွေ ကျင်လည်သူတစ်ဦးတော့ မဟုတ်ပါချေ။
ကျွန်ုပ်နှင့် ဝါသနာတူ မိတ်ဆွေ အပေါင်းအဖော်များလည်း ရှိပေသေးသည်။
ထိုသူများမှာ တမောင်း၊ တကွီး၊ တအောင် တို့ဖြစ်ကြလေသည်။
ဗမာလို ဦးမောင်း၊ ဦးကွီး၊ ဦးအောင်ဟုသာ အလွယ်မှတ်ထားကြစေလိုသည်။
“ဟေ့..မောင်ကျော် ဘာတွေ လုပ်နေတာလဲ ”
” ဟာလာကွာ၊ သူငယ်ချင်းတို့ ငါလည်း မသွားရတာ အတော်ကြာလို့ အိမ်ထဲမှာ ပျင်းရိနေတာပဲ
အကြောင်းထူး ရှိလို့လား မောင်ကျော် ”
” ရှိလို့လာတာပေါ့ကွာ ၊ တို့တွေ နားရီ ရွာ အနောက်ဘက်က တောင်ပေါ်ရွာ ထီနို့နားမှာ ရောင်စုံကျောက်တွေထွက်တဲ့ နေရာရှိတယ်တဲ့ ”
“သွားရမှာကတော့ သိပ်မဝေးဘူး၊ သေချာဖို့ပဲလိုတာ ”
” ဟာ မောင်ကွီးတူမက ထီနို့ရွာကဟ၊ သူကသေချာစုံစမ်းပြီးမှပြောတာ ၊ အဲ့ဒီရွာက အဖွားပြောပုံအရဆိုရင် ၊ အရင်က ချစ်တီးတွေနဲ့ ပါလာတဲ့ အိန္ဒိယ သားတွေဟာ အဲ့ဒီနေရာက ကျောက်တွေကိုယူပြီး သူတို့က လက်၀တ်ရတနာအဖြစ် ဆင်မြန်းကြတယ်တဲ့ ၊ သူတို့ထဲက ကျောက်သွေး သမားတွေက အဲ့ဒီကျောက်တွေကို အိန္ဒိယ အထိ သယ်သွားကြသတဲ့ ၊ အဖိုးတန်တာ မတန်တာတော့ ငါမသိဘူး ၊ စိတ်၀င်စားဖို့ ကောင်းတာကတော့ အမှန်ပဲ ”
” အင်း တို့တိုင်းရင်းသားတွေက ရိုးအ တော့ ဘာမှန်းတောင်သိကြမှာ မဟုတ်ဘူး၊ သနပ်ဖက်လှော်တာ လောက်ပဲ စိတ်၀င်စားကြတာ ”
“ကဲပါ မင်းလိုက်မယ် မို့လား ”
“လိုက်မှာပေါ့ ၊ ဟိုနှစ်ယောက်ကရော ဘယ်တော့လာမှာလဲ ”
“ခဏနေ ရောက်ကြမယ် ဂေါ်ပြားအသေးနဲ့ လိုတာတွေ ယူဦး၊ မိုးကာနဲ့ စောင်လဲ ယူခဲ့ တို့တွေ တစ်ညလောက် အိပ်ကြရအောင် အဲ့ဒီမှာ ”
“ကောင်းသားပဲကွာ”
မောင်ကျော်တို့လည်း လူစုံကြပြီမို့ ထော်လာဂျီဖြင့် လိုအပ်သည်များအား တင်ဆောင်ကာ ထွက်လာကြ၏။
လမ်းဘေးတွင်ရှိသော နားရီ ကျေးရွာ၏ ဆိုင်းဘုတ်မှ အနောက်ဖက်သို့ ကြည့်ပါက ထီနို့ရွာလေးအား တောင်ပေါ်တွင် မှိုင်းပြပြ မြင်နေရ၏။
လမ်းကတော့ ဆိုးသလားမဆိုနှင့် ထော်လာဂျီပင် ချိန်းပတ်ကာ မောင်းကြရသည်။
ထိုအချိန်က မိုးကာလမို့ သာ၍ပင် ဆိုးသေးလေသည်။
ထော်လာဂျီမောင်းရင်း မောင်ကျော်တစ်ယောက် ချွေးများပင် ရွှဲနေလေသည်။
သို့သော် သူတို့အတွက် ဤမျှခက်ခဲမှုတော့စာမဖွဲ့ကြပါချေ။
“နန်းကွံရေ နန်းကွံ”
” ဟာ ဦးလေးတို့ပါလား ၊ တထွန်းရေ ဒီမှာ ဦးလေးတို့လာတယ် ”
” နန်းကွံ နင့်ယောက်ျားသာ လမ်းပြအဖြစ်ထည့်လိုက် ငါတို့ နင့်အိမ်မ၀င်တော့ဘူး ”
ထိုအခါ နန်းကွံ၏အမျိုးသား တထွန်းက
” ရတယ်ဦးလေး ၊ ငါလိုက်ပြမယ် ၊ လိုက်ပြပြီးရင် ပြန်မယ် ၊ ငါအလုပ်ရှိသေးတယ် ”
” မင်းသဘောလေ ၊ မင်းက ဘာနဲ့ ပြန်မှာလဲ ”
” ရတယ် တပိုးဆိုင်ကယ် ခဏငှားလိုက်မယ် ”
” တထွန်းက DT ဘီးကြီးဖြင့် ရှေ့မှ မောင်းကာ မောင်ကျော်တို့ကထော်လာဂျီဖြင့် နောက်မှ လိုက်ခဲ့ကြခြင်းဖြစ်၏”
တထွန်း၏ ချိန်းပတ်ထားသော ဆိုင်ကယ်ကလည်း ရွှံများအား မနည်းရုန်းရသည်မို့ ခရီးကားသိပ်မတွင်လှပေ။
ထိုနေရာသည် ထီနို့နှင့် အနောက်ဖက်ရှိ ထီဝါးမူး ရွာလေး ကြားရှိ လမ်းမြောင်တစ်ခုထဲသို့ အတော်လေး၀င်ရသေးသည်။
ထိုနေရာသို့ ရောက်သောအခါ အတော်လေးပင် မှောင်နေပေပြီ။
သာမန်အချိန်ဆိုလျှင် ထိုမျှလောက် အချိန်မကြာလှသော်လည်း လမ်းအခြေအနေအရ ခရီးက မတွင်သောကြောင့် အချိန်တော်တော်များများ ကုန်ဆုံးသွားခြင်းကြောင့် မှောင်ရီသန်းချိန်မှသာ ထိုနေရာသို့ ရောက်လာကြရ၏။
” ကဲ ဦးကွီ ရေ ..ဒီနေရာပဲ … သတိဝီရိယနှင့်သာ အိပ်ကြဗျို့၊ ကျုပ်တော့ ပြန်ပြီ ”
” အေးပါကွာ သေချာဂရုစိုက်ပြန်ဟေ့ တထွန်းရေ”
တထွန်းဆိုင်ကယ်ထွက်ခွာသွားပြီး ဦးကျော်တို့လည်း သစ်ပင်ကြီးများအောက်၌ နေရာယူလိုက်ကြ၏။
သူတို့လည်း ပင်ပန်းလွန်းသဖြင့် ခတ္တနားကာ ခေါင်းစွပ်ဓါတ်မီးများဖြင့် ထိုကျောက်ဆောင်မှ ကျောက်များအား အနည်းငယ်ဆီ ယူခဲ့ကြကာ အိပ်ရန်ပြင်ဆင်ကြတော့သည်။
” ဟာ ကျောက်တွေက ထူးဆန်းတယ်၊ အတော်လှတယ် ၊ ကြည့်စမ်း၊ ခရမ်းရောင်၊ အဝါရောင် ၊ လိမ္မော်ရောင် ၊ အမည်းရောင်တွေ အတန်းလိုက်ပါတယ် ”
” ဟုတ်တယ်ကွ၊ ဒါကြောင့် အိန္ဒိယက လူတွေ လက်၀တ်ရတနာ အနေနဲ့ သုံးတာနေမှာ၊ ဒါပေမဲ့ ကျောက်တွေက ကြေလွယ်မယ်ထင်တယ် ”
သူတို့လေးယောက်လဲ ကျောက်များအကြောင်း ဝေဖန်လေကန်ကြရင်း အိပ်လိုက်ကြတော့သည်။
ထိုညက မိုးများကတဖွဲဖွဲ ရွာနေသောကြောင့် သူတို့၏ ရွက်ဖျင်တဲလေးပေါ်၌ မိုးစက်ကျသံ တဖျောက်ဖျောက်ကြားနေရ၏။
အေးစိမ့်နေသော ရာသီဥတုကြောင့် လေးယောက်သား ပူးပူးကပ်ကပ်အိပ်လိုက်ကြသည်။
ရှပ် ..ရှပ်..ရှပ်
ခြေသံကြောင့် မောင်ကျော် အိပ်နေရာမှ နိုးလာသည်။
သူသည် အစွန်ဘက်ဆုံးတွင် အိပ်သောကြောင့် မိုးကာဘေး အပြင်မှ ခြေသံအား အနီးကပ်ကြားရသဖြင့် နိုးလာခြင်းဖြစ်၏။
” ဟင် ခြေသံပါလား၊ ငါတို့ရွက်ဖျင်တဲ ကို ပတ်ပြီးလျှောက်နေပါလား ”
အခြားသူများက ဟောက်ပင် ဟောက်နေသေးသည်။
သူလည်း ခေါင်းစွပ်ဓါတ်မီးအား သူ၏ခေါင်းတွင်စွပ်လိုက်ကာ ရွက်ဖျင်တဲ အပြင်ဘက်ထွက်ကြည့်လိုက်ရာ
” ဟာ ”
မြင်လိုက်ရသောမြင်ကွင်းကြောင့် သူ၏ခြေလှမ်းများပင် နောက်တလှမ်းဆုတ်မိသွား၏။
သူ့အားကျောပေးကာ ရပ်နေသော ပုဏ္ဏား၀တ်စုံအဖြူကို၀တ်ဆင်ကာ ကတုံးပြောင်ပြောင်ဖြင့် လူတစ်ဦး။
သူ၏လည်ချောင်းများ ခြောက်ကပ်ကာ အာစေးထည့်ထားသော လူတစ်ဦးပမာ။
သူ၏ပုခုံးအား နောက်မှရုတ်တရက် လှမ်းပုတ်သောကြောင့် လန့်ဖျတ်ကာ လှည့်ကြည့်လိုက်ရာ
မောင်ကွီးအားတွေ့လိုက်ရ၏။
သူရှေ့မှလူအားပြန်ကြည့်တော့ မတွေ့ရတော့ပေ။
” မောင်ကျော် မင်းဘာတွေ့လိုက်လို့လဲ ”
” လူတစ်ယောက် ၊ ပုဏ္ဏား၀တ်စုံနဲ့ ကတုံးနဲ့ လူတစ်ယောက် ”
မောင်ကွီးက တိတ်တိတ်နေဟူသောဟန်ဖြင့် သူ့အားပြကာ ကျောက်ဆောင်ဘေး၌ လှုပ်ရှားနေသော အရာအား ဓါတ်မီးဖြင့် ထိုးကြည့်လိုက်ရာ
” ဟာ ”
” အမယ်လေး ”
နှစ်ဦးသား အလန့်တကြား အော်မိကြ၏။
မြင်လိုက်ရသည်ကား
ဆာရီ၀တ်ဆင်ထားသော မိန်းမတစ်ဦးသည် ကျောက်ဆောင်ဘေးတွင် ကုန်းကုန်းကွကွဖြင့် တစ်စုံတစ်ခုအား ရှာဖွေနေပုံ ရ၏။
ထိုအမျိုးသမီး၏ ခန္ဓာကိုယ်မှာ ရွှံများပေးကျံနေပြီး မျက်နှာမှာ နှာခေါင်းနေရာ၌ အတော်လေးချိုင့်၀င်နေကာ မျက်လုံးမှာလည်း သာမန်ထက်အတော်လေးပြူးကျယ်နေပြီး ပါးစပ်တော့ မပါပေ။
သူတို့နှစ်ဦးအား သူမက ပြူးကြောင်ကာ ကြည့်နေပြီး မတ်တပ်ထရပ်လိုက်၏။
” လာမောင်ကွီး ၊ ရွက်ဖျင်တဲထဲ ပြန်၀င်ရအောင် ”
မောင်ကျော်လည်း တုန်ချိစွာ ရွက်ဖျင်တဲထဲ ၀င်လိုက်ကြရာ
” ဟာ … ကတုံးကြီး ဟိုကောင်နှစ်ယောက်ကို လည်ပင်း ညစ်နေတယ်ဟေ့ ၊ မောင်ကွီး ဂေါ်ပြားယူ ”
အ၀တ်ဖြူ၀တ်ထားသော ကတုံးနှင့်လူက အိပ်နေသော သူ၏ သူငယ်ချင်းနှစ်ယာက်အား ကားယားခွကာ သူ၏ လက်နှစ်ဖက်က နှစ်ယောက်လုံး၏ လည်ပင်းအား ညှစ်နေခြင်းဖြစ်၏။
မောင်ကျော်လည်း မောင်ကွီးပေးသော ဂေါ်ပြားဖြင့် ထိုသူ၏ နားထင်အား ဘေးမှ လွှဲရိုက်လိုက်၏။
တုံ တုံ
ရာဘာတုံးအား လွှဲရိုက်သကဲ့ သို့ တတုံတုံ အသံများမြည်ကာ ထိုသူက သူ့အား လှည့်ကြည့်လာရာ
” ဟာ ဘာကောင်လဲဟ ”
ထိုကတုံး၏ မျက်နှာက မျက်စိတလုံးသာ ပါကာ နှာခေါင်းမပါ ပါးစပ်က ပြဲလျှက် တဟီးဟီး ရယ်နေလေသည်။
အိပ်နေသော နှစ်ယောက်လဲ လန့်နိုးလာ သူတို့ခေါင်းရင်းရှိ ရေဘူးမှ ရေဖြင့် ထိုသူအားပက်လိုက်ရာ အခိုးအငွေ့ဖြင့် ပျောက်ကွယ်သွား၏။
သူတို့လည်း ပစ္စည်းများအား ကတိုက်ကရိုက် ထော်လာဂျီ ပေါ်ပစ်တင်ကြကာ ညတွင်းချင်း ပြန်ပြေးကြရလေတော့သည်။
အသွားတုန်းက ခက်ခက်ခဲမောင်းရသော လမ်းက ဇောကြောင့်လား မသိ အချိန်တိုအတွင်း လမ်းမကြီးထက် ပြန်ရောက်လာကြတော့သည်။
ပတ်၀န်းကျင်တခွင် တိတ်ဆိတ်နေသော အမှောင်ယံည၌ မောင်ကျော်တို့ ၏ ထော်လာဂျီသံလေးကား ကမ္ဘာပျက်သည့်နှယ် တဒုတ်ဒုတ်အော်မြည်ကာ ခုန်ပေါက်ပြေးလွှားနေလေသည်။
ထော်လာဂျီပေါ်၌ လေးဦးသား ချမ်းစိမ့်နေသော ရာသီဥတုကြား ဇောချွေးများဖြင့် ရွှဲစိုနေကြကာ တစ်ဦးကို တစ်ဦးပင် စကားမပြောမိကြပါချေ။
“နန်းလုံ..မိန်းမရေ ၊ သမီးနန်းကွီရေ တံခါးဖွင့်ဟေ့”
” ဟင် ညကြီးမင်းကြီး ဘာဖြစ်လာကြတာလဲ ယောက်ျား ”
” နောက်မှမေးဟေ့ ၊ နားဦးမယ်ဟ ”
မောင်ကျော်၏ အိမ်ရောက်မှသာ လေးဦးသား အသက်၀၀ရှူကြရတော့၏။
” အမယ်လေး ၊ ငါ့မှာ ပရိတ်ရေဘူးပါလို့ တော်သေးတယ် ”
တအောင်၏ စကားကြောင့် အားလုံးက ခေါင်းညိမ့်လိုက်ကြပြီး
” ကြမ်းမှကြမ်းကွာ၊ ငါတော့ လိပ်ပြာလွင့်မတတ်ပဲ ၊ မင်းတို့နှစ်ယောက်က ဆာရီ၀တ်နဲ့ မိန်းမကြီးကို မမြင်လိုက်ရလို့.. ဆိုးမှဆိုးပဲ ”
” ဟုတ်ပကွာ နောက်များတော့ ညဘက် တောထဲ တောင်ထဲ မအိပ်ရဲလောက်အောင်ပဲ ”
လေးယောက်သား ထိုအကြောင်းအရာများအား ညလုံးပေါက်ပြောကြကာ မနက်မိုးလင်းမှသာ အိပ်ပျော်သွားကြလေတော့သည်။
ထိုအဖြစ်ပျက်များဖြစ်ပြီး တစ်လခန့်အကြာတွင် ကျွန်ုပ်တို့ထပ်မံကြုံတွေ့ရသော အဖြစ်အပျက်များက ကျွန်ုပ်၏ ဝါသနားအား ထာ၀ရစွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ရသော အဖြစ်အပျက်များပင် ဖြစ်ခဲ့လေသည်။
” တကျော်ရေ ”
” ဟာ လူစုံသက်စုံပါလား ၊ ဧည့်သည်ရော ပါလာပါလားဟေ့ ”
” ဟုတ်တယ်ဟ၊ ဒီတစ်ခါတော့ အောင်မြင်ရင် အချီကြီးပဲ ”
” လာ အိမ်ပေါ်တက်ကြ ၊ အေးဆေးပြောရအောင် ”
” သူ့နာမည်က ခွန်နေသွေးတဲ့ ၊ သူ့ရဲ့ ညီက ဂျပန်မှာ ပညာတော်သင်သွားပြီး ပြန်လာတာ မကြာသေးဘူး ”
” ဟုတ်ကဲ့ နေသွေး ၊ တွေ့ရတာ ၀မ်းသာပါတယ် ”
” ဟုတ်ကဲ့ ကိုကျော် ထပ်တူ ၀မ်းသာပါတယ် ”
” ကဲ တကျော်ကို ပြောပြလိုက်ပါ နေသွေး ”
” ဒီလိုဗျ၊ ကျွန်တော့ညီက ဂျပန်မှာ ကျောင်းတက်ရင်း ဂျပန်သူ တိုမာစံ ဆိုတဲ့ မိန်းခလေးနဲ့ အတော်ရင်းနှီးခဲ့တယ် ၊ တိုမာစံ က ကျွန်တော့်ညီကို ပအိုဝ်းလူမျိုးမို့ သိပ်၀မ်းသာခဲ့တယ် ၊ တိုမာစံရဲ့ အဖိုးဟာ တစ်ချိန်က မြန်မာနိုင်ငံမှာ စစ်သားအဖြစ်တာ၀န်ထမ်းဆောင်ဖူးတယ်၊ သူဟာ အင်မတန်ကံကောင်းလို့သာ အသက်မသေပဲ ဂျပန်ကို ပြန်ရောက်လာတယ်တဲ့ ၊ သူ့အဖိုးဟာ သူတွေ့ကြုံရတဲ့ အဖြစ်တွေကို မှတ်တမ်းရေးခဲ့တယ် ၊ အထူးသဖြင့် သူတို့ ပြန်ဆုတ်ချိန်မှာ ရတနာသေတ္တာပါလာတယ်တဲ့ ”
နေသွေးက စကားပြောရင်းမောသွားဟန်ဖြင့် ရေနွေးကြမ်းအား တဖူးဖူးမှုတ်ကာ သောက်ချလိုက်ပြီးစကားဆက်လေသည်။
“သူတို့ ရတနာမြှုပ်နှံရာ နေရာကို မြေပုံဆွဲခဲ့တယ်။
အဲ့ဒီမြေပုံက အတိအကျတော့ မဟုတ်ပေမဲ့ အတော်လေး နီးစပ်တဲ့ အနေအထားတွေ ပါတယ် ။ အဲ့ဒီမြေပုံအရ ရတနာသေတ္တာဟာ ကျုပ်တို့ ရဲ့ ဒေသထဲမှာပဲ ”
” ရော့ ဒီမှာကြည့် ၊ ဒီမြေပုံကို တိုမာစံဟာ ကျုပ်ညီကိုပေးလိုက်တယ်၊ ရှာလိုရင်လဲရှာပါ ၊ ရှာမတွေ့ရင်တော့ ဒီမြေပုံကို ဖျက်ဆီးလိုက်ပါတဲ့ ၊ သူ့အဖိုးမှတ်တမ်းစာမှာ ဒီမြေပုံကို အဲ့ဒီဒေသမှာ နေထိုင်တဲ့ ပအိုဝ်းလူမျိုးတစ်ယောက်ကို ပေးစေလိုတယ်လို့ ရေးထားတယ်တဲ့၊ ဒါကြောင့်လဲ ဒီဒေသမှာ နေထိုင်တဲ့ ကျုပ်ညီလက်ထဲ တိုမာစံက ၀မ်းသာအားရ ထည့်ပေးခဲ့တာပဲ ၊ ကျုပ်ညီကတော့ ဒါတွေ စိတ်မ၀င်စားဘူး၊ ယုံလဲမယုံဘူး ၊ ကျုပ်ကတော့ ရှာကြည့်ချင်တယ် ၊ တွေ့ရင်လဲ ငါးယောက် အညီအမျှယူကြမယ် ၊ မတွေ့ရင်တော့ ကျုပ်ဒီမြေပုံကို မီးရှို့လိုက်မယ် ”
” ကောင်းပါတယ် ၊ ရှာကြတာပေါ့ ၊ ကျုပ်တို့ကိုတော့ယုံကြည်ပါနေသွေး ၊ ကျုပ်တို့က လောဘကြောင့် အလုပ်လုပ်နေကြတာ မဟုတ်ဘူး ၊ ဝါသနာပါလို့သာ လေ့လာကြတဲ့သဘော၊ ကျုပ်တို့တိုင်းရင်းသားချင်း ဘယ်တော့မှ သစ္စာမဖောက်ဘူး ၊ ဒါကို အကြွင်းမဲ့ ယုံကြည်ပါ”
” ယုံပါတယ်၊ ယုံလို့လည်း ကျုပ်ဒီအထိ ရောက်လာတာပေါ့ ”
ထိုမြေပုံအရ ကျွန်ုပ်တို့ နေထိုင်ရာဒေသ၏ အရှေ့တောင်ဘက်ရှိ တောင်ပေါ်သို့ သွားကြရမည်ဖြစ်သည်။
ကျုပ်တို့လည်း လိုအပ်သောပစ္စည်းများအားယူဆောင်ကြကာ DT ဆိုင်ကယ်ကြီးများဖြင့် ခရီးထွက်လာကြလေသည်။
ခရီးလမ်းတ၀က်ကျော်ပြီမို့ ကျုပ်တို့ အားလုံးလဲ တက်ကြွစွာ ခရီးဆက်လျှက်ရှိ၏။
“ဒီ မြေပုံအရဆို ကျုပ်တို့ ဂူနှစ်လုံးဆက်ထားတာကို တွေ့အောင်ရှာကြရမယ် ၊ ဂူကိုတွေ့ရင် မခက်ခဲတော့ဘူး ”
” ဟုတ်တယ်၊ ဒါပေမဲ့ ကျုပ်ကြားဖူးတာ တစ်ခုတော့ရှိတယ် ”
“ပြောလေ မောင်ကျော် ဘာများလဲ ”
” ရတနာတွေဟာ ပိုင်ရှင်မရှိရင် သိုက်ဖြစ်သွားပြီး အစောင့်တွေ ရှိတတ်တယ်တဲ့ ၊ ပြီးတော့ အရိမေတ္တယျ မြတ်စွာဘုရားပွင့်ရင် သာသနာအတွက် အဲ့ဒီရွှေငွေတွေကို အစောင့်တွေက ပြန်လှူကြသတဲ့ ၊ ဘုရားမပွင့်မချင်း အစောင့်တွေက ထိန်းသိမ်းထားကြရတယ်တဲ့ ”
” ခင်ဗျားပြောတာ ဖြစ်နိုင်ပါတယ်၊ ကျုပ်တို့က ရတော့လည်းယူကြမယ် ၊ မရတော့လည်း မြေပုံကို ဖျက်ဆီးလိုက်မယ် ၊ ဒါကြောင့် ဆိုးဆိုးရွားရွားတွေတော့ မကြုံရလောက်ပါဘူး ”
” မှန်တယ်နေသွေး ၊ အမှန်ပဲ ၊ ကျုပ်တို့က လောဘသားကောင်တွေ မဟုတ်တော့ ဘာမှ ဆိုးဆိုးရွားရွားတော့ မကြုံရလောက်ပါဘူး ”
တကျော်၏ စကားကို အားလုံးက ထောက်ခံသည့် အနေဖြင့် ခေါင်းငြိမ့်လိုက်ကြလေသည်။
ခရီးဆက်လာရင်း အတော်မှောင်လာပြီ ဖြစ်ရာ အားလုံးက ပင်ပန်းနေကြလေသည်။
တောလမ်းခရီးမို့ ဆိုင်ကယ်များအား ရွာတစ်ရွာတွင်အပ်နှံကာ ခြေလျှင် ခရီးဆက်လာကြခြင်းဖြစ်၏။
” ဟာ ဟိုခြုံတွေနဲ့ ပိတ်နေတာ ဂူမို့လား ”
” ဟာ ဟုတ်တယ်ဟေ့ ၊ ငါတို့တော့ ဂူကြီးကို ရှာတွေ့ပြီဟေ့ ”
သူတို့အုပ်စုလည်း ဂူပေါက်၀ရှိ ခြုံနွယ်များအား မမောနိုင် မပန်းနိုင် ရှင်းလင်းလိုက်ကြရာ မကြာမီ ဂူထဲ သို့ ၀င်နိုင်သည့် အနေအထားအားတွေ့လိုက်ကြသည်။
သူတို့လည်း အသင့်ပါလာသော ရေနံဂျီးဆွတ်ထားသော ပုဆိုးစုတ်အား တုတ်တစ်ချောင်းတွင်ပတ်ချည်ကာ မီးတို့လိုက်ကြ၏။
ဝှီး ဖလပ် ဖလပ် ဖလပ်
မီးအလင်းရောင်ကြောင့် ဂူထဲမှ လင်းနို့ တစ်အုပ် အလန့်တကြား ထပျံကြ၏။
သူတို့လည်း မီးတုတ်အား အားပြုကာ ဂူထဲ၀င်ခဲ့ ကြလေရာ
” ဟာ ” ” ဟင်”
” ဟာ လူအရိုးစုတွေ မနည်းပါလား ”
” ဟာဒီမှာ စာရေးထားတယ် ”
ရတနာလိုချင်
လိုက်မိလျှင်
အသေဆိုးနှင့် သေကြရသည်
ရတနာစောင့် ဝိဉာဉ်များကြောင့်
သင်လည်းအသက်ပျောက်ရမည်
ရတနာသိုက် အစောင့်၌
နဂါးမြွေကြီး ရှိလေသည်
ဟူသောစာအား မီးသွေးခဲဖြင့်ရေးထားသည်ကို တွေ့လိုက်ရ၏။
နေသွေးက ထိုစာအားဖတ်ပြီး သူ၏မျက်နှာမှာ သွေးဆုတ်ဖြူဖျော့သွား၏။
” ဟာ ကျုပ်တို့ နောက်လှည့်ပြန်မှရမယ် ၊ ရတနာတွေဟာ ကျုပ်တို့ထင်သလို မရိုးရှင်းဘူး ”
” အမှန်ပဲ ၊ ဒီလူအရိုးစုတွေက သက်သေပဲ ”
“ကျုပ်တို့ ဒီည ဘယ်မှာအိပ်ကြမလဲ ၊ ကျုပ်တော့ဒီဂူထဲ မအိပ်ရဲဘူး ”
“တို့တွေ ဟိုက သစ်ပင်ကြီးအောက်မှာပဲ အိပ်ကြမယ် ”
နေသွေး၏ စကားကို အားလုံးက သဘောတူကြသဖြင့် ရွက်ဖျင်တဲလေးအား သစ်ပင်ကြီး အောက်တွင်သာ တည်ခင်းလိုက်ကြ၏။
မီးတုတ်အား မြေပေါ်တွင် စိုက်ထားလိုက်ကြ၏။
“ကဲ အိပ်ရအောင် ၊ ညနက်နေပြီ”
” အီးဟီး ဟီး ၊ လူသစ်တွေ လာကြပြီ၊ အစောင့်လဲမယ် ၊ အစောင့်လဲမယ် ”
“ဟာ ဂူကြီးဘက်က အသံတွေပါလား ”
အော်ညည်းသံများကြောင့် ဂူ၀အား ကြည့်လိုက်ရာ
ရုပ်ပျက်ဆင်းပျက် ဂျပန်စစ်သား အချို့နှင့် အင်္ကျီမပါ ပုဆိုးတိုတိုဖြင့် လူအချို့က ပါးစပ်မှ ပလုံးပထွေးဖြင့် ညည်းညူကာ သူတို့၏ ရွက်ဖျင်တဲ ဆီသို့ တရွေ့ရွေ့ တလှမ်းချင်း လျှောက်လာကြ၏။
” ဟာ သရဲတွေ ၊ ဂူထဲက သရဲတွေထွက်လာပြီ၊ ပြေးကြဟေ့ ပြေးကြ ၊ လူစု မကွဲစေနဲ့ ”
အားလုံးက လက်နှိပ်ဓာတ်မီးကိုယ်စီဖြင့် ခြေဦးတည့်ရာ အရပ်သို့ အုပ်စုလိုက်ပြေးကြရလေသည်။
ဆူးခြုံများအား ဖြတ်သန်းပြေးလွှားရသောကြောင့် အ၀တ်အစားများပင် စုတ်ပြတ်သတ်ကုန်ကြ၏။
” ဟောဟဲ ..ဟောဟဲ ”
” အဟွတ် … အဟွတ် .. အဟွတ် ”
” လူစုံလား .. ကျုပ်တို့ ငါးယောက်လုံး စုံလား ”
” စုံတယ် … တော်သေးတယ် .. အမလေး .. မောလိုက်တာ ”
အားလုံးက အလွန်ပင် မောဟိုက်ပင်ပန်းကာ ဆက်မပြေးနိုင်ကြတော့ပေ။
” ကျုပ်တို့ ဂူနဲ့ ဝေးလောက်ပြီ။ ဒီမှာ အိပ်ကြရအောင် ၊ တောကောင် အန္တရာယ် ရှိတယ် ၊ မီးခြစ်ပါကြသေးလား ၊ သစ်ကိုင်းခြောက်တွေ ကောက်ပြီး မီးဖိုရအောင် ”
” ပါတယ် ၊ ကျုပ်မှာ မီးခြစ်ပါတယ် ”
“တော်သေးတယ် ပါလာလို့”
” ရွက်ဖျင်တဲလဲ ကျန်ခဲ့ပြီဆိုတော့ သတိနဲ့ အိပ်ကြ”
အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် ပြေးလာကြရသောကြောင့် ဓါတ်မီးနှင့် မီးခြစ်ကလွဲ၍ သူတို့ထံ မည်သည့် အရာမျှ ပါမလာတော့ချေ။
ထင်းခြောက်ဖြင့် မီးဖိုပြီး မကြာမီ သူတို့ရပ်တည်ရာ မြေကြီးသည် တဖြေးဖြေးလှုပ်ရှားလာလေသည်။
” ဟာ ငလျှင်လှုပ်တယ် ၊ ငလျှင်လှုပ်ပြီ ”
” ဟာ မဟုတ်ဘူး ဧရာမမြွေကြီးဟ၊ ငါတို့ မြွေကြီးပေါ်မှာ မီးဖိုမိလို့ သူလှုပ်နေတာ ”
” ဟုတ်တယ်ဟေ့ ၊ဘယ်ကတည်းက အိပ်နေလဲ မသိဘူး ၊ သူ့အပေါ်မှာ သစ်ပင်တွေတောင် ပေါက်နေပြီ၊ ဟိုဂူထဲက သိုက်စောင့် မြွေနဂါး ဆိုတာ ဖြစ်မယ် ၊ လာကြဟေ့ ပြေးကြ ၊ ပြေးပြေး လွတ်အောင်ပြေး ၊ လူစု မကွဲစေနဲ့ ”
တကျော်တို့ အုပ်စု အလန့်တကြား ထွက်ပြေးကြရပြန်လေသည်။
လူစုမကွဲ၍သာတော်သေး၏။
မည်မျှပြေးလွှား လာကြသည်မသိ မီးရောင်များအားမြင်လိုက်ကြရသောအခါ
” ကယ်ကြပါဗျို့ မြွေကြီး ၊ မြွေကြီး ”
” ဟာ ညဘက်ကြီး ဘယ်သူတွေလဲကွ ”
လူသံများကြားလိုက်ရသောအခါ အားလုံးက စိတ်လျှော့လိုက်ကြသည်လား မပြောတတ် သတိလစ် မေ့မြောသွားကြလေသည်။
သူတို့သတိရသောအခါ တိုက်နယ်ဆေးရုံလေးတစ်ခုသို့ ရောက်ရှိနေကြလေသည်။
ရလာသောဒဏ်ရာများ ကြောင့် သုံးရက်ခန့်ဆေးကုသမှုအားခံယူကြရလေသည်။
နေသွေး၏ ညီဖြစ်သူမှ
” အစ်ကိုနေသွေးရယ် မသေကောင်းမပျောက်ကောင်း ပဲ ၊
ကဲ အစ်ကို့သူငယ်ချင်းအားလုံးလဲ ဆေးရုံက ဆင်းရင် ကျုပ်တို့အိမ်ကို လိုက်ခဲ့ပြီး အနားယူကြဦး၊ ဆေးဖိုးဝါးခတွေ အကုန်ရှင်းပြီးပါပြီ”
တကျော်တို့လည်း နေသွေးအိမ်သို့ လိုက်ကာ အနားယူကြရလေသည်။
နေသွေးက ရတနာ မြေပုံအား ထုတ်ကြည့်ပြီး
” ဟာကျုပ်တို့ ဂူဘက်ကနေ ပြေးလွှားရင်း ရတနာသေတ္တာမြှုပ်ထားတဲ့ နေရာကို ရောက်ခဲ့ကြတာပဲ ၊
တွေ့လား ဒီမှာ ညောင်ပင်နှစ်ပင် အမှတ်အသား ”
” ဒါဆိုမြွေကြီးက ရတာမြှုပ်ထားတဲ့ နေရာပေါ်မှာ နှစ်ရှည်လများစွာ အိပ်ရင်းစောင့်နေတာ နေမှာ ”
” ဟုတ်မှာနေသွေး ၊ မင်းဒီရတနာမြေပုံ ကိုခု မီးရှို့လိုက်သင့်ပြီ ”
“ဟုတ်တယ် ၊ လူတွေ အသက်တွေ ထပ်မဆုံးရှုံးဖို့ ဒီမြေပုံကို မီးရှို့သင့်တယ်၊ ငါတို့ ဒီရတနာမြေပုံကြောင့် အန္တရာယ်ကြုံခဲ့ရတဲ့ နောက်ဆုံးလူတွေ ဖြစ်ပါစေ”
နေသွေးက ရတနာမြေပုံအား မီးဖိုထဲ ပစ်ထည့်လိုက်၏။
ထိုရတနာမြေပုံ မီးလောင်သွားသည်ကို ကြည့်ကာ ငါးယောက်လုံး သဘောကျစွာ တဟားဟား ရယ်မောလိုက်ကြလေသည်။
သို့သော် သူတို့၏ မျက်၀န်းများကား မျက်ရည်ကိုယ်စီများဖြင့်သာ။
သူတို့၏ ရှေးဟောင်းပစ္စည်းရှာဖွေမှုနှင့် ရတနာသိုက်ရှာဖွေသော ဝါသနာသည်လည်း ရတနာမြေပုံနှင့်အတူ ထာ၀ရ စွန့်လွှတ်ခဲ့ကြလေတော့သည်။
လေးစားစွာဖြင့်
စာရေးသူ နန်းကြာညို